Thursday, October 16, 2008

‘အလင်းမိခင်’ သို့မဟုတ် ‘ဒီပ’ရဲ့မေမေ (၂)


ဘာသာရေးဆိုင်ရာ အသိဖလှယ်သော စကားဝိုင်းတခုတွင် မိတ်ဆွေတဦးမှ ‘ဒီပ,မာ’အကြောင်း စာအုပ် ညွှန်းဆိုသဖြင့် မှာယူ ဖတ်ရှုဖြစ်သည်။
ရေးသား ပြုစုသူမှာ ‘အေမီရှမစ်’ ဖြစ်သည်။

‘အေမီ’မှာ အသက် ၁၉-နှစ်အရွယ်တွင် ‘ဟာမင်ဟက်ဆီ’၏ ‘သိဒ္ဓတ္ထ’စာအုပ်ကို ၄-ကြိမ်တိုင်တိုင် ဖတ်ရှုခဲ့ပြီး ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုခဲ့သူ ဖြစ်သည်။
ကမ္မဋ္ဌာန်းနည်းပြဆရာများအဖြစ် ရဟန်းသံဃာများနှင့် ယောက်ျားပုဂ္ဂိုလ်များသာ တွေ့ရလေ့ရှိသဖြင့် အမျိုးသမီး ကမ္မဋ္ဌာန်းနည်းပြဆရာ တဦးဦးကို စံပြုရန် ရှာဖွေနေခဲ့သည်။

၁၉၈၉-ခုနှစ်တွင် ဘာရီ၌ ၃-လ တရားစခန်း ဝင်ဖြစ်ရာ ချိတ်ဆွဲထားသော ကမ္မဋ္ဌာန်းဆရာများ၏ ဓာတ်ပုံများအနက် ‘ဒီပ,မာ’၏ ဓာတ်ပုံကို မြင်ပြီး ‘ဒီပ,မာ’၏အကြောင်း ကြားသိခဲ့ရာမှ စံပြ အမျိုးသမီး ကမ္မဋ္ဌာန်းနည်းပြဆရာအဖြစ် သတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် ‘ဒီပ,မာ’ကွယ်လွန်ပြီး ၂-ပတ်မျှသာ ရှိသေးသည်။
သုံးလတရားစခန်းပြီးသောအခါ ‘ဂျိုးဇက်ဂိုးလ်စတိန်း’နှင့် တွေ့ပြီး ‘ဒီပ,မာ’အကြောင်း ပြည့်ပြည့်စုံစုံ သိချင်သဖြင့် ‘ဒီပ,မာ’အကြောင်း စာအုပ်ရေးသားမည့်သူ ရှိ,မရှိ မေးမြန်း စုံးစမ်းခဲ့သည်။
‘ဒီပ,မာ’၏ တပည့်ရင်းများဖြစ်ကြသော၊ ဘာရီတရားစခန်းကို တည်ထောင်ခဲ့ကြသူများဖြစ်ကြသော ‘ဂျိုးဇက်ဂိုးလ်စတိန်း’၊ ‘ဂျက်ကွန်းဖီးလ်’၊ ‘ရှာရွန်ဆဲလ်ဘာ့ဂ်’ စသူတို့ ကိုယ်တိုင်မှာ ကမ္မဋ္ဌာန်း နည်းပြအလုပ်များဖြင့် အားလပ်ကြသူများ မဟုတ်သဖြင့် ‘ဂျိုးဇက်’ကိုယ်တိုင်က ‘အေမီ’ကိုပင် ‘ဒီပ,မာ’အကြောင်း စာအုပ်ရေးသားရန် တိုက်တွန်းခဲ့ရာမှ ထွက်ပေါ်လာသော စာအုပ် ဖြစ်သည်။

ဤစာအုပ်မှာ စိတ်ဝင်စားဖွယ်၊ ဖတ်ဖွယ် မှတ်ဖွယ်၊ အတုယူ အားကျဖွယ်၊ နှစ်လိုဖွယ် အကြောင်းအရာများ ပါဝင်သော စာအုပ်ကောင်း တအုပ် ဖြစ်သည်။

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကမှ “မဟာစည်ယောဂီထူး”ဟူ၍ မြန်မာပြန်ကာ ‘မဟာစည်ဆရာတော်ဘုရားကြီး၏ ရာပြည့်ပူဇော်ပွဲ’တွင် ထုတ်ဝေ ဓမ္မဒါနပြုခဲ့ပါသည်။

‘အေမီရှမစ်’၏ ‘ဒီပ,မာ’စာအုပ်မှ ကောက်နုတ်ချက်များကို မြည်းစမ်းကြည့်ကြပါကုန်။

________________________________________________


အချိန်တိုင်း တရားမှတ်


‘ဒီပက်’သည် ဘဏ်တွင် အလုပ်လုပ်ရင်း ပညာသင်ကြားနေသော ကျောင်းသားတဦး ဖြစ်သည်။
‘ဟော .. ဒီပက် အလုပ်က ပြန်လာပြီ၊ စိတ်ထဲမှာ စာရင်းတွေ တွက်နေတုန်းနဲ့ တူတယ်’ဟု ‘ဒီပ,မာ’က ကြည်စယ်တတ်သည်။
‘ဒီပက်’၏ အာရုံပြောင်းရန် တိုက်တွန်းတတ်သည်။

“ဘဏ်မှာ လုပ်ရတာ မလွယ်ဘူး နာနီ၊ တချိန်လုံး တွက်ချက်နေရတာ၊ နားရတယ် မရှိဘူး။ တရားရှုမှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့မှာ အလုပ်တွေက အရမ်းများတာ”

“မင်း အလုပ်များတယ်ဆိုရင် အလုပ်များတယ်ဆိုတာ မင်းအတွက် တရားရှုမှတ်ဖို့ပဲပေါ့။ စာရင်းတွေ တွက်ချက်နေတယ်ဆိုရင် စာရင်းတွက်ချက်တာကို သတိရှိနေပါ။ တရားရှုမှတ်တာကို အချိန်မရွေး လုပ်နိုင်တယ်။ အလုပ်ကို အပြေးအလွှား သွားနေတယ်ဆိုရင် အလုပ်ကို အပြေးအလွှား သွားနေတယ်လို့ သိနေပါ”

ဒီပက်

________________________________________________


ကျွန်မသိသော ‘ဒီပ,မာ’


ကျွန်မ ... ‘ဒီပ,မာ’ကို သတိရတိုင်း ကျွန်မ၏ ကမ္မဋ္ဌာန်းဆရာတဦးအဖြစ်သာမက သာမန်အမျိုးသမီးတဦး၊ သာမန်မိခင်တဦး၊ သာမန်ဖွားအေတဦး အဖြစ်လည်း အမှတ်ရမြဲ ဖြစ်သည်။

‘ဝိပဿနာတရားရှုမှတ်မှုဆိုင်ရာအဖွဲ့အစည်း’တွင် တရားပြရန် ‘ဒီပ,မာ’၊ သမီးဖြစ်သူ ‘ဒီပ’နှင့် မြေးဖြစ်သူ ‘ရစ်ရှီ’တို့ ရောက်ရှိစဉ် ‘ဘာရီ’ရှိ တည်းခိုရာအိမ်၏ ကြမ်းပြင်ပေါ်၌ ထိုင်နေလေ့ရှိသော ‘ဒီပ,မာ’ကို မြင်ယောင်သည်။

မြေးငယ်ဖြစ်သူ ‘ရစ်ရှီ’နှင့် ရယ်ရယ်မောမော အတူ ကစားနေကြရာမှ ထ၍ တစုံတဦးကို တရားရှုမှတ်ပုံ သင်ပြချင် သင်ပြတတ်သည်။

ပြီးလျှင် အဝတ်အစားများကို လက်ဖြင့် လျှော်ဖွပ်၍ အပြင် ကြိုးတန်းတွင် ထွက်လှန်းနေတတ်သည်။

လမ်းလျှောက်တရားရှုမှတ်ရာမှ အိမ်ထဲ ပြန်ဝင်လာပြီး သမီး ‘ဒီပ’က ချက်ပြုတ်၊ မြေးငယ် ‘ရစ်ရှီ’က ပြေးလွှား ဆော့ကစားနေသည့်ကြားတွင် ထိုင်လျက် တရားရှုမှတ်နေတတ်သည်။

တစုံတယောက် သူ့ရှေ့ လာထိုင်လျှင်မူ မျက်လုံးအသာဖွင့်ကာ မေတ္တာဖြင့် လွှမ်းခြုံပေးလေ့ရှိသည်။

ဤသည်မှာ ‘ဒီပ,မာ’၏ မေတ္တာအပြည့်ဖြင့် ရိုးရိုးရှင်းရှင်း တရားရှုမှတ်နည်း သင်ကြားပေးပုံ ဖြစ်သည်။

ရှာရွန်ဆဲလ်ဘာ့ဂ်

________________________________________________


မပျင်းနဲ့


‘ဒီပ,မာ’ မကွယ်လွန်မီ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့စဉ် “ဂျိုးဇက် .. ၂-ရက်လောက် ထိုင်ပြီး တရားမှတ်စမ်းပါ” ဆိုသော စကားကို အမှတ်ရသည်။
‘နှစ်ရက်တရားစခန်း’ မဟုတ်။
နှစ်ရက်စလုံး မထဘဲ ဆက်တိုက် ထိုင်လျက် တရားရှုမှတ်ခိုင်းခြင်း ဖြစ်သည်။
ကျွန်တော်က ရယ်မောပြီး မဖြစ်နိုင်ကြောင်း ပြောရသည်။
ထိုအခါ ရိုးရှင်းသော ‘ဒီပ,မာ’၏ ကရုဏာစကားမှာ “ဂျိုးဇက် .. မပျင်းစမ်းပါနဲ့” ဟူ၍ ဖြစ်၏။

ဂျိုးဇက်ဂိုးလ်စတိန်း

________________________________________________


နောက်တွန့်အတွေးများ


၁၉၇၄-ခုနှစ် အမေရိကသို့ အပြန် ‘ဒီပ,မာ’အား နှုတ်ဆက်ရန် ကာလကတ္တားသို့ ခေတ္တ ဝင်ရောက်သည်။
အမေရိကတွင် ခဏပြန်နေ၍ ကျန်းမာရေးအတွက် ဆေးစစ်၊ ငွေစုပြီးး အိန္ဒိယသို့ ပြန်လာမည်ဟု ပြောသောအခါ ‘ဒီပ,မာ’က ခေါင်းကို တွင်တွင်ခါလေသည်။

“မင်း .. ဒီကို ပြန်မလာဖြစ်တော့ပါဘူး၊ ဟိုမှာ ဂျိုးဇက်နဲ့အတူ ဝိပဿနာသင်တန်းတွေ ပေးနေဖြစ်ပါလိမ့်မယ်”
“မဖြစ်နိုင်ပါဘူး”
“ဖြစ်ကိုဖြစ်မှာ”
“မဖြစ်နိုင်ပါဘူး”

နောက်ဆုံး ‘ဒီပ,မာ’က ကျွန်မကို စူးစိုက်ကြည့်ပြီး -
“ရှာရွန် .. ဘာမဆို ဖြစ်အောင် မင်းလုပ်နိုင်ပါတယ်၊ လုပ်ရင် ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကသာ တွန့်ဆုတ်နေအောင် လုပ်တာ။ မင်း တကယ် နားလည်သဘောပေါက်နေပြီဖြစ်တဲ့ ဒုက္ခအကြောင်း တခြားသူတွေ သိသွားအောင်လဲ သင်ပြပေးပါဦး”

ဤ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ‘ဒီပ,မာ’၏ အားပေးတိုက်တွန်းစကားဖြင့် အမေရိကသို့ ပြန်ရောက်လာခဲ့ပြီး သူမ၏ စကားအတိုင်း အမှန်ပင် ဖြစ်ခဲ့လေသည်။

ရှာရွန်ဆဲလ်ဘာ့ဂ်

________________________________________________


မင်းမှာ အချိန်တွေ လုံလုံလောက်လောက် ရှိပါတယ်


“မင်းဟာ အိမ်ရှင်မတယောက်ဆိုရင် မင်းမှာ အချိန်လုံလုံလောက်လောက် ရှိနေပါပြီ။ မနက်စောစော ၂-နာရီလောက် တရားရှုမှတ်နိုင်တယ်။ ညပိုင်းမှာလဲ နောက် ၂-နာရီလောက် တရားရှုမှတ်နိုင်သေးတာပဲ။ ၄-နာရီနဲ့ အိပ်ရေးဝအောင် အကျင့်လုပ်ပါ။ ၄-နာရီထက် ပိုပြီး အိပ်ချိန် မလိုပါဘူး” ဟု ‘ဒီပ,မာ’ပြောခဲ့သည့်နေ့မှ စ၍ ကျွန်မ၏ အိပ်ချိန်ကို လျှော့ကာ ညဖက်တွင် တခါတရံ သန်းခေါင်တိုင်အောင်လည်းကောင်း၊ မနက်စောစော ၂-နာရီ သို့မဟုတ် ၃-နာရီတွင် အိပ်ရာမှ ထ၍လည်းကောင်း တရားရှုမှတ်ခဲ့ပါသည်။

ကျန်းမာမှ အဆက်မပြတ် အမြဲ တရားရှုမှတ်နေနိုင်မယ်။ ကျန်းမာအောင် ငါးပါးသီလကို နေ့စဉ် လုံခြုံအောင် ထိန်းသိမ်းပါဟုလည်း ဆိုခဲ့ပါသေးသည်။

ပရီတီမိုရီ ဘရူးဝါး

________________________________________________


တတ်နိုင်သမျှ လုပ်


“နာနီ(ဒီပ,မာ) ဝိပဿနာသင်ပေးတယ်လို့ သတင်းကြားတယ်၊ ဝိပဿနာဆိုတာ ဘာလဲ နာနီ” ဟု ကျွန်မမေးသောအခါ နာနီက ဝိပဿနာအကြောင်း ရှင်းပြပါသည်။

“ငါလဲ တချိန်က မင်းလို ဒုက္ခပင်လယ်ကြောမှာ မျောနေခဲ့တာပဲ၊ ဒီဒုက္ခတွေက လွတ်အောင် တနည်းနည်းနဲ့ မင်း ကူးမြောက်နိုင်ပါလိမ့်မယ်”

“ကျွန်မမှာ အမေကတဖက်၊ သားကတဖက် စိတ်ပူစရာတွေနဲ့၊ မိသားစုကိစ္စလဲ ကျွန်မပဲ၊ ကျွန်မတို့ရဲ့ မုန့်လုပ်ငန်းကိုလဲ ကျွန်မပဲ ဦးစီးနေရတာ၊ ဝိပဿနာအားထုတ်ဖို့ ဖြစ်နိုင်မယ် မထင်ဘူး”

“ဘယ်သူပြောလဲ မဖြစ်နိုင်ဘူးလို့၊ သားနဲ့ အမေ့အကြောင်း စဉ်းစားနေရင် သားနဲ့ အမေအကြောင်း စဉ်းစားနေတယ်လို့ သတိရှိလိုက်ပါ။ အိမ်အလုပ်တွေ လုပ်နေရင် လုပ်နေတဲ့ အလုပ်အပေါ်မှာ သတိရှိနေပါ။ လူ့ဘဝမှ ပြဿနာအားလုံးကို ဖြေရှင်းဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကြုံတွေ့ ခံစားနေရတဲ့ အဖြစ်အပျက်တွေ အားလုံးအပေါ်မှာသာ သတိရှိနေပါ”

“ဒါပေမယ့် မိသားစုကိစ္စနဲ့ မုန့်လုပ်ငန်းကိစ္စကြားမှာ ကျွန်မအတွက် တရားအားထုတ်နိုင်ဖို့ အချိန်ကလေး ငါးမိနစ်ရှာဖို့တောင် ခပ်ခက်ခက်ပဲ”

“အချိန်ကလေး ငါးမိနစ်ရှာနိုင်ရင် ငါးမိနစ်တရားရှုမှတ်ပါ။ အချိန်နည်းနည်းလေးပဲ ဖြစ်ပါစေ တရားရှုမှတ်ဖို့က အဓိကပဲ”

“ငါးမိနစ်အချိန်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး နာနီရယ်”

“ဒါဆို မင်း ငါနဲ့ ဒီမှာ ခုပဲ ငါးမိနစ်တရားရှုမှတ်နိုင်မလား”

ကျွန်မအတွက် မငြင်းသာသဖြင့် နာနီနှင့် ငါးမိနစ် တရားထိုင်လိုက်ပါသည်။
အချိန်မပေးနိုင်ကြောင်း အတန်တန်ပြောသည့်ကြားကပင် နာနီက တရားရှုမှတ်ပုံ ရှုမှတ်နည်းကို သင်ပြပေးပါသည်။

နောက်ဆုံးတော့ တနေ့လျှင် ငါးမိနစ်အချိန်ပေးနိုင်ပြီး နာနီသင်ပြသည့်အတိုင်း တရားရှုမှတ်ဖြစ်ပါသည်။
ထိုငါးမိနစ်သော အချိန်ကလေးများသည် ကျွန်မအတွက် အဖိုးမဖြတ်နိုင်ခဲ့ပါ။
နေ့စဉ် ငါးမိနစ်မျှအချိန်ကလေးမှ တဖြည်းဖြည်း တိုး၍ တိုး၍ ရှုမှတ်လာဖြစ်ပါသည်။
တရားရှုမှတ်မှုသည် ကျွန်မအတွက် အရေးအကြီးဆုံး ဖြစ်လာပါသည်။
ဘယ်အချိန်မဆို တရားရှုမှတ်၍သာ နေချင်ပါသည်။
တရားရှုမှတ်ရန်အချိန်ကိုလည်း ပို၍ ပို၍ ပေးလာနိုင်ပါသည်။
တနေ့လျှင် နာရီပေါင်းများစွာ ညဥ့်နက်သည်ထိ တရားရှုမှတ်ဖြစ်လာပါသည်။ တခါတရံ အလုပ်များ အားလုံးပြီးစီးသည့်အခါ ညလုံးပေါက် တရားရှုမှတ်ဖြစ်ပါသည်။

ကျွန်မ မသိခဲ့သော ကျွန်မတွင်ရှိနေသည့် တရားရှုမှတ်ရန် စွမ်းအားနှင့် အချိန်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။

သုဒိပတိဘရူးဝါး

________________________________________________


ဘာမှ မမြဲ


၁၉၈၄-ခုနှစ်တွင် သားဖြစ်သူ ကွယ်လွန်ခဲ့စဉ် ပြောခဲ့သည့် ‘ဒီပ,မာ’၏ စကားများသည် ကျွန်မအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်၏။
ကျွန်မ မမေ့နိုင်သော လိုက်နာရန် ခဲယဉ်းသည့် ညွှန်ပြချက်တခု ဖြစ်၏။

“မင်းရဲ့သား လောကကြီးထဲက ဒီနေ့ ထွက်သွားပြီ။ ဒီအတွက် မင်း ဘာလို့ တုန်လှုပ်ခြောက်ခြားနေရတာလဲ။ ဘာမဆို မမြဲဘူး၊ မင်းအသက်လဲ မမြဲဘူး၊ မင်းရဲ့ ယောက်ျားလဲ မမြဲဘူး၊ မင်းရဲ့ သားလဲ မမြဲဘူး၊ မင်းရဲ့ သမီးလဲ မမြဲဘူး၊ မင်းရဲ့ ပိုက်ဆံ ငွေကြေးဆိုတာလဲ မမြဲဘူး၊ မင်းရဲ့ အိမ်လဲ မမြဲဘူး၊ ဘာဆို ဘာမှ မမြဲဘူး၊ မြဲတယ်ဆိုတဲ့အရာ ဘာမှ မရှိဘူး။ အသက်ရှင်နေတုန်း မင်းထင်မယ် .. ဒါ ငါ့သမီးပဲ၊ ဒါ ငါ့ယောက်ျားပဲ၊ ဒါ ငါပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ ဒါ ငါ့အိမ်၊ ဒီကားကို ငါပိုင်တာ။ ဒါပေမယ့် မင်းသေသွားရင် ဒါတွေအားလုံး မင်းနောက် ပါမသွားဘူး။
သုဒိပတိ ... မင်းကိုယ်မင်း တရားနဲ့နေတယ်ဆိုတဲ့ လူဆို ..၊ ဘာမှ မမြဲဘူးဆိုတာ မင်းနားလည်သဘောပေါက်ရမှာပေါ့”

သုဒိပတိဘရူးဝါး

________________________________________________


နှစ်ရက် သုံးရက်ပဲ ဖြစ်ဖြစ်


ညနေတိုင်း အမေ့(‘ဒီပ,မာ’၏ညီမ ‘ဒေါ်ဟေမာ’)ကို ဘုန်းတော်ကြီးကျောင်းသို့ လိုက်ပို့ရာတွင် တခါ၌ မြန်မာအမျိုးသမီးတဦးနှင့် စကားစမြည် ပြောဖြစ်ပါသည်။ ထိုအမျိုးသမီးမှာ သားသမီးငယ်များ ရှိပြီး နေ့ခင်းဖက် အလုပ်ကိစ္စများ ပြီးစီး၍ ညဖက် သားငယ် သမီးငယ်များ အိပ်ရာဝင်ပြီးချိန်မှ တရားရှုမှတ်မှုကို ပြုလုပ်နိုင်သူ ဖြစ်သည်။
ထိုသို့ ရှုမှတ်လာခဲ့ရာ ၂-လအတွင်း တရား၏ သဘောသဘာဝများကို တွေ့ရှိလာကြောင်း ပြောပြပါသည်။

ကျွန်မ အားကျပြီး အချိန်ပြည့် စာသင်ကြားပေးနေသည့် အလုပ်နှင့် မဟာဝိဇ္ဇာဘွဲ့အတွက် စာကြည့်နေရသည့် အချိန်များထဲမှ တရားရှုမှတ်ရန် ဆုံးဖြတ်ချက် ချလိုက်ပါသည်။
နံနက်တွင် ၄း၀၀ နာရီအချိန် အိပ်ရာမှ ထ၍ မနက် ၅ နာရီခွဲအထိ တရားရှုမှတ်ပါသည်။
ထိုနောက် ကျောင်းသို့ သွား၍ မွန်းလွဲ ၃ နာရီခွဲထိ စာသင်ကြားပေးရပါသည်။
ထိုနောက် အမေ့ကို ဘုန်းကြီးကျောင်းသို့ လိုက်ပို့ပြီး ည ၉း၀၀ နာရီထိ မဟာဝိဇ္ဇာဘွဲ့အတွက် စာကြည့်ပါသည်။
ထိုနောက် အိမ်မှ ခွေးနှင့်အတူ ၁-နာရီခန့် လမ်းလျှောက်ထွက်ရင်း တရားရှုမှတ်ပါသည်။
ထိုနောက် ည ၁၁း၀၀ နာရီအထိ ထိုင်၍ တရားရှုမှတ်ပြီး အိပ်ရာဝင်ပါသည်။

အချိန်တိုင်းနီးနီးမျှ ကျောင်းအသွား ဘတ်စ်ကားပေါ်တွင်လည်းကောင်း၊ စာသင်နေစဉ်အတွင်းလည်းကောင်း ဘယ်နေရာမဆို ဖြစ်ပေါ်လာသော အာရုံအသီးသီးကို စိတ်ထဲက သိနေအောင် သတိရှိနေအောင် လေ့ကျင့်ပါသည်။
နှစ်ပတ် သုံးပတ်ခန့် ကြာသောအခါ ‘မုနိန္ဒရဂျီး’က ကျွန်မအား ခွင့်ရက်ရှည်ယူ၍ ရိပ်သာ၌ လာရောက် တရားအားထုတ်ရန် တိုက်တွန်းသည်။
ကျောင်းမှ ခွင့်ရက်ရှည်ယူရန် မဖြစ်နိုင်ကြောင်း ပြောသောအခါ ‘မုနိန္ဒရဂျီး’က “ဒါဆို .. ၂-ရက် ၃-ရက်လောက်ဖြစ်ဖြစ် ခွင့်မရနိုင်ဘူးလား”ဟု ဆိုသည်။

ကျွန်မ ခွင့် ၂-ရက်ယူပြီး ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ထိ ရိပ်သာသို့ သွားရောက် တရားအားထုတ်ခဲ့ပါသည်။
ကျွန်မအတွက် ရှားရှားပါးပါး ရသောအချိန်ဖြစ်၍ ကြာသပတေးနေ့ တညလုံးနှင့် သောကြာနေ့တွင်လည်း အချိန်ပြည့် တရားရှုမှတ်နေခဲ့ပါသည်။
ကျွန်မအတွက် အဖိုးမဖြတ်နိုင်အောင် အကျိုးများခဲ့ပါသည်။

ဒေါ်သန်းမြင့်

________________________________________________


တန်ဖိုးအရှိဆုံးသော အရာ


ကျွန်တော် ကာလကတ္တား၌ ဝိပဿနာဆိုင်ရာ သုတေသနလုပ်ငန်းများ ပြုလုပ်နေစဉ် အမျိုးသမီးတဦးကို ကျွန်တော့ထံသို့ ‘ဒီပ,မာ’ ခေါ်လာခဲ့ပါသည်။
‘ဒီပ,မာ’၏ အိမ်နီးချင်းဖြစ်သူ အသက် ၆၅-နှစ်အရွယ်ရှိ ‘မဒူရီလာတာ’ ဖြစ်၏။
မဒူရီတို့ မိသားစုမှာ အခြားသော အိန္ဒိယမိသားစုများနှင့် မတူညီလှပေ။ ကျွေးမွေးပြုစုခဲ့သော သားသမီးများမှာ အရွယ်ရောက်လာပြီး တအိုးတအိမ်ထူထောင်ကြသောအခါ အခြားသော အိန္ဒိယမိသားစုများကဲ့သို့ မိဘအိမ်တွင် အတူ မနေကြ။ အဝေးသို့ ပြေးထွက်ကုန်ကြ၏။
ထို့ကြောင့် အိမ်တွင် မဒူရီနှင့် သူ့ခင်ပွန်းသာ ကျန်ရစ်၏။

“မဒူရီ .. ခုဆို မင်းမှာ အိမ်အလုပ်တွေလဲ သိပ်မရှိလှတော့ပါဘူး၊ မင်းတို့ရဲ့ ကြီးဒေါ်ကြီး ‘ဒီပ,မာ’ ဝိပဿနာသင်တန်းပေးတယ်လို့ ကြားတယ်။ သူ့ဆီ သွားကြည့်ပါလား၊ မင်းအတွက် တခုခု လုပ်စရာ ရနိုင်မှာပေါ့”

မဒူရီမှာ ပင်ကိုယ်အားဖြင့် ဉာဏ်လေးသူတဦး ဖြစ်၏။
‘ဒီပ,မာ’ဆီသို့ ရောက်သွားသောအခါ ‘ဒီပ,မာ’က အခြေခံဝိပဿနာရှုမှတ်နည်းဖြစ်သော အသက်ရှူသွင်းလျှင် ဝမ်းဗိုက်ကြီး ဖောင်းလာ၍ အသက်ရှူထုတ်သောအခါ ဝမ်းဗိုက်ကြီး ပိန်ကျသွားပုံကို သတိထား၍ ‘ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်’ဟု သတိကပ်၍ နေရန် သင်ပြပေး၏။
“ကောင်းပြီလေ”ဟု ဆိုကာ လေးထပ်တွင်ရှိသော ‘ဒီပ,မာ’၏နေအိမ် အခန်းမှ လမ်းတဖက်ရှိ သူ့အိမ်သို့ ပြန်ရန် မဒူရီ ပြင်၏။
လှေခါးမှ ဆင်းလာသည်မှာ တိုက်အောက်သို့ပင် မရောက်သေး။ ‘ဒီပ,မာ’သင်ပြပေးသည်တို့ကို မေ့ကုန်သဖြင့် ‘ဒီပ,မာ’ဆီသို့ ပြန်တက်လာခဲ့ရ၏။

“ဘာလုပ်ရမယ်ဆိုတာ ပြန်ပြောစမ်းပါအုန်း”
“ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ မှတ်နေရမှာလေ ..”
“အို .. ဟုတ်သားပဲ၊ ငါ့နှယ် မေ့တတ်ရန်ကော”

ဤကဲ့သို့ လှေခါးအဆင်းမှာပင် ‘ဒီပ,မာ’သင်ကြားပေးသည်ကို မေ့သဖြင့် ၄-ကြိမ်တိုင်တိုင် ပြန်တက်လာခဲ့ရသည်။
‘ဒီပ,မာ’ကလည်း စိတ်ရှည်လက်ရှည် သင်ကြားပေးသည်။
အခြေခံဝိပဿနာရှုမှတ်နည်းမျှကိုပင် နားလည်သဘောပေါက်ရန် မဒူရီအတွက် တနှစ်မျှ အချိန်ကြာခဲ့၏။

တကယ်နားလည်သဘောပေါက်သောအခါ မဒူရီတယောက် ကျားကုတ်ကျားခဲ စွဲစွဲမြဲမြဲ တရားရှုမှတ် အားထုတ်သည်။
တရားအားမထုတ်မီက မဒူရီမှာ အရိုးအဆစ် အကြောရောဂါပေါင်းစုံဖြင့် ၉၀-ဒီဂရီမျှ ခါးကုန်းနေသူ ဖြစ်သည်။
ကျွန်တော်နှင့် တွေ့ဆုံသောအချိန်တွင် မဒူရီတယောက် တရားနှင့် မွေ့လျော်နေပြီ ဖြစ်၏။ ခါးလည်း မကုန်းတော့။ ရောဂါအတော်များများလည်း မရှိတော့။
ရိုးစင်းသော နူးညံ့သော နှစ်လိုဖွယ်ကောင်းသော မဒူရီပါပေ။

“အံ့သြကုန်နိုင်ဖွယ် ဒီအကြောင်းတွေကို တယောက်ယောက်ကို ပြောပြချင်နေတာ အမြဲပဲ။ ဒီအရင် ဘယ်သူ့ကိုမှ ပြောမပြရသေးပါဘူး။ ကျွန်မဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့အရာပါပဲ”

ဂျက်အင်ဂလာ

________________________________________________


အတွေးမှ လာသော စိတ်လှုပ်ရှားမှုများ


ဗီယက်နမ်ရဟန်းတော် ‘အရှင်ခိပ္ပပညာ’မှာ စိတ်လှုပ်ရှားလွယ်သူတဦး ဖြစ်၏။
၁၉၆၉-ခုနှစ် ၅-ရက်တရားစခန်းတခု၌ ငိုလိုက် ရီလိုက်ဖြစ်နေသော ‘အရှင်ခိပ္ပညာ’ကို ဆရာဖြစ်သူက ရူးသွပ်သွားပြီထင်ကာ အိမ်သို့ ပြန်စေ၏။
ဤအကြောင်းကို ကြားသိသော ‘ဒီပ,မာ’က ‘အရှင်ခိပ္ပပညာ’ကို ပင့်ကာ တရားရှုမှတ်နည်း သင်ပြပေးခဲ့သည်။

“တလလုံး တကာမကြီးရဲ့ အိမ်မှာပဲ ဦးဇင်း တရားရှုမှတ်နေခဲ့တယ်။ ‘ဒီ ငိုလိုက် ရီလိုက်ဖြစ်တာတွေ ပျောက်သွားမှာပါ။ အရာရာတိုင်းကို သတိရှိနေပါ။ ဒီ စိတ်လှုပ်ရှားမှုတွေအားလုံး ပျောက်သွားမယ်။ ဦးဇင်းရဲ့ စိတ်ထဲမှာ ပျော်တယ်ဆိုရင် ပျော်တယ်ဆိုတဲ့အထဲ လိုက်ပြီး မျောပါမနေစေနဲ့။ ပျော်တယ်လို့ပဲ သတိရှိလိုက်ပါ။ ဝမ်းနည်းတယ်ဆိုရင် လိုက်ပြီး ဝမ်းနည်းမနေစေနဲ့။ ဝမ်းနည်းတယ်လို့ သတိရှိလိုက်ပါ။ ဘာပဲ ပေါ်လာ ပေါ်လာ၊ စိတ်မပူနဲ့၊ ပေါ်လာတဲ့ အာရုံအပေါ်မှာသာ သတိရှိလိုက်ပါ’လို့ တကာမကြီးက ညွှန်ပြပါတယ်။”

“ဦးဇင်း နောက်ဆုံးဝင်ရောက်ခဲ့တဲ့ တရားစခန်းတခုမှာ ဒီ စိတ်လှုပ်ရှားမှုအတွေးတွေ ဝင်လာမယ် ကြံရင် တကာမကြီးရဲ့ စကားတွေကို ဦးဇင်း ပြန်သတိရတယ်။ ဒီစိတ်လှုပ်ရှားမှုတွေအတွက် ဦးဇင်းမှာ အတော်လေး အခက်အခဲ ဖြစ်တယ်။ တရားစခန်းကနေတောင် ထွက်သွားချင်မိတယ်။ ဒါပေမယ့် တကာမကြီးရဲ့ ဦးဇင်းအပေါ် ယုံကြည်မှုနဲ့ ‘ဦးဇင်းက ဇွဲကောင်းတယ်။ အရာရာကိုသာ သတိရှိနေပါ။ အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ပါလိမ့်မယ်’ဆိုတဲ့ စကားတွေကို ပြန်သတိရပြီး လုံ့လ ဝီရိယ ပိုစိုက် တရားရှုမှတ်ခဲ့ပါတယ်။ သမာဓိတွေလဲ အတော်လေး ကောင်းခဲ့ပါတယ်”

“မကြာခင်မှာပဲ ဒီစိတ်လှုပ်ရှားမှုဆိုတာတွေ အားလုံးဟာ အတွေးတွေက ပေါက်ဖွားလာတာပဲ။ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ဒီအတွေးတွေကသာ စိတ်လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို ဦးဇင်း သတိပြုမိလာပြီး ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး ဒီအတွေးတွေအားလုံးဟာ အတိတ် ဒါမှမဟုတ် အနာဂတ်အကြောင်းအရာတွေကနေ ဖြစ်လာတယ်ဆိုတာ တွေ့တော့ ဦးဇင်း ပစ္စုပ္ပန်မှာပဲ နေတတ်အောင် ကြိုးစားတယ်။ သတိနဲ့ အမြဲနေတတ်အောင် ပိုပြီး ကြိုးစားတယ်။ ဦးဇင်းမှာ တွေးတယ်ဆိုတဲ့ အချိန်မရှိစေဘဲ သတိနဲ့နေတတ်လာတဲ့အခါ ဦးဇင်းရဲ့ စိတ်လှုပ်ရှားမှုတွေအားလုံး ပျောက်ကုန်တယ်။ ဦးဇင်း တရားရဲ့ သဘောသဘာဝတွေကို တွေ့လာခဲ့ပါတယ်။ ငိုလိုက် ရီလိုက်ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုတွေလဲ လုံးဝ ပြန်မလာတော့ပါဘူး”

“၁၉၈၄-ခုနှစ်မှာတော့ ‘ဒီပ,မာ’နဲ့ အမေရိကမှာ ပြန်တွေ့ခဲ့ပါတယ်။
အမေတယောက်က သားကို ပြန်တွေ့သလို ဦးဇင်းကို သူ့ဘေးနားခေါ်ပြီး ဦးဇင်းရဲ့ တရားရှုမှတ်မှုတွေအကြောင်း မေးပါတယ်။
ဦးဇင်းရဲ့ အတွေ့အကြုံတွေ ပြန်ပြောပြတော့ အလွန်ပဲ ဝမ်းမြောက်ရှာပါတယ်”

အရှင်ခိပ္ပပညာ

________________________________________________


သူခိုးတဦးသို့ မေတ္တာ


လွန်ခဲ့သော ၂-နှစ်အတွင်း နယူးယောက်သို့ သွားတိုင်း ကျွန်တော့ကားမှန်ကို ရိုက်ခွဲပြီး ကားရေဒီယို အခိုးခံရလေ့ရှိ၏။
သည်တကြိမ် နယူးယောက် ကွင်းအရပ်ရှိ မိတ်ဆွေတဦး၏ မင်္ဂလာဆောင်သို့ ဖိတ်ကြားလာသောအခါ နယူးယောက်သို့ ရထားဖြင့် သွားရန် စဉ်းစားနေကြောင်း ‘ဒီပ,မာ’အား ပြောပြမိသည်။

“အရေးထားမနေပါနဲ့၊ ကားနဲ့သာ သွားစမ်းပါ”ဟု ‘ဒီပ,မာ’က ဆိုသဖြင့် နောက်ဆုံးတွင် ကားဖြင့်သာ သွားဖြစ်၏။
ထိုစဉ်က ကားတွင် ကားလုံခြုံရေးစနစ်ကို တပ်ဆင်ထားပြီး ဖြစ်၏။

မင်္ဂလာဆောင်မှ အပြန် ရပ်ထားခဲ့သော ကားဆီ ရောက်သောအခါ ထင်သည့်အတိုင်း ကားမှန်ကို ရိုက်ခွဲထားပြီး ဖြစ်၏။ သည်တကြိမ်တွင် ကားရေဒီယိုသာမက တိတ်ခွေများပါ ယူသွား၏။

နယူးယောက်မှ ပြန်လာပြီး အိမ်ထဲ ရောက်လျှင်ရောက်ချင်း “မင်္ဂလာဆောင် ဘယ်လိုလဲ”ဟု ‘ဒီပ,မာ’က ဆီးမေးသည်။
“မင်္ဂလာဆောင်ကတော့ စည်စည်ကားကားပါပဲ၊ ခုတခါလဲ ကားမှန်ခွဲပြီး ရေဒီယိုရော တိတ်ခွေတွေရော ယူသွားတာတော့ တကယ်စိတ်ဆိုတယ်”ဟု ပြန်ပြောသောအခါ ‘ဒီပ,မာ’က အားပါးတရ ရယ်မောတော့၏။
“ရီစရာကောင်းလို့လား”ဟု ကျွန်တော် မကျေမနပ် ပြန်မေးမိသည်။

“စတိဗ် .. အရင်ဘဝက မင်း သူခိုးဖြစ်ခဲ့တယ် ထင်တယ်။ နောက်ထပ် ဘယ်နှကြိမ်လောက်များ မင်းကားရေဒီယို အခိုးခံရလိမ့်မယ် ထင်သလဲ”
“နာနီပဲ ပြောစမ်းပါဦး၊ နောက်ထပ်ဘယ်နှကြိမ်လဲ၊ ပြောပါ .. အဆင်သင့် ပြင်ထားရအောင်”

‘ဒီပ,မာ’က ကျွန်တော့မေးခွန်းကို အလေးမထားဘဲ “ပြောစမ်းပါဦး၊ မင်းကား အဖောက်ခံရတော့ မင်း ဘယ်လိုဖြစ်သလဲ၊ ဘာလုပ်သလဲဆိုတာ”
“တကယ်ကို စိတ်ဆိုးတယ်၊ အကြိမ်ပေါင်းလဲ မနည်းတော့ဘူး၊ ဒီတခါ ကားလုံခြုံရေးစနစ်ကိုလဲ တပ်ထားတယ်ဆိုတော့ ...”

‘ဒီပ,မာ’က ကျွန်တော့ကို တအံ့တသြ ကြည့်နေ၏။
“အော် .. မင်းကားရေဒီယို ယူသွားတဲ့လူအတွက် မင်းဘာမှ နည်းနည်းလေးတောင် မစဉ်းစားဘူးပေါ့လေ၊ သူ့ခမျာ ဘယ်လောက်များ သနားစရာကောင်းလိုက်မလဲ”

‘ဒီပ,မာ’ မျက်လုံးမှိတ်ကာ ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုနေတော့၏။
ကားသူခိုးအတွက် မေတ္တာပို့သနေခြင်းပင် ဖြစ်သည်။
ကျွန်တော့အတွက်ကား အံ့သြကုန်နိုင်ဖွယ် သင်ခန်းစာတရပ်ပင် ဖြစ်၏။

စတီဗင်ရှဝပ်ဇ်

________________________________________________

‘ဒီပ,မာ’၏ညီမဖြစ်သူ ‘ဒေါ်ဟေမာ’သည် ကလေး ၈-ယောက်၏ မိခင် ဖြစ်၏။
အိမ်တွင် မိဘများနှင့် အတူနေဆဲဖြစ်သော ကလေး ၅-ယောက်အနက် မသန်းမြင့်လဲ တယောက် အပါအဝင် ဖြစ်၏။

ကောလိပ်ကျောင်းပိတ်ရက် မသန်းမြင့် အိမ်သို့ ပြန်ရောက်သောအခါ အမေဖြစ်သူ ဒေါ်ဟေမာကို အိမ်တွင် မတွေ့ရ။
မသန်းမြင့်အတွက် ထူးဆန်းနေ၏။ အမေသည် ဘယ်သောအခါမျှ အိမ်ကနေ အဝေးသို့ သွားလေ့သွားထ မရှိ။
မောင်လေးနှင့် ညီမလေးများက အမေ မဟာစည်သာသနာ့ရိပ်သာသို့ သွားသည်ဟု ဆိုကြ၏။
ရိပ်သာသို့ မသန်းမြင့် ချက်ချင်းပင် လိုက်သွားသည်။
ရိပ်သာဓမ္မာရုံတွင် မုနိန္ဒရဂျီး၏ နောက်နားတွင် တည်ငြိမ်အေးဆေးစွာ ထိုင်နေသော အမေ့ကို တွေ့ရသည်။
အမေက မသန်းမြင့် ရောက်လာသည်ကိုပင် ဂရုမထား။
မသန်းမြင့် အမေ့ကို အားကျသွားသည်။
အမေ့ကဲ့သို့ ငြိမ်းအေးချင်၏။
အမေ့ကို ပြောင်းလဲသွားစေနိုင်သော တရားရှုမှတ်မှု၌ အလွန်ကြီးမားသော တန်ခိုး စွမ်းအင်များ ရှိနိုင်သည်။
မသန်းမြင့် တရားရှုမှတ်ရန် ဆုံးဖြတ်လိုက်သည်။
နောင်တွင် တရားရှုမှတ်မှုသည် ကိုယ်စိတ်နှစ်ပါး တည်ငြိမ်အေးချမ်းရုံမျှသာ မဟုတ်ကြောင်း တွေ့ရှိလာခဲ့ပါသည်။

အမေ့ပြောင်းလဲမှုများနှင့် ပတ်သက်၍ အားမကျရုံသာမက အပြစ်မြင်သူတဦးတော့ အိမ်တွင် ရှိ၏။
အိမ်အလုပ်များ မလုပ်ဘဲ အချိန်ရှိသမျှ ထိုင်နေတာပဲဟု မြည်တွန်တောက်တီးလာသူမှာ မသန်းမြင့်တို့အဖေ ဖြစ်၏။
‘မဟာစည်ဆရာတော်ဘုရားကြီးကို သွားတိုင်ပြောမယ်’ဟုပင် အဖေက အမေ့ကို ခြိမ်းခြောက်လာသည်။
အမေက ‘ရှင့်သဘောပဲ’ဟု အေးအေးဆေးဆေး ပြန်ပြောခဲ့သည်။

အဖေသည် တကယ်ပင် မဟာစည်ဆရာတော်ဘုရားကြီးထံသို့ သွားရောက်ခဲ့သည်။
မဟာစည်ဆရာတော်ကြီးက အဖေ့ကို တရားရှုမှတ်နည်း သင်ကြားပေးလိုက်၏။
မကြာခင် အဖေ တရားသဘောတွေ့လေပြီ။
အမေ့ကို ထိုင်ပဲထိုင်နေလွန်းတယ် ဟူ၍ ဘယ်တော့မှ မြည်တွန်ခြင်း မရှိတော့ချေ။

၁၉၆၅-ခုနှစ်၌ မုနိန္ဒရဂျီး အိန္ဒိယသို့ ပြန်သွားခဲ့ပြီး ၁၉၆၆-ခုနှစ်တွင် ‘ဒီပ,မာ’ကိုယ်တိုင်ပင် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို သူနှင့်အတူ တရားရှုမှတ်ရန် တိုက်တွန်းခဲ့သည်။
‘ဒီပ,မာ’ထံ ပထမဦးဆုံး ပုံမှန် လာရောက် တရားရှုမှတ်သူမှာ အိမ်နီးနားချင်း ‘မလတီဘရူးဝါး’ ဖြစ်သည်။
မလတီမှာ ကလေးငယ် ခြောက်ယောက်ကို ကျွေးမွေး စောင့်ရှောက်နေရသည့် မုဆိုးမတဦး ဖြစ်သည်။ မလတီတွင် ကြီးမားသော အခက်အခဲတခု ရှိနေ၏။ တရားရှုမှတ်ရန် စိတ်အား ထက်သန်သော်လည်း ကလေးငယ်များ ရှိနေ၍ အိမ်မှ တဖဝါးခွာရန် ခက်နေခြင်း ဖြစ်သည်။

တရားရှုမှတ်ရန်အတွက် အချိန်အခါ နေရာမရွေးဟု ‘ဒီပ,မာ’ ယုံကြည်၏။
မလတီကို သူ့အိမ်မှာနေရင်း တရားရှုမှတ်နိုင်အောင် သင်ပြပေးသည်။
မလတီအတွက် ကမ္မဋ္ဌာန်းအာရုံအဖြစ် ကလေးကို နို့တိုက်သည့်အခါတိုင်း ကလေးငယ်က နို့သီးခေါင်းကို ဆတ်ကနဲ ဆတ်ကနဲ စုပ်ယူ၍ နို့စို့သည်ကို သတိပြု မှတ်ခိုင်းသည်။
ဤနည်းဖြင့် မလတီအတွက် အိမ်တွင် နေရင်း နာရီပေါင်းများစွာ တရားရှုမှတ်နိုင်၏။

နေ့စဉ် လူမှုဘဝ အိမ်မှုကိစ္စများတွင် ကျင်လည်နေကြရသည့် အလုပ်များသူများအတွက် တရားရှုမှတ်တတ်ရန် ‘ဒီပ,မာ’က သင်ပြပေးခဲ့လေသည်။

Wednesday, October 15, 2008

ကထိန်အကြောင်း သိကောင်းစရာ - နွယ်သာကီ(ယူအက်စ်အေ)


အချိန်အခါနှင့်အညီ ကထိန်ရာသီရောက်လေတိုင်း ကထိန်ပွဲများသို့ အရောက်သွားခဲ့ပါသည်။
သို့သော်လည်း မိတ်ဆွေများနှင့် စားသောက် ရယ်မော စကားပြော၍သာ ပြန်ခဲ့တာ များပါသည်။ အချိန်မရ၍ ဟူသော အကြောင်းပြချက်နှင့် ကထိန်တရားကို ကောင်းစွာ မနာယူခဲ့သဖြင့် ကထိန်အကြောင်းကို ကောင်းစွာ မသိခဲ့။
ထို့ကြောင့် ကထိန်အကြောင်း တစေ့တစောင်း သိလို၍ နီးစပ်ရာ ဆရာတော်အား မေးမြန်း လျှောက်ထားရာ -

မေး။ ။ အရှင်ဘုရား .. ကထိန်ဆိုတာ ဘာလဲဘုရာ့၊ တန်ဆောင်မုန်းလမှာ ပျော်ပွဲရွှင်ပွဲ ကခုန်ပွဲတွေ ကျင်းပတဲ့အခါ ဆီမီးထိန်ထိန်ထွန်းတာကို ကထိန်လို့ ခေါ်တာလား။

ဖြေ။ ။ အေး .. ကောင်းသကွာ၊ ဒကာလေး မေးလိုက်တော့မှပဲ ကထိန်ရဲ့ အဓိပ္ပာယ် ပျက်စီးတော့တယ်။ ကထိန်ဆိုတဲ့ အဓိပ္ပာယ်က ဒီလို ဒကာလေးရ။ ကထိန်ခင်းပြီးတဲ့အခါ ကထိန်ခင်းတဲ့ ကျောင်းက ပထမဝါ သီတင်းသုံးကြတဲ့ ရဟန်းတွေအားလုံး ကထိန်ရဲ့ အကျိုးငါးမျိုး ရကြတယ်။ အဲဒီ အကျိုးငါးမျိုးရရှိမှုကို ခိုင်မြဲစေတာကို ကထိန်လို့ ခေါ်တယ်။

မေး။ ။ ကထိန်ခင်းတယ်ဆိုတာကကော ဘာလဲဘုရာ့။ သင်္ကန်းတွေ စောင်တွေ တိုင်ကပ်နာရီတွေ တခြားအသုံးအဆောင်ပစ္စည်းတွေကို ပဒေသာပင်သီးပြီး ခင်းကျင်းပြသထားတာကို ကထိန်ခင်းတယ်လို့ ခေါ်တာလား။

ဖြေ။ ။ ကထိန်ခင်းတယ်ဆိုတာ သံဃာတွေ လုပ်ရတဲ့အလုပ် ဒကာလေးရ။ ကထိန်အကျိုးငါးမျိုးကို ကျောင်းတိုက်အတွင်းမှာ ဖြန့်ခင်းထားသလို ပြန့်နှံ့အောင် လုပ်တာကို တနည်းအားဖြင့် ဝိနည်းစည်းကမ်းအရ စီစဉ်တာကို ကထိန်ခင်းတယ်လို့ ခေါ်တယ်။ ဒကာ ဒကာမတွေက ကထိန်ခင်းလို့ မရဘူး ဒကာလေးရ။ ကထိန်သင်္ကန်းနဲ့ ကထိန်ပွဲဖြစ်အောင် လှူဒါန်းထောက်ပံ့တာကိုပဲ လုပ်နိုင်တယ်။ အဲဒီလို သင်္ကန်းစတဲ့ လှူဖွယ်ပစ္စည်းတွေ လှူပြီး ကထိန်ပွဲဖြစ်အောင် ဆောင်ရွက်ပေးတာကိုပဲ ကျွန်တော်ကျွန်မတို့ ဘယ်ကျောင်းမှာ ဒီနှစ် ကထိန်ခင်းတယ်လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဒကာ ဒကာမတွေက ကထိန်ခင်းလို့ မရဘူး။ သံဃာတော်တွေကပဲ ကထိန်ခင်းလို့ ရတယ်။ သံဃာတော်တွေ ကထိန်ခင်းနိုင်အောင်လို့ ဒကာ ဒကာမတွေက သင်္ကန်းလှူဒါန်းရတာမို့ ဒကာ ဒကာမတွေ ကထိန်ခင်းတယ်လို့လဲ ပရိယာယ်အနေနဲ့ ဆိုနိုင်ပါတယ်။ ဒါကြောင့် “ကျွန်တော် ကျွန်မတို့ ဘယ်ကျောင်းမှာ ဒီနှစ် ကထိန်ခင်းတယ်”လို့ ပြောတဲ့ စကားဟာ တနည်းအားဖြင့် သင့်လျော်တယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ အရှင်ဘုရား ညပ်မကြီး ညပ်မကြီးဆိုတာကကော ဘာလဲဘုရာ့။ ပဒေသာပင်မှာ ကပ်,ညှပ်ထားတဲ့ အဖိုးတန်ဆုံးအရာကို ညပ်မကြီးလို့ ခေါ်တာလား။

ဖြေ။ ။ ညပ်မကြီးဆိုတာ ဒကာလေးပြောသလို မဟုတ်ဘူး။ အသံထွက်တူပေမယ့် သတ်ပုံ စာလုံးပေါင်း မတူ၊ အဓိပ္ပာယ်မတူတဲ့ စကားလုံး ဝေါဟာရတမျိုးဖြစ်နေတယ် ဒကာလေးရ။ ကထိန်နဲ့ ပတ်သက်တဲ့ စကားလုံးက “ဉတ်”ဖြစ်တယ်။ “ဉတ္တိ”ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတယ်။ “ဉတ္တိဒုတိယကမ္မဝါစာ” ရွတ်ဖတ်ပြီး ကထိန်ခင်းထိုက်တဲ့ရဟန်းကို ကထိန်သင်္ကန်းပေးရတယ်။ ဒါကြောင့် အဲဒီ ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း”လို့ ခေါ်ရတယ်။ ဉတ်သင်္ကန်းဟာ ရဟန်းတွေ အသုံးပြုနေကြ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ ခြုံသင်္ကန်း (နှစ်ထပ်သင်္ကန်းကြီး) ဆိုတဲ့ သင်္ကန်းသုံးထည်ထဲက တစ်ထည်ထည် ဖြစ်နိုင်တယ်။

မေး။ ။ အရှင်ဘုရား ပြောရင်း ပြောရင်းနဲ့ ရှုပ်သွားပြန်ပြီ။ “ဉတ္တိဒုတိယကမ္မဝါစာ” ရွတ်ဖတ်ပြီး သင်္ကန်းပေးရတယ်ဆိုတာမှာ ဉတ်ဆိုတာက ဘာလဲဘုရာ့။ နောက်ပြီး ကမ္မဝါစာဆိုတာကြီးကကော။

ဖြေ။ ။ ဉတ်ဆိုတာက ‘သံဃာတော်ဟာ ယခု သံဃာ့ကိစ္စကို ပြုကြပါမယ်’လို့ သံဃာတော်တွေကို သိစေဖို့ ပြောကြားတာပဲ။ ကမ္မဝါစာဆိုတာကတော့ ‘သံဃာက ဒီကိစ္စကို ဒီလိုပြုလုပ်ပါတယ်၊ သဘောတူကြပါသလား၊ သဘောမတူရင် ပြောကြပါ၊ သဘောတူရင် ငြိမ်ငြိမ်နေတော်မူပါ’လို့ အဆိုပြု တင်ပြတဲ့စကားရပ်ပဲ။ နားလည်အောင် ပြောရရင်တော့ သံဃာနဲ့ပတ်သက်တဲ့ ကိစ္စတခုခုကို ပြုတဲ့အခါ သဘောတူ,မတူ မေးမြန်းပြီး သံဃာရဲ့ အတည်ပြုချက်ရဖို့ မေးမြန်းပြောဆိုတဲ့ စကားကို ကမ္မဝါစာလို့ ခေါ်တယ်။

မေး။ ။ ဘာကြောင့် ကထိန်ခင်းရတာလဲဘုရာ့။

ဖြေ။ ။ ရဟန်းတော်တွေ လိုက်နာဖို့ ဘုရားရှင်ချမှတ်ထားတဲ့ စည်းကမ်းချက် (ဝိနည်းသိက္ခာပုဒ်) အချို့ကို အချိန်ကာလ အတိုင်းအတာတခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကထိန်ခင်းရတာပဲ ဒကာလေးရ။

မေး။ ။ ဘယ်လို စည်းကမ်းချက်တွေက ကင်းလွတ်ခွင့်ရတာလဲ ဘုရာ့။

ဖြေ။ ။ ရဟန်းတပါးဟာ အိမ်တအိမ်က ဆွမ်းစားပင့်ထားပြီး ဖြစ်ပါလျက်နဲ့ အဲဒီအိမ်မှာ ဆွမ်းမစားမီဖြစ်စေ၊ ဆွမ်းစားပြီးမှ ဖြစ်စေ တခြားအိမ်ကို ကိစ္စတခုခုကြောင့် သွားချင်ရင် ရဟန်းတပါးပါးကို ပြောပြီးမှ သွားရတယ်။ မပြောဘဲ သွားရင် အာပတ်သင့်စေလို့ ဘုရားရှင်က စည်းကမ်းချမှတ်ထားတယ်။ ဒါပေမယ့် မကျန်းမာတဲ့အခါ သင်္ကန်းလှူတဲ့အခါ သင်္ကန်းချုပ်တဲ့အခါမျိုးတွေမှာတော့ ဘယ်သူ့မှ မပြောဘဲ သွားနိုင်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းကတော့ ကထိန်ခင်းပြီးတဲ့ အချိန်က စပြီး တပေါင်းလပြည့်နေ့အထိ အဲဒီ စည်းကမ်းကို မလိုက်နာဘဲ နေနိုင်တယ်။ မြို့ထဲရွာထဲ သွားတဲ့အခါမှာလဲ ဘယ်သူ့ကိုမှ မပြောဘဲ သွားနိုင်တယ်။

ရဟန်းတော်တွေမှာ ခါးဝတ်(သင်းပိုင်)၊ အပေါ်ရုံ(ဧကသီ)၊ ခြုံထည်(သင်္ကန်းကြီး)ဆိုတဲ့ သင်္ကန်းသုံးထည်ကို ဝတ်ရုံ သုံးဆောင်ပုံ နှစ်မျိုးရှိတယ် ဒကာလေးရ။
ဒီသင်္ကန်းသုံးထည်ကို သာမန် အဝတ်သင်္ကန်းအနေနဲ့ သဘောထားပြီးတော့ ဝတ်ရုံသုံးဆောင်တာနဲ့ အဲဒီသင်္ကန်းသုံးထည်ကိုပဲ သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံးဆောင်တာ ဖြစ်တယ်။

တကယ်လို့ ရဟန်းတပါးဟာ သင်္ကန်းသုံးထည်ကို သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံးဆောင်ရင် အဲဒီသင်္ကန်းသုံးထည်စလုံးနဲ့ အရုဏ်တက်ချိန်အထိ အတူ ရှိနေရမယ်။ ဝတ်ရင်လဲ ဝတ်ထား၊ ဝတ်မထားရင်လဲ သူ့ရဲ့နှစ်တောင့်ထွာ အကွာအဝေးအတွင်းမှာ ရှိနေစေရတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် အပြစ်ရှိတယ်။
ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။ ဥပမာ-ခရီးသွားရင် သင်္ကန်းတထည်ထည်ကို ယူသွားစရာ မလိုတော့လို့ ပေါ့ပေါ့ပါးပါး ခရီးသွားနိုင်တယ်။

“အရှင်ဘုရား၊ တပည့်တော်အိမ်ကို ထမင်းစားကြွပါဘုရား၊ ထမင်းဘုဉ်းပေးကြွပါဘုရား၊ မုန့်စားကြွပါဘုရား”လို့ လူသုံးစကားနဲ့ (သာသနာသုံးစကားနဲ့ မဟုတ်ဘဲ) ဆွမ်းစားပင့်ရင် လေးပါးထက်များတဲ့ ရဟန်းတွေဟာ အတူတူ တချိန်ထဲ ကြွသွားပြီး အဲဒီဆွမ်းကို မဘုဉ်းပေးကောင်းဘူး။ အပြစ်ဖြစ်တယ်။ လေးပါးအောက် နည်းတဲ့ ရဟန်းတွေကတော့ အတူတူ တချိန်ထဲ ကြွသွားပြီး အဲဒီဆွမ်းကို ဘုဉ်းပေးနိုင်တယ်။ ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။
မှတ်ထား ဒကာလေးရ .. ဘုန်းကြီးတွေကို ဆွမ်းစားပင့်ရင် ‘မုန့်ဟင်းခါးစား ကြွပါဘုရား၊ ခေါက်ဆွဲစား ကြွပါဘုရား၊ ထမင်းစား ကြွပါဘုရား’လို့ မပင့်ရဘူး။
‘အရှင်ဘုရား၊ တပည့်တော်အိမ်ကို ဆွမ်းဘုဉ်းပေးကြွပါဘုရား၊ မုန့်ဆွမ်းဘုဉ်းပေးကြွပါဘုရား’လို့ သာသနာသုံးစကားနဲ့ ဆွမ်းစားပင့်ရတယ်။

မေး။ ။ အရှင်ဘုရား .. ဒီလိုဆို နိုင်ငံခြားသားတွေက ဆွမ်းစားပင့်ရင် ဘယ်လိုလုပ်မလဲ ဘုရာ့။ သူတို့က ဆွမ်းဆိုတဲ့ စကားလုံးကို သုံးမှ မသုံးတတ်ပဲ။

ဖြေ။ ။ တော်တော် ကပ်ကပ်သပ်သပ်နိုင်တဲ့ ဒကာလေးပဲ။ ဆွမ်းဆိုတဲ့ စကားလုံးကို မသုံးတတ်ရင် breakfast နဲ့ lunch ဆိုတဲ့ စကားလုံးကိုပဲ သုံးပြီး ဆွမ်းစားပင့်ပေါ့ ဒကာလေးရ။ Pizza, Fried noodle, KFC စတဲ့ စကားလုံးတွေကို မသုံးနဲ့ပေါ့။

မေး။ ။ ကပ်သပ်တယ်တော့ မဟုတ်ပါဘူးဘုရား။ စဉ်းစားမိလို့ မေးတာပါ။ နောက်ကော ဘယ်လို စည်းကမ်းချက်တွေက ကင်းလွတ်ခွင့်ရသေးပါသလဲ။

ဖြေ။ ။ ရဟန်းတော်တွေဟာ သင်္ကန်းကိုးထည်ထဲက တထည်ထည်ရလာရင် အဲဒီသင်္ကန်းကို (၁၀)ရက်မပြည့်မီ အဓိဋ္ဌာန်တင်ရင်လဲတင်၊ ဝိကပ္ပာပြုရင်လဲပြု တခုခုလုပ်ပြီး သိမ်းထားရတယ်။ မလုပ်ဘဲ သိမ်းထားရင် အဲဒီသင်္ကန်းကို မသုံးဆောင်ကောင်းတော့ဘူး။ ရလာတဲ့သင်္ကန်းကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ သိမ်းထားမိတဲ့အတွက် အပြစ်ဖြစ်ပြီး အဲဒီသင်္ကန်းကိုလဲ စွန့်လွှတ်လိုက်ရတော့တယ်။ ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။

မေး။ ။ အဓိဋ္ဌာန်တင်တယ်၊ ဝိကပ္ပနာပြုတယ်ဆိုတာက ဘယ်လိုလုပ်တာလဲ ဘုရာ့။

ဖြေ။ ။ အဓိဋ္ဌာန်တင်တယ်ဆိုတာ သင်္ကန်းသုံးထည်ကို သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံးဆောင်မယ်လို့ စွဲမြဲစွာ တည်ဆောက်တာပဲ။ ဝိကပ္ပနာပြုတယ်ဆိုတာကတော့ ရလာတဲ့သင်္ကန်းကို ကိုယ့်ပစ္စည်းဆိုတဲ့ အမှတ်သညာကင်းအောင် ပြုလုပ်ပြီး အခြားရဟန်းတပါးပါးအား ခေတ္တအပ်နှံထားတာပါပဲ။

မေး။ ။ စောစောက ပြောတဲ့အထဲမှာ သင်္ကန်းကိုးထည်ဆိုတာ ပါတယ်။ အဲဒီ သင်္ကန်းကိုးထည်ဆိုတာ ဘာပါလဲဘုရာ့။

ဖြေ။ ။ သင်္ကန်းကိုးထည်ဆိုတာ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ နှစ်ထပ်သင်္ကန်းကြီး၊ အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊ သင်္ကန်းမချုပ်ရသေးတဲ့ အဝတ်အထည် အတိုအစ၊ ထိုင်စရာအခင်း၊ မိုးရေခံ ရေလဲသင်္ကန်းနဲ့ အမာလွှမ်းသင်္ကန်းတွေ ဖြစ်တယ်။

မေး။ ။ ကထိန်ခင်းတဲ့အတွက် နောက်ထပ် ဘယ်လို အကျိုးရနိုင်သေးသလဲ ဘုရာ့။

ဖြေ။ ။ ကထိန်ခင်းတဲ့ရဟန်းဟာ ကျောင်းတိုက်အတွင်းမှာ ကထိန်ခင်းတဲ့ လက စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်း ဖြစ်ပေါ်လာတဲ့ အများဆိုင်သင်္ကန်းစတဲ့ ပစ္စည်းတွေကို ဝေစုအနေနဲ့ ပိုင်ဆိုင်ခွင့် ရတယ်။

မေး။ ။ ဒီလိုဆို ကထိန်ပွဲမှာ လှူတဲ့ သင်္ကန်းတွေ ဘုန်းဘုန်းတို့အားလုံး ပိုင်ဆိုင်တာပေါ့နော်။ သင်္ကန်းလှူတဲ့ ဒကာ ဒကာမတွေကလဲ အများကြီး၊ သင်္ကန်းကပ်တဲ့အခါ သင်္ကန်းမလောက်လို့ ကပ်ပြီးသား သင်္ကန်းတွေကိုပဲ ထပ်ထပ်ပြီး ကပ်နေရတယ်။ သင်္ကန်းတွေတောင် Recylce ဖြစ်နေပြီ။

ဖြေ။ ။ ဒကာလေးပြောသလို သင်္ကန်းလှူတာ Recycle ဖြစ်နေတယ်ဆိုတာ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် အဲဒီသင်္ကန်းတွေအတွက် လှူတဲ့ အလှူငွေတွေနဲ့ ရေ, မီး, ဓာတ်ငွေ့, တယ်လီဖုန်းခ စတဲ့ ကျောင်းရဲ့ကုန်ကျစရိတ်တွေကို အသုံးပြုရတယ်။ ရေ, မီး, ဓာတ်ငွေ့, တယ်လီဖုန်းစတာတွေကို သံဃာတော်တွေပဲ အသုံးပြုကြတာမို့ ဒီအလှူငွေတွေကို သံဃာတော်လှူတာနဲ့ အတူတူပါပဲ ဒကာလေးရ။ နောက်ပြီး ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ (ဗုဒ္ဓနေ့)၊ နှစ်သစ်ကူး ဆုဆောင်း မေတ္တာပို့သပွဲ စတဲ့ ကျောင်းက ပြုလုပ်တဲ့ပွဲတွေက အလှူခံရတဲ့ ငွေတွေနဲ့ သာသနာပြုလုပ်ငန်းကြီးတွေကို လုပ်နေတာ အေဘီဘီအေအသင်းအနေနဲ့ နယူးယောက်၊ နယူးဂျာစီပြည်နယ်မှာ ကျောင်းတွေ တည်ထောင်နိုင်ခဲ့ပြီး နယူးဂျာစီမှာ စေတီတော်ကြီး တစ်ဆူကိုလည်း တည်ထားနိုင်ခဲ့တယ်။ ရိပ်သာအဆောက်အဦကြီးတဆောင်ကို ဆောက်လုပ်ဖို့လည်း စီစဉ်နေကြတယ်။ ဒီလို သာသနာပြုလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်တာဟာ ဒကာ ဒကာမတွေက စေတနာ ထက်ထက်သန်သန်နဲ့ လှူကြလို့၊ ဆရာတော် သံဃာတော်တွေရဲ့ ဦးဆောင်မှုကို ရယူပြီး အမှုဆောင်အဖွဲ့, ဝေယျာဝစ္စအဖွဲ့နဲ့ အသင်းသူအသင်းသား အားလုံးတို့က ကြိုးပမ်းကြလို့ပေါ့ ဒကာလေးရ။

မှန်လှပါ အရှင်ဘုရား၊ ကြားရတာ ဝမ်းသာလှပါတယ်။ ကထိန်အကြောင်းလဲ အတော်အသင့် နားလည်သွားပါပြီ။
သာဓု .. သာဓု .. သာဓုပါ ဘုရား။

သီတင်းကျွတ်နှင့် ပဝါရဏာပွဲ - အရှင်မဟောသဓပဏ္ဍိတ


ရှေးအခေါ် ‘သန်တူလ’၊ ယခုအခေါ် ‘သီတင်းကျွတ်လ’တွင် ဘာသာရေးနှင့် နှီးနွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။
ရှေးမင်းများလက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ‘မြန်မာ့ရိုးရာ ယဉ်ကျေးမှုတရပ်’ အနေဖြင့် တည်ရှိနေပေတော့သည်။


တာဝတိံသာပွဲ ခေါ် မီးမြင့်မိုရ်ပွဲ


ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တဝါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ‘သင်္ကဿမြို့တော်’သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ် လပြည့်ည မှောင်ရီပျိုးစအချိန် ဖြစ်သည်။ မြို့သူမြို့သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွတ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသည် ဝဲယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေဝတာများ ခြံရံလျက် အလယ် ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ‘တာဝတိံသာပွဲ’ ခေါ် ‘မီးမြင့်မိုရ်ပွဲ’ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်သည်။


အဘိဓမ္မာ အခါတော်သဘင်


ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿီတနတ်သားကို အမှူးထား၍ အားလုံးသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်။ တဝါတွင်းလုံး ကျေးဇူးဆပ်ဒေသနာ ဟောကြား၍ ဤသီတင်းဝါလကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤအထိမ်းအမှတ်ဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ပဋ္ဌာန်းအစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆိုကာဖြင့် ‘အဘိဓမ္မာအခါတော်သဘင်’ကို ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့အသံမှ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွှင့်ပေးခဲ့သည်။


ဝါကျွတ်ပူဇော် ကန်တော့ပွဲ


‘ဝါကျွတ်ပူဇော်ကန်တော့ပွဲ’မှာလည်း မြတ်ဗုဒ္ဓကို အားကျ အတုယူ၍ ဖြစ်ပေါ်လာသော အစဉ်အလာကောင်းတခု ဖြစ်သည်။ မှန်ပါသည် - ဗုဒ္ဓမြတ်စွာသည် တဝါတွင်းလုံး တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူ၍ မယ်တော်မိနတ်အား နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့ပါပေ၏။ ဤမြတ်ဗုဒ္ဓ၏ ကျေးဇူးရှင်တို့အပေါ် ကျေးဇူးတရားသိ၍ ကျေးဇူးဆပ်တော်မူပုံကို စံထားကာ ဗုဒ္ဓဘာသာဝင်တို့သည် ဤသီတင်းကျွတ်လပြည့်အခါတော်နေ့၌ ရဟန်းသံဃာတို့အား ပူဇော်ခြင်း၊ မိဘ ဆရားသမားနှင့် အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို ကန်တော့ခြင်းဖြင့် ‘ဝါကျွတ်ပူဇော်ကန်တော့ပွဲ’ကို မြို့တိုင်းရွာတိုင်းမှာ ပြုလုပ်လေ့ရှိကြသည်။


ကထိန်သင်္ကန်းလှူဒါန်းပွဲ


ဗုဒ္ဓမြတ်စွာသည် ဝါတွင်းသုံးလ (ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ထိ) ဝါဆို ဝါကပ်တော်မူခဲ့ကြသော ရဟန်းတော်များအား ကထိန်သင်္ကန်းခံယူခွင့်ကို အခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်အထိ တလအတွင်းတွင် ကာလဒါနအဖြစ် ကထိန်သင်္ကန်း လှူဒါန်းခွင့် ရကြသည်။ ထိုကထိန်သင်္ကန်းအလှူကို ဦးဦးဖျားဖျား ပြုလုပ်လိုသူတို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ‘ကထိန်သင်္ကန်းလှူဒါန်းပွဲ’ကို သူ့ထက်ငါဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။


ပဝါရဏာပွဲ


အထက်ပါ ဘာသာယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် နှစ်စဉ် မြင်တွေ့နေကြရသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရရှိနေကြမည် မလွဲပေ။
သို့သော် ‘ပဝါရဏာပွဲ’အကြောင်း သိသူကား နည်းလှပေမည်။
အဘယ်ကြောင့်ဆိုသော် ဤ‘သီတင်းကျွတ် ပဝါရဏာပွဲတော်’ကား ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ် လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့်ပါပေတည်း။

‘ပဝါရဏာ’မှာ ပါဠိစကား ဖြစ်သည်။ ‘ဖိတ်ကြားခြင်း’ဟု အဓိပ္ပာယ်ရ၏။
‘မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆိုဆုံးမတော်မူပါ’ဟု ရဟန်းတော်အချင်းချင်း ဖိတ်ကြားထားခြင်းကို ‘ပဝါရဏာ’ဟု ခေါ်ပါသည်။

ရဟန်းသံဃာတော်များ အချင်းချင်း ဤသို့ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်းအကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၌ ဝါကပ်တော်မူ၏။ ရဟန်း တော်တော်များများလည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ဝါကပ်ကြသည်။ ထိုရဟန်းတို့သည် ‘အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး’ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား - ‘အချင်းချင်း စကားမပြောရ၊ ဝစီပိတ်နေရမည်’ ဟူ၏။

ဆွမ်းခံရာမှ အရင်ဆုံး ပြန်လည်ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေးအင်းပျဉ်၊ ခြေပွတ်အိုးခြမ်းတို့ကို ပြင်ဆင်ထားရမည်။
ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ သောက်ရေ သုံးရေ တည်ထားရမည်။
ဆွမ်းခံရာမှ နောက်ဆုံးရောက်ရှိလာသူသည် စားကြွင်းစားကျန်များ ရှင်းလင်းရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေသုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေသုံးရေအိုးတို့၌ ရေမရှိသည်ကို တွေ့မြင်လျှင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျှင် လက်အမူအရာဖြင့် အခြားရဟန်းတပါးပါးကို ခေါ်၍ အကူအညီ ရယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ဝစီပိတ်စည်းကမ်းချက်များဖြင့် တဝါတွင်းလုံး နေထိုင်ကြလေသည်။

ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံ သွားရောက် ဖူးမြော် ကန်တော့ကြလေသည်။
ဗုဒ္ဓမြတ်စွာသည် အာဂန္တုကရဟန်းတော်များနှင့် ဝမ်းပန်းတသာ မေးမြန်းပြောဆိုလေ့ရှိသည့်အတိုင်း - “ချစ်သားတို့၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့်တဦး ခိုက်ရန် ငြင်းခုန်မှု ပြုခြင်းမရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား”ဟု မေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက တဝါတွင်းလုံး သူတို့ နေထိုင်ခဲ့ကြပုံ လျှောက်ထား၍ ချမ်းသာစွာ နေခဲ့ရပါကြောင်း ပြန်ပြောင်း လျှောက်တင်ကြလေ၏။

ဤတွင် ဗုဒ္ဓမြတ်စွာသည် ထိုရဟန်းတို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။
“သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်”ဟု ဝန်ခံကြသည်။ သင်တို့၏ ဤဝစီပိတ်အကျင့်သည် တောတွင်းတိရိစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်နေလျှင် အချင်းချင်း မပြောနိုင် မဆိုနိုင်ကြ။) သင်တို့သည် အဘယ်ကြောင့် ‘အ,အတို့၏ အကျင့်’၊ တိတ္ထိတို့၏ ကျင့်စဉ်ကို ဆောက်တည်ကျင့်သုံးကြရသနည်း။ ဤအကျင့်သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ “သာသနာပ တိတ္ထိတွေကျင့်စဉ်ဖြစ်သည့် ဤ‘လူအ,အကျင့်’။ ‘ဝစီပိတ်အကျင့်’ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ”ဟု သိက္ခာပုဒ် ပညတ်၍ ပိတ်ပင်တော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ဝါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က၊ ကြားက၊ ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (ဝစီိပိတ်) မနေဘဲ အချင်းချင်း ပြောဆိုဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက် မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း ရဟန်းတော်များ၏ ‘ပဝါရဏာပွဲ’သည် ပြုလုပ်မြဲ ဖြစ်လေသည်။

ထို့ကြောင့် ရှေးပညာရှိတို့က - “မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပဝါရဏာ”ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။


ပဝါရဏာပွဲ ပြုလုပ်ပုံ အစီအစဉ်


ကျောင်းတိုက်ရှိ ရဟန်းသံဃာအားလုံး သိမ်ထဲတွင် စုရုံး နေရာယူကြရသည်။ သံဃာအားလုံး စုံသောအခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။
“အရှင်ဘုရားတို့ .. သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ။ ယနေ့ ပဝါရဏာပြုရမည့်နေ့ ဖြစ်ပါသည်။ သံဃာတော်များ ညီလျှင် ပဝါရဏာပြုကြပါစို့”။
ဤသို့ သံဃာအားလုံးအား အသိပေးပြီးသောအခါ မထေရ်ကြီး (သံဃာပရိတ်သတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်)က စ၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာအားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။

“ငါ့ရှင်တို့ ... မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း သုံးမျိုးဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားရလေသည်။
ထို့နောက် ဝါစဉ်အလိုက် သံဃာတော်အားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။
ဤကား ရဟန်းတော်များ သိမ်အတွင်း သဘောတူညီ စည်းဝေး၍ ပဝါရဏာပွဲပြုလုပ်ပုံ ဖြစ်ပါသည်။

ရဟန်းတော်များသည် အချင်းချင်း ဤသို့ ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြခြင်းဖြင့် ပြုပြင် ထိန်းသိမ်းနိုင်ကြပေသည်။

ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ခေတ်မီဆဲဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ‘သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး’အတွက် ဝေဖန်ရေးကို အားပေးခဲ့သည်။
အမှန်အတိုင်း ပြောဆိုနိုင်ရေးကို အစဉ် တံခါးဖွင့်ပေးခဲ့သည်။
ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့် ဆိုခွင့် မရှိ။ အ,အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ။
မိမိမှာ ချွတ်ယွင်းချက် အပြစ် တစုံတရာ ရှိနေလျှင် အမှန်အတိုင်း အမြန် ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြနိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားထားခြင်းဖြင့် -
(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့်ဆိုခွင့် ရှိခြင်း။
(၂) အာပတ္တိဝုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။
(၃) ဝိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး သုံးမျိုး ဖြစ်ထွန်းရရှိနိုင်မည်ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။

ဗုဒ္ဓမြတ်စွာ၏ ဤ(ပဝါရဏာ)ကျင့်စဉ်သည် ပုဂ္ဂိုလ်အချင်းချင်းသာမဟုတ် အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။

လောကတွင် “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” မရှိနိုင်ချေ။ အမြော်အမြင်ရှိသူ ပညာရှင်တို့၏ ညွှန်ပြချက်၊ ဝေဖန်ချက် မရယူဘဲ “ငါ့လှေ ငါထိုး ပဂိုးရောက်,ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်,ရောက်”ဟု ငါထင်ရာ ငါ့သဘော ငါတကော,ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မှာ မလွဲပေ။

ဤသို့ “ငါတကော ကောနေသူများ”ကို ဗုဒ္ဓမြတ်စွာက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။

“အပြစ်မြင်လျှင် အချင်းချင်း ပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွားချမ်းသာနိုင်သည်။ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်းသုခ ရရှိနိုင်သည်” ဟူ၍ မိန့်ကြားတော်မူခဲ့သည်။ (ဝိနည်းပါဠိတော်)

တခါက အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် အမှတ်တမဲ့ ဖြစ်၍ သင်္ကန်းစတဖက် အောက်သို့ လျှောကျနေလေ၏။ ထိုအခါ ရှင်သာမဏေငယ်လေးတပါးက - “အရှင်ဘုရား .. အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်”ဟု ထောက်ပြခဲ့သည်။
ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် ‘မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား’ဟု အမှတ်တားတော်မမူပေ။
သင်္ကန်းကို ညီညာစွာ ပြင်ဝတ်ပြီး “ဆရာ .. ဒီအတိုင်း ဟုတ်ပါပြီလား”ဟု တလေးတစား မိန့်ကြားတော်မူခဲ့သည်။
ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပဝါရဏာ)ကျင့်စဉ်ကြောင့် ရှင်ငယ်ကလေးကပင် အမှားကို ထောက်ပြရဲခြင်း ထောက်ပြနိုင်ခြင်း ဖြစ်သည်။

ဤသို့ အချင်းချင်း ပြုပြင်ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့်လည်း ‘ထေရဝါဒ ရဟန်းတော်များ’ကို ယနေ့ မြင်တွေ့နေရသေးခြင်း ဖြစ်သည်။
တခြား တပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုးမင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ဒဏ်ကား မသေးငယ်လှ။
ခေတ်အဆက်ဆက် ထေရဝါဒရဟန်းတော်များ အလူးအလိမ့် ခံခဲ့ကြရသည်။
သို့သော် ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရဝါဒကျင့်စဉ်ကို ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ‘ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ’ဟု ဆိုရမလို ဖြစ်သည်။

“တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ။ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်”ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်တော်မူလာခဲ့ကြပေသည်။
ဗုဒ္ဓချမှတ်တော်မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျှင် နိုင်လိုမင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။
အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -

(လောကချမ်းသာ၊ အတွဲ-၄ အမှတ်-၄၊ ၁၉၉၄-ခုနှစ် အောက်တိုဘာ/နိုဝင်ဘာ မှ)

Tuesday, October 14, 2008

သီတင်းကျွတ်လပြည့်နေ့ သံဃပဝါရဏာပြုပွဲ-အရှင်ဣန္ဒက


ဝိနည်းပညတ်တော်အရ ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သိမ်ထဲ၌ စုဝေး၍ ပဝါရဏာပြုကြရပါသည်။
‘ပဝါရဏာ’ဟူသည် ရဟန်းအသီးသီး သံဃာအား အပြစ်များရှိလျှင် ပြောကြားရန် ဖိတ်ကြားခြင်း ဖြစ်၏။
ဝါတော်အကြီးဆုံး မထေရ်ကြီးမှ စ၍ ဝါအငယ်ဆုံး ရဟန်းအထိ တပါးစီ ဖိတ်ကြား လျှောက်ထားကြရလေသည်။
“တပည့်တော် .. သံဃာကို ဖိတ်ကြားပါသည်။ မြင်ခြင်းဖြင့်လည်းကောင်း၊ ကြားခြင်းဖြင့်လည်းကောင်း၊ ယုံမှားခြင်းဖြင့်လည်းကောင်း တပည့်တော်ကို အရှင်မြတ်တို့ ပြောကြားတော်မူကြပါ။ အပြစ်တွေ့မြင်ပါက တပည့်တော် ပြုပြင်ပါမည်”ဟု ဖိတ်ကြားခြင်း ဖြစ်၏။

ကျောင်းအသီးသီးမှ သံဃာတော်များ တကျောင်းတည်းမှာ စုပေါင်း၍ သိမ်ထဲ၌ ပဝါရဏာပြုခြင်းကို သံဃပဝါရဏာပြုသည် ဟု ခေါ်ပါသည်။

နယူးယောက်၊ နယူးဂျာစီ၊ မေရီလင်းပြည်နယ် ကျောင်းများမှ သံဃာတော်များသည် ရှေးအခါက မိမိတို့ကျောင်းများမှာသာ ပဝါရဏာပြုကြသော်လည်း ၁၉၉၇-ခုနှစ်မှ စ၍ တကျောင်းတည်း၌ စုဝေး၍ သံဃပဝါရဏာပြုကြလေသည်။
၁၃၅၉-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ပထမဆုံးအကြိမ် သံဃပဝါရဏာပွဲတော်ကို ကျင်းပနိုင်ခဲ့ပါသည်။ ဘော်လ်တီမိုး ကေလာသဝိဟာရကျောင်း၊ ဝါရှင်တန် မင်္ဂလာရာမကျောင်း၊ နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း၊ နယူးယောက် လောကချမ်းသာဘုရားကျောင်းများမှ သံဃာတော်များ စုဝေး၍ သံဃပဝါရဏာပြုခဲ့ကြပါသည်။

၁၃၆၀-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ဘော်လ်တီမိုး ကေလာသဝိဟာရကျောင်း၌ ဒုတိယအကြိမ် သံဃပဝါရဏာပြုပွဲ ကျင်းပခဲ့၍ ၁၃၆၁-ခုနှစ် သီတင်းကျွတ်လပြည့် သံဃပဝါရဏာပွဲကို ဝါရှင်တန် မင်္ဂလာရာမကျောင်း၌ တတိယအကြိမ်မြောက်အဖြစ် ကျင်းပပါသည်။

ဤသို့ သံဃာတော်များ တနှစ်တကြိမ် ကျောင်းအလှည့်ကျအားဖြင့် သံဃပဝါရဏာပွဲ ပြုလုပ်သွားခြင်းကြောင့် သံဃာအချင်းချင်း တွေ့ဆုံခွင့် ရကြပါသည်။ သံဃာညီညွတ်မှုကိုလည်း ဖြစ်စေပါသည်။ မြတ်စွာဘုရား၏ ဝိနည်းပညတ်တော်ကို လေးစားလိုက်နာခြင်းလည်း ဖြစ်ပါသည်။
ဒကာ ဒကာမများဘက်မှလည်း ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ဖူးမြော်ရ တရားနာရ သံဃာ့ဒါနဆွမ်းဆက်ကပ်လှူဒါန်းရခြင်း ဟူသော ကောင်းမှုကုသိုလ်များကို ပြုလုပ် ဆည်းပူးခွင့် ရကြပါသည်။

မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းပါး၌ နေထိုင် ဝါဆို ဝါကပ်ကြသည့် ဝဂ္ဂုမုဒါရဟန်းများကို အကြောင်းပြု၍ ရဟန်းများ သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုရန် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ထိုရဟန်းများသည် ဝဂ္ဂုမုဒါမြစ်ကမ်းပါးအနီး၌ ဝါဆိုကြစဉ် ဝါတွင်းသုံးလ၌ တပါးနှင့်တပါး ကိစ္စတစုံတရာရှိပါက ကိုယ်အမူအရာနှင့်သာ သိစေပြီး စကားမပြော နှုတ်မမြွက်ဘဲနေလျှင် ချမ်းချမ်းသာသာ နေကြရလိမ့်မည်ဟု တိုင်ပင်ကာ စကားမပြောကြဘဲ နေခဲ့ကြလေသည်။
သီတင်းဝါလကျွတ်သောအခါ မြတ်စွာဘုရားထံ သွားရောက် ကန်တော့ကြ၍ ဘုရားရှင်သည် “ရဟန်းများတို့၊ ဝါတွင်းမှာ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရရဲ့လား၊ ဆွမ်းဘောဇဉ် မျှမျှတတ ရရှိကြရဲ့လား”ဟု မေးတော်မူ၏။
ထိုအခါ ရဟန်းများက “တပည့်တော်များ ချမ်းချမ်းသာသာ နေခဲ့ကြရပါသည်။ ဆွမ်းဘောဇဉ်လည်း ပြည့်စုံကြပါသည်။ တပါးနှင့်တပါး ကိစ္စရှိလျှင် ကိုယ်အမူအရာနှင့်သာ သိစေ၍ စကားမပြောဘဲ နေထိုင်ရန် ကတိကဝတ်ထား၍ နေခဲ့ကြပါသည်” ဟု လျှောက်ထားရာ ဘုရားရှင်ကိုယ်တော်မြတ်သည် ဤသို့ နေထိုင်ခြင်းကို မနှစ်မြို့တော်မူ၍ သင်တို့သည် ဝက်တို့ကဲ့သို့ စကားမပြောကြဘဲ နေထိုင်ခဲ့ကြသည်။ ဤကဲ့သို့ တပါးနှင့်တပါး စကားမပြောဘဲ မနေထိုင်အပ်။ ဝါကျွတ်ကာလ သီတင်းကျွတ်လပြည့်နေ့၌ တပါးနှင့်တပါး အပြစ်ရှိက ပြောကြားနိုင်ရန် ဖိတ်ကြားထားကြရမည် ဟု အမိန့်တော် ပညတ် ချမှတ်တော်မူလေသည်။

ဤသို့ တပါးနှင့်တပါး အပြစ်ရှိက ပြောကြားရန် ဖိတ်ကြားခြင်းသည် သံဃာညီညွတ်မှုကို ဖြစ်စေနိုင်ပေသည်။
သံဃာတော်များ ညီညွတ်မှသာလျှင် ချမ်းသာစွာ နေထိုင်နိုင်ပေသည်။
ထို့ကြောင့် “သုခေါ သံဃဿ သာမဂ္ဂီ - ညီညွတ်သည့် သံဃာသည် ချမ်းသာ၏” ဟု ဘုရား ဟောတော်မူ၏။
သံဃာညီညွတ်လျှင် တရားဓမ္မကိုလည်း ကောင်းစွာ အားထုတ်နိုင်၏။
ညီညွတ်သည့် သံဃာများကို ဖူးမြင်ကြရသူ လူအပေါင်းလည်း စိတ်ချမ်းသာကြလေသည်။
ပဝါရဏာပြုခြင်းသည် သာသနာတော်ကြီးပွားကြောင်း အကျင့်ကောင်း အကျင့်မြတ် ဖြစ်၏။

တပါးနှင့်တပါး အပြစ်ရှိသည်ကို မပြောရဲ မဆိုရဲ ဖြစ်နေပါက မည်သို့မျှ သံဃာ့ညီညွတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။
တပါးနှင့်တပါး စကားမပြောနိုင်ခြင်းသည် စင်စစ်အားဖြင့် မိမိတို့သန္တာန်၌ ကိန်းဝပ်နေသည့် ငါတည်းဟူသော မာန်မာနစိတ်၊ ရန်လို တိုက်ခိုက်လိုသည့် ဒေါသစိတ် ဣဿာမစ္ဆေရစိတ်များ ပြင်းထန်နေသောကြောင့်သာ ဖြစ်လေသည်။
ဤစိတ်ကြမ်းများကြောင့် မိမိလည်း စိတ်မချမ်းသာနိုင်ပါ။ မိမိပတ်ဝန်းကျင် သံဃာကိုလည်း ဆင်းရဲစေပါသည်။
သို့မဟုတ်ဘဲ ပဝါရဏာပညတ်တော်ကို လေးလေးစားစား ကျင့်သုံး၍ တပါးနှင့်တပါး မေတ္တာတရားထားကာ ပြောဆိုဆက်ဆံ နေထိုင်သွားကြပါလျှင် ယင်းမကောင်းစိတ်များ ကင်းကွာပြီး ချမ်းသာစွာ နေကြရမည်အမှန် ဖြစ်လေသည်။

ဤနေရာ၌ ပဝါရဏာပညတ်တော်ကို အမြဲထာဝရ ကျင့်သုံးနေထိုင်ခဲ့သည့် ဗုဒ္ဓ၏သားတော် ရှင်ရာဟုလာကို အတုယူသင့်ပေသည်။
ရှင်ရာဟုလာသည် အလွန်ပင် စိတ်ထားနူးညံ့၏။ မိမိ၏အပြစ်များကို ပြောကြားဆုံးမမည့် ပုဂ္ဂိုလ်များကို အမြဲ ဖိတ်ခေါ်လျက် နေ၏။
လက်ခုပ်ထဲမှာ သဲများကို ထည့်၍ “ငါ့အား ပြောဆို ဆုံးမမည့်သူများ ဤသဲနှင့်အမျှ ရှိပါမူ ကောင်းလေစွ” ဟု တောင့်တလေ့ ရှိပါသတဲ့။

ဤသို့ ပြောဆို ဆုံးမလွယ်ခြင်းသည် သာသနာတော်၌ “သုဗ္ဗစ” ဟူသော ဂုဏ်တရပ် ဖြစ်၍ ဘုရားရှင် အလွန် ချီးမွမ်းတော်မူ၏။

ဓမ္မပဒ အရှင်ရာဓဝတ္ထု၌လည်း ဘုရားရှင်သည် “မိမိအား အပြစ်ပြ၍ ဆိုဆုံးမသူကို မြေကြီးထဲမှာ မြုပ်ထားသည့် ရွှေအိုးကို ညွှန်ပြပေးသူကဲ့သို့ပင် ဝမ်းသာစွာ လိုက်နာရမည်။ ထိုပညာရှိအား ဆည်းကပ်ခြင်းဖြင့် မိမိမှာ ဆုတ်ယုတ်မှု မရှိနိုင်။ ကြီးပွားခြင်းသာ ဖြစ်သည်” ဟု ဟောတော်မူ၏။
အရှင်ရာဓမထေရ်သည် လူ့ဘဝ၌ သံဃာတော်များအား ကြိုးနွံစွာ ပြုစုလုပ်ကျွေးနေထိုင်ခဲ့၏။ ရဟန်းဝတ်ခွင့်ရသောအခါမှာလည်း မိမိဆရာသမားနှင့် သီတင်းသုံးဖော် သံဃာတော်များ၏ စကားကို ကောင်းစွာ လေးစားလိုက်နာ ကျင့်ကြံနေထိုင်ခဲ့သည့် ‘သုဗ္ဗစ’ ပုဂ္ဂိုလ်ဖြစ်သောကြောင့် နောက်ဆုံး ရဟန္တာပုဂ္ဂိုလ် ဖြစ်ခဲ့လေ၏။

သာသနာတော်၌ မဂ်ဖိုလ် နိဗ္ဗာန်ဟူသော ကောင်းကျိုးချမ်းသာကြီးကို သုဗ္ဗစပုဂ္ဂိုလ် ဆိုဆုံးမလွယ်သူများသာ ရရှိ ရောက်ရှိနိုင်ကြပေသည်။

ပဝါရဏာပြုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တဦးနှင့်တဦး ပြောနိုင်ဆိုနိုင်အောင် ဖိတ်ကြားခြင်းဖြစ်ရာ ကျောင်းအသင်းအဖွဲ့အစည်းများ၌လည်း သံဃာတော်များနှင့် အကျိုးတော်ဆောင်များ၊ အကျိုးတော်ဆောင်အချင်းချင်း တဦးနှင့်တဦး ပြောနိုင်ဆိုနိုင်အောင် ဖိတ်ကြားထားသင့်ပေသည်။
သို့မှသာ သာသနာရေးကိစ္စ လူမှုရေးကိစ္စများကို တိုင်တိုင်ပင်ပင် ပြုလုပ် ဆောင်ရွက်နိုင်ကြပေမည်။

ပဝါရဏာစိတ်ထား စိတ်ဓာတ်အပြည့်ဖြင့် သာသနာပြုကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။

(လောကချမ်းသာ၊ အတွဲ-၉ အမှတ်-၄၊ ၁၉၉၉-ခုနှစ် အောက်တိုဘာ/နိုဝင်ဘာ မှ)

Monday, October 13, 2008

‘အလင်းမိခင်’ သို့မဟုတ် ‘ဒီပ’ရဲ့မေမေ


စက်တင်ဘာလ (၁)ရက်၊ ၁၉၈၉-ခုနှစ် ညနေ

‘ဒီပ’ အလုပ်မှ ပြန်လာသောအခါ အသက် ၇၈-နှစ် ရှိပြီဖြစ်သော အမေဖြစ်သူ ‘ဒီပ,မာ’ နေမကောင်းဖြစ်နေသည်ကို တွေ့ရသည်။
‘ဒီပ’က ဆရာဝန်ခေါ်ပေးရမလား..ဟု မေးရာ ‘ဒီပ,မာ’က မဆိုင်းမတွပင် သဘောတူသည်။

‘ဒီပ’က အိမ်နီးချင်းဖြစ်သူ ‘ဆန်ဒစ်မတ်ဆုဒိ’ကို ဆရာဝန်ခေါ်ပေးရန် အကူအညီတောင်းသည်။
ဆရာဝန်ကို အလွယ်တကူ ရှာမရသဖြင့် ‘ဆန်ဒစ်’ ပြန်ရောက်လာသည်။ ‘ဒီပ,မာ’၏ ဘေးတွင် ထိုင်ကာ ‘ဒီပ,မာ’၏ လက်မောင်းကို ဆုပ်နယ်ပေးသည်။

‘ဒီပ,မာ’က သူ၏ နဖူးပေါ်သို့ ‘ဆန်ဒစ်’၏လက်ကို တင်ထားပေးရန် ပြောသည်။
‘ဆန်ဒစ်’လည်း ‘ဒီပ,မာ’၏ နဖူးပေါ်သို့ သူ၏လက်ကို အသာတင်ကာ ‘ဒီပ,မာ’သင်ထားပေးသော ပရိတ်တရားတော်ကို စတင် ရွတ်ဆိုလေသည်။

ပရိတ်တရားတော် ရွတ်ဖတ်သံ ကြားလျှင်ကြားချင်း ‘ဒီပ,မာ’ လက်အုပ်ချီ၏။ ဘုရားစင်ရှေ့သို့ လက်အုပ်ချီလျက်သား ဝပ်တွားကာ သွား၏။
ဘုရားစင်ရှေ့ လက်အုပ်ချီ ဝပ်တွားလျက်ရှိရာမှ ပြန်မထလာတော့သဖြင့် ‘ဒီပ’ နှင့် ‘ဆန်ဒစ်’တို့ ထူမသောအခါ အသက်ရှူရပ်နေပြီဖြစ်သော ‘ဒီပ,မာ’ကို တွေ့ကြရလေသည်။

ဘုရားကို နောက်ဆုံး ဦးချလျက် ‘ဒီပ,မာ’ ဘဝဇာတ်သိမ်းလေပြီ။
မျက်နှာသွင်ပြင်မှာကား တည်ငြိမ် ငြိမ်းအေးလျက် ....။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

ဘင်္ဂလားဒက်ရှ်နိုင်ငံ အရှေ့ပိုင်း စစ်တကောင်းသူ ‘နာနီဘလာဘရူးဝါး’ကို ၁၉၁၁-ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် ဖွားမြင်သည်။

ငယ်စဉ် ကလေးဘဝကပင် ကစားခြင်းထက် ဘာသာရေးကို အထူး စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ ရွာသူ မိန်းကလေးများကိုလည်း ကျောင်းနေရန် တိုက်တွန်း အားပေးခဲ့သည်။

၁၉၂၃-ခုနှစ် အသက် (၁၂)နှစ်အရွယ်တွင် ဓလေ့ထုံးစံအရ အသက် (၂၅)နှစ်အရွယ်ရှိ ‘ရာဇာနီရန်ဂျန်ဘရူးဝါး’နှင့် လက်ထပ်ခဲ့ရသည်။ ‘ရာဇာနီ’မှာ ‘ဒီပ,မာ’တို့၏ ရွာအနီး ကျေးရွာလေးမှ အင်ဂျင်နီယာတဦး ဖြစ်သည်။

လက်ထပ်ပြီး တပတ်အကြာတွင် ‘ရာဇာနီ’မှာ အလုပ်ဖြင့် ဗမာပြည်သို့ ပြောင်းရွှေ့သွားရသည်။ ‘ဒီပ,မာ’တယောက် ယောက္ခမအိမ်တွင် ၂-နှစ်ကြာ နေထိုင်ခဲ့ရပြီး အသက် (၁၄)နှစ်အရွယ်တွင် ‘ရာဇာနီ’ရှိရာ ရန်ကုန်မြို့သို့ လိုက်သွားခဲ့သည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

ငယ်ရွယ်သူ အိန္ဒိယအမျိုးသမီးတဦးအတွက် လက်ထပ်ပြီး တနှစ်အတွင်း သားဦး .. အထူးသဖြင့် သားဦးယောက်ျားလေး မွေးဖွားရန် ဓလေ့ထုံးတမ်းအရ မျှော်မှန်းထားတတ်ကြသည်။ တစ်နှစ်မက သုံး လေးနှစ် ကြာသည့်တိုင်အောင် ‘ဒီပ,မာ’တွင် သားသမီး မရရှိခဲ့။ ဤသည်ကို ‘ရာဇာနီ’၏ မိဘများနှင့် ဆွေမျိုးသားချင်းများက မကျေနပ်ကြ။ မကြာခင် မိသားစုဝင်တဦး အသည်းအသန်ဖြစ်၍ အမြန်ပြန်လာရန် ‘ရာဇာနီ’ထံသို့ အကြောင်းကြားစာ ရောက်ရှိလာသည်။
‘ရာဇာနီ’ရောက်လာသောအခါ အမှန်တကယ် မဟုတ်ဘဲ ဇနီးလောင်းအသစ်တယောက်ကို လက်ထပ်ပေးရန် စီစဉ်ထားကြကြောင်း တွေ့ရသည်။

“ကျွန်တော် ‘နာနီ’ကို လက်ထပ်ခဲ့စဉ်က သားသမီးမရရင် သူ့ကို ဇနီးအဖြစ်က ကွာမယ်လို့ မပြောခဲ့ဘူး။ ခုမှ သားသမီး မရလို့ ကွာမယ်ဆိုရင် သူ့အပေါ် ဘယ်တရားပါ့မလဲ”ဟု ‘ရာဇာနီ’က သူ့ဆွေမျိုးများကို ပြတ်ပြတ်သားသား ပြောကာ ငြင်းဆန်ခဲ့သည်။

ဗမာပြည်သို့ ပြန်ရောက်သောအခါတွင်လည်း ‘ဒီပ,မာ’အား သားသမီး မရ၍ စိတ်အားမငယ်ရန် စိတ်မပူရန် ပြောသည်။
“တခြား ကလေးတွေကို တွေ့ရင် ဘယ်သူ့ကိုမဆို ကိုယ့်သားသမီးအရင်းလို သဘောထားနိုင်တာပဲ မဟုတ်လား နာနီ”ဟု မမေ့နိုင်သော စကားကို ဆိုခဲ့သည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

‘ဒီပ,မာ’ အသက် ၁၈-နှစ်အရွယ်တွင် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သည်။
ဗမာပြည်သို့ ရောက်ရှိလာပြီးသည့်နောက်ပိုင်း သူ့မိခင်ကို နှစ်ကြိမ်သာ ပြန်တွေ့ခဲ့ရသည်။
မကြာခင် ‘ဒီပ,မာ’ကိုယ်တိုင် တိုက်ဖွိုက်ရောဂါ ခံစားရပြီး ဆေးရုံတွင် လပေါင်းများစွာ နေခဲ့ရသည်။
မိခင်ဆုံးပြီးနောက် စောင့်ရှောက်မည့်သူ မဲ့နေသော အသက် တစ်နှစ်ခွဲအရွယ်သာရှိသေးသည့် မောင်ငယ်ဖြစ်သူ ‘ဘီဂျွိုင်း’ ရန်ကုန်ရှိ ‘ဒီပ,မာ’တို့ထံ ရောက်လာပြန်သည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

၁၉၄၁-ခုနှစ် ‘ဒီပ,မာ’ အသက် ၃၀-အရွယ်တွင် ဂျပန်စစ်တပ်များ ရန်ကုန်ကို သိမ်းသည်။
၁၉၄၅-ခုနှစ် စစ်ကြီးပြီးသောအခါ အရွယ်ရောက်နေပြီဖြစ်သော မောင်ငယ် ‘ဘီဂျွိုင်း’ အိန္ဒိယသို့ ပြန်သည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

‘ဒီပ,မာ’ အသက် ၃၅-နှစ်အရွယ်တွင် ပထမ သမီးလေး မွေးသည်။ ကံမကောင်းဘဲ သုံးလအကြာတွင် အဖျားရောဂါဖြင့် ဆုံးသွားရှာသည်။

ထိုမှ ၄-နှစ်အကြာ ၁၉၅၀-ခုနှစ် ‘ဒီပ,မာ’ အသက် ၃၉-နှစ်အရွယ်တွင် သမီး ‘ဒီပ’ကို မွေးသည်။

တဖန် ကိုယ်ဝန်ထပ်ရှိပြီး သားယောက်ျားလေး မွေးသော်လည်း မီးတွင်း၌ပင် ဆုံးပါးသွားခဲ့သည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

၁၉၅၇-ခုနှစ် တညတွင် အလုပ်မှ ပြန်လာသော ‘ရာဇာနီ’က သူ နေမကောင်းကြောင်း ပြောသည်။
နာရီပိုင်းအတွင်းမှာပင် ‘ရာဇာနီ’ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ရေခြားမြေခြား တပြည်တရွာတွင် ‘ဒီပ,မာ’တယောက် ၇-နှစ်အရွယ် သမီးငယ်လေးနှင့် ကျန်ရစ်သည်။
မျက်စိသူငယ် နားသူငယ်၊ ဘယ်သွား ဘယ်လာ၍ ဘာလုပ်ရမှန်း မသိ။

မကြာခင် နှစ်များအတွင်း ကျန်းမာရေးကလည်း ဆိုးဆိုးဝါးဝါး ချို့ယွင်းလာပြန်သည်။

သေခြင်းတရားသည် လက်တကမ်းအလိုသို့ ရောက်နေပြီဖြစ်သဖြင့် ‘ဒီပ,မာ’ မိမိကိုယ် မိမိ ပြန်မေးသည်။

... ငါသေရင် ငါနဲ့အတူ ဘာတွေ ယူသွားနိုင်မလဲ...
ပိုးဆာရီ အကောင်းစားတွေ ယူသွားနိုင်မလား ...
ရွှေငွေ လက်ဝတ်ရတနာတွေ ယူသွားနိုင်မလား ..
သမီးလေး ‘ဒီပ’ကို အတူခေါ်သွားနိုင်မလား ..
သမီးလေး ‘ဒီပ’ကို အသက်နှင့်အမျှ ချစ်ရသည့်တိုင် ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ ..
ကဲ .. တရားရိပ်သာကို သွားမယ် .. အဲဒီမှာ သေရာကို ယူသွားနိုင်မယ့်ဟာ တခုခုတော့ တွေ့မှာပဲ .....

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

၁၉၆၄-ခုနှစ် အသက် ၅၃-နှစ်အရွယ်တွင် ‘ဒီပ,မာ’တယောက် တရားရှာ၍ တရားကို ကြိုးစားအားထုတ်၍ တရားတွေ့ခဲ့လေသည်။

မုနိန္ဒရဂျီး ၁၉၆၆-ခုနှစ်၌ အိန္ဒိယသို့ မပြန်မီ ၁၉၆၅-ခုနှစ်တွင် ‘ဒီပ,မာ’တယောက် မုနိန္ဒရဂျီးနှင့်အတူ မဟာစည်ဆရာတော်ဘုရားကြီးထံ တန်ခိုးသိဒ္ဓိဆိုင်ရာ ဈာန်တရားများအကြောင်းကို လေ့လာ သင်ယူခဲ့ရသေးသည်။

၁၉၆၇-ခုနှစ် မြန်မာအစိုးရက နိုင်ငံခြားသားများကို ပြည်နှင်သောအခါ ဘုန်းတော်ကြီးများက ‘ဒီပ,မာ’နှင့် သမီးလေး ‘ဒီပ’တို့ မြန်မာပြည်တွင် နေထိုင်ခွင့်ရရှိရန် မြန်မာအစိုးရထံ ကြိုးစား မေတ္တာရပ်ခံပေးမည့်အကြောင်း ပြောကြားသည့်တိုင် သမီးငယ်၏ အိန္ဒိယယဉ်ကျေးမှု ဓလေ့ထုံးစံများ မမေ့ပျောက်စေရေးနှင့် ပညာရေးတို့ကို ရှေးရှု၍ အိန္ဒိယသို့ အပြီးတိုင် ပြန်ခဲ့လေသည်။

အိန္ဒိယသို့ ပြန်ရောက်ပြီးသည်မှ ကွယ်လွန်သည့်တိုင် ဓမ္မအလင်းရောင်ကို ထွန်းပြောင်စေခဲ့သည်။
အထူးသဖြင့် နေ့စဉ် လူမှုဘဝ အိမ်မှုဘဝ အရှုပ်များဖြင့် အလုပ်များနေကြသူများကို တရားရှုမှတ်တတ်ရန် သင်ပြပေးခဲ့သည်။