Friday, September 3, 2010

ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ (ပဋိစ္စသမုပ္ပါဒ်အရသာ-ညောင်လေးပင်တောရဆရာတော်)

လွယ်ကူသော မေးခွန်းများ

(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။

ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။

(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။

မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။

မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။

မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။

မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။

မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။

မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

(၃) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ်ကို ယူရသနည်း။ တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဘယ်ကို ယူရသနည်း။ ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကို ယူခြင်း ဖြစ်သနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် လွန်လေပြီးသော အတိတ်အကြောင်းကို ယူရ၏။ တဏှာ, ဥပါဒါန်, ဘဝကို ယူလျှင် ယခုဖြစ်ဆဲ ပစ္စုပ္ပန်အကြောင်းကို ယူရ၏။ ဇာတိ, ဇရာမရဏကို ယူလျှင် နောင်ဖြစ်လတံ့ အနာဂတ်အကျိုးကို ယူခြင်း ဖြစ်၏။

(၄) မေး - ခြင်းရာနှစ်ဆယ်ကို ရေပြပါ။
ဖြေ - ခြင်းရာနှစ်ဆယ်မှာ အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကျိုးငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါး၊ အနာဂတ်အကျိုးငါးပါး ဖြစ်ပါသည်။

(၅) မေး - အစပ်သုံးပါး ရေပြပါ။
ဖြေ - အစပ်သုံးပါးမှာ သင်္ခါရနှင့်ဝိညာဏ်အကြား တစ်စပ်၊ ဝေဒနာနှင့်တဏှာအကြား တစ်စပ်၊ ဘဝနှင့်ဇာတိအကြား တစ်စပ်တို့ ဖြစ်ပါသည်။

(၆) မေး - အဝိဇ္ဇာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - အဝိဇ္ဇာမူလသည် ဝေဒနာအထိ ဆောင်ပါသည်။

(၇) မေး - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ ၇-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။

(၈) မေး - တဏှာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - တဏှာမူလသည် ဇရာမရဏအထိ ဆောင်ပါသည်။

(၉) မေး - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း
ဖြေ - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ ၅-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။

+++++

အားထုတ်၍ လေ့လာရန် မေးခွန်းများ

(၁) မေး - ဇရာ-မရဏသည် အင်္ဂါတစ်ပါးဟု ဆို၏။ နှစ်ပါး မဟုတ်လော၊ အဘယ့်ကြောင့် တစ်ပါးဟု ဆိုသနည်း။
ဖြေ - ဇရာ-မရဏသည် မိမိသဘောအားဖြင့် ရင့်ခြင်းနှင့် ပျက်ခြင်း နှစ်ပါး ဖြစ်ပါသည်။ သို့ရာတွင် အင်္ဂါအားဖြင့် တပေါင်းတည်း ပြု၍ ဟောပါသည်။ ထို့ကြောင့် အင်္ဂါတစ်ပါးဟု ဆိုရပါသည်။

(၂) မေး - ‘ကိ-သုံး’၊ ‘ကံ-နှစ်’၊ ‘ဝိပါက်-ရှစ်’ကို ဆယ့်နှစ်ဖြစ်အောင် ပေါင်းပြပါ။
ဖြေ - ‘ကိ-သုံး’ဟူသည် ကိလေသဝဋ် သုံးပါးဖြစ်၍ သုံးပါးလုံး ကျပ်ပြည့် ဖြစ်ပါသည်။ ‘ကံ-နှစ်’ကား ကမ္မဝဋ်နှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ တစ်ပါးခွဲသာ ရှိပါသည်။ (ဝါ) တစ်ကျပ်ခွဲသာ ရှိပါသည်။ ‘ဝိပါက်-ရှစ်’ကား ဝိပါကဝဋ်ရှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ ခုနစ်ပါးခွဲ (ဝါ) ခုနစ်ကျပ်ခွဲသာ ရှိပါသည်။ ထို့ကြောင့် ကိလေသဝဋ်သုံးကျပ်၊ ကမ္မဝဋ်တစ်ကျပ်ခွဲ၊ ဝိပါကဝဋ်ခုနစ်ကျပ်ခွဲ ဖြစ်၍ ပေါင်း ၁၂-ကျပ် (ဝါ) ၁၂-ပါး ဖြစ်ပါသည်။

(၃) မေး - ကမ္မဘဝနှင့် ဥပပတ္တိဘဝ ထူးပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် အကြောင်းကမ္မဝဋ်၊ ဥပပတ္တိဘဝသည် အကျိုးဝိပါကဝဋ်။ ဤသို့ အကြောင်း-အကျိုး ထူးပါသည်။

(၄) မေး - ဘဝနှစ်ပါး ကြောင်းကျိုးထူးပုံ သိသာအောင် ဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် ယခုဘဝအားထုတ်သော ကံဖြစ်၍ နောက်ဘဝပဋိသန္ဓေကို ဖြစ်စေ၏။ ဥပပတ္တိဘဝသည် ထိုအကြောင်းကံကြောင့် နောက်ဘဝ၌ အကျိုးပဋိသန္ဓေနာမ်ရုပ်ဖြစ်၍ ဖြစ်၏။ ဤသို့ ဖြစ်စေသော ကံနှင့် ဖြစ်သော အကျိုးဟု ထူးပါသည်။

(၅) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ့်ကြောင့် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရနှင့် တဏှာ, ဥပါဒါန်, ဘဝသည် အတူဖြစ်ဖက် ဖြစ်သောကြောင့် ယူရပါသည်။ တနည်းကား - ကိလေသာချင်းတူ, ကံချင်းတူသောကြောင့် တစ်ခုကို ယူလျှင် တစ်ခုကိုလည်း ယူရပါသည်။

(၆) မေး - ကိလေသာချင်း တူပုံကို ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ, ဥပါဒါန်လည်း ကိလေသာ၊ ကိလေသာချင်း အတူတူ ကိလေသဝဋ်သုံးပါး ဖြစ်ပါသည်။

(၇) မေး - ကံချင်း တူပုံကို ဖော်ပြပါ။
ဖြေ - သင်္ခါရလည်း ကံ၊ ကမ္မဘဝလည်း ကံ၊ ကံချင်းအတူတူ ကမ္မဝဋ်နှစ်ပါး ဖြစ်ပါသည်။

(၈) မေး - ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကြောင့် ဝိညာဏ်စသော ငါးပါးကို ယူခြင်း ဖြစ်သနည်း။
ဖြေ - ဂုဏ်နှင့်ဒြပ်ဖြစ်၍ ခွဲ၍ မရပါ။ တနည်းကား-ဌာနီနှင့် ဌာနဖြစ်၍ ခွဲ၍ မရပါ။ တနည်း-ဝိပါက်ချင်း တူ၍ ခွဲ၍ မရပါ။ ထိုသို့ ခွဲ၍ မရသောကြောင့် ယူခြင်း ဖြစ်ပါသည်။

(၉) မေး - ဂုဏ်နှင့်ဒြပ် ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၏ ဂုဏ်ဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိဂုဏ်, ဇရာမရဏဂုဏ်နှစ်ပါး၏ တည်ရာဒြပ် ဖြစ်ပါသည်။

(၁၀) မေး - ဌာနီနှင့် ဌာနဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၌ တည်တတ်သော ဌာနီဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိ, ဇရာမရဏ၏ တည်ရာဌာန ဖြစ်ပါသည်။

(၁၁) မေး - ဝိပါက်ချင်း တူပုံမျှ ဖော်ပြပါ။
ဖြေ - ဝိညာဏ်စသော ငါးပါးလည်း ဝိပါက်၊ ဇာတိ, ဇရာမရဏလည်း ဝိပါက်၊ ဝိပါက်ချင်း အတူတူ ဝိပါကဝဋ်ရှစ်ပါး၌ ပါဝင်ပါသည်။

(၁၂) မေး - ဘဝနှစ်ပါးတို့တွင် ကမ္မဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ကမ္မဘဝကို အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်းတို့၌ တိုက်ရိုက် ယူပါသည်။

(၁၃) မေး - ဥပပတ္တိဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ဥပပတ္တိဘဝကို အဘယ်ခြင်းရာမှာမှ တိုက်ရိုက် မယူပါ။ အနာဂတ်အကျိုး ဇာတိ၌သာ ပါဝင်ပါသည်။

(၁၄) မေး - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကြောင်းနှင့် အကျိုး စပ်သည်၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး စပ်သည်၊ သုံးနည်း။

(၁၅) မေး - ဝေဒနာနှင့် တဏှာအကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကျိုးနှင့် အကြောင်း စပ်သည်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း စပ်သည်၊ သုံးနည်း။

(၁၆) မေး - အလွှာလေးပါးတို့တွင် ပဌမအလွှာကို နှစ်ပါးဟူ၍လည်းကောင်း၊ ငါးပါးဟူ၍လည်းကောင်း နှစ်နည်းဆိုသည်။ အဘယ်ပုံ ယူသနည်း။
ဖြေ - ပဌမအလွှာကို အင်္ဂါ ၁၂-ပါးအားဖြင့် ယူလျှင် နှစ်ပါး၊ ခြင်းရာ ၂၀ အားဖြင့် ယူလျှင် ငါးပါးဟု ဆိုရပါသည်။

(၁၇) မေး - အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝလည်း ပုန်းလျက် အနီး၌ ရှိပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ကျပ်ပြား၌ ခေါင်းကို မြင်ရလျှင် တစ်ဘက်၌ မမြင်ရသော်လည်း ပန်းရှိသည်ဟူ၍လည်းကောင်း၊ ပန်းကို မြင်ရလျှင်လည်း တစ်ဘက်၌ ခေါင်းရှိသည်ဟူ၍လည်းကောင်း ရိပ်မိရပါသည်။ ထို့အတူ အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝကိုလည်း အနီး၌ ပုန်းနေသည်ဟု ရိပ်မိရပါသည်။

(၁၈) မေး - ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကို ယူလျှင် ဝိညာဏ် စသော ဒြဗ်ငါးပါးကိုလည်း ယူခြင်းသာ ဖြစ်၏။ ငါးပါးဟု ဆို၏။ ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါးကို ပေါင်းလျှင် ခုနစ်ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ငါးပါးဖြစ်သနည်း။
ဖြေ - ဂုဏ်အင်္ဂါနှစ်ပါးနှင့် ဒြဗ်အင်္ဂါငါးပါးကို ပေါင်းလျှင် အင်္ဂါအရေအတွက်အားဖြင့်သာ ခုနစ်ပါး ဖြစ်ပါသည်။ ဒြဗ်အားဖြင့်ကား ငါးပါးသာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့်ကား နှစ်ပါးသာ ဖြစ်ပါသည်။ သည်နေရာမှာ ဒြဗ်ကို ရည်၍ ငါးပါးဖြစ်ပါသည်။

(၁၉) မေး - ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါး ပေါင်းရာ၌ ၇-ပါးဖြစ်ပုံ၊ ၅-ပါးဖြစ်ပုံ၊ ၂-ပါးဖြစ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ဖြူဖြူ, ဝဝ ဂုဏ်နှစ်ပါးရှိသော လူငါးယောက်ဟု ဆိုရာ၌ ဂုဏ်,ဒြဗ်ကို မငဲ့ဘဲ ‘နှစ်’သင်္ချာနှင့် ‘ငါး’သင်္ချာ ပေါင်းလျှင်သာ ‘၇’ ဖြစ်ပါသည်။ လူအရေအတွက်ကား ၅-ယောက်သာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့် ‘ဖြူဖြူ’ ‘ဝဝ’ ဂုဏ်နှစ်ပါးသာ ဖြစ်ပါသည်။ ထို့အတူ ဖြစ်ခြင်းဂုဏ်၊ ရင့်၍ပျက်ခြင်း ဂုဏ်နှစ်ပါးရှိသော ဝိညာဏ်စသော ဒြဗ်ငါးပါး၌လည်း သင်္ချာသာ ၇-ခု၊ ဒြဗ်ကား ၅-ယောက်၊ ဂုဏ်ကား နှစ်ပါးသာ ဖြစ်ပါသည်။

(၂၀) မေး - ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရသည်၊ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရသည်ဟု ဆိုရာ၌ ဥပမာဆောင်ပြပါ။
ဖြေ - အညှာရှိသော သစ်သီး၌ အညှာကို ယူလျှင် သစ်သီးကိုလည်း ရပါသည်။ သစ်သီးကို ယူလျှင် အညှာကိုလည်း ရပါသည်။ ထို့အတူ ဂုဏ်နှစ်ပါးရှိသော ဒြဗ်ငါးပါး၌ ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရပါသည်။ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရပါသည်။ [ဖြူဖြူ, ဝဝတို့ လာကြဟု ခေါ်လျှင် ငါးယောက် လာကြပါသည်။ ငါးယောက်လာကြဟု ခေါ်လျှင် ဖြူဖြူ, ဝဝတို့ လာကြပါသည်။ ထို့အတူ ဟူ၍လည်း ဖြေအပ်၏။]

(၂၁) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည်။ ငါးပါးဟု ဆိုရာ၌ အဘယ့်ကြောင့် ငါးပါးဖြစ်သနည်း။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ပြီလော။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကာ ဒြဗ်နှစ်ပါး။ တဏှာ, ဥပါဒါန်, ဘဝကား ဒြဗ်သုံးပါး။ ဤသို့ ဒြဗ်နှစ်ပါးနှင့် ဒြဗ်သုံးပါး ဖြစ်၍ ဖြစ်ချင်းပေါင်းသောကြောင့် ဒြဗ်ငါးပါး ဖြစ်ပါသည်။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ကောင်းပါ။

(၂၂) မေး - ဝဋ်သုံးပါးကို အကြောင်းဝဋ် အကျိုးဝဋ် ခွဲပြပါ။
ဖြေ - ကိလေသဝဋ်, ကမ္မဝဋ်သည် အကြောင်းဝဋ်၊ ဝိပါကဝဋ်သည် အကျိုးဝဋ်ဖြစ်ပါသည်။

(၂၃) မေး - အကြောင်းဝဋ်အဘယ်မျှ အကျိုးဝဋ်အဘယ်မျှ ရှိသနည်း။
ဖြေ - အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါးအားဖြင့် အကြောင်းဝဋ်ဆယ်ပါး ရှိပါသည်။ ပစ္စုပ္ပန်အကျိုးငါးပါး၊ အနာဂတ်အကျိုးငါးပါးအားဖြင့် အကျိုးဝဋ်ဆယ်ပါး ရှိပါသည်။

(၂၄) မေး - သတ္တဝါတို့အား ရှေးဘဝ နောက်ဘဝရှိပုံကို အဘယ်ကို ထောက်ဆ၍ သိနိုင်သနည်း။
ဖြေ - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက် နှစ်ပါးကို ထောက်ဆ၍ သိနိုင်ပါသည်။

(၂၅) မေး - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက်ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ - ရှေးအစွန်း ရှေးအစ ရှေးဘဝမှ လည်လာသော စက်ဝိုင်းသည် ပုဗ္ဗန္တဘဝစက် မည်၏။ နောက်အစွန်း နောက်အစ နောက်ဘဝသို့ လည်သွားသော စက်ဝိုင်းသည် အပရန္တဘဝစက် မည်၏။

(၂၆) မေး - အဝိဇ္ဇာကို အဘယ့်ကြောင့် အစစွာ ဟောသနည်း။
ဖြေ - ပဓာနခေါင်းဆောင်ကြီး ဖြစ်သောကြောင့် အဝိဇ္ဇာကို အစစွာ ဟောပါသည်။

(၂၇) မေး - ပဓာနခေါင်းဆောင်ကြီးဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာသည် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း အကုသိုလ်ကံ၏ ခေါင်းဆောင်၊ တဏှာသည် သုဂတိဘဝသို့ ရောက်ကြောင်း ကုသိုလ်ကံ၏ ခေါင်းဆောင် အသီးသီးဖြစ်လျက် အဝိဇ္ဇာသည် တဏှာ၏ ဖြစ်ကြောင်း ခေါင်းဆောင်လည်း ဖြစ်သေးသည်။ ဤသို့ အဝိဇ္ဇာသည် ပဓာနခေါင်းဆောင်ကြီး ဖြစ်ပါသည်။

(၂၈) မေး - နက်ယောင်ပြင်းထန် နက်နဲမှန်ပုံကို ရေလေးမျိုးဖြင့် ရှင်းပြပါ။
ဖြေ - ဖက်ပုပ်အိုင်ရေသည် တိမ်သော်လည်း နက်ယောင် ထင်သည်။ ကြည်လင်သော စမ်းအိုင်ရေသည် နက်သော်လည်း တိမ်ယောင် ထင်သည်။ အိုးခွက်၌ ရေသည် တိမ်လျက် တိမ်ယောင် ထင်သည်။ သမုဒ္ဒရာရေသည် နက်လျက် နက်ယောင် ထင်သည်။ ဤသို့ ရေလေးမျိုး ရှိ၏။ ပဋိစ္စသမုပ္ပါဒ်ကား နက်လျက် နက်ယောင် ထင်သည်။ တစ်မျိုးတည်းသာ ရှိသည်။ လေးမျိုး မရကောင်းပါ။

(၂၉) မေး - ရှစ်ဌာန၌ တွေဝေသော မောဟဟုဆိုရာ၌ ရှစ်ဌာနကို ရေပြပါ။
ဖြေ - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်၊ ဤကား တွေဝေရာ ရှစ်ဌာနဖြစ်ပါသည်။

(၃၀) မေး - ဒုက္ခသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ၃၁-ဘုံ ခန္ဓာ နာမ် ရုပ် ဒုက္ခကို သုခဟု မှတ်ထင်ခြင်းသည် ဒုက္ခသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၁) မေး - သမုဒယသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခ နာမ်ရုပ်ဖြစ်ကြောင်း တဏှာဟူသော လောဘကို သုခဖြစ်ကြောင်းဟု မှတ်ထင်ခြင်းသည် သမုဒယသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၂) မေး - နိရောဓသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခမကင်းသော ဘုံဘဝတစ်ခုခုကို ဒုက္ခကင်းရာ နိဗ္ဗာန်ဟု မှတ်ထင်ခြင်းသည် နိရောဓသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၃) မေး - မဂ္ဂသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မဂ္ဂင်ရှစ်ပါးမှ တပါးသော အကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု မှတ်ထင်ခြင်းသည် မဂ္ဂသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၄) မေး - ပုဗ္ဗန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်းဖြစ်သော အတိတ်ဘဝ အတိတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၅) မေး - အပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ နောက်အစွန်းဖြစ်သော အနာဂတ်ဘဝ အနာဂတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် အပရန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၆) မေး - ပုဗ္ဗန္တာပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်း အတိတ်ဘဝ ခန္ဓာကိုလည်းကောင်း၊ နောက်အစွန်း အနာဂတ်ဘဝ ခန္ဓာကိုလည်းကောင်း နှစ်ခုလုံး၌ ရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တာပရန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၇) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ်သာ ဖြစ်သည်၊ ဤသို့ စသည်ဖြင့် ဝဋ်ဒုက္ခသက်သက် ကြောင်းကျိုးဆက်၍ ဖြစ်သည်ကို ငါဖြစ်သည်၊ သူဖြစ်သည်၊ သူ့ကြောင့် ဖြစ်သည်၊ ငါ့ကြောင့် ဖြစ်သည်၊ ချမ်းသာသည်၊ အစိုးရသည်၊ ငါ့ကိုယ်ငါ့ဟာ ဖြစ်သည်၊ အကြောင်းမရှိ အလိုလိုဖြစ်သည်၊ အလိုလို ပြတ်သည် စသည်ဖြင့် မှတ်ထင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်၌ တွေဝေခြင်း မည်ပါသည်။

(၃ဂ) မေး - ငါးဌာန၌ တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု အဋ္ဌကထာ ဆိုသည်။ ထိုငါးဌာန ရေပြပါ။
ဖြေ - စုတိ၊ ပဋိသန္ဓေ၊ သံသရာ၊ သင်္ခတလက္ခဏာ၊ ပဋိစ္စသမုပ္ပါဒ၊ ဤကား ငါးဌာန ဖြစ်ပါသည်။

(၃၉) မေး - စုတိ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ပျက်ခြင်းသည် မရဏ မည်၏။ စုတိ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါသေသည်၊ ငါ့သား ငါ့သမီး သေသည်ဟု လွန်ကဲ၍ သိခြင်းသည် စုတိ၌ တွေဝေခြင်း မည်ပါသည်။

(၄၀) မေး - ပဋိသန္ဓေ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ပဋိသန္ဓေ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါ မွေးဖွား၏။ ငါ့မှာ သားသမီးဖြစ်၏ဟု လွန်၍ ကဲ၍ သိခြင်းသည် ပဋိသန္ဓေ၌ တွေဝေခြင်း မည်ပါသည်။

(၄၁) မေး - သံသရာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ခန္ဓာ, အာယတန, ဓာတ်တို့၏ ကြောင်းကျိုးဆက်စပ် မပြတ်ဖြစ်ခြင်းသည် သံသရာ မည်၏။ ဤအနေမျှ သိရမည်ကို သူသူငါငါ သတ္တဝါအပေါင်းသည် တစ်ဘဝမှ တစ်ဘဝသို့ သွား၏၊ လာ၏၊ ကူးပြောင်း၏ စသည်ဖြင့် လွန်၍ ကဲ၍ သိခြင်းသည် သံသရာ၌ တွေဝေခြင်း မည်ပါသည်။

(၄၂) မေး - သင်္ခတလက္ခဏာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - စိတ်ဟူသော သင်္ခတတရားသည် သိခြင်း လက္ခဏာ ရှိ၏။ စေတသိက်ဟူသော သင်္ခတတရားသည် ထိခြင်း ခံစားခြင်း စသော လက္ခဏာ ရှိ၏။ ရုပ်ဟူသော သင်္ခတတရားသည် ကြမ်းတမ်းခြင်း, ယိုစီးခြင်း, ပူအေးခြင်း, ထောက်ပံ့ခြင်း စသော လက္ခဏာ ရှိ၏။ ဤကား သဘာဝလက္ခဏာ မည်၏။ စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတတရား သုံးပါးလုံးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရှိ၏။ ဤကား သာမညလက္ခဏာ မည်၏။ ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ နှစ်ပါးကို မသိဘဲ ငါ့ကိုယ်ဖြစ်၏၊ ငါ့ဟာဖြစ်၏၊ ငါဖြစ်၏၊ မြဲ၏၊ တင့်တယ်၏ စသည်ဖြင့် လွန်ကဲ၍ သိခြင်းသည် သင်္ခတလက္ခဏာ၌ တွေဝေခြင်း မည်ပါသည်။

(၄၃) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မေးခွန်း-၃၇ အဖြေ၌ ဖော်ပြပြီး ဖြစ်၏။

(၄၄) မေး - ငါးဌာန တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု ဆိုရာ၌ ပြုပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ခရီးညွှန်ကင်း အလင်းမရ မျက်မမြင် ဒုက္ခိတသည် လမ်းကောင်း လမ်းဆိုး အရမ်းတိုး၏။ ထို့အတူ ငါးဌာနတွေဝေသူသည် ကုသိုလ် အကုသိုလ် အရမ်းတိုး၍ ပုညာဘိသင်္ခါရစသော သင်္ခါရသုံးပါးကို ပြုပါသည်။

(၄၅) မေး - အဘယ်အခါ၌ ထိုမျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်မည်နည်း။
ဖြေ - သစ္စာလေးပါးသိသောအခါ၌ အဝိဇ္ဇာအမြစ်ပြတ်၍ မျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်နိုင်ပါသည်။

(၄၆) မေး - သင်္ခါရသုံးမျိုး စုံလင်အောင် ခွဲပြပါ။
ဖြေ - ကာမကုသိုလ် စေတနာရှစ်ခု၊ ရူပကုသိုလ် စေတနာငါးခုသည် ပုညာဘိသင်္ခါရ ၁၃-ခု မည်ပါသည်။ အကုသိုလ် စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရ ၁၂-ခု မည်ပါသည်။ အရူပကုသိုလ် စေတနာလေးခုသည် အာနေဉ္ဇာဘိသင်္ခါရ ၄-ခု မည်ပါသည်။ တနည်းကား - ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀ သည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယသင်္ခါရ ၂၀ မည်ပါသည်။ ထို ၂၀ သည် ဝစီဒွါရ၌ ဖြစ်သောအခါ ဝစီသင်္ခါရ ၂၀ မည်ပါသည်။ လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုလုံးသည် မနောဒွါရ၌ ဖြစ်သောအခါ စိတ္တသင်္ခါရ ၂၉-ခု မည်ပါသည်။

(၄၇) မေး - လောကီဝိပါက် ၃၂-ခုကို သိသာရုံ ရေပြပါ။
ဖြေ - အကုသလဝိပါက် ၇-ခု၊ ကာမကုသလဝိပါက် ၁၆-ခု၊ (ဝါ) အဟိတ်ရှစ်, သဟိတ်ရှစ်, ပေါင်း ၁၆-ခု၊ ရူပဝိပါက် ၅-ခု၊ အရူပဝိပါက် ၄-ခု၊ ဤသို့ လောကီဝိပါက် ၃၂-ခု ဖြစ်ပါသည်။

(၄၈) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဋိသန္ဓေဝိညာဏ် ၁၉-ခု ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ခုကြောင့် အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေတစ်ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ သုဂတိအဟိတ် ပဋိသန္ဓေတစ်ခု, ဒွိဟိတ် ပဋိသန္ဓေ လေးခု, တိဟိတ် ပဋိသန္ဓေ လေးခု, ပေါင်း ၉-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရူပပဋိသန္ဓေ ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပ ၄-ဘုံ၌ အရူပပဋိသန္ဓေ ၄-ခု ဖြစ်ပါသည်။

(၄၉) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဝတ္တိဝိညာဏ် ၃၂-ခုမျှ ဖြစ်ပုံ တွဲပြပါ။
ဖြေ - အကုသိုလ်စေတနာ ၁၂-ခုကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် အဟိတ် ၈, သဟိတ် ၈ အားဖြင့် ကာမကုသလဝိပါက် ၁၆-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် ရူပဝိပါက် ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပဝိပါက် ၄-ခု ဖြစ်ပါသည်။

(၅၀) မေး - ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပဝိပါက် ဝိညာဏ် ၄-ခုကြောင့် အရူပ ၄-ဘုံ၌ နာမ်သာ ဖြစ်ပါသည်။ ရှေးကာမဘုံက ပြုခဲ့သော ရူပပဉ္စမဈာန်ကုသိုလ်ကံ ဝိညာဏ်တစ်ခုကြောင့် အသညသတ်တစ်ဘုံ၌ ရုပ်သာ ဖြစ်ပါသည်။ ကြွင်းသော ပဋိသန္ဓေဝိညာစ် ၁၅-ခု, ပဝတ္တိဝိညာဏ် ၂၀-ခုကြောင့် ကြွင်း ၂၆-ဘုံ၌ နာမ်နှင့်ရုပ် ဖြစ်ပါသည်။

(၅၁) မေး - နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပ ၄-ဘုံ၌ နာမ်ကြောင့် မနာယတနတစ်ပါးသာ ဖြစ်ပါသည်။ အသညသတ်တစ်ဘုံ၌ ရုပ်ကြောင့် အာယတနတစ်ပါးမျှ မဖြစ်ပါ။ ကြွင်း ရူပ ၁၅-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, မနာယတန သုံးပါးသာ ဖြစ်ပါသည်။ ကာမ ၁၁-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟု ၆-ပါး ဖြစ်ပါသည်။

(၅၂) မေး - အာယတန ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဖဿ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ၊ ဤကား အစဉ်အတိုင်း ဖဿ ၆-ပါး ဖြစ်ပါသည်။

(၅၃) မေး - ဖဿ ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဝေဒနာ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာ၊ ဤကား အစဉ်အတိုင်း ဝေဒနာ ၆-ပါး ဖြစ်ပါသည်။

(၅၄) မေး - ဝေဒနာ ၆-ပါးကြောင့် စဉ်တိုင်းဖြစ်သော တဏှာ ၆-ပါး ရေပြပါ။
ဖြေ - ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ၊ ဤကား စဉ်တိုင်း တဏှာ ၆-ပါး ဖြစ်ပါသည်။

(၅၅) မေး - ဖဿကြောင့် ဝေဒနာသုံးပါး ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဣဋ္ဌာရုံ ဖဿအကောင်းစား တွေ့ထိလျှင် ကိုယ်စိတ်ချမ်းသာသော သုခဝေဒနာ ဖြစ်ပါသည်။ အနိဋ္ဌာရုံ ဖဿအညံ့စား တွေ့ထိလျှင် ကိုယ်စိတ်ဆင်းရဲသော ဒုက္ခဝေဒနာ ဖြစ်ပါသည်။ မဇ္ဈတ္တာရုံ ဖဿအလတ်စား တွေ့ထိလျှင် လျစ်လျူရှုသော ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။

(၅၆) မေး - ဝေဒနာကြောင့် တဏှာဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - သုခဝေဒနာ-ချမ်းသာစွာ ခံစားရလျှင် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဥပေက္ခာဝေဒနာ-လျစ်လျူရှုကာ ခံစားရလျှင် အညံ့မဟုတ်သောကြောင့် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဒုက္ခဝေဒနာ-ဆင်းရဲစွာ ခံစားရလျှင်ကား ဘယ်အခါ အာရုံကောင်းကောင်း ခံစားရပါအံ့နည်းဟု လှမ်း၍ တောင့်တသော တဏှာဖြစ်ပါသည်။

(၅၇) မေး - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ ခံစားနိုင်သလား။
ဖြေ - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို ဒုက္ခဝေဒနာဖြင့် ခံစားရသောအခါ မကျေနိုင် မချမ်းနိုင်၊ ငါ့ကို သင်းတို့ မကောင်းကြံကြတယ်၊ သေခမ်းရှင်ခမ်း ဖြတ်မယ်၊ မကျေဘူးဟဲ့ စသည်ဖြင့် တစ်သက်လုံး မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ သေသည်အထိ ခံစားကြတာ လောကမှာ ထင်ရှားပါသည်။

(၅၈) မေး - ဝေဒနာကြောင့် တဏှာသည် သတ္တဝါတိုင်းအား ဖြစ်သလော။
ဖြေ - ရဟန္တာအား ဝေဒနာဖြစ်ခြင်းကြောင့် တဏှာ ဆက်၍ မဖြစ်ပါ။ ပုထုဇဉ်အားသော်လည်း ဗဟုသုတရှိ၍ ယောနိသော မနသိကာရ-သင့်အောင် နှလုံးသွင်းလျှင် တဏှာ မဖြစ်ပါ။ အယောနိသော မနသိကာရ-မသင့်အောင် နှလုံးသွင်းသူတို့အားသာ ဝေဒနာဖြစ်တိုင်း တဏှာ ဆက်၍ ဖြစ်နိုင်ပါသည်။

(၅၉) မေး - ကာမ, ဘဝ, ဝိဘဝ ဟူသော တဏှာသုံးပါးကို ထင်ရှားအောင် ရှင်းပါ။
ဖြေ - ကာမအာရုံ စုံမက်သော တဏှာသည် ကာမတဏှာ မည်ပါသည်။ သဿတဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ (ဝါ) ရူပဘဝ, အရူပဘဝကို စုံမက်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဝိဘဝတဏှာ မည်ပါသည်။ (ဝါ) နိဗ္ဗာန်မဟုတ်ဘဲ နိဗ္ဗာန်ဟု စုံမက်သော နိရောဓတဏှာသည်လည်း ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော ဝိဘဝတဏှာပင် ဖြစ်ပါသည်။

(၆၀) မေး - ဥပါဒါန်လေးပါးကို ထင်ရှားအောင် ရှင်းပြပါ။
ဖြေ - ကာမအာရုံ၌ စွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန် မည်ပါသည်။ အလှူသည် အကျိုးမရှိ စသည်ဖြင့် စွဲလမ်းသော ဒိဋ္ဌိဆယ်ပါး ဒိဋ္ဌိ ၆၂-ပါးသည် ဒိဋ္ဌုပါဒါန် မည်ပါသည်။ သီလ-တိရိစ္ဆာန်တို့၏ အလေ့ဖြင့် + ဗတ-တိရစ္ဆာန်တို့၏ အကျင့်ဖြင့် + ပရာမာသ-နိဗ္ဗာန်ရသည်ဟု သုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်ပါသည်။ ရုပ်သည် အတ္တ၊ ရုပ်ရှိသော အတ္တ စသည်ဖြင့် စွဲလမ်းသော သက္ကာယဒိဋ္ဌိ ၂၀ သည် အတ္တဝါဒုပါဒါန် မည်ပါသည်။ စွဲလမ်းသော တဏှာတစ်ခု၊ ဒိဋ္ဌိသုံးခု ဖြစ်ပါသည်။

(၆၁) မေး - သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုတို့တွင် သင်္ခါရ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ပုညာဘိသင်္ခါရ ၁၃-ခု၊ အပုညာဘိသင်္ခါရ ၁၂-ခု၊ အာနေဉ္ဇာဘိသင်္ခါရ ၄-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ကာယသင်္ခါရ ၂၀၊ ဝစီသင်္ခါရ ၂၀၊ စိတ္တသင်္ခါရ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ စေတနာစေတသိက်တစ်ခုသာ သင်္ခါရ မည်ပါသည်။

(၆၂) မေး - ဘဝဂါမိကံ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် ၂၉-ခု၌ ရှိသော စိတ်, စေတသိက်အားလုံးသည် ဘဝဂါမိကံ ၂၉-ခု မည်ပါသည်။

(၆၃) မေး - ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါးကို ရေပြပါ။
ဖြေ - ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ - သုံးပါး၊ သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ - သုံးပါး၊ ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ - သုံးပါး၊ ဤကား ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါး ဖြစ်ပါသည်။

(၆၄) မေး - ကာမဘဝဟူသည် အဘယ်နည်း။
ဖြေ - ကာမ ၁၁-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ကာမဘဝ မည်ပါသည်။

(၆၅) မေး - ရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - ရူပ ၁၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ရူပဘဝ မည်ပါသည်။

(၆၆) မေး - အရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - အရူပ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် အရူပဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။

(၆၇) မေး - သညီဘဝဟူသည် အဘယ်နည်း။
ဖြေ - သညီ ၂၉-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် သညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၆၈) မေး - အသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - အသညီတဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် အသညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၆၉) မေး - နေဝသညီနာသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - နေဝသညီနာသညီတဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် နေဝသညီနာသညီဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။

(၇၀) မေး - ဧကဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ဧကဝေါကာရဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် ဧကဝေါကာရဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၇၁) မေး - စတုဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - စတုဝေါကာရ ၄-ဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် စတုဝေါကာရဘဝမည်ပါသည်။ ရုပ်မဖြစ်ပါ။

(၇၂) မေး - ပဉ္စဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ပဉ္စဝေါကာရဘဝ မည်ပါသည်။

(၇၃) မေး - ဇာတိ,ဇရာ, မရဏသည် ရန်သူသုံးဦးနှင့် တူ၏ဟု အဋ္ဌကထာဆိုသည်။ ရန်သူနှင့်တူပုံ ရှင်းပြပါ။
ဖြေ - ဇာတိသည် တစ်ဘဝမှ တစ်ဘဝသို့ ဆောင်၏။ တောနက်ထဲသို့ ချော့ခေါ်သော ပထမရန်သူနှင့် တူပါသည်။ ဇရာသည် ရောက်ရာဘဝ၌ ချက်ချင်း အိုမင်းရင့်ရော်အောင် နှိပ်စက်၏။ တောနက်ထဲ ရောက်လျှင်ရောက်ချင်း မထနိုင်အောင် ရိုက်သော ဒုတိယရန်သူနှင့် တူပါသည်။ မရဏသည် ဇရာဒုက္ခသင့်သူကို ခန္ဓာပျက်အောင် အသေသတ်၏။ တောနက်ထဲ၌ မထနိုင်သူကို ဦးခေါင်းဖြတ်သော တတိယရန်သူနှင့် တူပါသည်။

(၇၄) မေး - သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ၊ ဤငါးပါးကို အင်္ဂါ၌ အဘယ့်ကြောင့် မပြသနည်း။ ပဋိစ္စသမုပ္ပါဒ်မှ လွတ်သလော။
ဖြေ - သောကစသော ငါးပါးသည် ပဋိစ္စသမုပ္ပါဒ်မှ အလွတ်မဟုတ်ပါ။ ဇာတိ၏ အကျိုးဖျားမျှ ဖြစ်ပါသည်။ အကျိုးရင်း မဟုတ်ပါ။ ထို့ကြောင့် အင်္ဂါ၌ မပြပါ။

(၇၅) မေး - အကျိုးဖျားမျှဖြစ်ပုံ ဖော်ပြပါ။
ဖြေ - သောကစသော ငါးပါးသည် ဇာတိကြောင့်လည်း ဖြစ်ပါသည်။ ဇရာကြောင့်လည်း ဖြစ်ပါသည်။ မရဏကြောင့်လည်း ဖြစ်ပါသည်။ ထိုမှတပါးသော အကြောင်းကြောင့်လည်း ဖြစ်ပါသည်။ ဘုံအားဖြင့် ကာမ ၁၁-ဘုံ၌သာ အမြဲဖြစ်ပါသည်။ ဗြဟ္မာ ၂၀ ၌ မဖြစ်ပါ။ ထို့ကြောင့် ဇာတိ၏ အကျိုးဖျားမျှဖြစ်သည်ဟု ဆိုရပါသည်။

(၇၆) မေး - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း အဘယ်ပစ္စည်းသတ္တိဖြင့် ဖြစ်နိုင်သနည်း။
ဖြေ - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း ဟေတု, အာရမ္မဏ, အဓိပတိ, အနန္တရ, သဟဇာတ, ဥပနိဿယ, အာသေဝန စသော ပစ္စည်းသတ္တိများစွာဖြင့် ဖြစ်ပါသည်။

(၇၇) မေး - အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးက ဖြစ်ခဲ့ပြီးသော အကုသိုလ် အဝိဇ္ဇာကို စဉ်းစားမိတိုင်း အာရုံပြု၍ လောဘ ဒေါသတို့ ဖြစ်လာသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၇၈) မေး - အဓိပတိသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို “အဖိုးတန်လိုက်တာ၊ သိပ်နေရာကျတာပဲ” စသည်ဖြင့် အလေးပြု၍ သာယာသောအခါ အဓိပတိသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၇၉) မေး - ဥပနိဿယသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို အခြေခံပြု၍ “မည်သည့်ရပ်ရွာမှာ လူမိုက်ဗိုလ်လုပ်ခဲ့တာ ငါကွ” စသည်ဖြင့် နောက်ထပ် လောဘ ဒေါသတို့ ဖြစ်လာသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၈၀) မေး - ဟေတုစသော ကြွင်းသတ္တိဖြင့် ကျေးဇူးပြုသောအခါ ဖြစ်ပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ဟေတု, သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အကြောင်း အဝိဇ္ဇာနှင့် အကျိုး အကုသိုလ်သင်္ခါရသည် ပြိုင်တူ ဖြစ်ပါသည်။ အနန္တရ, အာသေဝနသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အခြားမရှိ နီးကပ်စွာ ဖြစ်ပါသည်။

(၈၁) မေး - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ သင်ကြားရသောနည်း သုံးနည်းကို ရေတွက်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ အဝိဇ္ဇာကို ရွက်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို ခုန်ကျော်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို နင်းလျက် ဖြစ်ပုံ တစ်နည်း၊ ဤသို့ သုံးနည်း သင်ကြားရပါသည်။

(၈၂) မေး - အဝိဇ္ဇာကို ရွက်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံ ရှင်းပြပါ။
ဖြေ - သံသရာဘေး မဆင်ခြင် လူနတ်စည်းစိမ်ကို ကောင်းလှပြီ ထင်၍ လိုချင်တောင့်တလျက် ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ဦးခေါင်းထက် ရွက်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၃) မေး - အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိ သူတပါး ပြုခဲ့သော အကုသိုလ်အဝိဇ္ဇာကို “အပါယ်ဘေး သံသရာဘေး အပြစ်ပေးလတ္တံ့”ဟု ဆင်ခြင်၍ ထိုအပြစ်မှ လွတ်ပါစေခြင်းငှာဟု ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၄) မေး - အဝိဇ္ဇာကို နင်းလျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိပြုမိသော အကုသိုလ်အဝိဇ္ဇာကို ဉာဏ်ဖြင့် သိမ်းဆည်း၍ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာ နိုင်နိုင်နင်းနင်း ရှုသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို နင်းလျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၅) မေး - အဝိဇ္ဇာမကင်း မိုက်မဲခြင်းကြောင့် ကုသိုလ်ပြုသည်ဆိုလျှင် အများအားဖြင့် မကျေနပ်နိုင်။ ထို့ကြောင့် အဝိဇ္ဇာဦးစီးသော အဝိဇ္ဇာရွက်ထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာဦးစီးသော ရွက်ထားသော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ညွန်အိုင်ရေ ချိုးလျှင် တိုး၍ ညစ်ကြေးပေသလို မိုက်လို့ ဘဝစည်းစိမ် တောင့်တပြီး ကုသိုလ်ပြုလျှင် တိုး၍ မိုက်မဲသွားနိုင်ပါသည်။

(၈၆) မေး - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ရေကောင်းရေသန့် ချိုးလျှင် ညစ်ကြေးကင်းသွားသလို မိုက်လို့ အမိုက်လွတ်အောင် ခုန်ကျော်၍ ကုသိုလ်ပြုလျှင် အမိုက်အမဲ ကင်းသွားနိုင်ပါသည်။

(၈၇) မေး - အဝိဇ္ဇာနင်းထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာကိုနင်းထားသော ကုသိုလ်ရှင်သည် အိုက်လွန်းလို့ ရေအေးအေး ချိုးလျှင် အအိုက်ပျောက်သလို မိုက်လွန်းလို့ အမိုက်ကို နင်း၍ ဝိပဿနာကုသိုလ် နင်းပြုလျှင် အမိုက်ပျောက်သွားနိုင်ပါသည်။

(၈၈) မေး - ကုသိုလ်သည် အဘယ်သို့သောသူအား ဖြစ်သည်၊ အဘယ်သို့သောသူအား မဖြစ်ဟု ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာရှိ၍ မိုက်ရိုင်းလွန်းသူတို့အားသာ ကုသိုလ်ဖြစ်ပါသည်။ အဝိဇ္ဇာကင်း၍ မမိုက်ရိုင်းသူတို့အား ဘယ်ကုသိုလ်မျှ မဖြစ်ပါ။ ကုသိုလ်အစား ကြိယာသာ ဖြစ်ပါသည်။

(၈၉) မေး - အဝိဇ္ဇာ အမိုက်မရှိသူ ရှိသူတို့ကို ခွဲပြပါ။
ဖြေ - ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးယောက်အား အဝိဇ္ဇာအမိုက် မရှိပါ။ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်၊ ဤလေးယောက်အား အဝိဇ္ဇာအမိုက် ရှိပါသေးသည်။

(၉၀) မေး - ဒါန သီလစသော ကောင်းမှုပြုပါလျက် ကုသိုလ်မရသူ ရသူ ခွဲပြပါ။
ဖြေ - ဒါန သီလစသော ကောင်းမှုပြုလျှင် ပုထုဇဉ်မှ အနာဂါမ်အထိ လေးယောက်သာ ကုသိုလ်ရနိုင်ပါသည်။ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့မှာ ကုသိုလ်မရနိုင်ပါ။ ကြိယာစိတ်ကိုသာ ရနိုင်သည်။

(၉၁) မေး - ကုသိုလ်နှင့် ကြိယာ ထူးခြားပုံကို ဖော်ပြပါ။
ဖြေ - ကုသိုလ်သည် မျိုးအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဇာတိ ဇရာ မရဏ သစ်ပင်ကို ပေါက်ရောက်စေနိုင်ပါသည်။ ကြိယာသည် မျိုးမအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဒုက္ခပင်တို့ကို မပေါက်ရောက်စေနိုင်ပါ။ တနည်းအားဖြင့် အမိုက်မကင်းသူအား ဖြစ်သော ကုသိုလ်သည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် တတ်နိုင်ပါသည်။ အမိုက်ကင်းသူအား ဖြစ်သော ကြိယာသည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် မတတ်နိုင်ပါ။ သို့ရာတွင် မဂ်လေးကြိမ်ဖြင့် အမိုက်ကို ဖျက်ဆီးပြီးသူအား နောင်ဖျက်ဆီးစရာ အမိုက်မရှိတော့ပါ။ မဂ်ဖြစ်ဖို့ မလိုတော့ပါ။

(၉၂) မေး - ကုသိုလ်သည် ဇာတိစသော ဒုက္ခကို ဖြစ်စေသည်ဟူ၍လည်းကောင်း၊ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သညဟူ၍လည်းကောင်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုထားသည်။ ပယ်ရမည်လော၊ ကျင့်ရမည်လော။
ဖြေ - ကုသိုလ်ကို မပယ်အပ်ပါ။ ကျင့်ရပါသည်။ ယခုမှ ဇာတိကြောက်လို့ ကုသိုလ်ပယ်သော်လည်း ဇာတိမလွတ်နိုင်သေးပါ။ အကုသိုလ်ကို ပြုလျှင်လည်း ဇာတိဖြစ်နိုင်ပါသည်။ ဇာတိဖြစ်စေသော ကုသိုလ်များကိုလည်း များစွာ ပြုထားပြီး ရှိကြပါသည်။ အကြိမ်ကြိမ် တွေ့ပြီး တွေ့ဆဲ တွေ့လတ္တံ့သော ဇာတိတို့ကို သတိသမ္ပဇညကင်းလျက် အလန့်တကြား မကြောက်သင့်ပါ။ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သော ကုသိုလ်ကို အားထုတ်၍ ကျင့်အပ်ပါသည်။ တစ်ကြိမ်မျှ မတွေ့ဖူးသော မဂ်ဖြစ်ပါသည်။ ထိုမဂ်ရလျှင် အဝိဇ္ဇာအမိုက် ကင်း၍ ဇာတိစသော ဒုက္ခမှ အပြီးတိုင် လွတ်ကင်းနိုင်ပါသည်။

(၉၃) မေး - မဂ်နှင့်ဆက်သွယ်လျှင် ဇာတိဘေးရှိသော ကုသိုလ်ကို မပယ်အပ်ပုံ ကျင့်အပ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - သမုဒ္ဒရာအတွင်း သင်္ဘောပျက်၍ ထောက်တည်ရာ မရသော သူ၏ အနီးသို့ ဆင်သေကောင်ပုပ်ကြီး ရောက်လာသည်ဖြစ်အံ့၊ ပုပ်စော်နံသော ရွံစရာဘေးရှိသော်လည်း ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိလျှင် တက်စီးရမည် ဖြစ်ပါသည်။ ထို့အတူ ဇာတိဘေး စသည်ဖြင့် ပုပ်စော်နံ ရွံစရာ ကုသိုလ် ဆင်သေကောင်ပုပ်ကို မဂ်လေးပါး ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိသော ထောက်တည်ရာ မရသေးသော အမျိုးကောင်းသားသည် အားထုတ်ကာ တက်စီးရပါသည်။

(၉၄) မေး - ဤဘဝစက်သည် ဇရာ မရဏ၌ မပြတ်ဘဲ အဘယ်သို့ ပြန်၍ ဆက်သနည်း။
ဖြေ - ဇရာ မရဏ၌ မပြတ်ဘဲ သောကစသည်တို့လည်း ဖြစ်ကုန်၏။ ထိုအခါ နုပျိုလို အသက်ရှည်လိုသော ကာမာသဝ စသည်တို့လည်း ဖြစ်ကုန်၏။ အာသဝနှင့် တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ဤသို့ ဇရာမရဏကြောင့် အဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သဖြင့် ဘဝစက် ပြန်၍ ဆက်ပါသည်။

(၉၅) မေး - ဤဘဝစက်မှ ထွက်နိုင်အောင် အဘယ်အင်္ဂါကို ဖျက်ရသနည်း။
ဖြေ - ဤဘဝစက်မှ ထွက်နိုင်အောင် အဝိဇ္ဇာနှင့် တဏှာဟူသော မူလ အင်္ဂါနှစ်ပါးကို ဖျက်ရပါသည်။

(၉၆) မေး - ဒါန သီလ စသော ကုသိုလ်ဖြင့် နိဗ္ဗာန်ရပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာ တဏှာကို အားနည်းအောင် ပြုသော ဒါန သီလစသော ကုသိုလ်သည် ဥပနိဿယသတ္တိဖြင့်လည်းကောင်း၊ အနန္တရသတ္တိဖြင့်လည်းကောင်း မဂ်ကို ဖြစ်စေနိုင်ပါသည်။ ထိုမဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် အဝိဇ္ဇာ တဏှာကို အမြစ်ဖြတ်ပါသည်။ အဝိဇ္ဇာအကြွင်းမဲ့ချုပ်လျှင် သင်္ခါရချုပ်ခြင်း စသည်ဖြင့်လည်းကောင်း၊ တဏှာအကြွင်းမဲ့ချုပ်လျှင် ဥပါဒါန်ချုပ်ခြင်း စသည်ဖြင့်လည်းကောင်း ဒုက္ခအစု ချုပ်ငြိမ်း၍ နိဗ္ဗာန်ရပုံကို ဟောပါသည်။ အဝိဇ္ဇာ တဏှာကို အားပေးလျက်ဖြစ်သော ကုသိုလ်ဖြင့်ကား နိဗ္ဗာန်မရနိုင်ပါ။

(၉၇) မေး - အဝိဇ္ဇာ တဏှာကို အားပေးသော ဝဋ္ဋနိဿိတကုသိုလ်ထက် ကြောက်ဖွယ်တရား ရှိသေးသလော၊ အဘယ်မှာ ရှိသေးသနည်း။
ဖြေ - ဝဋ္ဋနိဿိတကုသိုလ်သည် အဝိဇ္ဇာ တဏှာ မူလကို အားပေးရုံသာ ဖြစ်ပါသည်။ မူလကား မဖြစ်ပါ။ အကုသိုလ်တရားကား ထိုမူလနှစ်ပါးကို အားလည်းပေးသည်။ မူလလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်ထက် အကုသိုလ်သည် ပို၍ ကြောက်ဖွယ် ဖြစ်ပါသည်။ (ဝဏ္ဍိတမာနီ) ပညာလွန်သူတို့အား အကုသိုလ်ကို အပြစ်များစွာ မဆိုဘဲ ဝဋ္ဋနိဿိတကုသိုလ်ကို ပို၍ အပြစ်များစွာ ဆိုကြပါသည်။

ဤတွင် ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ ပြီး၏။

+++++
စာကိုး
ညောင်လေးပင် တောရကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ “ပဋိစ္စသမုပ္ပါဒ်အရသာ” မှ

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၆) (၇) (၉) - ညောင်တုန်းမြို့ ရွှေဟင်္သာစံကျောင်းဆရာတော်

ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၆)

မေး။ ။ ဘုရား တရား သံဃာသည် ပရမတ်ဖြစ်မည်၊ ပညတ်ဖြစ်မည်နည်း ... ဟူသော ပုစ္ဆာအဖြေကား -

ဖြေ။ ။ ပရမတ်ဟူသည် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ကို ခေါ်သည်။ ဘုရားသည် ထိုပရမတ်လေးပါးမှ လွတ်သောကြောင့် ပညတ်ဖြစ်သည်။ သံဃာလည်း ထိုပရမတ် ၄-ပါးမှ လွတ်၍ ပညတ်ဖြစ်သည်။ တရားတော်မှာမူကား လောကုတ္တရာတရား ၉-ပါးသည် ပရမတ်တရား ဖြစ်သည်။ ပိဋကတ်သုံးပုံဟူသော ပရိယတ်တရားသည် ပညတ်တရား ဖြစ်သည်။


ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၇)

မေး။ ။ ပညတ်ကို ပယ်က ဘုရားကို ပယ်ရာကျမည်၊ မကျမည်နည်း ... ဟူသော ပုစ္ဆာအဖြေကား -

ဖြေ။ ။ ဘုရား၊ သံဃာသည် ပညတ်ဖြစ်၍ ပညတ်ကို ပယ်က ဘုရား၊ သံဃာကို ပယ်ရာကျ၏။ တရားတော်တို့တွင်လည်း ပိဋကတ်သုံးပုံတည်းဟူသော ပရိယတ်တရားမှာ ပညတ်ဖြစ်၍ ၎င်းကိုလည်း ပယ်ရာကျ၏။


ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ (၉)

မေး။ ။ ခန္ဓာကို ဘုရားခေါ်ရမည်၊ ဉာဏ်ကို ဘုရားခေါ်ရမည်နည်း ... ဟူသော ပုစ္ဆာအဖြေကား -

ဖြေ။ ။ ခန္ဓာကိုလည်း ဘုရား မခေါ်အပ်၊ ဉာဏ်ကိုလည်း ဘုရား မခေါ်အပ်။ သစ္စာလေးပါးကို သိခြင်းကို အစွဲပြု၍ ပညတ်အပ်သော သတ္တဝါထူး ပုဂ္ဂိုလ်ထူးကို ဘုရား ဟူ၍ ဆိုအပ်၏။

ထို့ကြောင့် ခုဒ္ဒကပါဋ္ဌ အဋ္ဌကထာ သရဏတ္တယအဖွင့်၌ ဤသို့ မိန့်အပ်၏။
သစ္စာဘိသမ္ဗောဓိမုပါဒါယ ပဏ္ဏတ္တိတော သတ္တ ဝိသေသော ဗုဒ္ဓေါ။

အနက်ကား -
သစ္စာသမ္ဗောဓိံ - သစ္စာလေးပါးကို ဆရာမလို ကိုယ်တော်တိုင် သိတော်မူခြင်းကို
ဥပါဒါယ - စွဲ၍
ပဏ္ဏတ္တိတော - ဘုရားဟူ၍ ပညတ်အပ်သော
သတ္တဝိသေသော - သတ္တဝါအထူးသည်
ဗုဒ္ဓေါ - ဘုရား မည်၏။

ဤ၌ အကယ်၍ အရဟတ္တမဂ်ဉာဏ်ကို ဘုရားဆိုလျှင် ထိုဉာဏ်က တစ်ကြိမ်သာဖြစ်ပြီး ချုပ်သောကြောင့် ဘုရားပွင့်ပြီး ချက်ချင်း ပရိနိဗ္ဗာန်စံပြီဟု ဆိုရာရောက်၏။
ကြွင်းသောဉာဏ်တို့ကို ဘုရားဆိုက ထိုဉာဏ်တို့လည်း ခုဖြစ် ခုချုပ် ဖြစ်ကြ၍ ဘုရား ခုသေ ခုရှင် ဖြစ်ရာ၏။
ဉာဏ်မှတပါးသော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို ဘုရားဆိုလျှင် ထိုခန္ဓာတို့က မသိတတ်သော ဘုရား ဖြစ်ရာ၏။

ထို့ကြောင့် “အရဟတ္တမဂ်က စ၍ စုတေကျအောင် အဖန်ဖန်ဖြစ်သော ဉာဏ်နှင့်တကွသော ခန္ဓာကို စွဲ၍ ဘုရားဟူ၍ ခေါ်ဝေါ် ပညတ်အပ်သော သတ္တဝါထူး ပုဂ္ဂိုလ်ထူးကို ဘုရား”ဟူ၍ မှတ်အပ်၏။


+++++
ညောင်တုန်းမြို့ ရွှေဟင်္သာတောရစံကျောင်းဆရာတော်၏ “ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ၊ ယထာဘူတ ဝိနိစ္ဆယစာတမ်း” မှ

Tuesday, August 31, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၂)

“ကောင်းပြီ ... တစ်ခုပြောစရာလိုသေးတယ်။
အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။

ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။

Multiplicity of cause and effect - များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။

အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။

ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် စသည်ကို ပြောတာ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ စဉ်းစားကြည့်လေ။
သင်္ခါရဆိုတာ ကံ မဟုတ်လား။
ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စေတသိက်။
အဲဒီ စေတသိက်ဟာ စိတ်မဖြစ်ရင် မဖြစ်နိုင်ဘူး။ အဲဒီတော့ စိတ်ကလည်း အကြောင်းတစ်ခုအနေနဲ့ ပါတာပဲ။
တစ်ခါ ဒီစိတ်ကလည်း အာရုံမရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အာရုံရှိပြီဆိုပါတော့၊ မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အဲသလို အာရုံအကြောင်းတို့၊ မှီရာဝတ္ထုအကြောင်းတို့၊ သမ္ပယုတ်အကြောင်းတို့ ဒါတွေ အားလုံးစုံမှ သင်္ခါရက ဖြစ်တာ။
အဝိဇ္ဇာဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့် သင်္ခါရဖြစ်တာ မဟုတ်ဘူး။

ဒါပေမယ်လို့ အဝိဇ္ဇာက ပြဋ္ဌာန်းတဲ့အတွက်ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒီလို ဟောတော်မူတယ်။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာဟာ အဲဒီလို ထင်ရှားရာကို ယူပြီးတော့ ဟောထားတာ ဖြစ်တယ်။
အဝိဇ္ဇာတစ်ခုတည်းကြောင့် သင်္ခါရတစ်ခုတည်း ဖြစ်တယ်၊ သင်္ခါရတစ်ခုတည်းကြောင့် ဝိညာဏ်တစ်ခုတည်း ဖြစ်တယ်၊ ဝိညာဏ် သူ့ချည်းသက်သက်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဒီလို မမှတ်ရဘူး။
တခြား အကြောင်းတွေလည်းပဲ ရှိသေးတယ်။
ဆိုင်ရာ အာရုံတို့၊ ဝတ္ထုတို့၊ ယောနိသောမနသိကာရတို့ ဘာတို့ပေါ့လေ။
အဲဒီအကြောင်းတွေကြောင့် အကျိုးဖြစ်တယ်လို့ အဲဒါကိုလည်း မှတ်ရမယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၈ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၈) ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ် သင်ခန်းစာ ဒုတိယပိုင်းကို နာယူ သင်ယူ မှတ်သားကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က ပဋိစ္စသမုပ္ပါဒ်ကို ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ဝဋ် စသည်ဖြင့် ဝေဖန်ပုံများကို ရှင်းလင်း သင်ကြားပေး၏။
ထိုနောက် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက် သင်ခန်းစာကို နာယူ မှတ်သားကြရသည်။

+++++

လင်္ကာ

‘မူလနှစ်ဖြာ’
‘သစ္စာနှစ်ခု’
‘လေးခုအလွှာ’
‘အင်္ဂါတစ်ဆယ့်နှစ်ပါး’၊ တရားကိုယ်များနှင့်
‘သုံးပါးအစပ်’
နှစ်ရပ်မူလ
‘ဝဋ်သုံးဝ’နှင့်
‘ကာလသုံးဖြာ’
‘ခြင်းရာနှစ်ဆယ်’
ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ်
သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။

+++++

အင်္ဂါ ၁၂-ပါး

အဝိဇ္ဇာ
သင်္ခါရ
......
ဝိညာဏ်
နာမ်ရုပ်
သဠာယတန
ဖဿ
ဝေဒနာ
.....
တဏှာ
ဥပါဒါန်
ဘဝ
.....
ဇာတိ
ဇရာ မရဏ

+++++

မူလ ၂-ပါး (မူလနှစ်ဖြာ/နှစ်ရပ်မူလ)

(၁) အဝိဇ္ဇာ

သံသရာရှေ့ပိုင်း၏ ဝဋ်မြစ် (မောဟ)။
အတိတ်အကြောင်းမှ စ၍ ပစ္စုပ္ပန်အကျိုးတိုင်အောင် ဖြစ်သော အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ရှေ့ပိုင်းဘဝစက်၏ မူလသည် အဝိဇ္ဇာ ဖြစ်၏။

(၂) တဏှာ

သံသရာနောက်ပိုင်း ဝဋ်မြစ်။
ပစ္စုပ္ပန်အကြောင်းမှ စ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် ဖြစ်သော တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏဟူသော နောက်ပိုင်းဘဝစက်၏ မူလသည် တဏှာ ဖြစ်၏။

+++++

သစ္စာ ၂-ပါး

အတိတ်အကြောင်း အဝိဇ္ဇာ၊ သင်္ခါရနှင့်
ပစ္စုပ္ပန်အကြောင်း တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် သမုဒယသစ္စာ

ပစ္စုပ္ပန်အကျိုး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနှင့်
အနာဂတ်အကျိုး ဇာတိ၊ ဇရာ မရဏတို့သည် ဒုက္ခသစ္စာ

+++++

အလွှာ ၄-ပါး

(၁) အတိတ်အကြောင်း တစ်လွှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ)။
(၂) ပစ္စုပ္ပန်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
(၃) ပစ္စုပ္ပန်အကြောင်း တစ်လွှာ = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ (အဝိဇ္ဇာ၊ သင်္ခါရ)။
(၄) အနာဂတ်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။

+++++

အစပ် ၃-ပါး

(၁) ဟေတုဖလအစပ် = သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး တစ်စပ်။
(၂) ဖလဟေတုအစပ် = ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်။
(၃) ဟေတုဖလအစပ် = ကမ္မဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး တစ်စပ်။

+++++

ဝဋ် ၃-ပါး

ဝဋ် = အကြောင်းပြီး အကျိုး၊ အကျိုးပြီး အကြောင်းဟု အကြောင်းအကျိုး မပြတ်ဘဲ ချာချာလည်နေအောင် လည်ပတ်နေသော တရား။

(၁) ကိလေသဝဋ် = အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ် = သင်္ခါရ၊ ကမ္မဘဝ။
(၃) ဝိပါကဝဋ် = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ မရဏ။

+++++

ကာလ ၃-ပါး (အဓွန့် ၃-ပါး)

(၁) အတိတ်အဓွန့် (အတိတ်ကာလက ဖြစ်ခဲ့သော တရားများ) = အဝိဇ္ဇာ၊ သင်္ခါရ ၂-ပါး။
(၂) ပစ္စုပ္ပန်အဓွန့် (ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားများ) = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ၈-ပါး။
(၃) အနာဂတ်အဓွန့် (အနာဂတ်၌ ဖြစ်မည့် တရားများ) = ဇာတိ၊ ဇရာ မရဏ ၂-ပါး။

+++++

အခြင်းအရာ ၂၀-ပါး

အတိတ်အကြောင်း ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း ၅-ပါး တစ်လွှာ၊ အနာဂတ်အကျိုး ၅-ပါး တစ်လွှာဟူသော အလွှာလေးရပ်ရှိ တရားပေါင်း ၂၀ သည်ပင် အာကာရ အခြင်းအရာ ၂၀ မည်၏။

+++++

အဝိဇ္ဇာ၏ အကြောင်းရင်း

အဝိဇ္ဇာ၏ အကြောင်းရင်းသည် အာသဝတရား (အာသဝေါတရား) ၄-ပါး ဖြစ်၏။
သတ္တဝါများသည် အာသဝတရား (လောဘ၊ ဒိဋ္ဌိ၊ မောဟ)ရှိနေခြင်းကြောင့်သာ သောကစသည်တို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဤသို့ သောကစသည်တို့ ဖြစ်ရခြင်းတွင် အဝိဇ္ဇာသဝသည် အဓိကအကြောင်း ဖြစ်ပြီး၊ ၎င်းကို အကြောင်းပြု၍ သောကစသည်တို့နှင့်အတူ နောက်နောက် အဝိဇ္ဇာများ ထပ်ဖြစ်ရခြင်းကြောင့် အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝတရား ဖြစ်၏။

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်နာမ် ခန္ဓာအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ကျင်လည်နေကြရခြင်းမှာ ဗြဟ္မာ ဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ် မူလ ၂-ပါးကြောင့် ဖြစ်၏။

ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့် တရားများသည်လည်း ဆက်စပ်၍ အကြောင်းအကျိုးမပြတ် လည်ပတ်ကြရလေသည်။

ဤသို့ဖြင့် မိမိတို့ ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်သစ် ရစေရန် အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေရခြင်း ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပျက်ကိန်း

သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တစ်ပင်လုံး ပျက်စီးသကဲ့သို့ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ရေသောက်မြစ် ၂-ခုကို အရဟတ္တမဂ်တည်းဟူသော ဓား သန်လျက်ဖြင့် ဖျက်ဆီးလိုက်သောအခါ သင်္ခါရတရားများသည် အပြီးတိုင် ချုပ်ငြိမ်း၍ အဖန်ဖန် လည်ပတ်နေရသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ပျက်လေသည်။

+++++

လင်္ကာ

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ
ဥပါဒါန်
ကံကြောင့် ရုပ်နာမ်ပေါ်
အပင်မှ မျိုး
မျိုးမှ အပင်
အမျှင်မပြတ်
ဆက်စပ်သည့်ဟန်
ကံကြောင့် နာမ်ရုပ်
နာမ်ရုပ်ကြောင့် ကံ
အဖန်ဖန် ဖြစ်ပြန်နည်းအလျော်
ဗြဟ္မာသိကြား စသည်များက
ထင်ရှားပြုပြင်
စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့်
လူနတ်များစွာ
သတ္တဝါတို့
ဖြစ်လာရမှု မဟုတ်ဟု
ဉာဏ်ဖြင့် ရှု၍ မျှော်။

+++++

နည်း ၄-ပါး

ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ၄-ရပ်သော နည်းဖြင့် အသီးအသီး ဆင်ခြင်လိုက်သောအခါ ပုဂ္ဂိုလ်သတ္တဝါ သူတပါး ယောက်ျားမိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင်လျက် သဿတ၊ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံ ဓမ္မတာနည်း ဟူသော နည်း ၄-တန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။

ဧကတ္တနည်း

“သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း”ဟု သိရသောနည်းသည် “ဧကတ္တနည်း” မည်၏။

ဧကတ္တနည်းအရ “မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏။
ရှေးရှေး သင်္ခါရကြောင့် ယခုဘဝ ဝိညာဉ်သစ် ဖြစ်၏” စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ “ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာမျိုး ဖြစ်ပြန်၏”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

နာနတ္တနည်း

သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏ သဘောက တစ်မျိုး၊ သင်္ခါရသဘောက တစ်မျိုး ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်ဟု သိရသော နည်းသည် နာနတ္တနည်း မည်၏။

ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ၊ သင်္ခါရနှင့် ဝိညာဉ်တို့ မတူပုံ၊ အသစ်အသစ် အကြောင်းနှင့် အသစ်အသစ် အကျိုးတို့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောခအခါ မပျက်မစဲ အမြဲတည်သည်ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

အဗျာပါရနည်း

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ “ငါသည် သင်္ခါရကို ဖြစ်စေမည်”ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရ မရှိ။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း “ငါသည် ဝိညာဉ်ကို ဖြစ်စေမည်”ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ။ ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့အရေး၌ အကြောင်းတရားစုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏။

ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့် “ဤ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးနေသည်”ဟူသော ဣဿရ နိမ္မာနဝါဒသည်လည်းကောင်း၊ “မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏”ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလိုအလျောက် ကင်းပျောက်တော့၏။

ဧဝံဓမ္မတာနည်း

ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံ ဓမ္မတာပင်တည်းဟု သိရသော နည်းသည် ဧဝံဓမ္မတာနည်း မည်၏။

ဤဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သော နို့ဓမ်း ဖြစ်ရခြင်း၊ နှမ်းကြောင့် ဆီဖြစ်ရခြင်း၊ ကြံကြောင့် ကြံရည်ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင် ဖြစ်၍ သဲမှ ဆီမထွက်နိုင်၊ ကြံမှ နို့ရည်မထွက်နိုင်ခြင်းများသည် ဓမ္မတာပင် ဖြစ်သကဲ့သို့ ထို့အတူ “အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ခြင်း၊ သင်္ခါရလည်း အဝိဇ္ဇာကြောင့်သာ ဖြစ်ခြင်း၊ တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း၊ မဆိုင်သောအကြောင်းကြောင့်လည်း မဆိုင်သော အကျိုးမဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား”ဟု စဉ်းစားလိုက်သောအခါ “အားလုံးတရားမှာ ဆိုင်ရာအကြောင်းမကင်း”ဟု သိတတ်သော သဟေတုကအယူပေါ်လာရကား “အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်”ဟု ယူမှားသော အဟေတုကဒိဋ္ဌိနှင့် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်၊ အကျိုးမရ နိရတ္တကသာဟု ယူမှားသော အကြိယဒိဋ္ဌိ”များသည် အလိုအလျောက် ကင်းပျောက်တော့၏။

တိုက်တွန်းချက်

ဗုဒ္ဓဘာသာဝင် ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် “ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏။ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်က စ၍ တဖန် ဖြစ်ပေါ်လာ၏”ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း “ဘယ်တုန်းက စ၍ ဖြစ်ခဲ့ပါလိမ့်မည်နည်း”ဟု တဆင့် စဉ်းစားလေ့ရှိကြပြန်၏။

သတ္တဝါများအတွက် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ” စသည်ကို ယုံကြည်နိုင်သော်လည်း “ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း”ဟူ၍ကား စဉ်းစားလျက်ကြပင်တည်း။
ထိုကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ “ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ ဖြစ်ဖို့ရန် အစမှာ အကြောင်းမရှိ”ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့ သက်ဆင်းကြလေသည်။
တချို့ကား “ဖန်ဆင်းတတ်သူ တစ်ယောက်,ယောက်တော့ ဧကန် ရှိဦးမှာပဲ”ဟူသော ဣဿရနိမ္မာနဝါဒကို သဘောတူသလို ရှိပြန်၏။

ဗုဒ္ဓဘာသာကျမ်းစာများ၌ “မိမိဉာဏ် မပိုင်၍ မကြံနိုင်သော လောက၊ အကြောင်းအရာ ကမ္ဘာ၏ဖြစ်ပုံကို မကြံလေနဲ့၊ ကြံဖန်များလျှင် အသိဉာဏ် အမှန်မရက ရူးသွပ်တတ်သည်”ဟု မိန့်မှာတော်မူ၏။

ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်း ရှင်းလင်းပါလိမ့်မည်။

ထိုပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမှာပင် မရှိခဲ့ကြဖူးပါချေ။
သို့အတွက် သံသရာမှ မြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှု ဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သတိပဋ္ဌာန် ၄-ပါးနှင့် ဝိပလ္လာသ”တရားတော်ကို ဟောကြား ချီးမြှင့်၏။



သတိပဋ္ဌာန်

လွန်လွန်ကဲကဲ၊ အာရုံထဲ၌၊ စွဲမြဲတည်ဘိ၊ ထိုသတိ သတိပဋ္ဌာန်ခေါ်။
(အခြေပြုသင်္ဂြိုဟ်)

သတိ‘တစ်’သာ
ဖြစ်တုံပါလည်း
ယူရာအာရုံ
၎-ပါးစုံခဲ့
ယူပုံခြင်းရာ
၎-မျိုးသာတည်း
ပယ်ခွာကိစ္စ
ဖြစ်ပြန်ကလျှင်
၎-ပါးပင်မို့
တို့ရှင်ပင်စော
၎-မျိုးဟောသည်
မှတ်လော သတိပဋ္ဌာန်တည်း။

ယူရာအာရုံ ၄-မျိုး = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ

ယူပုံ (ရှုပုံ) အခြင်းအရာ ၄-မျိုး = အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တ

ထင်မှားမှုကို ပယ်ခြင်းကိစ္စ ၄-မျိုး = သုဘ၊ သုခ၊ နိစ္စ၊ အတ္တ

(၁) ကာယာနုပဿနာသတိပဋ္ဌာန်သည် ဆံပင်၊ အမွေး စသော ကောဋ္ဌာသ ပညတ်ကို အာရုံပြု၏။ ထိုကောဋ္ဌာသပညတ်ကို အသုဘ အခြင်းအရာ ပေါ်လာအောင် အထပ်ထပ် ရှုသောအခါ အသုဘ = မတင့်တယ် ရွံရှာဖွယ်ဖြစ်သော အခြင်းအရာ ထင်လာ၏။ ထို့ကြောင့် ကာယာနုပဿနာသည် သုဘဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်သည် ဝေဒနာ(သုခ၊ ဒုက္ခ၊ ဥပေက္ခာ)တို့ကို ရှုသောအခါ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရပုံကို မြင်သဖြင့် ကြောက်မက်ဖွယ်သော ဒုက္ခဟူ၍ ထင်လာ၏။ ထို့ကြောင့် ဤဝေဒနာနုပဿနာသည် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်သည် ဤစိတ်ကာ သရာဂစိတ်၊ ဤစိတ်ကား ဒေါသစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏။ ဤသတိပဋ္ဌာန်ဖြင့် စိတ်ကို ခွဲခြားလျက် ဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲ ဖြစ်ပျက်နေပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်၏။ ထို့ကြောင့် စိတ္တာနုပဿာနသတိပဋ္ဌာန်သည် နိစ္စဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုရာ၌ ဓမ္မဟု သာမညဆိုသော်လည်း ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿာနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ဓမ္မအရ သညာ၊ သင်္ခါရက္ခန္ဓာ ဓမ္မများကိုသာ ယူခွင့်ရှိတော့သည်ဟု ယူရမည်။ ထိုဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန် အာရုံပြုလျက် ရှုသောအခါ အရာရာကိစ္စတို့၌ ထိုပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း သိရ၍ စီမံနိုင်သော အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ထို့ကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် အတ္တဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

လောကချမ်းသာ စနေနေ့တရားပွဲ ပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++
စာကိုး
မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနှင့် လင်္ကာများ
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

Friday, August 27, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၁)

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လောကချမ်းသာဘုရားကျောင်းတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခြင်း၊ စုပေါင်း ဆွမ်းကပ်ခြင်း၊ အနုမောဒနာတရား နာကြားခြင်း၊ သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ဝယ် ပြုလုပ်မည့် ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ရွက်ထည်တဲထိုးခြင်း စသည်တို့ကြောင့် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၇) သင်ခန်းစာဖြစ်သော ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်နည်း (၁) သင်ခန်းစာကို ညနေ ၄ နာရီခွဲမှ နာယူ မှတ်သား သင်ယူ လေ့ကျက်ကြရ၏။

ပစ္စည်းပိုင်း

ပရမတ္ထတရားလေးပါးတို့ကို သဘောတူချင်း ပေါင်းစု၍ သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီးနောက် ထိုသဘာဝဓမ္မတို့သည် တန်ခိုးရှင် နတ် ဗြဟ္မာတို့က ဖန်ဆင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းကင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းအကျိုး ဆက်သွယ်နေပုံကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း၊ အကျိုးတရားများ ဖြစ်လောက်အောင် အကြောင်းတရားတို့၌ သတ္တိစွမ်းပကားရှိပုံကို ပဋ္ဌာန်းနည်းဖြင့်လည်းကောင်း ဤပစ္စည်းပိုင်း၌ ထိုက်သည်အားလျော်စွာ ပြဆို၏။

ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း ၂-ပါး၏ ထူးခြားချက်

အကြောင်းတရားကို စွဲ၍ အကျိုးတရားသည် ကောင်းစွာ ဖြစ်ပေါ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် မည်၏။
အထူးထူး အပြားပြားရှိသော ဟေတုစသော ပစ္စည်းတို့၏ အစွမ်းဖြင့် ပြအပ်သောကြောင့် ပဋ္ဌာန်း မည်၏။

ပဋိစ္စသမုပ္ပါဒ်နည်း၌ ဟေတုသတ္တိ အာရမ္မဏသတ္တိ စသော သတ္တိထူး မပါ။ ပစ္စည်း ပစ္စယုပ္ပန်တို့၏ ဖြစ်ပုံလောက်ကိုသာ ပြ၏။
ပဋ္ဌာန်းနည်း၌ကား ပစ္စည်း၊ ပစ္စယုပ္ပန်အပြင် ပစ္စယသတ္တိကိုလည်း ပြသည်။

ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်း၌ ပစ္စယသတ္တိ မပါခြင်း၊ ပဋ္ဌာန်းနည်း၌ ပစ္စယသတ္တိ ပါရှိခြင်းသည် နည်း ၂-ပါး၏ ထူးခြားချက် ဖြစ်သည်။

+++++

ပဋိစ္စသမုပ္ပါဒ် အနုလောမ ပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ
သင်္ခါရပစ္စယာ ဝိညာဏံ
ဝိညာဏပစ္စယာ နာမရူပံ
နာမရူပပစ္စယာ သဠာယတနံ
သဠာယတနပစ္စယာ ဖေဿာ
ဖဿပစ္စယာ ဝေဒနာ
ဝေဒနာပစ္စယာ တဏှာ
တဏှာပစ္စယာ ဥပါဒါနံ
ဥပါဒါနပစ္စယာ ဘဝေါ
ဘဝပစ္စယာ ဇာတိ
ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿသုပါယာသာ သမ္ဘဝန္တိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ။

ပစ္စည်း ပစ္စယုပ္ပန်
၁။ အဝိဇ္ဇာ သင်္ခါရ
၂။ သင်္ခါရ ဝိညာဏ
၃။ ဝိညာဏ နာမရူပ
၎။ နာမရူပ သဠာယတန
၅။ သဠာယတန ဖဿ
၆။ ဖဿ ဝေဒနာ
၇။ ဝေဒနာ တဏှာ
၈။ တဏှာ ဥပါဒါန
၉။ ဥပါဒါန ဘဝ
၁၀။ ဘဝ ဇာတိ
၁၁။ ဇာတိ
ဇရာ, မရဏ, သောက, ပရိဒေဝ,
ဒုက္ခ, ဒေါမနဿ, ဥပါယာသ။

+++++

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

သစ္စာလေးပါး(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ)တို့၌လည်းကောင်း၊
ရှေ့အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တ၊
နောက်အစွန်းဟု ဆိုအပ်သော အပရန္တ၊
ရှေ့နောက်အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တာပရန္တ၊
ပဋိစ္စသမုပ္ပါဒ်တို့၌လည်းကောင်း
ဤရှစ်ရပ်သော တရားတို့၌ ဖုံးလွှမ်းတတ်သော မောဟစေတသိက်သည် အဝိဇ္ဇာ မည်၏။

၁။ ကာမကုသိုလ်စေတနာ ၈-ခု၊ ရူပကုသိုလ်စေတနာ ၅-ခု၊ ဤကုသိုလ်စေတနာ ၁၃-ခုသည် ကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ် ပြုပြင်စီရင်တတ်သောကြောင့် ပုညာဘိသင်္ခါရ။

၂။ အကုသိုလ်စေတနာ ၁၂-ခုသည် မကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အပုညာဘိသင်္ခါရ။

၃။ အရူပကုသိုလ်စေတနာ ၄-ခုသည် မတုန်လှုပ်တတ်သော အရူပဘဝကို ပြုပြင်စီရင်တတ်သောကြောင့် အာနေဉ္စာဘိသင်္ခါရ မည်၏။

တနည်း

၁။ ကာယဝိညတ်ဟု ဆိုအပ်သော ကာယဒွါရကြောင့် ဖြစ်ကုန်သော ကာမကုသိုလ်စေတနာ ၈-ခု၊ အကုသိုလ်စေတနာ ၁၂-ခု၊ ဤ ၂၀ သော ကာယကံစေတနာအပေါင်းသည် ကာယသင်္ခါရ။

၂။ ဝစီဝိညတ်ဟု ဆိုအပ်သော ဝစီဒွါရကြောင့် ဖြစ်ကုန်သော ဆိုအပ်ပြီးသော ၂၀-သော ဝစီကံ စေတနာအပေါင်းသည် ဝစီသင်္ခါရ။

၃။ ဝိညတ် ၂-ပါးကို မဖြစ်စေမူ၍ မနောဒွါရ၌သာ ဖြစ်သော အကုသိုလ်စေတနာ ၁၂-ခု၊ မဟာကုသိုလ်စေတနာ ၈-ခု၊ မဟဂ္ဂုတ်ကုသိုလ်စေတနာ ၉-ခု၊ ဤစေတနာ ၂၉-ခုသည် စိတ္တသင်္ခါရ မည်၏။

ဤပြဆိုခဲ့ပြီးသော သင်္ခါရ ၆-ပါး၊ တရားကိုယ်အားဖြင့် လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးတို့သည် အဝိဇ္ဇာပစ္စယာ သင်္ခါရာပုဒ်၌ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရတရားတို့ဟူ၍ မှတ်ပါ။

လောကုတ္တရာစေတနာသည် ဝဋ္ဋကထာ (ဝဋ်လည်ပုံကိုပြသော စကား)၌ မဟောသင့်သောကြောင့် သင်္ခါရဟု မဆိုရ။

+++++

သင်္ခါရပစ္စယာ ဝိညာဏံ

‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ’ပုဒ်၌ သင်္ခါရအရ အလုံးစုံသော လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉ ကို အကုန်လုံး ယူ၏။
‘သင်္ခါရပစ္စယာ ဝိညာဏံ’ပုဒ်၌ သင်္ခါရအရကို ပဋိသန္ဓေအခါ ဥဒ္ဓစ္စစေတနာ၊ ပဝတ္တိပဋိသန္ဓေအခါတို့၌ အဘိဉာဏ်စေတနာကို ကြဉ်၍ ကြွင်းသော လောကီကုသိုလ် အကုသိုလ် စေတနာများကိုသာ ယူရမည်။

ဝိညာဏပုဒ်အရကို ဘုံသုံးပါး၌ဖြစ်သော ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကိုသာ ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ယူရမည်။

ပဋိသန္ဓေအစွမ်းဖြင့် ကျေးဇူးပြုပုံ

ပုညာဘိသင်္ခါရကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁-ပါး၊
မဟာဝိပါက် ၈-ပါး၊
ရူပဝိပါက် ၅-ပါး၊
ဤ ၁၄-ပါးသော ဝိညာဏ် ဖြစ်၏။

ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁-ခုသာ ဖြစ်၏။
ဥဒ္ဓစ္စကား ပဝတ္တိဉာဏ်ကို ဖြစ်စေနိုင်၏။

အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက်ဝိညာဏ် ၄-ခုသာ ဖြစ်၏။

ပေါင်းသော် သင်္ခါရသုံးပါးကြောင့် (၁၄+၁+၄) ပဋိသန္ဓေဝိညာဏ် ၁၉ ဖြစ်၏။

ပဝတ္တိအစွမ်းဖြင့် ကျေးဇူးပြုပုံ

ကာမာဝစရကုသိုလ် ပုညာဘိသင်္ခါရ ၈-ခုကြောင့် အဟိတ်ကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါး၊ ပေါင်း ၁၆-ပါး ဖြစ်၏။

ရူပါဝစရကုသိုလ် ပုညာဘိသင်္ခါရ ၅-ခုကြောင့် ရူပါဝစရဝိပါက် ၅-ခု ဖြစ်၏။

အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်၏။

အာနေဉ္စာဘိသင်္ခါရကြောင့် အရူပါဝစရဝိပါက် ၄-ခု ဖြစ်၏။

+++++

ဝိညာဏပစ္စယာ နာမရူပံ

သင်္ခါရပစ္စယာ ဝိညာဏံပုဒ်၌ ဝိညာဏအရကို ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကို ယူ၏။
ကံ၏အကျိုးတရားဖြစ်သောကြောင့် ဝိပါက်ဝိညာဏ်ကိုသာ ယူရသည်။

ဝိညာဏပစ္စယာ နာမရူပံပုဒ်၌ ဝိညာဏအရကို အလုံးစုံသော စိတ်တစ်ခုယုတ် ကိုးဆယ်ကို ယူ၏။
နာမရူပံပုဒ်၌ နာမအရကို ဝေဒနာအစရှိသော ခန္ဓာ ၃-ပါး၊ စေတသိက် ၅၂-ပါးကို ယူအပ်၏။
ရူပံအရကိုကား ကမ္မဇရုပ်၊ တနည်း စတုသမုဋ္ဌာနိကရုပ်ကို ယူအပ်၏။

ဝိညာဏ်သည် နာမ်ရုပ်အား ကျေးဇူးပြုပုံ

ပဋိသန္ဓေဝိညာဏ်သည် ပဋိသန္ဓေနာမ်ရုပ်အား ကျေးဇူးပြု၏။
ပဝတ္တိဝိညာဏ်သည် ပဝတ္တိနာမ်ရုပ်အား ကျေးဇူးပြု၏။

ပြုပုံကား - ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ပဋိသန္ဓေဝိပါက်စိတ် ၁၅၊ စေတသိက် ၃၅၊ ကာယဒသက၊ ဝတ္ထုဒသက၊ ဘာဝဒသကဟု ဆိုအပ်သော ကမ္မဇကလာပ် ၃-စည်း (၇-စည်း၊ ၄-စည်း)တို့သည် တပြိုက်နက် ဖြစ်၏။
ပဋိသန္ဓေဝိညာဏ်စိတ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက် နာမ်နှင့် ကမ္မဇရုပ်တို့အား ကျေးဇူးပြု၏ဟု ဆိုလိုသည်။

ပဝတ္တိအခါ ကုသိုလ်စိတ် စသည်ဖြစ်ရာ၌ ၎င်းကုသိုလ်စိတ်နှင့်အတူတကွ စေတသိက် ၃၈-ပါး၊ စိတ္တဇရုပ် ဖြစ်၏။
ကုသိုလ်စိတ်ဝိညာဏ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက်နာမ်နှင့် စိတ္တဇရုပ်တို့အား ကျေးဇူးပြု၏။

စတုဝေါကာရဘုံ၌ ပဋိသန္ဓေ ပဝတ္တိ ၂-ပါးလုံးပင် လေးပါးသော အရူပဝိပါက်ဝိညာဏ်သည် စေတသိက် ၃၀ တည်းဟူသော နာမ်တရားအား ကျေးဇူးပြု၏။

+++++

နာမရူပပစ္စယာ သဠာယတနံ

နာမ၏အရကို ဝေဒနာအစရှိသော ခန္ဓာ ၃-ပါး အပေါင်းကိုပင် ယူအပ်၏။

ရူပ၏အရကို မဟာဘုတ် လေးပါး၊ ဆဝတ္ထုရုပ်၊ ဇီဝိတရုပ်တို့ကို ယူအပ်၏။

သဠာယတန၏အရကို အဇ္ဈတ္တိကာယတန ၆-ပါးကို ယူအပ်၏။

+++++

သဠာယတနပစ္စယာ ဖေဿာ

ဤ၌ သဠာယတနအရကို အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗာဟိရာယတန ၆-ပါး = ပေါင်း အာယတန ၁၂-ပါး စလုံးကိုပင် ယူအပ်၏။

ဖဿ၏အရကို လောကီဝိပါက် ၃၂-ခုနှင့် ယှဉ်သော ဖဿစေတသိက် ၃၂-ပါးသည် ဖဿ မည်၏။
ထိုတွင် စက္ခုဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် စက္ခုသမ္ဖဿ၊
သောတဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် သောတသမ္ဖဿ၊
ဃာနဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ဃာနသမ္ဖဿ၊
ဇိဝှါဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ဇိဝှါသမ္ဖဿ၊
ကာယဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ကာယသမ္ဖဿ၊
ကြွင်းသော လောကီဝိပါက် ၂၂-ခုနှင့် ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿ မည်၏။

ဒွေးပဉ္စဝိညာဏ် ၁၀ မှ ကြွင်းသော စိတ် ၇၉-ခု၌ ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿဟုလည်း ယူသေး၏။

ဤ၌ ဝဋ္ဋကထာဖြစ်၍ လောကီဝိပါက် ၃၂-ခု၌ ရှိသော ဖဿကိုသာ ကောက်ယူသင့်၏။

+++++

ဖဿပစ္စယာ ဝေဒနာ

လောကီဝိပါက် ၃၂-ပါးနှင့် ယှဉ်သော စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာတို့ကို ယူအပ်၏။

+++++

ဝေဒနာပစ္စယာ တဏှာ

ဖဿပစ္စယာ ဝေဒနာ၌ ဝေဒနာ၏အရကို လောကီဝိပါက် ၃၂-ခု၌ ရှိသော အကျိုးဝေဒနာကိုသာ ကောက်ခဲ့၏။

ဝေဒနာပစ္စယာ တဏှာ၌ကား အကြောင်းဝေဒနာဖြစ်၍ တဏှာကို ဖြစ်စေနိုင်သော ဝေဒနာတို့ကို ကောက်ယူသင့်သောကြောင့် လောကီစိတ် ၈၁-ခု၌ ရှိသာ ဝေဒနာ ၈၁-ခုကို ယူ၏။

တဏှာ၏အရကိုကား ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာအားဖြင့် ၆-ပါး ဖြစ်၏။
တဏှာအရကား လောဘစေတသိက်ပင်တည်း။

ရူပါရုံ၌ တပ်သော လောဘသည် ရူပတဏှာ၊
သဒ္ဒါရုံ၌ တပ်သော လောဘသည် သဒ္ဒတဏှာ၊
ဂန္ဓါရုံ၌ တပ်သော လောဘသည် ဂန္ဓတဏှာ၊
ရသာရုံ၌ တပ်သော လောဘသည် ရသတဏှာ၊
ဖောဋ္ဌဗ္ဗာရုံ၌ တပ်သော လောဘသည် ဖောဋ္ဌဗ္ဗတဏှာ၊
ဓမ္မာရုံ၌ တပ်သော လောဘသည် ဓမ္မတဏှာ မည်၏။

တနည်း -
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာအားဖြင့် ၃-ပါး ဖြစ်၏။

+++++

တဏှာပစ္စယာ ဥပါဒါနံ

တဏှာ၏အရ အားနည်းသော လောဘသည် တဏှာ၊ အားကြီးသော လောဘသည် ဥပါဒါန် မည်၏။

ဥပါဒါန် ၄-ပါးကို သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်၏။ ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး၊ တစ္ဆေကြီးလျှင် သူရဲ၊ သူရဲကြီးလျှင် သဘက်ဆိုသကဲ့သို့ တဏှာဓာတ် အဆင့်ဆင့် ရင့်သန်၍ အပြင်းအထန် စွဲလမ်းမှုကြီး ဖြစ်ပေါ်၍ လာ၏။
ထိုသို့ အပြင်းအထန် စွဲလမ်းမှုကိုပင် ဥပါဒါန်ဟု ခေါ်၏။

+++++

ဥပါဒါနပစ္စယာ ဘဝေါ

ဤ၌ ဥပါဒါန်၏အရမှာ ဆိုခဲ့ပြီးသော ဥပါဒါန်တရား ၄-ပါးတို့ပါင်တည်း။

ဘဝ၏အရကား ကမ္မဘဝ၊ ဥပပတ္တိဘဝ ၂-ပါး ရ၏။
ဖြစ်ပေါ်တတ် ကြီးပွားတတ်သောကြောင့် ဘဝ မည်၏။

ချမ်းသာအမျိုးမျိုး ဆင်းရဲအမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်း ကြီးပွားခြင်း၏ အကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်တို့နှင့် ယှဉ်သော စေတနာ ၂၉-ခုသည် ကမ္မဘဝ မည်၏။

ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက် ၃၂၊ စေတသိက် ၃၅၊ ကမ္မဇရုပ် ၂၀ တို့သည် ဥပပတ္တိဘဝ မည်၏။

သင်္ခါရနှင့် ဘဝ အထူး

အတိတ်ဘဝ၌ဖြစ်သော စေတနာသည် သင်္ခါရ မည်၏။
ယခု ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာသည် ကမ္မဘဝ မည်၏။

တနည်း -
စေတနာသက်သက်သည် သင်္ခါရ မည်၏။
စေတနာသည်လည်းကောင်း၊ စေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာစသော တရားအပေါင်းသည်လည်းကောင်း ဘဝ မည်၏။

ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ

ကာမုပါဒါန်ကြောင့် ဒုစရိုက်ကို ပြု၏။ ထိုဒုစရိုက်စေတနာသည် ကမ္မဘဝ မည်၏။
ထိုအကုသိုလ်ကမ္မဘဝကြောင့် ငရဲဘုံစသည်တို့၌ လားရ ရောက်ရ၏။ ထိုဒုဂ္ဂတိဘဝ၌ ပဋိသန္ဓေဝိပါက်ဖြစ်မှုသည် ဥပပတ္တိဘဝ မည်၏။
ဤသို့ အကုသိုလ်ကံဟူသော ကမ္မဘဝနှင့် ဒုဂ္ဂတိဘဝဟူသော ဥပပတ္တိဘဝသည် ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမှုကြောင့် ဘဝဖြစ်၏ဟု ဆိုရ၏။

လူ့ဘုံ နတ်ဘုံ၌ သာယာစွဲလမ်းခြင်းကြောင့် သုစရိုက်ကုသိုလ်ကံကို ပြုလုပ် အားထုတ်၏။ ထိုကုသိုလ်ကံသည် ကမ္မဘဝ မည်၏။
ထိုကံသည် ဖြစ်စေအပ်သော နတ်ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘဝ မည်၏။

အကုသိုလ်ကမ္မဘဝ ပြုမိလေသောကြောင့် အပါယ် ၄-ဘုံ၌ အပါယ်ခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည် ဖြစ်ပေါ်ကုန်ပြန်၏။
ကုသိုလ်ကမ္မဘဝကို ပြုမိလေသောကြောင့် ကာမသုဂတိ ၇-ဘုံ၌ ကာမသုဂတိခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည် ဖြစ်ပေါ်ရပြန်ကုန်၏။ ရူပါဝစရဘုံ၌ ဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးသည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။ အရူပ ၄-ဘုံတို့၌ အရူပဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။

ဤသို့ ဘဝ ၂-ပါး၏ ဖြစ်ပွား ဆက်လက်နေမှုသည်လည်း အပြင်းအထန် စွဲလမ်းသော ဥပါဒါန်အတွက်ကြောင့်သာ ဖြစ်ရ၏။
ထို့ကြောင့် ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ဟု ဆိုရလေသည်။

+++++

ဘဝပစ္စယာ ဇာတိ

ဥပါဒါနပစ္စယာ ဘဝေါ၌ ဘဝအရကို ကမ္မဘဝရော ဥပပတ္တိဘဝရော ယူ၏။

ဘဝပစ္စယာ ဇာတိ၌ ဘဝအရကို ကမ္မဘဝရော ဥပပတ္တိဘဝရော နှစ်ခုလုံး ယူ၍ မရပေ။ ဥပပတ္တိဘဝနှင့် ဇာတိမှာ အတူတူ ဖြစ်သောကြောင့် ကမ္မဘဝကိုသာ ယူရ၏။

ကမ္မဘဝ ကုသိုလ်ကံ အကုသိုလ်ကံတို့ကြောင့် အကျိုးအဖြစ် ဇာတိပဋိသန္ဓေနေခြင်း ဖြစ်၏။ ထိုထို ဘုံဘဝ၌ ပဋိသန္ဓေစိတ်၊ ပဋိသန္ဓေစိတ်နှင့်ယှဉ်သော စေတသိက်၊ ကမ္မဇရုပ်တို့ ဖြစ်၏။

+++++

ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ

ဇာတိကြောင့် ဇရာ (ရင့်ရော်အိုမင်းမှု)၊ မရဏ (သေခြင်း)၊ သောက (စိုးရိမ်ပူဆွေးခြင်း)၊ ပရိဒေဝ (ငိုကြွေးမြည်တမ်းခြင်း)၊ ဒုက္ခ (ကာယိကဒုက္ခ)၊ ဒေါမနဿ (စေတသိကဒုက္ခ)၊ ဥပါယာသ (စိုးရိမ်ပူဆွေးငိုကြွေးမြည်တမ်းရုံမျှမက ရှိုက်ကြီးငင်ကြီး ဖြစ်မှု၊ မြော၍သွားမှု၊ နစ်၍သွားမှု)သည် ဖြစ်၏။
ဥပါယာသ၏ တရားကိုယ်မှာ ဒေါသစေတသိက်ပင်တည်း။

ပါဠိတော်၌ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ = ချမ်းသာနှင့် လုံးဝ မဖက်၊ ချမ်းသာ လုံးဝ မပါ မရောနှောသော ဒုက္ခကြီး တစ်ခုဖြစ်ကြောင်း မြတ်စွာဘုရားရှင် ဟောတော်မူ၏။

ဤကား အစဉ်အတိုင်းသွားသော ပဋိစ္စသမုပ္ပါဒ် အနုလုံ ဒေသနာ ဖြစ်၏။

အဝိဇ္ဇာကို အစ၌ ထားခြင်းမှာ ဟောစဉ်အရ ထားခြင်း၊ ဒေသနာအရ အစထားခြင်းသာ ဖြစ်၏။
အဝိဇ္ဇာသည် ဝဋ်တရား၏ အစ မဟုတ်။
ဝဋ်တရားမှာ မမြင်နိုင်သော အစ၊ မသိအပ်သော အစရှိကြောင်း ဘုရားရှင် ဟောတော်မူ၏။

ပဋိစ္စသမုပ္ပါဒ်မှာ ဘီးတစ်ခုလို လည်နေ၏။

+++++

လောကချမ်းသာဆရာတော်ကလည်း စာချနည်းများအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များကို အလွယ်တကူ မှတ်သားနိုင်ရန် အထူးတလည် ရှင်းပြ သင်ကြားပေးသွား၏။

မွန်းလွဲတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ၌ အောင်ဆန်းဆရာတော်က ၂-နာရီခန့် တရားဟောကြား ချီးမြှင့်သွားပြီးဖြစ်၍ လောကချမ်းသာ ဆည်းဆာ တရားပွဲကို ယခုတပတ်တွင် မပြုလုပ်ဖြစ်တော့ပေ။

Wednesday, August 25, 2010

ကုသိုလ်လည်း ရ ... ဝမ်းလည်း ဝ ... ကုသိုလ်လည်း ရ

အေဘီဘီအေအသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပထမဆုံးအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို ယခုနှစ် ‘ပြုလုပ်မည်’ ‘မပြုလုပ်’ဟု ဆွေးနွေး တိုင်ပင်ကြသည်မှာ အကြိမ်ကြိမ် အခါခါ ဖြစ်၏။

နောက်ဆုံးတွင် ‘ဖြစ်တယ်ဆိုရုံလေးပဲဖြစ်ဖြစ် လုပ်ကြစို့’ဟု အဖြေထွက်လေသည်။

လိုအပ်သော ရွက်ထည်တဲ သုံးခုကို နယူးဂျာစီမဟာစည်ရိပ်သာကျောင်းမှ ခေတ္တ ငှားယူရ၏။ ကိုသိန်းဝင်း မအားလပ်သဖြင့် သူတို့၏ ထရပ်ကားကို ယူကာ ဦးဓာတ်ကျော်က ကူညီ သယ်ယူပေး၏။

နယူးဂျာစီမဟာစည်ရိပ်သာကျောင်းမှာ ရွက်ထည်တဲကို အသုံးပြုနေကြ၊ သူ့လူနှင့်သူ တက်ညီလက်ညီ ဆောင်ရွက်လုပ်ကိုင်နေကြဖြစ်ရာ ပူစရာ မရှိ။

နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ကား ပွဲတော်များကို အဆောက်အဦအတွင်း၌သာ ကျင်းပ ပြုလုပ်မြဲဖြစ်ရာ ရွက်ထည်တဲထိုးရန် အတွေ့အကြုံရှိသူ ရှား၏။

အေဘီဘီအေအသင်း အတွင်းရေးမှူး ဦးစောဝင်းကား အသင်း၏ ပွဲတော်များကျင်းပပုံ ကိစ္စအရပ်ရပ်၌ အတွေ့အကြုံ အများဆုံးရှိသူတစ်ဦးဖြစ်ရာ လိုအပ်သည်များကို ထောင့်စေ့အောင် ကြိုတင် စီစဉ် ဆောင်ရွက်တတ်၏။ သူ့အချိန်နှင့်သူ၊ သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ကွက်တိဖြစ်အောင် အထူးသဖြင့် ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ဆောင်ရွက်ရ၏။ လုပ်ဖော်ကိုင်ဖက် အမှုဆောင်များကိုလည်း အကူအညီတောင်းရ၏။ လုပ်အားပေးနိုင်သော လူငယ်များကိုလည်း စည်းရုံးရ၏။

ဤကဲ့သို့ ကြိုတင် စီစဉ်သည့်တိုင် နွေရာသီ အားလပ်ရက်များကလည်းဖြစ်ပြန်၊ သူသူငါငါ အချိန်ပိုရှိသူ ပေးနိုင်သူကလည်း နည်းပါးလေ့ရှိသည်အတိုင်း ရွက်ထည်တဲထိုးမည့် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လုပ်အားပေးမည့်သူ နည်းပါးနေ၏။

လောကချမ်းသာ ဦးဝိမလကလည်း နိဗ္ဗာန်ဈေးသတင်း ပျံ့နှံ့ရန် မြန်မာအင်တာနက်သတင်းဌာနများသို့ ပို့ပေးခြင်း၊ အီးမေးလ်များဖြင့် ပို့ပေးခြင်းတို့ကို ဆောင်ရွက်ပေး၏။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲတွင် လောလောလတ်လတ် ဒုလ္လဘရဟန်းဝတ်သွားသူများကိုလည်း စနေနေ့ ရွက်ထည်တဲထိုးရာ၌ လုပ်အားပေးရန် အကူအညီတောင်းထား၏။

ရွက်ထည်တဲထိုးရသည်မှာ အခက်ကြီး မဟုတ်သော်လည်း ပထမတစ်လုံးကို ခေါင်တန်းနှင့် အခြင်တန်းများ နေရာမှားထားမှုကြောင့် အမိုးရွက်ဖျင်အုပ်သောအခါ နေရာမကျ ဖြစ်နေ၏။ ပြန်ဖျက်ပြီး ဒုတိယအကြိမ် အသစ် ပြန်စရကြ၏။ အလုပ်က သင်သွားသဖြင့် ဒုတိယနှင့် တတိယ ရွက်ထည်တဲများအတွက် လွယ်ကူသွား၏။



သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ ရာသီဥတုမှာ မိုးဖွဲဖွဲရွာလိုက်၊ မိုးတိတ်သွားလိုက်၊ နေရောင်လေး ထွက်လာလိုက်၊ မိုးအုပ်သွားလိုက်၊ မိုးဖွဲဖွဲရွာလိုက်ဖြင့် နံနက်ခင်းမှသည် ညနေခင်းထိ တစ်နေ့လုံး ဖြစ်၏။

နံနက် ၉ နာရီ မတိုင်မီ ဈေးရောင်းမည့်သူများ အသီးသီး ရောက်လာကြ၏။



လောကချမ်းသာဘုရားကျောင်း၏ ဒုတိယအထပ်တွင် မြန်မာဆေးပညာပေးအဖွဲ့က နှစ်စဉ် ပြုလုပ်နေကြဖြစ်သော အခမဲ့ဆေးစစ်ပေးခြင်းနှင့် ဆေးပညာဆိုင်ရာ အသိပညာပေးမှုများကို ပြုလုပ် ဆောင်ရွက်ကြ၏။





နံနက် ၁၀ နာရီခွဲတွင် ဘုရားဆွမ်းတော်ဆက်ကပ်ရန်နှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ရန်အတွက် နိဗ္ဗာန်ဈေးဆိုင်များမှ ဆွမ်းအလှူခံကြ၏။







တနေ့လုံးနီးပါး မိုးဖွဲဖွဲရွာလိုက် ... နေကလေးပွင့်လာလိုက် ဖြစ်၍ အချို့က တယ်လီဖုန်းဆက်ပြီး နိဗ္ဗာန်ဈေးလုပ်ဖြစ်ကြောင်း သေချာမှ ရောက်လာကြ၏။












မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဝယ်သူလည်း ပါး၊ မိုးလည်း များလာသဖြင့် ဆိုင်များ သိမ်းကြရ၏။

မိုးသည်းသည်ထက် သည်းလာရာ နောက်ဆုံးကျန်သော တဲတစ်လုံးကို မိုးရေထဲတွင် ဦးစိန်မြင့်၊ ဦးစောဝင်းနှင့် ကိုဝင်းရွှေတို့ သုံးဦးသား မိုးကာအင်္ကျီများဝတ်ကာ ဖြုတ်သိမ်းကြရ၏။



လောကချမ်းသာဘုရားကျောင်း၌ နေရာထိုင်ခင်း အခင်းအကျင်းအားဖြင့် နိဗ္ဗာန်ဈေးပြုလုပ်ရသည်မှာ အဆင်ပြေလှသည် မဟုတ်သော်လည်း ပွဲပြီးသောအခါ ရောင်းသူ ဝယ်သူ အများစုမှာ ကျေနပ် အားရ ဝမ်းမြောက်ကြ၏။

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး ဆောက်လုပ်မည့် ရန်ပုံငွေအတွက် ရည်မှန်း၍ နိဗ္ဗာန်ဈေးပွဲ ဖြစ်မြောက်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်ကြရ၏။ လုပ်အားဒါန ပေးလှူကြရ၏။

နိဗ္ဗာန်ဈေးရောင်းမည့်သူများမှာ မိမိတို့ရောင်းချမည့် အစားအစာကို ဝယ်ယူ စားသုံးကြမည့်သူများလည်း အစားကောင်း စားရစေဟူသော မေတ္တာ စေတနာဖြစ်ကြရ ... ချက်ပြုတ် ဖန်တီးကြရ၊ ရောင်းချပြီး ရရှိလာသော အကျိုးအမြတ် ရောင်းရငွေများကိုလည်း လောကချမ်းသာ ကျောင်းဆောင်ကြီး တည်ဆောက်ရန် ရန်ပုံငွေအတွက် လှူဒါန်းကြရ၏။ ကောင်းမှု ကုသိုလ်များ ရရှိကြကုန်၏။

ဝယ်ယူ စားသုံးကြရသူများမှာလည်း အစားစုံ ရသာစုံ စားကြရ၊ အိမ်အတွက် မိတ်ဆွေများအတွက်ပါ ဝယ်ယူသွားကြခြင်းဖြင့် ဝမ်းလည်း ဝကြ၏။ မိမိတို့ ဝယ်ယူလိုက်ခြင်းဖြင့် ပေးလိုက်ရသော ငွေကြေးများမှာလည်း လောကချမ်းသာကျောင်းဆောင်ကြီး တည်ဆောက်ရန် ရန်ပုံငွေ အလှူငွေထဲ ပါဝင်သွားခြင်းဖြင့် ကုသိုလ်များ ရရှိကြပြန်၏။

လုပ်အားပေးသူ၊ ဝေယျာဝစ္စဆောင်ရွက်ကြသူများအတွက် ကုသိုလ်ရရှိကြမည်မှာ အထူးပြောဖွယ် မလိုပေ။

ကုသိုလ်လည်း,ရ၊ ဝမ်းလည်း,ဝ၊ ကုသိုလ်လည်း,ရသော အမှုကိစ္စတစ်ခုကို အထပ်ထပ် အခါခါ ဆည်းပူး ပွားများဆောင်ရွက်ရန် အဘယ်သူတို့ မလုပ်ချင်ဘဲ ရှိပါအံ့နည်း။

ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးတွင် ရရှိသော အလှူငွေ
(၂၀၁၀ ခု သြဂုတ်လ ၂၂ တနင်္ဂနွေနေ့)

၁။ ဦးဇေယျအောင်-ဒေါ်ဂင်ကြူမိသားစု (ဝက်သားတုတ်ထိုး) = ၂၃၀ ဒေါ်လာ
၂။ ကိုမောင်မောင်မြင့်ဆွေ (စာရေးကိရိယာ) = ၆၀ ဒေါ်လာ
၃။ ဦးခင်မောင်ဝင်း+ဒေါ်မာစွမ်မိသားစု၊ ကိုဝီလျှံ+ခိုင်ခိုင်မာမိသားစု (မုန့်လုံးကြီး၊ မုန့်ဖက်ထုပ်) = ၄၁၄ ဒေါ်လာ
၎။ ကိုညွန့်ဦး+မတင်တင် (ထမနဲ) = ၆၅ ဒေါ်လာ
၅။ ဦးအောင်ကျော်မိုး+ဒေါ်ဌေးဌေးအောင်မိသားစု (ပုစွန်ခွက်ကြော်သုတ်) = ၅၃၅ ဒေါ်လာ
၆။ ဒေါက်တာဦးစောနိုင်+ဒေါ်ခင်ဝင်းကြည်မိသားစု (ရွှေရင်အေး) = ၂၀၀ ဒေါ်လာ
၇။ ဒေါ်လှလှကျော့ (ငါးလေးကြော်၊ ရခိုင်ကြာဆံသုတ်) = ၃၀ ဒေါ်လာ
၈။ Eddie နှင့် သန္တာမိုး (ပန်းချီကား) = ၁၁၀ ဒေါ်လာ
၉။ ဦးကျော်မင်း+ဒေါ်သင်းသင်းမော်မိသားစု (ပုစွန်ချဉ်) = ၂၀၀ ဒေါ်လာ
၁၀။ Angela (မန္တလေးပဲနို့) = ၄၁ ဒေါ်လာ
၁၁။ ဒေါ်သင်းသင်းခိုင်+မစန်းမြ+မခင်နွဲ့ (ကျောက်ကျောပင်ပွားဖျော်ရည်) = ၆၈ ဒေါ်လာ
၁၂။ ကိုထွန်းအေး+ဒင်ပဲလ်မိသားစု (ကော်ပြန့်စိမ်း) = ၁၁၇ ဒေါ်လာ
၁၃။ သိန်းသိန်းမြင့်+အေးမိကြူ (မလေးရှားအချိုစုံ) = ၂၀၄ ဒေါ်လာ
၁၄။ Myanmar American Medical Education Society Inc. = ၃၀၀ ဒေါ်လာ
၁၅။ ဒေါ်ဝင်းကြည်အားအမှူးထား၍ ကိုဝင်းတင်+မနီနီအေး+(သမီး) ခင်ယွန်းမှီမှီ (မြီးရှည်) = ၂၈၁ ဒေါ်လာ
၁၆။ ကိုတင်မောင်+မကေခိုင်မိသားစု (မုန့်ဟင်းခါး၊ ရွှေချည်ဆနွင်းမကင်း) = ၃၀၀ ဒေါ်လာ
၁၇။ မီမီကျော်+အိအိအောင် (ဘိန်းမုန့်၊ သာကူ) = ၂၀၀ ဒေါ်လာ
၁၈။ ဦးဘော်ယုံ+ဒေါ်ညွန့်မိသားစု (မုန့်ကုလားမဲ၊ ကောက်ညှင်းထုပ်) = ၆၁၁ ဒေါ်လာ
၁၉။ ကိုညွန့်ဝင်း (Winn Super Market, Albany) = ၇၀ ဒေါ်လာ
၂၀။ ဒေါ်မွှေးမိသားစု = ၅၀ ဒေါ်လာ
၂၁။ ကိုငွေရှိန်+မမြတ်မြတ်ယုမိသားစု (သင်္ဘောသီးထောင်း၊ ပဲကြော်၊ မုန့်ဖက်ထုပ်) = ၁၀၀ ဒေါ်လာ
၂၂။ ဆွေဆွေသန်း (မန်ကျည်းသီးငပိချက်) = ၈၀ ဒေါ်လာ
၂၃။ အေဘီဘီအေဝေယျာဝစ္စအဖွဲ့ (ဒန်ပေါက်၊ ငပိကြော်) = ၇၅၀ ဒေါ်လာ
၂၄။ အေဘီဘီအေ (သောက်ရေ၊ ဆိုဒါ) = ၇၂ ဒေါ်လာ
၂၅။ အေဘီဘီအေ (T-shirt & Tote bag) = ၉၅ ဒေါ်လာ

စုစုပေါင်း ရရှိသော အလှူငွေ = ၅,၁၈၃ ဒေါ်လာ
အသုံးစရိတ် = ၄၂၇ ဒေါ်လာ
အသားတင် ရရှိသော အလှူငွေ = ၄,၇၅၆ ဒေါ်လာ

+++++
Photo Credits: Many thanks to Nancy for permission to use the black and white photos from her Nibban-zay photo album at http://picasaweb.google.com/naugastyle/NibbanZay82210?authkey=Gv1sRgCJXJuoXum-3O5QE#.

ဥယျာဉ် နဲ့ စိုက်ခင်း

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း၏ အမေး

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း ရှိခိုး နားတော်လျှောက်ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။

(၁) ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း။

(၂) စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣနြေ္ဒ, ဗိုလ်, မဂ္ဂင်, ဈာနင် စသော အဘိဓမ္မာကျမ်းကို တတ်ကျွမ်းသည်နှင့် မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည် ဟု ဘာဝနာမယကို အားကျသူတစ်မျိုး၊ မတိုးသာ မရှောင်သာ လူနှစ်ဦးတို့ ဆည်းပူးကြသည့်အရာမှာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့လက်ထက် အာသဝေါကင်းကွာ၍ ရဟန္တာယောက်ျား ရဟန္တာမိန်းမ ဖြစ်ကြသည်အနက် မည်သည့်တရားက ထက်မြက်၍ ဖိုလ်မဂ်ကို လျင်စွာ ရသည်ဟု မ,စ ချီးမြှင့်တော်မူပါမည့်အကြောင်းကိုလည်း ရှိခိုးနားတော်လျှောက်ပါသည် ဆရာတော်အရှင်သူမြတ်ဘုရား။

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်

ပထမပုစ္ဆာအဖြေ

(၁) ဘုံးသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း ဟူသော ပထမပုစ္ဆာ၌ -

အဖြေကား။ ။ ဇရာမီး၌ ပါဝင်သည်ဟူ၍ ကျမ်းဂန်နှင့်အညီ မှတ်ရမည်။
အကြောင်းမှာမူကား သစ်လွင် ရွှင်လန်းသော ရုပ်တရား နာမ်တရားတို့ကို ဟောင်းနွမ်း ညှိုးခြောက်စေမှုကို ဇရာမီးလောင်သည်ဟု ဆိုရသည်။
ဗျာဓိဟူသည်လည်း ခံ့ကျန်း ရွှင်လန်းသော ရုပ်တရား နာမ်တရားတို့ကို ကုန်ခန်း ညှိုးနွမ်းစေမှုမျိုး ဖြစ်၍ ဇရာမီးသဘော ရှိလေသည်။
(ပထမပုစ္ဆာအဖြေ ပြီး၏။)

ဒုတိယပုစ္ဆာအဖြေ

(၂) အဘိဓမ္မာတတ်ကျွမ်းလှ၍ မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊
ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည်ဟု ဘာဝနာမယကို အားကိုးသူတစ်မျိုး၊
၎င်းနှစ်မျိုးတို့တွင် ဘယ်အမျိုးက သာလွန် ထက်မြက်၍ ဖိုလ်မဂ်ကို မြန်မြန် ရနိုင်မည်ဟု သိလိုပါကြောင်း ဟူသော ဒုတိယပုစ္ဆာ၌ -

အဖြေကား။ ။ သဗ္ဗညုဗုဒ္ဓပါရမီမျိုးနှင့် ပစ္စေကဗုဒ္ဓပါရမီမျိုးကဲ့သို့ မှတ်ရမည်။
အဘိဓမ္မာ တတ်ကျွမ်းလှသော သူ၏ အမှုသည် သဗ္ဗညုဗုဒ္ဓ ပါရမီဖြည့်မှုနှင့် အလားတူ၏။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဖြည်းဖြည်းနှေးနှေးသာ ရောက်တတ်၏။
ရောက်သောအခါ၌ ကြီးကျယ်စွာ ဖြစ်တတ်၏။

အဘိဓမ္မာ မတတ်ကျွမ်းလှဘဲ မိမိ၏ အတ္တဟိတ အကျိုးမျှကို ရွယ်ကိုး၍ ဘာဝနာမယကို အားကျသောသူသည် ဖြောင့်မတ်စွာ သွားပါမူ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မြန်မြန် ရောက်နိုင်၏။
ရောက်သောအခါ၌ ကြီးကျယ်စွာ မဖြစ်တတ်။

အဘိဓမ္မာ တတ်ကျွမ်းလှသူ၏ အမှုသည် သရက်ဥယျာဉ်ကြီး၊ ပိန္နဲဥယျာဉ်ကြီးကို စိုက်ပျိုးသူနှင့် တူ၏။

ဘာဝနာမယသမား၏ အမှုသည် ဗူးခင်း၊ ဖရုံခင်း၊ မုန်လာခင်း စိုက်ပျိုးသူနှင့် တူ၏။

(ဒုတိယပုစ္ဆာအဖြေ ပြီး၏။)

မောင်သာထွန်း၏ ပုစ္ဆာအဖြေ ပြီး၏။

+++++
စာကိုး
လယ်တီဆရာတော်ဘုရားကြီး၏ “နိုင်ငံတွင်း ပုစ္ဆာအဖြေပေါင်းချုပ် (ပထမတွဲ)” မှ

Monday, August 16, 2010

သမုစ္စည်းပိုင်း - သဗ္ဗသင်္ဂဟ

“လောကီဘုံဝယ်
သာယာဖွယ်ဟု
တာတွယ်လေငြား
ဝေနေများကို
တရားသံဝေ
ရပါစေဟု
ထွေထွေဒုက္ခ ဦးစွာ ပြ၏။

ဒုက္ခသောင်းပြောင်း
တရားပေါင်းလည်း
အကြောင်းမဲ့စွာ
မဖြစ်ရာရှင့်။

မဟာဗြဟ္မ
ထာဝရဟု
ဘုရားတစ်သင်း
မဖန်ဆင်းတည့်
ထန်ပြင်းသော့သွမ်း
တဏှာစွမ်းကြောင့်
ပရမ်းပတာ
ဖြစ်ကြရာဟော
သမုဒယော။

သုံးလောကတွင်
ဒုက္ခထင်၍
လွတ်ခွင်ထွက်ရာ
ရတက်ဖြာသော်
သက်သာစေရန်
အနေဖန်လျက်
ခေမံနိရောဓ
သုံးကြိမ် ပြ၏။

နိဗ္ဗာနနန်း
ရောက်ဖို့မှန်းက
ဤလမ်းဖြင့်တက်
ဤမဂ်ကိုပွား
မိန့်သည့်လားသို့
လေးပါးမြောက်တွင်
မဂ်လမ်းထွင်သည်
ဟောစဉ်လက်ရိုး ဆူဆူတည်း။”

..... သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမ ဒုက္ခလာသလဲ?၊ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ? ဆိုတာကို နားလည်ဖို့ ကောင်းတယ်။

ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်။
အဲဒီတော့ လင်္ကာလေး ဖတ်ပြမယ် နော်။

“လောကီဘုံဝယ်၊ သာယာဖွယ်ဟု၊ တာတွယ်လေငြား၊ ဝေနေများကို၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ ဦးစွာပြ၏။”

လောကီမှာ သာယာစရာ တွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။
ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ် တဲ့။

“ဒုက္ခသောင်းပြောင်း၊ တရားပေါင်းလည်း၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာရှင့်။”

ဒီဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာ မဟုတ်ဘူး တဲ့။

“မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ မဖန်ဆင်းတည့်၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ပရမ်းပတာ၊ ဖြစ်ကြရာဟော၊ သမုဒယော။” တဲ့။

တဏှာကြောင့် ဖြစ်တဲ့ အကြောင်းကို မြတ်စွာဘုရား ဟောတော်မူတယ် တဲ့။

“သုံးလောကတွင်၊ ဒုက္ခထင်၍၊ လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်”

ကောင်းပြီ။ ဒုက္ခတော့ သိပါပြီ။ ဒုက္ခလွတ်တာများ မရှိဘူးလားလို့ ရတက်ဖြာတဲ့ အခါမှာ။

“သက်သာစေရန်၊ အနေဖန်လျက်၊ ခေမံနိရောဓ၊ သုံးကြိမ် ပြ၏။”

ဒါဟာ စိတ်သက်သာရာ ရအောင် ဆိုပြီးတော့ နိရောဓသစ္စာကို တတိယမြောက် ဟောတော်မူတယ်။

“နိဗ္ဗာနနန်း၊ ရောက်ဖို့မှန်းက၊ ဤလမ်းဖြင့်တက်၊ ဤမဂ်ကိုပွား၊ မိန့်သည့်လားသို့၊ လေးပါးမြောက်တွင်၊ မဂ်လမ်းထွင်သည်၊ ဟောစဉ်လက်ရိုး ဆူဆူတည်း။” တဲ့။

နိရောဓသစ္စာပြီးတော့ နိဗ္ဗာန်ရောက်ချင်ရင် ဒါတွေ ကျင့်ကြ၊ ဒီလမ်းလိုက်ကြပါလို့ ပြောဖို့ရန် မဂ္ဂသစ္စာကို ဟောတော်မူသည်။
ဒါက သစ္စာ ၄-ပါး။

(အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် ၄၆ မှ)

+++++

သဗ္ဗသင်္ဂဟ

အလုံးစုံသော တရားအစုတို့ကို ပြဆိုသော အပိုင်း ဖြစ်၏။
ဤအပိုင်းတွင် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါး တို့ကို ပြ၏။

ခန္ဓာကို ခန္ဓာရိုးရိုးနှင့် ဥပါဒါနက္ခန္ဓာ ဟူ၍ နှစ်မျိုး ခွဲပြီး ပြ၏။

ခန္ဓာ = ခန္ဓ (ပါဠိ) = အပေါင်းအစုရှိသော တရားမျိုး

အပေါင်းအစုဆိုရာ၌ ထိုထို တရားမှာ -
ကာလ ၃-ပါး = အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကွဲပြားမှု
အဇ္ဈတ္တ၊ ဗဟိဒ္ဓ = အတွင်း/မိမိသဏ္ဍာန်၊ အပ/သူတပါးသဏ္ဍန်၌ဖြစ်သော တရားဟု ခွဲခြားနိုင်မှု
ဒူရ၊ အာသန္န = ဝေးခြင်း/အသိခက်ခြင်း၊ နီးခြင်း/သိလွယ်ခြင်း ကွဲပြားမှု
ဟီန၊ ပဏီတ = ယုတ်ညံ့ခြင်း၊ မြတ်ခြင်း ကွဲပြားမှု
သြဠာရိက၊ သုခုမ = ကြမ်းတမ်းခြင်း/သိလွယ်ခြင်း၊ သိမ်မွေ့ခြင်း/အသိခက်ခြင်း ကွဲပြားမှု စသည် ရှိ,မရှိကို ကြည့်၍ ရှိလျှင် ခန္ဓာဖွဲ့၏။

ရုပ် ၂၈-ပါးထဲက စက္ခုပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။ သောတပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။

ခန္ဓာ ၅-ပါး

(၁) ရူပက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနာက္ခန္ဓာ = ဝေဒနာစေတသိက်
(၃) သညာက္ခန္ဓာ = သညာစေတသိက်
(၄) သင်္ခါရက္ခန္ဓာ = ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏက္ခန္ဓာ = စိတ် ၈၉-ပါး

ရုပ်, သင်္ခါရ, ဝိညာဏတို့သည် အပေါင်းအစု ရှိကြ၍ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဟု ဆိုသင့်သော်လည်း တစ်ပါးတည်းသာဖြစ်သော ဝေဒနာ၊ သညာကို အဘယ့်ကြောင့် ခန္ဓာဟု ခေါ်ဆိုအပ်ပါသနည်းဟူမူ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခဝေဒနာဟူ၍လည်းကောင်း၊ စက္ခုသမ္ဖဿဇာသညာ, သောတသမ္ဖဿဇာသညာ, ဃာနသမ္ဖဿဇာသညာ, ဇိဝှါသမ္ဖဿဇာသညာ, ကာယသမ္ဖဿဇာသညာ, မနောသမ္ဖဿဇာသညာဟူ၍လည်းကောင်း၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္န, ဟီန, ပဏီတ, သြဠာရိက, သုခုမဟုဆိုအပ်သော ၁၁-ဌာန၌ ဖြစ်ကုန်သော ဝေဒနာအချင်းချင်း၊ သညာအချင်းချင်း ပေါင်း၍ ယူအပ်သောကြောင့် ခန္ဓာဟု ဆိုအပ်ပါသည်။

ဥပါဒါနက္ခန္ဓာ ၅-ပါး

ဥပါဒါန်နှင့် စွဲလမ်း၍ ရသော ခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာဟု ခေါ်၏။
ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ မည်၏။
တရားကိုယ်မှာ ဝိညာဏုပါဒါနက္ခန္ဓာ၌ လောကီစိတ် ၈၁-ပါးကို ကောက်သည်သာ ထူး၏။

(၁) ရူပုပါဒါနက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာစေတသိက်
(၃) သညုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော သညာစေတသိက်
(၄) သင်္ခါရုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာ, သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁


ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ ၂-မျိုး ခွဲ၍ ပြရခြင်း

လောကီ, လောကုတ္တရာ အကုန်လုံး ပေါင်း၍ ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ခန္ဓာဒေသနာကို ဟောတော်မူ၏။

လောကီတရားသက်သက်ကို ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ဥပါဒါနက္ခန္ဓာကို ဟောတော်မူ၏။
ဝိပဿနာရှုစရာ အာရုံအနေဖြင့် ပြလိုတော်မူရင်း ဖြစ်၏။


အာယတန ၁၂-ပါး

အာယတန၏ အဓိပ္ပာယ်မှာ ရှည်လျားလှစွာသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကြောင့် အာယတန မည်၏။

အတွင်းအာယတန (အဇ္ဈတ္တိကာယတန)

(၁) စက္ခာယတန (စက္ခုပသာဒရုပ်)
(၂) သောတာယတန (သောတပသာဒရုပ်)
(၃) ဃာနာယတန (ဃာနပသာဒရုပ်)
(၄) ဇိဝှါယတန (ဇိဝှါပသာဒရုပ်)
(၅) ကာယာယတန (ကာယပသာဒရုပ်)
(၆) မနာယတန (စိတ် ၈၉-ပါး)

အပြင်အာယတန (ဗာဟိရာယတန)

(၇) ရူပါယတန (ရူပါရုံ)
(၈) သဒ္ဒါယတန (သဒ္ဒါရုံ)
(၉) ဂန္ဓာယတန (ဂန္ဓာရုံ)
(၁၀) ရသာယတန (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗာယတန (ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မာယတန (စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်)


ဓာတ် ၁၈-ပါး

တစ်ဦးတစ်ယောက်သော သတ္တဝါတို့၏ အလိုသို့ မလိုက်ပါမူ၍ မိမိ၏ သဘောကိုသာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ် မည်၏။

ပါဠိလို တိုက်ရိုက်အဓိပ္ပာယ်မှာ မိမိ၏ ပင်ကိုယ်သဘောကို ဆောင်တတ်သည်ဟု အဓိပ္ပာယ်ရ၏။


အခံဓာတ်

(၁) စက္ခုဓာတ် (စက္ခုပသာဒရုပ်)
(၂) သောတဓာတ် (သောတပသာဒရုပ်)
(၃) ဃာနဓာတ် (ဃာနပသာဒရုပ်)
(၄) ဇိဝှါဓာတ် (ဇိဝှါပသာဒရုပ်)
(၅) ကာယဓာတ် (ကာယပသာဒရုပ်)
(၆) မနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်း + သမ္ပဋိစ္ဆိုင်း ၂)

အတိုက်ဓာတ်

(၇) ရူပဓာတ် (ရူပါရုံ)
(၈) သဒ္ဒဓာတ် (သဒ္ဒါရုံ)
(၉) ဂန္ဓဓာတ် (ဂန္ဓာရုံ)
(၁၀) ရသဓာတ် (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗဓာတ် (ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မဓာတ် (စေတသိက် ၅၂၊ သုခုမ ၁၆၊ နိဗ္ဗာန်)

အပွင့်ဓာတ်

(၁၃) စက္ခုဝိညာဏဓာတ် (စက္ခုဝိညာဏ် ၂)
(၁၄) သောတဝိညာဏဓာတ် (သောတဝိညာဏ် ၂)
(၁၅) ဃာနဝိညာဏဓာတ် (ဃာနဝိညာဏ် ၂)
(၁၆) ဇိဝှါဝိညာဏဓာတ် (ဇိဝှါဝိညာဏ် ၂)
(၁၇) ကာယဝိညာဏဓာတ် (ကာယဝိညာဏ် ၂)
(၁၈) မနောဝိညာဏဓာတ် (မနောဓာတ် ၃ နှင့် ပဉ္စဝိညာဏ်ဒွေး မပါ၊ ကျန် စိတ် ၇၆-ပါး)


ဝိညာဏဓာတ် ၇-ပါး

(၁) စက္ခုဝိညာဏဓာတ်
(၂) သောတဝိညာဏဓာတ်
(၃) ဃာနဝိညာဏဓာတ်
(၄) ဇိဝှါဝိညာဏဓာတ်
(၅) ကာယဝိညာဏဓာတ်
(၆) မနောဓာတ်
(၇) မနောဝိညာဏဓာတ်

မနောဓာတ်သည် ဝိညာဏဓာတ်မဟုတ်သော်လည်း စိတ်ဖြစ်နေသောကြောင့် တခြား ဝိညာဏဓာတ်များနှင့် ပေါင်း၍ ဝိညာဏဓာတ်ဟု ခေါ်ခြင်း ဖြစ်၏။
တိတိကျကျဆိုသော် မနောဓာတ်သည် မနောဓာတ်သာ ဖြစ်၏။
မနာယတန(စိတ် ၈၉)မှ ဓာတ်အဖြစ် ၇-ပါး ခွဲခြားဖော်ပြခြင်း ဖြစ်၏။


သစ္စာ ၄-ပါး

သစ္စာဆိုသည်မှာ အမှန်တရားကို ဆို၏။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြောသည့်အတိုင်း ဟုတ်မှန်ခြင်းကို ဆို၏။

(၁) ဒုက္ခသစ္စာ

လောကီစိတ် ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ - ဤ တေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ မည်၏။

(၂) သမုဒယသစ္စာ

ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယသစ္စာ မည်၏။

(၃) နိရောဓသစ္စာ

ဒုက္ခ၊ သမုဒယ နှစ်ပါးတို့၏ ချုပ်ရာချုပ်ကြောင်းဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) မဂ္ဂသစ္စာ

နိရောဓသို့ရောက်ကြောင်း မဂ်စိတ် ၄-ခု၌ ရှိသော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။



သစ္စဝိမုတ်

သစ္စာ ၄-ပါးမှ လွတ်ခြင်းကို သစ္စဝိမုတ်ဟု ခေါ်၏။

အဘိဓမ္မာနည်းအရ မဂ်စိတ္တုပါဒ် ၂၉ (မဂ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၂၈-ပါးကို ပေါင်းသော် မဂ်စိတ္တုပါဒ် ၂၉ ဖြစ်၏။)၊ ဖိုလ်စိတ္တုပါဒ် ၃၇ (ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၃၆-ပါးကို ပေါင်းသော ဖိုလ်စိတ္တုပါဒ် ၃၇ ဖြစ်၏။)တို့သည် သစ္စာ ၄-ပါး၌ မပါဝင်သဖြင့် သစ္စာ ၄-ပါးမှ လွတ်၏။

ဒုက္ခသစ္စာထဲမှာ လောကီစိတ်သာ ပါ၏။ လောကုတ္တရာစိတ် မပါ။
သမုဒယသစ္စာမှာ လောဘစေတသိက် ဖြစ်၏။
နိရောဓသစ္စာမှာ နိဗ္ဗာန် ဖြစ်၏။
မဂ္ဂသစ္စာမှာ မဂ်စိတ် ၄-ပါး၌ ရှိသော မဂ္ဂင် ၈-ပါး ဖြစ်၏။
ထို့ကြောင့် မဂ်စိတ္တုပါဒ် ၂၉ နှင့် ဖိုလ်စိတ္တုပါဒ် ၃၇ တို့သည် သစ္စာ ၄-ပါးမှ လွတ်၏။

သုတ္တန်နည်းအလိုမူ သစ္စာ ၄-ပါးမှ လွတ်သောတရား လောကမှာ မရှိဟု အဋ္ဌကထာ၌ ပြဆို၏။

အထူးမှတ်ဖွယ်တစ်ခုမှာ ဒုက္ခသစ္စာအကြောင်း ပြောသောအခါ သက်ရှိကိုသာ ရည်ရွယ် ပြောဆိုရ၏။ သက်မဲ့နှင့် မဆိုင်ပေ။

+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”

Thursday, August 12, 2010

သမုစ္စည်းပိုင်း - ဗောဓိပက္ခိယသင်္ဂဟ

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ သင်တန်း အပတ်စဉ် (၄၅)နှင့် (၄၆) သင်ခန်းစာများကို နာယူ သင်ယူ မှတ်သားကြရရာ အပတ်စဉ် (၄၅) သင်ခန်းစာမှာ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟ သင်ခန်းစာ ဖြစ်၏။

ဗောဓိပက္ခိယ

ဗောဓိ = သစ္စာလေးပါးတရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယမဂ်ဉာဏ်၏
ပက္ခ = ဘက်တော်သား၌
အိယ = ဖြစ်သော တရား

အရိယမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်သော တရားများဟု ဆိုလို၏။
ထို ဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာ သိမ်းယူကြောင်း အကျဉ်းပြဆိုခြင်းသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။

ဗောဓိပက္ခိယတရားများမှာ သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣနြေ္ဒ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး = ပေါင်း ၃၇-ပါး ဖြစ်၏။

လင်္ကာ

‘သတိ’‘သမ္မ’၊ ‘ဣဒ်’‘ဣန်’‘ဗ’၊ ‘ဗောဇ္ဈ’‘မဂ်’ ခုနစ်။

သတိသမ္မပ်၊ ဣဒ္ဓိပါဒ်တို့၊ လေးရပ်စီသာ
ဣန်ဗိုလ်မှာကား၊ ငါးစီ ထား၍
ခုနစ်ပါး ဗောဇ္ဈင်၊ မဂ်ရှစ်အင်
ပေါင်းလျှင် ဗောဓိ သုံးခွန်ရှိ။

+++++

သတိပဋ္ဌာန် ၄-ပါး

သတိပဋ္ဌာန် = အခြားတပါး များစွာသော အာရုံတို့၌ စိတ်ပျံ့နှံ့ပြေးဝင်ခြင်းကို တားမြစ်၍ ကိုယ်စသော ကမ္မဋ္ဌာန်းအာရုံ၌သာလျှင် အစဉ်ဝင်လျက် တည်တံ့စွာဖြစ်တတ်သော မဟာကုသိုလ်၊ မဟာကြိယာ၊ အပ္ပနာဇော ဤ ၄၂-ပါး၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ ရှိသော သတိစေတသိက်။

(၁) ကာယာနုပဿနာသတိပဋ္ဌာန် = ရူပကာယ၌ (ဝါ) ကိုယ်၌ အဖန်ဖန် ရှုဆင်ခြင်ခြင်း။
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန် = ဝေဒနာ၌ အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန် = သရာဂစိတ် အစရှိသော ထိုထိုဖြစ်ပေါ်လာသော စိတ်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် = သညာ သင်္ခါရဖြစ်သော နီဝရဏစသော တရားတို့ကို ထိုထိုဓမ္မဟုလည်းကောင်း၊ အနိစ္စဝိပဿနာအားဖြင့်လည်းကောင်း အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။

သတိတစ်ခုတည်းဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ရှုသောအခြင်းအရာ ၄-မျိုး၊ ပယ်သော အမှတ်သညာ ၄-မျိုး ရှိ၍ သတိပဋ္ဌာန် ၄-ပါး ဖြစ်သည်။

+++++

သမ္မပ္ပဓာန် ၄-ပါး

သမ္မပ္ပဓာန ဟူသော အမည်သည် ဝီရိယ၏ အမည် ဖြစ်၏။

အကြောအခြင် အရိုးအရေ ကြွင်းစေ၊ အသွေးအသား ကုန်ခန်းစေ၊ အသက်ပင် သေစေဟူ၍ ရဲရဲဝံ့ဝံ့ ဆိုခဲ့ပြီးသော စိတ် ၄၂-ပါး၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ ရှိသော ဝီရိယစေတသိက်သည် သမ္မပ္ပဓာန် မည်၏။

တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ်မှာရှိသော ဝီရိယကိုသာ သမ္မပ္ပဓာန်ဟု ခေါ်ရပြီး ကြိယာစိတ်နှင့် မဆိုင်ကြောင်း ဆို၏။
သမ္မပ္ပဓာန် ၄-ပါးမှာ ကုသိုလ် အကုသိုလ်နှင့် ဆိုင်သောကြောင့် ထိုဝီရိယမှာ ရဟန္တာအတွက် မလိုအပ်တော့ပေ။
ထို့ကြောင့် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ် ၂၁-ခုမှာ ရှိသော ဝီရိယကိုသာ သမ္မပ္ပဓာန် အရကောက်စေလို၏။

(၁) ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယဝါယာမော = ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်မှု ဝီရိယ။ (ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ခြင်းဆိုရာ၌ ထိုအကုသိုလ်၏အကျိုး မပေးနိုင်အောင် လုပ်ခြင်းကို ဆိုလို၏။)
(၂) အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယဝါယာမော = မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်မှု ဝီရိယ။
(၃) အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယဝါယာမော = မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်မှု ဝီရိယ။
(၄) ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယဝါယာမော = ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို အလွန်ပွားများစေခြင်းငှာ အားထုတ်မှု ဝီရိယ။

+++++

ဣဒ္ဓိပါဒ် ၄-ပါး

ဈာန်မဂ်ဖိုလ်ရအောင် အားထုတ်သဖြင့် ထိုဈာန်မဂ်ဖိုလ်များ ထမြောက်လာမှု ပြီးစီးပြည့်စုံမှုကို (ဈာန်မဂ်ဖိုလ်ရမှုကို) ဣဒ္ဓိဟု ခေါ်၏။

ထိုဈာန်မဂ်ဖိုလ်တို့ကို ရဖို့ရန် အခြေခံဖြစ်သော ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဟူသော အဓိပတိတရား ၄-ပါးတို့သည် ဣဒ္ဓိပါဒ် မည်၏။

မိဿကသင်္ဂဟ၌ လာသော အဓိပတိ ၄-ပါးကိုပင် ဤနေရာ၌ ဣဒ္ဓိ၏ အခြေခံ = ဣဒ္ဓိပါဒ ဟု ခေါ်၏။

ဆန္ဒိဒ္ဓိပါဒ် (ဆန္ဒ)၊
ဝီရိယိဒ္ဓိပါဒ် (ဝီရိယ)၊
စိတ္တိဒ္ဓိပါဒ် (စိတ်)နှင့်
ဝီမံသိဒ္ဓိပါဒ် (ပညာ) ဟူ၍ ဣဒ္ဓိပါဒ် ၄-ပါး ရှိ၏။

ဤနေရာတွင်လည်း မဟာဂန္ဓာရုံဆရာတော်က ကုသိုလ်စိတ်မှာ ရှိသော ဆန္ဒ၊ ဝီရိယ၊ ကုသိုလ်စိတ်၊ ပညာ စေတသိက်တို့ကို ဣဒ္ဓိပါဒ် အရကောက်စေလို၏။

(၁) ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ဆန္ဒစေတသိက်
(၂) ဝီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ဝီရိယစေတသိက်
(၃) စိတ္တိဒ္ဓိပါဒ် = မဟာကုသိုလ် (၈)ပါး၊ မဟဂ္ဂုတ်ကုသိုလ် (၉)ပါး၊ လောကုတ္တရာ (၄)ပါး ဟူသော ကုသိုလ်စိတ် ၂၁-ပါး
(၄) ဝီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ပညာစေတသိက်

+++++

ဣနြေ္ဒ ၅-ပါး

မိဿကသင်္ဂဟလာ ဣနြေ္ဒ ၂၂-ပါးအနက် အရိယမဂ်ဉာဏ်၏ ဘက်တော်သားဖြစ်သော ၅-ပါးကို ထုတ်ဆောင်ပြခြင်း ဖြစ်၏။

(၁) သဒ္ဓိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါစေတသိက်
(၂) ဝီရိယိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော ဝီရိယစေတသိက်
(၃) သတိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော သတိစေတသိက်
(၄) သမာဓိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော ဧကဂ္ဂတာစေတသိက်
(၅) ပညိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်

+++++

ဗိုလ် ၅-ပါး

(၁) သဒ္ဓါဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါစေတသိက်
(၂) ဝီရိယဗိုလ် = စိတ် ၄၂-ခု၌ ရှိသော ဝီရိယစေတသိက်
(၃) သတိဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သတိစေတသိက်
(၄) သမာဓိဗိုလ် = စိတ် ၄၂-ခု၌ ရှိသော ဧကဂ္ဂတာစေတသိက်
(၅) ပညာဗိုလ် = စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်


ဣနြေ္ဒ နှင့် ဗိုလ် အထူး

စိတ်ကို အစိုးတရ ပိုင်နိုင်သောကြောင့် ဣနြေ္ဒမည်၏။
တစ်စုံတစ်ခုသော တရားဖြင့် မလှုပ်မရှားနိုင် ခန့်ခိုင်သောကြောင့် ဗိုလ်မည်၏။
တရားကိုယ် တစ်ပါးတည်းပင်ဖြစ်လင့်ကစား သတ္တိဂုဏ် ကွဲပြားသောကြောင့် ဣနြေ္ဒ၊ ဗိုလ်ဟု ၂-ပါး ကွဲပြား၏။


တရားအားထုတ်သူများအဖို့ ဣနြေ္ဒ ၅-ပါး ညီမျှနေမှ တရားတိုးတက်၏။
အထူးသဖြင့် ဝီရိယနှင့် သမာဓိ ညီမျှရန် အရေးကြီး၏။

ဝီရိယလွန်လျှင် စိတ်ပျံ့လွင့်၏။ ဥဒ္ဓစ္စဖြစ်၏။ စိတ်သည် အာရုံ၌ စွဲကပ်မှုမရှိ ဖြစ်လာ၏။
ဝီရိယနည်းလျှင် ပျင်းလာ၏။ ထိနမိဒ္ဓဝင်လာတတ်၏။
သမာဓိလွန်လျှင် ပျင်းလာ၏။ အားမထုတ်နိုင်သော သဘော ရောက်သွား၏။

ပညာလွန်က စဉ်းလဲတတ်၏။
သဒ္ဓါတရား ထက်သန်ပြီး ပညာနည်းက ယုံလွယ်တတ်၏။

သတိမှာမူ ပိုသည် လွန်သည်ဟူ၍ မရှိ။ နေရာတကာမှာ အလိုရှိအပ်၏။ အမြဲတမ်း ဂရုစိုက်ရမည့်တရား ဖြစ်၏။

+++++

ဗောဇ္ဈင် ၇-ပါး

(ဗောဓိ + အင်္ဂ) သတိ ပညာ စသော တရား (၇)ပါးသည် လေးပါးကုန်သော အရိယသစ္စာတို့ကို ထိုးထွင်း၍ သိတတ်၏။
ထိုတရားအပေါင်းသည် ဗောဓိ မည်၏။
ထိုတရားအပေါင်းဟု ဆိုအပ်သော ဗောဓိ၏ အကြောင်း အင်္ဂါ အစိတ်တို့သည် ဗောဇ္ဈင် မည်၏။

(၁) သတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ကမ္မဋ္ဌာန်းအာရုံ ပမာဒတရားကို ဖျက်ဆီး၍ မမေ့မလျော့သော အပ္ပမာဒတရားကို ပြည့်စုံစေတတ်သော သတိစေတသိက်။

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ကမ္မဋ္ဌာန်း၏ အာရုံဖြစ်သော သင်္ခါရတရားတို့၌ အနိစ္စတာ စသော အထူးထူးသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်တတ်သော အမောဟစေတသိက်။

(၃) ဝီရိယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော သမ္မပ္ပဓာန်အာရုံတို့၌ ဘာဝနာကိစ္စ၏ အစွမ်းဖြင့် ကောင်းစွာ ကြီးပွား၍ အစဉ်အတိုင်း ကုသိုလ်တရားတို့၌ တွန့်တို ဆုတ်နစ်ခြင်း ကိလေသာတရားအပေါင်းကို ပယ်ဖျက်တတ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံတွင် မမွေ့မလျော် ပျင်းရိမှုတရားတို့ကို ဖျက်ဆီး မှုတ်လွှင့်တတ်သော ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံ၌ စိတ်ပူပန်မှု တောင့်တမှုကို ပယ်ဖျောက်တတ်သော ပဿဒ္ဓိစေတသိက်။

(၆) သမာဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံ၌ စိတ်၏ မတည်ကြည်မှု လှုပ်ရှားမှုများကို ပယ်ဖျောက်တတ်သော ဧကဂ္ဂတာစေတသိက်။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာအာရုံ၌ စိတ်၏ နုံ့လွန်းခြင်း ထက်လွန်းခြင်းကို ပယ်ဖျောက်တတ်သော တတြမဇ္ဈတ္တတာစေတသိက်။

+++++

မဂ္ဂင် ၈-ပါး

သမ္မာဒိဋ္ဌိ = အမောဟစေတသိက်
သမ္မာသင်္ကပ္ပ = ဝိတက်စေတသိက်
သမ္မာဝါစာ = သမ္မာဝါစာစေတသိက်
သမ္မာကမ္မန္တ = သမ္မာကမ္မန္တစေတသိက်
သမ္မာအာဇီဝ = သမ္မာအာဇီဝစေတသိက်
သမ္မာဝါယာမ = သမ္မာဝါယာမစေတသိက်
သမ္မာသတိ = သတိစေတသိက်
သမ္မာသမာဓိ = ဧကဂ္ဂတာစေတသိက်

လောကုတ္တရာစိတ် ၈-ခု၌ ရှိသော (သို့မဟုတ်) ဆိုအပ်ပြီးသော စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်၊ ဝိတက်စေတသိက် စသည် အရကောက်ပါ။

သီလမဂ္ဂင် = သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
သမာဓိမဂ္ဂင် = သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ
ပညာမဂ္ဂင် = သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ

သမ္မာသင်္ကပ္ပကို ပညာမဂ္ဂင်ယူရခြင်းမှာ ဝိတက်စေတသိက်က စိတ်ကို အာရုံဆီသို့ ပို့ပေးမှသာ သမ္မာဒိဋ္ဌိက သိရသောကြောင့် ဖြစ်၏။

သမာဓိမဂ္ဂင် ၃-ပါး၊ ပညာမဂ္ဂင် ၂-ပါး = ပေါင်း ၅-ပါးသော မဂ္ဂင်တို့ကို ကာရကမဂ္ဂင် (လုပ်သားမဂ္ဂင်) ဟု ခေါ်၏။

တရားအားထုတ်သော ပုဂ္ဂိုလ်တို့အတွက် ဤ ၅-ပါး အမြဲတမ်း ဖြစ်နေရ၏။

သီလမဂ္ဂင် ၃-ပါးမှာ ရှောင်ကြဉ်စရာ ရှိမှ ယှဉ်၏။
သို့သော် တရားစထိုင်ကတည်းက သီလဆောက်တည်ပြီး ရှောင်ကြဉ်ပြီး ဖြစ်၍ ထို ၃-ပါးလည်း ရှိနေပြီး ဖြစ်သည်ဟု ယူရ၏။
ဤနည်းဖြင့် တရားအားထုတ်သူတို့မှာ မဂ္ဂင် ၈-ပါး ပြည့်စုံလေ၏။