Monday, December 31, 2012

ဆွမ်းအလှူတရားတော် (၃၀-ဒီဇင်ဘာ-၁၂)

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကွယ်လွန်သူ ဦးလီတိုင်ကင်အတွက် တစ်နှစ်ပြည့် ဆွမ်းအလှူကို မိသားစုများနှင့် ဆွေမျိုးမိတ်သင်္ဂဟများက လှူဒါန်း ပြုလုပ်ရာ လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား ချီးမြှင့်၏။

IMG_1519
IMG_1518

Saturday, December 29, 2012

ချင်းတောင်ပေါ်က ဘုန်းကြီးမေတ္တာ - အရှင်ဉာဏိဿရ(မော်လူး)

(၁၈-ဇူလိုင်-၁၉၉၈)နေ့တွင် ပြင်းထန်သော လေမုန်တိုင်းနှင့်အတူ မိုးကြီးကား သည်းသည်းမည်းမည်း အဆက်မပြတ် ရွာချလျက် ရှိ၏။ လေတိုက်တိုင်း တရှဲရှဲ အော်မြည်နေသည့် ထင်းရူးပင်ထက်ဖျားမှ အသံများကလည်း ကြောက်ခမန်းလိလိ ဖြစ်၏။ သစ်ပင်များ၏ ပြတ်လွင့် ကျိုးကြေလဲကျသံများမှာ တောင်ပေါ်ကျေးရွာကလေး၌ ကမ္ဘာပျက်သည့်နှယ် ထင်ရလောက်သည်။

ထိုအချိန်တွင် မိုးရေများ ရွှံ့ညွန်များ ပေကျံလျက် ကျောင်းဝင်းအတွင်းသို့ ပြေးလွှားဝင်ရောက်လာသော ကလေးငယ်နှစ်ဦးကို မြင်လိုက်ရသည်။ ကလေးငယ်နှစ်ဦးသည် လှေကားရင်းတွင် ရပ်လျက် ကျောင်းပေါ်သို့ ကြည့်နေကြသည်။ ကျောင်းပေါ်သို့ တက်လာမည့်ပုံ မပေါ်သဖြင့် `ဟဲ့ မိုးရွာထဲ ဘာလို့ ရပ်နေကြတာလဲ၊ ရှာလော ... ရှာလော (လာ ... လာ)´ဟု ခေါ်လိုက်မှပင် အလဲလဲ အပြိုပြိုဖြင့် ကျောင်းပေါ်သို့ ပြေးတက်လာကြသည်။ ကလေးငယ်များမှာ တဆတ်ဆတ်တုန်ကာ ချမ်းနေကြသည်။ ဒီအတိုင်းဆက်ထားလျှင် အအေးမိပြီး ဖျားနိုင်သောကြောင့် ရေနွေးတစ်ခွက်စီ တိုက်ပြီး လေကွယ်သည့် ကျောင်းထောင့်တစ်နေရာတွင် ထိုင်ခိုင်းထားလိုက်သည်။ ထိုနေရာတွင် သူတို့ခန္ဓာကိုယ်မှ စီးကျလာသော မိုးရေစက်များ အိုင်ထွန်းသွားတော့၏။

ဆက်လက်ပြီး ကလေးငယ်နှစ်ဦးကို အကဲခတ်ကြည့်ရာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆင်သဖြင့် ညီအစ်ကိုဖြစ်ဟန်ရှိသည်။ အသားညိုသည်၊ မျက်နှာဝိုင်းသည်။ သို့သော် ဆံပင်ကရှည် လူကလည်း ညစ်ပေနေကြသဖြင့် ညှင်းသိုးသိုးဖြစ်နေကြသည်။ အသက်အားဖြင့် ဆယ်နှစ် ဆယ့်တစ်နှစ်ခန့်တော့ ရှိမည် ထင်သည်။ တောင်ပေါ်ထုံးစံအရ မွေးနေ့သက္ကရာဇ် မှတ်လေ့မရှိသဖြင့် မေးလည်း အပိုပင်။ ထူးခြားမည် မဟုတ်ချေ။ `နာမည် ဘယ်လိုခေါ်သလဲ´ဟု မေးကြည့်ရာ `ဟုန်းထန်း´ `ဟုန်းဂေး´ဟု အသီးသီး ဖြေကြသည်။

`ကျောင်းနေသလား´

`နေတယ်´

`ဘယ်နှတန်းလဲ´

`သုံးတန်း´ ဟု ပြိုင်တူ ဖြေကြသည်။

သူတို့ဖြေပုံကို ကြည့်ရသည်မှာ သွက်လက်ချက်ချာပုံတော့ ရသည်။ မျက်လုံးများ အရောင်တောက်နေသဖြင့် ဉာဏ်ကောင်းပုံလည်း ရသည်။ တောင်ပေါ်ဒေသတွင် ကျောင်းနေသည်ကို ကြားရ၍ ဝမ်းသာအားရဖြစ်မိသည်။ အရွယ်က နုနယ်၊ ကျောင်းကတဖက် တောင်ယာကတဖက်နှင့် ကျောင်းစာရော ဝမ်းစာပါ ရှာဖွေနေကြရရှာသည့် ကလေးငယ်နှစ်ဦးကို ကြည့်ရှုရင်း များစွာ ကရုဏာသက်မိလေသည်။

သိလိုသည်များကို မေးပြီး တောင်တော်အီအီ တွေးတောစဉ်းစားရင်း ကျောင်းအပြင်ဘက်သို့ ကြည့်လိုက်ရာ မိုးကား စဲစ ပြုပြီ။ မိုးစဲသည်နှင့်တပြိုင်နက် ငွေရောင်အဆင်းရှိသည့် တောင်ခိုးမြူခိုးများ တရိပ်ရိပ်ထလာကာ တောင်ပေါ်ကျေးရွာတစ်ခုလုံးကို ဝါးမျိုသွားတော့၏။ ဒေသအခေါ် မှိုင်းတိုက်သည်ဟု ခေါ်သည်။ ဝါးတရိုက်အကွာအဝေးကိုပင် မြင်နိုင်စွမ်း မရှိတော့ချေ။

ထိုအချိန်တွင် မိုးလည်း စဲပြီဖြစ်သဖြင့် ကလေးငယ်နှစ်ဦးသည် ဘုရားရှိခိုးပြီး ပြန်ဆင်းသွားကြသည်။

+++++

အနောက်ဖက် တောင်ကုန်း၌ နေလုံးကြီး မေးတင်နေပြီ။

နေဝင်ဆည်းဆာအချိန်ဖြစ်၍ အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာချေပြီ။

ငှက်ကလေးများလည်း အိပ်တန်းတက်ကြပြီ။

တောင်ယာသွား တိုင်းရင်းသားများလည်း ပြန်လာကြပြီ။

အိမ်တိုင်း အိမ်တိုင်း၌ ထင်းရူးမီးရောင်များဖြင့် လင်းလက်နေ၏။ (ဖယောင်းတိုင်အစား ထင်းရူးဆီကို အလျှံပယ် သုံးကြသည်။)

အကျွန်ုပ်လည်း ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပုတီးစိပ်၊ မေတ္တာပို့ပြီး စင်္ကြန်လျှောက် တရားမှတ်နေစဉ် ထင်းရူးမီးတုတ်ကြီးကို ကိုင်၍ ဒကာတစ်ဦး ကျောင်းပေါ်သို့ တက်လာလေသည်။

ထို့နောက် `ဘုန်းကြီး ... ကလေးဖျားတယ်၊ ဆေးပေးပါ´ဟု ဆေးတောင်း၏။

`ကလေးဖျားတာ ဘယ်လောက်ကြာပြီလဲ´

`ဒီညနေ´

`နာမည် ဘယ်သူလဲ´

`ဟုန်းထန်နဲ့ ဟုန်းဂေ´

... အော် .. နေ့ခင်းက ရောက်လာတဲ့ ကလေးတွေကိုး ...ဟု ရေရွတ်ရင်း `အေး .. အေး၊ ရော့ .. ရော့´ဆိုပြီး ပါရာစီတမောနှင့် ဘာမီတွန်ဆေးပြား အနည်းငယ် ပေးလိုက်သည်။

တောင်ပေါ်မှာ ဒီအတိုင်းပင်။

ဖျားသည်ဟုဆိုလျှင် ဘုန်းကြီးကို အားကိုး၍ ဆေးများ တောင်းလေ့ရှိကြသည်။ ယခုဒကာကြီးလည်း ဆေးရသည်နှင့် ဘုရားပင် ရှိမခိုးနိုင်တော့ဘဲ ဝမ်းသာအားရ ထ၍ ပြန်သွားတော့၏။

ဤသို့ဖြင့် တစ်ပတ်ခန့်အကြာတွင် ကလေးငယ်နှစ်ဦးအနက် တစ်ဦးမှာ မသက်သာကြောင်း ကြားရလေသည်။ စောစောကတည်းက ကရုဏာသက်ပြီးဖြစ်ရာ ကြားလျှင်ကြားချင်း ကလေးငယ်ရှိရာ အိမ်သို့ သွားရောက် ကြည့်ရှုမိသည်။

ကလေးငယ်သည် အိမ်ရှေ့ခန်းတွင် အိပ်ယာထက်၌ လဲလျောင်းရင်း ကရောင်ကတမ်း ညည်းညူနေသည်။ လူမမာမေးသူများကလည်း တဖွဲဖွဲ ရောက်လာကြသည်။ ခေါင်ရည်သောက်ရင်း လူမမာကို ဝိုင်းအုံကြည့်သူက ကြည့်၊ ချင်းထုံးစံအရ နတ်တင်သူက တင်နှင့် အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်။

သားငယ်ဘေးတွင် စိုးရိမ်ကြီးစွာ လက်မှိုင်ချလျက် ထိုင်နေကြသော မိဘနှစ်ပါးကို တွေ့ရရာ များစွာ စိတ်မကောင်းဖြစ်မိသည်။ အကျွန်ုပ်ရောက်လာသည်ကို သိလျှင်သိချင်း အားလုံး ဘေးကို ဖယ်ပေးကြပြီး အားကိုးတကြီး ကြည့်နေကြသည်ကို တွေ့ရ၏။ အကျွန်ုပ်လည်း ကလေးကို ဘာဆေးတိုက်သလဲဟု မေးရာ၊ ... ဘာဆေးမှ မတိုက်ဘူး၊ ဘုန်းကြီးပေးတဲ့ ဆေး ကုန်ပြီ ... ဟု ဖြေ၏။ ဘာဆေးမှ မတိုက်ရင်တော့ ဒီကလေး ဆက်လက် အသက်ရှင်ဖို့ မလွယ်ကူဟု ကောက်ချက်ချမိသည်။ ကလေးငယ်၏ လက်ကို ကိုင်ကြည့်ရာ ကိုယ်အနည်းငယ် ပူ၍ အင်အားချိနဲ့နေသည်ကို တွေ့ရသည်။ အရိုးပေါ် အရေတင်ကာ မျက်ကွင်းများ ပေါ်လျက် ပါးရိုးများ ငေါထွက်နေသည်။ တအင်အင်နှင့် ညည်းညူနေသော အသံကား အဆက်မပြတ် ပေါ်ထွက်လျက် ရှိ၏။

တခါတရံ မျက်လုံးများဖွင့်၍ ဘုန်းကြီးကို ကယ်တင်ပေးပါရန် အသနားခံ တောင်းပန်နေသယောင် ထင်ရသည်။

နှစ်ရက်တစ်ညတိတိ မိုးလင်းပေါက် ထိုင်စောင့်နေကြသော ရွာသူရွာသားများကို ကြည့်ရင်း မိမိကိုယ်မိမိ မကြာမီသေတော့မည်ဟူသော အတွေးကလည်း ကလေးငယ်အား ခြောက်လှန့်နေဟန် တူသည်။

အကျွန်ုပ်သည် ... ငါလို သာသနာပြုပုဂ္ဂိုလ်တစ်ယောက်လုံး ရှိနေပါလျက် အအေးမိ၍ ဖျားနာရုံမျှဖြင့် ဒီကလေး လုံးဝ မသေစေရ။ ရအောင် ငါကယ်တင်မည် ... ဟု ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကလေးငယ်အား ဗောဇ္ဈင်္ဂသုတ်ပရိတ် ရွတ်ဖတ်သရဇ္ဈာယ်ပေးပြီး အားလုံးကို နှုတ်ဆက်ကာ ကျောင်းသို့ ပြန်ခဲ့သည်။

ကျောင်းရောက်လျှင် နေ့ဆွမ်းအတွက် ထုပ်ကာ ကျောပိုးအိတ်ကို လွယ်ပြီး မိုင်နှစ်ဆယ်ကျော်ခန့်မျှ ဝေးသော မင်းတပ်မြို့သို့ တစ်ပါးတည်း တစ်တောဝင် တစ်တောင်ထွက် တစ်တောင်ဆင်း တစ်တောင်တက်တို့ဖြင့် ခရီးပြင်းနှင်ခဲ့လေတော့သည်။

တစ်လမ်းလုံးလည်း မေတ္တာပို့သလျက် လာခဲ့၏။

ဝါတွင်းကာလဖြစ်သဖြင့် မိုးကလည်း သည်းသည်းမည်းမည်း ရွာသည်။ ကျွတ်များ ကုန်းမျှော့များကလည်း ခြေထောက်ကို မည်းနေအောင် အမိအရ တွယ်ကြသည်။ မြင်သော ကျွတ်များကို ဖြုတ်လိုက်နိုင်သော်လည်း မမြင်သော ကျွတ်များကား သွေးဝမှပင် အလိုလို ပြုတ်ကျနေရစ်တော့သည်။ ခြေထောက်တစ်ခုလုံး ကျွတ်တွယ်သော ဒဏ်ရာများမှ သွေးများ ယိုစီးလျက် သွေးအလိမ်းလိမ်း ပေကျံလျက် ရှိ၏။

လမ်းခရီးတလျှောက်လုံး သက်ကယ်များ၊ မြက်ရိုင်းများကိုလည်း တိုးဝှေ့သွားရသည်ဖြစ်ရာ ခန္ဓာကိုယ်တစ်ခုလုံး အရှရာများကြောင့် စပ်ဖျင်းဖျင်းနိုင်လှသည်။

ဤသို့ဖြင့် မင်းတပ်မြို့သို့ ညနေသုံးနာရီအချိန်တွင် ရောက်ရှိခဲ့သည်။

မင်းတပ်ရောက်လျှင်ရောက်ချင်း မြို့နယ်ဆရာဝန်ကြီးထံ သွား၍ လူနာ၏အခြေအနေကို တင်ပြ ဆွေးနွေးသည်။

ဆရာဝန်ကြီးက လူနာကို ခေါ်ခဲ့ဖို့ရန် ပြောသော်လည်း မဖြစ်နိုင်သဖြင့် စားဆေးများကို ထုတ်ပေးသည်။

အကျွန်ုပ်သည် ဆရာဝန်ကြီး ညွှန်ကြားသည့်အတိုင်း မှတ်သားကာ လူမမာအတွက် နို့ဆီ၊ သကြား၊ ဘီစကစ်မုန့်ထုပ်များကို ဝယ်သည်။

လိုအပ်သည်များကို ဝယ်ယူပြီး၍ ရွာသို့ ချက်ချင်း ပြန်လိုသော်လည်း တစ်နေကုန် ခရီးသွားထားရသဖြင့် ပင်ပန်းနေသည်ဖြစ်ရာ မင်းတပ်မြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတွင် တစ်ညကျိန်းစက်ကာ အနားယူရသည်။

နောက်တစ်နေ့ (၂၆-ဇူလိုင်လ-၁၉၉၈) နံနက် မိုးသောက်သည်နှင့် နေ့ဆွမ်းအတွက် ထုပ်ကာ စောစောပင် ခရီးထွက်လာခဲ့သည်။

ကျောင်းကထွက်သည်နှင့် မိုးကလည်း ရွာသည်ဖြစ်၍ နေ့ဆွမ်းကို လမ်းဘေးတစ်နေရာ ရေကျစမ်းနံဘေးတွင် ထီးဆောင်းလျက် ဆောင့်ကြောင့်ထိုင် ဘုဉ်းပေးရသည်။

ထီးမှ ကျလာသော မိုးရေတို့သည် ဆွမ်းထုပ်ထဲသို့ စီးဆင်းလာရာ ဟင်းရေအဆမ်းရလွတ် ဖြစ်တော့၏။

တောတွင်း၌ ခရီးသွားရင်းဖြစ်သဖြင့် ကျောင်းမှ ဇွန်း၊ ပန်းကန်၊ စားပွဲ ကုလားထိုင်တို့ကို လွမ်းနေ၍ မဖြစ်။ အဆင်ပြေသလို သုံးဆောင်၍ ဆက်လက် ခရီးထွက်ခဲ့ရပြန်သည်။

အချိန်ကား တဖြည်းဖြည်းနှင့် ကုန်လာပြီ ဖြစ်၏။

ခြေလှမ်းများကို ပို၍ သွက်သွက်လက်လက် လျှောက်မိသည်။

တောကြီးမျက်မည်း တစ်ယောက်တည်းဖြစ်သော်လည်း တောကောင်များကို ဂရုမစိုက်အား။

ကျောင်းသာလေး ရေတိမ်နစ်မည်ကိုသာ စိုးရိမ်နေသည်။

အချိန်သည် စက္ကန့်တန်လေး လှုပ်ရှားနေသည့် စက္ကန့်ပိုင်း အချိန်လေးမျှပင် အရေးကြီး၏။

ကျောင်းသာလေးအား ကယ်တယ်နိုင်ရန် ရွာသို့ ငါမြန်မြန်ရောက်မှဟူသည့် ဇောစိတ်က ခန္ဓာကိုယ်ကြီးတစ်ခုလုံးရှိ အသွေးထဲ အသားထဲ စိတ်ထဲ၌ စိုးမိုးနေသည်။

လက်တွင် တောင်ဝှေးနှစ်ချောင်းကို ကိုင်ပြီး နှင်းလျောစီးသူများကဲ့သို့ ဘယ်ညာထောက်ကာ တောင်ကို အတင်းတက် အတင်းဆင်းသည်။

တောင်အတက်တွင် မသက်သာသကဲ့သို့ တောင်အဆင်းတွင်လည်း မလွယ်ကူလှချေ။

ခြေသလုံးကြွက်သားများ တဆတ်ဆတ်တုန်ကာ မောဟိုက်နေသည်။ ချွေးများကား သင်္ကန်းကို ညှစ်ယူ၍ ရလောက်အောင် ရွှဲနစ်နေသည်။

ဤသို့ဖြင့် ဒုံအိမ်ကျေးရွာလေးသို့ ရောက်ရှိလာသည်။

အလွန်တရာ ပင်ပန်းလှသဖြင့် ဒုံအိမ်ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တဝင်ကာ ဓာတ်ဆားထုပ်ဖျော်သောက်၍ အပန်းဖြေသည်။

စကားများများ မပြောနိုင်။

ဖျာပေါ်တွင် ခေတ္တ လဲလျောင်းလိုက်သည်နှင့် အိပ်ပျော်သွားတော့၏။

အိပ်ယာမှ နိုးလာသော် ညနေလေးနာရီ ထိုးနေချေပြီ။

အချိန်လုနေရသည့်အထဲ ဘာလို့များ အိပ်ပျော်သွားရသနည်းဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

တစ်ကိုယ်လုံးလည်း ကိုက်ခဲနေ၏။

သို့သော် အားတင်းပြီး အတင်းထကာ ကျောပိုးအိတ်ကိုလွယ်၊ ဆရာတော်ကို နှုတ်ဆက်ပြီး ထွက်လာပြန်၏။

ဒုံအိမ်ရွာမှ ထွက်လာသည်နှင့် ဒုံအိမ်ရွာနှင့် ငရှောင်ရွာအကြား နက်ရှိုင်းသော တောင်ချောက်ကြားတို့ကို သတိကြီးစွာ ထား၍ ဆင်းရသည်။

ခရီးတစ်ဝက်ခန့်အရောက်တွင် `တီးတောင် .. တီးတောင်´နှင့် ချင်းတို့၏ ဓလေ့ထုံးစံ တူရိယာသံကို ကြားရလေသည်။

အကျွန်ုပ်သည် ထိုအသံကို ကြားရသည်နှင့် ခြေထောက်များ ပျော့ခွေသွားတော့၏။

ခဲလေသမျှ သဲရေကျချေပြီဟု ယူကြုံးမရ ဖြစ်ရသည်။

တောင်ကမ်းပါးယံကို မှီရင်း မျက်လုံးအစုံကို မှိတ်ကာ ကျောင်းသားလေး၏ မျက်နှာ၊ အားငယ်စွာ ဝိုင်းအုံ ကြည့်နေကြရှာသည့် တိုင်းရင်းသား တိုင်းရင်းသူတို့၏ မျက်နှာ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြရှာသည့် မိဘနှစ်ပါး၏ ဟန်အမူအရာတို့ကို နှလုံးသားပြင်တွင် အတီတဘဝင်ကျလျက် ပြန်လည် မြင်ယောင်နေမိသည်။

အသုဘအခမ်းအနားတွင် တီးလေ့ရှိသည့် ချင်းရိုးရာတီးလုံးသံကား လေထဲတွင် ဆွတ်ပျံ့စွာ ပေါ်ထွက်လာလျက် ရှိသည်။

အကျွန်ုပ်သည် အသွားအပြန် မိုင်(၄၀)ကျော်ခရီးကို နှစ်ရက်ဆက်တိုက် အပြင်းနှင်ခဲ့ရသည်ဖြစ်၍ မတ်တပ်မှ လဲပြိုကျမတတ် ခံစားရလေတော့သည်။

သို့သော်လည်း မသွားမပြီး ရပ်နေရုံဖြင့် အချည်းနှီးဖြစ်၍ ခြေထောက်များကို လေးတွဲ့စွာ မလှမ်းချင် လှမ်းချင်နှင့်သာ ခရီးဆက်ခဲ့ရပြန်သည်။

လျှိုမြောင်ချောက်ကြားမှတဆင့် ငရှောင်ရွာဘက်ရှိ တောင်တက်လမ်းကို တက်ရသောအခါ ဒူးများ ကွေးညွတ်၍ မကြာခဏ လဲတော့သည်။

ရန်ကုန်တွင် တစ်မှတ်တိုင်ခရီးလောက်ကိုပင် ဘတ်စ်ကားစီးကာ အပင်ပန်းမခံခဲ့သည့် ခြေထောက်များက ဤမျှပြင်းထန်သော တောင်တက်တောင်ဆင်းလမ်းခရီးကို လျှောက်ရသည့်အခါ ဒူးများကွေးညွတ်ကာ မကြာခဏ လဲသည်မှာ အပြစ်မဆိုသာတော့။

ဤသို့ဖြင့် မြင့်မားမတ်စောက်သော တောင်တက်လမ်းကို ဇွဲဖြင့် အားခဲတက်လာခဲ့သည်။

ညနေ ၅-နာရီခွဲမျှ ရှိသေးသော်လည်း တောင်တန်းကြီးများက နေလုံးကြီးကို ကန့်လန့်ကာခြားထားလိုက်ရာ မှောင်ရီပျိုးစအချိန်သို့ပင် ရောက်လာချေပြီ။

တစ်နာခွဲခန့် လျှောက်မိသော် ရွာအစွန် ခြံစည်းရိုးအနီးသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။

ချင်းရိုးရာတီးလုံးသံကား ပီပြင်သထက် ပီပြင်လာတော့၏။

အသေအချာ သတိထား နားထောင်ရာ ကျောင်းသားလေး၏ အိမ်မှ မဟုတ်ကြောင်းနှင့် ကျောင်းသားလေး၏ အိမ်အနီး မလှမ်းမကမ်းမှ မီးခိုးများ အူလျက် ထွက်နေသည့် အိမ်မှ တီးလုံးသံထွက်နေကြောင်း သိလိုက်ရ၏။

ဟေး ... ကျောင်းသားလေးအိမ်က မဟုတ်ဘူးကွ .. ဟု တစ်ပါးတည်း အသံထွက်လျက် ကျောင်းသားလေးအတွက် ဝမ်းမြောက်သွားမိသည်။

ယိမ်းယိုင်ပျော့ခွေနေသော ခြေထောက်များ ခိုင်မာလာ၍ လျောကျနိမ့်ကျနေသော အင်အားများ တောင့်တင်းလာကာ ဝမ်းပန်းတသာ ကျောင်းအရောက် အပြေးအလွှား သွားမိသည်။

ကျောင်းရောက်လျှင် သင်္ကန်းပင် မလဲအား၊ ကျောပိုးအိတ်ကို ချကာ ဆေးပုလင်းကို ထုတ်ပြီး လူမမာကျောင်းသားအိမ်သို့ ချက်ချင်း သွားသည်။

အိမ်ပေါ်သို့ ရောက်သည်နှင့် လူနာဘေး ဝိုင်းအုံကာ ငေးမှိုင်လျက်ရှိကြသော လူများမှာ အကျွန်ုကို မြင်လျှင်မြင်ချင်း ဝမ်းပန်းတသာ ဆီးကြိုကြသည်။

အားတက်သွားကြဟန် တူသည်။

အကျွန်ုပ်သည် အားလုံးကို ဘေးဖယ်ခိုင်းပြီး ကလေးငယ်ကို ကြည့်ရှုရာ အားအလွန်နည်း၍ မျက်လုံးအိမ်မှ မျက်ရည်ကြည်များ စီးကျနေသည်ကို တွေ့ရသည်။

အပူချိန်တိုင်းကြည့်ရာ ၁၀၂-ဒီဂရီရှိသည်ကို တွေ့ရသည်။

မလှုပ်မယှက် ယဲ့ယဲ့သာရှိသော ကလေးငယ်ကို မြို့နယ်ဆရာဝန်ကြီး လှူဒါန်းလိုက်သော ဆေးဝါးများကို အမှုန့်ကြိတ်၍ ရေဖျော်တိုက်ခြင်း၊ ထိုးဆေးများကို ဆေးဆရာမ(သားဖွား)ကို ခေါ်ယူ၍ ထိုးစေခြင်းများ ပြုလုပ်ပေးလိုက်သည်။

ဤမျှ ကုသိုလ်ယူလိုက်ရလျှင် မကြာမီ ကလေးငယ် ပြန်လည် နေကောင်းလာလိမ့်မည်ဟု ယုံကြည်သည်။

ကလေးငယ်အတွက် ဝယ်ယူလာသော နို့ဆီဗူး၊ သကြားနှင့် မုန့်ထုပ်များကိုလည်း လူမမာကလေးငယ်ကို တိုက်ကျွေးရန် ပေးထားခဲ့သည်။

ဤသို့ နှစ်ရက်ဆက်၍ ပြုရသော ကုသိုလ်အမှုကြောင့် ကျောင်းသားလေးမှာ တဖြည်းဖြည်း နေကောင်းလာသည်။

နို့ဆီဗူးကို ပထမတွင် ဖျော်၍ သောက်သော်လည်း နောက်တွင် ဗူးလိုက်ပါ မော့၍ သောက်ကြောင်း သိရ၏။

အားအင်များ ပြည့်ဖြိုးလာကာ ကျောင်းပြန်တက်၍ ပြေးလွှားဆော့ကစားနေသော ကျောင်းသာလေးကို မြင်ရသောအခါ အသက်တစ်ချောင်းကို ကယ်တယ်လိုက်ရသော သာသနာပြုရဟန်းတစ်ပါး၏ ရင်တွင်း၌ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ အထူးကြည်နူး ဝမ်းမြောက်ကာ သတ္တဝါဝေနေယျအပေါင်းတို့ ဘေးအပေါင်း ရန်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက် ရှိပါတော့သည်။

+++++

အရှင်ဉာဏိဿရ(မော်လူး)၏ `ဘဝနှင့်သာသနာ´ စာအုပ် မှ

ပြုလျှင်အသစ် ဖြစ်လျှင်အဟောင်း - ဦးသုခ

Wednesday, December 26, 2012

ဘုရားကြိုက်သောအလုပ် - မင်းသုဝဏ်

gilana(ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ လက်ဆောင်ကတ်ပြားမှ လက်ရာပန်းချီကား၊ http://nge-naing.blogspot.com/2011/01/blog-post_11.html မှ)

ပါဠိကျမ်းဂန်ကို လေ့လာကြည့်သောအခါ မြတ်စွာဘုရားသခင်သည် ဆေးဆရာအလုပ် သူနာပြုအလုပ်တို့ကို အရေးပေး တန်ဖိုးထားကြောင်း တွေ့ရသည်။

မည်မျှ အရေးပေး တန်ဖိုးထားပါသနည်းဆိုလျှင် မိမိကိုယ်တော်တိုင်ပင်လျှင် ဆေးဆရာဖြစ်ကြောင်း ခွဲစိတ်ကုဆရာဖြစ်ကြောင်း တင်စားဟောကြားတော်မူဖူးလေသည်။

ဣတိဝုတ်ပါဠိတော် စတုက္ကနိပါတ် ဗြဟ္မဏဓမ္မယာဂသုတ်၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူသည်။

အဟမသ္မိ ဘိက္ခဝေ ... အနုတ္တရော ဘိသက္ကော သလ္လကတ္တော။

ရဟန်းတို့ ... ငါဘုရားသည် အတုမရှိသော ဆေးဆရာဖြစ်၏။ အတုမရှိသော ခွဲစိတ်ကုဆရာဖြစ်၏။

ဆေးဆရာအလုပ်ကို အရေးပေး တန်ဖိုးထားသည့်နည်းတူ သူနာပြုအလုပ်ကိုလည်း အရေးပေး တန်ဖိုးထားတော်မူသည်။ မိမိကိုယ်တော်တိုင်လည်း သူနာပြုအလုပ်ကို လုပ်သည်။ သူတပါးတို့လုပ်အောင်လည်း ညွှန်ကြား ဆုံးမတော်မူသည်။

အခါတပါး၌ ဝမ်းရောဂါဖြင့် မစင်အလိမ်းလိမ်းဖြစ်ကာ အလူးအလဲ ဝေဒနာခံစားနေရသော ရဟန်းတစ်ပါးကို မြတ်စွာဘုရားသခင်သည် ညီတော် အာနန္ဒာနှင့်အတူ သွားရောက် ပြုစုဖူးကြောင်း ဝိနည်း မဟာဝါပါဠိတော်၊ စီဝရက္ခန္ဓကတွင် မှတ်တမ်းတင်ထားချက် တွေ့ရသည်။

ဤတွင် မြတ်စွာဘုရားသည် လူမမာနှင့် မိမိကိုယ်တော်ကို ကိုယ်တူပြုထားသည်။

ကိုယ်တူပြုပုံမှာ ဤသို့ဖြစ်သည်။

ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ။ သော ဂိလာနံ ဥပဋ္ဌဟေယျ။

ရဟန်းတို့ အကြင်သူသည် ငါဘုရားကို လုပ်ကျွေးပြုစုအံ့။ ထိုသူသည် သူနာကို လုပ်ကျွေးပြုစုရာ၏။

မြတ်စွာဘုရားသည် တပည့်သား သံဃာအများနှင့် ဗုဒ္ဓသာသနာတော်ကြီးကို နှစ်ပေါင်းများစွာ တည်ထောင်တော်မူရာတွင် ဖျားမှုနာမှု သူနာပြုမှု အမျိုးမျိုးတို့ကို တွေ့ကြုံခဲ့ရမည် ဖြစ်သည်။

မိမိကိုယ်တော်တိုင် သူနာပြုခဲ့ရသည်တို့လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အကြိမ်ကြိမ် ရှိခဲ့ပေမည်။

ဤအတွေ့အကြုံတို့ကို အခြေပြု၍ သူနာပြုတို့၏ အောက်ပါအင်္ဂါငါးရပ်ကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့ရာသည်။

ဤအင်္ဂါငါးရပ်ကို (၁) ဝိနည်း မဟာဝါပါဠိတော် စီဝရက္ခန္ဓကတွင်လည်းကောင်း၊ (၂) အင်္ဂုတ္ထိုရ်ပါဠိတော် ဂိလာနဝဂ်၊ ဒုတိယ ဥပဋ္ဌာကသုတ်တွင်လည်းကောင်း အောက်ပါအတိုင်း တွေ့ရသည်။

သူနာပြုသည် သူနာကို ပြုစုနိုင်ရန် အင်္ဂါငါးရပ်နှင့် ပြည့်စုံရမည်။

အင်္ဂါငါးရပ်ဟူသည်ကား -

(၁) ဆေးကို စီရင်နိုင်စွမ်း ရှိရမည်။

(၂) သူနာနှင့် သင့်သည် မသင့်သည်ကို သိတတ်ရမည်။ မသင့်သည်ကို ပယ်၍ သင့်သည်ကို ပေးရမည်။

(၃) လာဘ်လာဘကို ငဲ့၍ သူနာကို မပြုစုရ။ မေတ္တာတရားကို ရှေ့ထား၍ ပြုစုရမည်။

(၄) ကျင်ကြီးကျင်ငယ် အန်ဖတ် တံတွေးတို့ကို သုတ်သင်ရန် ရွံရှာစက်ဆုပ်မှု ကင်းရမည်။

(၅) သူနာကို အခါအားလျော်စွာ တရားစကားဖြင့် ဒါန၏အကျိုးကို သိစေခြင်း၊ အားတက်စေခြင်း၊ လန်းဆန်းစေခြင်း၊ စိတ်သက်သာရာရစေခြင်းတို့၌ စွမ်းနိုင်ရည် ရှိရမည်။

မြတ်စွာဘုရားသခင်သည် ဤသို့သော နည်းတို့ဖြင့် တိုက်ရိုက်လည်းကောင်း သွယ်ဝိုက်၍လည်းကောင်း ချီးကျူး ဂုဏ်ပြုတော်မူခဲ့သော ဆေးဆရာအလုပ် သူနာပြုအလုပ်တို့သည် မြင့်မြတ်သော အလုပ်တို့ပေတည်း။ လောကကို ကျေးဇူးပြုသော အလုပ်တို့ပေတည်း။ လူအပေါင်း၏ လေးစားသမှုကို ခံယူထိုက်သော အလုပ်တို့ပေတည်း။

ဆေးတက္ကသိုလ်(၂) နှစ်လည်စာစောင်

၁၉၆၉။

Tuesday, December 25, 2012

သူနာရဟန်းဝတ္ထု (မဟာဝဂ်ပါဠိတော် မြန်မာပြန်)

တရံရောအခါ တပါးသောရဟန်းအား ဝမ်းသက်သောရောဂါ ဖြစ်၏။

ထိုရဟန်းသည် မိမိကျင်ကြီးကျင်ငယ်၌ လူးလှိမ့်လျက် အိပ်ရ၏။

ထိုအခါ မြတ်စွာဘုရားသည် နောက်လိုက်ရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ထိုဝမ်းသက်သောရဟန်း၏ ကျောင်းသို့ ရောက်တော်မူ၏။

မြတ်စွာဘုရားသည် မိမိကျင်ကြီးကျင်ငယ်၌ လူးလှိမ့်လျက် အိပ်နေသော ထိုရဟန်းကို မြင်၍ ဝမ်းသက်သောရဟန်းထံသို့ ကြွတော်မူပြီးလျှင် ထိုရဟန်းအား ``ရဟန်း သင်၏ရောဂါကား အဘယ်ရောဂါနည်း´´ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း ဟု (လျှောက်၏)။

ရဟန်း သင့်အား အလုပ်အကျွေးရှိ၏လော ဟု (မေးတော်မူ၏)။

မရှိပါ အသျှင်ဘုရား ဟု (လျှောက်၏)။

ရဟန်းတို့သည် အဘယ့်ကြောင့် သင့်ကို မလုပ်ကျွေးကုန်သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ရဟန်းတို့ကလည်း အကျွန်ုပ်ကို မလုပ်ကျွေးပါကုန် ဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ``အာနန္ဒာ သွားချေ၊ ရေဆောင်ယူခဲ့လော့၊ ဤရဟန်းကို ရေချိုးကုန်အံ့´´ ဟု မိန့်တော်မူ၏။

``ကောင်းပါပြီး အသျှင်ဘုရား´´ ဟု ဆို၍ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၍ ရေကို ဆောင်ယူလာ၏။

မြတ်စွာဘုရားသည် ရေကို သွန်းလောင်းတော်မူ၏။

အသျှင်အာနန္ဒာသည် ဆေးကြောလေ၏။

မြတ်စွာဘုရားသည် ဦးခေါင်းမှ ကိုင်ယူတော်မူ၏။

အသျှင်အာနန္ဒာသည် ခြေထောက်မှ ချီမ၍ ညောင်စောင်း၌ အိပ်စေကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို ``ရဟန်းတို့ ဤမည်သော ကျောင်း၌ ရဟန်းရှိသလော´´ဟု မေးတော်မူ၏။

ရှိပါသည်အသျှင်ဘုရား ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ထိုရဟန်း၏ ရောဂါကား အဘယ်ရောဂါနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထိုရဟန်း၏ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ထိုရဟန်းအား အလုပ်အကျွေး ရှိ၏လော ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား မရှိပါ ဟု (လျှောက်ကုန်၏)။

အသျှင်ဘုရား ဤရဟန်းသည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ထိုရဟန်းကို ရဟန်းတို့သည် မလုပ်ကျွေးပါကုန် ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ သင်တို့အား လုပ်ကျွေးမည့် အမိအဖတို့ မရှိကုန်။ ရဟန်းတို့ သင်တို့သည် အချင်းချင်း မလုပ်ကျွေးခဲ့လျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ့နည်း။ ရဟန်းတို့ ငါဘုရားကို လုပ်ကျွေးသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးရာ၏။

အကယ်၍ ဥပဇ္ဈာယ်ဆရာရှိငြားအံ့။

ဆရာသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဆရာရှိငြားအံ့။

ဆရာသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ အတူနေတပည့်ရှိငြားအံ့။

အတူနေတပည့်သည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ အနီးနေတပည့်ရှိငြားအံ့။

အနီးနေတပည့်သည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဥပဇ္ဈာယ်တူ အပေါင်းအဖော်ရှိငြားအံ့။

ဥပဇ္ဈာယ်တူ အပေါင်းအဖော်သည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဆရာတူရဟန်းရှိငြားအံ့။

ဆရာတူရဟန်းသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည်တိုင်အောင် ဆိုင်းငံ့ရမည်။

အကယ်၍ ဥပဇ္ဈာယ် ဆရာ အတူနေတပည့် အနီးနေတပည့် ဥပဇ္ဈာယ်တူရဟန်း ဆရာတူရဟန်းတို့ မရှိငြားအံ့။

သံဃာက လုပ်ကျွေးရမည်။

အကယ်၍ မလုပ်ကျွေးငြားအံ့။ ဒုက္ကဋ်အာပတ် သင့်၏။

ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး ခက်ခဲ၏။

- မသင့်သည်ကို ပြုလေ့ရှိ၏။

- သင့်သည်၌ အတိုင်းအရှည်ကို မသိ။

- ဆေးကို မမှီဝဲ။

- မိမိအကျိုးကို လိုလားသော သူနာပြုရဟန်းအား ``အနာတိုးတက်သည်ကိုလည်း တိုးတက်၏ဟူ၍၎င်း၊ အနာဆုတ်ယုတ်သည်ကိုလည်း ဆုတ်ယုတ်၏ဟူ၍၎င်း၊ အနာတန့်ရပ်နေသည်ကိုလည်း တန့်ရပ်နေ၏ဟူ၍၎င်း´´ ဟုတ်မှန်တိုင်း အနာကို ထင်စွာ မပြု။

- ကိုယ်၌ဖြစ်ဆဲဖြစ်သော ပြင်းထန်ကြမ်းကြုတ် ခါးစပ်ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောမရှိ။

ရဟန်းတို့ ဤငါးပါးသောအင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး ခက်၏။

ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး လွယ်ကူ၏။

- သင့်သည်ကို ပြုလေ့ရှိ၏။

- သင့်သည်၌ အတိုင်းအရှည်ကို သိ၏။

- ဆေးကို မှီဝဲ၏။

- မိမိအကျိုးကို လိုလားသော သူနာပြုရဟန်းအား ``အနာတိုးတက်သည်ကိုလည်း တိုးတက်၏ဟူ၍၎င်း၊ အနာဆုတ်ယုတ်သည်ကိုလည်း ဆုတ်ယုတ်၏ဟူ၍၎င်း၊ အနာတန့်ရပ်နေသည်ကိုလည်း တန့်ရပ်နေ၏ဟူ၍၎င်း ဟုတ်မှန်တိုင်း အနာကို ထင်စွာ ပြု၏။

- ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန်ကြမ်းကြုတ် ခါးစပ်ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောရှိ၏။

ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာရဟန်းသည် အလုပ်အကျွေး လွယ်ကူ၏။

ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် မသင့်လျော်။

- ဆေးကို စီရင်ခြင်းငှါ မစွမ်းနိုင်။

- သင့်သည် မသင့်သည်ကို မသိ။ မသင့်သော ဆေးကို ဆက်ကပ်၏။ သင့်သော ဆေးကို ပယ်၏။

- (ဆွမ်း သင်္ကန်း အစရှိသော) အာမိသကို အလိုရှိသည်ဖြစ်၍ သူနာကို လုပ်ကျွေး၏။ မေတ္တာစိတ်ရှိသည်ဖြစ်၍ လုပ်ကျွေးသည် မဟုတ်။

- ကျင်ကြီး ကျင်ငယ် တံတွေး အန်ဖတ်တို့ကို စွန့်ပစ်အံ့သောငှါ စက်ဆုတ်ရွံရှာ၏။

- သူနာကို အချိန်အခါအလျောက် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေခြင်းငှါ (တရားကို) ဆောက်တည်စေခြင်းငှါ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် သင့်လျော်၏။

- ဆေးကို စီရင်ခြင်းငှါ စွမ်းနိုင်၏။

- သင့်သည် မသင့်သည်ကို သိ၏။ မသင့်သော ဆေးကို ပယ်၏။ သင့်သော ဆေးကို ဆက်ကပ်၏။

- မေတ္တာစိတ် ရှိသည်ဖြစ်၍ သူနာကို လုပ်ကျွေး၏။ (ဆွမ်း သင်္ကန်း အစရှိသော) အာမိသကို အလိုရှိသည်ဖြစ်၍ လုပ်ကျွေးသည် မဟုတ်။

- ကျင်ကြီး ကျင်ငယ် တံတွေး အန်ဖတ်တို့ကို စွန့်ပစ်အံ့သောငှါ စက်ဆုတ်ရွံရှာခြင်း မရှိ။

- သူနာကို အချိန်အခါအလျောက် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေခြင်းငှါ (တရားကို) ဆောက်တည်စေခြင်းငှါ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် သင့်လျော်၏ ဟု မိန့်တော်မူ၏။

ရဟန်းတော်တို့အတွက် သူနာပြုသင်တန်း - မင်းသုဝဏ်

ဘုရားကျင့်ဟောင်း နည်းလမ်းကောင်း

ဂေါတမမြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်တူ ဝမ်းလား၍ အားပြတ်နေသော ရဟန်းတစ်ပါးကို ဆေးကြောသုတ်သင် ပြုစုယုယတော်မူသည်ဆိုသော အတ္ထုပ္ပတ္တိကို အင်္ဂလိပ် ဘာသာရေး တရားတော်ပေါင်းချုပ် စာအုပ်တစ်အုပ်တွင် တခါတုန်းက ဖတ်ရပါသည်။ အထူး ဝမ်းမြောက် သဒ္ဓါပေါက်မိပါသည်။

ငရဲခန်းတရားများနှင့် ဘုံခန်းတရားများအကြားတွင် လူထုပရိသတ် သိမှတ်ဖွယ် ဆွေးနွေးဖွယ် ဟောပြောဖွယ် လိုက်နာကျင့်သုံးဖွယ် တရားအများ ရှိပါသေးကလားဟူ၍ သဘောပေါက် မျက်မှောက်ပြုမိပါသည်။ ထို့ကြောင့် ဝိနည်းပိဋက မဟာဝဂ္ဂပါဠိတော် ဂိလာနဝတ္ထုကထာကို ရှာဖွေ ဖတ်ရှု ကျေနပ် နှစ်သိမ့်မိပါသည်။ မကြားဖူး မဖတ်ဖူးသေးသူတို့ ကြားဖူးဖတ်ဖူးကာ မိမိနည်းတူ ကျေနပ်နှစ်သိမ့်ကြရလေအောင် ရည်စူးလျက်လည်း `သူနာပြုဘုရား´ဟူသော အမည်ဖြင့် ကဗျာတစ်ပုဒ်ကို ရေးစီ၍ ၁၉၅၈-၅၉ ခု ဆေးသိပ္ပံကျောင်းများသမဂ္ဂ နှစ်လည်မဂ္ဂဇင်းတွင် အောက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ပါသည်။

+++++

သူနာပြုဘုရား

ကိုယ်ရိပ်သဏ္ဌာန်၊ ညီ အာနန်နှင့်

မြတ်မွန်ထွတ်ထား၊ တို့ဘုရားသည်

တပါးသောခါ၊ ဒေသစာဖြင့်

တိုက်တာလှည့်၍ ကြည့်သတည်း။

ကျီးသံသဲသဲ၊ ယင်မဲမဲနှင့်

ပြာမွဲညစ်ရောင်၊ ကျောင်းတဆောင်ကို

ဘုန်းခေါင်ဘုရား၊ ဝင်၍သွားသော်

သနားစဖွယ်၊ ကျောင်းအလယ်၌

ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်

ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို

မြတ်စွာ တွေ့ရပါသတည်း။

အမိသည် သား၊ ပြုသောလားသို့

ဘုရားမြတ်မွန်၊ ညီ အာနန်ကို

ချိုးရန်ရေကောင်း၊ ဆောင်ပါတောင်းလျက်

သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ

ခေါင်းတွင်ဘုရား၊ လက်တော်ထား၍

ညီဘွားခြေက၊ ပြိုင်တူ မ,လျက်

မြတ်လှနေရာ၊ ညောင်စောင်းသာတွင်

ကောင်းစွာအိပ်စေ တင်သတည်း။

ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်၍

မြွက်ဖော်စကား၊ မိန့်တော်ကြား၏

မိခြား ဖဝေး၊ တရပ်ကျေးတွင်

ချိုအေးကြည်သာ၊ တရားရှာသည်

များစွာအပေါင်း၊ ရဟန်းကောင်းတို့

ညံ့ပျောင်းကြည်ဖြူ၊ နာသောသူကို

ငါ့တူကြင်နာ၊ ပြုစုပါက

မြတ်ရာရောက်လိမ့် ဧကန်တည်း။

ထို့နောက် မမှတ်မိတော့သော မဂ္ဂဇင်းတစ်စောင်တွင် ဤဂိလာနဝတ္ထုကထာ၌ မြတ်စွာဘုရား မိန့်ကြားတော်မူသော စာပိုဒ်တစ်ပိုဒ်ကို မြန်မာပြန်၍ အောက်ပါအတိုင်း ထည့်သွင်းပြန်ပါသည်။

ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ

သော ဂိလာနံ ဥပဋ္ဌဟေယျ။

ငါ၏ချစ်သား၊ ရဟန်းများတို့

ငါ့အားကြည်ဖြူ၊ ပြုစုသူသည်

ငါ့တူညီမျှ၊ ဂိလာနကို

ဖေးမကြင်နာ၊ ပြုစုရာ၏

မြတ်စွာဘုရား၊ မှာကြားခဲ့သည်

အများလူတို့ မှတ်ရာတည်း။

ဤမြတ်စွာဘုရား၏ သြဝါဒကထာ မြန်မာပြန်ချက်သည် မဂ္ဂဇင်းထဲတွင် မြုပ်ပျောက်၍ မသွား။

ရန်ကုန်မြို့ ဗဟန်းရပ် ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံအဝင်ဝတွင် သရုပ်ဖော်ပန်းချီလက်ရာနှင့်အတူ ကူးယူဖော်ပြထားခြင်းကို ခံရပါသည်။

ထိုအတ္ထုပ္ပတ္တိကထာတွင် မြတ်စွာဘုရားက မေးတော်မူ၍ ရဟန်းများက ဖြေကြားသည်မှာလည်း မှတ်ဖွယ်ဖြစ်ပါသည်။ ဂိလာနရဟန်းနှင့် မေးဖြေပုံမှာ ဤသို့ -

မေး။ ရဟန်း ... သင်၏ရောဂါကား အဘယ်ရောဂါနည်း။

ဖြေ။ အရှင်ဘုရား ... အကျွန်ုပ်၏ ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း။

မေး။ ရဟန်း ... သင့်အား အလုပ်အကျွေးရှိ၏လော။

ဖြေ။ မရှိပါ အရှင်ဘုရား။

မေး။ ရဟန်းတို့သည် အဘယ့်ကြောင့် သင့်ကို မလုပ်ကျွေးကုန်သနည်း။

ဖြေ။ အရှင်ဘုရား ... အကျွန်ုပ်သည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ရဟန်းတို့ကလည်း အကျွန်ုပ်ကို မလုပ်ကျွေးပါကုန်။

ဂိလာနရဟန်းနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် တခြားရဟန်းများကို စည်းဝေးစေပြီးလျှင် မေးတော်မူပြန်သည်။

ရဟန်းတို့က ဖြေပုံမှာလည်း အထက်ပါအတိုင်းပင်။

`အရှင်ဘုရား ... ဤရဟန်းသည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ထိုရဟန်းကို ရဟန်းတို့သည် မလုပ်ကျွေးပါကုန်´ဟု လျှောက်ထားကြသည်။

ထိုအခါ မြတ်စွာဘုရားက ဂိလာနရဟန်းနှင့် တခြားသောရဟန်းတို့၏ အကြောင်းပြချက်ကို ချေဖျက်၍ မိန့်တော်မူသည်မှာကား -

``ရဟန်းတို့ ... သင်တို့အား လုပ်ကျွေးမည့် အမိအဖတို့ မရှိကုန်။ ရဟန်းတို့ ... သင်တို့သည် အချင်းချင်း မလုပ်ကျွေးခဲ့လျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ့နည်း´´

``ရဟန်းတို့ ... ငါဘုရားကို လုပ်ကျွေးသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးရာ၏´´ဟူ၍ တိကျပြတ်သားသော စကားတော်ဖြစ်ပါသည်။

sitagu-ayudana-hospital-1 sitagu-ayudana-hospital-2

(ပုံများကို http://dhammabum.wordpress.com/category/monastic-life/ မှ ယူသည်)

+++++

ဤမိန့်တော်မူချက်လာ `အချင်းချင်း´ (အညမည) ဆိုသော စကားကို မြတ်စွာဘုရားက သရုပ်ပြ ဖွင့်ဆိုပြန်ပါသေးသည်။

ပထမဆုံးပုဂ္ဂိုလ်မှာ အောက်ပါစာပိုဒ်တွင် ပါရှိသည့် ဥပဇ္ဈာယ်ဆရာ ဖြစ်ပါသည်။

အကယ်၍ ဥပဇ္ဈာယ်ဆရာ ရှိငြားအံ့။ ဥပဇ္ဈာယ်ဆရာသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည့်တိုင်အောင် ဆိုင်းငံ့ရမည်။ (သစေ ဥပဇ္ဈာယော ဟောတိ၊ ဥပဇ္ဈာယေန ယာဝဇီဝံ ဥပံဋ္ဌာတဗ္ဗော။ ဝုဋ္ဌာနေဿ အာဂမေတဗ္ဗံ)

(၁) `အချင်းချင်း´ ဆိုသောပုဒ်ကို ဤကဲ့သို့ `ဥပဇ္ဈာယ်ဆရာ´ဖြင့် စချီ၍ ဆက်လက်ဖော်ပြသော တာဝန်ရှိ ပုဂ္ဂိုလ်တို့မှာကား -

(၂) ဆရာ (အာစရိယ)

(၃) အတူနေတပည့် (သဒ္ဓိဝိဟာရိက)

(၄) အနီးနေတပည့် (အန္တေဝါသိက)

(၅) ဥပဇ္ဈာယ်တူ အပေါင်းအဖော် (သမာနုပဇ္ဈာယက)

(၆) ဆရာတူရဟန်း (သမာနာစရိယက)

(၇) သံဃာ (သံဃ)

ဟူ၍ ဖြစ်ပါသည်။

သံဃာဆိုသော စကားကို ကြည့်ခြင်းဖြင့် ရဟန်းအဖွဲ့အစည်း တခုလုံးတွင် နာဖျားသောရဟန်းကို လုပ်ကျွေးရန် တာဝန်ရှိကြောင်း မိန့်ဆိုတော်မူသည်ဟု နားလည်မိပါသည်။

ဤမျှမကသေးပါ။

ငါးပါးသော အင်္ဂါနှင့် မပြည့်စုံသော ရဟန်းသည် လုပ်ကျွေးရခက်ပုံ၊ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် လုပ်ကျွေးရလွယ်ပုံတို့ကိုလည်း အကျယ်တဝင့် ဖွင့်ဆိုဟောပြတော်မူပါသည်။

ထို့ပြင် သူနာပြုရဟန်းတွင် ရှိရမည့် အင်္ဂါရပ်တို့ကိုလည်း ဤကဲ့သို့ ဟောပြတော်မူပါသည်။

`ရဟန်းတို့၊ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် သင့်လျော်၏။´

(၁) ဆေးကို စီရင်ခြင်းငှာ စွမ်းနိုင်၏။ (ပဋိဗလော ဟောတိ ဘေသဇ္ဇံ သံဝိဓာတုံ)။ သင့်သည် မသင့်သည်ကို သိ၏။ (သပ္ပါယာ သပ္ပါယ ဇာနာတိ။)

(၂) မသင့်သော ဆေးကို ပယ်၏။ (အသပ္ပါယံ အပနာ မေတိ။) သင့်သော ဆေးကို ဆက်ကပ်၏။ (သပ္ပါယံ ဥပနာ မေတိ။)

(၃) မေတ္တာစိတ်ရှိသည်ဖြစ်၍ သူနာကို လုပ်ကျွေး၏။ (မေတ္တ စိတ္တော ဂိလာနံ ဥပဋ္ဌာတိ။) (ဆွမ်း သင်္ကန်း အစရှိသော) အာမိသကို အလိုရှိသည်ဖြစ်၍ လုပ်ကျွေးသည် မဟုတ်။ (နော အာမိသန္တရော။)

(၄) ကျင်ကြီးကျင်ငယ် တံတွေးအန်ဖတ်တို့ကို စွန့်ပစ်အံ့သောငှာ စက်ဆုပ် ရွံရှာခြင်း မရှိ။ (အဇေဂုစ္ဆီ ဟောတိ ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ဝန္တံ ဝါ နီဟာတုံ။)

(၅) သူနာကို အချိန်အခါအလျောက် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေခြင်းငှာ (တရားကို) ဆောက်တည်စေခြင်းငှာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှာ စွမ်းနိုင်၏။ (ပဋိဗလော ဟောတိ ဂိလာနံ ကာလေန ကာလံ ဓမ္မိယာကထာယ သန္ဒေဿတုံ သမာဒပေတုံ သမုတ္တေဇေတုံ သမ္ပဟံသေတုံ။)

ဤမျှကား ဂိလာနဝတ္ထုကထာမှ သင့်နိုးရာရာတို့ကို ကောက်နုတ်တင်ပြချက် ဖြစ်ပါသည်။

မြတ်စွာဘုရား၏ ဆန္ဒတော်မှာကား ရဟန်းတိုင်းလိုလိုပင် သူနာပြုအင်္ဂါတို့နှင့် ပြည့်စုံစေချင်ခြင်း ဖြစ်ပါသည်။ သူနာပြုစေချင်ခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပါက မျက်မှောက်ခေတ် ဆေးပညာအရ သင်တန်းပေးနေသော သူနာပြုသင်တန်းများနည်းတူ ဝိနည်းတော်နှင့်လည်း ကိုက်ညီ၍ ခေတ်နှင့်လည်း ဆီလျော်သော သူနာပြုသင်တန်းများ ရဟန်းလောကတွင် မရှိသင့်ပါလား။

ပဋိဗလော ဟောတိ ဘေသဇ္ဇံ သံဝိဓာတုံ - ဆိုသော အင်္ဂါရပ်မှာ အသင်အကြား အလေ့အလာမရှိလျှင် မလွယ်ကူသော အင်္ဂါရပ် ဖြစ်ပါသည်။

ထို့ကြောင့် မြို့တိုင်းရွာတိုင်း ကျောင်းတိုက်တိုင်းတွင် သူနာပြုသင်တန်းတက်၍ သူနာပြုပညာကို တတ်သိကျွမ်းကျင်သော ရဟန်းများ မရှိသင့်ပါလား။

ဆင်ခြင်သုံးသပ်ကြပါရန် လေးမြတ်စွာ တင်ပြအပ်ပါသည်။

မင်းကွန်းတိပိဋက နိကာယ သာသနာပြုအဖွဲ့

တတိယသုံးနှစ်ခရီး

အောက်တိုဘာ၊ ၁၉၈၉

Monday, December 24, 2012

ပူတိဂတ္တတိဿထေရ်နှင့် အရှင်သီဝလိထေရ်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပုံမှန် ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

IMG_1511

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တဝဂ်၊ ဂါထာ ၄၁-ပူတိဂတ္တတိဿမထေရ်အကြောင်း သင်ကြား ပို့ချပေး၏။

IMG_1514
IMG_1517

ဓမ္မပဒသင်တန်းအပြီးတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတနှင့် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)တို့မှာ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းသို့ ကြွရောက်ကြရမည်ဖြစ်သောကြောင့် အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို မပြုလုပ်ဖြစ်တော့ပေ။

အားလပ်သွားသောအချိန်တွင် လောကချမ်းသာဆရာတော်က အရှင်သီဝလိမထေရ်အကြောင်း မှတ်သားဖွယ်များကို ပြောကြားပြီး၊ ညနေ ၅ နာရီမှ ၆ နာရီထိ တရားရှုမှတ်ကြ၏။

ပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++

Friday, December 21, 2012

ပူတိဂတ္တတိဿမထေရ်ဝတ္ထု - မဟာစည်ဆရာတော်ဘုရားကြီး

``ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်´´

ညှဉ်းဆဲမှု အကုသိုလ်ကံကြောင့် အနာရောဂါများတတ်ပုံ သာဓကဝတ္ထုကတော့ မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်သားတစ်ယောက် မြတ်စွာဘုရားသာသနာတော်မှာ ဝင်ပြီး ရဟန်းပြုတယ်။

သူ့အမည်က အရှင်တိဿတဲ့။

ရဟန်းပြုပြီးတော့ သီလ သမာဓိ ပညာအကျင့်တွေကို ကောင်းမွန်စွာ ကျင့်နေတယ်။

နောက်ကာလအတန်ငယ်ကြာတော့ သူ့မှာ အနာရောဂါတွေ ပေါ်လာတယ်။

အစမှာတော့ မုန်ညင်းစေ့လောက် အဖုကလေးတွေ ပေါက်လာတယ်။

နောက်တဖြည်းဖြည်းနဲ့ ပဲနောက်လုံးလောက်၊ ကုလားပဲလုံး စားတော်ပဲလုံးလောက်၊ ဆီးစေ့လောက်၊ ဆီးဖြူသီးလောက်၊ ဥသျှစ်သီးကင်းလောက် ဖြစ်လာတယ်။

နောက်ဆုံးကျတော့ ဥသျှစ်သီးမှည့်လောက် အဖုအလုံးကြီးတွေ ဖြစ်လာပြီး ပေါက်ကွဲကြတယ်။

တစ်ကိုယ်လုံးမှာ အပေါက် အပေါက်တွေ ဖြစ်နေတယ်။

အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေလို့ သူ့ကို ပူတိဂတ္တတိဿလို့ ခေါ်ကြတယ်။

သူ့မှာ အရိုးတွေကလည်း ဆွေးမြည့်ပြီး ကျိုးကုန်သတဲ့။

ယခုကာလမှာလည်း တချို့မှာ ဒီလို အရိုးတွေ ဆွေးနေတာကို ကြားရတယ်။ လက်ကို ကိုင်ပြီး မ,လိုက်ရင် အဲဒီအရိုးက ကျိုးသွားသတဲ့။ ခြေကို မ,လိုက်ရင်လည်း ခြေရိုးက ကျိုးသွားသတဲ့။ ဒါကြောင့် လူမမာကို မကိုင်ဝံ့ မ,မဝံ့တာနဲ့ ဆွေမျိုးတွေက ဘယ်လိုမှ မပြုနိုင်ဘဲ မျက်ရည်စက်လက်နဲ့ ကြည့်နေကြရတယ်လို့ ဆိုတယ်။

အဲဒီ ပူတိဂတ္တတိဿမထေရ်မှာလည်း သူ့တပည့်တွေက ကြာတော့ မပြုစုနိုင်ကြတော့ဘူး။

အဝတ်သင်္ကန်းတွေဟာလည်း သွေးပုပ် ပြည်ပုပ်တွေနဲ့ လူးပေနေတယ်။ ဘယ်သူမှ ပြုစုသူ မရှိဘဲ ကိုးကွယ်ရာမဲ့ ဖြစ်နေပါသတဲ့။

ဟုတ်မှာပဲ။ အလွန် ဆိုးရွားတဲ့ အနာရောဂါတွေကို ကြာရှည် ပြုစုရတော့ တာဝန်လေးကြမှာပဲ။ တပည့် မပြောနဲ့ မိဘနဲ့သားသမီးတောင် ကြာရှည်လာတော့ တာဝန်လေးတတ်ပါတယ်။

ဘုရားကိုယ်တော်တိုင် သူနာပြုပုံ

အဲဒီလို ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့အခါမှာ မြတ်စွာဘုရားက အဲဒီ ပူတိဂတ္တတိဿမထေရ် ကိုးကွယ်ရာမဲ့ ဖြစ်နေပုံနဲ့ ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယ ရှိပုံကို မြင်တော်မူတာနဲ့ ကျောင်းစဉ်လှည့်ပြီး ကြည့်ရှုတဲ့အနေအားဖြင့် အဲဒီနေရာကို ကြွသွားတော်မူတယ်။

မီးတင်းကုပ်မှာ ရေနွေးတည်ပြီး ရေပူနွေးအောင် စောင့်နေတော်မူတယ်။

ရေပူနွေးတဲ့အခါ အဲဒီ ပူတိဂတ္တတိဿရဟန်းရဲ့ ခုတင်ညောင်စောင်းကို မပြီး ရွှေ့ဖို့ ကိုင်တော်မူတယ်။

အဲဒီအခါ အနီးအပါးမှာ ရှိတဲ့ ရဟန်းတွေက ``ဖယ်တော်မူပါဘုရား၊ တပည့်တော်တို့ မ,ရွှေ့ပါမယ်´´လို့ လျှောက်ပြီး မီးတင်းကုပ်သို့ ယူလာကြတယ်။

မြတ်စွာဘုရားက ရေစည်ပိုင်းကို ယူစေပြီးတော့ ရေနွေးထည့်ပြီး အဲဒီရဟန်းတွေကို ပူတိဂတ္တတိဿရဲ့ ဧကသီကို ရေနွေးနဲ့ ဆွတ်ခွာပြီး လျှော်စေတယ်။

လျှော်ပြီး နေလှန်းစေသတဲ့။

အဲဒီအတောအတွင်း မြတ်စွာဘုရားက အနီးအပါးမှာ ရပ်တော်မူကာ ပူတိဂတ္တတိဿရဲ့ ကိုယ်ကို ရေနွေးနဲ့ဆွတ်ပြီး ရေချိုးပေးစေတယ်။

နေလှန်းထားတဲ့ ဧကသီ ခြောက်တဲ့အခါ အဲဒီဧကသီကို ဝတ်စေပြီးတော့ သင်းပိုင်ကို ရေနွေးနဲ့ လျှော်ပြီး နေပူမှာ လှန်းထားစေတယ်။

အဲဒီသင်္ကန်းခြောက်တဲ့အခါ အဲဒီသင်းပိုင်ကို ဝတ်စေတယ်။

အဲဒီအခါ ပူတိဂတ္တတိဿမထေရ်ဟာ သက်သာရာရပြီး စိတ်တည်ငြိမ်စွာနဲ့ ခုတင်ပေါ်မှာ လျောင်းနေတယ်။

မြတ်စွာဘုရားက ပူတိဂတ္တတိဿရဲ့ ခေါင်းရင်းက ရပ်တော်မူလျက် တရားဂါထာတစ်ပုဒ်ကို ဒီလို ဟောတော်မူပါတယ်။

အစိရံ ဝတ ယံ ကာယော၊ ပထဝိံ အဓိသေဿတိ။

ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံ ဝ ကလိင်္ဂရံ။

ဘိက္ခု - ချစ်သား တိဿရဟန်း။

အယံကာယော - ဤသင့်ကိုယ်သည်။

အစိရံ - မကြာမြင့်မီ။

အပေတဝိညာဏော - အသိစိတ်ဝိညာဏ် ကင်းသည်ဖြစ်၍။

(မကြာခင်ဘဲ အသိစိတ်ဝိညာဏ် ချုပ်ကင်းပြီး သေတော့မယ်လို့ ဆိုပါတယ်။ အနာရောဂါက အသည်းအသန်ဖြစ်နေတော့ မကြာခင် သေတော့မယ်ဆိုတာ အလွန်ပင် ထင်ရှားနေပါတယ်။ သတိသံဝေဂဖြစ်စရာ အင်မတန် ပေါ်လွင်နေပါတယ်။ အဲဒါကို မြတ်စွာဘုရားက သတိဖော်ပေးပါတယ်။ ဒီလိုအခါမှာ ဘာမှ မျှော်လင့်စရာ မရှိတော့ တရားပဲ အားကိုးစရာ ရှိတော့တယ်ဆိုတာကို သတိရစေပါတယ်။)

ဆုဒ္ဓေါ - သီတင်းသုံးဖော်များက သုသာန်၌ စွန့်ပယ်အပ်သောကြောင့်။

(အသိစိတ်ဝိညာဏ် မရှိတော့ဘူး သေပြီဆိုမှဖြင့် ရုပ်ကိုယ်ကြီးဆိုတာ ဘာမှ အသုံးကျတာ မဟုတ်တော့ဘူး။ မသေခင်က ဘယ်လိုပင် အလေးအမြတ် ပြုအပ်တဲ့ ကိုယ်ဖြစ်ပေမယ့် သေသွားတဲ့အခါကျတော့ ဘယ်သူကမျှ အလေးအမြတ် မပြုနိုင်ကြတော့ဘူး။ ဘယ်သူမှ ဒီအလာင်းကောင်ကြီးနားမှာ မနေချင်ကြတော့ဘူး။ မသေခင်က ခဏလေးတောင် မခွဲရက်ဘူးဆိုတဲ့ သူတွေလည်း အနီးအပါး မကပ်ချင်ကြတော့ဘူး။ ၂-ရက် ၃-ရက်လောက် ကြာရင် ပုပ်ပွပြီးတော့ သာပြီး ရွံစရာ ကြောက်စရာကြီး ဖြစ်လာတယ်။ ဒါကြောင့် ကျောင်းမှာဖြစ်စေ အိမ်မှာဖြစ်စေ ကြာကြာ မထားနိုင်ကြဘူး။ ဝေးရာ သုသာန်သို့ ပို့လိုက်ကြရ စွန့်လိုက်ကြရတော့တာပဲ။ ဒါကြောင့် -)

ဆုဒ္ဓေါ - သီတင်းသုံးဖော်တို့က သုသာန်၌ စွန့်ပယ်အပ်သောကြောင့်။

ပထဝိံ အဓိသေဿတိဝတ - သုသာန်မြေ၌ စင်းစင်းခွေခွေ အိပ်နေရတော့မည်တကား။

(ဘယ်သူမှ ကြည့်ရှုသူမရှိဘဲ သုသာန်မြေပေါ်မှာ ဒီကိုယ်ကောင်ကြီးဟာ စင်းစင်းဖြစ်စေ ခွေခွေဖြစ်စေ အိပ်နေရချေတော့မယ်။ မကြာတော့ဘူးတဲ့။)

ကိမိဝ - ဘာနှင့်တူမလဲဆိုရင်။

နိရတ္ထံ - အကျိုးမပြီး၍ အသုံးမဝင်သော။

ကလိင်္ဂရံဝ - သစ်သားအဖျင်းအညံ့ကဲ့သို့ပင် အိပ်နေရချေတော့မည် တဲ့။

(ကုလားထိုင် ခုတင် အိမ်တိုင်စသည် အသုံးကျတဲ့ သစ်သားချောင်းများကိုတော့ လူတွေက အိမ်မှာ ယူပြီး အသုံးချကြတယ်။ အဲဒီလို အသုံးမကျတဲ့ အကောက်အကွေး အပိုင်းအစ သစ်သားဖျင်း သစ်သားညံ့တွေကိုတော့ တောထဲမှာပဲ စွန့်ပစ်ထားခဲ့ကြတယ်။ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ သူ့ဟာသူ တောထဲမှာပင် တည်နေရသလိုပဲ သင်၏ဒီကိုယ်ကောင်ဟာလည်း သုသာန်မြေပေါ်မှာ ဘယ်သူကမှ ဂရုပြုခြင်း မရှိဘဲ စင်းစင်းခွေခွေ သူ့ဟာသူပဲ တည်နေရချေတော့မယ်လို့ ဆိုလိုပါတယ်။)

ရဟန္တာဓာတ်တော်ဆိုတာ အရိုးတွေပါပဲ

ပူတိဂတ္တတိဿမထေရ်ဟာ မူလကလည်း တရားကို နှလုံးသွင်းအားထုတ်မှု အခြေခံက ရှိနေတဲ့အတွက် အဲဒီဂါထာတရားကို နာနေရင်း ဝိပဿနာဉာဏ် အစဉ်အတိုင်း တက်ပြီး အရဟတ္တဖိုလ်သို့ ရောက်သွားတယ်။ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်ပြီး မကြာခင်ဘဲ ပရိနိဗ္ဗာန်စံသွားတယ်။

မြတ်စွာဘုရားက သူ့အလောင်းကို မီးသင်္ဂြိုဟ်စေပြီး အရိုးဓာတ်တော်တွေကို စေတီတည်စေတယ်။

ရဟန္တာဓာတ်တော်ဆိုတာ အရိုးဓာတ်တော်တွေပါပဲ။

မြန်မာပြည်မှာတော့ ဓာတ်တော်ဆိုရင် ဘုရားဓာတ်တော်လို အလုံး အလုံးကလေးတွေလို့ ဒီလို အများက ထင်မြင်ယူဆ ပြောဆိုနေကြပါတယ်။

အမှန်မှာတော့ အဲဒီလို မဟုတ်ဘူး။ ဘုရားဓာတ်တော်များသာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်ချက်ကြောင့် အလုံး အလုံးကလေးတွေ ဖြစ်ကြတာပါ။

ရဟန္တာများ၏ ဓာတ်တော်များက ပကတိအရိုးအတိုင်းပါပဲ။

ဘာကြောင့် ဒီလို သိရသလဲဆိုရင် ဘုန်းကြီးတို့ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ကို သီးသန့်လေယာဉ်ဖြင့် သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ပင့်ဆောင်စဉ်အခါတုန်းက ဓာတ်တော်တိုက်ထဲမှာ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်တွေကို ထင်ရှား တွေ့ခဲ့ရပါတယ်။ ပကတိအရိုးအတိုင်းပါပဲ။ အရောင်အဆင်းက ဖြူဖွေးနေတယ်။ ပုံသဏ္ဌာန်ကတော့ လက်ဆစ်ရိုးကလေးတွေဟာ လက်ဆစ်ကလေးများအတိုင်းပါပဲ။ အစွန်း ၂-ဘက် အဆစ်နေရာများက ကြီးပြီး ခါးလယ်က သေးနေတယ်။

အဲဒီ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များတောင် ပကတိအရိုးအတိုင်းရှိနေတယ်ဆိုတော့ ဒိပြင် ရဟန္တာများ၏ ဓာတ်တော်များဟာလည်း ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။

ဒါကြောင့် ယခုမြန်မာပြည်မှာ ရိုသေလေးစားအပ်တဲ့ ဆရာတော်တစ်ပါးပါး ပျံတော်မူလို့ မီးသင်္ဂြိုဟ်တဲ့အခါမှာ ကျောက်ခဲကလေးများလို ဓာတ်တော်များ ကျတယ်ဆိုတာကို ချင့်ပြီး ယုံကြဖို့ပါပဲ။

ပူတိဂတ္တတိဿမထေရ်၏ ရှေးအကြောင်း

အဲဒီလို စေတီတည်စေပြီးနောက် ရဟန်းတော်များက ပူတိဂတ္တတိဿမထေရ်ဟာ ဘယ်မှာ ဖြစ်ပါသလဲလို့ မေးလျှောက်ကြတယ်။ ပရိနိဗ္ဗာန်စံသွားတဲ့အကြောင်း မြတ်စွာဘုရားက မိန့်တော်မူတဲ့အခါ `ရဟန္တာဖြစ်ဖို့အကြောင်း ဥပနိဿယ ရှိပါလျက် သူ့ကိုယ်ဟာ ဘာကြောင့် အနာတွေပေါက်ပြီး ပုပ်ရပါသလဲ၊ သူ့အရိုးတွေဟာ ဘာကြောင့်ကျိုးရပါသလဲ၊ ဘာကြောင့် ရဟန္တာဖြစ်ရပါသလဲ´လို့ မေးလျှောက်ကြပြန်တယ်။

အဲဒီအခါ မြတ်စွာဘုရားက ဒီလို ဖြေကြားတော်မူပါတယ်။

ပူတိဂတ္တတိဿမထေရ်ရဲ့ အလောင်းဟာ ကဿပမြတ်စွာဘုရားလက်ထက်တော်ကာလက ငှက်မုဆိုး ဖြစ်ခဲ့တယ်။

ငှက်တွေကို သတ်ပြီး ရောင်းစားခဲ့တယ်။

တစ်နေ့တည်း ရောင်းလို့ မကုန်နိုင်မည့် ငှက်တွေကို မသတ်သေးဘဲ အတောင်ချိုးထားတယ်၊ ခြေကို ချိုးထားတယ်။ ဟိုတုန်းက အအေးခန်းတို့ ရေခဲစိမ်တာတို့ဆိုတာ ရှိပုံမပေါ်ဘူး။

ဒါကြောင့် ပုပ်ပျက်မကုန်အောင် အရှင်အတိုင်း ချိုးဖဲ့ပြီး သိမ်းဆည်းထားတယ်။

ယခုကာလမှာလည်း ငှက်တွေကို မသတ်သေးဘဲ ဒီလို နှိပ်စက်ပြီး လှောင်ထားတာတွေ၊ ငါးတွေကို လှောင်ထားတာတွေ ရှိတယ်လို့ ကြားရတယ်။

အဲဒါမျိုး ဖြစ်ပါလိမ့်မယ်။

အဲဒီလို ငှက်တွေကို လိမ်ချိုးပြီး နှိပ်စက်ခဲ့ သတ်ခဲ့တဲ့အတွက် ငရဲမှာ ကြာမြင့်စွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးတော့ အဲဒီကံကြွင်းကြောင့် လူဖြစ်တဲ့အခါမှာလည်း အနာရောဂါများခဲ့ရတယ်။

ယခုဘမှာလည်း အဲဒီနှိပ်စက်မှု အကုသိုလ်ကံကြောင့် အနာတွေပေါက်ပြီး တစ်ကိုယ်လုံး ပုပ်ရတယ်။

အရိုးတွေလည်း ကျိုးရတယ်။

နောက်ဆုံး အဲဒီ ငှက်မုဆိုးဖြစ်စဉ်က တစ်နေ့သောအခါ သူ့အိမ်ကို ကြွရောက်လာတဲ့ ရဟန္တာမထေရ်အား သူစားဖို့ ချက်ထားတဲ့ ငှက်သားဟင်းနှင့် ဆွမ်းကို လှူပြီးတော့ အရှင်မြတ်တို့ သိမြင်တဲ့ တရား၏ အပြီးအဆုံးသို့ ရောက်ရပါစေလို့ ဆုတောင်းခဲ့တယ်။ အဲဒီ ဆွမ်းအလှူဒါနကြောင့် ရဟန္တာဖြစ်ရတယ်ဆိုတဲ့အကြောင်း ဖြေကြားတော်မူပါတယ်။

+++++

(မဟာစည်ဆရာတော်ဘုရားကြီး၏ `သလ္လေခသုတ်တရားတော်ကြီး ပထမတွဲ မှ)

Wednesday, December 19, 2012

မဟာစည်သာသနာ့ရိပ်သာ ဆွမ်းအလှူရှင်များ (၁၉-ဒီဇင်ဘာ-၂၀၁၂)

ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် နှစ်စဉ် ပြုလုပ်မြဲ ဆရာတော်ကြီးပူဇော်ပွဲကို ပြုလုပ်ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉-ရက်နေ့၌ ကြွရောက်လာကြသော ဆရာတော်ကြီးများ၊ ရဟန်း ရှင် လူယောဂီတို့အား -

နယူးယောက်မြို့ လောကချမ်းသာဆရာတော်က အရုဏ်ဆွမ်း၊

မဇ္ဈိမဂုဏ်ရည်ဆရာတော်နှင့် မယ်တော်ကြီး ဒေါ်အေးရီမိသားစုတို့က နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

သာဓု ... သာဓု ... သာဓု။

photo_01 photo_02 photo_03 photo_04 photo_05 photo_06 photo_07

Tuesday, December 18, 2012

ပူတိဂတ္တတိဿမထေရ် - အောင်စကြာဆရာတော်

ပူတိဂတ္တတိဿမထေရ်ဝတ္ထု - အောင်စကြာဆရာတော် အရှင်စန္ဒသိရီ

video



+++++

ပူတိဂတ္တတိဿမထေရ်ဝတ္ထု - အောင်စကြာဆရာတော် အရှင်စန္ဒသိရီ (MP3)


+++++
(ဗွီဒိယိုဖိုင်ကို www.dhammadownload.com မှ ကူးယူပြီး၊ MP3 ဖိုင်ကို ဗွီဒီယိုဖိုင်မှ ထုတ်ယူ၏။)



`အနုငါးရာ၊ ရင့်မာတစ်ကျိပ်´ - လုံးတော်ဆရာတော်

စိတ်တည်းဟူသော တံတိုင်း - ဦးသုခ

Monday, December 17, 2012

ရဟန်းငါးရာ၊ ကုသိုလ် အယုတ် အလတ် အမြတ် ခွဲခြင်း နှင့် `ထိုက်တန်ပါစေ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသဆရာတော်က ဝိပဿနာဆိုင်ရာ တရားဓမ္မဟောကြား၏။

+++++

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တဝဂ်၊ ဂါထာ ၄၀ လာ မေတ္တသုတ် ရွတ်ပွားတော်မူကြသော ရဟန်းငါးရာအကြောင်း ဟောပြော သင်ပြ၏။

IMG_1498
IMG_1500

+++++

ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မသင်တန်းတွင်လည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဝိထိမုတ္တသင်္ဂဟပိုင်း၊ ကုသိုလ် အယုတ် အလတ် အမြတ် ခွဲခြားပုံအကြောင်းများကို သင်ကြား ပို့ချပေး၏။

IMG_1503
IMG_1504

+++++

လောကချမ်းသာဆည်းဆာတရားပွဲကို ညနေ ၆ နာရီမှ ၇ နာရီအထိ ကျင်းပရာ ဆရာတော် အရှင်ဝိမလက `ထိုက်တန်ပါစေ´ဟူသော တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1506

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အဝဝတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Wednesday, December 12, 2012

စိတ္တဟတ္ထထေရ်၊ ကုသိုလ်ကမ္မပထတရား ၁၀-ပါးနှင့် `လမ်းမှန်ရောက်ပြီ အိုယောဂီ´

စိတ္တဟတ္ထကမထေရ်သည် ကဿပဘုရားသာသနာ၌ ရဟန်းဖြစ်၍ မိတ်ဆွေရဟန်းတစ်ပါးနှင့်အတူ နေကြရာ မိတ်ဆွေရဟန်း လူထွက်လိုသောစိတ် ရှိသည်ကို သိ၍ ရှေးဦးစွာ မထွက်ရအောင် ပြောဆိုလေ၏။

နောက်အခါ၌ ထိုရဟန်း လူထွက်လျှင် ထိုရဟန်း၏ သင်္ကန်း သပိတ် ပရိက္ခရာများကို ငါရလတ္တံ့ဟု ပရိက္ခရာ၌ တပ်မက်သောစိတ် ဖြစ်လာ၍ လူထွက်ဖြစ်လေအောင် စကားမျိုးကို ပြောဆိုလေ၏။

ထိုရဟန်းလည်း လူထွက်လေ၏။

အဖော်ရဟန်းသည် ငါတို့ဘုရားလက်ထက်၌ စိတ္တဟတ္ထကမထေရ် ဖြစ်လာ၏။

ရဟန္တာမဖြစ်မီအတွင်း ထိုဝိပါကဝဋ်လိုက်၍ သာသနာ၌ မွေ့လျော်စွာ နေခွင့် မရမူ၍ ခုနစ်ကြိမ်တိုင်တိုင် ရဟန်းဖြစ်တုံ လူဖြစ်တုံ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေ၏။

ဤသို့ သာသနာမှ ကောင်းသောရွေ့ခြင်းဖြင့် ရွေ့လိုသော သူကို အလိုပြီးအောင် ချီးမွမ်းထောက်ပံ့ ပြောဆိုမိကာမျှနှင့်ပင် ငါတို့ဘုရားလက်ထက်၌ ဝဋ်ဝိပါက်လိုက်ပါ၍ သာသနာ၌ ထောက်တည်ရာ မရဘဲ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေသေး၏။

ဤဝတ္ထုကို ထောက်မြော်၍ မိမိတို့၏ သားရင်းမြေးရင်းကိုပင်ဖြစ်သော်လည်း သာသနာ၌ မွေ့လျော်စွာ နေထိုင်သော ရဟန်းသာမဏေများကို လူစိတ်ပါအောင် ဖြားယောင်း သွေးဆောင်ခြင်း အမှုများကို မပြုမိအောင် သတိမူသင့်လှ၏။

(လယ်တီဆရာတော်ဘုရားကြီး၏ `ဓမ္မဒီပနီ´ မှ)

+++++

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာ တရားဓမ္မ ဟောကြား၏။

IMG_1485

+++++

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တဝဂ်လာ ဂါထာအမှတ် ၃၈-၃၉ စိတ္တဟတ္ထမထေရ်အကြောင်း သင်ကြား ဟောပြော၏။

IMG_1487
IMG_1490

+++++

မွန်းလွဲ ၄း၃၀ နာရီမှ ၅း၃၀ နာရီ အဘိဓမ္မာသင်တန်း၊ ဝီထိမုတ်သင်္ဂဟ၊ ကုသိုလ်ကမ္မပထတရားများအကြောင်းကိုလည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ပို့ချပေးလေသည်။

IMG_1492
IMG_1494

+++++

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲ၌ အရှင်ဉာဏိဿရ (မော်လူး)က `လမ်းမှန်ရောက်ပြီ အိုယောဂီ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1495

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြကုန်၏။

သာဓု ... သာဓု ... သာဓု။

Friday, December 7, 2012

သံဃရက္ခိတဘာဂိနေယျတ္ထေရ၀တ္ထု၊ ဒုစရိုက် ၁၀-ပါး၊ နှင့် `စိတ်အေးစရာ သာသနာ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်မြဲဖြစ်သော ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပ၏။

မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ချိန်အတွင်း လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ - ဓမ္မပဒသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာ ၃၇-သံဃရက္ခိတဘာဂိနေယျထေရ်ဝတ္ထုကို ဟောပြော သင်ပြ၏။

ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ၊ အဘိဓမ္မာသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်သင်္ဂဟပိုင်း၊ ဒုစရိုက် ၁၀-ပါး အကြောင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် တက္ကဆပ်ပြည်နယ်၊ အမာရီလိုမြို့၊ ဇေယျသုခဓမ္မရိပ်သာမှ အရှင်နန္ဒ၀ံသက `စိတ်အေးစရာ သာသနာ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

စိတ်အေးစရာ သာသနာ

+++

သာသနာနဲ့လည်း ကြုံခဲ့ပြန်တယ်။

+++

သာသနာ့ဈေးရုံ၊ ခွင့်ကောင်းကြုံ၊ လူ့ဘုံလာဆုံခိုက်။

နိဗ္ဗာန်ကုန်မျိုး၊ အရကြိုး၊ အားကိုး ၀ယ်ယူလိုက်။

ဒါန သီလာ၊ ဘာဝနာ၊ သုံးဖြာ အဖိုးထိုက်။

+++

ဓမ္မတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ

ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

+++

ဒါနတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ

ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

+++

သီလတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ

ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

+++

ဘာဝနာတရား၊ ကြိုးစားနေသူ၊ ကုသိုလ်ကိစ္စ နေ့ညမဟူ

ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ၊ အပူငြိမ်း အေးကိန်းဆိုက်မည့်သူ။

+++

သတိပဋ္ဌာန်တရား ကျင့်ပွားခြင်းသည်

မဂ္ဂင်တရား ကျင့်ပွားသည် မည်။

+++

ခန္ဓာအကြောင်း ကောင်းကောင်း သိမည်

ခန္ဓာသိ ဒုက္ခသိသည် မည်။

+++

ဘ၀ဟူက ဒုက္ခမှန်သည်

ဘယ်ဘ၀မှလည်း အမြဲမတည်

လူ့ပြည်မှာလည်း ဖြစ်ခဲ့ရပြီ

နတ်ပြည်မှာလည်း စံခဲ့ရသည်

၃၁-ဘုံ နယ်ကိုလှည့်၍ တကယ့်ကိုပဲ ဆင်းရဲလှပါသည်။

+++

ခန္ဓာဟူက ဒုက္ခမှန်သည်

နာကျင်ကိုက်ခဲ စုံလည်းစုံသည်

အိုနာသေလည်း မလွဲကြုံမည်

ခန္ဓာရ ဒုက္ခရသည် မည်။

+++

ကောင်းသောအလုပ် ဥပုသ်စောင့်ပါ

ဒါန သီလ ညီမျှမကွာ။

အမျက်မရှု ပွားမှုမေတ္တာ

မြတ်ဥပုသ် အဟုတ်စောင့်သင့်တာ။

+++

နက်ဖြန်သေမှု ရှင်မှုနှစ်ဖြာ

ဘယ်သူမသိ သတိရှိပါ။

ယနေ့တရား ကြိုးအားထုတ်ပါ

သေမည့်ရက် ချိန်းချက် မရှိပါ။

+++

သတိမပွား အလကားသက်ရှင်

ဒီရုပ်ဒီသက် စက်ဆုတ်ဖွယ်ပင်

အသက်ရှင်လည်း သေဆဲပုံသွင်

အပြစ်ပြ ဆုံးမ ကဲ့ရဲ့ချင်။

+++

ကမ္ဘာမီးထက် ပူချက်ပြင်းထန်

ဘယ်မီးတွေလဲ ဉာဏ်နဲ့ဝေဖန်

ကိလေသာမီး ထိန်ညီးဝေလျှံ

ဘ၀တိုင်း မဆိုင်း လောင်နေပြန်။

+++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏

သာဓု ... သာဓု ... သာဓု။

Friday, November 30, 2012

မာရ်နတ်ကို နိုင်နည်း - ဦးသုခ

ပွတ်ဆရာနှင့် တပည့်

ဘိက္ခဝေ - ရဟန်းတို့

သေယျထာပိ - ဥပမာအားဖြင့်

ဒက္ခော - ကျွမ်းကျင်လိမ္မာသော

ဘမကာရော ဝါ - ပွတ်ဆရာဖြစ်စေ

ဘမကာရန္တေဝါသီ ဝါ - ပွတ်ဆရာ၏ တပည့်ဖြစ်စေ

ဒီဃံ ဝါ အဉ္ဆန္တော - ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်လျှင်လည်း

ဒီဃံ အဉ္ဆာမီတိ - ရှည်ရှည် ဆွဲငင်သည်ဟု

ပဇာနာတိ သေယျထာပိ - သိသကဲ့သို့လည်းကောင်း

ရဿံ ဝါ အဉ္ဆန္တော - ပွတ်ကြိုးကို တိုတို ဆွဲငင်လျှင်လည်းကောင်း

ရဿံ အဉ္ဆာမီတိ - တိုတို ဆွဲငင်သည်ဟု

ပဇာနာတိ သေယျထာပိ - သိသကဲ့သို့လည်းကောင်း

ဘိက္ခဝေ - ရဟန်းတို့

ဧဝမေဝ ခေါ - ဤပွတ်ဆွဲသမားနှင့် အလားတူစွာပင်လျှင်

ဘိက္ခု - ဝင်သက်ထွက်သက် နှစ်ခု၌ အမှတ်ပြုနေသော ရဟန်းသည်

ဒီဃံ ဝါ အဿသန္တော - ရှည်ရှည် ရှူလျှင်လည်း

ဒီဃံ အဿသာမီတိ - ရှည်ရှည် ရှူသည်ဟု

ပဇာနာတိ - သိ၏

ဒီဃံ ဝါ ပဿသန္တော - ရှည်ရှည် ရှိုက်လျှင်လည်း

ဒီဃံ ပဿသာမီတိ - ရှည်ရှည် ရှိုက်သည်ဟု

ပဇာနာတိ - သိ၏

ရဿံ ဝါ အဿသန္တော - တိုတို ရှူလျှင်လည်း

ရဿံ အဿသာမီတိ - တိုတို ရှူသည်ဟု

ပဇာနာတိ - သိ၏

ရဿံ ဝါ ပဿသန္တော - တိုတို ရှိုက်လျှင်လည်း

ရဿံ ပဿသာမီတိ - တိုတို ရှိုက်သည်ဟု

ပဇာနာတိ - သိ၏

(မဟာသတိပဋ္ဌာနသုတ်)

Sunday, November 25, 2012

မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆုံစည်း သိကျွမ်းခဲ့သမျှ - အရှင်သီလာနန္ဒာဘိဝံသ

ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိ၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့် အထိမ်းအမှတ်မော်ကွန်း စာအုပ်(၂၀၀၄)အတွက် စာတည်းအဖွဲ့က ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ(၁၉၂၇-၂၀၀၅)အား မေးမြန်းလျှောက်ထား၍ စာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။

(မေး) တပည့်တော်တို့ကို အခုလို အချိန်ပေးချီးမြှင့်တာ အင်မတန်မှ ဝမ်းမြောက်ပါတယ်ဘုရား။ တပည့်တော်တို့က ဆရာတော်ကြီးရဲ့ ရာပြည့်အထိမ်းအမှတ်အတွက် စာပေပြုစုရတဲ့ စာပေအဖွဲ့ကပါဘုရား။ အရှင်ဘုရားအနေဖြင့် ဆရာတော်ကြီးနှင့် ငယ်စဉ်ကတည်းက တွေ့ဆုံခဲ့ရပြီး၊ ဆရာတော်ကြီးနဲ့လည်း အလွန် အင်မတန်မှ ခင်မင် ရင်းနှီးတယ်ဆိုတာ တပည့်တော်များ သိရှိပါတယ်ဘုရား။ အဲဒါကြောင့် ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တပည့်တော်များ မှတ်သားနားလည်နိုင်ရန် ချီးမြှင့်ပေးပါဘုရား။

(ဖြေ) ဆရာတော်ဘုရားကြီးနဲ့ စတွေ့တာ ၁၉၅၂-ခုနှစ်လောက်က စတွေ့တယ်။ အဲဒီတုန်းက ဆဋ္ဌသင်္ဂါယနာ အစီအစဉ်လုပ်တုန်းပေါ့။ ဆဋ္ဌသင်္ဂါယနာကတော့ ၁၉၅၄-ခုနှစ်မှာ တင်တယ်။ ဆဋ္ဌသင်္ဂါယနာတင်ဖို့ ပိဋကတ်ကျမ်းစာတွေ ပြင်တာကျတော့ ၁၉၅၁-၅၂ ခုနှစ်လောက်ကစပြီး ပြင်တယ်။ အဲဒီ ကျမ်းစာပြင်တော့ ဘုန်းကြီးတို့က အလွန်ငယ်ပါသေးတယ်။ အသက်(၂၀)ကျော်ပဲ ရှိသေးတယ်ဆိုတော့ အကူအညီအနေနဲ့ လာရတယ်။ စာပြင်ဆရာမဟုတ်သေးဘူး။ အဲဒီလို အကူအညီဘဝနဲ့ လာပြီးတော့ ... အဲဒီတုန်းက သာသနာ့ရိပ်သာမှာလည်း နေရာက မရှိသေးဘူး။ ဆောက်လုပ်ဆဲ ရှိသေးတယ်။ ကမ္ဘာအေးက ဆောက်တုန်းရှိသေးတယ်။ ဒီသာသနာ့ရိပ်သာမှာပဲ တည်းရတယ်။ ဘုန်းကြီးတို့ကတော့ ပိဋကတ်တိုက်အပေါ်ထပ်မှာ နေပြီးတော့ စာပြင်တယ်ပေါ့လေ။

စာပြင်တာက (၃)ပိုင်း ရှိတယ်။ ``မူလဝိသောဓကပဋိဝိသောဓက သြသာနသောဓေယျပတ္တပါဌက´´ရယ်လို့ (၃)ပိုင်း ရှိတယ်။

``မူလဝိသောဓက´´ဆိုတာက နယ်က ဆရာတော်တွေက ပြင်လိုက်တာ။ အဲဒီ ပြင်တာကိုမှ ရန်ကုန်ကို ပို့တယ်။ ရန်ကုန်ရောက်တော့ ရန်ကုန်မှာ တခါ စာပြင်ဆရာအများ စုပြီးတော့ ထပ်ပြင်တယ်။ ပိုပြီးတော့ သေချာအောင်ပေါ့။ အဲဒါက ``ပဋိဝိသောဓက´´လို့ ခေါ်တယ်။ အဲဒီ ပဋိဝိသောဓကပြီးတဲ့အခါကျမှ နောက်ဆုံး ပရုဖတ် ``သြသာနသာဓေယျပတ္တပါဌက´´။ အဲဒီအဖွဲ့ကတော့ (၅)ပါးတည်း ဖွဲ့တယ်။ အဲဒီ (၅)ပါးထဲမှာ မဟာစည်ဆရာတော်ဘုရားကြီး တစ်ပါးအပါအဝင်ပေါ့။ တခြား ဝိဇ္ဇာလင်္ကာရဆရာတော်၊ ဗားကရာတိုက်က ဆရာတော်၊ ရန်ကုန်-ဘုရားကြီးတိုက် ဆရာတော်။ ဒါပေမယ်လို့ များသောအားဖြင့် ညောင်ဦးဆရာတော်က ဆောင်ရွက်တယ်။ ဘုရားကြီးတိုက်ဆရာတော်က ဒီလောက် မဆောင်ရွက်ဘူး။ ပြီးတော့ သီဟိုဠ်ဆရာတော်။ အဲဒီ ဆရာတော်တွေနဲ့ အတူတူ တစ်ခါ ပြုလုပ်ရပါတယ်။

အဲဒီလို ပြုလုပ်တဲ့အခါကျတော့ ဘုန်းကြီးတို့ကတော့ အကူအညီပေါ့။ အကူအညီဆိုတော့ စာရှာစရာရှိရင် ဘုန်းကြီးတို့ကပဲ ရှာ၊ အကုန်လုံး လုပ်ပေးရတယ်။ ဆရာတော်ကြီးတွေက အဲဒါတွေ ကြည့်ပြီးတော့မှ ဆုံးဖြတ်ကြတယ်။ ကောင်းတယ်ထင်တာကို အတည်ပြုတယ်။ ``သြသာနသောဓေယျပတ္တပါဌက´´က အတည်ပြုပြီးရင်တော့ နောက်ထပ် မရှိတော့ဘူး။ ဒီ ... ကျမ်းစာအနေအထားရော အားလုံးဟာ ``သြသာနသောဓေယျပတ္တပါဌက´´ တာဝန်။ ခေါင်းစဉ်တပ်တာက အစ။

အဲဒီမှာ ခေါင်းစဉ်တပ်တာနဲ့ပတ်သက်ပြီး ပြောချင်တယ်။ အခုစာတွေမှာ ခေါင်းစဉ်တပ်တဲ့အခါကျတော့ ဝိဘတ်မပါဘဲနဲ့ ခေါင်းစဉ်တပ်တယ်။ လူတွေကတော့ သိပ်နားလည်မှာ မဟုတ်ဘူး။

ဆိုပါတော့ ... ဓမ္မစက္ကပဝတ္တနသုတ္တ ... ဒါ ဝိဘတ် မပါတာ။

တကယ်ဆိုတော့ ``ဓမ္မစက္ကပဝတ္တနသုတ္တံ´´ဖြစ်စေ၊ ``ဓမ္မစက္ကပဝတ္တနသုတ္တန္တော´´ဖြစ်စေ နေရမှာ။

အဲဒီ ခေါင်းစဉ်တွေတပ်တာ ဘာ့ကြောင့်လဲဆိုတော့ ဒီဆဋ္ဌသင်္ဂါယနာပြီးသွားရင် နောက်ထပ် မရှိတော့ဘူး။ အဲဒီတော့ နောက်လူတွေက ဒီခေါင်းစဉ်တွေဟာ စာပြင်ဆရာတော်တွေက ထည့်ထားတာလို့ သိအောင်ဆိုပြီး လုပ်ထားတာ။ အကယ်၍ ဝိဘတ်တပ်လိုက်ရင် သင်္ဂါယနတင်ခေတ်တုန်းကတည်းက လုပ်ထားတယ်လို့ ထင်မှာ စိုးလို့။ အမှန်ကတော့ ခေါင်းစဉ်တွေက ရှေးတုန်းက စာအုပ်တွေမှာ မပါဘူး။ အခုမှ ထည့်တာ။ အဲဒါကြောင့်မို့လို့ ဝိဘတ်မပါဘဲနဲ့ ခေါင်းစဉ်တပ်တာ။ ဒါကို သိတဲ့သူ အင်မတန် နည်းတယ်။

အဲဒီတော့ အဲဒီမှာ အလုပ်လုပ်ရင်းနဲ့ ဆရာတော်နဲ့ စပြီး ရင်းနှီးတာပေါ့လေ။

အဲဒီတော့ ဆရာတော်က ပိဋကတ်မှာ နှစ်မျိုးရှိတယ်။

သင်ရိုးပိဋကတ်သုံးပုံနှင့် ကျမ်းအိပ်ဆိုပြီး ရှိပါတယ်။

သင်ရိုးပိဋကတ်ဆိုတာက စာအုပ်နှစ်ဆယ်ကို ခေါ်တယ်။ သုတ်သုံးကျမ်း၊ ဝိနည်းငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ဒီစာအုပ်နှစ်ဆယ်ကို သင်ရိုးလို့ ခေါ်တယ်။ ဒါဟာ ဘုန်းကြီးတိုင်း သင်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

တခြား မဇ္ဈိမနိကာယ်တို့ကျတော့ ကျမ်းအိပ်လို့ ခေါ်တယ်။ ဒါကို ပုဂ္ဂိုလ်တိုင်း မသင်ဘူး။ မဟာစည်ဆရာတော်ကတော့ အဲဒီကျမ်းအိပ်တွေမှာပါ နှံ့စပ်တယ်။ စာတစ်ခုပြင်စရာရှိရင် ဒါဘယ်ကျမ်းမှာလည်း ရှိသေးတယ် ... စသည်ဖြင့် ညွှန်ကြားတယ်။ အဲဒီညွှန်ကြားတာကို ရှာယူပြီး တင်ပြရတယ်။

ပြီးတော့ မဟာစည်ဆရာတော်အနေနဲ့ ဝိနည်းသိက္ခာပုဒ် လေးစားတာတွေ ရှိသေးတယ်။ ဒါတွေ အထူးပြောစရာ မလိုပါဘူး။ အားလုံး သိပြီးသားပဲ။ နောက်တစ်ခုက ဘာလဲဆိုတော့ အမေရိကန်သွားတုန်းက အဖြစ်အပျက်ကလေးတွေပေါ့။ ဒီကနေ သွားတယ်ဆိုပါတော့။ ဘန်ကောက်ရောက်တယ်။ ဘန်ကောက်မှာ ညအိပ်ရတယ်။ အဲဒီတုန်းက ဝပ်မဟာထပ်ဆရာတော်ကြီးဆိုတာ ရှိတယ်။ မဟာစည်ဆရာတော်ထက် ကြီးတယ်။ အဲဒီဆရာတော်ကြီးက ဆင်းပြီးတော့ ကြိုတယ်။ ကြိုပြီးတော့ သူတို့က လက်ကို နံ့သာရေနှင့် ဆေးတယ်။ အဲဒါသူတို့ထုံးစံတဲ့။ အဲဒီအခါကျတော့ မဟာစည်ဆရာတော်က အင်တင်တင် လုပ်နေတယ်။ လက်ကို ထုတ်မပေးချင်ဘူး။ အဲဒီလို အင်တင်တင် လုပ်နေတော့ အဲဒီဆရာတော်ကြီးက ပြောတယ်။ ဒါဟာ ဒီနိုင်ငံမှာ ထုံးစံပါ။ လုပ်သာ လုပ်ပါဆိုတော့ ဆရာတော်ကြီးစကားကို လေးစားသောအားဖြင့် လုပ်လိုက်ပါတယ်။

ဒါနဲ့ သွားကြတဲ့အခါ လေယာဉ်ပျံက ဘန်ကောက်က ထွက်တာ (၃)နာရီလောက် နောက်ကျတယ်။ အဲဒီလို နောက်ကျတော့ ဂျပန်ထိအောင် မသွားနိုင်ဘူး။ အဲဒီတုန်းက ဂျပန်လေဆိပ်ဆင်းရတာ အချိန်အပိုင်းအခြား ရှိတယ်။ အဲဒီလို မရောက်နိုင်တော့ ထိုင်ဝမ်မှာ အိပ်ရတယ်။ ထိုင်ဝမ်မှာ ဆင်းတဲ့အခါကျတော့ ဟိုတယ်ကို ပို့တာပေါ့လေ။ ပို့တော့ လာပင့်တဲ့လူက မြန်မြန်လျှောက်ပါလို့ ပြောတယ်။ အဲဒီလို ပြောတာကို ဆရာတော်ကြီးက နားမလည်သလိုနဲ့ နဂိုမူလအတိုင်းပဲ လျှောက်တယ်။ ဣနြေ္ဒအပျက်ခံပြီး မြန်မြန် မလျှောက်ဘူး။ အဲဒါတစ်ခု တွေ့ရတယ်။

နောက်တစ်ခုကတော့ ထိုင်ဝမ်ရောက်တဲ့အခါကျတော့ ဟိုတယ်မှာ တည်းတယ်။ ဆရာတော်က ကုလားထိုင်မှာပဲ ကျိန်းစက်တယ်။ အိပ်ရာမှာ မကျိန်းဘူး။ ဟိုတယ်ဆိုတော့ အားလုံး ဆက်ဆံနေတာကိုး။ အဲဒါတစ်ခု တွေ့ရတယ်။

ဆန်ဖရန်စစ္စကို ရောက်သွားတဲ့အခါကျတော့ တရားပွဲလုပ်တယ်။ တရားပွဲလုပ်တဲ့အခါမှာ `ဆရာတော်ဘုရား ... ဒီစိပ်ပုတီးလေးကို သိဒ္ဓိတင်ပေးတော်မူပါဘုရား´လို့ ဗမာ ဒကာမတစ်ယောက်က လျှောက်တယ်။

လျှောက်တဲ့အခါကျတော့ ဆရာတော်ကြီးက `ဘုန်းကြီးတို့ မလုပ်တတ်ဘူး´ ဒါဟာ ဂိုဏ်းဘုန်းကြီးတွေ လုပ်တာ။ ဘုန်းကြီးတို့မှာ ဘာတန်ခိုးမှလည်း မရှိဘူးပေါ့လေ။ မလုပ်ဘူးဆိုပြီး ဒီအတိုင်းပဲ နေလိုက်တယ်။ ဒါတစ်ချက်။

နောက်တစ်ခုကတော့ ဘုန်းကြီးတို့ ဆရာတော်နဲ့ အတူတူ လိုက်နေတဲ့အခါကျတော့ ဆွမ်းစားတဲ့အခါကျတော့ စကားပြောကြတယ်။ အဲဒီလို ပြောကြတော့ ပထမတော့ ဆရာတော်ကြီးက သည်းခံနေသေးတယ်။ တော်တော်လေး ရက်ရတဲ့အခါကျတော့ ဆရာတော်က ပြောတယ်။ `အမှတ်နဲ့ စားကြတဲ့´။ ဒါဟာ ဆရာတော် ... တို့ကို မာန်တာပဲလို့ ဒီလို ယူဆတာပေါ့လေ။ အဲဒါနဲ့ အရှိန်သတ်ပြီးတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ စားတယ်။ အဲဒီလို ဆုံးမတဲ့အခါမှာလည်း ဆရာတော်က ကြမ်းတမ်းတဲ့ စကားလုံးကို မသုံးဘဲနဲ့ ခံသာအောင် ပြောပြီးတော့ ဆုံးမတယ်။ အဲဒါ တွေ့ရတယ်။

အခု ဆဋ္ဌသင်္ဂါယနာနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့လေ။ ဆဋ္ဌသင်္ဂါယနာလုပ်တဲ့အခါကျတော့ ... သင်္ဂါယနာဆိုတာ ဝိုင်းပြီး ရွတ်တာကို သင်္ဂါယနာခေါ်တယ်။ အဲဒီ သင်္ဂါယနာမှာက မေးတဲ့ပုဂ္ဂိုလ် ရှိတယ်။ ဖြေတဲ့ပုဂ္ဂိုလ် ရှိရတယ်။ မေးတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်သုတ် ဘယ်မှာဟောသလဲ စသည်ဖြင့် မေး၊ ဖြေတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်သုတ် ဘယ်မှာဟောတယ် စသည်ဖြင့် ဖြေရတယ်။ အဲဒီလို အမေးနဲ့ အဖြေ။

ပထမသင်္ဂါယနာတုန်းကတော့ အမေးကို ရှင်မဟာကဿပ ဆောင်ရွက်တယ်။ အဖြေကို အရှင်ဥပါလိနဲ့ အရှင်အာနန္ဒာ ဆောင်ရွက်တယ်။

ဒီဆဋ္ဌသင်္ဂါယနာကျတော့ ညောင်ရမ်းဆရာတော်ကြီးကလည်း ရှိတယ်။ ညောင်ရမ်းဆရာတော်ကြီးကိုတော့ ဒီအတိုင်းပဲ သံဃာ့နာယကအနေနဲ့ ထားပြီးတော့ မဟာစည်ဆရာတော်က ပုစ္ဆက အမေးဆရာတော် လုပ်ရတယ်။ ဆရာတော်ဦးဝိစိတ္တက အဖြေဆရာတော် လုပ်ရတယ်။

ဒီလို လုပ်တဲ့အခါကျတော့ ဆရာတော်တို့ကတော့ စောစောကတည်းက ကြိုတင် ညှိထားတာ။ ပထမနေ့က မဟာစည်ဆရာတော်နဲ့ ဦးဝိစိတ္တ ဒီနှစ်ပါးလုပ်ကြတယ်။ အဲဒီလို အမေးအဖြေလုပ်တာ အချိုးကျသွားတယ်။ ပြီးသွားတဲ့နောက်ကျတော့ အဲဒီနေ့မှာပဲ တချို့ဆရာတွေက မကျေနပ်ဘူး။ မဟာစည်ဆရာတော်ကို ဒီနေရာပေးရမလားဆိုပြီးတော့ ... မဟာစည်ဆရာတော်က ကမ္မဋ္ဌာန်းဘုန်းကြီးလေးပဲပေါ့လေ။ တခြားဆရာတော်တွေ ရှိတာပဲ၊ တခြားဆရာတော်တွေကို ခိုင်းရမယ်ဆိုပြီး ဝိဇ္ဇာလင်္ကာရဆရာတော်ကို သွားပြောကြတယ်။

ဝိဇ္ဇာလင်္ကာရဆရာတော်လည်း မနေသာတော့ အဲဒီမှာ သူတို့အလိုအတိုင်း လိုက်ရတယ်။

နောက်တစ်နေ့ကျတော့ တခြားဆရာတော်က မေးတယ်။ ဦးဝိစိတ္တက ဖြေတယ်။

အဲဒီလို ဖြေတဲ့အခါကျတော့ ဟိုဆရာတော်ကလည်း ကြိုတင် စီစဉ်မှု ဘာမျှ မရှိဘူး။ လုပ်ပါဆိုလို့ လက်ခံပြီး လုပ်လိုက်ရတယ်။ အမေးအဖြေလုပ်ကြတော့ သမ္မတကြီးရောက်လို့ ငါးမိနစ်လောက်ရှိသေးတယ်၊ ပြီးသွားပြီ။ နံနက် သင်္ဂါယနာတင်တဲ့ကိစ္စ ပြီးသွားပြီ။ အဲဒီလို ဖြစ်သွားတော့ ဝန်ကြီးချုပ်က စိတ်ဆိုးတာပေါ့လေ။ တပည့်တော်တို့ကို အရှက်ခွဲတာပဲပေါ့။ အဲဒါနဲ့ သူက ဆရာတော်တွေကို လာပြောတယ်။ ဒီလိုမဖြစ်ပါစေနဲ့ဆိုတော့မှ နောက်နေ့ကျတော့ မဟာစည်ဆရာတော် ပြန်ခိုင်းရတယ်။

ပထမနေ့က မဟာစည်ဆရာတော် လုပ်တယ်။

ဒုတိယနေ့မှာ တခြားဆရာတော်ကြီးတစ်ပါး လုပ်တယ်။

တတိယနေ့ကျတော့ မဟာစည်ဆရာတော်ပဲ ပြန်လုပ်ရတယ်။

မဟာစည်ဆရာတော်ကြီးကျတော့ ခုနကလို တိုက်ထားတာဆိုတော့ အချိုးကျတာပေါ့လေ။ အဆင်ပြေပြေ ချောချောမောမောလည်း ပြီးတယ်။

အမှန်ကတော့ တခြားဆရာတော်ကြီးလည်းပဲ ကြိုတင် ပြင်ဆင်ထားရရင်တော့ သိပ်ပြောစရာ မလိုပါဘူး။ အခုတော့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဒီအတိုင်း လက်ခံလိုက်တာကိုး။

ဒါပေမယ့်လို့ လူတွေက မဟာစည်ဆရာတော် ပါမှ သင်္ဂါယနာကိစ္စပြီးတယ်လို့ အဲဒီလို ယူဆသွားကြတယ်။ ဒီတော့ မဟာစည်ဆရာတော် ပိုပြီးတော့ နာမည်ထွက်သွားတာပေါ့။

အဲဒါနဲ့ ပါဠိသင်္ဂါယနာပြီးသွားတယ်။

အဲဒီနောက် အဋ္ဌကထာ သင်္ဂါယနာဆိုပြီး ဆက်လုပ်တယ်။

ဆက်လုပ်တဲ့အခါကျတော့ ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ။ ပါဠိတော်တုန်းကတော့ စာကလည်းရှိတော့ အမေးအဖြေပုံစံနဲ့ လုပ်သွားတာကိုး။

အဋ္ဌကထာက ဒီလိုလည်း မရှိဘူး။ အစဉ်အလာ မရှိဘူး ဆိုပါတော့။

အဲဒီကျတော့ မဟာစည်ဆရာတော်က `အဋ္ဌကထာ စိစစ်ခန်း´ဆိုပြီးတော့ ပြောမယ်။

အဲဒီကျတော့ ဆရာတော်တစ်ပါးတည်း ပြောတယ်။

အဲဒါ စာအုပ်တွေလည်း ထုတ်ပါတယ်။

မဟာစည်ဆရာတော်က အစထွင်တာပေါ့လေ။ နောက်တော့ မဟာစည်ဆရာတော် နေမကောင်းလို့ အနီးစခမ်းဆရာတော် ဆက်ပြီး လုပ်ရတယ်။

အဲဒါက အဋ္ဌကထာ ဋီကာတွေပေါ့လေ။

ခုနက စာပြင်တာနဲ့ပတ်သက်ပြီးတော့ စာပြင်တာ (၃)ဆင့် ရှိတယ်။

တတိယအဆင့်က `သြသာနသောဓေယျပတ္တပါဌက´မှာ ဆရာတော် ပါခဲ့တယ်။ ဆရာတော်က အစမှ အဆုံးတိုင် ပါခဲ့တယ်။ ကျမ်းပေါင်း (၁၁၇)ကျမ်း ရှိတယ်။ အဲဒီကျမ်းအားလုံး ဆရာတော် ပြင်တယ်။

အဲဒီမှာ ဘာတစ်ခု ထူးခြားတာရှိလဲဆိုရင် ဝိသုဒ္ဓိမဂ်ကျမ်းကို ပြင်ဆင်ဖို့ကျတော့ ဝိဇ္ဇာလင်္ကာရဆရာတော်က ဆရာတော်အပေါ် သိပ်ယုံကြည်တယ်။ ဆရာတော်တစ်ပါးတည်းပဲ ပြင်ပါဆိုပြီး ဆရာတော်ကို ပုံပြီး အပ်တယ်။ အဲဒါလည်း ပြီးသွားတာပဲ။ လူတိုင်း သိတယ်။

ပြီးတော့ ဝိသုဒ္ဓိမဂ်နိဒါန်းဆိုတာ ရေးဖို့၊ အဲဒီဟာကတော့ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်စာလုံးနဲ့ ရိုက်တယ်။ နိဒါန်းကြီး ထည့်တယ်။ အဲဒီနိဒါန်းကို ဘုန်းကြီးက ဖတ်တယ်။ အဲဒီမှာ `အရှင်ဗုဒ္ဓဃောသ´ကို ထိခိုက်ပြီး ရေးသားထားတဲ့ စကားတွေ ပါတယ်။ ရေးတဲ့သူကလည်း အိန္ဒိယနိုင်ငံသားပဲ။ ဒါပေမယ်လို့ သူတို့က အရှင်ဗုဒ္ဓဃောသကို ဘာညာဆိုပြီး ရေးထားတာတွေ ပါတယ်။ အဲဒါတွေ ပါတော့ ဘုန်းကြီးက ဝိဇ္ဇာလင်္ကာရဆရာတော်ကို လျှောက်တယ်။ ဆရာတော် ... သူများတွေကတော့ ဒီလို ရေးနေပြီ။ တနည်းနည်းတော့ ပြန်မှ ကောင်းမယ် ထင်တယ် ... ဆိုတော့ ဒါဖြင့် မင်း အဲဒါကို ဘာသာပြန်လိုက်။ ဘာသာပြန်ပြီးရင် ဝန်ဆောင်ဆရာတော်တွေထံ အကုန်ပေးမယ်။ ပြီးတော့မှ ဆရာတော်တွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်မယ်ဆိုပြီး ဘာသာပြန်စေတယ်။ ဝေပြီး နောက်ဆုံးကျတော့ ဒါဟာ ပြန်ရေးသင့်တယ်ပေါ့။

ဘယ်သူ့ကို ရေးခိုင်းမှာလဲဆိုတော့ အနီးစခမ်းဆရာတော်၊ မဟာစည်ဆရာတော်၊ ဦးဝိစိတ္တ၊ ဘုန်းကြီးတို့ရယ်ဆိုပြီး (၄)ပါးကို တာဝန်ပေးတယ်။ (၄)ပါး လွှဲပေမယ်လို့ အမှန်အတိုင်း ပြောရရင် ဆရာတော်တစ်ပါးတည်း ရေးတာ။ ဘုန်းကြီးတို့က ကိုယ့်တာဝန်နဲ့ကိုယ် ရှိနေတော့ မလုပ်နိုင်ပါဘူး။ မဟာစည်ဆရာတော်တစ်ပါးတည်း ရေးတာ။ အခိုင်းခံရတာကျတော့ (၄)ပါး အခိုင်းခံရတယ်။

အဲဒီဟာ ရေးတဲ့အခါကျတော့ အရှင်ဗုဒ္ဓဃောသရဲ့ ထေရုပ္ပတ္တိရော၊ တခြား သိသင့်သိထိုက်တဲ့ အချက်အလက်ပါ စုံအောင်ဆိုပြီး နိဒါန်းကို ရေးတော်မူတယ်။ နိဒါန်းအစိတ်အပိုင်း ရေးပြီး တခါ လာဖတ်ပြတယ်။ လာဖတ်ပြတဲ့ အချိန်တုန်းက ဘာမှ ပြင်စရာ မရှိဘူး။ ဒီအတိုင်းပဲ လက်ခံတယ်။

အဲဒီနိဒါန်းကို ထုတ်ဝေပြီးတဲ့နောက်ကျတော့ အိန္ဒိယပညာရှင်တွေကလည်း ချီးမွမ်းတယ်လို့ ကြားရတယ်။

အဲဒီနိဒါန်းကို ဝိသုဒ္ဓိမြန်မာပြန် ပထမအုပ်မှာ ထည့်တယ်။

အဲဒီမှာ ဘာတစ်ခုဖြစ်သလဲဆိုတော့ ဆရာတော်က ရေးပြီးတဲ့အခါကျတော့ ဒီနိဒါန်းကို သပြေကန်ဆရာတော်ကြီး ဦးဝါသေဋ္ဌထံ ပို့လိုက်တယ်။ မသင့်တာရှိရင် ကြည့်ပြင်ပေးပါဆိုတဲ့အနေနဲ့ ပို့လိုက်တယ်။ အဲဒီဆရာတော်က ပါဠိလို သိပ်တော်တဲ့ ဆရာတော်။ အဲဒီတော့ အဲဒီဆရာတော်က ဖတ်ပြီးတော့ သိပ်သဘောကျတယ်။

သဘောကျတော့ ပြင်စရာ မရှိဘူးပေါ့လေ။

ဒါပေမယ်လို့ သူက `အနုဂီတိ´ဆိုပြီးတော့ ဂါထာတွေ ပြန်ပြီးတော့ ရေးပေးလိုက်တယ်။ ဂါထာတွေ ရှစ်ဆယ်လောက် ရှိတယ်။ ဂါထာမှ ရှစ်လုံးဖွဲ့ဂါထာတောင် မဟုတ်ဘူး။ အတော်ခက်တဲ့ ဆယ့်နှစ်လုံးဖွဲ့ဂါထာတွေ။ အဲဒါတွေ ရေးပြီး ပြန်ပို့လိုက်တယ်။

ပို့လိုက်တဲ့အခါကျတော့ ဆရာတော်က နောင်လာနောက်သားတွေ နည်းလမ်းယူရအောင်ဆိုပြီး နိဿယပါရေးခိုင်းတာ။ အဲဒီဆရာတော်ကိုပဲ ရေးခိုင်းတာ။ ဘာဖြစ်လို့လဲဆိုတော့ သူရေးတဲ့ဂါထာပါဠိ သူပြန်ရေးမှပဲ ဖြစ်မှာကိုး။ အဲဒါကိုတော့ ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယအုပ်မှာ ထည့်ထားတယ်။

ပြီးတော့ ဆရာတော်ရဲ့ ကျမ်းစာတွေနဲ့ ပတ်သက်ပြီးတော့ ပြောချင်တယ်။

ဆရာတော်ရဲ့ ကျမ်းစာ၊ နှစ်မျိုးခွဲပြီး ပြောမယ်။

တစ်မျိုးကတော့ ဆရာတော်ဟောတဲ့ တရားတွေကိုပဲ အနည်းငယ်ပြုပြင်ပြီး ရေးထားတဲ့ ကျမ်း။ ဓမ္မစကြာတို့၊ အနတ္တလက္ခဏသုတ်တို့ အများကြီး ရှိတယ်။

အမှန်မှာ ဆရာတော်က ကျမ်းရေးတာ မဟုတ်ဘူး။ တရားဟောတာ။ အဲဒီ တရားဟောတာကိုပဲ ကျမ်းအဖြစ်နဲ့ ထုတ်တာ။ အဲဒါ ကျမ်းမဟုတ်သေးဘူး။ စာအုပ်ပဲ ရှိသေးတယ်။

ဒါပေမယ်လို့ အဲဒီစာအုပ်တွေကြောင့် ဆရာတော် ပိုပြီး နာမည်ကြီးတာ။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်တွေက စကားပြောသလို ရေးထားတာကိုး။ တရားဟောတဲ့အတိုင်း ရေးထားတာဆိုတော့ ဖတ်ရတာ လွယ်တယ်ဆိုတော့ များသောအားဖြင့် လူတွေ နားလည်လွယ်ကြတယ်။

အဲဒီကျမ်းတွေကြောင့် ဆရာတော် ပိုပြီး နာမည်ကြီးတာ။ ဒါ့ပြင် ကျမ်းဂန်အနေနဲ့ ရေးတဲ့ စာအုပ်တွေလည်း ရှိသေးတယ်။ ပထမဆုံး မဟာသတိပဋ္ဌာနသုတ် နိဿယ။ မဟာသတိပဋ္ဌာနသုတ်ဆိုတာ ရှေးတုန်းကလည်း ဆရာတော်ဦးဗုဓ် နိဿယရှိတယ်။ ဒါပေမယ်လို့ ဆရာတော်က အသစ်ရေးတယ်။ မဟာသတိပဋ္ဌာနသုတ် နိဿယရေးတဲ့အခါကျတော့ ထူးခြားချက်တွေ ပါလာတာပေါ့လေ။ သိပ်အရေးမကြီးဘူးလို့ ထင်ရတဲ့ ကိုယ်လိုသူလို သာမန် သိထားတဲ့ အရာမျိုး။ ဒါကတော့ ဘုန်းကြီးချင်း ပြောမှ နားလည်မယ်။ လူတွေတော့ နားလည်မှာ မဟုတ်ဘူး။

ဗဟုဝုစ်နဲ့ ပါဠိမှာ ရှိတယ်။ ဒါပေမယ်လို့ ဘာသာပြန်တဲ့အခါကျတော့ ဧကဝုစ်နဲ့ ပြန်မှ မြန်မာလို ကိုက်မယ်ဆိုပြီး ဆရာတော်က ဗဟုဝုစ်ကို ဧကဝုစ် ပေးထားတာ ရှိတယ်။

ပြီးတော့ ထူးခြားချက်ကတော့ ကိုယ့်အဇ္ဈတ္တလည်း ရှိတယ်၊ ဗဟိဒ္ဓလည်း ရှိတယ်ဆိုရင် ဗဟိဒ္ဓရှာတာဟာ ဘယ်လို၊ အဲဒါမျိုးလေးတွေပေါ့။

စိတ္တာနုပဿနာဆိုရင်လည်းပဲ စိတ်ကိုသရုပ်ခွဲပြီး ရှုတာမျိုး မဟုတ်ဘူး။ စိတ်အရှိ အဖြစ်ကို ရှုတာကို ရေးတာပေါ့။

အဲဒီလို ထူးခြားချက်တွေ ပါတယ်။

အဲဒီဟာက မဟာသတိပဋ္ဌာန နိဿယမှာ အတော် ရှေးကျတုန်းက ရေးခဲ့တာ။

နောက်တစ်ခုကတော့ `ဝိပဿနာရှုနည်းကျမ်း´၊ ဝိပဿနာရှုနည်းကျမ်းကတော့ ဆရာတော်ရဲ့ လက်စွမ်းပြကျမ်းဆိုရင်လည်း ဟုတ်တာပေါ့။

လက်တွေ့နဲ့ စာတွေ့ နှစ်ခုရောပြီး ရေးထားတဲ့ ကျမ်း။

အဲဒီကျမ်းကို ဦးကုမာရက ပါဠိလို ပြန်ထားလို့ မြန်မာလို မတတ်ရင်လည်းပဲ ပါဠိလိုတတ်ရင် နားလည်နေပြီ။

အင်္ဂလိပ်လိုကျတော့ ဘုန်းကြီးကို တာဝန်ပေးထားတာ။ ခုထိ မပြန်ဖြစ်ဘူး ဖြစ်နေတယ်။

ပြီးတော့ ဝိသုဒ္ဓမဂ်မြန်မာပြန်ကျမ်း။ ရှေးတုန်းကလည်း မြန်မာပြန်ကျမ်း ရှိတာပဲ။ ဘုရားသုံးဆူဆရာတော် ရေးတဲ့ မြန်မာပြန်ကျမ်း ရှိတယ်။

ဒါပေမယ်လို့ အဲဒီ မြန်မာပြန်ကျမ်းက လူမပြောနဲ့၊ ဘုန်းကြီးတောင်မှ နားလည်ဖို့ မလွယ်ဘူး။

အမှန်ကတော့ နိဿယကို ပါဠိဖြုတ်သလောက် ရှိတာကိုး။ အရေးအသား ရှုပ်နေတာဆိုတော့ နားမလည်နိုင်ဘူး။

အဲဒါကြောင့်မို့လို့ ဝိသုဒ္ဓိမဂ်ကိုလည်း ဆရာတော်က မြန်မာပြန်တယ်။

ဆရာတော် မြန်မာပြန်တဲ့အခါကျတော့ ဒီအပုဒ်က ဘယ်အပုဒ်မှာ သွားစပ်၊ အနက်ယူ စသည်ဖြင့် မှတ်ချက်ကလေးတွေ အောက်ကလည်း ပါတာကိုး။ အဲဒီလိုဆိုတော့ အများကြီး နားလည်သွားတယ်။ ဒါတောင် ခုခေတ်အနေနဲ့ ပြောရရင် တချို့နေရာတွေလည်း ခက်တာတွေ ရှိဦးမယ်လို့ ထင်တယ်။ သို့သော် ပထမစာအုပ်နဲ့စာရင် အများကြီး လွယ်သွားတယ် ဆိုပါတော့။ ဒါက ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်း (၄)အုပ် ရှိတယ်။

ပြီးတော့ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ

ဝိသုဒ္ဓိမဂ်မဟာဋီကာဆိုတာ အရှင်ဓမ္မပါလ ရေးတာ။

အဲဒီ ဝိသုဒ္ဓိမဂ်မဟာဋီကာလည်း တချို့နေရာတွေမှာ သိပ်ခက်တယ်။

ဘာကြောင့်ခက်သလဲလို့ဆိုရင် ပရသမယလို့ ခေါ်တဲ့ ဟိန္ဒူအယူအဆတွေ များများ ရေးထားတယ် ဆိုပါတော့။

အဋ္ဌကထာက တို့ရုံ တို့သွားတဲ့ နေရာမှာ သူက ဖော်ပြီး ရေးတယ်။ အဲဒီလိုဆိုတော့ အတော်လေး ကျယ်ဝန်းတယ်။ ကောင်းတယ်။ ဒါပေမယ်လို့ ပါဠိမမှန်တာတွေလည်း ရှိတယ်။ ပြီးတော့ ပရသမယကို ကျွမ်းကျင်တဲ့ ဆရာတော်ဆိုတာလည်း အင်မတန် ရှားတယ်။ ဒီတော့ အဲဒီကျမ်းကို နိဿယ မရေးဝံ့ကြဘူး။

ရှေးနိဿယရှိတယ်ဆိုတာလည်း ရှိတာပဲ။ ဘယ်မှာ နေမှန်းလည်း မသိဘူး။ အဲဒါနဲ့ ဆရာတော်က ဝိသုဒ္ဓိမဂ်မဟာဋီကာကို တခါ ရေးသားတော်မူပါတယ်။ အမှန်ကတော့ တာဝန်ယူရတယ်။

ဒီပုဂ္ဂိုလ်က ဒီဃနိကာယ် တာဝန်ယူပြီးတော့ ချပါ၊ နောက်ပုဂ္ဂိုလ်က မဇ္ဈိမနိကာယ် တာဝန်ယူပြီးတော့ ချပါဆိုတော့ ဆရာတော်က ဝိသုဒ္ဓိမဂ်ကို ယူတာ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်ဋီကာပါ ချရင်းနဲ့ ရေးသွားတာ။

အဲဒီကျမ်း မထွက်ခင်မှာ သမယန္တရပိုင်း ဂဏ္ဌိနိဿယဆိုပြီး စာအုပ်အသေးလေး ထွက်သေးတယ်။

အဲဒါက ခုနက ပြောတဲ့ သမယန္တရလို့ ခေါ်တဲ့ ဟိန္ဒူအယူဝါဒတွေ အဲဒီဆိုင်ရာစာတွေ ထုတ်ပြီးတော့ နိဿယရေးထားတာ။

ဒါက စာအုပ်ကြီးမထွက်ခင် စောစောက ရေးထားတာ။

နောက်တစ်ခုက ဘာလဲဆိုတော့ သာဝိတ္ထီဂါထာဆိုတာ ရှိသေးတယ်။ ဒီဂါထာကို ပါဠိတော်တွေမှာ `အဂ္ဂိဟုတ္တမုခါယညာ၊ သာဝိတ္ထီ ဆန္ဒသော မုခါ´ဆိုပြီးတော့ ဒီလို ရှိတယ်။

အဲဒီမှာ အဋ္ဌကထာတွေက ဖွင့်တဲ့အခါကျတော့ သာဝိတ္ထီဆိုတာ ဘာဆိုတာကို မဖွင့်ဘူး။ သာဝိတ္ထီဟာ ဘာ့ကြောင့် ဝေဒ ရွတ်အံခြင်းရဲ့ ရှေးဦးစွာ ဖြစ်တယ်။ အဲဒီလို ရှေးဦးစွာ ရွတ်ရတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ဝေဒတို့ရဲ့ ရှေးဦးစွာ ရွတ်တယ်လို့ ဒီလိုသာ ဆိုတယ်။

သာဝိတ္ထီဆိုတာ ဘယ်လို ဂါထာဆိုတာကို ဖော်ထုတ် မရေးခဲ့ဘူး။

ဋီကာဆရာကလည်း ဖော်ထုတ်တဲ့အခါကျတော့ အဲဒီသာဝိတ္ထီဂါထာကို မဖော်ထုတ်ဘဲနဲ့ အဲဒီသာဝိတ္ထီရဲ့ ရှေးပြေး သက္ကဋလို `ဘူ၊ ဘူဝ၊ ဆွ´ဆိုတဲ့ (၃)ခုသာ ဖော်ထုတ်ပြီး ရေးခဲ့တယ်။

သာဝတ္ထီဆိုတာ ဘယ်လိုဂါထာဆိုတာ မသိကြဘူး။

အဋ္ဌကထာတွေကတော့ ဘယ်လိုဖွင့်လည်းဆိုတော့ အရိယာ သာဝိတ္ထီအနေနဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိလို့ပဲ သာဝိတ္ထီခေါ်တယ်လို့ ဒီလိုပဲ ရေးတယ်။

တကယ့် သာဝိတ္ထီအစစ် မဖော်ထုတ်ခဲ့ဘူး။

အဲဒါကို မဟာစည်ဆရာတော်က ဖော်ထုတ်ခဲ့တယ်။

အဲဒီအချိန်တုန်းက ဘုန်းကြီးကလည်း သက္ကဋတွေ လေ့လာထားတော့ သိနေတာပေါ့လေ။ သိနေတော့ အဲဒီဂါထာကို ထုတ်ပြီး အဓိပ္ပာယ်ပြန်ရတယ်။ အဲဒီသာဝိတ္ထီဂါထာဆိုတာ အခုထိ သိတဲ့လူ နည်းလိမ့်မယ် ထင်တယ်။ ဘုန်းကြီးထဲကတောင် သိတဲ့ဘုန်းကြီး အလွန်နည်းလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ဝေဒရွတ်အံတဲ့အခါမှာ ပထမဦးဆုံး သူ့ကို ရွတ်ရတယ်လို့ ဆိုတယ်။

ဝေဒရဲ့ အစတော့ မဟုတ်ဘူး။ ဝေဒအစ မဟုတ်ပေမယ်လို့ ဝေဒကျမ်းကို ရွတ်တော့မယ်ဆိုရင် ဒီဂါထာကို ရှေးဦးစွာ ရွတ်ဖတ်ရတယ်လို့ ဆိုလိုပါတယ်။

သူတို့ ဟိန္ဒူမှာတော့ ပရောဟိတ်တိုင်း ရတာပေါ့လေ။ အဲဒီ သာဝိတ္ထီဂါထာကိုလည်းပဲ ဖော်ထုတ်ခဲ့တယ်။ ဒါကိုလည်း အမှန်အတိုင်း ပြောရရင် ဆရာတော်က ဂုဏ်ယူတယ်။

နောက်တစ်ခုက နိဂ္ဂဟဋ္ဌာနဆိုတာ ရှိသေးတယ်။ အဲဒါက ကထာဝတ္ထု အနုဋီကာမှာ ပါတယ်။ နိဂ္ဂဟဋ္ဌာနဆိုတာ မြန်မာလို လွယ်လွယ်ပြောရရင် အရှူံးပေးရတဲ့ အခြေအနေပေါ့။

အဲဒီ နိဂ္ဂဟဋ္ဌာနက (၂၆)ပါး ရှိတယ်။ အဲဒီ (၂၆)ပါးကို ဆရာတော်က ဘုန်းကြီးကို ရေးခိုင်းတယ်။ မင်း ရေးစမ်းကွာတဲ့။ မူရင်းက ဘယ်မှာပါလဲဆိုရင် နယာယဆိုတဲ့ ကျမ်းမှာ ပါတယ်။

အဲဒီကျမ်းမှာပါတဲ့ သုတ်တွေကို ကိုးပြီးတော့ ကထာဝတ္ထုအနုဋီကာမှာ ရေးထားတာ။

အဲဒါကို မင်းရေးရမယ်ဆိုတော့ ဘုန်းကြီးက ရေးရတယ်။

ရေးတဲ့အခါကျတော့ အဲဒီ (၂၆)ခုတည်းနဲ့ဆိုတော့ နည်းနေတယ်။ ကျမ်းတစ်ကျမ်း မလောက်တာနဲ့ ဝါတျာဝယဝဆိုပြီး ဝါကျ အစိတ်(၅)ပါးဆိုတာ ရှိတယ်။ အဲဒီ (၅)ပါးပါ ထည့်ပြီးတော့ ဝါတျာဝယဝဝဏ္ဏနာဆိုပြီး ကျမ်းတစ်ကျမ်း ရေးတယ်။

ရေးတာကတော့ ဘုန်းကြီးရေးတာပါ။ အဲဒီကျမ်းကို ဆရာတော်ထံကို တင်ပြတယ်။ တင်ပြတော့ ဆရာတော်က သဘောကျတယ်။ မဟာစည်ဆရာတော် နိဒါန်းရေးတဲ့ကျမ်းဆိုလို့ အဲဒီတစ်ကျမ်းပဲ ရှိမယ် ထင်တယ်။

တခြားရေးတဲ့ ကျမ်းတွေကတော့ အများကြီးပါ။ အဲဒီလို ဆရာတော်ဟာ သမယန္တရမှာလည်း လေ့လာပွန်းတီးတဲ့အတွက်ကြောင့်မို့လို့ ဆိုလိုတာကတော့ သက္ကဋကျမ်းတွေကို နားလည်လို့ တတ်ကျွမ်းလို့ အင်္ဂလိပ်လိုတွေ တတ်လို့ ဒီကျမ်းတွေကို ဝင်ရောက် မွှေနှောက်နိုင်တာ။ ဒီကျမ်းတွေကို မတတ်ဘူးဆိုရင် ဒီကျမ်းတွေကို ဝင်ရောက် မမွှေနှောက်နိုင်ဘူး။

ဒါဟာ ဆရာတော်ရဲ့ ထူးခြားတဲ့ အချက်တွေပေါ့။

နောက်ပြီး နိုင်ငံခြားသားတွေက ဘယ်လိုမြင်သလဲလို့ ဒီလိုလည်း မေးတတ်တယ်။

ဒါကတော့ ဝိပဿနာမှာ စံတင်ရတဲ့ ပုဂ္ဂိုလ်ပေါ့။

နိုင်ငံခြားသားတွေကလည်း ဒီလိုပဲ သဘောထားကြတယ်။

(မေး) ဆန်ဖရန်စစ္စကိုမှာ ရိပ်သာခွဲ ဖွင့်တော့ အဲဒီမှာ ဘာတွေများ အခက်အခဲ တွေ့ကြသလဲဘုရား။

(ဖြေ) ဟိုမှာက ဘာလုပ်လုပ် ဒီမှာလို မလွယ်ဘူး။ ဘာသာမတူတဲ့အထဲမှာဆိုတော့ ပထမ ကျောင်းဖြစ်အောင် ထောင်ရတာကိုး။ အဲဒီ ကျောင်းဖြစ်ဖို့တင်ပဲ အချိန်က အများကြီး ကုန်သွားပြီ။ မြန်မာပြည်မှာဆိုရင်တော့ ဒီလိုကျောင်းမျိုး တစ်ယောက်တည်းနဲ့ ဆောက်လိုက်မှာပေါ့။ ဟိုကျတော့ ဒီလို မဟုတ်ဘူး။ ဒါကြောင့် တစ်ယောက် နှစ်ရာပဲ သုံးရာပဲ လေးရာပဲ စသည်ဖြင့် စုဆောင်းပြီးတော့ ကျောင်းဖြစ်အောင် လုပ်ရတာ။

အဲဒီ ကျောင်းဖြစ်အောင် လုပ်တဲ့အခါကျတော့ လူအိမ်တွေကို လည်ပြီးတော့ အလှူခံရတယ်။ အဲဒီအချိန်တုန်းက မြန်မာလည်းပဲ သိပ်မရှိသေးဘူး။ အခုလို မဟုတ်သေးဘူး။ အခုတော့ မြန်မာတွေ သိပ်ပေါနေတယ်။ ဘယ်သွားသွား မြန်မာ တွေ့နေရတာပဲ။

ဟိုတုန်းက ဒီလို မရှိသေးဘူးဆိုတော့ ရှားရှားပါးပါး၊ ပြီးတော့ မြန်မာတစ်ယောက်နဲ့ တစ်ယောက် မသိကြဘူး။ သူတို့မှာ ဌာနမရှိဘူး။ ဘုန်းကြီးကျောင်းဌာနမရှိတော့ တစ်ဦးနဲ့တစ်ဦး အဆက်အဆံ မရှိတော့ မသိကြဘူး။

အဲဒါကို လိုက်စုံစမ်းပြီးတော့မှ သူတို့ဆီကို အလှူခံလာချင်လို့ပါဆိုပြီး အလှူခံ သွားရတယ်။

အလှူခံရတဲ့အခါမှ ကျောင်းဝယ်တယ် ဆိုပါတော့။

ကျောင်းဝယ်တော့လည်း အပိုင်ဝယ်နိုင်တာ မဟုတ်ဘူး။

အနှစ်သုံးဆယ်ဆပ်တဲ့စနစ်နဲ့ ဝယ်ရတာ။ ဒါပေမယ့်လို့ အဲဒီကျောင်း ဆယ်နှစ်နဲ့ ကျေသွားတယ်။

အဲဒီတုန်းက တစ်သိန်းမပြည့်ဘူး။ အခုဆိုရင် အဲဒီကျောင်းမျိုး ခြောက်သိန်းလောက် ပေးရတယ်။ ဈေးက သိပ်တက်သွားပြီ။

(မေး) အရှင်ဘုရား၊ ဆရာတော်ကြီးပြန်လာတော့ အဲဒီမှာ ကျန်ခဲ့တာလား၊ တရားပြရတာရော အခက်အခဲ ရှိပါသလားဘုရား။

(ဖြေ) ဆရာတော်ကြီး ပြန်ကြွလာတော့ ဟိုမှာ ကျန်ခဲ့တယ်။ တရားပြရတာကတော့ သိပ်ပြီး အခက်အခဲ မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် ကမ္မဋ္ဌာန်းတရားအားထုတ်ဖူးတဲ့သူ များတယ်။ ပေါက်ရောက်အောင် အားထုတ်တာ မဟုတ်ပေမယ်လို့ တရားတော့ ထိုင်ဖူးကြတာပဲ။ ရှေ့ပိုင်းတုန်းက မြန်မာက သိပ်မရှိဘူး။ အမေရိကန်တွေနဲ့ပဲ အလုပ်လုပ်ရတယ်။ တခြား ဗီယက်နမ်တို့လိုမျိုးပေါ့။ မြန်မာတွေက ရုန်းကန်နေကြရတာဆိုတော့ သိပ်မလာနိုင်ဘူး။ အခု နောက်ပိုင်းတော့ လာကြပါတယ်။

(မေး) အရှင်ဘုရား ဆရာတော်ကြီးရဲ့ အတ္ထုပ္ပတ္တိရေးစဉ်တုန်းက အတွေ့အကြုံလေးတွေ ပြောပြပါဦးဘုရား။

(ဖြေ) သိပ်မတွေ့ပါဘူး။ ဆရာတော်ကြီးနဲ့တွေ့ပြီးတော့ အစပိုင်းမှာ မှတ်သွားတာတွေကျတော့ ဘယ်တုန်းက မွေးတယ် စသည်ဖြင့် အဲဒါတွေက အစပိုင်းမှာ ပါသွားတယ်။ နောက်ပိုင်းကျတော့ ကိုယ်သိတဲ့ အကြောင်းတွေကို ကိုယ့်ဟာကိုယ်ပဲ ရေးလိုက်တာပေါ့။ ရှေ့ပိုင်းမှာတော့ ကိုယ်က မသိဘူး။ အဲဒါကျတော့ အကုန်လုံး ဆရာတော်ကြီးထံ လျှောက်ရတယ်။

(မေး) ဆရာတော်ကို လျှောက်ပြီး ရေးပြီးလို့ ပြတဲ့အခါကျတော့ ဆရာတော်ကြီးက ဘာပြန်ပြောပါသလဲဘုရား။

(ဖြေ) ကိုယ်ကိုယ်တိုင် ရေးတာထက်တောင် ပြည့်စုံပါသေးတယ်တဲ့။ ဆရာတော်ကြီးက ကျေနပ်ပါတယ်။

+++++

(ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့်အထိမ်းအမှတ်မော်ကွန်း စာအုပ် မှ)