Friday, April 1, 2011

သင်္ကြန်နှင့် နှစ်သစ်မင်္ဂလာ - အရှင်စက္ကိန္ဒ

သင်္ကြန်ဆိုတာ ‘ပြောင်းရွှေ့ ပြောင်းလဲခြင်း’ အဓိပ္ပာယ် ရ၏။
ရာသီစက်ဝန်းတို့ မရပ်မနား လည်ပတ်ပြီး လူတို့ သတ်မှတ်တဲ့ တစ်နှစ်တာရဲ့ သတ်မှတ်ရက် သက်တမ်းကုန်ဆုံးလို့ အသစ်တဖန် နှစ်သစ်ပြန်ကာ ရာသီစက်ဝန်းတို့ လည်ပတ်မှု ပြန်စတင်ခြင်းပင် ဖြစ်ပါတယ်။

လူ့ဘဝ လူ့သံသရာရဲ့ နှစ်များစွာထဲက တစ်နှစ်တာ သံသရာလည်ပတ်မှု ကုန်ဆုံးတဲ့ အထိမ်းအမှတ်နဲ့ စတင် လည်ပတ်မှု နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာတို့ရဲ့ ပွဲတော်တစ်ခုပါပဲ။

ပြည်ပရောက် မြန်မာတွေအဖို့ မြန်မာမှု မြန်မာဟန် မြန်မာ့သင်္ကြန်ပွဲမျိုး ကျင်းပခွင့် ဆင်နွှဲခွင့် ရကြဖို့ဆိုတာ မလွယ်ပါဘူး။ နယူးယောက်မှာဆိုရင် အခုအချိန်ထိ အအေးဓာတ်ရှိနေသေးလို့ သင်္ကြန်ရေ အေးအေးချမ်းချမ်း ပက်ဖျန်းဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။

အမိမြန်မာပြည်မှာတော့ သင်္ကြန်ရဲ့ သင်္ကေတ, သင်္ကြန်ရဲ့ ဝိသေသတွေနဲ့အတူ လူငယ်လူရွယ်များက သင်္ကြန်ကို လက်ချိုးရေတွက် စောင့်ကြိုနေကြချိန် ဖြစ်မှာပါ။
သင်္ကြန်ရဲ့ ဝိသေသ, သင်္ကြန်ရဲ့ ဖွားဖက်တော်ဖြစ်တဲ့ ပိတောက်ပန်းတွေလည်း သင်္ကြန်မိုးနဲ့ အတာရေကို စောင့်ကြိုရင်း ဖူးငုံနေကြပေရော့မယ်။
သင်္ကြန်မိုး ရွာသွန်းပြီးတာနဲ့ အစွမ်းကုန် ပွင့်လန်းပြီး ရွှေရောင်ဆန်းကာ ပိတောက်ပန်းရနံ့တို့ လှိုင်နေပေတော့မှာပဲ။

သင်္ကြန်ပသာဒ သင်္ကြန်အလှ သင်္ကြန်ပျိုဖြူတို့ရဲ့ ယိမ်းအက, သင်္ကြန်တေးကဗျာတို့နဲ့ ပျော်ရွှင် ကြည်နူးဖွယ်ရာ တင့်ဆန်းဝေဖြာ မြန်မာ့အလှ မြန်မာ့သင်္ကြန်ပါ။
မြို့ရွာအနှံ့ ဒေသအစုံ ‘တူးပို့ ... တူးပို့’ တေးသံစုံ, ရှာပုံတော်မင်းသားကြီး, မန်းတောင်ရိပ်ခို, ရွှေမန်းမာလာ, သင်္ကြန်မိုး စတဲ့ တေးသံစုံတို့ကလည်း သင်္ကြန်အလှ သင်္ကြန်သဘာဝကို ခံစားရသူတိုင်း ပျော်ရွှင် တက်ကြွ လန်းဆန်းစေမှာ အမှန်ပါပဲ။

လူကြီးများနဲ့ တရားဘာဝနာ လိုလားသူတို့အဖို့ အလုပ်နားခိုက် အလုပ်အားခိုက် အပျော်အပါးတွေကို မျက်နှာလွှဲကာ ဘုရားကျောင်းကန် ရိပ်သာတန်ဆောင်း ခိုအောင်းကပ်ဝင် တရားဖြင့် ပျော်မွေ့ခွင့် ရကြမယ့် အချိန်ပေါ့။

ပြည်ပရောက် မြန်မာတို့အဖို့, အထူးသဖြင့် နယူးယောက် မြန်မာတို့အဖို့ နှစ်စဉ် နှစ်သစ်မင်္ဂလာပွဲ (၄)ပွဲခန့် ဆင်နွှဲခွင့် ရကြပါတယ်။
(၁) ခရစ်နှစ် နှစ်သစ်မင်္ဂလာပွဲ
(၂) တရုတ် နှစ်သစ်ကူးပွဲ
(၃) မြန်ာသင်္ကြန် နှစ်သစ်ကူးပွဲ
(၄) ရခိုင်သင်္ကြန် နှစ်သစ်ကူးပွဲများ ဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲတော်များ ဖြတ်ကျော်ရင်း၊ နှစ်သစ်မင်္ဂလာသဘင် ဆင်နွှဲရင်း စဉ်းစား ဆင်ခြင်မှု ပြုကြရမှာက မိမိတို့ ဖြတ်သန်း ကျော်ဖြတ်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ကုသိုလ်ရေး, စီးပွားရေး, ကျန်းမာရေး, ပညာရေးတို့ တိုးတက်မှု၊ ဆုတ်ယုတ်မှု ရလာဒ်များ စစ်ဆေးကြည့်ရှု သုံးသပ် ဆင်ခြင်သင့်ကြဖို့ပါပဲ။
ရည်မှန်းချက် ရည်ရွယ်ချက်များဖြင့် ဘဝကို လျှောက်လှမ်းကြရပါမယ်။
အဓိပ္ပာယ်မဲ့စွာ ပန်းတိုင်မရှိ, ရည်ရွယ်ချက်မပါ ဘဝရေစုံမျှောပြီး မလျှောက်လှမ်းသင့်ကြပါ။
အားနဲ့ မာန်နဲ့ ဝိရိယကြီးစွာ သတိထားကာ ရေဆန်ကို လှော်ခတ်သည့်ပမာ လျှောက်လှမ်းကြရပါမယ်။

သင်္ကြန်က ပြောင်းလဲတဲ့ အဓိပ္ပာယ်ရပေမယ့် ကိုယ့်မှာက လူမှုရေး၊ စီးပွားရေး၊ ကုသိုလ်ရေး၊ ပညာရေးတို့ တစ်နှစ်လာလည်း ဒီလိုပဲနဲ့ ကိုယ့်ဘဝကို တစ်နှစ်ထက် တစ်နှစ် ဘာတစ်ခုမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူးဆိုရင် ခက်လိမ့်မည်။
ဒီဘဝအတွက် ဒီလိုပဲ ဖြစ်သလို၊ ဘဝသံသရာအတွက်လည်း ဒီလိုပဲဆိုရင် ပိုလို့ မခက်ဘူးလား။
သင်္ကြန်ရဲ့ တူးပို့ တူးပို့ တီးလုံးက မပြောင်းသည့်တိုင် ကကြိုးကကွက်ကတော့ ပြောင်းမှ ဖြစ်မယ်။

နယူးယောက်ရာသီဥတုက နွေဦးရာသီ ရောက်လာပြီမို့ ရာသီဥတု အတော်အသင့် သာယာလာပြီး တနေ့တခြား နွေးထွေးမှု ပိုလာနေပါပြီ။

အရွက်မကျန် ရိုးတံကြဲကြဲ မီးလောင်စွဲထားသည့်ပမာ သစ်ပင်များလည်း ဆောင်းဥတုဒဏ် ကြံ့ကြံ့ခံပြီး၊ ဆောင်းကိုလွန်မြောက် အဖူးအငုံတို့ ဖူးပွင့်ကာ စိမ်းလန်းစိုပြေ နှစ်သစ်ကို ကြိုဆိုနေကြသယောင်ပါပဲ။

နယူးယောက်မြို့၊ ဘရုတ်ကလင်ရပ်၊ လောကချမ်းသာဘုရားကျောင်းတော်မှာ သင်္ကြန်သင်္ကေတ မြန်မာနှစ်သစ်ကူး အမှတ်တရအဖြစ် “မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သပွဲတော်”ကို ဧပြီလ (၁၀)ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များ၊ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း သံဃာတော်များနဲ့ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး၊ ဧည့်ပရိတ်သတ်များအား မြန်မာတို့အကြိုက် နန်းကြီးသုတ်နဲ့ မြန်မာမုန့်များဖြင့် ကျွေးမွေး ဧည့်ခံကြမတဲ့။

အလှူရှင်များကတော့ Dr. Hung-Sam Khin Si Lee family နဲ့ Theresa Ma Tin Sein Lee တို့ ဖြစ်ပါတယ်။

နှစ်သစ်မင်္ဂလာ စကားအနေနဲ့ တိုက်တွန်းပြောကြားလိုတာကတော့ ပညာရှာသည့် အရွယ်များက ပညာရအောင် ရှာကာ၊ စီးပွားရှာ အရွယ်များက စီးပွားရအောင် ရှာပြီး၊ ကုသိုလ်ရေးနှင့် ကျန်းမာရေးမှာ အရွယ်သတ်မှတ် ကန့်သတ်မထားဘဲ အမြဲတစေ ရှာဖွေနေကြရမှာ ဖြစ်ပါတယ်။
ဒါမှ မိမိတို့ဘဝဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်ပြောင်းလဲကာ တောက်ပြောင်လာမှာ ဖြစ်ပါတယ်။

နှစ်သစ်နှစ်ဦးမှာ ဓနအင်အား ဓမ္မအင်အားများ တိုးတက် ပြောင်းလဲအောင် စိတ်သစ် မာန်သစ် အားမန်သစ်တို့ဖြင့် အဓိဋ္ဌာန်ကာ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

၁) နှစ်ဟောင်းကုန်ပျက်၊ နှစ်သစ်ဆက်၊ တိုးတက်မင်္ဂလာ ဖြစ်ပါစေ။
၂) အကုသိုလ်များ၊ ရှောင်ဖယ်ရှား၊ ပွားများ ကုသိုလ်တွေ။
၃) နိဗ္ဗာန်ရောက်ရန်၊ သတိပဋ္ဌာန်၊ အမှန် ရှုမှတ်ပွားများလေ။

နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

အရှင်စက္ကိန္ဒ
လောကချမ်းသာဘုရားကျောင်း
နယူးယောက်မြို့
၂၀၁၁ ဧပြီလ ၁ ရက်

No comments: