Monday, March 29, 2010

စိတ်အစဉ်အတန်း (၄) - ဇဝနနိယာမ၊ ပုဂ္ဂိုလ်စိတ်ရ

“လမ်းဆုံး မရောက်ခင်တော့ ကုသိုလ်များများ ရှိအောင် လုပ်ရမှာနော်။
ကုသိုလ်မရှိရင် အကုသိုလ်က လာတော့မှာကိုး။
သိပ်ကြောက်စရာကောင်းတယ်နော်။

စဉ်းစားကြည့်။
တစ်နေ့ တစ်နေ့ကို ငါ့သန္တာန်မှာ ကုသိုလ်စိတ် များများ ဖြစ်နေသလား၊ အကုသိုလ်စိတ် များများ ဖြစ်နေသလား?


အကုသိုလ်စိတ် အသေးစားနဲ့ အကြီးစား ..... သူတို့ပဲ များများ ဖြစ်နေတာ။
တစ်ခါတလေ အပျော့စားတော့ အပျော့စားပေါ့လေ၊ အကုသိုလ်တော့ အကုသိုလ်ပဲ။
တစ်ခါတလေ (အကုသိုလ်စိတ်တွေ) ပြင်းပြင်းထန်ထန် ဖြစ်တယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန်နည်းတယ်။
ဒါကြောင့် အထူးဂရုစိုက်ရတယ်။”

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း (၂၅)ပတ်မြောက် သင်ခန်းစာပို့ချချက်ကို သင်ကြား ပို့ချရာ ဝီထိပိုင်းမှ “ဇောသတ်မှတ်ခြင်း”နှင့် “ပုဂ္ဂိုလ်စိတ်ရ” အကြောင်းများ လေ့လာ သင်ယူကြရသည်။

+++++

ဇောကိစ္စတပ်သော စိတ် ၅၅

ဇောကိစ္စတပ်သော စိတ်များမှာ ကုသိုလ်, အကုသိုလ်, ဖိုလ်နှင့် အာဝဇ္ဇန်းကြဉ်သော ကြိယာစိတ်များ ဖြစ်၏။

ကာမဇော ၂၉
  •  အကုသိုလ် ၁၂ + ဟသိတုပ္ပါဒ် ၁ + မဟာကုသိုလ် ၈ + မဟာကြိယာ ၈ = ၂၉

အပ္ပနာဇော ၂၆
  •  မဟဂ္ဂုတ်ကုသိုလ် ၉ + မဟဂ္ဂုတ်ကြိယာ ၉ + လောကုတ္တရာ ၈ = ၂၆

+++++

၁-ကြိမ်စောသော ဇော
  •  ရှေးဦးစွာရသော မဟဂ္ဂုတ်ဇော
  •  အဘိညာဉ်ဇော
  •  မဂ်ဇော
  •  နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇော (သို့မဟုတ်) အရဟတ္တဖိုလ်ဇော

၂-ကြိမ်စောသော ဇော
  •  မဂ်နောင် ဖိုလ်ဇော
  •  နိရောဓသမာပတ်ဝင်စားသောအခါ စတုတ္ထအရူပါဝစရ(နေဝသညာနာသညာယတန)ဇော

၂-ကြိမ် သို့မဟုတ် ၃-ကြိမ်စောသော ဇော
  •  မဂ်နောင် ဖိုလ်ဇော

၎-ကြိမ်စောသော ဇော
  •  မြတ်စွာဘုရားရှင် တန်ခိုးပြသည့်အခါ စောသော ပစ္စဝေက္ခဏာဇော

၅-ကြိမ်စောသော ဇော
  •  (မြတ်စွာဘုရား၏) သာဝကများ တန်ခိုးပြသည့်အခါ စောသော ပစ္စဝေက္ခဏာဇော
  •  သေခါနီးအခါ, တွေဝေမိန်းမော မေ့မျောနေသောအခါ, စသည်၌ စောသော ကာမဇော

၆-ကြိမ် ၇-ကြိမ်စောသော ဇော
  •  ရိုးရာအခါစောသော ကာမဇော

အကြိမ်များစွာစောသော ဇော
  •  သမာပတ္တိဝီထိ၌ဖြစ်သော (သမာပတ်ဝင်စားသောအခါဖြစ်သော) မဂ်ဇော၊ ဖိုလ်ဇော

+++++

အဘိညာဉ်ဝီထိစဉ်

၁။ ပါဒကဈာန်ဝီထိ (အခြေခံ ဈာန်ဝင်စား၊ မီးကသိုဏ်း, ရေကသိုဏ်း, စသည်။ ပဉ္စမဈာန်ဝင်စား)
၂။ ပစ္စဝေက္ခဏာဝီထိ (ဆင်ခြင်)
၃။ အဓိဋ္ဌာန်ဝီထိ (အဓိဋ္ဌာန်)
၎။ ပါဒကဈာန်ဝီထိ (အခြေခံ ဈာန်ဝင်စား၊ ရေကသိုဏ်း, မီးကသိုဏ်း, စသည်။ ပဉ္စမဈာန်ဝင်စား)
၅။ ပစ္စဝေက္ခဏာဝီထိ (ဆင်ခြင်)
၆။ အဘိညာဉ်ဝီထိ (ပဉ္စမဈာန်ဝင်စား)

+++++

ပုဂ္ဂိုလ် ၁၂ ယောက်

ပုထုဇဉ်ပုဂ္ဂိုလ် ၄ ယောက် + အရိယာ ၈ ယောက် = ပေါင်း ပုဂ္ဂိုလ် ၁၂ ယောက် ရှိ၏။

ပုထုဇဉ်ပုဂ္ဂိုလ် ၄ ယောက်

၁။ ဒုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
၂။ သုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
၃။ ဒွိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
၎။ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်

အရိယာ ၈ ယောက်

၁။ သောတာပတ္တိမဂ္ဂဋ္ဌ
၂။ သကဒါဂါမိမဂ္ဂဋ္ဌ
၃။ အနာဂါမိမဂ္ဂဋ္ဌ
၎။ အရဟတ္တမဂ္ဂဋ္ဌ
၅။ သောတာပတ္တိဖလဋ္ဌ
၆။ သကဒါဂါမိဖလဋ္ဌ
၇။ အနာဂါမိဖလဋ္ဌ
၈။ အရဟတ္တဖလဋ္ဌ

+++++

ပုဂ္ဂိုလ်စိတ်ရ

ပုဂ္ဂိုလ်ဆိုင်ရာ ရသောစိတ်များကို ရှာရန် - အပြန်အားဖြင့် ပုဂ္ဂိုလ်ဆိုင်ရာ မရသောစိတ်များကို ရှာဖွေခြင်းအားဖြင့် အလွယ်တကူ သိရှိနိုင်၏။

‘ဒုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ - ကြိယာဇောများ၊ အပ္ပနာဇောများ၊ ဉာဏသမ္ပယုတ် ဝိပါက်စိတ်များနှင့် ဉာဏဝိပ္ပယုတ်မဟာဝိပါက်စိတ်များ မရရှိပါ။

‘သုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ - ကြိယာဇောများ၊ အပ္ပနာဇောများနှင့် ဉာဏသမ္ပယုတ်ဝိပါက်စိတ်များ မရရှိပါ။

‘ဒွိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ - ကြိယာဇောများ၊ အပ္ပနာဇောများနှင့် ဉာဏသမ္ပယုတ်ဝိပါက်စိတ်များ မရရှိပါ။

‘တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ - ကြိယာဇောများ နှင့် လောကုတ္တရာစိတ်များ မရရှိပါ။

‘မဂ္ဂဋ္ဌ ၄ ယောက်’ မှာ - သက်ဆိုင်ရာ မိမိမဂ်စိတ်မှတပါး အခြားသောစိတ်အားလုံး မရရှိပါ။

‘သောတာပတ္တိဖလဋ္ဌ’ ၌ - ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ကြိယာဇောများ၊ မဂ်စိတ်နှင့် အထက်ဖိုလ်စိတ် ၃-ပါး မရရှိပါ။

‘သကဒါဂါမိဖလဋ္ဌ’ ၌ - ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ကြိယာဇောများ၊ မဂ်စိတ်နှင့် ပထမ၊ တတိယနှင့် စတုတ္ထဖိုလ်စိတ် ၃-ပါး မရရှိပါ။

‘အနာဂါမိဖလဋ္ဌ’ ၌ - ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ၊ ဒေါသမူစိတ်များ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ကြိယာဇောများ၊ မဂ်စိတ်နှင့် ပထမ၊ ဒုတိယ နှင့် စတုတ္ထဖိုလ်စိတ်များ မရရှိပါ။

‘အရဟတ္တဖလဋ္ဌ’ ၌ - ကြိယာဇောများ၊ အကုသိုလ်စိတ်များ၊ မဂ်စိတ်နှင့် အောက်ဖိုလ်စိတ် ၃-ပါး မရရှိပါ။

+++++

‘ဒုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’မှာ - အကုသိုလ်စိတ် ၁၂ + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ်စိတ် ၈ = ၃၇ ခု ရရှိ၏။

‘သုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’နှင့် ‘ဒွိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’တို့မှာ - အကုသိုလ်စိတ် ၁၂ + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ်စိတ် ၈ + ဉာဏဝိပ္ပယုတ်မဟာဝိပါက် ၄ = ၄၁ ခု ရရှိ၏။

‘တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’မှာ - အကုသိုလ်စိတ် ၁၂ + ဟသိတုပ္ပါဒ်ကြည် အဟိတ်စိတ် ၁၇ + မဟာကုသိုလ်စိတ် ၈ + မဟာဝိပါက်စိတ် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ = ၅၄ ခု ရရှိ၏။

‘မဂ္ဂဋ္ဌ ၄ ယောက်’ မှာ သက်ဆိုင်ရာ မဂ်စိတ်တစ်ခုစီ ရရှိ၏။

‘သောတာပတ္တိဖလဋ္ဌ’၌ - အကုသိုလ်စိတ် ၇ (ဒိဋ္ဌိဂတသမ္ပယုတ် ၄ ခုနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ကြဉ်) + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ် ဂ + မဟာဝိပါက် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ + သောတာပတ္တိဖိုလ် ၁ = ၅၀ ခု ရရှိ၏။

‘သကဒါဂါမိဖလဋ္ဌ’၌ - အကုသိုလ်စိတ် ၇ (ဒိဋ္ဌိဂတသမ္ပယုတ် ၄ ခုနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ကြဉ်) + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ် ဂ + မဟာဝိပါက် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ + သကဒါဂါမိဖိုလ် ၁ = ၅၀ ခု ရရှိ၏။

‘အနာဂါမိဖလဋ္ဌ’၌ - အကုသိုလ်စိတ် ၅ (ဒိဋ္ဌိဂတသမ္ပယုတ် ၄ ခု၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်နှင့် ဒေါသမူစိတ် ၂ခု ကြဉ်) + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ် ဂ + မဟာဝိပါက် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ + သကဒါဂါမိဖိုလ် ၁ = ၄၈ ခု ရရှိ၏။

‘အရဟတ္တဖလဋ္ဌ’၌ - အဟိတ်စိတ် ၁၈ + မဟာဝိပါက် ၈ + မဟာကြိယာ ၈ + ရူပါဝစရကြိယာ ၅ + အရူပါဝစရကြိယာ ၄ + အရဟတ္တဖိုလ် ၁ = ၄၄ ခု ရရှိ၏။

+++++

အဘိဓမ္မာသင်တန်းပြီးသောအခါ စနေနေ့တရားပွဲကို ‘အရှင်ဝဏ္ဏိတ’ က “သတိ ... ရှေ့မတိုးနဲ့၊ ရပ်လျှင် ပြတ်မည် - အို ယောဂီ” အမည်ရှိသော တရားတော်ကို ဓမ္မဒါန ပြု၏။



တရားပွဲပြီးသော် ၁၅ မိနစ်ခန့် လက်တွေ့ တရားရှုမှတ်ကြရပြီး၊ ပြုသမျှ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြပါသည်။

သာဓု ... သာဓု ... သာဓု။

Thursday, March 25, 2010

နွေဦးအစနှင့် လုပ်အားဒါန

နွေဦးသို့ ရောက်ပြန်လေပြီ။

နွေဦး၏ သင်္ကေတဖြစ်သော ရွက်နုတို့ အသစ်တဖန် ဝေခြင်း၊ ကျေးငှက်သာရကာတို့၏ ကြည်နူးဖွယ် တေးဆိုခြင်းများနှင့်အတူ မဟာစည်သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်းရှိ လောကချမ်းသာစေတီတော်၏ ထီးတော်ဆီမှ လေတိုက်တိုင်း လွင့်ပျံလာသည့် ဆည်းလည်းသံတို့သည် ကြားရ မြင်ရသူအပေါင်းကို စိတ်ကြည်နူး နုပျိုသွားအောင် သုခပွား ခံစားရရှိစေပါသည်။

ဆောင်းကာလအတွင်း ရပ်နားထားခဲ့ရသော လောကချမ်းသာစေတီတော်၏ ဆောင်ရွက်ဆဲ လုပ်ငန်းအချို့ကို ပြန်လည် စတင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ထား ဆောက်လုပ်ရေး တာဝန်ခံ ဦးမောင်မောင်က အထူး တိုက်တွန်း နှိုးဆော်ထား၏။

တိုက်တွန်း နှိုးဆော်ထားသည့်အတိုင်း ၂၀၁၀ ခုနှစ် မတ်လ (၂၁)ရက် တနင်္ဂနွေနေ့တွင် လုပ်အားဒါန ပေးလှူကြမည့် ဓမ္မမိတ်ဆွေအချို့တို့သည် တစ်အိမ်လျှင် ဆွမ်းဟင်း တစ်ခွက် နှစ်ခွက် စသည်တို့ကို ယူဆောင်လာကြကာ “နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော်နှင့် အေဘီဘီအေ၏ တွဲဖက် နာယကဆရာတော်”ဖြစ်သော ဆရာတော် ဦးပညာသီဟနှင့် အေဘီဘီအေ၏ နာယကအဖွဲ့ဝင် ဆရာတော် ဦးသောဘနတို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။

တစ်ချိန်တည်းတွင် ဦးစိန်မြင့်နှင့် ဦးကျော်သူမြတ်တို့က Home Depot သို့ သွားကာ ခြံစည်းရိုးကာရန် သံဇကာလိပ်များ ဝယ်ယူကြသည်။

ဦးမောင်မောင်၊ K & R Sitework, Inc. လုပ်ငန်းရှင် Ken နှင့် ဗိသုကာပညာရှင် Darrit Cho တို့ကား ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ ပုံစံ မိတ္တူများ ချကာ ဆွေးနွေး တိုင်ပင်နေကြ၏။

ဆရာတော်များ နေ့ဆွမ်း ဘုဉ်းပေးကြပြီးနောက် အမျိုးသမီးများအဖွဲ့က ရှေးဦးစွာ နေ့လယ်စာ စားသောက်ကြသည်။ ထိုနောက် အမျိုးသားများအဖွဲ့က ဆက်လက်၍ နေ့လယ်စာ စားသောက်ကြသည်။

နေ့လယ်စာစားသောက်ကြပြီးနောက် လုပ်လက်စဖြစ်သော စေတီတော် ပလ္လင်ခုံ ပတ်လည်တွင် ကပ်မည့် အင်္ဂတေပန်းဆွဲများကို အချောသတ်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ကြသည်။







ဤအင်္ဂတေပန်းဆွဲများအတွက် ပုံဆွဲခြင်း၊ ပုံလောင်းခြင်း စသည်တို့ကို ဦးမောင်မောင်၊ ဦးအောင်ကျော်မိုး၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့ ကိုယ်တိုင် ဦးစီး ဆောင်ရွက်ကြခြင်း ဖြစ်၏။

အမျိုးသမီးများနှင့် အမျိုးသားအချို့တို့က ပုံလောင်းပြီး အင်္ဂတေပန်းဆွဲများ၏ လိုအပ်သော နေရာများတွင် အပေါက်ဖောက်ခြင်းတို့ကို ပြုလုပ်ကြ၍ ကိုကျော်သူမြတ်က ကျောက်စက်ဖြင့် အချောသတ်ခြင်းကိစ္စကို ဆောင်ရွက်၏။

တချိန်တည်းတွင် ဆရာတော်ဦးပညာ၏ ကွပ်ကဲမှုဖြင့် ဦးသောဘနနှင့် ကိုဂျိုးတို့က ခြံစည်းရိုးကာမည့် နေရာတလျောက်ရှိ ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ စည်းရိုးတိုင်အဟောင်းများ နှုတ်ပစ်ခြင်းများ ပြုလုပ်ကြသည်။
ထိုနောက် ဦးစိန်မြင့်၊ ဦးစောဝင်းတို့နှင့် ပူးပေါင်းကာ သံဇကာဖြင့် စည်းရိုးကာကြသည်။

ပြီးသော် ခြံစည်းရိုးကာသည့်လုပ်ငန်းမှ ထွက်လာသော စည်းရိုးတိုင်ဟောင်းများ၊ ခြုံနွယ်များ၊ စည်းရိုးဟောင်းများ စသည့် အမှိုက်များကို အမှိုက်ပုံသို့ သယ်ယူကာ စနစ်တကျ စွန့်ပစ်ကြသည်။

ဒေါ်ပြုံးပြုံးရည်က လုပ်အားဒါနပေးနေသူများ ရှိရာသို့ သွားရောက်ပြီး အချိုရည်များ၊ မုန့်များဖြင့် အမောပြေ ကျွေးမွေး အားပေး၏။

အင်္ဂတေပန်းဆွဲများ အချောကိုင်သည့် လုပ်ငန်းပြီးသောအခါ ဦးစောဝင်းနှင့် အမျိုးသမီးများက စေတီတော်ရင်ပြင် သန့်ရှင်းရေးအတွက် အမှိုက်များ လှဲကျင်းကြသည်။

ထိုအချိန်တွင် ဧည့်သည်မိသားစုတစ်စု ရိပ်သာသို့ ရောက်လာကြ၏။
ထိုမိသားစုသည် ဆရာတော်ဦးပညာသီဟအား ဦးစွာ ဖူးတွေ့ကြသည်။
ပြီးလျှင် သိလိုသည်များကို မေးမြန်း လျှောက်ထားကြပြီး ဆရာတော်ထံမှ အဆုံးအမ သြဝါဒများ ခံယူကြ၏။
ထိုနောက် လောကချမ်းသာစေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။

နွေဦးအစ၏ သာယာသော နေ့တစ်နေ့၏ ဆည်းဆာအချိန် ..
လေပြေလေညှင်း တစ်ချက် တစ်ချက် အဝေ့၌ စေတီတော်၏ ထီးတော်မှ ထွက်ပေါ်လာသော ဆည်းလည်းသံများ ..
စေတီတော်ရင်ပြင်၌ ငြိမ်းအေးစွာ ဘုရားဝတ်ပြုနေသော အမျိုးသမီးတစ်ဦး ... တို့ကို မြင်ရ ကြားရသည်မှာ အထူးလက်ရာမြောက်သော သက်ဝင် ပန်းချီကားတစ်ချပ်နှယ် တင့်တယ် လှပနေတော့၏။

စေတီတော်ရင်ပြင်သန့်ရှင်းရေး လုပ်အားပေးကို လောလောလတ်လတ် ဆောင်ရွက်ထားခဲ့ကြသူများအတွက်လည်း ဝမ်းသာ ကြည်နူးမှု ပီတိကို ခံစားကြရလေသည်။

အင်္ဂတေပန်းဆွဲများ အချောသတ်ခြင်း၊ စည်းရိုးကာရံခြင်းများ ပြီးသော် ဦးမောင်မောင်၊ ဦးစိန်မြင့်၊ ကိုကျော်သူမြတ်၊ ဦးစောဝင်း၊ ကိုရန်နောင်၊ ကိုထွန်းထွန်းတို့က လိုအပ်နေသေးသော ပန်းဆွဲများအတွက် အင်္ဂတေဖြင့် ပုံလောင်းကြသည်။

ကိုထွန်းထွန်းက ပန်းဆွဲများထဲမှ အကောင်းဆုံးတစ်ခုကို ရွေးထုတ်ယူကာ ပုံလောင်းရန် ပုံစံတစ်ခု ထပ်မံ ပြုလုပ်သည်။

လာမည့် ဧပြီလထဲတွင် လိုအပ်နေသေးသော ပန်းဆွဲများ ထပ်မံ ပြုလုပ်ခြင်း၊ ဘုရားကျောင်းဆောင်အတွက် မှာယူထားသော တံကဲ၊ ဘေးအကာနှင့် တိုင်များ ရရှိလျှင် အပြီးသတ် တပ်ဆင်ခြင်း၊ အရံစေတီများ အချောကိုင်ခြင်း၊ ပန်းဆွဲများကို စေတီတော်ပလ္လင်ခုံ ပတ်လည်တွင် တပ်ဆင်ခြင်း၊ မေလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် တတိယအကြိမ် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ရိပ်သာဝင်းအတွင်း အထွေထွေ သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခြင်း စသော လုပ်ငန်းများ ဆက်လက် ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ရာ လုပ်အားဒါနပေးလိုသော ဓမ္မမိတ်ဆွေများကို ဖိတ်ခေါ်ပါသည်။

လုပ်အားပေး အစီအစဉ်ကို ကြိုတင် အသိပေး အကြောင်းကြားပါမည်။

စောဝင်း

Monday, March 22, 2010

စိတ်အစဉ်အတန်း (၃) - တဒါရုံကို သတ်မှတ်ခြင်း

မဂ်ဖိုလ်ရတယ်ဆိုရင် မဂ္ဂဝီထိ ဖြစ်ကို ဖြစ်ရတယ်။
အကျွတ်တရားရတယ်ဆိုတာ ဒါကို ခေါ်တာ။ ဒီ မဂ္ဂဝီထိမဖြစ်ဘဲနဲ့ မဂ်ဖိုလ်ရတယ်လို့ မရှိဘူး။
မဂ္ဂဝီထိဖြစ်မယ်ဆိုရင် ဒီဝီထိထဲမှာ ကာမာဝစရဇောတွေ ပါနေတယ်။ အဲဒီ ကာမာဝစရဇောတွေဟာ ဘာတွေလဲဆိုရင် ဝိပဿနာဇောတွေ။ ဝိပဿနာဇောဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာ ရှေ့သွားမရှိဘဲနဲ့ မဂ်ဖိုလ်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။

မြတ်စွာဘုရားက ဂါထာတစ်ပုဒ် ဟောလိုက်လို့ ဂါထာနာရသည်၏ အဆုံး၌ သောတာပန်တည်သွားတယ် စသည်ဖြင့် ဝတ္ထုဇာတ်ကြောင်းတွေ အများကြီး ရှိတယ်။
အထူးသဖြင့် ဓမ္မပဒဝတ္ထုကြောင်းတွေ ဖတ်ရင် တွေ့ရလိမ့်မယ်။ အဲဒီလို အခါမှာလည်းပဲ ဝိပဿနာ လုံးဝ မရှုဘဲနဲ့တော့ အကျွတ်တရားရသွားတာ မဟုတ်ဘူး။ သောတာပန်၊ သကဒါဂါမ် စသည် ဖြစ်သွားတာ မဟုတ်ဘူး။
ဝိပဿနာတော့် ရှုရသေးတာပဲ။
ဒါပေမယ်လို့ အလွန် လျင်မြန်တဲ့အတွက်ကြောင့် ချက်ချင်း ရသွားသလို ထင်ရတယ်။
တရားနာရင်းပဲ အနိစ္စ, ဒုက္ခ, အနတ္တကတော့ ရှုရတယ်နော်၊ ရှုမိသွားတာပေါ့ လေ။

ဒါကြောင့် ဝိပဿနာ မပါဘဲနဲ့ မဂ်ဖိုလ်ကို ဘယ်တော့မှ မရနိုင်ဘူးဆိုတာကိုတော့ သေချာကို မှတ်ထားကြ။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် မတ်လ ၂၀ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း (၂၄)ပတ်မြောက် ပို့ချချက် သင်ခန်းစာကို လေ့လာ သင်ယူကြရသည်။

ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက်သင်ခန်းစာကို မလေ့လာ မသင်ယူရမီ ရှေးဦးစွာ လောကချမ်းသာဆရာတော်က အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ အထောက်အကူ ရစေရန်၊ သင်ကြားခဲ့ပြီး အဘိဓမ္မာသင်ခန်းစာများကို ပိုမို ကျေညက် နားလည် သဘောပေါက်စေရန် ညနေ ၄း၀၀ နာရီမှ ၅း၀၀ နာရီထိ သင်ကြားပို့ချသွား၏။

ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ (၂၄)ပတ်မြောက် ပို့ချချက်သင်ခန်းစာဖြစ်သော ‘ကာမဇော နောင် အပ္ပနာဇော’၊ ‘မဂ္ဂဝီထိ’၊ ‘တဒါရုံသတ်မှတ်ခြင်း’၊ ‘အာဂန္တုကဘဝင်’ အကြောင်းကို ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီအထိ လေ့လာ သင်ယူကြရသည်။

+++++

ကာမဇော နောင်၊ အပ္ပနာဇော

သောမနဿ သဟဂုတ်ဇော နောင်, သောမနဿ အပ္ပနာ
ဥပေက္ခာ သဟဂုတ်ဇော နောင်, ဥပေက္ခာ သဟဂုတ် အပ္ပနာ
ကုသိုလ် နောင်, ကုသိုလ်နှင့် အောက်ဖိုလ် ၃-ခု
ကြိယာ နောင်, ကြိယာနှင့် အရဟတ္တဖိုလ် နှောင်း၏။

မဟာကုသိုလ် ၈-ခုအနက် ပထမ ၂-ခု ဖြစ်သော မဟာကုသိုလ် သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် - ရူပါဝစရကုသိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- သောတာပတ္တိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- သကဒါဂါမိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- အနာဂါမိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- အရဟတ္တမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- သောတာပတ္တိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- သကဒါဂါမိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- အနာဂါမိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)

မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် - ရူပါဝစရ ပဉ္စမဈာန် (၁)
- အရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- သောတာပတ္တိမဂ် ပဉ္စမဈာန် (၁)
- သကဒါဂါမိမဂ် ပဉ္စမဈာန် (၁)
- အနာဂါမိမဂ် ပဉ္စမဈာန် (၁)
- အရဟတ္တမဂ် ပဉ္စမဈာန် (၁)
- သောတာပတ္တိဖိုလ် ပဉ္စမဈာန် (၁)
- သကဒါဂါမိဖိုလ် ပဉ္စမဈာန် (၁)
- အနာဂါမိဖိုလ် ပဉ္စမဈာန် (၁)

မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် - ရူပါဝစရကြိယာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
- အရဟတ္တဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)

မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် - ရူပါဝစရ ကြိယာ ပဉ္စမဈာန် (၁)
- အရူပါဝစရ ကြိယာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်,စတုတ္ထဈာန် (၄)
- အရဟတ္တဖိုလ် ပဉ္စမဈာန် (၁)

+++++

မဂ္ဂဝီထိ

မဂ္ဂဝီထိသည် ဈာနဝီထိနှင့် ဆင်တူ၏။
ဝိပဿနာကမ္မဋ္ဌာန်း တရားအားထုတ်၍ ဉာဏ်စဉ်အဆင့်ဆင့် တက်သွားကာ တရားထူးရသော အချိန်တွင် မဂ္ဂဝီထိ ဖြစ်၏။

မန္ဒပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ (ပထမဆုံး မဂ်ရစဉ် ဖြစ်သော ဝီထိ)

ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› မနောဒွါရာဝဇ္ဇန်း ---› ပရိကံ ---› ဥပစာ ---› အနုလုံ ---› ဂေါတြဘူ ---› မဂ် ---› ဖိုလ် ---› ဖိုလ် ---› ဘဝင်

တိက္ခပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ (ပထမဆုံး မဂ်ရစဉ် ဖြစ်သော ဝီထိ)

ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› မနောဒွါရာဝဇ္ဇန်း ---› ဥပစာ ---› အနုလုံ ---› ဂေါတြဘူ ---› မဂ် ---› ဖိုလ် ---› ဖိုလ် ---› ဖိုလ် ---› ဘဝင်

မဂ္ဂဝီထိတွင် -
မဂ်ဇောသည် တစ်ကြိမ်သာ စော၏။
ဖိုလ်ဇောသည် ၂-ကြိမ်လည်း စော၏။ ၃-ကြိမ်လည်း စော၏။
ကာမာဝစရဇော (ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု) သည် ၄-ကြိမ် စောသည်လည်း ရှိ၏။ ၃-ကြိမ်စောသည်လည်း ရှိ၏။
ပရိကံ, ဥပစာ, အနုလုံ ဝိပဿနာဇော ၃-ခုသည် တေဘူမက သင်္ခါရ ရုပ်,နာမ်ကို အာရုံပြု၏။
ဂေါတြဘု, မဂ်, ဖိုလ် တို့သည် နိဗ္ဗာန်ကို အာရုံပြု၏။

ထို့ကြောင့် ဝိပဿနာကင်းပြီး၊ ဝိပဿနာ မရှုဘဲ မဂ်ဖိုလ် မရနိုင်။

မဂ်ဖိုလ်ရပါက မဂ္ဂဝီထိ ကျကို ကျရ၏။ မဂ္ဂဝီထိ မကျဘဲ မဂ်ဖိုလ်ရသည်ဟု မရှိ။
မဂ္ဂဝီထိတွင် ပါဝင်သော ကာမာဝစရဇောများသည် ဝိပဿနာဇောများ ဖြစ်၏။ ဤဝိပဿနာဇောများ ရှေ့သွားမရှိဘဲ မဂ်ဖိုလ် မရနိုင်။

+++++

အာရုံအမျိုးအစား

(၁) အနိဋ္ဌာရုံ - အလိုမရှိအပ်သော/မနှစ်သက်အပ်သော အာရုံ
(၂) ဣဋ္ဌမဇ္ဈတ္တာရုံ - အလိုရှိအပ်သော သာမန်အာရုံ (အချို့ ဣဋ္ဌာရုံဟု သုံး၏။)
(၃) အတိဣဋ္ဌာရုံ - အလွန်အလိုရှိအပ်သော အာရုံ

အာရုံအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း

အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၊ အတိဣဋ္ဌာရုံ စသည် ခွဲခြားရာ၌ ကျမ်းဂန်များ၌ အလတ်တန်းစား ပုဂ္ဂိုလ်နှင့် ညှိုနှိုင်း ခွဲခြားရကြောင်း ပြဆို၏။

ချမ်းသာသူ သူဌေးကြီးအတွက် အလိုမရှိအပ်သော အာရုံသည် ဆင်းရဲနေသူအတွက် အလိုရှိအပ်သော အာရုံ ဖြစ်၏။ ဖြစ်ရန် အကြောင်းများ၏။ ထို့ကြောင့် အလတ်တန်းစားပုဂ္ဂိုလ်နှင့် ညှိပြီး ခွဲခြားရ၏။

လင်္ကာ

“အလတ်စားတန်း၊ ပုဂ္ဂိုလ်မှန်းလျက်
ဝိပါက်ဒွါရ၊ ချိန်ကာလနှင့်
ရူပ ဂန္ဓာ၊ နှိုင်းချင့်ကာဖြင့်၊
အနိဋ္ဌာလော၊ ဣဋ္ဌာလော
စစ်ကြောတွေ့တိုင်းပင်။”

- အလတ်တန်းစားပုဂ္ဂိုလ်နှင့် ညှိနှိုင်း၍ ခွဲခြားရ၏။
- အကုသလဝိပါက်ကြောင့် အနိဋ္ဌာရုံ၊ ကုသလဝိပါက်ကြောင့် ဣဋ္ဌာရုံ တွေ့ကြုံရ၏။
- မစင် အညစ်အကြေးသည် အထိအတွေ့ ကာယဒွါရအားဖြင့် ဣဋ္ဌာရုံဖြစ်နိုင်ပြီး၊ အဆင်း အနံ့အားဖြင့် အနိဋ္ဌာရုံ ဖြစ်၏။
- နွေအခါ မီးအပူသည် အနိဋ္ဌာရုံ ဖြစ်ပြီး၊ ဆောင်းအခါ မီးအပူသည် ဣဋ္ဌာရုံ ဖြစ်၏။

အနိဋ္ဌာရုံကို အာရုံပြုပြီး ဝီထိဖြစ်က ထိုဝီထိတွင် ပါဝင်သောစိတ်များကို အကုသလဝိပါက် ချရ၏။
ဣဋ္ဌမဇ္ဈတ္တာရုံ, အတိဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် ချရ၏။
တနည်းအားဖြင့် ကုသိုလ်၏အကျိုးကြောင့် အာရုံကောင်းများနှင့် တွေ့ကြုံရပြီး၊ အကုသိုလ်၏အကျိုးကြောင့် မကောင်းသောအာရုံများနှင့် တွေ့ကြုံရ၏။

ဘုရားအစရှိသော အတိဣဋ္ဌာရုံကို တွေ့မြင်ရ၍ ဝီထိကျသောအခါ ထူးခြားချက်တစ်ခုမှာ သန္တီရဏနှင့် တဒါရုံကို သောမနဿချည်းသာ ချရ၏။

ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ စိတ်များမှာ ဝိပါက်စိတ်များဖြစ်၏။ အနိဋ္ဌာရုံတွေ့လျှင် အကုသလဝိပါက်၊ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက်၊ အတိဣဋ္ဌာရုံဖြစ်လျှင် ကုသလဝိပါက် ဟူသည့် သဘာဝ အမှန်တရားဖြစ်ရာ “ဝိပါက်အမှန်”ဟု ရှေးအဆို ရှိ၏။

သင့်တင့်လျောက်ပတ်သော နှလုံးသွင်းမှုပေါ် မူတည်၍ အနိဋ္ဌာရုံကို တွေ့သော်လည်း ကုသိုလ်ဇော စောနိုင်၏။
အသင့်အတင့် နှလုံးမသွင်းတတ်ပါမူ အနိဋ္ဌာရုံကြောင့် အကုသိုလ်ဇော စော၏။
မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တစ်ဦးအတွက် ဘုရား အစရှိသော အတိဣဋ္ဌာရုံကို မြင်သော်လည်း အကုသိုလ်ဇော စော၏။
ထို့ကြောင့် ဇောသည် ကုသိုလ်ဇောသာ စောရမည်၊ အကုသိုလ်ဇောသာ စောရမည်ဟု သတ်မှတ်ထားချက် မရှိ။
ထို့ကြောင့် “ဝိပါက်အမှန်၊ ဇောအပြန်”ဟု ရှေးစကား ဆို၏။
အဓိပ္ပာယ်မှာ ဝိပါက်ကို ပြောင်းလွှဲ၍ မရ။ ဇောကို အပြန်အလှန် ပြုပြင် ပြောင်းလွဲနိုင်သည် ဟု ဆိုလို၏။


+++++

တဒါရုံကို သတ်မှတ်ခြင်း

ဘဝ၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့သည် တစ်မျိုးတည်း တစ်ခုတည်းသာ ဖြစ်ရ၏။
ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ သုံးပါးဆုံမှသာ တဒါရုံ ကျနိုင်၏။
တဒါရုံကျသော ဝီထိများမှာ အတိမဟန္တာရုံနှင့် ဝိဘူတာရုံ ဝီထိများ ဖြစ်၏။

အကုသိုလ်စိတ် လောဘမူစိတ် ၈-ခု၊ မောဟမူစိတ် ၂-ခု ဇော နောင် ---› တဒါရုံ ၁၁-ခု
ဒေါသဇော ၂-ခု နောင် ---› ဥပေက္ခာတဒါရုံ ၆-ခု၊ ဥပေက္ခာ ဘဝင်
မဟာကုသိုလ်ဇော ၈-ခု နောင် ---› တဒါရုံ ၁၁-ခု
သောမနဿ မဟာကြိယာဇော ၄ + ဟသိတုပ္ပါဒ် နောင် ---› သောမနဿတဒါရုံ ၅-ခု
ဥပေက္ခာ မဟာကြိယာ ၄ နောင် ---› ဥပေက္ခာတဒါရုံ ၆ ခု နှောင်းနိုင်၏။

(သောမနဿတဒါရုံ ၅ = သောမနဿသန္တီရဏ ၁ + သောမနဿ မဟာဝိပါက် ၄)
(ဥပေက္ခာတဒါရုံ ၆ = ဥပေက္ခာသန္တီရဏ ၂ + ဥပေက္ခာ မဟာဝိပါက် ၄)

+++++

သောမနဿဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ မိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်တစ်ဦးသည် မြတ်စွာဘုရားတည်းဟူသော အတိဣဋ္ဌာရုံကို တွေ့မြင်ပြီး ဒေါသဇော စော၏။

သောမနဿပဋိသန္ဓေ၊ အတိဣဋ္ဌာရုံ၊ ဒေါသဇော ဟူသော အချက်များအရ -

- ဒေါသဇော နောင် သောမနဿတဒါရုံ မကျနိုင်။
- အတိဣဋ္ဌာရုံ နောင် ဥပေက္ခာတဒါရုံ မကျနိုင်။

တဒါရုံ မဖြစ်နိုင်၍ ဥပေက္ခာဘဝင် ချမည်ဆိုပါကလည်း ပဋိသန္ဓေစိတ်မှာ သောမနဿဖြစ်ရာ ဥပေက္ခာဘဝင် မချနိုင်။
သောမနဿဘဝင် ချမည်ဆိုပြန်ကလည်း ဇောမှာ ဒေါသဇောဖြစ်၍ မလျော်ညီ။

ထို့ကြောင့် အာဂန္တုကဘဝင် (ဧည့်သည်ဘဝင်/ခေတ္တဘဝင်) အငှား ချပေးရ၏။
ဤအာဂန္တုကဘဝင်စိတ်မှာ “ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်” ဖြစ်ပြီး ဘဝင်ကိစ္စကို ဆောင်ရွက်၏။

+++++

တောင်မြို့ဆရာတော်၏ လင်္ကာ

“သောမနသ်သန္ဓေ၊ စွဲကပ်နေ၍ -

- ယူလေ မိစ္ဆာ၊ ရှိသူမှာလျှင်
လွန်စွာတင့်ဘိ၊ အတိဣဋ္ဌံ
တိမဟန္တ၊ ဝိဘူတဟု
ဗုဒ္ဓအာရုံ၊ ကြုံသော်လည်းကောင်း၊

- တစ်ကြောင်းကမူ၊ အဝိဘူတ
မဟန္တဟု၊ ကာမအာရုံ
ဆုံလေတစ်ရပ်၊

- သမာပတ်ကို၊ ရလတ်ပြီးမှ
ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း
မယွင်းတစ်ခု၊

- ပညတ်စုကို၊ ရှုလေတလော၊

ဒေါသဇောတို့၊ စော၍ပြီးတုံ
တဒါရုံကား၊ အာရုံနှင့်သော်
မသင့်တော်ခဲ့။

ချင့်မြှော်တခင်း၊ ဘဝင်ဆင်းလည်း
မူရင်းသန္ဓေ၊ မလျော်ပေတည့်
သို့နေခက်ခဲ၊ အချက်ထဲဝယ်
ဆက်တွဲဟန်ပြု၊ အာဂန္တုဟု
တစ်ခုဘဝင်၊ စပ်ကြားဝင်သည်
အရှင်ဆရာ့ မိန့်ခွန်းတည်း။

သောမနဿဖြင့် ပဋိသန္ဓေနေခဲ့ပြီး -
- (၁) မိစ္ဆာအယူရှိသူတစ်ဦး၏ အတိဣဋ္ဌာရုံ, အတိမဟန္တာရုံ, ဝိဘူတာရုံ လည်းဖြစ်သော ဘုရားအာရုံကို ကြုံပြီး ဒေါသဇော စောသူ၊
- (၂) အဝိဘူတအာရုံ၊ မဟန္တာရုံ ဟူသော ကာမအာရုံနှင့် တွေ့ကြုံပြီး ဒေါသဇော စောသူ၊
- (၃) ဈာန်ရပြီးနောက် ဈာန်လျောသွားသဖြင့် နှလုံးမသာမယာဖြစ်ပြီး ဒေါသဇော စောသူ၊
- (၄) ပညတ်တစ်ခုခုကို ရှုပြီး ဒေါသဇော စောသူ တို့အတွက်

(၁) မှာ တဒါရုံကျနိုင်သော ဝီထိများဖြစ်သော်လည်း ဒေါသဇော နောင် ဥပေက္ခာတဒါရုံချရန် --- အာရုံမှာ အတိဣဋ္ဌာရုံဖြစ်နေ၍ မသင့်လျော်။
(၂), (၃), (၄) တို့မှာ တဒါရုံမဖြစ်သော ဝီထိများ ဖြစ်၏။

တဒါရုံမကျနိုင်သဖြင့် ဘဝင်အားဖြင့် ဥပေက္ခာဘဝင်ချရန် ဖြစ်ပြန်သော်လည်း သောမနဿပဋိသန္ဓေဖြစ်နေ၍ မလျော်ကန်ပြန်ပေ။

ထို့ကြောင့် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က ဘဝင်ကိစ္စတပ်ပြီး ဧည့်သည်ဘဝင် (အာဂန္တုကဘဝင်)အဖြစ် ဝင်ပေးရ၏။

အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဏ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› အာဂန္တုကဘဝင် (ဥပေက္ခာသဟဂုတ် သန္တီရဏ) ---› ဘဝင် (မူလဘဝင် - သောမနဿဘဝင်)

ဤနေရာ (မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်၏ ဘုရားကို မြင်ရာ)၌ အာဂန္တုကဘဝင်သည် ပစ္စုပ္ပန်အာရုံဖြစ်သော မြတ်စွာဘုရားကို အာရုံမပြုဘဲ ထိုပုဂ္ဂိုလ်၏ အလေ့အကျက်များသော ကာမအာရုံ တစ်ခုခုကို ယူ၏။

ထို့ကြောင့် တစ်ဘဝတွင် ပဋိသန္ဓေ, ဘဝင်, စုတိစိတ်တို့သည် တစ်ခုတည်း တစ်မျိုးတည်း ဖြစ်ရမည်၊
ဝီထိတစ်ခုတည်းတွင် ဖြစ်သော စိတ်များသည် တူသော အာရုံကို ယူရမည်ဟူသော အချက်များမှာ အာဂန္တုကဘဝင်ဖြစ်ရာ၌မူ ချွင်းချက် ဖြစ်၏။

(မဂ္ဂဝီထိ၌လည်း အာရုံ မတူ။)

+++++

အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် အနားယူကြ၍ ညနေ ၆း၃၀ နာရီတွင် အရှင်စက္ကိန္ဒက


စိတ္တာနုပဿနာအကြောင်းတရားတော်ကို ဟောကြား ဓမ္မဒါနပြုပြီး ၁၅ မိနစ်ခန့် လက်တွေ့ တရားရှုမှတ်ကြကာ ပြုသမျှ ကုသိုလ်တို့ကို အများဝေနေတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, March 18, 2010

စိတ်အစဉ်အတန်း (၂)

၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းဖြစ်သော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ (၂၃)ပတ်မြောက် သင်ခန်းစာကို ဆက်လက် သင်ကြားပို့ချရာ ဝီထိပိုင်းမှ အတိပရိတ္တာရုံဝီထိ၊ ကာမဇောဝါရဝီထိ၊ ဈာနဝီထိများအကြောင်း လေ့လာသင်ယူကြရပါသည်။

+++++

၎။ အတိပရိတ္တာရုံ (အလွန်အားနည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ)

အလွန်အားနည်းလွန်းသောကြောင့် (မြင်လိုက်သလိုလို ကြားလိုက်သလိုလိုမျှသာ ဖြစ်၍) ဘဝင်လှုပ်ရုံပဲ လှုပ်ပြီး ဘဝင်ပြန်ကျသွားသောကြောင့် မောဃဝါရ (အလကားဝါရ)ဟု ခေါ်၏။

‘ပထမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၀)
ဘဝင်္ဂစလန (၂)
ဘဝင် (၅)


‘ဒုတိယ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၁)
ဘဝင်္ဂစလန (၂)
ဘဝင် (၄)


‘တတိယ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၂)
ဘဝင်္ဂစလန (၂)
ဘဝင် (၃)


‘စတုတ္ထ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၃)
ဘဝင်္ဂစလန (၂)
ဘဝင် (၂)


‘ပဉ္စမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၄)
ဘဝင်္ဂစလန (၂)
ဘဝင် (၁)


‘ဆဋ္ဌမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၅)
ဘဝင်္ဂစလန (၂)

+++++

စက္ခုဒွါရအတွက် ဝီထိပေါင်းမှာ -

အတိမဟန္တာရုံ(တဒါရမ္မဏဝါရ) (၁)ဝီထိ
မဟန္တာရုံ(ဇဝနဝါရ) (၂)ဝီထိ
ပရိတ္တာရုံ(ဝေါဋ္ဌဗ္ဗနဝါရ) (၆)ဝီထိ
အတိပရိတ္တာရုံ(မောဃဝါရ) (၆)ဝီထိ - စုစုပေါင်း (၁၅)ဝီထိ ရ၏။

ဤနည်းတူ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရတို့၌လည်း တစ်ဒွါရစီ၌ (၁၅)ဝီထိစီ ရသောကြောင့် ၅-ဒွါရ(ပဉ္စဒွါရ)မှာ ၁၅x၅ = ၇၅ ဝီထိ ရှိ၏။


+++++


ဝီထိသရုပ်ခွဲ

“ပဉ္စသတ္တရိ၊ ဝီထိပဉ္စဒွါ
ချရာစိတ်စု၊ စတုပညာ ကာမသာချည်း။

အာရုံမှာမူ၊ ဘဝင်ဟူသမျှ
သုံးဝအတိတ်၊ ကံနိမိတ်တည်း။

ကြွင်းစိတ်(အာ)ရုံငါး
မှီကားသူပင်၊ သူ့ဝိညာဉ်သာ
ကြွင်းလျှင်စိတ်စု၊ ရှေးရှေးဥသည့်
ဝတ္ထုဟဒယ၊ စွဲမှီကြသည်
ဒွိဟလွတ်ကင်း ရှင်းလေတည်း။”

(မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)


ပဉ္စသတ္တရိ = ၇၅
ဝီထိပဉ္စဒွါ = ပဉ္စဒွါရဝီထ
ချရာစိတ်စု = ပါဝင်နိုင်သော စိတ်စု
စတုပညာ ကာမသာချည်း = ကာမစိတ် ၅၄ ပါးချည်းသာ
သုံးဝအတိတ် ကံနိမိတ် = ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးမျိုး
ကြွင်းစိတ်(အာ)ရုံငါး = ‘ဘဝင်စိတ်’မှ ကြွင်းသော (ပဉ္စဒွါရာဝဇ္ဇန်းမှ တဒါရုံထိ) စိတ်များသည် သက်ဆိုင်ရာ အာရုံငါးပါးကို အာရုံပြု၏။ (စက္ခုဒွါရဝီထိဖြစ်လျှင် ပစ္စုပ္ပန်ရူပါရုံ၊ သောတဒွါရဝီထိဖြစ်လျှင် ပစ္စုပ္ပန်သဒ္ဒါရုံ စသည်)

မှီကားသူပင်၊ သူ့ဝိညာဉ်သာ = သူ့ဝိညာဏ်က သူ့ဝတ္ထုကို မှီ၏။ (စက္ခုဝိညာဏ်သည် စက္ခုဝတ္ထု၊ သောတဝိညာဏ်သည် သောတဝတ္ထု စသည်)
ကြွင်းလျှင် စိတ်စု = ပဉ္စဝိညာဏ်မှ ကြွင်းသော စိတ်များ
ရှေးရှေးဥသည့်၊ ဝတ္ထုဟဒယ = ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု (အတူတူဖြစ်သော ဟဒယဝတ္ထုကို မမှီ၊ သူ၏ ရှေ့က စိတ်နှင့်အတူ ဥပါဒ်ပြီး သူဖြစ်သောအချိန်တွင် ရုပ်၏ ဌီခဏသို့ ရောက်နေသော ဟဒယဝတ္ထုကို မှီ)

(ရုပ်၏အသက်မှာ စိတ္တက္ခဏ ၁၇ ချက်ရှိသဖြင့် သူ့ရှေ့က ဖြစ်ခဲ့သော ဟဒယဝတ္ထုမှာ သူဖြစ်နေတုန်း ရှိနေသေးသောကြောင့် ထိုဟဒယဝတ္ထုကို မှီခြင်း ဖြစ်သည်။)


+++++


ကျမ်းဂန်လာ ‘သရက်ပင်အောက် အိပ်နေသူ’ ဝီထိဥပမာ

အဋ္ဌသာလိနီကျမ်းတွင်လာသော အသုံးများသည့် သရက်ပင်အောက် အိပ်နေသူ ဝီထိဥပမာကို တောင်မြို့ဆရာတော်က လင်္ကာရေးစပ်ထားခဲ့၏။

“မှတ်လော့မျက်မြင်၊ ကွက်ကွက်ထင်စိမ့်
သရက်ပင်အောက်၊ လူတစ်ယောက်၏
ရှေ့နောက်ခေါင်းမြီး၊ ခြုံ၍ ပြီးသော်
အိပ်ပျော်လေငြား၊ ကြွေသံအားကြောင့်
နိုးကြားသဖြင့်၊ ခေါင်းခြုံဖွင့်၍
ကြည့်လစ်မြင်ရာ၊ ယူကာနှိပ်စမ်း
ရှူကာနမ်းလျက်၊ မှည့်မှန်းသိသော်
ရွှင်ပျော်သုံးစား၊ ရသာပွား၍
မျိုငြားလေပြီး၊ ရှေးနည်းအိပ်ပင်
ပမာဆင်လော့။

ဘဝင်သည်ကား၊ အိပ်သောလားသို့
နီးပါးကြွေပုံ၊ အာရုံထိခိုက်
နိုးလိုက်သည့်ဟန်၊ အာဝဇ္ဇန်တည်း
ဖွင့်လှန်ကြည့်မှု၊ စက္ခုဝိညာဏ်
ယူငင်တစ်ခန်း၊ ပဋိစ္ဆန်းနဲ့
နှိပ်စမ်းသန္တီ၊ ရဏမည်၏
မှတ်ပြီဝုဋ္ဌော
သုံးစားသောအား၊ ဇောအလားရှင့်
မျိုငြားလေပုံ၊ တဒါရုံမှတ်
နောက်ထပ်အိပ်ပြန်၊ ဘဝင်ဟန်တူ
ပြင်ရန်ပြုသူ၊ မရှိမူလည်း
မတူရှေ့နောင်၊ ကိစ္စဆောင်လျက်
ဖြစ်တိုင်းပျက်၍
ဆက်ဆက်စဉ်သာ၊ မမြင်ပါလည်း
ထင်စွာသဘော၊ စဉ်ကာနှောသည်
အဟော နိယာမပေတကား။


ရှေ့နောက် တစ်ခုနှင့်တစ်ခု မတူ၊ ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်, စက္ခုဝိညာဏ်က မြင်, သမ္ပဋိစ္ဆိုင်းက လက်ခံ, သန္တီရဏက စုံစမ်း စသည်ဖြင့် စီကာစဉ်ကာ ဖြစ်ပျက်နေသည်မှာ ဘယ်သူကမှ အမိန့်ပေး ခိုင်းစေနေခြင်းကြောင့်မဟုတ်ဘဲ နိယာမ ၅-ပါးလာ စိတ္တနိယာမသဘောတရားအရ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေခြင်း ဖြစ်၏။


+++++


ပဉ္စဒွါရဝီထိများကို ခွဲခြမ်းကြည့်သော် -

ဝီထိစိတ်အမျိုးအားဖြင့် - ၇ မျိုး [ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခု/သောတ/ဃာန/ဇိဝှါ/ကာယ ဝိညာဏ်(အာဝဇ္ဇန်းဝိညာဏ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ]

စိတ်အရေအတွက်အားဖြင့် - ၁၄ ခု [ပဉ္စဒွါရာဝဇ္ဇန်း ၁ + အာဝဇ္ဇန်းဝိညာဏ် ၁ + သမ္ပဋိစ္ဆိုင်း ၁ + သန္တီရဏ ၁ + ဝုဋ္ဌော ၁ + ဇော ၇ + တဒါရုံ ၂] ဖြစ်၏။

ပဉ္စဒွါရဝီထိများတွင် ပါနိုင်သော၊ ရနိုင်သော စိတ်များမှာ ကာမာဝစရစိတ် ၅၄ ခုထဲက စိတ်များသာ ရနိုင်၏။

ပဉ္စဒွါရဝီထိများမှာ ပရမတ်သဘောကို မြင်ရုံ ကြားရုံ စသည်သာ ရှိပြီး ပညတ်ထိအောင် မရောက်သေးပေ။

သူ့နောက်ကလိုက်သော မနောဒွါရဝီထိများ ဖြစ်ပြီးမှ ပညတ်သဘောသို့ ရောက်၏။


+++++


မနောဒွါရဝီထိ

ပဉ္စဒွါရဝီထိများ၏ အာရုံမှာ ပစ္စုပ္ပန် ပဉ္စာရုံဖြစ်ပြီး၊ မနောဒွါရ၏ အာရုံမှာ ပစ္စုပ္ပန်တင်မက ‘အတိတ်’ ‘အနာဂတ်’လည်း ဖြစ်နိုင်၏။ ‘စိတ်’, ‘စေတသိက်’, ‘ရုပ်’, ‘အတိတ်တရား’, ‘အနာဂတ်တရား’, ‘ပညတ်’, ‘နိဗ္ဗာန်’ အားလုံး ထင်နိုင်၏။

မနောဒွါရဝီထိကို “ကာမဇောဝါရ”နှင့် “အပ္ပနာဇောဝါရ” နှစ်မျိုး ထပ်ခွဲနိုင်၏။


ကာမဇောဝါရဝီထိ

ကာမဇောများ ပါဝင်သော ဝီထိ ဖြစ်၏။

ကာမဇောဝါရတွင် -

ထင်ရှားသော အာရုံကို အာရုံပြုပြီးဖြစ်သော “ဝိဘူတာရုံဝီထိ” နှင့်
မထင်မရှား အာရုံကို အာရုံပြုပြီးဖြစ်သော “အဝိဘူတာရုံဝီထိ” ဟူ၍ ထပ်ပြီး ခွဲခြား၏။


ဝိဘူတာရုံဝီထိ

အတိတ်အာရုံ, အနာဂတ်အာရုံကို အာရုံပြုနိုင်သဖြင့် ရုပ်သက် ၁၇-ချက်နှင့် သတ်မှတ်ရန် မလိုတော့ပေ။
ဘဝင် တစ်ချက်လွန် နှစ်ချက်လွန် စသည် မပြောနိုင်တော့၍ အတီတဘဝင် ချစရာ မလို။
သို့သော် ဘဝင်လှုပ်ရန် လို၏။

ဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> မနောဒွါရာဝဇ္ဇန်း ---> ဇော ၇-ကြိမ် ---> တဒါရုံ ၂-ကြိမ် ---> ဘဝင် .....


အဝိဘူတာရုံဝီထိ

အာရုံ မထင်မရှားသောကြောင့် တဒါရုံ မကျတော့။

ဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> မနောဒွါရာဝဇ္ဇန်း ---> ဇော ၇-ကြိမ် ---> ဘဝင် .....


+++++


“စိတ်,စေတသိက်၊ ရုပ် တိတ် နာဂတ်
ပညတ် နိဗ္ဗာန်၊ ထင်လာမှန်လျှင်
ဘဝင်တီတ၊ ချဖွယ် မဟုတ်။

ပစ္စုပ်ရုပ်သာ၊ ထင်သောခါဝယ်
လျော်စွာနှိုင်းညှိ၊ ချခွင့်ရှိသည်
ုယုတ္တိ ယုတ္တာ စမ်းလေလော့။”


မနောဒွါရမှာ အာရုံအမျိုးမျိုး ထင်လာနိုင်ရာ ပစ္စုပ္ပန်အာရုံထင်လျှင်မူ ‘အတီတဘဝင်’ ချနိုင်၏။

စိတ်၊ စေတသိက်၊ အတိတ်အာရုံ ရုပ်၊ အနာဂတ်အာရုံ ရုပ်၊ ပညတ်၊ နိဗ္ဗာန် တို့ကို အာရုံပြုလျှင်မူ ‘အတီတဘဝင်’ ချရန် မလို။


+++++


အပ္ပနာဇောဝါရဝီထိ

မဟဂ္ဂုတ်နှင့် လောကုတ္တရာဇောများ အဓိကပါသော ဝီထိ ဖြစ်၏။

(အပ္ပနာဇော ၂၆ = ရူပါဝစရကုသိုလ် ၅ + ရူပါဝစရကြိယာ ၅ + အရူပါဝစရကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ + လောကုတ္တရာ ၈)

အပ္ပနာဇောဝါရဝီထိကိုလည်း ‘ဈာနဝီထိ’နှင့် ‘မဂ္ဂဝီထိ’ ဟူ၍ အကြမ်းဖျင်း ၂ မျိုး ခွဲခြား၏။


ဈာနဝီထိ

ဈာနဝီထိတွင် ဈာန်ကို ပထမ စ,ရသောအခါ ဖြစ်သော ဝီထိ (စ)နှင့် နောင် ဈာန်ဝင်စားသောအခါ ဖြစ်သော ဝီထိ (ဝင်စား) ဟူ၍ ၂-မျိုး ထပ်ရှိ၏။

ဈာန် ပထမဆုံးရရှိစဉ် ဖြစ်သော ဝီထိကို ပါဠိလို ‘အာဒိကမ္မိက ဈာနဝီထိ’ဟု ခေါ်၏။

(ဈာန်ရအောင် အားထုတ်နေသော ပုဂ္ဂိုလ်၏ စိတ်သည် ဉာဏ်နှင့်ယှဉ်သော စိတ် ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သော စိတ်ဖြင့် ရှုမှသာ ဈာန်ရနိုင်၏။ ထို့ကြောင့် ဈာန်ဇော၏ ရှေ့က ဖြစ်မည့် ကာမာဝစရဇောသည် ပုထုဇဉ်ပုဂ္ဂိုလ်အတွက် ဉာဏသမ္ပယုတ် ကာမကုသိုလ်ဇော၊ ရဟန္တာဖြစ်ပြီးမှ ဈာန်ရအောင် အားထုတ်သူအတွက် ဉာဏသမ္ပယုတ် ကာမကြိယာဇော ဖြစ်၏။)

ဈာန်ရပုဂ္ဂိုလ်တို့မှာ ဉာဏ်ထက်ကြသူချည်းဖြစ်သော်လည်း ဉာဏ်အနည်းငယ် နုံ့(ညံ့)သောပုဂ္ဂိုလ် (မန္ဒပုဂ္ဂိုလ်)၊ ဉာဏ်ပိုထက်သူ (တိက္ခပုဂ္ဂိုလ်)ဟူ၍ ရှိပြန်ရာ ဝီထိတစ်မျိုးစီ ဖြစ်၏။


မန္ဒပုဂ္ဂိုလ် ဈာနဝီထိ (စ)

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း ပြီးနောက် ကာမာဝစရဇော ၄ ကြိမ် (ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ) စောကာ, ဈာန်ဖြစ်ပြီး ဘဝင် ပြန်ကျသွား၏။

ပရိကံ = အခြေခံ ပြုပြင် စီရင်သော စိတ်
ဥပစာ = (အပ္ပနာဈာန်၏) မနီးမဝေး၌ ဖြစ်သော စိတ်
အနုလုံ = အောက် ပရိကံ, အထက် အပ္ပနာဇောတို့နှင့် လျော်စွာဖြစ်သော စိတ်
ဂေါတြဘူ = ကာမအနွယ်ကို လွှမ်းမိုးသော၊ မဟဂ္ဂုအနွယ်ထဲသို့ ရောက်စေသော စိတ်


ဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> မနောဒွါရာဝဇ္ဇန်း ---> ပရိကံ ---> ဥပစာ ---> အနုလုံ ---> ဂေါတြဘူ ---> ဈာန် ---> ဘဝင်


တိက္ခပုဂ္ဂိုလ် ဈာနဝီထိ (စ)

တိက္ခပုဂ္ဂိုလ်မှာ ပရိကံ မပါတော့ဘဲ ကာမာဝစရဇော သုံးကြိမ်သာ စောတော့၏။

ဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> မနောဒွါရာဝဇ္ဇန်း ---> ဥပစာ ---> အနုလုံ ---> ဂေါတြဘူ ---> ဈာန် ---> ဘဝင်


ပထမဦးဆုံးအကြိမ် ဈာန်ရပြီးနောက် နောင် ဈာန်ပြန်ဝင်စားသောအခါ ဈာန်နှင့် အချိန်ကြာမြင့်စွာ နေပါက ဈာန်စိတ် အကြိမ်ပေါင်းများစွာ ဖြစ်နိုင်၏။


မန္ဒပုဂ္ဂိုလ် ဈာနဝီထိ (ဝင်စား)

ဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> မနောဒွါရာဝဇ္ဇန်း ---> ပရိကံ ---> ဥပစာ ---> အနုလုံ ---> ဂေါတြဘူ ---> ဈာန် ---> ဈာန် ---> ဈာန် ---> ဈာန် .....


တိက္ခပုဂ္ဂိုလ် ဈာနဝီထိ (ဝင်စား)

ဘဝင် ---> ဘဝင်္ဂစလန ---> ဘဝင်္ဂုပစ္ဆေဒ ---> မနောဒွါရာဝဇ္ဇန်း ---> ဥပစာ ---> အနုလုံ ---> ဂေါတြဘူ ---> ဈာန် ---> ဈာန် ---> ဈာန် ---> ဈာန် .....


+++++


ဈာနဝီထိမှာ ကာမာဝစရဇော ၄-ကြိမ် (အမည်အားဖြင့် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ/ဇောအနေဖြင့် တစ်ခုတည်းက ထပ်ကာ ထပ်ကာ ဖြစ်ခြင်း) စောရာ -

ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်များအတွက် ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇော ၄ ခုအနက် တစ်ခုခု၊ ရဟန္တာဖြစ်ပါက ဉာဏသမ္ပယုတ် ကာမာဝစရကြိယာဇော ၄ ခုအနက် တစ်ခုခု ဖြစ်၏။

ကာမာဝစရဇော ၄-ကြိမ် ဖြစ်ပြီး၊ ဈာန်ဇောတစ်ကြိမ်ဖြစ်ရာ - ရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်၊ အရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် တို့အနက် တစ်ခုခု ဖြစ်၏။

ဈာနဝီထိ၏ အာရုံမှာ ကသိုဏ်းပညတ် (အသုဘ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ) စသည် ဖြစ်၏။

ဘဝင်မှာ ကာမသတ္တဝါဖြစ်က ကာမဘဝင်၊ ရူပါဝစရသတ္တဝါဖြစ်က ရူပါဝစရဘဝင်၊ အရူပါဝစရသတ္တဝါဖြစ်က အရူပါဝစရဘဝင် စသည် ဖြစ်၏။

မှီရာဝတ္ထုမှာ ရှေးရှေးစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု ဖြစ်၏။


+++++


ကာမဇောနောင် အပ္ပနာဇော

ဈာနဝီထိတွင် ကာမဇောနောက်က ဈာန်ဇော လိုက်၏။

ရှေ့ ကာမာဝစရဇောများမှာ ကာမာဝစရကုသိုလ် ဉာဏသမ္ပယုတ် သောမနဿ ၂ ခု, ဥပေက္ခာ ၂ ခု၊ ကာမာဝစရကြိယာ ဉာဏသမ္ပယုတ် သောမနဿ ၂ ခု, ဥပေက္ခာ ၂ ခု တို့မှ တစ်ခုခု ဖြစ်၏။

ရှေ့ ကာမာဝစရဇော (ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ) သည် “သောမနဿ”ဖြစ်က နောင်မှာ သောမနဿ အပ္ပနာဇော လိုက်၏။

ကာမာဝစရဇော “ဥပေက္ခာသဟဂုတ်” ဖြစ်က နောင် ဥပက္ခောသဟဂုတ် အပ္ပနာဇော စော၏။

တစ်ခါ -
ရှေ့ ကာမာဝစရဇောသည် ကာမာဝစရ‘ကုသိုလ်’ “ဉာဏသမ္ပယုတ်”ဇောဖြစ်က နောင် အပ္ပနာ ကုသိုလ်ဇော (ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, မဂ်)နှင့် အောက်ဖိုလ် ၃-ခု (သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်) စော၏။

ရှေ့ ကာမာဝစရဇောသည် ကာမာဝစရ‘ကြိယာ’ “ဉာဏသမ္ပယုတ်ဇော”ဖြစ်က နောင် အပ္ပနာ ကြိယာဇော (ရူပါဝစရကြိယာ၊ အရူပါဝစရကြိယာ) လိုက်၏။

ထို့ကြောင့် -

မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် ----› အပ္ပနာဇော ၃၂ (မဟဂ္ဂုတ် ကုသိုလ် သောမနဿ ၄ + လောကုတ္တရာ မဂ် သောမနဿ ၁၆ + လောကုတ္တရာ အောက်ဖိုလ် သောမနဿ ၁၂)

မဟာကုသိုလ် ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် ----› အပ္ပနာဇော ၁၂ (မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာ ၅ + လောကုတ္တရာ မဂ် ဥပေက္ခာ ၄ + လောကုတ္တရာ အောက်ဖိုလ် ဥပေက္ခာ ၃)

မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် ----› အပ္ပနာဇော ၈ (မဟဂ္ဂုတ် ကြိယာ သောမနဿ ၄ + လောကုတ္တရာ အရဟတ္တဖိုလ် သောမနဿ ၄)

မဟာကြိယာ ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် ----› အပ္ပနာဇော ၆ (မဟဂ္ဂုတ် ကြိယာ ဥပေက္ခာ ၅ + လောကုတ္တရာ အရဟတ္တဖိုလ် ဥပေက္ခာ ၁) ခု စောနိုင်၏။


+++++

Sunday, March 14, 2010

စိန်စည်ဆရာတော် ပူဇော်ပွဲနှင့် တရားပွဲ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စ၍ ကြွရောက် သီတင်းသုံးလျက်ရှိသော ပြည်တွင်းပြည်ပ မဟာစည်ရိပ်သာများ၏ နာယက၊ အောင်လံမြို့နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဟာစည်သြဝါဒခံ စိန်စည်သာသနာ့ရိပ်သာ၏ ပဓာနနာယက၊ ကမ္မဋ္ဌာနာစရိယ ဓမ္မာစရိယ ဒီဃဘာဏက (ပိဋကတ်တစ်ပုံဆောင်) စိန်စည်ဆရာတော် ဘဒ္ဒန္တသညောဘာသအား ပူဇော်ပွဲနှင့် တရားပွဲကို ၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

နယူးယောက်မြို့ဝန်းကျင်ရာသီဥတုမှာ သောကြာနေ့ကတည်းက မိုးများရွာသွန်းလျက်ရှိပြီး စနေ၊ တနင်္ဂနွေ နေ့များတိုင်အောင် မိုးသည်း လေထန်မည်ဟု ခန့်မှန်းထားသည့်အတိုင်း မိုးသည်းထန်၍ လေတိုက်နှုန်း ပြင်းသဖြင့် ရာသီဥတု မကောင်းလှပေ။

ကျောင်းနေ သံဃာ သုံးပါးမှာ အခြားဆွမ်းစားတစ်ခုသို့ ကြွရောက်ကြရ၍ ကျောင်း၌ လောကချမ်းသာဆရာတော်နှင့် စိန်စည်ဆရာတော်တို့သာ ရှိ၏။

ပူဇော်ပွဲသို့ လာရောက်ကြသော ဒကာ ဒကာမများ ယူဆောင်လာကြသည့် ဆွမ်းဟင်းများနှင့် အချိုပွဲများမှာ ဆရာတော်နှစ်ပါးအတွက် များစွာ ပိုလျှံနေ၏။






ထိုနေ့ ပူဇော်ပွဲနှင့်တရားပွဲတွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းမှ အတွင်းရေးမှူး ဦးစောဝင်းက စိန်စည်ဆရာတော်အား မေးမြန်းလျှောက်ထားခန်းကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးမည့် အစီအစဉ်တစ်ခုလည်း ပါဝင်၏။

အစီအစဉ်အရ ဆယ်မိနစ်-ဆယ့်ငါးမိနစ်စာ မေးမြန်းလျှောက်ထားခန်းကို နာရီဝက်-လေးဆယ့်ငါးမိနစ်ခန့် (နေ့ခင်း ၁၂း၃၀ နာရီမှ ၁း၀၀ နာရီထိ) အချိန်ယူရန် ခန့်မှန်းထားသော်လည်း မေးမြန်းလျှောက်ထားခန်းမှာ တစ်နာရီခန့် ရှိသွားပြီး ရိုက်ကူးချိန်အပါအဝင် ၂ နာရီခန့် ကြာမြင့်သွား၏။



အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်း၏ စိတ်ဝင်စားဖွယ် အချက်ကျသော မေးခွန်းများကို စိန်စည်ဆရာတော်က ကြားနာရသူတို့ နှစ်ထောင်းအားရ ဝမ်းမြောက်ဖွယ် စိတ်အားတက်ဖွယ် မှတ်သားဖွယ် လိုက်နာဖွယ် ဖြေကြားပေးသွားရာ သာဓုခေါ်ကြရလေသည်။

ဤ မေးမြန်းလျှောက်ထားခန်း ဗွီဒီယိုမှတ်တမ်းကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အင်တာနက်စာမျက်နှာတွင် လွှင့်တင်ရန် စီစဉ်ထားကြောင်း သိရ၏။

မေးမြန်းလျှောက်ထားခန်းအပြီးတွင် စိန်စည်ဆရာတော်လည်း နာရီဝက်ခန့်မျှသာ အနားယူချိန်ရရှိပြီး မွန်းလွဲ ၃း၀၀ နာရီ၌ လောကချမ်းသာ စနေနေ့တရားပွဲကို ဆက်လက် ဟောကြားရ၏။


ဤ တရားပွဲကိုလည်း ဗွီဒီယိုဖြင့် မှတ်တမ်းတင်ထားရာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အင်တာနက်စာမျက်နှာမှ ထုတ်လွှင့်သွားရန်နှင့် မေးမြန်းလျှောက်ထားခန်း ဗွီဒီယိုနှင့် ပူးတွဲကာ ဒီဗွီဒီချပ်များ ထုတ်လုပ်ရန် တိုက်တွန်းထားကြ၏။

တရားပွဲပြီးသောအခါ တရားနာပရိသတ်များမှာ ဝိပဿနာတရားကို လက်တွေ့ရှုမှတ်လိုကြသူများဖြစ်ရာ ဆယ့်ငါးမိနစ်ခန့် လက်တွေ့တရားရှုမှတ်ကြရ၏။



လက်တွေ့ တရားရှုမှတ်ပြီးကြ၍ တရားပွဲပြီးသောအခါ လောကချမ်းသာဆရာတော်၊ စိန်စည်ဆရာတော်တို့နှင့် တရားနာပရိတ်သတ်များ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြ၏။



ညနေ ၅း၀၀ နာရီမှ ၆း၀၀ နာရီအထိတွင်မူ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြားပို့ချပေးနေသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ (၂၃)ပတ်မြောက် အဘိဓမ္မာသင်ခန်းစာကို ဆရာတော် (အရှင်သီလာနန္ဒာဘိဝံသ)၏ အသံသွင်းသင်တန်းခွေ ဖွင့်ကာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ သင်ယူကြ၏။

သင်တန်းပြီးသောအခါ သင်တန်းသူ သင်တန်းသားများ၏ တောင်းဆိုချက်အတိုင်း စိန်စည်ဆရာတော်မှာ တစ်နေ့ခင်းလုံး ဖြေကြား ဟောကြားထားရမှုများကြောင့် ကောင်းစွာ အပန်းဖြေချိန် မရသေးသော်လည်း သင်တန်းသူ သင်တန်းသားများ၏ အဘိဓမ္မာတရားတော်ကို လေ့လာ သင်ယူလိုမှု၊ မရှင်းလင်းသော အချက်များကို သိနားလည်လိုမှု ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ညနေ ၆း၀၀ နာရီမှ ၇း၀၀ နာရီတိုင်အောင် ရှင်းလင်း သင်ကြားပေး၍ သိလိုမှု မေးခွန်းများကို စိတ်ဝင်စားဖွယ် နားလည် သဘောပေါက်အောင် ရှင်းလင်း ဖြေဆိုပေးသွား၏။


စိန်စည်ဆရာတော်မှာ ၂၀၁၀ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကနေဒါနိုင်ငံ၊ စင်ကာပူနိုင်ငံတို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်မည်ဖြစ်ရာ စိန်စည်ဆရာတော် ကျန်းမာ ချမ်းသာစွာဖြင့် သာသနာ့အကျိုး ဆက်လက် သည်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သကြလေသည်။

Friday, March 12, 2010

အသက်ရှင်စဉ် စိတ်ဖြစ်ပုံ (၂)


တဒါရုံစိတ်

ဝီထိစိတ်တစ်ခုထဲမှာ ဇောစိတ်တွေ ဖြစ်ပြီးတဲ့နောက် တဒါရုံစိတ် (၂)ကြိမ် ဖြစ်တယ်။
ဇောစိတ်ရဲ့အဆုံးမှာ ဘဝင်စိတ် ဖြစ်ထိုက်ပေမယ့် မဖြစ်သေးဘဲ တဒါရုံစိတ် ဆက်ဖြစ်တယ်။
ဥပမာ - လှေသင်္ဘောတွေ ရေဆန်ကို မောင်းတဲ့အခါ အောက်အကြေကို စီးနေတဲ့ ရေအယဉ်ဟာ လှေသင်္ဘောတွေရဲ့ နောက်ကို အချိန်အနည်းငယ် ဆန်တက်ပြီး လိုက်ပါသွားသလို ဇောစိတ်ရဲ့အဆုံးမှာ ဘဝင်စိတ် မဖြစ်သေးဘဲ တဒါရုံစိတ် (၂)ကြိမ် ဖြစ်တယ်။
နှစ်ခုမြောက် တဒါရုံစိတ် ချုပ်ပျောက်တဲ့အခါ ဝီထိစိတ်အစဉ်တစ်ခုဟာ ပြီးဆုံးသွားတယ်။
အဲဒီနောက်တော့ ဘဝင်စိတ်အစဉ် ဆက်ပြီး ဖြစ်တယ်။

ဇောစိတ်က ယူပြီးဖြစ်တဲ့ အာရုံကို ထပ်မံပြီး ယူတဲ့စိတ်ကို “တဒါရုံစိတ်”လို့ ခေါ်တယ်။
မဟာဝိပါက်စိတ် (၈)ခုနဲ့ သန္တီရဏစိတ် (၃)ခု တို့က တဒါရုံရဲ့ လုပ်ငန်းကိစ္စကို ဆောင်ရွက်တယ်။

ကာမဘုံမှာ ဖြစ်တဲ့ သတ္တဝါတွေမှာ အတိမဟန္တာရုံဝီထိစိတ်နဲ့ ဝိဘူတာရုံဝီထိစိတ်တွေ ဖြစ်တဲ့အခါ ကာမဇောရဲ့ အဆုံးမှာသာ တဒါရုံစိတ် ဖြစ်နိုင်တယ်။

ရဟန္တာမှာ တဒါရုံစိတ် ဖြစ်,မဖြစ်

ရဟန္တာရဲ့ ကြိယာဇောစိတ်နောက်မှာ တဒါရုံစိတ်ဖြစ်တယ်ဆိုတဲ့ အယူအဆကို မူလဋီကာဆရာက သဘောမကျဘူး။
ဥပမာ - အရှိန်နဲ့ ဆန်တက်တဲ့ လှေရဲ့နောက်မှာ ရေအယဉ်အနည်းငယ် ဆန်တက်လိုက်ပါသလို ကုသိုလ်ဇော အကုသိုလ်ဇောစိတ်တွေရဲ့ အရှိန်အဟုန်နောက် တဒါရုံစိတ် လိုက်ဖြစ်တာဟာ သဘာဝကျတယ်။ ဒါပေမယ့် ငြိမ်ငြိမ်သက်သက် မျောနေတဲ့ ဖက်ရွက်ရဲ့နောက် ရေအယဉ် မလိုက်ပါသလို အလွန်ငြိမ်သက်မှုသဘောရှိတဲ့ ကြိယာဇောတွေရဲ့နောက်မှာ တဒါရုံစိတ် လိုက်ပြီး ဖြစ်တယ်ဆိုတာ သဘာဝမကျဘူးလို့ ယူဆတယ်။
ပဋ္ဌာန်းဒေသနာမှာ ကုသိုလ်ဇော အကုသိုလ်ဇောတွေရဲ့နောက်မှာ တဒါရုံစိတ်ကို ဟောပြီး ကြိယာဇောရဲ့နောက် တဒါရုံမဟောတာကို သာဓကအနေနဲ့ ထောက်ပြတယ်။

ဝီထိစိတ်ဖြစ်ပုံ ဥပမာ

ဝီထိစိတ်ဖြစ်ပုံကို အလွယ်တကူ နားလည်သဘောပေါက်အောင် သရက်ပင်အောက်မှာ အိပ်ပျော်နေသူရဲ့ သရက်သီး ကြွေကျတဲ့အခါ အဲဒီအိပ်ပျော်နေသူရဲ့ လှုပ်ရှားပုံတွေကို ဒီလို နှိုင်းယှဉ်ပြထားတယ်။

၁။ ဝီထိစိတ် မဖြစ်မီ ဘဝင်စိတ်ဖြစ်နေနှင့်တာဟာ လူတစ်ယောက် သရက်ပင်အောက်မှာ ခေါင်းကို ခြုံပြီး အိပ်ပျော်နေတာနဲ့ တူတယ်။
၂။ မျက်စိအကြည်ဓာတ် (ပသာဒ)မှာ အာရုံထိခိုက်လာတာဟာ သရက်သီး ကြွေကျတာနဲ့ တူတယ်။
၃။ သရက်သီးကြွေကျသံကြောင့် မနိုးတစ်ဝက် နိုးတစ်ဝက်ဖြစ်တာဟာ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒတို့ရဲ့ လုပ်ငန်းနဲ့ တူတယ်။
၎။ ဘဝင်စိတ်အစဉ် ပြတ်ပြီး အာဝဇ္ဇန်းစိတ် ဖြစ်ပေးလာတာဟာ သရက်သီးကြွေကျတဲ့အသံကြောင့် အိပ်ပျော်နေရာက နိုးတာနဲ့ တူတယ်။
၅။ မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်) ဖြစ်ပြီး ရုပ်အဆင်းကို မြင်တာဟာ ခေါင်းမြီးခြုံကို ဖွင့်ပြီးကြည့်တာနဲ့ တူတယ်။
၆။ ရုပ်အဆင်းအာရုံကို လက်ခံသလို (သမ္ပဋိစ္ဆိုင်းစိတ်)ဖြစ်တာဟာ သရက်သီးကို လှမ်းယူတာနဲ့ တူတယ်။
၇။ ခံယူပြီးတဲ့အာရုံကို ကောင်းသလား, မကောင်းဘူးလားလို့ စုံစမ်းမှု (သန္တီရဏစိတ်)ပြုတာဟာ သရက်သီး မှည့်,မမှည့် သိဖို့ လက်နဲ့ စမ်းသပ်ကြည့်တာနဲ့ တူတယ်။
၈။ ကောင်းတယ်, မကောင်းဘူးလို့ ဆုံးဖြတ်တာ (ဝုဋ္ဌောစိတ်)ဟာ သရက်သီး မှည့်တယ်, မမှည့်ဘူးလို့ သိတာနဲ့ တူတယ်။
၉။ မြင်ရတဲ့အဆင်းအာရုံကို ခံစားခြင်း (ဇောစိတ်)ဟာ သရက်သီးကို အရသာခံပြီး ဝါးစားနေတာနဲ့ တူတယ်။
၁၀။ ဇောစိတ်က ခံစားပြီးတဲ့ အာရုံကို ထပ်ခံစားနေတာ (တဒါရုံ)ဟာ ဝါးပြီးတာကို မျိုချတာ, အရသာစွဲကျန်နေတာတွေနဲ့ တူတယ်။
၁၁။ တဒါရုံစိတ်ရဲ့နောက်မှာ ဘဝင်စိတ်ဆက်ဖြစ်တာဟာ ပြန်အိပ်ပျော်တာနဲ့ တူတယ်။

မျက်စိစသည်တွင် အာရုံထင်လာခြင်း

ဝီထိစိတ်ရဲ့အာရုံဖြစ်လောက်အောင်, ငြိမ်သက်နေတဲ့ ဘဝင်စိတ်ကို လှုပ်ရှားစေနိုင်လောက်အောင် သက်ဆိုင်ရာ ဒွါရနဲ့ သက်ဆိုင်ရာ အာရုံတို့ စပ်မိ ဟပ်မိ ဓာတ်ထိခိုက်မိတာကို အာရုံထင်ခြင်းသို့ ရောက်တယ်လို့ ဆိုလိုတယ်။

အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ ဆိုတဲ့ အာရုံငါးပါးတို့ မျက်စိ, နား, နှာ, လျှာ, ကိုယ်တွေမှာ ထင်လာဖို့ အာရုံနဲ့ ဒွါရတို့ ရှိနေရုံနဲ့ မထင်နိုင်ပါဘူး။
ရုပ်အဆင်းကို မြင်ဖို့ အလင်းရောင်လိုတယ်။ အသံကို ကြားဖို့ အပေါက်အကြား လိုတယ်။ အနံ့ရဖို့ လေအထောက်အပံ့ လိုတယ်။ အရသာဓာတ်ရဖို့ အရည်အထောက်အပံ့ လိုတယ်။ အတွေ့အထိကို သိရှိခံစားနိုင်ဖို့ ပထဝီဆိုတဲ့ အမာဓာတ် လိုတယ်။

ဆင်ခြင်တယ်, နှလုံးသွင်းတယ်, အာရုံပြုတယ်လို့ ပြောရတဲ့ (အာဝဇ္ဇန်းစိတ်)ကတော့ အာရုံယူပြီးမှ ဖြစ်ရတဲ့ မြင်သိစိတ်, ကြားသိစိတ်, နံသိစိတ်, အရသာခံစိတ်, ထိသိစိတ်တွေ (ဝိညာဉ်ငါးပါး) ဖြစ်ခြင်းရဲ့ အကြောင်းအရာတွေမှာ ပါဝင်တယ်။

ရုပ်အဆင်း စတဲ့ အာရုံငါးပါးတို့ မျက်စိ, နား စတဲ့ ဒွါရတွေမှာ ထင်လာတဲ့အခါ အဆင်းနဲ့မျက်စိ ထိခိုက်လျှင် ထိခိုက်ချင်း ရုပ်အဆင်းကို မျက်စိထဲမှာ မမြင်နိုင်သေးဘူး။
ရုပ်ရဲ့သဘောဟာ ဥပါဒ်, ဌီ, ဘင် (ဖြစ်, တည်, ပျက်)ဆိုတဲ့ ဖြစ်စဉ်ထဲက တည်ဆဲအခိုက်အတန့်မှာသာ အားအကောင်းဆုံး ဖြစ်တယ်။ ဒါ့ကြောင့် အားအကောင်းဆုံးဖြစ်တဲ့ ရုပ်အဆင်းဟာ အကြည်လင်ဆုံးဖြစ်တဲ့ မျက်စိမှာ ထင်တဲ့အခါမှာပင် အနည်းဆုံး စိတ္တက္ခဏတစ်ချက် လွန်အပြီး တည်ဆဲ (ဌီ) အခိုက်အတန့်ရောက်မှ ထင်မြင်နိုင်တယ်။

မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်) ကို ဖြစ်စေတဲ့ မျက်စိ, အဆင်းအာရုံ, အလင်းရောင်ဆိုတဲ့ အချက်တွေထဲက တစ်ခုခုအားနည်းရင် စိတ္တက္ခဏ (၂)ချက်ကနေ (၁၅)ချက် လွန်ပြီးတဲ့နောက် (ဌီ)အခိုက်အတန့် ရောက်ပြီး အတ်ာကြာမှ ရုပ်အဆင်းကို မြင်နိုင်တယ်။

ဝီထိစိတ်အစဉ်အတန်းတစ်ခုထဲမှာ ပဉ္စဒွါရာဝဇ္ဇန်းကနေ တဒါရုံအထိ ဖြစ်တဲ့ စိတ်သေး, စိတ်မွှားကလေးတွေဟာ ထင်လာတဲ့ လတ်တလော (ပစ္စုပ္ပန်) ရုပ်အဆင်းကိုပဲ အာရုံပြုတယ်။

မြင်သိစိတ် (စက္ခုဝိညာဉ်စိတ်)ဟာ မျက်စိအကြည်ဓာတ်ကို မှီပြီး ဖြစ်တယ်။ ဘဝင်စိတ်နဲ့ ကျန်တဲ့ စိတ်တွေကတော့ ဟဒယဝတ္ထုရုပ်ကို မှီပြီး ဖြစ်တယ်။

ဒွါရနဲ့ အာရုံ

အပေါက်, အဝကို ပါဠိလို “ဒွါရ”လို့ ခေါ်တယ်။
တံခါးပေါက် မရှိရင် အိမ်ထဲကို လူမဝင်နိုင်ဘူး။ ဒီလိုပဲ အိမ်နဲ့တူတဲ့ ခန္ဓာကိုယ်မှာလည်း တံခါးပေါက်နဲ့တူတဲ့ မျက်စိအကြည်ဓာတ်, နားအကြည်ဓာတ်, နှာခေါင်းအကြည်ဓာတ်, လျှာအကြည်ဓာတ်, ကိုယ်အကြည်ဓာတ်တွေ မရှိရင် မြင်သိစိတ်, ကြားသိစိတ်, နံသိစိတ်, အရသာသိစိတ်, ထိသိစိတ်တွေအတွက် ဝီထိစိတ်အစဉ်တွေ မဖြစ်နိုင်ဘူး။

တံခါးပေါက်ဟာ လူတွေရဲ့ ဝင်ရောက်ရာဖြစ်သလို မျက်စိအကြည်ဓာတ်စသည်တို့ဟာလည်း မြင်သိစိတ်စသည်တို့ရဲ့ ဖြစ်ပေါ်လာကြောင်း (ဝင်လာသလို) ဖြစ်တယ်။ ဒါကြောင့် -
မျက်စိရဲ့အကြည်ဓာတ် (စက္ခပသာဒ)ကို စက္ခုဒွါရ၊
နားရဲ့အကြည်ဓာတ် (သောတပသာဒ)ကို သောတဒွါရ၊
နှာခေါင်းရဲ့အကြည်ဓာတ် (ဃာနပသာဒ)ကို ဃာနဒွါရ၊
လျှာရဲ့အကြည်ဓာတ် (ဇိဝှါပသာဒ)ကို ဇိဝှါဒွါရ၊
ကိုယ်ရဲ့အကြည်ဓာတ် (ကာယပသာဒ)ကို ကာယဒွါရ လို့ ခေါ်တယ်။

ဘဝင်စိတ်မှာ အာရုံတစ်ခုခု ထင်လာရင် အဲဒီအာရုံကို ယူပြီး ကြံသိစိတ်ဖြစ်ရလို့ “ဘဝင်စိတ်”ကိုပဲ “မနောဒွါရ”လို့ ခေါ်ရတယ်။
ဘဝင်ရဲ့ကိစ္စကို ဆောင်ရွက်တဲ့ စိတ်တွေကတော့ - ဥပေက္ခာသန္တီရဏစိတ် (၂)ခု၊ မဟာဝိပါက်စိတ် (၈)ခု၊ ရူပါဝစရဝိပါက်စိတ် (၅)ခု၊ အရူပါဝစရဝိပါက်စိတ် (၄)ခု၊ စုစုပေါင်း စိတ် (၁၉)မျိုး ဖြစ်တယ်။

မိမိကိုယ်တိုင် ဒွါရဖြစ်နေလို့ အဲဒီစိတ်တွေဟာ ဝီထိစိတ်အစဉ်မှာ မပါဝင်ကြဘူး။
ဒါကြောင့် သူတို့ကို “ဝီထိမုတ်စိတ်”လို့လည်း ခေါ်ရတယ်။

မျက်စိအကြည်ဓာတ်ကို မှီပြီး -
၁။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် (၁)၊
၂။ စက္ခုဝိညာဉ်စိတ် (၂)၊
၃။ သမ္ပဋိစ္ဆိုင်းစိတ် (၂)၊
၎။ သန္တီရဏစိတ် (၃)၊
၅။ ဝုဋ္ဌောစိတ် (၁)၊
၆။ ကာမဇောစိတ် (၂၉)၊
၇။ တဒါရုံစိတ် (=မဟာဝိပါက်စိတ်ရှစ်ခု)
စုစုပေါင်း စိတ် (၄၆)ခု ဖြစ်တယ်။

အဲဒီစိတ်တွေဖြစ်တဲ့အခါမှာလည်း အာရုံ, ပုဂ္ဂိုလ်, ဘုံဌာန, နှလုံးသွင်းမှု စတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး ထိုက်သင့်သလို ဖြစ်တယ်။

နားအကြည်ဓာတ်စသည်တို့ကို မှီပြီးတော့လည်း မိမိတို့ဆိုင်ရာ သောတဝိညာဉ်စိတ်စသည်နဲ့အတူ အထက်ပါအတိုင်း စိတ် (၄၆)ခု ဖြစ်တယ်။

ဘဝင်စိတ်ကို မှီပြီးတော့ -
၁။ မနောဒွါရာဝဇ္ဇန်းစိတ်၊
၂။ ဇောစိတ် (၅၅)ခု၊
၃။ တဒါရုံစိတ် (၁၁)ခု၊
စုစုပေါင်း စိတ် (၆၇)ခု ဖြစ်တယ်။

ဒွါရဝိမုတ်စိတ်

၁။ ဘဝတစ်ခုရဲ့ အစဦးစိတ် (ပဋိသန္ဓေစိတ်)၊
၂။ ဘဝကို ဆက်လက် ရှင်သန်နေစေရန် အထောက်အပံ့ပေးထားတဲ့ ဘဝရဲ့အစိတ်အပိုင်းဖြစ်တဲ့စိတ် (ဘဝင်စိတ်)၊
၃။ ဘဝတစ်ခုရဲ့ နောက်ဆုံးစိတ် (စုတိစိတ်)တွေဟာ သူတို့ကိစ္စကို သူတို့ဆောင်ရွက်နေခိုက် ဘယ်ဒွါရမှာမှ မဖြစ်ကြလို့ ဒွါရမှအလွတ်ဖြစ်တဲ့ (ဒွါရဝိမုတ်)စိတ်တွေ ဖြစ်ကြတယ်။

မဟဂ္ဂုတ်ဝိပါက်စိတ် (ရူပါဝိပါက်စိတ် ငါးခု + အရူပဝိပါက်စိတ် လေးခု)ဟာလည်း ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စမှတပါး အခြားကိစ္စကို မဆောင်ရွက်နိုင်လို့ အမြဲ ဒွါရမှလွတ်တဲ့ စိတ်တွေ ဖြစ်တယ်။

အာရုံ

မွေ့လျော်ဖွယ်ရာကောင်းတဲ့ အရာတွေကို “အာရုံ”လို့ ခေါ်တယ်။
ဥပမာ - ဥယျာဉ် ပန်းမာလ်တွေဟာ လူတွေရဲ့ မွေ့လျော်ရာဖြစ်သလို အဆင်း, အသံ, အနံ့, အရသာ အစရှိတဲ့ အရာတွေဟာလည်း စိတ်, စေတသိက်တရားတွေရဲ့ မွေ့လျော်ရာ ဖြစ်တယ်။
ဒါကြောင့် အဆင်း, အသံစတဲ့ အရာတွေကို “အာရုံ”လို့ ခေါ်ရတယ်။

ရုပ်အဆင်း, အသံစတဲ့ အရာတွေဟာ “ဆွဲကိုင်အပ်တဲ့သဘော ရှိတယ်”။
ဥပမာ - မသန်မစွမ်းသူတွေဟာ တောင်ဝှေး, ကြိုးတန်းစတဲ့ အရာတွေကို ကိုင်ပြီးမှ ထနိုင် ထိုင်နိုင်ကြသလိုပဲ စိတ် စေတသိက်တွေဟာလည်း အဆင်းစတဲ့ အရာတွေကို အစွဲပြုပြီးမှ ဖြစ်ကြရတယ်။
ဒါကြောင့် အဆင်း, အသံစတဲ့ အရာတွေကို “အာရုံ”လို့ ခေါ်ရတယ်။

အာရုံ (၆)မျိုး ရှိတယ်။
၁။ ရုပ်အဆင်းကို “ရူပါရုံ”၊
၂။ အသံကို “သဒ္ဒါရုံ”၊
၃။ အနံ့ကို “ဂန္ဓာရုံ”၊
၎။ အဆီသြဇာ အရသာကို “ရသာရုံ”၊
၅။ အတွေ့အထိကို “ဖောဋ္ဌဗ္ဗာရုံ” လို့ ခေါ်တယ်။
၆။ “ဓမ္မာရုံ”ဆိုတဲ့ သဘောတရားထဲမှာတော့ - (၁) စိတ်၊ (၂) စေတသိက်၊ (၃) ပသာဒရုပ်၊ (၄) သုခုမရုပ်၊ (၅) နိဗ္ဗာန်၊ (၆) ပညတ် လို့ ခြောက်မျိုး ရှိတယ်။
အဲဒီထဲက ‘ပသာဒရုပ်’ဆိုတာ မျက်စိအကြည်ဓာတ်၊ နားအကြည်ဓာတ်၊ နှာခေါင်းအကြည်ဓာတ်၊ လျှာအကြည်ဓာတ်၊ ကိုယ်အကြည်ဓာတ်ဆိုတဲ့ ရုပ်တွေ ဖြစ်တယ်။

‘သုခုမရုပ်’ဆိုတာ -
၁။ ရေဓာတ် (အာပေါဓာတ်)၊
၂။ အမဓာတ် (ဣတ္ထိဘာဝရုပ်)၊
၃။ အဖိုဓာတ် (ပုရိသဘာဝရုပ်)၊
၎။ နှလုံးသွေး (ဟဒယဝတ္ထုရုပ်)၊
၅။ အသက်ဓာတ် (ဇီဝိတရုပ်)၊
၆။ အဆီအစေးဓာတ် (အာဟာရဇရုပ်)၊
၇။ အကြားအပေါက်ဓာတ် (ပရိစ္ဆေဒရုပ်)၊
၈။ ကိုယ်အမူအရာ (ကာယဝိညတ်ရုပ်)၊
၉။ နှုတ်အမူအရာ (ဝစီဝိညတ်ရုပ်)၊
၁၀။ ရုပ်ခန္ဓာရဲ့ ပေါ့ပါးမှု (လဟုတာရုပ်)၊
၁၁။ ရုပ်ခန္ဓာရဲ့ နူးညံ့မှု (မုဒုတာရုပ်)၊
၁၂။ ရုပ်ခန္ဓာရဲ့ ဖျတ်ဖျတ်လတ်လတ်ရှိမှု, အဆင်ပြေမှု (ကမ္မညတာရုပ်)၊
၁၃။ စတင်ဖြစ်ခြင်းသဘော (ဥပစယရုပ်)၊
၁၄။ နောက်ထပ်ဆက်ပြီး ဖြစ်ခြင်းသဘော (သန္တတိရုပ်)၊
၁၅။ ရင့်ရော်ခြင်း, အိုမင်းခြင်းသဘော (ဇရတာရုပ်)၊
၁၆။ ပျက်စီးခြင်းသဘော (အနိစ္စတာရုပ်) တို့ ဖြစ်တယ်။

ခြောက်ဒွါရမှာ ဖြစ်တဲ့ ဝီထိစိတ်ပုံစံများ

ဝီထိစိတ်တစ်ခုမှာ ပါတဲ့ စိတ်သေးစိတ်မွှား အရေအတွက်အပေါ် မူတည်ပြီး ဖြစ်တဲ့ ဝီထိစိတ်တွေဟာ -

၁။ အတိမဟန္တာရုံဝီထိ၊
၂။ မဟန္တာရုံဝီထိ၊
၃။ ပရိတ္တာရုံဝီထိ၊
၎။ အတိပရိတ္တာရုံဝီထိ၊
၅။ ဝိဘူတာရုံဝီထိ၊
၆။ အဝိဘူတာရုံဝီထိ လို့ ခြောက်မျိုး ကွဲပြားသွားတယ်။

အတိမဟန္တာရုံဝီထိစိတ်ပုံစံ

အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---›  ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› တဒါရုံ ---› တဒါရုံ”

အဆင်းအာရုံနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံတာက စပြီး အတီတဘဝင် (၁)ချက်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာတယ်။
ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် ဖြစ်ပြီးတဲ့နောက် စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်သက်တမ်းတစ်ခု စေ့တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ဒုတိယတဒါရုံစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “အတိမဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

မဟန္တာရုံဝီထိစိတ်

ရုပ်အဆင်းကို မြင်ခြင်းရဲ့ အကြောင်းသုံးခုမှာ ရုပ်အဆင်းကဖြစ်စေ, မျက်စိအကြည်ဓာတ်ကဖြစ်စေ, အလင်းရောင်ကဖြစ်စေ သိပ်ပြီး အားမကောင်းလို့ ရုပ်အဆင်းနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံပြီးနောက် စိတ္တက္ခဏ (၂)ချက် သို့မဟုတ် (၃)ချက်ခန့်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်းထင်လာတယ်။

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ် ဖြစ်ပြီးတဲ့နောက် စိတ်အရေအတွက် (၁၇)ချက် စေ့လို့ ရုပ်သက်တမ်းတစ်ခု စေ့တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ခုနစ်ကြိမ်မြောက် ဇောစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
တဒါရုံ (၂)ကြိမ် ဖြစ်လောက်အောင် ရုပ်ရဲ့သက်တမ်းဟာ တည်နေဖို့ မစွမ်းနိုင်တော့ဘဲ ဇောစိတ်ရဲ့ အဆုံးမှာပဲ ချုပ်ပျောက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “မဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

မဟန္တာရုံဝီထိစိတ်ပုံစံ (၂)မျိုး

အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော” ---› ဘဝင် ---›

ရုပ်အဆင်းနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံပြီးတဲ့နောက် အတီတဘဝင်စိတ် (၂)ချက်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်တယ်။
ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, ဘဝင်တစ်ကြိမ် ဖြစ်ပြီးနောက် စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်သက်တမ်းတစ်ခု ပြည့်တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပထမ မဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---›  ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော ---› ဇော”

ရုပ်အဆင်းနဲ့ မျက်စိအကြည်ဓာတ်တို့ တွေ့ဆုံပြီးတဲ့နောက် အတီတဘဝင်စိတ် (၃)ချက်အလွန်မှာ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်တယ်။

ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်စိတ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ် ဖြစ်ပြီးတဲ့နောက် စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်သက်တမ်းတစ်ခု ပြည့်တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ခုနစ်ခုမြောက် ဇောစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျောက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ဒုတိယ မဟန္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

ပရိတ္တာရုံဝီထိ

မျက်စိရဲ့ အားနည်းမှု, ရုပ်အဆင်းရဲ့ သေးငယ်မှုန်မွှားမှု, အလင်းရောင်ရဲ့ အားနည်းမှုဆိုတဲ့ အချက်တွေထဲမှာ နှစ်ခုသော်လည်းကောင်း သုံးခုသော်လည်းကောင်း ဖြစ်နေတဲ့အတွက် အဆင်းကို မြင်လိုက်ရသလိုလို, အသံကို ကြားလိုက်ရသလိုလို ဖြစ်တတ်တယ်။
အဲဒီအခါမှာ ဖြစ်တဲ့ ဝီထိစိတ်အစဉ်မှာ ဇော (၇)ကြိမ် ဖြစ်လောက်အောင် ရုပ်သက်တမ်းဟာ တည်နေဖို့ မစွမ်းနိုင်တော့ဘဲ ဝုဋ္ဌော (၂)ကြိမ်, (၃)ကြိမ်ဖြစ်အပြီး ဘဝင်စိတ်ရဲ့ အဆုံးမှာ စိတ်အရေအတွက် (၁၇)ချက်စေ့လို့ ရုပ်ရဲ့သက်တမ်းတစ်ခု ပြည့်တဲ့အတွက် မျက်စိအကြည်ဓာတ်နဲ့ ရုပ်အဆင်းတို့ ဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့် (ဘင်ခဏ)မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်တယ်။

ပရိတ္တာရုံဝီထိစိတ် (၆)မျိုး

၁။ စိတ္တက္ခဏ (၄)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ စတုတ္ထဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပထမ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင် ---› ဘဝင် ---› ဘဝင် ---› ဘဝင်”

၂။ စိတ္တက္ခဏ (၅)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ တတိယ ဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်တယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ဒုတိယ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင် ---› ဘဝင် ---› ဘဝင်”

၃။ စိတ္တက္ခဏ (၆)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ ဒုတိယဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “တတိယ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင် ---› ဘဝင်”

၎။ စိတ္တက္ခဏ (၇)ချက် လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ ပထမဘဝင်စိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “စတုတ္ထ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဘဝင်”

၅။ စိတ္တက္ခဏ (၈)ချက်လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ တတိယ ဝုဋ္ဌောစိတ်၏ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ပဉ္စမ ပရိတ္တာရုံဝီထိစိတ်”လို့ ခေါ်ရတယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော ---› ဝုဋ္ဌော”

၆။ စိတ္တက္ခဏ (၉)ချက်လွန်ပြီးမှ မျက်စိအကြည်ဓာတ်မှာ ရုပ်အဆင်းထင်လာကာ ဒုတိယ ဝုဋ္ဌောစိတ်ရဲ့ ပျက်ဆဲအခိုက်အတန့်မှာ ချုပ်ပျက်သွားတယ်။
အဲဒီ ဝီထိစိတ်အစဉ်ကို “ဆဋ္ဌမ ပရိတ္တာရုံဝီထိစိတ”လို့ ခေါ်တယ်။

အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› အတီတဘဝင် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› “ပဉ္စဒွါရာဝဇ္ဇန်း ---› စက္ခုဝိညာဉ်စိတ် ---› သမ္ပဋိစ္ဆိုင်း ---› သန္တီရဏ ---› ဝုဋ္ဌော ---› ဝုဋ္ဌော”


အတိပရိတ္တာရုံဝီထိ

မျက်စိအကြည်ဓာတ်မှာ အဆင်းထင်လာပေမယ့် မျက်စိအကြည်ဓာတ်စသည်တို့ရဲ့ အလွန်အားနည်းခြင်း စတဲ့ အကြောင်းတွေကြောင့် ဝုဋ္ဌော (၂)ကြိမ်အထိ ရုပ်တွေရဲ့ သက်တမ်းဟာ မတည်နိုင်တော့ဘဲ အလွန်နီးကပ်တဲ့ ချုပ်ပျက်ခြင်းရှိတဲ့ အာရုံကို “အတိပရိတ္တာရုံဝီထိ”လို့ ခေါ်ရတယ်။
ဝီထိစိတ် မဖြစ်ဘဲ ဘဝင်စိတ်လှုပ်ရုံပဲ လှုပ်တဲ့အတွက် ဒီဝီထိကို “မောဃဝါရ”လို့လည်း ခေါ်ရတယ်။

အတိပရိတ္တာရုံဝီထိစိတ် ပုံစံများ

၁။ ဘဝင် (၁၀)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်းထင်လာပြီး ပဉ္စမမြောက်ဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ပထမ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၀)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၅)ကြိမ်”

၂။ ဘဝင် (၁၁)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး စတုတ္ထမြောက်ဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ဒုတိယ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၁)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၄)ကြိမ်”

၃။ ဘဝင် (၁၂)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး တတိယမြောက်ဘဝင်နဲ့အတူ ထိုအာရု့တို့ ချုပ်ပျက်ခြင်းရှိတဲ့ တတိယ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၂)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၃)ကြိမ်”

၎။ ဘဝင် (၁၃)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်းထင်လာပြီး ဒုတိယမြောက်ဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ စတုတ္ထ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၃)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၂)ကြိမ်”

၅။ ဘဝင် (၁၄)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး ပထမဘဝင်နဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ပဉ္စမ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၄)ကြိမ် ---› ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› ဘဝင် (၁)ကြိမ်”

၆။ ဘဝင် (၁၅)ချက်အလွန်မှ မျက်စိအကြည်ဓာတ်တွင် ရုပ်အဆင်း ထင်လာပြီး ဘဝင်္ဂစလနနဲ့အတူ ထိုအာရုံတို့ ချုပ်ပျက်ခြင်းရှိတဲ့ ဆဋ္ဌမ အတိပရိတ္တာရုံဝီထိ။

“အတီတဘဝင် (၁၅)ကြိမ် ---› ဘဝင်္ဂစလန (၂)ကြိမ်”

ဖော်ပြပြီးခဲ့တဲ့ ဝီထိပုံစံတွေဟာ မျက်စိ (စက္ခုဒွါရ)အတွက် ဖြစ်တယ်။
နား (သောတဒွါရ)၊ နှာခေါင်း (ဃာနဒွါရ)၊ လျှာ (ဇိဝှါဒွါရ)၊ ကိုယ် (ကာယဒွါရ)တွေမှာ ဝီထိစိတ်ဖြစ်တဲ့အခါမှာလည်း ဒီပုံစံတွေအတိုင်း ဖြစ်တယ်ဆိုတာ မှတ်ရမယ်။


ဒွါရငါးခုမှာ ဖြစ်တဲ့စိတ်

ဒွါရနဲ့ အာရုံတို့ တိုက်ဆိုင်တဲ့အခါ သက်ဆိုင်ရာ ဒွါရအလိုက် -

၁။ ဝီထိစိတ် (၇)မျိုး (ပဉ္စဒွါရာဝဇ္ဇန်း၊ သက်ဆိုင်ရာ ဝိညာဉ်စိတ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ)
၂။ ဖြစ်တဲ့ စိတ်အကြိမ်အရေအတွက် (၁၄)ကြိမ် (ပဉ္စဒွါရာဝဇ္ဇန်း၊ သက်ဆိုင်ရာ ဝိညာဉ်စိတ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ‘၇’၊ တဒါရုံ ‘၂’)
၃။ ကာမစိတ် (၅၄)ခုတို့ ဖြစ်ကြတယ်။


အမိဝမ်းထဲရှိစဉ် ဖြစ်နိုင်တဲ့ ဝီထိစိတ်များ

မျက်စိအကြည်ဓာတ်၊ ရုပ်အဆင်း၊ အလင်းရောင်ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံမှ မျက်စိနဲ့ဆိုင်တဲ့ ဝီထိစိတ်ဖြစ်နိုင်တယ်။
အမိဝမ်းထဲမှာ အလင်းရောင် မရှိတဲ့အတွက် မျက်စိနဲ့ဆိုင်တဲ့ ဝီထိစိတ် မဖြစ်နိုင်ဘူး။

နားအကြည်ဓာတ်နဲ့ ပြည့်စုံတဲ့အခါ သန္ဓေသားရဲ့နားနဲ့ကပ်နေတဲ့ မိခင်ရဲ့ဝမ်းပိုက်ရှိ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်မိတာကတဆင့် အသံအာရုံကို ရနိုင်တဲ့အတွက် နားနဲ့ဆိုင်တဲ့ ဝီထိစိတ်တွေ ဖြစ်နိုင်တယ်။

အမိဝမ်းထဲမှာ အသက်ရှူ မဖြစ်နိုင်လို့ နာခေါင်းနဲ့ဆိုင်တဲ့ ဝီထိစိတ်တွေ မဖြစ်နိုင်ဘူး။

လျှာအကြည်ဓာတ်နဲ့ ပြည့်စုံတဲ့အခါ သန္ဓေသားရဲ့ခံတွင်းမှာရှိတဲ့ အရည်နဲ့ ထိတွေ့ပြီး လျှာနဲ့ဆိုင်တဲ့ ဝီထိစိတ် ဖြစ်နိုင်တယ်။

အမိဝမ်းထဲမှာ ထိခိုက်စရာတွေ ရှိနေပြီးဖြစ်လို့ ကိုယ်နဲ့ဆိုင်တဲ့ ဝီထိစိတ် ဖြစ်နိုင်တယ်။


မနောဒွါရဝီထိစိတ်

မနောဒွါရဆိုတာ “ဘဝင်စိတ်”ပါပဲ။ ဒိ မနောဒွါရဝီထိစိတ်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်တဲ့ စိတ်၊ စေတသိက်၊ ရုပ်တရား၊ နိဗ္ဗာန်၊ ပညတ်တွေ ထင်နိုင်ပါတယ်။
မနောဒွါရဝီထိစိတ်ကို ဝိဘူတာရုံနဲ့ အဝိဘူတာရုံလို့ (၂)မျိုး ခွဲခြားနိုင်တယ်။

ဝိဘူတာရုံ မနောဒွါရဝီထိစိတ်

ထင်ရှားတဲ့ အာရုံတစ်ခုခု စိတ်မှာ ထင်လာတဲ့အခါ -
ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› မနောဒွါရာဝဇ္ဇန်း ---› ဇော (၇)ကြိမ် ---› တဒါရုံ (၂)ကြိမ် ဖြစ်ပြီး ဘဝင်စိတ် ဖြစ်ထိုက်သမျှ ဖြစ်တဲ့ ဝီထိစိတ်ကို “ဝိဘူတာရုံ မနောဒွါရဝီထိစိတ်”လို့ ခေါ်တယ်။

အဝိဘူတာရုံ မနောဒွါရဝီထိစိတ်

မထင်ရှားတဲ့ အာရုံတစ်ခုခု စိတ်မှာထင်လာတဲ့အခါ -
ဘဝင်္ဂစလန ---› ဘဝင်္ဂုပစ္ဆေဒ ---› မနောဒွါရာဝဇ္ဇန်း ---› ဇော (၇)ကြိမ် ဖြစ်ပြီး ဘဝင်စိတ် ဖြစ်ထိုက်သမျှ ဖြစ်တဲ့ ဝီထိစိတ်ကို “အဝိဘူတာရုံ မနောဒွါရဝီထိစိတ်”လို့ ခေါ်တယ်။

မနောဒွါရဝီထိစိတ်မှာ -
ဝီထိစိတ် အမျိုးအစား (၃)ပါး (မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံ)
စိတ်အရေအတွက် (၁၀)ပါး (မနောဒွါရာဝဇ္ဇန်း၊ ဇော ‘၇’၊ တဒါရုံ ‘၂’)

အကျယ်အားဖြင့် စက္ခုစတဲ့ ဝိညာဉ်စိတ် (၁၀)ပါး + မနောဓာတ် သုံးခု (ပဉ္စဒွါရာဝဇ္ဇန်း + သမ္ပဋိစ္ဆိုင်းစိတ် ၂) မပါဝင်တဲ့ ကာမစိတ် (၄၁)ခုတို့ ဖြစ်တယ်။


မနောဓာတ် (သိရုံမျှသာဖြစ်တဲ့ ဓာတ်)

ပဉ္စဒွါရာဝဇ္ဇန်းဟာ အာရုံအသစ်တစ်ခုကို ရှေးဦးစွာ တစ်ကြိမ်ပဲ ယူတယ်။ နောက်ပြီး သူများနောက်မှ အာရုံကို ယူတယ်။ ဒါကြောင့် အကြိမ်များစွာ အာရုံကို ယူတဲ့ စိတ်တွေလောက် အင်အား မရှိဘူး။
ဒါ့အပြင် မှီရာဝတ္ထုချင်းမတူတဲ့ ပဉ္စဝိညာဉ်စိတ်ကို နောက်ကနေပြီး ကျေးဇူးပြုရတဲ့အတွက် မှီရာဝတ္ထုချင်းတူတဲ့ စိတ်ကို ကျေးဇူးပြုရသလောက် မသက်သာဘူး။

သမ္ပဋိစ္ဆိုင်းစိတ်ကလည်း မှီရာဝတ္ထုချင်း မတူတဲ့ ပဉ္စဝိညာဉ်က နောက်ကနေပြီး ကျေးဇူးအပြုခံရလို့ အားမရှိဘူး။

ဒါကြောင့် ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုင်းနှစ်ပါးကို “မနောဓာတ်”လို့ ခေါ်ရတယ်။
ဝီထိစိတ်တစ်ခုတည်းမှာ ပဉ္စဒွါရာဝဇ္ဇန်းရဲ့ နောက်မှ စက္ခုဝိညာဉ်စိတ် ဖြစ်ရတယ်။
စက္ခုဝိညာဉ်စိတ်ရဲ့ နောက်မှ သမ္ပဋိစ္ဆိုင်း ဖြစ်ရတယ်။
ဒါကို နောက်ကနေ ကျေးဇူးပြုတယ်လို့ ခေါ်တယ်။

ပဉ္စဝိညာဏဓာတ်

စက္ခုဝိညာဉ်၊ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ် ဆိုတဲ့ ဝိညာဉ်တွေကို “ပဉ္စဝိညာဉ်ဓာတ်”လို့ ခေါ်တယ်။
အဲဒီ ဓာတ်တွေဟာ သူတို့မှီပြီးဖြစ်တဲ့ ဝတ္ထုရုပ်တွေအပေါ်မှာ တိုက်ရိုက် ထင်လာတဲ့ အာရုံကို အလွယ်တကူ ယူရုံသာ ဖြစ်လို့ မနောဓာတ်ထက် သိမှုအား ပိုပြီး ကောင်းတယ်။

မနောဝိညာဏဓာတ်

မနောဆိုတဲ့ စကားက “သိခြင်း”လို့ အဓိပ္ပာယ်ထွက်ပြီး ဝိညာဏဆိုတဲ့ စကားက “အထူးသိခြင်း”လို့ အဓိပ္ပာယ်ရတယ်။
စကားနှစ်လုံးကို ပေါင်းလိုက်တော့ “အများကြီးသိ၊ အထူးသိ”လို့ အဓိပ္ပာယ်ရတယ်။

သန္တီရဏစိတ် (၃)ပါး၊ မဟာဝိပါက်စိတ် (၈)ပါး၊ ဒေါသမူစိတ် (၂)ပါး၊ သောတပတ္တိမဂ်စိတ်၊ ဟသိတုပ္ပါဒ်စိတ်၊ ရူပါဝစရစိတ် (၁၅)ပါးတို့ဟာ “မနောဝိညာဏဓာတ်” ဖြစ်တယ်။

အဲဒီစိတ်တွေဟာ မနောဓာတ်နဲ့ ပဉ္စဝိညာဏဓာတ်တွေလို အာရုံအသစ်ကို ရှေးဦးစွာ ထွက်မယူရဘူး။
ဒါ့အပြင် မှီရာတူတဲ့ ရှေးစိတ်က အနန္တရသတ္တိနဲ့ ကျေးဇူးပြုတာကို ခံရပြီး မှီရာတူတဲ့ နောက်စိတ်ကို အနန္တရသတ္တိနဲ့ ကျေးဇူးပြုပေးရတာဖြစ်လို့ အာရုံကိုသိတဲ့အခါမှာ အခြားစိတ်တွေထက် ထိထိမိမိ ရှိတယ်။
ဒါကြောင့် အဲဒီစိတ်တွေကို မနောဝိညာဏဓာတ် (အများကြီးသိ၊ အထူးသိ)လို့ ခေါ်ရတယ်။

စိတ်တွင် အာရုံထင်လာခြင်း အကြောင်းများ

၁။ အာရုံတစ်ခုခုကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ဖူးလို့ပဲ ဖြစ်ဖြစ်၊ သူတပါးပြောတာကို ကြားဖူးလို့ပဲ ဖြစ်ဖြစ်၊ အဲဒီ အာရုံကို ပြန်ဆင်ခြင်တဲ့အခါ ဘဝင်စိတ် (မနောဒွါရ)မှာ အဲဒီအာရုံထင်လာတယ်။ ဒါ့အပြင် မတွေ့ဖူး မကြားဖူးသေးတဲ့ အာရုံတွေကိုလည်း တွေ့ဖူး ကြားဖူးတဲ့ အာရုံတွေနဲ့ ဆက်စပ်ပြီး စိတ်ထဲထင်လာနိုင်တယ်။

၂။ မြင်ဖူးတာ ကြားဖူးတာ မဟုတ်ပေမယ့် ကိုယ်ကြိုက်နှစ်သက်တဲ့ အာရုံတွေဟာ ကိုယ့်ရဲ့နှစ်သက်မှုကြောင့် စိတ်ထဲထင်လာနိုင်တယ်။

၃။ အာရုံတစ်ခုခုကို ဉာဏ်နဲ့ ကြံစည်ကြည့်ရင်လည်း အဲဒီအာရုံဟာ စိတ်ထဲထင်လာနိုင်တယ်။

၎။ ကံအဟုန်ရဲ့အစွမ်းကြောင့်၊ ဒါမှမဟုတ် တန်ခိုးရှင်နဲ့ နတ်တွေရဲ့ ဖန်ဆင်းပြသမှုကြောင့်၊ ဒါမှမဟုတ် သွေး သည်းခြေ သလိပ် စတဲ့ ဓာတ်တွေ ဖောက်ပြန်မှုကြောင့် အာရုံတစ်ခုခုဟာ စိတ်ထဲ ထင်လာနိုင်တယ်။

စိတ်ဟာ အာရုံတစ်ခုခုနဲ့ ကင်းပြီး မနေနိုင်ဘူး။
အာရုံကို အဆင်သင့် မရရင် စိတ်ဟာ အာရုံတစ်ခုကို မတွေ့တွေ့အောင် ရှာတယ်။
ဒီလို ရှာတဲ့အခါမှာ ဝိတက် (ကြံစည်မှု)၊ စေတနာ (စေ့ဆော်မှု)၊ မနသိကာရ (နှလုံးသွင်းမှု)တွေဟာ စိတ်ရဲ့ အရေးပါတဲ့ အဖော်တွေ ဖြစ်တယ်။
စိတ်က လိုချင်တဲ့ အာရုံကို ရှာနေတုန်း မဆိုင်တဲ့အာရုံ၊ ဆင်တူရိုးမှားအာရုံတွေကိုလည်း တွေ့ရတတ်သေးတယ်။
ဒီလို တွေ့တာဟာ စိတ်က ရှာဖွေတာဖြစ်လို့ စိတ်ရဲ့အစွမ်း ဖြစ်တယ်။

အာရုံတစ်ခုခုကို ရှာဖွေရာမှာ စိတ်က အာရုံရှိရာကို ရောက်အောင် သွားတာလည်း မဟုတ်ဘူး။
အာရုံကို မိမိဆီရောက်အောင် ဆွဲယူတာလည်း မဟုတ်ဘူး။
ပြောခဲ့တဲ့ အကြောင်းတွေကြောင့် ဘဝင်စိတ်မှာ အာရုံအမျိုးမျိုး ထင်လာအောင် ကြံဆောင်စိတ်ကူးနိုင်တာဟာ ဝိတက်၊ စေတနာ၊ မနသိကာရဆိုတဲ့ အဖော်စေတသိက်တွေကြောင့်ပဲ ဖြစ်တယ်။

ဒီအထိ လေ့လာပြီးခဲ့တာတွေကို အကျဉ်းချုပ်ကြည့်မယ်ဆိုရင် သေခါနီးအချိန်၊ ဘဝသစ်ကို စတင်တဲ့အချိန်၊ အသက်ရှင်သန်နေချိန် ဖြစ်ပေါ်တဲ့ စိတ်အခြေအနေအကြောင်းတွေ ဖြစ်တယ်။

+++++