Tuesday, April 26, 2011

Easter ကျောင်းပိတ်ရက် ကလေးတရားစခန်း - အရှင်ပညာသီဟ

“အရှင်ဘုရား ... တရားဟော တရားပြ ကြွလာတာလား ဘုရား”လို့ မိမိကို အထင်တကြီးနဲ့ ကားမောင်းသူက မေးလိုက်တယ်။
စာရေးသူက သူမျှော်လင့်မထားတဲ့ “ဒကာကြီး အထင်ကြီးအောင် ဖြေရရင်တော့ ဟုတ်တယ်လို့ ပြောမှာပဲ။ တကယ်တော့ မြန်မာပြည်ပြန်လာတာ တရားဟော တရားပြဖို့ မဟုတ်ပါဘူး။ မတွေ့ရတာကြာတဲ့ မိခင်ကြီးကို တွေ့ဖို့ပါပဲ”ဆိုတဲ့ အဖြေကို ပေးလိုက်တော့ ဒကာလည်း အတော်သဘောကျပြီး ပြုံးစိစိ ဖြစ်သွားတယ်။
ပုဂံကို ဘုရားဖူးသွားတဲ့အခါ ကားပေါ်မှာ ပြောဖြစ်တဲ့ စကားပါ။

ကုမုဒ္ဒြာဟိုတယ်ပိုင်ရှင် ဦးမောင်ထွန်းက ပုဂံမှာ တည်းခိုဖို့ လည်ဖို့ စီစဉ်ပေးတဲ့အခါ ကားသမားကို အမေရိကားက လာတဲ့ ဆရာတော်အတွက် ကားမောင်းပေးရမယ်လို့ ကြိုပြောထားလို့ အထင်တကြီးနဲ့ မေးလိုက်တာ ဖြစ်မှာပါ။
မကြွားတတ်တော့ သူထင်ထားတဲ့ အဖြေမျိုးကို စာရေးသူက မပေးမိလိုက်ဘူး။
ဒါပေမယ့် နည်းနည်းတော့ ကြွားရဦးမယ်။
အဲဒါကတော့ စာရေးသူ hot-air balloon စီးပြီး ပုဂံမြို့ကို အပေါ်စီးက ကြည့်ခဲ့တဲ့အကြောင်းပါ။


အို ... လှလိုက်တဲ့ ပုဂံမြို့ရဲ့ ရှုခင်း။
မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တောက်ပတဲ့ ရွှေရောင်အဆင်းနဲ့ ဘုရားအချို့ကို ဖူးတွေ့ရသလို၊ အုတ်နီနီနဲ့ အစီအရီ တည်ရှိနေကြတဲ့ ဘုရားစေတီတွေကို ဖူးရတာလည်း အလွန် ကြည်နူးစရာပါ။
အပေါ်စီးက ကြည့်တာဆိုတော့ ပုဂံမြို့ဘေးမှာ သေးသေးကွေးကွေးလေး ဖြစ်နေတဲ့ မြစ်ကြီးဧရာကို မြင်ရတာလည်း အစဉ်လှနေပါတယ်။


သစ်ပင် ခြုံပုတ်ကလေးတွေ၊ လှည်းလမ်းကြောင်းကလေးတွေ၊ လယ်ကွင်းကလေးတွေကလည်း ထန်းပင်တွေ အစီအရီနဲ့ ပီပီပြင်ပြင် ပဏာရလို့ လှပနေတယ်။

စာရေးသူမှာ သာမန်အားဖြင့် အမြင့်ကြောက်စိတ် အနည်းငယ် ရှိပေမယ့် အမြင့်ပေ သုံးထောင်ကျော်လောက်မှာ ဝဲပျံနေတဲ့ မိုးပျံဗူပေါင်းပေါ်မှာတော့ ကြောက်စိတ်ဆိုတာ မဖြစ်ခဲ့ပါဘူး။
မြေပြင်မှာ လှည့်လည်သွားလာပြီး ကြည့်တဲ့အခါ မမြင်ရတဲ့ ပုဂံရဲ့ လှပတဲ့ မြင်ကွင်းက စိတ်တွင်းကို ဝင်ရောက်နေလို့ ထင်ပါရဲ့။
ဒီလိုနဲ့ ပုဂံရဲ့ သဘာဝအလှရှုခင်းကို ခံစားရင်း ကောင်းကင်မှာ တစ်နာရီလောက် ကြာခဲ့တယ်။


အမေရိကကို ပြန်ရောက်လို့ မိုးပျံဗူပေါင်းပေါ်က ရိုက်လာတဲ့ ဓာတ်ပုံတွေကို ပြတော့ ဒကာဒကာမတွေက လှပတဲ့ ပုဂံမြင်ကွင်းကို ကြည့်ပြီး တအံ့တသြနဲ့ ဘယ်လောက်ပေးပြီး စီးခဲ့တာလဲ...တဲ့။
ဒီတော့ စာရေးသူက ဘယ်လောက်ပေးရတယ် မသိလို့ ဒေါ်လာတစ်ရာလောက် ဖြစ်လိမ့်မယ် ထင်တယ်လို့ ပြောလိုက်တယ်။
ကိုယ်စီးခဲ့တဲ့ မိုးပျံဗူပေါင်းခ ကိုယ်ဘယ်လောက် ပေးရတယ်ဆိုတာ မသိရင် သူများရိုက်ထားတဲ့ ဓာတ်ပုံကို ပြပြီး ကြွားနေတာလားဆိုတဲ့ သဘောနဲ့ ဇဝေဇဝါ ပြန်ကြည့်ကြတယ်။
အဲဒီအခါ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြရသေးတယ်။

အဲဒါကတော့ -
စာရေးသူ လန်ဒန်မှာ ဆယ်နှစ်ကြာ နေခဲ့တုန်းက ပထမဆုံး ဆရာဒကာဖြစ်ခဲ့တဲ့ ကျောင်းရဲ့ အမှုဆောင်ဟောင်း ဒကာကြီး ဦးဝင်းမောင်ကို သူ့ဇနီး ဒေါ်ညိုနဲ့အတူ ရန်ကုန်လေဆိပ်မှာ တိုက်တိုက်ဆိုင်ဆိုင် မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။
မြန်မာပြည်ရောက်နေခိုက် စာရေးသူကို ခရီးသွားလာရေးအတွက် လေယာဉ်လက်မှတ်စသည်ကို လိုလေသေးမရှိ ကူညီဆောင်ရွက်ပေးတဲ့ ကိုမောင်မောင်ထွန်းနဲ့အတူ ပုဂံညောင်ဦးထွက်မယ့် လေယာဉ်ကို နားနေခန်းမှာ စောင့်နေတုန်း သူတို့ဇနီးမောင်နှံဝင်လာတာကို တွေ့ရလို့ အံ့သြဝမ်းသာစွာ လှမ်းခေါ်ပြီး နှုတ်ဆက်လိုက်တယ်။

သူတို့လည်း ဘယ်သူက သူတို့နာမည်ခေါ်နေတာလဲလို့ ဇဝေဇဝါ ဖြစ်နေတယ်။
စာရေးသူကို မြင်တော့မှ တအံ့တသြဖြစ်ပြီး “ကြည့်စမ်း၊ ချိန်းထားရင်တောင် လွဲချင်လွဲဦးမယ်။ ဆရာတော် ဘယ်ကြွမလို့လဲ”လို့ မေးကြတယ်။
“ပုဂံညောင်ဦး သွားမှာ”လို့ ပြောတော့ -
သူတို့လည်း သမီးရှိတဲ့ ပုဂံညောင်ဦးသွားမှာလို့ ဆိုကြတယ်။

“အေး၊ ဒကာကြီးတို့သမီး ပုဂံမှာ နေပြီး hot-air balloon လုပ်ငန်း လုပ်နေတယ်ဆိုတာ သိတယ်။ အရင်တစ်ခေါက် ပုဂံရောက်ကတည်းက သူ့ကို တွေ့ချင်နေတာ။ မီးပုံပျံစီးချင်လို့တော့ မဟုတ်ပါဘူး။ လန်ဒန်မှာ နေခဲ့တုန်းက ခင်မင်ကြလို့ တွေ့ချင်တာပါ”လို့ ပြောမိတယ်။

မမျှော်လင့်ဘဲ ကုမုဒ္ဒြာဟိုတယ်မှာ တည်းခိုနေတုန်း “နက်ဖြန်နံနက် မီးပုံပျံစီးဖို့ လာပင့်မယ်၊ အသင့်လုပ်ထားပါ ဘုရား”လို့ ဆိုတဲ့ လျှောက်ကြားချက်ကို လက်ခံရရှိတယ်။
ဒါနဲ့ ချိန်းထားတဲ့အချိန် မနက်စောစော လာခေါ်တယ်။
စီးရမယ့် ကားကို မြင့်တော့ စိတ်ထဲမှာ မရွှင်ပြဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်က စီးခဲ့ရတဲ့ ကားဖြစ်နေတာကိုး။
ကိုယ်ထင်ထားတာက hot-air balloon စီးရမှာဆိုတော့ လာကြိုတဲ့ကားက ဆလွန်းကားဖြစ်လိမ့်မယ်ပေါ့။
အမယ် ... ကားပေါ်တက်လိုက်တော့ ကိုယ့်ထက်အရင် နိုင်ငံခြားသူတစ်ယောက် ပါလာတာကို တွေ့ရတယ်။
စာရေးသူကို တင်ပြီး ကားစထွက်တော့ နံနက်စောစော ပုဂံရဲ့ လေကို အေးအေးမြမြလေး ထိတွေ့ခံစားလိုက်ရတယ်။
အပြင်လေက သန့်ရှင်း လတ်ဆတ်ပေမယ့် ကားဦးခေါင်းကို တိုးဝှေ့ပြီး အထဲကို ဝင်လာတဲ့ လေကတော့ အင်ဂျင်နံ့ ဒီဇယ်ဆီညှော်နံ့နဲ့ မသန့်မရှင်း နံစော်နေတယ်။
ဒါကြောင့် ပါလာတဲ့ လက်ကိုပုဝါနဲ့ နှာခေါင်းကို ပိတ်ပြီး လိုက်ခဲ့ရတယ်။
အတူပါလာတဲ့ နိုင်ငံခြားသူကို တစေ့တစောင်း အကဲခတ်ကြည့်တော့ သူ့နှာခေါင်းကို ပိတ်နေတာ မတွေ့ရဘူး။
အင်း ... ဗမာဖြစ်ပြီး ဗမာပြည်က အနံ့အသက်ကို မခံနိုင်တာ ကြီးကျယ်လိုက်တာလို့ ကိုယ့်ကိုယ်ကို ရှက်သလိုလို ဖြစ်သွားတယ်။
ဒါပေမယ့် ဘယ်လိုပဲထင်ထင် ကိုယ့်ကျန်းမာရေးက အရေးကြီးတာပဲလို့ အောက်မေ့ပြီး မချောမွေ့တဲ့ ပုဂံလမ်းမှာ ဂျုံဂွမ်း ဂျုံဂွမ်းဆိုတဲ့ အသံကို နာခံရင်း အင်း ... နိုင်ငံခြားသား အသွားအလာများတဲ့၊ နိုင်ငံခြားဝင်ငွေ ပေးနေတဲ့ ဒီနေရာ ဒီဒေသမှာ လမ်းကလေးလောက်တောင် ကောင်းအောင် လုပ်မထားနိုင်တာ အတော်ကို ဒို့ဗမာတွေ ညံ့သေးတာပဲလို့ တွေးကာ သက်ပြင်းချပြီး စီးခဲ့တယ်။
နောက်ထပ် မြန်မာအမျိုးသား သားအမိကို ဝင်ခေါ်ကာ မိနစ်နှစ်ဆယ်လောက် ခရီးထွက်ခဲ့တော့ hot-air balloon စီးရမယ့် နေရာကို ရောက်ခဲ့တယ်။


လုပ်ငန်းပိုင်ရှင်ရဲ့ မိဘတွေ(လက်ဝဲအစွန်)က အရင်ရောက်နှင့်နေပြီး စာရေးသူကို လာရောက် ကြိုဆိုကာ “ဆရာတော်ဘုရား၊ အတော်ကံကောင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီတခါ မီးပုံပျံစီးမယ့် နိုင်ငံခြားသားခရီးသည်က သုံးစီးစာပြည့်ပြီး တစ်စီးအတွက် သုံးယောက်ပဲဖြစ်နေတော့ ဆရာတော်အပါအဝင် တပည့်တော်မိတ်ဆွေနှစ်ယောက်နဲ့အတူ တပည့်တော်တို့ စီးခွင့်ရသွားတယ် ဘုရား။ ဈေးကြီးတော့ ဗမာတွေ သိပ်မစီးဖြစ်ကြဘူး”လို့ လျှောက်တယ်။

ဈေးကြီးတယ်ဆိုတဲ့အသံ ကြားတာနဲ့ ဈေးမေးရင် ရိုင်းတယ်ထင်မှာ စိုးလို့၊ ရင်းနှီးတဲ့ ဒကာ ဖြစ်နေတာမို့ စီးနင်းခကို လှူမယ်ဆိုတာ အလိုလို သိနေလို့ တစ်ယောက်ကို ဘယ်လောက်လဲဆိုတာ မမေးဖြစ်ခဲ့ဘူး။
ဒါကြောင့် ‘မြင်းစီးလို့ အထီးမှန်း အမမှန်း မသိဘူး’လို့ ပြောချင်ပြော၊ ‘အလကားရတဲ့နွား သွးဖြဲကြည့်မနေနဲ့’ဆိုတဲ့ သဘောနဲ့ ပျံတက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မီးပုံးပျံပေါ်တက်ကာ ရှုမငြီးတဲ့ ပုဂံရဲ့အလှအပကို တဝကြီး ခံစားလိုက်တယ်။




အသက်ကြီးလာလို့လား မသိ၊ မြန်မာပြည်ကို အလည်အပတ်ခရီးထွက်ရာကအပြန် အိပ်ချိန်မှန်အောင် ဆယ်ရက်လောက် အချိန်ယူရတယ်။
အတော်ပင်ပန်းတယ်လို့လည်း ခံစားမိတယ်။
အမေရိကပြန်ရောက်ပြီး အမောမပြေသေးမီ နယူးဂျာစီကျောင်းမှာ နွေရာသီကျောင်းပိတ်ရက်တိုင်း ကလေးတွေကို ဗုဒ္ဓဘာသာစာပေ သင်ကြားပေးနေတဲ့ မတင်နွယ်အေးက Easter ကျောင်းပိတ်ရက်အတွင်း ကလေးတွေအတွက် သုံးရက်တရားစခန်း ဖွင့်ပေးဖို့ လာလျှောက်တယ်။
စိတ်ဝင်စားလို့ တရားအားထုတ်ဖို့ လာလျှောက်တာဆိုတော့ ‘အမောမပြေသေးလို့ တရားစခန်း လုပ်မပေးနိုင်ဘူး’လို့ မညင်းသာဘဲ ပင်ပန်းမှုကို ဘေးဖယ်ပြီး ‘အေးကွယ်’လို့ဆိုကာ လက်ခံလိုက်တယ်။

အတွေ့အကြုံအပေါ် မူတည်ပြီး ကလေးတွေနဲ့ သင့်တော်တဲ့ အချိန်ဇယား၊ သူတို့ လေ့လာသင့်တဲ့ တရားစကား စတာတွေကို စီစဉ်ရတယ်။
ဒီကြားထဲ မေလဘုရားပွဲအမီ ဘုရားအတွက် အလှူခံထားတဲ့ ဘုရားကျောင်းဆောင်အသေးလေး(စိန်တောင်)တွေကိုလည်း မြန်မြန်ပြီးအောင် ဦးသောဘနနဲ့အတူ ဝိုင်းကူလုပ်၊ ဆေးသုတ်၊ ဆေးခြယ်နဲ့ တကယ် အလုပ်များနေသေးတယ်။


တရားစခန်းအတွက် ကျယ်ကျယ်ပြန့်ပြန့် များများစားစား လက်မခံနိုင်သေးဘဲ ဆယ်ယောက်လောက်နဲ့ပဲ အဆင်ပြေမယ်ဆိုတာ စီစဉ် ဆော်သြသူတွေကို ကြိုပြီး ပြောထားရသေးတယ်။
လက်ရှိဓမ္မာရုံက နေရာသိပ်မကျယ်တော့ လာပြီး တရားအားထုတ်မယ့် ကလေးများရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။


အခန်း ၁၆-ခန်း ပါရှိတဲ့ ဆောက်လုပ်နေဆဲ တရားရိပ်သာ ကျောင်းဆောင်ကြီးပြီးရင်တော့ ကလေး လူကြီး လာနိုင်သလောက် များများ လက်ခံပြီး အသက်အရွယ်အလိုက် ခွဲခြားကာ တရားဘာဝနာ အားထုတ်စေနိုင်မှာပါ။

Easter ကျောင်းပိတ်ရက် ကလေးတရားစခန်းကို လာရောက်သူတွေကတော့ ကိုအေးမောင်၊ ကိုအောင်သန်း၊ မဥမ္မာရွှေ၊ မမော်လီ၊ မစန်းစန်းဌေး၊ ကိုရာပြည့်တို့ရဲ့ သားသမီးတွေ ဖြစ်တယ်။
စုစုပေါင်း ကလေးဆယ်ယောက် တရားထိုင်ကြတယ်။
ကိုဝင်းထွန်း၊ မချိုမိသားစုကတော့ တရားစခန်းမှာ ရဟန်းတော်တွေ ဆွမ်းကိစ္စ မပင်ပန်းရအောင် ချက်ပြုတ် လှူဒါန်းပြီး ကုသိုလ်ယူတယ်။
ကလေးမိဘတွေလည်း ရဟန်းတော်တွေအတွက်ရော ကလေးတွေအတွက်ပါ အစားအသောက်တွေ ယူလာကြတာ အလျှံပယ်ပါ။
အဲ ... လိုအပ်တာကတော့ ကလေးယောဂီတွေကို ထိန်းမယ့်သူပဲ။
အရင်ကလည်း တရားစခန်းဝင်ဖူးသူတွေဖြစ်နေတော့ အထူးထိန်းပေးစရာတော့ မလိုပါဘူး။


ကလေးသဘာဝအရ လစ်ရင် လစ်သလို သက်သာသလို နေချင်သလို နေတာတော့ ရှိတာပေါ့။ ဒါကတော့ လူကြီးတွေတောင်မှ ဖြစ်တတ်သေးတာပဲဆိုပြီး မညည်းညူဘဲ ခွင့်လွှတ်ရပါတယ်။
လစ်ရင် လစ်သလို နေချင်သလို မနေနိုင်အောင် တရားစခန်းသုံးရက်အတွင်းမှာ အကျိုးရှိနိုင်သမျှ ရှိစေရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ကို မျက်စိဒေါက်ထောက်ပြီး တစ်ယောက်တည်း မပြတ်ကြည့်ပေးနေရတော့ စာရေးသူလည်း နည်းနည်းတော့ ပင်ပန်းသပေါ့။


ဒါပေမယ့် ‘မနက် ကိုးနာရီမှာ စပြီး ဘုရားဝတ်ပြု၊ ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ နာရီဝက်စီ ထိုင်မှတ်၊ စင်္ကြန်မှတ်တွေ မှတ်။
ဆယ့်တစ်နာရီကနေ တစ်နာရီအထိ အစားအသောက်စား၊ နားနေမှုပြု။
တစ်နာရီကနေ နှစ်နာရီအထိ တရားနာ၊ စာမေးပွဲစစ်။
နှစ်နာရီကနေ လေးနာရီအထိ စင်္ကြန်မှတ်၊ ထိုင်မှတ်တွေကို နာရီဝက်စီ မှတ်ဖို့’ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း လေးစား လိုက်နာကြတာ တွေ့ရတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ရိုရိုသေသေ စည်းကမ်းလိုက်နာပြီး အားထုတ်ရင် ငါးမိနစ်လျှော့ပေးပြီး၊ ရိုရိုသေသေ အားမထုတ်ရင် ငါးမိနစ်တိုးပြီး အားထုတ်ခိုင်းတဲ့အခါမှာလည်း တိုင်တန်း ညည်းညူမှု မပြုကြပါဘူး။
ကလေးတရားစခန်းကို ၂၀၁၁ ခု ဧပြီလ ၂၁ ရက်နေ့က အစပြုပြီး ၂၃ ရက်နေ့မှာ အပြီးသတ်ပါတယ်။


မိဘတွေလည်း ကျေနပ် ပျော်ရွှင်ကြပါတယ်။
ကလေးတွေကို နောက်တစ်ခါ လာကြဦးမလားလို့ မေးတော့ ... ‘လာဦးမယ်’တဲ့။
တကယ့် ပါရမီရှင်လေးတွေပဲလို့ မှတ်ယူပြီး၊
“အေးချမ်းစေရာ ဘာဝနာ ခါခါ အားထုတ်နိုင်ကြပါစေသော်”လို့ ဆုတောင်း မေတ္တာပို့သကာ ပီတီဖြာရပါတော့တယ်။

အရှင်ပညာသီဟ

2 comments:

တြိရတနာ said...

သာဓု သာဓု သာဓု ပါဘုရား

တြိရတနာ said...

သာဓု သာဓု သာဓု ပါဘုရား