Monday, November 30, 2009

ဥတ္တရိမနုဿဓမ္မ


ပါဠိသုတ္တန်တွေမှာ “ဥတ္တရိမနုဿဓမ္မ” ဆိုတဲ့ စကားလုံးလေး ရှိတယ်။
မြန်မာလို ပြန်ရင် “လူတို့၏ ကုသိုလ်ကမ္မပထ တရား ၁၀-ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ် တရား”တဲ့။
အထက်တန်းကျတဲ့ တရားပေါ့လေ။
သာမန်လူတွေ ရတာမျိုးမဟုတ်ဘဲ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ၊ တော်တဲ့ ပုဂ္ဂိုလ်တွေ ရတဲ့ စိတ်မျိုးပေါ့။
ဒါကို “ရူပါဝစရစိတ်”က စပြီး “ဥတ္တရိမနုဿဓမ္မ”လို့ ခေါ်တယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

လောကချမ်းသာဘုရားကျောင်းတွင် ၂၀၀၉ ခု နိုဝင်ဘာလ ၂၈ ရက် စနေနေ့၌ ပြုလုပ်သော “အရှင်သီလာနန္ဒာဘိဝံသ”၏ သင်တန်း ပို့ချချက်များကို အခြေခံသည့် ၆-ပတ်မြောက် အဘိဓမ္မာသင်တန်းမှာ ရူပါဝစရစိတ် ၁၅-ပါးအကြောင်းကို လေ့လာ သင်ယူကြရ၏။

‘ရူပါဝစရ’ - ရူပ ၁၅ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်။
‘ရူပါဝစရစိတ်’ - ရူပ ၁၅ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သော စိတ် (ဈာန်စိတ်)။

ဤရူပါဝစရစိတ်များကို လှူဒါန်း ဒါနပြုရုံ၊ ဘုရားရှိခိုးရုံ စသည့် ရိုးရိုးကုသိုလ်ပြုရုံမျှဖြင့် မရနိုင်ဘဲ ကမ္မဋ္ဌာန်းထိုင်မှသာ ရရှိနိုင်၏။

ဗုဒ္ဓဘာသာတွင် ‘သမထကမ္မဋ္ဌာန်း’၊ ‘ဝိပဿနာကမ္မဋ္ဌာန်း’ဟူ၍ ကမ္မဋ္ဌာန်း နှစ်မျိုး ရှိ၏။

သမထကမ္မဋ္ဌာန်းမှာ သမာဓိဖြစ်အောင်လုပ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမာဓိကို အားပေး၏။ အကျိုးကလည်း သမာဓိအကျိုးသာ ရ၏။

ဝိပဿနာကမ္မဋ္ဌာန်းမှာ ရုပ်နာမ်တရား သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တကို မြင်အောင်ကြည့်ပြီး၊ နောက်ဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်တိုင်အောင် (မဂ်ဖိုလ်ရသည့်တိုင်အောင်) အားထုတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။

သမထကမ္မဋ္ဌာန်းသည် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်အောင် ရှုခြင်း မဟုတ်ဘဲ၊ စိတ်တည်ကြည်မှု သမာဓိအားကို ထူထောင်ပြီး၊ သမာဓိအားဖြင့် ဈာန်စိတ် အဆင့်ဆင့် တက်ကာ အဘိညာဉ်စိတ်များရအောင် အားထုတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။

သမထကမ္မဋ္ဌာန်း အမျိုးအစားပေါင်း ၄၀ ရှိ၏။
ကသိုဏ်း ၁၀-ပါး၊
အသုဘ ၁၀-ပါး၊
အနုဿတိ ၁၀-ပါး၊
အပ္ပမညာ ၄-ပါး၊
သညာ ၁-ပါး၊
ဝဝတ္ထာန် ၁-ပါး၊
အာရုပ္ပ ၄-ပါး၊
စုစုပေါင်း ၄၀ ဖြစ်၏။

ထို အမျိုးပေါင်း ၄၀ အနက်၊ “အနုဿတိ ၁၀-ပါး”မှ ‘ဗုဒ္ဓါနုဿတိ’၊ ‘ဓမ္မာနုဿတိ’၊ ‘သံဃာနုဿတိ’၊ ‘သီလာနုဿတိ’၊ ‘စာဂါနုဿတိ’၊ ‘ဒေဝတာနုဿတ’ိ၊ ‘ဥပသမာနုဿတိ’၊ ‘မရဏာနုဿတိ’ ၈-ပါးနှင့် သညာ ၁-ပါး (အာဟာရေပဋိကူလသညာ)၊ ဝဝတ္ထာန် ၁-ပါး (စတုဓာတုဝဝတ္ထာန်)တို့မှာ ဈာန်မဖြစ်နိုင်။

ကျန် အမျိုးပေါင်း ၃၀ တွင် ဈာန်ဖြစ်နိုင်ပြီး၊ ပထမဈာန်မှ ပဉ္စမဈာန်တိုင်အောင် ဈာန် ငါးပါးစလုံး ရချင်သူအတွက် ‘ကသိုဏ်း ၁၀-ပါး’၊ ‘အာနာပါနသတိ’၊ ‘မေတ္တာကို အခြေခံ၍ ဥပေက္ခာကမ္မဋ္ဌာန်း’တို့ကို အားထုတ်ခြင်းဖြင့်သာ ရရှိနိုင်၏။

ဤကဲ့သို့ အားထုတ်ခြင်းဖြင့် -
(၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ငါးပါးနှင့်တကွ ပထမဆုံးဖြစ်ပေါ်သော ဈာန်စိတ်ကို ပထမဈာန်စိတ်၊
ဆက်လက် လေ့လာ အားထုတ်ခြင်းဖြင့် -
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော ဒုတိယဈာန်စိတ်၊
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော တတိယဈာန်စိတ်၊
(၄) သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော စတုတ္ထဈာန်စိတ်၊
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော ပဉ္စမဈာန်စိတ် ဟူသော ရူပါဝစရကုသိုလ်စိတ် ၅-ပါး ဖြစ်ပေါ်၏။

ရူပါဝစရဝိပါက်စိတ် ၅-ပါး၊ ရူပါဝစရကြိယာစိတ် ၅-ပါးတို့မှာ ရူပါဝစရကုသိုလ်စိတ် ၅-ပါးနှင့် အတူတူပင် ဖြစ်၏။
အကျိုးစိတ်များနှင့် ပြုကာမျှ ဖြစ်ကာမျှဖြစ်သော စိတ်များ ဟူ၍သာ ကွဲပြား၏။

စုစုပေါင်း ရူပါဝစရစိတ် ၁၅-ပါး ဖြစ်၏။

+++++

ဈာန်၏ အဓိပ္ပာယ်
(၁) အာရုံကို စူးစူးစိုက်စိုက် ရှုခြင်း (ပထဝီကသိုဏ်းရှုက ကသိုဏ်းအာရုံပေါ်တွင် မြဲမြံ တည်ငြိမ်နေအောင် စိတ်ထားခြင်း)
(၂) အနှောင့်အယှက်တရားများကို ရှို့ပစ် လောင်ပစ်ခြင်း (ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားတို့ကို လောင်ကျွမ်းစေတတ်ခြင်း)ဟု အဓိပ္ပာယ် ၂ မျိုး ရှိ၏။

‘ဝိတက်’၊ ‘ဝိစာရ’၊ ‘ပီတိ’၊ ‘သုခ’ (ဝေဒနာ)၊ ‘ဧကဂ္ဂတာ’၊ ‘ဥပေက္ခာ’ (ဝေဒနာ)တို့ကို “ဈာန်၏ အစိတ်အပိုင်း”၊ “ဈာန်အင်္ဂါ”ဟု ခေါ်သည်။

ထို“ဈာန်အင်္ဂါငါးပါးအပေါင်း”ကို “ဈာန်”ဟုခေါ်သည်။

ထိုဈာန်နှင့်ယှဉ်သော စိတ်ကို ဈာန်စိတ်ဟု ခေါ်သည်။

‘ဝိတက်’ - အတူတကွ ဖြစ်ဘက်တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
‘ဝိစာရ’ - အာရုံကို သုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း) သဘော။
‘ပီတိ’ - နှစ်သက်ခြင်းသဘော။
‘သုခ’ - ကောင်းသော အာရုံကို ခံစားခြင်း သဘော။
‘ဧကဂ္ဂတာ’ - အာရုံတစ်ခု၌ တည်တံ့ခြင်း (တည်ကြည်ခြင်း) သဘော။


“ဝိတက်”
စိတ်ကို အာရုံဆီသို့ ခေါ်သွားတတ်၊ ရောက်အောင် ပို့ပေးတတ်သော သဘောတရားဖြစ်၏။ ရိုးရိုးအားဖြင့် ဆိုရသော် ‘ကြံစည်ခြင်း’ဟု အဓိပ္ပာယ် ရှိ၏။

မြို့တော်သို့ မရောက်ဖူးသည့် တောသားကို မြို့တော်ရောက်လာသည့်အခါ မြို့တော်နေသူက ဘုရင်ဆီသို့ ခေါ်သွားသော ဥပမာ ပြုကြ၏။
‘ခေါ်သွားသော သူ’ = ‘ဝိတက်’၊ ‘အခေါ်ခံရသော တောသား’ = ‘စိတ်’။

“ဝိစာရ”
အာရုံကို သုံးသပ်ခြင်း၊ ထပ်၍ ထပ်၍ ယူခြင်းသဘော ဖြစ်၏။
ဝိတက်နှင့် ဝိစာရသည် တပြိုင်တည်း အတူဖြစ်သော သဘောရှိ၏။

ဥပမာ (၁) ခေါင်းလောင်းထိုးသော ဥပမာ
ခေါင်းလောင်းကို ထိုးလိုက်သဖြင့် ဒေါင်ကနဲ ပထမဆုံး မြည်ခြင်းက ဝိတက်သဘော၊ ထိုနောက် ဆက်ပြီး မြည်နေသော ညည်းသံလို မြည်နေခြင်းက ဝိစာရနှင့် တူ၏။

ဥပမာ (၂) ငှက်ကြီးများ ကောင်းကင်သို့ ပျံခြင်း ဥပမာ
ငှက်ကြီးများ ကောင်းကင်သို့ မပျံနိုင်သေးခင် ပထမ အတောင်ပံကို ခတ်ပြီး နည်းနည်း သွားကာ အတောင်ပံခတ်ခြင်းက ဝိတက်၊
ကောင်းကင်ပေါ်ရောက်ပြီး လေဟုန်စီး ၀ဲနေခြင်းက ဝိစာရသဘောနှင့် တူ၏။

ဥပမာ (၃) ပျားပိတုန်းနှင့် ကြာပွင့် ဥပမာ
ပျားပိတုန်း၏ ပဒုမ္မာကြာပွင့်ဆီသို့ ထိုးဆင်းသွားခြင်းက ဝိတက်သဘော၊
ကြာပွင့်ပေါ်တွင် တဒီဒီ ၀ဲပျံနေခြင်းက ဝိစာရသဘောနှင့် တူ၏။

“ပီတိ”
နှစ်သက်ခြင်း သဘော ရှိ၏။

“သုခ”
ကောင်းသော အာရုံကို ခံစားခြင်း သဘော ရှိ၏။

‘ပီတိ’နှင့် ‘သုခ’ကို ကန္တာရထဲ ခရီးသွားသူ၏ အိုအေစစ်ရှာပုံနှင့် ဥပမာ ပြုကြ၏။
နေပူသဖြင့် မောပန်း၊ ချွေးများ ယိုစီး၊ ရေငတ်နေသည့် ကန္တာရထဲ ခရီးသွားသူသည် လူတစ်ယောက်ကို တွေ့ရာ ရေကလေးများ ဘယ်နားရှိပါသလဲ၊ နားခိုရာ အိုအေစစ် ဘယ်နားမှာ ရှိသလဲ မေးမြန်း၏။
ထိုအခါ အမေးခံရသူက ရှေ့နား တစ်မိုင် နှစ်မိုင်လောက်မှာ ရေကန်ရှိကြောင်း ညွှန်၏။
ထိုသို့ ကြားရသည့်အချိန်မှ စ၍ ကန္တာရခရီးသွား၌ ဝမ်းသာ၏။ ပီတိဖြစ်၏။ နီးပြီ နီးပြီ ဆိုပြီး ဆက်သွားရင်း ရေကန်ရောက်သည်တိုင်အောင် သဘောကျ နှစ်သက် ဝမ်းသာနေခြင်းမှာ ပီတိ သဘော ဖြစ်၏။
ရေကန်ရောက်ပြီး ရေသောက် ရေချိုး၊ ကြာစွယ်များ စားပြီး၊ သစ်ပင်ရိပ်အောက် အိပ်၍ ကောင်းလေစွ ကောင်းလေစွဟု အရသာခံစားနေခြင်း သဘောမှာ သုခ ဖြစ်၏။

ပီတိနှင့် သုခတွင် ပီတိက အရာကျဉ်း၏။ သုခက အရာကျယ်၏။
ပီတိရှိတိုင်း သုခရှိပြီး၊ သုခရှိတိုင်း ပီတိ ရှိချင်မှ ရှိ၏။

“ဧကဂ္ဂတာ” (ဧက = တစ်၊ အဂ္ဂ = အာရုံ)
အာရုံတစ်ခု၌ တည်တံ့ခြင်း သဘော ဖြစ်၏။ သမာဓိနှင့် တူ၏။

အမှုန့်ကလေးများကို ရေနှင့် ရောလိုက်သောအခါ အမှုန့်ကလေးများ တွဲစပ် ပေါင်းစည်းသွား၏။ ထို ရေကဲ့သို့ ဟိုအာရုံ ဒီအာရုံ ဖရိုဖရဲဖြစ်နေသော စိတ်များကို ပေါင်းစုပေးသော သဘောမှာ ဧကဂ္ဂတာ ဖြစ်၏။

+++++

ဈာန်ရရန် နီဝရဏကင်းအောင် လုပ်ရ၏။ နီဝရဏကို ပယ်ရ၏။ အပြီးသတ် ပယ်ခြင်းမျိုး မဟုတ်သေးသော်လည်း ခေတ္တပယ်ခြင်း ဖြစ်၏။

ဈာန် အင်္ဂါ ၅-ပါးမှာ သူနှင့် ဆိုင်ရာ ဆန့်ကျင်ဘက် နီဝရဏများရှိရာ မှတ်သားစရာ ကောင်း၏။

‘ဝိတက်’၏ ဆန့်ကျင်ဘက်မှာ ‘ထိနမိဒ္ဓ’-အိပ်ငိုက်မှု ထိုင်းမှိုင်းမှု ဖြစ်၏။
‘ဝိစာရ’၏ ဆန့်ကျင်ဘက်မှာ ‘ဝိစိကိစ္ဆာ’-မဆုံးဖြတ်နိုင်မှု ဖြစ်၏။
‘ပီတိ’၏ ဆန့်ကျင်ဘက်မှ ‘ဗျာပါဒ’-ဒေါသ ဖြစ်၏။
‘သုခ’၏ ဆန့်ကျင်ဘက်မှာ ‘ဥဒ္ဓစ္စ’-ပျံ့လွင့်မှုနှင့် ‘ကုက္ကုစ္စ’-နောင်တတဖန် ပူပန်မှု ဖြစ်၏။
‘ဧကဂ္ဂတာ’၏ ဆန့်ကျင်ဘက်မှာ ‘ကာမစ္ဆန္ဒ’-ကာမဂုဏ် အာရုံများအပေါ်၌ တွယ်တာမှု ဖြစ်၏။
‘ဥပေက္ခာ’မှာ အေးချမ်း ငြိမ်သက်သော သဘောရှိသဖြင့် ဆန့်ကျင်ဘက်မှာ ‘သုခ’၏ ဆန့်ကျင်ဘက်နှင့်အတူတူ (ဥဒ္ဓစ္စနှင့် ကုက္ကုစ္စ)ပင် ဖြစ်၏။

သုတ္တန်ပါဠိတော်များ၌ များသောအားဖြင့် ဈာန် ၄-ပါးသာ ဟော၏။ အလွန် ရှားရှားပါးပါး နေရာများ၌သာ ဈာန် ၅-ပါးဟု ဟော၏။
အဘိဓမ္မာ၌မူ ၄-ပါးလည်း ဟောပြ၏။ ၅-ပါးလည်း ဟောပြ၏။

ပုဂ္ဂိုလ်၏ အစွမ်းသတ္တိပေါ်မူတည်၍ အချို့က ဝိတက်နှင့် ဝိစာရကို တပြိုင်နက် ပယ်၏။ ထိုကဲ့သို့ အစွမ်းသတ္တိ အားကြီးသော ပုဂ္ဂိုလ်တို့အတွက် ဈာန် ၄-ပါး ဖြစ်၏။

- ဈာန် ၅-မျိုးမှာ ပထမဈာန်သည် ဈာန် ၄-မျိုးမှာ ပထမဈာန်။
- ဈာန် ၅-မျိုးမှာ ဒုတိယဈာန်သည် ဈာန် ၄-မျိုးမှာ မရှိ။
- ဈာန် ၅-မျိုးမှာ တတိယဈာန်သည် ဈာန် ၄-မျိုးမှာ ဒုတိယဈာန်။
- ဈာန် ၅-မျိုးမှာ စတုတ္ထဈာန်သည် ဈာန် ၄-မျိုးမှာ တတိယဈာန်။
- ဈာန် ၅-မျိုးမှာ ပဉ္စမဈာန်သည် ဈာန် ၄-မျိုးမှာ စတုတ္ထဈာန်။

ဈာန်စိတ် ရရှိရုံမျှဖြင့် ကောင်းကင်ပျံခြင်း၊ တန်ခိုးဖန်ဆင်းခြင်း၊ သူများစိတ်ကို သိခြင်း စသည်တို့ မဖြစ်နိုင်ပေ။
ဈာန် ၅-ပါးကို ရရှိပြီး၊ အရူပဈာန် ၄-ပါးကို ရအောင် အားထုတ်ခြင်း၊ ထို ဈာန် ၉-ပါးစလုံးကို အပြန်ပြန်အလှန်လှန် ကျေညက်အောင် ပြုလုပ်ပြီး ပဉ္စမဈာန်ကို အထူး အားထုတ်ကာ အဘိညာဏ်ကို ဖြစ်စေပြီးမှ ကောင်းကင်ပျံခြင်း၊ တန်ခိုးဖန်ဆင်းခြင်း စသည် ပြုလုပ်နိုင်၏။

+++++

အဘိဓမ္မာသင်တန်းပြီးသောအခါ စနေနေ့တရားပွဲကို ‘စိန်စည်ဆရာတော် အရှင်သညောဘာသ’ က ‘ပညာပါရမီဖြစ်ခြင်း အကြောင်းများ’အတွက် ဝိပဿနာတရား အားထုတ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း သာဓကထုတ်ဆောင်၍ ဟောကြား ညွှန်ပြသွားပြီး၊ ကုသိုလ်ကောင်းမှုတို့ကို အများ ဝေနေယျာတို့အား ပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Wednesday, November 25, 2009

ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း - သပြေကန်ဆရာတော်ဘုရားကြီး


ရဟန်းတို့ … မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်လာဖို့ရာ၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ရာ အကြောင်းက ဘာလဲ?
ရဟန်းတို့ … ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသော တရား၊ အပြစ်မရှိသော တရား၊ ယုတ်သော တရား၊ မြတ်သော တရား၊ မည်းညစ်သော အဖို့ရှိသော တရား၊ ဖြူစင်သော အဖို့ရှိသော တရားတွေ ရှိနေကြတယ်။
ထိုတရားတို့၌ သင့်တင့်သော အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု များစွာ ပြုပြင်ခြင်းမှာ
မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့၊
ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ အကြောင်းပင် ဖြစ်ပါတော့တယ်။

ဒီ ဒေသနာတော်လာ တရားတွေက ‘ကုသိုလ်’ ‘အကုသိုလ်’ တရားတွေပါပဲ။
ဒီတရားတွေမှာ ‘အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု’ဆိုတာ ဒီတရားတွေရဲ့ သဘောကို သိအောင်ပြုမှုကို ဆိုပါတယ်။

ဒီတရားတွေမှာ သဘာဝလက္ခဏာခေါ်တဲ့ ကိုယ်ပိုင် အမှတ်အသားတွေ ရှိနေပါတယ်။
ကုသိုလ်ရဲ့ အပြစ်မရှိခြင်း လက္ခဏာ၊
အကုသိုလ်ရဲ့ အပြစ်ရှိခြင်း လက္ခဏာ၊
စိတ်ရဲ့ သိမှု လက္ခဏာ၊
ဖဿရဲ့ တွေ့ထိမှု လက္ခဏာ စသည်ဖြင့် မိမိတို့ရဲ့ အသီးသီး သဘောလက္ခဏာ ကိုယ်စီ ရှိနေကြတော့
အဲဒီ ကိုယ်ပိုင် သဘောလက္ခဏာတွေကို သဘာဝ လက္ခဏာလို့ ဆိုပါတယ်။

အနိစ္စ - မမြဲ
ဒုက္ခ - ဆင်းရဲ
အနတ္တ - အစိုးရတဲ့ အတ္တကောင် မဟုတ် ဆိုတဲ့ အခြင်းအရာတွေကတော့ တရားတိုင်းမှာ ရှိနေတဲ့ သဘောတွေ။
ဒါကြောင့် သာမည လက္ခဏာ အားလုံးမှာ အတူတူဖြစ်နေတဲ့ လက္ခဏာအားလုံး တရားတွေနဲ့ သက်ဆိုင်တဲ့ လက္ခဏာ။

အဲဒီ သဘာဝလက္ခဏာ၊ သာမညလက္ခဏာတွေကို ထိုးထွင်းသိမှု၊ သိအောင်ပြုမှုကိုပဲ “ယောနိသော မနသိကာရ” လို့ ဆိုပါတယ်။
ဒီတရားတွေကို သိနေတဲ့ ဇောစိတ်တွေပါပဲ။

အဲဒီတော့ ပညာ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းဟာ ဆိုခဲ့ပြီး ‘ကုသိုလ်’ ‘အကုသိုလ်’ တရား အာရုံများပဲ ဖြစ်ပါတယ်။

အဋ္ဌကထာများမှာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ခုနစ်ပါး လာပါတယ်။

“မေးမြန်းခြင်းပြု
ဝတ္ထုစင်စေ
ဣနြေ္ဒညီညာ
ပညာမဲ့ ကြဉ်
ဉာဏ်ရှင်မှီဝဲ
နက်နဲတရား တွေးစဉ်းစားလျက်
ပညာဘက်တွင် ညွတ်သက်ဝင်
ဉာဏ်မြင်တိုးကြောင်း ခုနစ်တည်း။”

+++++

(၁) မေးမြန်းခြင်း

ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သမထ၊ ဝိပဿနာတို့နဲ့ စပ်ပြီး မသိသေးလျှင် သိအောင် သင်ကြား လေ့လာထား။
လေ့လာထားတဲ့ အရာမှာ မရှင်းလင်းတဲ့ အရာတွေ မေးမြန်းခြင်းကို ဆိုပါတယ်။
ဒီတရားတွေနဲ့ စပ်ပြီး အတော်လေ့လာထားတော့
ရှေးကတည်းက ဉာဏ်ထဲ အတော်ရှင်းနေခဲ့
ဉာဏ်ထဲ မရှင်းမလင်း ဖြစ်နေတဲ့ ခဲရာခက်ဆစ်ကို မေးမြန်းခြင်းဖြင့်
ဆရာ့ရဲ့ အဖြေကြားရတော့ ပိုရှင်းလင်းသွားပြီး ဉာဏ်အမြင်တိုးလာ၍
မေးမြန်းခြင်းဟာ ဓမ္မဝိစယ ပညာဖြစ်ကြောင်း ဆိုပါတယ်။

ဒီနေရာမှာ မေးမြန်းခြင်းသာမက နာယူခြင်း၊ မိမိက ဟောပြောခြင်း၊ ဆွေးနွေးခြင်းများပါ သိမ်းယူသင့်ပါတယ်။
အားလုံးဟာ ပညာဖြစ်ကြောင်းချည်းပါပဲ။
ဝိပဿနာအားထုတ်၍ အားရှိတဲ့ ဝိပဿနာ လက်ရှိဖြစ်လာလျှင်တော့ တရားနာရင်း တရားဟောရင်း တရားဆွေးနွေးရင်းနဲ့ မဂ်ဖိုလ်ဆိုက်သွားနိုင်ပါတယ်။

(၂) ဝတ္ထုစင်ကြယ်စေခြင်း

‘ဝတ္ထု’ဆိုတာ တည်နေရာ ခန္ဓာကိုယ်ရော၊ ထိုခန္ဓာကိုယ်နဲ့ စပ်တဲ့ အဝတ် သင်္ကန်း စသည်ကိုပါ စိတ် စေတသိက်တို့၏ ဖြစ်ရာ ဖြစ်လို့ ဝတ္ထုဆိုပါတယ်။

စိတ် စေတသိက်တို့က အာရုံပြုသောအားဖြင့် ထိုခန္ဓာ အဝတ်စသည်တို့၌ ရောက်နေ၍၊ စိတ် စေတသိက်တို့၏ တည်နေရာလို့ ဆိုပါတယ်။
ခန္ဓာကိုယ်က အတွင်းဝတ္ထု
အဝတ် သင်္ကန်း အိမ် ကျောင်း အိပ်ရာနေရာ စသည်က အပဝတ္ထု
ထိုကိုယ်တွင်း ကိုယ်ပ ဝတ္ထုတို့ကို စင်ကြယ်အောင် ပြုခြင်းဟာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ခြင်း အကြောင်းပါပဲ။

ဆံပင် အမွေး ခြေသည်း လက်သည်းတွေ ရှည်နေမယ်၊ ကိုယ်မှာ ကြေးတွေ ချွေးတွေ ကပ်တွယ်နေမယ်၊ အတွင်းက လေ သည်းခြေစသည် ဖောက်ပြန်ပြီး ခန္ဓာအတွင်း ဒေါသမကင်း ဖြစ်နေမယ်။
အဲဒီအခါမှာ အတွင်းဝတ္ထု မစင်ကြယ် မသန့်ရှင်းခြင်းပါပဲ။
အဝတ် သင်္ကန်း ဆွေးမြည့်နေမယ်၊ ညစ်နွမ်းနေမယ်၊ အနံ့အသက် မကောင်းဖြစ်နေမယ်၊ အိမ် ကျောင်း အိပ်ရာနေရာမှာ အမှိုက်တွေ ရှုပ်ပွနေမယ်ဆိုရင် အဲဒီအခါ အပဝတ္ထု မသန့်မရှင်း ဖြစ်နေတာပါပဲ။
အဲဒီလို အတွင်း အပ မသန့်ရှင်းလျှင် စိတ်ရှုပ်ပွေနေမယ်။
စိတ်ရှုပ်ပွေ မသက်မသာ ဖြစ်နေလျှင် တည်ငြိမ်မှု မရတော့ ဉာဏ်အမြင်ကောင်းဖို့အတွက်လည်း အနှောင့်အယှက်ဖြစ်နေတော့တာပါပဲ။

ဒါကြောင့် ဆံပင် လက်သည်း ခြေသည်းတွေ ရှည်နေရင် ဖြတ်၊
ကိုယ်မှာ အညစ်အကြေး ကြေး ချွေးတွေ ညစ်ပေနေရင် ရေချိုး၊
လေ သည်းခြေ စသည်တို့ကြောင့် ဒေါသမကင်း ဖြစ်နေတဲ့ ခန္ဓာကိုယ်အတွင်းကိုလည်း ဝမ်းနှုတ်ဆေး စသော ဆေးဝါးဖြင့် ပြုပြင်ပြီး ခန္ဓာကိုယ်ကို ပေါ့ပါးအောင် ပြု၊
အဲဒါလို အတွင်းဝတ္ထုတွေ သန့်ရှင်းအောင် ပြုရတယ်။

အဝတ် သင်္ကန်း ဆွေးနေ ညစ်နေ အနံ့မကောင်း ဖြစ်နေတာကို ချုပ်ခြင်း လျှော်ဖွပ်ခြင်းဖြင့် စင်ကြယ်အောင် ပြု၊
အမှိုက်စသည်ဖြင့် ရှုပ်ပွေနေတာတွေကို သုတ်သင် ရှင်းလင်းခြင်းဖြင့် အပဝတ္ထုတွေ သန့်ရှင်းအောင် ပြုရတယ်။

အတွင်း အပ ဝတ္ထုတွေ မသန့်မရှင်း ဖြစ်နေတဲ့အခါ ထိုအခါဖြစ်လာတဲ့ စိတ် စေတသိက်တွေမှာ ပါတဲ့ ဉာဏ်လည်း မသန့်ရှင်းတော့ဘူး။
မစင်ကြယ် မသန့်ရှင်းတဲ့ ဆီမီးခွက် မီးစာတို့ကို အစွဲပြု ဖြစ်လာရတဲ့ မီးလျှံရဲ့အရောင်ဟာ မသန့်မရှင်း မကြည်မလင် ဖြစ်ရတာလိုပါပဲ။

အတွင်း အပ ဝတ္ထုတွေ သန့်ရှင်းနေတဲ့အခါ ဖြစ်လာတဲ့ စိတ် စေတသိက်တွေမှာ အတူပါတဲ့ ဉာဏ်ပညာလည်း သန့်ရှင်း စင်ကြယ်ရတယ်။
စင်ကြယ်တဲ့ သန့်ရှင်းတဲ့ မီးခွက် မီးစာ ဆီတို့ကို အမှီပြု ဖြစ်လာတဲ့ မီးလျှံရဲ့ အရောင်ဟာ သန့်ရှင်း ကြည်လင်နေသလိုပါပဲ။

ဒါကြောင့် အတွင်းအပ ဝတ္ထု မသန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ဖို့ အနှောင့်အယှက် အတားအဆီးဖြစ်ကြောင်း၊
ထိုဝတ္ထုတွေ သန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ကြောင်းမို့ ဓမ္မဝိစယဖြစ်ဖို့ရာမှာ ဒီဝတ္ထုတွေ သန့်ရှင်းခြင်းဟာ အကြောင်းတစ်ရပ် ဖြစ်ရပါတယ်။

(၃) ဣနြေ္ဒညီမျှအောင် ပြုခြင်း

ဘာဝနာအလုပ် အားထုတ်တဲ့အခါ တရားတွေ ညီညီမျှမျှ အလုပ်လုပ်နေကြဖို့ လိုပါတယ်။
အထူးသဖြင့် ပဓာနဖြစ်တဲ့ တရားတွေ ညီညီမျှမျှ အလုပ်လုပ်နေကြဖို့ အရေးကြီးပါတယ်။

ဘာဝနာ တက်အောင် ဆုတ်အောင် လုပ်နိုင်တဲ့ ပဓာနတရားတွေက ဣနြေ္ဒတွေပါပဲ။
‘ဣနြေ္ဒ’ခေါ် အစိုးရတဲ့ တရားတွေဆိုတာ ‘သဒ္ဓါ’၊ ‘ဝီရိယ’၊ ‘သတိ’၊ ‘သမာဓိ’၊ ‘ပညာ’ တရားတွေပါပဲ။
ဆိုင်ရာ မိမိကိစ္စမှာ လွန်စွာ စိုးမိုး အစိုးရတဲ့ တရားတွေ
ယှဉ်ဖက်တရားတွေကို မိမိအလိုပါအောင် စိုးမိုး ချုပ်ကိုင်တတ်တဲ့ တရားတွေ။
ဒါ့ကြောင့် ဣနြေ္ဒ၊ အစိုးရတဲ့ တရားတွေ ဆိုရပါတယ်။

ဒီတရားတွေ ညီညီမျှမျှ ဆောင်ရွက်နေကြရင်၊ အယုတ်အလွန် မရှိကြဘဲ ကိုယ့်ကိစ္စ ကိုယ်ဆောင်ရွက်နေကြရင် ပညာလည်း သူ့ကိစ္စ သူ ကောင်းကောင်း ဆောင်ရွက်နိုင်ပါတယ်။
ဒီလိုမဟုတ်ဘဲ တစ်ခုက လွန်နေ၊ တခြား ဣနြေ္ဒတွေက ယုတ်နေနဲ့ မညီမမျှ ဖြစ်နေကြရင် ပညာဟာ ကိုယ့်ကိစ္စ ကောင်းစွာ မဆောင်ရွက်နိုင်ပါဘူး။
ဒါကြောင့် ဣနြေ္ဒတွေ ညီမျှခြင်းဟာ ဓမ္မဝိစယပညာ ဖြစ်ခြင်းအကြောင်း ဖြစ်ရပါတယ်။

သဒ္ဓါ မယုတ် မလွန်ရ

လောကမှာ ကိုယ့်အလုပ်ထဲ ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်ကို တကယ် ကြိုးစားမှာ မဟုတ်ပါဘူး။ အလုပ်တိုးတက်ရေးလည်း စဉ်းစားမှာ မဟုတ်၊ အလုပ်ထဲ စူးစိုက်မှုလည်း ရှိမှာ မဟုတ်ပါဘူး။
အဲဒါလိုပဲ ယုံကြည် သက်ဝင်မှု သဒ္ဓါက အားနည်းနေရင် ဝီရိယကလည်း မထက်သန်၊ ပညာဉာဏ်ကလည်း အမြင်မရှင်း၊ သမာဓိကလည်း လျော့ရဲရဲ စွဲမြဲမှာ မဟုတ်ပါဘူး။

ယုံကြည် သက်ဝင်မှု သဒ္ဓါအား ထက်သန်ရင်တော့ ဝီရိယလည်း အားသန်၊ ပညာလည်း အမြင်သန်၊ သမာဓိကလည်း အထူးစူးစိုက်၊ သတိလည်း အထူးကောင်းလာမှာပါပဲ။

ဒီတော့ သဒ္ဓါယုတ်မှုဟာ ဘာဝနာရဲ့ အနှောင့်အယှက် တစ်ပါရပ်ပါပဲ။

သဒ္ဓါယုတ်ရင် ဘာဝနာရဲ့ အနှောင့်အယှက် ဖြစ်သလို၊ လွန်လွန်းနေပြန်တော့လည်း အနှောင့်အယှက်ပဲ ဖြစ်ရပြန်ပါတယ်။
ဘာဝနာအလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ တရားက တော်တော် တက်လာရင် တရားအပေါ်မှာ တရားအရှင် ဘုရားအပေါ်မှာ ယုံကြည်သက်ဝင်မှု သဒ္ဓါဟာ လွန်လွန်ကဲကဲ ဖြစ်လာတတ်ပါတယ်။
တခြား သဒ္ဓါအားကြီးစေတတ်တဲ့ အကြောင်းတွေလည်း ရှိတတ်ပါသေးတယ်။
ဒီလို သဒ္ဓါအားကြိးလာရင်တော့ အဲဒီသဒ္ဓါနောက် စိတ်က လိုက်ပါနေတာနဲ့ ပညာလည်း အမြင်မရှင်း၊ ဝီရိယ သမာဓိ စသည်တို့လည်း လျော့လာတတ်ပါတယ်။
အဲဒီလို သဒ္ဓါအားကြီးနေတဲ့အခါမှာ ဝီရိယကလည်း မြှောက်ပင့် အားပေးမှုကိစ္စ မလုပ်နိုင်၊ သတိကလည်း အာရုံကပ်တည်မှုကိစ္စ မလုပ်နိုင်၊ ပညာကလည်း မြင်မှုကိစ္စ မလုပ်နိုင်တော့ပါဘူး။

ဒီအခါမှာ သဒ္ဓိနြေ္ဒ လျော့လာအောင် လုပ်ပေးရတယ်။
တရားသဘောကို ဆင်ခြင်ခြင်းဖြင့်လည်း လျော့လာတတ်တယ်။
ဘယ်လို ဆင်ခြင်မလဲ?

သဒ္ဓါရဲ့ ကြည်ညိုအပ်တဲ့ ဘုရား တရား စသည် အာရုံ၊ သဒ္ဒါနဲ့ စိတ် စေတသိက်တွေ၊ အနိစ္စ ဒုက္ခ အနတ္တ တရားသဘောတွေ ဆင်ခြင်ရပါတယ်။
ဒီလို တရားသဘောတွေ ဆင်ခြင်တော့ ဒါဟာ ဒီတရားတွေရဲ့ သဘောပဲလို့ သိတဲ့ ပညာ ဗျာပါရက လွန်ကဲလာတော့ သဒ္ဓါရဲ့ သက်ဝင်ဆုံးဖြတ်မှု ကိစ္စဟာ လျော့လာရတယ်။
ဝန်ဆောင် အကြီးအမှူး တရားတွေထဲမှာ သဒ္ဓါအားကြီးရင် ပညာလျော့လာရ၊ ပညာ အားရှိတဲ့အခါလည်း သဒ္ဓါက ပျော့သွားရ။
ဒါကြောင့် ပညာအားကြီးရင် သဒ္ဓါအားပျော့သွားရတာဖြစ်တော့ အားကြီးတဲ့ သဒ္ဓါလျော့လာပြီး ညီမျှလာအောင် ပညာအား တရားသဘောတွေ ဆင်ခြင်ခြင်းဖြင့် မြှင့်ပေးရတာပါပဲ။

ဝီရိယ မယုတ် မလွန်ရ

ဝီရိယ လျော့နေ ပျော့နေရင်လည်း တခြား ဣနြေ္ဒတွေ အလုပ်ကောင်းကောင်း မလုပ်နိုင် ဖြစ်ရတယ်။
ဝီရိယ ပင့်မြှောက်ပေးမှုက တခြား ဣနြေ္ဒတွေ အလုပ်ကောင်းကောင်းလုပ်ဖို့ အင်အားတစ်ရပ်ပါပဲ။
ပျော့နေရင် တခြားဣနြေ္ဒတွေရဲ့ ကိစ္စဆောင်ရာမှာ အနှောင့်အယှက် ဖြစ်သလို ဝီရိယဣနြေ္ဒ လွန်နေမယ် အားကြီးနေမယ်ဆိုရင်လည်း အနှောင့်အယှက်ပဲ ဖြစ်ရပြန်ပါတယ်။

ကြိုးစားမှု လွန်ကဲလို့ ဝီရိယဣနြေ္ဒ အားကြီးနေမယ်ဆိုရင် သဒ္ဓိနြေ္ဒဟာ သက်ဝင် ဆုံးဖြတ်မှု ကိစ္စပြုလုပ်ခြင်းငှာ မတတ်နိုင်။
တခြား ဣနြေ္ဒများလည်း ကိုယ့်ကိစ္စ ကိုယ်မဆောင်ရွက်နိုင်ပဲ ဖြစ်ကြရတယ်။
ဒီလိုအခါမျိုးမှာ လွန်ကဲနေတဲ့ ဝီရိယကို ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင် ပွားစေခြင်းဖြင့် လွန်နေတဲ့ ဝီရိယကို ယုတ်အောင် လုပ်ပေးရတယ်။

သမာဓိလွန်ရင် အပျင်းဝင်လာတတ်တယ်။
ဒီအပျင်းဘက် ကျရောက် မသွားရအောင် စောင့်ရှောက် ကာကွယ်တတ်တာက ဝီရိယ ပညာ ပီတိဗောဇ္ဈင်တွေ။
ဒီတော့ ဝီရိယစသည် ပွားစေခြင်းဟာ လွန်နေတဲ့ သမာဓိလျော့စေကာ မိမိတို့နဲ့ သမဖြစ်လာစေတတ်ပါတယ်။

အဲဒါလိုပဲ ဝီရိယလွန်တော့ ပျံ့လွင့်မှု ဝင်လာတတ်တယ်။
ဒီပျံ့လွင့်မှုဘက် ကျရောက် မသွားရအောင် စောင့်ရှောက် ကာကွယ်တတ်တာက ပဿဒ္ဓိ သမာဓိ ဥပေက္ခာဗောဇ္ဈင်တွေပါပဲ။
ဒီတော့ ပဿဒ္ဓိ စသည် ပွားစေခြင်းဟာ လွန်နေတဲ့ ဝီရိယလျော့စေကာ မိမိတို့နဲ့ အညီအမျှ သမလာစေတတ်ပါတယ်။

သဒ္ဓါလွန်ကဲ ပညာနည်းခြင်း အပြစ်

အထူးအားဖြင့် သဒ္ဓါနဲ့ ပညာ၊ ဝီရိယနဲ့ သမာဓိတို့ရဲ့ ညီမျှခြင်းကို ပညာရှိတို့ ချီးမွမ်းကြတယ်။

သဒ္ဓါအားကြီးပြီး ပညာနည်းရင် ဉာဏ်ဖြင့် သက်ဝင် ယုံကြည်ပြီး၊ ကြည်ညိုတတ်မှု မရှိဘဲ အချည်းနှီး အကျိုးမရှိသော ကြည်ညိုခြင်းမျိုးဖြင့် ကြည်ညိုတတ်တယ်။
မကြည်ညိုထိုက်သော ဝတ္ထုများ၌ ကြည်ညိုတတ်တယ်။

ဒါတွင်မက ပညာနည်းတဲ့ သဒ္ဓါကြီးတဲ့သူဟာ ဘုရားရှင်ကို ပူဇော်ရာ စသည်မှာလည်း ဂုဏ်တော်တွေထဲ အသိမရောက်၊ ရုပ်ပွား ဆင်းတုတော်လောက်မှာသာ အာရုံရောက်ပြီး ကြည်ညိုမှု မလေးနက်ဘဲ ရှိတတ်ပါသေးတယ်။
တရားတော်အရာမှာလည်း တကယ်မွန်မြတ်တဲ့ တရားအစစ် တရားမြတ်တို့၏ ဂုဏ်တော်ကို အာရုံမပြုတတ် ပြုရမှန် မသိဘဲ အဟောတရား အပြောတရားလောက်သာ တရားထင်ပြီး အမြင်မလှ ဖြစ်တတ်ပါတယ်။
သံဃာကြည်ညိုရာမှာလည်း ထို့အတူပဲ ဂုဏ်တော်ကို မမှန်းတတ်၊ ပုဂ္ဂိုလ်မျှလောက်မှာသာ စိတ်ရောက်ပြီး တဏှာပေမ မကင်းတဲ့ ကြည်ညိုခြင်းမျိုးသို့ ရောက်သွားတတ်တယ်။

ဒါနပြုရာမှာလည်း ဘုရားရှင်အလိုကျ ဒါနမျိုးဖြစ်အောင်၊
ဆေးမှားလို့ ဖြစ်လာတဲ့ ရောဂါကဲ့သို့ ကုစားခက်လှသတဲ့။
ဝိဝဋ္ဋနိဿိတဖြစ်အောင် စိတ်မထားတတ်၊ ပကာသန အကျော်အစောတွေ လိုလားတဲ့ စိတ်ထားတွေဝင်လာ အကုသိုလ် ခြံရံလာနဲ့ အကျိုးရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။

ထို့အတူ သီလဆောက်တည်မှု စသည်မှာလည်း တကယ့်သီလဖြစ်အောင် မရည်ရွယ်တတ် စိတ်မထားတတ်လို့ အမြတ်ရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။

ဒါကြောင့် သဒ္ဓါအားကြိး ပညာနည်းရင် ကုသိုလ်အရာမှာ အကျိုးရသင့်သလောက် မရ၊ မရတဲ့အပြင် အပြစ်တွေပင် ဖြစ်လာတတ်ပါသေးတယ်။

ပညာလွန်ကဲ သဒ္ဓါနည်းခြင်း၏ အပြစ်

ပညာအားကြီးပြီး သဒ္ဓါနည်းသူအဖို့ စဉ်းလဲ ကောက်ကျစ်တဲ့ဘက် သက်ရောက်သွားတတ်တယ်။
ဆေးကြောင့် ဖြစ်တဲ့ ရောဂါကဲ့သို့ ကုစားခက်သတဲ့။
စိတ်ဖြစ်ရုံနဲ့ ကုသိုလ်ဖြစ်တယ်ဆိုတာ လှူဖွယ်ဝတ္ထုမပါဘဲ စိတ်ထဲက လှူရုံ၊ ဒါမှမဟုတ် သူများအလှူ ဝမ်းမြောက်ရုံနဲ့ ဒါနဖြစ်တယ် စသည်ဖြင့် အကြောင်း အတုအယောင်တွေနဲ့ အလှည့်စားခံရပြီး အကြံဆန်းတွေ ကြံလာတယ်။
စိတ်ကောင်းထား ပြီးတာပဲ၊ သီလစောင့်ဖို့ မလို စသည်ဖြင့် တခြားကုသိုလ်တွေကိုလည်း စိတ်နဲ့ပဲ စကားပြောပြီး လုပ်တတ်တယ်။
ဒီလို ပုဂ္ဂိုလ်မျိုးဟာ နူးညံ့ပျော့ပျောင်း စိတ်ကောင်းကလေးတွေကို သဒ္ဓါအစေး ခြောက်ခန်း ကြမ်းတမ်းတဲ့ တွေးတောခံယူချက်က လုယက် ဖျက်ဆီးထားပြီး ဖြစ်လေတော့ ပညာရှိတို့ စကားကို မလိုက်နာနိုင်ဘဲ ရှိတော့တယ်။
ဘယ်လိုပင် သဘောယုတ္တိ ကျမ်းအရှိနဲ့ ပြောပြပေမယ့် သဘောကျ နားလည်မှု မရှိနိုင်တော့ဘူး။
ဒါကြောင့် ဆေးမှားတဲ့ ရောဂါလို အကုရ ခက်ကြောင်း မိန့်ဆိုကြခြင်း ဖြစ်ပါတယ်။

သဒ္ဓါနဲ့ ပညာ မျှရင်တော့ ကြည်ညိုသင့်တဲ့ အရာမှာသာ ကြည်ညိုတတ်၊ ပြုသင့်တဲ့ ကုသိုလ်တွေ ပြုတတ်၊ ပြုတဲ့အခါလည်း အကျိုးရှိ အမြတ်ရအောင် ပြုတတ်ပါတယ်။

သမာဓိ ဝီရိယ ညီမျှအောင် ပြု

သဒ္ဓါ ပညာ နှစ်ပါး အချင်းချင်း ညီညီမျှမျှဖြစ်ရင် အကျိုးကို ဆောင်တတ်သလို မညီမမျှဖြစ်ရင် အကျိုးမဲ့ကို ဆောင်တတ်တယ်။
ထို့အတူ သမာဓိ ဝီရိယနှစ်ပါး အချင်းချင်း ညီညီမျှမျှ ဖြစ်နေရင် အကျိုးကိုဆောင်တတ်၊ မညီမမျှဖြစ်နေရင် အကျိုးမဲ့ကို ဆောင်တတ်ပါတယ်။

သမာဓိအားကောင်းပြီး ဝီရိယအားနည်းရင် သမာဓိက ကောသဇ္ဇခေါ် အပျင်းဘက်ပါ တရားမို့ အပျင်းတရား ဖိစီးလာတတ်တယ်။

ဝီရိယအားကြီးပြီး သမာဓိအားနည်းနေရင် ဝီရိယက ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်ခြင်းဘက်ပါ တရားမို့ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ လွှမ်းမိုး ဖိစီးလာတတ်တယ်။

ဒီလိုဖြစ်နေရင် မိမိတို့ လိုလားတဲ့ အပ္ပနာ ဈာန် မဂ်သို့ မသက်မရောက်နိုင်ဘဲ ရှိနေရတော့တယ်။
သမာဓိကို ဝီရိယနဲ့ ညီမျှအောင် ယှဉ်ပေးရင် အပျင်းဘက် ကျရောက်ခွင့် မရတော့၊
ဝီရိယကို သမာဓိနဲ့ ညီမျှအောင် ယှဉ်ပေးရင် ပျံ့လွင့်ခြင်းဘက် ကျရောက်ခွင့် မရတော့။

သမာဓိလွန်ရင် ဘယ်ဘာဝနာ ပွားရမယ်၊ ဝီရိယလွန်ရင် ဘယ်ဘာဝနာ ပွားရမယ်ဆိုတဲ့ အညီအမျှဖြစ်အောင် ပွားပုံကို နောက်က ပြောခဲ့ပါပြီ။
ဒီ သမာဓိ ဝီရိယနှစ်ပါး မယုတ်မလွန် အညီအမျှဖြစ်အောင် ပြုပေးနိုင်ရင် အပ္ပနာ ဈာန် မဂ်သို့ သက်ရောက်လာနိုင်ပါတယ်။

အရာခပ်သိမ်းမှာ လိုအပ်သော တရား

သတိကတော့ ဣနြေ္ဒအားလုံးမှာ အားရှိရင် သင့်လျော်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သတိဟာ ဥဒ္ဓစ္စဘက်သားဖြစ်တဲ့ သဒ္ဓါ ဝီရိယ ပညာတို့၏ အစွမ်းဖြင့် ဥဒ္ဓစ္စဘက် ကျရောက်ခြင်းမှ ကာကွယ်တတ်တယ်။
ကောသဇ္ဇ အပျင်းဘက်သား သမာဓိအစွမ်းဖြင့် ကောသဇ္ဇဘက် ကျရောက်ခြင်းမှလည်း ကာကွယ်တတ်တယ်။
ဒါကြောင့် ဒီ သတိဟာဖြင့် ဟင်းမှန်သမျှမှာ ဆားနဲ့ ဟင်းခပ် အမွှေးအကြိုင် ဝတ္ထုလိုအပ်သလို၊
မင်း၏ ကိစ္စမှန်သမျှ၌ မင်းအလုပ် ခပ်သိမ်း ဆောင်ရွက်တတ်တဲ့ အမတ်ကြီးကို လိုလားအပ်သလို အလုံးစုံသော ဣနြေ္ဒတို့မှာ လိုလားအပ်တယ်။

ရှေး အဋ္ဌကထာဆရာများ အဆိုမှာလည်း သတိကို အလုံးစုံသော အရာတို့၌ အလိုရှိအပ်၏ဟု ဘုရားရှင်က ဟောတော်မူတယ်။
ဘာကြောင့်လဲ … စိတ်ဆိုတာ သတိသာ အားထားရာ ရှိခြင်း၊ သတိတရားဟာ စောင့်ရှောက်တတ်သော တရားအဖြစ် ထင်ပေါ်ခြင်း၊ စိတ်ကို မြှောက်မှု နှိပ်မှုဟာ သတိနဲ့ ကင်းပြီး မဖြစ်နိုင်ခြင်း၊ ဒီအကြောင်းများအရ သတိဟာ အရာခပ်သိမ်းမှာ လိုလားအပ်ကြောင်း ဟောတော်မူခြင်း ဖြစ်ပါတယ်။

(၄) ပညာမဲ့ပုဂ္ဂိုလ်ကို ရှောင်ခြင်း

ခန္ဓာစသော တရားတို့၌ သက်ဝင်နိုင်သည့် ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကို ဒုပ္ပည - ပညာမဲ့တဲ့ ပုဂ္ဂိုလို့ ဆိုပါတယ်။
ဒီတရားတွေမှာ ပရိယတ်အသိလည်း မရှိ၊ ပဋိပတ်အသိလည်း မရှိတဲ့ ပုဂ္ဂိုလ်လို့လည်း ဆိုနိုင်ပါတယ်။

ဗောဇ္ဈင်တရားတွေ ဖြစ်ဖို့ရာ ဆန့်ကျင်ဘက် ရှောင်ရတယ်။ သင့်လျော်တဲ့ တရား မှီဝဲရတယ်။
ဒီတော့ ပညာမဲ့သူဟာ ဓမ္မဝိစယ ဖြစ်ဖို့ရာမှာ လျော်တဲ့ အရာမဟုတ်၊ ဆန့်ကျင်ဘက် အရာသာ ဖြစ်လို့ ပညာမဲ့သူကို ရှောင်ကြဉ်ခြင်းကို ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ်အဖြစ် ဆိုခဲ့ပါတယ်။

(၅) ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်း

ပညာရှိကို မှီခို ဆည်းကပ်မှု၌ ပညာရှိဆိုတာ ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံတဲ့ ပညာရှိဖြစ်ကြောင်း ပြဆိုကြပါတယ်။
ဒီနေရာမှာ ဝိပဿနာ ဉာဏ်အဆင့်ဆင့် တက်ရောက်နေသူတွေ၊ မဂ်ရ ဖိုလ်ရ ပုဂ္ဂိုလ်တွေ၊ ပရိယတ်ဗဟုသုတရှိသူတွေ ပညာရှိအားလုံးကို ယူလည်း သင့်ပါတယ်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းမှာ ပညာရှိကို မှီဝဲခြင်းဟာ အရေးကြီးတဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

(၆) နက်နဲသော တရား ဆင်ခြင်ခြင်း

ခန္ဓာ အာယတန ဓာတ်စသော တရားများဟာ သာမန်ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲသော တရားများ ဖြစ်လို့ အသိခက် အမြင်ခက် နက်နဲသော တရားများ ဖြစ်ပါတယ်။
ထိုတရားများရဲ့ သဘော သဘာဝကို ဆင်ခြင်ခြင်း၊ ထိုတရားတွေကို သိမြင်နေတဲ့ ပညာအမျိုးမျိုး အထွေထွေကို ဆင်ခြင်ခြင်းဟာ ပညာ အဆင့်ဆင့် မြင့်ကြောင်း တိုးပွားကြောင်းဖြစ်လို့ ထိုနက်နဲသော တရားနဲ့ နက်နဲသော တရားတို့ကို သိမြင်နေတဲ့ ပညာ အထူးအပြား အစားစားတို့ကို ဆင်ခြင်ခြင်းဟာလည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ် ဖြစ်ရပါတယ်။

(၇) ဓမ္မဝိစယသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်း

မဖြစ်သေးတဲ့ ပညာဉာဏ် ဖြစ်ပေါ်လာဖို့၊ ဖြစ်လာတဲ့ ပညာ မပျောက်ဖို့ တိုးတက်ဖို့ရာမှာ ပညာဖြစ်ဖို့ အမြဲတမ်း စိတ်သက်ဝင်နေခြင်း၊ စိတ်ပါနေခြင်းဟာ အရေးကြီးလှပါတယ်။
ဒီလို စိတ်ပါနေမှ ပညာတိုးတက်ရေးအတွက် မလစ်ဟင်းဘဲ အမြဲတမ်း တဆင့်ပြီး တဆင့် မြင့်တက်လာအောင် ကြိုးစားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဗောဇ္ဈင်မှာ စိတ်ပါ သက်ဝင်နေမှုဟာ ပညာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ် ဖြစ်ရပါတယ်။


+++++
စာကိုး
သပြေကန်ဆရာတော်ဘုရားကြီး၏ “ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ”

Tuesday, November 24, 2009

ဉာဏ်ဖြစ်ကြောင်း ခုနစ်ပါး - မဟာစည်ဆရာတော်ဘုရားကြီး


..... မြတ်စွာဘုရားဟောတဲ့ ဒေသနာကတော့ တစ်လုံးတည်းပဲ။ အဲဒီ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်ဆိုရင် ယောနိသော မနသိကာရပဲတဲ့။ နှလုံးသွင်းမှုပဲတဲ့။
အဋ္ဌကထာကတော့ အကြောင်း ၇-ပါး ပြထားပါတယ်။

(၁) ပရိပုစ္ဆကထာ - မေးမြန်းရမယ် တဲ့။
(၂) ဝတ္ထုဝီသတကြိယာ - ဝတ္ထုစင်ကြယ်အောင် သန့်ရှင်းအောင် ပြုခြင်း။
(၃) ဣန္ဒြိယ သမတ္တာပဋိကာရဏာ - ဣနြေ္ဒညီမျှအောင်ပြုခြင်း။
(၄) ဒုပ္ပညပုဂ္ဂလာ ပရိဝဇ္ဇနာ - ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။
(၅) ပညဝန္တပုဂ္ဂလ သေဝနာ - ပညာရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲခြင်း။
(၆) ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခနာ - နက်နဲသော ဉာဏ်၏ ကျက်စားရာဖြစ်တဲ့ တရားတွေကို ဆင်ခြင်ခြင်း။
(၇) တစဒိမုတ္တတာ - ညွှတ်ကိုင်းသော စိတ်ရှိရမယ် တဲ့။

ဒီတော့ ဆောင်ပုဒ်လေး ပေးပြီးမှ ဟောရမယ်။

‘မေးမြန်း’‘သန့်စင်’၊ ‘ညီမျှယှဉ်’၊ ‘ထိုတွင် စိတ်ညွှတ်ပါ’။
‘ဉာဏ်မဲ့ရှောင်ကြဉ်’၊ ‘ဉာဏ်ရှိယှဉ်’၊ ‘ဆင်ခြင်နက်နဲရာ’။
ဉာဏ်ဖြစ်ကြောင်းများ၊ ခုနစ်ပါး၊ ညွှန်ကြား ဋ္ဌကထာ။

မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင် စိတ်ညွှတ်ပါ။ ဒါက ပထမအပိုဒ်ပဲ။ ကိုင်း … ဆိုရမယ်။

မေးမြန်းရမယ်တဲ့။ မေးမြန်းရမယ်။ ဆွေးနွေးရမယ်။
ဘာတွေ ဆွေးနွေး မေးမြန်းရမလဲဆိုရင် ခန္ဓာတဲ့၊ အာယတန၊ ဓာတ်၊ သစ္စာတဲ့။ ဣနြေ္ဒတဲ့၊ ဗိုလ်တဲ့၊ ဗောဇ္ဈင်တဲ့၊ မဂ္ဂင်တဲ့၊ ဈာန်တဲ့၊ သမထဝိပဿနာ တရားတွေတဲ့။
အဲဒါတွေရဲ့ အနက် အဓိပ္ပာယ်နဲ့ စပ်ပြီးသကာလ မေးမြန်းရမယ် တဲ့။
ဒါ မသိသေးတဲ့ပုဂ္ဂိုလ် မေးရမှာပေါ့လေ။ များသောအားဖြင့် မသိတာတွေပဲ များနေတတ်တယ်။

အထူးအားဖြင့်တော့ ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အရေးကြီးတယ်။
ဗဟုသုတ လုံးလုံးမရှိတဲ့ ပုဂ္ဂိုလ်တွေက ကိစ္စမရှိဘူး။ သူက ဆရာသမားပြောဟောပြီး ဒီလိုအားထုတ်ရမယ်ဆို အားထုတ်နေရင် ပြီးတာပဲ။
အေး … ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်သိတာလေးတွေကလဲ ရှိပြီးထားတော့ အဲဒါကို သိတာနဲ့ ဟိုဟာနဲ့ ကိုက်လို့ မရ၊ ဒီဟာနဲ့ ကိုက်လို့ မရဖြစ်ပြီးနေတော့ အဲဒီမှာ ဇဝေဇဝါ ဖြစ်တတ်တယ်။
ဒါကြောင့် ဒီလို ပုဂ္ဂိုလ်က မေးမြန်းရတယ်။
ဒါမှ မဟုတ်ရင်လဲ တရားနာပေါ့လေ။ ဟောပြောတဲ့ ပုဂ္ဂိုလ် ကမ္မဋ္ဌာန်းဆရာတွေက ဒါပြောနေရတာပဲ။ ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို စာနဲ့ ပေနဲ့ ရှင်းပြီးတော့ ပြောရတယ်။ ဒါက ခန္ဓာ၊ ဒါ အာယတန။
ဗဟုသုတမရှိတဲ့ ပုဂ္ဂိုလ်တွေကြတော့ ဖောင်းတယ် ပိန်တယ် မှတ်နေလို့ ဆရာသမားက ညွှန်ကြားနေတာတွေ လိုက်နာရင် ကောင်းတာပဲဆိုပြီးတော့ ဘာမှ မစဉ်းစားဘူး။ ဒီအတိုင်း မှတ်နေတော့တာပဲ။

တရားဆိုတာ သဘောမကျရင် ဇဝေဇဝါဖြစ်နေရင် နေရာမကျဘူး။ တရား မတိုးတက်ဘူး။
တရားကို ကောင်းကောင်း မမှတ်ဘူး၊ ရိုလဲ မရိုသေဘူး ဆိုရင်လဲ တရား မတိုးတက်ဘူး။
တရားဟာ ရိုရိုသေသေလုပ်မှ သူ့ကို ရိုသေမှ တရားကလဲ ကိုယ့်ကို ပြန်ပြီးတော့ တိုးတက်လာစေတာ။ တရားကို ကိုယ်က ဂရုမစိုက်ဘူး၊ မရိုသေဘူးဆိုရင် တရားကလည်း ကိုယ့်ကို ဂရုမစိုက်ဘူး၊ တရားမတက်တော့ဘူး။
အဲဒီတော့ သဘောမပေါက်လို့ရှိရင်ဖြင့် မေးရတယ်။ ကမ္မဋ္ဌာန်းဆရာတွေကို မမေးဝံ့လို့ရှိရင်လဲ ဒီ့ပြင် နားလည်တဲ့ ပုဂ္ဂိုလ်တွေကို မေးကြည့်ပေါ့။
နားမလည်တာလေးတွေရှိရင် မေးမြန်းရမယ် တဲ့။

‘သန့်စင်’ဆိုတာကတော့ ဣန္ဒြိယ သမတ္တတာ၊ ဣနြေ္ဒကို စင်ကြယ်စေရမယ် တဲ့။
ဝတ္ထုဝိသတကြိယာ - ဝတ္ထုကို စင်ကြယ်စေရမယ်။
ဝတ္ထုက အတွင်းဝတ္ထု၊ အပြင်ဝတ္ထု ဆိုပြီး ရှိတယ်။ အတွင်းဝတ္ထုကတော့ ကိုယ့်ကိုယ်ပေါ့လေ။ အပြင်ဝတ္ထုကတော့ အသုံးအဆောင်တွေပေါ့။
အဲ … ကိုယ်တွင်းဝတ္ထုက ချေး(ဂျီး)ညှော်တွေနဲ့ ချွေးတွေသန်တွေနဲ့ မစင်ကြယ်နေတဲ့အခါ ဉာဏ်ကောင်းကောင်း မဖြစ်တတ်ဘူးတဲ့။
အထူးအားဖြင့် အရေးကြီးတာကတော့ ဒေါသတွေ များနေတယ်ဆိုရင်၊ တချို့ ဝမ်းတွေ ဘာတွေချုပ်ပြီးသကာလ နေတာပါပဲ။ လူမကျန်းမမာလဲ ဖြစ်တယ်။ နောက် စိတ်တွေလဲ စနောင့်စနင်းတွေ ဖြစ်တတ်တယ်။
ယောက်ျားတွေဆိုရင် ဆံပင်တို့ မုတ်ဆိတ်တို့ ရှည်နေ ရှုပ်နေတယ်ဆိုရင် ရိတ်တန်ရိတ်၊ ရှင်းတန်ရှင်းပေါ့။ ကိုယ်ကို သန့်ရှင်း စင်ကြယ်အောင် လုပ်ရတယ်။
ဓာတ်တွေ ဘာတွေ ချုပ်ပြုပြီးသကာလ ဒေါသတွေ များနေလို့ ရှိရင်လဲ ဝမ်းနုတ်ဆေးတွေ ဘာတွေ စားရမယ်တဲ့၊ အဋ္ဌကထာက ပြတယ်။ အတွင်းက စင်ကြယ်သွားအောင်လို့ ဆေးနဲ့ ဝါးနဲ့လဲ ပြုပြင်ပြီး ပေးရမယ်တဲ့။ ဒါက အတွင်းဝတ္ထု စင်ကြယ်အောင်လို့။
အပြင်ဝတ္ထုကတော့ အဝတ်တွေ ဘာတွေ ညစ်နွမ်းနေလို့ရှိရင်လဲ အဝတ်တွေ ချေး(ဂျီး)တွေ ညှော်တွေနဲ့ အနံ့အသက်တွေ ဘာတွေနဲ့ မသန့်မရှင်းဖြစ်နေရင် ဒါတွေကို လျှော်ဖွတ်လိုက်ရမယ်တဲ့။ နေရာထိုင်ခင်းတွေက ချေး(ဂျီး)တွေ ညှော်တွေနဲ့ ရှုပ်နေလို့ရှိရင်လဲ အဲဒါ သန့်ရှင်းအောင် လုပ်ရမယ်။ အမှိုက်တွေ ဘာတွေ များနေရင် လှည်းကျင်းလိုက်ပေါ့လေ။ အနီးအပါးမှာ အထုတ်အပိုးတွေ ဘာတွေညာတွေ အိုးတွေခွက်တွေ ရှုပ်နေရင်လဲ ရှင်းတန်သမျှ ရှင်းအောင် လုပ်ရတယ်။
အတွင်း အပြင် ဝတ္ထုတွေ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်း ဖြစ်နေရင် အသိဉာဏ်တွေဟာ ထက်ထက်မြက်မြက် ဖြစ်တတ်ပါတယ်တဲ့။

ဘာနဲ့တူသလဲဆိုလို့ရှိရင် ဆီမီးထွန်းရာမှာ မီးခွက်ကလဲ မစင်ကြယ်ဘူး၊ ချေးညှော်တွေ ရှိနေမယ်၊ မီးစာကလဲပဲ အဟောင်း .. ညစ်နွမ်းတဲ့ မီးစာ ထွန်းထားမယ်၊ ဆီကလဲ မကောင်းတဲ့ ဆီပေါ့လေ၊ ရေနံချေးတွေ၊ အညစ်အကြေးတွေနဲ့၊ သဲတွေ ဖုန်တွေ ရေတွေ ဘာတွေနဲ့ ရောနေတာ ရှိတယ်။ အဲဒီဟာမျိုး မီးထွန်းလိုက်လို့ရှိရင် မီးခွက်ကလဲ မစင်ကြယ်၊ ဆီကလဲ မစင်ကြယ်၊ မီးစာကလဲ မစင်ကြယ် ဆိုတော့ မီးတောက်ဟာ မှုန်မှုန်ပဲ။ ကောင်းကောင်း မလင်းဘူး။ မကြည်လင်ဘူး။
အဲ မီးခွက်ကလဲ စင်စင်ကြယ်ကြယ်နဲ့၊ ဆီကလဲ စင်စင်ကြယ်ကြယ်နဲ့ ချေးညှော်မရှိတဲ့ဆီ၊ မီးစာကလဲ သစ်သစ်လွင်လွင် တခါတည်း အညစ်အကြေးမရှိဘဲ မီးစာအသစ်ထည့်ပြီး ထွန်းလိုက်ရင် မီးတောက်ကလေးဟာ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင် ဖြစ်ပါတယ်။

အဲဒါလိုပဲတဲ့၊ ကိုယ်တွင်းက မစင်ကြယ်လို့ဖြစ်စေ၊ ကိုယ်အပြင်က မစင်ကြယ်လို့ဖြစ်စေ၊ အတွင်းအပ နှစ်ပါးလုံး မစင်ကြယ်လို့ဖြစ်စေ အဲဒီလိုအခါမှာ ဉာဏ်များဟာ ထိုင်းမှိုင်းလေးလံပြီးတော့ နေတတ်တယ်တဲ့။ သန့်သန့်ရှင်းရှင်း မဖြစ်တတ်ဘူးတဲ့။
ဒါကြောင့်မို့ ဉာဏ်မထက်တဲ့အခါတွေမှာပေါ့လေ၊ ဘာတွေများ လိုနေပါလိမ့်လို့ နည်းနည်းပါးပါး ပြင်ပေးရတယ်။ ပြင်ပေးရင် ကောင်းလဲ ကောင်းသွားတတ်ပါတယ်။ အဖျင်းဆုံး ရေမိုးချိုးပြီးတော့ မှတ်လိုက်ရင်ကို ကောင်းသွားတတ်ပါတယ်။ အိပ်ရာနေရာလေး သန့်သန့်ရှင်းရှင်း ပြင်ပြီးတော့ မှတ်လိုက်ရင်လဲ ကောင်းသွားတတ်တယ်။
အဲ ခုနကပြောတဲ့ ကိုယ်တွင်းကနေပြီးတော့ ဓာတ်တွေ ဘာတွေ ချုပ်ပြုနေရင် အဲဒါကတော့ ဆေးလေး ဘာလေး စားပြုပေးလိုက်ရင် ကောင်းသွားတတ်ပါတယ်။ ပေါ့ပါးပြီးတော့ အသိဉာဏ်တွေ တိုးတက်ပြီးတော့ သွားတတ်တယ်တဲ့။ ဒါ အဋ္ဌကထာ ဆရာက ပြောတာ။
အဲဒါကြောင့် အတွင်းအပ ဝတ္ထု စင်ကြယ်စေရမယ်တဲ့။

‘မေးမြန်း’‘သန့်စင်’ နှစ်ခုနော်။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်တဲ့။ ‘ညီမျှယှဉ်’က အညီအမျှ ဖြစ်စေရမယ်တဲ့။
ဘာတွေတုန်းဆို ဣန္ဒြိယသမတ္တာ - ဣနြေ္ဒတွေ ညီစေရမယ်တဲ့။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သမာဓိနြေ္ဒ၊ သတိနြေ္ဒ၊ ပညိနြေ္ဒ ဆိုတဲ့ ဣနြေ္ဒ ၅-ပါး။
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဒီ ၅-ခုပါပဲ။

သဒ္ဓါ - ယုံကြည်မှု၊ ဝီရိယ - အားထုတ်မှု၊ သတိ - အမှတ်ရမှု၊ သမာဓိ - စူးစိုက်တည်ကြည်မှု၊ ပညာ - အသိဉာဏ်ပညာ ပဲ။ အဲဒီ ၅-ပါးသော အကြောင်းတွေ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ၅-ပါးသော တရားတွေကို ဣနြေ္ဒလို့ ခေါ်တယ်။

‘ဣန္ဒြိယ’ ဆိုတာ အစိုးရဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ သူ့နေရာနဲ့သူ အစိုးရလို့ သူ့ကို ဣနြေ္ဒလို့ ခေါ်တယ်။ မိမိမှာ အဲဒီ ၅-ခုသော တရားတွေကို ညီမျှစေရမယ်တဲ့။
ဒီ ၅-ခုသော တရားတွေ အစိုးရတွေဟာ တစ်ခုခုက အစိုးရနေပြီးတော့ လွန်လွန်ကဲကဲတွေ ဖြစ်နေပြီးတော့ အာဏာပြင်းထန်နေလို့ရှိရင် ဒီ့ပြင်ဟာတွေက အလုပ်လုပ်လို့ မဖြစ်တော့ဘူးတဲ့။
ဒီအစိုးရအဖွဲ့က ညီညွတ်နေရမှာကို မညီညွတ်ဘဲနဲ့ တစ်ခုခုက နေပြီးသကာလ၊ သူထင်တာတွေ သူလုပ်ပြီးတော့နေရင် ဘေးက ပုဂ္ဂိုလ်တွေ ဘာမှ လုပ်လို့ မဖြစ်ဘူး။

အဲဒီလိုပဲ တရားရှုမှတ်မှုမှာလဲ ဝိပဿနာမှာလဲ အစိုးရက ၅-ခု ပါနေတယ်။
ဣန္ဒြိယတွေ ညီမျှစေရမယ် တဲ့။
သဒ္ဓါက လွန်နေလို့ရှိရင်လဲ ဒီ့ပြင်ဟာတွေ ဘာမှ မလုပ်နိုင်တော့ဘူး။ သူက ယုံကြည်မှု၊ သိပ်ပြီးတော့ ယုံနေတာပဲ။ အထူးအားဖြင့် ‘သဒ္ဓါ’နဲ့ ‘ပညာ’ဟာ ညီမျှရမယ်တဲ့။
သဒ္ဓါက ယုံကြည်မှု၊ သိပ်ပြီး တွေ့ကရာတွေလဲ လျှောက်မယုံနဲ့ပေါ့။
ပညာကလဲ စူးစမ်းဆင်ခြင်မှု၊ တွေ့ကရာတွေလဲ လျှောက်စူးစမ်းပြီးတော့လဲ မနေနဲ့။
သူတို့ နှစ်ခုက မျှရမယ်။

မြန်မာပြည်မှာ အများအားဖြင့် အဲဒါတွေ များတယ်။ တွေ့ကရာတွေ လျှောက်ယုံတာ များတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘာသာရေးနဲ့ဖြစ်စေ၊ ဂိုဏ်းဂဏနဲ့ဖြစ်စေ၊ ဗေဒင်ဆေးဝါးနဲ့ဖြစ်စေ၊ အဲဒါတွေ ယုံလွယ်တဲ့သူတွေက ပေါတော့ အဲဒါတွေ ဝါဒဖြန့်ပြီးတော့ စီးပွားရှာတဲ့ ပုဂ္ဂိုလ်တွေ ပေါလိုက်တာ။
ဘာသာရေးနဲ့လဲ တောင်ပြော မြောက်ပြော၊ ဂိုဏ်းတွေကလဲ တောင်ပြော မြောက်ပြော။ ဒီလိုဟာတွေကို အဲဒီလိုဟာတွေကို သူတို့ပြောတာတွေ ဘာမှ မစူးစမ်း မဆင်ခြင်ဘဲနဲ့ သိပ်ယုံတာကိုး။

သဒ္ဓါအားကြီးလို့ရှိရင် မုတ္တစာဂ - အချည်းနှီး အကျိုးမဲ့ ယုံကြည်ခြင်း ဖြစ်တတ်ပါတယ်တဲ့။ ယုံကြည်စရာအကြောင်း မရှိဘဲနဲ့ ယုံလို့ရှိရင်လဲပဲ အကျိုးမဲ့တွေ ဖြစ်သွားတတ်ပါတယ်တဲ့။

ပညာလွန်ကဲတဲ့ပုဂ္ဂိုလ်။ တကယ့် ဉာဏ်ပညာကတော့ ဉာဏ်အစစ်ကတော့ မလွန်ဘူး။ တကယ့်ပညာက အရဟတ္တမဂ် အရဟတ္တဖိုလ်ထိအောင် လမ်းဆုံးရောက်အောင် တက်ရတော့ သူကတော့ လွန်တယ် မရှိပါဘူး။ ခု လွန်တယ်ဆိုတာကတော့ စူးစမ်း ဆင်ခြင်မှုတွေ များနေတာ။ စဉ်းစားတာ များနေတာ။ သူက ဉာဏ်အစစ် မဟုတ်ဘူး။ ဆင်ခြင်တာတွေ၊ စဉ်းစားဆင်ခြင်တဲ့ ဥစ္စာတွေ၊ ဝိတက်တို့ ဝိစာရတို့ ဘာတို့ နေမှာပေါ့လေ။

အဲဒါတွေ … အဲဒီပညာတွေ လွန်ကဲနေလို့ရှိရင်လဲ သဒ္ဓါက အလုပ်လုပ်လို့ မဖြစ်ဘူး။
သူက တွေ့ကရာ မယုံဘဲဟာကိုး။
စူးစမ်း ဆင်ခြင်တယ်။ စူးစမ်းဆင်ခြင်မှုနဲ့ချည်းပဲ လုပ်နေတယ်။
ဥပမာ - ကုသိုလ်ကောင်းမှုဆိုတာက ကုသိုလ်ဆိုတာက စိတ်တွင် ဖြစ်တာပဲတဲ့။
အဲဒီတော့ စိတ်ထဲက ကုသိုလ်စိတ်လုပ်လိုက်ရင် ကုသိုလ်ဖြစ်တာပဲ။ ဉာဏ်က ဒီလို စူးစမ်း ဆင်ခြင်ပေးတာကိုး။
အခု အဘိဓမ္မာတို့ ပရမတ်သမားတွေပေါ့လေ။ ပရမတ်တွေ လွန်လွန်ကဲကဲယူတဲ့ ပုဂ္ဂိုလ်တွေ အဲဒါမျိုး ဖြစ်တတ်တယ်။
သူ့ဟာ ကုသလာဓမ္မာ - ကုသိုလ်တရားဆိုတာ စိတ်တွင် ဖြစ်တာကိုး။
စိတ်တွင်ဖြစ်တော့ ဒါနဆိုလဲပဲ လှူဒါန်းတဲ့ ဝတ္ထုပစ္စည်းတွေ မရှိပေမယ်လို့လဲ စိတ်ကူးနဲ့ လှူလိုက်လို့ရှိရင် ဒါနမြောက်တာပဲ။ ပြီးတာပဲဆိုပြီးတော့ တခါတည်း ဘာမှ လှူစရာ တန်းစရာ တကယ့်အလုပ်လုပ်စရာ မလိုဘူး။ စိတ်ကူးနဲ့ချည်းပဲ လှူနေတယ်။
ဟိုမှာ ဘုရားတွေ ပင့်ပြီးတော့ လှူလိုက်၊ သူက ဟန်ကျတယ်။ စိတ်ကူးနဲ့ချည်း လှူနေတာ။ အင်မတန် သက်သာတယ်။ ဟန်ကျတယ်။ လှူဖွယ်ဝတ္ထုတွေ ဘာမှ မကုန်ဘူး။
စိတ်ထဲတင် အလှူကြီးတစ်ခုတော့ ပြီးသွားရော၊ ပူဇော်ပွဲကြီးတစ်ခု လုပ်တာလဲ ဖြစ်တာပါပဲဆိုပြီး လုပ်တတ်တယ်တဲ့။
သူက ဒါ အဋ္ဌကထာက ပြောတာပါ။ ဘုန်းကြီးက ပြောတာ မဟုတ်ဘူး။

သူက ဘာနဲ့ တူနေသတုန်းဆိုတော့ “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါဝိယ ဒုက္ခေ ကိစ္ဆော”တဲ့။
ဆေးကြောင့်ဖြစ်တဲ့ ရောဂါများလိုပဲတဲ့။ မူလရောဂါ သူ့ဟာသူဖြစ်နေတာက သင့်လျော်တဲ့ ဆေးနဲ့ ကုလိုက်ရင် လွယ်လွယ်ပဲတဲ့။
အေး … ဆေးမှားပြီး ဖြစ်သွားတဲ့ရောဂါက အကုရခက်တယ်တဲ့။
အဲဒါလိုပဲတဲ့။ ဉာဏ်ပညာတွေ စူးစမ်းဆင်ခြင်မှုတွေက များနေရင်ဖြင့်ရင် စူးစမ်းဆင်ခြင်မှုကြောင့် ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ခုနပြောတဲ့ ပရမတ်သဘောတွေ ဘာတွေ လွန်သွားတာပေါ့လေ။
စဉ်းစားရုံနဲ့ စိတ်နှလုံးသွင်းရုံနဲ့ ဒါနလဲ မြောက်နိုင်တယ်။ သီလလဲပဲ ဖြစ်နိုင်တယ်။
ဘာဝနာဆိုလဲ နှလုံးသွင်းရင် ပြီးတာပါပဲ၊ တရားအားထုတ်ဖို့ မလိုပါဘူးဆိုပြီး တချို့က အဟုတ်ကို ဟောနေတာ။
အဟုတ်ကို ဟောနေတာ။ အရပ်ထဲမှာ အခု ကြားကြားနေတယ်။ မလိုပါဘူးတဲ့ … ဒီဥစ္စာ စိတ်နှလုံးသွင်းလိုက်လို့ရှိရင် ဒီဥစ္စာတွေ သိနေပြီးတာပါပဲ။ ဘာမှ တရားအားထုတ်ဖို့ မလိုဘူး ဆိုပြီး ဒီလို ဟောတာကိုး။
အဲဒီတော့ ဒီလိုဟောတော့၊ တချို့ကလဲ ယုံမှာပဲ။
တချို့က အဲဒီလို အားမထုတ်ရတာကို သဘောကလဲ ခပ်ကျကျကိုး။ သူ့ဟာ ဘာမှ မလုပ်ရတဲ့ဥစ္စာ။ သူ့ဟာ … သက်သက်သာသာပဲ။ ကောင်းတာပဲ။ အဲဒီတော့ သဘောကျပြီးတော့ နေတယ်။

ဒါတွေ … ဘာဖြစ်တုန်းဆိုတော့ မဂ်ဖိုလ်လမ်းပိတ်တယ်။
အတော် ကြောက်စရာကောင်းတယ်။
အဲဒါတွေ တရားအားထုတ်ဖို့ မလိုပါဘူး။ ဒါ … ဒါ သိရင် တော်ပါပြီ။ ဒါလေး နှလုံးသွင်းလိုက်ရင် ပြီးတာပါပဲ။ အဲဒါကို သဘောကျပြီး ယုံနေကြတဲ့ ပုဂ္ဂိုလ်တွေ …. ဒါ သူ အားမထုတ်တော့ဘူး။
အားထုတ်လို့ရှိရင် ဖြစ်မယ့် ကုသိုလ်တွေတောင် မဖြစ်ရတော့ဘူး။ ဟို .. မဂ်ဖိုလ်တွေဆိုတာ ထားပါအုန်းတော့။
သူ့ဥစ္စာ အားထုတ်လို့ရှိရင်ဖြင့် တစ်ရက်လောက် အားထုတ်ရင် တစ်ရက်အတွင်း သူပါရမီကုသိုလ်ဖြစ်ရမှုကို အဲဒါကို မဖြစ်ရတော့ဘူး။
အားထုတ်ဖို့ မလိုပါဘူးဆိုတာကို သဘောကျတော့၊ အားမထုတ်ဘဲနေတော့ အဲဒီလို နစ်နာပြီးတော့ သွားတယ်။

ဒါက ပညာတွေ လွန်နေတာ။ စူးစမ်း ဆင်ခြင်မှုတွေ လွန်နေတာ။
ဒီရုပ်တရား နာမ်တရားတွေ၊ ဒီလို စဉ်းစားလိုက်ရင် ဒီလို သိနေမှာပဲ။ မထူးပါဘူးဆိုပြီးတော့ သူက ဒီလို အောက်မေ့နေတာကိုး။
အေး … ကျမ်းဂန်ဒေသနာအရနဲ့၊ အဘိဓမ္မာဒေသနာအရနဲ့ ရုပ်တရားက ဒီလို၊ နာမ်တရားက ဒီလို၊ ဒါ … ဒါပါပဲ၊ သည်လောက်ပါပဲ၊ မထူးပါဘူး … ဒီလို သိတယ်။ အဲဒီတော့ ဒါနဲ့ ပြီးပါပြီဆိုပြီးတော့ ဒီလို အောက်မေ့တာကိုး။ အဲဒါ ဉာဏ်တွေ လွန်နေတာတဲ့။

ဒီရုပ်တရား နာမ်တရားတွေ ဒီလိုနှလုံးသွင်း ဆင်ခြင်ရုံနဲ့ ပြီးတယ်ဆိုတဲ့ ဥစ္စာကတော့ မဖြစ်နိုင်တဲ့ ဥစ္စာပဲ။
ဒါပေမယ်လို့လဲ တချို့ပုဂ္ဂိုလ်တွေက အဲဒီလို စဉ်းစား ဆင်ခြင်ပြီးတော့ ပြော ဟောနေတာတွေ ရှိတယ်။
ဒါ ဘာတုန်းဆိုရင် ပညာတွေ လွန်နေတာ။ ပညာကလဲပဲ ဝိပဿနာပညာ မဟုတ်ဘူး။ သူ့ဥစ္စာ ဘာဝနာပညာလဲ မဟုတ်ဘူး။ ဒါ စူးစမ်း ဆင်ခြင်တဲ့ သူတို့အထင်အမြင်နဲ့ စူးစမ်းဆင်ခြင်နေတဲ့ အသိဉာဏ်တွေပဲ။ သေသေချာချာ တရားကိုယ်အရကောက်လိုက်လို့ရှိရင် ဒါ ဝိတက် ဝိစာရတွေ ဖြစ်မှာပဲ။
အဲဒီဟာတွေ လွန်နေလို့ရှိရင် ခုနက ပြောတဲ့ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုက မဖြစ်ရတော့ဘူး။ ဒီလို အားထုတ်ရင် ဒီလိုဖြစ်လိမ့်မယ်လို့ ယုံကြည်မှု မရောက်တော့ဘူး။
ဟော … သဒ္ဓါတရား ပျက်ကရော။ သဒ္ဓါတရား အလုပ် မလုပ်ရတော့ဘူး။

အဲဒါကြောင့် သဒ္ဓါနဲ့ ပညာ ညီမျှစေရမယ် တဲ့။
အဲဒါက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ဒီလိုစိတ်တွေ ဖြစ်တတ်တယ်။
ဒါ အရေးကြီးလို့ ပြောနေရတာ။
တရားအားထုတ်နေရင်းလဲပဲ ….. ဒီလို အားမထုတ်ဘဲနဲ့ ရုပ်တရား နာမ်တရားတွေ ခွဲလိုက်ရင် ပြီးမှာပါပဲလို့ စိတ်ထဲက ထင်မြင်သွားတတ်တယ်။ အဲဒါတွေလဲ အများကြီး ရှိတယ်။
ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ထင်တတ်တယ်။ ဟာ … ဒို့ ခုမှတ်နေတာတွေက အဘိဓမ္မာက လာတဲ့အတိုင်း မစုံသေးဘူး၊ မပြည့်စုံသေးဘူး။ အဲဒီတော့ ဒီလိုဟာ ဟုတ်မှ ဟုတ်ပါ့မလား … ဆိုပြီးတော့ စဉ်းစား ဆင်ခြင်မှုတွေ ဝင်လာ။ အဲဒါနဲ့ သဒ္ဓါတရား မဖြစ်ရတော့ဘူး။
ဒီလို ရှုရင် မှတ်ရင် ရှုမှတ်သိတာလေးဟာ သဘာဝ အမှန်အတိုင်း သိတဲ့ အသိဉာဏ်ကလေးပဲလို့ ယုံကြည်ရမယ့် သဒ္ဓါတရားတွေ မဖြစ်ရတော့ဘူး။
သူက အပေါ်ကနေ ပိတ်ထားလိုက်တာနဲ့ အဲဒါတွေ ဖြစ်တတ်တယ်။

ဒါကြောင့်မို့ သူက စဉ်းစား ဆင်ခြင်မှု ဉာဏ်ပညာတွေ လွန်ကဲနေလို့ရှိရင် သဒ္ဓါ ယုံကြည်မှုတွေဟာ မဖြစ်နိုင်ဘူးတဲ့။
သဒ္ဓါနဲ့ ပညာဟာ ညီမျှပါစေတဲ့။
ယုံသင့်ယုံထိုက်တာတွေ ယုံပေါ့လေ။ စဉ်းစားတယ်ဆိုတော့ အဲဒီလို စဉ်းစားထိုက်တဲ့ဟာတွေ စဉ်းစား။ လုံးလုံး မစဉ်းစားဘဲနဲ့လဲ မနေနဲ့။ ပြောတိုင်း ပြောတိုင်းလဲ ပိုပြီးတော့ မယုံနဲ့။ အဲ ပြောတိုင်း ပြောတိုင်း အကုန်လုံး ပယ်ချပြီးသကာလ ကိုယ့်စဉ်းစားချက်ကလေးတင်ကိုလဲ အတည်ပြုပြီးတော့ မထားနဲ့။ အသင့်ယုတ္တိရှိတာကို အသင့်ယုတ္တိရှိတဲ့အတိုင်း လိုက်ပြီးသကာလ သူ့ဟာ ယုံရဦးမှာကိုး။
ယုံကြည်မှုနဲ့ စဉ်းစား ဆင်ခြင်မှု ညီမျှပါစေတဲ့။
သဒ္ဓါနဲ့ ပညာ ညီမျှပါစေတဲ့။

အဲဒီလိုပဲ … ဝီရိယနဲ့ သမာဓိ ညီမျှပါစေတဲ့။
ဝီရိယက သိပ်ပြီး ကြောင့်ကြစိုက် အားထုတ်နေလို့ ရှိရင်လဲ သမာဓိ မဖြစ်ဘူး။
သမာဓိမဖြစ်တော့ တရား မတိုးတက်ဘူး။

“သမာဓိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ”ဆိုတာ တကယ့်ကို ဟုတ်တာ။
သမာဓိ မဖြစ်ဘဲနဲ့ ဉာဏ်က မဖြစ်ဘူး။
တချို့က နှလုံးသွင်း ဆင်ခြင်ရုံနဲ့ ဉာဏ်တွေဖြစ်တယ် အောက်မေ့တယ်၊ ဘယ်ဖြစ်လိမ့်မှာတုန်း။
နှလုံးသွင်း ဆင်ခြင်ရုံနဲ့ သမာဓိမှ မရှိသေးဘဲနဲ့၊ အဲဒီဟာက ဉာဏ်မှ မဟုတ်ဘဲနဲ့။ သမာဓိက ဖြစ်မှ ဉာဏ်ဖြစ်တာ။
နှလုံးသွင်း ဆင်ခြင်ရုံနဲ့ သင်ကြား လေ့လာပြီး ဖြစ်တာတွေက ဒါကတော့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ သင်ကြားလေ့လာရင် သူက သိတာပဲ။ ရုပ်တရား နာမ်တရား သဘောတွေ ဒါတွေ သိတာပဲ။
အဲဒါတွေက ဉာဏ်မှ မဟုတ်ဘဲနဲ့။ မှတ်သားထားတာတွေ … သညာတွေပဲ။
အေး ဉာဏ်အစစ်ကတော့ သမာဓိပေါ်မှီပြီး ဖြစ်တာ။

“သမာဓိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ”ဆိုတဲ့အတိုင်း သမာဓိဖြစ်မှ ဉာဏ်ဖြစ်တယ်။
သမာဓိ မဖြစ်ရင် ဉာဏ်မဖြစ်ဘူး။
အဲဒီတော့ သမာဓိဖြစ်လောက်အောင်လို့ တခါတည်း တင်းတင်းရင်းရင်း အားထုတ်မှ ဖြစ်တာ။
အဲ … သိပ်ပြီးတော့ တင်းလွန်းအားကြီးလွန်းလို့ရှိရင်လဲ မဖြစ်ဘူးတဲ့။
သိပ်ပြီး တင်းလွန်း၊ သိပ်ပြီး အားထုတ်လွန်း နေလို့ရှိရင်လဲ အဲဒါလဲပဲ ကြောင့်ကြ ဗျာပါရတွေ များလွန်းပြီးသကာလ ဟိုလို အားထုတ်လိုက်မယ်၊ ဟိုလို မှတ်လိုက်မယ်၊ ဒီလို မှတ်လိုက်မယ် စသည်ဖြင့် တရားအားထုတ်ဖို့ရာတွေ ကြောင့်ကြစိုက်ပြီးတော့ ကြံစည်အားထုတ်နေတာနဲ့ ဟိုမှာ အမှတ်တွေက လွတ်ကုန်ရော။ အဲဒီလိုလဲ မဖြစ်ဘူး။ ပျံ့လွင့်တယ်တဲ့။

အဲဒီတော့ မလျော့မတင်း ဖြစ်တိုင်း ဖြစ်တိုင်းကို ဖြစ်ရင် မှတ်မယ်လို့ ကိုယ်က ခပ်မှန်မှန် ထားပြီး မှတ်သားရတာကိုး။
ဒါက လုံ့လ ဝီရိယတွေ လွန်နေတဲ့ အခါကာလကို ပြောတာ။
အများအားဖြင့်တော့ လွန်လို့ ပြင်ရတာ နည်းပါတယ်။
လျော့လို့ ပြင်ရတာ များတာ။

အဲဒီလို ဝီရိယနဲ့ သမာဓိ ညီမျှရမယ်တဲ့။
သဒ္ဓါနဲ့ ပညာ ညီမျှရမယ် တဲ့။
အဲဒီ လေးခုဟာ အရေးကြီးပါတယ်။

သတိကတော့ ပိုတယ်လို့ မရှိဘူးတဲ့။
သတိဆိုတာ အမှတ်ရမှုကတော့ မှတ်နေရတယ်။ ပိုပြီးတော့ မှတ်နေရတယ်လို့ မရှိပါဘူးတဲ့။ သူကတော့ဖြင့် လိုနေတာပဲ ရှိတယ်။
ဒါကြောင့် သတိကတော့ဖြင့် ပိုတယ် မရှိဘူး။
ပြည့်စုံသည်ထက် ပြည့်စုံအောင် အမှတ်တော့ဖြစ်ရင် ဖြစ်တိုင်း ဖြစ်တိုင်း အကုန်လုံး မှတ်နိုင်အောင် ကြိုးစားနေရမှာပဲ။

အဲဒီလို သဒ္ဓါနဲ့ ပညာ၊ ဝီရိယနဲ့ သမာဓိ။ အဲဒီ ဣနြေ္ဒတရားတွေ ညီမျှအောင်လို့ အားထုတ်ရမယ် တဲ့။
အယုတ်အလွန် ရှိနေတဲ့ အခါကာလမှာ ညီမျှအောင်လို့ ပြုပြင်ပေးရမယ်။
ဒါကတော့ ကိုယ့်ဟာကိုယ် မပြုပြင်နိုင်ရင် ကမ္မဋ္ဌာန်းတရားနဲ့ အားထုတ်နေတဲ့အခါတော့ ကမ္မဋ္ဌာန်းဆရာတွေက စဉ်းစားတယ်။
ဘာပြုလို့ မတက်ပါလိမ့်မတုန်း စဉ်းစားပြီးတော့ အဲဒါ လိုနေတာလေးတွေ၊ ဒီက ပြင်ပြင်ပြီးတော့ ပေးနေရတာကိုး။
ဝီရိယ နည်းနေတဲ့ ပုဂ္ဂိုလ်ကို ဝီရိယများအောင်လို့ တိုးပြီးတော့ အားထုတ်ခိုင်းရတယ်။
ဝီရိယ များနေတဲ့ ပုဂ္ဂိုလ်ဆိုရင်လဲ နည်းနည်းပါးပါး လျှော့ပြီး အားထုတ်ခိုင်းရတယ်။ ဒါက ရှားပါတယ်။
အဲ စူးစမ်း ဆင်ခြင်မှုတွေ များနေတဲ့ ပုဂ္ဂိုလ်ကို မဆင်ခြင်ဖို့နဲ့ မှတ်ရုံ မှတ်ဖို့၊ ဒါ ခဏ ခဏ ပြောရတယ်။ ဒါကတော့ အများဆုံး ပြောရတာပဲ။

စူးစမ်းဆင်ခြင်နေလို့ရှိရင် တရားမတက်ဘဲ နေလိမ့်မယ်။
ခဏ ခဏ ပြောရတယ်။
တချို့က မကြိုက်ဘူး။
ဆင်ခြင်တာလေးမှ မဆင်ခြင်ရဘူး။ မဆင်ခြင်ရဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး ဉာဏ်ဖြစ်မလဲ … သူက ဒီလိုကိုး။
သမ္မာသင်္ကပ္ပ - ကြံမှ စဉ်းစားမှ ဖြစ်မှာပေါ့ … တချို့က ဒီလို အောက်မေ့တာကိုး။ အဲဒီလို ဆင်ခြေတွေ တက်နေရင် တရားမတက်ဘူး။
ဒီပုဂ္ဂိုလ်တွေအဖို့က စူးစမ်း ဆင်ခြင်မှုတွေ များနေတာ။

သဒ္ဓါလွန်နေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်။
သဒ္ဓါလွန်တာကတော့ ဥဒယဗ္ဗယဉာဏ်တွေကျ လွန်နေတတ်တယ်။
ဥဒယဗ္ဗယဉာဏ်တွေ ရောက်တဲ့အခါ တရားတွေ ကောင်းပြီးတော့ သဒ္ဓါတရားတွေ ဖြစ်ပြီး၊ ဟိုဟာ လုပ်ချင် ဒီဟာ လုပ်ချင်။
တချို့ကလဲ ကမ္မဋ္ဌာန်းကျောင်းရောက်ကာစ တယ်မကြာသေးဘူး။ သဒ္ဓါတရားတွေက ဖြစ်လာတာ … တခါတည်း ဟိုဟာ ဒီဟာ လုပ်ချင်၊ ကုသိုလ်တွေ ထပ်လုပ်ချင်တာကိုး။
ကမ္မဋ္ဌာန်းကျောင်းနဲ့ စပ်ပြီး ဝေယျာဝစ္စတွေ ဆောင်ရွက်ချင်၊ ဟိုလူ့ အကျိုးဆောင်ချင်၊ ဒီလူ့အကျိုးဆောင်ချင်၊ ဟိုတရားဟောချင်၊ ဒီတရားဟောချင်။
အဲဒီလိုဟာတွေ သဒ္ဓါတရားတွေ များနေတာ ရှိတယ်။

အဲဒီလို ပုဂ္ဂိုလ်တွေကျရင် သဒ္ဓါတရား မများရအောင် မှတ်ခိုင်းရတယ်။ အဲဒါ ရှိပါတယ်။ မကြာ မကြာ … ကမ္မဋ္ဌာန်းဆရာတွေက ဒါလေးတွေ ညီမျှအောင်လို့ ပြုပြင်ပြီးတော့ ပေးနေရတယ်။
အဲဒါ ဣန္ဒြိယသမတ္တာပဋိကာရဏာ - ဣနြေ္ဒညီမျှအောင် ပြုခြင်းပဲ။

မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ‘ထိုတွင် စိတ်ညွတ်ပါ’။
‘ထိုတွင် စိတ်ညွတ်ပါ’ဆိုတာကလဲ အသိဉာဏ် ဖြစ်အောင်လို့၊ ဉာဏ်ပညာ ထက်မြက်အောင်လို့ ဖြစ်တိုင်း ဖြစ်တိုင်း တရားတွေ အဖြစ်အပျက်တွေ၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတွေ သိအောင်လို့ အားထုတ်မယ်လို့ နှလုံးသွင်းပြီးသကာလ ထားရတယ်။
ထိုင်ရင်း ရပ်ရင်း၊ နေရင်း ထိုင်ရင်း၊ သွားရင်း လာရင်း ဘယ်အချိန်မဆို အဲဒီ အသိဉာဏ်ဖြစ်စေမယ်လို့ နှလုံးသွင်းပြီးတော့ အားထုတ်နေရတယ်။

နောက် -
“ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင် နက်နဲရာ”တဲ့။

‘ဉာဏ်မဲ့ရှောင်ကြဉ်’က ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရမယ်။

‘ဉာဏ်ရှိယှဉ်’က ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲရမယ်။

‘ဆင်ခြင် နက်နဲရာ’ဆိုတာက နက်နဲတဲ့ တရားတွေမှာ ဖြစ်တဲ့ ဉာဏ်ပညာနဲ့ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ရမယ်လို့ ဒီလိုဆိုလိုတာကိုး။ အဲဒါတွေ အကုန်လုံးပါအောင်တော့ မတတ်နိုင်ဘူး။ ‘နက်နဲရာ’ဆို တော်ပါပြီ။ နက်နဲရာဖြစ်တဲ့ တရားတွေပဲတဲ့။ နက်နဲတဲ့ တရားတွေ ရှိတယ်။ ကဲ … ကဲ ဆိုစမ်းပါဦး။

“ဉာဏ်မဲ့ ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင် နက်နဲရာ”

ဉာဏ်မဲ့ပုဂ္ဂိုလ် ရှောင်ကြဉ်ရမယ်။ ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို ယှဉ်ရမယ်၊ မှီဝဲဆည်းကပ်ရမယ်။ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ရမယ်။
ဒီသုံးခုပါပဲ။

ခန္ဓာ၊ ဓာတ်၊ အာယတန၊ သစ္စာ .. ဒီတရားမျိုးတွေ မသက်ဝင်ဖူးတဲ့ဉာဏ်၊ မသက်ဝင်ဖူးသေးတဲ့ ပုဂ္ဂိုလ်ကို ပညာမဲ့ပုဂ္ဂိုလ် ဉာဏ်မဲ့ပုဂ္ဂိုလ်လို့ ပါဠိတော်မှာ ပြတယ်။
ဉာဏ်ရှိ ပညာရှိ ပုဂ္ဂိုလ်ကျတော့ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်လို့ ပြတယ်။

ခန္ဓာ အာယတန ဓာတ် အစစ်အမှန်တွေ၊ ရုပ်နာမ် အဖြစ်အပျက်တွေကို ကိုယ်ပိုင်ဉာဏ်ဖြင့် မသက်ဝင်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ ပညာမဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီပုဂ္ဂိုလ်တွေကို မမှီဝဲနဲ့တဲ့။
အဲဒီ ပုဂ္ဂိုလ်တွေဆီ သွားပြီးသကာလ ဆည်းကပ် မှီဝဲနေလို့ရှိရင် ခုန ဒီ.. တရားအားထုတ်ဖို့ မလိုပါဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို ပုဂ္ဂိုလ်တွေပဲ .. ဒီလိုဟာတွေ။ သူက အဲဒီသူတွေကို ယုံကြည်ပြီးသကာလ ဆည်းကပ်နေရင် ဒီဥဒယဗ္ဗယဉာဏ်မျိုးတွေ မဖြစ်ဘူး။ မရောက်နိုင်တော့ဘူး။
အဲဒါကြောင့် အဲဒီလို ဥဒယဗ္ဗယဉာဏ် မဖြစ်ဘူးတဲ့ ပုဂ္ဂိုလ်တွေကို မမှီဝဲ မဆည်းကပ်နဲ့တဲ့။
မလွှဲမကင်းသာလို့ မိတ်ဆွေအဖြစ် ပေါင်းသင်းတာကတော့ ဒါ … ကိစ္စမရှိပါဘူး။
ဆရာသမားအဖြစ်နဲ့ ပြောတာ။
သူက ဆရာသမားအဖြစ်နဲ့ အားကိုး အားထားပြုပြီးသကာလ သူ့ကို မှီဝဲ ဆည်းကပ် .. မလုပ်နဲ့တဲ့။
လုပ်လို့ရှိရင် ဥဒယဗ္ဗယဉာဏ်ရောက်အောင် အားမထုတ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ် တဲ့။

ပညာရှိ ပုဂ္ဂိုလ်ကို မှီဝဲရမယ်၊ ပေါင်းသင်းရမယ် တဲ့။
ပညာရှိပုဂ္ဂိုလ်ကလဲ ကျမ်းဂန်တတ် ကျမ်းပြု ထင်ရှားကျော်စောတဲ့ ပညာရှိ၊ ဒီလို မဟုတ်ပါဘူး။ သူ့ဟာက ဒီဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပြောတယ်။
ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို မှီဝဲပါတဲ့။ အဲဒါဆိုလို့ရှိရင် ယောဂီအချင်းချင်းပေမယ်လို့လဲ ဒါ ကျေးဇူး သိပ်များတယ်။
ဥဒယဗ္ဗယဉာဏ် သေသေချာချာ ဖြစ်ဖူးတဲ့ ယောဂီတွေနဲ့ အတူတူ ပူးပေါင်းနေရရင် သိပ်နေရာကျတာ။
ဥဒယဗ္ဗယဉာဏ်လောက် ဖြစ်ဖူးတဲ့ ယောဂီက တရားအားမထုတ်ဖူးသေးတဲ့ ယောဂီတွေကို အကူအညီတွေ အများကြီး ပေးနိုင်တယ်။
ယောဂီအသစ်တွေအတွက် အင်မတန် ကျေးဇူးများတယ်။ ယောဂီအသစ်မှာ ချွတ်ယွင်းချက်ကလေး ဘာလေးရှိရင် သူတို့က သတိပေးတတ်ပါတယ်။ သတိမပေးတောင်မှ သူမှတ်နေတာ အားထုတ်နေတာ မြင်ရတာနဲ့ကို အားကျပြီးတော့ တရားကို အားထုတ်သွားတတ်ပါတယ်။

ဆင်ခြင် နက်နဲရာ တဲ့။
နက်နဲတဲ့ တရားတွေကို ဆင်ခြင်ပါတဲ့။
နက်နဲတဲ့ တရားတွေ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ ဆိုတဲ့ တရားတွေကို ဆင်ခြင်ပါ။
အဲ ကိုယ်တတ်သမျှ ဆင်ခြင်ရမှာပေါ့လေ။

ဒါကတော့ မသိလို့ရှိရင်လဲ ခုနက အစက အတိုင်းပဲ မေးရမှာပေါ့။
မေးမြန်း ဆွေးနွေးကြည့်။
ကောင်းတာမှတ်တော့ ဘာသိတုန်း … မရှုလို့ရှိရင် ဘာဖြစ်တုန်း … မသိရင် ဘာဖြစ်တုန်း …
ဒါ သဘောမပေါက်လို့ရှိရင် မေးကြည့်ပေါ့။ စဉ်းစား ဆင်ခြင်ကြည့်ပေါ့။ ဆင်ခြင်ရာက သဘောကျပြီး တရားအားထုတ်တဲ့ အခါကာလမှာ ဓမ္မဝိစယသမ္ဗောဇ္ဈင်တွေ ဖြစ်လာမှာပေါ့။

အခု ၇-ပါး စုံသွားပြီ။
“မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင် စိတ်ညွတ်ပါ။
ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင် နက်နဲရာ။”

မေးမြန်းက တစ်ခု၊
သန့်စင်က တစ်ခု၊
ညီမျှယှဉ်က တစ်ခု၊
ထိုတွင် စိတ်ညွတ်ပါ .. ဒါက တစ်ခု၊ ၄-ခု။

ဉာဏ်မဲ့ရှောင်ကြဉ် .. ဒါက တစ်ခု၊
ဉာဏ်ရှိယှဉ်က တစ်ခု၊
ဆင်ခြင် နက်နဲရာက တစ်ခု၊ ၃-ခု။

အားလုံးပေါင်း ၇-ခု ရှိပြီ။

“ဉာဏ်ဖြစ်ကြောင်းများ၊ ခုနစ်ပါး၊ ညွှန်ကြား ဋ္ဌကထာ။”

ဉာဏ်ဖြစ်ပွားကြောင်း တရားအားလုံး ၇-ပါး။
အဋ္ဌကထာဆရာက ညွှန်ကြားပြီးတော့ ထားတယ်။


+++++
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဗောဇ္ဈင်တရားတော်”မှ

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ ပျံလွန်တော်မူခြင်း


ပြည်တွင်း ပြည်ပ မဟာစည်နာယက၊ ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ၂၀၀၉ ခု နိုဝင်ဘာလ ၂၄ ရက် အင်္ဂါနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရပါသည်။

ဖြူးဆရာတော်သည် ၁၉၉၉ ခုနှစ်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ စသည့် နိုင်ငံများသို့ ရှစ်လကြာ ဓမ္မဒူတခရီး လှည့်လည်၍ ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။
ထိုစဉ်က ဖြူးဆရာတော်သည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးခိုက် တရားချစ်ခင် သူတော်စင်တို့အား ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။ ပြည်ပခရီးစဉ်များ ပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသောအခါ ပြည်တွင်းတရားပွဲများတွင် လောကချမ်းသာစေတီတော်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ရေးအတွက် ဖြူးဆရာတော်က နှိုးဆော် အကျိုးဆောင်ပေးခဲ့ရာ စေတီတော်အတွက် အလှူငွေ ကျပ်သိန်း ၇၀ ကျော် ရရှိ လှူဒါန်းပေးနိုင်ခဲ့ပါသည်။

ဖြူးဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

ဖြူးမြို့၊ ရုံးကြီးရပ်၊ ပင်စင်လမ်း၊ မဟာစည်သာသနာ့ရိပ်သာ နှင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာတို့ကို တည်ထောင်ခဲ့ပြီး၊ ဖြူးဆရာတော်ဟု နာမည်ကျော်ကြားသော ဖြူးဆရာတော် ဘဒ္ဒန္တနရပတိကို ခမည်းတော် ဦးဘလွင်နှင့် မယ်တော် ဒေါ်ဒေါ်မေတို့မှ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် ၁၃၀၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၈ ရက် စနေနေ့၌ ဖွားမြင်သည်။

၁၃၁၅ ခုနှစ် အသက် (၁၃)နှစ်သားအရွယ်တွင် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဆရာမကြီး ဒေါ်ပညာသိင်္ဂီ၏ ပစ္စယာနုဂ္ဂဟဖြင့် စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းသာယာချောင် ဆရာတော် ဦးဇောတဝရကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိသည်။

၁၃၂၃ ခုနှစ်တွင် မန္တလေးမြို့ ၄၁-လမ်း၊ ဥပုသ်တော်ကုန်း ဇောတိကစက်ချုပ်ဌာန၊ ဒေါ်သောင်းစိန်၊ ညီမ ဒေါ်မမတို့၏ ပစ္စယာနုဂ္ဂဟဖြင့် အထက်ပါ လေးကျွန်းသာယာချောင် ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

စစ်ကိုင်းတောင်ရိုး၊ လေးကျွန်းသာယာချောင်၊ လေးကျွန်းချမ်းသာချောင်၊ ပဌာန်းသိပ္ပံ၊ ဇေယျသိန်ပါဠိတက္ကသိုလ်၊ မန္တလေးမြတောင်တိုက် ရွှေဝါဝင်းကျောင်း၊ မန္တလေးပေါက်မြိုင်အလယ်တိုက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ အလယ်တိုက်ကြီးတို့၌ ပညာသင်ယူခဲ့ပါသည်။
၁၃၁၅ ခုနှစ်တွင် အဘိဓမ္မာ (၃)ဆင့်၊ ၁၃၁၈ ခုနှစ်တွင် ဝိနယာဓိက၊ ၁၃၂၀ ခုနှစ်တွင် ပထမကြီးတန်း၊ ၁၃၂၃ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို အောင်မြင် ရရှိခဲ့သည်။

၁၃၃၉ ခုနှစ်တွင် ဖြူးမြို့၊ ရုံးကြီးရပ်၊ မဟာစည်သာသနာ့ရိပ်သာကို စတင် တည်ထောင်ပြီး၊ ၁၃၆၀ ခုနှစ်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာကို စတင် တည်ထောင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ နိုင်ငံများသို့လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် မလေးရှား၊ စင်္ကာပူ၊ သြစတြေလျနိုင်ငံများသို့လည်းကောင်း ပင့်ဖိတ်ချက်အရ ကြွရောက်၍ ဝိပဿနာတရား ဟောကြား ပြသခဲ့သည်။

သံဃာ့ဂုဏ်ရည်၊ မီးလောင်ပြင်မှာ ပွင့်သောပန်း၊ သွေးနဲ့ရေးတဲ့ သာသနာ၊ အမေ့ကျေးဇူးမကျေ ငါမသေ၊ ရတနာထိုက်တဲ့ ချစ်သမီး စသည်တို့မှာ ဆရာတော်၏ ထင်ရှားသော တရားတော်များ ဖြစ်သည်။

+++++

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ၏ ကျေးဇူး ဂုဏ် အထူးထူးတို့ကို အောက်မေ့ သတိရလျက် ဆရာတော်၏ ဓမ္မဆောင်ပုဒ်နှင့် အဆိုအမိန့်တို့ကို ကောက်နုတ်ဖော်ပြရင်း ဆရာတော်အား ရှိခိုး ဦးခိုက် ပူဇော်လိုက်ကြပါသည်။

“ရေပွက်ပမာ၊ ခဏတာမျှ
တည်လာခွင့်ရ၊ လူ့ဘဝဝယ်
ဗုဒ္ဓသာသနာ၊ သန့်ရှင်းစွာဖြင့်
မြန်မာပြည်ဝှန်း၊ အေးငြိမ်းချမ်းဖို့
ကြိုးပမ်းဆောင်ရွက်၊ ခရီးဆက်မည်
သက်ဆုံးတိုင်အောင် အမြဲတည်း။”

“လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။
တပည့်က ဆရာကို မှီခိုရတယ်။
သားသမီးက မိဘကို မှီခိုရတယ်။
ဒီအတိုင်းပဲ သံသရာခရီး သွားတဲ့အခါ တရားအမှီအခိုရှိမှ ကောင်းတယ်။”

+++++

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း
နယူးယောက်မြို့။

Monday, November 23, 2009

ဉာဏ်ပါတဲ့ ကုသိုလ်


“ဘုန်းကြီးတို့ကို ဆရာသမားများက သင်ကြားခဲ့တယ်။
ကုသိုလ်ကောင်းမှုလုပ်တဲ့အခါ စိတ်ပါလက်ပါနဲ့ ရိုရိုသေသေ လေးလေးစားစား လုပ်ရတယ်။ ဘာကုသိုလ်ပဲ လုပ်လုပ်။
ဘုန်းကြီးတို့ မန္တလေးမှာ … ရှေးက … ဒီလို အဆို အဆုံးအမတွေကို နာခံထားရတဲ့သူတွေဟာ … မရှိဆင်းရဲလို့ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေကို ပေးကမ်း လှူဒါန်းတာတောင်မှ စီးထားတဲ့ ဖိနပ်လေး ချွတ်ပြီး အလှူငွေ တစ်ပြား တစ်မတ်ကို လက်ကလေးနှစ်ဖက်နဲ့ ကိုင်ပြီး ရိုရိုသေသေ ပေးကမ်း လှူဒါန်းကြတယ်။
ဘုန်းကြီးတို့ ကိုယ်တိုင်လဲ ဒီလို ဆိုဆုံးမမှုတွေကို နာယူခဲ့ရတော့ ကိုရင်လေးတစ်ပါးကို သင်္ကန်းလှူတာတောင် … ‘ကိုရင်လေး ဒီကိုကြွ၊ ဟောဒီနေရာမှာ ထိုင်’ ဆိုပြီး ကိုရင်ကလေးပင်ဖြစ်လင့်ကစား အလှူခံပုဂ္ဂိုလ်ကို တလေးတစားနဲ့ ရိုရိုသေသေ လှူဒါန်းပါတယ်။”

(မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ)

+++++

၂၀၀၉ ခု နိုဝင်ဘာလ ၂၁ ရက် စနေနေ့၊ ၅-ပတ်မြောက် အဘိဓမ္မာသင်တန်းတွင် “ကာမာဝစရကုသိုလ်စိတ် ၈-ပါး (မဟာကုသိုလ်စိတ် ၈-ပါး)၊ ကာမာဝစရဝိပါက်စိတ် ၈-ပါး (မဟာဝိပါက်စိတ် ၈-ပါး)၊ ကာမာဝစရကြိယာစိတ် ၈-ပါး (မဟာကြိယာစိတ် ၈-ပါး)”တို့ဖြစ်သော “ကာမာဝစရ သောဘဏစိတ် ၂၄-ပါး”တို့အကြောင်းကို လေ့လာကြရ၏။

ကာမာဝစရ - ကာမ ၁၁ ဘုံတွင် အဖြစ်များသော
သောဘဏ - တင့်တယ်သော (အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်များနှင့် ယှဉ်သောကြောင့်)
ကာမာဝစရ သောဘဏစိတ် - ကာမ ၁၁ ဘုံတွင် အဖြစ်များသော တင့်တယ်သော စိတ်

အဘိဓမ္မာမှာ ‘ဉာဏ်ပညာ’လို့ ပြောလိုက်ရင် ကံ,ကံ၏အကျိုးကို ယုံကြည် သိမြင်တဲ့ ဉာဏ်မျိုး၊ ပဋိစ္စသမုပ္ပါဒ်ကို သိမြင်တဲ့ ဉာဏ်မျိုး၊ သစ္စာလေးပါးတရားကို သိမြင်တဲ့ ဉာဏ်မျိုး၊ အနိစ္စ ဒုက္ခ အနတ္တ သဘော လက္ခဏာတွေကို သိမြင်တဲ့ ဉာဏ်မျိုးကို ခေါ်လိမ့်မယ်။

‘ကာမာဝစရကုသိုလ်စိတ် ၈-ပါး’ဟာ ‘အကုသိုလ်လောဘမူစိတ် ၈-ပါး’ကို နားလည်ထားရင် ‘ဒိဌိဂတသမ္ပယုတ်’နေရာမှာ ‘ဉာဏသမ္ပယုတ်’၊ ‘ဒိဌိဂတဝိပ္ပယုတ်’နေရာမှာ ‘ဉာဏဝိပ္ပယုတ်’ အစားထိုးလိုက်ရင် ပြီးတာပဲ။

နောက် စိတ် ၈-ပါးက ကာမာဝစရဝိပါက်စိတ်၊ ဝိပါက်ဆိုတာက အကျိုး၊ ကာမာဝစရကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ စိတ်ကို ကာမာဝစရဝိပါက်စိတ်။

နောက် ၈-ခုက ကာမာဝစရကြိယာစိတ်၊ ကြိယာဆိုတာက ပြုကာမတ္တ၊ ဖြစ်ကာမတ္တကို ကြိယာလို့ ပါဠိလို ခေါ်တယ်။ ကာမာဝစရကြိယာစိတ်ကလည်း ကုသိုလ်စိတ်အတိုင်းပဲ ၈-ပါးပဲ ရှိတယ်။ ဒီစိတ်တွေကတော့ ဘုရား၊ ရဟန္တာတွေမှာသာ ဖြစ်တယ်။

+++++

ကာမာဝစရကုသိုလ်စိတ် (မဟာကုသိုလ်စိတ်) ၈-ပါး

၁။ အလှူပေးခြင်း စတဲ့ ကောင်းမှုတစ်ခုခုကို သူတပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (ပထမ ကာမ-ကုသိုလ်စိတ်)။
၂။ သူတပါးက တိုက်တွန်းလို့ ဉာဏ်နဲ့ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (ဒုတိယ ကာမ-ကုသိုလ်စိတ်)။
၃။ သူတပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင်လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (တတိယ ကာမ-ကုသိုလ်စိတ်)။
၎။ သူတပါးက တိုက်တွန်းလို့ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (စတုတ္ထ ကာမ-ကုသိုလ်စိတ်)။
၅။ သူတပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ယှဉ်ပြီး သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (ပဉ္စမ ကာမ-ကုသိုလ်စိတ်)။
၆။ သူတပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်တယ်။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (ဆဋ္ဌမ ကာမ-ကုသိုလ်စိတ်)။
၇။ သူတပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင်လုပ်တဲ့အခါ ဉာဏ်နဲ့မယှဉ်ဘဲ သာမန် အလယ်အလတ်ခံစားမှုစိတ်နဲ့ လုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (သတ္တမ ကာမ-ကုသိုလ်စိတ်)။
၈။ သူတပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။
အဲဒီအခါဖြစ်တဲ့ ကုသိုလ်စိတ် (အဋ္ဌမ ကာမ-ကုသိုလ်စိတ်)။

(ဒီ ကာမကုသိုလ်စိတ်ကိုပဲ “မဟာ ကုသိုလ်စိတ်”လို့ ခေါ်သေးတယ်။
အကြောင်းက ‘ရူပကုသိုလ်စိတ်၊ အရူပကုသိုလ်စိတ်’တွေထက် အရေအတွက် များလို့ပဲ။
‘ရူပကုသိုလ်စိတ်’က ၅-ခု ရှိပြီး၊ ‘အရူပကုသိုလ်စိတ်’က ၄-ခုပဲ ရှိတယ်။)

ကာမာဝစရဝိပါက်စိတ် (မဟာဝိပါက်စိတ်) ၈-ပါး

၁။ အလှူပေးခြင်း စတဲ့ ကောင်းမှုတစ်ခုခုကို သူတပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ပထမ ကာမ-ဝိပါက်စိတ်)။
၂။ သူတပါး တိုက်တွန်းလို့ ဉာဏ်နဲ့ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ဒုတိယ ကာမ-ဝိပါက်စိတ်)။
၃။ သူတပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (တတိယ ကာမ-ဝိပါက်စိတ်)။
၎။ သူတပါးက တိုက်တွန်းလို့ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (စတုတ္ထ ကာမ-ဝိပါက်စိတ်)။
၅။ သူတပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ယှဉ်ပြီး သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ပဉ္စမ ကာမ-ဝိပါက်စိတ်)။
၆။ သူတပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်တယ်။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (ဆဋ္ဌမ ကာမ-ဝိပါက်စိတ်)။
၇။ သူတပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (သတ္တမ ကာမ-ဝိပါက်စိတ်)။
၈။ သူတပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။
အဲဒီစိတ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ (ဝိပါက်)စိတ် (အဋ္ဌမ ကာမ-ဝိပါက်စိတ်)။

ကာမာဝစရကြိယာစိတ် (မဟာကြိယာစိတ်) ၈-ပါး

၁။ အလှူပေးခြင်း စတဲ့ ကောင်းမှုတစ်ခုခုကို သူတပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။
ပြုလုပ်ရုံသက်သက်ပဲ ဖြစ်ပြီး၊ အကျိုးမပေးတော့တဲ့ စိတ် (ပထမ ကာမ-ကြိယာစိတ်)။
၂။ သူတပါးက တိုက်တွန်းလို့ ဉာဏ်နဲ့ ယှဉ်ပြီး ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (ဒုတိယ ကာမ-ကြိယာစိတ်)။
၃။ သူတပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ ဝမ်းမြောက်စွာ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (တတိယ ကာမ-ကြိယာစိတ်)။
၎။ သူတပါးက တိုက်တွန်းလို့ ဝမ်းမြောက်စွာ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (စတုတ္ထ ကာမ-ကြိယာစိတ်)။
၅။ သူတပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင် ဉာဏ်နဲ့ ယှဉ်ပြီး သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (ပဉ္စမ ကာမ-ကြိယာစိတ်)။
၆။ သူတပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်တယ်။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (ဆဋ္ဌမ ကာမ-ကြိယာစိတ်)။
၇။ သူတပါးက မတိုက်တွန်း၊ ဒါပေမယ့် မိမိကိုယ်တိုင် လုပ်တဲ့အခါ ဉာဏ်နဲ့ မယှဉ်ဘဲ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ လုပ်တယ်။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (သတ္တမ ကာမ-ကြိယာစိတ်)။
၈။ သူတပါးက တိုက်တွန်းလို့ သာမန် အလယ်အလတ် ခံစားမှုစိတ်နဲ့ ပြုလုပ်တယ်။ ဒါပေမယ့် ဉာဏ်မပါဘူး။
အဲဒီအခါဖြစ်တဲ့ ကြိယာစိတ် (အဋ္ဌမ ကာမ-ကြိယာစိတ်)။

+++++

ဒီနေ့ထိ လေ့လာပြီးခဲ့တဲ့ စိတ်တွေက အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါးနဲ့ ဒီနေ့ လေ့လာတဲ့ ကာမာဝစရသောဘဏစိတ် ၂၄-ပါး၊ စုစုပေါင်း ၅၄-ပါး ရှိသွားပြီ။

အကုသိုလ်စိတ် ၁၂-ပါးနဲ့ အဟိတ်စိတ် ၁၈-ပါး၊ နှစ်ခုပေါင်းကို မြန်မာပြည်မှာ “အသောဘဏစိတ်”လို့ နာမည်မှည့်ထားတယ်။
ကျမ်းဂန်ထဲမှာ ပါတာ မဟုတ်ဘူး။ ခေါ်ရ လွယ်အောင်လို့။
နောင် ဒီစိတ် ၃၀ ကို တပေါင်းတည်း ပြောချင်တဲ့အခါကျတော့ “အသောဘဏစိတ် ၃၀”လို့ ဒီလို ပြောမယ်။

ဒီ အသောဘဏစိတ် ၃၀၊ ကာမာဝစရသောဘဏစိတ် ၂၄၊ နှစ်ခုပေါင်း ဒီ ၅၄-ပါးကို “ကာမာဝစရစိတ်” ဒါမှမဟုတ် “ကာမစိတ်” ၅၄ ပါးလို့ ခေါ်လိမ့်မယ်။

နောင်အခါမှာ ကာမစိတ် ဘယ်လောက်ရှိသလဲ မေးရင် ၅၄-ပါးလို့ ဖြေရမယ်။
ကာမာဝစရစိတ်လို့ မေးမေး၊ ကာမစိတ်လို့ မေးမေး။ အတူတူပဲ။

+++++

ဦးဇင်းတို့ ကာမာဝစရဘုံမှာ ဖြစ်နေတဲ့ လူတွေအနေနဲ့ ကုသိုလ်ဖြစ်ရင် ဒီကာမာဝစရကုသိုလ်စိတ် ၈-ခုထဲက တစ်ခုခုနဲ့ လုပ်တာချည်းပဲ။

ဘုရားရှိခိုးတယ်၊ အလှူအတန်းပြုတယ်၊ တရားထိုင်တယ်၊ သူများကို ကူညီတယ် စသည်ဖြင့် ဘာပဲလုပ်လုပ် ပြုတဲ့ ကုသိုလ်ကောင်းမှု မှန်သမျှဟာ ဒီ ၈-မျိုးထဲက တစ်မျိုးမျိုးနဲ့ ပြုတာ။

ကိုယ်က ဉာဏ်နဲ့ ယှဉ်တဲ့၊ ဉာဏ်ပါတဲ့ ကုသိုလ်ဖြစ်အောင် ဂရုစိုက်ရမယ်။
ဗုဒ္ဓဘာသာမှန်ရင် ကံ,ကံ၏အကျိုးကိုတော့ နားလည်ကြတာပဲ။ ယုံကြတာပဲ။
ဒါပေမယ့် တခါတလေ ကုသိုလ်ကောင်းမှုပြုကြတဲ့အခါမှာ အမှတ်တမဲ့ ပြုမိတတ်ကြတယ်။ ဉာဏ်ပါမသွားဘူး။
ဦးဇင်းတို့ ဘုန်းကြီးတွေတောင်မှ အခြားပုဂ္ဂိုလ်ကို သင်္ကန်းတစ်စုံလှူတယ်ဆိုရင် တခါတည်း ဆွဲယူပြီး ဒီအတိုင်း ပေးလိုက်တယ်ဆိုရင် ဉာဏ်မပါဘူး။
အဲဒီလို ဉာဏ်ပါမသွားရင် ဉာဏ်မပါတဲ့၊ ဉာဏ်နဲ့ မယှဉ်တဲ့ ကုသိုလ်ဖြစ်မယ်။
အကျိုးပေးတော့ ဉာဏ်မပါတဲ့ အကျိုးပေးတာကြောင့် အကျွတ်တရားရနိုင်တဲ့ အဆင့်မရောက်ဘဲ ရှိတတ်တယ်။

ကုသိုလ်ကံရဲ့ အကျိုးဟာ ရှိတယ်။
ကုသိုလ်ကံဟာ အလကား ဖြစ်မသွားဘူး။
ကျောင်းကို လာပြီး ရှင်းတယ် … လင်းတယ်။ ကုသိုလ်စိတ် ဖြစ်တယ်။
အခု စာသင်နေတာလည်း ကုသိုလ်စိတ် ဖြစ်နေတာပဲ။

ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ အလွန် သတိထားရမယ်။
အမှတ်တမဲ့ မလုပ်မိစေရဘူး။
ဉာဏ်ပါမှ အကျိုးပေးတဲ့အခါ ဉာဏ်နဲ့ ယှဉ်တဲ့ အကျိုးပေးမယ်။
ဉာဏ်နဲ့ ယှဉ်တဲ့ အကျိုးပေးမှ ကိုယ်ဟာ အကျွတ်တရား ရနိုင်တဲ့ အခြေခံပါမယ်။

+++++

ကာမာဝစရစိတ် ၅၄ ပါးကို မှတ်မိအောင် လုပ်ပြီးတော့ နောက်တုန်းက ချန်ထားခဲ့တဲ့ အဓိပ္ပာယ် ပြောစရာ ရှိသေးတယ်။
အဲဒီ အဓိပ္ပာယ်က စိတ်ဝင်စားစရာ ကောင်းတယ်။

ဘာလဲဆိုတော့ -
ဘယ်လိုအကြောင်းတွေ တိုက်ဆိုင်လို့ သောမနဿတွေ ဖြစ်ရတာလဲ?၊ သောမနဿဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?
ဘယ်လိုအကြောင်းတွေကြောင့် ဥပေက္ခာဖြစ်တာလဲ၊ ဥပေက္ခာဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?
ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?
ဉာဏသမ္ပယုတ်ဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?
အသင်္ခါရိကဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?
သသင်္ခါရိကဖြစ်ဖို့ရာ အကြောင်းတွေက ဘာရှိသလဲ?

ဒါကျတော့ စိတ်ဝင်စားစရာ ကောင်းတယ်။
အဲဒါမှာ လင်္ကာတွေ ရှိတယ်။
တောင်မြို့ (အမရပူရမြို့) မဟာဂန္ဓာရုံဆရာတော် ရေးတာ။
ဦးဇင်းတို့ ငယ်ငယ်ထဲက ကျက်ထားတာ၊ သိပ်ကောင်းတယ်။

+++++

သောမနဿ ဖြစ်ကြောင်း ၃-ပါး

သိစိမ့်သေချာ၊ အကျဉ်းမှာပိမ့်
(၁) ‘သဘာဝ ပရိကတ်၊ နှစ်ဣဋ္ဌပ်နှင့်’
(၂) ‘သောမနဿမည်၊ သန္ဓေတည်လျက်’
(၃) ‘မလေးနက်ငြား၊ သဘောထား’ဟု
သုံးပါး သောမနဿ၊ ဖြစ်ကြောင်း ပြ၏။

ဥပေက္ခာ ဖြစ်ကြောင်း ၃-ပါး

(၁) ‘ဣဋ္ဌမဇ္ဈာ’၊ (၂) ‘ဥပေက္ခာဖြင့်၊ ကောင်းစွာသန္ဓေ၊ စွဲကပ်ပေ၍’၊
(၃) ‘စိတ်နေလေးနက်’၊ ဤသုံးချက်မှာ
ဥပေက္ခာပေါင်း ဖြစ်တတ်ကြောင်းတည်း။

ဒိဋ္ဌိဖြစ်ကြောင်း ၂-ပါး

(၁) ‘ထပ်လောင်း သဿတ၊ ဥစ္ဆေဒဟု၊ နှစ်ဝဒိဋ္ဌိ၊ အာသယရှိလျက်’၊
(၂) ‘ဒိဋ္ဌိများဟူ၊ ယူမှားသူကို၊ ကြည်ဖြူလေးမြတ်’၊ ဤနှစ်ရပ်ကြောင့်၊
ဖြစ်တတ်လေအင်၊ ဒိဋ္ဌိလျှင်တည်း။

‘အသင်္ခါရ’၊ ‘သသင်္ခါရ’ဖြစ်ကြောင်း ၆-ပါး

‘အသင်္ခါရမ်’၊ ဖြစ်ကြောင်းမှန်ကား
(၁) ‘ယင်းကံဖန်လေ၊ တည်သန္ဓေနှင့်’၊
(၂) ‘ကိုယ်နေခန့်ကျန်း’၊ (၃) ‘ပူအချမ်းကို၊ နှမ်းမျှလောက်ပင်၊ ထီမထင်ခဲ့’၊
(၄) ‘အစဉ်လုံ့လ၊ ဝီရိယကြောင့်၊ ရမည့်အကျိုး၊ ရည်မျှော်ကိုး၏’၊
(၅) ‘ပြုရိုးကိစ္စ၊ လေ့ကျင့်ရ၍’၊
(၆) ‘ဘောဇနဥတု၊ မျှတမှု’ဟု၊
ခြောက်ခုလည်းကောင်း၊
ထပ်ပြန်လောင်းက၊ ဖြစ်ကြောင်း ‘သသင်္ခါရ’တွင်သည်။

ဒေါမနဿ ဖြစ်ကြောင်း ၄-ပါး

ဒေါမနဿ၊ ပဋိဃတို့၊
ဖြစ်ကြရန်လှစ်၊ အကြောင်းစစ်က၊
(၁) ‘ဒေါသဇ္ဈာသယော’၊ (၂) ‘စိတ်သဘော၏၊ တိမ်ကောသေးနု’၊
(၃) ‘အပ္ပဿု’နှင့်၊ (၄) ‘တွေ့မှုအနိဋ္ဌ’၊
ဤလေးဝသည်၊ မှတ်ကြနှင့်ဖွယ် အချုပ်တည်း။
(အပ္ပဿု = အကြားအမြင်နည်းခြင်း)

ဉာဏ်ဖြစ်ကြောင်း ၅-ပါး

(၁) ‘ရှေးက ပညာ၊ ထက်ဖို့ရာဟု၊ ကုသိုလ်ပြုခဲ့’၊
(၂) ‘ယခု ရူပ၊ ဘုံဌာန၌၊ ဖြစ်ရပြန်ပေ’၊
(၃) ‘ပညိနြေ္ဒထောက်၊ ရင့်ချိန်ရောက်လာ’၊
(၄) ‘ဘာဝနာစွမ်း၊ ကိလေခန်းဘိ’၊
(၅) ‘တိဟိတ်သန္ဓေ၊ စွဲကပ်နေသည်’၊
ဉာဏ်ရွှေ စိန်စက် ထက်ကြောင်းတည်း။

+++++

လောကချမ်းသာ စနေနေ့ တရားပွဲကို စိန်စည်ဆရာတော် အရှင်သညောဘာသ,က ‘ပညာသံဝတ္တနိက’ - ပညာဖြစ်ကြောင်း ခုနစ်ပါးကို မှတ်သားဖွယ်ရာ အဖြာဖြာနှင့် အကျယ်တဝင့် ဟောကြားသွား၏။


ဗုဒ္ဓအလိုကျ ကျင့်သုံးနေထိုင်ကြသော ဗုဒ္ဓဘာသာဝင် မဟုတ်သူများနှင့် ဗုဒ္ဓအလိုကျ မကျင့်သုံး မနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များအကြောင်းကိုလည်း ရှင်းလင်းသွားပြီး၊ ဝိပဿနာတရား အားထုတ်ခြင်းသည် ပညာဖြစ်ကြောင်းအတွက် အကောင်းဆုံးဖြစ်ရုံမက သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ရာ တစ်ကြောင်းတည်းသော လမ်းဖြစ်ကြောင်း ဟောကြား ညွှန်ပြသွားကာ ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။



+++++
စာကိုး
‘အရှင်သီလာနန္ဒာဘိဝံသ’၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ - အတွဲ(၁)”
‘အရှင်ပညာသီဟ’၏ “သိမှတ်ဖွယ်ရာ အဘိဓမ္မာ”

Friday, November 20, 2009

ဤခရီး နီးလာပြီ - အရှင်အဘယာလင်္ကာရ


၂၀၀၉ ခု အောက်တိုဘာလ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ပျံလွန်တော်မူသွားသော ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းရှိ ပုညာရာမ မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော် အရှင်ပုညာနန္ဒကို ရည်စူးပြီး၊ ဆရာတော်၏ တပည့် ဒကာ ဒကာမ မိသားစုများက ဦးဆောင်ကာ ၂၀၀၉ ခု နိုဝင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့မှာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် ၇ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်ကို မြန်မာထမင်းဟင်း မြန်မာမုန့်မျိုးစုံတို့နှင့် ကျွေးမွေးဧည့်ခံ ကောင်းမှု ကုသိုလ် ပြုလုပ်ကြ၏။


ဘော်စတွန်မြို့၊ မဟာစည် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ဘုန်းကြီး ဦးအဘယာလင်္ကာရမှ “ဤခရီး နီးလာပြီ”ဟူသော တရားချီးမြှင့်၏။


….. ဘုန်းကြီး မနက်က ဆရာတော် ဦးပုညာနန္ဒရဲ့ တရားဖွင့်ထားတာ ကြားနေရပြီး၊ သူ့တရားထဲမှာ ဟောဒီ လင်္ကာလေး ရွတ်ဆိုသွားတာ ကြားလိုက်ရသေးတယ်။
“ငါ၏ခန္ဓာ၊ လိုမပါ၊ မကြာသေလတ္တံ့”တဲ့။ ဘုန်းကြီး ဒီ ‘ဤခရီး နီးလာပြီ’ဆိုတဲ့ ခေါင်းစဉ်နဲ့ မကြာ မကြာ တရားဟောဖူးပါတယ်။ ဒီထဲ နာဖူး ဖတ်ဖူးကြတဲ့သူတွေ ပါ,ပါလိမ့်မယ်။ ….

ဇီဝိတံ ဗျာဓိ ကာလော စ၊
ဒေဟ နိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝ လောကသ္မိံ၊
အနိမိတ္တာ န နာယရေ။
(သံ၊ ဋ္ဌ၊ ၁၊ ၃၉။ ဝိသုဒ္ဓိ၊ ၁၊ ၂၂၈။)

အသက်, ရောဂါ၊ သေချိန်ခါနှင့်
မြှုပ်ရာဌာနေ၊ ရောက်လေ ဂတိ
ဤသည့်ငါးမျိုး၊ မသိနိုးဟု
ဆိုရိုးဓမ္မ၊ ထားခဲ့ကြ၏ … လို့ ဆိုထားတာ မဟုတ်လား။

ဘယ်အသက်အရွယ်မှာ၊ ဘယ်လိုရောဂါ ဘယ်အကြောင်းနဲ့၊ ဘယ်နေ့ဘယ်အခါ ဘယ်အချိန်မှာ သေပြီး၊ ဘယ်အရပ်မှာ မြှုပ်နှံရမယ်၊ ဘယ်ဂတိရောက်မယ်ဆိုတာ မသိနိုင်ကြဘူး မဟုတ်လား။ ခုဆိုရင်ပဲ ဆရာတော် ဦးပုညာနန္ဒကို ကြည့်ပေါ့။

….. ဒီတော့ …. ဟိုး အရင်က ‘ဗုဒ္ဓဓမ္မ လောကစာစောင်’ထဲ မှာ ပါတာနဲ့ တူတယ်။
ဒီ လင်္ကာလေး မှတ်သားစရာ ကောင်းတယ်။ လိုက်ဆိုကြည့်ကြ။

“မသေခင် တစ်ဘဝ
နေကြရ တို့သူငါ
ချစ်မေတ္တာ စိတ်မှာစွဲ
မြဲကြစေရာ။

လောဘနဲ့ ဒေါသကို ခွာ
မစ္ဆေရလွတ်ကင်း
ငြူစူမိ ထိုဣဿာ
ကိုယ်စိတ်မှာ ဝေးစေကွဲ့ မင်း။”

ဒီ ဘဝ ခဏတာ တွေ့ကြရတဲ့ အချိန်လေး မဟုတ်လား။ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယတွေ ဝေးဝေးထား၊ မေတ္တာနဲ့ နေကြ။

မိုးကုတ်ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုတွေကို ခံယူ လိုက်နာနေကြတဲ့ တပည့် သားသမီးတွေ ဆိုတော့ ဆရာတော်ကြီးရဲ့ အဆုံးအမ လင်္ကာလေးကို ဆိုလိုက်ကြဦး။

“ငါသည် မုချ သေရမည်
အချိန်ပိုင်းသာ လိုတော့သည်။
အသေမဦးခင် ဉာဏ်ဦးအောင် လုပ်ရမည်။”

သာဓု … သာဓု … သာဓု။

+++++

ပျံလွန်တော်မူသွားသော ဆရာတော် ဦးပုညာနန္ဒနှင့် အဝေးနေ,နေ အနီးနေ,နေ နေဖူးခဲ့ကြသော၊ ဆရာတပည့် ဖြစ်ခဲ့ဖူးကြသော၊ ဆရာတော်၏ တရားဓမ္မများကို နာယူဖူးခဲ့ကြသော တရားနာပရိတ်သတ်တို့အား ဆရာနှင့်တပည့်အကြား ရှိနိုင် ဖြစ်နိုင်ခဲ့ဖူးသော အပြစ်တို့ ကြေအေးကြစေရန် တောင်းပန်မှု ခွင့်လွှတ်မှုများကို ဆရာတော် ဦးစက္ကိန္ဒမှ တိုင်ပေး ချပေး၍ ရေစက်သွန်းချ ကောင်းမှု ကုသိုလ် အမျှ ပေးဝေခဲ့ကြလေသည်။




သာဓု … သာဓု … သာဓု။

Thursday, November 19, 2009

ယုံရမလိုလို - အရှင်ပညာသီဟ


အယူသည်းတယ်ပဲဆိုဆို အတိတ်နိမိတ်ကို ယုံတယ်ပဲ ပြောပြော၊ အဖြစ်အပျက်ကလေး တစ်ခု မှတ်မှတ်ရရ ရှိခဲ့ပါသည်။

စာရေးသူအနေဖြင့် စိတ်ထဲတွင် ထူးခြားသည်ဟု ယူဆမိသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်လို၍ ပက္ခဒိန်တွင် ရေးခြစ် မှတ်ထားလေ့ရှိပါသည်။ ထို့ကြောင့် နောင်တချိန် ပက္ခဒိန်အဟောင်းများကို ပြန်ကြည့်သည့်အခါ ထိုအဖြစ်အပျက်များကို ပြန်လည် မှတ်မိ သိရှိရသည်။

၁၉၉၉ ခုနှစ်ကတည်းက အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာအတွင်း စေတီတော်နှင့် ကျောင်းဆောင် တည်ဆောက်ရန် မြို့နယ် မြို့ပြစီမံကိန်းအဖွဲ့မှ ခွင့်ပြုချက် ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ငွေရေးကြေးရေး အခြေအနေအရ အဆောက်အဦနှစ်ခုလုံးကို တပြိုင်တည်း တည်ဆောက်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ကြောင့် အသင်းအနေဖြင့် စေတီတော် တည်ဆောက်မှုကို ပထမပိုင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ကာ ကျောင်းဆောင်တည်ဆောက်မှုကို ဒုတိယပိုင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် စီမံခဲ့ကြသည်။

စေတီတော်အတွက် အခက်အခဲ

စေတီတော်တည်ဆောက်မှုကို ကြိုးစား အကောင်အထည်ဖော်ခဲ့ရာ ဗိသုကာရှာရသည်မှာ လွယ်ကူလှသည် မဟုတ်။
အသက်သာဆုံး၊ အကောင်းဆုံးဖြင့် စေတီတော်ပုံ ရရှိရန် ဗိသုကာရှာဖွေရာ မြန်မာ၊ သီရိလင်္ကာ၊ အမေရိကန် လူမျိုးများ စုံလှသည်။
ဗိသုကာအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး ပြောင်းလဲကာ စေတီတော်ပုံ ထွက်လာအောင် ဆောင်ရွက်ခဲ့သော်လည်း အချို့ဗိသုကာများက ပြီးပြတ်အောင် ဆောင်ရွက်မပေးနိုင်ကြပေ။

ပထမဦးဆုံး မိမိတို့ တည်ဆောက်လိုသည့် စေတီတော်နှင့် ကျောင်းဆောင်ကို အင်ဂျင်နီယာ မောင်အေးခိုင်၊ ဗိသုကာ ဦးထင်မြိုင်တို့၏ အကူအညီဖြင့် ပုံစံအမျိုးမျိုး ထုတ်ကြည့်ကြသည်။
ဆရာတော်များ၏ သဘောထားကို ရယူကာ သူတို့က စေတီကို ကျောင်းဆောင်၏ ထိပ်တွင် ထား၍ ကျောင်းဆောင်နှင့် စေတီတော်ကို တွဲကာ ပုံဆွဲပြခဲ့ကြပါသည်။
နောက်ပိုင်းတွင် ဆရာတော်ဦးဣန္ဒက,က စေတီကို သီးသန့် ဆောက်လိုသည့် ဆန္ဒရှိသည့်အတွက် စေတီအောက်ခံတွင် ခန်းမ ပါရှိသော စေတီပုံကို ပြင်ဆင်၍ အဆွဲခိုင်းပါသည်။
ထို့နောက် ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် အမေရိကန်လူမျိုး တိဘက်ဗုဒ္ဓဘာသာဝင် ဗိသုကာ စတီဗင်ကိုင်လီကို တရားဝင် ငှားရမ်းကာ ဦးထင်မြိုင်နှင့် လက်တွဲ၍ ဆောင်ရွက်စေခဲ့ပါသည်။

စေတီတော်အတွက် စတီဗင်ကိုင်လီနှင့် ညှိနှိုင်း ဆောင်ရွက်နေစဉ်အတွင်း ဦးထင်မြိုင်သည် အရှေ့တီမောနိုင်ငံသို့ အလုပ်ဖြင့် ပြောင်းရွှေ့သွားရရာ အေဘီဘီအေအသင်းက ဦးထင်မြိုင်အား ကူညီဆောင်ရွက်မှုအတွက် ဒေါ်လာသုံးထောင်ကို လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။

ဦးထင်မြိုင် ဆက်လက်၍ မလုပ်ဆောင်နိုင်သောအခါ ထိုစဉ်က အေဘီဘီအေ၏ အတွင်းရေးမှူးဖြစ်သူ ဦးလှဖူးက အင်ဂျင်နီယာ ဦးမောင်မောင်ကို စေတီတော် တည်ဆောက်ရာတွင် ကူညီရန် အေဘီဘီအေအသင်းနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
ထိုအချိန်မှ စ၍ အင်ဂျင်နီယာ ဦးမောင်မောင်သည် စေတီတော် တည်ဆောက်ရေးလုပ်ငန်းတွင် ငွေကြေး တစ်ပြားတစ်ချပ်မှ မယူဘဲ ကိုယ်ရောစိတ်ပါ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ပေးနေပါသည်။

ဗိသုကာ စတီဗင်ကိုင်လီသည် အင်ဂျင်နီယာ ဦးမောင်မောင်နှင့် ဗိသုကာ ကိုကျော်မင်းတို့၏ အကူအညီဖြင့် စေတီတော်၏ အသေးစိတ် ဖွဲ့စည်း ဆက်စပ်မှုပုံကို ဆက်လက် ရေးဆွဲခဲ့သည်။ အေဘီဘီအေအသင်းက ထိုလုပ်ငန်းအတွက် စတီဗင်ကိုင်လီကို ဒေါ်လာ သုံးသောင်း ပေးခဲ့ရသည်။ သို့သော်လည်း သူသည် တည်ဆောက်မှု စတင်နိုင်အောင် စေတီတော်ပုံစံကို အပြီးသတ် ရေးဆွဲပေးရန် ကြန့်ကြာ နှောင့်နှေးနေပါသည်။

ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် ဒေါက်တာကြည်တင့်မော်မှတဆင့် ဆက်သွယ်၍ ဆန်ဖရန်စစ္စကိုတွင် နေထိုင်သော အင်ဂျင်နီယာ ဦးကြည်မြင့်မော်ကို အကူအညီတောင်းရာ လုပ်ခမယူဘဲ တတ်နိုင်သမျှ အကူအညီ ပေးခဲ့ပါသည်။ သို့သော်လည်း သူနေထိုင်ရာအရပ်နှင့် စေတီတည်မည့်နေရာ နယူးဂျာစီမှာ အလှမ်းဝေးလွန်းလှသဖြင့် အဖွဲ့နှင့် ဆက်သွယ် လုပ်ကိုင်ရာတွင် အခက်အခဲ ရှိနေပြန်ရာ တစ်နှစ်ကျော် ကြာသည်အထိ စေတီတော်၏ အသေးစိတ် ဖွဲ့စည်း ဆက်စပ်မှုပုံမှာ မပြီးနိုင်ဘဲ ဖြစ်နေပြန်သည်။ ထိုကြောင့် သူ၏ ကူညီမှုကို ရပ်ဆိုင်းခဲ့ရပြန်ပါသည်။

ထို့နောက် ဆရာတော် ဦးဣန္ဒကမှတဆင့် သီရိလင်္ကာ အင်ဂျင်နီယာ မစ္စတာ အာနန္ဒာ-ဒီ-ဆေးလ်ဗားကို ထိုကိစ္စအတွက် အကူအညီ တောင်းပြန်ရာ လုပ်ခမယူဘဲ အကူအညီပေးပါမည်ဟု မစ္စတာအာနန္ဒာက လျှောက်ထားပြီး လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပါသည်။
မူလ ရည်မှန်းထားသည့် စေတီတော်၏ ပုံစံမှာ စေတီအောက်ခြေတွင် တရားအားထုတ်၊ ဘုရားဝတ်ပြုနိုင်သည့် ခန်းမအကျယ် ထည့်သွင်း ဆောက်လုပ်မည့် ပုံစံ ဖြစ်ပါသည်။
ထိုပုံစံအတိုင်း ဆောက်လုပ်သည့်အခါ ဘုရားပတ်ဝန်းကျင်တွင် မြေသားများ ပြိုမကျစေရန် ထိန်းထားရမည့် နံရံများ တည်ဆောက်ကာ ထပ်မံ မြေကြီး ဖြည့်ရပါမည်။ ထိုလုပ်ငန်း လုပ်ဆောင်ရန် ငွေကြေးအမြောက်အမြား အသုံးပြုရမည် ဖြစ်ပါသည်။
ထိုအခြေအနေကို ကြည့်၍ အသုံးမဝင်ဘဲ မြေဖို့ခြင်းဖြင့် ငွေကုန်မည့်အစား အသုံးဝင်သည့် အဆောက်အဦ ခန်းမတစ်ခု ရရှိစေရန် မြေသားထိန်းနံရံများ ဆောက်ရမည့် အတိုင်းအတာအထိ မြေအောက် ခန်းမကြီး ထပ်မံထည့်ကာ စေတီတော်ပုံ ရေးဆွဲမည့် အစီအစဉ်ကို အဖွဲ့အား ပြောပြသည်။ အဖွဲ့က သဘောတူသဖြင့် လုပ်ခမယူဘဲ သူ့အစီအစဉ်ကို ပုံစံထုတ် ရေးဆွဲခဲ့ပါသည်။
သို့သော်လည်း မစ္စတာအာနန္ဒာမှာ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် သီရိလင်္ကာနိုင်ငံသို့ အပြီးအပိုင် ပြန်သွားသောအခါ ဆောက်လုပ်ရန် အဆင်သင့်ဖြစ်သည်အထိ အသေးစိတ် ရေးဆွဲရမည့် စေတီတော်ပုံစံမှာ မပြီးပြတ်ဘဲ ကျန်ရစ်ခဲ့ပြန်ပါသည်။

နယူးဂျာစီကျောင်းကို ဝင်ထွက် သွားလာ တရားအားထုတ်သူ မစ္စတာပေါလ်မောရိုးကို စာရေးသူက အကူအညီတောင်းခဲ့ရာ အခမဲ့ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးပါမည်ဟု ဆိုသဖြင့် အဖွဲ့နှင့် တိုင်ပင်ကာ စတီဗင်ကိုင်လီထံမှ ရေးဆွဲပြီးသား ပုံများကို မစ္စတာပေါလ်မောရိုးအား ပေးလိုက်သည်။
ပေါလ်မောရိုးက ယခင် ဗိသုကာများ ထည့်သွင်း ရေးဆွဲထားသော မြေသားထိန်းနံရံ ဆောက်၍ မြေဖို့မည့်အစား တောင်ကုန်းမို့မို့သဏ္ဌာန် ဖန်တီးကာ ထိုကုန်းပေါ်တွင် စေတီတည်ရန် အကြံပေးသည်။
ထိုအချက်ကို အင်ဂျင်နီယာ ဦးမောင်မောင်နှင့် အေဘီဘီအေအသင်းက သဘောတူခဲ့သည်။
ထို့ပြင် စေတီတော်တည်ဆောက်မှုကိစ္စကို အဓိက ဆုံးဖြတ်ချက် ချနိုင်သူတို့က စေတီအောက်ခြေတွင် အာရုံခံတန်ဆောင်း မထည့်တော့ဘဲ မြေစိုက်စေတီကိုပဲ တည်ဆောက်ရန် ဆုံးဖြတ်၍ မစ္စတာပေါလ်မောရိုးကို အရေးဆွဲခိုင်းသည်။
မစ္စတာပေါလ်မောရိုးက မြို့ပြစီမံကိန်းဌာနမှ အင်ဂျင်နီယာနှင့် တိုင်ပင်ကာ ယခင် ဗိသုကာများ ရေးဆွဲထားသည်ကို အခြေခံ၍ မြေစိုက်စေတီတော်ပုံကို ရေးဆွဲပေးသည်။
သူသည် လုပ်ငန်းအတွက် ပိုမို ကောင်းမွန်သည့် ပုံဖော်မှု အယူအဆတွင် ကောင်းမွန်သော်လည်း အသေးစိတ် ရေးဆွဲရာတွင် အားနည်းသဖြင့် အပြီးသတ်ရန် ကြန့်ကြာနေပါသည်။
ထို့ကြောင့် သူ၏ လုပ်ဆောင်မှုကို အဖွဲ့မှ ရပ်တန့်ခဲ့ရပြန်သည်။
ပေါလ်မောရိုးကို လုပ်အားခ ဒေါ်လာ ၉,၀၀၀ ပေးလိုက်ရပါသည်။

မစ္စတာပေါလ်မောရိုးနှင့် အလုပ်မဖြစ်သောအခါ နယူးယောက်မှ ကာစနေဒ ဗိသုကာ ကုမ္ပဏီထံ အလုပ်အပ်နှံရသည်။
ဦးမောင်မောင်၊ ကိုကျော်မင်းတို့၏ အကူအညီဖြင့် ဗိသုကာအမျိုးမျိုးတို့က အဆင့်ဆင့် တိုး၍ ရေးဆွဲပြီးသည့် စေတီပုံကို ကာစနေဒဗိသုကာကုမ္ပဏီက တည်ဆောက်ရန် ခွင့်ပြုချက် ရသည်အထိ အပြီးသတ် ရေးဆွဲပေးသည်။ စေတီတော်အတွက် ထိုကုမ္ပဏီနှင့် ဆက်သွယ် လုပ်ဆောင်ရာတွင် ဒေါ်လာ ရှစ်သောင်းကိုးထောင် ကုန်ကျပါသည်။

စေတီတော်တည်ဆောက်ရေးလုပ်ငန်း စတင်ရန် မြို့နယ်ဆောက်လုပ်ရေးဌာနမှ ခွင့်ပြုချက် ရသောအခါ အခြေခံ အကြမ်းထည် ဆောက်လုပ်မည့် ကုမ္ပဏီကို ရှာဖွေ ခေါ်ယူရ၏။ စေတီတော်မှာ ထူးခြားသည့် အဆောက်အဦ ဖြစ်နေသဖြင့် လုပ်ကိုင်ရန် စိတ်ဝင်စားသူ နည်းပါးလှသည်။
ထို့ကြောင့် စိတ်ဝင်စားသည့် တစ်ခုတည်းသော K & R ကုမ္ပဏီနှင့်ပင် စတင် လုပ်ကိုင်ရတော့၏။ လက်ရာနှင့် ပေးရသည့်ဈေးကို အကျေနပ်ကြီး မဟုတ်သော်လည်း လုပ်ချင်စိတ်နှင့် လုပ်ပေးသည်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်နေ၏။

စေတီတော် အကြမ်းထည်ပြီးသောအခါ အချောသတ်ဖို့ လိုလာပြန်သည်။
ထို့ကြောင့် စေတီတော်ကို အချောသတ် ပုံဖော်ပေးဖို့ ပညာရှင်များကို လက်လှမ်း မှီသမျှ ကြိုးပမ်း ရှာဖွေရပြန်သည်။ လွယ်ကူလှသည် မဟုတ်။ ဗုဒ္ဓဘာသာ မြန်မာပညာရှင်များကို ခေါ်ယူ ပြသကြည့်၏။ အကြံဉာဏ်တောင်း၏။ အကူအညီတောင်း၏။ အလုပ်အပ်ရန် စီစဉ်၏။ သို့သော် အထင်နှင့် လက်တွေ့တွင် ပါစင်အောင် လွဲသဖြင့် နောက်ဆုံး အခင်(ကိုလေး)နှင့်ပင် စခန်းသွားရန် စီစဉ်ရတော့သည်။

စေတီတော် အချောသတ်ရေးအတွက် ကိုအခင် အလုပ်ဝင်နိုင်ရန် အင်ဂျင်နီယာ ဦးမောင်မောင်၊ ကိုကျော်မင်း၊ ကိုသိန်းဝင်း၊ ကိုအောင်ကျော်မိုး၊ ကိုဝင်းမော်၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်း၊ ကိုစောကြင်၊ ကိုမင်းမင်း စသူတို့က လိုအပ်သည့် ပန်းချီ ပန်းခက်များ ဆွဲခြင်း၊ ပုံဖော်ခြင်း၊ ပုံစံခွက် ပြုလုပ်ခြင်း၊ ပုံလောင်းခြင်း စသည်များ ပြုလုပ်ကာ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ခဲ့ကြရသည်။ ထို့ကြောင့် စေတီတော်မှာ ယခု တွေ့မြင်ရသည့် အတိုင်းအတာထိ ပြီးစီးနေပြီ ဖြစ်ပါသည်။

စေတီတော်ကြီး အပြီးသတ်ရန် လှေကား လက်ရန်းများ တပ်ဆင်ခြင်း၊ ကျောက်ပြားခင်းခြင်း၊ စေတီအရံလေးများ အပြီးသတ် တည်ဆောက်ခြင်း၊ စေတီပလ္လင်နှင့် ဘုရားကျောင်းဆောင်လေးများအတွက် ကနုတ်ပန်းများ တပ်ဆင်ခြင်း၊ လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ခြင်း စသည့် လုပ်ဆောင်စရာများ များစွာ ကျန်ရှိပါသေးသည်။

ကျောင်းဆောင်အတွက် အခက်အခဲ

စေတီတော်တည်ဆောက်နေစဉ်အတွင်း ဒုတိယအဆင့်ဖြစ်သည့် ကျောင်းဆောင် ဆောက်လုပ်ရန် ကိစ္စကို မစတင်နိုင်ခဲ့ပါ။
၁၉၉၉ ခုနှစ် ပါမစ်ချပေးစဉ်က အကြမ်းထည်အနေဖြင့်သာ ကျောင်းဆောင်ပုံစံကို တင်ပြထားခဲ့ရာ ဆောက်လုပ်သည့်အခါ အခန်းဖွဲ့ခြင်း၊ ရေပိုက်သွယ်ခြင်း၊ မီးကြိုးသွယ်ခြင်း၊ အပူအအေးအတွက် စီမံခြင်း၊ အိမ်သာရေချိုးခန်းထားခြင်း စသည့် အရာများကို အသေးစိတ် ထည့်သွင်း ရေးဆွဲပြီး ထပ်မံ တင်ပြရမည် ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းဆောင်အတွက် လိုအပ်ချက်များကို ထည့်သွင်း၍ အပြီးသတ် ရေးဆွဲရန် ဗိသုကာရှာသောအခါ စတီဗင်ကိုင်လီကိုပင် အလုပ်အပ်ရန် စီမံခဲ့မိပြန်သည်။
အကြောင်းမှာ သူ့အနေဖြင့် စေတီတော်ပုံသည် ခက်ခဲ၍ အပြီး မရေးဆွဲနိုင်သည် ဖြစ်ရမည်။ ကျောင်းအဆောက်အဦကတော့ သာမန် ရိုးရိုး ဖြစ်၍ မခက်ခဲလောက်။ ထို့ကြောင့် ကျောင်းအဆောက်အဦ ပုံဆွဲခကို အခြားသူအား ပေးမည့်အစား စီမံကိန်းစကတည်းက စိတ်ရှည်စွာဖြင့် လုပ်ကိုင်ပေးခဲ့သော သူ့ကို ပေးသင့်သည်၊ ပေးမည်ဟု အဖွဲ့က ဆုံးဖြတ်သည်။
အခြား အကြောင်းတစ်ခုမှာ ကာစနေဒဗိသုကာကုမ္ပဏီက ကျောင်းအဆောက်အဦ ပုံဆွဲခအတွက် ဒေါ်လာ တစ်သိန်းခြောက်သောင်း တောင်း၍ စတီဗင်ကိုင်လီက ဒေါ်လာ လေးသောင်းသာ တောင်းသည်။ ဈေးအလွန် ကွာလွန်းလှသဖြင့်လည်း စတီဗင်ကိုင်လီကို အလုပ်အပ်နှံခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ့ကိုယ်ရေးကိုယ်တာကိစ္စ အကြောင်းအမျိုးမျိုးကြောင့် သုံးနှစ်ကြာသည့်တိုင် သူသည် အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်မပေးပြန်ပေ။
ထို့ကြောင့် အေဘီဘီအေအသင်းအတွက် အခက်အခဲနှင့် ကြုံရပြန်သည်။

၂၀၀၈ ခုနှစ် နွေရာသီ အခြေခံဗုဒ္ဓဘာသာသင်တန်းအပြီး ဆရာ၊ မိဘနှင့် သင်တန်းသူ သင်တန်းသား ကလေးများ စုပေါင်း ဆွမ်းကပ်၊ တရားဟော၊ တရားနာကာ စကားစမြည်ပြောကြရာ ဒေါက်တာကြည်စိုးက “ကလေးတွေ စာသင်နေစဉ်အတွင်း ကလေးမိဘတွေက တရားထိုင်ရရင် ကောင်းမှာပဲ ဘုရား”ဟု လျှောက်ထားသည်။
“အေး … ကလေးတွေ နည်းတုန်းက ဟိုဘက်ကျောင်းမှာ ကလေးတွေကို စာသင်၊ လူကြီးတွေက ဒီဘက် ဓမ္မာရုံမှာ ဘုရားဝတ်တက်၊ တရားထိုင်တာ လုပ်ခဲ့တယ်။ ခု ကလေးတွေက များ၊ အတန်းတွေကိုလည်း ခွဲပြီး သင်ရတော့ နေရာမလုံလောက်ဘဲ ဖြစ်နေတယ်။ နေရာအတွက် အခက်အခဲ မရှိအောင်ဆိုပြီး ကျောင်းဆောင်ဆောက်ဖို့ စီမံနေတာလဲ ကျောင်းဆောင်ပုံစံဆွဲဖို့ ဗိသုကာ အခက်အခဲက ရှိနေပြန်တယ်”လို့ စာရေးသူက ပြန်ပြောပြသည်။

ထိုအခါ ကလေးမိဘတစ်ဦးဖြစ်သည့် ကိုအောင်သန်းက “တပည့်တော်တို့က အားလုံး အဆင်ပြေနေတယ် ထင်တာ။ ဒီလို အခက်အခဲတွေ ရှိနေတယ်ဆိုတာကို မသိဘူး။ တပည့်တော် ညီတဝမ်းကွဲ တစ်ယောက်တော့ ရှိတယ်။ ဒဲရစ်ချို တဲ့။ အမေရိကားမှာ ဗိသုကာပညာနဲ့ ကျောင်းပြီးတာပဲ။ အရှင်ဘုရား သိမှာပါ။ ဦးစောဟုန်ရဲ့ သားပါ။ သူ အကူအညီပေးနိုင်မလား မပြောတတ်ဘူး။ တပည့်တော် သူ့ကို မေးကြည့်ပြီး အရှင်ဘုရားကို ပြောပါမယ်”ဟု လျှောက်ထားသည်။

တနေ့တွင် စာရေးသူထံ ဒဲရစ်ချို လာ၍ ဆွဲပြီးသား ကျောင်းပုံစံ စသည်တို့ကို တောင်းယူ ကြည့်သည်။ တတ်နိုင်သမျှ ကူညီရန်လည်း ပြောလိုက်သည်။ ထို့နောက် သူ့ကို အင်ဂျင်နီယာ ဦးမောင်မောင်နှင့် မိတ်ဆက်ပေးလိုက်သည်။ ဦးမောင်မောင်က အဖွဲ့ကို တင်ပြ၍ ဗိသုကာ ဒဲရစ်ချိုအား ကျောင်းပုံစံဆွဲရန် ဒေါ်လာ နှစ်သောင်းလေးထောင်ဖြင့် အလုပ်အပ်နှံခဲ့သည်။ လုပ်အားခထဲမှ ၂၅ ရာခိုင်နှုန်းကို အေဘီဘီအေအသင်းအား ပြန်၍ လှူဒါန်းသဖြင့် သူယူသော လုပ်အားခမှာ ဒေါ်လာ တစ်သောင်းရှစ်ထောင်သာ ဖြစ်ပါသည်။

ကျောင်းဆောင်ပုံစံကို ပြင်

ဒဲရစ်ချိုနှင့် ဦးမောင်မောင်တို့ ညှိနှိုင်း တိုင်ပင်၍ ကျောင်းဆောင်အတွက် လိုအပ်ချက်ကို ပြင်ဆင်သည်။
ပြင်ဆင်ချက်များမှာ - အောက်ထပ်ရှိ အဆောင်နှစ်ခုကြား အကျယ်အဝန်းကို တစ်ပေတိုးချဲ့ခြင်း၊ လှေကား လေးခုအစား နှစ်ခုသာ ထည့်ခြင်း၊ လှေကားများကို ဝရန်တာဘက် ထုတ်လိုက်ခြင်း၊ ဝရန်တာကို လေးပေ ရှစ်လက်မအစား ခြောက်ပေ တိုးချဲ့ခြင်း၊ အပေါ်ထပ်တွင် အိမ်သာများ ထပ်မံ ထည့်ခြင်း၊ မြေအောက်ခန်းကို မူလက အဆောင်တစ်ခု၏ အောက်မှာသာ ထားပြီး၊ ယခု အဆောင်နှစ်ခုစလုံး၏ အောက်တွင် ထည့်ထားခြင်း၊ ယခင်က ဟင်းလင်းပွင့်နေသော တောင်ဘက်နှင့် မြောက်ဘက်ဝရန်တာကို အလုံပိတ်ကာခြင်း စသည်တို့ ဖြစ်သည်။

ပါမစ် ထပ်မံလျှောက်ရ၊ ကန့်ကွက်ကြ

ကျောင်းဆောင်ပုံစံ ဆွဲပြီးသောအခါ မြို့နယ် မြို့ပြစီမံကိန်းဌာနသို့ မိမိတို့ စီမံကိန်းကို ရှေ့နေနှင့် တင်သွင်း လျှောက်ထားရသည်။
ကျောင်းဆောင် ဆောက်လုပ်ခွင့်ပါမစ်ကို လွန်ခဲ့သော ဆယ်နှစ်ကျော်က ချပေးပြီး ဖြစ်သော်လည်း မိမိတို့အနေဖြင့် ကျောင်းဆောင်ပုံစံကို ပိုမို ကောင်းမွန်အောင် အသုံးဝင်အောင် အထက်ပါအတိုင်း ပြင်ဆင်လိုက်သဖြင့် မြို့နယ် မြို့ပြစီမံကိန်းဌာနသို့ ထပ်မံ တင်ပြရခြင်း ဖြစ်သည်။

မိမိတို့ တင်ပြချက်အတွက် အိမ်နီးနားချင်းများ၏ သဘောထားကို သိရန် မြို့နယ် မြို့ပြစီမံကိန်းဌာနမှ ၂၀၀၉ ခု သြဂုတ်လ ၆ ရက်နေ့တွင် ပထမအကြိမ် အစည်းအဝေး ခေါ်သည်။
မိမိတို့ ကျောင်းနှင့် ပေနှစ်ရာ အကွာအဝေး အတွင်းရှိ အိမ်များကို ရှေ့နေမှတဆင့် စာပို့၍ အသိပေးရသည်။
ပထမအစည်းအဝေးတွင် အိမ်နီးနားချင်း မိသားစု နှစ်စု လာ၍ ပြောဆို တိုင်တန်းကြသည်။

ပထမ မိသားစုက “မြေကွက်အသစ် နေရာကို ဘာလုပ်ဖို့ ရည်ရွယ်ချက် ရှိသလဲ၊ သစ်ပင်စိုက်ပေးပါ၊ … စသည်ဖြင့်” တောင်းဆိုသည်။ သူတို့အိမ်အတွက် အကာအကွယ်ရရန် မိမိတို့ကို သစ်ပင်စိုက်ပေးရမည်ဟု တောင်းဆိုခြင်းသည် တရားမျှတမှု မရှိပေ။ သို့သော် မိမိတို့ကိစ္စ ပြီးမြောက်ရေးအတွက် စိုက်ပေးပါမည်ဟု ကတိပေးရသည်။

နောက်မိသားစုကတော့ “သူ့အိမ်နားကပ်ရက်က အိမ်တွင် လူအဝင်အထွက် များကြောင်း၊ ကျောင်းနှင့် လူအဝင်အထွက် အကူးအသန်းများ ရှိကြောင်း၊ ဒါဟာ နယ်ချဲ့လာတာဖြစ်ကြောင်း” စသည်ဖြင့် တိုင်တန်း ပြောဆိုသည်။
“သူ့အိမ်နီးချင်းနှင့် ကျောင်းသည် အတူတူ မဟုတ်၊ သီးခြားဖြစ်ကြောင်း၊ တစ်ကြိမ်သာ မိမိတို့ ကျောင်းမှ လူအများ အသုံးပြုကြောင်း” စသည်ဖြင့် ဖြေကြားသော်လည်း လက်မခံသဖြင့် သီးခြားဖြစ်ကြောင်း သိသာထင်ရှားစေရန် ခြံစည်းရိုးကာပေးမည်ဟု ကတိပေးလိုက်ရသည်။

ပထမအကြိမ် အစည်းအဝေးတွင် စာရေးသူ၊ ဆရာတော်ဦးဣန္ဒက၊ ဦးသောဘန၊ ဦးစောဝင်း၊ ဒဲရစ်ချို၊ ဦးမောင်မောင်၊ ဒေါ်မြတ်မြတ်၊ မစ္စတာပေါလ်ပါ့စဝသ်၊ ရှေ့နေတို့ တက်ရောက် နားထောင်ကြသည်။
အစည်းအဝေးအပြီးတွင် ကန့်ကွက် ပြောဆိုမှုများကြောင့် အေဘီဘီအေအသင်းအနေဖြင့် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့သည်။
စာရေးသူအနေဖြင့် ၁၉၉၇-၉၉ ခုနှစ်များက မြို့နယ် မြို့ပြစီမံကိန်းဌာန အစည်းအဝေးများတွင် အတွေ့အကြုံ ရှိပြီးသား ဖြစ်၍ ပူပန်မှု မဖြစ်ခဲ့ပါ။
အကြောင်းမှာ လက်ရှိနေရာကို အဓိက ဘာသာရေးဌာနအဖြစ် တင်ပြ တောင်းဆိုရာ ခွင့်ပြုချက် ရပြီးသားဖြစ်သည့်အပြင် အဆောက်အဦမှာလည်း ခွင့်ပြုချက်ပေးပြီးသားဖြစ်သည်ကို သိနေသောကြောင့် ဖြစ်ပါသည်။

မိမိတို့ ပေးထားသည့် ကတိအတိုင်း သစ်ပင်စိုက်ခြင်း၊ ခြံစည်းရိုးကာခြင်းတို့ကို ပြုလုပ်ခြင်း ရှိ,မရှိ စောင့်ကြည့်မည်ဟု မြို့ပြစီမံကိန်းဌာနက ပြောကာ နောက်တကြိမ် ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၀၉ ခု စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပရန် ရက်ချိန်းပေးလိုက်သည်။

ပေးထားသည့် ကတိအတိုင်း သစ်ပင် အပင်သုံးဆယ်ကျော် စိုက်ရ၍ အေဘီဘီအေအသင်းအနေဖြင့် ငွေ ခုနစ်ထောင်ကျော် ရှစ်ထောင်နီးပါး အကုန်အကျ ခံလိုက်ရသည်။
ခြံစည်းရိုး ကာလိုက်ရသဖြင့် ငွေ ရှစ်ထောင်ကျော် ကိုးထောင်နီးပါး အကုန်အကျ ခံရပြန်သည်။
ထို့အပြင် အစည်းအဝေးခေါ်တိုင်း မြို့နယ်သို့ ငွေ နှစ်ထောင်နီးပါးခန့် တင်သွင်းရပြန်သည်။
ရှေ့နေခကလည်း နာရီအလိုက် ပေးရသည်မို့ အကောင်အထည် မမြင်ရဘဲ ကုန်ကျနေရသည့်ငွေမှာ နည်းလှသည်တော့ မဟုတ်ပေ။

ဒုတိယအကြိမ် အစည်းအဝေးသို့ စာရေးသူ မတက်ရောက်ဘဲ၊ ဆရာတော် ဦးဣန္ဒက၊ ဦးသောဘန၊ ဦးစိန်မြင့်၊ ဒေါ်လီလီဌေး၊ ဦးမောင်မောင်၊ ရှေ့နေတို့ တက်ရောက် နားထောင်ကြသည်။
တဆင့်စကား ကြားရသည်မှာ နောက်ထပ် အိမ်နီးနားချင်း မိသားစုမှ (ကျောင်းနှင့်ကပ်ရက်၊ ရေကူးကန်ရှိသော အိမ်) အမျိုးသမီးက “ကျောင်းခြံစည်းရိုးတွင် မတ်တတ်ရပ်၍ ကျင်ငယ်စွန့်နေသော အမျိုးသားတစ်ဦးကို ရိုက်ထားသည့် ဓာတ်ပုံကို အဖွဲ့သို့ တင်ပြကာ သူ့မှာ ဆယ့်သုံးနှစ်အရွယ် သမီးရှိကြောင်း၊ အလွန်ပူပန်ရကြောင်း၊ ကားများ ကျောင်းဝင်းအတွင်းက မြက်ခင်းပေါ် ရပ်ကြောင်း၊ ညအချိန် ကားမီး သူတို့အိမ်ထိုးကြောင်း၊ နောက်တင်ပြရန် ဓာတ်ပုံပေါင်း ရာချီရှိကြောင်း စသည် စသည်”ကို တိုင်တန်း ပြောဆိုသည်ဟု သိရသည်။
ထို့အပြင် အိမ်နီးနားချင်းများကို လာရောက် ကန့်ကွက်ရန် စည်းရုံးနေသည့် အန်ထော်နီထရိန်နာက စပီကာ (ဘူးလ်ဟွန်း) အသုံးပြု၍ ပြောဆို ကြေညာနေသည့်ပုံကို ပုံကြီးချဲ့၍ ဘုတ်အဖွဲ့ဝင်များအား ဝေငှကာ အသံဆူညံကြောင်းကို တိုင်တန်း ပြောဆိုသည်ဟု သိရသည်။
ထို့ကြောင့် အင်ဂျင်နီယာ ဦးမောင်မောင်က အချို့ အချက်အလက်များကို ပြန်လည် ရှင်းလင်း တင်ပြသည့်အခါ မြို့ပြစီမံကိန်းဌာနမှ အဖွဲ့ဝင်များအနေဖြင့် နားလည် လက်ခံသည်ဟု သိရပါသည်။

စာရေးသူအနေဖြင့် တချို့ တိုင်တန်းမှုသည် ဆီလျော် သင့်မြတ်မှုရှိသော်လည်း တချို့ တိုင်တန်းမှုသည် အဓိပ္ပာယ် မရှိဟု ယူဆကာ စိတ်ပျက်မိသည်မှတပါး မိမိတို့ ကိစ္စအတွက် ခွင့်ပြုချက် မရမည်ကို မစိုးရိမ်ပါ။
ဒုတိယအကြိမ် အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ချမပေးသေးဘဲ တတိယအကြိမ် အစည်းအဝေးအတွက် ၂၀၀၉ ခု အောက်တိုဘာ ၁ ရက်နေ့ကို ချိန်းဆိုလိုက်ပြန်သည်။

အတိတ်နိမိတ်ဆိုတာ တကယ်လား

တတိယအကြိမ် အစည်းအဝေး မတိုင်မီ တစ်ရက်တွင် စာရေးသူအနေဖြင့် ပထမအကြိမ် အစည်းအဝေးရက်ကို ပက္ခဒိန်တွင် မှတ်တမ်း မတင်ရသေးသဖြင့် ပက္ခဒိန်ကို လှန်၍ ယနေ့ အစည်းအဝေးရှိသည် ဟု ရေးခြစ် မှတ်သားရာ ပထမအကြိမ် အစည်းအဝေးရက်ဖြစ်သည့် သြဂုတ်လ ၆ ရက်နေ့တွင် ရေးမှတ်ရမည့်အစား စာရွက်အလှန်မှားကာ နိုဝင်ဘာလ ၅ ရက်နေ့ နေရာတွင် ရေးမှတ်မိလိုက်သည်။

နောက်မှ ပက္ခဒိန်ထိပ်ရှိ လအမည် နေရာကို ကြည့်လိုက်ရာ အထိတ်တလန့်ဖြစ်ကာ ရေးမှတ်ပြီးသည်ကို ချက်ချင်း ပြန်ပြီး မှင်ဖြင့် ရေးခြစ် ဖျက်မိပြန်သည်။
ထိုအဖြစ်အပျက်ကို အတိတ်နိမိတ်ကောက်ကာ “ဟ… တတိယအကြိမ်နဲ့ မပြီးသေးဘဲ နောက်တစ်ကြိမ် အစည်းအဝေး သွားရဦးမှာပါလား။ ဇာတ်လမ်းက ရှည်နေဦးမှာပါလား။ အဆင်ပြေမှ ပြေပါ့မလား”ဟု တွေးတော ပူပန်မိလိုက်သည်။

ထို့အပြင် ပထမအကြိမ် အစည်းအဝေး ညမတိုင်မီ ထိုနေ့ နံနက်စောစော လမ်းလျှောက်ရာ ကျောင်းဝင်း၏ ခြံစည်းရိုး ငုတ်တိုင်တွင် ဗိုက်စူးဝင်ပြီး သမင်တစ်ကောင် သေနေသည်ကို တွေ့ရ၍ မြူနီစီပယ်ဌာနကို ခေါ်ပြီး အရှင်းခိုင်းရသည်။
ပထမ သမင်အသေကောင်ကို ရှင်းပြီးလို့မှ မကြာသေးမီ နောက်သမင်တစ်ကောင် ကျောင်းအဝင်ဝတွင် သေနေတာ တွေ့ရပြန်တော့ “ဒီနေ့ည မြို့ပြစီမံကိန်းဌာန အစည်းအဝေးသွားရမှာ တယ် နိမိတ်မကောင်းပါလား၊ ဘာပြဿနာတွေ ကြားရမလဲ”ဟု စိတ်ထဲတွင် ဖြစ်မိပါသည်။

စေတီတော်နှင့် ကျောင်းဆောင်ဆောက်ရန် ငွေမပြည့်စုံသေး၍ နှောင့်နှေးနေသည်ကို ဗေဒင်ဆရာတစ်ဦးက အဖြူကောင်နှစ်ကောင် ဒီကျောင်းဝင်းထဲမှာ ရှိနေတယ်။ အဲဒီကောင်တွေ နှောက်ယှက်နေလို့ ကြနေတာ ဟု ဆိုခဲ့ဖူးသည်။ အဖြူကောင်နှစ်ကောင်ဆိုသည်မှာ အိမ်နီးနားချင်းများဖြစ်ကြသည့် အန်ထော်နီထရိန်နာနှင့် အခြား (အမည်မသိရသည့်) အန်ထော်နီများ ဖြစ်နေမလားဟု မဆီမဆိုင် လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က ကြားခဲ့ရသည့် စကားကိုလည်း ပြန်လည် သတိရမိပြန်သေးသည်။

မပြီးပြတ်သေး၊ တတိယအစည်းအဝေး

တတိယအကြိမ် အစည်းအဝေးမတိုင်မီတွင် ခြံစည်းရိုးကာခြင်း၊ သစ်ပင်စိုက်ခြင်းတို့ကို ပြီးစီးအောင် အလျင်အမြန် လုပ်၍ မိမိတို့ ဆောင်ရွက်ပြီးသည်များကို ဓာတ်ပုံရိုက်ကာ တတိယအစည်းအဝေးတွင် တင်ပြသည်။
ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် ရှေ့နေက ဦးမောင်မောင်ကို “မင်းတို့အဖွဲ့က အစည်းအဝေးလာတာ နည်းလိုက်တာ၊ မူဆလင် ဗလီဆောက်ဖို့ တင်ပြတုန်းကဆို အခန်းကို ပြည့်နေတာပဲ၊ ငါတို့ဘက်က လူများရင် အခြားတဘက်က သိပ်မပြောရဲဘူးပေါ့ကွ၊ လူရနိုင်သမျှ လာအောင် ခေါ်ခဲ့ပါ”ဟု ပြောလာသည်။
အစည်းအဝေးကျင်းပချိန်မှာ ည ၈ နာရီ ဖြစ်ပြီး မိမိတို့ကိစ္စကို နောက်ဆုံး ၉ နာရီလောက်မှ ဆောင်ရွက်ရာ ည ၁၁ နာရီကျော်မှ အစည်းအဝေးပြီးသဖြင့် မိမိ၏ ဒကာ ဒကာမများ လာရောက်ရန် အခက်အခဲရှိမည်ကို တွေး၍ ခေါ်ရမှာ အားနာသဖြင့် စာရေးသူက ဒကာ ဒကာမများကို အစည်းအဝေးလာရန် မခေါ်ခဲ့မိခြင်း ဖြစ်ပါသည်။

တတိယအကြိမ် အစည်းအဝေးတွင် ကျန်းမာရေးအခြေအနေအရ ဆရာတော်ဦးဣန္ဒက မတက်ရောက်နိုင်ဘဲ၊ စာရေးသူ၊ ဦးသောဘန၊ ဦးမောင်မောင်၊ ဒေါ်မြတ်မြတ်၊ ဒေါက်တာခင်မောင်၊ ဦးစောနိုင်၊ ကိုအောင်ကျော်မိုး၊ ဒေါ်မွှေး၊ မစ္စတာပေါလ်ပါ့စဝသ်၊ မစ္စတာကေဗင်၊ ရှေ့နေတို့ တက်ရောက် နားထောင်ကြသည်။

ထိုအစည်းအဝေးတွင် မိမိတို့၏ ကျောင်းဆောင် ဆောက်လုပ်ရေးကို အဓိက ကန့်ကွက်နေသည့် အန်ထော်နီထရိန်နာဆိုသူက ရပ်ကွက်ထဲရှိ မိသားစု အတော်များများကို ခေါ်လာသည်။
ခြံစည်းရိုးကာရံပြီးသော်လည်း အန်ထော်နီမှာ ကျေနပ်မှု မပြဘဲ မိမိတို့ ကျောင်းဆောင်ဆောက်လုပ်မှုကို လုံးဝ မလိုလားသည့်အနေဖြင့် ကန့်ကွက် ပြောဆိုပြန်သည်။
“သူ့အနေဖြင့် တည်းခိုခန်းလို ဆောက်လုပ်ထားသည့် လူအဝင်အထွက်များမည့် အဆောက်အဦနားမှာ မနေလိုကြောင်း၊ ထို့ကြောင့် ခွင့်မပြုသင့်ကြောင်း စသည် .. စသည်” ပြောဆို ကန့်ကွက်သည်။

ရေကူးကန်ရှိသည့် အိမ်မှ အမျိုးသမီးကလည်း “ဘုတ်အဖွဲ့အနေဖြင့် အမေရိကန်တွင် ဖြစ်ပျက်ခဲ့သည့် ၉-၁၁ ကိစ္စကို ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ ဗမာပြည်ဟာ အမေရိကန်အစိုးရရဲ့ စောင့်ကြည့်စာရင်းတွင် ပါဝင်နေကြောင်း၊ တကယ်လို့ အကြမ်းဖက်သမားတွေ ဒီနေရာမှာ ခြေကုတ်ယူလာရင် သူ့မိသားစုအတွက် စိုးရိမ်ရကြောင်း စသည် စသည်” ပြောဆို ကန့်ကွက်ပြန်သည်။
ထိုစကားကို ကြားရသည့် စာရေးသူစိတ်မှာ “အော် … ဘယ်လောက်ပဲ ငွေ ရှိရှိ၊ ဘယ်လောက်ပဲ ပညာတတ်တယ်လို့ ထင်ရ ထင်ရ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ အဖြူပဲဖြစ်ဖြစ် အမဲပဲဆိုဆို လောဘ ဒေါသနဲ့ မနာလို ဝန်တိုမှုရှိရင် မောဟက ဖုံးလွှမ်းလာတဲ့အခါ ကိုယ်ဘာပြောမိတယ် ဆိုတာ၊ ကိုယ်ပြောလိုက်တဲ့စကားအရ ကိုယ်ဘယ်အဆင့်အတန်း ရောက်သွားတယ်ဆိုတာ သတိမထားမိကြပါလား”ဟု တွေးကြည့်မိလိုက်ပါသည်။

ထိုအစည်းအဝေး၌ မိမိတို့၏ တင်ပြချက်ကို ခွင့်ပြု မပြု မဲခွဲရန်အလိုတွင် အန်ထော်နီထရိန်နာ၏ ဇနီးက နောက်ဆုံး ကန့်ကွက်သည့်အနေဖြင့် “ငါ့ကလေးတွေ ဟိုဘက်က မူလတန်းကျောင်းမှာ စာသင်နေတယ်။ တကယ်လို့ မင်းတို့ဘက်က အဆောက်အဦဆောက်ရင် ထွက်ပေါ်လာတဲ့ ဆူညံသံက ငါ့ကလေးတွေကို ထိခိုက်မှာပေါ့။ အဲဒါကို မင်းတို့ ဘယ်လို တာဝန်ယူမလဲ”ဟု မေးရာ၊ ရှေ့နေက အေးအေးဆေးဆေးပင် … မူလတန်းကျောင်းနဲ့ ၇၅-ပေ အကွာမှာ ဆောက်လုပ်နေတာမို့ ပူပန်စရာ မလိုကြောင်း ပြောပြရာ စိတ်မချမ်းမသာနှင့် သူ့နေရာတွင် သူပြန်ထိုင်သည်။ စာရေးသူက ပြုံးစရာ တိုင်တန်းမှု တစ်ခုဟုသာ မှတ်ချက်ချမိပါသည်။

ထိုတတိယအကြိမ် အစည်းအဝေးတွင် ကန့်ကွက်သူများဘက်မှ လက်ထောက်မြို့တော်ဝန်ကို ခေါ်လာသည်။ ထိုကြောင့် မိမိတို့မှာ အစည်းအဝေး မစမီတွင် ဘာဖြစ်မလဲ၊ တို့ကိစ္စကို ပယ်ချမှာလား စသည်ဖြင့် တွေးတော ပူပန်ကြသည်။

မိမိတို့ဘက်မှ မစ္စတာကေဗင်က … ဗုဒ္ဓဘာသာသည် အလွန်ငြိမ်းအေးသည့် ဘာသာဖြစ်ကြောင်း၊ ထို့ကြောင့် သူသည် ဗုဒ္ဓဘာသာကို လေ့လာ လိုက်စားနေကြောင်း၊ တချို့သူတွေ ထင်သလို ဗုဒ္ဓဘာသာသည် အကြမ်းဖက်မှုနှင့် သက်ဆိုင်သည်ဟု သူမကြားမိကြောင်း … စသည်တို့ကို ပြောဆိုသောအခါ ကန့်ကွက်သူများမှာ ထိုသို့ အမေရိကန်တစ်ယောက်က မိမိတို့ဘက်မှ ထောက်ခံ ပြောဆိုလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်သွားကြသည်။

ထို့နောက် မြို့ပြစီမံကိန်းဌာန အဖွဲ့ဝင်များက မိမိတို့ကိစ္စကို ယာယီမဲဖြင့် ဆုံးဖြတ်ချက်ချရာ မဲပေးနိုင်သည့် ဘုတ်အဖွဲ့ဝင် ငါးဦးတွင် လေးဦးက မိမိတို့ဘက်ကို အနိုင်မဲပေးသည်။
နောက်တစ်ဦးက ကန့်ကွက်သူများ ကျေနပ်စေရန် မိမိတို့ဘက်ကို မဲမပေးပါ။
ထိုနေ့တွင် တက်ရောက်သည့် အချို့အဖွဲ့ဝင်များသည် အမြဲတမ်းအဖွဲ့ဝင်များ မဟုတ်သဖြင့် ၎င်းတို့၏ မဲပေးမှုသည် အတည်မဖြစ်သေးပါ။
တတိယအကြိမ် အစည်းအဝေးသို့ မတက်ရောက်ခဲ့သော အဖွဲ့ဝင်များက အသံဖမ်းယူထားသည့် တတိယအကြိမ် အစည်းအဝေး ဆွေးနွေးချက်များကို တိတ်ခွေဖွင့်၍ နားထောင်ရပါမည်။
ထို့နောက် စတုတ္ထအကြိမ် အစည်းအဝေးသို့ လာရောက်သည့်အခါ မဲပေးရပါမည်။
တတိယအကြိမ် အစည်းအဝေး ပြီးခါနီး၌ မြို့ပြစီမံကိန်းဌာနမှ ရှေ့နေက အိမ်နီးနားချင်းများကို ပါဝင်ပြောဆိုရန် နောက်အစည်းအဝေးတွင် ခွင့်မပြုတော့ကြောင်း အသိပေးလိုက်သည်။
ထို့ပြင် မိမိတို့ ကိစ္စကို အပြီးသတ် ဆုံးဖြတ်ချက်ချရန် စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၀၉ ခု နိုဝင်ဘာလ ၅ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။
ထိုအခါ … ငါ နိမိတ်ကောက်တာ မှန်များ မှန်နေသလား … ဟု စိတ်ထဲတွင် ဖြစ်ပေါ်လာပြန်သည်။

ခွင့်ပြုချက်ပေး

ရှေ့နေအကြံပေးသည့်အတိုင်း နိုဝင်ဘာလ ၅ ရက်နေ့ စတုတ္ထအကြိမ် အစည်းအဝေးကို မိမိတို့ဘက်မှ လူအများတက်ရောက်ရန် လက်လှမ်းမှီသမျှ ဒကာ ဒကာမများကို ခေါ်လိုက်ရာ အများအပြား လာရောက် နားထောင်ကြပါသည်။
ကန့်ကွက်သူဘက်မှ မိသားစု နှစ်ဦးသာ လာရောက် နားထောင်သည်။
မြို့ပြစီမံကိန်းအဖွဲ့မှ ရှေ့နေ၊ အင်ဂျင်နီယာ၊ အဖွဲ့ဝင်များ အပြန်အလှန် ဆွေးနွေးတိုင်ပင်ကြကာ ကျောင်းဆောင်တည်ဆောက်ရေးကိစ္စကို ခွင့်ပြုချက် ချပေးလိုက်ပါသည်။

မိမိတို့ ရှေ့နေကသော်လည်းကောင်း၊ မိမိတို့အဖွဲ့မှသော်လည်းကောင်း ကျေးဇူးတင်စကား ပြောကြားလိမ့်ဦးမည်ဟု ထင်ခဲ့သော်လည်း ဘာမှမပြောဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် တိတ်ဆိတ်စွာပင် အစည်းအဝေးခန်းမမှ မိမိတို့ ထွက်ခွာခဲ့ကြပါသည်။
ကားဆီသို့ မရောက်မီ လမ်းခရီးတွင် မစ္စတာကေဗင်က ပျော်ရဲ့လားလို့ စာရေးသူကို မေးရာ စာရေးသူက … အေး ပျော်တော့ ပျော်ပါတယ်၊ ဒါပေမယ့် နောက်ထပ် ခေါင်းခဲစရာ ရှိနေတယ် …လို့ ပြန်ပြောမိသည်။
ကေဗင်က နားမလည်သည့် သဘောဖြင့် မိမိကိုကြည့်ရာ “ခေါင်းခဲစရာ ဘာလဲဆိုတာက ကျောင်းဆောက်ဖို့ရာ အလှူငွေ လုံလုံလောက်လောက် ရရှိဖို့ပဲ”ဟု ရှင်းပြလိုက်ပါသည်။

မြို့ပြစီမံကိန်းအဖွဲ့မှ ခွင့်ပြုချက် ချပေးပြီးဖြစ်သော်လည်း ထိုခွင့်ပြုချက်ကို သတင်းစာထဲထည့် ကြေညာကာ ၄၅-ရက်အထိ ကန့်ကွက်သူ ရှိ,မရှိ စောင့်ကြည့်ရပါဦးမည်။
ကန့်ကွက်လိုသူများသည် မနာလပန် မြို့ပြစီမံကိန်းဌာနသို့ လာရောက် ကန့်ကွက်ရမည်မဟုတ်ဘဲ ရှေ့နေငှား၍ သက်ဆိုင်ရာ အဆင့်မြင့် တရားရုံးသို့ ကန့်ကွက်စွာ တင်ရမည် ဖြစ်ပါသည်။
ထိုသို့ လုပ်ရန်မှာ ငွေကြေးကိစ္စ ပါလာပြီဖြစ်သဖြင့် ကန့်ကွက်သူများအနေဖြင့် လုပ်မည်မဟုတ်ဟု ယူဆရပါသည်။

၄၅-ရက်ကျော်လွန်သောအခါ အဆောက်အဦဌာနသို့ ဆောက်လုပ်ရန် ခွင့်ပြုချက်တောင်းခြင်း၊ အဆောက်အဦဆောက်မည့် ကုမ္ပဏီကို ဈေးပြိုင်ခေါ်ယူခြင်း စသည့် ဆောင်ရွက်စရာများ ရှိနေရာ ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၁၀ ခု နွေဦးပေါက်ကာလမှ စတင်နိုင်မည် ဖြစ်ပါသည်။
ထိုအတောအတွင်း အလှူငွေ ရရှိရန်လည်း ဆောင်ရွက်ကြရပါဦးမည်။

ထို့ကြောင့် အလှူငွေအတွက် ခေါင်းခဲမှု သက်သာစေရန်၊ ပပျောက်စေရန်၊ ကျောင်းဆောင်ကြီး အမြန် ပြီးမြောက်နိုင်ရန်၊ တဲမထိုးရဘဲ ကျောင်းဆောင်ကြီး၏ အမိုးအကာအောက်တွင် အလှူအတန်းများ ပြုလုပ်နိုင်ရန်၊ ကျောင်းဆောင်ကြီးပေါ်တွင် စိတ်အေးချမ်းသာစွာ တည်းခို၍ တရား ဘာဝနာ ပွားများ အားထုတ်နိုင်ရန် တတ်စွမ်းသမျှ လှူဒါန်းကြပါဦးလို့သာ တိုက်တွန်းလိုက်ရပါတော့သည်။

အရှင်ပညာသီဟ
မဟာစည် သတိပဋ္ဌာန်ရိပ်သာ
မနာလပန်၊ နယူးဂျာစီ
နိုဝင်ဘာ ၁၇, ၂၀၀၉

Tuesday, November 17, 2009

နံနံပင် မကြိုက်သော ဆရာတော်နှင့် တံခါး ၆ ပေါက်


၂၀၀၉ ခု နိုဝင်ဘာလ ၁၄ ရက် စနေနေ့ အဘိဓမ္မာသင်တန်းတွင် ဝိပါက်စိတ်နဲ့ ကြိယာစိတ်အချို့ အကြောင်းကို လေ့လာကြရ၏။

..... ဒီနေ့ လေ့လာမယ့် စိတ် အားလုံးကို ‘အဟိတ်စိတ်’လို့ခေါ်တယ်။ အဟိတ်စိတ်အားလုံး ၁၈-ပါး ရှိတယ်။
‘ဟိတ်’ဆိုတာ ‘ဟေတု’က လာတာ။ ‘မူလ၊ အရင်းအမြစ်’လို့ ဆိုလိုတယ်။ ‘ဟိတ်’ ၆-ပါး ရှိတယ်။
လောဘရယ်, ဒေါသရယ်, မောဟရယ် ... သူတို့က အကုသိုလ်ဟိတ်။ ပြီးတော့ သူရဲ့ ဆန့်ကျင်ဘက် အလောဘရယ်, အဒေါသရယ်, အမောဟရယ် .. သူတို့ကတော့ ကုသိုလ်ဟိတ်။

‘ဟိတ်’နဲ့ မယှဉ်တာကို ‘အဟိတ်’လို့ ခေါ်တယ်။ ဒီ‘အဟိတ်စိတ်’တွေ ဖြစ်တဲ့အခါကျတော့ ဒီဟိတ်တွေ တစ်ခုမှ မပါဘူး။ သူတို့က တခြား ကုသိုလ်ဟိတ်၊ အကုသိုလ်ဟိတ်တွေကြောင့် ဖြစ်တဲ့ “အကျိုး”တွေဖြစ်တယ်။ သူတို့ကိုယ်၌က ဒီဟိတ်တွေနဲ့ မယှဉ်တဲ့အတွက်ကြောင့်သာ သူတို့ကို ‘အဟိတ်စိတ်’လို့ ခေါ်တာ။

‘အဟိတ်စိတ်’ ၁၈-ပါးကို ‘အကုသလဝိပါက်စိတ် ၇-ပါး’၊ ‘အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး’ နဲ့ ‘အဟိတ်ကြိယာစိတ် ၃-ပါး’လို့ သုံးမျိုးခွဲလို့ ရတယ်။

အကုသလဝိပါက်စိတ် ၇-ပါး
(၁) ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
(၂) ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
(၃) ဥပေက္ခသဟဂတ ဃာနဝိညာဏစိတ်
(၄) ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
(၅) ဒုက္ခသဟဂတ ကာယဝိညာဏစိတ်
(၆) ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
(၇) ဥပေက္ခာသဟဂတ သန္တီရဏစိတ်

အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး
(၁) ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
(၂) ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
(၃) ဥပေက္ခသဟဂတ ဃာနဝိညာဏစိတ်
(၄) ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
(၅) သုခသဟဂတ ကာယဝိညာဏစိတ်
(၆) ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
(၇) သောမနဿသဟဂတ သန္တီရဏစိတ်
(၈) ဥပေက္ခာသဟဂတ သန္တီရဏစိတ်

အဟိတ်ကြိယာစိတ် ၃-ပါး
(၁) ဥပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇနစိတ်
(၂) ဥပေက္ခာသဟဂတ မနောဒွါရာဝဇ္ဇနစိတ်
(၃) သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ်


+++++


လယ်တီဆရာတော်ကြီးက ‘ပရမတ္ထသံခိပ်ကျမ်း’တွင် အဟိတ်စိတ် ၁၈-ပါးကို ဤသို့ လင်္ကာစီထား၏။

‘စက်’‘သော’‘ဃာ’‘ဇီ’၊ ‘ကာ’ကို မှီ၊ ငါးလီ ဝိညာဏ်မှတ်။
‘သမ်’‘သန်’နှစ်ခု၊ လောင်းပြန်မှု၊ အကုဝိပါက် သတ်။
‘စက်’‘သော’‘ဃာ’‘ဇီ’၊ ‘ကာ’ကို မှီ၊ ငါးလီ ဝိညာဏ်မှတ်။
‘သမ်’‘သန်’‘သန်’ဟု၊ လောင်းပြန်မှု၊ ကုသလဝိပါက် အဋ္ဌ်။
‘အာဝဇ္ဇန်း’ဒွိ၊ ‘ဟသိတုပ္ပါဒ်’၊ ဤသုံးရပ်၊ မှတ်လေ ကိရိယာ။
ကာယနှစ်လီ၊ ‘ဒု’‘သု’မှီ၊ ကု-‘တီ’ ‘ဟသိ’ သော။
အကြွင်းစုဒ္ဒသ်၊ ‘ဥ’နှင့်ကပ်၊ ဌာရသ် စိတ်မနော။

‘စက်’ = စက္ခုဝိညာဏ်စိတ်၊ ‘သော’ = သောတဝိညာဏ်စိတ်၊ ‘ဃာ’ = ဃာနဝိညာဏ်စိတ်၊ ‘ဇီ’ = ဇိဝှါဝိညာဏ်စိတ်၊ ‘ကာ’ = ကာယဝိညာဏ်စိတ်၊ ‘သမ်’ = သမ္ပဋိစ္ဆိုင်းစိတ်၊ ‘သန်’ = သန္တီရဏစိတ်၊
အကုဝိပါက် ‘သတ်’ (သတ္တ = ၇) = အကုသလဝိပါက်စိတ် ၇-ပါး။

‘စက်’ = စက္ခုဝိညာဏ်စိတ်၊ ‘သော’ = သောတဝိညာဏ်စိတ်၊ ‘ဃာ’ = ဃာနဝိညာဏ်စိတ်၊ ‘ဇီ’ = ဇိဝှါဝိညာဏ်စိတ်၊ ‘ကာ’ = ကာယဝိညာဏ်စိတ်၊ ‘သမ်’ = သမ္ပဋိစ္ဆိုင်းစိတ်၊ ‘သန်’ = သန္တီရဏစိတ်၊ ‘သန်’ = သန္တီရဏစိတ်၊
ကုသလဝိပါက် ‘အဋ္ဌ်’ (အဋ္ဌ = ၈) = အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး။

အာဝဇ္ဇန်း ဒွိ(၂) = ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁-ပါး၊ မနောဒွါရာဝဇ္ဇန်းစိတ် ၁-ပါး။
ဟသိတုပ္ပါဒ် = ဟသိတုပ္ပါဒ်စိတ် ၁-ပါး
ဤသုံးရပ်၊ မှတ်လေ ကိရိယာ = အဟိတ်ကြိယာစိတ် ၃-ပါး။

ကာယနှစ်လီ၊ ‘ဒု’‘သု’မှီ = ‘အကုသလဝိပါက် ကာယဝိညာဏ်စိတ်’သည် ‘ဒုက္ခဝေဒနာ’(ဒု)နှင့်တကွ၊ ‘အဟိတ်ကုသလဝိပါက် ကာယဝိညာဏ်စိတ်’သည် ‘သုခဝေဒနာ’(သု)နှင့်တကွ ဖြစ်၏။

ကု-‘တီ’ ‘ဟသိ’ သော = ကုသလဝိပါက်မှ ‘သန္တီရဏစိတ် ၁-ပါး’၊ အဟိတ်ကြိယာမှ ‘ဟသိတုပ္ပါဒ်စိတ် ၁-ပါး’တို့သည် ‘သောမနဿဝေဒနာ’(သော)နှင့်တကွ ဖြစ်၏။

အကြွင်းစုဒ္ဒသ် = ကျန်သော အဟိတ်စိတ် ၁၄-ပါး(စုဒ္ဒသ=၁၄)တို့သည်
‘ဥ’နှင့်ကပ် = ‘ဥပေက္ခာဝေဒနာ’(ဥ)နှင့်တကွ ဖြစ်၏။

ဌာရသ် စိတ်မနော = အဟိတ်စိတ် စုစုပေါင်း ၁၈-ပါး (အဌာရသ=၁၈) ဖြစ်၏။

လင်္ကာကျက်မှတ်၍ မှတ်သားလေ့လာလိုသူတို့အတွက် အကျိုးရှိလှ၏။


+++++


..... စက္ခုဆိုတာ မျက်လုံး၊ ဝိညာဏဆိုတာ အသိ၊ စက္ခုဝိညာဏ - မြင်သိစိတ်။ မျက်လုံးနဲ့ သိတဲ့စိတ်၊ မြင်သိစိတ်။ စက္ခုဝိညာဏ်စိတ်ဆိုတာ မြင်သိတဲ့စိတ်။ မြင်တဲ့အခါမှာ မြင်ရုံလေး မြင်တာ။ ဘာမှ ရှေ့မတိုးသေးဘူး။

ဒီရူပါရုံလို့ဆိုတဲ့ အာရုံလေးကို မြင်ရုံလေး မြင်လိုက်တာ၊ မြင်ကာမျှဖြစ်တဲ့ စိတ်ကို စက္ခုဝိညာဏလို့ ဒီလို ခေါ်တာ။
တစုံတခုမြင်ရင် ဒီစိတ်နဲ့ချည်း မြင်တာ။ အကုသလဝိပါက် - အကုသိုလ်ရဲ့အကျိုးစိတ်ဆိုရင် ကိုယ်မမြင်ချင်တာ မြင်ရတယ်။ အရုပ်ဆိုးတာ မြင်ရတယ်။ မကောင်းတာ မြင်ရတယ်။ ပါဠိလိုပြောတော့ အနိဋ္ဌာရုံလို့ ခေါ်တာပေါ့လေ။ အလိုမရှိအပ်တဲ့ အာရုံတွေကို မြင်တဲ့အခါမှာ မြင်တဲ့စိတ်ဟာ ဒီစိတ်တွေပေါ့။ ကိုယ်မမြင်ချင်တဲ့ဟာကြီးတစ်ခု ကိုယ်လာမြင်ရတာဆိုတော့ မကောင်းမြင်ရတာပေါ့။ အဲဒီ မကောင်းမြင်တဲ့စိတ်ဟာ ဘာကြောင့်ဖြစ်တာလဲ။ နောက်ဘဝက ကိုယ်က လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ဖြစ်တာ။

ထို့အတူပဲ ကိုယ်မကြားချင်တာကြီး ကြားရတယ်။ ဆဲသံ ဆိုသံပဲဖြစ်ဖြစ်၊ သီချင်းသံပဲဖြစ်ဖြစ်ပေါ့လေ။ မကြားချင်တာ ကြားရတဲ့အခါမှာလည်း နောက်ဘဝက ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ အကျိုးလာတွေ့တာ။

ဒီအတိုင်းပဲ မကြိုက်တဲ့ အနံ့တွေ နံတယ်။ တခါတလေတော့ တစ်ယောက်အတွက် ကောင်းပေမယ့် နောက်တစ်ယောက်အတွက် မကောင်းတာတွေ ရှိတယ်။ ကိုယ့်အတွက် မကောင်းရင် မကောင်းတဲ့ အာရုံလို့ ခေါ်ရတာပေါ့။

ဆိုပါတော့။ နီးနီး ဥပမာပေးမယ်။ ဦးဇင်း နံနံပင် မကြိုက်ဘူး။ နံနံပင် အနံ့ကို မခံချင်ဘူး။ ဒီအနံ့ကို မကြိုက်ဘူး။ ဦးဇင်းအဖို့ နံနံပင်ဟာ အနိဋ္ဌာရုံပဲ။ တခြားဦးဇင်းအတွက်ကျတော့ ကြိုက်တော့ ဣဋ္ဌာရုံပေါ့။ တခါတလေကျတော့လည်း စိတ်ဆိုးချင်တယ်ပေါ့လေ။ ... နံနံပင်တွေ ထည့်လာပြန်ပြီကွာ ..ဆိုပြီး။ တကယ့်တကယ်ကျတော့ ဒါ ဘယ်သူ့မှ အပြစ်တင်စရာ မဟုတ်ဘူး။ နောက်ဘဝက ကိုယ့်အကုသိုလ်ကံ လာအကျိုးပေးလို့ ကိုယ်မလိုချင်တာတွေ ဒီမှာ လာတွေ့တာ။


+++++


..... ပဉ္စဒွါရာဝဇ္ဇန ။ ‘ပဉ္စ’ဆိုတာက ငါး၊ ‘ဒွါရ’ဆိုတာက တံခါး၊ ‘အာဝဇ္ဇန’ဆိုတာက ဆင်ခြင်တာဆိုလည်း ဟုတ်တယ်၊ လှည့်တာဆိုလည်း ဟုတ်တယ်။

တံခါး ဘယ်နှပေါက်ရှိလဲ?

၆-ပေါက် ရှိတယ်နော်။ ‘မျက်စိ’၊ ‘နား’၊ ‘နှာခေါင်း’၊ ‘လျှာ’၊ ‘ကိုယ်’၊ ‘စိတ်’။

ဦးဇင်းတို့ .. အမေရိကန်တွေနဲ့ ပြောရင် အထူးပြောရတယ်။ အဘိဓမ္မာမှာက စိတ်ဟာလည်းပဲ Sense တစ်ခုပဲ။ Sense door ဆိုရင် သူတို့က ငါးခုပဲ သိတာကိုး။ Sixth sense ဆိုပြန်တော့လဲ အဓိပ္ပာယ် တစ်မျိုး ရောက်သွားပြန်ရော။ Six door ၊ တံခါး ခြောက်ပေါက်ရှိတယ်ပေါ့။ အဲဒီ တံခါးခြောက်ပေါက်မှာ တံခါးငါးပေါက်နဲ့ ပတ်သက်ပြီးတော့ ပဉ္စဒွါရာဝဇ္ဇနက အလုပ်လုပ်မယ်။ အဲဒါကြောင့်မို့ သူ့ကို ပဉ္စဒွါရာဝဇ္ဇနစိတ်လို့ ခေါ်တယ်။ အဲဒီတော့ မြင်တဲ့အခါ၊ ကြားတဲ့အခါ၊ နံတဲ့အခါ၊ အရသာသိတဲ့အခါ၊ ထိတဲ့အခါမှာ ဖြစ်တဲ့ ဝီထိ(အစဉ်အတန်း)တွေမှာဆိုရင် ဒီပဉ္စဒွါရာဝဇ္ဇနစိတ်က ထိပ်က သူလာလိမ့်မယ်။

နောက်တစ်ခုကတော့ ... မနောဒွါရာဝဇ္ဇန။ မနောဆိုတာ စိတ်၊ မနောဒွါရာဝဇ္ဇနဆိုတာ စိတ်တံခါး။ တကယ်မြင်တာလည်း မဟုတ်ဘူး။ တကယ်ကြားတာလည်း မဟုတ်ဘူး။ စိတ်နဲ့စဉ်းစားပြီး မြင်တာမျိုး မရှိဘူးလား။ အတိတ်ကဟာတွေ ပြန်မြင်တယ်ဆိုတာမျိုးပေါ့။ ဒါကျတော့ မနောဒွါရနဲ့ မြင်တာ။ စိတ်နဲ့ မြင်တာ။ တကယ့်မျက်လုံးနဲ့ အခုလို မြင်တာမဟုတ်ဘူး။ အနာဂတ်လှမ်းပြီးတော့ စဉ်းစားတယ်။ ဒါလည်းပဲ စိတ်နဲ့ မြင်တာပဲ။ ပြီးတော့ တစ်ခါ ရိုးရိုးပဲ စိတ်ကူးတယ်။ စိတ်ကူးတွေ ဖြစ်တယ်။ ဒါဘာလဲ .. မနောဒွါရမှာ ဖြစ်တာ။ အဲဒါကျတော့ မနောဒွါရာဝဇ္ဇန။ ဝီထိကျတော့လည်း မနောဒွါရဝီထိလာတဲ့အခါကျတော့ ပဉ္စဒွါရာဝဇ္ဇန်းအစား သူက မနောဒွါရာဝဇ္ဇန်းကနေ အလုပ်လုပ်တော့တယ်။

(ဒီမနောဒွါရာဝဇ္ဇနစိတ်သည်ပင် ငါးဒွါရမှာလည်း ဖြစ်တယ်။ အဲဒီအခါမှာ ဆင်ခြင်တယ်ဆိုတဲ့ အနေမျိုးနဲ့ မဟုတ်ဘဲ ဆုံးဖြတ်တဲ့အနေမျိုးနဲ့ ဖြစ်တယ်။ လူတစ်ယောက်ထဲ ဌာနနှစ်ခုကိုင်သလို အလုပ်နှစ်ခုလုပ်သလိုပေါ့။ စိတ်တစ်ခုတည်းက အလုပ်နှစ်မျိုးလုပ်တာ ရှိတယ်။ သုံးမျိုးလုပ်တာ ရှိတယ်။ လေးမျိုး ငါးမျိုးထိအောင် ရှိတယ်။)


+++++


သမ္ပဋိစ္ဆနစိတ် (လက်ခံတဲ့စိတ်)နဲ့ သန္တီရဏစိတ် (စုံစမ်းတဲ့စိတ်) နှစ်ခုကို နားလည်ဖို့က ဘာအခြေခံအဖြစ်နဲ့ နားလည်ရမလဲဆိုတော့ စိတ်ဝီထိဆိုတာကို နားလည်ရမယ်။ စိတ်အစဉ်အတန်းတစ်ခုပေါ့။

ဦးဇင်းတို့ သတ္တဝါတွေမှာ အာရုံအသစ်မတွေ့တဲ့အချိန်မှာ၊ အိပ်ပျော်နေတဲ့အချိန်မျိုးမှာ ‘ဘဝင်စိတ်’ဆိုတာတွေ ဖြစ်နေတယ်။

အဲဒီလို ဖြစ်နေရာက နေပြီးတော့ အာရုံတစ်ခုနဲ့ တွေ့လိုက်တဲ့အခါမှာ အဲဒီအာရုံက .. ဆိုပါတော့ မြင်တဲ့ ရူပါရုံလို့ပဲ ပြောကြစို့။ မြင်တဲ့ ရူပါရုံနဲ့ မျက်လုံးနဲ့ တိုက်ဆိုင်လိုက်တဲ့အခါမှာ အဲဒီအာရုံက ဘဝင်ကိုလည်း သွားရိုက်တယ်၊ ထိခိုက်တယ်။ ဘဝင်ကလည်း အလွန်အမြန်ကြီးဖြစ်နေတာကြောင့် ရိုက်ရိုက်ချင်း မတုန်ဘဲ စိတ် moment တစ်ခု လွန်ပြီးမှ ဘဝင်တုန်တယ်။ အဲဒီတော့ လွန်သွားတာက one moment (၁)၊ တုန်တာက two moments။ (three moments)။ (၃)

အဲဒီလို ဘဝင်လှုပ်ပြီးတဲ့ နောက်ကျတော့ ဘဝင်ပြတ်သွားပြီ။
ဘာပေါ်လာသလဲဆိုတော့ ဝီထိစိတ်ဆိုတာ ဖြစ်လာတာ။
အဲဒီမှာ ပထမဆုံးဖြစ်တဲ့ မြင်တာနဲ့ပတ်သက်ပြီးတော့ ပြောရင် ပထမဆုံးဖြစ်တဲ့ ဝီထိစိတ်က အဟိတ်ကြိယာထဲမှာ ပါတဲ့ ပဉ္စဒွါရာဝဇ္ဇနစိတ် အဲဒါဖြစ်တာ။ ပဉ္စဆိုတာ ငါး၊ ဒွါရဆိုတာ တံခါး၊ တံခါးဆိုတာ မျက်စိ, နား, နှာကို ခေါ်တာ။ အဲဒီ ဒွါရဘက်သို့ လှည့်ပေးလိုက်တဲ့စိတ်၊ ဒွါရမှာဖြစ်တဲ့ အာရုံကို ဆင်ခြင်တဲ့စိတ်လို့ ၂-မျိုး အဓိပ္ပာယ်ရှိတယ်။ (၄)

သူ့နောက်က ဖြစ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ်-မြင်သိစိတ် ဖြစ်တယ်။ (၅)

အဲဒီမြင်သိပြီးတဲ့အခါကျတော့ အာရုံက ကိုယ့်ဆီလာပြီးတော့ မျက်လုံးကို လာထိခိုက်ပြီးတော့ သိပြီးတာနဲ့ တပြိုင်နက် လက်ခံတဲ့စိတ် ဖြစ်တယ်။ သမ္ပဋိစ္ဆနစိတ်ဆိုတာ ... အဲဒါ လက်ခံလိုက်တယ်။ (၆)

လက်ခံပြီးတဲ့နောက် ဒီအာရုံကို စုံစမ်းတယ်။ ကောင်းတဲ့ အာရုံလား ... မကောင်းတဲ့ အာရုံလား။ အဲဒီစိတ်ကို သန္တီရဏစိတ်လို့ ခေါ်တယ်။ သန္တီရဏဆိုတာ စုံစမ်း စစ်ဆေးတဲ့ စိတ်။(၇)

အဲဒီလို စုံစမ်းပြီးတဲ့နောက် ... နောက်စိတ်တစ်ခုကျတော့ ဆုံးဖြတ်လိုက်တော့တာ။ ဒါ ကောင်းတဲ့ အာရုံပဲ။ ဒါ မကောင်းတဲ့ အာရုံပဲ။ အဲဒီစိတ်က အဟိတ်ကြိယာထဲက မနောဒွါရာဝဇ္ဇနစိတ်။ သို့သော် သူ့ကို အဲဒီအခါကျတော့ ‘ဝုဋ္ဌော’လို့ ခေါ်တယ်။ နာမည်တစ်မျိုးနဲ့ ခေါ်တယ်။ ဒီစိတ်တော့ ဒီစိတ်ပဲ။ ‘ဝုဋ္ဌော’ဆိုတာ ဆုံးဖြတ်တယ်လို့ အဓိပ္ပာယ်ရှိတယ်။ (၈)

(အဲဒီ ဝုဋ္ဌောစိတ် အခိုက်အတန့်ရောက်တဲ့အခါကျတော့ ဆုံးဖြတ်လိုက်ပြီ။ ကောင်းတဲ့ အာရုံပဲ၊ မကောင်းတဲ့ အာရုံပဲ .... သို့မဟုတ် ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲလို့။ အဲသည်တိုင်အောင် ဝိပါက်စိတ်တွေချည်း ရှိသေးတယ်။ ‘ကုသိုလ်’ ‘အကုသိုလ်’ မဖြစ်သေးဘူး။)

ဝုဋ္ဌောရဲ့ နောက်ကျတော့ ဘာတွေဖြစ်လဲဆိုတော့ ဇောစိတ်တွေ ဖြစ်တယ်။ အဲဒီ ဇောစိတ်က ၇-ကြိမ် ထပ်ဖြစ်တယ်။ အဲဒီ ဇောကျတော့ ကုသိုလ်ဇော ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ အကုသိုလ်ဇော ဖြစ်ချင်ရင်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ နှလုံးသွင်းပေါ်မှာ မူတည်ပြီးတော့ ကိုယ်က အသင့်အတင့် နှလုံးသွင်းတတ်ရင် ကုသိုလ်ဇော ဖြစ်မယ်။ အသင့်အတင့် နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇော ဖြစ်မယ်။ (၁၅)

အဲဒီလို ဇောဖြစ်ပြီးတဲ့နောက်မှာ သူ့နောက်က ကပ်လိုက်တဲ့ ‘တဒါရုံ’ဆိုပြီးတော့ စိတ် moment နှစ်ခု ဖြစ်ပြန်တယ်။ (၁၇)

ပြီးတဲ့နောက် ဘဝင်စိတ် တခါ ပြန်ဖြစ်သွားပြန်တယ်။ ဒါ one process ပေါ့။ ဒီဝီထိတစ်ခုဟာ ဘယ်လောက်ကြာတုန်း (၁၇)ခု ရှိတယ်။ ခဏပေါင်း ၁၇-ချက်ဆိုပေမယ့် အလွန့်ကို မြန်တယ်။ ဦးဇင်းတို့အနေနဲ့တော့ တွက်လို့ မဖြစ်ပါဘူး။ မြတ်စွာဘုရား ဟောလို့ပေါ့လေ။

ဒီဝီထိသဘောလေး သိလွယ်အောင် ကျမ်းဂန်တွေမှာ ဥပမာလေးနဲ့ ပြတယ်။

လူတစ်ယောက်ဟာ သစ်ပင်အောက်မှာ ခေါင်းပြီးခြုံပြီးတော့ အိပ်နေတယ်တဲ့။ သူအိပ်နေတုန်းမှာ တခါတည်း သရက်သီးမှည့်တစ်လုံးက ဖုတ်ကနဲ ဆိုပြီးတော့ မြေကြီးပေါ် ကြွေကျလိုက်တဲ့အခါကျတော့ သူက ခေါင်းမြီးခြုံလေး ဖွင့်ပြီးတော့ ကြည့်လိုက်တယ်။ ကြည့်လိုက်တော့ မြင်တယ်ပေါ့။ မြင်တော့ သရက်သီးကို ကောက်ယူလိုက်တယ်။ ကောက်ယူပြီးတော့ မှည့်မမှည့် ကြည့်လိုက်တယ်။ ဟာ .. မှည့်ပြီ၊ ဆုံးဖြတ်ပြီ။ ပြီးတော့ သူစားတယ်ပေါ့။ စားပြီးတော့ နောက်ဆုံးကျတော့ ကျန်တဲ့အဖတ်ကလေးတွေ ဘာတွေ မျိုချလိုက်တာပေါ့။ ပြီးတော့ ပြန်အိပ်သွားတယ်။

အဲဒီ ဥပမာ မှတ်ထား။ ပထမ အိပ်နေတာက ဘဝင်ပေါ့။ သရက်သီးကလေး ဖုတ်ကနဲ ကျလာတာက အာရုံက လာပြီးတော့ ထိခိုက်တာ။ သူ ခေါင်းမြီးခြုံ ဖွင့်လိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း။ မြင်တာက စက္ခုဝိညာဉ်။ လှမ်းယူလိုက်တာက သမ္ပဋိစ္ဆိုင်း။ မှည့်မမှည့် သူနှိပ်ကြည့်လိုက်တာက သန္တီရဏ။ ဒါ မှည့်ပြီ၊ မှည့်တဲ့ သရက်သီးပဲလို့ ဆုံးဖြတ်လိုက်တယ်၊ ဝုဋ္ဌော။ ပြီးတော့ စားတယ်။ အာရုံရဲ့ အရသာကို ခံစားတယ်ဆိုတော့ ဇော။ စားပြီးတော့ နောက်တခါ အကျန်အကြွင်းလေး မျိုချလိုက်တယ်။ အဲဒါက တဒါရုံလို့ ခေါ်တယ်။ ပြီးတော့ ပြန်အိပ်တာက ဘဝင်။ အဲဒီ ဥပမာနဲ့ မှတ်ထား။ ဒါ ကျမ်းဂန်မှာ လာတဲ့ ဥပမာ။


+++++


ဝိပဿနာက အကြွေးမရ

.... ဒါကြောင့် မြင်တိုင်း မြင်တိုင်း ယခု မြင်ရင် ယခု ရှု၊ ယခု မြင်ရင် ယခုရှု။ ဒီလို ချက်ချင်း ချက်ချင်း ရှု,ရှုသွားရတယ်။ အကြွေးမထားရဘူး။ ဝိပဿနာက အကြွေးမရဘူး။ ဈေးဝယ်ရာမှာ အကြွေးရသလို ဝိပဿနာရှုရာမှာတော့ နောက်မှ ရှုမယ်လို့ ဒီလို အကြွေးထားလို့ မရဘူး။ ချက်ချင်း လက်ငင်း ရှု,ရှုသွားမှ ရတယ်။ ဒါမှ စွဲလမ်းမှုက မဝင်ရောက်နိုင်တာ။

ဒီလို လက်ငင်းမရှုနိုင်ဘဲ အကြွေးကျန်သွားရင်တော့ အဲဒီ အာရုံမှာ စွဲလမ်းမှုတွေက ဝင်ရောက်သွားတယ်။ အဲဒီလို စွဲလမ်းပြီးမှတော့ ပြန်ပြီး ရှုပေမယ်လို့ မူလအစွဲအလမ်းက မပျောက်တော့ဘူး။

ဒီနေရာမှာ ချက်ချင်း ရှုရမယ်ဆိုတာက မြင်ပြီးလျှင် ပြီးချင်း လက်ငင်းရှုဖို့ပါပဲ။ ကျမ်းဂန်စကားဖြင့် ပြောရရင် စက္ခုဒွါရဝီထိ ဆုံးသွားလျှင်သွားချင်း တဒနုဝတ္တကမနောဒွါရဝီထိတွေ မဖြစ်သေးခင် ဦးအောင် ရှုရမယ်လို့ ဆိုပါတယ်။

အဆင်းကို မြင်ရာမှာ “ဝီထိစိတ် ဖြစ်ရိုးဖြစ်စဉ်”က ဒီလို ရှိပါတယ်။

ပထမ ထင်ပေါ်လာတဲ့ အဆင်းကို မြင်တယ်။ အဲဒါကို ‘မြင်ဝီထိ’လို့ မှတ်ထားပါ။
ပြီးတော့ အဲဒီ မြင်ပြီး အဆင်းကို ပြန်လည် ဆင်ခြင်တယ်။ အဲဒါကို ‘ဆင်ခြင်ဝီထိ’လို့ မှတ်ထားပါ။
ပြီးတော့ မြင်ရတဲ့ အဆင်းတွေကို ပေါင်းစပ်ပြီးတော့ ပုံသဏ္ဍာန် အထည်ဒြပ်အနေနဲ့ ထင်မြင်သွားတယ်။ အဲဒါကို ‘ဒြပ်ဝီထိ’လို့ မှတ်ထားပါ။
ပြီးတော့မှ အမည်ပညတ်ကို သိသွားတယ်။ အဲဒါကို ‘အမည်ဝီထိ’လို့ မှတ်ထားပါ။

မတွေ့ဖူးလို့ အမည်မခေါ်တတ်တဲ့ ဝတ္ထုမျိုးဆိုရင်တော့ ဒီအမည်ဝီထိ မဖြစ်နိုင်တော့ပါဘူး။
အဲဒီ လေးဝီထိထဲမှာ ပထမ မြင်ဝီထိ ဖြစ်စဉ်က ဖြစ်ဆဲပစ္စုပ္ပန် အဆင်းပရမတ်ကို မြင်သိသွားတယ်။
ဒုတိယ ဆင်ခြင်ဝီထိမှာ မြင်ပြီး အတိတ်အဆင်း ပရမတ်ရုပ်ကိုပဲ ပြန်ဆင်ခြင်တယ်။ ဒီဝီထိ ၂-ခုလုံး အဆင်းပရမတ်ရုပ်ကိုချည်း အာရုံပြုကြတယ်။ ပညတ်ကို မရောက်သေးဘူး။ ထူးတာကတော့ ပစ္စုပ္ပန်နဲ့ အတိတ် ဒါလောက်ပဲ ထူးခြားတယ်။ ပရမတ်အာရုံချင်းကတော့ အတူတူပါပဲ။

တတိယ ဒြပ်ဝီထိကျတော့ ပုံသဏ္ဍာန် အထည်ဒြပ်ပညတ်ကို ရောက်သွားပြီ။
စတုတ္ထ အမည်ဝီထိကျတော့ အမည်ပညတ်ကိုတောင် ရောက်သွားပြီ။
ဒီက နောက်ဆက်ပြီးဖြစ်တဲ့ ဝီထိတွေကျတော့ အဲဒီ အထည်ဒြပ်အမည်တွေနဲ့ စပ်ဆိုင်တဲ့ ပညတ်အမျိုးမျိုးတွေကို ရောက်သွားတယ်။

ဒီစိတ်အစဉ်တွေဟာ ဝိပဿနာ မရှုတဲ့သူတွေမှာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ။
အဲဒီ ဖြစ်စဉ်တွေကို တိုတိုနဲ့ မှတ်ဖို့ ဆောင်ပုဒ်ကတော့ -

“ထင်ဆဲဆင်းဓာတ်၊ မြတ်လတ်ဦးစွာ
မြင်ပြီးတရား၊ စဉ်းစားပြန်ရာ
သဏ္ဍာန်ဒြပ် ပညတ်ပေါ်ကာ
မည်နာမ သိရ နောက်ဆုံးမှာ” တဲ့။

ထင်ဆဲ ပေါ်လာဆဲဖြစ်တဲ့ အဆင်းရူပါရုံကို ရှေးဦးစွာ မြင်ပါတယ် တဲ့။ အဲဒါကို ‘မြင်ဝီထိ’လို့ ခုတင်က အမည်ပေးခဲ့တယ်။
အဲဒီ ‘မြင်ဝီထိ’စိတ်အစဉ်ထဲမှာ စိတ်အကြိမ်ပေါင်း ၁၄ ကြိမ် ပါဝင်တယ်။ အဲဒါတွေကိုလဲ တိုတိုနဲ့ မှတ်နိုင်အောင်လို့ ဆောင်ပုဒ်ကလေးတွေ ပေးထားတယ်။ တချို့က နှုတ်တက်တောင် ရနေကြပါလိမ့်မယ်။

(၁) ဘဝင် ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
(၂) စုံစမ်း ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။
(၃) အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
(၄) ကြား, နံ, စား, ထိ၊ မြင်တူ၏၊ မှတ်ဘိ စိတ်ဖြစ်ပုံ ... တဲ့။

ပထမ ဆောင်ပုဒ်ထဲက ဘဝင်ဆိုတာ ပဋိသန္ဓေစိတ်နဲ့ အမျိုးတူပါပဲ။
မြင်တဲ့စိတ် ကြားတဲ့စိတ် ကြံသိတဲ့စိတ် ဒီလို အသိစိတ်တွေ မရှိတဲ့အခိုက်မှာ ဒီ ဘဝင်စိတ်ချည်း မပြတ် ဖြစ်နေတယ်။ အိပ်မောကျနေတဲ့အခါမှာ ဒီ ဘဝင်စိတ်ချည်း သန့်သန့် ဖြစ်နေတယ်။

မြင်စရာ စသည် ပေါ်လာတဲ့အခါမှာ အဲဒီ ဘဝင်စိတ်အစဉ်က ရပ်တန့်သွားတယ်။
မြင်သိတဲ့ စိတ် စသည်က ဖြစ်ပေါ်လာတယ်။

ဒါကြောင့် ဘဝင်စိတ်အစဉ် ဖြစ်နေဆဲမှာ မျက်စိထဲ အဆင်းထင်ပေါ်လာရင် အဲဒီ ဘဝင်စိတ်အစဉ်က ရပ်စဲပြီးတော့ မျက်စိထဲကျလာတဲ့ အဆင်းကို နှလုံးသွင်း ဆင်ခြင်တဲ့ စိတ် ဖြစ်ပေါ်လာတယ်။
အဲဒီစိတ် ချုပ်သွားတော့ မြင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။ အဲဒါပြီးတော့ မြင်ရတဲ့ အာရုံကို လက်ခံ နှလုံးသွင်းတဲ့ စိတ် ဖြစ်ပေါ်လာတယ်။
အဲဒါပြီးတော့ မြင်ရတဲ့ အဆင်းကို စုံစမ်းတဲ့ စိတ် ဖြစ်ပေါ်လာတယ်။
အဲဒါပြီးတော့ မြင်ရတာကလေးကို ကောင်းတယ် မကောင်းဘူး စသည်ဖြင့် ပိုင်းခြား ဆုံးဖြတ်တဲ့ စိတ် ဖြစ်ပေါ်လာတယ်။ အဲဒါပြီးတော့ အဲဒီ ဆုံးဖြတ်ချက် အားလျော်စွာ ကုသိုလ် အကုသိုလ် ဇောစိတ်တွေ ပြင်းထန်သောအဟုန်နဲ့ ခုနစ်ကြိမ်တိုင်တိုင် ထပ်ကာ ထပ်ကာ ဖြစ်ပေါ်ကြတယ်။
အဲဒါကို ဆောင်ပုဒ်မှာ “ဇောစိတ်သတ်”လို့ ဆိုထားတယ်။ “သတ်”ဆိုတာ ပါဠိ “သတ္တ”ပုဒ်မှ ဖြစ်လာတဲ့ ပါဠိပျက် မြန်မာစကားပဲ။ ခုနစ်ခုလို့ ဆိုလိုပါတယ်။
အဲဒီ ဇောစိတ်တွေ ဆုံးသွားတော့ သူတို့ရဲ့ အာရုံကိုပဲ နောက်ယောင်လိုက်ပြီး အာရုံပြုတဲ့စိတ် နှစ်ကြိမ် ဖြစ်ပေါ်လာပြန်တယ်။ အဲဒါကို တဒါရုံစိတ်လို့ ခေါ်တယ်။
အဲဒီ တဒါရုံစိတ် နှစ်ကြိမ်ပြီးသွားတဲ့အခါ အိပ်မောကျသလိုပဲ ဘဝင်စိတ်တွေ ပြန်ပေါ်လာပြန်တယ်။

အဲဒီမှာ ဆင်ခြင်တဲ့စိတ်က စပြီး တဒါရုံတိုင်အောင် စိတ် ၁၄-ကြိမ် ရှိတယ်။ ဒါတွေအားလုံးကို မြင်တဲ့စိတ် တစ်ခုတည်းအနေဖြင့်သာ ထင်ရှား တွေ့နိုင်ပါတယ်။
အဲဒါဟာ မြင်ဝီထိ ဖြစ်ပုံပါပဲ။

ဝိပဿနာရှုမှု အချိုးကျလာတဲ့အခါမှာ ဒီမြင်ဝီထိ နောင်ဘဝင်စိတ်များ ဖြစ်ပြီးတဲ့နောက်မှာ “မြင်တယ်”လို့ ပြန်ပြီး ရှုတဲ့ ဝိပဿနာစိတ် ဖြစ်ပေါ်လာတယ်။
အဲဒီလို ချက်ချင်း ရှုနိုင်အောင် အားထုတ်ရတယ်။
ဒီလို ရှုနိုင်ရင် မြင်တုန်းမြင်ဆဲ ဖြစ်ဆဲပျက်ဆဲမှာ ရှုမြင်ရသလိုပဲ ယောဂီရဲ့ ဉာဏ်ထဲမှာ ထင်ရတယ်။ ဒါကြောင့် ဒီလို ရှုတာကိုပင် ပစ္စုပ္ပန်ကို ရှုတယ်လို့ သုတ္တန်ဒေသနာတော်တွေမှာ ဟောထားပါတယ်။

ဒီလို ပစ္စုပ္ပန်ကျအောင် မရှုနိုင်ရင်တော့ ဘဝင်က ထပြီး ဆင်ခြင်ဝီထိ ဖြစ်ပေါ်လာတယ်။ အဲဒီ ဝီထိစဉ်ကတော့ ခုတင်က မြင်ခဲ့တာကို ပြန်ဆင်ခြင်တဲ့အနေနဲ့ ဖြစ်လာတယ်။ အဲဒီမှာ ပါဝင်တဲ့ စိတ်တွေကတော့ ဆင်ခြင်တဲ့ စိတ်က တစ်ကြိမ်၊ ဇောစိတ်က ခုနစ်ကြိမ်၊ တဒါရုံစိတ်က ၂-ကြိမ်၊ အားလုံးပေါင်း ၁၀-ကြိမ် ပါဝင်ပါတယ်။

အဲဒီ စိတ်စဉ်အတွက် ဆောင်ပုဒ်ကတော့ -
ဆင်ခြင်ပြီးခါ၊ ဇော,တဒါ၊ ကြံရာ စိတ်ဖြစ်ပုံ ... တဲ့။

မနောဒွါရက စိတ်ကူး စဉ်းစား ကြံစည်တိုင်း၊ ရှုမှတ် ဆင်ခြင်တိုင်း ဒီစိတ် ၃-မျိုး၊ အကြိမ်အားဖြင့် ၁၀-ကြိမ်ဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဒါပေမယ့် ယောဂီဉာဏ်ထဲမှာတော့ စိတ်တစ်ကြိမ်တည်းအနေနဲ့သာ ထင်မြင်နိုင်ပါတယ်။ ဒီလို တစ်ဝီထိ တစ်ဝီထိလုံးကို စိတ်တစ်ကြိမ်တည်း တစ်ကြိမ်တည်း အနေနဲ့ ထင်မြင်တာ သိတာဟာ ဘင်္ဂဉာဏ်အရာမှာ ပြဆိုထားတဲ့ ပဋိသမ္ဘိဒါမဂ်, ဝိသုဒ္ဓိမဂ်တို့နဲ့ ညီညွတ်ပါတယ်။

ယခု ပြောခဲ့တဲ့ ဆင်ခြင်ဝီထိ၏ အခြားမဲ့မှာ ရှုနိုင်ရင်လဲ ပညတ်ကို မရောက်ဘဲ ပရမတ် အဆင်းရုပ်တွင် တည်တံ့နိုင်ပါသေးတယ်။ အားထုတ်ခါစ ပုဂ္ဂိုလ်မှာတော့ ဒီလို တည်တံ့ဖို့ရာဟာ မလွယ်လှသေးဘူး။

အဲဒီ ဆင်ခြင်ဝီထိကိုတောင် မရှုနိုင်ရင်တော့ ဒြပ်ဝီထိ၊ အမည်ဝီထိတွေကို ရောက်သွားပါရော။ အဲဒီအခါကျတော့ စွဲလမ်းမှုတွေလဲ ဝင်ရောက်လာကြတော့တာပဲ။ အဲဒီလို စွဲလမ်းပြီးမှတော့ ရှုပေမယ်လို့ မူလအစွဲအလမ်းက မပျောက်တော့ဘူး။

ဒါကြောင့် အဲဒီ ပညတ်ဝီထိ စွဲလမ်းမှုတွေ မရောက်ခင် ရှုနိုင်အောင်လို့ “မြင်ပြီးလျှင် ပြီးချင်း လက်ငင်းရှုရမယ်”လို့ ညွှန်ကြားရတာပဲ။

ကဲ .... ဖြစ်စဉ် ဆောင်ပုဒ်ကို ဆိုကြရမယ်။

“ထင်ဆဲ ဆင်းဓာတ်၊ မြင်လတ်ဦးစွာ” (ဒါက စက္ခုဒွါရဝီထိ - မြင်ဝီထိ ဖြပ်ပုံပဲ။)

“မြင်ပြီးတရား၊ စဉ်းစားပြန်ရာ” (ဒါက တဒနုဝတ္တကမနောဒွါရဝီထိ-ဆင်ခြင်ဝီထိ ဖြစ်ပုံပဲ။)

“သဏ္ဍာန်ဒြပ် ပညတ်ပေါ်ကာ၊
မည်နာမ သိရ နောက်ဆုံးမှာ” (ဒီ ၂-ပုဒ်ကတော့ ဒြပ်ဝီထိ၊ အမည်ဝီထိ ၂-ခု ဖြစ်ပုံတွေပါပဲ။

ဒါတွေကိုလဲ တဒနုဝတ္တက မနောဒွါရဝီထိတွေလို့ပဲ ခေါ်ရပါတယ်။ မြင်တဲ့ ဝီထိနောက်က အစဉ်လိုက်ပြီး ဖြစ်တဲ့ စိတ်အစဉ်တွေလို့ ဆိုလိုပါတယ်။

ကြားရာ နံရာ စားသိရာ ထိသိရာတွေမှာလဲ မြင်ရာမှာလိုပဲ ဝီထိစိတ်စဉ်တွေ ဖြစ်သွားပါတယ်။

ထူးခြားတာကတော့ “ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်”ဆိုရာမှာ - “ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်” … စသည်ဖြင့် သူ့ဒွါရ သူ့ဝိညာဏ်အားလျော်စွာ ပြင်ပြီး ယူရမယ်။ ပြီးတော့ “မြင်လတ်ဦးစွာ”၊ “မြင်ပြီးတရား”လို့ ဆိုရာတွေမှာလဲ “ကြားလတ်ဦးစွာ”၊ “ကြားပြီးတရား” စသည်ဖြင့် ပြင်ပြီး ယူရမယ်။

ပြီးတော့ စကားသံကို ကြားရာမှာ အမည်ပညတ်က အရင်ပေါ်တယ်။ အနက်ဒြပ်က နောက်မှ ပေါ်တယ်။ ဒါကြောင့် အဲဒီ စကားသံကို ကြားရာမှာ တတိယနဲ့ စတုတ္ထစာပိုဒ်များကို “အမည်ပညတ်၊ ပေါ်လတ်ပြီးခါ”၊ “အနက်ဒြပ် သိလတ်နောက်ဆုံးမှာ”လို့ ရှေ့နောက်ပြန်ပြီး ယူရမယ်။ ဒါလောက်ပဲ ထူးခြားပါတယ်။

ဒါကြောင့် “ကြား နံ စား ထိ၊ မြင် တူ၏၊ မှတ်ဘိ စိတ်ဖြစ်ပုံ”လို့ ဆောင်ပုဒ်မှာ ညွှန်ပြထားခဲ့တယ်။

ဒါကြောင့် အဲဒီ ကြားရာ စသည်မှာလဲ ကြားပြီးလျှင် ပြီးချင်း၊ နံပြီးလျှင် ပြီးချင်း၊ စားသိပြီးလျှင် ပြီးချင်း၊ ထိသိပြီးလျှင် ပြီးချင်း လက်ငင်းပဲ ရှု,ရှုသွားရမယ်။

ပြီးတော့ မနောဒွါရဖြင့် စိတ်ကူး ကြံစည်မိရာမှာလဲ ချက်ချင်း မရှုမိလျှင် အဲဒီ စိတ်ကူးနောက်ကို လိုက်ပြီး စဉ်းစား ဆင်ခြင်တဲ့ အနုဝတ္တကဝီထိတွေ (နောက်လိုက် စိတ်အစဉ်တွေ) တသီတတန်းကြီး ဖြစ်ပေါ်လာမယ်။ ဒါကြောင့် အဲဒီ နောက်လိုက် ကြံစည်မှုတွေ မဖြစ်ရအောင် အဲဒီ ကြံသိရာမှာလဲ ချက်ချင်းပဲ ရှု,ရှုသွားရမယ်။

ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ချက်ချင်း လက်ငင်း ရှု,ရှုသွားရင် ဆင်ခြင် စဉ်းစားပြီး စွဲလမ်းမယ့် နောက်လိုက်စိတ်တွေ မဖြစ်ရတော့ဘူး။

(‘ဝိပဿနာက အကြွေးမရ’ကို မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “ဝိပဿနာအခြေခံတရားတော်” မှ ကောက်နုတ်သည်။)


+++++


လောကချမ်းသာဆရာတော် အရှင်ဣန္ဒက ကလည်း ခုတပတ်မှာ အဟိတ်စိတ်များအကြောင်းကို ရှေးဦးစွာ သင်ကြား ပို့ချသွား၏။
ပြီးမှ ဆရာတော်ဦးသီလာနန္ဒ၏ သင်ကြားချက်များကို နာယူ မှတ်သားကြရ၏။


လောကချမ်းသာ စနေတရားပွဲကိုမူ ယခုတပတ်တွင် အလှည့်ကျသော အရှင်ဝဏ္ဏိတ က “အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်” ဟူသော တရားတော် ခေါင်းစဉ်ဖြင့် ဟောကြားသည်။ တိပိဋကဓရ ယောဆရာတော်၏ “အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်”တရားတော်ကို ကြားနာရပြီး လိုက်နာ မှတ်သားဖွယ် အထူးကောင်းသဖြင့် ဤတရားတော်အမည်ကို ယူ၍ ဟောကြားခြင်း ဖြစ်ကြောင်း သိရ၏။


တရားတော်ဆောင်ပုဒ်များအဖြစ် -

“ဒါနစွမ်းအား၊ စုသူများ၊ ဥစ္စာပစ္စည်း လုံခြုံသည်
သရဏဂုံ၊ စိတ်ဝယ်ထုံ၊ လုံခြုံအေးမြသည်
ငါးပါးသီလ၊ စောင့်ထိန်းက၊ ဘဝခန္ဓာလုံခြုံသည်
မေတ္တာတရား၊ အစဉ်ပွား၊ စွမ်းအားပိုင်ရှင် ဖြစ်ရသည်
အနိစ္စဟု၊ မြင်အောင်ရှု၊ ပူမှု ကင်းလွတ်သည်
တရားငါးမျိုး၊ လူ့တန်ခိုး၊ ကောင်းကျိုး စည်ပင်သည်” တို့ကို ချပေး၍ ဒါနစွမ်းအားအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောကြားသွား၏။ အချိန်မရ၍ ကျန်တရားလေးမျိုးအကြောင်းကို အလှည့်ကျရာ စနေတရားပွဲများတွင် ဆက်လက် ဟောကြားသွားမည့်အကြောင်း အမိန့်ရှိရာ တရားနာပရိတ်သတ်များအဖို့ အားမလို အားမရ တရားနာမဝ ဖြစ်ကြရ၏။
တရားပွဲပြီးသော် ဆယ်မိနစ်မျှ လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှု ကုသိုလ်အစုစုတို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။




သာဓု … သာဓု … သာဓု။



+++++
စာကိုး
- မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိပဿနာအခြေခံတရားတော်”
- မင်းကွန်းဆရာတော်ဘုရားကြီး၏ “(လယ်တီဆရာတော်ဘုရားကြီး၏) ပရမတ္ထသံခိပ်ကျမ်း အဖြေ”
- အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ- အတွဲ(၁)”