Wednesday, July 28, 2010

နိဗ္ဗာန်အကြောင်း

“ ... နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။

ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။

ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။

ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် ... ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ မရဘူး။

ကိလေသာချုပ်ငြိမ်းခြင်းသဘောကို ဘယ်နေရာမှာ ရှိတယ်လို့ ပြောလို့ မရဘူး။ ညွှန်ကြားလို့ မရဘူး။ ဒါကြောင့်မို့ တည်ရာအရပ်ရယ်လို့ မရှိဘူး။

ဒါကြောင့်မို့ နိဗ္ဗာန်လို့ ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုး မမြင်မိစေနဲ့။ ရောက်စရာဌာနတစ်ခုအနေနဲ့ မမြင်မိစေနဲ့။ အဲဒါ အရေးကြီးတယ်။ နိဗ္ဗာန်ဟာ သဘောတရားတစ်ခုပဲ။”

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်သင်တန်း၊ အပတ်စဉ် (၄၂) နိဗ္ဗာန်အကြောင်းပို့ချချက်ကို နာယူ သင်ယူကြရ၏။

သင်တန်းတွင် လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိနေသော ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က နိဗ္ဗာန်အကြောင်း နာရီဝက်ခန့် ဟောကြား ပို့ချပေး၏။




ဒေးဒရဲကျောင်းဆရာတော်ကြီး၏ ပေါင်းမြက်များ ရှင်းလင်းပြီး၍ ပေါ်လာသော မြေကွက်ဥပမာ၊ ဝါးချက်မင်းကျောင်းဆရာတော်ကြီး၏ ကိုယ်တိုင် ကျင့်ကြံ အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးမှ နှစ်ဦး ပြန်ဆုံ၍ ရှင်းရမည့်တရား ဥပမာများဖြင့် ကိလေသာရှင်းမှ ပေါ်လာသော တရား၊ ရှင်းနိုင်သူ၏ သန္တာန်တွင် ပေါ်သည့် လွတ်မြောက်မှု သဘော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - သစ္စာလေးပါး သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သည်ဟူသော တရားတော်မြတ်၏ ဂုဏ်တော်မြတ်နှင့်အညီ သိနိုင်သည့် သဘောဖြစ်ကြောင်း ရှင်းပြ ဟောပြောသွား၏။

+++++

နိဗ္ဗာန်

နိဗ္ဗာန = နိ + ဝါန
နိ = ထွက်မြောက်
ဝါန = တဏှာ

ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်။
ထွက်မြောက်ဟူသည် အာရုံပြု မခံရခြင်းကို ဆိုလိုသည်။

နိဗ္ဗာန်သည် မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရားဖြစ်သည်။
မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်။

နိဗ္ဗာန်ကို အမျိုးမျိုးဟောကြားထားချက်များမှ ထင်ရှား အတွေ့ရများသည့် အချက်များမှာ -

နိဗ္ဗာန်ဟူသည်

(၁) တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှာယ အသေသ ဝိရာဂနိရောဓ) ဖြစ်၏။
     မဟာစည်ဆရာတော်ဘုရားကြီးက တဏှာ၏ အကြွင်းမဲ့ ကုန်ခြင်း ချုပ်ခြင်းဆိုသည်ကို ပိုပြီး နှစ်သက်၏။

     ဓမ္မစကြာတွင် ... ယေ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ
     အနာလယော ... ဆိုပြီး အထပ်ထပ် ဟော၏။
     ‘အနာလယော’၊ ‘စာဂေါ’၊ ‘ပဋိနိဿဂ္ဂေါ’ စသည့်ပုဒ်များ၏ အနက်အဓိပ္ပာယ်မှာ တစ်ခုနှင့်တစ်ခု
     သိပ်မကွာလှပေ။

(၂) တဏှာကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှက္ခယ) ဖြစ်၏။ 
     တဏှက္ခယဟု ပါဠိပုဒ်ဖြင့် ဟောခြင်းလည်း ရှိ၏။ အဓိပ္ပာယ်အတူတူပင် ဖြစ်၏။

(၃) ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယ) ဖြစ်၏။
     ကိလေသာတို့ ကုန်ရာကုန်ကြောင်းကို ဆို၏။ ပါဠိတော်တို့တွင် ရာဂက္ခယသည် နိဗ္ဗာန်၊
     ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်ဟု ဟောထားချက်များ ရှိ၏။

(၄) ဘဝချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဘဝနိရောဓ) ဖြစ်၏။
     ဘဝမရှိတော့ခြင်း၊ နောက်ထပ်မဖြစ်တော့ခြင်း ချုပ်ခြင်းကိုလည်း နိဗ္ဗာန်ဟု ခေါ်၏။

(၅) ဆင်းရဲချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဒုက္ခနိရောဓ) ဖြစ်၏။
     အမှန် ၄-ပါးတွင် တတိယသစ္စာကို ဒုက္ခနိရောဓဟု ခေါ်၏။
     ဒုက္ခကုန်ရာ နေရာတစ်မျိုးသဘော ... စသည် ဥပမာအမျိုးမျိုး တင်စား ပြောနေခြင်းသာ ဖြစ်ပြီး
     နိဗ္ဗာန်သည် နေရာ ဘုံ ဌာနတစ်ခု မဟုတ်ပေ။
     ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာတို့ ကုန်ငြိမ်းသည့် သဘောသာ ဖြစ်၏။

(၆) မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သော တရား (အသင်္ခတ) ဖြစ်၏။
     ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရား ၄-ပါးက ရုပ်ကို ပြုပြင်သကဲ့သို့ နိဗ္ဗာန်မှာ
     ပြုလုပ်အပ်သော အကြောင်းတရား မရှိ။
     နိဗ္ဗာန်သည် တရားအားထုတ်ခြင်း၏ အကျိုး မဟုတ်။ မဂ်ဉာဏ်၏ အကျိုး မဟုတ်။
     အာရုံကို အကြောင်းဆိုသော အနေဖြင့် (ပါဠိလို ပစ္စယသဒ္ဒါအနေဖြင့် သုံး၏။) ပြောလျှင်မူ နိဗ္ဗာန်သည်
     အကြောင်းထဲ ပါနိုင်၏။
     အထူးသဖြင့် နိဗ္ဗာန်သည် အကျိုး မဟုတ်။
     သူ့အလိုလို သူ့ဟာသူ ထင်ရှားရှိနေသော တရားသာ ဖြစ်သည်။

(၇) ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း/လွတ်မြောက်ခြင်း (မုတ္တိ၊ ဝိမုတ္တိ) ဖြစ်၏။
     ကိလေသာမှ လွတ်ခြင်း၊ ကိလေသာအာရုံနယ်ပယ် အပြင်ဘက်ရောက်ခြင်း ဖြစ်၏။
     မုတ္တိဟုလည်း သုံး၏။ ဝိမုတ္တိဟုလည်း သုံး၏။

(၈) ကျွန်းသဖွယ်ဖြစ်သော တရား (ဒီပ) ဖြစ်၏။
     သမုဒ္ဒရာ ပင်လယ်ထဲ မျောနေ ဒုက္ခရောက်နေသူအတွက် ကျွန်းကို မှီခိုပြီး အသက်ရှင်ရသကဲ့သို့
     သံသရာထဲ မျောနေသူတို့အတွက် နိဗ္ဗာန်ကို ကျွန်းသဖွယ် တင်စားခြင်း ဖြစ်၏။

(၉) လဲလျောင်းရာဖြစ်သော တရား (တာဏ) ဖြစ်၏။
     အားကိုးရာအဖြစ်ကို ဆိုလို၏။

(၁၀) ပုန်းအောင်းရာဖြစ်သော တရား (လေဏ) ဖြစ်၏။
     နိဗ္ဗာန်ဟူသော ပုန်းအောင်းရာကို ရလျှင် သံသရာဘေးဒုက္ခမှ လွတ်ခြင်းကို ဆို၏။

(၁၁) မှီခိုရာဖြစ်သော တရား (ပရာယဏ) ဖြစ်၏။
     နိဗ္ဗာန်ကို တကယ်တွေ့မှ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်များ မိမိသန္တာန်မှာ ဖြစ်မှ အပါယ်ဘေး
     သံသရာဘေးဒုက္ခတို့မှ လွတ်မြောက်သော အားထားမှီခိုရာအစစ် ဖြစ်ကြောင်းကို ဆို၏။

(၁၂) အမှန်တရား (သစ္စ) ဖြစ်၏။
     နိဗ္ဗာန်ကို သစ္စာတရားဟုလည်း ခေါ်၏။
     အမှန်တရား ၄-မျိုးဖြစ်သော ဆင်းရဲအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲချုပ်ရာ
     နိဗ္ဗာန်အမှန်တရား၊ ဆင်းရဲချုပ်ရာရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရားမှ အမှန်တရား တစ်ခု
     ဖြစ်၏။

(၁၃) ချမ်းသာခြင်းတရား (သုခ) ဖြစ်၏။
     နိဗ္ဗာနံ ပရမံ သုခံ - နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဟု ဓမ္မပဒတွင် ဟောထား၏။

(၁၄) ငြိမ်းချမ်းခြင်းတရား (သန္တိ) ဖြစ်၏။
     ခံစားမှုမပါသော ငြိမ်းအေးခြင်း ဖြစ်၏။

(၁၅) မွန်မြတ်သောတရား (ပဏီတ) ဖြစ်၏။

(၁၆) မြဲသောတရား (ဓုဝ) ဖြစ်၏။
     တရားတွေထဲမှာ မြဲသည်ဟူ၍ နိဗ္ဗာန်သာ ရှိ၏။

(၁၇) မသေရာတရား (အမတ) ဖြစ်၏။
     ဥပါဒ်-အဖြစ်မရှိ၍ ဘင်မရှိ။ သေခြင်းကင်းသော တရား ဖြစ်၏။

(၁၈) မိမိထက်သာသောတရား မရှိသော တရား (အနုတ္တရ) ဖြစ်၏။
     အမြတ်ဆုံးတရားဟု ဆို၏။

(၁၉) နက်နဲသော တရား (ဂမ္ဘီရ) ဖြစ်၏။
     နိဗ္ဗာန်ကို အမှန်းအဆဖြင့် မမြင်နိုင်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် တကယ်ရမှ မြင်နိုင်သဖြင့် နက်နဲသော
     တရားဟု ဆို၏။

(၂၀) မြင်နိုင်ခဲသော တရား (ဒုဒ္ဒသ) ဖြစ်၏။
     နက်နဲလျှင် မြင်နိုင်ခဲတော့၏။

(၂၁) သိမ်မွေ့သောတရား (အဏု၊ သုခုမ) ဖြစ်၏။
     ပါဠိလို အဏုဟုလည်း ခေါ်၏။ သုခုမဟုလည်း ခေါ်၏။
     သိမ်မွေ့သဖြင့် မြင်နိုင်ခဲ၏။ နက်နဲသဖြင့် မြင်နိုင်ခဲ၏။

နိဗ္ဗာန်ကို ဟောထားသော တခြား အချက်အလက်တို့ များစွာ ရှိသေး၏။

နိဗ္ဗာန်နှင့် ပတ်သက်၍ မိလိန္ဒပဥှာမှာ ရှင်နာဂသိန်နှင့် မိလိန္ဒမင်းကြီး အမေးအဖြေကို လေ့လာ ဖတ်ရှု မှတ်သားဖွယ် ကောင်း၏။

ချုပ်ခြင်းသည် နိဗ္ဗာန် မည်၏။

အလုံးစုံသော သူတို့သည် နိဗ္ဗာန်ကို မရကုန်။ ကောင်းစွာ ကျင့်၍ သစ္စာလေးပါးကို သိသူသာ နိဗ္ဗာန်ကို ရနိုင်သည်။

နိဗ္ဗာန်ကို မရသူသည်လည်း နိဗ္ဗာန်သည် ချမ်းသာသည်ဟု သိနိုင်သည်။

နိဗ္ဗာန်ကို အဆင်းသဏ္ဍာန်၊ ဝင်းဝင်းလက်လက်ကြီး၊ မြို့ကြီးပြကြီးသဖွယ် ပြောခြင်းမှာ တင်စားပြောဆိုမှုများသာ ဖြစ်သည်။
နိဗ္ဗာန်သည် အဆင်းသဏ္ဍာန် အရွယ် အတိုင်းအရှည် ဘာမှ မရှိ။
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်လည်း မဟုတ်။ ကာလသုံးပါးမှ အလွတ် ဖြစ်၏။

ရုပ်နာမ်က အဖြစ်တရား ဖြစ်ပြီး၊ နိဗ္ဗာန်က အရှိတရားသက်သက် ဖြစ်၏။

ပညတ်စကားလုံးများဖြင့် နိဗ္ဗာန်ကို တိတိကျကျ ဖော်ပြရန် ခဲယဉ်း၏။

+++++

နိဗ္ဗာန် ၂-မျိုး

(၁) သဥပါဒိသေသနိဗ္ဗာန်

သေသ = ကိလေသာတို့မှ ကြွင်းကျန်ရစ်သော
ဥပါဒိ = ဝိပါက်နာမ်ခန္ဓာ၊ ကမ္မဇရုပ်ခန္ဓာ
သ = ရှိသည်

ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ မချုပ်သေးခင် (ပရိနိဗ္ဗာန် မစံခင်) အာရုံပြုအပ်သော နိဗ္ဗာန်။

(၂) အနုပါဒိသေသနိဗ္ဗာန်

န + ဥပါဒိသေသ

ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်။

+++++

နိဗ္ဗာန် ၃-မျိုး

(၁) သုညတနိဗ္ဗာန်

 ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံး ကင်းဆိတ်သော နိဗ္ဗာန်။

(၂) အနိမိတ္တနိဗ္ဗာန်

ပုံသဏ္ဍာန် မရှိသော နိဗ္ဗာန်၊ ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံးဟူသော နိမိတ်အမှတ်အသား မရှိသော နိဗ္ဗာန်။

(၃) အပ္ပဏိဟိတနိဗ္ဗာန်

ရာဂ ဒေါသ မောဟဟူသော တောင့်တခြင်း မရှိသော နိဗ္ဗာန်။

+++++

အမှန်အားဖြင့် နိဗ္ဗာန်သည် တစ်မျိုးတည်းသာ ဖြစ်၏။
မသေခင် တွေ့ကြုံရသော နိဗ္ဗာန်၊ သေပြီး နိဗ္ဗာန် စသည် ၂-မျိုး၊ ၃-မျိုးဆိုခြင်းမှာ ဥပစာနှင့် တင်စား ပြောဆိုခြင်း ဖြစ်၏။

စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် = ပရမတ္ထတရား ၄-ပါးတွင် နိဗ္ဗာန်သည် နာမ်ဟု အမည်ရသော တရားတွင် ပါသော်လည်း သီးခြား ပရမတ္ထတရား ဖြစ်၏။ စိတ်, စေတသိက် ကဲ့သို့ နာမ် မဟုတ်။
နိဗ္ဗာန်ကို အာရုံပြုနိုင်သောကြောင့်သာ နာမ်ဟု ဆို၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲအဖြစ် ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က “အရိပ်သုံးပါးတရားတော်” ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။


Monday, July 26, 2010

အရိယာအဖြစ်သို့ ရောက်ရန် မည်မျှကြာကြာ အားထုတ်ရပါသလဲ

မေး။     ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
            (က) သတိပဋ္ဌာန်ဝိပဿနာကို ကြိုးစား အားထုတ်လျှင် ဤဘဝတွင်ပင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားထားပါသည်။ အရှင်ဘုရား၏ အတွေ့အကြုံတွင် အရိယာအဖြစ်သို့ ရောက်ရှိခဲ့သောသူများ ရှိပါသလား ဘုရား။
            (ခ) အရိယာအဖြစ်သို့ ရောက်ရန် မည်သို့သော နည်းဖြင့် မည်မျှကြာကြာ အားထုတ်ရပါမည်လဲ ဘုရား။
(မိုးမိုးအေးနှင့် မိစန္ဒာမွန်၊ ဒုတိယနှစ်၊ စက်မှုတက္ကသိုလ်)

ဖြေ။     ။ (က) ယောဂီရဲ့ တရားအတွေ့အကြုံ တရားတက်ပုံဟာ ကျမ်းဂန်နဲ့ ညီညွတ်တယ်လို့ ယူဆနိုင်တဲ့အတွက် ဒီယောဂီဟာဖြင့် တစ်မဂ်တစ်ဖိုလ် ရလောက်တယ်လို့ မှန်းဆရတဲ့ ယောဂီတချို့ ဘုန်းကြီးတွေ့ဖူးပါတယ်။

အဲဒီလို ယောဂီမျိုးဟာ စတင် အားထုတ်ကတည်းက တကယ့် သဒ္ဓါတရားနဲ့ တရားကို လိုလိုချင်ချင် ရှိပြီး ဆရာရဲ့စကားကို မြေဝယ်မကျ တသဝေမတိမ်း လိုက်နာပြီး ကြိုးကြိုးစားစား အားထုတ်ကြပါတယ်။ ရိုရိုသေသေ လေးလေးစားစား အားထုတ်ကြပါတယ်။

ကျမ်းဂန်မှာ ဖော်ပြထားတဲ့ မီးပွတ်သမားဥပမာအတိုင်း နိုးနေသမျှ တချိန်လုံး အထွေထွေ အသေးစိတ် လှုပ်ရှားပြုမူမှုတွေကအစ မလွတ်ရ မလပ်ရအောင် အဆက်မပြတ် ရှုမှတ်ကြပါတယ်။ သူတို့ ဝီရိယဟာ တင်းလိုက် လျော့လိုက် မဟုတ်ဘဲ တချိန်တည်း တိုးတက် တိုးတက်လို့သာ အားထုတ်ကြပါတယ်။

ဒီတော့ သူတို့ တရားတွေ့ပုံကလည်းပဲ အတော် ရှင်းပါတယ်။
ကျမ်းဂန်နဲ့လည်း အလွန်ညီညွတ်ပါတယ်။
တစ်မဂ်တစ်ဖိုလ် ရသည်အထိ တရားတွေ့ကြတယ်လို့ ယူဆနိုင်လောက်အောင်ပဲ ကျမ်းဂန်နဲ့ ညီညွတ်ကြတာကို တွေ့ရပါတယ်။

သို့သော်လည်း ဘုန်းကြီးတို့ကတော့ ဘယ်ယောဂီကိုမှ ဘယ်ဉာဏ်ရောက်ပြီ၊ ဘယ်အဆင့်ရောက်ပြီဆိုတာ ဘယ်တော့မှ မပြောပါဘူး။

သူတပါးရဲ့ တရားအခြေအနေကို တပ်တပ်အပ်အပ် သိနိုင်တာက မြတ်စွာဘုရားတစ်ပါးပဲ ရှိပါတယ်။
ဘုန်းကြီးတို့မှာ သူတပါးစိတ်ကို သိတဲ့ ပရစိတ္တဝိဇာနနဉာဏ် မရှိတော့ သူတပါးရဲ့ တရားအခြေအနေကို အမှန်အကန် အတိအကျ မသိနိုင်ပါဘူး။

ယောဂီရဲ့ တရားတွေ့ပုံဟာ ကျမ်းဂန်နဲ့ ညီညွတ်တယ်လို့ ယူဆရလို့သာ ဒီအခြေအနေလောက်တော့ ရောက်လောက်ပြီလို့ မှန်းဆနိုင်ရုံလောက်ပဲ ရှိပါတယ်။
ကျမ်းဂန်နဲ့ ညီညွတ်လို့ တစ်မဂ်တစ်ဖိုလ် ရတယ်လို့ ယူဆရတဲ့ ယောဂီများကို ကျမ်းဂန်မှာ ဖော်ပြထားတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာလည်း တချို့ ယောဂီများမှာ ကိုက်ညီနေတာကို တွေ့မြဲ တွေ့ရတတ်ပါတယ်။
ဒါကြောင့် ဒီယောဂီဟာဖြင့် တစ်မဂ်တစ်ဖိုလ်တော့ ရလောက်ပြီလို့ မှန်းဆရတာပဲ ရှိပါတယ်။

(ခ) အရိယာအဖြစ်သို့ ရောက်အောင် အားထုတ်တဲ့ နည်းကတော့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတဲ့ သတိပဋ္ဌာနသုတ် ဒေသနာတော်မှာ လာတဲ့နည်းပါပဲ။

အဲဒီ သတိပဋ္ဌာန်နည်းနဲ့ အားထုတ်ရင် မလွဲဧကန် အမှန်ပဲ အရိယာအဖြစ်သို့ ရောက်နိုင်ပါတယ်။
အဲဒီနည်းနဲ့ အားထုတ်ပုံကိုတော့ ဘုန်းကြီးတို့ ဒီတရားပွဲ စတုတ္ထနေ့မှာ ဟောခဲ့တဲ့ တရားတွေထဲမှာ အခြေခံအနေနဲ့ ပြည့်စုံ လုံလောက်အောင် ဟောပြော နည်းပေးထားခဲ့ပါပြီ။

ဘယ်လောက်ကြာကြာ အားထုတ်ရမယ်ဆိုတာကတော့ မိမိရဲ့ ဇွဲလုံ့လ ဝီရိယနဲ့ ပါရမီပေါ်မှာ တည်ပါတယ်။
ဒီနေရာမှာ ပါရမီဆိုတာ အလိုအလျောက် မိုးပေါ်က ကျလာတဲ့အရာ မဟုတ်ပါဘူး။
ရှေးရှေးဘဝတွေက ဒီသတိပဋ္ဌာန် ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့ဖူးလို့ တဖြည်းဖြည်း မိမိသန္တာန်မှာ စုပေါင်းမိလာတဲ့ ဝိပဿနာ သတိ၊ သမာဓိ၊ ပညာ အရှိန်တွေကို ခေါ်ပါတယ်။

အဲဒီ ပါရမီအရှိန် အားကောင်းခဲ့ရင် အချိန်မကြာလှဘဲ ရနိုင်ပါတယ်။
အဲဒီ ပါရမီအရှိန် အားနည်းခဲ့ရင်တော့ အချိန်ကြာကြာ အားထုတ်မှပဲ ရနိုင်ပါတယ်။
အရေးကြီးတာကတော့ ဇွဲလုံ့လ ဝီရိယပါပဲ။

သို့သော်လည်း မေးခွန်းရှင် နှစ်ယောက်အတွက် ဘယ်လောက်ကြာကြာ အားထုတ်ရမယ်ဆိုတာကိုတော့ ဘုန်းကြီးက အတိအကျ ပြောနိုင်ပါတယ်။
ဘယ်လောက်ကြာကြာ အားထုတ်ရမလဲဆိုတော့ အရိယာအဖြစ် မရောက်မချင်း အားထုတ်ရမှာဖြစ်လို့ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတဲ့ အချိန်အထိပဲ ကြာပါလိမ့်မယ်။
ဒီထက် ပိုမကြာပါဘူး။

+++++
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်”မှ

ဒေါက်တာဒေါ်တင်လှိုင် (၈၉-နှစ်) ရက်လည်ဆွမ်း အနုမောဒနာတရားတော်

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို စတင် တည်ထောင်ရာတွင် ပါဝင်သော ဒေါက်တာဦးလှဖေ၏ ဇနီးဖြစ်သူ ဒေါက်တာဒေါ်တင်လှိုင် (အသက် ၈၉-နှစ်)သည် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်တွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အသုဘရှုအစီအစဉ် ပြုလုပ်ပြီး၊ မီးသင်္ဂြိုဟ်ခဲ့ရာ မိတ်ဆွေများနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အမှုဆောင်များ လိုက်ပါ ပို့ဆောင်ခဲ့ကြပါသည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း တည်ရာ လောကချမ်းသာဘုရားကျောင်း၌ ကျန်ရစ်သော ခင်ပွန်းဖြစ်သူ ဒေါက်တာဦးလှဖေနှင့် မိတ်ဆွေများ၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင် မိသားစုများက ဘုရားအမှူးရှိသော သံဃာတော်များအား ရက်လည်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။




ရက်လည်ဆွမ်း အနုမောဒနာတရားတော်ကို လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော ဓမ္မဘေရီဆရာတော် အရှင်ဝိရိယ (တောင်စွန်း)က ဟောကြား ချီးမြှင့်သွားခဲ့ပါသည်။


ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ကြောင်း မည်သို့ သိနိုင်ပါသနည်း

မေး။     ။ ဆရာတော်ဘုရား ..... တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။
            တပည့်တော်တို့ဟာ တိဟိတ်ပဋိသန္ဓေနေသူ၊ သို့မဟုတ် ဒွိဟိတ်ပဋိသန္ဓေနေသူ ဖြစ်သည်ကို မည်ကဲ့သို့ သိနိုင်ပါသလဲ ဘုရား။
(မောင်မျိုးမင်း၊ တတိယနှစ်၊ ရူပဗေဒ)

ဖြေ။     ။ ဒီနေရာမှာ ဟိတ်ဆိုတာ အကြောင်းတရားကို ခေါ်ပါတယ်။

အကုသိုလ်ဘက်မှာလည်း လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။
ကုသိုလ်ဘက်မှာလည်း အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်လို့ အကြောင်း ၃-မျိုး ရှိပါတယ်။

အလောဘဟိတ်ဆိုတာ မလိုချင် မတပ်မက်ခြင်းတည်းဟူသော အကြောင်း၊
အဒေါသဟိတ်ဆိုတာ စိတ်မဆိုး စိတ်မပျက်ခြင်းတည်းဟူသော အကြောင်း၊
အမောဟဟိတ်ဆိုတာ မတွေဝေခြင်း ရှင်းရှင်းလင်းလင်း သိခြင်းဟူသော အကြောင်းလို့ ဆိုပါတယ်။
ဒါကြောင့် အမောဟဆိုတာ အသိဉာဏ်ကို ဆိုလိုတာပါ။

ဒွိဟိတ်ပဋိသန္ဓေ တိဟိတ်ပဋိသန္ဓေလို့ သုံးနှုန်းရာမှာ တစ်ဘဝရဲ့ အစဆုံး ပဋိသန္ဓေစိတ် ဖြစ်ခိုက်မှာ အသိဉာဏ်ဖြစ်တဲ့ အမောဟဟိတ် မပါဘဲ အလောဘ အဒေါသ ဟိတ်နှစ်ပါးနဲ့သာ ပဋိသန္ဓေစိတ်ဖြစ်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ကို ဟိတ်နှစ်ပါးနဲ့ ပဋိသန္ဓေနေလို့ ဒွိဟိတ်ပဋိသန္ဓေနေသူလို့ ခေါ်ပါတယ်။
ဒါကိုပဲ လွယ်အောင် ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်လိုက်ကြပါတယ်။

နောက်တစ်ယောက်ကတော့ ပဋိသန္ဓေစိတ်ဖြစ်စဉ်အခါမှာ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃-ပါးလုံး ပါဝင်တဲ့အတွက် ဟိတ် ၃-ပါးနှင့် ပဋိသန္ဓေနေလို့ တိဟိတ်ပဋိသန္ဓေနေသူလို့ ခေါ်ပါတယ်။
ဒါကို လွယ်ကူအောင် တိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။

ဒီ တိဟိတ်ပုဂ္ဂိုလ်ဟာ ပဋိသန္ဓေနေစဉ်က အမောဟဟိတ် ခေါ်တဲ့ ဉာဏ်ပါလို့ ဉာဏ်ထက်မြက်သူ ဖြစ်ပါတယ်။
ဒွိဟိတ်ပုဂ္ဂိုလ်ကတော့ ပဋိသန္ဓေစိတ်ဖြစ်စဉ်က အမောဟဟိတ် ခေါ်တဲ့ ဉာဏ်မပါလို့ ဉာဏ်ထက်မြက်မှု မရှိပါဘူး။

ဒွိဟိတ်ပုဂ္ဂိုလ်ဟာ မဂ်တရား ဖိုလ်တရား ရနိုင်လောက်အောင် ဉာဏ်မထက်မြက်တဲ့အတွက် တရားအားထုတ်တဲ့အခါမယ် ဒီဘဝမှာတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရနိုင်ပါဘူး။
သို့သော် သူရဲ့ လုံ့လ ဝီရိယနဲ့ အားထုတ်တဲ့ အချိန် အနည်းအများအလိုက် ထိုက်သင့်သလောက် ဝိပဿနာဉာဏ်များတော့ သူ့သန္တာန်မှာ ဖြစ်ပွားနိုင်ပါတယ်။
တိဟိတ်ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ လုံ့လ ဝီရိယနဲ့ အချိန် ပြည့်စုံ လုံလောက်ရင် ဒီဘဝမှာပဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရနိုင်ပါတယ်။

အလေးမ လေ့ကျင့်တဲ့သူဟာ ဘယ်လောက် အလေးချိန်ကို မိမိ မ,နိုင်တယ်ဆိုတာကို သိချင်ရင် “ငါဘယ်လောက် မ,နိုင်သလဲ”လို့ စဉ်းစားနေရုံနဲ့ သူအလေးချိန်ဘယ်လောက် မ,နိုင်စွမ်းအား ရှိတယ် ဆိုတာကို မသိနိုင်ပါဘူး။
အဲဒီအတိုင်းပဲ “ငါ ဒွိဟိတ်ပုဂ္ဂိုလ်လား တိဟိတ်ပုဂ္ဂိုလ်လား”လို့ စဉ်းစားနေရုံနဲ့တော့ အမှန်ကို မသိနိုင်ပါဘူး။
ခန့်မှန်းနိုင်ရုံလောက်ပဲ ရှိမှာပဲ။
လက်တွေ့ မ,ကြည့်မှ ဘယ်လောက်အလေးချိန် မ,နိုင်တယ်ဆိုတာကို သိရသလို တရားကို လက်တွေ့ အားထုတ်ကြည့်မှပဲ မိမိဟာ တိဟိတ်လား ဒွိဟိတ်လားဆိုတာ ကွဲကွဲပြားပြား သေသေချာချာ သိနိုင်ပါတယ်။
ရွှေကောင်းရွှေညံ့ သိဖို့ မှတ်ကျောက်တင်ရသလို တရားမှတ်ကျောက်မှာ တင်ကြည့်ဖို့ပါပဲ။

ဒီတော့ ကိုယ့်ကိုယ်ကို ဒွိဟိတ်လား တိဟိတ်လား ဆိုတာ ကွဲကွဲပြားပြား သိချင်ရင် ချမ်းမြေ့ရိပ်သာကို လာပြီး တရားမှတ်ကျောက် တင်ကြည့်လှည့်ပါ။ သိရပါစေ့မယ်။

+++++
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်” မှ

Friday, July 23, 2010

ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ နှစ်ပတ်စာ အဘိဓမ္မာသင်ခန်းစာများကို လေ့လာ သင်ယူကြရရာ ဒုတိယပို့ချစဉ် သင်ခန်းစာအဖြစ် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိအကြောင်း နာယူ မှတ်သားကြရ၏။

+++++

သတ္တဝါ (၃)မျိုး၊ သို့မဟုတ် (၄)မျိုး

(၁) သံသေဒဇသတ္တဝါ

သံသေဒ = အညှီအဟောက်၊ အညစ်အကြေး
သေဒ = ချွေး

အညစ်အကြေးကို အမှီပြုပြီး သန္ဓေတည်သော သတ္တဝါမျိုး၊ ပိုးလောက်, ယင်ကောင် စသည်မျိုး။
ပန်း၊ သစ်ပင်တို့ကို အမှီပြုပြီး သန္ဓေတည်ခဲ့ကြသည်လည်း ရှိကြောင်း ဆို၏။
ပဒုမဝတီမိဖုရားသည် ပဒုမ္မာကြာ၌ သန္ဓေတည်ကြောင်း၊ ဝေဠုဝတီက ဝါးပင်၌ သန္ဓေတည်ကြောင်း ဆို၏။

(၂) သြပပါတိကသတ္တဝါ

‘သြပပါတိက’သည် ‘ဥပပါတ’မှ လာ၏။
ဥပပါတ = ကျသည်

ကောင်းကင်က ကျလာသလို ဘွားကနဲ ခန္ဓာကိုယ် အထင်အရှားဖြစ်သော ပဋိသန္ဓေမျိုးကို ဆို၏။
‘ကမ္ဘာဦး ဗြဟ္မာ့ပြည်မှ စုတေပြီး လူ့ပြည်၌ဖြစ်သော လူ’၊ ‘နတ်’၊ ‘ဗြဟ္မာ’၊ ‘ငရဲသတ္တဝါ’ စသည်တို့မှာ သြပပါတိကသတ္တဝါများ ဖြစ်၏။

(၃) ဂဗၻေသယ်ကသတၱဝါ

ဂဗ္ဘ = ကိုယ်ဝန်/အမိဝမ်း
သေယျက = ကိန်းအောင်းသည်

အမိဝမ်းတွင်း ကိန်းအောင်းပြီး ပဋိသန္ဓေနေသော သတ္တဝါမျိုးကို ခေါ်၏။
ဂဗၻေသယ်ကသတၱဝါ ၂-မ်ိဳး ရွိ၏။

“၃.(က)” ဇလာဗုဇသတၱဝါ

လူ စသူတို့ကဲ့သို့ အမိဝမ်းတွင်းရှိ သားအိမ်မှာ ပဋိသန္ဓေနေပြီး ဖြစ်ရသော သတ္တဝါမျိုး ဖြစ်၏။
လူ၊ နွား၊ ခွေး စသည်မျိုး။

(၄)/“၃.(ခ)” အဏ္ဍဇသတ္တဝါ
 
ကြက်, ငှက် အစရှိသည်ကဲ့သို့ ဥခွံအတွင်း၌ ဖြစ်သော သတ္တဝါမျိုး ဖြစ်၏။
အမိဝမ်းတွင်း၌လည်း နေပြီး၊ တဖန် ဥခွံမှ ပေါက်ဖွားရသဖြင့် ‘နှစ်ခါမွေးသောသတ္တဝါ’ ပါဠိလို “ဒွိဇ”ဟု ခေါ်၏။

+++++

ပဋိသန္ဓေအခါ = ပဋိသန္ဓေစိတ်၏ ‘ဥပါဒ်’ခဏ
ပဝတ္တိအခါ = ပဋိသန္ဓေစိတ်၏ ‘ဌီ’ခဏမှ စုတိစိတ်မကျမီအတွင်း

+++++

ဘုံနှင့် သတ္တဝါ ၃-မျိုး/၄-မျိုးတို့၏ ပဋိသန္ဓေအခါ, ပဝတ္တိအခါ ရနိုင်သော ရုပ်များ

  • ကာမဘုံ၌ ရုပ် ၂၈-ပါးလုံး ပဝတ္တိအခါ၌ ထိုက်သလို ရနိုင်၏။
  • ပဋိသန္ဓေအခါ၌ သံသေဒဇနှင့် သြပပါတိက (ကာမာဝစရ) သတ္တဝါတို့သန္တာန်၌ အများဆုံးအားဖြင့် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက = ရုပ်အမျိုးပေါင်း ခုနစ်ဒသက ဖြစ်နိုင်သည်။
  •  တခါတရံ ယင်းခုနစ်မျိုးအနက် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသကတို့ မပါရှိဘဲ ခြောက်မျိုး (သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက)၊ ငါးမျိုး (ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက)၊ လေးမျိုး (ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက) စသည်ဖြင့်လည်း ဖြစ်နိုင်၏။
  •  ဂဗ္ဘသေယျကသတ္တဝါ ၂-မျိုး (ဇလာဗုဇနှင့် အဏ္ဍဇ)တို့ သန္တာန်၌ ပဋိသန္ဓေအခါ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက ၃-မျိုး ဖြစ်သည်။ (ဤနေရာ၌ ကာမာဝစရသတ္တဝါကို ရည်ရွယ်၏။) ထိုတွင်လည်း တခါတရံ ဘာဝဒသက မပါရှိဘဲ ဖြစ်နိုင်၏။ နပုံးခေါ် ယောက်ျားမဟုတ်၊ မိန်းမမဟုတ် ပုဂ္ဂိုလ် စသည် ဖြစ်၏။
  • ထိုမှနောက် ပဝတ္တိအခါ၌ အစဉ်အတိုင်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါဒသကတို့ ဖြစ်၏။ (ဤ၌လည်း သင်္ဂြိုဟ်ကျမ်းက တိတိကျကျ မရေးတော့ဘဲ အစဉ်အတိုင်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါတို့ဖြစ်သည်ဟုသာ ဆို၏။)
  • ဋီကာဆရာများက ကျမ်းဂန်များ၌ ချဲ့၍ ဖွင့်ဆိုကြ၏။ ယခုခေတ် ဆေးပညာအလိုနှင့် ကိုက်သည်လည်း ရှိ၊ မကိုက်သည်လည်း ရှိမည်ဖြစ်သော်လည်း စာမှာရှိသည်အတိုင်း သိထား နားလည်ထားရန် ကောင်း၏။
မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော် ယက္ခသံယုတ်၌ မြတ်စွာဘုရားရှင်က ဘီလူးကို ပြောကြားသော စကား ရှိ၏။

..... ဘီလူး ... ရှေးဦးစွာ ကလလရေကြည် ဖြစ်၏။
ကလလရေကြည်မှ အမြှုပ်ဖြစ်၏။
အမြှုပ်မှ သားတစ်ဖြစ်၏။
သားတစ်မှ အခဲဖြစ်၏။
အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏။ ဆံ, အမွေး, ခြေသည်းလက်သည်းတို့လည်း ဖြစ်ကုန်၏။
(ယက္ခသံယုတ်၊ ပါဠိတော်)

ထိုပါဠိတော်လာ တိုက်ရိုက်စကားကို အဋ္ဌကထာများက ဖွင့်ဆိုကြရာ -

အမိဝမ်းတွင်းကိန်းစဉ် ရုပ်ကြီးပွားပုံ

၁-သတ္တာဟ၌ ကလလရေကြည် (ကလလ)
၂-သတ္တာဟ၌ အမြှုပ် (အဗ္ဗုဒ)
၃-သတ္တာဟ၌ သားတစ် (ပေသိ)
၎-သတ္တာဟ၌ တစ်ခဲနက် (ဃန)
၅-သတ္တာဟ၌ ခက်မငါးဖြာ (ပသာခ)
၁၁-သတ္တာဟ၌ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါဒသက
၄၂-သတ္တာဟ၌ ဆံပင်၊ မွေးညင်း၊ ခြေသည်းလက်သည်းတို့ ဖြစ်သည်ဟု ဆို၏။

ထိုနောက် ကိုယ်ဝန် ရင့်ကျက်ပြီး ၉-လနှင့် ၁၀-လကြား မွေးဖွား၏။ အချို့ ၇-လဖွား ၈-လဖွားလည်း ရှိ၏။

ဝိသုဒ္ဓိမဂ်၌ ဒုက္ခသစ္စာကို ဖွင့်ဆိုရာတွင် ဇာတိဒုက္ခ အမိဝမ်းတွင်းမှာ ဆင်းဆင်းရဲရဲ နေရပုံကို သရုပ်ပေါ်အောင် အထူး ဖော်ပြ၏။

လင်္ကာ

စာသစ်စာကျက် (စာဟောင်းစာသစ်)
အောက်ထက်ဝန်းရံ
ပုပ်နံညှီလှောင်း
ကျဉ်းမြောင်းမည်းမိုက်
မိဝမ်းတိုက်ဝယ်
ဘင်၌လောက်လို
ကျောကိုဝမ်းပြု
ဒူးနှစ်ခုကြား
ဦးခေါင်းထားလျက်
မေးဖျားလက်ဆုပ်
သစ်ခွတိုမှာ (သစ်ငုတ်တိုမှာ)
မျောက်အိုကုပ်သည့်နှယ်
မလှုပ်မရှက် (မလှုပ်မလှက်)
သေသောက်လက်ဝယ်
ဆိတ်သူငယ်လို
အလမ္ပါယ်မိ
မြွေငယ်ချိသို့
အမိ စပ်,ခါး
ပူ,အေး စားလည်း
ကိုယ်သားဆတ်ဆတ်
သက်ပြတ်တစေ
ဆယ်လနေ၍
လေကမ္မဇ
ဦးဇောက်ချသား
မဂ်ဝသို့ရောက်
သံကောက်ပေါက်က
ဆွဲမြှောက်ဆင်ပြောင်
သံဘောင်ကြိတ်ချေ
ပုံနေရယိက
ပြင်သို့ကျလည်း
အပ်ဆွသည့်ဟန်
ကြီးပြန်ဒုက္ခ
ပြစ်များလှသည်
လက်စ ဇာတိဖြစ်ရင်းတည်း။ (မူလ ဇာတိဖြစ်ရင်းတည်း။)

+++++

  • ဤသို့လျှင် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို အစပြု၍ ခဏငယ်တိုင်း၌ ကမ္မဇရုပ်များ ဖြစ်ကြသည်။
  • ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှ စ၍ စိတ်၏ ဥပါဒ်ခဏတိုင်း၌ စိတ္တဇရုပ်များ ဖြစ်ကြသည်။
  • ပဋိသန္ဓေစိတ်၏ ‘ဌီ’ခဏမှ စ၍ ဥတုဇရုပ်များ ဖြစ်ကြသည်။
  • အာဟာရဇရုပ်မှာ သြဇာပျံ့နှံ့ရာအခါမှ စ၍ ဖြစ်၏။ အမိဝမ်းမှာ ရှိစဉ် ချက်ကြိုးမှတဆင့် အမိထံက သြဇာကြောင့်လည်း ဖြစ်နိုင်၏။
ဤသို့ အကြောင်း ၄-ပါးကြောင့် ဖြစ်သော ရုပ်ကလာပ်အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံကဲ့သို့လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း အသက်ရှင်သမျှ မပြတ် ဖြစ်သည်။
(ချွင်းချက်အနေဖြင့် ရဟန္တာပုဂ္ဂိုလ်များ နိရောဓသမာပတ် ဝင်စားသောအခါ စိတ်, စေတသိက်, စိတ္တဇရုပ်တို့ ချုပ်သဖြင့် ကမ္မဇ၊ ဥတုဇ၊ အာဟာရဇရုပ်တို့သာ မပြတ် ဖြစ်၏။)

+++++


ရုပ်ချုပ်စဉ်

  • စုတေခါနီးအခါ၌ကား စုတိစိတ်မှ နောက်သို့ ပြန်၍ ရေသည်ရှိသော် ၁၇-ချက်မြောက်သော စိတ်၏ ဌီကာလကို အစပြု၍ ကမ္မဇရုပ်တို့ မဖြစ်တော့ကုန်။
  •  ရုပ်သက်သည် စိတ္တက္ခဏ ၁၇-ချက် ရှည်ကြာရာ ကမ္မရုပ်မှာ ဘဝတစ်ခု၌ စုတိစိတ်၏ ဘင်နှင့်အပြိုင် ချုပ်ရမည်ဖြစ်သောကြောင့် ဖြစ်၏။
  • ရှေးက ဖြစ်နှင့်ကုန်ပြီးသော ကမ္မဇရုပ်တို့သည်လည်း စုတိစိတ်၏ ဘင်ကာလတိုင်အောင် ဖြစ်တည်၍ ချုပ်ကုန်၏။
  • ကမ္မဇရုပ်တို့ ချုပ်ပြီးနောက် စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့လည်း ပြတ်ကုန်၏။
  • ထို တိဇရုပ် (ကမ္မဇ၊ စိတ္တဇ၊ အာဟာရဇ)တို့ ချုပ်ပြီးနောက် ဥတုဇရုပ်တို့သည် စုတေပြီးနောက် အလောင်းကောင်ဟု ခေါ်ဆိုအပ်သည့်တိုင်အောင် ဖြစ်ကုန်၏။
  • စုတေပြီးနောက် တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ၏ ဥပါဒ်ကို အစပြု၍ ဆိုခဲ့သည့်အတိုင်း ရုပ်တို့သည် ဖြစ်ကုန်၏။ (စက်ရဟတ်ကြီး လည်သကဲ့သို့ လည်သွားတော့၏။)

စုတိစိတ်ချုပ်ပြီးနောက် စိတ္တဇရုပ်တို့၏ ရှည်ကြာနိုင်သော ကာလ

ဒွေးပဉ္စဝိညာဏ် ၁၀ နှင့် အရူပဝိပါက် ၄၊ ရဟန္တာတို့၏ စုတိစိတ်သည်  စိတ္တဇရုပ်ကို မဖြစ်စေနိုင်။

ကျန်စိတ်များက စိတ်၏ ဥပါဒ်, ဥပါဒ် ခဏတိုင်း၌ စိတ္တရုပ်ကို ဖြစ်စေရာ စုတိစိတ်၏ ဥပါဒ်အခိုက်အတန့်မှာ စိတ္တဇရုပ် ဖြစ်နိုင်သေး၏။
ထိုစိတ္တဇရုပ်သည် ခဏငယ်အားဖြင့် ၅၁-ချက် နေမည်ဖြစ်ရာ စုတိစိတ်၏ ‘ဘင်’ပြီးနောက် ခဏငယ် ၄၈-ချက် (စိတ္တဇရုပ်သက် ခဏငယ် ၅၁ - စုတိစိတ်ခဏငယ် ၃= ၄၈) ကြာမှ ချုပ်၏။

စုတိစိတ်ချုပ်ပြီးနောက် အာဟာရဇရုပ်တို့၏ ရှည်ကြာနိုင်သော ကာလ

ပြင်ပ (ဗဟိဒ္ဓ)က မျိုအပ်သော အာဟာရနှင့် အတွင်း (အဇ္ဈတ္တိက)အာဟာရတို့ ပေါင်းပြီး ဝိညာဉ်(စိတ်)အထောက်အပံ့ ရရှိက အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏။
စုတိစိတ်၏ ‘ဘင်’အခိုက်အတန့်မှာ စိတ်အထောက်အပံ့ ရှိနိုင်သေးသဖြင့် အာဟာရဇရုပ်တို့လည်း ဖြစ်နိုင်သေးပြီး စုတိစိတ်၏ ‘ဘင်’ပြီးနောက် ခဏငယ် ၅၀ (အာဟာရဇရုပ်သက် ခဏငယ် ၅၁ - စုတိစိတ်၏ ဘင်ခဏငယ် ၁ = ၅၀) တိုင်အောင် နေပြီးမှ အာဟာရဇရုပ် ချုပ်၏။

ဥတုဇရုပ်ကား ကမ္ဘာဆုံးသည်တိုင် တည်ရှိမည် ဖြစ်၏။

+++++

ရူပါဝစရဘုံ၌ကား ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝဒသကတို့ကိုလည်းကောင်း၊ အာဟာရဇကလာပ်တို့ကိုလည်းကောင်း မရအပ်ကုန်။

ထို့ကြောင့် ထိုရူပဗြဟ္မာတို့၏ -

  • ပဋိသန္ဓေအခါ၌ စက္ခု၊ သောတ၊ ဝတ္ထုဒသကနှင့် ဇီဝိတနဝကကလာပ် = ပေါင်း ကမ္မဇကလာပ် ၄-စည်းတို့ ဖြစ်ကုန်၏။
  • ပဝတ္တိအခါ၌ကား စိတ္တဇ၊ ဥတုဇကလာပ်တို့လည်း ရအပ်ကုန်၏။
+++++

အသညသတ်ဗြဟ္မာတို့၏ သန္တာန်၌ကား စက္ခု၊ သောတ၊ ဝတ္ထုဒသကနှင့် သဒ္ဒနဝကကလာပ်တို့ကိုလည်း မရအပ်ကုန်။
အလုံးစုံသော စိတ္တဇရုပ်တို့ကိုလည်း မရအပ်ကုန်။

ထို့ကြောင့် ထိုအသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေအခါ၌ ဇီဝိတနဝက ဥတုဇရုပ်သာ ရအပ်၏။
(ဥတုဇကလာပ် ၄-စည်းတွင် သုဒ္ဓဋ္ဌကလာပ်နှင့် လဟုတာဒိဧကာဒသကကလာပ် = ပေါင်း ၂-စည်းသာ ရ၏။)

+++++

ဘုံနှင့် ရသောရုပ်

  • ကာမဘုံမှာ ရုပ် ၂၈-ပါးလုံး ရ၏။
  • အသညသတ်ကြည် ရူပ ၁၅-ဘုံမှာ ဃာန၊ ဇိဝှါ၊ ကာယပသာဒနှင့် ဘာဝရုပ် ၂-ပါး = ပေါင်း ၅-ပါးကြဉ်သော ရုပ် ၂၃-ပါး ရ၏။
  • အသညသတ်ဘုံမှာ အဝိနိဗ္ဘောဂရုပ် ၈ + ဇီဝိတရုပ် ၁ + လဟုတာဒိ ၃ + အာကာသ ၁ + လက္ခဏ ၄ = ပေါင်း ရုပ် ၁၇-ပါး ရ၏။
  • အရူပဘုံမှာ ရုပ် လုံးဝ မရှိ။
+++++

ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရနိုင်သော ရုပ်များ

ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မဖြစ်နိုင်သော ရုပ်များမှာ သဒ္ဒရုပ်၊ ဝိညတ်ရုပ် ၂-ခု (ကာယဝိညတ်၊ ဝစီဝိညတ်)၊ လဟုတာဒိရုပ် ၃-ခု (လဟုတာ၊ မုဒုတာ၊ ကမ္မညတာ)၊ ဇရတာ (အိုသောရုပ်)၊ အနိစ္စတာ (ပျောက်ပျက်ရုပ်) = ပေါင်း ၈-ပါးသော ရုပ်များ ဖြစ်၏။

ထိုနောက် ပဝတ္တိအခါ သေသည်တိုင်အောင် ရုပ် ၂၈-ပါးလုံး ရနိုင်၏။

+++++

ရုပ်ဝီထိ

“စိတ်မှာ ဝီထိရှိသကဲ့သို့ ရုပ်မှာလည်း ဝီထိရှိသည်” ဟူသော အဆိုနှင့်ပတ်သက်၍ ပါဠိကျမ်းဂန်များ၌ တိုက်ရိုက် လာရှိသည်ကို မတွေ့ရပေ။

သို့သော် ရှေးမြန်မာဆရာတော်များက တီထွင် ကြံဆ၍ စိတ်အစဉ်ဖြစ်သလို ရုပ်မှာလည်း ဤအခိုက်အတန့်၌ ရုပ်မည်မျှရှိသင့်သည်၊ ဟိုအခိုက်အတန့်မှာ ရုပ်မည်မျှရှိသင့်သည်ဟု ပြဆိုထားရာ အလွန် ကျေးဇူးတင်ထိုက်၏။

ရှေးဦးစွာ နာမ်ဝီထိကို ပြန်လည် အမှတ်ရမည်ဆိုသော် ပဋိသန္ဓေစိတ်၏နောက် ဘဝင် ၁၅-ကြိမ်၊ ၁၆-ကြိမ် ဖြစ်၏။

ပဋိသန္ဓေစိတ်တွင် ‘ဥပါဒ်’ ‘ဌီ’ ‘ဘင်’ ခဏငယ် ၃-ချက် ရှိ၏။

  • ဂဗ္ဘသေယျကသတ္တဝါများအတွက် ပဋိသန္ဓေစိတ်၏ ‘ဥပါဒ်’အခိုက်အတန့်၌ ကမ္မဇကလာပ် ၃-စည်း ရ၏။ စိတ္တဇ၊ ဥတုဇရုပ်တို့ မရသေး။
  • ပဋိသန္ဓေစိတ်၏ ‘ဌီ’အခိုက်အတန့်တွင် ကမ္မဇရုပ်မှာ စိတ်၏ ခဏငယ်တိုင်း ဖြစ်၍ ၃-စည်း ထပ်ဖြစ်၏။ ‘ဥပါဒ်’အခိုက်က ကမ္မဇကလာပ် ၃-စည်းနှင့် ပေါင်းသော် ၆-စည်း ဖြစ်၏။ စိတ္တဇရုပ် မဖြစ်သေး။ ဥပါဒ်အခိုက်ကဖြစ်သော ကမ္မဇရုပ် ၃-စည်းမှာ ‘ဌီ’အခိုက်ရောက်သောအခါ ဥတုဇရုပ် ၃-စည်းကို ဖြစ်စေ၏။ (စုစုပေါင်းသော် ကမ္မဇ ၆-စည်း + ဥတုဇ ၃ = ၉-စည်း ဖြစ်၏။)
  • ပဋိသန္ဓေစိတ်၏ ‘ဘင်’အခိုက်အတန့်မှာ ကမ္မဇရုပ် ၃-စည်း ထပ်ဖြစ်ပြန်၏။ စိတ္တဇရုပ် မဖြစ်သေး။ ‘ဌီ’အခိုက်တွင်ဖြစ်သော ကမ္မဇ ၃-စည်းမှ ဥတုဇ ၃-စည်း ထပ်ဖြစ်၏။ (စုစုပေါင်းသော် ကမ္မဇ ၉ + ဥတုဇ ၆ = ၁၅-စည်း ဖြစ်၏။)
ပထမဘဝင် (ဥပါဒ်၊ ဌီ၊ ဘင်)

  •  ပထမဘဝင်၏ ဥပါဒ်တွင် ကမ္မဇ ၃-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၃-စည်းတို့ ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၁၂-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၉-စည်း ဖြစ်၏။)
  • ပထမဘဝင်၏ ဌီတွင် ကမ္မဇ ၃-စည်း၊ စိတ္တဇ ထပ်မဖြစ်သေး၊ ဥတုဇ ၄-စည်း(ပထမဘဝင် ဥပါဒ်မှ ကမ္မဇရုပ်တို့မှာ ဌီသို့ရောက်၍ ဥတုဇ ၃-စည်းကို ဖြစ်စေပြီး၊ ပထမဘဝင်ဥပါဒ်မှ စိတ္တဇ ၁-စည်းကလည်း ဌီသို့ရောက်၍ ဥတုဇ ၁-စည်းကို ဖြစ်စေ၏။)တို့ ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၁၅-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၁၃-စည်း ဖြစ်၏။)
  • ပထမဘဝင်၏ ဘင်တွင် ကမ္မဇ ၃-စည်း၊ စိတ္တဇ မဖြစ်၊ ဥတုဇ ၃-စည်းတို့ ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၁၈-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၁၆-စည်း ဖြစ်၏။)
ဒုတိယဘဝင် (ဥပါဒ်၊ ဌီ၊ ဘင်)

  • ဒုတိယဘဝင်၏ ဥပါဒ်အခိုက်အတန့်၌ ကမ္မဇ ၃-စည်း၊ စိတ္တဇ ၁-စည်း၊ ဥတုဇ ၃-စည်းတို့ ဖြစ်ပြန်၏။ (စုစုပေါင်း ကမ္မဇ ၂၁-စည်း၊ စိတ္တဇ ၂-စည်း၊ ဥတုဇ ၁၉-စည်း ဖြစ်၏။)
  • ဒုတိယဘဝင်၏ ဌီအခိုက်၌ ကမ္မဇ ၃-စည်း၊ စိတ္တဇ မဖြစ်၊ ဥတုဇ ၄-စည်း ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၂၄-စည်း၊ စိတ္တဇ ၂-စည်း၊ ဥတုဇ ၂၃-စည်း ဖြစ်၏။)
  • ဒုတိယဘဝင်၏ ဘင်အခိုက်၌ ကမ္မဇ ၃-စည်း၊ စိတ္တဇ မဖြစ်၊ ဥတုဇ ၃-စည်း ဖြစ်၏။ (စုစုပေါင်း ကမ္မဇ ၂၇-စည်း၊ စိတ္တဇ ၂-စည်း၊ ဥတုဇ ၂၆-စည်း ဖြစ်၏။)
(ဤနည်းဖြင့် ရုပ်ကလာပ်တို့ တိုးပွားဖြစ်ရာ၏။ ဥတုဇကလာပ်များမှလည်း ဥတုဇရုပ်များ တိုးပွားနိုင်ခြင်း၊ ‘ဘင်’ပြီးနောက် ရုပ်ကလာပ်များ ပျက်သွားခြင်း စသော အချက်များကို ထည့်သွင်း စဉ်းစား၍လည်း တီထွင် ကြံဆနိုင်ကြသေး၏ဟု ယူဆမိ၏။)

+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
အရှင်ဇနကာဘိဝံသ၏ “ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တရားတော်”

Tuesday, July 20, 2010

ရူပသမုဋ္ဌာနနှင့် ရူပကလာပ

ဦးဇင်း တခါတလေ စဉ်းစားမိတယ်။ ကံကောင်းလွန်းလို့ ဗုဒ္ဓဘာသာဖြစ်ရတာလို့ ...
(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃-၄ ရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပ ပြုလုပ်သောကြောင့် ဇူလိုင်လ ၃ ရက် စနေနေ့ဝယ် အဘိဓမ္မာသင်တန်း မရှိပေ။

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း အပတ်စဉ် (၄၀) ရူပသမုဋ္ဌာနနှင့် ရူပကလာပအကြောင်း ပို့ချချက်များနှင့် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်, ချုပ်စဉ်, ရုပ်ဝီထိအကြောင်း ပို့ချချက်များကို သင်ယူ နာယူ လေ့လာကြရ၏။

လောကချမ်းသာဆရာတော်က မှတ်သားဖွယ် အထူးရှင်းလင်းဖွယ် အကြောင်းအရာများကို သင်တန်းပို့ချစဉ်အတွင်း သက်ဆိုင်ရာ နေရာများ၌ မိန့်ကြား ရှင်းလင်း သင်ပြသွားပေး၏။

+++++

ရူပသမုဋ္ဌာနနှင့် ရူပကလာပ

ဥတုဇရုပ်

ဥတုဆိုသည်မှာ ဓာတ်ကြီး ၄-ပါးထဲက တေဇောဓာတ်ပင် ဖြစ်၏။
သီတဥတု (အေးသောဥတု)နှင့် ဥဏှဥတု (ပူသောဥတု)ဟူ၍ ရှိ၏။

ထို အအေးအပူဟူသော တေဇောဓာတ်သည် ‘ဌီ’သို့ ရောက်မှသာလျှင် သက်ရှိသန္တာန်၌လည်းကောင်း၊ သက်မဲ့သန္တာန်၌လည်းကောင်း ရုပ်ကို ဖြစ်စေ၏။
ပြင်ပမှာ ရှိသော ရုပ်များသည် ဥတုဇရုပ်ချည်းသာ ဖြစ်၏။ ကမ္မဇ၊ စိတ္တဇ၊ အာဟာရဇရုပ်များ ပြင်ပမှာ မရှိ။

ပဋိသန္ဓေ၏ ‘ဥပါဒ်’အခိုက်၌ ဖြစ်သည့် ကမ္မဇရုပ်တွင် ပါဝင်သော တေဇောဓာတ်သည် ပဋိသန္ဓေစိတ်၏ ‘ဥပါဒ်’၌ သူလည်း ‘ဥပါဒ်’ဖြစ်၏။
ပဋိသန္ဓေ၏ ‘ဌီ’၌ သူလည်း ‘ဌီ’ဖြစ်ပြီး ဥတုဇရုပ်ကို ဖြစ်စေ၏။
ရုပ်သက် ခဏငယ် ၅၁-ချက်(ဥပါဒ် ၁ + ဌီ ၄၉ + ဘင် ၁)မှာ ဌီ ၄၉-ချက်ရှိပြီး ဥတုဇရုပ်ကို ဖြစ်စေ၏။

အာဟာရဇရုပ်

‘သြဇာ’ဟု ဆိုအပ်သော အာဟာရသည် စားဖွယ်ကို မျိုလိုက်သောအခါဝယ် ရောက်လေရာအရပ်၌ အသစ် အသစ် ဥပါဒ်ပြီးနောက် ‘ဌီ’သို့အရောက်မှာ အာဟာရဇရုပ်ကို ဖြစ်စေ၏။

အာဟာရဇရုပ်ဖြစ်သောအချိန်ကို အတိအကျ သတ်မှတ်၍မရဘဲ တစ်စုံတစ်ခုကို စားမျိုလိုက်သည့် တစ်ချိန်ချိန်ဟုသာ သာမညအားဖြင့် မှတ်ယူနိုင်၏။

+++++

ရုပ် ၂၈-ပါးကို ရုပ်ဖြစ်ကြောင်း ၄-ပါးဖြင့် ခွဲခြားဝေဖန်ခြင်း

ကမ္မဇရုပ် ၁၈-ပါး

ကမ္မဇရုပ်မှာ -
ကံသက်သက်ကြောင့်ဖြစ်သော (ကမ္မဇဧကန်) ၉-ပါး (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ဟဒယ၊ ဇီဝိတ)နှင့်
ကံနှင့်တခြားအကြောင်းကြောင့်ဖြစ်သော (ကမ္မဇအနေကန်) ၉-ပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ အာဟာရ၊ အာကာသ) (ဖောဋ္ဌဗ္ဗ=ပထဝီ၊ တေဇော၊ ဝါယော)
ပေါင်း ၁၈-ပါး ရှိ၏။

စိတ္တဇရုပ် ၁၅-ပါး

စိတ္တဇဧကန် ၂-ပါး (ကာယဝိညတ်၊ ဝစီဝိညတ်)နှင့်
စိတ္တဇအနေကန် ၁၃-ပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ အာဟာရ၊ အာကာသ၊ ရူပဿလဟုတာ၊ ရူပဿမုဒုတာ၊ ရူပဿကမ္မညတာ)
ပေါင်း ၁၅-ပါး။

ဥတုဇရုပ် ၁၃-ပါး

ဥတုဇဧကန် မရှိ။
ဥတုဇအနေကန် ၁၃-ပါးမှာ စိတ္တဇအနေကန် ၁၃-ပါးနှင့် အတူတူပင် ဖြစ်၏။

အာဟာရဇရုပ် ၁၂-ပါး

အာဟာရဇရုပ်ဧကန် မရှိ။
အာဟာရဇရုပ်အနေကန် ၁၂-ပါးမှာ ‘သဒ္ဒ’ရုပ်မပါသော ကျန်စိတ္တဇအနေကန် ၁၂-ပါးနှင့် အတူတူပင် ဖြစ်၏။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း ၄-ပါးမှ လွတ်သော ရုပ် ၄-ပါး

လက္ခဏရုပ် ၄-ပါးမှာ ရုပ်အစစ်မဟုတ်ဘဲ ဖြစ်ပြီးသားရုပ်တို့၏ ဖြစ်ပေါ်, ရင့်ရော်, ပျက်မှု အခိုက်အတန့်ကို ခေါ်ဆိုခြင်းဖြစ်ရာ ကံ, စိတ်, ဥတု, အာဟာရ အကြောင်း ၄-ပါးမှ လွတ်၏။

+++++

စိတ်နှင့် စိတ္တဇရုပ်

စိတ် ၈၉-ပါးတွင် အရူပဝိပါက် ၄-ခုနှင့် ဒွေးပဉ္စဝိညာဏ် ၁၀၊ ပေါင်း ၁၄-ပါးသော စိတ်တို့သည် ရုပ်ကို မဖြစ်စေနိုင်။ ပဉ္စဒွါရိကစိတ်တို့သည် အလွန်အားနည်းသောကြောင့် ရုပ်ကို မဖြစ်စေနိုင်။

ကျန် ၇၅-ပါးသော စိတ်တို့မှာ ရုပ်သာမညကို ဖြစ်စေနိုင်ခြင်း၊ ဣရိယာပုတ်ကို ခိုင်စေခြင်း၊ ဝိညတ်ကို ဖြစ်စေနိုင်ခြင်း၊ ပြုံးရွှင်ခြင်းကို ဖြစ်စေခြင်းတို့ ဖြစ်စေနိုင်၏။

  • လောဘမူသောမနဿ ၄-ခုသည် ရုပ်သာမညကိုလည်း ဖြစ်စေ၏။ ဣရိယာပုတ်ကိုလည်း ခိုင်စေ၏။ ဝိညတ်ကိုလည်း ဖြစ်စေ၏။ ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေ၏။
  • လောဘမူဥပေက္ခာ ၄-ခုမှာ ရုပ်သာမညကိုလည်း ဖြစ်စေ၏။ ဣရိယာပုတ်ကိုလည်း ခိုင်စေ၏။ ဝိညတ်ကိုလည်း ဖြစ်စေနိုင်၏။ ဥပေက္ခာဖြစ်၍ ရယ်ရွှင်ခြင်းကို မဖြစ်စေနိုင်။
  • ဒေါသမူ ၂၊ မောဟမူ ၂ တို့မှာ ရုပ်သာမည, ဣရိယာပုတ်, ဝိညတ်တို့ကို ဖြစ်စေ၏။ ဒေါသမူ ၂-ခုမှာ ငိုခြင်းကိုလည်း ဖြစ်စေနိုင်၏။
  • ဒွေးပဉ္စဝိညာဏ် ၁၀ မှာ ရုပ်ကို မဖြစ်စေနိုင်။
  • သမ္ပဋိစ္ဆိုင်း ၂-ခုမှာ ရုပ်သာမညကိုသာ ဖြစ်စေ၏။
  • သန္တီရဏ ၃-ခုမှာ ရုပ်သာမညကိုသာ ဖြစ်စေ၏။
  • ပဉ္စဒွါရာဝဇ္ဇန်းမှာ ရုပ်သာမညကိုသာ ဖြစ်စေ၏။
  • မနောဒွါရာဝဇ္ဇန်းမှာ ရုပ်သာမညကိုလည်း ဖြစ်စေ၏။ ဣရိယာပုတ်ကိုလည်း ခိုင်စေ၏။ ဝိညတ်ကိုလည်း ဖြစ်စေ၏။
  • ဟသိတုပ္ပါဒ်မှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။ ဝိညတ်ကို ဖြစ်စေ၏။ ရယ်ရွှင်စေ၏။
  • မဟာကုသိုလ်သောမနဿ ၄-ခုမှာလည်း ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။ ဝိညတ်ကို ဖြစ်စေ၏။ ရယ်ရွှင်စေ၏။
  • မဟာကုသိုလ်ဥပေက္ခာ ၄-ခုမှာ ရုပ်, ဣရိယာပုတ်, ဝိညတ်ကို ဖြစ်စေ၏။
  • မဟာဝိပါက် ၈-ခုမှာ ရုပ်သာမညကိုသာ ဖြစ်စေ၏။
  • မဟာကြိယာသောမနဿ ၄-ခုမှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။ ဝိညတ်ကို ဖြစ်စေ၏။ ရယ်ရွှင်စေ၏။
  • မဟာကြိယာဥပေက္ခာ ၄-ခုမှာ ရုပ်, ဣရိယာပုတ်, ဝိညတ်ကို ဖြစ်စေ၏။
  • ရူပါဝစရကုသိုလ် ၅-ခုမှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။
  • ရူပါဝစရဝိပါက် ၅-ခုမှာ ရုပ်သာမညကိုသာ ဖြစ်စေ၏။
  • ရူပါဝစရကြိယာ ၅-ခုမှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။
  • အရူပါဝစရကုသိုလ် ၄-ခုမှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။
  • အရူပါဝစရဝိပါက် ၄-ခုမှာ ရုပ်ကို မဖြစ်စေပါ။
  • အရူပါဝစရကြိယာ ၄-ခုမှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။
  • လောကုတ္တရာစိတ် ၈-ပါးမှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။
  • အဘိညာဏ် ၂-ခု (ပဉ္စမဈာန် ကုသိုလ်၊ ကြိယာ)မှာ ရုပ်သာမညကို ဖြစ်စေ၏။ ဣရိယာပုတ်ကို ခိုင်စေ၏။ ဝိညတ်ကို ဖြစ်စေ၏။
+++++

တစ်နည်းအားဖြင့် -

  • ရုပ်သာမညကိုသာ ဖြစ်စေသော စိတ်များမှာ မနောဓာတ် ၃-ပါး (ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်း ၂) + တဒါရုံ ၁၁-ပါး (ဥပေက္ခာသန္တီရဏ ၂၊ သောမနဿသန္တီရဏ ၁၊ မဟာဝိပါက် ၈) နှင့် ရူပါဝစရဝိပါက် ၅-ပါး = စုစုပေါင်း ၁၉-ပါး ဖြစ်၏။
  • ရုပ်သာမညကိုလည်း ဖြစ်စေ၊ ဣရိယာပုတ်ကိုလည်း ခိုင်စေသော စိတ်များမှာ အပ္ပနာဇော ၂၆-ပါး (မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ် ကြိယာ ၉၊ လောကုတ္တရာ ၈) ဖြစ်၏။
  • ရုပ်သာမညကိုလည်း ဖြစ်စေ၊ ဣရိယာပုတ်ကိုလည်း ခိုင်စေ၊ ဝိညတ်ကိုလည်း ဖြစ်စေသော စိတ်များမှာ ဝုဋ္ဌော (မနောဒွါရာဝဇ္ဇန်း)၊ ကာမဇော ၂၉-ပါး (အကုသိုလ်စိတ် ၁၂၊ ဟသိတုပ္ပါဒ် ၁၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈)နှင့် အဘိညာဏ် ၂-ပါး = စုစုပေါင်း ၃၂ ပါး ဖြစ်၏။
 ရုပ်, ဣရိယာ, ဝိညတ်တို့ကို ဖြစ်စေသော ၃၂-ပါးတွင်လည်း -
  • ရုပ်, ဣရိယာ, ဝိညတ်, ရယ်ရွှင်ခြင်းတို့ကို ဖြစ်စေသော စိတ်များမှာ ကာမသောမနဿဇော ၁၃-ပါး (လောဘမူသောမနဿ ၄ + ဟသိတုပ္ပါဒ် ၁ + မဟာကုသိုလ်သောမနဿ ၄ + မဟာကြိယာသောမနဿ ၄) ဖြစ်၏။
  • ရုပ်, ဣရိယာ, ဝိညတ်, ငိုခြင်းတို့ကို ဖြစ်စေသော စိတ်များမှာ ဒေါသဇော ၂-ပါး ဖြစ်၏။
+++++

ရူပကလာပ

အပေါင်းအစုကို ‘ကလာပ’ဟု ခေါ်၏။
ရုပ်တို့၏ အပေါင်းအစုကို ‘ရူပကလာပ’ = ရုပ်ကလာပ်ဟု ခေါ်၏။

ရုပ်ကလာပ်၏ လက္ခဏာမှာ -
  • တူသော ဖြစ်ခြင်း (ဧကုပ္ပါဒ)၊
  • တူသော ချုပ်ခြင်း (ဧကနိရောဓ)၊
  • တူသော မှီရာ မဟာဘုတ်ရှိခြင်း (ဧကနိဿာယ)ဟူ၍ လက္ခဏာ ၃-ခု ရှိ၏။
(အချို့က ‘သဟဝုတ္တိ’ = ‘အသီးသီးသော ကလာပ်တူရုပ်စုများ အတူတကွ တပေါင်းတည်း ဖြစ်ရခြင်း’ကို ကလာပ်အင်္ဂါတစ်ခုဟု ဆိုကြသည်။ အချို့ကမူ ‘ကလာပ်သဘောပြပုဒ်’ဟု ဆိုကြသည်။)

ရူပဝိဘာဂလာ “အဝိနိဗ္ဘောဂရုပ်” ၈-ခု (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ) မှာ ခွဲခြား၍ မရသော ကလာပ်အခြေခံ ဖြစ်၏။ “သုဒ္ဓဋ္ဌကလာပ်”ဟုလည်း ခေါ်၏။

ကမ္မဇကလာပ် ၉-စည်း

(၁) စက္ခုဒသကကလာပ်

     ‘ဒသက’မှာ ဆယ်ခုပေါင်း ဖြစ်၏။
     စက္ခုဒသက = စက္ခုပါသော ရုပ်ဆယ်ခုပေါင်း

     သက်ရှိသန္တာန်တွင် ‘ဇီဝိတရုပ်’ဖြစ်ရသောကြောင့် အဝိနိဗ္ဘောဂရုပ် ၈-ပါးနှင့် ဇီဝိတ = ပေါင်း ၉-ပါးသည်
     ကမ္မဇကလာပ်စည်းများတွင် အခြေခံဖြစ်၏။
 
     စက္ခုဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ စက္ခုပသာဒ)

(၂) သောတဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ သောတပသာဒ)

(၃) ဃာနဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ ဃာနပသာဒ)

(၄) ဇိဝှါဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ ဇိဝှါသာဒ)

(၅) ကာယဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ ကာယပသာဒ)

(၆) ဣတ္ထိဘာဝဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ ဣတ္ထိဘာဝ)

(၇) ပုမ္ဘာဝဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ ပုမ္ဘာဝ)

(၈) ဝတ္ထုဒသကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ၊ ဟဒယဝတ္ထု)

(၉) ဇီဝိတနဝကကလာပ် = (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇီဝိတ)


 စိတ္တဇကလာပ် ၆-စည်း

(၁) သုဒ္ဓဋ္ဌကလာပ် (အဝိနိဗ္ဘောဂရုပ် ၈-ခု)

(၂) ကာယဝိညတ္တိနဝကကလာပ် (အဝိနိဗ္ဘောဂ ၈ + ကာယဝိညတ်)

(၃) ဝစီဝိညတ္တိသဒ္ဒဒသကကလာပ် (အဝိနိဗ္ဘောဂ ၈ + ဝစီဝိညတ် + သဒ္ဒရုပ်)

(၄) လဟုတာဒိဧကာဒသကကလာပ် (အဝိနိဗ္ဘောဂ ၈ + လဟုတာ + မုဒုတာ + ကမ္မညတာ)

(၅) ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် (အဝိနိဗ္ဘောဂ ၈ + ကာယဝိညတ် + လဟုတာ + မုဒုတာ + ကမ္မညတာ)

(၆) ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကကလာပ် (အဝိနိဗ္ဘောဂ ၈ + ဝစီဝိညတ် + သဒ္ဒ + လဟုတာ + မုဒုတာ + ကမ္မညတာ)


ဥတုဇကလာပ် ၄-စည်း

(၁) သုဒ္ဓဋ္ဌကလာပ် (အဝိနိဗ္ဘောဂရုပ် ၈-ခု)

(၂) သဒ္ဒနဝကကလာပ် (အဝိနိဗ္ဘောဂ ၈ + သဒ္ဒရုပ်)

(၃) လဟုတာဒိဧကာဒသကကလာပ် (အဝိနိဗ္ဘောဂ ၈ + လဟုတာ + မုဒုတာ + ကမ္မညတာ)

(၄) သဒ္ဒလဟုတာဒိဒွါဒသကကလာပ် (အဝိနိဗ္ဘောဂ ၈ + သဒ္ဒ + လဟုတာ + မုဒုတာ + ကမ္မညတာ)


အာဟာရဇကလာပ် ၂-စည်း

(၁) သုဒ္ဓဋ္ဌကလာပ် (အဝိနိဗ္ဘောဂရုပ် ၈-ခု)

(၂) လဟုတာဒိဧကာဒသကကလာပ် (အဝိနိဗ္ဘောဂ ၈ + လဟုတာ + မုဒုတာ + ကမ္မညတာ)


ထို့ကြောင့် ကမ္မဇကလာပ်စည်း ၉ + စိတ္တဇကလာပ်စည်း ၆ + ဥတုဇကလာပ်စည်း ၄ + အာဟာရဇကလာပ်စည်း ၂ ခုတို့ ပေါင်းသော် အားလုံး ကလာပ်စည်း ၂၁-စည်း ရှိ၏။

အထူးမှတ်ရန်ကား -
  •  ဥတုဇကလာပ်စည်းများအနက် “သုဒ္ဓဋ္ဌကလာပ်”နှင့် “သဒ္ဒနဝကကလာပ်”တို့ကို သက်ရှိ အတွင်းသန္တာန်(အဇ္ဈတ္တသန္တာန်)နှင့် သက်မဲ့ အပသန္တာန်(ဗဟိဒ္ဓသန္တာန်)တို့တွင်ရနိုင်ပြီး၊ ကျန် ကလာပ် ၁၉-စည်းမှာ အဇ္ဈတ္တသန္တာန်၌သာ ရရှိနိုင်သည်။
  • “အာဟာရရုပ်”သည် သက်ရှိသန္တာန်မှာသာ ဖြစ်၏။ “အာဟာရရုပ်”မှာမူ သက်ရှိရော သက်မဲ့မှာပါ ဖြစ်သည်။ (သုဒ္ဓဋ္ဌကလာပ်ထဲတွင် အာဟာရ ပါ၏။ ထို့ကြောင့် အာဟာရ=သြဇာရုပ် သက်သက်သည် အပမှာလည်း ရှိနိုင်၏။ အစားအစာများတွင်ပါဝင်သော သြဇာဖြစ်၏။)
  • အာကာသရုပ်နှင့် လက္ခဏရုပ် ၄-ပါးတို့မှာ ကလာပ်ဖွဲ့စည်းရာတွင် မပါ။ အာကာသရုပ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြား ဖြစ်၍လည်းကောင်း၊ လက္ခဏရုပ် ၄-ပါးမှာ ရုပ်ကလာပ်တို့၏ အမှတ်အသားမျှ ဖြစ်၍လည်းကောင်း ဖြစ်၏။

+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဦးကျော်၏ “သင်္ဂြိုဟ်သရုပ် အခြေပြုကျမ်း”
အရှင်တိလောကာဘိဝံသ(အင်းစိန်)၏ “အဘိဓမ္မာလက်ဆောင်” 

Tuesday, July 13, 2010

ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တမြုံ့မြုံ့

တစ်ချိန်က မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူတယ်။
အဲဒီအခါ ဝက်မကလေးတစ်ကောင်ကို မြင်တော်မူပြီး ပြုံးတော်မူပါသတဲ့။
ပြုံးတဲ့အခါ သွားတော်များမှ ဖြူသော ရောင်ခြည်တော်များ ထွက်လာတာကို မြင်ရလို့ ပြုံးတော်မူကြောင်း သိရတဲ့အတွက် အရှင်အာနန္ဒာက “ဘာကြောင့် ပြုံးတော်မူပါသလဲ”လို့ မေးလျှောက်တယ်။

မြတ်စွာဘုရားက - “အာနန္ဒာ ... ဟိုမှာ ကြည့်စမ်း၊ ဝက်မကလေးကို မြင်ရဲ့လား”
(မြင်ပါတယ်ဘုရား)

အဲဒီ ဝက်မကလေးဟာ ကကုသန်မြတ်စွာဘုရား၏ သာသနာတော် တည်ထွန်းစဉ်က လူ့ဘဝ အမျိုးသမီးအဖြစ်မှ သေပြီး ဆွမ်းစားကျောင်းတစ်ခုအနီးမှာ ကြက်မ ဖြစ်ခဲ့တယ်။
အဲဒီ ကြက်မဟာ သိန်းငှက်က ဖမ်းသုတ်ပြီး စားလို့ သေရရှာတယ်။

ဒါပေမယ့် စောစောပိုင်းက ယောဂီရဟန်းတစ်ပါး၏ ကမ္မဋ္ဌာန်းတရား ရွတ်ဆိုနေတဲ့ တရားသံကို ကြားရပြီး ကုသိုလ်ဖြစ်ပွားခဲ့လို့ အဲဒီ ကုသိုလ်၏ အစွမ်းကြောင့် လူ့လောကမှာ မင်း၏ အိမ်၌ ‘ဥဗ္ဗရီ’မည်သော မင်းသမီးဖြစ်ခဲ့တယ်။

အဲဒီ မင်းသမီးဟာ နောက်ကာလမှာ ပရိဗိုဇ်မကျောင်း၌ ပရိဗိုဇ်ပြုနေရင်း အိမ်သာထဲက ပိုးလောက်တွေကို ကြည့်ပြီး ပုဠဝကသညာ (သြဒါတသညာ)ကို ဖြစ်စေလျက် ပဌမဈာန်ကို ရခဲ့တယ်။
အဲဒီ ပရိဗိုဇ်ဘဝမှ သေတဲ့အခါ ပဌမဈာန် ဗြဟ္မာ့ဘုံမှာ ဗြဟ္မာဖြစ်ခဲ့တယ်။

ဗြဟ္မာဘဝမှ စုတေတဲ့အခါ လူ့လောက၌ သူဌေးသမီး ဖြစ်ခဲ့တယ်။
အဲဒီ သူဌေးသမီးဘဝက သေတဲ့အခါ ဒီ ဝက်မကလေး ဖြစ်နေရရှာတယ်။

အဲဒီ အကြောင်းအရာတွေကို မြင်လို့ ငါပြုံးတယ်လို့ မိန့်တော်မူပါတယ်။

အဲဒီ အကြောင်းအရာကို ကြားရတော့ အရှင်အာနန္ဒာနှင့်တကွ ရဟန်းတော်များမှာ ကြီးစွာသော သံဝေဂကို ရကြပါသတဲ့။
အဲဒီအခါ မြတ်စွာဘုရားက ဆွမ်းခံကြွနေရင်း လမ်းမှာပဲ ရပ်တော်မူလျက် တရားဂါထာ ၆-ပုဒ်ကို ဟောတော်မူပါတယ်။

ယခု အဲဒီ ၆-ပုဒ်ထဲက ပထမတစ်ပုဒ်ကို ထုတ်ပြမယ်။

ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနုဟတေ၊
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။

မူလေ - အမြစ်အရင်းသည်၊
အနုပဒ္ဒဝေ ဒဠှေ - ဘေးရန် မရှိဘဲ ခိုင်မြဲနေလတ်သော်၊
ဆိန္နောပိ - အထက်ပိုင်းဘက် အကိုင်းအခက်ကို ထုတ်ဖြတ်ထားငြားသော်လည်း၊
ရုက္ခော - သစ်ပင်သည်၊
ပုနရေဝ ရူဟတိ ယထာပိ - တစ်ဖန် ပြန်၍သာလျှင် အညွန့်အတက် ပေါ်ထွက်စည်ပင်ပြန်သကဲ့သို့၊
ဧဝမ္ပိ - ဤအတူပင်လျှင်၊
တဏှာနုသယေ အနုဟတေ - သန္တာန်၌ ဖြစ်ထိုက်သော အနုသယတဏှာကို အရိယမဂ်ဖြင့် မပယ်အပ်သေးသည်ရှိသော်၊
ဣဒံ ဒုက္ခံ - ဘဝအသစ်ဖြစ်ခြင်း စသော ဤဆင်းရဲသည်၊
ပုနပ္ပုနံ - အဖန်ဖန် အထပ်ထပ်၊
နိဗ္ဗတ္တတိ - ဖြစ်လေတော့၏ တဲ့။

အဲဒီ ဂါထာဖြင့် ဖော်ပြလိုရင်းကတော့ ဥဗ္ဗရီမင်းသမီးဘဝတုန်းက ပရိဗိုဇ်ရသေ့ပြုပြီး တရားနှလုံးသွင်းလို့ ပဌမဈာန်ကို ရခဲ့တယ်။

ဒါပေမယ့် အဲဒီဈာန်က စိတ်ကူးအဖြစ်နဲ့ ဖြစ်ပေါ်တဲ့ ကာမရာဂ ပရိယုဋ္ဌာန် တဏှာကိုသာ ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်နိုင်တယ်။ အခိုက်အတန့် အတော်အတန်ကြာအောင် ဝေးကွာစေတာပါပဲ။

ဒါကြောင့် အဲဒီ ပဌမဈာန်ရတဲ့ ဘဝတုန်းကနဲ့ ဗြဟ္မာဘဝတုန်းက ကာမရာဂတဏှာ မဖြစ်ပေါ်ဘဲ ကင်းနေခဲ့တယ်။

ဒါပေမယ့် အရိယမဂ်ဖြင့် အမြစ်ပြတ် ပယ်တာ မဟုတ်သောကြောင့် လူ့ဘဝ သူဌေးသမီး ဖြစ်တဲ့အခါကျတော့ အဲဒီ ကာမတဏှာဟာ ဖြစ်မြဲ ပြန်ဖြစ်တာပဲ။
ဘဝတဏှာကတော့ ဈာန်ရနေတုန်းကလည်း ဖြစ်နေခဲ့တာပါပဲ။
အဲဒီလို အနုသယတဏှာ အမြစ်မပြတ်တဲ့အတွက် ဗြဟ္မာဖြစ်ပြီးတဲ့နောက် လူ့ဘဝမှတဆင့် ဝက်ဘဝလည်း ရောက်ရပြန်တယ်။
တဏှာမကင်းသေးသမျှ ကာလပတ်လုံး ဒီပုံဒီနည်းဖြင့် ကံအားလျော်စွာ ဘဝအမျိးမျိုးတွေ အဖန်ဖန် ဖြစ်သွားရမယ်လို့ ဆိုလိုပါတယ်။

အဲဒီမှာ ဗြဟ္မာဖြစ်ပြီးတဲ့နောက် ဝက်ဖြစ်ရပြန်တာကို အကြောင်းပြုပြီးတော့ ရှေးဆရာတော်ကြီးများက “ဗြဟ္မာဖြစ်လို့ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တမြုံ့မြုံ့”လို့ ဆိုတော်မူခဲ့ကြပါတယ်။

ဒါပေမယ့် ဗြဟ္မာဘဝမှ စုတေပြီးလျှင် ပြီးချင်း ဝက်တော့ မဖြစ်နိုင်ဘူး။
အခြား တိရစ္ဆာန် ငရဲသားဆိုတာတွေလည်း မဖြစ်နိုင်ပါဘူး။
ဈာန်ရတဲ့ဘဝက ဈာန်၏အနီးဖြစ်တဲ့ ဥပစာရ ဘာဝနာ ကုသိုလ်၏ အစွမ်းကြောင့် လူ့လောက နတ်လောက၌သာ ဖြစ်နိုင်ပါတယ်။

ယခု ပြောနေတဲ့ ဝက်မကလေးဟာလည်း လူ့လောက သူဌေးသမီးဘဝမှတဆင့် ဝက်ဘဝကို ရောက်ရတာပဲ။
အဲဒါဟာလည်း သူဌေးသမီးဘဝတုန်းက မာန်ယစ်ပြီး ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုမသေ ပြစ်မှားခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ဖွယ်ရှိပါတယ်။

အဲဒီ ဝက်မကလေးဟာ အဲဒီဘဝမှ သေတဲ့အခါ ‘သုဝဏ္ဏဘူမိ’ဆိုတဲ့အရပ် မင်းမျိုး၌ ဖြစ်တယ်။
သုဝဏ္ဏဘူမိဆိုတာ သထုံပြည်ပဲလို့ အများက ယူဆကြပါတယ်။
အချို့ပညာရှိများကတော့ သာသနာတော်နှစ် ၁၅၀၀ နီးပါးက ဒေဒပါလမင်း ရေးထိုးထားခဲ့တဲ့ ကြေးပုရပိုက်စာကို အထောက်အထားပြုပြီးတော့ သုမာတြာ (စုမာတြာ)ကျွန်းကို သုဝဏ္ဏဘူမိ ခေါ်တယ်လို့ ဆိုကြတယ်။

အဲဒီ သုဝဏ္ဏဘူမိ မင်းသမီးဘဝမှ သေတဲ့အခါ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ အမျိုးသမီးဖြစ်တယ်။

အဲဒီ ဘဝမှ သေတဲ့အခါ ဝနဝါသီတိုင်း၌ အမျိုးသမီး ဖြစ်တယ်။
ဝနဝါသီတိုင်းဆိုတာ ဘုံဘေမြို့နယ်၏ အရှေ့တောင်အရပ်မှာ ရှိတယ်။

အဲဒီ ဘဝမှ သေတဲ့အခါ သုပ္ပါရက သင်္ဘောဆိပ်အရပ်၌ မြင်းကုန်သည်သမီး ဖြစ်တယ်။
သုပ္ပါရက သင်္ဘောဆိပ်ဆိုတာ ဘုံဘေမြို့မြောက်ဘက် ပင်လယ်ကမ်းခြေမှာ ရှိတယ်။

အဲဒီ ဘဝမှ သေတော့ ကာဝီရ သင်္ဘောဆိပ်အရပ်၌ လှေသူကြီးသမီး ဖြစ်တယ်။
ကာဝီရ သင်္ဘောဆိပ်ဆိုတာ အိန္ဒိယကျွန်းဆွယ် အရှေ့တောင်ဘက်အစွန်းမှာ ရှိတယ်။
ရှေးတုန်းက ဒမိဠ ခေါ်တဲ့ တမီးလ်လူမျိုးတို့၏နိုင်ငံ ပင်လယ်ကမ်းခြေပေါ့။

အဲဒီ ဘဝမှ သေတော့ ယခု သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ အစိုးရပိုင်း အမျိုးထဲ၌ ဖြစ်တယ်။

အဲဒီ ဘဝမှ သေတော့ အနုရာဓမြို့တောင်ဘက် ဘောက္ကန္တ ဆိုတဲ့ ရွာမှာ ‘သုမန’ဆိုတဲ့ သူကြွယ်၏သမီး ဖြစ်တယ်။
အမည်ကတော့ ဖခင်အမည်လိုပင် ‘သုမနာ’လို့ ခေါ်တယ်။
နောင်အခါမှာ သူ့ဖခင်က အဲဒီရွာကို စွန့်ခဲ့ပြီးတော့ ဒီဃဝါပီနယ် မဟာမုနိ ဆိုတဲ့ ရွာမှာ နေတယ်။
အဲဒီရွာမှာ နေစဉ် ဒုဋ္ဌဂါမဏိမင်း၏ အမတ်ဖြစ်တဲ့ ‘လကုဏ္ဍကအတိမ္ဗရ’ ဆိုသူက ကိစ္စတစ်ခုဖြင့် အဲဒီရွာ ရောက်လာတဲ့အခါ မယ်သုမနာကို မြင်ရ၍ မေတ္တာသက်ဝင်သဖြင့် ထိမ်းမြားမင်္ဂလာကို အကြီးအကျယ်ပြုပြီး သူ့နေရပ်ဖြစ်တဲ့ မဟာပုဏ္ဏရွာသို့ ခေါ်ဆောင်သွားတယ်။

အဲဒီရွာ၌ နေစဉ် တောင်စွန်းကျောင်းတိုက်ကြီး၌ သီတင်းသုံးသော မဟာအနုရုဒ္ဓမထေရ်က အဲဒီရွာ ဆွမ်းခံကြွလာတော့ မယ်သုမနာ၏ အိမ်တံခါးဝ၌ ဆွမ်းရပ်နေစဉ် မယ်သုမနာကို တွေ့မြင်ရ၍ နောက်ပါ ရဟန်းများနှင့် ဒီလို ပြောဆိုပါသတဲ့။

အာဝုသော - ငါ့ရှင်တို့၊
သူကရပေါတိကာ - ဘုရားလက်ထက်တော်က ဝက်မကလေးသည်၊
လကုဏ္ဍက အတိမ္ဗရ မဟာမတ္တဿ - လကုဏ္ဍက အတိမ္ဗရ ခေါ် အမတ်ကြီး၏၊
ဘရိယ ဘာဝံ  - အမတ်ကတော်အဖြစ်သို့၊
ပတ္တာနာမ - ရောက်နေတုံသေး၏၊
အဟော အစ္ဆရိယံ - သြော် ... အံ့သြစရာ ကောင်းပါပေစွတကား ... တဲ့။

အဲဒီစကားကို ကြားရတော့ အမတ်ကတော် မယ်သုမနာမှာ ရှေးဘဝဟောင်းတွေကို ပြန်လည်အောက်မေ့နိုင်တဲ့ ဇာတိဿရဉာဏ် ဖြစ်ပေါ်လာသတဲ့။

အဲဒီဉာဏ်ဖြင့် သူဖြစ်ခဲ့ဖူးတဲ့ ဘဝဟောင်းတွေကို ပြန်လည် ဆင်ခြင်ကြည့်လိုက်တဲ့အခါ သံသရာကို ထိတ်လန့် ကြောက်ရွံ့တဲ့ သံဝေဂဉာဏ်လည်း ဖြစ်လာပြန်သတဲ့။
ဒါကြောင့် သူ့ခင်ပွန်း အမတ်ကြီးထံမှ ခွင့်တောင်းပြီး ဘိက္ခုနီကျောင်းတိုက်မှာ ရဟန်းပြုခဲ့တယ်။

ရှင်ရဟန်းပြုပြီးတော့ တိဿမဟာဝိဟာရကျောင်းတိုက်မှာ သတိပဋ္ဌာန်သုတ်တရားကို ကြားနာပြီး ထိုနည်းအရ ရှုမှတ်သဖြင့် သောတာပတ္တိမဂ်ဖိုလ် ရောက်သွားပါသတဲ့။

အဲဒီကနောက် ဒုဋ္ဌဂါမဏိမင်းကြီး နန်းတက်ပြီးတဲ့အခါ သူ့ဇာတိအရပ်ဖြစ်တဲ့ ဘောက္ကန္တရွာသို့ သွားရောက်ပြီး နေစဉ် ကလ္လမဟာဝိဟာရကျောင်းတိုက်၌ အာသီဝိသောပမသုတ်ကို ကြားနာရ၍ အရဟတ္တဖိုလ်ရောက်ပြီး အာသဝေါကုန်ခန်းတဲ့ ရဟန္တာမဖြစ်သွားပါသတဲ့။

အဲဒီ သုမနာထေရီမ၏ ဘဝဖြစ်စဉ်ကို ဘုန်းကြီးက ဒီလို ဆောင်ပုဒ် စီထားတယ်။

လူ, ကြက်မကြီး၊ မင်းသမီးတဖြာ
ဗြဟ္မာ, သူဌေး ဝက်ကလေးဖြစ်ရ
သုဝဏ္ဏ ဗာရာ၊ ဝနဝါနှင့်
သုပ္ပါရက၊ ကာဝီရမှ
သီဟဠနုရာ၊ ဘောက္ကန်ရွာဟု
ဖြစ်ရာပေါင်းစု၊ ဆယ့်သုံးခုသည်
မယ်သုမနာ ဖြစ်စဉ်တည်း။

အဲဒီ မယ်သုမနာရဲ့ ဖြစ်စဉ် တစ်ဆယ့်သုံးဘဝကို သေသေချာချာ စဉ်းစားကြည့်ရင် အင်မတန် သံဝေဂ ဖြစ်စရာ ကောင်းတယ်။

ကကုသန်ဘုရားလက်ထက်တော်တုန်းက လူ့ဘဝမှ သေတဲ့အခါ သားသမီး အခြွေအရံတွေရော လက်ရှိပစ္စည်းတွေရော မိမိကိုယ်ပေါ် စွန့်ပစ်ခဲ့ပြီး သေသွားရရှာတယ်။
သားသမီး စသည်တွေက ငိုကြွေးပြီး ကျန်နေရစ်ကြရှာမှာပေါ့။

သူ့မှာလည်း သေပြီးတော့ ကြက်မ ဖြစ်ရရှာတယ်။
လူစင်စစ်က ကြက်ဖြစ်သွားတာ ကြောက်စရာပါပဲ။

အဲဒီ ကြက်မဘဝမှာလည်း သားသမီး ကြက်အခြွေအရံတွေ ရှိမှာပဲ။
သိန်းငှက်က ထိုးသုတ် ဖမ်းယူပြီး ထိုးဆိတ် စားလို့ ခေါင်းပြတ်ပြီး မချိမဆန့်နဲ့ သေရရှာတယ်။

အဲဒီကနောက် ကမ္မဋ္ဌာန်းတရားသံ ကြားနာရတဲ့ ကုသိုလ်ကံကြောင့် မင်းသမီး ဖြစ်ရတယ်ဆိုတာကတော့ ဝမ်းသာစရာပါပဲ။
အဲဒီ ကြက်မဟာ ကမ္မဋ္ဌာန်းတရားအကြောင်းကို ဘာမှ နားလည်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကြည်ညိုတဲ့ စိတ်နဲ့ နာလို့ ကုသိုလ်ဖြစ်ပြီး အဲဒီ ကုသိုလ်ကြောင့် လူ့ဘဝ ပြန်ရောက်ပြီး မင်းသမီးတောင် ဖြစ်ရတယ်ဆိုတော့ တရားနာရတာဟာ အင်မတန် အားကိုးစရာ ကောင်းတာပဲ။

အဲဒီ မင်းသမီးဘဝက ဈာန်ရလို့ နောက်ဘဝ၌ ဗြဟ္မာဖြစ်ရတာလည်း ဝမ်းသာစရာပဲ။

ဗြဟ္မာဘဝမှ စုတေတော့ လူ့လောက၌ သူဌေးမျိုးမှာ ဖြစ်ရတယ်။ အဲဒါလည်း ဝမ်းသာစရာပါပဲ။

ဒါပေမယ့် အဲဒီဘဝမှ သေတဲ့အခါ သားသမီးစသည် အခြွေအရံတွေရော ပစ္စည်းဥစ္စာတွေရော မခွဲချင်ဘဲနဲ့ သေပြီး ခွဲခဲ့ရတာဟာ ဝမ်းနည်းစရာပဲ။

သေပြီးတော့ ဝက်မကလေးဖြစ်ရတယ်ဆိုတာက သာပြီး ဝမ်းနည်းစရာ ကောင်းသေးတယ်။
ဗြဟ္မာက လူဖြစ်, လူက ဝက်ဖြစ်ရတာဆိုတော့ ကြောက်စရာလည်း အလွန်ကောင်းတာပဲ။
သံဝေဂယူစရာပါပဲ။
အခြားလူတွေလည်း အရိယမဂ်ကို မရသေးရင် အဲဒီလို ယုတ်ညံ့တဲ့ ဘဝတွေကို ရောက်သွားနိုင်တယ်။
ဒါကြောင့် သတိသံဝေဂဖြစ်ပြီး တရားကို လေးလေးနက်နက် နှလုံးသွင်းနိုင်အောင် မြတ်စွာဘုရားက ဒီဝက်မကလေး ဖြစ်စဉ်ကို မိန့်တော်မူခဲ့တာပဲ။

အဲဒီ ဝက်မကလေးဘဝတုန်းက ဘယ်လို သေရတယ်ဆိုတာတော့ ပြဆိုမထားဘူး။
ဒါပေမယ့် ယခုကာလလိုပဲ ဝက်ရှင်က သတ်လို့ သေရတာ ဖြစ်မှာပါပဲ။
အဲဒီ အခါတုန်းက ဝက်မမှာ သားသမီး စသည့် အခြွေအရံ အပေါင်းအဖော်တွေ ရှိမှာပဲ။
အဲဒါတွေနဲ့ သေကွဲ ကွဲလာခဲ့ရတဲ့အခါ သက်ဆိုင်ရာတွေအားလုံး စိတ်ဆင်းရဲတွေ များစွာ ဖြစ်ကြရမှာပဲ။

အဲဒီကနောက် သုဝဏ္ဏဘူမိအရပ်မှ အနုရာဓမြို့အထိ ၆-ဌာနမှာ လူ့ဘဝချည်း ဖြစ်သွားရတယ်ဆိုတော့ တော်သေးရဲ့လို့ ဆိုရမှာပဲ။

ဒါပေမယ့် အဲဒီ ၆-ဘဝမှ သေရတဲ့အခါတိုင်း သူကိုယ်တိုင်ရော သက်ဆိုင်တဲ့ သူတွေရော ဝမ်းနည်းကြရ စိုးရိမ်ပူဆွေးကြရမှာချည်းပဲ။

နောက်ဆုံးမှာ သုမနာထေရီဖြစ်ပြီး ရဟန္တာမ ဖြစ်သွားတာကတော့ ဝမ်းသာစရာ အကောင်းဆုံးပဲ။

အဲဒီ ဖြစ်စဉ်ထဲမှာ ဘဝဟောင်းမှ သေ,သေပြီး ဘဝအသစ် အသစ် ထပ်ကာ ထပ်ကာ ဖြစ်ရတာဟာ ဘာကြောင့်လဲဆိုရင် ဆင်းရဲဖြစ်ပွားကြောင်း သမုဒယသစ္စာဆိုတဲ့ တဏှာကြောင့်ပဲ။
အခြားသူတွေလည်း တဏှာမကင်းသေးရင် ဒီလိုပဲ သေ,သေပြီး ဘဝ အသစ် အသစ် ဖြစ်,ဖြစ်သွားရလိမ့်မယ်။

ဒါကြောင့် ဒီ သမုဒယသစ္စာဆိုတဲ့ တဏှာ ကင်းငြိမ်းအောင် မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးပွားများဖို့ရန် အလွန်ပင် အရေးကြီးပါတယ်။

သုမနာထေရီမမှာတော့ သတိပဋ္ဌာနသုတ်တရားကို နာကြားပြီးတော့ အဲဒီ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်ပွားများပြီး သောတာပန် ဖြစ်တယ်။
အဲဒီကနောက် အာသီဝိသောပမသုတ်ကို နာကြားပြီး တစ်ဖန် နှလုံးသွင်းသဖြင့် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာမ ဖြစ်သွားတယ်။
သမုဒယဆိုတဲ့ တဏှာ ကင်းသွားတယ်။
ဒါကြောင့် တစ်ဖန် ဘဝအသစ် ဖြစ်ဖို့ မရှိတော့ဘူး။
ပရိနိဗ္ဗာန်ပြုပြီး အေးငြိမ်းသွားဖို့ပဲ ရှိတော့တယ်။

ဒါကြောင့် အဲဒီ သုမနာထေရီဟာ အာယုသင်္ခါရ ကုန်တဲ့အခါ ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း သီတင်းသုံးဖော်များအား ပြောကြားတယ်။

အဲဒီအခါ အမျိုးသား ရဟန်းတော်များနှင့် အမျိုးသမီး ရဟန်းမများက သူ့အကြောင်းအရာကို မေးကြတဲ့အတွက် ..... ဘုရားတပည့်တော်မဟာ ကကုသန်ဘုရားလက်ထက်တော်က လူအမျိုးသမီးဖြစ်ခဲ့ပါတယ်။ အဲဒီဘဝက သေတော့ ကြက်မဖြစ်ခဲ့ပါတယ်။ အဲဒီ ကြက်မဘဝမှာ သိန်းငှက်က ထိုးသုတ်ပြီး စားလို့ ခေါင်းပြတ်ပြီး သေခဲ့ရတယ်။ သေပြီးတော့ လူ့ဘဝမှာ မင်းသမီးဖြစ်ခဲ့ရတယ် .. စသည်ဖြင့် ဘောက္ကန္တရွာ၌ အဆုံးစွန်ဘဝတိုင်အောင် သူ့အကြောင်းအရာတွေကို ဘိက္ခုနီသံဃာအား ဖြစ်စဉ်အတိုင်း ပြောကြားပြီးတော့ -

ဧဝံ - ယခု ပြောကြားခဲ့သည့်အတိုင်း၊
သမဝိသမေ - ညီမျှ မညီမျှကုန်သော၊ ဝါ - အကောင်းအဆိုး အမျိုးမျိုးကုန်သော၊
တေရသ အတ္တဘာဝေ - တစ်ဆယ့်သုံးခုသော ဘဝ အတ္တဘောတို့ကို၊
ပတွာ - ရောက်ခဲ့ပြီး၍၊
ဣဒါနိ - ယခု နောက်ဆုံးဘဝ၌၊
ဥက္ကဏ္ဌိတွာ - သံသရာ၌ ငြီးငွေ့သောကြောင့်၊
ပဗ္ဗဇိတွာ - ရဟန်းပြု၍၊
အရဟတ္တံ - ရဟန္တာအဖြစ် အရဟတ္တဖိုလ်သို့၊
ပတ္တာ - ရောက်ခဲ့ပါပြီ၊
သဗ္ဗေပိ - အားလုံးသော အရှင်ကောင်း အရှင်မတို့သည်လည်း၊
အပ္ပမာဒေန - မမေ့မလျော့ အမှတ်ရသည့် သတိတရားဖြင့်၊
သမ္ပာဒေထ - သီလ သမာဓိ ပညာကို ပြီးစီး ပြည့်စုံအောင် အားထုတ်ကြပါကုန်လော့”လို့ ပြောကြားလျက် ပရိသတ်လေးပါးကို သံဝေဂဖြစ်စေပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံသွားပါသတဲ့။

ယခု ပြောခဲ့တဲ့ ဝက်မကလေးဝတ္ထုကတော့ ဓမ္မပဒအဋ္ဌကထာ (ဒု နှာ ၃၃၂-၅)မှာ အပြည့်အစုံ ပြဆိုထားလျက် ရှိပါတယ်။

+++++
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်ကြီး”မှ

Friday, July 9, 2010

ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာန

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း ၂-ပတ်စာ၊ အပတ်စဉ် (၃၈)နှင့် (၃၉) သင်ကြားပို့ချချက်များကို လေ့လာ သင်ယူကြခဲ့ရာ အပတ်စဉ် (၃၉) သင်ခန်းစာအဖြစ် ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာနဆိုင်ရာ အကြောင်းအရာများကို နာယူ မှတ်သားကြရ၏။

+++++

စက္ခုနှင့် သောတတို့ အသမ္ပတ္တဂ္ဂါဟက ဖြစ်ပုံ

အသမ္ပတ္တ = မရောက်သေးသော
ဂဟာက = ယူတတ်ခြင်း

စက္ခုနှင့် သောတတို့ မရောက်သေးသော အာရုံကို ယူတတ်ပုံ

‘စက္ခုနှင့် သောတတို့က မိမိထံ မရောက်မထိသော အာရုံကို ယူ၏။ ဃာန၊ ဇိဝှါ၊ ကာယတို့က မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟု ယူဆကြ၏။

အချို့က ‘စက္ခု၊ သောတတို့လည်း မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟူ၍ ရှေးကပင် အယူအဆ ကွဲပြားမှု ရှိ၏။

အဋ္ဌကထာသစ်တို့၏ ဆရာဖြစ်သော ‘အရှင်မဟာဗုဒ္ဓဃောသ’က စက္ခုနှင့် သောတတို့သည် မရောက်သေးသော အာရုံကို ယူ၏ဟု ဆုံးဖြတ်၏။

  • ဝေးသောအရပ်၌ ရှိသော နေ,လ စသည်တို့၏ အဆင်းကိုလည်းကောင်း၊ ဖလ်မှန်တို့ ခြားကွယ်အပ်သော အဆင်းကိုလည်းကောင်း၊ ကြီးမားသော တောင် စသည်တို့၏ အဆင်းကိုလည်းကောင်း မြင်နိုင်ခြင်း။

  • ဝေးသောအရပ် ကောင်းကင်၌ တည်သော မိုးခြိမ်းသံ စသည်ကိုလည်းကောင်း၊ ဝမ်းရေခြားနေသော ဝမ်းဗိုက်အတွင်းမှ အသံစသည်ကိုလည်းကောင်း၊ ကျယ်လောင်ကြီးမားသော ခေါင်းလောင်းသံ စသည်ကိုလည်းကောင်း ကြားနိုင်ခြင်းတို့ကို ထောက်၍ စက္ခုနှင့် သောတတို့သည် မိမိထံ မရောက်မထိသော အာရုံကို ယူ၏ဟု ဆို၏။

  • ရူပါရုံ-အဆင်း၊ သဒ္ဒါရုံ-အသံတို့သည် မဟာဘုတ်အဆက်ဆက်ဖြင့် စက္ခုပသာဒ၊ သောတပသာဒတို့၏ တည်ရာသို့ ရောက်လာနိုင်သည်မဟုတ်လောဟု မေးသော် ကံ, စိတ်, အာဟာရတို့ကြောင့်ဖြစ်သော အဆင်းနှင့် စိတ်ကြောင့်ဖြစ်သော အသံတို့သည် ခန္ဓာကိုယ်၏ ပြင်ပ၌ မဖြစ်ကြသောကြောင့် မဟာဘုတ်အဆက်ဆက်ဖြင့် ရောက်လာသည်ဟု မဆိုနိုင်။

(မိမိတို့ စကားပြောဆိုရာ အပြင်သို့ ထွက်သွားသောအသံမှာ ပထမ စိတ်ကြောင့်ဖြစ်သော အသံမှတဆင့် ဥတုကြောင့်ဖြစ်သော အသံအဖြစ် အဆက်ဆက် ဖြစ်သွားခြင်း ဖြစ်၏။ ‘စိတ္တပစ္စယဥတုဇ’ဟု ခေါ်၏။)

  • စက္ခု၊ သောတ ၂-ပါးသည် မိမိအနီးရှိ အာရုံကိုသာ ယူနိုင်သည်ဟု ဆိုပြန်ကလည်း စက္ခုပသာဒနှင့် အနီးဆုံးဖြစ်သော မျက်လုံး၏အဆင်း၊ မျက်ခုံး၏အဆင်းတို့ကို မမြင်နိုင်ခြင်း။ အရှေ့ကလာသော အသံ၊ အနောက်ကလာသော အသံ၊ အဝေးကလာသော အသံ၊ အနီးကလာသော အသံဟု ပိုင်းခြား သိနိုင်ခြင်းတို့ကြောင့် အနီးရှိအာရုံကိုသာ ယူနိုင်သည်ဟု ဆိုခြင်းမှာလည်း မဖြစ်နိုင်။

  • စက္ခု၊ သောတ ၂-ပါးသည် ရူပါရုံ၊ သဒ္ဒါရုံရှိရာအရပ်သို့ သွားပြီး အာရုံပေါ်၌ ဖြန့်အုပ်၍ ယူသည်ဟု ဆိုပြန်ကလည်း ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအရာတို့၌ အဘိညာဏ်ရအောင် လုပ်စရာလိုတော့မည်မဟုတ်သောကြောင့် မဖြစ်နိုင်။

ထို့ကြောင့် စက္ခုနှင့် သောတတို့သည် မိမိထံမှောက်သို့ မရောက်သေးသော အာရုံကို ယူတတ်၏ဟု အရှင်မဟာဗုဒ္ဓဃောသ၏ အယူအဆအတိုင်း နောက်ဆရာများက လက်ခံ ယူဆကြ၏။

+++++

သိပ္ပံပညာနည်းဖြင့် ပြောသောအခါ အသံ၏သွားနှုန်းက အလင်းရောင်၏သွားနှုန်းအောက် နှေးသောကြောင့် လျှပ်စီးလက်ခြင်းကို ဦးစွာ မြင်ရပြီးမှ မိုးခြိမ်းသံကို ကြားရခြင်း ဖြစ်သည်ဟု ဆို၏။

အဘိဓမ္မာသဘောတွင် ဆင်ခြင်သောအသိ ဦးစွာဖြစ်ခြင်း နောက်ကျဖြစ်ခြင်းအပေါ် အခြေခံ၍ တွေးခေါ် သုံးသပ်ကြောင်း တောင်မြို့ဆရာတော်၏ ဘာသာဋီကာ၌ ပါရှိကြောင်း မှတ်သားဖွယ် သိရှိရ၏။

အဝေးတွင် အဝတ်ကို ရိုက်ပြီး လျှော်ဖွပ်နေသော သူကို ကြည့်သောအခါ အဝတ်ရိုက်နေသည်ကို မြင်ပြီး ခဏနေမှ ရိုက်သံကြားရခြင်းသည် ဆင်ခြင်မှုနောက်ကျ၍ ကြားခြင်း နောက်ကျရသည်ဟု အကြောင်းပြ၏။

+++++

ရူပသမုဋ္ဌာန

ရုပ်ဖြစ်ခြင်း၏ အကြောင်း

ရုပ်ဖြစ်ခြင်း၏အကြောင်း လေးပါး ရှိ၏။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့မှာ ရုပ်ဖြစ်ခြင်းအကြောင်း လေးပါး ဖြစ်၏။

အချို့ရုပ်သည် ကံကြောင့်ဖြစ်၏။ အချို့ရုပ်သည် စိတ်ကြောင့် ဖြစ်၏။ အချို့ရုပ်သည် ဥတုကြောင့် ဖြစ်၏။ အချို့ရုပ်သည် အာဟာရကြောင့် ဖြစ်၏။ အချို့ရုပ်သည် ကံ, စိတ် အကြောင်း ၂-မျိုးကြောင့်၊ အချို့ရုပ်သည် အကြောင်း ၃-မျိုးကြောင့်၊ အချို့ရုပ်သည် အကြောင်း ၄-မျိုးလုံးကြောင့် ဖြစ်၏။

ကံ

ရုပ်ကို ဖြစ်စေနိုင်သော ကံမှာ အကုသိုလ်စိတ် ၁၂၊ မဟာကုသိုလ်စိတ် ၈၊ ရူပကုသိုလ်စိတ် ၅ = အားလုံးပေါင်း ၂၅ ခု ရှိ၏။

ဤစိတ် ၂၅-ခုတွင် ယှဉ်သော စေတနာစေတသိက်ကို ကံဟု ခေါ်၏။

ဤကံက ကမ္မဇရုပ်(ကံကြောင့်ဖြစ်သော ရုပ်)ကို အဇ္ဈတ္တသန္တာန်၌ ဖြစ်စေ၏။ သက်ရှိသန္တာန်၌ ဖြစ်စေ၏။

သက်မဲ့သန္တာန်၌ မဖြစ်စေနိုင်။

ဤသို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်စေရာ၌ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ စ၍ ဖြစ်၏။ ဘဝ စ,စချင်း ကမ္မဇရုပ် ဖြစ်၏။ ထိုနောက် တစ်ဘဝလုံး စိတ်၏ ဥပါဒ်, ဌီ, ဘင် ခဏတိုင်း အမြဲဖြစ်နေတော့၏။


စိတ်

အရူပဝိပါက်စိတ် ၄-ခုနှင့် ဒွေးပဉ္စဝိညာဏ် ၁၀ တို့ ကြဉ်သော ကျန်စိတ် (၈၉-၁၄=) ၇၅ ပါးတို့သည် ရုပ်ကို ဖြစ်စေနိုင်၏။

ပဋိသန္ဓေစိတ်အခိုက်အတန့်၌ အားနည်းသေးသောကြောင့် စိတ္တဇရုပ်တို့ မဖြစ်နိုင်သေး။

ပဋိသန္ဓေနောက် ပထမဘဝင်၏ ဥပါဒ်မှ စ၍ စိတ္တဇရုပ်ကို ဖြစ်စေ၏။

ဥပါဒ်အခိုက်မှာသာ စိတ်က စိတ္တဇရုပ်ကို ဖြစ်စေ၏။ ဌီ-ဇရာအခိုက်၊ ဘင်-ပျောက်သွားသည့်အခိုက်တို့မှာ အားနည်းသောကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။

ထို့ကြောင့် ပထမဘဝင်၏ ဥပါဒ်မှ စ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်တို့ ဖြစ်၏။

  • ရုပ်ကို ဖြစ်စေနိုင်သော စိတ်များအနက် အပ္ပနာဇော ၂၆ (ရူပါဝစရ ကုသိုလ် ၅ + ရူပါဝစရ ကြိယာ ၅ + အရူပါဝစရ ကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ + လောကုတ္တရာ ၈)သည် ရုပ်သာမညအပြင် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်၏။

(ဈာန်ဝင်စားနေသောအခါ တင်ပလ္လင်ခွေလျက် ၇-ရက်လုံး နေနိုင်ခြင်း၊ အပ္ပနာဇောမဟုတ်သည့် ကာမာဝစရဇောပင်လျှင် ၂-နာရီ ၃-နာရီကြာအောင် တရားထိုင်နိုင်ခြင်း, အချို့ တစ်ညလုံး မအိပ်ဘဲ နေနိုင်ခြင်း။)

  • ဝုဋ္ဌော၊ ကာမဇော ၂၉၊ အဘိညာဏ် ၂ = ပေါင်း ၃၂-ပါးသော စိတ်တို့သည် ရုပ်သာမညနှင့် ဣရိယာပုတ်အပြင် ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးကိုလည်း ဖြစ်စေနိုင်၏။

တဖန် ထို ၃၂-ပါးသော စိတ်တို့အနက် လောဘမူသောမနဿဇော ၄၊ ဟသိတုပ္ပါဒ်ဇော ၁၊ မဟာကုသိုလ်သောမနဿဇော ၄၊ မဟာကြိယာသောမနဿဇော ၄ = ပေါင်း ၁၃-ပါးသော စိတ်တို့သည် ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏။

ဤ ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော ၁၃-ပါးသော စိတ်တို့ကို ပုထုဇဉ်တို့က ဘယ်စိတ်၊ သေက္ချပုဂ္ဂိုလ်တို့က မည်သည့်စိတ်၊ ဘုရား,ရဟန္တာတို့က မည်သည့်စိတ်များဖြင့် ပြုံးရယ်နိုင်ကြောင်း ထပ်မံ ခွဲခြားပြ၏။

လင်္ကာ

ရှစ်ပုထုဇန်၊ ခြောက်သေက္ခန်၊ ငါးတန် ရဟန္တာ။
ဟာသအကြောင်း၊ ထူးပြားရှောင်း၊ စိတ်ပေါင်း တေရသာ။

ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = လောဘမူသောမနဿ ၄ + မဟာကုသိုလ်သောမနဿ ၎

သေက္ချပုဂ္ဂိုလ်တို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿ ၂ + မဟာကုသိုလ်သောမနဿ ၎

(သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့၌ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ မရှိတော့သောကြောင့် လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် သောမနဿဖြင့် မပြုံးရယ်နိုင်တော့ပေ။)

ဘုရား၊ ရဟန္တာတို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = ဟသိတုပ္ပါဒ် + မဟာကြိယာသောမနဿ ၎

အချို့က ဟသိတုပ္ပါဒ်စိတ်သည် အဟိတ်စိတ်ဖြစ်သောကြောင့် (ဉာဏ်နှင့် မယှဉ်သောကြောင့်) မြတ်စွာဘုရားရှင်၏ သန္တာန်၌ မဖြစ်ထိုက်ဟု ယူဆကြ၏။

အဋ္ဌကထာ ဋီကာဆရာ အများက မြတ်စွာဘုရားရှင်သည် တစ်စုံတစ်ခုကို မြင်တော်မူပြီး ပြုံးတော်မူရာ၌၊ ဥပမာ ... ဝက်မငယ်ကို မြင်ပြီး ပြုံးတော်မူရာ၌ ရှေးဦးစွာ ဉာဏ်ဖြင့် ဆင်ခြင်သော စိတ်ဖြစ်ပြီး (ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ဝက်မငယ်၏ အတိတ်ဘဝများကို သိမြင်ပြီး)မှ ဟသိတုပ္ပါဒ်နှင့် ပြုံးရယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆကြ၏။


+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
တောင်မြို့ဆရာတော်၏ “သင်္ဂြိုဟ်ဘာသာဋီကာ”

Tuesday, July 6, 2010

ဟဒယဝတ္ထုနှင့် ရူပဝိဘာဂ

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာများကို လေ့လာသင်ယူကြရသည်။


ရှေးလာမည့် ဇူလိုင်လ ပထမပတ်မှာ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဘိဓမ္မာသင်တန်း ပြုလုပ်နိုင်မည်မဟုတ်သဖြင့် ၂-ပတ်စာ သင်ခန်းစာများကို လေ့လာ သင်ယူကြရခြင်း ဖြစ်၏။


ဦးစွာ လောကချမ်းသာဆရာတော်က သင်ခန်းစာမိတ်ဆက်နှင့် ဘာသာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ရှင်းလင်း သင်ပြပေး၏။




+++++


ဟဒယဝတ္ထု


နှလုံးသား၏အလယ် ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်လေးအတွင်းရှိ သွေးများအပေါ် ပျံ့နှံ့ပြီး တည်သောရုပ်ကို ဟဒယဝတ္ထုဟု ခေါ်၏။


ဤရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော ပါဠိတော် မရှိ။


သို့သော် ထိုထိုပါဠိတော်များကို သဲနွံစပြု၍ ဟဒယဝတ္ထုရုပ် ရှိထိုက်ကြောင်းကို အဋ္ဌကထာ၊ ဋီကာတို့ ယူဆကြလေသည်။


ဥပမာအားဖြင့် - ပဋ္ဌာန်းပါဠိတော်တွင် “အကြင်ရုပ်ကို မှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတို့ ဖြစ်ကြကုန်၏။ ထိုမနောဓာတ်၊ မနောဝိညာဏဓာတ်နှင့် စေတသိက်တို့အား ထိုရုပ်က နိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။” (ယံ ရူပံ နိဿာယ မနောဓာတု စ, မနောဝိညာဏဓာတု စ ပဝတ္တန္တိ, တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော) ဟု ပါရှိ၏။


ဤပါဠိတော်ကို ထောက်ထားလျှင် စက္ခုဝိညာဏ်တို့၏ မှီရာ စက္ခုဝတ္ထု၊ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့၏ မှီရာ သောတ, ဃာန, ဇိဝှါ, ကာယ ဝတ္ထုများ ရှိသကဲ့သို့ ထို့အတူ မနောဓာတ်, မနောဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုရုပ်တစ်မျိုး ရှိသည်ဟု ယူဆရပေမည်။


မဖြစ်နိုင်သည်များကို တစ်ခုပြီးတစ်ခု ပယ်ဖြုတ်သွားသောနည်း (Law of Elimination)ဖြင့် စိစစ်သော် -

ရုပ် ၂၈-ပါးအနက်
  • မဟာဘုတ်ကြီး ၄-ပါးမှာ ဥပါဒါရုပ် ၂၄-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာ မဖြစ်နိုင်တော့ပေ။
  • ဥပါဒါရုပ် ၂၄-ပါးတွင်လည်း အနိပ္ဖန္နရုပ် ၁၀-ပါး (အာကာသ၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ ကာယဿလဟုတာ၊ ကာယဿမုဒုတာ၊ ကာယဿကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ)တို့မှာ အထည်ကိုယ် ထင်ရှားရှိသော ရုပ်အစစ်များ မဟုတ်၍ စိစစ်စရာ မလို။
  • ထို့ကြောင့် “ပသာဒရုပ် ၅ + ဝိသယရုပ် ၄ + ဘာဝ ၂ + ဟဒယ + ဇီဝိတ + အာဟာရ” ဟူသော နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးသာ စဉ်းစားဖွယ် ရှိတော့သည်။
  • နိပ္ဖန္နဥပါဒါရုပ် ၁၄-ပါးတွင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဟူသော ပသာဒရုပ် ၅-ပါးမှာ စက္ခုဝိညာဏ် စသော ဝိညာဏဓာတ် ၅-ပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်၊ မနောဝိညာဏဓာတ်တို့က ပသာဒရုပ် ၅-ပါးကို မမှီနိုင်။
  • ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ (ဝိသယ ၄)နှင့် သြဇာ (အာဟာရ)ကိုလည်း မမှီနိုင်။ ထိုရုပ်တို့ကား ခန္ဓာကိုယ်မှ အပြင်ပ၌ ဖြစ်ကြသောကြောင့် ဖြစ်၏။
  • ဇီဝိတိနြေ္ဒမှာလည်း တကွဖြစ်ဘက် ရုပ်များကို စောင့်ရှောက်ရခြင်းကိစ္စတစ်မျိုး ရှိပြီး ဖြစ်သောကြောင့် မနောဓာတ်နှင့် မနောဝိညာဏဓာတ် ၂-ပါးသည် ဇီဝိတိနြေ္ဒကိုလည်း မမှီ။
  • ဘာဝရုပ် ၂-ပါး မရှိသော နပုံးပဏ္ဍုတ်တို့၏ သန္တာန်မှာလည်း ဤမနောဓာတ် မနောဝိညာဏဓာတ်များ ဖြစ်နေသောကြောင့် ဘာဝရုပ် ၂-ပါးကို မမှီကြောင်းမှာ သိသာ၏။
  • ထို့ကြောင့် မနောဓာတ် မနောဝိညာဏဓာတ် ၂-ပါး၏ မှီရာဝတ္ထုရုပ်သည် ဟဒယဝတ္ထုသာ ဖြစ်ကြောင်း သိနိုင်၏။


+++++


ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍ၌ ဟဒယဝတ္ထု မဟောခြင်းအကြောင်း


“မြတ်စွာဘုရား တရားဟောတယ်ဆိုတာ သဗ္ဗညုတဉာဏ်အစွမ်း ပြဖို့ ဟောတာ မဟုတ်ဘူး။
တရားနာတဲ့ ဝေနေယျပုဂ္ဂိုလ်တွေ တရားထူးရဖို့ ဟောတာ။
ဒါကို ဝေနေယျအလိုကို လိုက်တယ်လို့ ဦးဇင်းတို့ ပါဠိကျမ်းဂန်တွေမှာ သုံးတယ်။
ဝေနေယဇ္ဈာသယ လို့ သုံးတယ်။”

(အရှင်သီလာနန္ဒာဘိဝံသ)


ဓမ္မသင်္ဂဏီပါဠိတော် ရူပကဏ္ဍပါဠိတော်၌ ရုပ်များကို ၁-ခု (ဧကက)၊ ၂-ခု (ဒုက)၊ ၃-ခု (တိက)၊ ၄-ခု (စတုက္က) စသည်ဖြင့် ၁၁-ခု (ဧကာဒသက)တိုင်အောင် မြတ်စွာဘုရားရှင် ဟောတော်မူ၏။


ထိုသို့ ဟောကြားရာတွင် ၂-ခုတွဲများအကြောင်း ဟောကြားတော်မူသော ဒုကဒေသနာ၌ ရှေ့နောက် အသွားအလာ တူညီအောင် ဟောကြားတော်မူလိုရင်းကြောင့် ဟဒယဝတ္ထုရုပ် မပါရှိကြောင်း အဋ္ဌကထာ ဋီကာဆရာများ၊ ရှေးဆရာတော်များ ယူဆကြ၏။


+++++


ဓမ္မသင်္ဂဏီပါဠိတော် ဝတ္ထုဒုက်နှင့် အာရမ္မဏဒုက်


ဝတ္ထုဒုက်


၁။ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (စက္ခုဝတ္ထု)
၂။ စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (စက္ခုမှအပ ကျန်ရုပ်များ)


၁။ သောတဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (သောတဝတ္ထု)
၂။ သောတဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (သောတမှအပ ကျန်ရုပ်များ)


၁။ ဃာနဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဃာနဝတ္ထု)
၂။ ဃာနဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဃာနမှအပ ကျန်ရုပ်များ)


၁။ ဇိဝှါဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဇိဝှါဝတ္ထု)
၂။ ဇိဝှါဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဇိဝှါမှအပ ကျန်ရုပ်များ)


၁။ ကာယဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ကာယဝတ္ထု)
၂။ ကာယဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ကာယမှအပ ကျန်ရုပ်များ)


ဖြစ်သင့်သော ဆဋ္ဌဝတ္ထုဒုက်


၁။ မနောဝိညာဏ်၏ မှီရာဖြစ်သော ရုပ်သည် ရှိ၏။ (ဟဒယဝတ္ထု)
၂။ မနောဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်သည် ရှိ၏။ (ဟဒယမှအပ ကျန်ရုပ်များ)



+++

အာရမ္မဏဒုက်


၁။ စက္ခုဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရူပါရုံ)
၂။ စက္ခုဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရူပါရုံမှအပ ကျန်ရုပ်များ)


၁။ သောတဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံ)
၂။ သောတဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (သဒ္ဒါရုံမှအပ ကျန်ရုပ်များ)


၁။ ဃာနဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံ)
၂။ ဃာနဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဂန္ဓာရုံမှအပ ကျန်ရုပ်များ)


၁။ ဇိဝှါဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရသာရုံ)
၂။ ဇိဝှါဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ရသာရုံမှအပ ကျန်ရုပ်များ)


၁။ ကာယဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံ)
၂။ ကာယဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (ဖောဋ္ဌဗ္ဗာရုံမှအပ ကျန်ရုပ်များ)


ဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်


၁။ မနောဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် ရှိ၏။ (ရုပ်အားလုံး)
၂။ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်သည် ရှိ၏။ (မရှိ)


ဤဖြစ်သင့်သော ဆဋ္ဌအာရမ္မဏဒုက်၌ ၂-ခုအနက် တစ်ခုသာ အဖြေပေးနိုင်တော့သဖြင့် ဒုက်ကျိုး ဒုက်ပျက်လေ၏။


+++++


“အဲဒါကြောင့်မို့ အဋ္ဌကထာ ဋီကာဆရာများရဲ့ အယူအဆအရ၊ သို့မဟုတ် ရှေးဆရာတော်တို့ရဲ့ အယူအဆအရ မြတ်စွာဘုရားက သာမညအကျဉ်းချုပ်လို့ ဟောခဲ့ပေမယ့် အဲဒါသည် ဟဒယဝတ္ထုဟူ၍ မှတ်ရမယ်။
ဒါဟာ တစ်ချက်လွှတ်တော့ ကျတယ်။ ကျပေမယ်လို့ ဒီလိုပဲ မှတ်ရမယ်။ 

ဒါကြောင့်မို့ ဟဒယဝတ္ထုဆိုတာ ရှိပါတယ်။


ဒါဖြင့် ဓမ္မသင်္ဂဏီမှာ ဘာကြောင့် မဟောတာတုန်းဆိုရင် ဝတ္ထုဒုက် အာရမ္မဏဒုက် ပျက်မှာစိုးလို့။ ပျက်မှာဆိုတာ ရှေ့နောက်မညီတာ မလိုက်လျောမှာ စိုးလို့ မဟောတာပါ။ မရှိလို့ မဟောတာ မဟုတ်ပါဘူး။


ဘာကြောင့် ဝတ္ထုဒုက်ပျက်မှာ ကြောက်ရတာတုန်း စိုးရိမ်ရတာတုန်း?
ဝေနေယျတွေ နားမလည်မှာ စိုးလို့။
နားမလည်ရင် တရားမရမှာ စိုးလို့။

တခါတလေ ဝေနေယျတွေ အလိုလိုက်ပြီး ဟောရတာတွေ ရှိတယ်။
အဘိဓမ္မာမှာတောင်မှ ရှိတယ်။ သုတ္တန်မှာဆို ပြောစရာ မလိုတော့ဘူး။


ဒါကြောင့်မို့ ဒီတရားတွေကိုပဲ ခန္ဓာဆိုတဲ့ နာမည်နဲ့ ဟောထားတယ်။
တော်တော်ကြာ ... အာယတနဆိုတဲ့ နာမည်နဲ့ ဟောထားတယ်။ ဒါတွေပဲ။ အာယတန ၁၂-ပါးဆိုတာလည်း ခန္ဓာ ၅-ပါးပဲ။ ခန္ဓာ ၅-ပါးထဲကဟာတွေကို အာယတနနဲ့ တစ်မျိုး လှည့်ဟောလိုက်တာ။
ဓာတ် ၁၈-ပါးဆိုတာလည်း ဒီခန္ဓာ ၅-ပါးပဲ။
နိဗ္ဗာန်တော့ ပါတယ်ပေါ့လေ။
ဒါတွေပဲ။ ဣနြေ္ဒ ၂၂-ပါးဆိုတာလည်း ဒါတွေပဲ။
အဲဒီလို အမည်အမျိုးမျိုးနဲ့ မြတ်စွာဘုရားက ဟောတော်မူတယ်။


တချို့က ခန္ဓာဆိုတဲ့ နာမည်နဲ့ ရင်းနှီးပြီးသားဖြစ်ရင် ခန္ဓာဆိုတဲ့ စကားလုံးလေး ကြားလိုက်ရင် သူတို့မှာ တရားနားလည်သွားမယ်။ တရားထူး ရမယ်။

တချို့က အာယတနဆိုတဲ့ နာမည်နဲ့ ရင်းနှီးထားတဲ့သူတွေကျတော့ အာယတနဆိုတဲ့ အသံလေး ကြားလိုက်ရရင် (ကိုယ်ရင်းနှီးထားတဲ့ အသံလေး ကြားလိုက်ရရင်) နားလည်တာပေါ့။

အဲဒီလို ဝေနေယျအလိုလိုက်ပြီးတော့ ဟောရတာတွေ အဘိဓမ္မာမှာတောင်မှ ရှိတယ်။
အဲသလို မှတ်ရမယ်။


ယေဘုယျအတိုင်း ပြောရမယ်ဆိုရင် အဘိဓမ္မာမှာ အရှိကို အရှိအတိုင်း ဟောတာ၊ ဝေနေယျအလိုကို လိုက်နေတာမဟုတ်ဘူးလို့ ယေဘုယျ ပြောမယ်ဆိုရင် ရတယ်။
သို့သော် ဒီတစ်နေရာမှာတော့ မရဘူး။

ဒီနေရာမှာ တကယ့်ကို ဝေနေယျရဲ့ အလိုလိုက်ပြီးတော့ နားထောင်တဲ့ ပုဂ္ဂိုလ်တွေ တရားထူးမရမှာ စိုးလို့၊ ဒုက်အပျက်မခံဘဲနဲ့ လုံးဝ ဒီဒုက်ကို ချန်ထားခဲ့တယ်။
ဒီဒုက်ချန်ထားလိုက်တော့ ဟဒယဝတ္ထုလည်း ဓမ္မသင်္ဂဏီပါဠိတော်မှာ ဖော်ပြခြင်း မခံရတော့ဘူးပေါ့။
သို့သော် ခုန ထောက်ထားတဲ့ အထောက်အထားတွေအရ ဝတ္ထုရုပ်တစ်ခုကတော့ ရှိထိုက်တယ်။
အဲဒီ ဝတ္ထုရုပ်တစ်ခုဟာ ဘာလဲဆိုရင် ဟဒယရုပ်ပဲ။


အခုခေတ်လူတွေကတော့ ဘာပြောသလဲ။
မြတ်စွာဘုရားက ဟဒယဆိုတဲ့ နာမည်နဲ့ ဟောခဲ့တာမှ မဟုတ်ဘဲ။
အဲဒီတော့ ဟဒယဝတ္ထုမဟုတ်ဘဲနဲ့ ဦးနှောက်ကော မဖြစ်နိုင်ဘူးလားပေါ့လေ။
ဒါတော့ တိကျပြတ်သားတဲ့အဖြေ ထွက်မယ့်အရာမျိုးတော့ မဟုတ်ဘူးပေါ့။
သူကြိုက်တာ သူလက်ခံ၊ ငါကြိုက်တာ ငါလက်ခံပေါ့။


ဘာသာဋီကာမျာတော့ အဲဒါလေးနဲ့ ပတ်သက်ပြီး ပြောထားတာ ရှိသေးတယ်။
စာမျက်နှာ ၄၀၀ မှာ ထင်တယ်။


..... ဤပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်းကား ထင်ရှားလေသည်။
ထိုဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိကြောင်းကိုလည်း ဤသို့ သိရာ၏ ... တဲ့။ ဒါက ဆရာတော်ရဲ့ အကြောင်းပြချက်ပေါ့လေ။


..... တစ်စုံတစ်ခုသော အကြံကို စူးစူးစိုက်စိုက် ကြံစည်သည့်အခါ၊ တစ်စုံတစ်ခု စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည့်အခါတို့၌ စိတ်မှ အပူဓာတ်သည် မှီရာဝတ္ထုသို့ ကူးစက်၍ ထိုဝတ္ထုရုပ်မှ အပူဓာတ်လည်း ဝတ္ထုရုပ်တည်ရာ သွေးများနှင့်တကွ နှလုံးအိမ်မှာ ကူးစက်သဖြင့် ရင်ပူလာပုံကိုလည်းကောင်း၊


ထို့ပြင် ပြင်းထန်သော အမြောက်သံ စသည်ကို ကြားရာ၊ တစ်စုံတစ်ယောက်က ခြောက်လှန့်သည်အခါတို့၌ စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များခုန်နေပုံကိုလည်းကောင်း၊


အပြင်းအထန် သောကနှိပ်စက်သည့်အတွက် နှလုံးကွဲ (ရင်ကွဲ)ပုံကိုလည်းကောင်း၊


အလွန်ပျော်ရွှင်သည့်အခါ ရင်ထဲမှာ တစ်မျိုးတစ်ဖုံဖြစ်နေပုံကိုလည်းကောင်း ထောက်၍ စိတ်၏ မှီရာ ဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပြီ။


ဤသို့ နှလုံးအိမ် ဟဒယအတွင်းမှာ တည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထုရုပ်ကို ဟဒယဝတ္ထုဟု နာမည်တပ်ရလေသည်။

ယခုခေတ် လောကဓာတ်ဆရာအချို့တို့ကား နှလုံးအိမ်မှ သွေးပူလေပူတို့ အထက်သို့ ပြန်တက်သဖြင့် ဦးခေါင်း၌ နောက်ကျုရှုပ်ထွေးလျက်ရှိသည်ကို အထောက်အထားပြုပြီးလျှင် စိတ်ဝိညာဏ်သည် ဦးနှောက်မှာ တည်ရှိ၏ဟု ပြောဆိုမိကြလေသည်။


+++++


ရုပဝိဘာဂ

ရုပ် ၂၈ ပါးကို အမျိုးမျိုး ခွဲခြားပြခြင်း။


တစ်မျိုးတည်းသော ရုပ်အဖြစ် သတ်မှတ် ခွဲခြားခြင်း။


ရုပ်မှန်လျှင် -
  • ‘အဟေတုက’သာ ရှိ၏။ ‘သဟေတုက’ဟု မရှိ။
  • ‘သပ္ပစ္စယ’သာ ရှိ၏။ ‘အပ္ပစ္စယ’ဟု မရှိ။
  • ‘သာသဝ’သာ ရှိ၏။ ‘အနာသဝ’ဟု မရှိ။
  • ‘သင်္ခတ’သာ ရှိ၏။ ‘အသင်္ခတ‘ဟု မရှိ။
  • ‘လောကိယ’သာ ရှိ၏။ ‘လောကုတ္တရ’ဟု မရှိ။
  • ‘ကာမာဝစရ’သာ ရှိ၏။ ‘ရူပါဝစရ’ စသည် မရှိ။
  • ‘အနာရမ္မဏ’သာ ရှိ၏။ ‘သာရမ္မဏ’ဟု မရှိ။
  • ‘အပ္ပဟာတဗ္ဗ’သာ ရှိ၏။ ‘ပဟာတဗ္ဗ’ဟု မရှိ။


အဟေတုက = လောဘစသော ဟိတ်များနှင့် မယှဉ်။
သပ္ပစ္စယ = ကံ, စိတ်, ဥတု, အာဟာရ အကြောင်းကြောင့် ဖြစ်၏။
သာသဝ = အာသဝေါတရားတို့၏ အာရုံ ဖြစ်၏။
သင်္ခတ = ကံစသော အကြောင်းတစ်ခုခုက ပြုစီမံအပ်၏။
လောကိယ = လောကီတရားဖြစ်၏။
ကာမာဝစရ = ကာမတဏှာ၏ ကျင်လည်ရာ (အာရုံပြုရာ) ဖြစ်၏။
အနာရမ္မဏ = အာရုံကို မယူတတ်။
အပ္ပဟာတဗ္ဗ = အကုသိုလ်ကိလေသာကဲ့သို့ ပယ်၍ မရ။


+++


နှစ်မျိုးသော ရုပ်အဖြစ် ခွဲခြားခြင်း။

  • အဇ္ဈတ္တိကရုပ် (အတွင်းကျသော ရုပ်) - ပသာဒရုပ် ၅-ပါး နှင့် ဗာဟိရရုပ် (အပြင်အပရုပ်) - ကျန် ရုပ် ၂၃-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဝတ္ထုရုပ် (မှီရာဖြစ်သော ရုပ်) - ပသာဒရုပ် ၅ + ဟဒယ (=ပေါင်း ၆ ပါး) နှင့် အဝတ္ထုရုပ် (မှီရာမဟုတ်သော ရုပ်) - ကျန် ရုပ် ၂၂-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဒွါရရုပ် (ဒွါရဖြစ်သော ရုပ်) - ပသာဒရုပ် ၅ + ဝိညတ် ၂ (=ပေါင်း ၇ ပါး) နှင့် အဒွါရရုပ် (ဒွါရမဖြစ်သော ရုပ်) - ကျန် ရုပ် ၂၁-ပါး ဟု နှစ်မျိုး ရှိ၏။
  • ဣန္ဒြိယရုပ် (အစိုးရသော ရုပ်) - ပသာဒရုပ် ၅ + ဘာဝ ၂ + ဇီဝိတ (=ပေါင်း ၈ ပါး) နှင့် အနိန္ဒြိယရုပ် (အစိုးမရသော ရုပ်) - ကျန် ရုပ် ၂၀ ဟု နှစ်မျိုး ရှိ၏။
  • သြဠာရိကရုပ် (ကြမ်းသောရုပ်/ဉာဏ်၌ သိလွယ် မြင်လွယ်သော ရုပ်) - ပသာဒ ၅ + ဝိသယ ၇ (=ပေါင်း ၁၂ ပါး) နှင့် သုခုမရုပ် (သိမ်မွေ့သောရုပ်/ဉာဏ်မှာ သိလွယ် မြင်လွယ် မဟုတ်သော ရုပ်) - ကျန် ရုပ် ၁၆-ပါး ဟု နှစ်မျိုး ရှိ၏။
  • သန္တိကေရုပ် (နီးသော ရုပ်)၊ ဒူရေရုပ် (ဝေးသော ရုပ်) ဟု နှစ်မျိုး ရှိ၏။ (သြဠာရိက-သုခုမ နှင့် တူ၏)
  • သပ္ပဋိဃရုပ် (ထိခိုက်မှုရှိသော ရုပ်)၊ အပ္ပဋိဃရုပ် (ထိခိုက်မှု မရှိသော ရုပ်) ဟု နှစ်မျိုး ရှိ၏။ (သြဠာရိက-သုခုမ နှင့် တူ၏။)
  • ဥပါဒိန္နရုပ် (ကံ၏ အကျိုးဖြစ်သော ရုပ်/ကံကြောင့်ဖြစ်သော ရုပ်) - ကမ္မဇရုပ် ၁၈ ပါး နှင့် အနုပါဒိန္နရုပ် (ကံ၏အကျိုးမဟုတ်သော ရုပ်/ကံကြောင့်မဖြစ်သော ရုပ်) ဟူ၍ နှစ်မျိုး ရှိ၏။
     အနုပါဒိန္နရုပ်ကို စိတ်, ဥတု, အာဟာရ အကြောင်းသုံးမျိုးကြောင့် ဖြစ်သောကြောင့် တိဇရုပ်ဟု ခေါ်၏။
    (အချို့နေရာများ၌ သုတ္တန်နည်းအရ သက်ရှိကို ဥပါဒိန္န၊ သက်မဲ့ကို အနုပါဒိန္နဟု သုံး၏။)
  • သနိဒဿနရုပ် (မြင်ကောင်းသော ရုပ်) - ရူပါရုံ နှင့် အနိဒဿနရုပ် (မမြင်ကောင်းသော ရုပ်) - ကျန် ရုပ် ၂၇-ပါး ဟူ၍ နှစ်မျိုး ရှိ၏။
  • ဂေါစရဂ္ဂါဟကရုပ် (အာရုံကို ယူတတ်သော ရုပ်) - ပသာဒရုပ် ၅ ပါး နှင့် အဂေါစရဂ္ဂါဟကရုပ် (အာရုံကို မယူတတ်သော ရုပ်) - ကျန် ရုပ် ၂၃-ပါး ဟူ၍ နှစ်မျိုး ရှိ၏။
  • အဝိနိဗ္ဘောဂရုပ် (တစ်ခုစီ ခွဲ၍ မရသော ရုပ်) - မဟာဘုတ် ၄ + ရူပ + ဂန္ဓ္ဓ + ရသ + အာဟာရ (သြဇာ) (=ပေါင်း ၈ ပါး) နှင့် ဝိနိဗ္ဘောဂရုပ် - ကျန် ရုပ် ၂၀ ဟူ၍ နှစ်မျိုး ရှိ၏။

+++++


အဘိဓမ္မာသင်တန်း အပတ်စဉ် (၃၈)နှင့် (၃၉) သင်ခန်းစာပို့ချချက်များ ပြီးသော် လောကချမ်းသာ စနေနေ့တရားပွဲအဖြစ် အရှင်ဝိမလက “ကလေးငယ်အသွင်”ဟူသော တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။




တရားပွဲပြီးသော ၁၀-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။


သာဓု ... သာဓု ... သာဓု။