Wednesday, April 27, 2011

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၇-ဧပြီ-၂၀၁၁)

၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း ဆောက်လုပ်လျက်ရှိသော “ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး”၏ အခြေခံအုတ်မြစ်ဆောက်လုပ်မှုလုပ်ငန်းများကို မြို့နယ်မှ တာဝန်ရှိသူများက လာရောက် စစ်ဆေးပြီး အတည်ပြုပေးသွားစဉ်။





Tuesday, April 26, 2011

Easter ကျောင်းပိတ်ရက် ကလေးတရားစခန်း - အရှင်ပညာသီဟ

“အရှင်ဘုရား ... တရားဟော တရားပြ ကြွလာတာလား ဘုရား”လို့ မိမိကို အထင်တကြီးနဲ့ ကားမောင်းသူက မေးလိုက်တယ်။
စာရေးသူက သူမျှော်လင့်မထားတဲ့ “ဒကာကြီး အထင်ကြီးအောင် ဖြေရရင်တော့ ဟုတ်တယ်လို့ ပြောမှာပဲ။ တကယ်တော့ မြန်မာပြည်ပြန်လာတာ တရားဟော တရားပြဖို့ မဟုတ်ပါဘူး။ မတွေ့ရတာကြာတဲ့ မိခင်ကြီးကို တွေ့ဖို့ပါပဲ”ဆိုတဲ့ အဖြေကို ပေးလိုက်တော့ ဒကာလည်း အတော်သဘောကျပြီး ပြုံးစိစိ ဖြစ်သွားတယ်။
ပုဂံကို ဘုရားဖူးသွားတဲ့အခါ ကားပေါ်မှာ ပြောဖြစ်တဲ့ စကားပါ။

ကုမုဒ္ဒြာဟိုတယ်ပိုင်ရှင် ဦးမောင်ထွန်းက ပုဂံမှာ တည်းခိုဖို့ လည်ဖို့ စီစဉ်ပေးတဲ့အခါ ကားသမားကို အမေရိကားက လာတဲ့ ဆရာတော်အတွက် ကားမောင်းပေးရမယ်လို့ ကြိုပြောထားလို့ အထင်တကြီးနဲ့ မေးလိုက်တာ ဖြစ်မှာပါ။
မကြွားတတ်တော့ သူထင်ထားတဲ့ အဖြေမျိုးကို စာရေးသူက မပေးမိလိုက်ဘူး။
ဒါပေမယ့် နည်းနည်းတော့ ကြွားရဦးမယ်။
အဲဒါကတော့ စာရေးသူ hot-air balloon စီးပြီး ပုဂံမြို့ကို အပေါ်စီးက ကြည့်ခဲ့တဲ့အကြောင်းပါ။


အို ... လှလိုက်တဲ့ ပုဂံမြို့ရဲ့ ရှုခင်း။
မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တောက်ပတဲ့ ရွှေရောင်အဆင်းနဲ့ ဘုရားအချို့ကို ဖူးတွေ့ရသလို၊ အုတ်နီနီနဲ့ အစီအရီ တည်ရှိနေကြတဲ့ ဘုရားစေတီတွေကို ဖူးရတာလည်း အလွန် ကြည်နူးစရာပါ။
အပေါ်စီးက ကြည့်တာဆိုတော့ ပုဂံမြို့ဘေးမှာ သေးသေးကွေးကွေးလေး ဖြစ်နေတဲ့ မြစ်ကြီးဧရာကို မြင်ရတာလည်း အစဉ်လှနေပါတယ်။


သစ်ပင် ခြုံပုတ်ကလေးတွေ၊ လှည်းလမ်းကြောင်းကလေးတွေ၊ လယ်ကွင်းကလေးတွေကလည်း ထန်းပင်တွေ အစီအရီနဲ့ ပီပီပြင်ပြင် ပဏာရလို့ လှပနေတယ်။

စာရေးသူမှာ သာမန်အားဖြင့် အမြင့်ကြောက်စိတ် အနည်းငယ် ရှိပေမယ့် အမြင့်ပေ သုံးထောင်ကျော်လောက်မှာ ဝဲပျံနေတဲ့ မိုးပျံဗူပေါင်းပေါ်မှာတော့ ကြောက်စိတ်ဆိုတာ မဖြစ်ခဲ့ပါဘူး။
မြေပြင်မှာ လှည့်လည်သွားလာပြီး ကြည့်တဲ့အခါ မမြင်ရတဲ့ ပုဂံရဲ့ လှပတဲ့ မြင်ကွင်းက စိတ်တွင်းကို ဝင်ရောက်နေလို့ ထင်ပါရဲ့။
ဒီလိုနဲ့ ပုဂံရဲ့ သဘာဝအလှရှုခင်းကို ခံစားရင်း ကောင်းကင်မှာ တစ်နာရီလောက် ကြာခဲ့တယ်။


အမေရိကကို ပြန်ရောက်လို့ မိုးပျံဗူပေါင်းပေါ်က ရိုက်လာတဲ့ ဓာတ်ပုံတွေကို ပြတော့ ဒကာဒကာမတွေက လှပတဲ့ ပုဂံမြင်ကွင်းကို ကြည့်ပြီး တအံ့တသြနဲ့ ဘယ်လောက်ပေးပြီး စီးခဲ့တာလဲ...တဲ့။
ဒီတော့ စာရေးသူက ဘယ်လောက်ပေးရတယ် မသိလို့ ဒေါ်လာတစ်ရာလောက် ဖြစ်လိမ့်မယ် ထင်တယ်လို့ ပြောလိုက်တယ်။
ကိုယ်စီးခဲ့တဲ့ မိုးပျံဗူပေါင်းခ ကိုယ်ဘယ်လောက် ပေးရတယ်ဆိုတာ မသိရင် သူများရိုက်ထားတဲ့ ဓာတ်ပုံကို ပြပြီး ကြွားနေတာလားဆိုတဲ့ သဘောနဲ့ ဇဝေဇဝါ ပြန်ကြည့်ကြတယ်။
အဲဒီအခါ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြရသေးတယ်။

အဲဒါကတော့ -
စာရေးသူ လန်ဒန်မှာ ဆယ်နှစ်ကြာ နေခဲ့တုန်းက ပထမဆုံး ဆရာဒကာဖြစ်ခဲ့တဲ့ ကျောင်းရဲ့ အမှုဆောင်ဟောင်း ဒကာကြီး ဦးဝင်းမောင်ကို သူ့ဇနီး ဒေါ်ညိုနဲ့အတူ ရန်ကုန်လေဆိပ်မှာ တိုက်တိုက်ဆိုင်ဆိုင် မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။
မြန်မာပြည်ရောက်နေခိုက် စာရေးသူကို ခရီးသွားလာရေးအတွက် လေယာဉ်လက်မှတ်စသည်ကို လိုလေသေးမရှိ ကူညီဆောင်ရွက်ပေးတဲ့ ကိုမောင်မောင်ထွန်းနဲ့အတူ ပုဂံညောင်ဦးထွက်မယ့် လေယာဉ်ကို နားနေခန်းမှာ စောင့်နေတုန်း သူတို့ဇနီးမောင်နှံဝင်လာတာကို တွေ့ရလို့ အံ့သြဝမ်းသာစွာ လှမ်းခေါ်ပြီး နှုတ်ဆက်လိုက်တယ်။

သူတို့လည်း ဘယ်သူက သူတို့နာမည်ခေါ်နေတာလဲလို့ ဇဝေဇဝါ ဖြစ်နေတယ်။
စာရေးသူကို မြင်တော့မှ တအံ့တသြဖြစ်ပြီး “ကြည့်စမ်း၊ ချိန်းထားရင်တောင် လွဲချင်လွဲဦးမယ်။ ဆရာတော် ဘယ်ကြွမလို့လဲ”လို့ မေးကြတယ်။
“ပုဂံညောင်ဦး သွားမှာ”လို့ ပြောတော့ -
သူတို့လည်း သမီးရှိတဲ့ ပုဂံညောင်ဦးသွားမှာလို့ ဆိုကြတယ်။

“အေး၊ ဒကာကြီးတို့သမီး ပုဂံမှာ နေပြီး hot-air balloon လုပ်ငန်း လုပ်နေတယ်ဆိုတာ သိတယ်။ အရင်တစ်ခေါက် ပုဂံရောက်ကတည်းက သူ့ကို တွေ့ချင်နေတာ။ မီးပုံပျံစီးချင်လို့တော့ မဟုတ်ပါဘူး။ လန်ဒန်မှာ နေခဲ့တုန်းက ခင်မင်ကြလို့ တွေ့ချင်တာပါ”လို့ ပြောမိတယ်။

မမျှော်လင့်ဘဲ ကုမုဒ္ဒြာဟိုတယ်မှာ တည်းခိုနေတုန်း “နက်ဖြန်နံနက် မီးပုံပျံစီးဖို့ လာပင့်မယ်၊ အသင့်လုပ်ထားပါ ဘုရား”လို့ ဆိုတဲ့ လျှောက်ကြားချက်ကို လက်ခံရရှိတယ်။
ဒါနဲ့ ချိန်းထားတဲ့အချိန် မနက်စောစော လာခေါ်တယ်။
စီးရမယ့် ကားကို မြင့်တော့ စိတ်ထဲမှာ မရွှင်ပြဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်က စီးခဲ့ရတဲ့ ကားဖြစ်နေတာကိုး။
ကိုယ်ထင်ထားတာက hot-air balloon စီးရမှာဆိုတော့ လာကြိုတဲ့ကားက ဆလွန်းကားဖြစ်လိမ့်မယ်ပေါ့။
အမယ် ... ကားပေါ်တက်လိုက်တော့ ကိုယ့်ထက်အရင် နိုင်ငံခြားသူတစ်ယောက် ပါလာတာကို တွေ့ရတယ်။
စာရေးသူကို တင်ပြီး ကားစထွက်တော့ နံနက်စောစော ပုဂံရဲ့ လေကို အေးအေးမြမြလေး ထိတွေ့ခံစားလိုက်ရတယ်။
အပြင်လေက သန့်ရှင်း လတ်ဆတ်ပေမယ့် ကားဦးခေါင်းကို တိုးဝှေ့ပြီး အထဲကို ဝင်လာတဲ့ လေကတော့ အင်ဂျင်နံ့ ဒီဇယ်ဆီညှော်နံ့နဲ့ မသန့်မရှင်း နံစော်နေတယ်။
ဒါကြောင့် ပါလာတဲ့ လက်ကိုပုဝါနဲ့ နှာခေါင်းကို ပိတ်ပြီး လိုက်ခဲ့ရတယ်။
အတူပါလာတဲ့ နိုင်ငံခြားသူကို တစေ့တစောင်း အကဲခတ်ကြည့်တော့ သူ့နှာခေါင်းကို ပိတ်နေတာ မတွေ့ရဘူး။
အင်း ... ဗမာဖြစ်ပြီး ဗမာပြည်က အနံ့အသက်ကို မခံနိုင်တာ ကြီးကျယ်လိုက်တာလို့ ကိုယ့်ကိုယ်ကို ရှက်သလိုလို ဖြစ်သွားတယ်။
ဒါပေမယ့် ဘယ်လိုပဲထင်ထင် ကိုယ့်ကျန်းမာရေးက အရေးကြီးတာပဲလို့ အောက်မေ့ပြီး မချောမွေ့တဲ့ ပုဂံလမ်းမှာ ဂျုံဂွမ်း ဂျုံဂွမ်းဆိုတဲ့ အသံကို နာခံရင်း အင်း ... နိုင်ငံခြားသား အသွားအလာများတဲ့၊ နိုင်ငံခြားဝင်ငွေ ပေးနေတဲ့ ဒီနေရာ ဒီဒေသမှာ လမ်းကလေးလောက်တောင် ကောင်းအောင် လုပ်မထားနိုင်တာ အတော်ကို ဒို့ဗမာတွေ ညံ့သေးတာပဲလို့ တွေးကာ သက်ပြင်းချပြီး စီးခဲ့တယ်။
နောက်ထပ် မြန်မာအမျိုးသား သားအမိကို ဝင်ခေါ်ကာ မိနစ်နှစ်ဆယ်လောက် ခရီးထွက်ခဲ့တော့ hot-air balloon စီးရမယ့် နေရာကို ရောက်ခဲ့တယ်။


လုပ်ငန်းပိုင်ရှင်ရဲ့ မိဘတွေ(လက်ဝဲအစွန်)က အရင်ရောက်နှင့်နေပြီး စာရေးသူကို လာရောက် ကြိုဆိုကာ “ဆရာတော်ဘုရား၊ အတော်ကံကောင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီတခါ မီးပုံပျံစီးမယ့် နိုင်ငံခြားသားခရီးသည်က သုံးစီးစာပြည့်ပြီး တစ်စီးအတွက် သုံးယောက်ပဲဖြစ်နေတော့ ဆရာတော်အပါအဝင် တပည့်တော်မိတ်ဆွေနှစ်ယောက်နဲ့အတူ တပည့်တော်တို့ စီးခွင့်ရသွားတယ် ဘုရား။ ဈေးကြီးတော့ ဗမာတွေ သိပ်မစီးဖြစ်ကြဘူး”လို့ လျှောက်တယ်။

ဈေးကြီးတယ်ဆိုတဲ့အသံ ကြားတာနဲ့ ဈေးမေးရင် ရိုင်းတယ်ထင်မှာ စိုးလို့၊ ရင်းနှီးတဲ့ ဒကာ ဖြစ်နေတာမို့ စီးနင်းခကို လှူမယ်ဆိုတာ အလိုလို သိနေလို့ တစ်ယောက်ကို ဘယ်လောက်လဲဆိုတာ မမေးဖြစ်ခဲ့ဘူး။
ဒါကြောင့် ‘မြင်းစီးလို့ အထီးမှန်း အမမှန်း မသိဘူး’လို့ ပြောချင်ပြော၊ ‘အလကားရတဲ့နွား သွးဖြဲကြည့်မနေနဲ့’ဆိုတဲ့ သဘောနဲ့ ပျံတက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မီးပုံးပျံပေါ်တက်ကာ ရှုမငြီးတဲ့ ပုဂံရဲ့အလှအပကို တဝကြီး ခံစားလိုက်တယ်။




အသက်ကြီးလာလို့လား မသိ၊ မြန်မာပြည်ကို အလည်အပတ်ခရီးထွက်ရာကအပြန် အိပ်ချိန်မှန်အောင် ဆယ်ရက်လောက် အချိန်ယူရတယ်။
အတော်ပင်ပန်းတယ်လို့လည်း ခံစားမိတယ်။
အမေရိကပြန်ရောက်ပြီး အမောမပြေသေးမီ နယူးဂျာစီကျောင်းမှာ နွေရာသီကျောင်းပိတ်ရက်တိုင်း ကလေးတွေကို ဗုဒ္ဓဘာသာစာပေ သင်ကြားပေးနေတဲ့ မတင်နွယ်အေးက Easter ကျောင်းပိတ်ရက်အတွင်း ကလေးတွေအတွက် သုံးရက်တရားစခန်း ဖွင့်ပေးဖို့ လာလျှောက်တယ်။
စိတ်ဝင်စားလို့ တရားအားထုတ်ဖို့ လာလျှောက်တာဆိုတော့ ‘အမောမပြေသေးလို့ တရားစခန်း လုပ်မပေးနိုင်ဘူး’လို့ မညင်းသာဘဲ ပင်ပန်းမှုကို ဘေးဖယ်ပြီး ‘အေးကွယ်’လို့ဆိုကာ လက်ခံလိုက်တယ်။

အတွေ့အကြုံအပေါ် မူတည်ပြီး ကလေးတွေနဲ့ သင့်တော်တဲ့ အချိန်ဇယား၊ သူတို့ လေ့လာသင့်တဲ့ တရားစကား စတာတွေကို စီစဉ်ရတယ်။
ဒီကြားထဲ မေလဘုရားပွဲအမီ ဘုရားအတွက် အလှူခံထားတဲ့ ဘုရားကျောင်းဆောင်အသေးလေး(စိန်တောင်)တွေကိုလည်း မြန်မြန်ပြီးအောင် ဦးသောဘနနဲ့အတူ ဝိုင်းကူလုပ်၊ ဆေးသုတ်၊ ဆေးခြယ်နဲ့ တကယ် အလုပ်များနေသေးတယ်။


တရားစခန်းအတွက် ကျယ်ကျယ်ပြန့်ပြန့် များများစားစား လက်မခံနိုင်သေးဘဲ ဆယ်ယောက်လောက်နဲ့ပဲ အဆင်ပြေမယ်ဆိုတာ စီစဉ် ဆော်သြသူတွေကို ကြိုပြီး ပြောထားရသေးတယ်။
လက်ရှိဓမ္မာရုံက နေရာသိပ်မကျယ်တော့ လာပြီး တရားအားထုတ်မယ့် ကလေးများရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။


အခန်း ၁၆-ခန်း ပါရှိတဲ့ ဆောက်လုပ်နေဆဲ တရားရိပ်သာ ကျောင်းဆောင်ကြီးပြီးရင်တော့ ကလေး လူကြီး လာနိုင်သလောက် များများ လက်ခံပြီး အသက်အရွယ်အလိုက် ခွဲခြားကာ တရားဘာဝနာ အားထုတ်စေနိုင်မှာပါ။

Easter ကျောင်းပိတ်ရက် ကလေးတရားစခန်းကို လာရောက်သူတွေကတော့ ကိုအေးမောင်၊ ကိုအောင်သန်း၊ မဥမ္မာရွှေ၊ မမော်လီ၊ မစန်းစန်းဌေး၊ ကိုရာပြည့်တို့ရဲ့ သားသမီးတွေ ဖြစ်တယ်။
စုစုပေါင်း ကလေးဆယ်ယောက် တရားထိုင်ကြတယ်။
ကိုဝင်းထွန်း၊ မချိုမိသားစုကတော့ တရားစခန်းမှာ ရဟန်းတော်တွေ ဆွမ်းကိစ္စ မပင်ပန်းရအောင် ချက်ပြုတ် လှူဒါန်းပြီး ကုသိုလ်ယူတယ်။
ကလေးမိဘတွေလည်း ရဟန်းတော်တွေအတွက်ရော ကလေးတွေအတွက်ပါ အစားအသောက်တွေ ယူလာကြတာ အလျှံပယ်ပါ။
အဲ ... လိုအပ်တာကတော့ ကလေးယောဂီတွေကို ထိန်းမယ့်သူပဲ။
အရင်ကလည်း တရားစခန်းဝင်ဖူးသူတွေဖြစ်နေတော့ အထူးထိန်းပေးစရာတော့ မလိုပါဘူး။


ကလေးသဘာဝအရ လစ်ရင် လစ်သလို သက်သာသလို နေချင်သလို နေတာတော့ ရှိတာပေါ့။ ဒါကတော့ လူကြီးတွေတောင်မှ ဖြစ်တတ်သေးတာပဲဆိုပြီး မညည်းညူဘဲ ခွင့်လွှတ်ရပါတယ်။
လစ်ရင် လစ်သလို နေချင်သလို မနေနိုင်အောင် တရားစခန်းသုံးရက်အတွင်းမှာ အကျိုးရှိနိုင်သမျှ ရှိစေရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ကို မျက်စိဒေါက်ထောက်ပြီး တစ်ယောက်တည်း မပြတ်ကြည့်ပေးနေရတော့ စာရေးသူလည်း နည်းနည်းတော့ ပင်ပန်းသပေါ့။


ဒါပေမယ့် ‘မနက် ကိုးနာရီမှာ စပြီး ဘုရားဝတ်ပြု၊ ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ နာရီဝက်စီ ထိုင်မှတ်၊ စင်္ကြန်မှတ်တွေ မှတ်။
ဆယ့်တစ်နာရီကနေ တစ်နာရီအထိ အစားအသောက်စား၊ နားနေမှုပြု။
တစ်နာရီကနေ နှစ်နာရီအထိ တရားနာ၊ စာမေးပွဲစစ်။
နှစ်နာရီကနေ လေးနာရီအထိ စင်္ကြန်မှတ်၊ ထိုင်မှတ်တွေကို နာရီဝက်စီ မှတ်ဖို့’ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း လေးစား လိုက်နာကြတာ တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ရိုရိုသေသေ စည်းကမ်းလိုက်နာပြီး အားထုတ်ရင် ငါးမိနစ်လျှော့ပေးပြီး၊ ရိုရိုသေသေ အားမထုတ်ရင် ငါးမိနစ်တိုးပြီး အားထုတ်ခိုင်းတဲ့အခါမှာလည်း တိုင်တန်း ညည်းညူမှု မပြုကြပါဘူး။
ကလေးတရားစခန်းကို ၂၀၁၁ ခု ဧပြီလ ၂၁ ရက်နေ့က အစပြုပြီး ၂၃ ရက်နေ့မှာ အပြီးသတ်ပါတယ်။


မိဘတွေလည်း ကျေနပ် ပျော်ရွှင်ကြပါတယ်။
ကလေးတွေကို နောက်တစ်ခါ လာကြဦးမလားလို့ မေးတော့ ... ‘လာဦးမယ်’တဲ့။
တကယ့် ပါရမီရှင်လေးတွေပဲလို့ မှတ်ယူပြီး၊
“အေးချမ်းစေရာ ဘာဝနာ ခါခါ အားထုတ်နိုင်ကြပါစေသော်”လို့ ဆုတောင်း မေတ္တာပို့သကာ ပီတီဖြာရပါတော့တယ်။

အရှင်ပညာသီဟ

Monday, April 25, 2011

အလှူခံပုဂ္ဂိုလ် ရွေးသင့် မရွေးသင့် - အရှင်သြသဓ

မေး။ ။ တပည့်တော်တို့ အလှူအတန်းလုပ်လို့ ဘုန်းကြီးများ ပင့်ဖိတ်သောအခါ ရွေးချယ်၍ ဖိတ်သင့်ပါသလား၊ သို့မဟုတ် ရှိသောဘုန်းကြီးအားလုံးကို မရွေးချယ်ဘဲ ဖိတ်သင့်ပါသလား။ ဘယ်ဟာက ပိုသင့်တော်ပါသလဲ ဘုရား။ (ဦးဉာဏ်ရှိန်၊ Daly City)

အထက်ပါမေးခွန်းနှင့်ပတ်သက်၍ ဒါနအကြောင်း အနည်းငယ် သိမှတ်ဖွယ်ရာများကို အကျဉ်း ဖြေဆိုပါမည်။
အကျယ်ကို ပြည့်ပြည့်စုံစုံ သိလိုပါလျှင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ရေးသားထားသော မဟာဗုဒ္ဓဝင်၊ ပထမတွဲ၊ ပထမပိုင်း၊ ပါရမီတော်ခန်း၊ ဒါနပါရမီကို ဖွင့်ဆိုရာ၌ ကြည့်ရှုနိုင်ပါသည်။

ဒါနဟူသည်

လှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကိုလည်းကောင်း၊ လှူဒါန်းလိုသော စေတနာကိုလည်းကောင်း “ဒါန”ဟု ခေါ်၏။

ဝတ္ထုပစ္စည်းသည် အလှူပြုလုပ်ရာ အထမြောက်ဖို့ရန် အရေးပါသောကြောင့် ဒါနမည်၏။
စေတနာသည်ကား လှူဒါန်းနိုင်ကြောင်းဖြစ်သောကြောင့် ဒါနမည်၏။

ထိုစေတနာသည် စွန့်လွှတ် လှူဒါန်းဆဲခဏ၌ဖြစ်သော မုဉ္စစေတနာ(အလယ်စေတနာ)ကို ယူရမည်။
ထိုစွန့်ဆဲစေတနာသည်သာလျှင် ဒါန၏ တရားကိုယ်အစစ် ဖြစ်၏။
စွန့်လွှတ်သည်ဆိုရာတွင် ပစ္စည်းအပေါ်၌ ကပ်ငြိတွယ်တာသော တဏှာကိုလည်း စွန့်လွှတ်နိုင်ရမည်။
အလှူခံပုဂ္ဂိုလ်အပေါ်၌ ပုဂ္ဂိုလ်စွဲဖြင့် ကပ်ငြိတွယ်တာမှု တဏှာ သံယောဇဉ်ကိုလည်း စွန့်လွှတ်နိုင်ရမည်။
ထိုသို့ နှစ်မျိုးလုံး စွန့်နိုင်မှ စင်ကြယ်သော ဒါနဖြစ်နိုင်ပေမည်။

ဒါန ၂-မျိုး

ဒါနသည် ပုဂ္ဂလိကဒါန၊ သံဃိကဒါနဟူ၍ နှစ်မျိုး ရှိ၏။
ပုဂ္ဂိုလ်တစ်ဦးနှစ်ဦး စသည်အား ပိုင်းခြားသတ်မှတ်၍ လှူဒါန်းခြင်းသည် ပုဂ္ဂိလကဒါန မည်၏။
ပုထုဇဉ် အရိယာဟု ပါဝင်လာသည့်ပုဂ္ဂိုလ်ကို မခွဲခြားဘဲ သံဃာတော်အားလုံးကို ရည်မှန်း၍ လှူဒါန်းခြင်းသည် သံဃိကဒါန မည်၏။

အလှူခံပုဂ္ဂိုလ်အမျိုးအစား ၁၄-ပါး

ဒက္ခိဏဝိဘင်္ဂသုတ်၌ ပုဂ္ဂလိကဒါန ၁၄-မျိုး၊ သံဃိကဒါန ၇-မျိုးတို့ကို ဟောတော်မူ၏။
ထိုနှစ်မျိုးတို့တွင် ပုဂ္ဂလိကဒါန ၁၄-မျိုးဟူသည်ကား -

၁။ မြတ်စွာဘုရားအား လှူဒါန်းခြင်း။
၂။ ပစ္စေကဗုဒ္ဓါအား လှူဒါန်းခြင်း။
၃။ ရဟန္တာပုဂ္ဂိုလ် (ဝါ) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၎။ အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၆။ အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၈။ သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၉။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၀။ သောတာပတ္တိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၁။ သာသနာပအခါ ဈာန်အဘိညာဏ်ရသော ရသေ့တို့အား လှူဒါန်းခြင်း။
၁၂။ သီလရှိသော လူပုထုဇဉ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၃။ သီလမရှိသော လူပုထုဇဉ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၄။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း။

ဤ ၁၄-ပါးတို့ ဖြစ်၏။

ဤပုဂ္ဂလိကဒါန ၁၄-ပါးတို့တွင် တိရစ္ဆာန်အား တစ်နပ်စာ ဝအောင် ကျွေးမွေးလှူဒါန်းလိုက်လျှင် ဘဝတစ်ရာတို့၌ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာနဟူသော အကျိုးငါးပါး ပေးနိုင်၏။

သီလမရှိသူအား လှူဒါန်းလျှင် ဘဝတစ်ထောင်၊
သာသနာပ စိတ်ကောင်းရှိသူ သီလဝန္တအား လှူဒါန်းလျှင် ဘဝတစ်သိန်း၊
သာသနာပ ဈာန်ရရသေ့အား လှူဒါန်းလျှင် ဘဝကုဋေတစ်သိန်း၊
သရဏဂုံသီလရှိသော လူသာမဏေမှ စ၍ သောတာပတ္တိမဂ်၌ တည်သူတို့အား လှူဒါန်းလျှင် ဘဝအသင်္ချေ၊
ဤမှအထက် ဘုရားတိုင်အောင် အသင်္ချေတို့ချည်း ဆင့်ကာ ဆင့်ကာ တက်သွား၏။
ထို့ကြောင့်ပင် “အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေး၊ ခွေးတောင် မချန်နဲ့”ဟု ပြောတတ်ကြ၏။

မှတ်ချက်။ ။ ဤနေရာ၌ ဒါန၏အကျိုး အဆင့်ဆင့် ကြီးမားလာပုံကို သိစေရန် ဟောပြခြင်းသာ ဖြစ်၏။ အကျိုးရ နည်းသူများကို မလှူရဟု ခွဲခြား လှူဒါန်းစေလို၍ မဟုတ်ပေ။

ဤ၌ အလှူခံပုဂ္ဂိုလ် ၁၄-မျိုးတွင် ရဟန်းဒုဿီလကို ဟောကြားခြင်း မရှိ၍ မလှူကောင်း၊ လှူလျှင် အပြစ်ရှိသည်ဟု ပြောတတ်ကြ၏။

သာသနာပ ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်း၍ အကျိုးများစွာ ရနိုင်ပါသေးလျှင် သာသနာတွင်း ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းလျှင် အကျိုးရနိုင်သည်မှာ ယုံမှားဖွယ် မရှိပေ။
မိလိန္ဒပဉှာကျမ်း၌လည်း လူဒုဿီလထက် ရဟန်းဒုဿီလပုဂ္ဂိုလ်က ဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု စသော ဂုဏ်ဆယ်ပါးတို့ဖြင့် သာလွန်ကြောင်းကို အရှင်နာဂသိန်မထေရ်က မိလိန္ဒမင်းကြီးအား ဟောကြားချက်လည်း ရှိပေသည်။
ထို့ကြောင့် ရဟန်းဒုဿီလအား လှူဒါန်းခြင်းသည် အကျိုးမရ၊ အပြစ်သာရှိသည်ဟု မပြောသင့်ပါပေ။

နောက်တစ်ချက်မှာ - သာသနာပအခါ ဒုဿီလများက သာသနာတော်ကို အနှောင့်အယှက် မပေး၊ သာသနာတွင်း ဒုဿီလကား သာသနာတော်ကို နှောင့်ယှက်တတ်သောကြောင့် မလှူဒါန်းသင့်ဟု ပြောဆိုတတ်၏။

ဤသို့လည်း မပြောသင့်ပေ။
အကြောင်းမှာ သံဃိကဒါန (၇)မျိုးကို ဟောရာ အဆုံးသတ်တွင် -

“အာနန္ဒာ ... နောင်အခါ၌ ရဟန်းအမည်ခံရုံမျှသာဖြစ်၍ သင်္ကန်းလည်ပင်း၌ စည်းထားသော သီလမရှိသော ရဟန်းတို့သည် ဖြစ်ပေါ်လာလတ္တံ့။ သံဃာကို ရည်မှန်းသောစိတ်ဖြင့် ထိုပုဂ္ဂိုလ်တို့၌ လှူဒါန်းကြကုန်လတ္တံ့။ ထိုအခါ၌သော်မှလည်း သံဃိကအလှူကို ကောင်းကျိုးအသင်္ချေ ရနိုင်သေး၏ဟု ငါဘုရား ဟောတော်မူ၏”ဟူ၍ ဟောတော်မူသည်က တစ်ချက်၊

အလှူ၏ စင်ကြယ်ခြင်း ဒက္ခိဏဝိသုဒ္ဓိလေးပါးတို့တွင် ပထမအချက်မှာ အလှူခံပုဂ္ဂိုလ်က သီလမရှိသော်လည်း အလှူဒါယကာက သီလစင်ကြယ်နေလျှင် ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်သောဒါန ဖြစ်နိုင်၏ဟု ဟောထားသည်လည်း တစ်ချက်တို့ကြောင့်ပင် ဖြစ်၏။

တဖန် ပြောတတ်သည်မှာ -
ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းလျှင် ကိုယ်ပါ အလိုတူ အလိုပါဖြစ်၍ ကုသိုလ်မရသည့်အပြင် အပြစ်ပင် ဖြစ်တတ်၏ဟု ပြောဆိုတတ်ကြ၏။

ဤနေရာ၌ သူ့၏ ကျင့်ကြံ ပြုမှု နေမှုကို မိမိက အလိုတူ အားပေး ချီးမြှောက်လိုသော စိတ်စေတနာဆိုးဖြင့် လှူဒါန်းမှသာ အပြစ်ရှိ၏။
သူ၏ အကျင့်အကြံကို ပမာဏမထားဘဲ စင်ကြယ်သောစိတ်ဖြင့် “အလှူခံပုဂ္ဂိုလ် ရောက်လာလျှင် လှူဒါန်းထိုက်သည်”ဟု သဘောထား၍ လှူဒါန်းလျှင်ကား အပြစ်မရှိကြောင်း သတိပြုရာ၏။

သံဃိက အလှူဒါန (၇)မျိုး

၁။ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။
၂။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။
၃။ ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း။
၎။ ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း။
၅။ မိမိတတ်နိုင်သလောက် အရေအတွက်ဖြင့် ဘိက္ခုနှင့် ဘိက္ခုနီသံဃာ နှစ်ဖက်လုံးကို အရေအတွက် လျှောက်ထား၍ လှူဒါန်းခြင်း။
၆။ ဘိက္ခုသံဃာ တစ်ဖက်၌သာ မိမိတတ်နိုင်သလောက် လျှောက်ထား၍ လှူဒါန်းခြင်း။
၇။ ဘိက္ခုနီသံဃာ တစ်ဖက်၌သာ မိမိတတ်နိုင်သလောက် လျှောက်ထား၍ လှူဒါန်းခြင်း။
ဟူ၍ (၇)ပါး ဟောတော်မူ၏။

ဘုရားလက်ထက်က လူအပေါင်းတို့သည် များသောအားဖြင့် ပုဂ္ဂိုလ်ကို မစွဲဘဲ သံဃာတော်ကိုသာ လှူဒါန်းတတ်ကြ၏။
ထို့ကြောင့် ဘုန်းကြီးစွဲ ဒကာစွဲ သံယောဇဉ် အနှောင်အဖွဲ့မှ လွတ်မြောက်ကြ၏။
သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါနဖြစ်စေရန် (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူဌေး၏ ကျင့်နည်းကို များစွာ အတုယူထိုက်လှပေသည်။

ဥဂ္ဂသူဌေးအကြောင်း အကျဉ်း

အခါတပါး ဘုရားရှင်သည် ဝဇ္ဇီတိုင်း၊ ဆင်ရွာ၌ သီတင်းသုံးနေစဉ် ရဟန်းတော်များကို “ချစ်သားတို့၊ ဤဆင်ရွာ၌နေသော ဥဂ္ဂသူဌေးကို အံဖွယ်ရှစ်ပါးနှင့် ပြည့်စုံသူဟူ၍ မှတ်ယူရမည်”ဟု ပြောပြီး အကျယ်မဟောဘဲ ကျောင်းထဲသို့ ဝင်သွား၏။

ထို့နောက် ရဟန်းတစ်ပါးသည် နံနက်အခါ ဥဂ္ဂသူဌေးအိမ်သို့ သွား၍ ထိုရှစ်ပါးကို မေးသောအခါ ဥဂ္ဂသူဌေးက “တပည့်တော် ဘုရားဆိုလိုသည်ကို အတိအကျ မသိရသော်လည်း တပည့်တော်မှာ ထင်ရှားရှိသော အံ့ဖွယ်ရှစ်ပါးကို လျှောက်ထားပါမည်”ဟု ဆို၍ အကျယ်ကို လျှောက်ထားလေ၏။

ဤအံဖွယ်ရှစ်ပါးတို့သည်ကား -

၁။ တပည့်တော် ကံ့ကော်တောဥယျာဉ်ထဲမှာ သောက်စားမူးယစ်နေစဉ် ဘုရားကြွလာသည်ကို ပထမဆုံးအကြိမ် မြင်မြင်ချင်း အမူးပျောက်၍ ကြည်ညိုခြင်း သဒ္ဓါတရား ကောင်းစွာ ဖြစ်ပွားခဲ့ပါသည်။ ဤကား ပထမအံ့ဖွယ်။

၂။ ထိုပထမဆုံးတွေ့သောအခါ၌ပင် ဘုရားထံ ချဉ်းကပ် တရားနာကြားပြီး သောတာပန်ဖြစ်၍ ဗြဟ္မစရိယ ပဉ္စမသီလ (‘ကာမေသုမိစ္ဆာစာရ’အစား ‘ဗြဟ္မစရိယ’ကို စောင့်ထိန်းခြင်း)ကို ဆောက်တည် ကျင့်သုံးပါ၏။ ဤကား ဒုတိယအံ့ဖွယ်။

၃။ တပည့်တော်မှာ မယားလေးယောက်ရှိ၍ အိမ်ပြန်ရောက်သောအခါ “ငါသည် ယခု ဗြဟ္မစရိယသီလကို ဆောက်တည်ထားကြောင်း၊ ထို့ကြောင့် သင်တို့သည် ဤအိမ်မှာပင် နေလိုကလည်း စည်းစိမ်ဥစ္စာများကို သုံးစွဲ၍ ကုသိုလ်ကောင်းမှုပြု နေနိုင်ကြောင်း၊ မိဘအိမ်ပြန်လိုကလည်း ပြန်နိုင်ကြောင်း၊ အခြားယောက်ျား ယူလိုကလည်း အဘယ်သူအား ပေးရမည်ကို ညွှန်ပြစေလိုကြောင်း” ပြော၏။
ထိုအခါ အကြီးဆုံးမယားက “အကျွန်ုပ်ကို ဤမည်သောသူအား ပေးပါ”ဟု ဆိုသဖြင့် ထိုယောက်ျားအခေါ်ခိုင်းပြီး ရေစက်ချ၍ စွန့်လှူလိုက်ပါ၏။ ထိုသို့ စွန့်လှူလိုက်ရသည့်အတွက် တပည့်တော်မှာ အနည်းငယ်မျှ စိတ်ဖောက်ပြားခြင်း မရှိခဲ့ပါ။ ဤကား တတိယအံဖွယ်။

၎။ တပည့်တော်အိမ်မှာ ရှိသော စည်းစိမ်ဥစ္စာတို့ကို ကိုယ်ကျင့်သီလရှိသော ပုဂ္ဂိုလ်တို့နှင့် မခွဲခြမ်းဘဲ အတူသုံးဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ ဤကား စတုတ္ထအံ့ဖွယ်။

၅။ တပည့်တော်သည် ရဟန်းတစ်ပါးပါးထံ ချဉ်းကပ်လျှင် ရိုသေစွာ ချဉ်းကပ်ပါ၏။ မရိုမသေ မချဉ်းကပ်ပါ။ ရဟန်းတော်က တရားဟောလျှင် ရိုသေစွာ နာကြားပါ၏။ မရိုမသေ မနာပါ။ ထိုအရှင်မြတ်က တရားမဟောလျှင်လည်း တပည့်တော်ကပင် ထိုအရှင်အား ဟောပါ၏။ ဤကား ပဉ္စမအံ့ဖွယ်။

၆။ တပည့်တော်အိမ်၌ အလှူရှိ၍ သံဃာတော်များကို ပင့်ဖိတ်လျှင် နတ်များက ကြိုတင် လာရောက်၍ “သူကြွယ် - ဤပုဂ္ဂိုလ်ကြီးများကား အရိယာကြီးများတည်း၊ ဤပုဂ္ဂိုလ်ကြီးများကား ပုထုဇဉ်သီလဝန္တကြီးများတည်း၊ ဤပုဂ္ဂိုလ်များကား ဒုဿီလများတည်း”ဟု ပြောတတ်ကြ၏။ ထိုသို့လာပြောခြင်းကား တပည့်တော်အဖို့ အံ့သြဖွယ် မဟုတ်ပါ။

အံ့သြစရာအကြောင်းမှာကား တပည့်တော် သံဃာကို ဆွမ်းလှူဒါန်းလျှင် “ဤပုဂ္ဂိုလ်ကား အရိယာသီလဝန္တဖြစ်သည့်အတွက် များများ လှူမည်၊ ဤပုဂ္ဂိုလ်ကား ဒုဿီလဖြစ်သည့်အတွက် နည်းနည်း လှူမည်”ဟု စိတ်ဖြစ်ခြင်း အလျင်း မရှိပါ။ စင်စစ်အားဖြင့် တပည့်တော်သည် အရိယာပုဂ္ဂိုလ်၊ သီလရှိသောပုဂ္ဂိုလ်၊ သီလမရှိသောပုဂ္ဂိုလ် ဟူ၍ မခွဲခြားဘဲ တူမျှသောစိတ်ရှိသည်ဖြစ်၍သာ လှူဒါန်းပါ၏။ ဤကား ဆဋ္ဌမအံ့ဖွယ်။

၇။ တပည့်တော်ကို နတ်များလာရောက်၍ မြတ်စွာဘုရား၏ တရားဂုဏ်တော်များကို ပြောကြားကြပါ၏။ ယင်းသို့ ပြောကြားခြင်းသည် တပည့်တော်အဖို့ အံ့သြဖွယ် မဟုတ်ပါ။ အံ့သြဖွယ်အကြောင်းမှာကား ထိုကဲ့သို့ နတ်တို့လာပြောလျှင် “သင်နတ်မင်းတို့က လာပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ မြတ်စွာဘုရား၏ တရားတော်သည်ကား သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားသာ ဖြစ်၏”ဟု တပည့်တော်က ပြောလိုက်ပါ၏။ ဤကဲ့သို့ နတ်တို့နှင့် အတုံ့အပြန် စကားပြောဆိုရသည့်အတွက်လည်း တပည့်တော်၌ မာန်မာနဖြစ်ခြင်း အလျင်း မရှိပါ။ ဤကား သတ္တမအံ့ဖွယ်။

၈။ အကယ်၍များ မြတ်စွာဘုရားထက် စော၍ တပည့်တော်က အရင် သေသွားသည် ဆိုပါစို့၊ ဘုရားက “ဥဂ္ဂသူဌေးမှာ လူ့ဘုံသို့ ပြန်မလာတော့ပေ။ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏”ဟု မိန့်တော်မူလျှင် အထူးအဆန်း မဟုတ်ပါ။ ယခုပင်လျှင် တပည့်တော်သည် အနာဂါမ်ဖြစ်နေပါပြီ။ ဤအကြောင်းကို ယခုကပင် သိပြီးဖြစ်ပါသည်။ ဤကား အဋ္ဌမအံ့ဖွယ် ဖြစ်ပါသည်။

ဤသို့ လာမေးသော ရဟန်းအား လျှောက်ထားလေသည်။

ဤဥဂ္ဂသူဌေး၏ အံ့ဖွယ်ရှစ်ပါးအနက် နံပါတ် (၆)အံ့ဖွယ်၌ “ဥဂ္ဂသူဌေးသည် အရိယာ၊ သီလဝန္တ၊ ဒုဿီလ ပုဂ္ဂိုလ်သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်”ဟု လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်လာပေသည်။

တူမျှနိုင်ခြင်း အကြောင်းရင်း နှလုံးသွင်းမှာကား -
ပင့်ဖိတ်တုန်းကပင် သံဃာတော်အားလုံးကို ရည်စူး ပင့်ဖိတ်ထားသည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း မျက်နှာကို မကြည့်။ ရဟန္တာကြီးများကို ငါလှူဒါန်းရသည်ဟုလည်း အမှတ်မထား။ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာအားသာ ငါလှူဒါန်းရသည်ဟု သဘောထား၏။
ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလ၏ မျက်နှာကို မကြည့်။ ငါသည် ဒုဿီလကို လှူဒါန်းရသည်ဟုလည်း သဘောမထား။ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းရသည်ဟု သဘောထားသဖြင့် စိတ်သဘောထားချင်း တထပ်တည်း တူနိုင်ပေသည်။

ဤဥဂ္ဂသူကြွယ်ထုံးကို နှလုံးမူ၍ မြင့်မြတ်သော သံဃိကဒါနဖြစ်ရန် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝ ပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။
မှန်၏။
သင်္ကန်းလက်မှာ စည်းကာ အမည်ခံမျှလောက်သာ ကျန်တော့သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ လှူဒါန်းနိုင်ပါမူ ကောင်းကျိုးအသင်္ချေ ပေးစွမ်းနိုင်ကြောင်း ဒက္ခိဏဝိဘင်္ဂသုတ်၌ တိုက်ရိုက် ဟောထားသည် မဟုတ်ပါလော။
သံဃာ၌ အရိုအသေပြုခြင်းငှာ စွမ်းနိုင်လျှင် သံဃိကဒါန မြောက်ပေတော့သည်သာ။

ဤကား သံဃိကဒါနမြောက်အောင် လှူဒါန်းရာ၌ မည်ကဲ့သို့ နှလုံးထားရမည်ကို သိအောင် ရှင်းပြသော စကားရပ် ဖြစ်ပေသည်။

သပ္ပုရိသဒါနသုတ်လာ အလှူရှစ်မျိုး

ထိုမှတပါးလည်း အချို့သောသူများက ပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းလိုကြ၏။
ထိုသို့ လှူဒါန်းလိုရာ၌ကား အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ သပ္ပုရိသဒါနသုတ်လာ အလှူရှစ်မျိုးအကြောင်းကိုလည်း သိသင့်ပေသည်။

ဤရှစ်ပါးတို့ဟူသည်ကား -
၁။ အလှူဝတ္ထုပစ္စည်းကို သန့်ရှင်းစင်ကြယ် လှပအောင် ပြုလုပ်၍ လှူဒါန်းခြင်း။
၂။ မွန်မြတ်သော အရာမျိုးကိုသာ လှူဒါန်းခြင်း။
၃။ သင့်လျော် လျောက်ပတ်သောအခါ၌ (လိုအပ်နေသောအခါမျိုး၌) လှူဒါန်းခြင်း။
၎။ အလှူခံတို့နှင့် အပ်စပ်သော ပစ္စည်းကိုသာ လှူဒါန်းခြင်း။
၅။ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုကို ရွေးချယ်စိစစ်၍ လှူဒါန်းခြင်း (ဝိစေယျဒါန)
၆။ မိမိတတ်စွမ်းနိုင်သမျှ မပြတ်မလပ် လှူဒါန်းခြင်း။
၇။ လှူဒါန်းသောအခါ စိတ်ကို ကြည်လင်စေ၍ လှူဒါန်းခြင်း။
၈။ လှူဒါန်းပြီးနောက်လည်း ဝမ်းမြောက်ဝမ်းသာ စိတ်ကို ထားနိုင်ခြင်း။
ဤရှစ်ပါးတို့ပင် ဖြစ်၏။

ဤရှစ်မျိုးတို့တွင် နံပါတ် (၅) ဝိစေယျဒါန၌ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း၊ လှူဖွယ်ဝတ္ထုကို ရွေးချယ်ခြင်းဟူ၍ နှစ်မျိုး ရှိ၏။
ထိုတွင် လုံးဝ သီလမရှိသော သာသနာပ ဗာဟိရက အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှား၍ သီလစသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော သာသနာတွင်းသား အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းခြင်းသည် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းခြင်း မည်၏။
မိမိ၌ အကောင်း အဆိုး လှူဖွယ်ဝတ္ထု နှစ်မျိုး ရှိနေရာဝယ် ယုတ်ညံ့သော လှူဖွယ်ပစ္စည်းကို ပယ်ရှား၍ ကောင်းနိုးရာရာ လှူဖွယ်ပစ္စည်းကို လှူဒါန်းခြင်းသည် လှူဖွယ်ဝတ္ထုကို ရွေးချယ်၍ လှူဒါန်းခြင်း မည်၏ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားပေသည်။

ဥဂ္ဂသူဌေး သံဃိကဒါနဖြစ်အောင် သူ၏ နှလုံးထားပုံကို ပြောခဲ့စဉ်က သူတစ်ဦးတည်းဖြစ်သည့်အတွက် စိတ်ထားကွဲစရာ အကြောင်း မရှိ။ သူ့အဖို့မှာကား အရိယာဖြစ်နေသည့်အတွက်လည်း သံဃိကဒါနမြောက်အောင် လှူဒါန်းရာ၌ အလွန်လွယ်ကူလှ၏။
ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဒုဿီလဖြစ်စေ၊ သီလဝန္တဖြစ်စေ မိမိကြည်ညိုရာ ရဟန်းကို ကိုးကွယ် ဆည်းကပ်သည်မှာကား ပြဿနာ မရှိပေ။ ဆည်းကပ်ခွင့် ရှိသည်။ လှူဒါန်းခွင့် ရှိသည်။

သို့သော် အဖွဲ့အစည်းဖြင့်ဖြစ်စေ၊ အများစုပေါင်း၍ဖြစ်စေ လှူဒါန်းရာ၌ကား ပုထုဇဉ်များဖြစ်၍ သဘောထားတူဖို့ ခဲယဉ်းလှပေသည်။
အများသဘောကို အဓိက လိုက်လျော၍ ပြုလုပ်သင့်ပေသည်။
ဒုဿီလရဟန်းများ ပါနေလျှင် အုတ်အရောရော ကျောက်အရောရော ဖြစ်နေ၍ သီလဝန္တရဟန်းများမှာ ရှောင်ကြဉ်တတ်ကြသည်။
ထိုသို့ဖြစ်နေလျှင် အလှူပွဲ ပျက်တတ်သည်။
မပျက်သည့်တိုင်အောင် ဒကာများ မကျေမနပ်ဖြင့် လှူဒါန်းနေကြရသောကြောင့် ဝမ်းမြောက်မှု သောမနဿကင်းနေရကား ဒါနစေတနာမှာ စင်ကြယ်မှု မရှိတော့ပေ။ မထက်သန်တော့ပေ။
စေတနာ မထက်သန်လျှင် အကျိုးပေးလည်း မထက်သန်တော့။
ထို့ကြောင့် အလှူပွဲပျက်မည့် ဒုဿီလပုဂ္ဂိုလ်များပါနေလျှင် မိမိတို့အနေဖြင့် ရဟန်းဘက်၊ ဒကာဘက် နှစ်ဘက်ညှိနှိုင်း၍ သတိထားကာ လုပ်ဆောင်သင့်လှပေသည်။
လိုရင်းမှာ အကုသိုလ်မဖြစ်ရေးပင် ဖြစ်၏။

အခြားသော ဒါနအမည်များ

ဒါနဟူသည် လူမျိုးမရွေး ဘာသာမရွေး လုပ်ကြ၏။
ပြုလုပ်ပုံ ကွဲပြားသလို ရည်ရွယ်ချက်လည်း အမျိုးမျိုး ရှိကြ၏။
ထို့ကြောင့် မိမိတို့အနေဖြင့် မြင့်မြတ်သောဒါနများကို ရွေးချယ် ပြုလုပ်နိုင်ကြစေရန် ရည်သန်၍ အောက်ပါ ဒါနအမျိုးမျိုးကိုလည်း ထည့်သွင်းပေးလိုက်ပေသည်။

အောက်ပါ ဒါနရှစ်မျိုးသည် အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပထမသုတ်၌ လာ၏။
ဤရှစ်မျိုးတို့ဟူသည်ကား -
၁။ အလှူခံရောက်လာလျှင် ကြန့်ကြာမနေဘဲ အရေးတယူ လှူဒါန်းခြင်း။
၂။ အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်ကျမည်ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း။
၃။ မိမိအား ရှေးက ပေးကမ်းခဲ့ဖူးသူဟူ၍ မိမိက လှူဒါန်းခြင်း။
၎။ ဤပုဂ္ဂိုလ်သည် ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်ဟု ရည်ရွယ်၍ ပေးလှူခြင်း။
၅။ လှူဒါန်းခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၆။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ်ရသော (ချက်စရာမရှိသော) ပုဂ္ဂိုလ်အား မလှူဘဲ စားခြင်းငှာ မသင့်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၇။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသောဂုဏ်သတင်း ကျော်စောသံများ လွှမ်းမိုးပြန့်နှံ့သွားပေလိမ့်မည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။

ဤရှစ်ပါးတို့တွင် နောက်ဆုံးဖြစ်သော ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
အကြောင်းမှာ - နောက်ဆုံးဒါနသည် သမထဝိပဿနာ အားထုတ်ရာ၌ စိတ်တည်ကြည် ရွှင်လန်းလာအောင် အားပေးအားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ရကြောင်း ဒါနအထူးဖြစ်သောကြောင့်ပင်တည်း။

ရှေးဒါန (၇)ပါးကား ဤသို့ မပြုနိုင်ကြ။
ထိုသို့ မပြုနိုင်ကြသည့် ဒါနထဲတွင်လည်း (၁)ဒါနနှင့် (၅)ဒါနသည် မြတ်သောဒါနပင် ဖြစ်၏။
(၇)ဒါနသည် အညံ့စားဒါန ဖြစ်၏။
(၂၊ ၃၊ ၄၊ ၆)ဒါနတို့မှာ အလတ်စားဒါနသာ ဖြစ်၏။

တတိယဒါနသုတ်လာ ဒါနရှစ်မျိုး

တတိယဒါနသုတ်၌လာသော အခြားဒါနရှစ်မျိုးကိုလည်း သိသင့်ပေသည်။
၎င်းရှစ်ပါးတို့ဟူသည်ကား -

၁။ ချစ်ခင်၍ ပေးခြင်း။
၂။ မလွှဲသာသည့်အတွက် မုန်းလျက်နှင့်ပင် ဆောင့်ဆောင့်အောင့်အောင့် ပေးခြင်း။
၃။ အကြောင်းအကျိုး ဘာမျှမသိ နားမလည်ဘဲ ပေးခြင်း။
၎။ အများကဲ့ရဲ့မည်ကို ကြောက်၍လည်းကောင်း၊ အပါယ်ကျမည်ကို ကြောက်၍လည်းကောင်း၊ အလှူခံက တစုံတရာ ရန်ပြုမည်ကို ကြောက်၍လည်းကောင်း ပေးခြင်း။
၅။ ငါ့မိဘဘိုးဘွား အဆက်ဆက်ကပင် ပေးကမ်းလှူဒါန်းမှု ရှိခဲ့သည်။ ဤအဆက်အနွယ်ကို ယုတ်လျော့စေခြင်းငှာ မထိုက်ဟု နှလုံးသွင်း၍ ပေးခြင်း။
၆။ ဤအလှူကို လှူ၍ သေလွန်သည့်နောက် နတ်ပြည်ရောက်ရန် ရည်သန်၍ ပေးလှူခြင်း။
၇။ ဤအလှူကို လှူလိုက်လျှင် ငါ၏စိတ်သည် ကြည်လင်သွားလိမ့်မည်၊ နှစ်သက်ရွှင်လန်းသွားလိမ့်မည်ဟု စိတ်နှစ်သက်ရွှင်လန်းမှုကို မြော်ရှု၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။

ဤရှစ်ပါးတို့တွင် နံပါတ် (၈)ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
(၆၊ ၇)ဒါနတို့မှာ သင့်လျော်ကောင်းမြတ်သော ကုသိုလ်အရာ၌ ဖြစ်သည့် ပုညဝိသယဒါန ဖြစ်၏။
ကျန်သောဒါနတို့မှာ လောကအရာ ပေးကမ်းကြသော လောကဝိသယဒါနမျိုးဖြစ်၍ အညံ့စားသာ ဖြစ်ပေသည်။

ဤသုတ်၌ ကုသိုလ်အရာ၌ ပြုသော ဒါနမျိုးနှင့် လောကအရာ၌ ပြုရသော ဒါနမျိုးဟူ၍ နှစ်မျိုး ခွဲခြား၍လည်း သိနိုင်၏။

ထို့ကြောင့် ဒါနရှင်အပေါင်းတို့သည် သံသရာဝဋ်မှ ထွက်မြောက်နိုင်ကြောင်း ဝိဝဋ္ဋနိဿိတဒါန၊ သံသရာကို မငဲ့သော ပါရမီမြောက် ဒါနများကို ပြုလုပ်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ပတ္ထနာလောင်းအပ်ပါသည်။

အရှင်သြသဓ
ဓမ္မနန္ဒဝိဟာရ
၂၀၁၁ ခုနှစ် ဧပြီလ ၇ ရက်

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၅-ဧပြီ-၂၀၁၁)

ရာသီဥတုကောင်းမွန်လာသည်နှင့်အမျှ ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိစဉ်။



လောကချမ်းသာစေတီတော် ပစ္စယံရှိ ဘုရားကျောင်းဆောင်အသေးများကိုလည်း မေလ ၂၉ ရက်နေ့ စတုတ္ထအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်အမီ ပုံလောင်း၊ ဆေးသုတ်၊ ဆေးခြယ်ကြစဉ်။

အကြောင်းကင်း အကျိုးရှင်း

၂၀၁၁ ခုနှစ် ဧပြီလ ၂၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းဝယ် မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ခြင်း၊ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ လောကချမ်းသာဆရာတော်က အာဒိတ္တပရိယာယသုတ်ကို သင်ကြား ဟောကြား ချီးမြှင့်ခြင်း၊ ညနေ ၄း၄၅ နာရီမှ ၆ နာရီထိ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း”တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်ခြင်းတို့ ပြုလုပ်၏။

လောကချမ်းသာဆရာတော်က သတိပဋ္ဌာန်တရားလေးပါး၊ သတိပဋ္ဌာန်ပွားများရကျိုး၊ ပဋိစ္စသမုပ္ပါဒ်လည်ပုံတို့နှင့် မီး ၁၁-ပါး ငြိမ်းစေရေး ဝေဝေဆာဆာ ရှင်းလင်း ဟောကြားသွား၏။



ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း” ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဟောကြား ချီးမြှင့်၏။




“ကြည့်ချင်တာက နာမ်
ကြည့်တဲ့ဟန်က ရုပ်
သူမဟုတ် ငါမဟုတ်
ကြည့်တာ နာမ်နဲ့ရုပ်။
ဒီလိုသိအောင် အလုပ်လုပ်
ဒီလိုသိရင် အတ္တပြုတ်
ဒီလိုသိရင် ဒိဋ္ဌိပြုတ်
အဲဒါ မှန်တဲ့အလုပ်
အဲဒါ ဉာဏ်ရဲ့အလုပ်။”

“အမှန်မသွား၊ အမှားသိမြင်
အဝိဇ္ဇာဖုံး၊ ကောင်လုံးမှတ်ထင်
စိတ်ကိုယ်နှုတ်မှု၊ ကြံပြုပြောလျှင်
ဝိညာဉ်စပ် နောက်ထပ်သန္ဓေရှင်။

ဝိညာဉ်မျိုးစေ့၊ စ၍ဖြစ်လျှင်
နာမ်နဲ့ရုပ်လည်း၊ ပူးတွဲပါဝင်
အာယတန၊ ဖဿပေါ်ထင်
ကောင်းဆိုးများ ခံစားမိရိုးပင်။”

တရားပွဲပြီးသော် ခေတ္တ တရားရှုမှတ်ကြပြီး၊ ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၂-ဧပြီ-၂၀၁၁)



























Easter ကျောင်းပိတ်ရက် ကလေးတရားစခန်း (နယူးဂျာစီ)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် Easter ကျောင်းပိတ်ရက်ကာလ ဧပြီလ ၂၁ ရက်မှ ၂၃ ရက်နေ့ထိ သုံးရက် ကလေးတရားခစန်းကို ပြုလုပ်ရာ ၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့၌ တွေ့မြင်ရစဉ်။

















ကံကို ဉာဏ်ယှဉ် ပြင်ပါစို့ - အရှင်နန္ဒဝံသ(ရမည်းသင်း)

ကံနဲ့ စခဲ့တဲ့ တို့ဘဝ

ဘုရားဟောဖော် တရားတော်များကို လေ့လာကြည်ညို မှတ်သားရသောအခါ ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့က ဒီလောကကြီးကို ခြယ်လှယ်နေသည်ဟု သိမြင်သဘောပေါက်ခဲ့ပါတယ်။

ဒီလိုဆိုရင် လောကကြီးအတွင်းမှာ မှီတင်းနေကြတဲ့ ကျွန်ုပ်တို့အားလုံးကိုလည်း လူဖြစ်အောင် ‘ကံတရား’ကပဲ စီရင် ပုံသွင်းပေးခဲ့တယ်လို့ မှတ်ယူမိပါတယ်။

မိမိပြုခဲ့ဖူးတဲ့ ကံအကြောင်းတရားအလိုက်လည်း ချမ်းသာ၊ ဆင်းရဲ၊ ရာထူးနိမ့်မြင့် စသည်ဖြင့် ကွဲပြားနေရခြင်းသာ ဖြစ်ပါတယ်။
‘သဗ္ဗေသတ္တာ ကမ္မဿကာ’ အစလာသော ဒေသနာနဲ့ ‘ကမ္မံ သတ္တေ ဝိဘဇ္ဇတိ’ဟူသော ဒေသနာ ပါဠိတို့က ဒါကို အတိအကျ ညွှန်ပြနေတဲ့ သဘောပေါ့။ ဒါကိုပင် ရှေးလူကြီးသူမတို့ကလည်း ‘ကံသာအမိ ကံသာအဖ’လို့ ဆိုပြီး ဆိုရိုးစကား ထားခဲ့ကြတယ် မဟုတ်လား။

ဆင်းရဲချမ်းသာ ကံကြောင့်သာ

ဆင်းရဲခြင်း ချမ်းသာခြင်းလို့ ကွဲပြားနေမှုရဲ့ အခြေခံကတော့ ကံကြောင့်ပဲဟု ယေဘုယျ မှတ်ယူလို့ ရမယ် ထင်ပါတယ်။
ရှေးတုန်းက ပြုခဲ့ဖူးတဲ့ ကောင်းမှုကံ မျိုးစေ့ ရှိခဲ့သူတွေမှာတော့ ကုမ္ပဏီပိုင်, တိုက်ပိုင်, ကားပိုင်အဖြစ်နဲ့ ချမ်းသာလို့ ကျန်းမာလို့ ရာထူးကြီးတွေနဲ့ ကောင်းစား အောင်မြင်နေကြသကဲ့သို့၊ တခြား တစ်ဖက်မှာ ရှေးက ပြုခဲ့ဖူးတဲ့ မကောင်းမှုကံ မျိုးစေ့ ရှိခဲ့ကြသူများကြတော့လည်း ဘာကြံကြံ ဘာလုပ်လုပ် မအောင်မမြင် ဒုက္ခရောက်နေကြတာတွေ မြင်တွေ့ကြားသိနေရတာဟာ ပတ်ဝန်းကျင်ကတဲ့ သာဓကတွေပဲပေါ့။

ဒီလိုဆိုရင် ကောင်းဆိုးနှစ်တန် ပြုစီမံနိုင်စွမ်းရှိတဲ့ အဲဒီကံကို ဉာဏ်ယှဉ်၍ ပြန်ပြင်ယူရင်ရော မရနိုင်ပေဘူးလားလို့ မေးမြန်း စဉ်းစားစရာ ရှိပါတယ်။
ကောင်းကံပြုခဲ့လို့ ကံကောင်းနေကြတာဖြစ်သလို ဆိုးကံပြုခဲ့ကြလို့လည်း ကံဆိုးနေကြတာလို့ ပြောမယ်ဆိုလည်း ပြောလို့ ရတာကြောင့် ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ စဉ်းစား ဆင်ခြင် ဉာဏ်ယှဉ်သင့်တယ်ဆိုတာလည်း ထင်ရှားပါတယ်။

အသိက ပလာနတ္ထိ၊ သတိက လုံးဝ မရှိသူတွေမှာ အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုးကို ဉာဏ်နဲ့ ချိန်ထိုး ကြည့်နိုင်စွမ်း မရှိကြလေတော့ ကောင်းတာကိုပဲ မကောင်းထင်ပြီး မပြုချင်ကြပြန်ဘူး။
မကောင်းတာကိုတော့ အကောင်းလို့ ထင်ပြီး ပြုချင်ကြပြန်တယ်။
ဒီတော့ ရလာဒ်က အဆင်မပြေခြင်း၊ ဆင်းရဲခြင်း၊ ကံဆိုးခြင်း စတဲ့ ဒုက္ခတွေကိုသာ ပွေ့ပိုက်နေရတော့တယ်။

တချို့ကတော့ ဘယ်ခါမဆို ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ၊ သတိရှေ့သွားတဲ့ ဆင်ခြင်ဉာဏ်တရားနဲ့ စဉ်းစားပြီးမှ လုပ်ကိုင်တတ်ကြတယ်။
မသိသေးရင် သိအောင် မေးလို့၊
မတတ်သေးရင် တတ်အောင် သင်ယူ လေ့လာပြီးမှ လုပ်ကိုင် ဆောင်ရွက်လေ့ရှိကြတယ်။
အဲဒီလို လူမျိုးတွေကြတော့ ကံသုံးပါးလုံးတွင် ဉာဏ်ယှဉ်နေတော့ အမှားနည်းပါးတာ တွေ့ရတယ်။
အမှားနည်းပါးလာတာနဲ့အမျှ ကောင်းကျိုးသုခတွေ ပွားများလာတာကိုလည်း တွေ့ရပြန်တယ်။

ကောင်းကံလုပ်မှ ကံကောင်းမယ်

မိဘ ဆရာသမားတွေရဲ့ သွန်သင် ညွှန်ပြ ဆိုဆုံးမမှုကို ရရှိနေကြတဲ့ သားသမီးများနဲ့ တပည့်များမှာ အသိအလိမ္မာနဲ့ သတိတရားများ ရှိတတ်ကြသလို စဉ်းစားမှု ဆင်ခြင်မှုကို လက်ကိုင်ထားတတ်ကြမြဲ ဖြစ်တာကိုလည်း သတိထားမိပြန်ပါတယ်။
ဒီတော့ ဒီလိုပုဂ္ဂိုလ်များကျပြန်တော့ ကောင်းသော ကံတွေကို အပြုများကာ ကံကောင်းနေတတ်ကြပါတော့တယ်။

နောက်ပြီးတော့လည်း အသိအလိမ္မာဟာ ဉာဏ်ပညာကြီးခြင်းရဲ့ အခြေခံ အကြောင်းရင်းဖြစ်လို့ မိဘစကား နားထောင်ပြီး ကြိုးစား ပြုမူနေထိုင်သူတို့ဟာ အမှားနည်းမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့သန္တာန်မှာ မိဘက သင်တဲ့ ဘဝနဲ့ဆိုင်ရာ အသိပညာရယ်၊ ကျောင်းတော်က ဆရာတွေ သင်ပေးတဲ့ လောကနဲ့ဆိုင်တဲ့ အတတ်ပညာရယ်က ရှိနေကြပြီမဟုတ်လား။
ဒီတော့ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ဉာဏ်နဲ့ ချိန်ထိုးသွားတတ်ပြီပေါ့။
အဲဒီလို အသိဉာဏ်နဲ့ အတတ်ပညာတွေကို သိရင် သိထားတဲ့အတိုင်း၊ တတ်ထားရင် တတ်ထားတဲ့အတိုင်းသာ လိုက်နာ လေ့ကျင့်မယ်ဆိုရင် အဲဒီသူရဲ့ ကြံစည် ပြောဆို လုပ်ကိုင်မှုတွေဟာ အသိဉာဏ်နဲ့ ယှဉ်ပြီးနေတာကြောင့် အမှားနည်းမှာ အမှန်ပါ။
အမှားစင်တော့ စိတ်တွေ ကြည်လင်ကာ ကံတွေ စင်ကြယ်ပြီးတော့ စေတနာကောင်းလို့ ကံကောင်းသူတွေ ဖြစ်လာကြမှာပါ။

ဒီတော့ ကံဆိုးနေသူများဟာ ကံကောင်းချင်ပါတယ်ဆိုရင် ကောင်းကံတွေဖြစ်လာဖို့ မိဘဆရာသမားတို့ရဲ့ သွန်သင် ညွှန်ကြားမှုကို နားထောင်သင့်တယ်၊ လိုက်နာသင့်တယ်၊ ဉာဏ်ယှဉ်သင့်တယ်။
အသိဉာဏ်ရှေ့သွားပြီး သတိတရားနဲ့ အမြဲတမ်း ကြံစည်ခြင်း(မနောကံ)၊ ပြောဆိုခြင်း(ဝစီကံ)၊ ပြုမူခြင်း(ကာယကံ)တို့ကို ပြုသင့်တယ်လို့ တွေးမိပါတယ်။

ဘဝတစ်ခု အောင်မြင်တိုးတက်ဖို့ဆိုတာမှာ ကံတရားက အရေးကြီးတယ်လို့ ထင်ထင်ရှားရှား သိခဲ့ပြီးတဲ့နောက်မှာ “ကံကောင်းလိုလျှင် စိတ်ကောင်းဝင်၊ ပြုပြင်တိုင်းရ ပြုတိုင်းလှ” ဟူသော ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ တရားကို ကြားယောင် ဆင်ခြင်နေမိပြန်ပါတယ်။
ကံဆိုတာ အလုပ်၊ အလုပ်ဆိုတာ ကံပင်ဖြစ်လို့ အလုပ်ကောင်းရင် ကံကောင်းမယ်။ ကံကောင်းချင်ရင်တော့ ကောင်းတာကိုပင် လုပ်ဟုသာ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေမိပါတယ်။

အသိနောက်မှာ အကျင့်ပါမှ

ဒါဆိုရင် ကောင်းကံလုပ်မှ ကံကောင်းမယ်ဟူသော အသိလေးမျှ ရှိထားရုံနဲ့ ကံကောင်းပါမည်လားလို့ မေးလာမယ်ဆိုရင် ဝေးပါသေးတယ်လို့ ဆိုချင်ပါတယ်။

‘ကံကိုယုံ၍ ဆူးပုံအတွင်း မဆင်းအပ်စွာ’၊ ‘ကျားရဲရာ ကြမ္မာမရိုးသာ’၊ ‘လုံ့လမကူ ဉာဏ်မကူဘဲ မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရာဘူး’ စသည်ဖြင့်လည်း ရှေးသူတော်မွန်တို့က စာချွန်ချန်ထား မှာကြားခဲ့ကြပါတယ်။

စာရေးသူအနေနဲ့ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါးထဲက “ဝိဇ္ဇာစရဏသမ္ပန္န”ဂုဏ်တော်အဖွင့်ကို အာရုံယူမျှော် ပူဇော်သည့်အခါ ‘ဝိဇ္ဇာ’ဟူသော အသိဉာဏ်ရှိသော်လည်း ‘စရဏ’ဟူသော သိတဲ့အတိုင်း လိုက်နာကျင့်သုံးခြင်း မရှိပါက နိမ့်ကျခြင်း ကျရှူံးခြင်း စသော ဆင်းရဲဒုက္ခက လွတ်မြောက်နိုင်မည် မဟုတ်ဟု သိခဲ့ပါတယ်။

ထို့အတူပင် ‘စရဏ’ဟု ခေါ်သော အကျင့်သာ ရှိ၍ ‘ဝိဇ္ဇာ’ဟူသော အသိဉာဏ် မရှိပြန်လျှင်လည်း လမ်းမှန် မရောက်ဘဲ အလွဲကိုသာ ကျင့်နေမိကာ စီးပွားရေး လူမှုရေးမှအစ အရေးတကာဝယ် ခရီးမတွင်ဘဲ ရှိတတ်ပါလားလို့ သိခဲ့ရပါတယ်။

မည်သူမဆို အထိုက်အလျောက်တော့ မိမိနှင့် သင့်လျော်သော အသိပညာ အတတ်ပညာ စီးပွားရေး ကြီးပွားရေး နည်းလမ်းများကို တီးမိ ခေါက်မိတော့ သိရှိကြမည်သာ ဖြစ်ပါတယ်။
သိသလို မကျင့် မကြိုးစားခဲ့လို့သာ အောင်မြင်မှု ချမ်းသာနဲ့ ဝေးနေကြရခြင်း ဖြစ်ပါလိမ့်မယ်။
သိပြီးတော့လည်း လိုက်မကျင့်ရင်လည်း မသိသည်နှင့် ဘာမှ မထူးခြားတော့ ပညာမဲ့ဟူသော နာမည်ဖြင့် စာရင်းသွင်းခံရကာ နွမ်းပါး ဆင်းရဲ လူတောထဲမတိုး လူရာမဝင်တာမျိုးဟူသော အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရခြင်းသာ ဖြစ်ပါလိမ့်မယ်။

သို့ဖြစ်ရာ ကံကောင်းချင်သူတိုင်းဟာ ဦးစွာပထမအနေနဲ့ ကောင်းကံကို လုပ်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ သိထားရမှာဖြစ်သလို သိထားတဲ့အတိုင်းလည်း မဖြစ်မနေ လိုက်နာပြုကျင့်ဖို့ လိုအပ်တယ်ဆိုတာ ပြောပါရစေ။
လက်တွေ့ကျင့်ဖို့ သိအောင် လေ့လာသင်ယူရတာဖြစ်သလို သိပြီးရင်လည်း လိုက်နာကျင့်ကြံ အားထုတ်ရအုန်းမယ်လို့ သတိမူမိစေချင်တာပါ။

ကံသုံးပါးတွင် အဓိပတိယှဉ်

လောကမှာ ကြီးပွားအောင်မြင် ချမ်းသာချင်သူတိုင်းဟာ အဘိဓမ္မာမှာ လာတဲ့ အဓိပတိတရား လေးပါးကို လက်ကိုင် ကျင့်သုံးဖို့ လိုအပ်ပါတယ်။
စာရေးသူ နားလည်သလို ပြောပြရရင် ပြုလုပ် ပြောဆို ကြံစည်တာမှန်သမျှဟာ ကံတရားပါလို့ လက်ခံရင် ထိုကံထဲတွင် မိမိ၏ ကိုယ်ပိုင်ဆန္ဒ၊ ဉာဏ်၊ လုံ့လ ထည့်ပြီး စိတ်ဓာတ်အားဖြင့် ကြိုးစားရမယ်လို့ပဲ ပြောပြချင်မိတယ်။

မိမိဘဝ ကြီးပွားအောင်မြင်ကာ ချမ်းသာလိုတယ်၊ အဆင်ပြေလိုတယ်ဆိုရင် မိမိလုပ်နေဆဲ အလုပ်ထဲမှာ လုပ်ကိုင်ချင်တဲ့ဆန္ဒ၊ လုပ်ချင်တဲ့စိတ်၊ လုပ်တတ်ကိုင်တတ်မှု ပညာနဲ့၊ လုပ်နေမှုဆိုတဲ့ ဝိရိယ ဒီတရားလေးပါး ထည့်သွင်းထားဖို့ လိုအပ်တယ်လို့ နားလည်ရပါမယ်။
ဒီတရားလေးပါး ညီမျှမှသာ အောင်မြင်နိုင် ချမ်းသာကြွယ်ဝနိုင်တယ်လို့ နားလည်မိပါတယ်။
ဒီတရားလေးပါးဟာ တစ်ပါးက ရှေ့ကနေ ဦးဆောင်သွားနေခိုက်မှာ ကျန်သုံးပါးက နောက်နားက ကပ်လိုက်လာတတ်တဲ့ သဘောလည်း ရှိပါတယ်။

ကျန်းမာ ချမ်းသာမှုနဲ့ ပြည့်စုံ အောင်မြင် ကျော်ကြားလိုတယ်ဆိုရင် အရင်ဆုံး ချမ်းသာအောင်မြင် ကျော်ကြားချင်တယ်ဆိုတဲ့ ဆန္ဒ ဖြစ်ပေါ်ရပါမယ်။
အဲဒီနောက်မှာမှ ချမ်းသာလိုစိတ် အောင်မြင်လိုစိတ်တို့ ဖြစ်ပေါ်လာမှာ ဖြစ်တယ်။
အဲဒီစိတ်ကြောင့် အသိပညာ အတတ်ပညာတို့ကို လေ့လာ သင်ယူကြကာ စိတ်ကူးယဉ်ဆန္ဒကို အကောင်အထည်ဖော်ကြလို့ ရာထူးကြီးတွေ ရပြီး စည်းစိမ်များနှင့် ချမ်းသာကြွယ်ဝနေကြတာဖြစ်တယ်။

အပြန်အလှန်အားဖြင့် ထိုအဓိပတိတရားလေးပါး ဖြစ်ပေါ် သိရှိ လိုက်နာကျင့်သုံးမှု အားနည်းသူတွေမှာတော့ ‘ဘဝဆိုတာ စိတ်နဲ့ တန်သလို ဖြစ်တာ’ဆိုတဲ့ စကားအတိုင်းပဲ သူတို့ရဲ့ စိတ်၊ ဆန္ဒ၊ ကြိုးစားမှု၊ ပညာ နည်းခဲ့တာနဲ့အညီ နိမ့်ကျစွာ လုပ်ကိုင် နေထိုင် ပေးဆပ် ရုန်းကန်နေကြရတော့တယ်။
ဒီတော့လည်း သူတို့ရဲ့ဘဝ ဖြတ်သန်းမှု လမ်းခရီးဟာ ကြမ်းတမ်းလာပြီး ဒုက္ခတွေနဲ့ ပြွမ်းတီးနေရတဲ့ သူတို့ခမြာ သူတို့ဘဝကို သူတို့ ညည်းညူသံကိုသာ အဖော်ပြုကာ နေရပါတော့တယ်။

ဒီတော့ ဆင်းရဲက လွတ်ပြီး ချမ်းသာပြည့်ဝ ဂုဏ်ဓနနဲ့ လောကအလယ်မှာ တင့်တယ်စွာ နေနိုင်အောင်ဆိုရင် ကံသုံးပါးတွင် အဓိပတိတရားလေးပါးကို ယှဉ်စေပြီး ကြိုးစား ပြုမူ၊ ပြောဆို၊ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်နဲ့ရော မိဘမောင်ဖား ဇနီးမယား သမီးသားတွေအတွက်ပါ ကြိုးစား ရုန်းကန်နေရတာနဲ့ပဲ ဘဝအဓိပ္ပာယ်နဲ့ ဘဝတန်ဖိုးဆိုတာကို မသိနိုင်ရှာတဲ့ အဖြစ်ဆိုးနဲ့ တိုးရမှာ သေချာပါတော့တယ်။

ကိုယ့်ဘဝအဆင့် ကိုယ်တိုင်မြှင့်စို့

အချို့ အလုပ်ကောင်းမှ ကံကောင်းမယ်၊ ကံကောင်းအောင် ကောင်းတာ လုပ်ရမယ်၊ မိဘဆရာသမားတို့ရဲ့ စကားနားထောင်သင့်တယ်လို့ အခြေခံအားဖြင့် အသိဉာဏ် ရင့်သန် ပြည့်စုံကြတာ များပါတယ်။
အကြားအမြင်နဲ့ ဗဟုသုတတွေလည်း ရှိကြပါတယ်။
ဒါပေမယ့်လည်း လိုက်နာ ကျင့်ကြံ အားထုတ်မှုလို့ ခေါ်တဲ့ စရဏတရားကတော့ အသိရဲ့ နောက်ပါးမှ ကပ်ပါမလာကြဘူး။

ဒီတော့ အောက်ကျနောက်ကျနဲ့ ပညာမဲ့ပြီး ဆင်းရဲနေကြတဲ့ သူတွေရဲ့ တရားခံကို ပြောပြပါဆိုရင် မိမိသိသလို လိုက်မလုပ်ဖြစ်ခဲ့ခြင်းကိုပဲ ညွှန်းပြရမလို ဖြစ်နေပါတော့တယ်။
ဒီလို ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ကြည့်ကာ စဉ်းစားဉာဏ် သက်ဝင်၍ ကံကို ပြုပြင်နိုင်ပါမူ လက်ရှိဘဝရဲ့ အနာဂတ်ဟာ ချမ်းသာသုခနဲ့ အနေလှနိုင်သလို သံသရာခရီးလမ်းမှာလည်း ဖြောင့်ဖြောင့်ဖြူးဖြူး ချောချောမွေ့မွေ့နဲ့ အခြေလှနိုင်ပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်ကံကို မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ယှဉ်ပြီး မိမိတို့ဘဝတွေရဲ့ လက်ရှိအနေအထားကို အသိဉာဏ်နဲ့ ပေါင်းစပ်ကာ ကောင်းမြတ်အောင် ကြိုးစားဆောင်ပါလျှင် ကောင်းစားနိုင်သည်ချည်း ဖြစ်တယ်လို့ ခံယူ နားလည်မိလိုက်ပါတယ်။

ကံတရားဆိုတာ ဆန်းကြယ်ပြီး၊ ကံတရားချည်းသက်သက်ကိုလည်း ပုံပြီး ယုံလို့ မနေသင့်ပါဘူး။
လောကကြီးကို ကံတရားက ခြယ်လှယ်နေတယ်။
ကံကို မှီပြီးတော့ ဆင်းရဲနဲ့ ချမ်းသာ၊ ပညာမဲ့ ပညာတတ် စသည် ကွဲပြားနေတယ်။
အဲဒီကံကို ဉာဏ်နဲ့ ယှဉ်ပြီး ပြုပြင်ပေးမယ်ဆိုရင် ရနိုင်တယ်ဆိုတာတွေကို စဉ်းစား ဆင်ခြင် သုံးသပ်ပြီး အဲဒီ ကံတရားကိုပဲ ဆန္ဒ၊ စိတ္တ၊ ဝိရိယ၊ ဝီမံသ ဟူသော အဓိပတိတရားလေးပါးနဲ့ ပေါင်းစပ်ကာ ကောင်းကံတွေ ပြုသူဟာ ကံတွေကောင်းမယ်၊ ဆိုးကံပြုသူတွေ ကံဆိုးမယ်ဆိုတာ သေချာတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒီတော့ ‘ကံ’ပိုင်ရှင် လူသားက ကံတရားကို ဉာဏ်အားသုံးပြီး ပြုပြင်ယူလို့ရတာ ထင်ရှားပါတယ်။
အဲဒီလို မဟုတ်ဘဲ ကံတရားကသာ ကံပိုင်ရှင်လူသားကို ကစားသွားခဲ့မယ်ဆိုရင် ကောင်းဆိုးနှစ်တန် လောကဓံမှာ ခါးသီးတဲ့ အဆိုးကံတွေနဲ့သာ ကြုံနေရပြီး ကံတွေ ဆိုးနေကြတော့မှာပါပဲ။

ကံကို ဉာဏ်ယှဉ် ပြင်ပါစို့လို့ တွေးမိခဲ့တဲ့ အတွေးလေးတွေကနေ စာရေးသူရင်ထဲမှာ ကံသုံးပါးတွင် အသိဉာဏ်ယှဉ်ပြီး ဆင်ခြင်ပြုပါလျှင် ကံကောင်းနိုင်ပါသည်လို့ တွေးသိ ခံယူမိပါတယ်။
ဒါကြောင့် ယခုချိန်က စလို့ ဘဝတလျှောက် ကောင်းကောင်း ပြုမူနေထိုင်၊ လုပ်ကိုင်၊ ပြောဆို၊ ကြံစည်ကာ ကောင်းမြတ် သာယာ လှပသော ဘဝအနာဂတ် ရရှိအောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ဘာသာလည်း တွေးမြင် ဆင်ခြင် အသိတရား သတိတရားတွေ ပွားရင်း အကြိုက်ဆုံးသော အောက်ပါကဗျာလေးကို ရွတ်ဆိုနေမိပါတော့တယ်။

အတိတ်ကိုတွေး၊ စိတ်မလေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂတ်ကိုမှန်း၊ သိပ်မလွမ်းနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။

ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို
ပညာလုံ့လ၊ အသုံးချပြီး
ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းအောင်
သတိဆောင်လျက်
လက်ရှိကာလ၊ တဒင်္ဂကို
ကံ,ဉာဏ်,ဝီရိ၊ စောင်းနှယ်ညှိကာ
ကြိုးစားကာဖြင့်
ဘဝတန်ဖိုး၊ အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူ။

မေတ္တာသီသေန စိတ္တေန .....

အရှင်နန္ဒဝံသ (ရမည်းသင်း)
ဇေယျဝတီကျောင်း၊ အမာလိုရီမြို့
တက္ကဆပ်ပြည်နယ်
အမေရိကန်နိုင်ငံ

Wednesday, April 20, 2011

၁၃၇၃ ခု မြန်မာနှစ်ဆန်း တစ်ရက်နေ့ (၁၇-ဧပြီ-၂၀၁၁)

၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူးလဆန်း ၁၄ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စုပေါင်း၍ ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြသည်။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းပူဇော်ကြပြီး၊ လောကချမ်းသာဆရာတော်ထံမှ ၉-ပါးသီလ ခံယူ ဆောက်တည်ကြသည်။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၏။

တစ်အိမ်လျှင် ဟင်းတစ်ခွက် ယူဆောင်လာကြရာ ဟင်းအမယ် စုံလင်လှ၏။
ဦးစောဝင်း-ဒေါ်ထားကြည်မိသားစုက သင်္ကြန်ထမင်းဖြင့် ဒါနပြုရာ ငါးခြောက်ကြော်၊ သရက်သီးသုတ်၊ ငရုတ်သီးတောင့်ကြော်၊ ဖယောင်းသင်းရေတို့ဖြင့် သင်္ကြန်ရနံ့ မွှေးကြိုင်နေ၏။
သင်္ကြန်ထမင်းကို ယခုမှ စားဖူးသူများပင် အရသာတွေ့သွားကြလေသည်။

မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဆရာတော်ထံမှ ၉-ပါးသီလကို ထပ်မံ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် ဦးဆောင်ကာ မေတ္တာဘာဝနာပွားများခြင်း၊ တစ်နာရီခန့် တရားရှုမှတ်ခြင်းတို့ကို ပြုလုပ်ကြ၏။

မွန်းလွဲ ၃ နာရီ၌ လောကချမ်းသာဆရာတော်ကပင် အနုမောဒနာတရား ချီးမြှင့်ကာ တစ်နေ့တာ ကောင်းမှု ကုသိုလ်အပေါင်းအစုတို့ကို ဝေနေယျသတ္တဝါအားလုံးတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။








မီး

.... မီးဆယ့်တစ်တန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်ရွှေပြည် တိုင်စေသော် .. ဟု ဆုပေး ဆုယူ ဆုတောင်းခြင်းများသည် ဗုဒ္ဓဘာသာဝင်များအတွက် ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်၏။

မီးဆယ့်တန်ကား အဘယ်နည်းဟု ဆိုက အလွယ်တကူ မှတ်သား ပြောပြနိုင်ရန် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက -

ရာဂ,ဒေါသ၊ မောဟတဖြာ
ဖြစ် အို သေရေး၊ ပူဆွေး ငိုကာ
ကိုယ် စိတ်ဒုက္ခ၊ ပူရပြင်းစွာ
ကိုယ်တွင်းမီး ထိန်ငြီးဆယ့်တစ်ဖြာ” ဟူ၍ လင်္ကာဖွဲ့ဆိုထား၏။

ကျေးဇူးတော်ရှင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကလည်း အောက်ပါအတိုင်း လင်္ကာဖွဲ့ဆိုထား၏။

မီး ၁၁-ပါး

သူသူငါငါ ဖြစ်လေရာဝယ်
ဦးစွာကြိုဆီး ဇာတိမီးက
အပြီးပုံသေ လောင်မြိုက်လေ၏။

မသွေတသီး ဇရာမီးလည်း
အပြီးနောက်မှာ ကပ်လျက်ပါ၏။

မကွာစေရ မရဏဟု
တစ်ဘဝဖျက်ဆီး လောင်သည့်မီးလည်း
ငြီးငြီးပြောင်ပြောင် အမြဲလောင်၏။

လောင်ပုံလောင်အား မထင်ရှားလည်း
နုထွားပျိုမျစ် အရွယ်ဖြစ်သော်
အချစ်ရာဂ မီးတွေထ၍
ဒေါသထန်ပြင်း
မောဟညှင်း၏။

မကင်းနိုင်အောင် ထို့နောက်နောင်လည်း
တောက်လောင်ဖိစီး သောကမီးကြောင့်
ဝမ်းနည်းဖွယ်တွေ အထွေထွေနှင့်
ပရိဒေဝ ငိုကြွေးရ၍
ဒုက္ခလည်းထပ် ဒေါမနသ်နှင့်
ဆက်စပ်မကွာ
ဥပါယာသ လွန်ပြင်းပြလျက်
သက်မျှမရှူ တက်အောင်ပူသည်
ဆူဆူဆယ့်တစ် မီးတောက်တည်း။

+++++

၂၀၁၁ ခုနှစ် ဧပြီလ ၁၆ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းတွင် လောကချမ်းသာဆရာတော်က အာဒိတ္တပရိယာယသုတ္တန်ကို သင်ကြား ပို့ချပေး၏။



အာဒိတ္တပရိယာယသုတ်အကြောင်းကို ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “လူငယ်သင် ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ”စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထား၏။

အာဒိတ္တပရိယာယသုတ်

မြတ်စွာဘုရားသည် ပထမဝါတွင် မိဂဒါဝုန်၌ ဝါဆိုပြီးနောက် ဝါကျွတ်သောအခါ ဥရုဝေလတောသို့ ကြွတော်မူ၏။ ဥရုဝေလတော၌ သုံးလပတ်လုံး သီတင်းသုံးတော်မူလျက် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ဟူသော ရသေ့ညီနောင် သုံးယောက်နှင့် ယင်းတို့၏ တပည့်တစ်ထောင်တို့ကို တန်ခိုးအမျိုးမျိုး ပြ၍ အယူမှန်ကို ရစေတော်မူ၏။

ထို့နောက် ထိုရသေ့တို့ကို နေရဉ္ဇရာမြစ် တစ်ဘက်ကမ်းရှိ ဂယာရွာအနီးမှ ဂယာသီသ ကျောက်ဖျာကြီးရှိရာသို့ ခေါ်ဆောင်သွားပြီးလျှင် ထိုကျောက်ဖျာကြီးပေါ်၌ အာဒိတ္တပရိယာယသုတ်ကို ဟောကြားတော်မူရာ ရသေ့အားလုံး အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ တရားသိကြ၍ ရဟန္တာဖြစ်သွားကြ၏။






Photo - Wikimedia Commons (http://commons.wikimedia.org/wiki/Category:Gayasisa)


အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘော

ဒွါရခြောက်ဖုံ

မျက်စိသည် လိုချင်တပ်မက်ခြင်း၊ စိတ်ပျက် စိတ်ဆိုးခြင်း၊ အမှန်အတိုင်း မသိခြင်း၊ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ သေရခြင်း၊ စိုးရိမ် ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပူပန်ရခြင်းတည်းဟူသော တစ်ဆယ့်တစ်သီး မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေ၏။
ထို့အတူပင် နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့သည်လည်း တဟုန်းဟုန်း တောက်လောင်နေကြ၏။

အာရုံခြောက်တန်

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာနှင့် ကြံတွေးစရာသဘောတို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုး စသော မီးတစ်ဆယ့်တစ်မျိုးတို့ဖြင့် တထိန်ထိန် တညီးညီး အလောင်ကြီး လောင်နေကြ၏။

ဝိညာဏ်ခြောက်ဝ

မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိတွေ့စိတ်၊ ကြံတွေးစိတ်တို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုးစသော မီးတစ်ဆယ့်တစ်မျိုးတို့ဖြင့် တညီးညီး တထိန်ထိန် တရှိန်ရှိန် တောက်လောင်နေကြ၏။

ဖဿခြောက်ဖြာ

မြင်တွေ့၊ ကြားတွေ့၊ နံတွေ့၊ အရသာတွေ့၊ ထိတွေ့၊ ကြံတွေးတွေ့တို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုးစသော မီးတစ်ဆယ့်တစ်ပါးတို့၏ အမျိုအဝါးကို ခံနေကြရ၏။

ဝေဒနာခြောက်ပါး

မြင်ခံစား၊ ကြားခံစား၊ နံခံစား၊ အရသာခံစား၊ ထိတွေ့ခံစား၊ ကြံတွေးခံစားမှုတို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုးစသော မီးတစ်ဆယ့်တစ်ဖြာတို့ဖြင့် ချမ်းသာရာ မရအောင် အလောင်ကြီး လောင်နေကြ၏။

ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ

ဤသို့လျှင် “ဒွါရခြောက်ဖုံ၊ အာရုံခြောင်တန်၊ ဝိညာဏ်ခြောက်ဝ၊ ဖဿခြောက်ဖြာ၊ ဝေဒနာခြောက်ပါး ဤတရားတို့သည် လောဘ၊ ဒေါသစသော မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေကြသည်”ဟု ရှုမြင်တတ်သောသူအား ထိုမျက်စိစသော တရားတို့၌ ငြီးငွေ့သောဉာဏ် ဖြစ်ပေါ်၏။

ငြီးငွေ့လျှင် တပ်မက်ခြင်းကင်းလျက် အရိယမဂ်ဉာဏ် ဖြစ်ပေါ်၏။

တပ်မက်ခြင်းကင်းလျက် အရိယမဂ်ဉာဏ်ဖြစ်ပေါ်သောကြောင့် ကိလေသာ အာသဝေါတို့မှ လွတ်မြောက်လေတော့၏။

ကိလေသာမှ လွတ်မြောက်လျှင် “လွတ်မြောက်ပြီး”ဟု ဆင်ခြင်ဉာဏ် ဖြစ်ပေါ်၏။

“ဘဝသစ်ဖြစ်မှု ကုန်ပြီ၊ ဆင်းရဲငြိမ်းပြီ”ဟုလည်း ဆင်ခြင်လျက် သိ၏။

ဤကား အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘောတည်း။

မီး ၁၁ ပါး

၁။ လိုချင်တပ်မက်ခြင်း = ရာဂမီး
၂။ စိတ်ဆိုး စိတ်ပျက်ခြင်း = ဒေါသမီး
၃။ အမှန်အတိုင်း မသိခြင်း = မောဟမီး
၎။ ပဋိသန္ဓေနေရခြင်း = ဇာတိမီး
၅။ အိုရခြင်း = ဇရာမီး
၆။ သေရခြင်း = မရဏမီး
၇။ စိုးရိမ် ပူဆွေးရခြင်း = သောကမီး
၈။ ငိုကြွေးရခြင်း = ပရိဒေဝမီး
၉။ ကိုယ်ဆင်းရဲရခြင်း = ဒုက္ခမီး
၁၀။ စိတ်ဆင်းရဲရခြင်း = ဒေါမနဿမီး
၁၁။ ပြင်းစွာ ပူပန်ရခြင်း = ဥပါယာသမီး

+++++

ညနေ ၅ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပရာ ဆရာတော် အရှင်စက္ကိန္ဒက “သံဝေဂဝတ္ထု ၈-ပါး”အကြောင်း ဟောကြား ချီးမြှင့်၏။




အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်၏ “သံဝေဂဝတ္ထု ၈-ပါး လင်္ကာ”

အမိဝမ်းခေါင်း ဆယ်လညောင်းမျှ
အောင်းခဲ့ရချေ တည်သန္ဓေနှင့်
လူ့ပြည်လူ့ရွာ ရောက်ပြန်ပါလည်း
အိုနာသေရေး ဒုက္ခဘေးကြောင့်
စိတ်အေးကိုယ်ခိုင် မနေနိုင်ခဲ့။

ဆိုင်ဆိုင်ဒုက္ခ ခံပြီးမှလည်း
များလှပါယ်ရွာ ရောက်ကြရှာ၏။

အတီတာရှေး ဤဝဋ်ဘေးနှင့်
နောင်ရေးနာဂါတ် ဒုက္ခထပ်လိမ့်
မပြတ်ခုခါ ဖြစ်တုန်းမှာလည်း
အစာရှာရ ထိုဒုက္ခကြောင့်
နေ့ညမဟူ ကိုယ်စိတ်ပူ၍
သူသူငါငါ မသက်သာသည်
ရှစ်ဖြာသံဝေ ရကြောင်းတည်း။

+++++

သံဝေဂဝတ္ထုရှစ်ပါးကို လွယ်ကူစွာ အဓိပ္ပာယ်နားလည် ရေတွက်နိုင်စေခြင်းငှာ ဆရာတော်အရှင်စက္ကိန္ဒကလည်း လင်္ကာများ ချပေးသွား၏။

၁။ ကျဉ်းမြောင်းကြပ်တည်း၊ မိဝမ်းထဲ၊ နေခဲ့ရတာ ဆင်းရဲသည်။
၂။ ဇာတိခန္ဓာ၊ ရရှိလာ၊ အိုခဲ့ရတာ များလှပြီ။
၃။ ဇာတိခန္ဓာ၊ ရရှိလာ၊ နာခဲ့ရတာ များလှပြီ။
၎။ ဇာတိခန္ဓာ၊ ရရှိလာ၊ သေခဲ့ရတာ များလှပြီ။
၅။ ဒုက္ခများစွာ၊ ခံပြီးကာ၊ ပါယ်ရွာကျတာ များလှပြီ။
၆။ ရှေးရှေးကလည်း၊ ဝဋ်ဆင်းရဲ၊ မစဲတွေ့ခဲ့ပြီ။
၇။ နောက်နောင်ခါလည်း၊ ထို့တူပဲ၊ မလွဲတွေ့အုန်းမည်။
၈။ အစာရှာရ၊ ထိုဒုက္ခ၊ နေ့ညပူရသည်။
သံဝေဂများ၊ ဤရှစ်ပါး၊ ဘုရားဟောမိန့်သည်။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

အေဘီဘီအေ မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သပွဲ

နယူးယောက်မြို့၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၁၃၇၃ ခုနှစ် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တပို့သပွဲတော်ကို လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဧပြီလ ၁၀-ရက် တနင်္ဂနွေနေ့၌ ကျင်းပ၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နေ့ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်း ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား အလှူရှင် ဒေါက်တာဟွန်ဆမ်ဒေါ်ခင်စီလီးနှင့် ထရီစာမတင်စိန်လီးတို့က နန်းကြီးသုတ်၊ မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။

မွန်းလွဲ ၁ နာရီတွင် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ သံဃာတော်များ ဦးဆောင်ပြီး ပရိသတ်အားလုံး မေတ္တာပို့သခြင်း ပြုလုပ်ကြ၏။

ထိုနောက် လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး၊ ဘော်စတွန်ဆရာတော် ဦးအဘယာလင်္ကာရက ရေစက်ချအခမ်းအနားကို ပြုလုပ် ဆောင်ရွက်ပေး၏။

















အေးစေကြောင်းတဲ့ အတာရေ
 
video