Thursday, January 31, 2008

မဟာစည် ဓမ္မဒူတခရီး - (၁၉၉၆)


(လွန်ခဲ့သော ၁၉၉၆-ခုနှစ် ဇွန်လအတွင်း မဟာစည်ဆရာတော်ကြီးများ၏ နယူးယောက်၊ နယူးဂျာစီ ဓမ္မဒူတခရီးစဉ်နှင့်ပတ်သက်၍ စာရေးဆရာ မောင်သက္ကက ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၃)တွင် “မဟာစည် ဓမ္မဒူတခရီး”ဟူ၍ ရေးသားဖော်ပြထားသည်ကို ပြန်လည် မှတ်တမ်းပြုပါသည်။)

ဗုဒ္ဓမြတ်စွာ၏ သာသာနာ့ခေတ်ဦး

ဘုရားမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိ၍ ဘုရားဖြစ်တော်မူပြီးနောက် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ ပထမဝါ ကပ်တော်မူခဲ့သည်။ ဝါကျွတ်ပြီးသောအခါ အရှင်ယသထေရ် အမှူးရှိသည့် ရဟန်းခြောက်ကျိပ်တို့အား သာသနာပြုစေလွှတ်ခြင်းနှင့် စပ်၍ သြဝါဒစကား မိန့်ကြားတော်မူခဲ့သည်။

“ရဟန်းတို့၊ သင်တို့သည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ စီးပွားချမ်းသာဖြစ်ဖို့ရန် အရပ်ရှစ်မျက်နှာ ဒေသစာရီခရီး လှည့်လည် သွားကြကုန်လော့။ ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တပါးက တရားဟောလျှင် ကျန်တပါးက အလုပ်မရှိ ဆိတ်ဆိတ်သာ နေထိုင်ရမည်ဖြစ်သောကြောင့် ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ မသွားကြကုန်လင့်”

“ရဟန်းတို့၊ သင်တို့သည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက်၊ အနက်နှင့်လည်း ပြည့်စုံ၊ သဒ္ဒါ ပုဒ် ပါဌ် အက္ခရာနှင့်လည်း ပြည့်စုံသော တရားကို ဟောကြားကြကုန်လော့။ အပိုအလို မရှိ၊ ထက်ဝန်းကျင် ပြည့်စုံသော၊ ဒုစရိုက် အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သော၊ သီလ သမာဓိ ပညာ သုံးပါးသိက္ခာ သာသနာတည်းဟူသော အကျင့်မြတ်ကို လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ဟောကြားကြကုန်လော့”

“ရဟန်းတို့၊ ငါဘုရားသည်လည်း ဤ မိဂဒါဝုန်တောမှာပင် ကျောင်းကန် ပရိဝုဏ်ကောင်းများကို ဆောက်လုပ်စေ၍ အလုပ်အကျွေး ဒါယကာ ဒါယိကာမတို့၏ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးဖြင့် အပြုအစု ယုယမှုကို ခံယူကာ နေလိမ့်မည် မဟုတ်။ ရသေ့ညီနောင် ရှင်တထောင်တို့ကို ချေချွတ်ဖို့ တရားဟောရန် ဥရုဝေလတောအုပ်ရှိရာ သေနာနိဂုံးသို့ သွားပေအံ့”

ဤသို့လျှင် ဗုဒ္ဓမြတ်စွာသည် သာသနာ့ခေတ်ဦးတွင် သာသနာပြု ဓမ္မဒူတခရီးကို စတင်တော်မူခဲ့သည်။ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ယခုထက်တိုင် တည်တံ့ပြန့်ပွား ထွန်းကားနေခြင်းသည် ဘုရားရှင်နှင့်အတူ ရဟန္တာအရှင်မြတ် ခြောက်ကျိပ်တို့မှ စ၍ ခေတ်အဆက်ဆက်သော ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးတို့၏ အားကြိုးမာန်တက် ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့်ပင် ဖြစ်ပါသည်။

တပည့်များ၏ ဓမ္မဒူတခရီး

ဘုရားမြတ်စွာ၏ တပည့်များသည်လည်း ဘုရားရှင်၏ လက်ထက်တော်မှ စ၍ ယခုထက်တိုင် သာသနာပြု ဓမ္မဒူတခရီးများကို ဆောင်ရွက်တော်မူခဲ့ကြသည်။ တတိယသံဂါယနာတင်ပြီးသည့်အခါတွင် အရှင်မောဂ္ဂလိပုတ္တထေရ်နှင့် သီရိဓမ္မာသောကမင်းကြီးတို့၏ ကိုးတိုင်းကိုးဌာန ဓမ္မဒူတခရီးကား ဗုဒ္ဓသာသနာတော်ဝယ် ပေါ်လွင်ကျော်ကြား ထင်ရှားခဲ့သော ဓမ္မဒူတခရီး ဖြစ်ပေသည်။ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတော်တွင်လည်း ခေတ်အဆက်ဆက်သော ဆရာတော် သံဃာတော်များနှင့် မင်းကောင်းမင်းမြတ်များသည် သာသနာပြု ဓမ္မဒူတခရီးများကို စေလွှတ်ပြီး သာသနာပြုတော်မူခဲ့ကြသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုခရီး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ကြွရောက်၍ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ဖြန့်ချိတော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးသည် ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသ၊ ဒေလီစီးတီးဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၊ ဝါရှင်တန်ဆရာတော် အရှင်ကေလာသ၊ အရှင်အဂ္ဂဓမ္မတို့နှင့်အတူ ၁၉၇၉-ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သာသနာပြုခရီး ကြွချီတော်မူခဲ့သည်။

မဟာစည်အဖွဲ့၏ သာသနာပြုခရီး

ဆရာတော်ဘုရားကြီး ဘဝနတ်ထံ စံလွန်တော်မူပြီးနောက် ဒုတိယ မဟာစည်ဆရာတော် အရှင်ပဏ္ဍိတာဘိဝံသ (ယခု ရွှေတောင်ကုန်းရိပ်သာ၊ ရန်ကုန်)၏ လက်ထက်တွင်လည်း ပြည်ပသာသနာပြုခရီး ကြွချီတော်မူခဲ့သည်။

တတိယ မဟာစည်ဆရာတော် အရှင်အာစိက္ခဏ (ယခု ပျံလွန်)၏ လက်ထက်တွင်လည်း ပြည်ပသာသနာပြုခရီးအတွက် ကိုယ်တော်တိုင် ကြွရောက်တော်မူသကဲ့သို့ ယခု ၁၉၉၆-ခုနှစ်တွင် ဧပြီလ (၂၆)ရက်မှ ဇူလိုင်လ (၂၆)ရက်နေ့အထိ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလင်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံများသို့ ကြို့ပင်ကောက်ဆရာတော် ဘဒ္ဒန္တသောနက (အဂ္ဂမဟာပဏ္ဍိတ)၊ ပျဉ်းမနားဆရာတော် ဘဒ္ဒန္တဇဋိလ (ဓမ္မာစရိယ၊ ပါဠိပါရဂူ)နှင့် အရှင်သုနန္ဒ (ခ) ဒေါက်တာဦးသန်းနောင်တို့ ပါဝင်သော မဟာစည်နာယကအဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ဗီယက်နမ်ဆရာတော် အရှင်ဝိဇယ၏ တာဝန်ခံ ပင့်လျှောက်လာမှုကြောင့် သာသနာပြု ဓမ္မဒူတခရီးကို ကြွချီတော်မူခဲ့ကြသည်။

နယူးယောက် ဓမ္မခရီး

မဟာစည်ဓမ္မဒူတအဖွဲ့သည် ပြင်သစ်နိုင်ငံမှတဆင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဇွန်လ (၂၂)ရက်နေ့ ညနေ ၆း၅၅ နာရီတွင် ကြွရောက်လာရာ နယူးယောက်ဆရာတော်များနှင့် အေဘီဘီအေအသင်း ဥက္ကဌ ဦးဟန်ကြူတို့က ကနေဒီလေဆိပ်မှ ခရီးဦး ကြိုဆိုခဲ့ကြသည်။

ဇွန်လ (၂၃)ရက်နေ့ အရုဏ်ဆွမ်းကို ဦးစောဝင်း-ဒေါ်ထားကြည်တို့မိသားစုနှင့် နေ့ဆွမ်းကို ဒေါ်ငယ်တို့မိသားစုက ဆက်ကပ် လှူဒါန်းကြသည်။

ဇွန်လ (၂၄)ရက်နေ့ နံနက်တွင် ဒေါ်ငယ်၏ မြေးများဖြစ်ကြသည့် မောင်ကောင်းမြတ်ထွန်း၊ မောင်ဇေယျာထွန်းနှင့် မောင်မျိုးမြတ်ထွန်းတို့၏ ရဟန်းခံ ရှင်ပြုမင်္ဂလာ အလှူပွဲကို ကျင်းပပြုလုပ်ကြသည်။ မောင်ကောင်းမြတ်ထွန်းက ရဟန်းခံပြီး၊ ညီနှစ်ယောက်က ရှင်အဖြစ် ခံယူကြသည်။ နေ့လယ် ရဟန်းခံရှင်ပြုတရားတော်ကို ကြို့ပင်ကောက်ဆရာတော်က ချီးမြှင့်တော်မူသည်။ တရားနာပရိတ်သတ် တရာကျော်သဖြင့် စာရေးသူတို့မှာ ဝမ်းသာအားရ ဖြစ်ကြရသည်။

ဇွန်လ (၂၄)ရက်နေ့ နံနက်ဆွမ်းကို မပြုံးပြုံးရီက ဆက်ကပ်ပြီး၊ နေ့ဆွမ်းကို ဦးသန်းမြင့်-ဒေါ်ငွေကြည်မိသားစုတို့က လှူဒါန်းကြသည်။ ညတရားပွဲတွင် ဆရာတော်နှစ်ပါးက တနာရီကျော်ကျော် ဟောကြားကြသည်။ အလုပ်ပိတ်ရက် မဟုတ်သော်လည်း တရားနာပရိတ်သတ် ၆၀-ကျော် လာရောက်နာယူကြသည်။ ဆရာတော်များသည် ပရိသတ် အနည်းအများ အရေအတွက်ကို မကြည့်ကြဘဲ ဝိပဿနာအလုပ်ပေးတရားတော်ကို အကျယ်တဝင့် ဟောကြားတော်မူကြသည်။

ဇွန်လ (၂၅)ရက်နေ့ အရုဏ်ဆွမ်းကို ဦးဟန်ကြူ-ဒေါ်ခင်ဝါတို့ မိသားစုက ဆက်ကပ် လှူဒါန်းပြီးလျှင် ဆရာတော်များသည် ဦးဟန်ကြူ၏ ကားဖြင့် နယူးဂျာစီ လောကချမ်းသာ သတိပဋ္ဌာန်ရိပ်သာကျောင်းသို့ ကြွရောက်တော်မူကြသည်။

နယူးဂျာစီ ဓမ္မခရီး

ဆရာတော်များသည် ဇွန်လ (၂၅)ရက်နေ့ နံနက် ၉-နာရီတွင် နယူးဂျာစီ သတိပဋ္ဌာန်ရိပ်သာသို့ ရောက်ကြသည်။ နယူးဂျာစီ မိသားစုများသည် အလုပ်ပိတ်ရက် မဟုတ်ကြသဖြင့် အချို့က တရက်ကြိုတင်၍ ဆွမ်းဟင်းများကို ပို့ထားကြသည်။ အချို့က ခွင့်ယူ၍ နေ့ဆွမ်းကို ဆက်ကပ်ကြသည်။ ဦးဌေးမြင့်-ဒေါ်မွှေး၊ မထွေးထွေးသိမ်းမောင်နှင့် မတင်နွယ်အေးတို့သည် ဆရာတော်များ ကြွရောက်မည့်ရက်အတွက် ကြိုတင်ပြီး ခွင့်ယူထားနှင့်ကြသည်။ သူတို့မိသားစုနှင့် ဒေါ်ရွှေဥ၊ မအုန်းမြင့်ရီ (ဝါရှင်တန်ပြည်နယ်)တို့သည် ဇွန်လ (၂၅-၂၆)ရက်နေ့များတွင် ဆရာတော်များအတွက် အနီးကပ် ပြုစုလုပ်ကျွေးကြသည်။

ဦးမျိုးဝင်း-ဒေါ်လီလီမိသားစုနှင့် ဦးစံလင်း-ဒေါ်စန်းစန်းမိသားစုများသည်လည်း ဇွန်လ (၂၅)ရက်နေ့တွင် ခွင့်ယူကြပြီး နေ့ဆွမ်းဆက်ကပ်ကြသည်။ မလှလှရီသည် ကြို့ပင်ကောက်ဆရာတော်၏ သက်သတ်လွတ်ဆွမ်းအတွက် တာဝန်ယူ၍ ဆက်ကပ်ပေးသည်။ နယူးယောက်မှ ဒေါ်ကွီလီနှင့် ဒေါ်စိုးစိုးဝင်းတို့ ညီအစ်မတစုသည်လည်း ခွင့်ယူပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ကြို့ပင်ကောက်ဆရာတော်သည် နေ့လယ် တနာရီတွင် ဆွမ်းအလှူရှင်များအား နာရီဝက်ခန့် တရားချီးမြှင့်တော်မူသည်။ ည ၈-နာရီတွင် လောချမ်းသာသတိပဋ္ဌာန်ဓမ္မာရုံသစ်ထဲ၌ တရားနာပရိတ်သတ် ၆၀-ကျော် လာရောက်ပြီး တရားနာကြသည်။ ပျဉ်းမနားဆရာတော်က ‘ဝိပဿနာတရား အားထုတ်ရကျိုးတရားတော်’ကို ဟောကြားပြီး ကြို့ပင်ကောက်ဆရာတော်က ‘လောကတွင် အကောင်းဆုံးအရာလေးမျိုးတရားတော်’ကို ဟောကြားသည်။ ကျောင်းပေါ်တွင် သီရိလင်္ကာပရိတ်သတ်များအား ပျဉ်းမနားဆရာတော်က ‘ဝိပဿနာတရားတော်’ကို မြန်မာဘာသာဖြင့် ဟောကြား၍ ဒေါက်တာဦးသန်းနောင်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ရှင်းပြပေးသည်။

ကြို့ပင်ကောက်ဆရာတော်သည် ဝိပဿနာတရားတော်ကို ပရိတ်သတ်များ စိတ်ပါဝင်စားအောင် ဥပမာမျိုးစုံပေးပြီး ဟောကြားရာ ပရိတ်သတ် လက်ခံ ကျေနပ် နှစ်သက်ကြသည်။ နေရာဌာနတခုတွင် ကျောင်းသူကျောင်းသားများ၏ ပညာရေးအတွက် ကျောင်းအဆောက်အုံနှင့် ဆရာ ဆရာမများကို သက်ဆိုင်ရာတို့က စီစဉ်ပေးထားကြသော်လည်း ကျောင်းသူကျောင်းသားများ တဦးတယောက်မျှ မရှိလျှင် ကျောင်းများနှင့် ဆရာ ဆရာမများ၊ စီစဉ်ပေးသူများအတွက် အကျိုးမရှိကြောင်း၊ ဆေးရုံနှင့် ဆရာဝန်များ စီစဉ်ထားသော်လည်း လူနာများ မရှိလျှင် အဆိုပါ ဆေးရုံနှင့် ဆရာဝန်များအတွက် ဘာမှ မဆောင်ရွက်နိုင်သောကြောင့် စီစဉ်သူများအတွက် အကျိုးမရကြောင်း။ ထိုနည်းတူစွာ နယူးဂျာစီရိပ်သာကျောင်းမှာ တရားပြမည့် ဆရာတော်များလည်း ရှိပြီး၊ တရားပြနိုင် တရားထိုင်နိုင်သော ဓမ္မာရုံလည်း ရှိပြီး၊ တရားထိုင်မည့် ယောဂီများသာ လိုနေကြောင်း စသည်ဖြင့် ဝိပဿနာတရားအားထုတ်ချင်အောင် ဟောပြတော်မူသည်။

ဆရာတော်၏ တိုက်တွန်းဟောပြမှုကြောင့် ဇွန်လ (၂၆)ရက်နေ့ နေ့လယ် တနာရီတွင် ပထမဆုံးသော ဓမ္မသင်တန်းသူများဖြစ်ကြသည့် ဒေါ်ရွှေဥ၊ ဒေါ်မွှေး၊ မတင်နွယ်အေးနှင့် မအုန်းမြင့်ရီတို့သည် ဓမ္မာရု့ထဲ၌ နှစ်နာရီကျော် တရားရှုမှတ်သွားကြသည်။ မဟာစည်ဓမ္မဒူတအဖွဲ့သည် နေ့လယ် ဆွမ်းဘုဉ်းပေးပြီး နေ့လယ် ၁၂-နာရီတွင် ဝါရှင်တန်ဒီစီသို့ ဦးဟန်ကြူ၊ ဦးစောဝင်းတို့၏ ပို့ဆောင်မှုဖြင့် ခရီးဆက်ကြပါသည်။

ဝိပဿနာသင်တန်းသားများ လက်ခံနေပြီ

ဒေါ်ရွှေဥ၊ ဒေါ်မွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီနှင့် မထွေးထွေးသိမ်းမောင်တို့သည် ဇွန်လ (၂၆)ရက်နေ့ နေ့ဆွမ်းအတွက် အလှူရှင်များ၏ကိုယ်စား ကိုယ်တိုင် လာရောက်ပြီး ပြင်ဆင် ဆက်ကပ်ကြသည်။ သံဃာ့ဝေယျာဝစ္စတာဝန်ကို စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ဆောင်ရွက်ကြသည်။ ဒေါ်မွှေး၊ မလှလှရီ၊ မတင်နွယ်အေးနှင့် မအုန်းမြင့်ရီတို့သည် အရုဏ်ဆွမ်းအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ပြင်ဆင် ဆက်ကပ်ကြသည်။ ဆရာတော်များသည် ဦးမျိုးဝင်း-ဒေါ်လီလီတို့၏ ဖက်ထုပ်နှင့် မတင်နွယ်အေး၊ မအုန်းမြင့်ရီတို့၏ ကြာဇံကြော်ဘောဇဉ်များဖြင့် ဇွန်လ (၂၆)ရက် အရုဏ်ဆွမ်းအတွက် ဘုဉ်းပေးတော်မူကြသည်။

ယခုအခါ နယူးဂျာစီ သတိပဋ္ဌာန်ရိပ်သာ ဓမ္မာရုံတွင် ဝိပဿနာသင်တန်း ဖွင့်လှစ်နေပြီဖြစ်ရာ သင်တန်းသူ သင်တန်းသာများ လိုအပ်နေပါပြီ။ သင်တန်းသူ သုံးဦးက တပတ်လျှင် သုံးရက် လာရောက်ပြီး တရားထိုင်နေသဖြင့် ဆရာတော်များနှင့် အေဘီဘီအေအသင်းကြီးမှ များစွာ ဝမ်းသာအားရ ဖြစ်နေပါပြီ။ သို့ဖြစ်၍ ဝိပဿနာသင်တန်းကျောင်းတွင် သင်တန်းသူ သင်တန်းသားများ လိုအပ်နေသဖြင့် သင်တန်းသူ သင်တန်းသားများ လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

Tuesday, January 29, 2008

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ - ၃


ခုတ်ထွင် ရှင်းလင်း ကျောင်းသန့်ရှင်း

အခြားသူများ ကွန်ကရစ်လောင်းနေစဉ်အတွင်း မောင်လင်းထွဋ်က ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်များကို စက်ဖြင့် ရိတ်၍ သန့်ရှင်းပေးသည်။ ကျောင်းမှာ ငါးဧကခန့် ကျယ်သဖြင့် ပေါင်းမြက်သုတ်သင်ရသည့် ကိစ္စသည်လည်း လွယ်ကူသော ကိစ္စ မဟုတ်။ စက်ကြီး မဝယ်ခင်က လက်တွန်းပေါင်းမြက်ရိတ်စက်ကလေးများကို အသုံးပြုခဲ့ရရာ လူပင်ပန်းသလောက် အလုပ်မတွင်ကျယ်ခဲ့ပေ။ ထို့ကြောင့် ကိုတင်မောင်သန့်၏စက်ကို ယမန်နှစ်က ခေတ္တ အလှူခံ၍ အသုံးပြုခဲ့ရသည်။ ထို့နောက် စေတနာရှင်များထံမှ အလှူငွေကောက်ခံကာ မြက်ရိတ်စက်တလုံးကို ဝယ်ခဲ့သည်။ တတ်နိုင်သည့် ငွေကြေးပမာဏနှင့် တိုင်းတာ၍ အင်အား အသင့်အတင့် ကောင်းမွန်သည့် တပတ်ရစ် စက်တလုံးကို ကိုတင်မောင်သန့်က အချိန်ယူ၍ ရှာဖွေ ဝယ်ယူပေးခဲ့သည်။ ထိုစက်ကို မောင်ဖေဝင်းနှင့် ညီများက ထိန်းသိမ်းပြုပြင်ပြီး ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်တို့ကို ရိတ်ပေးလေ့ရှိပါသည်။ ရံခါ ၎င်းတို့၏ဖခင် ဦးဌေးမြင့်လည်း ကူညီ ရိတ်ပေးသည်။ ၎င်းတို့ ညီအစ်ကိုများနှင့် ကိုတင်မောင်သန့်၊ အောင်မျိုးစုတို့ ညီအစ်ကို စသူတို့က မြက်ရိတ်ခြင်း၊ သစ်ပင်သေများကို ခုတ်လှဲပေးခြင်း စသည့် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများကိုလည်း အချိန်ရသရွေ့ လာရောက် လုပ်ဆောင်ပေးကြသည်။

ယခုနှစ်(၁၉၉၆)ထဲတွင် ဧပြီလ (၂၁)ရက်နေ့က ဦးဟန်ကြူ၊ ဦးလှဖူး၊ ဦးစောဝင်း၊ ဦးမြင့်သိန်း စသော အဖွဲ့လူကြီးများ လာရောက်၍ ကျောင်းသန့်ရှင်းရေး လုပ်အားပေးသည့်အပြင် ဇွန်လ (၁)ရက်နေ့ကလည်း နယူးယောက်မှ ဦးအုန်းသွင်၊ ကိုခင်ဇော်၊ ကိုရဲမြင့်၊ ကိုကျော်၊ ကိုကျော်မျိုးသန့်၊ ကိုငြိမ်းနိုင်၊ ကိုပီတာ၊ ကိုဌေးအောင်၊ ကိုအောင်ကျော်ဇော တို့ကလည်း လဲနေသာ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းခြင်း၊ ခြံစည်းရိုးများ ဖယ်ရှားပြုပြင်ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပါသည်။ ကျောင်းအတွင်းရှိ ပန်းခြံ၊ သီးနှံခြံတို့ကို ဒေါ်မွှေးက စိုက်ပျိုး သန့်ရှင်းပေး၍ ယခုနှစ် အသစ်စိုက်ပျိုးသည့် ပန်းပင်အချို့အတွက် ကုန်ကျငွေ (၁၅၁)ဒေါ်လာကို ဒေါ်အိအိမေက လှူဒါန်းသည်။

အထက်၌ ဖော်ပြခဲ့သည်တို့မှာ အသစ်တည်ထောင်ထားသော နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာတွင် အာဝါသ သပ္ပါယ = နေရာထိုင်ခင်း အဆင်ပြေစေရေးအတွက် မိမိတို့ တတ်အားသည့်ဘက်မှ ပါဝင်၍ ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။

အစာအဟာရ မျှတ အဆင်ပြေရေး (ဘောဇနသပ္ပါယ)

အေဘီဘီအေအသင်းကြီးမှ သံဃာတော်များ၏ ဆွမ်းဝေယျာဝစ္စကိစ္စနှင့် အထွေထွေ အသေးသုံးအတွက် နယူးယောက်နှင့် နယူးဂျာစီကျောင်းသို့ လစဉ် ဒေါ်လာ ၁၀၀-စီ အသီးသီး လှူဒါန်းထောက်ပံ့သည်။ ထို့ပြင် နယူးဂျာစီကျောင်း၌ သီတင်းသုံးနေသော သံဃာတော်များအား ဦးတင်မောင်-ဒေါ်ရွှေဥမိသားစု၊ ဦးထွန်းမြင့်-ဒေါ်ခင်မေပြုံး၊ ကိုထွန်းတင်-မညိုညိုကြည်၊ ဦးဌေးမြင့်-ဒေါ်မွှေး၊ ဦးလှမြင့်-ဒေါ်ကျင်ကျိန်း၊ ကိုထင်ကျော်ဦး-ပီလေး၊ ဦးခင်မောင်ဝင်း-ဒေါ်သုမေသာ၊ ဦးမျိုးဝင်း-ဒေါ်လီလီ၊ ဦးစံလင်း-ဒေါ်စန်းစန်း၊ မတင်နွယ်အေး၊ မလှလှရီ၊ ဦးဝင်းဆွေ-ဒေါ်ခင်၊ ကိုထွန်းမင်း-မအုန်း၊ ဦးထွန်းရီ-ဒေါ်ရွှေမိ၊ ဒေါက်တာမျိုးလွင်၊ ဒေါ်နွဲ့၊ ဒေါ်မေရင်းမိသားစု၊ မောင်ညီညီမင်း-မအေးသန္တာ၊ မောင်နိုင်၊ မောင်ဇော်-မချောလေး စသည့် အလှူရှင်များက ဆွမ်းလှူဒါန်း ထောက်ပံ့ကြသည်။ ထို့အပြင် အခြားအခြားသော နယူးယောက် စသည့် ရပ်ဝေးရပ်နီးမှ စေတနာရှင် ဒါယကာ ဒါယိကာတို့ကလည်း တာဝန်ယူ လှူဒါန်းကြသည်။ ထို့ကြောင့် သံဃာတော်များမှာ ဆွမ်းအတွက် မပင်မပန်းဘဲ ရွှင်လန်း မျှတမှု ရှိကြပါသည်။

အခြားသပ္ပါယ ရရှိစေရန်

အထက်တွင် ဖော်ပြခဲ့သည့် အဆင်ပြေမှု နှစ်မျိုးအပြင် အခြားသော အဆင်ပြေမှုတို့ ရရှိအောင် ဆောင်ရွက်ရာတွင် ရာသီဥတုကို မိမိတို့ ပြုပြင်ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် ရာသီဥတုနှင့် သင့်လျော်သော အစားအသောက်၊ အနေအထိုင်၊ အဝတ်အစားတို့ကို မိမိတို့အတွက် ရွေးချယ်သုံးဆောင်ခြင်းဖြင့် ရာသီဥတု အဆင်ပြေမှုကို ရရန် ဆောင်ရွက်နိုင်ပါသည်။

ပုဂ္ဂိုလ်အချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် တဦးအပေါ်တဦး ချစ်ခင်မှု (မေတ္တာ)၊ ကိုယ်ချင်းစာ၍ သူတပါးကို ဒုက္ခမရောက်စေလိုမှု (ကရုဏာ)၊ သူတပါးတို့ တရားသဖြင့် တိုးတက်ကြီးပွားနေသည်ကို မြင်ရ ကြားရ၍ ဝမ်းသာမှု (မုဒိတာ)၊ အချင်းချင်း နားလည်ခွင့်လွှတ်မှု (ခန္တီ) စသည့် သူတော်ကောင်းတရားများကို စိတ်ဝယ်ထား၍ ပေါင်းသင်းဆက်ဆံကြလျှင် အဆင်ပြေမှု ရရှိကြပါလိမ့်မည်။ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည့် ကိစ္စအဖြာဖြာတို့တွင် ပုဂ္ဂလသပ္ပါယ = ပုဂ္ဂိုလ်ရေးအဆင်ပြေမှုသည် များစွာ အရေးပါလှသည်။ ပုဂ္ဂိုလ်ရေး အဆင်ပြေ၍ စုပေါင်းလုပ်ဆောင်ကြလျှင် အစစအရာရာ အောင်မြင်နိုင်သည်။ ထို့ကြောင့် မဟာစည် သတိပဋ္ဌာန်ရိပ်သာကြီး တည်ဆောက်ရာ၊ စေတီတော်တည်ဆောက်ရာတို့၌ အောင်မြင်စွာ ပြီးစီးရန်အတွက် လုပ်ဆောင်စရာ အဖြာဖြာတို့တွင် တယောက်လုပ်သည်ကို တယောက်က အပြစ်မမြင်ဘဲ ချစ်ခင်စည်းလုံး ညီညွတ်စွာ မိမိတို့ တတ်အားသည့်ဘက်မှ ဝိုင်းဝန်း ကူညီသွားကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဓမ္မာရုံပြုပြင်ရာတွင် ပါဝင် လှူဒါန်းကြသူများ စာရင်း

ဓမ္မာရုံပြုပြင်ရာတွင် ကုန်ကျငွေမှာ စုစုပေါင်း ဒေါ်လာ (၁၄,၃၉၆.၅၁) ဖြစ်သည်။ အချို့ကုန်ကျစရိတ်များကို အောက်ပါ အလှူရှင်များက ပါဝင်လှူဒါန်းကြပြီး ကျန်ကုန်ကျစရိတ် အဝဝကို အေဘီဘီအေအသင်း ရန်ပုံငွေမှ သုံးစွဲပါသည်။

လုပ်အားအလှူကို ဆရာတော်ဦးဣန္ဒက အမှူးပြုသော သံဃာတော်များ၊ ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဂျက်ဖရီ၊ ကိုဝင်းရွှေ၊ ကိုစိန်မြင့်နှင့် အခြား စေတနာရှင်များက လှူဒါန်းပါသည်။ ၎င်းတို့၏ စေတနာကို မည်၍မည်မျှဟု ငွေကြေးဖြင့် တန်ဖိုး ဖြတ်၍ မရပါ။

(၁) နယူးယောက်မှ ဦးစိန်မြင့်-ဒေါ်လီလီဌေး မိသားစုက ကြမ်းခင်းအတွက် ဒေါ်လာ ၁,၀၀၀ လှူဒါန်းသည်။

(၂) နယူးဂျာစီမှ ဦးဝင်းဆွေမိသားစု၊ ဦးမျိုးဝင်းမိသားစုနှင့် ဒေါ်ခင်မိသားစုတို့က ကော်ဇောခင်းရန်အတွက် ဒေါ်လာ ၂,၀၀၀ လှူဒါန်းကြသည်။

(၃) နယူးယောက် Long Island မှ ဒေါက်တာစိန်လင်း-ဒေါ်ဌေးဌေးမိသားစုတို့က အမိုးအတွက် ဒေါ်လာ ၁,၆၀၀ လှူဒါန်းသည်။

(၄) နယူးဂျာစီမှ ဦးတင်မောင်-ဒေါ်ရွှေဥတို့ကို အမှူးထား၍ သမီး ချိုချိုဦးမိသားစုက မျက်နှာကြက်အတွက် ဒေါ်လာ ၅၀၀ လှူဒါန်းသည်။

(၅) နယူးယောက်မှ မောင်ဝင်းရွှေက Amplifier, microphone, soundbox, doorbell တို့အတွက် ဒေါ်လာ ၅၀၀ လှူဒါန်းသည်။

(၆) နယူးယောက်မှ ကိုဂျက်ဖရီက သံဃာစင်ပေါ် တပ်ဆင်သည့် မီးများကို လှူဒါန်းသည်။

(၇) နယူးဂျာစီမှ မောင်ဖေဝင်းက အထွေထွေ သုံးရန်အတွက် ဒေါ်လာ ၁၀၀ လှူဒါန်းသည်။

(၈) နယူးယောက်မှ ဒေါက်တာဝင်းအောင်က လေအေးစက်တလုံးအတွက် ဒေါ်လာ ၁,၂၅၀ လှူဒါန်းသည်။

(၉) နယူးဂျာစီမှ ဒေါက်တာမျိုးလွင်၊ မောင်ဖေဝင်း စသော လူငယ်များ စုပေါင်း၍ ရေသန့်ဗူးနှင့် ရေအေးစက်အတွက် လစဉ် လှူဒါန်းသည်။

(၁၀) မောင်ခင်ဇော်နှင့် နှမ မချိုတူးတို့က ဓမ္မာရုံအပြင်ဘက် သုံးရန် ခြေသုတ်ဖျာတချပ် လှူဒါန်းသည်။

(၁၁) နယူးယောက်မှ ဒေါ်ကွီလီမိသားစုနှင့် ဝါရှင်တန်ပြည်နယ်မှ ဦးကြင်စိန်၊ သမီး မအုန်းမြင့်ရီတို့က လေပန်ကာ ၄-လုံး လှူဒါန်းသည်။

(၁၂) ဦးခင်မောင်ဦး-ဒေါ်ဝေမာမိသားစုက လေအေးစက်တလုံးအတွက် ဒေါ်လာ ၁,၂၅၀ လှူဒါန်းသည်။

(၁၃) ဦးမျိုးဝင်း-ဒေါ်လီလီမိသားစုက တိုင်ကပ်နာရီတလုံး လှူဒါန်းသည်။

(၁၄) မောင်ညီမင်း-မအေးသန္တာတို့က တိုင်ကပ်နာရီတလုံး လှူဒါန်းသည်။

(၁၅) မောင်သီဟဇော်က မြက်ရိတ်စက် ပြင်ဆင်ရာနှင့် စက်အပိုပစ္စည်း ဝယ်ယူခြင်းတို့အတွက် လှူဒါန်းသည်။

မြက်ရိတ်စက် အလှူတော်ငွေ

၁။ ဆရာတော်ဦးဣန္ဒက ၅၀

၂။ ဘုန်းကြီးဦးမဟောသဓပဏ္ဍိတ ၅၀

၃။ ဘုန်းကြီးဦးအဘယာလင်္ကာရ ၅၀

၎။ ဘုန်းကြီးဦးပညာသီဟ ၅၀

၅။ ဘုန်းကြီးဦးသီလာစာရ ၅၀

၆။ ဦးဌေးကြည်-ဒေါ်ကြည် ၅၀

၇။ ဦးဝိဇ္ဇာနန္ဒ (Dr. Aye Kyaw) ၅၀

၈။ ဦးဓမ္မသေန (ကိုထွန်းထွန်းလေး) ၅၀

၉။ Dr. Chang Aung ၅၀

၁၀။ ဒေါက်တာသိန်းသိန်းဝင်း ၅၀

၁၁။ ဒေါ်ခင်စန်း ၅၀

၁၂။ ဒေါ်ကြည် ၅၀

၁၃။ ကိုတင်ကိုအောင်-စောစန္ဒာသွင် ၅၀

၁၄။ ဦးဟန်ကြူ-ဒေါ်ခင်ဝါ ၅၀

၁၅။ ဦးသန်းမြင့်-ဒေါ်ငွေကြည် ၅၀

၁၆။ ဦးမြင့်အေး-ဒေါ်မြသန်းနွဲ့ ၅၀

၁၇။ မလီလီဝင်း ၅၀

၁၈။ ဒေါ်အိအိမေ ၅၀

၁၉။ ဒေါ်ဝမ်စိန် ၅၀

၂၀။ ဒေါ်ကျိန်းကျိန်း ၅၀

Monday, January 28, 2008

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ - ၂


လုပ်အားဒါန ပေးလှူကြ

ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ဆရာတော်နှင့် ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဂျက်ဖရီတို့ လာရောက်၍ လျှပ်စစ်မီးကြိုးသွယ်ရန် တိုင်းတာကာ မီးကြိုး မီးခလုတ် စသည့် လိုအပ်သော ပစ္စည်းများကို Freehold Shopping Mall, Builder Square သို့ သွားရောက် ဝယ်ကြသည်။ နံရံများအတွက် Wall Sheet အလှပြားများကို ဝယ်ရန်အတွက်လည်း ရွေးချယ်ကြသည်။ သို့သော် မိမိတို့နှစ်သက်သော ပစ္စည်းမှာ အလုံအလောက် မရှိသဖြင့် ဝယ်သင့် မဝယ်သင့် ချိန်ဆ ဝေဖန်ရပြန်သည်။ ရသလောက်ကို ဝယ်ပြီးမှ နောက်ထပ် အမျိုးတူ ထိုပစ္စည်းမျိုး မရက အခက်အခဲတွေ့နိုင်မည်ဟု စဉ်းစားမိကြသဖြင့် မဝယ်ခဲ့ကြ။ ထို့ပြင် ဒေါက်တာခင်မောင်နှင့် ကိုတင်မောင်တို့မှ နံရံကို Sheet Rock ကပ်၍ ဆေးသုတ်သည်က ပိုမို လှပမည်ဖြစ်ကြောင်း၊ လွယ်လည်းလွယ်ကူကြောင်း အကြံပြုကြသည်။ ထိုသို့ ပြုလုပ်ရန် သဘောကျက သူတို့ လုပ်ပေးနိုင်ကြောင်းကိုလည်း လျှောက်ထားသည်။ ထို့ကြောင့် နံရံကပ်အလှပြားများကို မဝယ်တော့ဘဲ Sheet Rock ပြားများကို မှာယူကာ ပြန်ခဲ့ကြသည်။ ထိုနေ့မှ စ၍ ဓမ္မာရုံပြုပြင်မှုလုပ်ငန်းကို ဒေါက်တာခင်မောင်၊ ကိုတင်မောင်တို့အား တာဝန်ယူ လုပ်ဆောင်ရန် အပ်နှံလိုက်တော့သည်။

သုံးထပ်သားဟောင်းများ ပြန်ကပ်ထားသော နံရံပေါ်သို့ Sheet Rock ပြားများကို ထပ်ကပ်လျှင် မျက်နှာပြင်မှာ ညီညာလှပမှု ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ကပ်ပြီးသား သုံးထပ်သားဟောင်းများကို ပြန်ခွာခြင်း၊ ညီအောင် အထပ်သား ထပ်ပိုးရိုက်ခြင်းများကို လုပ်အားအလှူရှင်များဖြစ်ကြသူ ကိုခင်မောင်တို့ ညီအစ်ကိုနှင့် ကိုဝင်းရွှေတို့မှာ မညည်းမညူ စေတနာဖြူစင်စွာ အချိန်ပေး အပင်ပန်းခံကာ လုပ်ကြရပြန်သည်။ မိမိတို့အနေဖြင့် စီမံကိန်းချ၍ စနစ်တကျ မလုပ်ဘဲ လွယ်လွယ် ဆုံးဖြတ်ပြီး လွယ်လွယ် လုပ်ကိုင်မိသည့်အတွက် အချိန်ကုန် ပင်ပန်းစွာဖြင့် လုပ်ထားသော အလုပ်ကို ပြန်ဖျက်ရခြင်း၊ အသစ် ထပ်မံ လုပ်ရခြင်းတို့ကို ဆောင်ရွက်ကြရရာ အချိန်ကုန် လူပန်း နှစ်ခါဖြစ်ရသည်မှာ သင်ခန်းစာယူစရာ ကောင်းလှသည်။

ဒေါက်တာခင်မောင်၊ ကိုတင်မောင်နှင့် ကိုဝင်းရွှေတို့မှာ မိမိတို့ ကိုယ်ပိုင်အချိန်ကို အခြားနေရာတွင် အသုံးမပြုဘဲ ဓမ္မာရုံ ပြင်ဆင်မှုတွင် မြုပ်နှံကာ မတ်လ (၂)ရက်နေ့မှ စ၍ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း နယူးဂျာစီသို့ လာရောက် လုပ်အားပေးကြသည်။ ကိုဂျက်ဖရီက လျှပ်စစ်မီးတပ်ဆင်မှုကို ပြီးစီးအောင် တာဝန်ယူ ဆောင်ရွက်ပေးသည်။ ကိုစိန်မြင့်မှာ အခါအားလျော်စွာ မိမိအလုပ်အားသည့် စနေ တနင်္ဂနွေနေ့တိုင်း လာရောက် လုပ်အားပေးသည်။ ထို့ပြင် မိမိ၏ ကျွေးမိခင်ဖြစ်သူ ကွယ်လွန်သည်ကို ရည်စူး၍ ဓမ္မာရုံကြမ်းခင်းအတွက် ဒေါ်လာ ၁,၀၀၀ လှူဒါန်းသည်။ မတ်လ (၃၀)ရက်နေ့တွင် ကြမ်း စတင်ခင်းသည်။ ကြမ်းကို မူလ အင်္ဂတေအပေါ်၌ ခြောက်လက်မ မြှင့်တင်ကာ ပလပ်စတစ်ခင်းခြင်း၊ အင်ဆူလေးရှင်းထည့်ခြင်းများ ပြုလုပ်၍ ငါးထပ်သား ခင်းလိုက်သည်။ ဓမ္မာရုံ၏ အရှေ့ဘက်ခြမ်းတွင် အလျား (၃၂)ပေ၊ အနံ (၇)ပေ၊ အမြင့် (၂)ပေရှိ သံဃာစင်ကို တည်ဆောက်သည်။ ပစ္စည်းထားသိုရာတွင် ပိုမို လွယ်ကူစေရန်၊ နေရာရစေရန် ရည်ရွယ်၍ (၂)ပေ အမြင့်ဖြင့် သံဃာစင်ကို ပြုလုပ်ခဲ့သော်လည်း ဆောက်ပြီးသောအခါ အလွန်မြင့်နေသဖြင့် အဆင်မပြေသည်ကို တွေ့ရသည်။ ထို့ကြောင့် ခြောက်လက်မ လျှော့ချရပြန်သည်။

နံရံကပ်ခြင်း၊ ဖာထေးခြင်း၊ ဆေးသုတ်ခြင်း ကိစ္စများကိုလည်း ၎င်းတို့ပင် ပြီးစီးအောင် လုပ်သွားကြသည်။ နံရံကပ်ရာ၌ ညီညာပြေပြစ်မှု ရှိစေရန် လုပ်ဆောင်ရသည်မှာ မလွယ်ကူလှပေ။ သို့သော် ကိုခင်မောင်၊ ကိုတင်မောင်နှင့် ကိုဝင်းရွှေတို့ စိတ်ရှည်စွာဖြင့် အချိန်ယူ၍ သေသပ်လှပအောင် လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏လက်ရာကို တွေ့မြင်ရသူတိုင်းက မချီးမွမ်းဘဲ မနေနိုင်ကြပေ။ ကျောင်း၌ ဝင်ထွက်သွားလာနေသူ သီရိလင်္ကာ အမျိုးသားတယောက်က ၎င်းတို့ကို သူ့အိမ်ပြင်ရန် ငှားရမ်းလိုကြောင်း စာရေးသူအား ပြောရာ လက်ခစား အလုပ်သမားများ မဟုတ်ကြောင်း၊ စေတနာ့ဝန်ထမ်း လုပ်အား လာရောက်ပေးလှူသူများဖြစ်ကြောင်း ပြောပြသောအခါ များစွာ အံ့သြသွားသည်ကို တွေ့ရသည်။ ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဝင်းရွှေတို့မှာ နယူးယောက်မှ အပတ်စဉ် ကားမောင်းပြီး လာရောက်၍ လုပ်အားအလှူပေးကြရာ ကားဖြတ်သန်းခ ဂိတ်ကြေးများကို စိုက်ထုတ် လှူဒါန်းသည့်အပြင် မိခင် ဒေါ်ငွေကြည်က ချက်ပြုတ် ကြော်လှော်ပေးလိုက်သည်များကို သယ်ယူလာကာ သံဃာတော်များကိုလည်း ကပ်၊ မိမိတို့လည်း စားကြသဖြင့် ဆွမ်းအလှူကုသိုလ်ကိုလည်း ထပ်မံ ယူကြပြန်သေးသည်။

နယူးဂျာစီကျောင်းသို့ စေတနာရှင်များ လာရောက် ဆွမ်းကျွေးခြင်း၊ အလှူပေးခြင်း ပြုကြရာ ဓမ္မာရုံ ပြင်ဆင်နေသည်ကို တွေ့မြင်ကြသဖြင့် ဓမ္မာရုံအတွက် လိုအပ်သော အရာများကို လှူဒါန်းလိုစိတ် ဖြစ်ပေါ်ကြသည်။ ထိုအလှူရှင်များ၏ စာရင်းကို အောက်တွင် ဖော်ပြထားပါသည်။

ဓမ္မာရုံ မျက်နှာကြက်ကို မေလ (၁၈)ရက်နေ့တွင် စတင် လုပ်ဆောင်၍ (၂၆)ရက်နေ့တွင် ပြီးစီးသည်။ မျက်နှာကြက်တပ်ဆင်ရာတွင် နယူးယောက်မှ ဒေါက်တာခင်မောင်၏ သူငယ်ချင်းဖြစ်သူ ဒေါက်တာထင်အောင်ကျော်နှင့် ခင်မိမိတို့ လာရောက် ကူညီကြသည်။

ဓမ္မာရုံကို မေလ (၃၁)ရက်နေ့တွင် အသစ် ထပ်မံ မိုးသည်။ မူလ ရှိပြီးသား အမိုးပေါ်တွင် ရာဘာပြားအမိုး ထပ်၍ မိုးခြင်း ဖြစ်သည်။ ဓမ္မာရုံကို အမိုးသစ် မိုးရန် စဉ်းစားကြရာ နယူးဂျာစီမှ မောင်ရဲမင်းက အမိုးကို လူငှားမခေါ်ဘဲ ကိုယ်တိုင် မိုးချင်လျှင် လုပ်အားပေးရန် လူစုခဲ့မည်ဖြစ်ကြောင်း ကမ်းလှမ်းသလို ကိုတင်မောင်တို့ကလည်း လူငှား မခေါ်ချင်က သူဦးဆောင်၍ အမိုး မိုးပေးနိုင်ကြောင်း လျှောက်ထားသည်။ သို့သော် ဆရာတော်အနေဖြင့် ရေရှည်ခံနိုင်ရန် ရာဘာပြားမိုးသည်ကို သဘောကျကြောင်း အမိန့်ရှိရာ ရာဘာပြားမိုးရန်အတွက် ကျွမ်းကျင်သူ အလုပ်သမားကို ခေါ်၍ မိုးခဲ့သည်။

ဇွန်လ ပထမပတ် စနေ တနင်္ဂနွေနေ့တွင် သံဃာစင်ကို အချောသတ်ခြင်း၊ တံခါးဘောင်များကို အနားကွပ်ခြင်းတို့ ပြုလုပ်ကြသည်။ တံခါးဘောင်အဖုံးများ တပ်ဆင်ရာတွင် နယူးဂျာစီမှ ကိုအောင်သန်း လာရောက်၍ ကိုခင်မောင်နှင့် ကိုတင်မောင်တို့ကို ကူညီသည်။ ကောင်ဇောခင်းခြင်း၊ လေအေးစက်တပ်ဆင်ခြင်းတို့ကို ပြုလုပ်ရန် ကျန်သေးသည်မှအပ ဓမ္မာရုံတွင် အတွင်းပိုင်းဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတို့ကို ၁၉၉၆-ခု ဇွန်လ (၉)ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ကွန်ကရစ်လောင်းခြင်း

ဓမ္မာရုံအတွင်းပိုင်းကို ပြုပြင်မွမ်းမံလိုက်သဖြင့် သန့်ရှင်းသပ်ရပ် သေသပ်လှပသွားသည်။ သို့သော် ဓမ္မာရုံအပြင်ဘက် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ပေါင်းမြက်များ ကပ်ပေါက်နေရာ အကျည်းတန်လှသည်။ ထို့ပြင် ဘေးပတ်လည်သည် မြေသားသက်သက် ဖြစ်နေ၍ နောင်ကြာလျှင် မိုးရေဝင်ကာ အဆောက်အဦ ဆွေးမြေ့ပျက်စီးနိုင်သည်။ ထိုကြောင့် ဓမ္မာရုံအတွင်းသို့ မိုးရေမဝင်စေရန်လည်းကောင်း၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်လည်းကောင်း ဓမ္မာရုံဘေးပတ်လည်တွင် (၃)ပေခန့် ကျယ်သည့် ကွန်ကရစ်လောင်းရန် ဆုံးဖြတ်ကြသည်။

ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် ဦးအဘယာလင်္ကာရလည်း တတပ်တအား ပါဝင်ခွင့် ရရှိသွားသည်။ ဦးအဘယာလင်္ကာရ မြန်မာပြည်သွားနေစဉ် ဓမ္မာရုံကို စာရေးသူနှင့် ဦးသီလာစာရ၊ ဦးအဂ္ဂတို့ စတင် ပြုပြင်ခဲ့သည်။ အလုပ်များ၍ မောပန်းသည့်အခါတိုင်း လုပ်အားကောင်းသည့် ဦးအဘယာကို အမှတ်ရပြီး သူပြန်လာလို့ ဓမ္မာရုံကို မြင်ရင် ဝမ်းနည်းဝမ်းသာ ဖြစ်တော့မှာပဲ။ ဂိုဒေါင်ကြီးဘဝက သပ်သပ်ရပ်ရပ် ဓမ္မာရုံအဖြစ် ပြောင်းသွားတာကို မြင်ရလို့ ဝမ်းသာပေမယ့် ဓမ္မာရုံပြုပြင်ရာမှာ လုပ်အားမပေးလိုက်ရတဲ့အတွက်တော့ ဝမ်းနည်းရှာမယ်ဟု ရယ်စရာ ပြောမိကြသည်။ သို့သော် ထိုစကားသည် မမှန်ခဲ့ပေ။ အကြောင်းမှာ ထိုအရှင်အနေဖြင့် ဓမ္မာရုံ မြင်၍ ဝမ်းနည်းစရာ မဖြစ်စေရန် ကံက စီမံပေးသည်။ ထိုကံကား ဓမ္မာရုံပတ်လည်၌ ကွန်ကရစ်လောင်းရာတွင် လုပ်အား အားရပါးရ လှူဒါန်းခွင့် ရရှိခြင်းပင် ဖြစ်သည်။ ထိုအခွင့်အရေးကို အမိအရယူကာ ခရီးဝေးမှ ပြန်လာသဖြင့် Jet Lag ဖြစ်နေသည်ကိုပင် အမှုမထားတော့ဘဲ ကွန်ကရစ်လောင်းရန်အတွက် ပြင်ဆင်ရာမှပင် စတင် လုပ်အားပေးခဲ့သည်။

ကွန်ကရစ်လောင်းရန် လူများမှ ဖြစ်နိုင်သဖြင့် ဦးသီလာစာရ၏ အကူအညီကို ခေါ်ယူကာ ဦးအဘယာလင်္ကာရနှင့် စာရေးသူတို့ ဇွန်လ (၄)ရက်နေ့တွင် စတင် ဆောင်ရွက်ကြသည်။ စာရေးသူ နယူးယောက်သို့ ဆေးစစ်သွားနေခိုက် ဇွန်လ (၁၀)ရက်နှင့် (၁၁)ရက်နေ့တို့တွင် ဆရာတော်၏ ဦးဆောင်မှုဖြင့် ဦးအဘယာလင်္ကာရနှင့် ဦးသီလာစာရတို့ ကွန်ကရစ်လောင်းခဲ့ရာ ဓမ္မာရုံ၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ကွန်ကရစ် လောင်း၍ ပြီးသည်။ ဇွန်လ (၁၆)ရက်နေ့တွင် နယူးဂျာစီမှ မောင်မင်းမင်း၊ မောင်မောင်၊ မောင်လင်းထွဋ်၊ မောင်ကျောသီဟတို့ လာရောက်၍ ဓမ္မာရုံ၏ တောင်ဘက်ကို ကွန်ကရစ်လောင်းရန် လုပ်အား အလှူပေးကြသည်။ မောင်မိုးသိမ်းက မြန်မာပြည်မှ အမေရိကန်သို့ ရောက်သည်မှာ နာရီပိုင်းမျှသာ ရှိသေးသော သူ၏ညီနှင့် သူငယ်ချင်းများဖြစ်သူ ကိုပြည်စိုး၊ ကိုညီညီချိုတို့ကို လုပ်အားအလှူပြုရာတွင် အကူအညီပေးရန် ခေါ်ယူကာ ကုသိုလ်ယူစေခဲ့သည်။

Friday, January 25, 2008

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ - ၁


နယူးဂျာစီပြည်နယ်၊ မနာလပန်(အင်္ဂလစ်ရှ်တောင်း)မြို့နယ်၊ ဂေါ်ဒန်ကော်နာလမ်း၊ အမှတ် ၆၃၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ရောက်လျှင် “လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး”ကို ကြည်ညို ဖူးမြော်၍ “လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ”လေးတွင် ဝိပဿနာတရား ရှုပွားနိုင်ပါသည်။ လူ ၁၀၀ ခန့် ဆန့်မည့် ဓမ္မာရုံနှင့် ၁၀-ပေ ပတ်လည် ယောဂီဆောင် အခန်း ၁၆-ခန်း ပါဝင်သော “လောကချမ်းသာ ဓမ္မာရုံ”ကြီးကိုလည်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိပါသည်။ ယခု လက်ရှိ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံလေးတွင် ၁၉၉၆-ခုနှစ် ဇွန်လ ၂၆-ရက်နေ့၌ ပထမဦး ယောဂီများအဖြစ် ‘ဒေါ်ရွှေဥ၊ ဒေါ်မွှေးမွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီ’တို့ ဝိပဿနာ ရှုပွားခဲ့ကြပါသည်။ ဤ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ၏ သမိုင်းကို ဆရာတော်ဦးပညာသီဟ က ၁၉၉၆-ခုနှစ် ဧပြီ-မေလထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၂)နှင့် ဇူလိုင်-သြဂုတ်လထုတ် အတွဲ(၆) အမှတ်(၃)တို့တွင် “ကားထားရာမှသည် တရားပွားများရာသို့” ဟူသော ဆောင်းပါးဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။

+ + + + +

“ကားထားရာမှသည် တရားပွားများရာသို့”

အရှင်ပညာသီဟ (နယူးဂျာစီ)

အဆင်ပြေခြင်း (သပ္ပါယ)

အချင်းချင်း တွေ့ဆုံကြသည့်အခါ ‘နေကောင်းရဲ့လား’ ဆိုသည့် စကားဖြင့် စတင် နှုတ်ဆက်လေ့ရှိသည်။ ယဉ်ကျေးမှုအရ ဝတ်ကျေတန်းကျေသော်လည်းကောင်း၊ တကယ့်စိတ်ရင်း စေတနာရင်းနှင့်သော်လည်းကောင်း နှုတ်ဆက်စကား ပြောကြားသည်ကို ‘နေကောင်းလို့ တယောက်နဲ့တယောက် တွေ့နေကြပြီးပဲ၊ နေမကောင်းရင် အိပ်ရာထဲ လှဲနေမှာပေါ့၊ ဘာမေးစရာလိုသလဲ။ အပိုအလုပ်မို့ လုပ်စရာမလို’ဟု တချို့က ထင်ကြသည်။ မည်သို့ပင်ထင်ထင် ထိုစကားကို အချင်းချင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ တဦးနှင့်တဦး ကူးလူးဆက်ဆံရာ၌ လွတ်လပ်စွာ အသုံးပြုနိုင်သည်။ ထိုနှုတ်ဆက်စကားသည် အချင်းချင်း မသိကြသေးသူတို့အတွက် ခင်မင်ရင်းနှီးမှုကို စတင် ဖြစ်စေနိုင်ပြီး၊ သိကြပြီးသူတို့အတွက် အချင်းချင်း အသိအမှတ်ပြုမှု ခင်မင်ရင်းနှီးမှုကို ဖော်ပြသည်။ ဘုရားရှင်ပင် သူ့တပည့်များနှင့် တွေ့သည့်အခါ “ကျန်းမာပါရဲ့လား၊ မျှတပါရဲ့လား၊ ဆွမ်းကွမ်းကိစ္စဖြင့် မပင်မပန်း ရှိပါရဲ့လား၊ နေရေးထိုင်ရေး အဆင်ပြေပါရဲ့လား” ဆိုသည့် စကားတို့ကို မြွက်ကြား၍ ခရီးဦး ကြိုလေ့ရှိသည်။ ထို့ကြောင့် နေကောင်းပါရဲ့လားဟု နှုတ်ဆက်ခြင်းသည် အပိုအလုပ် မဟုတ်တန်ရာ။

“နေကောင်းရဲ့လား” ဆိုသည့် နှုတ်ခွန်းဆက်စကားနောက်တွင် “အဆင်ပြေရဲ့လား” ဟူသည့် စကား ဆက်လက် ပါလာတတ်သည်။ ကြားရသူက အယူအဆ မမှန်လျှင်၊ တလွဲ အဓိပ္ပာယ်ကောက်လျှင် သူတပါး၏ ကိုယ်ရေးကိုယ်တာကို စပ်စုသည့်သဘော သက်ရောက်နိုင်၍ ထိုစကားကို ခင်မင်ရင်းနှီးပြီးသူတို့သာ အသုံးပြုလေ့ရှိသည်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အလုပ်အကိုင် ဝင်ငွေရရှိရေး စသည်တို့အတွက် အဆင်ပြေမှ လူတိုင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ရရှိနိုင်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့နှင့် အဆင်ပြေသော ပတ်ဝန်းကျင်ကို ရရှိရန် ကြိုးစား အားထုတ် စီမံဖန်တီးကြရသည်။ မိမိနှင့် ရင်းနှီးသူတို့ကိုလည်း အစစ အရာရာတွင် အဆင်ပြေမှု ရှိစေချင်ကြသည်။ အဆင်ပြေစေရန်အတွက်လည်း အချင်းချင်း ကူညီထောက်ပံ့ကြသည်။

အဆင်ပြေခြင်း (သပ္ပါယ) လေးမျိုး

အဆင်ပြေခြင်း၊ သင့်လျော်လျောက်ပတ်ခြင်းကို ပါဠိဘာသာဖြင့် ‘သပ္ပါယ’ဟု ခေါ်သည်။ ဘုရားရှင် ဟောကြားထားသည့် ဒေသနာတော်အရ သပ္ပါယ=အဆင်ပြေခြင်း လေးမျိုး ရှိသည်။ ၎င်းတို့မှာ -

(၁) ဥတုသပ္ပါယ - ရာသီဥတု အဆင်ပြေခြင်း

(၂) ပုဂ္ဂလသပ္ပါယ - ပုဂ္ဂိုလ်အချင်းချင်း သင့်မြတ် အဆင်ပြေခြင်း

(၃) ဘောဇနသပ္ပါယ - အစားအစာရရှိမှု အဆင်ပြေခြင်း

(၄) အာဝါသသပ္ပါယ - မှီခိုနေထိုင်စရာ ရရှိမှု အဆင်ပြေခြင်းတို့ ဖြစ်သည်။

ထိုအဆင်ပြေမှု လေးမျိုးကို သက်ရှိသတ္တဝါတိုင်း လိုလားတောင့်တ ရအောင် ရှာဖွေကြသည်။ သို့မှသာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ရနိုင်သည်။ သာမန် နေ့စဉ်ဘဝတွင် အဆင်ပြေမှုရှိရန် လိုအပ်သကဲ့သို့ တရားအလုပ် အားထုတ်ရာတွင်လည်း ထိုအဆင်ပြေမှု လေးခုကို ရရှိရန် လွန်စွာ အရေးကြီးသည်။ အကြောင်းမှာ တရားရှာဖွေသူအနေဖြင့် ထိုအဆင်ပြေမှု လေးမျိုးတွင် တမျိုးမျိုး ချို့တဲ့က တရားမရနိုင်သောကြောင့် ဖြစ်သည်။

နေရာထိုင်ခင်း အဆင်ပြေစေရန်

အမေရိကန်နိုင်ငံရှိ နယူးယောက်၊ နယူးဂျာစီနှင့် အခြားပြည်နယ်များ၌ နေထိုင်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ တရားနာမှု၊ တရားအားထုတ်မှု စသည့် ဘာသာရေးဆိုင်ရာ ကိစ္စများကို အဆင်ပြေစွာ စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ကြစေရန် ရည်ရွယ်၍ အေဘီဘီအေအသင်းအနေဖြင့် နယူးဂျာစီကျောင်းကို ဝယ်ယူခြင်းမှာ မဟာစည်ဆရာတော်ဘုရားကြီး၏ ကျင့်စဉ်အတိုင်း ဝိပဿနာတရားကို ဟောပြောပြသ ပွားများအားထုတ်ရန်အတွက် သင့်တင့်လျောက်ပတ်သော တရားရိပ်သာကြီး တည်ထောင်ရန်နှင့် လောကချမ်းသာစေတီတော် တည်ဆောက်ရန် ဖြစ်သည်။ မြေအကျယ်အဝန်းမှာ ငါးဧကခန့် ဖြစ်၍ အသင့်နေထိုင်နိုင်သော အိမ်တလုံး၊ ကားဂိုဒေါင်တခု၊ မြင်းဇောင်းတခု ပါရှိသည်။ သို့သော် လက်ရှိ အဆောက်အဦမျှဖြင့် ဘာသာရေးဆိုင်ရာ ကိစ္စများကို သက်သာချောင်ချိစွာ ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် မကြာမီကာလအတွင်းတွင် ဘုရားတည်ခြင်း၊ အဆောက်အဦအသစ် ဆောက်လုပ်ခြင်းတို့ကို ပြုလုပ်ရန် အေဘီဘီအေအသင်းကြီးက ရည်ရွယ်ထားသည်။

ဂိုဒေါင်ဘဝမှ ဓမ္မာရုံအဖြစ်သို့

အခြေအနေနှင့် အချိန်အခါအရ အသစ် အသစ်သော အဆောက်အဦးများ မဆောက်လုပ်နိုင်သေးမီ ဘာသာရေးဆိုင်ရာ ကိစ္စများကို (အထူးသဖြင့် ဝိပဿနာ တရားအားထုတ်မှုကို) အဆင်ပြေစွာ ပြုလုပ်နိုင်ရန် ရည်သန်၍ ဝယ်ယူစဉ်က အသင့်ပါရှိခဲ့သော ကားဂိုဒေါင်ကို ဓမ္မာရုံအဖြစ် ပြုပြင်အသုံးပြုရန် ဆရာတော်ဦးဣန္ဒက အမှူးပြုသော သံဃာတော်များက အေဘီဘီအေအမှုဆောင်လူကြီးများနှင့် တိုင်ပင်ညှိနှိုင်းကာ ၁၉၉၅-ခုနှစ် ဒီဇင်ဘာလတွင် စတင် ဆောင်ရွက်ခဲ့ကြသည်။

ကားဂိုဒေါင်ကို ပြုပြင်ရန်အတွက် ဆောက်လုပ်ရေး အလုပ်သမားတဦးကို ခေါ်ယူ၍ ကုန်ကျမည့်ငွေကို ခန့်မှန်း တွက်ချက်ခိုင်းရာ ဒေါ်လာနှစ်သောင်းငါးထောင်ခန့် ကုန်ကျမည်ဟု သိရသည်။ ယာယီအဖြစ် အသုံးပြုရန်အတွက်သာ ရည်ရွယ်၍ ပြုပြင်ရာ၌ ဤမျှလောက်ငွေကြေးကို အသုံးပြုရန် မသင့်တော်ဟု ယူဆကြသည်။ ထို့ကြောင့် ဆရာတော်ဦးဣန္ဒက၏ ဦးဆောင်မှုကို ခံယူ၍ မိမိတို့ဘာသာ မိမိတို့ တတ်နိုင်သလောက် ပြုပြင်သွားရန် သံဃာတော်များနှင့် အဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။

အဟောင်းကိုဖျက် အသစ်စွက်

ဆုံးဖြတ်ချက်ကို စတင် အကောင်အထည်ဖော်သည့်အနေဖြင့် ကားဂိုဒေါင်၏ နံရံမှ ပျဉ်ပြားအဟောင်းများကို ၁၉၉၆-ခုနှစ် ဇန်နဝါရီလ (၁၃)ရက် စနေနေ့တွင် စာရေးသူနှင့် ကနေဒါမှ ခေတ္တရဟန်းဝတ်သော အရှင်အဂ္ဂဓမ္မတို့ စတင် ခွာခဲ့ကြသည်။ ရာသီဥတုမှ အလွန်အေးချမ်းပြီး မြေပြင်ကို နှင်း နှစ်ပေကျော် ဖုံးလွှမ်းနေသော အချိန်ကာလ ဖြစ်သည်။ ထိုနေ့မှ စ၍ နံရံမှ ပျဉ်ပြားများကို တနေ့လျှင် လေးငါးခြောက်ချပ် ခွာရာ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် အကုန်ခွာ၍ ပြီးစီးသည်။ ထိုနံရံမှ ပျဉ်ပြားအဟောင်းများကို တဖန် ပြန်သုံးမည့် ရည်ရွယ်ချက်ဖြင့် မပျက်စီးအောင် ခွာကာ သိမ်းဆည်းထားခဲ့သည်။ ပျဉ်ပြားများကို ခွာပြီးသည့်နောက် ဂိုဒေါင်အတွင်းရှိ စားပွဲ ကုလားထိုင် စသော ပစ္စည်းများကို သယ်ထုတ် ရွှေ့ပြောင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စာရေးသူနှင့် ဦးအဂ္ဂဓမ္မတို့ပင် ဆက်လက်၍ လုပ်ဆောင်ကြသည်။ ရာသီဥတုမှာ အလွန်အေးသဖြင့် တနေ့လျှင် တနာရီခွဲ နှစ်နာရီလောက်သာ အချိန်ပေး လုပ်ဆောင်နိုင်ခဲ့ကြသည်။ ရာသီဥတု နွေးထွေးသော အချိန်ကာလကို မစောင့်ဆိုင်းဘဲ လုပ်ဆောင်ခြင်းမှာ ၁၉၉၆-ခုနှစ် ဇွန်လတွင် လာရန်ရှိသော မြန်မာနိုင်ငံမှ မဟာစည်သာသနာပြုအဖွဲ့ ရောက်သည့်အခါ ထိုနေရာ၌ အဆင်သင့် တရားဟော တရားပြနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိ၍လည်း ဖြစ်သည်။

ဂိုဒေါင်ကို ရှင်းပြီးသောအခါ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် နံရံပတ်လည်ရှိ အောက်ခြေမှ သစ်သားတန်းများကို သံမှိုများ စတင်၍ ရိုက်သည်။ ရည်ရွယ်ချက်မှာ ထိုနံရံပတ်လည်၌ ကွန်ကရစ်လောင်းရာတွင် သစ်သားကို အင်းဂတေစွဲနေစေရန် ဖြစ်သည်။ ဂိုဒေါင်(ဓမ္မာရုံ)အတွင်းသို့ အပြင်မှ ရေစိမ့်မဝင်စေရန် ခြောက်လက်မ အမြင့်နှင့် ထုရှိသော ကွန်ကရစ်လောင်းရန်အတွက် လိုအပ်သော သစ်သား၊ ဘိလပ်မြေနှင့် နံရံအတွင်း ထည့်သွင်းမည့် အင်ဆူလေးရှင်း စသည်တို့ကို ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ဆရာတော်ဦးဣန္ဒကနှင့် ဦးဟန်ကြူတို့ လာရောက်၍ ဆိုင်သို့သွားကာ ဝယ်ယူမှာခဲ့သည်။

သူတို့လိုပဲ တို့လဲ လုပ်သင့်

ဇန်နဝါရီလ (၂၉)ရက်နေ့တွင် မှာထားသော ပစ္စည်းများ ရောက်လာပြီး၊ ထိုနေ့တွင်ပင် စာရေးသူနှင့် ဦးအဂ္ဂဓမ္မတို့ ဘိလပ်မြေဖျော်ကာ တောင်ဘက်ခြမ်းမှ စတင်၍ ကွန်ကရစ်လောင်းခဲ့ကြသည်။ ဒါယကာကြီး ဦးဟန်ကြူက ဘိလပ်မြေဖျော်စက် ပို့မည် ပြောထားသော်လည်း စက်မရသေးခင် လက်နှင့်ပင် ဘိလပ်မြေဖျော်ကာ ကွန်ကရစ်လောင်းရသည်။ လုပ်ဖူးသည့်အလုပ် မဟုတ်သည့်အပြင် အလုပ်ကြမ်းလည်း ဖြစ်သဖြင့် အတော်ပင်ပန်းသည်ကို တွေ့ရသည်။ သို့သော် မူလတန်းကျောင်းဟောင်းတခုကို ဝယ်၍ သံဃာတော်များကိုယ်တိုင် ပြုပြင် တည်ဆောက်သဖြင့် ထည်ထည်ဝါဝါ ခန့်ခန့်ညားညားဖြင့် တိုးတက်ကြီးပွားနေသည့် အင်္ဂလန်မှ အင်္ဂလိပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို အားကျကာ သူတို့လိုပဲ တို့မြန်မာသံဃာတွေလဲ လုပ်သင့်တယ် လုပ်ရမယ် လုပ်ရင်ဖြစ်ရမှာပေါ့ ဆိုသည့်စိတ်ဖြင့် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ထိုနေ့အတွက် အလုပ်ကို လက်စမသတ်မီ မောင်နေလင်းနှင့် မဇင်မာတို့ မမျှော်လင့်ဘဲ ရောက်လာသဖြင့် မောင်နေလင်းကို အင်္ဂတေဖျော်ရာတွင် ကူညီစေပြီး မဇင်မာကို ဟင်းချက်ခိုင်းရသည်။ နောက်နေ့လာပါမည်ဟု လျှောက်သွားသော်လည်း အလွန်အေးသည့်အပြင် အလုပ်များနေသဖြင့် မောင်နေလင်းတို့ ရောက်မလာ။ ထို့ကြောင့် စာရေးသူနှင့် ဦးအဂ္ဂဓမ္မတို့ပင် (၃၀)ရက်နေ့တွင် ဆက်လက်၍ ကွန်ကရစ်လောင်းကြသည်။ ဂိုဒေါင်ပြုပြင်မှုကို ဇန်နဝါရီလ (၁၃)ရက်မှ စတင်ခဲ့သော်လည်း ထိုနေ့အထိ လုပ်အားပေးရန် မည်သူ့ကိုမျှ မခေါ်ခဲ့သေးပေ။ အကြောင်းမှာ တိုတိုထွာထွာ အလုပ်လေးများ ဖြစ်နေသေး၍လည်း ကိုယ်တိုင် လုပ်နိုင်သေးသည်၊ လုပ်အားပေးဖို့ ခေါ်ရန်ကလည်း ရာသီဥတုမှာ အလွန်အေးသည့်အတွက်ကြောင့် မသင့်လျော်။ တော်ကြာ ကိုယ်ခေါ်ခိုင်းမှ ဖျားနာနေက သူတို့ခမျာ အလုပ်အကိုင် ပျက်ကြဦးမည်။ နောက် ပြုပြင်ရန် အရေးကြီးသည့် အစိတ်အပိုင်း၊ လူလိုသည့် အစိတ်အပိုင်း ရောက်မှ ခေါ်ယူမည် စသည်ဖြင့် စဉ်းစားမိ၍ ဖြစ်သည်။

မညည်းမညူ ပို့ဆောင်သူ

ဇန်နဝါရီလ (၃၀)ရက်တွင် ဆီးနှင်း အနည်းငယ် ကျနေသည်ကို စောင့်မနေတော့ဘဲ ဒါယကာကြီး ဦးဟန်ကြူက ဘိလပ်မြေဖျော်စက် ပို့ရင်း ဆရာတော် ဦးဣန္ဒကနှင့် ဦးသီလာစာရတို့ကို နယူးဂျာစီသို့ ပင့်လာသည်။ အေဘီဘီအေအသင်းကြီး၏ ဥက္ကဌ ဒါယကာကြီး ဦးဟန်ကြူမှာ သံဃာများ လိုအပ်သည့်အခါတိုင်း အချိန်ပေး၍ နယူးယောက်၊ နယူးဂျာစီကို ကားမောင်းပို့ကာ ယာဉ်အလှူကို မညည်းမညူ လှူလေ့ရှိသည်။ ဆရာတော်များ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် သွားလာရန်ကိစ္စရှိ၍သော်လည်းကောင်း၊ ဧည့်သည်အာဂန္တုဆရာတော်များကို ကြိုရန်ပို့ရန်ကိစ္စရှိ၍သော်လည်းကောင်း၊ ဓမ္မာရုံပြုပြင်ရန်အတွက် လိုအပ်သော လှေခါး စက်ပစ္စည်းကိရိယာ စသည်တို့ သယ်ဆောင်ရန် ကိစ္စရှိ၍သော်လည်းကောင်း ပို့ဆောင်ရေးအလှူကို ပေးလှူခဲ့သည်။

ဘိလပ်မြေမွှေစက်လည်း ရောက်လာပြီ။ လုပ်အားပေးမည့်သူလည်း တယောက် တိုးလာပြီမို့ အတော် ဝမ်းသာမိသည်။ စက်မရောက်ခင်က လောင်းထားသော ကွန်ကရစ်မှာ အနည်းငယ် နိမ့်နေသေးသည်ဟု ဆရာတော်က ပြောသဖြင့် ထပ်ထည့်ရပြန်သည်။ စာရေးသူ၊ ဦးသီလာစာရနှင့် ဦးအဂ္ဂဓမ္မတို့သည် မောင်နေလင်းအကူအညီဖြင့် ကွန်ကရစ်လောင်းရာ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဂိုဒေါင်၏ အတွင်းပိုင်း အရှေ့၊ အနောက်နှင့် တောင်ဖက်တို့ ပြီးစီးသွားသည်။ အပြင်၌ ရေပိုက်ထဲရှိ ရေခဲသည်ကို အမှုမထားဘဲ လိုအပ်သည့် ရေကို လက်ဖြင့် သယ်ယူကာ အင်္ဂတေဖျော်ခဲ့ကြသည်။ ၁၉၉၆-ခုနှစ်မှာ နှင်းအကျများသည့် နှစ်ဖြစ်သည့်အပြင် ရာသီဥတုအေးမှုမှာလည်း လွန်ကဲလှသည်။ ရာသီဥတု အေးလွန်းသည့်အခါ ဂိုဒေါင်ပြင်ဆင်မှုကို မလုပ်ဘဲ နေရသည်။

အင်ဆူလေးရှင်းထည့်သွင်း

ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် နံရံများအတွင်းသို့ အင်ဆူလေးရှင်းများ စတင် ထည့်သည်။ စာရေးသူ နယူးယောက်သို့ သွားနေခိုက် ဦးသီလာစာရနှင့် ဦးအဂ္ဂဓမ္မတို့ ဆက်၍ လုပ်ဆောင်ရာ နယူးယောက်မှ ပြန်လာသည့် (၇)ရက်နေ့တွင် နံရံအတွင်း အင်ဆူလေးရှင်း ထည့်သွင်းခြင်းကိစ္စ ပြီးသွားသည်။ အတွေ့အကြုံ မရှိသူများ ဖြစ်သဖြင့် အင်ဆူလေးရှင်း မည်သို့ ထည့်ရသည်ကို နားမလည်ကြ။ ထို့ကြောင့် ကိုယ့်စိတ်ကူးနှင့်ကိုယ် အင်ဆူလေးရှင်းများ ပြန်မထွက်လာစေရန် သစ်သားချောင်းလေးများ ဖြတ်၍ သံနှင့် အသာအယာ ကပ်ရိုက်လိုက်ကြသည်။ စာထဲတွင် သံချောင်းလေးများနှင့် ထောက်ကန်ထားရမည်ဟု ဆိုထားသော်လည်း သံချောင်းလေးများ ဝယ်ရန် မစီစဉ်တော့ဘဲ သစ်သားစများကို အသုံးပြုလိုက်ကြသည်။

ကားဂိုဒေါင်အတွင်းမှ လျှပ်စစ်မီးကြိုးများကို စစ်ဆေးတပ်ဆင်ပေးရန်အတွက် ဆရာတော်က ဂျက်ဖရီ၏ အကူအညီကို တောင်းယူထားသည်။ ထိုကြောင့် ဖေဖော်ဝါရီလ (၂)ရက် နေ့ခင်းပိုင်းတွင် ဆရာတော်၊ ဒေါ်ငွေကြည်နှင့် သားမက်ဖြစ်သူ ဂျက်ဖရီတို့ ရောက်လာကြသည်။ ကိုဂျက်ဖရီက လက်ရှိ မီးကြိုးများကို ကြည့်ရှုစစ်ဆေးကြည့်သည်။ ငွေကြေး ချွေတာသည့်အနေဖြင့် လက်ရှိ မီးကြိုးဟောင်းများကို ပြန်သုံးလျှင် ဖြစ်နိုင်သော်လည်း ပြန်လည် နေရာချထား တပ်ဆင်က အချိန်ကြာမည့်အပြင် လျှပ်စစ်ကြိုးများမှာလည်း သိပ်မကောင်းတော့သဖြင့် အသစ်တပ်ဆင်ရန် ဆုံးဖြတ်လိုက်ကြသည်။ လျှပ်စစ်မီးလိုင်း အသစ်ဆွဲနိုင်ရန် လက်ရှိမီးချောင်းများနှင့် မီးကြိုးများကို ဖြုတ်ထားပေးရန် လျှောက်ကာ ပြန်သွားသည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် မီးကြိုးဟောင်းများနှင့် လျှပ်စစ်မီးချောင်းများ အားလုံးကို ဖြုတ်ပစ်လိုက်သည်။

နယူးဂျာစီကျောင်းတွင် အိမ်သာတလုံးတည်းသာ ရှိ၍ ထိုအိမ်သာကို အသုံးပြုမှုများသောအခါ အိမ်သာကျင်းမှ ရေလျှံလေ့ရှိသည်။ ထိုပြဿနာကို ဖြေရှင်းရာ၌ မည်သို့ လုပ်ဆောင်နိုင်မည်ကို အကြံဉာဏ်ရယူရန်အတွက် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် အေဘီဘီအေအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးလှဖူးနှင့် စာရေးသူတို့ မနာလပန်မြို့နယ် ရုံးသို့ သွားရောက်ကာ သက်ဆိုင်ရာ အရာရှိနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ပြင်ဆဲဖြစ်သည့် ဂိုဒေါင်ကို ဦးလှဖူး ဝင်ရောက်ကြည့်ပြီး များစွာ သဘောကျကြောင်း လျှောက်ထားကာ ပြန်သွားသည်။

တံခါးပေါက် ပြုပြင် ပြန်တပ်ဆင်

ကားဂိုဒေါင်ကို ဓမ္မာရုံအဖြစ် အသုံးပြုလျှင် လက်ရှိ အဆောက်အဦး၏ ရှိပြီးသား ပြတင်းပေါက်နှင့် တံခါးတို့ဖြင့် မသင့်လျော်ပေ။ ထို့ကြောင့် ပြတင်းပေါက်နှင့် တံခါးပေါက်တို့ ပြုပြင်တပ်ဆင်ရန် ကိစ္စကို စဉ်းစားကြရာ မိမိတို့ကိုယ်တိုင် လုပ်နိုင်သော ကိစ္စမဟုတ်၊ လူငှားခေါ်မှ သင့်တော်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ (၁၄)ရက်တွင် ဂိုဒေါင်၏ ပြတင်းပေါက်များကို ပြန်လည် ပြုပြင်တပ်ဆင်ရန်နှင့် အဝင်အထွက် တံခါးမကြီး နှစ်ပေါက်တို့ကို ပြုလုပ်ရန် ပြတင်းပေါက်လုပ်မည့်သူနှင့် သဘောတူညီလိုက်သည်။ ပစ္စည်းနှင့် လက်ခအတွက် ကုန်ကျငွေမှာ ဒေါ်လာ ၃,၀၉၀ ဖြစ်သည်။ ပြတင်းပေါက် ခုနစ်ခုနှင့် တံခါးမကြီး နှစ်ခု တပ်ပြီးသော မတ်လ (၁၃)ရက်နေ့တွင် ငွေပေးချေခဲ့သည်။ ပြတင်းပေါက်များကို အနားကွပ်ရန်အတွက် ဒေါ်လာ ၃၆၀ ထပ်မံပေးရမည်ဟု တောင်းရာ ဒေါက်တာခင်မောင်၊ ကိုတင်မောင်နှင့် ကိုဝင်းရွှေတို့က ဈေးကြီးသည်၊ မိမိတို့ ကိုယ်တိုင် လုပ်မည်ဟု ဆိုသဖြင့် ထိုသူကို မခိုင်းတော့ပေ။

နံရံကို ပြန်၍ ကပ်

ထို မတ်လ (၁၄)ရက်နေ့ပင် အင်ဆူလေးရှင်းထည့်ပြီးသော နံရံများအပေါ်ကို ယခင်ကပ်ထားသည့် သုံးထပ်သားအဟောင်းများကို ပြန်လည် ကပ်သည်။ ၎င်းတို့ကို ပြန်လည် ပြုပြင်လိုက အလွယ်တကူ ဖြုတ်ယူနိုင်ရန် အစဦးတွင် ဝက်အူဖြင့် စုပ်ယူ တပ်ဆင်သည်။ သို့သော် ဝက်အူနှင့် စုပ်သည်ထက် သံနှင့် ရိုက်သည်က ပိုမို မြန်ဆန်သည်ကို တွေ့ရသဖြင့် အလွယ်လမ်းကို လိုက်ခဲ့သည်။ ထိုသုံးထပ်သားများကို အကောင်း ပကတိရအောင် ခွာကာ ပြန်ကပ်၍ ၎င်းသုံးထပ်သားအပေါ် နံရံကပ် အလှပြားများ ပြန်ကပ်မည်၊ မျက်နှာကြက်ကိုလည်း အင်ဆူလေးရှင်း ထည့်၍ အမိုးနှင့်ကပ် တပ်ဆင်မည်ဟု စိတ်ကူး လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် အင်ဆူလေးရှင်း ထည့်ပြီးသား နံရံများကို သုံးထပ်သားဟောင်းများ ပြန်ကပ်ခြင်း၊ အမိုးအောက်ကို အင်ဆူလေးရှင်းထည့်ခြင်းတို့ကို တဖြည်းဖြည်း ဆက်လက် ပြုလုပ်ရာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် အတော်အတန် ပြီးစီးခဲ့သည်။



Thursday, January 24, 2008

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း


နယူးယောက်မြို့၊ အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)၏ ပဓာနနာယကဆရာတော် အရှင်ဣန္ဒကသည် မြောင်းမြခရိုင်၊ ပြင်ရွာတိုက်နယ်၊ အညာစုကျေးရွာမှ ဖခင် ဦးဘနှင့် မိခင် ဒေါ်ဖွားသင် တို့၏ သားသမီးငါးယောက်တွင် အငယ်ဆုံးသားရတနာဖြစ်၍ ၁၃၀၂-ခုနှစ် ဝါခေါင်လဆန်း ၉-ရက် (၁၁-၈-၁၉၄၀) တနင်္ဂနွေနေ့၌ မွေးဖွားသန့်စင်ခဲ့သည်။
ဆရာတော်သည် ခုနစ်နှစ်သားအရွယ်၌ ဒရယ်ပေါက်ကျောင်းဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော်ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။ အသက်တဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာ ပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့လေသည်။ ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။
၁၃၂၁-ခုနှစ် ကဆုန်လပြည့်နေ့တွင် မြောင်းမြမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက် ခန္ဒသိမ်၌ ကျွန်းကုန်းဆရာတော်ဘုရားကြီး ဦးနာယကကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သည့် ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါသည်။
ဆရာတော်သည် ပဇ္ဇောတာရုံကျောင်းမှ ၁၉၅၈-ခုနှစ်မှ စ၍ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း စာမေးပွဲများကို ပါဠိဘာသာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်စဉ် ဆက်တိုက် အောင်မြင်ခဲ့၏။ ၁၉၆၁-ခုနှစ်တွင် ဓမ္မာစရိယ ကျမ်းရင်းသုံးကျမ်းကို အောင်မြင်၍ ၁၉၆၂-ခုနှစ်၌ ဝိနယပါဠိပါရဂူ ဂုဏ်ထူးဆောင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့ပြင် ၁၉၆၈-ခုနှစ် တိုင်းရင်းမြန်မာဆေးပညာစာမေးပွဲကိုလည်း ဖြေဆိုအောင်မြင်ခဲ့၏။ ဆန်းဗေဒင်၊ အင်္ဂဝိဇ္ဇာနှင့် အင်္ဂလိပ်စာ၊ သက္ကတ ဟိန္ဒီစာ၊ ထိုင်းစာများကိုလည်း ဝါသနာအလျောက် သင်ယူလေ့လာခဲ့ပါသည်။
ဆရာတော်သည် ပရိယတ္တိစာပေများကို ဒရယ်ပေါက်ကျောင်းဆရာတော် ဦးခေမိန္ဒ၊ ပညာဇေယျုံဆရာတော်ကြီး ဦးပညာ၊ ပဇ္ဇောတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးဉာနိက (အဂ္ဂမဟာပဏ္ဍိတ၊ ကမ္ဘာ့သာသနာပြု)၊ ဆရာတော် ဦးပညာဇောတ (အဂ္ဂမဟာပဏ္ဍိတ၊ သာသနာ့မဏ္ဍိုင်ဆရာတော်၊ ပဲခူးမြို့)၊ ဆရာတော် ဦးကုမာရ (အဂ္ဂမဟာပဏ္ဍိတ၊ မှော်ဘီမြို့ သာသနာ့ဝန်ဆောင်ဆရာတော်)၊ မူလစာချဆရာတော် ဦးဣန္ဒဝံသ၊ ဆရာတော် ဦးကုဏ္ဍလ၊ ဆရာတော် ဦးဝိသုဒ္ဓ၊ ဆရာတော် ဦးနာဂဝံသ (မုံရွာ ပဇ္ဇောတာရုံဆရာတော်)၊ ဆရာတော်ဦးဣန္ဒာစာရ (မြစ်ကြီးနား မြို့ဦးကျောင်းဆရာတော်)၊ စာချဆရာတော် ဦးပညာသီဟ၊ ဦးကာရုဏိက တို့ထံ နည်းခံ သင်ယူခဲ့ပါသည်။
ဆရာတော်သည် မြောင်းမြမြို့ ရိုးကူးရပ် ပဇ္ဇောတာရုံပါဠိတက္ကသိုလ်၌ နှစ်အနည်းငယ်ကြာမျှ စာဝါများကို ပို့ချနေထိုင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြောင်းရွှေ့ကာ “ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်”ကို ၁၉၇၃-ခုနှစ်၌ စတင် တည်ထောင်ခဲ့လေသည်။ ထိုအခါမှ စ၍ မြန်မာ-ယိုးဒယား နယ်ခြား သာသနာပြုလုပ်ငန်းများကို ၁၀-နှစ်ခန့် အောင်မြင်စွာ ဆောင်ရွက်ခဲ့လေသည်။
၁၉၈၀-ခုနှစ်၌ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာတွင် နှစ်လကျော်ကြာမျှ သတိပဋ္ဌာန် ဝိပဿနာတရား အားထုတ်ခဲ့သည်။ ဆရာတော်အား တရားစစ်ကြသည့် ကမ္မဋ္ဌာန်းဆရာတော်များမှာ ဆရာတော်ဦးသုဇာတနှင့် ရွှေရေးဆောင်ဆရာတော်တို့ ဖြစ်ကြပါသည်။
မဟာစည်ဆရာတော်ဘုရားကြီးသည် ဆရာတော်အား အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် နက်ရှ်ဘီးလ်မြို့ ဗုဒ္ဓဘာသာဘုရားကျောင်း၌ တရားဟော တရားပြသရန်အတွက် ရွေးချယ် စေလွှတ်သဖြင့် ၁၉၈၂-ခုနှစ် စက်တင်ဘာလ ၂၁-ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ စတင် ရောက်ရှိခဲ့ပါသည်။ တင်နက်ဆီ၌ တနှစ်ခန့် သီတင်းသုံးပြီးနောက် နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းမှ ပင့်ဖိတ်သဖြင့် နယူးယောက်မြို့သို့ ကြွရောက်၍ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ပဓာနနာယကဆရာတော်အဖြစ် သာသနာပြုလျက်ရှိရာ ယခုအချိန်ထိပင် ဖြစ်ပါသည်။
ဆရာတော်သည် အမေရိကန်နိုင်ငံ၌ သာသနာ့ကိစ္စများကို ဆောင်ရွက်ရင်း အထက်တန်းပညာများကိုလည်း ဆက်လက် ဆည်းပူးခဲ့ရာ နယူးယောက်မြို့ ကင်းဘော်ရိုကောလိပ်မှ လစ်ဘရယ်လ်အာ့ထ်ဒီပလိုမာဘွဲ့ကို ၁၉၉၄-ခုနှစ်တွင် ရရှိခဲ့၏။ ထို့နောက် ဘာသာရေးအဓိကဘာသာရပ်ဖြင့် လေးနှစ်ဒီဂရီဘွဲ့ကို နယူးယောက်စီတီးယူနီဗာစီတီမှ ၁၉၉၈-ခုနှစ် ဇန်နဝါရီလ ၃၁-ရက်နေ့၌ သိပ္ပံဘီအေဘွဲ့ကို ရရှိခဲ့ပါသည်။
ယခုအခါ၌ ဆရာတော်သည် နယူးယောက်မြို့ “လောကချမ်းသာဘုရားကျောင်း”၊ နယူးဂျာစီပြည်နယ် အင်္ဂလစ်ရှ်တောင်း “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ မက်ဆာချုးဆက်ပြည်နယ် ဘော်စတွန်မြို့ “မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း”များ၏ ပဓာနနာယကဆရာတော်အဖြစ် ဦးဆောင် သာသနာပြုလျက် ရှိပါသည်။ နယူးယောက်၊ နယူးဂျာစီ၊ မက်ဆာချုးဆက်ပြည်နယ်များတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနှင့် အမေရိကန်နိုင်ငံသားများအား ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်များကိုလည်းကောင်း၊ သတိပဋ္ဌာန် ဝိပဿနာတရား ပွားများအားထုတ်နည်းကိုလည်းကောင်း ဟောကြားပြသ ဆိုဆုံးမကာ သာသနာပြုလုပ်ငန်းများကို ကြိုးစားသည်ပိုး ဆောင်ရွက်လျက် ရှိပါသည်။

Wednesday, January 23, 2008

မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်လင်္ကာများ


(၁)

စစ်ကိုင်းတိုင်းဝယ်၊ ရွှေဘိုနယ်မှ

တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာ၌

ကောဇာသက္ကရာဇ်၊ ရေတွက်စစ်က

တစ်နှစ်ခြောက်ခြောက်(၁၂၆၆)၊ ခုနှစ်ရောက်သော်

ဝင်းတောက်ရွှန်းစို၊ ဒု-ဝါဆို၏

ကျော်လိုသုံး(၃)ရက်၊ သောကြာဘက်၌

နံနက်သုံး(၃)ကျော်၊ ဦးကံတော်နှင့်

ဒေါ်ဒေါ်အုန်းမှ၊ ဖွားမြင်ကြ၍

နာမမည်တွင်၊ တန်ဆာဆင်သည်

‘မောင်သွင်’ခေါ်ကြလေတော့၏။

(၂)

တဆယ့်နှစ်(၁၂)နှစ်၊ သာမဏေဖြစ်၍

ရှင်သစ်နာမ၊ ‘သောဘန’ဟု

ခေါ်ကြတွင်ကျယ်၊ သက်နှစ်ဆယ်(၂၀)တွင်

တင့်တယ်ရဟန်း၊ သိက္ခာပန်းကို

ဆင်မြန်းပန်နေ၊ စိတ်မလေအောင်

စာပေကြိုးစား၊ သင်မှတ်သားသည်

အများသာဓုခေါ်လေ၏။

(၃)

သက်တော်နှစ်ခြောက်(၂၆)၊ အရွယ်ရောက်က

လွတ်မြောက်သုံးဘုံ၊ ကြံရွယ်တုံ၍

သထုံဇေတဝန်၊ မထေရ်မွန်သို့

အလွန်ရိုသေ၊ ဆည်းကပ်နေကာ

လေးထွေသတိပဋ္ဌာန်၊ နည်းလမ်းမှန်ကို

အမြန်ကြိုးစား၊ ရှုမှတ်ပွားသည်

စိတ်ထားမြတ်လှပါပေ၏။

(၄)

သုံးဆယ့်ခြောက်(၃၆)နှစ်၊ စာပေချစ်လျက်

အသစ်ထွင်ဆန်း၊ စာချတန်းကို

မပန်းလွယ်စွာ၊ ဖြေနိုင်ပါ၍

(သာသနဓဇသိရီပဝရ) ဓမ္မာစရိယ၊ ဘွဲ့ကိုရသည်

ဉာဏ်ကထက်မြက်ပါပေ၏။

(၅)

သက်သုံးဆယ့်ခွန်(၃၇)၊ ပညာမွန်ဖြင့်

အားသွန်ဖွေရှာ၊ ဝေဝေဆာသည့်

ဝိပဿနာရှုနည်း၊ ကျမ်းတော်ကြီးကို

အပြီးကြိုးစား၊ ဗုံးသံကြားမှ

ရေးသားတီထွင်၊ ပြုစီရင်သည်

ဉာဏ်မြင်ကြီးလှပါပေ၏။

(၆)

သက်လေးငါး(၄၅)မှာ၊ ဘုန်းကံသာလျက်

ရောင်ဝါထွန်းပ၊ တန်ခိုးထ၍

ဗုဒ္ဓသာသန၊ နုဂ္ဂဟမှ

ပင့်ကြရွှေဘုံ၊ မြို့ရန်ကုန်သို့

ပြည့်စုံတရား၊ ရှင်လူများအား

သနားကရုဏာ၊ ရှေးရှုကာဖြင့်

ကြွလာရွှင်ပြုံး၊ သီတင်းသုံးသည်

ထေရ်ဘုန်းပွင့်လန်းနေတော့၏။

(၇)

တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာမှ

မဟာစည်ကျောင်း၊ အမည်ကောင်းကို

မူဟောင်းသညာ၊ မဖျက်ပါဘဲ

မဟာစည်(သာသနာ့)ရိပ်သာ၊ ခေါ်ကြပါ၍

မြန်မာထင်ပေါ်၊ ကမ္ဘာကျော်သည်

ဘုန်းတော်ထူးလှလေတော့၏။

(၈)

တစ်သုံးတစ်တစ်(၁၃၁၁)၊ မြန်မာနှစ်တွင်

အသစ်ရိပ်သာ၊ ကြိုးစားကာဖြင့်

ဆောင်းရာသီပျော်၊ မဂ်ဖိုလ်မျှော်၍

နတ်တော်လပြည့်၊ စဖွင့်ကြည့်ရာ

သတိပဋ္ဌာန်၊ တရားမှန်ကို

နည်းခံသူကား၊ နှစ်ဆယ့်ငါး(၂၅)မှ

စ,ထားဟောပြ၊ သဘောကျ၍

များလှယောဂီ၊ မြန်မာပြည်မှ

ကမ္ဘာဆီပြန့်ကျော်၊ လွန်ထင်ပေါ်သည်

စည်တော်ဟိန်းလှလေတော့၏။

(၉)

လေးခွန်(၄၇)သက်တော်၊ ရောက်ပြန်သော်ကား

ထင်ပေါ်အဂ္ဂ၊ (မဟာ)ပဏ္ဍိတဟု

မြတ်လှပဏ္ဍိတ်၊ ဘွဲ့တံဆိပ်ကို

ရွှေစိတ်ရွှင်ပြ၊ လှူခံရသည်

ဂုဏ်ကကြီးမြတ်နေတော့၏။

(၁၀)

သက်တော်လေးကိုး(၄၉)၊ ဘုန်းတန်ခိုးက

ပိုတိုးလာရ၊ ကြုံခဲလှသည့်

ဆဋ္ဌသင်္ဂါ၊ တင်ပွဲမှာတွင်

မဟာကဿပ၊ မြတ်ထေရသို့

ပုစ္ဆကအဖြစ်၊ မေးစိစစ်ရ

မလစ်စေရ၊ ဆောင်ရွက်ရသည်

သံဃာ့အလယ်တင့်တယ်၏။

(၁၁)

နောင်လာနောက်သား၊ ရှင်လူများတို့

မှတ်သားစေငှာ၊ ရည်ရွယ်ကာဖြင့်

ကျမ်းစာသင့်တော်၊ ရှစ်ဆယ်ကျော်မျှ

ဟောဖော်ရေးသား၊ စီရင်ထားသည်

ဝင့်ကြွားထင်ပေါ်နေတော့၏။

(၁၂)

မဟာစည်ဆရာ၊ ထေရ်မဟာသည်

မြို့ရွာနှံ့ပြား၊ ပင့်ကြွသွားလျက်

တရားဓမ္မ၊ ဟောညွှန်ပြ၍

ပင်မနေရာ၊ ရန်ကုန်မှာလည်း

များစွာတွင်ကျယ်၊ ဟောပြေမယ်ဟု

သုံးဆယ်သုံး(၃၃)နှစ်၊ ရွေးစိစစ်၍

အသစ်တရား၊ ဟောညွှန်ကြားကာ

အများရှေးရှု၊ သာသနာပြုသည်

သာဓုဘဝဂ်လျှံလေ၏။

(၁၃)

သက်တော်ခွန်ရှစ်(၇၈)၊ ရောက်သည့်နှစ်၌

ငါးရှစ်(၅၈)သိက္ခာ၊ ရသောဝါတွင်

ဆရာထေရ်ဘုန်း၊ စစ်ပွဲရှုံးသို့

တစ်သုံးလေးလေး(၁၃၄၄)၊ ကျန်းမာရေးက

ရုပ်သွေးတိုးပို၊ ဒု-ဝါဆို၌

ကျော်လိဆယ်(၁၀)ရက်၊ သေမင်းလက်သို့

အသက်ခန္ဓာ၊ အပ်ရပါ၍

မြဲတာဘာမှ၊ မရှိကြဟု

ဟောပြဇာတ်သိမ်း၊ ချုပ်ပြတ်ငြိမ်းသည်

စိတ်ထိန်းနေကြရလေ၏။

(၁၄)

တရားစည်ကြီး၊ ကမ္ဘာဟီးအောင်

ရိုက်တီးဟောပြ၊ သဘောကျ၍

အားရရွှင်ပြုံး၊ ပျော်နေတုန်း၌

ထေရ်ဘုန်းဆရာ၊ ရှုမှတ်ကာဖြင့်

ငြိမ်းရာကြွသွား၊ တပည့်များမှာ

အစားထိုးမရ၊ ဆုံးရှုံးကြ၍

တမ်းတပူဆွေး၊ ရှိုက်ငိုကြွေးလျက်

မျှော်တွေးလွမ်းဆွတ်၊ သတိလွတ်ကာ

ကျင့်ဝတ်ခဏ၊ မေ့လျော့ကြ၍

နောက်မှသံဝေ၊ ဘုန်းခြောက်ထွေနှင့်

စိန္တေသော်မှ၊ တွေ့ကြုံရဟု

သောကဖြေကာ၊ သာသနာနှင့်

တွေ့ခါကြုံလတ်၊ အလွန်မြတ်သည့်

ဝိပသ်တရား၊ သတိထား၍

ရှုပွားပါမှ၊ ဝဋ်ကျွတ်ရမည်

ဒုက္ခဇာတ်သိမ်းငြိမ်းမည်တည်း။

(၁၅)

ဆရာတော်ဘုရား၊ မရှိငြားလည်း

များပြားသံဃာ၊ လူများစွာက

ဆရာဆုံးမ၊ သြဝါဒကို

နေ့ညမခြား၊ လိုက်နာပွား၍

လေးပါးသတိပဋ္ဌာန်၊ စည်တော်သံတို့

ဟိန်းညံနေဆဲ၊ ရာပြည့်ပွဲမှ

ထောင်ပွဲဦးတည်၊ ရှေ့သို့ချီလျက်

အောင်စည်အောင်လံ၊ အောင်ပွဲခံ၍

အောင်ရန်အောင်ကြောင်း၊ အောင်ဆုတောင်းကာ

အောင်မောင်းသံဝေ၊ အောင်သပြေနှင့်

အောင်စေအောင်ရာ၊ အောင်ကြောင်းဖြာ၍

အောင်ရာအတိတ်၊ အောင်နိမိတ်ဖြင့်

အောင်ဘိသိက်ဖြန်း၊ အောင်မဂ်လမ်းမှ

အောင်ပန်းကိုယ်စီ၊ အောင်ရွှေပြည်သို့

အောင်စည်သံဆန်း၊ အောင်ဆုမှန်းသည်

အောင်နန်းနိဗ္ဗာန်ရောက်စေသော်။

[မဟာစည်နာယကအဖွဲ့ဝင် အရှင်စန္ဒာဝရ(ပဲနွယ်ကုန်း) ရေးသားပူဇော်သည်။]

Tuesday, January 22, 2008

လောကချမ်းသာဘုရားကြီး - ၃


လှူဖွယ်ဝတ္ထု အစုစု

(က) ဗုဒ္ဓပူဇာ

၁။ ကြေးဆင်းတုတော်၊ ဉာဏ်တော် ၃-ပေ ၈-လက်မ၊ အလေးချိန် ၁၅၀-ပိသာ

၂။ ပလ္လင်တံကဲ၊ အမြင့် ၁၁-ပေခန့်

၃။ ကြေးစည်၊ ၅-ပိသာ

၎။ ကနက္ကဒဏ် ထီးဖြူ ၂-လက်

၅။ ရွှေထီး ၂၄-လက်မ ၂-လက်

၆။ ရွှေအုတ် ဗျက် ၁၂-လက်မ ၂-ခု

၇။ ရွှေကလာပ် ဗျက် ၆-လက်မ ၂-ခု

(ခ) ဓမ္မပူဇာ

၁။ ပိဋကတ် သုံးပုံ ပါဠိ၊ ၄၀-အုပ် ၃-စုံ

၂။ ပိဋကတ်တော် အင်္ဂလိပ်ဘာသာပြန်

၃။ ပိဋကတ် မြန်မာဘာသာ ၁၀-အုပ်

(ဂ) သံဃာ့ပူဇာ

၁။ ပရိက္ခရာ အစုံ ၁၀၀၊ အောက်ပါပစ္စည်းများ ၁၂-မျိုး ပါဝင်ပါသည်

- သင်္ကန်း ဒုကုဋ်

- သင်္ကန်း ဒွိစုံ

- သံသပိတ်

- သပိတ်လွယ်၊ ၄-ပင်လိမ် ၄၉-လက်မ ဖွတ်မီးထိုး

- သပိတ်ခြေ

- ခါးပန်းကြိုး ၃-လက်မ x ၄၂-လက်မ

- ရေစစ်၊ ရေခွက်၊ ပိတ်ရေစစ်

- သားရေနွယ် (ဆိတ်တကောင်လုံး)

- ထီး

- ဖိနပ်၊ သားရေစစ်ကြိုး အရွယ်ကြီး

- ယပ် (၂၄ ပစ္စည်း/မဂ္ဂင် ၈ ပါး၊ အင်္ဂလိပ်ဘာသာ) ဝိုင်အမ်ဘီအေနှင့် အလှူရှင်အမည်

- စိတ်ပုတီး

၃၈။ အထက်ဖော်ပြပါ ပစ္စည်းများကို ဈေးမှန် ပစ္စည်းမှန် ရရှိရန်အတွက် ပန်းဘဲတန်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ သင်္ဃန်းကျွန်းမြို့နယ်များမှ ပင်ရင်းဌာန၊ ပရိက္ခရာဆိုင်ကြီးများမှ ပစ္စည်းနမူနာနှင့် ဈေးနှုန်းများ တောင်းခံခဲ့ပါသည်။ ၎င်းတို့အားလည်း နိုင်ငံခြားသာသနာပြုရန်ဖြစ်ကြောင်း၊ ပရိက္ခရာများမှာ နိုင်ငံခြားတွင် ရှားပါး၍ အစားထိုးရန် မလွယ်ကြောင်း၊ ရေရှည်သုံးစွဲနိုင်ရန် ရည်ရွယ်ကြောင်း၊ ၎င်းပြင် မြန်မာနိုင်ငံလုပ်ပစ္စည်းများ အရည်အသွေး အဆင့်မှီစေလိုကြောင်း၊ ယခု ပစ္စည်းများမှာ အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများ ထေရာဝါဒကျောင်း ၈-ကျောင်းသို့ ဖြန့်ဖြူးရန် ဖြစ်၍ ပစ္စည်းမှန်မှန် လက်ရာကောင်းကောင်း ဈေးနှုန်းသင့်တင့်စွာ ကုသိုလ်ပါဝင်ကြပါရန် မေတ္တာရပ်ခံ ပြောကြားချက်အရ လက်ရာကောင်းစွာ ပြုလုပ်ပေးကြပါသည်။

၃၉။ ပစ္စည်းများနှင့် ဈေးနှုန်းကို ဝိုင်အမ်ဘီအေ ဥက္ကဌ ဦးသန်းမောင်၊ ဒု-ဥက္ကဌ ဦးကျော်ဒင်၊ အလှူရှင်ဘက်မှ ဦးဘဦး၊ ဦးမောင်မောင်တို့ ပါဝင်ပြီး လက်ရာအကောင်းဆုံး ဈေးနှုန်းအသင့်ဆုံး (၄)ဦးထံက ပစ္စည်းများကို ရွေးချယ် မှာယူခဲ့ပါသည်။

၄၀။ ပစ္စည်းများမှာ လက်ရာသန့်များသာ ဖြစ်ပါသည်။ အကောင်းဆုံး ပြုလုပ်ပေးကြသည့်အပြင် ဈေးနှုန်းလည်း အတတ်နိုင်ဆုံး လျှော့ယူကြပါသည်။ သင်္ကန်းများမှာ အထည်အလိပ်လုပ်ငန်းကော်ပိုရေးရှင်းမှ ဖြစ်ပါသည်။ စက်ရုံမှူးအား ပန်ကြားချက်အရ ဖိတ်စာအကောင်းဆုံး အရောင်တရောင်တည်းဖြင့် ချုပ်ရိုးချုပ်သား ကောင်းကောင်းမွန်မွန် ချုပ်ပေးပါသည်။ ပထမဦးဆုံးအကြိမ်အဖြစ် ဒုကုဋ်နှင့်ဒွိစုံသင်္ကန်းများ ထည့်သည့်ဗူးများ၏ တံဆိပ်များကို အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ပေးပါသည်။ ယပ်များတွင်လည်း အရောင်ကောင်းကောင်း ပိတ်သားကောင်းကောင်းတွင် ပဋ္ဌာန်း ၂၄ ပစ္စည်းနှင့် မဂ္ဂင် ၈ ပါးကို တဖက်က ရိုက်ပြီး၊ တဖက်က ဝိုင်အမ်ဘီအေအသင်းတံဆိပ်နှင့် အလှူရှင်အမည် ဖော်ပြထားပါသည်။ ခိုင်ခိုင်ခန့်ခန့် ပြုလုပ်ထားပါသည်။ အလားတူ သပိတ်လွယ်နှင့် ခါးပန်းကြိုးများကို နိုင်လွန် ၄-ပင်လိမ်နှင့် အထူး ရက်လုပ်ပေးထားပါသည်။ ခါးပန်းကြိုးမှာ ပုံမှန်အရွယ်အစားထက် ပိုရှည်ပြီး ၄၂-လက်မ အရှည်၊ ၂-ထပ် ဇစ်ပါ ထည့်ထားပါသည်။ သပိတ်လွယ်တွင်လည်း ၉-လက်မ ပိုရှည်ထားပြီး ဖွတ်မီး အခိုင်အခန့် ထိုးထားပါသည်။ သားရေနွယ်နှင့် ဖိနပ်များမှာ သားရေစစ်များဖြင့် ပြုလုပ်ထားပါသည်။ သားရေနွယ်မှာ ဆိတ်တကောင်လုံးဖြစ်ပြီး အနားကွတ်ထားပါသည်။ ဖိနပ်များသည် ကြိုးခုံများကို အရွယ်ကြီး အခိုင်အခန့် ချုပ်ထားပါသည်။

၄၁။ ကြေးဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများမှာ အမှတ်(၆၁၉) ဘားဂင်းလမ်း၊ ဘရုတ်ကလင်ရှိ အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း ကျောင်းတိုက်တွင် ထားရှိ ကိုးကွယ်ရန် ဖြစ်ပါသည်။

၄၂။ ပိဋကတ်တော်(ပါဠိ) သုံးပုံ တစုံ (အုပ် ၄၀)မှာ ဝါရှင်တန်မြို့တော်၊ နယူးယောက်မြို့နှင့် တင်နက်ဆီမြို့များအတွက် တစုံစီ ဖြစ်ပါသည်။

၄၃။ ပိဋကတ်တော် အင်္ဂလိပ်ဘာသာပြန်များနှင့် ပရိက္ခရာ အစုံ ၁၀၀ တို့မှာ ဝါရှင်တန်၊ နယူးယောက်၊ တင်နက်ဆီ၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်နှင့် နက်ရှ်ဗီးလ်မြို့များရှိ ထေရာဝါဒကျောင်းများသို့ ဖြန့်ဝေလှူဒါန်းရန် ဖြစ်ပါသည်။

အလှူရှင်များ သဒ္ဓါပွား

၄၄။ အထက်တွင် ဖော်ပြခဲ့သော လှူဖွယ်ဝတ္ထု အစုစုတို့၏ အဓိက အလှူရှင်တို့မှာ အောက်ဖော်ပြပါ အလှူရှင်များ ဖြစ်ကြပါသည်။

(က) ဦးဘဦး-ဒေါ်ခင်ရီ၊ ရွှေဆံတော်ဂေါပကလူကြီး၊ ဗူးစိမ်းကြီး လက်ဖက်စို လက်ဖက်ခြောက် လက်လီလက်ကားဆိုင်ကြီး၊

အမှတ်(၅)၊ ရွှေဘုန်းပွင့်လမ်း၊ ပြည်မြို့။

(ခ) ဦးယောက်ကြည်-ဒေါ်လှယဉ်၊ ဧရာဝတီ လက်ဖက်ခြောက်ကုန်သည်ကြီး၊

အမှတ်(၂၁၃) လမ်း ၃၀၊ ယွန်းတန်း၊ မန္တလေးမြို့။

(ဂ) ဒေါ်ရွှေလှ၊ (မောင်)ဦးတင်မောင်-ဒေါ်ရွှေဥ မိသားစု၊

အမှတ်(၃၄၇) လမ်းမတော်၊ ကျောက်မဲမြို့။

၄၅။ ပရိက္ခရာ အစုံ (၁၀၀)၏ အလှူရှင်များမှာ -

(က) ရန်ကုန်မြို့မှ ဝိုင်အမ်ဘီအေအသင်း ဥက္ကဌကြီး ဦးသန်းမောင်(မဉ္ဇူသက)၊ နိုင်ငံဂုဏ်ရည် ဒုတိယဆင့်၊

အမှတ်(၁၁၆-အက်ဖ်) တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်နှင့် ဓမ္မမိတ်ဆွေ (၂၄)ဦးတို့က သင်္ကန်း (၂၇)စုံ။

(ခ) ရန်ကုန်မြို့ မောင်ထော်လေးလမ်း သံဃာ့ဒါနဆွမ်းလောင်းအသင်း ဥက္ကဌ ဦးကျော်ဒင်နှင့် ဓမ္မမိတ်ဆွေများ၊

အမှတ်(၇၃-၇၇) မောင်ထော်လေးလမ်း၊ တို့က (၃)စုံ။

(ဂ) ပြည်မြို့မှ ရွှေဆံတော်ဂေါပကလူကြီး ဦးဘဦးနှင့် ဓမ္မမိတ်ဆွေများ၊

အမှတ်(၅) ရွှေဘုန်းပွင့်လမ်း၊ ပြည်မြို့ တို့က (၄၅)စုံ။

(ဃ) မန္တလေးမြို့မှ ဦးယောက်ကြည်နှင့် ဓမ္မမိတ်ဆွေများ၊

အမှတ်(၂၁၃) လမ်း ၃၀၊ ယွန်းတန်းလမ်း၊ မန္တလေးမြို့ တို့ (၂၅)စုံ။

၄၆။ ပိဋကတ်တော်အလှူရှင်များ (အင်္ဂလိပ်ဘာသာပြန်)

(က) ဝိုင်အမ်ဘီအေ ဒု-ဥက္ကဌ ဦးကျော်ဒင်နှင့် ဓမ္မမိတ်ဆွေများ၊

အမှတ်(၇၃-၇၇) မောင်ထော်လေးလမ်း၊ ရန်ကုန်မြို့ - (၂)စုံ။

၄၇။ ကြေးဆင်းတုတော်နှင့် ပလ္လင်တံကဲ၊ သာသနာရေးပစ္စည်းများနှင့် ပိဋကတ်တော်များ၊ စရိတ်စကများအားလုံးကို အထက်ဖော်ပြပါ အဓိက အလှူရှင်များက လှူဒါန်းကြပါသည်။ ဝိုင်အမ်ဘီအေအသင်းမှ ငွေလုံးဝထုတ်ယူသုံးစွဲခြင်း မရှိပါ။ ငွေကြေးသုံးစွဲရန် ကိစ္စရပ်များကို အလှူရှင်များ၏ ပေးပို့ထားသော ငွေများမှ ဦးဘဦး၏ ညီတော်မောင်(စမ်းချောင်းကုမ္ပဏီ)က ထုတ်ယူသုံးစွဲပါသည်။

အောင်ပွဲဆင်နွှဲ ဂုဏ်ပြုပွဲ

၄၈။ ဤအလှူတော်မင်္ဂလာ အောင်မြင်စွာ ပေးပို့လှူဒါန်းနိုင်ခြင်းမှာ အလှူရှင်များ၏ သဒ္ဓါတရား ထက်သန်မှု၊ ဝိုင်အမ်ဘီအေအသင်း၏ အားပေးကူညီမှုကြောင့်နှင့် အောက်ဖော်ပြပါ သက်ဆိုင်ရာ ဌာနစုများ၏ ပံ့ပိုးကူညီမှုများကြောင့်သာ ယခုကဲ့သို့ အချိန်ပိုင်းအတွင်း လုပ်ငန်းများ အောင်မြင် ချောမောစွာ အချိန်မီ ပြီးစီးနိုင်ခြင်း ဖြစ်ပါသည်။ သို့ပါ၍ အလှူရှင်များက ကျေးဇူးတင်ရှိလှသဖြင့် ချီးကြူး ဂုဏ်ပြုပွဲ ပြုလုပ်လိုပါကြောင်း တင်ပြလာသဖြင့် ဥကကြီးအား တင်ပြ ခွင့်ပြုချက် ရရှိသဖြင့် ၁၆-၃-၈၅ နေ့ ည(၆)နာရီတွင် ချီးကြူးဂုဏ်ပြုပွဲကို ကမ္ဘာအေးဘုရားလမ်း ဖူစမ်းတရုတ်ဘုံကျောင်း ထမင်းဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(က) ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန

(ခ) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန

(ဂ) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့

(ဃ) ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန

(င) အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းကော်ပိုရေးရှင်း

(စ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

(ဆ) ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်း

(ဇ) ဆိပ်ကမ်းကော်ပိုရေးရှင်း

(ဈ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန

အလှူရှင်တဦးဖြစ်သူ ဦးဘဦး၏ညီ ဦးမောင်မောင်၏ ကူညီပံ့ပိုးမှုများကြောင့်လည်း သွားရေးလာရေး ဆက်ဆံရေးများ အဆင်ပြေပြီး လုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါ၍ ဖော်ပြအပ်ပါသည်။

နိဂုံးကမ္ပတ် အဆုံးသတ်

ကျွန်တော့အား အသင်းကြီးနှင့် အလှူရှင်များက ယုံကြည်စွာ လွှဲအပ် တာဝန်ပေးအပ်ခဲ့သော အမေရိကန်ပြည်ထောင်စုတွင် ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် ကြေးဆင်းတုတော်နှင့် အထက်ဖော်ပြပါ သာသနာရေးပစ္စည်းများအား ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် အချိန်မီ ပေးပို့နိုင်ခဲ့ပါကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အစီရင်ခံ တင်ပြအပ်ပါသည် ခင်ဗျား။

လေးစားစွာဖြင့်

(ဦးကျော်ဒင်)

ဒုတိယ-ဥက္ကဌ