Wednesday, December 31, 2008

အာနန္ဒာဗောဓိပင် သမိုင်း



(image source: http://www.panoramio.com/photo/4286032)




(image source: http://commons.wikimedia.org/wiki/File:Anandabodhi.jpg)


တချိန်က မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ ကိန်းအောင်းမွေ့လျော် သီတင်းသုံးတော်မူစဉ်တုန်းက၊ အမှန်တော့ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။
သာဝတ္ထိမြို့ဟာလည်း မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။

ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဒကာ အများကြားဖူးတဲ့ အနာထပိဏ်သူဌေးကြီး၊ အဲဒီ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်တုန်းက၊ သီတင်းသုံးတယ်ဆိုပေမယ့် မြတ်စွာဘုရားဟာ ဘယ်ကျောင်းမှာမှ အမြဲ မနေနိုင်ပါဘူး။
သတ္တဝါများအတွက် တရားဟောဖို့ ဒေသစာရီ ကြွချီပြီးတော့ သွားနေရစမြဲပါ။
အေးအေးချမ်းချမ်း အေးအေးဆေးဆေး ကျောင်းမှာထိုင်ပြီး သီတင်းသုံးနေတယ်ဆိုတာ အင်မတန်မှ နည်းပါတယ်။

ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးသော်လည်းပဲ ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါများ နေ့တိုင်းနေ့တိုင်း ဉာဏ်မျက်စိမှာ ဖြန့်ကြည့်ပြီးတော့ ဉာဏ်ထဲမှာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ ဘုရားရဲ့ ကျေးဇူးပြုခံထိုက်တဲ့ ပုဂ္ဂိုလ်များ ပေါ်လာတယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ တယောက်တည်းဖြစ်ပါစေ ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ကြွရောက်ပြီးတော့ တရားဟောရတယ်။ တခါတရံလည်း နေ့ချင်းပြန်ပေါ့။ တခါတရံလည်း ရက်ရှည် ခရီးကြွနေရတာပဲ။

အဲဒီလို မြတ်စွာဘုရား သတ္တဝါများအတွက် တရားဟောဖို့ ခရီးဒေသစာရီ ကြွချီတဲ့အခါ မြို့ထဲမှာ ရှိတဲ့ ဒကာ ဒကာမတွေကတော့ နေ့တိုင်းနေ့တိုင်း ကျောင်းသို့ လာနေကျပါ။
ဘုရားရှိလည်း လာတာပဲ။ ဘုရားမရှိလည်း လာကြတာပဲ။
မနက်ပိုင်းလာလည်း မနက်ပိုင်း လှူဖွယ်တန်းဖွယ်တွေနဲ့။
နေ့လည်ပိုင်းလာလည်း နေ့လည်ပိုင်းအလျောက် လှူဒါန်းဖွယ်တွေနဲ့။
ညနေပိုင်းရောက်တော့လည်း ပန်းတို့ ဆီမီးတို့ စတဲ့ လှူဖွယ်တန်းဖွယ်တွေနဲ့ ကျောင်းလာကြတယ်။

အထူးအားဖြင့် မြတ်စွာဘုရားအား ပူဇော်ဖို့ ဖူးဖို့ဆိုပြီးတော့ ပန်းစသည် ယူပြီးတော့ ဒကာ ဒကာမတွေ ဇေတဝန်ကျောင်းလာကြတော့ မြတ်စွာဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရားနှင့် မတွေ့ကြရဘူး။
သူတို့ ရည်ရွယ်ချက်က ဘုရားပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပန်းစသည် လှူဒါန်းဖွယ်မျိုးစုံ ယူလာကြတယ်။ လှူဖို့ ယူလာကြတယ်။

ကျောင်းရောက်တော့ ဘုရားနဲ့ မတွေ့တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားကြတယ်။
စိတ်ထဲမှာ ဟာခနဲဖြစ်တော့ ဘုရားကို ပူဇော်ဖို့ ယူခဲ့တာ ဘုရားနှင့်က မတွေ့၊ ဘုရားကိုယ်စား ဘယ်အနား သွားပူဇော်ရမယ်လို့လည်း အသိတရားက မရှိသေး။
ဒီလိုဆိုတော့ ယူလာခဲ့တဲ့ ပန်းစတဲ့ လှူတန်းဖွယ်တွေကို မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓာကုဋိကျောင်းတံခါးဝနား စွန့်ထားခဲ့ပြီးတော့ အားငယ်တဲ့စိတ်ကလေးတွေနဲ့ အိမ်ပြန်,ပြန်သွားကြရတယ်။
တစ်ခါ မဟုတ်ဘူး၊ နှစ်ခါ မဟုတ်ဘူး။ အကြိမ်ကြိမ်ပဲ အဲဒီလို ဖြစ်ကြတယ်။
ဘုရားကလည်း ကျောင်းမှာ အမြဲတမ်း သီတင်းသုံးနေနိုင်တာ မဟုတ်ဘူး။ ဒေသစာရီ ကြွချီရတာက အများကြီး။

အဲဒီလို ဘုရား ဒေသစာရီ ကြွချီခိုက်နဲ့ ကြုံရတဲ့အခါများမှာ ဘုရားဖူးလာတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားနှင့် မတွေ့ကြရတော့ အားငယ်ကြတယ်တဲ့။
ဆောက်တည်ရာ မရှိသလိုလို ကိုးကွယ်ရာ မရှိသလိုလို အဲလို ဖြစ်ကြတယ်။
လှူဖို့တန်းဖို့ ယူခဲ့ကြတဲ့ ပန်းစတဲ့ လှူဒါန်းဖွယ်များကိုလည်းပဲ ပူဇော်စရာ နေရာက မသိသေးတော့ ဂန္ဓကုဋိကျောင်းတံခါးဝ စသည်မှာ ပစ်ထားခဲ့ကြတယ် တဲ့။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်လာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတယ်။
ဘုရားကြွသွားရင် အရှင်အာနန္ဒာလည်း လိုက်သွားရသဖြင့် ဘုရားပြန်ကြွလာရင် အရှင်အာနန္ဒာလည်း ပါလာစမြဲ။

ဒီတော့ ဒကာ ဒကာမတွေက ဒီအကြောင်းကို ပဓာနကျောင်းဒကာကြီးဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးကို ပြောကြတာပေါ့။
မြတ်စွာဘုရားဖူးဖို့ မြတ်စွာဘုရားထံ လှူဖို့တန်းဖို့ ပူဇော်ဖို့ သွားတဲ့အခါ ဘုရားနဲ့ မတွေ့ရလို့ အားငယ်တဲ့အကြောင်း၊ ပူဇော်စရာ မတွေ့လို့ ပန်းစသည်ကို ဂန္ဓကုဋိကျောင်းတံခါးမှာ စွန့်ပစ်ထားခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် တကယ်လို့များ ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာ၊ မြတ်စွာဘုရားအား လျှောက်ပေးပါဦးလို့ လူတွေက ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကို ပူဆာကြ ပြောကြတယ်။

အဲဒါနဲ့ မြတ်စွာဘုရား ဒေသစာရီ ကြွချီရာက ပြန်ကြွလာတဲ့အခါ အရှင်အာနန္ဒာလည်း ပါလာတော့ အရှင်အာနန္ဒာထံ သွားပြီးတော့ အနာထပိဏ်သူဌေးကြီးက လျှောက်တယ်။
အရှင်ဘုရား .. မြတ်စွာဘုရားက ဇေတဝန်ကျောင်း သီတင်းသုံးတယ်ဆိုပေမယ့် အမြဲတမ်း သီတင်းသုံးနိုင်တာ မဟုတ်တော့ သတ္တဝါများအတွက် တရားဟောဖို့ သွားရတယ်ဆိုတော့၊ မြတ်စွာဘုရား ဒေသစာရီ ကြွချီတဲ့အခါ ဟောဒီ ဇေတဝန်ကျောင်းထဲမှာ ဘုရားဆိတ်သုဉ်းသလိုပဲ ဖြစ်နေပါတယ်ဘုရား။ ဘုရားဖူးဖို့ လှူဖို့ တန်းဖို့ လာတဲ့ ပုဂ္ဂိုလ်များ ဘုရားနဲ့ မတွေ့တော့ အားငယ်ကြတယ် ဘုရား။ ဘုရားကိုယ်စား ကိုးကွယ်စရာကလည်း မရှိတော့ လှူဖို့ တန်းဖို့ ယူခဲ့တဲ့ ဥစ္စာတွေကို ဂန္ဓကုဋိကျောင်းတိုက်တံခါးနားမှာ ဒီအတိုင်းပဲ ချထားခဲ့ စွန့်ထားခဲ့ရတယ် ဘုရား။

ဒါကြောင့် မြတ်စွာဘုရားကို လျှောက်ပေးပါပေါ့။
ဘုရားမရှိတဲ့အခါ ဘုရားကိုယ်စား ကိုးကွယ်စရာ ပူဇော်စရာများ မြတ်စွာဘုရား မိန့်ကြားပေးပါဘုရား၊ ညွှန်ကြားပေးတော်မူပါဘုရား။
အဲဒီလို အရှင်ဘုရားက မြတ်စွာဘုရားကို လျှောက်ပေးပါဦးဘုရားလို့ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးက (အရှင်အာနန္ဒာ၊ လောကအပြောတော့ ဘုရားရဲ့ ကိုယ်ရေးအရာရှိပေါ့။ ဘုရားရဲ့ ကိုယ်ရေးအရာရှိလို့ ခေါ်ဆိုရမယ့်) အရှင်အာနန္ဒာကို လျှောက်တော့ -
အရှင်အာနန္ဒာက မြတ်စွာဘုရားထံ သွားလျှောက်။

မြတ်စွာဘုရားထံ သွားလျှောက်တော့ အရှင်အာနန္ဒာက မေးခွန်းပဲ လျှောက်ပါတယ်။

“မြတ်စွာဘုရား၊ လောကမှာ စေတီဘယ်နှမျိုး ရှိပါသလဲ ဘုရား”

“သုံးမျိုးရှိတယ် အာနန္ဒာ”

သုံးမျိုးဆိုတာက ‘ဓမ္မစေတီ’မပါဘဲနဲ့ သုံးမျိုးပြောတာပါ။
တချို့နေရာမှာ လေးမျိုးဆိုတာက ‘ဓမ္မစေတီ’ထည့်ပြီးတော့ လေးမျိုးလို့ ပြောတာ။
အခု မြတ်စွာဘုရားက -

“သုံးမျိုးရှိတယ် အာနန္ဒာ”

“အဲဒီ သုံးမျိုးက ဘာတွေလဲဘုရား”

“သုံးမျိုးဆိုတာ ‘ပရိဘောဂစေတီ’၊ ‘ဥဒ္ဒိဿစေတီ’၊ ‘ဓာတုစေတီ’ပေါ့”

ဓာတုစေတီကို ‘သရီရစေတီ’လို့လည်း ခေါ်တယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသောကြောင့် ဓာတုစေတီကို သရီရစေတီလို့လည်း ခေါ်တယ်။
ဒါကြောင့် -
“ပရိဘောဂစေတီရယ်၊ ဥဒ္ဒိဿစေတီရယ်၊ ဓာတုစေတီရယ်လို့ သုံးမျိုးရှိတယ် အာနန္ဒာ၊ အဲဒီသုံးမျိုးရှိတယ် အာနန္ဒာ”

အဲဒီ သုံးမျိုးထဲမှာ ‘ဓမ္မစေတီ’ထည့်လိုက်ရင် စေတီလေးမျိုးဆိုတာ ပေါ်လာတယ်။

စေတီဆိုတာ ပါဠိလို ‘စေတိယ’။
စေတိယဆိုတာ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်၊ လေးစားထိုက်တယ်၊ မြတ်မြတ်နိုးနိုး အားကိုးထိုက်တယ် အဲဒါကို စေတီလို့ ခေါ်ပါတယ်။

အဲဒီ သုံးမျိုးရှိတယ်လို့ မြတ်စွာဘုရားက မိန့်ကြားတော့ အရှင်အာနန္ဒာက -

“မြတ်စွာဘုရား .. အဲဒီ စေတီသုံးမျိုးကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပဲ တည်လို့ ဖြစ်ပါသလား ဘုရား”လို့ အရှင်အာနန္ဒာက ပညာရှိပီပီ လျှောက်တယ်။
ဒကာ ဒကာမတွေက ဘယ်လို လျှောက်ခိုင်းလို့ဘုရား၊ အနာထပိဏ်သူဌေးကြီးက ဒီလိုလျှောက်ခိုင်းလို့ဘုရား တလုံးမှ မပြောဘူး။
ပညာရှိကြီးပီပီပဲ လိမ္မာပါးနပ်စွာ စေတီတည်လို့ ဖြစ်ပါမယ့်အကြောင်းကို လမ်းခင်းပြီးတော့ အရှင်အာနန္ဒာ လျှောက်နေပုံကလေး။

အဲဒီ စေတီသုံးမျိုး ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဆိုတဲ့ စေတီသုံးမျိုး။
“မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါသလားဘုရား”ဆိုတော့

“နှစ်မျိုးတည်လို့ ဖြစ်တယ် အာနန္ဒာ”

ဓာတုစေတီဆိုတာကတော့ ဘုရား ပရိနိဗ္ဗာန် စံမှပဲ တည်လို့ ဖြစ်တယ်။
ဓာတုစေတီဆိုတာ ဘုရားရဲ့ အရိုးဓာတ်တော်ကို ခေါ်တာ။
အရိုးဓာတ်တော်ဆိုတာကတော့ ဘုရားမရှိတဲ့နောက် ပရိနိဗ္ဗာန်စံပြီးမှပဲ ရမှာပေါ့။

ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ တည်လို့ ဖြစ်ပါတယ် အာနန္ဒာဆိုတော့ အရှင်အာနန္ဒာက ဒီလိုဆို မြတ်စွာဘုရား၊ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေစဉ်မှာပဲ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီ တည်လို့ဖြစ်တယ်ဆိုရင် တပည့်တော် စေတီတည်ချင်ပါတယ်ဘုရား ဆိုတော့ -

မြတ်စွာဘုရားက ပရိဘောဂစေတီဆိုတာ ငါဘုရား အသုံးအဆောင် သဗ္ဗညုတရွှေဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ ဗောဓိပင်ပေါ့။

ဗောဓိပင်လို့ ပြောလိုက်ရင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဘုရား အသုံးအဆောင်၊ ပြီးတော့ စေတီကြီးတွေပေါ့။
မြေပေါက်စေတီဆိုတာ အမှန်တော့ ဘုရားရဲ့ သီတင်းသုံးရာ ကျောင်းဆောင်ကြီးတွေပါ။
ကျောင်းဆောင်ကြီးတွေဆိုတာကလည်း အသုံးအဆောင်တွေမို့လို့ ပရိဘောဂစေတီပဲ။
စေတီကြီးတွေမှန်သမျှအားလုံး ဘုရားရဲ့ သီတင်းသုံးရာ အုတ်ဂူ၊ အုတ်ကျောင်းကြီးများသဖွယ် တည်ဆောက်ထားတာ ဖြစ်သောကြောင့် ပရိဘောဂစေတီအရာမှာ တည်တယ်။
ဗောဓိပင်တို့ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ အသုံးအဆောင် ပရိဘောဂစေတီလို့ပဲ ခေါ်တယ်။
ဘုရားရဲ့ အသုံးအဆောင် သပိတ်တော်တို့၊ သင်္ကန်းတော်တို့ စတဲ့ ဥစ္စာအားလုံး၊ အသုံးအဆောင်အားလုံးကို ပရိဘောဂစေတီ။

ဒါကြောင့် -
“ငါဘုရား သဗ္ဗညုတဉာဏ် ထိုးထွင်းသိရာဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပရိဘောဂစေတီပဲ ချစ်သား အာနန္ဒာ”

ဥဒ္ဒိဿစေတီဆိုတာကတော့ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်ညိုမြတ်နိုးစွာ ကိုးကွယ်ရတဲ့ အလုပ်ပါ။
အဓိကတော့ အာရုံပြုတတ်ဖို့ စိတ်အားထက်သန်ဖို့သာ ပဓာနပါ။

အဲဒီလိုဆိုတော့ မြတ်စွာဘုရား အဲလို မိန့်ကြားတော်မူတော့ အရှင်အာနန္ဒာက အဲလိုဆိုလို့ရှိရင် တပည့်တော် ဟောဟိုက ဇေတဝန်ကျောင်းတံခါးပေါက်မှာ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိစေ့ကို ယူပြီးတော့ ဗောဓိပင် စိုက်ပျိုးချင်ပါတယ် ဘုရား တဲ့။

မြတ်စွာဘုရား ကျောင်းမှာ မရှိတဲ့အခါမှာ ဒကာ ဒကာမတွေ ပူဇော်ဖို့ လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ မတွေ့တော့ ပူဇောစရာနေရာ မတွေ့တော့ အားငယ်ကြတယ် ဘုရား။
ဒါကြောင့် မြတ်စွာဘုရား မရှိတဲ့အခိုက် ဒကာ ဒကာမတွေ ပူဇော်ဖို့ လှူတန်းဖို့ လာကြတဲ့အခါ ပူဇော်စရာ လှူတန်းစရာ ဘုရားကို အာရုံပြု ပူဇော်လှူတန်းစရာအဖြစ်ဖြင့် ရအောင် ပရိဘောဂစေတီအဖြစ် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ချင်တယ်ဘုရား၊ ဗောဓိပင်ကလည်း မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိရာဖြစ်တဲ့ မဟာဗောဓိပင်က ဗောဓိညောင်စေ့ကို ယူပြီးတော့ စိုက်ပျိုးမှာပါဘုရားလို့ အရှင်အာနန္ဒာက လျှောက်တော့ မြတ်စွာဘုရားက -

ကောင်းတာပေါ့ အာနန္ဒာ၊ ဇေတဝန်ကျောင်း တံခါးပေါက်မှာ ဗောဓိပင်ကြီး စိုက်ပျိုးလိုက်တော့ ဟောဒီ ဇေတဝန်ကျောင်းကြီးဟာ ငါဘုရား အမြဲသီတင်းသုံးသလို ဖြစ်သွားမှာပေါ့။
ဒီဇေတဝန်ကျောင်းထဲမှာ ငါဘုရား အမြဲသီတင်းသုံးနေသလို ဖြစ်တော့မှာ။
လာသမျှလူတွေ လှူဖို့တန်းဖို့ ပူဇော်ဖို့ အားကိုးဖို့ လာကြတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားရဲ့ဂုဏ် အာရုံပြုပြီးတော့ လှူကြတန်းကြ ပူဇော်ကြမယ်ဆိုရင် ကုသိုလ်တွေ ပွားကြမှာပေါ့။
ငါဘုရားနဲ့ အမြဲတွေ့နေသလိုပဲ နေမှာပေါ့ အာနန္ဒာ။
ဘုရားက ကောင်းတယ်လို့ ထောက်ခံတယ်။ ခွင့်လည်း ပြုတယ်။

အဲဒီ အကြောင်းအရာကို အရှင်အာနန္ဒာက ပသေနဒီကောသလမင်းကြီးထံလည်း အကြောင်းကြားတယ်။
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးထံလည်း အကြောင်းကြားတယ်။
ပုပ္ဖါရုံကျောင်းအမကြီး ဝိသာခါထံလည်း အကြောင်းကြားတယ်။
ဒီအပြင် အရေးပါ အရာရောက်တဲ့ ဒကာ ဒကာမတွေထံလည်း အကြောင်းကြားတယ်။

ပြီးတော့ အရှင်အာနန္ဒာက အရှင်မဟာမောဂ္ဂလာန်ထံ သွားအကူအညီတောင်း။
“အရှင်ဘုရား .. တပည့်တော် ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဗောဓိပင် စိုက်ပျိုးချင်တယ် ဘုရား၊ အရှင်ဘုရားရဲ့ တန်ခိုးနှင့် မဟာဗောဓိပင်က ဗောဓိညောင်စေ့ရအောင် ဆောင်ရွက်ပေးတော်မူစေချင်ပါတယ်ဘုရား” ဆိုတော့ -

အရှင်မဟာမောဂ္ဂလာန်က “ဟာ လွယ်ပါတယ် အာနန္ဒာ၊ ဗောဓိညောင်စေ့ရဖို့ မခက်ပါဘူး၊ ငါ တာဝန်ယူပါတယ်” ဆိုပြီးတော့ အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ မြတ်စွာဘုရား ပွင့်ခဲ့တဲ့ မဟာဗောဓိပင်ကို ကြွ၊ အဲဒီကို ကြွပြီးတော့ ဗောဓိညောင်သီးတစ်လုံးဟာ အညှာကနေ ကြွေကျခိုက် အရှင်မဟာမောဂ္ဂလာန်က ဟိုအောက်က မြေကြီးပေါ် မရောက်မီ ကြွေကျလျှင် ကြွေကျချင်း သင်္ကန်းနဲ့ လှမ်းခံယူလိုက်တယ်။

သင်္ကန်းနဲ့ လှမ်းခံယူပြီးတော့ ကောင်းကင်ခရီးနဲ့ပဲ ဇေတဝန်ကျောင်းကို ပြန်ကြွခဲ့တယ်။
ဗောဓိညောင်သီးတစ်လုံး ပါလာခဲ့တယ်။

အဲဒီထဲမှာ ညောင်စေ့တွေ မျိုးစေ့တွေ ပါလာတယ်ပေါ့။
အရှင်အာနန္ဒာက ဒကာ ဒကာမတွေ အသိပေးပြီးတော့ စေခိုင်းသင့်တဲ့ ပုဂ္ဂိုလ်များကို ကျောင်းတံခါးပေါက်မှာ မြေရှင်း၊ တွင်းများတူးခိုင်းပေါ့။
အားလုံး ကိစ္စပြီးပြီဆိုတဲ့အခါမှာ ရွှေပေါင်းချောင်ထဲမှာ နံ့သာနဲ့ထုံထားတဲ့ မြေများ ထည့်ပြီးတော့ အဲဒီ ဗောဓိညောင်စေ့များကို ချပြီးတော့ ပသေနဒီကောသလမင်းကြီးကို စိုက်ပျိုးခိုင်း။
ပသေနဒီကောသလမင်းကြီးကလည်း ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးလက်ထဲ လွှဲ။
အနာထပိဏ်သူဌေးကြီးက ဗောဓိညောင်စေ့ကို အဲဒီထဲမှာ ကြဲချ စိုက်ပျိုးလိုက်တယ်ဆိုရင်ပဲ အံ့သြစရာကောင်းလောက်အောင်တဲ့ ဗောဓိညောင်ပင်ကြီး ဘွားခနဲဆို ချက်ချင်း ပေါ်ပေါက်လာသတဲ့။

စေတနာအားတွေ၊ သဒ္ဓါအားတွေ၊ တန်ခိုးအားတွေ အကုန်လုံးပေါ့။ နှလုံးသာ တရားတည်ဆိုတဲ့အတိုင်း ဘုရားယုံကြည်မှုက သိပ်အားကောင်း၊ တရားယုံကြည်မှုက သိပ်အားကောင်း၊ စွမ်းအားတွေက အင်မတန် အားကောင်းလွန်းလို့ ယုံနိုင်စရာ မရှိဘူးတဲ့။

တခါတည်း ဘွားခနဲဆို ဗောဓိညောင်ပင်ကြီး ချက်ချင်း ထပေါက်လာ။
ပေါက်လိုက်တာ အထက်ကို အတောင်ငါးဆယ်၊ ဘေးလေးဖက်လေးတန်ကိုလည်း အတောင်ငါးဆယ်၊ အကိုင်းအခက်တွေ တခါတည်း ရှုမငြီး အံ့မခန်းနိုင်လောက်အောင် ဗောဓိပင်ကြီး ဘွားခနဲ ပေါက်လာသတဲ့။

အဲဒါနဲ့ အရှင်အာနန္ဒာက ဘုရားထံ သွားလျှောက် -
“ဗောဓိပင် စိုက်ပျိုးပြီးပါပြီ ဘုရား၊ အဲဒီ ဗောဓိပင်မှာ မြတ်စွာဘုရား ဖလသမာပတ် ဝင်စားတော်မူပါဘုရား၊ အသုံးချတော်မူပါ ဘုရား” ဆိုတော့ မြတ်စွာဘုရားလည်း အဲဒီ စိုက်ပျိုးထားတဲ့ ဗောဓိပင်အောက်သွား။ အဲဒီမှာပဲ တစ်ညလုံး ဖလသမာပတ်ဝင်စားပြီးတော့ အသုံးချတော်မူတယ်။ ပရိဘောဂစေတီပေါ့။

အရှင်အာနန္ဒာကို အကြောင်းပြုပြီးတော့ စိုက်ပျိုးတဲ့ ဗောဓိပင်ဖြစ်လို့ “အာနန္ဒာဗောဓိ”လို့ အဲလို ခေါ်တယ်။

အဲလိုဆိုရင် ဘုရားဂုဏ်ကို အာရုံပြုတာ အဓိကပါ။
အဓိကအားဖြင့် နှလုံးသားမှာ တရားတည်တာပါ။ နှလုံးသား တရားတည်တဲ့ စွမ်းအားကြောင့်မို့လို့ ဇေတဝန်ကျောင်းတံခါးပေါက်မှာ ဘုရားကိုယ်စား ဘုရားရဲ့ အသုံးအဆောင် မဟာဗောဓိပင်မှ အပွားဖြစ်တဲ့ ဗောဓိပင်ဆိုတာ ပေါ်လာရတယ်။
ဘုရားကိုယ်တိုင် ခွင့်ပြုထားတယ်။

ဒါကြောင့် စေတီဆိုတာ ဘုရားရှိကတည်းက ပေါ်လာတဲ့ ဥစ္စာပါ။
ဘုရားကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။
ကောင်းတယ်တဲ့။
ငါဘုရား မရှိတဲ့နောက် ငါဘုရား မရှိတဲ့အခါ ငါဘုရားကိုယ်စား ဖြစ်တာပေါ့။
ဘုရားကို အာရုံပြု ပူဇော်ရင် တကယ့်ဘုရားနဲ့ တွေ့ရသလိုပဲ ပူဇော်ရသလို အကျိုးဟာ ရပါတယ်လို့ ဘုရားကလည်းပဲ ချီးမွှမ်းဂုဏ်တင်ထားတာပဲ။


(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ, ယောဆရာတော် ၏ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ထုတ်ဝေသည့်
“နှလုံးသားဝယ် ဘုရားတည် - ဓမ္မစာစုများ အမှတ် (၁)” စာအုပ်တွင် ပါရှိသော သာသနာတော်သက္ကရာဇ် ၂၅၃၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၇-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက်၊ ခရစ်သက္ကရာဇ် ၁၉၉၅-ခုနှစ် နိုဝင်ဘာလ ၂-ရက် ကြာသပတေးနေ့ ညအချိန် ကလေးမြို့နယ် အင်ဒိုင်းကြီးရွာ မဟာအာယုဒီဃကျောင်းကြီးအတွင်း၌ ဟောကြားတော်မူသော “နှလုံးသားဝယ် တရားတည် တရားတော်” မှ)

Friday, December 26, 2008

မင်းကွန်းဆရာတော်ဘုရားကြီးနှင့် မလွန်ဆန်လှူအသင်းကြီး


သာသနာ့မိခင် ကျေးဇူးဆပ်ရန် ကြံခြင်း


မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း၌ အာဒိ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားသည် -

မြန်မာနိုင်ငံတော်၏ ဦးဆုံး တိပိဋကဓရ ဖြစ်အောင် အားထုတ်ခြင်း၊
ဆဋ္ဌသင်္ဂါယနာ ဝိဿဇ္ဇက(အဖြေ)ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း၊
မဟာဗုဒ္ဓဝင်ကျမ်းကြီး ၆-တွဲ (၈-အုပ်) ပြုစုတော်မူခြင်း - ဟူသော ရှေ့ပိုင်း သာသနာပြု လုပ်ငန်း သုံးသွယ်တို့ကို ဆောင်ရွက်တော်မူပြီးသည့်နောက် ဖော်ပြလတ္တံ့ပါအတိုင်း ဆင်ခြင်တော်မူခဲ့ပါသည်။

..... မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်းကြီးသည် မြန်မာနိုင်ငံရှိ ရဟန်း သာမဏေတို့၏ ဖခင်ကြီးနှင့် တူ၏။
နှစ်စဉ် နှစ်စဉ် ပရိယတ္တိ စာလျှောက်မေးပွဲများ ကျင်းပ၍ ပရိယတ္တိသာသနာတော်ကို ထွန်းလင်းစေ၏။
ဤသို့ ဗုဒ္ဓသာသနာတော်နှင့် စပ်၍ ဖခင်ကြီးနှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီး၏ ကျေးဇူးကို တိပိဋကဓရ ပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်မှုဖြင့် ကျေးဇူးဆပ်ရချေပြီ။

ပရိယတ် ပဋိပတ် သာသနာတော် နှစ်ရပ် အရှည်တည်တံ့အောင် ကြိုးပမ်း အားထုတ်တော်မူကြသော ရဟန်း သာမဏေ သာသနာနွယ်ဝင် သီလရှင် သူတော်စင်တို့အား ဆွမ်းပစ္စည်းဖြင့် မပင်ပန်းရအောင် နှစ်စဉ် နှစ်စဉ် ဆွမ်းဆန်တော်များ လှူ၍ မလွန်ဆန်လှူအသင်းကြီးသည် ဗုဒ္ဓသာသနာတော်၏ မိခင်ကြီးသဖွယ် ဖြစ်ပေ၏။
ဤ မိခင်ကြီး၏ ကျေးဇူးကိုကား မဆပ်ရသေး။
ဖခင်နှင့်တူသော ပရိယတ္တိ သာသနဟိတအသင်းကြီးအတွက် အခါအားလျော်စွာ ပရိယတ္တိတာဝန်ကို ထူးချွန်အောင် ထမ်းဆောင်ခြင်းဖြင့် ကျေးဇူးဆပ်ခွင့် ရရှိခဲ့သည့်နည်းတူ မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးကို ဆပ်ရပါမူ ကောင်းလေစွ ..... ဟု ဆင်ခြင် တောင့်တခဲ့ပါသည်။

ဤသို့ တောင့်တခဲ့သည့်အတိုင်း မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးဆပ်ရန် အခွင့်ဖန်ခဲ့ပါသည်။


မလွန်ဆန်လှူအသင်းကြီး


ကုန်းဘောင် ၁၁-ဆက် မြန်မာမင်းများ လက်ထက်၌ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး သုံးဌာနတို့၏ အရညဝါသီ သံဃာတော်များ၊ သီလရှင်၊ သူတော်စင်တို့အား လစဉ် လစဉ် ဆွမ်းဆန်တော် လှူဒါန်း ထောက်ပံ့ခဲ့ရာ ၁၂၄၇-ခုနှစ် သီပေါမင်းတရား ပါတော်မူပြီးနောက် ဆယ်နှစ်ကြာမျှ တိုင်းပြည် မငြိမ်မသက် ဖြစ်ပြီး တိုင်းပြည် ငြိမ်သက်စ ၁၂၅၇-ခုနှစ်တွင် “မလွန်ဆန်လှူအသင်း” စတင် ပေါ်ပေါက်လာခဲ့ပါသည်။

မန္တလေးမြို့ အနောက်ပြင် မလွန်မင်းသားကြီး နေသွားခဲ့ဖူးသည့် ရပ်ကွက်ဖြစ်၍ မလွန်ရပ်ဟု ခေါ်သည့် ထိုရပ်ကွက်မှ လူကြီးများသည် “မန္တလေးမြို့ မလွန်ဈေး ဆန်လှူအသင်းကြီး”ကို တည်ထောင်ခဲ့ကြပါသည်။

ထိုအသင်းကြီးက မန္တလေးမြို့နှင့်တကွ ပတ်ဝန်းကျင် မြို့ရွာတို့၌ သင်းထောက်များ ဖွဲ့စည်း၍ ဆွမ်းဆန်များ အလှူခံပြီး ပို့သမျှသော ဆွမ်းဆန်များကို လက်ခံ ရယူပြီး နှစ်စဉ် နှစ်စဉ် တော်သလင်းလပြည့်နေ့၌ စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး သုံးဌာန ရဟန်း သာမဏေ သီလရှင် သူတော်စင်တို့အား ဆွမ်းဆန်တော်အလှူပွဲ ကျင်းပခဲ့ပါသည်။

ဤ မလွန်ဆန်လှူအသင်းကြီးက ဆွမ်းဆန်လှူပုံ၊ တိပိဋကဓရ ဆရာတော် တာဝန်ယူ၍ လှူခဲ့ရပုံကို သက္ကရာဇ် ၁၃၄၁-ခုနှစ်က သာစည်မြို့နယ်လုံးဆိုင်ရာ တိပိဋကဓရ မထေရ်တို့အား ပူဇော်ပွဲ၍ မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရား ဟောကြားတော်မူသည်ကို ကောက်နုတ် တင်ပြလိုပါသည်။

..... အဲဒီ မလွန်ဆန်လှူအသင်းကြီးက တိုင်းပြည်ရဲ့ကိုယ်စား တာဝန်ယူပြီးတော့ လှူတဲ့ ဆွမ်းဆန်ကို ဘုန်းကြီးတို့ တောင်ရိုးမှာတော့ ‘ဆန်တော်အလှူ’လို့ ခေါ်တယ်။
အဲဒီမှာ မလွန်ဆန်လှူအသင်းကြီးက လှူခဲ့တာ။ ဟို .. ဗြိတိသျှခေတ်တုန်းက .. ရဟန်းတစ်ပါးလျှင် ဆွမ်းဆန် ၂-တင်း လှူခဲ့တယ်။ သာမဏေတစ်ပါးလျှင် ဆွမ်းဆန် ၁-တင်းစီ လှူခဲ့တယ်။
သီလရှင်နှင့် သူတော်တစ်ပါးလျှင် ဆွမ်းဆန် တစ်ခွဲစီ လှူခဲ့တယ်။
ဒါ ဗြိတိသျှလက်ထက်က လှူခဲ့တဲ့ အလှူနှုန်းထား ဖြစ်တယ်။


ပြည်ထောင်စုခေတ် လှူခဲ့သောနှုန်း


ယခု ပြည်ထောင်စုခေတ်ရောက်တော့ စိတ်ဓာတ်တွေ တခါတည်း တက်ကြွလာပြီး ‘ဘယ်မှာ ၂-တင်း၊ ၁-တင်း၊ ၁-ခွဲနဲ့ စားလောက်မှာလဲ၊ မစားလောက်ဘူး။ ဒီတော့ တစ်နှစ်စာ လောက်အောင် လှူမယ်’ ဆိုပြီးတော့ မလွန်ဆန်လှူအသင်း လူကြီးတွေက ကြိုးစားပြီး အထက် အောက် မြို့ရွာတွေမှာ လိုက်လံ နှိုးဆော်၊ အားလုံး နှိုးဆော်တော့ အထက် အောက် ဆန်လှူသင်းထောက်တွေက တိုးပြီး ဂရုတစိုက် ဆွမ်းဆန်များကို ပို့ကြတော့ ဒီ ပြည်ထောင်စုခေတ်မှာ -

ရဟန်း = ၄-တင်း
သာမဏေ = ၃-တင်း
သီလရှင် + သူတော် = ၂-တင်းစီ လှူနိုင်ခဲ့ပါတယ်။


ဘွဲ့ရပုဂ္ဂိုလ်များ သီးခြားလှူ


ဒီလို လှူသော်လည်းပဲ ဆွမ်းဆန်တော်က အထက် အောက် မြို့ရွာတို့မှ မြောက်မြားစွာ တိုး၍ တိုး၍ လှူလာကြလို့ မကုန်ဘူး။
မကုန်တော့ အသင်းလူကြီးများက “ဘယ်လိုလုပ်မလဲ ဆရာတော်တို့” လို့ လျှောက်ထားကြတဲ့အတွက် “ဒါယကာကြီးတို့ ဘယ်လို စီမံချင်ကြသတုန်း”လို့ ဘုန်းကြီးများက ပြန်မေးတဲ့အခါ -
“ဘွဲ့ရအရှင်တွေကို ထူးပြီး လှူချင်တယ် ဘုရား”လို့ လျှောက်ထားလို့ ဘုန်းတော်ကြီးများက “ကောင်းတာပေါ့”လို့ ပြန် အမိန့်ရှိရပါတယ်။

စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းတောင်ရိုးတို့မှာ နေတော်မူကြတဲ့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တွေ၊ ဓမ္မာစရိယဘွဲ့ရ ဆရာတော်တွေ၊ ရဟန်းတော်တွေ၊ သီလရှင်ဆရာတွေ၊ ပဌမကျော်ဘွဲ့ရ ဆရာတော်များ၊ သီလရှင်ဆရာကလေးများ၊ အဲဒီလို ဘွဲ့ရပုဂ္ဂိုလ်များအား ဘွဲ့ထူးတစ်ခုလျှင် ၃-တင်းဝင် ဆွမ်းဆန်တစ်အိတ် တစ်အိတ်ကျစီ သီးခြား ဆွမ်းဆန်အလှူရယ်လို့ လှူပါတယ်။


တိပိဋကဓရ ဆရာတော်အား လှူပုံ


ကဲ ဆိုကြပါစို့။
ဘုန်းကြီးကျတော့ အများနဲ့ ပေါင်းလှူတာက ဆွမ်းဆန် ၄-တင်း၊ ဘုန်းကြီးမှာက .. ဟို ဗြိတိသျှလက်ထက်က ပဌမကျော် ဖြစ်တယ်။ အစိုးရဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ ဖြစ်တယ်။
ပြီးတော့ ပြည်ထောင်စုခေတ်မှာ တိပိဋကဓရ ဖြစ်တယ်ဆိုတော့ ပဌမကျော်အတွက် သီးခြား ၃-တင်းဝင် ဆန် ၁-အိတ်၊ အစိုးရနှင့် သကျသီဟ ဓမ္မာစရိယအတွက်က (ဓမ္မာစရိယချည်းဖြစ်လို့ တစ်ဘွဲ့ပဲထားပြီး) သီးခြား ဆန် ၁-အိတ်၊ တိပိဋကဓရအတွက်က (ပထမပိုင်းမှာ ပိဋက တစ်ပုံ တစ်ပုံလျှင် ဆန်တစ်အိတ်ကျစီ ထားပြီး) ၃-အိတ် လှူပါတယ်။ ယခု တစ်ပုံ တစ်ပုံမှာ အာဂုံရော သဘောရေးဖြေပါ အောင်တာဖြစ်လို့ တစ်ပုံအတွက် ၁-အိတ်သာ လှူလို့ ဖြစ်ပါရိုးလား ဆိုပြီး တိုးလှူလို့ တိပိဋကဓရအတွက် ၃-အိတ်၊ ၂-ရပ်ပေါင်း ၆-အိတ် လှူပါတယ်။
အဂ္ဂမဟာပဏ္ဍိတအတွက်က ၁-အိတ်၊ အဘိဓဇဘွဲ့တံဆိပ်အတွက်က ၁-အိတ် လှူပါတယ်။
အားလုံးပေါင်းလိုက်လျှင် ဘွဲ့ထူးအတွက်ပင် သီးခြားအလှူ ၃-တင်းဝင် ဆွမ်းဆန်အိတ် ၁၀-အိတ် (တင်းပေါင်း သုံးဆယ်) ရရှိပါတယ်။


ဆန်အခက်အခဲ ကြုံ၍ တစ်ခွဲသာ လှူရပုံ


အဲဒီလို လှူလာရင်းက ယမန်တလတ် ဆန်ပြဿနာရယ်လို့ ပေါ်လိုက်တော့ ၄-တင်း၊ ၃-တင်း၊ ၂-တင်း မလှူနိုင်တော့ဘဲ ၄-တင်း လှူခဲ့တဲ့ ရဟန်းတော်အားလည်း တစ်ခွဲပဲ လှူနိုင်တော့တယ်။
၃-တင်း လှူခဲ့တဲ့ သာမဏေ၊ ၂-တင်းစီ လှူခဲ့တဲ့ သီလရှင် သူတော်စင်များအားလည်းပဲ တစ်ခွဲစီသာ လှူနိုင်တော့တယ်။

အဲဒီ တစ်ခွဲ သံသရာရောက်လာတဲ့အခါကျတော့ ဟို ... စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီး ၃-ဌာနမှာ ဝါဆို သီတင်းသုံးကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်၊ သူတော်စင်တို့လည်းပဲ ငါးထောင် (၅,၀၀၀)ကျော် ရှိတယ်နော်။
ရဟန်းတော်နှင့် သာမဏေက ၃,၀၀၀ ကျော်လောက်၊ သီလရှင်နှင့် သူတော်စင်တို့က ၂,၀၀၀ ကျော်လောက် ရှိတယ်။

အဲဒီ ရဟန်း သာမဏေတွေမှာ ဂေါစရဂါမ်ရွာကလေးတွေကလည်း ငယ်တယ်။
ငယ်တဲ့အပေါ် သူတို့ကလည်း စီးပွားရေး ကြပ်တယ်။
သူတို့ကိုယ်နှိုက်က နပ်ကျော် စားနေကြရတော့ ဒီကိုယ်တော်တွေကို ဘယ်မှာ ဆွမ်းလောင်းနိုင်ပါ့မလဲ။

အရေအတွက်များတဲ့ ဆွမ်းခံ သံဃာတော်တွေ။
ဒါယကာ ဒါယိကာမတွေကလည်း ဆွမ်းမလောင်းနိုင်။
ပြီးတော့ မလွန်ဆန်လှူအသင်းကလည်းပဲ ၄-တင်း၊ ၃-တင်းကနေပြီး ၁-ခွဲသာ လှူနိုင်တော့ သံဃာများမှာ ဘောဇနသပ္ပါယအတွက် တော်တော် ဆင်းရဲကြပါတယ်။


တိပိဋကဓရ ဆရာတော် တာဝန်ယူခဲ့ရပုံ


တစ်နှစ်လာလည်း တစ်ခွဲ၊ တစ်နှစ်လာလည်း တစ်ခွဲ ဖြစ်နေလို့ သုံးနှစ်လောက်ရှိတော့ ဘုန်းကြီးက ပြောတယ်။
“ဒီအတိုင်းနေလို့ မဖြစ်ဘူး”
အသင်းကလည်းပဲ စိတ်အား ငယ်လာတယ်။

ထိုအခါ ဘုန်းကြီးက “ဒီလို ဒါယကာကြီးတို့ စိတ်အားငယ်နေလို့ ဘယ်ဖြစ်မလဲ၊ ဟို .. အထက် အောက် မြို့ရွာတွေမှာ ဆန်လှူအသင်းထောက်အဖွဲ့တွေ ဖွဲ့ရမယ်။ အဲဒီ အသင်းထောက်တွေက လှူတဲ့ ဆွမ်းဆန်များ ရေစက်ချတရားပွဲများ ကျင်းပပေးရင် ဆန်အလှူဟာ တိုးတက်တာပေါ့”လို့ ဘုန်းကြီးက အကြံပေးပြီး တာဝန်ယူလိုက်ပါတယ်။

သာသနာ ဘာသာရေးကိစ္စမို့ အပင်ပန်းခံရပါတယ်။


အစိုးရက စရိတ်တစ်ဝက် လှူ


ဟုတ်တယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်းပဲ ဖြုန်းခနဲဆိုတော့ အလုပ်ခက်သွားတယ်။
ဒီ မလွန်ဆန်လှူအသင်းက ဆွမ်းဆန်တော်များကို နိုင်ငံတော်အစိုးရက သိလာတဲ့အခါကျတော့ “ကိုင်း .. ဒို့ အစိုးရက စရိတ်အကုန် မလှူနိုင်သော်လည်းပဲ တစ်ဝက်လှူမယ်” ဆိုတဲ့ မူနဲ့ ဘုန်းကြီးတို့ ဆောင်ရွက်လို့ တစ်နှစ် နှစ်နှစ်အတွင်းမှာ နိုင်ငံတော်အစိုးရ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသင်္ဘောနဲ့ မလွန်ဆွမ်းဆန်တော်များကို အထက်မြန်မာပြည်ကပဲ သယ်သယ်၊ အောက်မြန်မာပြည်ကပဲ သယ်သယ် ရာခိုင်နှုန်း ၅၀ လှူပါတယ်။ ၅၀-ရာခိုင်နှုန်းပဲ စရိတ်ယူပါတယ်။
ဤနည်းဖြင့် အစိုးရကလည်း အသိအမှတ်ပြုပါတယ်။


မူလအခြေအနေ ပြန်ရောက်လာပုံ


ဘုန်းကြီးများ ဒီလို ရှေ့က မားမားမတ်မတ် ရပ်ပြီးတော့ မလွန်ဆန်လှူအသင်းထောက် အဖွဲ့ခွဲတို့ရဲ့ ဆွမ်းဆန်အလှူတော်များကို ရေစက်ချ ဓမ္မသဘင်များ ဆင်ယင်ကျင်းပပေးတော့ ၁-နှစ် ၂-နှစ် ၃-နှစ်မှာ နဂိုမူအတိုင်း -

ရဟန်း = ၄-တင်း
သာမဏေ = ၃-တင်း
သီလရှင်နှင့် သူတော် = ၂-တင်းစီ
ဘွဲ့ထူးတစ်ခုခုအတွက် အသီးသီး ၃-တင်းစီ လှူနိုင်လာပြန်ပါတယ်။


မူလထက် တိုး၍ လှူနိုင်ခြင်း


ဘုန်းကြီးများ ဆောင်ရွက်လို့ ၄-နှစ်၊ ၅-နှစ် ရောက်တဲ့အခါကျတော့ -

ရဟန်းတော်တစ်ပါး အား = ၄-တင်း တစ်စိတ်
သာမဏေတစ်ပါးအား = ၃-တင်း တစ်စိတ်
သီလရှင်နှင့် သူတော်တစ်ပါးအား = ၂-တင်း တစ်စိတ်စီ လှူနိုင်ခဲ့ပါတယ်။

ဒါ ဘုန်းကြီးများ ရှေ့က မားမားမတ်မတ် ရပ်တည် ဆောင်ရွက်လို့ ၄-နှစ်မြောက်မှာ တွေ့ရတဲ့ လက်တွေ့ပဲ။

၅-နှစ်မြောက်ကျတော့ “ရဟန်းတော်အား ၄-တင်း တစ်စိတ်၊ သာမဏေအား ၃-တင်း တစ်စိတ် လှူရတာ မနည်းပါဘူး။
သီလရှင်များအား ၂-တင်း တစ်စိတ်က နည်းပါးသေးတယ်။
မာတုဂါမ မင်းမိန်းမဆိုတာ လာဘ်=လာဘ ဆင်းရဲငြိုငြင်ကြပါတယ်။
ကိစ္ဆာလာဘော မာတုဂါမော တဲ့။
ဒီတော့ သီလရှင်များအား ၂-တင်း တစ်စိတ်အစား ၂-တင်းခွဲစီ လှူပါ” အဲဒီလို ဘုန်းကြီးတို့ အကြံပေးလို့ အသင်းကြီးက ယမန်နှစ် (၁၃၄၀-ပြည့်နှစ်)ကဆိုလျှင် -

ရဟန်းတော်တစ်ပါးအား = ၄-တင်း တစ်စိတ်
သာမဏေတစ်ပါးအား = ၃-တင်း တစ်စိတ်
သီလရှင်နှင့် သူတော်စင်တစ်ပါးအား = ၂-တင်းခွဲစီ လှူခဲ့ပါတယ်။

အဲဒီတော့ ရဟန်းသံဃာများမှာ ထောက်ရာ တည်ရာ ရသွားကြတာပ။


တိပ်ဘဏ္ဍာတိုက်


ဤသို့ မိခင် မလွန်ဆန်လှူအသင်းကြီး၏ ကျေးဇူးကို ဆပ်သောအားဖြင့် (မင်းကွန်းဆရာတော်ဘုရားကြီးသည်) အထက် အောက် မြန်မာပြည် မလွန်ဆန်လှူသင်းထောက် ဆွမ်းဆန်တော် ရေစက်ချ တရားပွဲများကို နေရာအနှံ့ ဟောကြားခဲ့ပါသည်။

ဤတရားဟောစဉ်များကို အသံဖမ်းယူခဲ့၍ ဤဖမ်းယူထားသော တရားဟောစဉ်များကိုလည်းကောင်း၊ ယခင့် ယခင် သင်္ဂါယနာတင်စဉ်က သင်္ဂါယနာတင် ဒေသနာများကိုလည်းကောင်း အရပ်ရပ် စုပေါင်း၍ ရန်ကုန်မြို့ တိပိဋက နိကာယ သာသနာပြုအဖွဲ့က တိပ်ဘဏ္ဍာတိုက် ဖွင့်လှစ်၍ သိမ်းဆည်းထားပါသည်။

သာသနာ့မိခင် မလွန်ဆန်လှူအသင်း၏ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပြီး ဖြစ်၍ တကြောင်း၊ တိပိဋက နိကာယ သာသနာပြုအဖွဲ့၏ တာဝန်များကို ရွက်ဆောင်နေရ၍ တကြောင်း၊ အသက်လည်း ကြီးလာပြီဖြစ်၍ တကြောင်း၊ ဤအကြောင်းများကြောင့် မလွန်ဆန်လှူ ရေစက်ချ တရားပွဲများမှ အနားယူကာ ပျိုလည်း ပျိုရွယ်၊ စွမ်းလည်း စွမ်းဆောင်နိုင်သော သပိတ်အိုင်ဆရာတော် စသည်တို့အား တောင်းပန်လျှောက်ထားက နောင်တွင် တာဝန် လွှဲအပ်ခဲ့ပါသည်။

(မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ - ပဉ္စမတွဲ ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’ နိဒါန်း မှ)

မင်းကွန်းဆရာတော်ဘုရားကြီးနှင့် “ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း”


“ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ,သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း”

ဒီကနေ့ တရားနာပရိတ်သတ်တွေကို ပေးမယ့် တရားလက်ဆောင် ဓမ္မလက်ဆောင်ကတော့ အဲဒီ ခန္ဓာ အာယတန ဓာတ် သစ္စာ ပါပဲတဲ့။

“ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ,သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း၊
ဖောက်ပြန်ထွေပြား၊ ဖြစ်တတ်ငြား၍၊ စကားပုံသေ၊ ရုပ်ခေါ်ပေ၏။
မြေဓာတ်,ရေဓာတ်၊ မီး,လေဓာတ်ဟု၊ လေးရပ်ဘုတ်ကြီး၊ ပွားစီးအနက်၊
စက်,သော,ဃာ,ဇီ၊ ကာ,ငါးလီမူ၊ အကြည်ရူပ၊ ပသာဒတည်း။
ရူပ,သဒ္ဒ၊ ဂန္ဓ,ရသာ၊ ဖောဌဗ္ဗာဟု၊ ငါးဖြာအာရုံ၊
နှစ်စုံဘာဝ၊ ဟဒယနှင့်၊ ဇီဝ,သြဇာ၊ ဆယ့်ရှစ်မှာမူ
လေးဖြာဟေတု၊ ကြောင်းစတုကြောင့်၊ ဖြစ်မှုပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၍၊ ရုပ်ကြီးရူပ၊ နိပ္ဖန္နတည့်။
ထိုမှတပါး၊ ကလပ်ခြားမျှ၊ အာကာသနှင့်၊
ကာယဝစီ၊ နှစ်လီကိုယ်,နှုတ်၊ လှုပ်မှုရှားမှု၊ နှစ်ခုဝိညတ်၊
ရူပဿ,လဟု၊ မုဒု,ကမ္မည၊ ဝိကာရခေါ်၊ ရုပ်သုံးဘော်ကား၊ ပေါ့ပါးနူးညံ့၊ ကြမ်းခံ့မူရာ၊
တဖြာထိုမှ၊ ဥပစယ၊ အစပွားတိုး၊ အရိုးပြည့်မှီ၊ တည်စဉ်သန္တတိ၊ ရင့်ဘိဇရာ၊ ပျက်မှာအနိစ္စ၊ ဤလေးဝမူ၊ လက္ခဏရုပ်၊ ခေါ်သမုတ်၏။
ရုပ်ပေါင်းဆယ်တန်၊ အနိပ္ဖန်တည့်၊ နိပ္ဖန်ဆယ့်ရှစ်၊ ပေါင်းတုံလစ်က၊ ရှစ်ခုစွန်းကယ်၊ ရုပ်နှစ်ဆယ်သည်၊ အကျယ်ရူပက္ခန္ဓာတည်း။”

လယ်တီဆရာတော်ဘုရားကြီး ရေးသား စပ်ဆိုတော်မူထားတဲ့အတိုင်း ... ဘုန်းကြီးတို့ စာပေလောကအနေနဲ့ မြှော်ပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် သီဟိုဠ်ခေတ်တုန်းက ပါဠိဘာသာကို များစွာ မကျွမ်းကျင်တဲ့ ဒကာ ဒကာမတွေအဖို့ အဘိဓမ္မာတည်းဟူသော သမုဒ္ဒရာကြီးကူးနိုင်ဖို့ရန် အဘိဓမ္မာဉာဏ်မျက်စိရှိဖို့ရန် ကျဉ်းကျဉ်းနဲ့ လိုရင်း စိစိမိမိ သိနိုင်ဖို့ရန်ဆိုပြီးတော့ ‘ရှင်အနုရုဒ္ဓါမထေရ်’သူမြတ်က “အဘိဓမ္မတ္ထသင်္ဂဟကျမ်း”တဲ့ - လက်သန်းအဋ္ဌကထာ သင်္ဂြိုဟ်ကျမ်းကို ရေးသားထားခဲ့တယ်။

အဲဒီလို ရေးသားထားခဲ့တဲ့ သင်္ဂြိုဟ်ကျမ်းဟာ မူလ ရည်သန်ချက်တုန်းကတော့ လူဝတ်ကြောင် ဒကာ ဒကာမတွေဖို့ပါပဲ။
ဒါပေမယ်လို့ ဘုန်းကြီးတို့ သာသနာဘက်က ကြည့်တဲ့အခါကျတော့ အခြေပြုစာသင်သား ကလေးများအဖို့ အင်မတန် လိုက်လျောတယ်။ အင်မတန် သင့်တော်တယ်ဆိုပြီးတော့ ဆရာတော်အရှင်မြတ်များက အဲဒီ သင်္ဂြိုဟ်ကျမ်းကို စာသင်သားတို့ရဲ့ သင်ရိုးသင်စဉ်အဖြစ်ဖြင့် အသိအမှတ်ပြုပြီး သင်ရိုးထဲ ထည့်ထားခဲ့တယ်။
ဘုန်းကြီးသင်စဉ်ထဲမှာ ပါနေတော့ ဒကာ ဒကာမတွေအဖို့ ဒီစာပေသည် ငါတို့ဖို့ ရေးသားထားခဲ့တာပဲလို့ စိတ်ထဲမှာ မယူဆနိုင်ကြတော့ဘူး။ ဘုန်းကြီးစာပေပဲလို့ အောင်းမေ့တယ်။

အဲဒီ သီဟိုဠ်ကလာခဲ့တဲ့ သင်္ဂြိုဟ် အဘိဓမ္မတ္ထသင်္ဂဟကျမ်းဟာလဲ မြန်မာပြည်အနေနဲ့ ကြည့်တဲ့အခါကျတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတာ ဗုဒ္ဓရှင်တော်ဟောကြားတဲ့ တရားကို မြန်မာဘာသာနဲ့သာလျှင် ကောင်းကောင်း နားလည်နိုင်တယ်။
အဲဒီလို နားလည်နိုင်တော့ ပါဠိဘာသာနဲ့ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အသိခက်တယ်။ နှုတ်ထဲမှာ အကျက်ရ ခက်တယ်။
ဒီတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ကျဉ်းကျဉ်းနဲ့ အဘိဓမ္မာမျက်စိတပ်ပေးအုန်းမှပဲလို့ ဒီအကြံဖြင့် လယ်တီဆရာတော်ဘုရားကြီးက “ပရမတ္ထသံခိပ်ကျမ်း”ရယ်လို့ ရေးပေးတယ်။

ပရမတ္ထသံခိပ်က ပရမတ္ထသံခိပ်ချည်းပဲ ဆရာတော်ဘုရားကြီး ရေးသားတော်မူလို့ရှိရင် ဒါလောက်ကြီး အန္တရာယ်မများပါဘူး။
“ပရမတ္ထဒီပနီ”ဆိုတဲ့ သင်္ဂြိုဟ်ကျမ်းကို ဖွင့်တဲ့ ဋီကာတစောင် ရေးတော်မူလိုက်တဲ့အတွက် ပရမတ္ထဒီပနီလို့ ဆရာတော်ကြီးပေးတုန်းကတော့ နာမည်ပေးတာပါပဲ။
ဒါပေတယ်လို့ အရပ်က ဝိုင်းမြှောက်ပြီးတော့ တဘက်နဲ့တဘက် အဆင်မပြေမှုရှိအောင် ဆန့်ကျင်ဘက်ဖြစ်အောင် ပြုလုပ်ပေးတတ်ကတော့ ပုထုဇဉ်တို့၏ ဓမ္မတာအတိုင်း လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ ပရမတ္ထဒီပနီ သင်္ဂြိုဟ်ဋီကာကျမ်းကိုပင်လျှင် မြှောက်ထိုးပင့်ကော် ရန်ဖြစ်အောင် တိုက်ပေးသည့်အလား နဂိုရ်က ‘ဋီကာကျော်’လို့ ရှိတဲ့အပေါ်မှာ ‘ဋီကာမော်’လို့ တခါ နာမည်တပ်ပေးကြပြန်တယ်။
ဒီတော့ ဋီကာကျော်ပရိတ်သတ်က မခံနိုင်ဘူး။
ဋီကာကျော်က ကျော်ရုံ ကျော်တာ၊ ဋီကာမော်က ဋီကာကျော်ထက် အထက်ကို မော်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်အောင် လှုံ့ဆော်ပေးတဲ့အတွက် ဋီကာကျော်ပရိတ်သတ်က လယ်တီဆရာတော်ဘုရားကြီးရဲ့ ပရမတ္ထဒီပနီကျမ်းပေါ်မှာ တော်တော်ပဲ မခံနိုင် မရပ်နိုင် ဖြစ်ကုန်တယ်။

အဲဒီလို မခံမရပ်နိုင်တဲ့အထဲမှာ ပရမတ္ထသံခိပ်ဆိုတာ ပေါ်လာရတာဖြစ်တော့ ပရမတ္ထသံခိပ်ကိုလဲပဲ မည်၍ မည်မျှကောင်းတယ်ဆိုတဲ့ စဉ်းစားချက် မရှိကြတော့ဘဲ အများအားဖြင့် ဋီကာကျော်ပရိတ်သတ်ကနေပြီး ပရမတ္ထသံခိပ်ကို အသုံးပဲ မဝင်တော့သယောင်ယောင်၊ ပရမတ္ထသံခိပ်ကို ရွတ်ဆိုနေလို့ရှိရင် သီချင်း ဂီတကဗျာကို ရွတ်ဆိုနေရာကျသယောင်ယောင်နဲ့ ခပ်လှောင်လှောင် ပြောကြတော့ ပရမတ္ထသံခိပ်ရဲ့ အင်မတန် ကောင်းတဲ့ အနှစ်သာရရှိတဲ့အကြောင်းကို သိလို့ လေ့လာကြတဲ့ ဘုန်းကြီးတို့ ဒီတောင်ရိုးက ပရိတ်သတ်များတောင်မှ မြို့က ဆရာတော် သမားတော်တွေ လာလို့ရှိရင် ပရမတ္ထသံခိပ်ကို မရွတ်ဝံ့ကြဘူး။ ရွတ်ဖို့ရန် ခပ်ကြန့်ကြန့် ရှိုးတိုးရှန့်တန့် ဖြစ်ကြတယ်။

ဒါ ဘာဖြစ်လို့လဲ။
အကြောင်းရင်း စစ်လို့ရှိရင်ဖြင့် ဋီကာကျော်ခေတ်နဲ့ ဋီကာမော်ခေတ် အပြိုင်ဖြစ်နေတဲ့အချိန်မှာ ပရမတ္ထသံခိပ်က ပေါ်လာရတာဖြစ်တော့ ဒီအချိန်က ဋီကာကျော်ပရိတ်သတ်က ဋီကာကျော်ရေအဟုန်က ပုဂံခေတ်က နေပြီး အစဉ်သဖြင့် အားကြီးအင်တိုက် စီးဆင်းလာတဲ့ ရေအဟုန်၊ ပရိတ်သတ်ကလဲပဲ ဋီကာကျော်ပရိတ်သတ် များနေတဲ့အချိန်မှာဖြစ်တော့ ပရမတ္ထဒီပနီဘက်က ပရိတ်သတ်ဟာ ကြောက်ပဲ ကြောက်ရမလိုလို၊ ရှိုးတိုးရှန့်တန့်ဖြစ်ရမလိုလို ဖြစ်ပြီးတော့ ပရမတ္ထဒီပနီရဲ့ နောက်ပိုင်းက အင်မတန် ကောင်းတဲ့ စာပေပဲလို့ သိမြင်ကြတဲ့အတွက် လေ့လာ သင်ကြားနေရင်းဖြစ်ကြသော တောင်ရိုးက သီလရှင်ပရိတ်သတ် သူတော်ကောင်းများပေါ့လေ ... အများအားဖြင့် အဲဒီပရိတ်သတ် သူတော်စင်တွေဟာ ပရမတ္ထသံခိပ်လေ့လာနေတုန်း ရွတ်ဖတ်နေတုန်း ဗြုန်းဆို မြို့က ဆရာတော် သံဃာတော် သို့မဟုတ် မိမိတို့ ဥပစာလောက် ကြားလောက်တဲ့ ဥပစာနယ်အတွင်းမှာ ရဟန်းတော် ၂-ပါး ၃-ပါး ဖြတ်သန်းသွားတယ်ဆိုရင် ဒီက ပရမတ္ထသံခိပ်ရွတ်ရမှာ ကြောက်နေတယ်။ တခါတည်း တိတ်ကုန်ကြတာပဲ။

စင်စစ်ကတော့ ဘုရားတရားတော်ကို သိအောင် ကြိုးစားကြတဲ့နေရာမှာ ဘယ်နည်းနဲ့ပဲ သိသိ၊ သိတာသည် အရေးကြီးပါတယ်။

အဲဒီ ပရမတ္ထသံခိပ်ကလဲပဲ လင်္ကာပုဒ်ပေါင်း (၆၆၀)ရှိတော့ ပကတိ လူဝတ်ကြောင် ဒါယကာ ဒါယိကာမတို့အဖို့ ပရမတ္ထသံခိပ်ကို အရဆောင်ဖို့ရန် မလွယ်ကူပြန်ဘူး။
ဒီတော့ လယ်တီဆရာတော်ဘုရားကြီးက မရနိုင်တဲ့ အဆုံးဖြင့် တို့ဒကာ ဒကာမတွေ အန္ဓပုထုဇဉ်အဖြစ်ကိုတော့ဖြင့် အဖြစ်မခံဘူး။
အန္ဓပုထုဇဉ်အဖြစ်က လွတ်မြောက်၊ ကလျာဏပုထုဇဉ်အဖြစ်သို့ ရောက်အောင်ဖြင့် ငါကယ်တင်မှပဲ။
ဒီ အကြံဖြင့် -

ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ။
အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော။

ဆိုတဲ့ ဂါထာ အဦး နိဒါန်းချီပြီးတော့ “ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း”လို့ စာအုပ်ကလေးမှ ငယ်ငယ်ကလေး ဆရာတော်ဘုရားကြီး စီစဉ် ရေးသားတော်မူခဲ့တယ်။

အဲဒီ စီစဉ် ရေးသားတော်မူတဲ့ စာက ပုဒ်ပေါင်း ဘယ်လောက်ရှိတုန်း၊ ယခုတင်က ဘုန်းကြီးရွတ်ပြတဲ့ လင်္ကာမျိုး လင်္ကာပုဒ်ပေါင်း (၁၀)ပုဒ်ပဲ ရှိပါတယ်။
အင်မတန်လဲ ကောင်းပါတယ် .. အင်မတန်လဲ ကောင်းပါတယ်။
ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါးဆိုတဲ့ ဒီတရားတွေကို လင်္ကာ ၁၀-ပုဒ်တည်းနှင့် နားလည်သွားအောင် ရေးသားထားတော်မူခဲ့တဲ့ စာဖြစ်တယ်။

ဒီလို ရေးသားထားပြန်တော့ကော လူဒါယကာ ဒါယိကာမတို့အဖို့ ဒီစာအုပ် တွယ်ကျယ်သလားလို့ဆိုတော့ စာအုပ်က ငယ်လွန်းပြန်တော့လဲပဲ ဆိုင်ထဲ အကြိုအကြား ခပ်ပျောက်ပျောက် ဖြစ်နေတယ်။
ဒကာ ဒကာမတွေအဖို့ ရှိမှန်းတောင် တယ်ပြီးတော့ မသိကြဘူး။

ဘုန်းကြီးတို့ ဒီစာအုပ်ကလေးကို တွေ့တဲ့အချိန်က စပြီးတော့ ဒကာ ဒကာမတွေအဖို့ အင်မတန် တော်တဲ့ စာပေပဲ။
ပါဠိမကျက်နိုင် သံခိပ်မကျက်နိုင်တဲ့ ဒကာ ဒကာမတွေ၊ ပုဒ်ပေါင်း (၆၆၀)ကျအောင် မဆောင်ရွက်နိုင်တဲ့ သူတော်ကောင်းတွေထဲက အသက်အရွယ် ကြီးရင့်ကြတဲ့ သူတော်ကောင်းတွေ၊ သီလရှင်ပရိတ်သတ် သူတော်ကောင်းတွေနဲ့ဖြင့် သိပ်တော်တာပဲလို့ စတွေ့ထဲကိုက စိတ်ထဲမှာ ယုံကြည်ခဲ့တယ်။ အားထားခဲ့တယ်။

တော်တော်လဲပဲ ဒီစာအုပ်ကလေးက ခေတ်ထဲမှာ မရောက်ချင်တဲ့ စာအုပ်နဲ့ တူပါတယ်။
တချိန်က ဒီစာအုပ်ကလေး မိတ္တူမူ စာအုပ်ကလေး တခုအနေနဲ့ ကိုယ့်လက်ထဲရှိတာကို အဘိဓမ္မာပြန့်ပွားရေးအသင်းရဲ့ ဥက္ကဋ္ဌ ဒကာကျော်ကို အပ်ပြီးတော့ “ဒီဟာဖြင့် အဘိဓမ္မာပြန့်ပွားရေးအသင်းက စာအုပ်တခုအနေနဲ့ ဓမ္မဒါနပြုသင့်ပါတယ် .. ဦးကျော်ရယ်”ဆိုပြီးတော့ ဘုန်းကြီးအပ်ဖူးပါတယ်။
သူလဲပဲ ဖတ်ရှုကြည့်ပြီးတော့ အင်မတန်ပဲ နှစ်နှစ်သက်သက်နဲ့ ရှိပြီးတော့ .. “တပည့်တော်တို့ ရိုက်နှိပ်၍ ဓမ္မဒါနအဖြစ် ဝေငှ လှူဒါန်းပါ့မယ်”လို့ ဒီလို ဆိုသာ ဆိုလိုက်တယ်။ ယနေ့ထက်ထိအောင် သူ့ခမျာများလဲ မလှူဒါန်းဖြစ်သေးဘူး။

ဒီတော့ ဘုန်းကြီးအနေနဲ့ ပြန့်နိုင်သမျှ ခန္ဓာ အာယတန ဓာတ် သစ္စာ ဒီလင်္ကာကျမ်းကလေးဟာ ပြန့်ပါစေ ဆိုပြီးတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာတရားလက်ဆောင်ကို ယနေ့ သူတော်ကောင်းတွေကို ပေးရမယ်။

(၁၃၂၈-ခုနှစ် သီတင်းကျွတ်လပြည့်နေ့ထုတ်၊ မုံရွာမြို့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီစဉ် ရေးသားတော်မူသော ‘ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း’ နှင့် ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်း၏ သြဝါဒါစရိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ ဖွင့်ဆို ဟောကြားတော်မူအပ်သော ‘ဓမ္မဒေသနာ’ စာအုပ်မှ)

Wednesday, December 24, 2008

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ - ၃


“ဤ ကိုယ်ကာယ
တစ်လံမျှ၌
နှစ်ဝရုပ်နာမ်
ဖြစ်၍ ချုပ်၏
နာမ်ရုပ်နှစ်ပါး
အလွတ်ထား၍
ဤကား လိပ်ပြာ
ဤကား ငါနှင့်
ဤမှာ ဇီဝ
ဤ အတ္တဟု
ညွှန်ပြဖွယ်ရာ
မရှိပါသည်
ခန္ဓာ နာမ်ရုပ်မျှပါတကား .. ။

နာမ်ရုပ်နှစ်ပါး
ဤနှစ်ပါးလည်း
ရှည်လျားကာလ
မတည်ကြဘဲ
ခဏဖြစ်လျက်
ခဏပျက်၍
နှိပ်စက်ခြင်းရာ
လိုမပါဘူး
သဘာဝအား
ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ
အနိစ္စသည်
ဒုက္ခ အနတ္တချည်းပါတကား .. ။”


ဤဓမ္မလက်ဆောင်လင်္ကာများကို မင်းကွန်းဆရာတော်ကြီးသည် ဥပဇ္ဈာယ်ဆရာတော်ဖြစ်တော်မူသော မင်းကွန်း ပထမဓမ္မနာဒဆရာတော်ဘုရားကြီးအား အကြောင်းပြု၍ ခရစ်နှစ် ၁၉၃၉-ခု၊ မြန်မာသက္ကရာဇ် ၁၃၀၁-ခုနှစ်တွင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။

ဆရာ-တပည့်နှစ်ဦးကြား နွေးထွေးသော ဆက်ဆံရေးနှင့် မေတ္တာတရားအကြောင်း မင်းကွန်းဆရာတော်ကြီးက သာသနာသက္ကရာဇ် ၂၅၁၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅-ရက်နေ့တွင် မန္တလေးမြို့ အနောက်ပြင် အောင်တော်မူကျောင်းကြီး စေတီတော် အာရာမ်အတွင်း ဆိပ်ကမ်းအလုပ်သမားများ၏ ကုသိုလ်ကောင်းမှုဖြစ်သော ‘နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံ’၌ ဟောကြားအပ်သော ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’တွင် တစွန်းတစ လှစ်ဟ ဟောကြားခဲ့သည်ကို ကြည်ညိုဖွယ် နာယူ ဖတ်ယူရပါ၏။


ပညာအနုဂါမိက ဥစ္စာ


ရှေ့မျက်နှာမှာ ပါရှိတဲ့ စာပိုဒ်ကလေး နှစ်ပိုဒ်က ပညာဆိုတဲ့ အနုဂါမိကဥစ္စာ ရတနာကို ပေးချင်လို့ ရစေချင်လို့ ဒီလင်္ကာစာပိုဒ်ကလေး ၂-ပိုဒ်ကို တရားလက်ဆောင်အနေနဲ့ အပ်ထားခြင်း ဖြစ်ပါတယ်။

ဒီလင်္ကာစာပိုဒ်ကလေး ၂-ပိုဒ် ဖြစ်ပေါ်လာရခြင်း အကြောင်းကို အကျဉ်းချုပ် ပြောပြလိုပါတယ်။

ဘုန်းကြီးများရဲ့ ဥပဇ္ဈာယ်ဆရာတော် (ပထမ ဓမ္မနာဒ ဆရာတော်)ဟာ လွန်ခဲ့တဲ့ ၁၂၉၉-ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက်နေ့မှာ ဘဝနတ်ဌာန် ပျံလွန်တော်မူပါတယ်။
ပျံလွန်တော်မမူခင် လေးရက်လောက်အလိုမှာ အရိဋ္ဌနိမိတ်လို့ ခေါ်တဲ့ ဇီဝိတိနြေ္ဒကြွေမယ့် အရိပ် နိမိတ် လက္ခဏာကို မြင်ရတော့ ဘုန်းကြီးက ဆရာတော်ကို (တရားနှလုံးသွင်းဖို့ သတိမမေ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့) မေးလျှောက်ပါတယ်။

မေးလျှောက်ပုံက -

(တပည့်) – “ဆရာတော် ... ၊ အသညသတ်ဗြဟ္မာ့ဘုံကို ရောက်ကြမယ့် ဈာန်ရပုဂ္ဂိုလ်ကြီးတွေဟာ လူ့ပြည် နတ်ပြည်တုန်းက နာမ်တရားကို ငြီးငွေ့ကြ စက်ဆုပ်ကြတာဟာ တရားဉာဏ်နဲ့ ကြည့်ရင် လမ်းမှန်ပဲ မဟုတ်လား ဘုရား”

(ဆရာ) – “မှန်ပါတယ်ကွာ .. ”

(တပည့်) – “အရူပဗြဟ္မာ့ဘုံကို ရောက်ကြမယ့် ဈာန်ရပုဂ္ဂိုလ်ကြီးတွေရဲ့ လူ့ပြည် နတ်ပြည်တုန်းက ရုပ်တရားကို ငြီးငွေ့ကြ စက်ဆုပ်ကြတာကော တရားဉာဏ်နဲ့ ကြည့်ရင် လမ်းမှန်ပဲ မဟုတ်လား ဘုရား”

(ဆရာ) – “မှန်ပါတယ်ကွာ ... ”

(တပည့်) – “ဒါဖြင့်ရင် အဲဒီ အမှန်နှစ်ခုကို ပေါင်းစပ်ပြီးတော့ တပည့်တော်တို့ ‘ဓီ နာမရူပံ၊ ဓီ နာမရူပံ။ နာမရူပံ-နာမ်ရုပ်တရား နှစ်ပါးသည်။ ဓီ-စက်ဆုပ်ရွံရှာ ကြောက်မက်ဖွယ်ရာတွေပါတကား’ .... အဲဒီလိုများ နှလုံးသွင်းရရင် အမှန်နှစ်ချက် စပ်မိပြီးတော့ ကောင်းမယ် မဟုတ်လား ဘုရား” လို့ (အင်း .. ဆရာတော်ရဲ့ အလိုကို စမ်းပြီးတော့၊ ဆရာတော်မှာ တရားနှလုံးသွင်းမှု မလစ်ဟင်းသည် လစ်ဟင်းသည်ကို သိလို၍ လျှောက်တယ်။ လျှောက်တော့ ဘုန်းကြီးကို ဆရာတော်က ဘာပြောသလဲဆိုတော့ - )

(ဆရာတော်) – “ကွာ ...(တဲ့)၊ သံယုတ်ပါဠိတော်မှာလာတဲ့ ခုနစ်နှစ်အရွယ် ‘ဝဇိရာ’လို့ ခေါ်တဲ့ ရဟန္တာထေရီမလေး ရွတ်ဆိုတဲ့ -

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။

အဲဒီဂါထာ မရှိဘူးလားကွာ ... (တဲ့)။

သူတို့ ရဟန္တာအရှင်မြတ်တွေအဖို့ ခန္ဓာငါးပါး-နာမ်ရုပ်တရား နှစ်ပါးတို့ကို အမြဲတမ်း ‘ဒုက္ခ’လို့ မြင်နေတော့ ‘ဒုက္ခမေဝ ဟိ သမ္ဘောတိ’ စသည်ဖြင့် မိန့်ဆိုကြတာပ။

ငါတို့အဖို့ရာကျတော့ နာမ်ရုပ်ကို ပထမ မြင်ဖို့ အရေးကြီးတယ်။
ဒါကြောင့် အဲဒီဂါထာလာ ‘ဒုက္ခ’ရဲ့အစား ‘နာမရူပ’ပါဠိနဲ့ ပြောင်းလဲပြီး -

နာမရူပံဝ ဟိ သမ္ဘောတိ၊
တံဝ တိဋ္ဌတိ ဝေတိ စ။
နာညတြ တမှာ သမ္ဘောတိ၊
နာညံ တမှာ နိရုဇ္ဈတိ။

အဲဒီလို နှလုံးသွင်းကွာ ...”လို့ အမိန့်ရှိပြီး ဆရာတော်က မိမိ မမေ့မလျော့ တရားနှလုံး ကျင့်သုံးလျက်ရှိနေကြောင်း သိပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့ ..

“ကွယ် ... အရှင်ဂေါဓိကတို့ဟာ ဒုက္ခကို မဖြစ်,ဖြစ်အောင် ပြုလုပ်ပြီးမှ ဉာဏ်ဖြင့် သိမ်းဆည်းတော်မူကြရသေးတာ။ ငါက ဖြစ်လာတဲ့ ဝေဒနာကို အချည်းနှီး ချုပ်မသွားစေရပါဘူး” လို့ နောက်ဆုံး အမိန့်ရှိပါတယ်။

သိပ်ကောင်းတာပဲ။
အမှန်တော့ ဆရာတော်ဟာ အဲဒီလို နှလုံးသွင်းရင်း ရှိပါတယ်။
သူ အနှစ်သက်ဆုံးအနေနဲ့ အမိန့်ရှိတာဖြစ်တော့ ဘုန်းကြီးတို့ (တပည့်များ)အနေနဲ့လည်းပဲ အမြတ်နိုးဆုံးအနေနဲ့ မှတ်သားရပါတယ်။

အဲဒီ နာမရူပံဝ သမ္ဘောတိ အစရှိတဲ့ ဂါထာကို အနက်ပေးကြည့်ကြရအောင်။

ဣမသ္မိံ ကာယေ=ဤကိုယ်ကာယ တစ်လံမျှ၌
နာမရူပံဝ=ရုပ်နာမ်တရား ဤနှစ်ပါးသည်သာလျှင်
သမ္ဘောတိ=ဥပါဒ်ထင်ရှား ဖြစ်ပွား၍ နေ၏
တံဝ=နာမ်ရုပ်တရား ထိုနှစ်ပါးသည်သာလျှင်
တိဋ္ဌတိ စ=ဌီခဏ အနေဖြင့် တည်လည်း တည်နေပေ၏
ဝေတိ စ=ဘင်ခဏသို့ ရောက်၍ ချုပ်လည်း ချုပ်ပျောက်၏
(ဒီ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ နာမ်တရား ရုပ်တရား နှစ်ပါးသာလျှင် ဖြစ်ကြ တည်ကြ ချုပ်ကြတယ်။)
တမှာ=နာမ်ရုပ်တရား ထိုနှစ်ပါးကို
အညတြ ဌပေတွာ=ချန်လှပ်ဖယ်ရှား အလွတ်ထား၍
အညံ=တပါးသော ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ဆိုတဲ့ သဘောသည်
န သမ္ဘောတိ=ဥပါဒ်ထင်ရှား ဖြစ်ပွားသည် မဟုတ်
တမှာ=နာမ်ရုပ်တရား ထိုနှစ်ပါးမှ
အညံ= တပါးသော ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ဆိုတဲ့ သဘောသည်
န နိရုဇ္ဈတိ=ချုပ်သည် မဟုတ်။
(ထိုသဘောများသည် တရားသားအနေနဲ့ ရှိလည်း မရှိ) လို့ - အနက် အဓိပ္ပာယ် အဲဒီလို ရှိပါတယ်။

ပါဠိပညာရှင်တွေအနေနဲ့တော့ ဒီဂါထာကို နှလုံးသွင်းလိုက်ရင်ပဲ အင်မတန် သဘောကျ ကျေနပ်သွားကြပါတယ်။
ပါဠိပညာရှင်တွေ ခံစားကြရတဲ့ ဓမ္မပီတိမျိုးကို ပါဠိကို မကျွမ်းကျင်တဲ့ အခု တရားနာနေတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးတွေလည်းပဲ ခံစားကြရပါမယ်။
ဗုဒ္ဓရှင်တော်ရဲ့ တရားတော်ကို ကိုယ်တော်ရဲ့ သားတော် သမီးတော်များ ဖြစ်ကြတဲ့ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ=လေးဦးစလုံး နားလည်ရမည် ဖြစ်ပါတယ်။
အဲ ဥပါသကာ ဥပါသိကာတို့ နားမလည်ရင် သာသနာဘက်က သားတော်ဖြစ်ကြတဲ့ ရဟန်းတော်များက ပြောပြကြရပါမယ်။
နားလည်အောင် ပြောရမည့် ဝတ္တရားရှိတဲ့အတိုင်း -

ဤ ကိုယ်ကာယ
တစ်လံမျှ၌
နှစ်ဝရုပ်နာမ်
ဖြစ်၍ ချုပ်၏
နာမ်ရုပ်နှစ်ပါး
အလွတ်ထား၍
ဤကား လိပ်ပြာ
ဤကား ငါနှင့်
ဤမှာ ဇီဝ
ဤ အတ္တဟု
ညွှန်ပြဖွယ်ရာ
မရှိပါသည်
ခန္ဓာ နာမ်ရုပ်မျှပါတကား ...

ဆိုတဲ့ ဓမ္မလက်ဆောင် လင်္ကာကလေးကို ဖြန့်ပေးထားခြင်း ဖြစ်ပါတယ်။

ဤ ကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝရုပ်နာမ်၊ ဖြစ်၍ ချုပ်၏၊
သြော် .. ဤ တစ်လံမျှလောက်သော ငါ၏ ကိုယ်မှာ နာမ်တရား ရုပ်တရား ဤနှစ်ပါးတို့သာ ဖြစ်၍ ဖြစ်၍ ချုပ်နေပါတကား .. ။

နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကား လိပ်ပြာ၊ ဤကား ငါနှင့်၊ ဤမှာ ဇီဝ၊ ဤ အတ္တဟု၊ ညွှန်ပြဖွယ်ရာ၊ မရှိပါသည်၊
နာမ်ရုပ်နှစ်ပါးကို ဖယ်ရှားပြီးတော့ ဟောဒါက လိပ်ပြာ၊ ဒါက ငါ၊ ဒီမှာက ဇီဝ၊ ဟောဒါက အတ္တ - လို့ ပြစရာ နာမ်ရုပ်က လွဲရင် အဲဒီတရားမျိုးဟာ ရှိကို မရှိ။

ခန္ဓာ နာမ်ရုပ်မျှပါတကား။
ဒီ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ အမှန်တကယ် ရှိနေတာဟာဖြင့် နာမ်ရုပ်နှစ်ပါးပဲ ရှိနေပါတကား .. လို့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နှလုံးသွင်း ဆင်ခြင်နိုင်ပါတယ်။

အဲဒီလို အောက်မေ့နှလုံးသွင်းလို့ အလေ့အထ ရလာတဲ့အခါမှာ “ဒီတစ်လံမျှလောက်သော မိမိတို့ရဲ့ ကိုယ်မှာ အနမတဂ္ဂ အစမထင် အတိတ်သံသရာတခွင်က မိမိတို့ ထင်မှားခဲ့တဲ့ ‘ပုဂ္ဂိုလ်’ သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’လို့ မရှိဘဲနဲ့ ရှိတယ်လို့ ထင်မှားခဲ့တဲ့ ပညတ်တရားနဲ့ အစစ်အမှန် တကယ်ရှိနေတဲ့ နာမ်ရုပ်တရား ဒီနှစ်ပါးကို ခွဲခွဲခြားခြား သိသွားတယ်။

အဲဒီလို ခွဲခွဲခြားခြား သိတဲ့ဉာဏ်ကို ‘နာမရူပဝဝတ္တာနဉာဏ်’လို့ ခေါ်ပါတယ်။
ဝိပဿနာဉာဏ်သို့ မရောက်သေးပါဘူး။

ဝိပဿနာဉာဏ် ရောက်အောင် ဆိုပြီးတော့ အဲ .. ခုနက ပြောခဲ့တဲ့ ဝတ္တုနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် ဆရာတော် ပျံလွန်တော်မူပြီးတဲ့နောက် တချိန်ကျတော့ “သြော် .. ဒီဂါထာနဲ့ ဒီလင်္ကာက နာမရူပဝဝတ္တာနဉာဏ်လောက်ပဲ အဆင့်ရှိသေးတယ်။ လက္ခဏ သမ္မသန ဆိုတဲ့ ပထမ ဝိပဿနာရောက်အောင် ဆရာတော်ရဲ့ ဂါထာကို အဖြည့်ခံ သဘောထားပြီး ငါ ထပ်ဖြည့်မှပဲ” ဆိုတဲ့ အကြံနဲ့ အဖြည့်ဂါထာကို ဆက်ပြီး စဉ်းစားတဲ့အခါမှာ -

တဉ္စ ဟုတွာ အဘာဝေန
ဥဒယဗ္ဗယပီဠနာ။
အဝသဝတ္တနာ နိစ္စံ
ဒုက္ခာ နတ္တာဝ ကေဝလံ။

ဆိုတဲ့ ဂါထာနှင့် -

နာမ်ရုပ်တရား
ဤနှစ်ပါးလည်း
ရှည်လျားကာလ
မတည်ကြဘဲ
ခဏဖြစ်လျက်
ခဏပျက်၍
နှိပ်စက်ခြင်းရာ
လိုမပါဘူး
သဘာဝအား
ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ
အနိစ္စသည်
ဒုက္ခ အနတ္တချည်းပါတကား ...

ဆိုတဲ့ ဒီလင်္ကာစာပိုဒ် အလွယ်နှင့် ဉာဏ်ထဲမှာ ထင်လာပြီး ရေးသားမိပါသည်။
(ဤလင်္ကာကား ‘ယနေ့ တရားပွဲကျင်းပတဲ့ ၁၃၄၅-ခုနှစ်’က ထောက်လျှင် လွန်ခဲ့တဲ့ ၁၃၀၁-ခုနှစ်လောက်က ရေးခဲ့တာဖြစ်လို့ နှစ်ပေါင်း ၄၃-နှစ်လောက် ကြာခဲ့ပါပြီ။ ယခု ၂၀၀၈-ခု/၁၃၇၀-ခုတွင် ၆၉-နှစ် ကြာခဲ့ပြီ ဖြစ်၏။)

ဖော်ပြပါ ‘တဉ္စ ဟုတွာ အဘာဝေန’ ဂါထာ၏ အနက်ကား -

တဉ္စ=နာမ်ရုပ်တရား ထိုနှစ်ပါးသည်လည်းပဲ
ဟုတွာ အဘာဝေန=ဖြစ်ပြီးလျှင် ပျက်တတ်သော အနက်သဘောကြောင့်
ကေဝလံ အနိစ္စံဝ=သက်သက်ဧကန် အနိစ္စမှန်စွာ့တကား
ဥဒယဗ္ဗယ ပီဠနာ=ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အတင်းအကြပ် နှိပ်စက်အပ်ရကား
ကေဝလံ ဒုက္ခံဝ=သက်သက်ဧကန် ဒုက္ခမှန်စွာ့တကား
အဝသဝတ္တနာ=အလိုသို့ မလိုက်ပါသောကြောင့်
ကေဝလံ အနတ္တာဝ=သက်သက်ဧကန် အနတ္တမှန်စွာ့တကား ...
လို့ အဲဒီလို ပါဠိနဲ့ မြန်မာ အနက် အဓိပ္ပာယ် ရှိပါတယ်။

ဒီအချက်ကို ပါဠိလို မလေ့လာရတဲ့ ယခု တရားနာ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အလွယ်တကူ သိဖို့ရန် “ရုပ်နာမ်တရား၊ ဤနှစ်ပါးလည်း” အစရှိတဲ့ ဒုတိယ လင်္ကာစာပိုဒ်ကို ဓမ္မလက်ဆောင် ဖြန့်ဝေပေးထားခြင်း ဖြစ်ပါတယ်။

ထိုလင်္ကာအတွက် အနက် အဓိပ္ပာယ် စဉ်းစားကြည့်ကြရအောင်။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ -
နာမ်တရား ရုပ်တရား ဒီနှစ်ပါးဟာ ကာလရှည်ရှည် မတည်ကြဘူး။ ဘာကို ကြည့်ရမလဲ။ ကိုယ့်အသံတွေကို ပြန်ပြီး ဉာဏ်နဲ့ ဆင်ခြင်ကြည့်။
‘သြကာသ သြကာသ’လို့ ဆိုတဲ့အခါမှာ ‘ကာ’ရောက်တော့ ‘သြ’ဆိုတဲ့ အသံ ချုပ်ပျောက်ပြီ။
‘သ’ရောက်တော့ ‘ကာ’ဆိုတဲ့ အသံ ချုပ်ပျောက်ပြီ။
နောက် ‘သြ’ရောက်တော့ ‘သ’အသံ ချုပ်ပျောက်၊ ‘ကာ’ရောက်တော့ ‘သြ’အသံ ချုပ်ပျောက်၊ ‘သ’ရောက်တော့ ‘ကာ’အသံ ချုပ်ပျောက်၊
အို .. တသံပြီး တသံ ချုပ်ပျောက်ကြပုံကို ဉာဏ်နဲ့ ဆင်ခြင်ကြည့်ပါ။
အင်မတန် သိသာပါတယ်။
ကာလရှည်ရှည် မတည်ကြဘူး။

အိမ်ကျတော့ ကာလရှည်ရှည် တည်အောင် ပြုလုပ်ကြည့်ပါ။
ဥသြဆွဲသလို ‘သြ’ဆိုတဲ့ အသံကို အကြာကြီး ဆွဲကြည့်။
ဘယ်တော့မှ ‘သြ’ဆိုတဲ့ အသံအတိုင်း ကြာကြာ မတည်ဘူး။
နောက်ပိုင်းလဲကျရော ‘ဝေါ ..’ဆိုတဲ့ အသံပဲ ရှိတော့မယ်။ ‘သြ’သံ မဟုတ်တော့ဘူး။
အမှန်တကယ်တော့ ‘သြ’ဆိုတဲ့ အသံဟာ ‘လျှပ်စီးနှစ်ပြက်’ ‘လက်ဖျောက်နှစ်တွတ်’ ‘မျက်တောင်နှစ်ခတ်’ အချိန်လောက်ပဲ ရှိတယ်။
သူ့အချိန်ကျရင် သူက ချုပ်သွားတာပဲ။
မိမိက အရှည်ကြီး ဖြစ်နေအောင် ဆိုမယ်ဆိုပေမယ့် ‘သြ’ကတော့ မရှည်ဘူး။
ဒါကြောင့် ‘ရှည်လျားကာလ၊ မတည်ကြဘဲ’လို့ နှလုံးသွင်းခိုင်းတာ။

ဒီ ‘သြ’ဆိုတဲ့ အသံဟာ ဘာကြောင့် ကြာကြာ မတည်သလဲလို့ မေး၊
အဖြေကတော့ အသံရုပ်သာ မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်တွေ
ရုပ်လေးမျိုးစလုံးရော၊ စိတ် စေတသိက်ဆိုတဲ့ နာမ်တရားများပါ အားလုံး နာမ်ရုပ်တရားနှစ်ပါးတို့ ကြာကြာ မတည်ကြပါဘူး။

ကြာကြာ မတည်ကြတာကတော့
သူတို့ကို ဖြစ်စေတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဝတ္ထုအာရုံဆိုတဲ့ သူတို့နဲ့ အကြောင်းတရားတွေကိုက ကြာကြာ မတည်တဲ့ အနိစ္စအကြောင်းတရားတွေဖြစ်လို့
အနိစ္စအကြောင်းတရားတွေကြောင့်ဖြစ်တဲ့ ရုပ်နာမ်နှစ်ပါးလည်းပဲ အနိစ္စပင် ဖြစ်ပါတော့သည်။

“အနိစ္စ သမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ” စတဲ့ ဒေသနာတော်အတိုင်းပင် ဖြစ်ပါတယ်။

လင်္ကာထဲမှာ ‘ခဏဖြစ်လျက်၊ ခဏပျက်၏’လို့ ဆိုတာက အနိစ္စဉာဏ်ပေါ်အောင် အခြေခံ ဉာဏ်ပျိုးပေးတာ ဖြစ်တယ်။

နှိပ်စက်ခြင်းရာ-ဆိုတာက
ဒုက္ခဉာဏ်ပေါ်အောင် အခြေခံဉာဏ်ကို ပျိုးပေးခြင်း ဖြစ်ပါတယ်။
ရုပ်နာမ်တရားတို့ရဲ့ ဖြစ်-တည်-ပျက် ဆိုတဲ့ ခဏငယ်သုံးချက် အသက်တည်နေရာမှာ -
ဖြစ်တယ်ဆိုတဲ့ ဥပါဒ်ခဏမှာ ဇာတိမီး တညီးညီး တပြောင်ပြောင် အတောက်လောင် ခံနေရတယ်။
တည်တယ်ဆိုတဲ့ ဌီခဏမှာ ဇရာမီး၊
ပျက်တယ်ဆိုတဲ့ ဘင်ခဏမှာ မရဏမီး တညီးညီး တပြောင်ပြောင် အတောက်လောင် ခံနေရတယ်။

ဥပါဒ်ခဏမှာ ဇာတိမီးက နှိပ်စက်၊
ဌီခဏမှာ ဇရာမီးက နှိပ်စက်၊
ဘင်ခဏမှာ မရဏမီးက နှိပ်စက်
အဲဒီလို ခဏငယ်သုံးချက် အသက်ရှိနေသမျှ မီးသုံးပါး အနှိပ်စက်ခံရပြီး ချုပ်ပျောက်သွားရတဲ့ ဒီရုပ်နာမ်တရားကို ဘယ်မှာ သုခလို့ ဆိုသင့်တော့အံနည်း။
ဒုက္ခလို့သာ ဆုံးဖြတ်ချက် ချရမည် ဖြစ်ပေတယ်။

လိုမပါဘူး-
ဒါက အဝသဝတ္တနဌေန-အလိုသို့ မလိုက်ပါခြင်းဟူသော အနက်သဘောကြောင့် အနတ္တပါတကား .. လို့ အကြောင်းအကျိုး လုံလောက်စွာ နှလုံးသွင်းနိုင်အောင် ဖော်ပြတာ ဖြစ်တယ်။

ခဏဖြစ်လျက်
ခဏပျက်၏
နှိပ်စက်ခြင်းရာ
လိုမပါဘူး
သဘာဝအား
ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ
အနိစ္စသည်
ဒုက္ခ အနတ္တချည်းပါတကား ...

ခဏတွင်း ဖြစ်၍ ခဏအတွင်း ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စပါတကား ...
အဖြစ်အပျက်တို့ဖြင့် အနှိပ်စက်ခံရသော အနက်သဘောကြောင့် ဒုက္ခပါတကား ...
အလိုသို့ မလိုက်ပါသော အနက်သဘောကြောင့် အနတ္တပါတကား ...
အဖြစ်အပျက်တို့ဖြင့် အနှိပ်စက်ခံရသော အနက်သဘောကြောင့် အနတ္တပါတကား ...
ဤကဲ့သို့ နှလုံးသွင်းကြပါ။

ဤကဲ့သို့ နှလုံးသွင်းလျှင် သမ္မသနဝိပဿနာဉာဏ်အစ ထူထောင်မိပြီး အဲဒီ သမ္မသနဉာဏ် ထူထောင်မိလျှင် နောက်မဆုတ်နဲ့။
ရှေ့ကို အဆင့်ဆင့် ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်တွေ တဆင့်တက်ပြီး တဆင့် သမ္မသနဉာဏ်လှေကားက တက်သွားရင် ရောက်လိမ့်မယ်။

ပထမတော့ အဲဒီ သမ္မသနဉာဏ် လှေကားကို ရောက်အောင် တက်ကြစမ်းပါ သွားကြစမ်းပါလို့ပဲ ဘုန်းကြီး တိုက်တွန်းပါရစေ။

အဲဒီ တရားနာပရိတ်သတ်တို့ရဲ့ လက်ထဲမှာ ထည့်ထားတဲ့ ဓမ္မလက်ဆောင်အနေနဲ့ ပြောဆိုလိုတာ ပြီးပါပြီ။

Tuesday, December 23, 2008

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ - ၂


ယခုအခါ သမာဓိဆိုတဲ့ တတိယ အနုဂါမိကဥစ္စာကို မြှုပ်နှံသိုမှီး သိမ်းဆည်းကြရအောင်။

ဒီ သမာဓိဘာဝနာ သူတော်စင်တွေဟာ ကုသိုလ်ဖြစ်ဖို့ရန်အတွက် ဗုဒ္ဓဘာသာ သူတော်စင်တွေဟာ များသောအားဖြင့် မြတ်စွာဘုရားရဲ့ ‘အရဟံဂုဏ်တော်’ကို ပုတီးစိပ်လေ့ရှိကြတယ်။
ပုတီးစိပ်တဲ့ အမျိုးသား အမျိုးသမီးတယောက်ကို “ဘာ .. ပုတီးစိပ်သလဲ”လို့ မေးရင် “အရဟံဂုဏ်တော်ကို ပုတီးစိပ်တယ်”လို့ ဖြေတတ်ကြပါတယ်။

“ဘယ်လို အောက်မေ့ ဆိုပြီးတော့ ပုတီးစိပ်သလဲ”လို့ မေးရင် “သော ဘဂဝါ ဣတိပိ အရဟံ” အဲဒါကို တခေါက်ဆိုပြီးလျှင် ပုတီးတလုံး ချတယ်လို့ ဖြေကြပါတယ်။

‘သော ဘဂဝါ ဣတိပိ အရဟံ’က ပါဠိစကားဖြစ်နေတယ်။
မိမိဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပာယ်ကို အကျယ်ဆိုပြီး အသိဉာဏ်ရပြီးတော့မှ ‘သော ဘဂဝါ ဣတိပိ အရဟံ’လို့ တခေါက် ဆိုလိုက်ရရင် တခေါက်ဆို ဆိုသလောက် အင်မတန် တန်ဖိုးရှိပါတယ်။
ဒါကြောင့် သဒ္ဓါတရားရှိပြီးကြသော အသင်သူတော်ကောင်းတို့နှင့် သင့်လျော်လျောက်ပတ်မယ့် “အရဟံဂုဏ်တော် ပုတီးစိပ်နည်း”ကို စဉ်းစားကြည့်တဲ့အခါ ယခု အသင်သူတော်ကောင်းတို့ရဲ့ လက်ထဲမှာ ရောက်ရှိနေတဲ့ ဓမ္မလက်ဆောင် စာရွက်ခေါက်ကလေးရဲ့ ကျောဘက်က ပါတဲ့ စာပိုဒ်ကို အမှတ်ရပြီး “ဒီနှစ်တော့ တရားနာသူတော်ကောင်းတို့အား ဒီစာပိုဒ်ကို တရားလက်ဆောင် ပေးမှပဲ”လို့ စဉ်းစား အကြံဖြစ်လို့ ဟောဒီ အသံဖမ်းတဲ့ ဒကာကြီးများအဖွဲ့က ‘ဓမ္မလက်ဆောင် ပေးပါ ဘုရား’လို့ လျှောက်ထား တောင်းပန်လို့ အဲဒီ “အရဟံဂုဏ်တော် ပုတီးစိပ်နည်း လင်္ကာ” စာပိုဒ်ကို ပေးလိုက်ပါတယ်။

အဲဒီ စာပိုဒ်လေးမှာ “အမျိုးသမီးတို့၏ စံပြ”ဆိုတာကို တွေ့ကြရပါလိမ့်မယ်။
အမျိုးသမီးတိုင်းက ဓမ္မဘက်မှာ စံပြလောက်တဲ့ အထူးအားဖြင့် မန္တလေးမြို့တော်သူ အမျိုးသမီးတို့၏ စံပြလို့ ဆိုနိုင်ပါတယ်။
“ဓမ္မ ခင်မင်”ဆိုတာက သူတော်ကောင်းတရားကို အင်မတန် ခင်မင် မြတ်နိုးပါတယ်။
“သူတော်စင်အမျိုးသမီး”ဆိုတာက အသက် ၁၀-နှစ် အရွယ်လောက်က စပြီး မဟာဝိသုတာရာမ ဆရာတော်ဘုရားကြီးတို့၊ လယ်တီဆရာတော်ဘုရားကြီးတို့ အဲဒီ ခေတ်ဟောင်းဆရာတော်ဘုရားကြီးများရဲ့ တရားတွေကို နာလို့။
အဲဒီလို တရားနာပြီးတဲ့နောက် အသက် ၁၇-နှစ်သမီး၊ သက္ကရာဇ်အားဖြင့် ၁၂၅၇-ခုနှစ် တန်ဆောင်တိုင်လဆန်း ၂-ရက်နေ့မှာ သီလရှင်ဝတ်ခဲ့တဲ့ အမျိုးသမီး စံပြ ဖြစ်ပါတယ်။

အရွယ်အားဖြင့် ၁၇-နှစ်။
မိဘဆွေမျိုးများက ကြည့်မဝ ရှုမဝ အရိပ်တကြည့်ကြည့်နဲ့ အလွန်လှပနေတုန်း။
အဲဒီ အရွယ်မှာ မိဘများက ခွင့်မပြုတဲ့အတွက် မိမိ၏ ဆံထုံးကို အိပ်ရာထဲမှာပဲ ကတ်ကြေးနဲ့ ကိုက်ဖြတ်ပြီးတော့ တခါတည်း မင်းကွန်းတောထဲကို ထွက်ပြေးပြီး သီလရှင် ဝတ်ခဲ့ပါတယ်။

အဲဒီလို သီလရှင်ဝတ်ပြီးတဲ့နောက် မောင်တွေ ဦးကြီး ဦးလေးတွေက အတော့်ကိုပဲ မကျေမနပ် ဖြစ်ကြတယ်။
ဦးလေးတယောက်ကဆိုရင် “သီလရှင်အဝတ်ကို တွေ့တဲ့နေရာမှာပဲ ဆုတ်ဖြတ်ပစ်မယ်”လို့ ကြိမ်းမောင်းတဲ့ သတင်းကို ကြားရတော့ “သြော် .. ငါ ဒီမှာ နေရင်ဖြင့် အန္တရာယ်ဖြစ်ချေရဲ့”လို့ စဉ်းစားမိပြီး သီလရှင်ဝတ်နဲ့ပဲ သီဟိုဠ်ကို ထွက်ပြေးရတယ်။
အဲဒီလို သီလရှင်အဖြစ်ကို မြတ်နိုးတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။

အကယ်၍သာ ယနေ့ ဘိက္ခုနီသာသနာ ထင်ရှားရှိနေလျှင် ဘိက္ခုနီမ=ရဟန်းမ အဖြစ်ကို ရယူမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ယနေ့ သာသနာမှာ “ခေတ်ပင် ရှိသေးသော်လည်း အဆက်ပြတ်သဖြင့် ဘိက္ခုနီမ=ရဟန်းမ အဖြစ်ကို ဘယ်လိုနည်းနှင့်မှ ရလို့ မဖြစ်ပါဘူး”။
ရမဖြစ်တဲ့အတွက် သာသနာမှာ ရနိုင်သလောက် သီလရှင်ဘဝကို ရယူခြင်း ဖြစ်ပါတယ်။
ရယူတဲ့ သီလရှင်ဘဝကိုလည်းပဲ သီလရှင် ပြုပဟေ့ဆိုတဲ့နေ့က စပြီး ယနေ့ထက်တိုင် အသက် ၉၂-နှစ် ရှိပြီ။ ဆယ်ပါးသီလ ဘယ်တော့မှ မပျက်ဘူး။ အမြဲတမ်း ဆယ်ပါးသီလကို စောင့်ထိန်းခဲ့တယ်။

အသက်က ယနေ့ဆိုလျှင် ၉၂-နှစ်။
၁၇-နှစ်က သီလရှင် ဝတ်လာတယ်ဆိုတော့ သီလရှင်ဝါကိုက ၇၉-ဝါလောက် ရှိနေပြီ။
မန္တလေးမြို့ ရသာတန်းက မိဘနှစ်ပါးက ပိုးကုန်သည် ဂုဏ်သရေရှိတဲ့ မိဘနှစ်ပါးက ဖြစ်ပွားလာတဲ့ “ကုလဓိတု-အမျိုးကောင်းသမီး” ဖြစ်ပါတယ်။

အဲဒီ အမျိုးကောင်းသမီးဖြစ်တဲ့ ဆရာကြီး ဒေါ်ဓမ္မစာရီဟာ ဒီ “အရဟံဂုဏ်တော် ပုတီးစိပ်နည်း”ကို စာရွက်ပေါ်မှာ ရေးနေတာ မဟုတ်ပါဘူး။
သူက ပရိယတ္တိ စာပေနယ်ဘက်မှာဆိုရင် ဘုန်းကြီးတို့ မူလဋီကာဆိုတာ ရှိတယ်။ အဘိဓမ္မာဘက်က အလွန်ခက်တဲ့ ဋီကာပါ။ ဒီ မူလဋီကာကို ကိုယ်တိုင် ဆိုဝါအဖြစ်နဲ့ စာတက်ခဲ့ရလို့ ကိုယ်တိုင် မူလဋီကာ ကောင်းကောင်းကြည့်နိုင်တဲ့ အရည်အချင်း ရှိတယ်။
အဋ္ဌကထာ ဋီကာကို ကောင်းကောင်း ကြည့်နိုင်တဲ့ အရည်အချင်းရှိအောင် အမျိုးသမီးတယောက် ဒီပညာအရည်အချင်း ရောက်တယ်ဆိုတာ အင်မတန် အဆင့်အတန်း မြင့်မားပါတယ်။
စာပေ ပရိယတ်နှင့်တကွ ပဋိပတ်နယ်ပယ်မှာဆိုရင် ယနေ့ သံဃရာဇာ အဘိဓဇမဟာရဋ္ဌဂုရု ဖြစ်တော်မူကြတဲ့ ကျေးဇူးရှင် စံကင်းဆရာတော်ဘုရားကြီး၊ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီးတို့က “သူတော်ကောင်းတယောက်ပဲ”လို့ အသိအမှတ် ပြုခံရတဲ့ မန္တလေးက အမျိုးသမီးစံပြ သူတော်စင်တယောက် ဖြစ်ပါတယ်။

အဲဒီ ဆရာကြီး ဒေါ်ဓမ္မစာရီဟာ “ဥပသမာနုဿတိကမ္မဋ္ဌာန်း” စီးဖြန်း အားထုတ်မယ်ဆိုလျှင် မိလိန္ဒပဥှာပါဠိတော်က လာတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေ၊ ဣတိဝုတ်ပါဠိတော်မှာ ဟောတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေ၊ အသင်္ခတသံယုတ်မှာ မြတ်စွာဘုရားဟောထားတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်ပုဒ်တွေ၊ ထိုထို နိကာယ်ငါးရပ်မှာ အကုန်လုံးထုတ်ပြီး အားလုံး နှုတ်တက်ရအောင် ကျက်တယ်။
ပြီးမှ နှုတ်က တတွတ်တွက် ရွတ်ဆိုပြီး နိဗ္ဗာန်ရဲ့ ဂုဏ်ကျေးဇူးတွေကို နှစ်နှစ်သက်သက် သဘောပေါက်ပြီးတော့ အောက်မေ့တဲ့ “ဥပသမာနုဿတိ” တရားအလုပ်ကို အားထုတ်သူ ဖြစ်ပါတယ်။
ဒါကို ဘုန်းကြီး ကိုယ်တိုင် သိပြီးတော့ ပြောပါတယ်။

ထို့အတူပဲ အရဟံဂုဏ်တော်ကို နှလုံးသွင်းတဲ့နေရာမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို အရဟံ အရဟံလို့ ချီးကျူးရတာ အကြောင်း ငါးပါး ရှိပါတယ်။

အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပံ၊ အရဟံ တေန နာယကော။

ကျမ်းဂန်မှာ လာသည့်အတိုင်း -
အာရကတ္တာ စ=တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူခြင်းကြောင့်လည်းကောင်း။
ကိလေသာရီနံ=ကိလေသာတည်းဟူသော ရန်သူတို့ကို။ ဟတတ္တာ စ=ပယ်သတ်အပ်ပြီးဖြစ်တော်မူသောကြောင့်လည်းကောင်း။
ဟတသံသာရစက္ကာရော စ=သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်သောကြောင့်လည်းကောင်း။
ပစ္စယာဒီနံ=ပစ္စည်းအစရှိသော အပူဇော်(ပစ္စယပူဇာ+ဓမ္မပူဇာဆိုတဲ့ အပူဇော်အမျိုးမျိုးတို့ကို)။ အရဟတော အရဟတ္တာ စ=ခံထိုက်တော်မူသောကြောင့်လည်းကောင်း။
ရဟော=ဆိတ်ကွယ်ရာ၌။ ပါပံ=မကောင်းမှုကို။ (ယသ္မာ=အကြင့်ကြောင့်။) န ကရောတိ=ပြုတော်မမူ။
(တသ္မာ စ=ထို့ကြောင့်လည်းကောင်း။)
တေန=ထို ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းကြောင့်။
နာယကော=လူသုံးပါးတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်တော်မူသော။
သော မုနိ=ထို မြတ်စွာဘုရားသည်။
အရဟံ=အရဟံ မည်တော်မူပါပေ၏။

မြတ်စွာဘုရားကို အရဟံ အရဟံလို့ ချီးကျူး ပြောဆိုရတာဟာ အကြောင်းငါးပါး ရှိပါတယ်။
အဲဒီ အကြောင်းငါးပါးကြောင့် မြတ်စွာဘုရားသည် အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူတယ်လို့ ဆိုတာကို စာရွက်ပေါ်မှာ မရေးဘဲနဲ့ လျှာပေါ်မှာပင် တပိုဒ် တပိုဒ် တကြောင်း တကြောင်း စဉ်းစားပြီး (လျှာဆိုတဲ့ စာရွက်ပေါ်မှာ) ရေးတဲ့ စာပိုဒ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ကပေါ့။
ဗောဓိပင်မှာ ရေသွန်းပြီးတော့ ဆင်းအလာ တရုတ်စကားပင်တန်းအောက်မှာ ဆရာကြီးဟာ စာရွက်ပေါ်မှာ မဟုတ်ဘဲ လျှာပေါ်မှာ ဒီအသံလေးတွေကို စီကာပတ်ကုံး ဆိုဆိုကြည့်တယ်။
ဆရာကြီး ဆိုဆိုကြည့်တာကို ကိုယ်တိုင် ကြားရ မြင်ရတာပါ။
ဒါကို ဘုန်းကြီးနားနဲ့ ဆတ်ဆတ်ကြားပြီးတော့ ပြောနေပါတယ်။
ဒီတော့ အမျိုးသမီးလောက,က ဂုဏ်ယူလောက်တဲ့ စံယူလောက်တဲ့ စံပြဖြစ်တဲ့ အမျိုးသမီး သူတော်ကောင်းကြီးတယောက်ရဲ့ လက်ရာကို တရားနာသူတော်ကောင်းတွေရဲ့ ပညာလက်ထဲကို ထည့်ပေးပါမယ်။
အသင်သူတော်ကောင်းတို့ရဲ့ လက်ထဲမှာ ဖြန့်ဝေထားတဲ့ ဓမ္မလက်ဆောင် စာရွက်ကလေးရဲ့ ကျောဘက်ကို ကြည့်ကြပါ။

(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊
(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ ထို တစ်ထောင့်ငါးရာ ကိလေသာ ရန်သူတို့မှ ဝေးကွာ၊
(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊
(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊
(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက် -
(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်)
တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ အရဟံ အရဟံဟူသော ဂုဏ်တော်ကြီးဖြင့်
အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ပြန့်လှိုင်ကျော်စောတော်မူသော မြတ်စွာဘုရား ... မြတ်စွာဘုရား။
သော ဘဂဝါ ဣတိပိ အရဟံ။

(တစ်ခေါက်ဆုံးမှ ပုတီးတစ်လုံးချ)ဟူသော စာပိုဒ်ကို တွေ့ကြရပါလိမ့်မည်။
အဓိပ္ပာယ်ကတော့ -

(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊

ဒါက အကြောင်းတပါး။

ဒီအကြောင်းက “အရီနံ ဟတတ္တာ”ဆိုတဲ့ အကြောင်းနဲ့ ကိုက်ညီပါတယ်။
တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ်တည်းဟူသော ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်တော်မူသောကြောင့်လည်းပဲ မြတ်စွာဘုရားကို အရဟံ အရဟံလို့ ချီးကျူးရပါတယ်။

(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ဝေးကွာ၊

ဒါက ဒုတိယအကြောင်း။

“အာရကတ္တာ”လို့ စာထဲက လာတဲ့အတိုင်း ဆိုခြင်း ဖြစ်ပါတယ်။
တခြား တခြားသော ရဟန္တာပုဂ္ဂိုလ်တွေကော တစ်ထောင့်ငါးရာ ကိလေသာတို့မှ မဝေးကွာဘူးလား။
ဝေးကွာပါတယ်။

ဒါဖြင့် သူတို့ကိုကော အရဟံ အရဟံလို့ မချီးကျူးဘဲ ဘာကြောင့် ဘုရားကိုမှ ကွက်ပြီး ချီးကျူးရတာလဲ။

အဖြေကတော့ မြတ်စွာဘုရားမှာတော့ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှရော၊ ထိုကိလေသာတို့ရဲ့ အထုံ အခိုးအငွေ့လို့ဆိုတဲ့ ဝါသနာအငွေ့ဓာတ်မှရော နှစ်မျိုးလုံးမှ ဝေးကွာတော်မူပါတယ်။
ရဟန္တာများကျတော့ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူကြသော်လည်း ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့လို့ဆိုတဲ့ ဝါသနာကတော့ ကျန်နေသေးတယ်။

ဘုရားရှင်လက်ထက်တော်တုန်းက အရှင်ပိလိန္ဒဝစ္ဆဆိုတာ ရဟန္တာပဲ။
ဒါပေမယ့် သူက အင်မတန် ဇာတ်မြင့်တယ်လို့ ယူဆတဲ့ ဇာတိမန္တပုဏ္ဏားမျိုးမှာ ဘဝငါးရာ ဆက်တိုက် ဖြစ်ခဲ့လေတော့ အဲဒီ ဇာတိမန္တပုဏ္ဏားတွေက “သူတို့မှ ကျန်တဲ့လူမျိုးတွေဟာ လူယုတ်ချည်းပဲ၊ သူတို့ကမှ မြတ်တယ်” အဲဒီလို ဇာတိမာန်တက်ပြီးတော့ ကျန်တဲ့လူတွေကို “ဝသလ=လူညံ့တွေ လူယုတ်တွေ”လို့ပဲ ပြောဆိုကြ အောက်မေ့ကြပါတယ်။
အရှင်ပိလိန္ဒဝစ္တရဟန္တာလည်းပဲ အဲဒီ ဇာတိမန္တပုဏ္ဏားဘဝပေါင်း ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ မာနကိလေသာနှင့်တကွ အနမတဂ္ဂသံသရာက ကိန်းတည်ခဲ့တဲ့ မာနကိလေသာတရားကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင်သော်လည်း ထိုဇာတိမန္တပုဏ္ဏားဘဝ ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ ဇာတိမာန် ကိလေသာ၏ အထုံအခိုး တန်ခိုးအငွေ့ဖြစ်တဲ့ ဝါသနာကိုကား မပယ်နိုင်တဲ့အတွက် ရဟန္တာဖြစ်တော့လည်းပဲ တွေ့တိုင်း တွေ့တိုင်းသော လူများကို “ဝသလ ဝသလ=ဟဲ့ သူယုတ်၊ ဟဲ့ သူယုတ်”လို့ ပြောလေ့ ဆိုလေ့ ရှိပါတယ်။ ရိုးနေတာပ။

ဒီတော့ မြတ်စွာဘုရားကိုယ်တိုင်က “ဟဲ့ သူယုတ်၊ ဟဲ့ သူယုတ်”လို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေ စိတ်ထဲက မနာအောင် “ပိလိန္ဒဝစ္ဆ ရဟန္တာဟာ ပဒုဋ္ဌစိတ်=ပြစ်မှားတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ဘူး။ ဇာတိမန္တပုဏ္ဏားဘဝပေါင်း ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ ဇာတိမာန်ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့ ဝါသနာပါလာလို့ ပြောတာ ဖြစ်တယ်”လို့ ပြန်လည် ဖြေရှင်း ဟောပြတော်မူရပါတယ်။

ရဟန္တာပုဂ္ဂိုလ်များမှာ အဲဒီ အထုံဝါသနာ မပျောက်ဘူး။
မြတ်စွာဘုရားကျတော့ အထုံဝါသနာနှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာတို့ကို ပယ်တော်မူတာဖြစ်လို့ “ဝါသနာအငွေ့ဓာတ်နှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာ”လို့ ဒုတိယအကြောင်းကို ဖွဲ့ဆိုခြင်း ဖြစ်ပါတယ်။

(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊

ဒါက တတိယအကြောင်း။

“န ရဟော ကရောတိ ပါပံ”ကို ကြည့်၍ ဖွဲ့ဆိုထားခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားမှာ မကောင်းမှု ပြုဖို့ရန် ဆိတ်ကွယ်ရာအရပ်ဟူ၍ လုံးဝ မရှိပါ။
ဒါကြောင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူ (ဝါ) မကောင်းမှုကို ပြုဖို့ရန် ဆိတ်ကွယ်ရာ အရပ်ဟူ၍ လုံးဝ ရှိတော်မမူသောကြောင့်လည်းပဲ မြတ်စွာဘုရားဟာ အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူပါတယ်။

(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊

ဒါက စတုတ္ထအကြောင်း။

ပကတိ လှည်းဘီးကြီး ရထားဘီးကြီးများ တောင့်တောင့်တင်းတင်း လည်နေနိုင်တာဟာ ထောက်(ဒေါက်)တွေ အကန့်တွေကြောင့် လည်နေနိုင်တာ ဖြစ်တယ်။
ပကတိ လှည်းဘီးကြီး ရထားဘီးကြီးကို မလည်နိုင်အောင် ဘယ့်နှယ်လုပ်မလဲ။
အဲဒီ ထောက်တွေ အကန့်တွေကို ရိုက်ချိုးပစ်လိုက်ရင် မလည်နိုင်တော့ဘူး။

ထို့အတူပဲ မြတ်စွာဘုရားရှင်သည် သံသရာတည်းဟူသော လှည်းဘီးကြီး ရထားဘီးကြီး မလည်နိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို အဦးမူ၍ ကုဋေပေါင်း သုံးသန်းခြောက်သိန်း အရေအတွက်ရှိတဲ့ မဟာဝဇိရ ဝိပဿနာဉာဏ်တော်ဖြင့် ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ ခေါ်တဲ့ သင်္ခါရတည်းဟူသော သံသရာစက်ရဲ့ အကန့်တွေ ထောက်တွေကို ဖျက်ဆီးပြီးသော အကြောင်းကြောင့်လည်းပဲ မြတ်စွာဘုရားဟာ အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူပါတယ်။

“ဟတသံသာရစက္ကာရော”ဆိုတဲ့ ပါဠိနဲ့အညီ ဖြစ်ပါတယ်။
“ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တယ်”ဆိုတာက သံသရာမှာ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်တာကို ခေါ်တယ်။

(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်၊

ဒါက ငါးခုမြောက်အကြောင်း။

မြတ်စွာဘုရားမှာ ကြီးကဲလွန်မြတ်တဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဉာဏဒဿနဂုဏ် ကျေးဇူးတော်တွေ ရှိတယ်။
ရှိတဲ့အတွက် လူနတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် အရဟံဂုဏ်ရှင် ဖြစ်တော်မူပါတယ်။

“ပစ္စယာဒီန စာရဟော”ဆိုတဲ့ ပါဠိနဲ့အညီ ဖြစ်ပါတယ်။

ဒီငါးချက်ကို စိပ်စိပ်စေးစေး နှလုံးသွင်းလျှင် မြတ်စွာဘုရား၏ အရဟံဂုဏ်တော်ကို အပြည့်အစုံ နှလုံးသွင်းခြင်း ဖြစ်ပါတယ်။

(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်) တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ အရဟံ အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ပြန့်လှိုင် ကျော်စောတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။

ဆိတ်ငြိမ်ရာမှာ တယောက်တည်း အေးအေးဖြည်းဖြည်း စဉ်းစားပြီး ဆိုပါ။
ဆိုပြီးမှ ... “သော ဘဂဝါ ဣတိပိ အရဟံ”လို့ ဆိုလိုက်လျှင် ”သြော် .. ယခု ငါဆိုခဲ့တဲ့ အနက်အဓိပ္ပာယ်တွေကို ရည်စူးပြီးတော့ “သော ဘဂဝါ ဣတိပိ အရဟံ”လို့ ငါဆိုတာပါတကား၊
ငါဆိုခဲ့တဲ့ “သော ဘဂဝါ ဣတိပိ အရဟံ”သည် ယခု ဆိုခဲ့ပြီးတဲ့ အနက်အဓိပ္ပာယ်နဲ့ ပြည့်စုံတဲ့ ပါဠိပါတကား”လို့ ခြုံပြီးတော့ သိသွားမယ်။

အဲဒါကို သမာဓိဘာဝနာလို့ ခေါ်တယ်။
ဒါနရယ်၊ သီလရယ်၊ သမာဓိရယ်၊ ပညာရယ် လေးမျိုးရှိရာမှာ သမာဓိဆိုတဲ့ အနုဂါမိက ဥစ္စာရတနာ ဖြစ်ပါတယ်။
အဲဒီအတိုင်း မပြတ် မပြတ် ရွတ်ဆို ပွားများကြပါ သူတော်ကောင်းတို့ .. ။


အရဟံဂုဏ်တော် ပုတီးစိပ်နည်း

(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း
မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို
အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊

(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ
ထိုတစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ဝေးကွာ၊

(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊

(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော
သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊

(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့်
လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက် -

(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်)
တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ
အရဟံ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့်
အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင်
ပြန့်လှိုင်ကျော်စောတော်မူသော မြတ်စွာဘုရား ... မြတ်စွာဘုရား ... ။

သော ဘဂဝါ ဣတိပိ အရဟံ


(တစ်ခေါက်ဆုံးမှ ပုတီးတစ်လုံးချ။)


(သာသနာသက္ကရာဇ် ၂၅၁၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅-ရက်နေ့တွင် မန္တလေးမြို့ အနောက်ပြင် အောင်တော်မူကျောင်းကြီး စေတီတော် အာရာမ်အတွင်း ဆိပ်ကမ်းအလုပ်သမားများ၏ ကုသိုလ်ကောင်းမှုဖြစ်သော ‘နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံ’၌ စတင် ဟောကြားအပ်သော ‘သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’ မှ။)

Monday, December 22, 2008

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ - ၁


မင်းကွန်းဆရာတော်ဘုရားကြီး၏ သက်တော် ၈၀-ပြည့် ပတ္တမြားရတုပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ၁၉၉၁-ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ် အုပ်ရေ ၆,၀၀၀ ထုတ်ဝေသော ဆရာတော်၏ သင်ကြားပို့ချစဉ် ‘ပရမတ္ထသံခိပ်အဖြေ စကားပြေကျမ်း’၏ ကျောဖုံးတွင် ပါရှိသော မင်းကွန်း တိပိဋကဓရ ဓမ္မရည်ညွှန် လက်ဆောင်မွန်။


သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၊ သုခါ သဒ္ဓမ္မဒေသနာ။
သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။
(ဝိ၊ ၄)

ဗုဒ္ဓုပ္ပါဒ နဝမနှင့်၊ ဓမ္မဒေသနာ
ချမ်းသာနှစ်ဝ၊ ရသည့်အညီ
သာမဂ္ဂီ ဒွေး၊ ကိုယ်စီပေး၍
လေးချက် ဝီရိယ၊ ချမ်းသာရအောင်
အမျှကျင့်နိုင်ပါစေသော်ဝ်။

Friday, December 19, 2008

စိတ်ကောင်းရှိဖို့က ပဓာန - အရှင်ပညာသီဟ


“အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် ဘုရာ့။ အဲဒါ အယူများ မှားနေသလား ဘုရာ့”ဟု မေးလျှောက်ရာ -

“အေး .. သူ့ရဲ့ အယူအဆကို မှားတယ်လို့ ပြောလို့ မရဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား ဆိုသလို အပြောတမျိုး အလုပ်တမျိုးနဲ့ လူတွေကို မြင်တော့ လူမြင်ကောင်းအောင် ဟန်ဆောင်နေတာထက်စာရင် ဟန်မဆောင်ဘဲ စိတ်ကောင်း နှလုံးကောင်း ထားတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ ပြောတာဖြစ်ပါလိမ့်မယ်”ဟု ဖြေသိမ့်လိုက်ရသည်။

မှန်ပါသည်။
ဘုရားဒကာဟု အမည်ခံ၍ ဘုရား တရား သံဃာကို မရိုမသေ ဆက်ဆံလျှင်၊ တရားအားထုတ်ပြီးသားပါဟု ဆို၍ လောဘ ဒေါသ မောဟ မာန်မာနတွေကို သာမန်လူတွေလောက် မထိန်းသိမ်းနိုင်လျှင်၊ ပုတီးကို လက်မှာ ချိတ်ပြီး စိတ်ယုတ်မာဖြင့် သူတပါးကို ပြစ်မှား ပြောဆိုနေလျှင် မည်သူမဆို ‘မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ’ ဆိုသည်နှင့်အညီ အကဲ့ရဲ့ အဝေဖန် ခံရမည်ပင် ဖြစ်ပါသည်။

ဘာသာရေးလုပ်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ယဉ်ကျေးမှုမရှိသူများကို တွေ့သောအခါ အချို့သူများသည် ‘စိတ်ကောင်းရှိဖို့သာ ပဓာန၊ ဘာသာရေးလုပ်စရာ မလိုပါ’ဟု ယူဆကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများကို မလုပ်တော့ဘဲ နေတတ်ကြသည်။

ဘာသာရေးလုပ်သည် ဆိုသည်မှာ ဘာသာတရားလာ ဆိုဆုံးမချက်များကို မသိ,သိအောင် လေ့လာခြင်း၊ လေ့လာပြီးသည့်အတိုင်း မပြုလုပ်သင့်သည်တို့ကို မပြုလုပ်ခြင်း၊ ပြုလုပ်သင့်သည်တို့ကို ပြုလုပ်ခြင်းပင် ဖြစ်သည်။


စိတ်ကို မကောင်းစေတာ ကိလေသာ


သူတပါးအသက်ကို သတ်ခြင်း၊ ခိုးယူခြင်း၊ မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စပျက်ခြင်း၊ မုသားဆိုခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ တယောက်အပေါ်တယောက် အထင်အမြင်လွဲအောင် မဟုတ်တရား သတင်းလွှင့်ခြင်း၊ အကျိုးမရှိ ရောက်တတ်ရာ စကားများကို ဗလွတ်ရွှတ်တ ပြောဆိုခြင်း၊ သူတပါးစည်းစိမ်ဥစ္စာကို မတရား ရယူရန် ကြံစည် ကြိုးစားခြင်း၊ သူတပါးတို့ တရားသဖြင့် ရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိရ်ကို ပျက်စီးစေရန် ကြံစည် ကြိုးစားခြင်း ဟူသည့် မကောင်းမှု ဆယ်မျိုးမှ ကင်းဝေးနေသဖြင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သူတပါးကို ကူညီခြင်း၊ ကျွေးမွေး ပေးကမ်းမှု ရက်ရောခြင်းတို့ကြောင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သို့သော် စိတ်ကို ညစ်နွမ်းစေသည့် ကိလေသာတရားများ စိတ်ထဲတွင် ရှိနေသေးလျှင် ထိုစိတ်ကို အပြည့်အစုံ ကောင်းပြီဟု မဆိုနိုင်ပေ။

စိတ်ကို ညစ်နွမ်းစေသည့် သဘောတရား ကိလေသာများမှာ -
၁။ ကာမဂုဏ် အာရုံများကို တပ်မက်သည့်သဘော = ကာမရာဂါနုသယ
၂။ ရူပဈာန်၊ အရူပဈာန်နှင့် ထိုဈာန်များ၏ အကျိုးပေးရာဖြစ်သည့် ဘဝများကို တပ်မက်သည့်သဘော = ဘဝရာဂါနုသယ
၃။ စိတ်ဆိုးမှု အမျက်ထွက်မှုသဘော = ဒေါသာနုသယ
၎။ ထောင်လွှားမှု မာနကြီးမှုသဘော = မာနာနုသယ
၅။ မှားယွင်းသည့်အယူကို နှစ်သက်စွဲလမ်းမှုသဘော = ဒိဋ္ဌာနုသယ
၆။ တွေးတောယုံမှားမှုသဘော = ဝိစိကိစ္ဆာနုသယ
၇။ အမှန်တရားကို မသိအောင် ဖုံးလွှမ်းမှုသဘော = အဝိဇ္ဇာနုသယ တို့ ဖြစ်သည်။

အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မရသေးသည့် ကာလတိုင်အောင် ထိုသဘောတရား (၇)ပါးတို့သည် သတ္တဝါများ၏ သန္တာန်၌ ဘဝတိုင်း ဘဝတိုင်း အစဉ်တစိုက် လိုက်ပါနေသည်။
ထို့ကြောင့် ၎င်းတို့ကို ‘အနုသယ ကိလေသာ’ဟု ခေါ်ရသည်။

အသီးပင်တပင်တွင် ရှိသည့် အသီးကို သီးစေတတ်သည့် ဓာတ်သတ္တိသည် သစ်စေ့မှ အညှောင့်ထွက်သည်အထိ သစ်ပင်၏ ပင်စည် အခက် အရွက်များတွင် တောက်လျှောက် ပါနေသကဲ့သို့ ထိုအနုသယ ကိလေသာဓာတ်များသည်လည်း သတ္တဝါတဦး၏ ဘဝတလျှောက်လုံးတွင် တောက်လျှောက် ပါနေသည်။
သတ္တဝါတဦးတွင် ထိုကိလေသာဓာတ်များကို သာမန်အားဖြင့် အထင်အရှား တွေ့ရမည် မဟုတ်။
သို့သော် အကြောင်းတိုက်ဆိုင်သောအခါတွင် ပေါ်ပေါက်ရန် ၎င်းတို့သည် စိတ်ထဲ၌ အဆင်သင့် ရှိနေသည်။ ပြာဖုံးနေသော မီးခဲသဘောမျိုးလည်း ဖြစ်သည်။
ထိုအဆင့်တွင် မကောင်းမှု ဆယ်မျိုးမှ တမျိုးမျိုးကို ကျူးလွန်ရန် စိတ်လည်း မဖြစ်၊ ကျူးလွန်လည်း ကျူးလွန်ဦးမည် မဟုတ်သေးချေ။

အနုသယကိလေသာဓာတ်ခံ ရှိနေပြီး ဖြစ်သည့်အတွက် ကျူးလွန်စရာ အာရုံ၊ ပြစ်မှားစရာ အာရုံ၊ ခံစားစရာ အာရုံတခုခုနှင့် တွေ့ကြုံသောအခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ကျူးလွန်လိုသော၊ ခံစားလိုသော၊ ပြစ်မှားလိုသော ဆန္ဒနှင့် ထကြွလာသည့် ကိလေသာတို့ကို ‘ပရိယုဌာန ကိလေသာ’ ဟု ခေါ်ရသည်။

စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် လောဘ ဒေါသ မာန်မာနစသော (ကိလေသာ) စိတ်အညစ်အကြေးများ၏ တွန်းအားပေးမှုကြောင့် မကောင်းမှုတခုခုကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အခါ၊ ကာမဂုဏ်အာရုံကို ခံစားသည့်အခါ ဖြစ်ပေါ်လာသော ကိလေသာကို ‘ဝီတိက္ကမ ကိလေသာ’ ဟု ခေါ်ရသည်။

ထိုကိလေသာများကို စိတ်ထဲ၌ ကိန်းအောင်းနေသော ကိလေသာ၊ ထကြွလာသော ကိလေသာ၊ လွန်ကျူးမိသော ကိလေသာဟု အဆင့်သုံးဆင့်ဖြင့် အကျဉ်းချုပ် မှတ်သားနိုင်သည်။

အပြစ်ရှိသည့် အလုပ်၊ မကောင်းသည့် အလုပ်များကို မလုပ်မိစေရန် သီလဆောက်တည်၍ စောင့်ထိန်းနိုင်သည်။
ထိုကြောင့် သီလစောင့်ထိန်းခြင်းဖြင့် လွန်ကျူးမှု (ဝီတိက္ကမကိလေသာ)ကို ချုပ်ငြိမ်းစေသည်။

သီလစောင့်ထိန်းထားသည့်အတွက် ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ကာယကံမြောက် ဝစီကံမြောက် မကောင်းမှုကို မကျူးလွန်သော်လည်း အကြောင်းတိုက်ဆိုင်သည့်အခါ တခါတရံ စိတ်ထဲတွင် မကောင်းမှုကို ပြုလုပ်ချင်သည့်စိတ်များ၊ ကာမဂုဏ်အာရုံကို ခံစားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။
ထိုသို့ ဖြစ်ပေါ်လာသည့်အခါ စိတ်သည် မကောင်းတော့ပေ။ ညစ်နွမ်း၍ နေလေ၏။

ထိုသို့ စိတ်မကောင်းခြင်း စိတ်ညစ်နွမ်းခြင်း မဖြစ်စေရန်၊ သက်ဆိုင်ရာ အာရုံနှင့် တွေ့ပင်တွေ့ငြားသော်လည်း ကိလေသာစိတ်များ ထကြွ၍ မလာစေရန် လုပ်ဆောင်စရာ တခု ရှိ၏။
ထိုလုပ်ဆောင်စရာဟူသည် ဝိပဿနာအလုပ်ကို အားထုတ်ခြင်း ဖြစ်၏။
ဝိပဿနာတရားကို မည်သို့မည်ပုံ အားထုတ်ရမည်ကို ဗုဒ္ဓဘာသာက အပြည့်အဝ သင်ကြားထားသည်။
ထိုကြောင့် ဝိပဿနာကို ပွားများအားထုတ်လျှင် ဘာသာရေးလုပ်သည်ပင် ဖြစ်တော့၏။

ဝိပဿနာတရား ပွားများအားထုတ်၍ သမာဓိအားကောင်းလာသည့်အခါ ဝိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်သန်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်။
ထိုအခါကျမှ စိတ်ထဲတွင် ကိန်းအောင်းနေသည့် အနုသယကိလေသာဓာတ်များ လုံးလုံး ကုန်သွားသဖြင့် စိတ်သည် အပြီးအပိုင် ကောင်းလေတော့သည်။


စိတ်ကောင်းရှိဖို့ အရေးကြီးသည်


စိတ်ကောင်းရှိဖို့ မည်မျှအရေးကြီးကြောင်း အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်လာ ဝေလာမသုတ်တွင် -

“အကြင်သူသည် အရပ်လေးမျက်နှာ၌ရှိသော သံဃာကို ရည်မှန်း၍ ကျောင်းဆောက်လှူ၏။ ထိုသူ၏ ကျောင်းအလှူသည် ဘုရားအမှူးရှိသော သံဃာကို ဆွမ်းလှူရခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် ကြည်ညိုစိတ်ဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု အသိအမှတ်ပြု ဆည်းကပ်၏။ ထိုသူ၏ သရဏဂုံတည်မှုသည် ကျောင်းလှူခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာပျက်ခြင်း၊ လိမ်ညာပြောခြင်း၊ သေအရေက်သောက်ခြင်းတည်းဟူသော မကောင်းမှုများကို မပြုလုပ်။ ထိုသူ၏ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သရဏဂုံတည်မှုထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် မေတ္တာစိတ်ကို နံ့သာတရှူတရှိုက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုမျှလောက် မေတ္တာဘာဝနာကို ပွားများခြင်းသည် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် အနိစ္စသညာကို လက်ဖျစ်တတွက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုသူ၏ အနိစ္စသညာ(ဝိပဿနာဘာဝနာ)ကို ပွားများခြင်းသည် မေတ္တာဘာဝနာကို ပွားများခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။” ဟု ဘုရားရှင်က ဟောကြားခဲ့သည်။


စိတ်ကောင်းရှိပါမှ


အလှူပေးခြင်းသည် စေတနာ မေတ္တာတရားတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မပေးရက်လို ဝန်တိုမှု တွန့်တိုမှု လောဘကြီးမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ပေးလှူခြင်း မဖြစ်နိုင်။

ဘုရား တရား သံဃာတို့အား ရိုသေ ဆည်းကပ်ခြင်းသည် ရတနာသုံးတို့အပေါ် ယုံကြည်မှု (သဒ္ဓါတရား)၊ လေးစားမှု (ဂါရဝတရား)၊ နှိမ့်ချမှု (နိဝါတတရား)တို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မယုံကြည်မှု၊ မေတ္တာမဲ့သဖြင့် မလေးမခန့်လုပ်မှု၊ မာန်မာနဖြင့် မောက်မာမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ရတနာသုံးပါးကို အရိုအသေ မပေးနိုင်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည့် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် လောဘ ဒေါသ မောဟတည်းဟူသော စိတ်ဆိုးများ ရှိနေက မဖြစ်နိုင်။
မေတ္တာ ကရုဏာ မုဒိတာတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။

မေတ္တာနှင့် ပြည့်ဝနေသောစိတ်သည် စိတ်ကောင်း ဖြစ်၏။
မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အမျက်ထွက်မှု (ဒေါသ)၊ မနာလိုမှု (ဣဿာ)၊ ဝန်တိုမှု (မစ္ဆရိယ)၊ မတရားရယူလိုမှု (အဘိဇ္ဈာ)၊ ပျက်စီးစေလိုမှု (ဗျာပါဒ)၊ ပမာမခန့်လုပ်မှု (မာန်မာန)တို့နှင့် ပြည့်နှက်နေသော စိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်အနွမ်းတို့ဖြင့် ရောပြွမ်းနေသောစိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်တို့မှ ကင်းဝေးနေသော စိတ်သည်သာ စိတ်ကောင်း ဖြစ်၏။

ထို့ကြောင့် ‘စိတ်ကောင်းရှိဖို့သာ ပဓာန’ဟု အလေးအနက် ယူဆပါက စိတ်ကောင်းရှိရန် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါ။
ကိလေသာတရားများကို မိမိတို့စိတ်ထဲမှ နှင်ထုတ်ဖြစ်အောင် နှင်ထုတ်ကြပါ။
အနိစ္စသညာဖြစ်အောင် ဝိပဿနာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါဟု မေတ္တာရှေးရှု၍ တိုက်တွန်းမှု ပြုလိုက်ရပါတော့သည်။

Thursday, December 11, 2008

ကမ္မသတ္တိတရားတော် - အရှင်ဇနကာဘိဝံသ


ကံအကျိုး မြင်လို့


ဗုဒ္ဓဘာသာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရဟန်း ရှင် လူ အားလုံးပဲ၊ ကံဆိုတာ ဘယ်လိုပါလိမ့်မတုန်း။
ဘယ်လိုလိုက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုး ပေးပါလိမ့်မတုန်းဆိုတာ နှစ်နှစ်ကာကာ နားလည်ရင်တော့ အင်မတန် အကျိုးရှိတယ်။
ဘယ်လို အကျိုးရှိတုန်း။
မတော်တဲ့ မကောင်းမှု အကုသိုလ်အခန်းကျရင် နောက်ဆုတ်တယ်။ နည်းနည်းတွန့်လာတယ်။
နောက်ဆုတ်တယ်ဆိုတာလဲ ကံရဲ့အကျိုးကို လှမ်းမြင်လို့ ဆုတ်တာ။
ကောင်းတဲ့အလုပ် လုပ်ရမယ်ဆိုတော့ ကံရဲ့အကျိုး လှမ်းမြင်လိုက်တယ်ဆိုရင် အားတက်သရော ရှိလာတယ်။ လုံ့လ ဝီရိယတိုးလာတယ်။ သဒ္ဓါတရားတွေ တိုးလာတယ်။
ဒါကြောင့် ကံဟာ ဘယ်လိုပါလိမ့်မတုန်းဆိုတာ အလှူ့ဒကာ အလှူ့အမတို့လို လူဝတ်ကြောင်ဘက်တွင် မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ နားလည်ပြီးတော့မှနေလျှင် အင်မတန် ကောင်းတယ်။
ခု ဆိုပါတော့ပေါ့။
အလှူ့ရှင်များက အားတက်သရောနဲ့ လှူကြ တန်းကြတယ်။ စိတ်စေတနာ ထက်သန်ကြတယ်လို့ဆိုတော့ သူတို့ဘက်က တာဝန်ကျေသွားတယ်။


လောဘပေါင်းမြက်


အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် အရသာခံပြီးတော့ စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။
လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါနမျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင် ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။
ပေါက်တော့ ပေါက်ပါရဲ့။
ဒါပေမယ့် အပင်က သုံးပုံနှစ်ပုံလောက်သာ အောင်တော့တယ်။
တစ်ပုံလောက်က ပေါင်းမြက်တွေနဲ့ ရောပြီးတော့ ပေါင်းမြက်တွေက ယူသွားတာနဲ့ မအောင်ဘူး။ ဒီလိုဖြစ်တယ်။
ဒီတော့ ဘုန်းကြီးကနေပြီးတော့ အလှူ့ရှင် ဆွမ်းဒါယကာ ဒါယိကာမ ဆွေသားမျိုးစုဘက်က သဒ္ဓါတရား တိုးပွားပါစေတော့လို့ ဒီလို စိတ်ထားပြီးတော့ ပြုပြင်ရုံတင်မကဘူး၊ ဘုန်းကြီးတို့ရဲ့ အလှူခံ သံဃာတော်များ ရဟန်း သာမဏေများဘက်က လောဘတကြီးနဲ့ ဝမ်းမြောက်ဝမ်းသာ စားသောက်နေမှာကို သိပ်စိုးရိမ်တာပဲ။


အောက်ကျနောက်ကျ


ဒီတော့ကာ ခုတင်က လောဘဖြစ်ပြီးတော့ စားတယ်ဆိုရင် လောဘပေါင်းမြက်တွေပါလို့ အလှူ့ရှင်မှာ အကျိုးနည်းရတဲ့အပြင် အလှူခံပုဂ္ဂိုလ်က ဒီနေရာမှာ အလှူခံဘဝနဲ့ အလှူခံလိုက်ရပေမယ့် ဟိုနောက်ဘဝကျတော့ အလှူခံပုဂ္ဂိုလ်အဖြစ်နဲ့ အကျိုးပေးမှာ မဟုတ်ဘူး။ သူ့ရဲ့ မတရားတာကို မတရားတဲ့အလိုက် အကျိုးပေးသွားမယ်။ အောက်ကျနောက်ကျ ဖြစ်စရာရှိရင် ဖြစ်သွားမယ်။
အဲဒါ ဘုန်းကြီးက စိုးရိမ်လို့ အလှူခံဘက်က။
ဒီ အလှူခံဆိုတာ သူများမဟုတ်ဘူး၊ ဘုန်းကြီးတို့ပဲ။
ဘုန်းကြီးတို့ ဆရာတပည့်တစုက အဲဒီလို လောဘတကြီးနဲ့ ဖြစ်သွားမှာ သိပ်စိုးတယ်။
ဆွမ်းဟင်းတွေ ဘာတွေက စိတ်တိုင်းမကျလို့ ဒေါသတွေ ဘာတွေ စိတ်မချမ်းသာတာတွေ ဖြစ်မှာလဲ ဘုန်းကြီး သိပ်စိုးတယ်။


အလှူခံတာဝန်


ဒီတော့ ဘုန်းကြီးမှာ နှစ်ဖက်ငဲ့ပြီးတော့ ကြည့်ရပါတယ်။
အလှူခံပုဂ္ဂိုလ်တွေဘက်ကလဲ ပေါင်းမြက်သဘောလို လောဘ ဒေါသတွေ မပါ,ပါစေနဲ့။ တခါ ဟိုနောက်ဘဝ သံသရာကျတော့ ဒီလောဘ ဒေါသတွေနဲ့ နေတဲ့ အလှူခံပုဂ္ဂိုလ်က သက်သက်သာသာနဲ့ သွားရမှာ မဟုတ်ဘူး။ သူ့မှာ အပြစ်တွေနဲ့ ထွေးရောယှက်တင် သွားရမယ်။
အဲဒီလို ဘုန်းကြီးက ကံ၏အကျိုးကိုပေါ့လေ မြင်လို့မို့ ဘုန်းကြီးတို့ဘက်ကလဲ ဝမ်းမြောက်ဝမ်းသာနဲ့ အားရပါးရ စားတာကို ဘုန်းကြီးက မကြိုက်ချင်ဘူး။ သဘောမတူချင်ဘူး။
ဒီကလဲ ပစ္စဝေက္ခဏာ ဆင်ခြင်လို့၊ အလှူ့ရှင်တွေအပေါ်မှာ မေတ္တာပို့လို့၊ ဒီလို အနေမျိုးနဲ့ စားမှ ဘုန်းကြီးတို့မှာ ပေါင်းမြက်လဲ ကင်းတယ်လို့ ဆိုရတယ်။
ပြီးတော့ ဘဝသံသရာမှာ ဒီ လောဘ ဒေါသတွေက အကျိုးပေးစရာ မရှိဘဲ၊ ဘုန်းကြီးတို့ရဲ့ မေတ္တာ ကရုဏာနဲ့ သီလ သိက္ခာတွေက ကောင်းသော အကျိုးကို ပေးစရာ ရှိတယ်။
အဲဒီ နှစ်ဖက်ငဲ့တယ်ဆိုတဲ့ဥစ္စာဟာ ကံ-ကံ၏အကျိုးကို မြင်လွန်းလို့ ငဲ့နေတာ။
ဒါကြောင့် ကံ-ကံ၏အကျိုးကို ကောင်းကောင်း နားလည်ဖို့ ကောင်းတယ်။


ကံ၏သဘော


သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။

သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ-ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊ သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိဓာတ်ကလေးကို)၊ နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္ဈတိ-ဥပါဒ် ဌီ ဘင် အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း။

သာဓု ... သာဓု ... သာဓု။


ကံတွေပါလာ


ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။
ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။
လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။
သိပ်ပေါတော့ ကိုယ့်ပစ္စည်း ဘယ်နား ဘာရှိတယ်ဆိုတာတောင် မမှတ်မိတော့ဘူး၊ သတိမထားမိဘူး ပေါလိုက်တာ။
ဒါပေမယ့် သုံးချင်တဲ့အခါ သတိထားလိုက်တော့ ဟာ ဘယ်နားမှာ ဘာပစ္စည်းတွေရှိတယ်ဆိုပြီးတော့ အလွယ်တကူ ယူပြီး သုံးနိုင်တယ်။
အဲဒီလိုပဲ ကံတွေကလဲ အများကြီး။
ကိုယ့်ကံတွေကိုတောင် မမှတ်မိဘူး။
ဟိုဘဝများစွာ သံသရာက ကံတွေဆိုတာ သာပြီးတော့ မမှတ်မိသေး။


ကောင်းကံက လွှမ်း


ဘုန်းကြီးတို့ ပိုပြီး ကြောက်စရာကောင်းတာက ဘဝများစွာက ပြုခဲ့တဲ့ မကောင်းကံတွေလဲ ပါလာတယ်။
အဲဒီဟာက တော်တော် ကြောက်စရာ ကောင်းတယ်။
အဲဒီ မကောင်းကံတွေကို အကျိုးပေးခွင့်မရအောင် ကောင်းကံတွေကို အများကြီး ပြုရတယ်။
အများကြီးပြုလို့ ကောင်းကံတွေက လွှမ်းနေပြီဆိုမှဖြင့် မကောင်းကံတွေက အကျိုးပေးမယ်လို့ ကပ်လာပါရဲ့။ ကောင်းတဲ့ကံတွေက လွှမ်းသွားလို့ အကျိုးပေးခွင့်မရလိုက်ဘူး။

မကောင်းကံတွေက အကျိုးပေးမယ်လို့ နေပြန်ရော။
ကောင်းတဲ့ကံတွေက အများကြီးက လွှမ်းလိုက်ပြန်ရော။
မကောင်းကံတွေ အကျိုးပေးခွင့် မရပြန်ဘူး။
အဲဒီလိုနည်းအားဖြင့် မကောင်းကံတွေလေ အကျိုးပေးမယ်လို့ စောင့်နေပေမယ့် အခွင့်မရလို့ ဟိုနောက်ဘဝကျတောင် သူတို့ အကျိုးပေးမယ်လို့ ကြံစည်ရာက မရတာနဲ့မို့လို့ ဒီလိုနဲ့ပဲ အဟောသိကံ=အကျိုးမပေးနိုင်တဲ့ ကံအဖြစ်နဲ့ ပရိနိဗ္ဗာန်စံတော့ ကျန်ရစ်ကြတယ်။

ဒါတောင် ကပ်ကပ်သပ်သပ် ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဘဝက မှားမှားယွင်းယွင်း ကံကလေးတွေအချို့ ပြုခဲ့မိလို့လေ .. ခါးတော်နာရတယ်၊ ဘုရားဖြစ်တော့ စိဉ္စမာနဝိကာတို့ရဲ့ အစွပ်အစွဲ ခံရတယ်။ အရှင်ဒေဝဒတ်တို့ရဲ့ ကျောက်လှိမ့်ချခံရတယ်။ ဒီ့အပြင် နောက်ဆုံးကျတော့ ဝမ်းတော်လားရတယ်။


ကောင်းကံတွေ ပြုလို့


ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။
အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။
အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊ သီလဆောက်တည်ရင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊ နေ့စဉ် နေ့စဉ် တွေ့ရာမြင်ရာနဲ့ စကားပြောတဲ့အခါ မေတ္တာသံနဲ့ စကားပြောရင်း, ကရုဏာသံနဲ့ စကားပြောရင်း ကောင်းတဲ့ကံတွေချည်း ခုလို တတ်သိနားလည်တဲ့ ဘဝမှာ စုသွားရတယ်။

နို့မို့လို့ရှိရင် အကုသိုလ်ကံတွေက အခွင့်သာလို့ မကောင်းကျိုးတွေ ပေးမှဖြင့် မိမိတို့လဲ မကောင်းလူတွေဖြစ် မကောင်းသတ္တဝါတွေဖြစ် မကောင်းစိတ်တွေဖြစ်ပြီးတော့ မကောင်းကံတွေ ပြန်ပြီးတော့ တိုးပွားလာပြန်တာပဲ။
ဒါကြောင့် ဒီဘဝ အထိုက်အလျောက် လူကောင်းဖြစ်တယ်ဆိုရင် ပိုကောင်းအောင် လုပ်ရတယ်။
အထိုက်အလျောက် သူတော်ကောင်း ရဟန်းသံဃာဖြစ်တယ်ဆိုရင် ပိုကောင်းအောင် ကြိုးစားရတယ်။
မကောင်းကံတွေက ပါ,ပါနေသေးလို့မို့ ပိုကောင်းအောင် ကြိုးစားရတယ်။


ချုပ်တော့ ချုပ်သွား


သန္တာနေ-ရုပ်နာမ်ခန္ဓာအစဉ်၌
ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာတရားမျိုးသည်
နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော် ...။

ကံက ချုပ်တော့ ချုပ်သွားတာပေါ့။ ဆိုပါတော့ .. မနက်က ဆွမ်းလောင်းကြတယ်။ ဆွမ်းလောင်းတဲ့အခါမှာဖြစ်တဲ့ စေတနာကံတွေဟာ အဲဒီတုန်းကပဲ ချုပ်သွားတယ်။ နောက်ထပ်ပြန်သတိရတော့ ထပ်ပြီးတော့ ကံသစ်ပေါ်လာတယ်။ ကံသစ်ပေါ်လာပြီး ထပ်ချုပ်သွားပြန်တာပဲ။
ဒီတော့ ကံဆိုတဲ့ဥစ္စာ စိတ်စေတသိက်ထဲကပါတဲ့ စေတသိက်တရားမျိုးလို့မို့ စိတ်ချုပ်သလိုပဲ သူလဲချုပ်သွားတာပဲ။
စိတ်ပျောက်သလိုပဲ သူလဲပျောက်သွားတာပဲ။
ဒါဖြင့် ပြီးပြီးပျောက်ပျောက် ပျောက်သွားသလားဆိုတော့ မပျောက်ဘူး။


သတ္တိမြှပ်နှံ


နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်
သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ ...
ချုပ်တော့ချုပ်သွားတယ်။ ချုပ်သွားပေမယ်လို့ အိပ်ပျော်နေတဲ့အခါဖြစ်တဲ့ စိတ်မျိုးလို ပြီးပြီးပျောက်ပျောက် မဟုတ်ပါဘူး။
အမှုမဲ့ အမှတ်မဲ့ ဟိုနားဒီနား သွားတဲ့အခါမှာ တွေ့မြင်ရတဲ့ စိတ်မျိုးလို ပြီးပြီးပျောက်ပျောက် မဟုတ်ပါဘူး။
တမင့်ကို စိတ်ပါလက်ပါလုပ်တဲ့ စေတနာတွေကတော့ သတ္တိနှစ် သတ္တိဓာတ်ကို မြှပ်နှံခဲ့တယ်။

သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိနှစ် ဓာက်လေးကို)
နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှပ်ထားပြီး၍သာလျှင် ..
ဒီခန္ဓာအစဉ်ထဲမှာ သူ့သတ္တိမြှုပ်သွားတယ်။
အဲဒီသတ္တိကို ပဋ္ဌာန်းပါဠိတော်က ကမ္မပစ္စည်းလို့ ခေါ်တယ်။
ဒီကမ္မသတ္တိပဲ။
ဒါတွေကို ဘုရားမြတ်စွာ ပွင့်တော်မူလာတော့မှ ထိထိရောက်ရောက် လက်ညှိုးနဲ့ ထောက်ပြသလို တောက်ပြနိုင်တော့တယ်။

ဟိုရှေးရှေးတုန်းက ပညာရှိကြီးတွေ “ကံရှိတယ်၊ ကံ၏အကျိုးရှိတယ်။ ကံရှိတယ်၊ ကံ၏အကျိုးရှိတယ်” ဒါလောက်တော့ ပြောနိုင်ကြတယ်။
ဘယ်ကောင်းတဲ့ကံကြောင့် ကောင်းတဲ့အကျိုးပေးတယ်။ ဒါလောက်တော့ ပြောနိုင်တယ်။
အဲဒီကံဟာ ဘယ်လိုလဲဆိုတာတော့ မပြောနိုင်ဘူး။
ဒါက ဘုရားပွင့်လာလို့ မြတ်စွာဘုရားက ကမ္မပစ္စယသတ္တိဟာလေ ကံက ဥပါဒ် ဌီ ဘင် ချုပ်သွားတယ်။
ဟော .. သူ့ရဲ့သတ္တိတော့ မြှုပ်နှံသွားတယ်။


ကံ ၂-မျိုးရှိ


ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။
ကုသိုလ်ကံရဲ့ ကုသိုလ်သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။
ဒီလို ပထမ စဉ်းစားရမယ်။
ဒီလို စဉ်းစားပြီးတော့ အဲဒီ ကုသိုလ်ကံ, အကုသိုလ်ကံတွေထဲက အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ ကံတွေကတော့ ပေးပြီးပြီ။
အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ အကုသိုလ်ကံတွေကလဲ ပေးပြီးပါပြီ။
အခုကျန်တာကတော့ အခွင့်သင့်တဲ့အခါ အကျိုးပေးဖို့လို့ မလိုလဲလိုလဲ ကံတွေ ကုသိုလ်ကံတွေကလဲ အကျိုးမပေးရရင် မနေနိုင်လောက်တဲ့ ဈာန်ကုသိုလ်တွေ ဘာတွေ ပေးပြီးပြီ။
အဲ အခုကျန်တဲ့ ကုသိုလ်တွေကတော့ အခွင့်သင့်တဲ့အခါ အခွင့်သင့်သလို ပေးမယ်လို့ ကျန်နေတဲ့ ကံတွေကတော့ ပြည့်လို့။
မကောင်းဖက်က ကြည့်လိုက်လဲ ပြည့်လို့။
ကောင်းတဲ့ကံဘက် ကြည့်လိုက်လဲ ပြည့်လို့။
ဘုန်းကြီးမှာရော, အားလုံး သံဃာတော်တွေမှာရော, အလှူ့ဒကာ အလှူ့အမဆွေမျိုးသားချင်းတွေမှာရော ပြည့်လို့။
ဒါတွေ နားလည်ထားဖို့ သိပ်ကောင်းတာပဲ။


သတ္တိကျန်နေ


ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး ဤစေတနာမျိုးသည်
နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်၍သွားသည်ရှိသော်
သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ
န နိရုဇ္ဈတိ-ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီး မဖြစ်ရချေ။

အချည်းနှီးဖြစ်သွားတယ်ဆိုရင်တော့ ဘာလုပ်ဖို့လဲ။
ကံပြုတာ အလကားနေမှာပေါ့။
မဟုတ်ဘူး။ အချည်းနှီး မဖြစ်ဘူး။
ကျန်နေတယ်။ သတ္တိကျန်နေတယ်။
အရာဝတ္ထုကျန်မနေဘူး။ သူ့ရဲ့သတ္တိကျန်နေတယ်။
သတ္တိဆိုတဲ့ဥစ္စာဟာ ကိုယ့်ကိုယ်တိုင်ပဲ ချိန်ကြည့်စမ်းပါလား။


သတ္တိသဘော


လူတယောက်ဟာ စကားပြောကောင်းတဲ့သတ္တိ ရှိတယ်။ ကြံရည်ဖန်ရည် စိတ်ကူးဉာဏ်သတ္တိရှိတယ်။ လုပ်ငန်းဆောင်တာမှာ လုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတယ်။ သူ့ရဲ့သတ္တိတွေ အများကြီးရှိတယ် ဆိုပါတော့။
အဲဒီသတ္တိဟာ ခန္ဓာကိုယ်ထဲရှိသလားဆိုတော့ .. ရှိတယ်ပေါ့။
ရှိလို့မို့ .. တခါတလေ ပြောရေးဆိုရေးကြုံလာတော့ အဲဒီသတ္တိထုတ်ပြီးတော့ ပြောလိုက်တာ ... တယ် အပြောကောင်းတယ်ကိုး။
လူတဖက်သားနားလည်အောင် တယ်ပြောတတ်၊ လူတဖက်သား သဘောကျသွားအောင် တယ်ပြောတတ်။ ဟောဒါ သတ္တိ သတ္တိ။
အဲဒီသတ္တိ .. နဂိုကော မရှိဘူးလား၊ အိပ်ပျော်နေလဲ ရှိတာပဲ၊ ထမင်းစားသောက် သွားလာနေလဲ ရှိတာပဲ။
ဒါပေမယ့် အဲဒီသတ္တိဟာ အကောင်အထည်လားလို့ဆိုတော့ ... မဟုတ်ဘူး ... သတ္တိပါပဲ။

လူတယောက်ဟာ လုပ်ရည်ကိုင်ရည် သတ္တိရှိတယ်။ ဟော .. အချိန်ကျလို့ အလုပ်တခုကြုံလာတော့ သူက လုပ်ပြလိုက်တယ်။
တယ်တော်တဲ့သူပဲ။ တယ်သတ္တိရှိတယ်။ ကြံရည်ဖန်ရည်ကျတော့လဲ တယ်ကောင်း။ စီမံလိုက်တာ တယ်သဘာဝကျ။ သတ္တိရှိတယ်။
အဲဒီသတ္တိတွေဟာ ဘယ်လောက်ပဲများများ ရာပေါင်း ထောင်ပေါင်းစုနေပေမည့် ဝန်မလေးပါဘူး။


အခွင့်သင့်မှ


အဲဒီသတ္တိ ဘယ်မှာ ပါနေသလဲ။
စိတ်အစဉ်ထဲမှာ ပါနေတယ်။
စိတ်အစဉ်မှာသာ ပါတာ မဟုတ်ဘူး။ ရုပ်အစဉ်မှာလဲ အဲဒီသတ္တိ ပါနေတယ်။
အဲဒီသတ္တိဟာ ဘာမှ ဝန်မလေးဘူး။ သတ္တိကတော့ သတ္တိပဲ။
အဲဒီလိုပဲ ကမ္မပစ္စည်းဆိုတဲ့ သတ္တိတွေ ဘုန်းကြီးတို့သန္တာန်မှာ ပါနေတယ်။
အကုသိုလ်သတ္တိတွေလဲ တပုံကြီးပါပဲ။ ကုသိုလ်သတ္တိတွေလဲ တပုံကြီးပါပဲ။
ဝန်လေးသလား၊ ဝန်မလေးပါဘူး။
ဒါဖြင့် ဒီလို ကုသိုလ် အကုသိုလ် သတ္တိတွေက ဘယ်အခါမှ အကျိုးပေးသတုန်းလို့ ဆိုတော့ ..။

သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌
ဝိပစ္စိတုံ-ဆိုင်ရာအကျိုးကို ပေးခြင်းငှာ၊
အကြောင်းသင့်၍ အကျိုးပေးတယ်။ အကုသိုလ်ကံတွေကလဲ ကာလဝိပတ္တိကြုံလာပြီ၊ မကောင်းတဲ့ကာလနဲ့ ကြုံနေပြီဆိုရင် အကျိုးပေးတာပဲ။


ဘဝအလိုက်


ဘဝကိုက မကောင်းတဲ့ဘဝ ကြုံနေပြီ၊ တိရစ္ဆာန်ဖြစ်နေပြီ ဆိုပါတော့၊ အကုသိုလ်ကံတွေက အကျိုးပေးတာပဲ။ ဟိုက ခဲနဲ့ ပေါက်မယ်၊ ဒီက ခဲနဲ့ ပေါက်မယ်။ တော်တော်ကြာတော့ စားစရာ သောက်စရာ မစားရ မသောက်ရ ဖြစ်နေမယ်။ နေစရာ ထိုင်စရာမရှိ ဖြစ်နေမယ်။
အဲဒီ အကုသိုလ်ကံမျိုး လူ့ဘဝကော မပါလာဘူးလား။ ပါ,ပါရဲ့။ ဘဝက နည်းနည်းကောင်းနေတော့ အဲဒီ နေစရာမရှိအောင်ရယ်၊ ထိုင်စရာမရှိအောင်ရယ်၊ ဟိုကဒီက နှိပ်စက်အောင်ရယ်။ ဒီလိုတော့ သူတို့က မတတ်နိုင်ဘူး။ မပါဘူးလားဆိုတော့ ပါတယ်။
ဒီကံတွေ ပါပေမယ်လို့ ဂတိကောင်းနေတဲ့အခါကျတော့ ဒီအကုသိုလ်ကံတွေက အကျိုးမပေးနိုင်ပြန်ဘူး။


ဉာဏ်ရှိ မရှိ


တခါ လုံ့လဝီရိယဉာဏ် မကောင်းတဲ့လူတွေကျတော့ အကုသိုလ်ကံတွေက အကျိုးပေးတယ်။
ဆိုပါတော့ .. ဉာဏ်မရှိလို့ ဒီအစာကလေး တည့်မှန်းမသိ မတည့်မှန်းမသိတော့ မတည့်တဲ့အစာကို စားမိတယ်။ တော်တော်ကြာတော့ ရောဂါရတယ်။ ရှိတဲ့ရောဂါ တိုးတယ်။
ရောဂါရဖို့ရန် ရောဂါတိုးဖို့ရန်ကတော့ အကုသိုလ်က စီမံတာပဲ။
အဲဒီ အကုသိုလ်ကံချည်း သက်သက် စီမံနိုင်သလားလို့ဆိုတော့ ... မဟုတ်သေးဘူး။
သူ .. ဉာဏ်မရှိလို့ မတော်တာတွေ စားလို့၊
ဉာဏ်မရှိလို့ ရေမချိုးသင့်တဲ့အချိန် ချိုးလို့၊
ဉာဏ်မရှိလို့ မသွားသင့်တဲ့နေရာ သွားလို့၊
သူ .. ဒီလို ရောဂါတိုးတာ ရောဂါရတာ။ ရပြီးသား ရောဂါ တိုးတယ်။
ဒါဖြင့် ဒီပြင် ပုဂ္ဂိုလ်တယောက်တော့ ဒီလိုပဲ ဘာလို့ ရောဂါမဖြစ်တုန်း။
သူက နည်းနည်း ဉာဏ်ရှိတယ်။
ဒါ မတော်ဘူးလို့ဆိုတာ သူမှတ်ထားတယ်။
ဒီအချိန် သွားလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။
ဒီအချိန် ရေချိုးလို့ မတော်ဘူးဆိုတာ သူမှတ်ထားတယ်။
ဟော .. ဉာဏ်ရှိတာနဲ့ပဲ မကောင်းကျိုး မပေးနိုင်ဘူး။

လူနှစ်ယောက်တွင် ဉာဏ်မရှိတဲ့သူမှာ မကောင်းကျိုးပေးတယ်။
ဉာဏ်ရှိတဲ့သူမှာ မကောင်းကျိုး မပေးနိုင်ဘူး။
ဒါ့ကြောင့် မကောင်းတဲ့ ကံတွေ အကျိုးပေးတယ်ဆိုတဲ့ဥစ္စာ မကောင်းအောင်ကို အကြောင်းတွေက ဆုံလာမှ မကောင်းကျိုးပေးတာပါ။


စောစောက ပြင်


“သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌
ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးခြင်းငှာ”လို့ဆိုတော့ အဲဒီအကြောင်းတွေကိုလေ ဒါတွေဟာ မကောင်းကျိုးကို ပေးတတ်တဲ့ အကြောင်းတွေပဲလို့ နားလည်အောင် စောစောက ပညာတွေ သင်ရမယ်။
စောစောက မိကောင်းဖကောင်း ဆရာသမားကောင်း ဆွေကောင်းမျိုးကောင်းတွေနဲ့ ပေါင်းသင်းပြီးတော့ သူတို့အဆုံးအမကို နားထောင်ရတယ်။ မှတ်သားရတယ်။ ကိုယ့်ဘာသာကိုယ်လဲ စဉ်းစားဉာဏ်ရှိရတယ်။
အဲဒီ ဉာဏ်တို့ ဝီရိယတို့ အလိမ္မာတို့ ရှိပြီဆိုတော့ ကာလမကောင်းတောင် သူ့အတွက် တော်တော်သက်သာတယ်။
(ဂတိ=ဘဝက နည်းနည်းကလေး ညံ့နေတယ်ဆိုအုန်းတော့ သူ့အတွက် နည်းနည်း သက်သာတယ်။)

ကာလောပဓိပယောဂါနံ, ဂတိယာ စ ယထာရဟံ၊
သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မမာဂမ္မ ပစ္စတိ။


ကာလ


ကာလောပဓိပယောဂါနံ-အများနေထိုင်ရာဖြစ်တဲ့အခါ ကာလ, အဆင်းလှပခြင်း အရုပ်ဆိုးခြင်းဆိုတဲ့ ဥပဓိ လုံ့လဝီရိယ အသိအလိမ္မာဉာဏ်ဆိုတဲ့ ပယောဂတို့၏လည်းကောင်း
ဂတိယာ စ-ရောက်ရာဘုံဌာနဟူသော ဂတိ၏လည်းကောင်း
သမ္ပတ္တိံ စ-အကြောင်းရင်းခံ ဖန်သည့်အလိုက် သမ္ပတ္တိဆိုက်မှုကိုလည်းကောင်း
ဝိပတ္တိံ စ-အကြောင်းရင်းခံ ဖန်သည့်အလိုက် ဝိပတ္တိဆိုက်မှုကိုလည်းကောင်း
အာဂမ္မ-မလွဲသမှု အစွဲပြု၍
ကမ္မံ-မီးခဲပြာဖုံး ပမာသုံးဖို့ လုံးလုံးမပြယ် ကိုယ်ဝယ်ဖန်ထား ကံတရားသည်
ပစ္စတိ-ကောင်းဆိုးကျိုးတွေ ပေးနိုင်လေ၏

မီးခဲပြာဖုံးနေသလို ကံကို မမြင်ရဘူး။
မမြင်ရပေမယ့် ကံတွေ ရှိနေတာပဲ၊ ပြည့်လို့။
အဲဒါတွေဟာ ကာလသမ္ပတ္တိနဲ့ ကြုံနေမယ်ဆိုရင် သာမန်ကုသိုလ်ကံတွေကတောင်မှ အကျိုးပေးလိုက်တာ။ ကာလက တယ်ကောင်းတယ်ကိုး။
အင်း .. နေလို့ထိုင်လို့ ကောင်းတယ်။ ရောင်းလို့ ဝယ်လို့ ကောင်းတယ်။ သွားလို့လာလို့ ကောင်းတယ်။ ဒီလိုဆိုရင် သာမန် ကံသမားလေးတွေတောင်မှ စားရေး သောက်ရေးချောင်လို့၊ နေရေးထိုင်ရေး ကောင်းလို့၊ ကာလကောင်းနဲ့ တွေ့တာကိုး။


ရုပ်အဆင်း


ဥပဓိဆိုတဲ့ဥစ္စာ ရှိတယ်။ ရုပ်အဆင်းကို ခေါ်တယ်။ ရုပ်အဆင်းဟာ အမှတ်တမဲ့တော့ အရေးမကြီးပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အဆင်းလှတယ်ဆိုရင်ပဲ ဘေးက မြင်နေရတဲ့သူက .. တယ် ရုပ်ကလေးက သနားကမားလေးနဲ့ ဆိုပြီးတော့ သူ့အပေါ် ချစ်ခင်စိတ် ရှိတယ်။
ကလေး ကလေးဆိုလို့ရှိရင်လဲ ရုပ်ကလေးက သနားကမားကလေးနဲ့ ဆိုပြီးတော့ ကျွေးချင် မွေးချင်လာတယ်။
လူကြီး လူကြီးအလိုက်ပေါ့လေ။
အရုပ်က ဆိုးနေပြီဆိုလို့ရှိရင် ကျွေးချင် မွေးချင်စိတ်တောင် နည်းသွားတယ်။
သနားတတ်တဲ့သူနဲ့ တွေ့ရင်သာ ကျွေးချင် မွေးချင်တယ်။

ဒါကြောင့် ဥပဓိဆိုတဲ့ ရုပ်အဆင်းဟာ သိပ်အရေးကြီးတာပဲ။
ဟို အထက်တန်းကျလေ ရုပ်အဆင်းက အရေးကြီးလေ။
အထက်တန်းရောက်လာလေ ဥပဓိက အရေးကြီးလေ။
သူတို့ကတော့ဖြင့် အကျိုးမပေးပဲ နေပါ့မလား .. ဥပဓိကိုက တယ်ကောင်းတာကိုး။
အကုန်လုံး လိုက်ပြီးတော့ အကျိုးပေးစရာ အကြောင်းဖြစ်သွားတယ်။


အလိမ္မာ


ပယောဂဆိုတဲ့ဥစ္စာ ဉာဏ် ဝီရိယ အလိမ္မာပဲ။
အလိမ္မာက ညံ့ရင် ညံ့သလောက် အကျိုးပေးနည်းသွားတယ်။
အလိမ္မာက ကောင်းရင် ကောင်းသလောက် အကျိုးပေး ကြီးကျယ်သွားတယ်။
အဲဒီ အလိမ္မာကောင်းအောင်လို့ ဉာဏ် ဝီရိယကောင်းလာအောင်လို့ ဆရာကောင်း သမားကောင်း ရှာကြရတာ။
ဒီ အလိမ္မာ ဝီရိယကောင်းလာအောင်လို့ အဲဒါတွေက တန်ဖိုးရှိလွန်းလို့ ဘုန်းကြီးပြောနေတာ။
ဥပဓိတွေ ဘယ်လောက်ကောင်းနေနေ ကံ ဝီရိယ ညံ့ဖျင်းပြီဆိုရင် အကျိုးကောင်းကောင်း မပေးဘူး။
ပေးသမျှ အကျိုးတွေလဲ ပျောက်ပျက်သွားတတ်တယ်။


စေတနာသည် ကံ


ဒါ့ကြောင့် ကံဆိုတဲ့ဥစ္စာ ဘယ်လိုပါလိမ့်မလဲလို့ ပထမဆုံး ပြန်ပြီးတော့ စဉ်းစားကြည့်ပါ။
ကုသိုလ်ပြုပြု အကုသိုလ်ပြုပြု ဒီထဲမှာ ရှိတဲ့ စေတနာကို ကံလို့ ခေါ်တယ်။
ဒါဖြင့် အဲဒီ စေတနာက ဘယ်လိုသဘောနဲ့ ဘဝများစွာသို့လိုက်ပါလိမ့်မတုန်းဆိုတော့ -

“ကုသလာ ကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်သော
ကမ္မံ-ကံစေတနာသည်
ဝိပါကာနံ-နောက်နောက် ဝိပါက်ဆိုတဲ့ နာမ်တရားတို့အားလည်းကောင်း
ကဋတ္တာ စ ရူပါနံ-ကမ္မဇရုပ်ဆိုတဲ့ ကဋတ္တာရုပ်တရားတို့အားလည်းကောင်း
ကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်
ပစ္စယော-ကျေးဇူးပြုသည်
ဟောတိ-ဖြစ်၏” လို့ မြတ်စွာဘုရား ဟောတော်မူတယ်။

မြတ်စွာဘုရားက အဲဒီ စေတနာဟာလေ ဥပါဒ် ဌီ ဘင် ဆိုပြီးတော့ နာမ်တရား ထုံးစံအတိုင်း ချုပ်သွားပေမယ့် သတ္တိကျန်နေရစ်တယ်။
ဘာသတ္တိပါလိမ့်။
ကမ္မပစ္စည်းသတ္တိ ကျန်နေရစ်တယ်။
ဒီတော့ ကမ္မပစ္စည်းသတ္တိ ကျန်နေရစ်လို့ရှိရင် တို့ဘဝများစွာက ပြုခဲ့တဲ့ ကောင်းကံ၊ မကောင်းကံရဲ့ သတ္တိတွေ အများကြီး ရှိမှာပေါ့။
ဟုတ်တယ် .. အများကြီး ရှိတာပဲ။
ဒါဖြင့် ကောင်းကံရော မကောင်းကံရော ဆုံပြီးတော့ ဘာပြုလို့ အကျိုးမပေးကြသတုန်းလို့ဆိုတော့ ... သြော် ကံက သူ့ချည်း မပေးပါဘူး။
ကာလအလိုက် အကျိုးပေးတာ။
ကာလ မကောင်းပါလား၊ မကောင်းကံတွေက အကျိုးပေးမှာပေါ့။
ကာလ ကောင်းနေစမ်းပါလား၊ ကောင်းကံတွေက အကျိုးပေးမှာပေါ့။


ဘဝ ကောင်း-ဆိုး


ဟုတ်ပြီ။ ဂတိ=ဘဝကိုက မကောင်းတဲ့ ဘဝ၊ တိရစ္ဆာန်ဘဝ ရောက်စမ်းပါလား။ ငရဲဘဝ ရောက်နေစမ်းပါလား။ ပြိတ္တာဘဝ ရောက်နေစမ်းပါလား။
မကောင်းတဲ့ ကံဟာလေ သိပ်အကျိုးပေးခွင့် ရသွားတာပဲ။
ဂတိက လူ့ဘဝတွေ ရောက်နေစမ်းပါလား။ နတ်ဘဝတွေ ရောက်နေစမ်းပါလား။
ငတ်အောင် နှိပ်စက်နိုင်တဲ့ ကံပါပေမယ့် အို .. လူ့ဘဝဆိုတာ နောက်ဆုံး တောင်းစားရင် ရသေးတယ်။ မငတ်ပါဘူး။
ဟို နတ်ဘဝတို့လိုများ ရောက်သွားတော့ ငတ်အောင် ပြုနိုင်တဲ့ကံ အဲဒီမှာ မရှိဘူးလား။ ရှိပါရဲ့။ ဒါဖြင့် ငတ်နေပါလား။ နတ်ဟာ ဘယ်တော့မှ မငတ်ပါဘူး။ ဘာပြုလို့တုန်းဆိုတော့ ဂတိကိုက အင်မတန် ကောင်းတဲ့ ဂတိဖြစ်နေတာကိုး။

ဒါကြောင့် ကာလကောင်းရင် ကောင်းတဲ့ကံတွေက၊ ကာလမကောင်းရင် မကောင်းတဲ့ ကံတွေက၊
ဂတိဆိုတဲ့ ဘဝကောင်းရင် ကောင်းတဲ့ကံတွေက အခွင့်သာတယ်။ ဂတိဆိုတဲ့ ဘဝမကောင်းလို့ ငရဲ, တိရစ္ဆာန်, ပြိတ္တာဖြစ်နေမယ်ဆိုရင် မကောင်းတဲ့ကံတွေက အခွင့်သာပါတယ်။


ရုပ် လှ-မလှ


တိရစ္ဆာန်ဖြစ်သွားအုန်း၊ ကောင်းတဲ့ကံတွေက အခွင့်သာလို့ ခွေးကလေး လှလှလေးဆိုရင် ကျွေးမယ့်သူနဲ့ မွေးမယ့်သူနဲ့၊ သူ့ကို တကတည်း မွေးချင်တဲ့သူတွေနဲ့၊ ခွေးကလေးက လှတာကိုး။
ဥပဓိက လှနေလို့ရှိရင် ကောင်းတဲ့ကံတွေက အကျိုးပေးတယ်။
တိရစ္ဆာန်ဖြစ်တောင် လိုက် အကျိုးပေးတယ်။

မလှဘူးဆိုလို့ရှိရင် လူ့ဘဝရောက်နေတာတောင်မှ လူ့ကိုက ရုပ်ကြီးကိုက ဘယ့်နှယ်ပဲ ညာ့နှယ်ပဲနဲ့ ပြောပြီးတော့ ကိုယ့်ဆွေမျိုးသားချင်းများကတောင် အရေးမစိုက်ချင်ဘူး။ အမေကတော့ ချစ်ပါရဲ့။ အဖေကတော့ နည်းနည်းတောင် အင်တင်တင်ကြီး။ ဘိုးတွေ ဘွားတွေက ဒီကလေးကို ဟိုနား ဒီနား ချီမသွားပါဘူး။ အဒေါ်တွေ အမတွေ ဦးကြီးဦးလေးတွေက မချီပါဘူး။ ခင်ဗျားနဲ့ ဘယ့်နှယ်တော်တုန်း မေးရင် ပြောရမှာတောင် နည်းနည်း ရှက်တက်တက်။ အရုပ်ဆိုးတာနဲ့ သူ့မိဘ ဘိုးဘွားက စပြီးတော့ သိပ်အရေးမစိုက်ဘူး။

ရုပ်ကလေးက လှလှပပလို့ဆိုတော့ ကြွားချင်တယ်ကိုး။ အဖေကလဲ သားကလေးကို ပွေ့ချီပြီးတော့ “ဒါ ကျုပ်သားပါ၊ ဒါ ကျုပ်သားပါ”။ ဘိုးကလဲ ချီပြီးတော့ ဟိုအိမ် ဒီအိမ်များ လည်လို့။ “ဒါ ကျုပ်မြေးလေ၊ ကျုပ်သားက မွေးတာ, သမီးက မွေးတာ”။ သူကလဲ ကြွားချင်တယ်။ ဘေးက အဒေါ်တွေ ဘာတွေကလဲ ပွေ့လို့၊ ဟိုအိမ် ဒီအိမ် သွားရင် ဒီကလေးကို ချီသွားချင်တယ်။ တော်တော်လေး ကြီးတော့လဲ ဒီလိုပဲ။

ဒါကြောင့် ဥပဓိလှလို့ရှိရင် တိရစ္ဆာန်ဖြစ်တောင်မှ အကျိုးပေးတယ်။
ဥပဓိသာ မလှဘူးဆိုလို့ရှိရင် ဂတိကောင်းတဲ့ လူ့ဘဝတောင်မှ သိပ်အကျိုးမပေးပါဘူး။
ဥပဓိရုပ်အဆင်းဟာ ဒီလောက် ကွာခြားတယ်။ အရေးကြီးတယ်။


ခွေးလိမ္မာ


လုံ့လ ဝီရိယ ဉာဏ် အသိအလိမ္မာရှိပြီဆိုလို့ရှိရင် ခွေးကလေးတောင် နည်းနည်းလိမ္မာတဲ့ ခွေးဆိုရင်ပဲ နောက်ဆုံး လက်ပေးကလေး သင်လို့ လွယ်အုန်းတော့ ကျွေးမယ့်သူ တယ်မရှားလှဘူး။
ဒီခွေးကလေးက ညကျ ဟောဖော်ပြုဖော် ရတယ်၊ လုံ့လဝီရိယရှိတယ်၊ စောင့်ရှောက်ဖော်ရတယ်ဆိုပြီးတော့ ကျွေးကြတယ်။ ဟောဒီ မကောင်းတဲ့ဂတိ ရောက်သွားတာတောင်မှ အဲဒီခွေးကလေး ဝီရိယရှိတာနဲ့ အလိမ္မာကလေးရှိတာနဲ့ စားရေးသောက်ရေး မခဲယဉ်းဘူး။ မွေးမယ့် ကျွေးမယ့်သူတွေ ပေါတယ်။


ဝီရိယ


လူ့ဘဝရလာပြီး ပျင်းလိုက်တာ၊ ဝီရိယက ဘာမှ မရှိဘူးဆိုရင်တော့ သူဟာ နောက်ဆုံး ကူလီလုပ်တောင်မှ သူများလောက် မရဘူး။ သူများ လုပ်ကိုင်ကုန်ကြပြီ၊ သူက အိပ်တုန်း ရှိသေးတယ်။ သူက ပျင်းလို့ သန်းတုန်း ဝေတုန်း ရှိသေးတယ်။ သူများက ဘယ်လောက်ရပြီဆို သူက မရပေါင်။
ဒါကြောင့် လုံ့လဝီရိယရှိရင် ကာလကလဲ ကောင်းမယ်၊ ဂတိကလဲ ကောင်းမယ်၊ အလိမ္မာကလဲ ရှိမယ်ဆိုလို့ရှိရင် အစွမ်းကုန် အကျိုးပေးတယ်။ ဘာမှ စဉ်းစားမနေနဲ့။


အကျိုး ပေး-မပေး


ဘယ်သူဟာ အကျိုးပေးတယ်ဆိုလို့ရှိရင်တော့ သေသေချာချာကြည့်။ ဉာဏ်ဝီရိယက ဘယ်လိုဖြစ်လိမ့်မယ်။
ဘယ်သူဟာ အကျိုးမပေးဘူးဆိုလို့ရှိရင် ဉာဏ် ဝီရိယ ဘယ့်နှယ်ဖြစ်လိမ့်မယ်။
သူ အကျိုးပေးပါ့မလား၊ စကားပြောတာ ကြည့်ပါလား၊ ဘောက်ချည့် ပြောပြောနေတာပဲ၊ သူများ မခံချင်အောင်ချည့် ပြောတာပဲ၊ သူနဲ့ကို ဘယ်သူမှ အပေါင်းအသင်း တယ်မလုပ်ချင်ကြဘူး၊ အို အလိမ္မာကိုက ရှိမှ မရှိဘဲကိုး။
ဒါကြောင့် ကံဟာ ကံချည်း အကျိုးမပေးဘူးဆိုတာ သိပ်နားလည်ဖို့ ကောင်းတယ်။

ကာလောပဓိ ပယောဂါနံ, ဂတိယာ စ ယထာရဟံ၊
သမ္ပတ္တိံ စ ဝိပတ္တိံ စ, ကမ္မ မာဂမ္မ ပစ္စတိ။

ဒီတော့ ကံဟာ ဘယ်လို၊ ကံရဲ့သတ္တိဟာ ဘယ်လိုလိုက်လာတယ်ဆိုတာ နားလည်ပြီနော်။

ကံဟာ ခန္ဓာအစဉ်မှာ အမြဲပါနေတယ်။
အဲဒီကံဟာ သတ္တိရှိပေမယ့် သူ့ချည်းတော့ အကျိုးမပေးပါဘူး။
ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂ ကောင်း,မကောင်း လိုက်ပြီးတော့ ကောင်းကံ မကောင်းကံတွေ အကျိုးပေးခွင့် သာကြတာပဲလို့ ဒီလို သိနားလည်ပါနော်။


ပို မိုက်သွား


ဒီလို နားလည်ပြီးတော့ ကောင်းကံပဲ အကျိုးပေးပေး၊ မကောင်းကံပဲ ပေးပေး အဲဒီ အကျိုးပေးတဲ့တနေ့မှာ စိတ်ရင်း စေတနာရင်း ကောင်းဖို့ လိုပြန်ရော။
အချို့ မကောင်းကံတွေ အကျိုးပေးတော့ ‘ငါ့ .. သူများက အရေးမစိုက်ဘူး’ဆိုပြီး ပိုရွတ်ပြီးတော့ သူ ပိုယုတ်မာသွားတယ်။ ပိုမိုက်သွားတယ်။
မကောင်းကံကလေ မကောင်းကျိုးပေးလိုက်တာ ပိုမိုက်တွင်းနက်ပြီးတော့ အပါယ်လေးပါး ရောက်သွားတယ်။
မကောင်းကံက စိတ်ထားမတတ်လို့ရှိရင် သိပ်ကြောက်စရာ ကောင်းတာပဲ။


အမျိုးကောင်း


တခါ ကောင်းကံကကောလို့ဆိုတော့ သူကလဲ စိတ်ထားမကောင်းရင် အများကြီး ကြောက်စရာ ကောင်းတယ်။
အခုကာလ လူ့လောကကြီး ပြောကြစို့။
အမျိုးကောင်းတယ်၊ ဥစ္စာပေါတယ်၊ ရုပ်ချောတယ်၊ ပညာတတ်တယ်၊ ဒါ အကောင်းတွေချည်းပဲ။
ကောင်းကံတွေက အကျိုးပေးနေတာ။
ဒီအတိုင်းဆိုတော့ အကောင်းပဲ။
သို့ပေမယ့် စိတ်နေစိတ်ထား လိုက်ပြီးတော့ တာရှည်ကောင်း,မကောင်း စဉ်းစားရတယ်။

တချို့များ ရှေးက ကုသိုလ်ကံတွေ အကျိုးပေးလို့ အမျိုးကောင်းထဲ သွားပြီးတော့ ဖြစ်ရတယ်။
ကောင်းပါတယ်။ ဒါပေမယ့် သူဟာ နှစ်ဖက်စွန်းထွက်နေပြန်ပါတယ်။
အသိအလိမ္မာတွေ ဘာတွေ မရှိလို့ နောင်သံသရာတွေ ဘာတွေ ဘာမှ မစဉ်းစားတတ်တော့ မာနကြီးလို့။
အဲဒါ အမျိုးမြတ်တာနဲ့ပဲ မာနကြီးတဲ့အတွက် သူ့မှာ အကုသိုလ်ကံတွေ ထပ်ဝင်ပြီးတော့ နောက်တကြိမ် အမျိုးယုတ်တာက စပြီးတော့ အပါယ်လေးပါး သွားရတယ်။


မာနနှိမ်ချ


ဒီတော့ အမျိုးမြတ်ရင် အထက်တန်းကျရင် မာနမကြီးနဲ့။
အထက်တန်းကျတာ ရှေးကံကောင်းလို့ပေါ့လေဆိုပြီးတော့ မာန်မာနတွေ တခါတည်း နှိမ်ချလို့၊ စကားပြောတို့ ဘာတို့ ရိုးရိုးသားသားကလေး ပြောလို့၊ သူတပါးအပေါ်မှာ မေတ္တာ ကရုဏာနဲ့ ပြောလို့ဆိုတော့ ဘေးကနေပြီး သိပ်တော်တာပဲ ဘယ်သူတွေများလေ၊ ဟာ သူတို့အမျိုးက အင်မတန် အထက်တန်းကျတာ၊ ဒါတောင်မှလေ ကျုပ်တို့နဲ့များ စကားပြောအုန်း .. လေးလေးစားစား ရှိလိုက်တာ၊ ကျုပ်ဖြင့် ကြည်ညိုလိုက်တာလေနဲ့၊ ဟောဒီဘဝမှာကို သူ့မယ်လေ အကျိုးတွေ ရပြီးတော့ နောင်သံသရာ ဒီထက် မြင့်မြတ်တဲ့ အကျိုးတွေ ရသွားတယ်။ အမျိုးမြတ်တယ်။


စိတ်ကြီးဝင်ရင်


တခါ အဆင်းလှတယ်၊ ရုပ်ချောတယ်။
အဆင်းလှ ရုပ်ချောတော့ “ငါ့မယ်လေ ရှေးကံကောင်းလို့မို့ ဒီလိုဖြစ်ရတာလို့ သဘောမထားဘဲနဲ့ မာနကြီးပြီးတော့ ဒင်းတို့နဲ့အတူတူ မသွားချင်ပါဘူး”လို့ မာနတက်တယ်၊ အလှဂုဏ်တက်တယ်။ သူများကို အဖက် မထင်ချင်ဘူး။ သူက စိတ်ကြီးဝင်တယ်။
ဒါဟာ အဆင်းလှတဲ့အတွက် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အကုသိုလ်တွေ ထပ်ဝင်ပြီးတော့ သူ့မှာ နောက်ဘဝ သံသရာမှာ အဆင်းမလှဖို့ရာရော အပါယ်လေးပါးသွားဖို့ရာရော အကြောင်းတွေ ဖြစ်ပြန်ရော။


ရုပ်လှ အပြစ်


စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။
ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။
သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက အမျိုးသမီးတွေက အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ ပြန်ပြီးတော့ကို အင်း .. ဖောက်ဖောက်ပြန်ပြန်ကလေး ဖြစ်လိုက်ရော။
အဲဒီလို ဖောက်ဖောက်ပြန်ပြန် ဖြစ်တာနဲ့ပဲ ငရဲကျပြီး တော်တော်ကြာတော့ နပုံးပဏ္ဍုက်ဖြစ်ရတယ်။ တိရစ္ဆာန်ဖြစ်ရတယ်။ တိရစ္ဆာန်မှာလဲပဲ အထီးမဟုတ် အမ,မဟုတ် ဖြစ်ရတယ်။ လူဖြစ်ပြန်တော့လဲပဲ ယောက်ျားမဟုတ် မိန်းမ,မဟုတ် ဖြစ်ရတယ်။ နောက် မိန်းမဘဝ ဖြစ်ရတယ်။ နောက် တော်တော်ကလေး ကြာတော့မှ ယောက်ျားဘဝ ဖြစ်ရတယ်။ ကြည့်စမ်း .. သူများမဟုတ်ဘူး။ အရှင်အာနန္ဒာအလောင်း။ ဒါ့ကြောင့် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အလိမ္မာဆိုတာ အင်မတန် လိုတယ်။

အဲဒီအခါတုန်းက သာသနာပဖြစ်လို့ နေမှာပေါ့။
သာသနာတွင်းသာ ဖြစ်မယ်၊ သူတော်ကောင်းတွေနဲ့သာ ပေါင်းသင်းဆက်ဆံရမယ်ဆိုရင် အရှင်အာနန္ဒာအလောင်းတို့လို ပုဂ္ဂိုလ်မျိုးဟာ အကြောင်းမဲ့ မကောင်းတဲ့အလုပ်တွေ မလုပ်မိပါဘူး။
အခုတော့ ကာလဒေသက မကောင်းတာနဲ့၊ မိကောင်းဖကောင်း ဆရာကောင်းသမားကောင်းတို့ရဲ့ အဆုံးအမတွေနဲ့ မတွေ့ရတာနဲ့ အရှင်အာနန္ဒာအလောင်းတောင် ရုပ်ချောတဲ့ဘဝမှာ မှားမှားယွင်းယွင်း ဖြစ်ရတယ်။
ဒီတော့ ရုပ်အဆင်းလှတာဟာ အင်မတန် သတိထားစရာ ကောင်းတယ်။
ဘုန်းကြီးတို့ မြို့ကြီးပြကြီးတွေမှာ အမျိုးသမီးတွေ ရုပ်အဆင်းလှတာနဲ့ ပျက်စီးကြတယ်။ တော်တော်များများ ပျက်စီးကြတယ်။

ရုပ်အဆင်းလှတာနဲ့ပဲ ဒီ့အပြင် မတရားတဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကြောင့် ရုပ်အဆင်းလှမှု အမျိုးမြတ်မှုဟာ ကိုယ်က လိမ္မာပါမှ အထက်တန်းတိုးပြီးတော့ အကျိုးရတယ်။
ရုပ်အဆင်းလှပေမယ်လို့ အမျိုးမြတ်ပေမယ်လို့ စိတ်ထားမတတ်လို့ရှိရင် ပြန်ပြီးတော့ အောက်တန်းကျဖို့ ဖြစ်တယ်။


ပစ္စည်းတန်ဖိုး


တခါ ဥစ္စာပေါတာ ကြည့်အုန်း။
ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့ စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။ မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို ဆောက်မယ်။ ဆရာတွေ ငှားပြီးတော့ ပညာသင်ကျောင်းကြီးတွေ လုပ်ပေးမယ်။ သာသနာတော်ကြီးနဲ့ ကြုံလို့ရှိရင် သာသနာတော်ကို ထောက်ပံ့ပြီးတော့ သာသနာတော်ကြီးတိုးတက်အောင် ငါလုပ်မယ်။
ဟောသလိုဆိုတော့လေ ပစ္စည်းဥစ္စာတွေဟာ သိပ်ပြီးတော့ တန်ဖိုးရှိတယ်။ နည်းနည်း တန်ဖိုးရှိတာ မဟုတ်ဘူး။ တကယ့်ပါရမီရှင် သူတော်စင်တွေဟာ ပစ္စည်းရှိရာဘဝက နေပြီးတော့ ပါရမီတွေ ထပ်ဖြည့်ကြတာပဲ။

အဲသလို မဟုတ်ဘဲနဲ့ ဟိုသူဌေးသား ၄-ယောက် ဒု-သ-န-သောတို့လိုကျတော့ ပစ္စည်းရှိတာနဲ့မို့လို့ မတရားတွေ လိုက်စားလိုက်တာ ယခုထက်ထိ သံရည်ပူငရဲမှာ ကျပြီးတော့ ကျက်နေရတယ်။
ဒီတော့ ပစ္စည်းရှိတဲ့ဥစ္စာဟာ လိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် အင်မတန် တန်ဖိုးရှိတယ်။
မလိမ္မာတဲ့ပုဂ္ဂိုလ်တွေအတွက် သိပ်ကြောက်စရာကောင်းတာပဲ။ မိမိကို ပြန်ပြီးတော့ နှိပ်စက်တတ်တယ်။


ပညာရဲ့ အပြစ်


ပညာတတ်တယ် ဉာဏ်ကောင်းတယ်ဆိုတဲ့ဥစ္စာ ရှေးကံ အင်မတန်ကောင်းလာလို့ တတ်တာ။ အဲဒီပညာ အကြောင်းပြုပြီးတော့ မာန်မာနတွေ ကြီးလို့၊ မတရားတဲ့နည်းလမ်းတွေ ရှာလို့၊ လောကီအာရုံ ကာမဂုဏ်တွေ ခံစားမှုဘက်မှာ အလုပ်ထွင်လို့။ ဒီလိုဆိုရင် ရှေးကံကြောင့် တတ်နေတဲ့ ပညာ၊ ရှေးကံကြောင့် ဖြစ်လာတဲ့ အသိဉာဏ်တွေဟာ မတရားဘက်မှာ သွားပြီးတော့ သုံးစွဲတဲ့အတွက်ကြောင့် နောက်ဘဝမှာ အပါယ်လေးပါးသွားပြီးတော့ ပညာဉာဏ်ဖျင်းတဲ့သူတွေ ဖြစ်ဖို့ရန် အကြောင်းဖြစ်ပြန်ရော။


ပညာရဲ့ အကျိုး


ပညာဉာဏ်အကြောင်းပြုပြီးတော့ “ငါလေ .. ရှေးကံကောင်းလို့မို့ ဉာဏ်ပညာတွေ ထက်လာတယ်၊ အသိဉာဏ်တွေ ကြီးလာတယ်၊ ဒါကြောင့် ငါဟာ ဉာဏ်ပညာမရှိတဲ့သူတွေ ဉာဏ်ပညာရှိလာအောင် ပညာသင်ပေးမယ်။ ပြောဟောပေးမယ်။ ဆုံးမပေးမယ်”။ ဒီလိုဆိုလို့ရှိရင် ပညာတွေကြီးလို့ ဘုရားအလောင်းတော်တို့လို ပုဂ္ဂိုလ်တွေဖြစ်လို့ သိပ်ကောင်းတာပဲ။

ဒီလိုမှ မဟုတ်ဘဲနဲ့ ဉာဏ်ပညာအကြောင်းပြုပြီးသကာလ မာနကြီးပြီးတော့ သူများအထင်သေးလို့၊ သူများဉာဏ်ပညာညံ့တဲ့ဥစ္စာပဲ ပြောလို့ စောင်းလို့ လုပ်လို့ရှိရင် ကိုယ်ဟာ ဘဝသံသရာမှာ ဉာဏ်ပညာညံ့ဖျင်းတဲ့သူ ဖြစ်ရမယ်။

အဲဒီလို မဖြစ်ရအောင်လေ ကံကို အင်မတန် နားလည်ဖို့ ကောင်းပါတယ်။
ကံဆိုတာ စေတနာကို ခေါ်တယ်။
အဲဒီ စေတနာဟာ သံသရာမှာ ဘဝဆက်တိုင်း လိုက်မယ်။
ဘဝဆက်တိုင်းလိုက်ပေမယ်လို့ ကောင်းကံ မကောင်းကံဟာ “ကာလ, ဂတိ, ဥပဓိ, ပယောဂ”လိုက်ပြီး ကောင်းကျိုး မကောင်းကျိုး ပေးတာဖြစ်လို့ -
ကာလကောင်း
ဂတိကောင်း
ဥပဓိကောင်း
ပယောဂကောင်းတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

Wednesday, December 10, 2008

ဘဝင် ‘မကျ-အကျ’ - ‘ဟင် နှင့် ဟ’ - အရှင်ပညာသီဟ


ရုတ်တရက် တွေ့မြင်ခံစားရသည့်အပေါ် မူတည်၍ နှုတ်မှ ထွက်လာသော အသံကို ‘အာမေဋိတ်’ဟု ဖွင့်ဆို၏။
အံ့သြမှုကြောင့် ထွက်လာသော အသံလည်း ဖြစ်၏။
ထိုအသံသည် အဓိပ္ပာယ် အပြည့်အစုံ မပါဝင်သည့် ‘ဟ’အက္ခရာစာလုံး၏ အသံထွက်နှင့် ခပ်ဆင်ဆင် တူသည်။
တခါတရံ ‘အ’ အသံနှင့်လည်း ထွက်သည်။
ဥပမာ- ‘ဟ’ ‘ဟာ’ ‘ဟီး’ ‘ဟင်’ ‘ဟေ’ ‘ဟော’ ‘ဟိုက်’ ‘အို’ ‘အော်’ စသည်တို့ ဖြစ်သည်။
နောက်ဆက်တွဲ စကားလုံးအပေါ် မူတည်၍ “ဟ .. ကောင်းလိုက်တာ”၊ “ဟ .. ဘယ်ဆိုးလို့လဲ”၊ “ဟာ .. ဘယ်လိုဟာကြီးပါလိမ့်”၊ “ဟာ .. လုပ်လိုက်ပြန်ပြီ”၊ “ဟာ .. အသုံးကို မကျဘူး”၊ “ဟီး .. သွားပါပြီ”၊ “ဟီး .. ခုမှပဲ စိတ်သက်သာရာ ရတော့တယ်”၊ “ဟင် .. ကောင်းလဲ မကောင်းဘူး”၊ “ဟေ .. ဟုတ်ရဲ့လား”၊ “ဟိုက် .. သွားပါပြီ” စသည် စသည်ဖြင့် အာမေဋိတ်အဖြစ် ထွက်လာသော ထို ‘ဟ’အသံတွင် အဆံတော့ ပါဝင်သည်။

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးက နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း၌ ရွှေတိဂုံစေတီတော်ပုံတူတဆူကို အများပြည်သူတို့ ပူဇော်နိုင်ရန် အလှူရှင်တို့၏ စေတနာ သဒ္ဓါတရားကို အခြေခံထား၍ အခက်အခဲအမျိုးမျိုးကြားက လုံ့လအားမလျော့ဘဲ ကြိုးစားအားထုတ်၍ တည်ဆောက်နေရာ စေတီတော်မှာ အတော်အသင့် ပြီးစီးနေသည်ကို ဖူးတွေ့နိုင်ပါပြီ။

ယခင် တခါက ရေးခဲ့သော ဆောင်းပါးတွင် ဘုရားတည်ဆောက်ရာ၌ ကျွမ်းကျင်သည့် အလုပ်သမားရရှိဖို့ ခက်ခဲကြောင်း၊ ထိုအခက်အခဲတို့ကို ကျော်လွှား၍ စေတီတော် ရုပ်လုံးပေါ်အောင် မည်သို့မည်ပုံ အကောင်အထည်ဖော်ခဲ့ကြောင်းတို့ကို ရေးခဲ့ပြီး ဖြစ်ပါသည်။

စေတီတော်တည်ရှိရာသို့ ရဟန်းရှင်လူတို့ လာရောက် ကြည့်ရှု ဖူးမြော်ကြရာ စေတီစတင်တည်သောအချိန် ဆောက်လုပ်ခါစတွင် အခြေခံအဆောက်အအုံကို လူတွေ မြင်ကြသောအခါ “ဟင် .. ဘာကြီးလဲ၊ ဘယ်လိုဟာကြီးလဲ” ဟု ‘အာမေဋိတ်’ပြုသူများ ရှိသလို၊ မထင်မရှားကို သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သွားကြသူများလည်း ရှိ၏။
ထို့ကြောင့် ရပ်ကွက်ထဲရှိ လူအချို့က ယခု လက်ရှိ အခြေအနေကို မြင်၍ လာရောက် လည်ပတ် ကြည့်ရှုသောအခါ ဒီလိုစေတီ ဒီမှာ ရှိနေတာကို ငါတို့ သတိမထားမိဘူး။ ငါတို့ ရပ်ကွက်ထဲမှာ ဒီလို လှပတဲ့အရာ ရှိတာ သိပ်ကောင်းတာပဲ လို့ ပြောဆို ကြည်နူး ချီးကျူးသွားကြသည်။

စေတီတော်တည်ဆောက်မှုသတင်းကို ကြားရ၍ “ရွှေတိဂုံစေတီတော်ကြီးလိုပုံတော့ ဖူးရတော့မယ်ဟေ့”လို့ ရပ်ဝေးမှ အားခဲလာကြသူအချို့က၊ အထူးအားဖြင့် ထီးတော်တင်ပွဲ လာကြသူအချို့က ထီးတော်တင်ပေမယ့် မပြီးမစီးဖြစ်နေတဲ့ စေတီတော်ကိုယ်လုံးကို မြင်တဲ့အခါ “ဟင် .. ဘယ်လိုပါလိမ့်”လို့ ‘အာမေဋိတ်’ပြုကြပေလိမ့်မည်။

ဆွမ်းစားပင့်သည့်အိမ်မှ ဆွမ်းစားအပြီး စေတီတည်ရှိရာ ကျောင်းသို့ လှည့်ဝင်၍ စေတီတော်ကို ကြည့်ရှုရန် ကြွလာသော ဆရာတော်တပါးက ကျောင်းဝိုင်းမဝင်မီ ကားပေါ်ကနေ စေတီတော်ကို လှမ်းမြင်လိုက်ရာမှ ထွက်လာသော ‘အာမေဋိတ်’အသံမှာ “ဟင်”ဟု ဖြစ်သည်။
ထို “ဟင်”၏နောက်ကတော့ ဘာအသံမှ ထွက်မလာ။
သို့သော် မှန်းဆကာ နားလည်လိုက်သော စာရေးသူမှာ စိတ်ထဲတွင် မကောင်း ဖြစ်သွား၏။
“အဆောက်အဦဆိုတာ ဆောက်တတ်တဲ့သူ ဆောက်မှ အချိုးကျတာ”ဟု အမိန့်ရှိရာ အမေရိကန်တွင် ဘုရားတည်ဆောက်ရာ၌ တတ်ကျွမ်းသူ ပညာရှင်ရရန် အခက်အခဲရှိနေကြောင်းကို နားလည်အောင် ပြန်၍ ရှင်းလင်း လျှောက်ထားလိုက်ရပါ၏။

နောက်တနှစ်ကြာ၍ စေတီတော်ကို တဖန် လာရောက် ဖူးပြန်ရာ ပထမတကြိမ် “ဟင်”ဟု အာမေဋိတ်ပြုသောနေရာမှပင် စေတီတော်ကို ကားပေါ်မှာ လှမ်းမြင်ရာ ဒီတခါတွင် ထိုဆရာတော်၏နှုတ်မှ “ဟ”ဟု အသံထွက်သည်ကို ကြားလိုက်ရ၏။
“ဟ”၏ နောက်ဆက်တွဲဖြစ်လာမည့် စကားလုံးမှာ “တယ်ဟုတ်ပါလား၊ ခုလိုဆိုတော့လဲ ဘယ်ဆိုးလို့တုန်း”ဟု မှန်းဆရပါသည်။
စေတီတော်ကို မြင်၍ “ဟ”ဟု အသံထွက်သော ထိုဆရာတော်၏ ခံစားချက်ကို မှန်းဆ သိနားလည်သူ စာရေးသူမှာ စိတ်ချမ်းသာမှု ရလိုက်ပါ၏။
“ဟင်”ဟု အာမေဋိတ်ပြုသောအချိန်က အိတ်ထဲတွင်ပါလာသော ကင်မရာသည်ပင် မျက်နှာပြရမှာ ရှက်သည်ထင့်။ ခလုတ်ကို နှိပ်သည့်အခါ ထွက်ပေါ်လာမည့် ‘ချလင်’ ‘ချလောက်’ဆိုသည့် အသံပင် သူ့ခမျာ ထွက်ခွင့် မရလိုက်။
“ဟ”ဟု အာမေဋိတ်ပြုရသည့် ဒုတိယအကြိမ် စေတီတော်ကို မြင်သောအခါမှ သူ့ခမျာ ပြာပြာသလဲ အိတ်ထဲက ဆွဲထုတ်ခံရပြီး ပိုင်ရှင်ရဲ့အလိုအရ သဘာဝကျကျ လှလှပပပုံပေါ်အောင် ဆောင်ရွက်ခွင့် ရလိုက်တော့၏။
ထိုအချိန်တွင် စက္ကူပေါ် သို့မဟုတ် မှန်ပြင်ပေါ်တွင် ပုံရိပ်ထင်မည့် အရှင်သူမြတ်တို့က သူ့ရှေ့မှာ တပြုံးပြုံး။
စာရေးသူ ဘုန်းဘုန်းမှာလည်း ကျေနပ်သည့်အပြုံးနှင့် ဂုဏ်ယူ၍မဆုံး ဖြစ်နေပါ၏။

စေတီတော်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသူတို့ကလည်းကောင်း၊ အင်တာနက်စာမျက်နှာတွင် တွေ့မြင်ရသူတို့ကလည်းကောင်း “စေတီတော်က အချိုးကျလိုက်တာ၊ သပ္ပာယ်လိုက်တာ၊ ရွှေတိဂုံနဲ့ သိပ်တူတာပဲ” စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြသလို “ဘယ်သူတည်ဆောက်တာလဲ၊ ဘုရားတည်တဲ့သူတွေကို မြန်မာပြည်က ခေါ်တာလား” စသည်ဖြင့် စာရေးသူ ကယ်လီဖိုးနီးယားဘက် ရောက်ခဲ့စဉ်က ဝိုင်း၍ မေးကြပါ၏။
စာရေးသူက “စေတီတည်ဆောက်သူတွေဟာ တခါမှ စေတီတည်ဆောက်ဖူးသူတွေတော့ မဟုတ်ကြောင်း၊ သို့သော်လည်း စိတ်ရှည်ရှည်ထားပြီး တတ်နိုင်သမျှ ရွှေတိဂုံစေတီတော်ကြီးနဲ့တူအောင် ကြိုးစားပြီး တည်ဆောက်ကြကြောင်း၊ ဒါကြောင့် စေတီတော်က အချိုးကျနေတာဖြစ်ကြောင်း” ဂုဏ်ယူဝင့်ကြွားစွာ ဖြေကြားကာ၊ စေတီကို တခါမှ မတည်ဆောက်ဖူးကြတော့ အမှားမပါအောင် တိကျနိုင်သမျှ တိကျအောင် အပြောလွတ်အောင် ကြိုးစားပြီး တည်ဆောက်ကြပါတယ်။ အချို့ပညာရှင်တွေကို ခိုင်းရင် “ဒီလောက် တိကျစရာ မလိုပါဘူး။ ဒီနေရာမှာ ဒီအဆင့်ကိုတော့ ဒီလိုကျော်လိုက်ရင် ရတာပဲ။ ပုံမပျက်ပါဘူး” ဟု ယူဆကာ လုပ်ဆောင်သွားတတ်တာမို့ ဒါလောက် အချိုးကျချင်မှ ကျမှာဖြစ်ကြောင်း ရှင်းပြရပါတယ်။

နိဂုံးသမ္ပတ် အဆုံးသတ် မပြီးသေးခင်တွင်ပင် စေတီတော်ကို မြင်ရသူတို့၏ ဘဝင်မှာ ကြည်ရွှင်သည့် စိတ်စေတနာ(ကုသိုလ်စိတ်) များစွာ ပွားနေရာ စေတီတော်ကြီးကို အပြီးသတ်၍ ရွှေချလိုက်မည်ဆိုလျှင် ပိုလို့ပင် စိတ်ကြည်လင်ကြပေလိမ့်မည်။

ထိုအခြေအနေကို ရောက်အောင် လုပ်ဆောင်ရန် ကျန်နေသေးသည့် အရံစေတီငယ်များ တည်ဆောက်ခြင်း၊ ရုပ်ပွားတော်များ သီတင်းသုံးရာ ကျောင်းဆောင်များကို ပိုမို တင့်တယ်အောင် မြန်မာမှုဖြင့် မွမ်းမံခြင်း တန်ဆာဆင်ခြင်း၊ ထီးတော်ငယ်များ မှာခြင်း၊ လှေခါးလက်တန်းများ တပ်ခြင်း၊ ဘုရားပရဝုဏ်ကို အကာအရံတပ်ဆင်ခြင်း၊ ဘုရားရင်ပြင်ကို ကျောက်ပြားခင်းခြင်း စသည့် လုပ်ဆောင်စရာ အဖြာဖြာကို အေဘီဘီအေအသင်း ဆရာတော် သံဃာတော်များ၊ အလုပ်အမှုဆောင်များ၊ စေတနာရှင်များ၊ အလှူရှင်များ၏ အကူအညီဖြင့် ဦးမောင်မောင်၊ ဦးအောင်ကျော်မိုး၊ ဦးဝင်းမော်၊ ကိုကျော်မင်း၊ ကိုကျော်သူမြတ်၊ ကိုစောကြင်၊ မောင်ထွန်းထွန်း၊ မောင်မင်းမင်းတို့က ကိုလေး(အခင်)နှင့် ပူးပေါင်းကာ ဆက်လက် ဆောင်ရွက်နေပါသည်။

အရံစေတီငယ်များအတွက် နှစ်ပိုင်းခွဲကာ ပထမ ရွှံ့ဖြင့် ပုံဖော်၍ ထို့နောက် ရာဘာဖြင့် ပုံစံခွက်လုပ်ရသည်။
အချောရလာသည့် ပုံစံခွက်ထဲသို့ အင်္ဂတေလောင်းကာ အရံစေတီငယ်၏ အစိတ်အပိုင်းများကို ရယူပါသည်။
အရံစေတီတော်တဆူဖြစ်ရန် ပုံစံခွက်ထဲသို့ အင်္ဂတေလောင်းယူရရာ တပတ်လျှင် တဆူသာ ထွက်လာသည်။
ပလ္လင်ငယ် တည်ဆောက်၍ ထိုအစိတ်အပိုင်းများကို တပ်ဆင်လိုက်ရာ ယခုအခါ အရံစေတီငယ်နှစ်ဆူ ပြီးစီးသွားပြီ ဖြစ်ပါသည်။
ဆောင်းတွင်းကာလဖြစ်၍ ခေတ္တအလုပ်ရပ်နားနေရသော်လည်း နွေဦးပေါက်ကာလတွင် အရံစေတီရှစ်ဆူစလုံး ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၀၉-ခုနှစ် မေလ စေတီယပူဇာ၊ ဗုဒ္ဓပူဇာ မင်္ဂလာအခါတော်နေ့တွင် ထိုအရံစေတီများနှင့် ထီးတော်တင်လှူပူဇော်နိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပရစေ။