Thursday, May 31, 2012

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ၅-ကြိမ်မြောက် ဘုရားပွဲ

“အရှင်ဘုရား၊ ဘုရားပွဲကို ဘယ်သူ ဦးဆောင်ပြီး ကျင်းပတာလဲဘုရား”ဟု ဒကာမတစ်ယောက်က မေးလာသည်။

ဦးဆောင်သူ အတိအကျ မရှိသဖြင့် အားလုံး စုပေါင်းပြီး လုပ်တာပါပဲဟု ဖြေလိုက်သည်။

သီးသန့် ဦးဆောင်သူဟူ၍ မရှိ။ စိတ်, စေတနာ, သဒ္ဓါတရားရှိသူတို့ ကိုယ်တတ်နိုင်သည်ကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခြင်းဖြင့်သာ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် ကျင်းပသည့် ပွဲတိုင်းကို ပြီးဆုံး အောင်မြင်အောင် ဆောင်ရွက်ရသည်။

ဦးဆောင်၍ ကျင်းပမည့်သူရှိလျှင် ဘုရားပွဲ ကျောင်းပွဲတိုင်းတွင် စာရေးသူအနေဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဣနြေ္ဒရှိစွာ ပြုံးရွှင်စွာ ဒကာ ဒကာမများကို ကောင်းစွာ ဧည့်ခံနိုင်ပါလိမ့်မည်။ ခုတော့ ထိုသို့ မဟုတ်။ ဒကာ ဒကာမများနဲ့ ဧည့်ခံစကားပြောနေစဉ်မှာပင် ဝက်အူလှည့်လိုအပ်လို့ ထပြီး ရှာပေးရသည်က အစ၊ တဲထိုး, ခုံခင်း, နေရာချထားခြင်းများကို စီစဉ်ရသည်က အလယ်၊ စေတနာဗလပွ ကုသိုလ်ဆန္ဒများစွာဖြင့် ထွန်းညှိ ပူဇော်ခဲ့သဖြင့် ဘုရားပေါ်တွင် ပေကျံနေခဲ့သည့် ဖယောင်စက်နှင့် အမွှေးတိုင်တို့မှ ထွက်သော ပြာ, အညစ်အကြေးများကို ဖယ်ရှား သန့်ရှင်းရသည်က အဆုံး အစစအရာရာကို သိမ်းကြုံးလုပ်ရသဖြင့် ပွဲလုပ်တိုင်း စာရေးသူမှာ ပင်ပန်းလှသည်။

အလှူရှင်တို့ ဆင်ခြင် စဉ်းစား သတိထားရမည်မှာ ဖယောင်းတိုင် အမွှေးတိုင် လှူလို့ ဘယ်လောက် ကုသိုလ်ရမည်၊ ဖယောင်းစက်နှင့် အမွှေးတိုင်ပြာ အညစ်အကြေးတို့ ဘုရားပေါ်မှာ ထားခဲ့ခြင်း ကျန်ခဲ့ခြင်းဖြင့် ဘယ်လောက် အကုသိုလ်ပွားမည်ပင် ဖြစ်သည်။ ဥပမာ - လှပဖို့ဆိုသော ကောင်းကျိုးအတွက် ဆံပင်ဆိုးခြင်း၊ နှုတ်ခမ်းနီဆိုးခြင်းတို့ ပြုသည့်အခါ သတိမထားဘဲ အလွန်အကျွံ မဆင်မခြင် လုပ်မိ၍ မျက်နှာတွင် ပေကျံခြင်း စွန်းထင်းခြင်း စသည့် မကောင်းကျိုးများ အဖြစ်များက စိတ်မချမ်းမသာဖြစ်သည်ကို သဘာဝနှင့် ယှဉ်၍ ဆင်ခြင်ကာ ဘုရားအား လှူဖွယ်ဝတ္ထုတစ်ခုခုဖြင့် ပူဇော်သည့်အခါ မိမိပူဇော်သည့် ပစ္စည်းကြောင့် ဘုရား စေတီ မညစ်ပတ်စေရန် ဆောင်ရွက်သင့်လှပေသည်။

ရှက်တတ်ပါ

မရှက်သင့်သည်ကို ရှက်ခြင်း၊ ရှက်သင့်သည်ကို မရှက်ခြင်းသည် ရှက်တတ်သည် မမည်။ ရှက်သင့်သည်ကို ရှက်ခြင်း၊ မရှက်သင့်သည်ကို မရှက်ခြင်းသည်သာ ရှက်တတ်သည် မည်၏။

ဥပမာ - စည်းကမ်းမဲ့ အမှိုက်ပစ်မှုသည် ရှက်သင့်သည့် ကိစ္စဖြစ်၍ ဘာသာရေး လူမှုရေးကိစ္စများ၌ ကူညီဆောင်ရွက်ခြင်းသည် မရှက်သင့်သည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် မလုပ်သင့်သည့် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သည်ကို မရှက်ဘဲ၊ လုပ်သင့်သည့် ဝေယျာဝစ္စအလုပ် လုပ်ရမည်ကို ရှက်ခြင်းသည် ရှက်တတ်သည် မမည်ပေ။ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သည်ကို ရှက်၍ လုပ်သင့်သည့် ဝေယျာဝစ္စအလုပ် လုပ်ရမည်ကို မရှက်ခြင်းသည် ရှက်တတ်သည် မည်၏။

နယူးဂျာစီကျောင်း၏ ဘာသာရေးပွဲတော်များတွင် လုပ်အားပေး၍ ဝေယျာဝစ္စကုသိုလ်ယူသူများမှာ အသက်အရွယ် ကြီးရင့်မှု၊ မကျန်းမာမှု၊ အလုပ်အကိုင်မအားလပ်မှု စသည် စသည်တို့ကြောင့် တဖြည်းဖြည်း နည်းပါးလာသည်။ ထို့အပြင် လူပျိုလူလွတ်ဘဝတွင် ဘုရားဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စ ပြုလုပ်ရာ၌ တက်တက်ကြွကြွဖြစ်သော်လည်း အိမ်ထောင်ဘက်များ ရလာသောအခါ ဘုရားဝေယျာဝစ္စ သံဃာ့ဝေယျာဝစ္စကိစ္စများနှင့် အလှမ်းဝေးလာကြသည်ကို သတိထားမိသည်။

ဝေယျာဝစ္စလုပ်အားပေးလေ့ရှိကြသူ ဦးမောင်မောင်၊ ဦးဝင်းမော်၊ ကိုသက်ဝင်း၊ ကိုကျော်သူမြတ်၊ ကိုအေးခိုင်၊ ကိုအောင်ကျော်၊ ကိုစောကျင်၊ ကိုအောင်သန်း၊ ကိုဝင်းရွှေ၊ မောင်ဖိုးသား၊ ကိုခင်မောင်လေး၊ ကိုဌေးအောင်၊ ဒေါ်မွှေး၊ မီးမီး၊ ဒေါ်အဖောင်း၊ ဒေါ်စိန်၊ မလော်ရင်း၊ မေ၊ မရွှေရီ၊ နိုင်နိုင်၊ ဆွေမာသန်း၊ လင်းနိုင် ..... စသူ စသူတို့၏ စေတနာကို ထင်ပေါ်အောင် ကြည့်ပါက လေးစားဖွယ်ရာ တွေ့မြင်ရ၏။

ဝေယျာဝစ္စအလုပ်ကို လုပ်ရသည်မှာ ရှက်စရာ မဟုတ်ပါ။ ပုညကိရိယာဝတ္ထု=ကောင်းမှုဆယ်မျိုးတွင် တစ်မျိုး အပါအဝင်ဖြစ်၍ ငွေမကုန်ဘဲ ရနိုင်သည့် ကုသိုလ်တစ်မျိုး ဖြစ်ပါသည်။

ရှက်စရာမှာ ဘုရားပွဲ ကျောင်းပွဲများတွင် မိမိအမှိုက်ကို စည်းကမ်းတကျ အမှိုက်ပုံးထဲ မပစ်ဘဲ ထားချင်ရာ ထားသွားသည့် စည်းကမ်းမဲ့မှုမျိုး၊ အစားအသောက်ယူရာတွင် နိုင်ငံကြီးသား လူမျိုးများကဲ့သို့ တန်းစီမယူဘဲ ကြားဖြတ်ဝင်ခြင်း၊ အစားအသောက်ကို လိုသည်ထက် ပို၍ယူကာ လွှင့်ပစ်ခြင်း၊ ဝေယျာဝစ္စလုပ်ကိုင်သူများ၏ အကြံပြုချက် (ဥပမာ - ကားရပ်ရန်အတွက် နေရာပြခြင်း)ကို မလိုက်နာခြင်း စသည်တို့သည်သာ ရှက်စရာ ဖြစ်ပေသည်။ ရှက်ရပေမည်။ ပြုပြင်ရပေမည်။

သူများကိုမြင် ကိုယ်ပြုပြင်

တစ်ခါက ‘သတ်မှတ်ဈေးပေးပြီး ကြိုက်တာကို ကြိုက်သလောက် ယူစားရသည့်ဆိုင်’သို့ စာရေးသူကို ပင့်၍ ဆွမ်းကပ်သဖြင့် ဆွမ်းစားရာ “သတ်မှတ်ဈေးကို ပေးထားတာပဲ၊ ကုန်ကုန် မကုန်ကုန် ငါ ထည့်ချင်သလောက် ထည့်စားမယ်”ဆိုတဲ့ စိတ်ထားနဲ့ တွေ့သမျှကို ထည့်ချင်သလောက် ထည့်စားရာ ကုန်အောင် မစားနိုင်၍ ပန်းကန်ထဲ ကျန်ခဲ့သည့် အစားအစာများက ဗိုက်ထဲဝင်တာထက်ပင် များနေသည်။

ပတ်ဝန်းကျင်ရှိ အမေရိကန်များ စားသောက်နေသည်ကို အကဲခတ်ကြည့်သည့်အခါ မိမိလို မဟုတ်ဘဲ သူတို့စားချင်တာကို လိုသလောက်သာ ယူစားသဖြင့် အစားအစာ အလေအလွင့် မဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် စာရေးသူစိတ်တွင် “သြော် ... သူတို့စားတာ ငါစားသလို အစားအစာ အလေအလွင့် မရှိပါလား။ ငါ့ အပြုအမူက မဟုတ်သေးဘူး ထင်တယ်”ဟု ရှက်စိတ်ဝင်ကာ မိမိ၏ အမူအကျင့်ကို ပြုပြင်၍ နောက်ခါများတွင် သူတို့လိုပင် လိုသလောက်ကိုသာ ယူငင် စားသောက်ပါတော့သည်။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် ယောဂီကျောင်းဆောင် တည်ဆောက်နေရာ ပြီးစီးလျှင် အဆောက်အဦထဲ၌ ကျွေးမွေးနိုင်မည်ဖြစ်သဖြင့် တဲထိုးခြင်း၊ ခုံခင်းခြင်း စသည့် အလုပ်များ အတော်အတန် သက်သာသွားပါလိမ့်မည်။ မိုးရွာခြင်း လေတိုက်ခြင်း စသည့် အခြေအနေကြောင့် ပွဲပျက်မည့်အရေးအတွက်လည်း စိတ်လေးစရာ လိုမည် မဟုတ်တော့ပါ။

နယူးဂျာစီကျောင်းတွင် ကျင်းပသည့် ပွဲတိုင်းမှာ ရာသီဥတုကြောင့် ပွဲပျက်ခြင်း၊ ပွဲဖျက်ခဲ့ရခြင်း မရှိခဲ့ပါ။ သို့သော် မှတ်မှတ်ရရ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် ကျင်းပခဲ့သည့် ကထိန်ပွဲ၌ အချိန်အခါမဟုတ်ဘဲ နှင်းနှင့် ရေခဲမိုးများ ထူးခြား စောစီးစွာ ကျသည်နှင့် ကြုံသဖြင့် အနည်းငယ် အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

ယခုနှစ်တွင်လည်း မိုးလေဝသဌာနက ပွဲကျင်းပမည့် စနေ၊ တနင်္ဂနွေနေ့များတွင် နေသည်မည်၊ ရာသီဥတုကောင်းမည်ဟု ပြောထားသော်လည်း ပွဲကျင်းပသည့် တနင်္ဂနွေနေ့ နံနက်တွင် မိုးပြတ်တောင်း ပြတ်တောင်း ရွာနေသဖြင့် ပွဲပျက်တော့မည့်အရေးကို စိတ်မအေးခဲ့ရပေ။ ထို့ပြင် မိုးရွာလျှင် အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ စဉ်းစား စီစဉ်ရသဖြင့်လည်း စိတ်အလုပ်များခဲ့ရသည်။

“ကန်တော့ပွဲ မထိုးလို့ မိုးနတ်မင်းက စိတ်ဆိုးပြီး နှောက်ယှက်တာလား?”လို့ သံသယဖြစ်တာက တစ်မျိုး၊ အို ... “မိုးနဲ့ နွားသိုး အစိုးမရ”လို့ အဆိုရှိတာပဲ ... ရွာချင်လည်း ရွာပေါ့၊ ဘာတတ်နိုင်မှာလဲ? ဆိုတာက တစ်ဖုံ၊ “ဟေ့ ... နယူးဂျာစီဘုရားပွဲသမိုင်းမှာ မိုးဖျက်လို့ ပွဲပျက်ရတာ မရှိဘူး။ ကုသိုလ်ရေးလုပ်တာ မိုးကြောင့် ပွဲပျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” စသည် စသည်ဖြင့် ပြောကြ ဆိုကြ ရယ်မောကြ၊ လုပ်စရာရှိသည်ကို ဆက်လက် လုပ်ကိုင်ကြရာ သံဃာတော်များ အနေကဇာတင်ခြင်း၊ ပဋ္ဌာန်း ပရိတ်ရွတ်ဖတ်ခြင်း ပြုလုပ်ရန် သတ်မှတ်သည့်အချိန် နံနက် ကိုးနာရီမှ စ၍ ပွဲပြီးသည်အထိ မိုးလေကင်းရှင်း နေသာခြင်းဖြင့် ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ရာသီဥတု ဖောက်ပြန်မှု

ကမ္ဘာ့ရာသီဥတုကို ကြည့်သောအခါ ပုံမှန်မဟုတ်တော့ဘဲ ဖောက်ပြန်နေသည်ကို တွေ့ရသည်။ မိုးလေဝသဌာနများက ခန့်မှန်းသည့် ရာသီဥတုအခြေအနေများမှာလည်း တခါတရံ လွဲချော်နေပြန်သည်။

မြန်မာပြည်၌ ယခုနှစ် နွေရာသီတွင် အလွန်ပူပြင်း၍ ရေခန်းခြောက်ခြင်း၊ ဟိုဟိုဒီဒီနေရာများတွင် လေပြင်းတိုက်၍ အိမ်ပြိုခြင်း စသည်များ အဖြစ်များလာသည်။

ယခု စာရေးနေစဉ်မှာပင် အီတလီ၌ ငလျင်လှုပ်သဖြင့် လူအသေအပျောက်ရှိသည့် သတင်းကို ကြားရသည်။ ထိုသို့ ရာသီဥတု စသည် ကမောက်ကမ မညီမမျှဖြစ်သည့် အကြောင်းရင်းကို သိပ္ပံပညာရှင်များက ဖလ်လုံအိမ်ဓာတ်ငွေ့ လွန်ကဲမှု စသည်ကြောင့် အိုဇုန်းလွှာ ပေါက်ခြင်း စသည်အပေါ် အခြေခံ၍ ပြောကြသည်။ ဖန်ဆင်းရှင်ဝါဒကို ယုံကြည်သူတို့ကမူ ဖန်ဆင်းရှင်၏ အလိုတော်အရဟု ဘာသာရေးကို အခြေခံ၍ ပြောကြပေလိမ့်မည်။

ထိုအကြောင်းနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်၏ ဟောပြောချက်တွင် - လောက၌ အအေးကို ပြုတတ်သည့် နတ်၊ အပူကို ပြုတတ်သည့် နတ်၊ ဆီးနှင်းကျစေတတ်သည့် နတ်၊ လေတိုက်စေတတ်သည့် နတ်၊ မိုးရွာစေတတ်သည့် နတ်များ ရှိကြောင်းကို ခန္ဓသံယုတ်ပါဠိ၊ ဝလာဟကသံယုတ်၌ အောက်ပါအတိုင်း တွေ့ရသည်။

ထိုနတ်တို့တွင် အအေးကို ဖြစ်စေတတ်သည့် နတ်မျိုးတို့အား “ငါတို့သည် ကိုယ်ပိုင်မွေ့လျော်မှုဖြင့် နေကြရမူကား ကောင်းလေစွ”ဟု အကြံဖြစ်ပေါ်လာသောအခါ ထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ အအေးဓာတ် ဖြစ်သည်။ ထိုသို့ အအေးဓာတ်ကို ဖြစ်ရာတွင် မိုးကာလ၊ ဆောင်းကာလ၌ ပုံမှန် အအေးဓာတ် ဖြစ်ပေါ်ခြင်းသည် ရာသီဥတု၏ သဘာဝကြောင့်သာ ဖြစ်သည်။ ထိုကာလများ၌ ပုံမှန်ရှိရမည့် အအေးထက် လွန်ကဲ၍ အလွန်အမင်း အအေးဓာတ်များခြင်း၊ နွေရာသီ၌ ရာသီနှင့်မလျော်သည့် ချမ်းအေးခြင်း စသည်တို့သည်သာ ထိုနတ်တို့၏ အစွမ်းကြောင့် ဖြစ်သည်။

အပူကို ဖြစ်စေတတ်သည့် နတ်မျိုးတို့အား “ငါတို့သည် ကိုယ်ပိုင်မွေ့လျော်မှု အပူဓာတ်ဖြင့် မြူးတူးပျော်ရွှင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပေါ်လာသောအခါ ထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ အပူဓာတ် လွန်ကဲမှု ဖြစ်သည်။ နွေရာသီ၌ ပုံမှန် အပူချိန်ရှိခြင်းသည် ရာသီသဘာဝအရ ပူခြင်း ဖြစ်၍ ပုံမှန် ရှိသင့်သည့် အပူချိန်ထက် လွန်၍ ပူခြင်း၊ အေးသောရာသီတွင် ပူနွေးခြင်းတို့သည်သာ ထိုနတ်တို့၏ အစွမ်းကြောင့် ဖြစ်သည်။

တိမ်တိုက် ဆီးနှင်းကို ဖြစ်စေတတ်သည့် နတ်မျိုးတို့အား “ငါတို့သည် ကိုယ်ပိုင်မွေ့လျော်မှု ဆီးနှင်းမြူတိမ်ဓာတ်တို့ဖြင့် ကစားပျော်ပါးရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပေါ်လာသောအခါ ထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ တိမ်တိုက် ဆီးနှင်း ဖြစ်ပေါ်သည်။ မိုးတွင်းကာလ ဆီးနှင်းကာလ၌ ဖြစ်ပေါ်သော တိမ်လွှာ တိမ်တိုက် များခြင်း၊ ဆီးနှင်းကျခြင်းတို့သည် ရာသီဥတုသဘာဝကြောင့် ဖြစ်၍ မိုးတွင်း၌ပင် ခုနစ်ရက် ခုနစ်လီ ရက်ပေါင်းမျာစွာ လ, နေ မမြင်ရလောက်အောင် တိမ်ထူထပ်ခြင်း၊ နွေရာသီ၌ တိမ်ထူထပ်ခြင်း၊ အချိန်အခါမဟုတ် ဆီးနှင်းကျခြင်းတို့သည် ထိုနတ်တို့၏ အစွမ်းကြောင့် ဖြစ်သည်။

လေတိုက်ခတ်မှုကို ဖြစ်စေတတ်သည့် နတ်မျိုးတို့အား “ငါတို့သည် ကိုယ်ပိုင်မွေ့လျော်မှု လေဓာတ်ဖြင့် ပျော်ရွှင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပေါ်သောအခါ ထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ လေပြင်းတိုက်ခတ်မှု ဖြစ်သည်။ ပုံမှန် တိုက်ခတ်သော လေသည် ရာသီဥတုကြောင့် ဖြစ်၍ သစ်ပင်စသည် ကျိုးလောက်အောင် တိုက်ခတ်သော လေ၊ အချိန်အခါမဟုတ် တိုက်ခတ်သော လေပြင်း စသည်တို့သည် ထိုနတ်တို့၏ အစွမ်းကြောင့် ဖြစ်သည်။

မိုးရွာမှုကို ဖြစ်စေတတ်သည့် နတ်မျိုးတို့အား “ငါတို့သည် ကိုယ်ပိုင်မွေ့လျော်မှုဖြစ်သည့် မိုးဓာတ်ဖြင့် ပျော်ရွှင်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်ပေါ်လာသောအခါ ထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ မိုးရွာသွန်းမှု ဖြစ်သည်။ မိုးတွင်းကာလ၌ ပုံမှန် မိုးရွာခြင်းသည် သဘာဝရာသီဥတုကြောင့် ဖြစ်၍ အလွန် မိုးကြီးခြင်း၊ အချိန်အခါမဟုတ် နွေရာသီ စသည်၌ မိုးကြီးခြင်း စသည်တို့သည် ထိုနတ်တို့၏ အစွမ်းကြောင့် ဖြစ်သည်။

မယုံရင် ပုံပြင်လို့သာ မှတ်

တစ်ခါက မိုးနတ်သားတစ်ဦးသည် တလကူဋအရပ်၌ နေထိုင်သည့် ရဟန္တာမထေရ်မြတ်ကို လာရောက် ဖူးမြော်ရာ ရဟန္တာမထေရ်မြတ်က “ငါ့အနားကို မားမားမတ်မတ် လာပြီး ရပ်နေတာ ဘယ်သူလဲ?”လို့ မေးတယ်။

ဒီတော့ နတ်သားက “တပည့်တော် မိုးနတ်သားပါ ဘုရား”လို့ ပြန်လျှောက်တယ်။

“သင်တို့ရဲ့ စိတ်နဲ့ မိုးရွာစေနိုင်တယ်ဆိုတာ ဟုတ်သလား”လို့ မေးတော့၊ “မှန်ပါတယ် အရှင်ဘုရား”လို့ နတ်သားက ပြန်ဖြေတယ်။

“ငါ မိုးရွာတာကို မြင်ချင်လိုက်တာ”လို့ ရဟန္တာမထေရ်က ပြောတော့၊ မိုးနတ်သားက “အရှင်ဘုရားကို မိုးစိုမှာပေါ့”လို့ ပြန်လျှောက်တယ်။

ရဟန္တာက “မိုးတိမ်လည်း မမြင်၊ မိုးခြိမ်းသံလည်း မကြားရဘဲနဲ့ ဘယ်လိုလုပ် မိုးရွာမှာလဲ၊ မိုးစိုမှာ မဖြစ်နိုင်ပါ”လို့ ပြန်ပြောတော့၊ “အရှင်ဘုရား ... တပည့်တော်တို့ရဲ့ စိတ်အစွမ်းနဲ့ မိုးရွာစေနိုင်ပါတယ်။ အရှင်ဘုရား ကျောင်းထဲကို ဝင်နေပါ။ တပည့်တော် မိုးရွာအောင် လုပ်ပြပါမယ်”လို့ လျှောက်တယ်။

နတ်သားလျှောက်တဲ့အတိုင်း ရဟန္တာမထေရ် ကျောင်းထဲကို ဝင်သွားရာ ကျောင်းအတွင်းမရောက်မီ မိုးနတ်သားက သီချင်းဆိုပြီး လက်မြှောက်လိုက်ရာ ၂၁-မိုင်အကျယ်အဝန်းရှိတဲ့ အရပ်မှာ ရုတ်တရက် မိုးကြီး သည်းသည်းမဲမဲ ရွာတယ်။ ရဟန္တမထေရ်လည်း ကိုယ်တစ်ဝက် မိုးစိုပြီးမှ ကျောင်းထဲ ရောက်သွားတယ်ဆိုတာ သံယုတ်အဋ္ဌကထာမှာ ဖော်ပြထားတယ်။

မိုးရွာခြင်း အကြောင်းရင်းများ

၁။ နဂါးတို့၏ အစွမ်းကြောင့်လည်းကောင်း၊

၂။ ဂဠုန်တို့၏ အစွမ်းကြောင့်လည်းကောင်း၊

၃။ နတ်တို့၏ အစွမ်းကြောင့်လည်းကောင်း၊

၎။ ပါရမီကြီးသော ပုဂ္ဂိုလ်ထူးတို့၏ သစ္စာအဓိဋ္ဌာန်ကြောင့်လည်းကောင်း၊

၅။ ရာသီဥတုအခြေအနေကြောင့်လည်းကောင်း၊

၆။ မာရ်နတ်လှည့်ပတ်သောကြောင့်လည်းကောင်း၊

၇။ တန်ခိုးကြီးသူတို့၏ အာနုဘော်ကြောင့်လည်းကောင်း၊

၈။ ကမ္ဘာဖျက်မိုးကြောင့်လည်းကောင်း မိုးရွာခြင်းဖြစ်သည်ဟု အဋ္ဌကထာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၁၂ ခု၊ မေလ ၂၇-ရက်နေ့တွင် ကျင်းပသည့် ငါးကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတွင် နံနက်ပိုင်းအချိန်၌ မိုးအနည်းငယ် ရွာခဲ့သည်။ ဘယ်အကြောင်းကြောင့် မိုးရွာသည်ဖြစ်ဖြစ် စာရေးသူနှင့်အတူ ဝေယျာဝစ္စလုပ်ကိုင်ကြသူတို့မှာ အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားရသည်။ ကိုယ်ဆင်းရဲသော်လည်း အနှောက်အယှက် ကင်းကင်း၊ စိတ်ချမ်းသာခြင်းများစွာဖြင့် ဘာသာရေးပွဲများကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရပါလို၏ဟုသာ ဆန္ဒပြုကာ ရပ်နားပါတော့မည်။

ကျန်းမာချမ်းသာ ဘေးရန်ကွာ၊ ကောင်းမြတ်သော လိုရာဆန္ဒနှင့် ပြည့်စုံကြပါစေ။

အရှင်ပညာသီဟ

မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ နယူးဂျာစီ

Friday, May 25, 2012

ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံ (ညောင်လေးပင်ဆရာတော်)

၁။ ‘နာမရူပပရိစ္ဆေဒ’စသော ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံကား -

အဆင်းမြင်သောအခါ အဆင်းနှင့်မျက်စိသည် ဥပါဒါရုပ် မည်၏။

မဟာဘုတ်ကို မှီ၏။

ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်တတ်သော ရုပ်အစု မည်၏။

ထို အဆင်းကို သိခြင်း၊ ခံစားခြင်း၊ မှတ်ခြင်း၊ ကြံစည်ခြင်း စသည်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစု မည်၏။

အဆင်းမြင်ရာ၌ ရုပ်အစု နာမ်အစုမှတပါး ဘာမျှ မရှိ။ ငါ, သူတပါး, ယောက်ျား, မိန်းမ စသည် မရှိ။

မြင်သူမျှပင် မရှိ။

အသံကြားရာ၌လည်း ရုပ်အစု နာမ်အစု၊

အနံ့ယူရာ, အရသာစားရာ, အတွေ့ထိရာ, အသိ-သိရာ၌၊ (ဝါ) စိတ်ကူးကူးရာ၌လည်း ရုပ်အစု နာမ်အစု၊

လောဘဖြစ်ရာ, ဒေါသဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊

သဒ္ဓါဖြစ်ရာ, ပညာဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊

ဝမ်းနည်းစရာ, ဝမ်းသာစရာ၌လည်း ရုပ်အစု နာမ်အစု၊

ချစ်စရာ, မုန်းစရာ၌လည်း ရုပ်အစု နာမ်အစု။

လှည်းအိမ်, ဝင်ရိုး, လှည်းဘီး စသော အပေါင်းကို လှည်းဟု အခေါ်သာရှိသည်။ လှည်းမရှိ။

ရုပ်နာမ်အပေါင်းကို ယောက်ျားကိုယ်ကောင်, မိန်းမကိုယ်ကောင်ဟု အခေါ်သာရှိသည်။ ယောက်ျား မိန်းမ မရှိ။

ကန်းသူက သွားချင်၊ မြင်သူက အကျိုး

ကျောတွင်ပိုး၍၊ အကျိုးညွှန်လမ်း

သွားပုံဆန်းသို့၊ ရုပ်ကန်းနာမ်ကျိုး

ကျောကပ်ပိုး၏။

ကျောပိုးနာမ်ရုပ် ငါမဟုတ်။

ထန်းမြစ်ထက်ခြမ်း ရုပ်နာမ်ခြမ်းလျှင် ထက်ခြမ်းကွဲနာမ်ရုပ် မဟုတ်သူငါ မြင်သောအခါ သက္ကာယဒိဋ္ဌိကွာ၏။ အတ္တဒိဋ္ဌိအစွဲပြုတ်၏။ ကလျာဏပုထုဇဉ်ဖြစ်၏။

ဤတွင် ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။ (ဝါ) နာမရူပပရိစ္ဆေဒဉာဏ် ပြီး၏။

+++

၂။ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပုံကား -

အနာတွေ့လျှင် အကြောင်းရှာရသည်။

သူငယ်တွေ့လျှင် မိခင်ရှာရသည်။

ရုပ်နာမ်တွေ့လျှင် အနာသဖွယ် သူငယ်အလား နှလုံးထား၍ ဖြစ်ကြောင်းရှာရသည်။

ရုပ်အကြောင်းကား - ‘အဝိဇ္ဇာ’, ‘တဏှာ’, ‘ဥပါဒါန်’, ‘ကံ’, ‘အာဟာရ’ - ငါးပါးဖြစ်သည်။

‘အဝိဇ္ဇာ’, ‘တဏှာ’, ‘ဥပါဒါန်’ - အမိကြောင့် ရုပ်ဖြစ်သည်။

‘ကံ’ - အဘကြောင့် ရုပ်ဖြစ်သည်။

‘အာဟာရ’ - နို့ထိန်းထောက်ပံ့ခြင်းကြောင့် ရုပ်ဖြစ်သည်။

နာမ်အကြောင်းကား များပြား၏။

ပသာဒ, နှလုံးသွင်း ကိုယ်တွင်းအကြောင်းကြောင့် နာမ်ဖြစ်သည်။

အာရုံ, အလင်းရောင် စသော ကိုယ်ပအကြောင်းကြောင့် နာမ်ဖြစ်သည်။

ဤရုပ်,နာမ်သည် အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။

ကာလသုံးပါးလုံး အကြောင်းအားလျော်စွာ အကျိုးတရား ရုပ်နာမ်သာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။

သူ့ကြောင့်, ငါ့ကြောင့်, ငါဖြစ်ပြီး, သူဖြစ်ပြီး မရှိ၊ ငါဖြစ်ဆဲ, သူဖြစ်ဆဲ မရှိ၊ ငါဖြစ်လတ္တံ့, သူဖြစ်လတ္တံ့ မရှိ။

အကြောင်းမကင်းသော ရုပ်နာမ်အစုသာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။

သူ့အကြောင်းနှင့်သူ ဖြစ်သောကြောင့် ငါ့အလိုလိုက်အောင် ပြု၍မရ။

ဘဝအဆက်ဆက် ကြောင်းကျိုးဆက်၍ ရုပ်နာမ်အဆက်ဆက်သည် ဖြစ်ရာ၌ပင် နေရာမရွေ့ ချုပ်၏။

တဘဝမှ တဘဝသို့ ရုပ်နာမ်မရွေ့။

ကြောင်းကျိုးဆက်၍ မှန်ထဲ၌ မျက်နှာရိပ်ထင်သည်။ မျက်နှာမရွေ့။

စိတ်အစဉ်ဖြစ်ရာ၌ ကြောင်းကျိုးဆက်၍ ရှေ့စိတ်ချုပ်လျှင် နောက်စိတ်ဖြစ်သည်။ ရှေ့ဘဝစုတိစိတ်ချုပ်လျှင် နောက်ဘဝ ပဋိသန္ဓေစိတ်ဖြစ်သည်။ ရှေ့စိတ်မရွေ့။

ဤသို့ ကာလသုံးပါးလုံး ကြောင်းကျိုးသိလျှင် ယုံမှားခြင်း ကင်း၏။

ဤသို့ ဆက်သွယ်၍ သစ္စာလေးပါးသိလျှင် မဂ်ဖိုလ်ရ၏။ မဂ်ဖိုလ်မရလျှင် သုဂတိမြဲ၏။ စူဠသောတာပန် ဖြစ်၏။

ဤတွင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြီး၏။ (ဝါ) ပစ္စယပရိဂ္ဂဟဉာဏ် ပြီး၏။

+++

၃။ သမ္မသနဉာဏ် ဖြစ်ပုံကား -

တေဘူမက ရုပ်နာမ်ဟူသမျှသည် ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ၊

ဇရာ မရဏဖြင့် ဖောက်ပြန်တတ်သောကြောင့် အနိစ္စ၊

တခဏမျှသာ တည်တတ်သောကြောင့် အနိစ္စ၊

မြဲသည်ကို ပယ်တတ်သောကြောင့် အနိစ္စ။ (လေးနက်)

တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ ရောက်၏။ ဌီ၌ အိုမင်း ရင့်ရော်၏။ ပင်ပန်း၏။ မချွတ် ပျက်စီး၏။

ထိုသို့ မပြတ် နှိပ်စက်တိုင်း ခံရသောကြောင့် ဒုက္ခ၊

သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ၊

ဒုက္ခအမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခ၊

သုခကို ပယ်တတ်သောကြောင့် ဒုက္ခ။ (လေးနက်)

တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ မရောက်ပါစေလင့်ဟု တောင့်တ၍ မရ။ ဌီသို့ရောက်လျှင် မရင့်ရော်ပါစေလင့်ဟု တောင့်တ၍ မရ၊ ရင့်ရော်လျှင် မပျက်ပါစေလင့်ဟု တောင့်တ၍ မရ။ ပြုသူ, ခံစားသူ မရှိ။

အလိုလိုက်ခြင်းမှလည်း ဆိတ်၏။

ထိုသို့ ပြုသူ, ခံစားသူမှ ဆိတ်သောကြောင့် အနတ္တ၊

စိုးပိုင်သော သခင်မရှိသောကြောင့် အနတ္တ

အလိုလိုက်အောင် ပြု၍ မရသောကြောင့် အနတ္တ၊

တိတ္ထိတို့ ကြံဆသော အတ္တအဖြစ်ကို ပယ်တတ်သောကြောင့် အနတ္တ။ (လေးနက်)

ထိုအနက်တို့ကို မှတ်သားရမည်။

တဘဝအတွင်း ရုပ်နာမ်သည် မသေမီ ချုပ်၏။

အနိစ္စ, ဒုက္ခ, အနတ္တ။

ပဌမအရွယ် ရုပ်နာမ်သည် မဇ္ဈိမအရွယ်သို့ မရောက်မီ ချုပ်၏။

မဇ္ဈိမအရွယ် ရုပ်နာမ်သည် ပစ္ဆိမအရွယ်သို့ မရောက်မီ ချုပ်၏။

ပစ္ဆိမအရွယ် ရုပ်နာမ်သည် မသေမီ ချုပ်၏။

အနိစ္စ, ဒုက္ခ, အနတ္တ။

+++

၎။ ဥဒယဗ္ဗယဉာဏ် ဖြစ်ပုံကား -

အကြောင်းမကင်းသော ရုပ်နာမ်တို့၏ ဖြစ်စ-ဥပါဒ်သည် ဥဒယ မည်၏။

ရုပ်နာမ်တို့၏ ပျက်တတ်သော ဘင်သည် ဝယ မည်၏။

ဖြစ်၍ ပျက်၏။

တဘို့မှ တဘို့ မရောက်။ အဆက်အစပ် အပိုင်းအပြတ် ဖြစ်၏။

တဖျစ်ဖျစ်မည်ဆူ အိုးကင်းပူထက် နှမ်းစေ့ကျက်သကဲ့သို့ တဖြစ်တည်း ဖြစ်၍ တပျက်တည်း ပျက်သော ရုပ်နာမ်ပါတကား။

+++

၅။ ဘင်္ဂဉာဏ် ဖြစ်ပုံကား -

ရုပ်နာမ် သင်္ခါရတရားအစုသည် ဖြစ်လေသမျှ ချုပ်ပျက်လေစွတကား။

လျှပ်စစ်ပုံဟန် အပျက်မြန်လေစွတကား။

အိုးခွက်ကွဲအတူ အိုးကင်းပူနှမ်းကျက် တပျက်တည်း ပျက်လေစွတကား။

ပရမ်းပတာကြဲသော မြူနုသဘော အတောမသတ် ပျက်လေစွ။

မိုဃ်းရွာစဉ် ရေပြင်၌ ရေပွက်အပေါင်း ဥဗောင်းပုံဟန် အပျက်မြန်လေစွ။

ဦးခေါင်းမီးလောင်လျှင် မီးသတ်ရန် လက်မနှေးစေရ။

မသေလိုလျှင် ဘင်္ဂဉာဏ် လက်မနှေးစေရ။

+++

၆။ ဘယဉာဏ် ဖြစ်ပုံကား -

ရုပ်နာမ် သင်္ခါရတို့၏ ပျက်ခြင်းသည် ကြောက်ဖွယ်ကောင်းလေစွ။

ခြင်္သေ့အလား မြွေကျားဆင်ဆိုး မိုဃ်းကြိုးစက်ကွင်း ရှားမီးတွင်းပမာ စစ်တလင်းကုန်း သင်းချိုင်းကုန်းအသွင် နေချင်စရာမရှိ ဘေးအတိစုပေါင်းလေစွတကား။

+++

၇။ အာဒီနဝဉာဏ် ဖြစ်ပုံကား -

ဘုံသုံးပါးသည် မီးကျီးတွင်း သုံးခုနှင့် တူလေစွ။

ဓာတ်ကြီးလေးပါးသည် မြွေဆိုးကြီးလေးကောင်နှင့် တူလေစွ။

ခန္ဓာငါးပါးသည် သံလျက်မိုးသော သူသတ်ယောက်ျား ငါးဦးနှင့် တူလေစွ။

+++

၈။ နိဗ္ဗိဒါဉာဏ် ဖြစ်ပုံကား -

ရွှေဟင်္သာသည် ဒွန်းစဏ္ဍားအိုင်၌ မမွေ့။ ဟိမဝန္တာအိုင်ကြီး ခုနစ်အိုင်၌ မွေ့သည်။

ခြင်္သေ့မင်းသည် ရွှေချိုင့်၌ မမွေ့။ ဟိမဝန္တာတောသုံးထောင်၌ မွေ့သည်။

ဘုံသုံးပါးသည် ဒွန်းစဏ္ဍားအိုင်ကြီး, ရွှေချိုင့်နှင့် တူလှ၏။ မွေ့စရာမဟုတ်။ အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုသော အိုင်ကြီးသာ။

အနုပဿနာ တောသုံးထောင်သာ မွေ့လျော်ဖွယ် ကောင်းလေစွ။

+++

၉။ မုစ္စိတုကမျတာဉာဏ် ဖြစ်ပုံကား -

ဘုံသုံးပါး၌ အိုဘေး, နာဘေး, သေဘေးအကြား ကျင်လည်ရခြင်းသည် ပိုက်ကွန်မိသော ငါး၊ ဂဠုန်လက်တွင်း နဂါး၊ မြွေခံတွင်း ဖားနှင့် တူလှ၏။ ယခုလွတ်မူ ကောင်းလေစွ။

+++

၁၀။ ပဋိသင်္ခါဉာဏ် ဖြစ်ပုံကား -

ရုပ်နာမ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟု မဂ်ဖိုလ်မရမချင်း ပြန်၍ သိမ်းဆည်းစရာတို့ပါတကား။

+++

၁၁။ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပုံကား -

ဤကိုယ် ရုပ်နာမ် သင်္ခါရသည် ငါ့ကိုယ်အတ္တမှလည်း ဆိတ်၏။ ကိုယ်၏ ဥစ္စာအတ္တနိယမှလည်း ဆိတ်၏။

ငါပူစရာ သူမရှိ၊ သူပူစရာ ငါမရှိ။ အဘယ်နေရာ အဘယ်အခါ အဘယ်မှာမျှ မရှိ။ သုညအတိ ဖြစ်၏။

+++

၁၂။ အနုလောမဉာဏ်

၁၃။ ဂေါတြဘူဉာဏ်

၁၄။ မဂ်ဉာဏ်

၁၅။ ဖိုလ်ဉာဏ်

၁၆။ ပစ္စဝေက္ခဏာဉာဏ်တို့ကား အထူး အားထုတ်ဖွယ်, ဆင်ခြင်ဖွယ် မရှိ။ ဝင်လေ ထွက်လေ ရှုသူတို့သည် ဤဉာဏ် ၁၆-ပါးနှင့် ပြည့်စုံကြပါစေကုန်သတည်း။

+++++

ညောင်လေးပင် တောရဆရာတော်၏ “ပဋိစ္စသမုပ္ပါဒ်အရသာ” မှ

Thursday, May 24, 2012

ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုးနှင့် ပဉ္စဒွါရဝီထိများ

ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၁။ နာမရူပ ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ။

တံ သမ္မသနံ ဥဒယဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။

၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ။

မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။

၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ။

ပစ္စဝေက္ခဏာ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။

၎။ အဒေသိယေ သာသနိကေ၊ ဉာဏိမေ သောဠသုတ္တရေ။

ဒေသေတာရံ ပဝတ္တာရံ၊ ဗုဒ္ဓံ တီဟာဒရံ နမေ။

+++++

(၁) နာမရူပ ပရိစ္ဆေဒံ - နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။

(၂) တပ္ပစ္စယပရိဂ္ဂဟံ - ထိုနာမ်ရုပ်တို့၏ အကြောင်းတရားကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။

(၃) တံ သမ္မသနံ - ထိုနာမ်ရုပ်တို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် သုံးသပ် ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း။

(၄) ဥဒယဗ္ဗယဉာဏဉ္စ - နာမ်ရုပ်တို့၏ အသစ်အသစ် ဖြစ်ပေါ်လာခြင်း၊ ဖြစ်ပေါ်ပြီးလျှင် တခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း။

(၅) ဘင်္ဂဂံ - နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း။

(၆) ဘယဉာဏဉ္စ - နာမ်ရုပ်တို့ဋ္ဌ ပျက်စီးခြင်းကို သိမြင်ရသဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း။

(၇) အာဒီနဝဉာဏဉ္စ - နာမ် ရုပ် သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း။

(၈) နိဗ္ဗိဒံ - နာမ် ရုပ် သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်းကောင်း။

အထ - အနက်သဘောတူသော ရှေ့ဉာဏ်သုံးခုတို့မှတပါး အနက်သဘောတူသော နောက်ဉာဏ်သုံးခုကား -

(၉) မုဉ္စိတုကမျတံ - နာမ် ရုပ် သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်လည်းကောင်း။

(၁၀) ပဋိသင်္ခံ - အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင် အနိစ္စအစရှိသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင် အားထုတ်၍ အနိစ္စ ဒုက္ခ အနတ္တ အနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။

(၁၁) သင်္ခါရုပေက္ခကံ - အနိစ္စ ဒုက္ခ အနတ္တ အနေအားဖြင့် ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်း မပြု၊ ထိုနာမ်ရုပ် သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါးကိုလည်း ပယ်စွန့်၍ သိရုံ သိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခာဉာဏ်လည်းကောင်း။

(၁၂) အနုလောမဉ္စ - အနိစ္စ ဒုက္ခ အနတ္တတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်ရှစ်ပါးနောက် မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့၌ နှစ်ကြိမ် သုံးကြိမ်ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။

(၁၃) ဂေါတြဘုံ - ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ဇာတ်သို့ ရောက်စေလျက် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်၏ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူဉာဏ်လည်းကောင်း။

(၁၄) မဂ္ဂဉာဏံ - နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာလေးပါးကို တပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း။

(၁၅) ဖလံ - မဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ်လည်းကောင်း။

(၁၆) တထာ - ထိုမှတပါး။ ပစ္စဝေက္ခဏဉာဏံ - မဂ်, ဖိုလ်, နိဗ္ဗာန်နှင့် ပယ်ပြီးသော ကိလေသာ, မပယ်ရသေးသော ကိလေသာအားဖြင့် ဤငါးပါးသော တရားအစုတို့ကို ပြန်လှန်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း။

ဣတိ - ဤသို့၊ တိလောကမှိ - ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြဝဠာရှိသမျှ အနန္တမဆုံး လောကကြီးတစ်ခုလုံး၌၊ ကေနစိပိ - နတ်, လူ, ဗြဟ္မာ, သတ္တဝါတစ်ဦးတစ်ယောက်မျှသော်လည်း၊ အဒေသိယေ - မကြားမနာ ကြံစည်ကာဖြင့် ယထာဘူတ အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော၊ သာသနိကေ - ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွင်း၌သာလျှင် ပေါ်လင်း ဖြစ်ထွန်းနိုင်ကောင်းကုန်သော၊ ဥတ္တရေ - လောကီပညာရပ်တို့ထက် ထူးကဲ မြင့်မြတ်ကုန်သော၊ ဣမေ သောဠသဉာဏေ - ဤ ၁၆-ပါးသော ဉာဏ်တို့ကို၊ ဒေသေတာရံ - မိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်အကန် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်ပေထသော၊ ပဝတ္တာရံ - မိမိကိုယ်တော်တိုင် ပိုင်ပိုင်ပြီးစီး ဖြစ်စေပြီးမှ ခိုမှီးကပ်လာ ဗြဟ္မာနတ်လူ ကျွတ်ထိုက်သူမှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သော စိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေထသော၊ ဗုဒ္ဓံ - သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို၊ အဟံ - ဘုရားတပည့်တော်သည်၊ တီဟိ - ကာယညွှတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်၊ အာဒရံ - ရိုသေစွာ၊ နမေ နမာမိ - ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

(မဟာစည်သာသနာ့ရိပ်သာ ဝတ်ရွတ်စဉ်၊ မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးတော်မူလေ့ရှိသော ဘုရားရှိခိုးများ - မှ)

+++++

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၂ ခုနှစ် မေလ ၁၉ ရက် စနေနေ့ မွန်းလွဲ ၁း၅၅ နာရီ၌ တစ်နာရီ တရားရှုမှတ်ပွားများခြင်း မပြုမီ လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိခုနစ်ပါးမှ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိအကြောင်း အကျဉ်း ဟောကြား၏။

+++++

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ရှစ်ပါးသော ဉာဏ်တို့၏ အစွမ်းအားဖြင့် ခေါင်ထိပ်သို့ ရောက်သော ဝိပဿနာနှင့် ၉-ခုမြောက်ဖြစ်သော သစ္စာနုလောမိကဉာဏ်ဟူသော ဤဝိပဿနာဉာဏ်အပေါင်းသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (အရိယာမဂ်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော စင်ကြယ်သော ဉာဏ်အမြင်) မည်၏။

ရှစ်ပါးဟူရာ၌ -

(၁) ဥပက္ကိလေသမှ လွတ်သော “ရှုမြဲရှုလျက် လမ်းမှန်သွားသော ဝိပဿနာ”ဟု ဆိုအပ်သော ဥဒယဗ္ဗယဉာဏ်။

(၂) ဘင်္ဂါနုပဿနာဉာဏ်။

(၃) ဘယတုပဋ္ဌာနဉာဏ်။

(၄) အာဒီနဝါနုပဿနာဉာဏ်။

(၅) နိဗ္ဗိဒါနုပဿနာဉာဏ်။

(၆) မုဉ္စိတုကမျတာဉာဏ်။

(၇) ပဋိသင်္ခါနုပဿနာဉာဏ်။

(၈) သင်္ခါရုပေက္ခာဉာဏ်ဟူသော ဤရှစ်ပါးသော ဉာဏ်တို့ကို သိအပ်ကုန်၏။

၉-ခုမြောက်ဖြစ်သော သစ္စာနုလောမိကဉာဏ်ဟူသည်မှာ အနုလောမဉာဏ်၏ အမည်တည်း။ ထို့ကြောင့် ထိုပဋိပါဒဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံစေခြင်းငှာ အလိုရှိသော ယောဂီသည် ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗယဉာဏ်ကို အစပြု၍ အဆိုပါဉာဏ်တို့၌ အားထုတ်ခြင်းကို ပြုအပ်၏။

(မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထတွဲ မှ)

+++++

+++++

ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းပြ ဆရာတော် အရှင်စက္ကိန္ဒမှာ ကနေဒါသို့ ကြွရောက်နေသဖြင့် သင်တန်းသူ သင်တန်းများသည် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဖတ် ပူဇော်ကြ၏။

မွန်းလွဲ ၃း၄၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ဝီထိပိုင်း၊ ပဉ္စဒွါရဝီထိများအကြောင်း သင်ကြား ပို့ချပေး၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် သင်တန်းသူ သင်တန်းသား အများစုမှာ နာရေးကိစ္စတစ်ခုသို့ သွားရောက်ကြရန် ရှိသဖြင့် ယခုအပတ်အတွက် လောကချမ်းသာ ဆည်းဆာတရားပွဲကို မပြုလုပ်ဖြစ်တော့ပေ။

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် (၁၃-မေ-၂၀၁၂) ဓာတ်ပုံများ

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ၂၀၁၂ ခုနှစ် မေလ ၁၃ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

ကွယ်လွန်သူ ကျေးဇူးရှင် မိခင်ကြီး ဒေါ်လှမျိုးမြင့်အား ရည်စူး၍ သမီး ဒေါက်တာနိုင်နိုင်အောင် နှင့် ဒေါက်တာစိန်ဝင်း၊ သား ကယ်ဗင်၊ ခရစ်တိုဖာ မိသားစုက ပွဲတော်အစားသောက်များကို နိဗ္ဗာန်ရည်မှန်း၍ ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါသည်။

+++++