Thursday, October 29, 2009

အိုနာသေကင်းရေးတရားပွဲ - မဟာစည်ဆရာတော်ဘုရားကြီး


….. မြတ်စွာဘုရား၏ အဆုံးအမ အကျဉ်းချုပ် ဟောရမှာပဲ။
မြတ်စွာဘုရားက တရားဟောတာဟာ ဘာအတွက်လဲလို့ဆိုတော့ သတ္တဝါတွေ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ နိဗ္ဗာန်ကို ရောက်အောင်လို့ ဟောတော်မူတယ်။
သတ္တဝါတွေ မအိုရအောင်၊ မနာရအောင်၊ မသေရအောင် အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ တရားကို ရအောင် ကျင့်နိုင်ဖို့ ဟောတော်မူခဲ့တယ်။
တရားနာတဲ့ပုဂ္ဂိုလ်တွေမှာလဲ အဲဒါဟာ ရည်ရွယ်ရင်း အရင်းခံပဲ။
ဒိပြင်ဟာတွေက လိုရင်း မဟုတ်ဘူး။ အိုခြင်း နာခြင်း သေခြင်း ကင်းဖို့ရာက အရေးအကြီးဆုံးပဲတဲ့။
အရေးမကြီးဘူးလား။ (အရေးကြီးပါတယ် ဘုရား)

ဘယ်သူမှ မအိုချင်ကြဘူး။ မအိုအောင်လို့ နုနုပျိုပျို ပုဂ္ဂိုလ်တွေက မိမိကိုယ်ကလေးကို ယုယုယယနဲ့ ပြုပြင်ပြီး နေကြတယ်။ ဒါပေမယ်လို့ အသက်အရွယ်ကြီးလာတော့ အိုတော့တာပဲ။ အဖွားကြီးတွေ အဖိုးကြီးတွေ မြင်မကောင်းအောင်လို့ကို အိုသွားကြတာပါပဲ။
မကျန်းမမာ နာဖျားမှုလဲ ကင်းအောင်လို့ ကျန်းမာရေး ဂရုစိုက်ပြီးတော့ နေကြတယ်။ ဒါပေမယ်လို့ တချိန်ကျတော့ မကျန်းမမာတွေလဲ ဖြစ်တာပဲ။ ဒုက္ခတွေ ရောက်ကြရတယ်။ ဘယ်သူမှ မသေချင်ကြဘူး။ သေချင်တဲ့ ပုဂ္ဂိုလ် ရှိပါ့မလား။ (မရှိပါဘူး ဘုရား)

သေရမှာ ကြောက်စရာ ကောင်းတယ်။ မနက်ဖန် သေရမယ်၊ သဘက်ခါ သေရမယ်၊ အဲဒီလို သတင်းများ ကြားရလို့ရှိရင်သာ ကြောက်တာပေါ့။ တချို့ ရောဂါဝေဒနာတွေ ရှိတယ်။ ဆရာဝန်တွေက ဒီရောဂါကို ကုလို့ ရမှာ မဟုတ်ဘူး၊ တစ်လခံမယ်၊ နှစ်လခံမယ် စသည်ဖြင့် မှန်းပြီးတော့ ပြောထားတယ်။ ကြောက်ကြပါတယ်။ အများအားဖြင့် မပြောဘဲနဲ့ ဒီအတိုင်းပဲ ကုပါလို့ ဆရာဝန်တွေက အားပေးပြီးတော့ လွှတ်ထားတာပဲ များတယ်။ အဲဒီလို ပြောလို့ သေရတော့မယ်ဆိုတာ သိရင် အင်မတန် ကြောက်ကြတာပဲ။ ဒီဘဝသာ မဟုတ်ဘူး။ ဘဝတိုင်း ဘဝတိုင်း ဒီလို သေကြမှာတွေ ကြောက်စရာချည်းပဲ။ အဲဒီလို မသေဘဲနဲ့နေရင်တော့ ကောင်းတယ်။ ဘယ်တော့မှ မသေဘူးဆိုရင်ဖြင့် မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)

ဘယ်တော့မှ မအိုဘူး မနာဘူး မသေဘူးဆိုရင် ကောင်းတယ်။
အဲဒီလို မအို မနာ မသေတဲ့တရားကို ရဖို့ရာ မြတ်စွာဘုရားက ဟောခဲ့တယ်။
နာတဲ့ပုဂ္ဂိုလ်တွေ မအို မနာ မသေတဲ့တရား ဘယ်လိုကျင့်ရမယ်၊ ဘယ်လို အားထုတ်ရမယ်ဆိုတာ နားလည်ဖို့ ဒါအရေးအကြီးဆုံးပဲ။ အဲဒါအတွက်ပဲ တရားနာကြရတာ။

တချို့က ဒီလိုမဟုတ်ဘဲနဲ့ အသံကောင်းကောင်းလေး နာကြတယ်။ သီချင်းဆိုပြီးဟောတာလဲ နာတာ ရှိတယ်။ ဒီရွာ(ဆိတ်ခွန်ရွာ)တော့ ရောက်လား မရောက်လား မသိဘူး။ သီချင်းဆိုပြီး ဟောတာတွေလဲ တချို့က နာကြ၊ တရားပွဲလုပ်ပြီး ကျင်းပကြတယ်။ အဲဒါ တော်တော် နေရာမကျတာပဲ။ ရွှေဘိုတော့ ရောက်ကုန်ကြပြီတဲ့။ ဒီရွာတော့ ရောက်ပုံ မရဘူး။ သီချင်းဆိုတဲ့တရား ရောက်ဖူးသလား။ (မရောက်ဖူးပါ ဘုရား)။ တော်တာပေါ့။

လူကြီးလူကောင်းတွေလုပ်ပြီး တရားပွဲကျင်းပရာမှာ သီချင်းဆိုတဲ့တရားကို နားထောင်ရအောင် လုပ်ရင် မတော်တဲ့ ဥစ္စာကြီးပဲ။
တရားပွဲဆိုတာ မြတ်စွာဘုရား ဟောတဲ့ တရားတော် နားလည်ပြီးတော့ ကျင့်ဖို့ရာပဲ။

(ရွှေဘိုမြို့၊ ဆိတ်ခွန်ရွာတွင် ၁၃၃၉ ခု တပေါင်းလပြည့်နေ့ည၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “အမှတ်ရစေ သိလျက်နေ တရားတော်”မှ ကောက်နုတ်ချက်)



+++++
စာကိုး
၂၀၀၄ ခု နိုဝင်ဘာလတွင် ပထမအကြိမ်ထုတ်ဝေသော ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက စုစည်းတင်ပြသည့် “ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဆိတ်ခွန်ရွာတွင် ဟောကြားအပ်သော မဟာစည်ပုံတော်ဗိမာန် အနုမောဒနာ သြဝါဒတရားတော် (မဟာစည်ဆရာတော် ရာပြည့်အထိမ်းအမှတ်)”၊ စာ ၁၀၉-၁၁၂

Wednesday, October 28, 2009

သီချင်းသံနှင့် ဟောခြင်း အပြစ်ငါးပါး


၁။ မိမိကိုယ်တိုင်လည်း ထိုအသံ၌ သာယာပြီး တဏှာကို ပွားစေတတ်ခြင်း။
၂။ ဣနြေ္ဒနုသော သူတပါးကိုလည်း ထိုအသံ၌ သာယာပြီး တဏှာကို ပွားစေတတ်ခြင်း။
၃။ ဣနြေ္ဒကြီးသော လူကြီးလူကောင်း၊ ဆရာတော် သမားတော်အပေါင်းက ကဲ့ရဲ့တတ်ခြင်း။
၎။ သီချင်းသံ မပါပါအောင်၊ နားထောင်၍ မကောင်းကောင်းအောင် အသံရှည်ကြီး ဆွဲပြီး အသံလုပ်၍ ဟောသော ဓမ္မကထိကမှာ တည်ကြည်ခြင်း မရှိဘဲ သမာဓိလည်း ပျက်တတ်ခြင်း။
၅။ နောင်လာနောက်သားများလည်း ထိုနည်းကို အကောင်းမှတ်ပြီး အတုလိုက်တတ်ခြင်း။


+++++
စာကိုး
ပထမကျော်ပြန် အရှင်ဓမ္မတိဏ္ဏ၏ စံပြ ဝိသုဒ္ဓါရုံတရားပေါင်းချုပ်၊ စာ-၉၃၂
၂၀၀၁ ခု နိုဝင်ဘာလ၊ ဒုတိယအကြိမ်ထုတ်

အဘိဓမ္မာသင်တန်း - မိတ်ဆက်နိဒါန်း


အဘိဓမ္မာသင်တန်း မိတ်ဆက်နိဒါန်းတွင် -

(၁) ဘုရားရှင် ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်မြတ်များကို သံဃာတော်အရှင်မြတ်တို့က မည်ကဲ့သို့ မှတ်တမ်းတင် ထိန်းသိမ်းလာခဲ့ကြပုံ။
(၂) ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်အကြောင်း။
(၃) အဘိဓမ္မာအကြောင်း။
(၄) သုတ္တန်နှင့် အဘိဓမ္မာ ကွဲပြားပုံ။
(၅) အဘိဓမ္မာတတ်ဖို့ လိုအပ် မလိုအပ်။
(၆) အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ။
(၇) မြန်မာနိုင်ငံနှင့် အဘိဓမ္မာ။
(၈) အနောက်နိုင်ငံနှင့် အဘိဓမ္မာ။
(၉) ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာအကြောင်းနှင့်
(၁၀) ကိုယ့်ခန္ဓာနှင့် အဘိဓမ္မာအကြောင်းတို့ကို လေ့လာ မှတ်သား နာယူကြရ၏။

+++++

(၁)

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး (၃)လကျော်ကျော် ရှိသောအခါ အရှင်မဟာကဿပအမှူးရှိသော ရဟန္တာငါးရာတို့ စုဝေးကြ၍ မြတ်စွာဘုရားဟောတော်မူသော တရားတော်များကို စုဆောင်း စိစစ်ကြကာ မြတ်စွာဘုရားဟောတော်မူသည့် တရားစစ်မှန်သည်ဟု ကျေနပ် လက်ခံကြသည့်အတွက် ‘သံ’-အတူတကွ စုပေါင်း၍ ‘ဂါယနာ’-ရွတ်ဆိုတော်မူကြသည်။ ဤကား ပထမ သံဂါယနာ တည်း။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး အနှစ် ၁၀၀ ကြာသောအခါ ရဟန္တာ ၇၀၀ စုပေါင်း၍ ပထမအကြိမ် စုပေါင်း ရွတ်ဆိုတော်မူခဲ့ကြသော တရားတော်မြတ်များကို ထပ်မံ လက်ခံ အတည်ပြု စုပေါင်း ရွတ်ဆိုတော်မူကြသည်။ ဒုတိယ သံဂါယနာ တည်း။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ် ၂၃၀ ခန့် အသောကမင်းတရားကြီး လက်ထက်တွင် မြတ်စွာဘုရား ဟောကြားသည့် တရားတော်မြတ်များကို တတိယအကြိမ် သံဂါယနာတင် ထပ်မံ အတည်ပြုကြသည်။ တတိယသံဂါယနာတင်အပြီး ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုများ စေလွှတ်ခဲ့ရာမှ အထူးအားဖြင့် သီဟိုဠ်ကျွန်းတစ်ခုလုံး ဗုဒ္ဓဘာသာ ပျံ့နှံ့သွားခဲ့သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး အနှစ် ၄၅၀ ခန့်တွင် သီဟိုဠ်၌ ခိုးသူဘေး သူပုန်ဘေးကြောင့် ၁၂-နှစ်တိုင် နိုင်ငံမငြိမ်းအေးဖြစ်ရာ ရဟန်းတော်အချို့ အိန္ဒိယသို့ ပြေးကြရသည်။ ဘေးကြီးငြိမ်း၍ အိန္ဒိယသို့ တိမ်းရှောင်သွားကြသော ရဟန်းတော်များ ပြန်လာရာ သီဟိုဠ်ကျွန်းတွင် ကျန်ရစ်သော ရဟန်းတို့က - “ငါ့ရှင်တို့ .. သင်တို့ကတော့ ဟိုဘက်မှာ ချမ်းချမ်းသာသာ နေရ ထိုင်ရတယ်၊ အဲဒီတော့ ငါ့ရှင်တို့ကတော့ ပိဋကတ်တော်တွေကို မှန်မှန်ကန်ကန်ပဲ ဆောင်ထားကြမယ်၊ ငါတို့ကတော့ ဒီဘက်မှာ ဆင်းဆင်းရဲရဲ နေရတာဆိုတော့ မတော်တဆ ချွတ်ယွင်းတာတွေ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ အဲဒီတော့ သင်တို့ဆောင်ထားတာနဲ့ ငါတို့ ဆောင်ထားတာ တိုက်ဆိုင်ကြည့်ရအောင်” ဟု ဆို၍ တိုက်ဆိုင်ကြည့်ကြရာ တသွေမတိမ်း တူညီနေသည်ကို တွေ့ကြရ၏။ နောင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်သူ ရှားပါးက သာသနာပျောက်ကွယ်မည်ကို စိုး၍ ပေထက် အက္ခရာတင်ခဲ့ကြသည်။ ဤသို့ ပိဋကတ်သုံးပုံ ပေထက် အက္ခရာတင်ခဲ့ကြသည်ကို ကျမ်းဂန်တို့၌ စတုတ္ထသံဂါယနာဟု သေသေချာချာ မရှိသော်လည်း အများက စတုတ္ထ သံဂါယနာဟု အသိအမှတ် ပြုကြသည်။

မြန်မာနိုင်ငံ မန္တလေးမြို့တည် နည်းတည် မင်းတုန်းမင်းကြီးလက်ထက်တွင် ပဉ္စမ သံဂါယနာတင်၍ ပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်ခဲ့ကြသည်။ ကျောက်ချပ်ပေါင်း ၇၂၉ ချပ် ရှိ၏။

၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသံဂါယနာတင်ကာ ပိဋကတ်သုံးပုံကို ကျမ်းစာအုပ်များ ရိုက်နှိပ်ခဲ့သည်။ ကမ္ဘာတွင် အကောင်းဆုံးသော ပါဠိစံမူအဖြစ် အသိအမှတ် ပြုထားရ၏။

ထို့ကြောင့် ယနေ့တိုင် တွေ့ရှိနေရသည့် ပိဋကတ်တော်များသည် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားထားခဲ့သော ပိဋကတ်တော်များ ဖြစ်သည်။

(၂) ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်

မြတ်စွာဘုရား သင်ကြား ဟောကြားသော တရားတော်များကို ရဟန်း၊ သာမဏေ၊ ရဟန်းမိန်းမ (ဘိက္ခုနီ)တို့ လိုက်နာရန် ဝိနည်းပိဋကတ်၊ ရဟန်း သာမဏေ လူပုဂ္ဂိုလ်များ အပါအဝင် အများနားလည်အောင် သင်ကြား ဟောကြားတော်မူသော သုတ္တန်ပိဋကတ်၊ သင်ကြား ဟောကြားပုံ လွန်ကဲ ထူးခြားသော အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်အားဖြင့် သုံးပုံ သုံးမျိုး၊

နောက်တနည်းအားဖြင့် -
(က) ရှည်လျားသော တရားတော်များကို ပေါင်းစည်းထားသည့် ဒီဃနိကာယ်
(ခ) မတိုမရှည် အလယ်အလတ် တရားတော်များကို ပေါင်းစည်းထားသည့် မဇ္ဈိမနိကာယ်
(ဂ) တိုသော တရားတော်များကို ပေါင်းစည်းထားသည့် သံယုတ္တနိကာယ်
(ဃ) တစ်ခုအစု တရား၊ နှစ်ခုအစု တရား၊ သုံးခုအစု တရား စသည် .. ၁၁ ခုတိုင်အောင် တစ်ဆင့် တစ်ဆင့် အထက်တက်သွားသည့် တရားတော်များကို စုပေါင်းထားသည့် အင်္ဂုတ္တရနိကာယ်
(င) ငယ်သော တရားတော်များနှင့် အထက်ဆိုခဲ့ပြီး နိကာယ် ၄-ခုတွင် မပါသော တရားတော်များကို ပေါင်းစည်းထားသည့် ခုဒ္ဒကနိကာယ် ဟူ၍ နိကာယ်အားဖြင့် ငါးရပ် ငါးခု ခွဲခြား၏။

(၃) အဘိဓမ္မာ

အဘိ - လွန်ကဲသော၊ ထူးမြတ်သော
ဓမ္မ - တရား
အဘိဓမ္မာ - သင်ကြား ဟောကြားပုံ လွန်ကဲ ထူးမြတ်သော တရား

(၄) သုတ္တန်နှင့် အဘိဓမ္မာ ကွာခြားချက်

သုတ္တန်ကို မြတ်စွာဘုရားက သမုတိ ပညတ်ဟု ခေါ်သော လူများ သုံးနှုန်းနေသော နေ့စဉ်သုံး စကားလုံးများဖြင့် ဟောကြား၏။

အဘိဓမ္မာကိုမူ ပရမတ္ထသစ္စာ အသုံးအနှုန်းများ - ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ စိတ်၊ စေတသိက် စသည်ဖြင့် အသုံးပြု ဟောကြား၏။

(၅) အဘိဓမ္မာ တတ်ဖို့ လိုအပ် မလိုအပ်

သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်မျက်မှောက်ပြုရန် တရားထူးရရန် တရားအားထုတ်ရာ၌ အဘိဓမ္မာ မတတ်သော်လည်း ဆရာသမားထံ နည်းခံ အားထုတ်နိုင်၏။ အဘိဓမ္မာ အများကြီးတတ်ရန် မလိုအပ်သော်လည်း တတ်လျှင် ပိုကောင်း၏။

မြတ်စွာဘုရား သင်ကြား ဟောကြားတော်မူသော တရားတော်များကို ကျကျနန ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်နိုင်ရန်အတွက်မူ အဘိဓမ္မာတတ်မြောက်ရန် လိုအပ်၏။

(၆) အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ

အဘိဓမ္မတ္ထသင်္ဂဟ ခေါ် သင်္ဂြိုဟ်ကျမ်းဟာ အဘိဓမ္မာတတ်လိုသူတွေအတွက် ပါဠိလို အလွတ်ကျက်ရတဲ့ ကျမ်း ဖြစ်တယ်။
အဲဒီကျမ်းကို အင်္ဂလိပ်လို ပထမဆုံး ဦးရွှေအောင်က “A Compendium of Philosophy” လို့ ဘာသာပြန်တယ်။ ဒုတိယက အိန္ဒိယက ဂျီကပ်ရျပ်ဆိုတဲ့ ဘုန်းကြီးတစ်ပါး ပြန်တယ်။ တတိယက သီဟိုဠ်ဆရာတော် အရှင်နာရဒ ပြန်တယ်။ အင်္ဂလိပ်ဘာသာပြန် သုံးခု ရှိတယ်။

(၇) မြန်မာနိုင်ငံနှင့် အဘိဓမ္မာ

အဘိဓမ္မာနှင့်ပတ်သက်၍ မြန်မာပြည်သည် နံပတ်တစ် ဖြစ်၏။ သီဟိုဠ်၊ ယိုးဒယားတို့မှာ မြန်မာပြည်လောက် အဘိဓမ္မာ မထွန်းကားပေ။ မြန်မာပြည်၌ အဘိဓမ္မာအထွန်းကားဆုံး ဖြစ်သည်။ မြန်မာပြည်တွင် ကိုရင်ဖြစ်သည်နှင့် အဘိဓမ္မာကို သင်ယူရလေ့ရှိ၏။

မြန်မာပြည်တွင် ညဝါ ခေါ် နေ့မှာ ကျက်မှတ်၍ ညကျမှ ဆရာ့ဆီ သွားရောက်ကာ စာလိုက်ရသော နည်းရှိ၏။ နေ့မှာ ကျက်မှတ်ပြီး မီးမထွန်းသော ညအမှောင်ထဲ၌ အလွတ်ပြန်ရ၏။ မှားလျှင် ဆရာက ပြင်ပေးပြီး အဓိပ္ပာယ်ပြောပြသည်။ ညဝါကြောင့် အဘိဓမ္မာကို ကျေကျေညက်ညက် နားလည်ကြရပြီး အထူး အကျိုးကျေးဇူး များ၏။

(၈) အနောက်နိုင်ငံနှင့် အဘိဓမ္မာ

အဘိဓမ္မာကို ဆရာနှင့် သင်မှ တတ်မြောက်နိုင်ပြီး၊ အနောက်နိုင်ငံသားတို့ စိတ်ဝင်စား နားလည်အောင် ရေးသားထားသော စာအုပ်များ မရှိသလောက်ဖြစ်၍ အနောက်နိုင်ငံသားများအနေဖြင့် အဘိဓမ္မာကို အမှန်တကယ် နားမလည်ကြပေ။

(၉) ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာ

“ပြီးတော့ အထူးသဖြင့် ဒီအမေရိကန်နိုင်ငံမှာက တရားထိုင်လေ့ရှိတော့ တရားထိုင်တဲ့လူဟာ ဘာစာအုပ် ဖတ်ရမလဲ၊ ဝိသုဒ္ဓိမဂ် ဖတ်ရမယ်။ ဝိသုဒ္ဓိမဂ်ကို လက်ကိုင်ပြုရမယ်။ ဒီစာအုပ်က ဘုန်းကြီးတွေအတွက် ရေးထားတာ။ အဲဒီ ဝိသုဒ္ဓိမဂ်ကို မင်းတို့ အဘိဓမ္မာမတတ်ဘဲနဲ့ ဖတ်လို့ မဖြစ်ဘူး။ မင်းတို့ နားမလည်နိုင်တာ အများကြီး ရှိတယ်။

ဒီတစ်ခေါက် မက်ဆာချူးဆက်သွားတုန်းက အဘိဓမ္မာအကြောင်း မဟောခင် စာပိုဒ်တစ်ခုကို ဖတ်ပြလိုက်တယ်။ …. မင်းတို့ သေချာ နားထောင်နော်၊ ငါဖတ်ပြမယ် ….၊ ဝိသုဒ္ဓိမဂ်ထဲက ဖတ်တယ်။ …. မင်းတို့ နားလည်လား, မလည်လား မှတ်ထား …. လို့။ အသာလေးထားခဲ့တယ်။ ပြီးတော့မှ အဘိဓမ္မာအကြောင်း ဟောတယ်။ အဘိဓမ္မာသင်တန်း လေးခုပေးပြီးတဲ့နောက်ကျမှ အဲဒီစာပိုဒ် ပြန်ဖတ်မယ်ဆိုပြီးတော့ ပြန်ဖတ်တယ်။ အဲဒီကျတော့ နားလည်ပါတယ်။ ပထမပိုင်းက နားမလည်ဘူး။ အဲဒီလို လက်တွေ့ ပြတော့ သူတို့လည်း အဘိဓမ္မာတန်ဖိုး သိလာတယ်။

တရားအားထုတ်တဲ့လူမှာ ဝိသုဒ္ဓိမဂ်က ရှောင်လို့ မရဘူး။ ကိုယ့်ဟာကိုယ် အေးအေး နေချင်တော့ ရတာပေါ့။ ဆရာလုပ်ချင်တဲ့သူတို့ ဒါမှမဟုတ် သူများကိုလည်း တဆင့် ပြောပြချင်တဲ့သူတို့ဆိုရင် ဝိသုဒ္ဓိမဂ်က အရေးကို ကြီးတယ်။
ဝိသုဒ္ဓိမဂ်က အလွန်ခက်တယ်။ မြန်မာလို ပြန်ထားတာလည်း ရှိပါတယ်။ ဖတ်ချင် ဖတ်ကြည့်။ သူတို့လည်း အင်္ဂလိပ်လို ပြန်ထားတာပဲ။ အင်္ဂလိပ်လို နားမလည်ဘူးတို့ ဘာတို့၊ တချို့နေရာတွေက အဘိဓမ္မာမပါဘဲနဲ့ နားမလည်နိုင်ဘူးလို့ ဆိုပြီးတော့၊ အခုတော့ သူတို့ တော်တော်လေးတော့ သဘောပေါက်ကြတယ်ပေါ့လေ။ တဖြည်းဖြည်းနဲ့ … ဒါပဲ .. ဦးဇင်းတော့ ကြိုးစားနေတာ။ ကိုယ်နဲ့ တွေ့တဲ့လူကတော့ အဘိဓမ္မာကို သဘောကျသွားပါပြီ။ အဘိဓမ္မာမပါဘဲနဲ့ ဗုဒ္ဓဘာသာကို တကယ် နားမလည်နိုင်ဘူးဆိုတာ သိပြီ။ ဒါကြောင့် ကိုယ့် ဒကာ ဒကာမတွေကိုလည်း သိစေချင်တယ်၊ တတ်စေချင်တယ်။ ကိုယ်က သူများတွေတော့ သင်ပေးနေပြီးတော့ သူတို့တွေက တတ်ကုန်ပြီဆိုတော့ ကိုယ့်ဒကာ ဒကာမတွေက ကျန်ရစ်နေမယ်။ ကိုယ့်မြန်မာတွေလဲ ဒီလိုပဲ ကြိုးစားပြီးတော့ တဆင့် ကိုယ်ကလည်း သူများကို ဖြန့်ရတာပေါ့။

(၁၀) ကိုယ့်ခန္ဓာထဲမှာ အဘိဓမ္မာ

အဘိဓမ္မာဆိုတာ စာအုပ်ထဲ သွားရှာရတာ မဟုတ်ဘူး။
ကိုယ့်ခန္ဓာကိုယ်မှာ ရှိတာ မသိကြလို့သာ။ အဲဒါကြောင့်မို့ ဒီမှာ သင်ရတာ ပိုပြီးတော့ ကောင်းတယ်။ တရားထိုင်တာနဲ့ အဘိဓမ္မာနဲ့ တွဲသွားတာ။ တရားထိုင်ထားရင် အဘိဓမ္မာကို ပိုသဘောပေါက်တယ်။ အဘိဓမ္မာကို နားလည်ထားရင် တရားထိုင်တော့လည်း ပိုကောင်းတယ်။ အဲဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။

တကယ် တရားထိုင်ရင် အဘိဓမ္မာသဘောတွေက တကယ့်ကို မြင်မြင်လာတယ်။ ကိုယ်ပိုင်အသိနဲ့ သိလာတယ်။ သာမည စာအုပ်ထဲမှာ ရှိတဲ့ဟာတွေ မဟုတ်ဘူး။ ကိုယ်က ပထမ သိထားတယ်။ တရားထိုင်လိုက်တဲ့အခါ တွေ့ကြုံလာတဲ့အခါကျတော့ ဒါ .. ငါစာထဲတွေ့တဲ့ဟာပါလားဆိုတာ တခါတည်း သိသွားတယ်။ သူများက ပြောနေစရာတောင် မလိုဘူး။ တရားထိုင်ရင် တွေ့လို့ သိတဲ့ အသိကျတော့ တကယ် သိတာ။ စာထဲ မှတ်သိတဲ့ အသိမျိုး မဟုတ်ဘူး။ အဲဒီလို ကွာတာတွေ ရှိတယ်။ ဒါကြောင့်မို့ တရားလည်းထိုင် အဘိဓမ္မာလည်း လေ့လာ။ သဘောတရားနဲ့ လက်တွေ့ တွဲသွားရော။ ဒီမှာ အဲဒါပဲ ဦးဇင်းတို့ အခုလုပ်နေတာ။

အခု တရားထိုင်တဲ့ လူတွေထဲမှာ အနိစ္စ ဒုက္ခ အနတ္တကို သူတို့အသိနဲ့ သူတို့မြင်တဲ့ လူတွေ ရှိတယ်။ အဘိဓမ္မာသဘောတွေကို တစ်နေ့ကပဲ မိန်းမတစ်ယောက်က ပြောတယ်။ သူလျှောက်ပြောတော့ ဦးဇင်းက သိပြီ။ သူ ဘာဆိုတာပေါ့လေ။ နောက်တော့ ပြောတယ်။ ဥပေက္ခာဝေဒနာကို သူသိတာ။ ဥပေက္ခာဝေဒနာဆိုတာ ခက်တယ်။ သိမ်မွေ့တယ်ဆိုတော့ … ဥပေက္ခာဝေဒနာက အလွန် သိမြင်ခဲတယ်။ အဲဒီ ဥပေက္ခာဝေဒနာကို သူတွေ့တာကို ပြောတာ။ ဒီ ဥပေက္ခာဆိုတဲ့ စကားလုံးတော့ သူမသုံးဘူးပေါ့။ အဲဒါမျိုး။ ဥပေက္ခာဆိုတာ အဲဒါကို ပြောတာ။ သူကလည်း အဘိဓမ္မာတက်နေတာကိုး။ ဥပေက္ခာဝေဒနာသိတယ်ဆိုတာ အဲဒါပဲဆိုတော့ … ဟုတ်ရဲ့လားတဲ့။ အဲဒီလို တရားအားထုတ်ရင် သိ,သိလာတယ်။

ပြီးတော့ အနုသယကိလေသာဆိုတဲ့ ကိုယ်တွင်းမှာ ကိန်းနေတယ်ဆိုတဲ့ သဘောပေါ့လေ။ ရှိနေတာ မဟုတ်ဘူး။ သို့သော် အဲဒါမျိုးတွေလဲ သူတို့ တရားအားထုတ်ရာမှာ မြင်တဲ့လူတွေ မြင်တယ်။ ပြောကြတယ်။

အဲဒါကြောင့်မို့ အဘိဓမ္မာလေ့လာရင် တရားလည်းပဲ ထိုင်ပေး။ တရားထိုင်တဲ့အတွက်ကြောင့်မို့ အဘိဓမ္မာမှာ ကျေးဇူးများတယ်။ အဘိဓမ္မာနားလည်တဲ့အတွက်ကြောင့်မို့ တရားထိုင်ရင် ကျေးဇူးများတယ်။ နောင် စေတသိက်ပိုင်းကျတော့ ဖဿ ဝေဒနာ စသည်ကို လက္ခဏာ, ဖဿ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် စသည်တို့နဲ့ လေ့လာတဲ့အခါကျတော့ ပစ္စုပဋ္ဌာန်ဆိုတာ ဘာလဲဆိုတော့ ယောဂီဉာဏ်မှာ ထင်လာတဲ့ အခြင်းအရာကို ပစ္စုပဋ္ဌာန်လို့ ခေါ်တယ်။ အဲဒါ တကယ့် တရားအားထုတ်တာ။ ဖဿဆိုတဲ့ သဘောတရားဟာ တရားထိုင်တဲ့အခါ မြင်လာတဲ့အခါကျတော့ သြော် .. ဘယ်လိုပါလားဆိုတာ ယောဂီက မြင်လာတာ။ အဲဒီလို ယောဂီရဲ့ စိတ်ထဲမှာ ထင်လာတဲ့ အခြားအရာမျိုးကို ပစ္စုပဋ္ဌာန်လို့ ခေါ်တယ်။ အဲဒီဟာလေးပါ နားလည်ရတယ်။
တကယ် စေ့စေ့ပေါက်ပေါက် နားလည်အောင် ကြိုးစားပြီဆိုရင် အဲဒါတွေက ပါးစပ်က ပြောတော့ အလွယ်လေးပေါ့လေ။ မှတ်ထား .. မှတ်ပြီးပြောရင်တော့ ရတယ်။ သို့သော် တကယ်တွေ့ကြုံပြီး ကိုယ်တွေ့အမြင်နဲ့ သိထားရရင် ပိုပြီးတော့ လေးနက်တယ်။ ပိုပြီးတော့ ကောင်းတယ်။

အဲဒါကြောင့်မို့ အခုလူတွေဟာ တရားလည်း ထိုင်ဖူးတဲ့ လူတွေပါပဲ။ ဒီနှစ်ယောက်ကတော့ တရားလည်း ဆက်လက်ထိုင်ကြ။ ဒါလည်း လေ့လာ။ အပြန်ပြန် အလှန်လှန် ကျေးဇူးပြုသွားကြမယ်။ အဲဒါတော့ အကောင်းဆုံး ဖြစ်မယ်။ စာတွေ့နဲ့ချည်းဆိုရင်လည်း မဟုတ်သေးဘူး။ ကိုယ်တွေ့လေးလည်း ပါဦးမှ။ ဒီနေ့ လာနိုင်တာ ဝမ်းသာတယ်။ နောက်တော့လည်း လူများပါလိမ့်မယ် ထင်ပါတယ်။ တခြားရက်ကလည်း မလွယ်ဘူး။ ဦးဇင်းကလည်း ဒီရက်ပဲ ရတော့ လုပ်ရတော့မှာပဲ။ သူတို့လည်း တိတ်ခွေလေး ဖမ်းထားပါဘုရားလို့ ပြောကြတယ်။ ဒါလေး သူတို့ နားထောင်ပေါ့။ ကောင်းပြီလေ။


+++++
“အရှင်သီလာနန္ဒာဘိဝံသ”၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)၊ အဘိဓမ္မာသင်တန်း (၁)၊ စိတ်ပိုင်း (၁)၊ မိတ်ဆက်နိဒါန်း”မှ ကောက်နုတ်ချက်။

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၇-ဇွန်-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ်မြတ်၏ သာရဏီယသြဝါဒကထာ -

၁၃၇၁ ခုနှစ်၊ ဝါဆိုလဆန်း ၆-ရက် (၂၇-၆-၂၀၀၉) စနေနေ့

ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးသို့ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို အလေးဂရုပြုကာ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဆရာတော် အရှင်မြတ်တို့ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြလျက် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး သန့်ရှင်း စင်ကြယ်အောင်၊ အရှည်ခံ၍ တည်တံ့အောင်၊ စည်ပင်ပြန့်ပွား ထွန်းကားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု အာသီသ ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား ရှေးဦးစွာ လျှောက်ထားပါသည် ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်မြတ်တို့ဘုရား။

ဆရာတော်အရှင်မြတ်တို့နှင့် ယခုလို လေးလတစ်ကြိမ် မျက်နှာစုံညီ တွေ့ဆုံကြ၍ သာသနာရေးရာ အဖြာဖြာသော ကိစ္စတို့ကို လျှောက်ထား တင်ပြ ဆွေးနွေး တိုင်ပင်ခွင့်ရသည့်အတွက် နှစ်သက်အားရ ရွှင်လန်းဝမ်းမြောက်ရပါသည် ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အရှင်မြတ်တို့ဘုရား -

“ဒွေ မာ ဘိက္ခဝေ ပရိသာ။ ကတမာ ဒွေ ? ပရိသာကသဋော စ ပရိသာမဏ္ဍော စ” (အံ၊ ၁၊ ၇၂) စသည်ဖြင့် အနှစ်ကင်း၍ သိမ်ဖျင်းသော အမှိုက်သရိုက်နှင့်တူသော ‘ကသဋ’ပရိသတ်နှင့် ကြည်လင်သော ‘မဏ္ဍ’ပရိသတ်ဟူ၍ ပရိသတ်နှစ်မျိုးကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုနှစ်မျိုးတို့တွင် -
အကြင်ပရိသတ်၌ ရဟန်းတို့သည်
ချစ်သဖြင့် မလားအပ်သောအရာသို့ လားခြင်း ဆန္ဒာဂတိ၊
မုန်းသဖြင့် မလားအပ်သောအရာသို့ လားခြင်း ဒေါသာဂတိ၊
တွေဝေသဖြင့် (မသိနားမလည်သဖြင့်) မလားအပ်သောအရာသို့ လားခြင်း မောဟာဂတိ၊
ကြောက်သဖြင့် မလားအပ်သောအရာသို့ လားခြင်း ဘယာဂတိ ဟူသော အဂတိလေးပါးသို့ လိုက်ကုန်၏။
ဤပရိသတ်သည် အနှစ်ကင်း၍ သိမ်ဖျင်းသော အမှိုက်သရိုက်နှင့်တူသော ကသဋပရိသတ် မည်ပါသည်။

အကြင်ပရိသတ်၌ ရဟန်းတို့သည်
ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ဟူသော အဂတိလေးပါးသို့ မလိုက်ကုန်။
ဤပရိသတ်သည် အနှစ်ရှိ၍ ကြည်လင်သော မဏ္ဍပရိသတ် မည်ပါသည် ဘုရား။

ဤပရိသတ်နှစ်မျိုးတို့တွင် အနှစ်ရှိ၍ ကြည်လင်သော မဏ္ဍပရိသတ်သည် မြတ်၏ ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား -
ဘုရားတပည့်တော်တို့၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အားလုံးတို့၏ ယုံကြည်ကိုးစား အားထားရသော အမြင့်ဆုံး အဖွဲ့ကြီး ဖြစ်ပါသည်။
ထို့ကြောင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပရိသတ်နှစ်မျိုးတို့တွင် အနှစ်ကင်း၍ သိမ်ဖျင်းသော အမှိုက်သရိုက်နှင့်တူသော ကသဋပရိသတ်မျိုး မဖြစ်စေဘဲ၊
အနှစ်ရှိ၍ ကြည်လင်သော မြတ်သော မဏ္ဍပရိသတ်မျိုး ဖြစ်အောင် သတိဆောင်တော်မူကြပါရန် သာသနာ့အရေး မျှော်တွေးလျက် လျှောက်ထားပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -
ထို့ပြင် “ဒွေ မာ ဘိက္ခဝေ ပရိသာ။ ကတမာ ဒွေ ? အဓမ္မဝါဒိနီ စ ပရိသာ၊ ဓမ္မဝါဒိနီ စ ပရိသာ” (အံ၊ ၁၊ ၇၅) စသည်ဖြင့် အမှန်တရားကို ဆိုလေ့မရှိသော အဓမ္မဝါဒီပရိသတ်နှင့်
အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ် ဟူ၍ ပရိသတ် နှစ်မျိုးကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုနှစ်မျိုးတို့တွင် အကြင်ပရိသတ်၌ ရဟန်းတို့သည် တရားလမ်းကြောင်းကျသော အဓိကရုဏ်းကိုဖြစ်စေ၊ တရားလမ်းကြောင်းမကျသော အဓိကရုဏ်းကိုဖြစ်စေ စွဲကိုင်ပြီး အချင်းချင်း နားလည်သဘောပေါက်အောင် ပြောဆိုဆွေးနွေးခြင်း မပြုကြကုန်။
ထိုရဟန်းတို့သည် အချင်းချင်း နားလည်သဘောပေါက်အောင် မပြောခြင်းဟူသော အားရှိကုန်လျက် (သူတို့ သဘောမပေါက်လည်း အရေးမစိုက်ပါဘူးဟု သဘောထားကုန်လျက်) အယူမှားကို စွန့်လွှတ်ရန် တိုင်ပင် ဆွေးနွေးခြင်း မရှိကုန်ဘဲ ထိုအဓိကရုဏ်းကိုပင် မှားသော အမြင်၊ မှားသော သုံးသပ်ခြင်းဖြင့် သက်ဝင်စွဲလမ်း၍ “ငါ့အယူသာ မှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ပြောဆိုကုန်၏။
ထိုပရိသတ်သည် အမှန်တရားကို ဆိုလေ့မရှိသော အဓမ္မဝါဒီပရိသတ် မည်ပါသည်။

အကြင်ပရိသတ်၌ ရဟန်းတို့သည် တရားလမ်းကြောင်းကျသော အဓိကရုဏ်းကိုဖြစ်စေ၊ တရားလမ်းကြောင်းမကျသော အဓိကရုဏ်းကိုဖြစ်စေ စွဲကိုင်ပြီး အချင်းချင်း နားလည်သဘောပေါက်အောင် ပြောဆိုဆွေးနွေးခြင်း ပြုကြကုန်၏။
ထိုရဟန်းတို့သည် အချင်းချင်း နားလည်သဘောပေါက်အောင် ပြောဆိုခြင်းဟူသော အားရှိကုန်လျက် (အချင်းချင်း နားလည်သဘောပေါက်အောင် ဆွေးနွေးပြီးမှ အဓိကရုဏ်းကို ဖြေရှင်းမည်ဟု သဘောထားကုန်လျက်) အယူမှားကို စွန့်လွှတ်ရန် တိုင်ပင်ဆွေးနွေးခြင်း ရှိကြကုန်လျက် ထိုအဓိကရုဏ်းကို မှားသောအမြင်၊ မှားသော သုံးသပ်ခြင်းဖြင့် သက်ဝင် စွဲလမ်း၍ “ငါ့အယူသာ မှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း” ဟု မပြောဆိုကြကုန်။
ဤပရိသတ်သည် အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ် မည်ပါသည်။

ဤပရိသတ်နှစ်မျိုးတို့တွင် အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ်သည် မြတ်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -
ဘုရားတပည့်တော်တို့၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီး၌ ဖြစ်ပေါ်လာသမျှ ဝိနိစ္ဆယရေးကိစ္စ၊ သာသနာရေးကိစ္စ၊ ပညာရေးကိစ္စ ဟူသမျှတို့ကို ဖြေရှင်း ဆောင်ရွက်နေရသော အမြင့်ဆုံး အဖွဲ့အစည်းကြီးဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ အားလုံးတို့၏ ယုံကြည်ကိုးစား အားထားလောက်သော အမြင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်ရန် အမှန်တရားကို ဆိုလေ့ရှိသော ဓမ္မဝါဒီပရိသတ်ဖြစ်အောင် သတိဆောင်တော်မူကြပါရန်လည်း ထပ်မံ လျှောက်ထားပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား -
ဘုရားတပည့်တော် အထူးလျှောက်ထားလိုသည်မှာ ဆဋ္ဌအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး၌ “နိုင်ငံတော်မှ စ၍ ရပ်/ကျေးအထိ သံဃာ့အဖွဲ့အစည်းများ ကျစ်လျစ်စွာ တည်တံ့နိုင်အောင် ‘သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း’နှင့် ‘လုပ်ထုံးလုပ်နည်းများ’၌ ပျော့ကွက် ဟာကွက် လိုအပ်ချက်များကို လေ့လာစိစစ်၍ ဖြည့်စွက် ပြင်ဆင် ဖြုတ်ပယ်သင့်သည်များကို ဖြည့်စွက် ပြင်ဆင် ဖြုတ်ပယ်လျက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့ ယခုထက် ကျစ်လစ်ခိုင်မာစွာ တည်တံ့နိုင်အောင် ပြုလုပ်သင့်ပါသည်”ဟုလည်းကောင်း၊ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး၌ “ဆရာတော်အရှင်မြတ်တို့ဘုရား - သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ရန်ကိစ္စသည် သာသနာတော်အတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်သဖြင့် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များချည်း ညှိနှိုင်းတိုင်ပင် ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ခြင်းများကို မပြုသေးဘဲ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များထဲမှ သင့်လျော်သော ဆရာတော်များ၊ မူလဝန်ဆောင် (၆၆)ပါးတွင် ပါဝင်၍ သက်တော်ထင်ရှားပြီး ဆောင်ရွက်နိုင်မည့် ဆရာတော်များ၊ အခြားပညာရှင်များနှင့်ပါ သေချာစေ့စပ်စွာ ညှိနှိုင်းတိုင်ပင်ပြီး ဂိုဏ်းပေါင်းစုံ သမ္မုတိရ သံဃာ့ကိုယ်စားလှယ် သံဃာထုအများစု၏ ဆန္ဒဖြင့်သာ ဆောင်ရွက်သင့်သည်”ဟုလည်းကောင်း ဘုရားတပည့်တော် လျှောက်ထားတင်ပြခဲ့ပါသည် ဘုရား။

ယခုအခါ ဘုရားတပည့်တော်၏ ထိုလျှောက်ထားချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ နာယကလက်စွဲ၊ ညွှန်ကြားလွှာများ ပြင်ဆင်ရန်ကိစ္စကို စိစစ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည်ကို သိရပါသဖြင့် လွန်စွာ ဝမ်းမြောက်ပါသည်ဘုရား။

ထိုသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ နာယကလက်စွဲ၊ ညွှန်ကြားလွှာများအနက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါ အပိုဒ်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကသာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း ပြုလုပ်နိုင်သည်ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း အထူးအစည်းအဝေး ခေါ်ယူရန် လိုအပ်ပါသည် ဘုရား။
ယင်းဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူရန် ကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ပါ။
နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုကို ရမှသာ ပြုလုပ်နိုင်မည့်ကိစ္စ ဖြစ်ပါသည်။

ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် သာသနာတော်ကို အထူးအလေးပေးကာ အားပေး ချီးမြှောက် ထောက်ပံ့နေသော အစိုးရဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူရန် ကိစ္စကိုလည်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည် ယူဆပါသည်။

ယင်းသို့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူကျင်းပခြင်းသည် အလွန်ရခဲသော အခွင့်အရေး ဖြစ်ပါသည်။
ထိုရခဲသော အခွင့်အရေးကို ရရှိခိုက် ယင်းအခွင့်အရေးကို ပီပီပြင်ပြင် ထိုက်ထိုက်တန်တန်ဖြစ်အောင် အထူးအလေးထားကာ အသုံးချ ဆောင်ရွက်တော်မူကြရန် လိုအပ်ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား -
“ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ” (ဝိဋ္ဌ, ၁၊ ၁၁၊) ဟူသော ပါရာဇိက ကဏ္ဍ အဋ္ဌကထာ မိန့်မှာအပ်သည်နှင့်အညီ ဝိနည်းတော်မည်သည် ဘုရားရှင်သာသနာတော်၏ အသက်သွေးကြောဖြစ်သကဲ့သို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း စသော စည်းကမ်းဥပဒေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ အသက်သွေးကြော ဖြစ်ပါသည်။
ဝိနည်းတော်တည်တံ့မှ သာသနာတော် တည်တံ့သကဲ့သို့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း စသော စည်းကမ်းဥပဒေများ ပီပီပြင်ပြင် ကျစ်လျစ်ခိုင်မာစွာ တည်တံ့နေမှသာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်လည်း တည်တံ့ခိုင်မြဲနေနိုင်ပါသည်။

သို့ဖြစ်၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စသည်တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း စသည်တို့ကို ပြုလုပ်တော်မူကြရာ၌ အခြားပုဂ္ဂိုလ်များက မလှုပ် မချောက်ချားနိုင်လောက်အောင် ပျော့ကွက် ဟာကွက် ချို့ယွင်းချက်များ ကင်းစင်နိုင်သမျှ ကင်းစင်စေ၍ ဒေသစွဲ ဂိုဏ်းဂဏစွဲ ပုဂ္ဂိုလ်စွဲ စသည့် အစွဲအလမ်းတို့ကို ပယ်ရှားကာ သာသနာတော်၏ ရှေ့ရေးကိုသာ အလေးဂရုပြုတော်မူကြလျက် မိမိတို့ အချင်းချင်း စေ့စပ်သေချာစွာ ညှိနှိုင်းတိုင်ပင်၍လည်းကောင်း၊ ပညာရှင် ရဟန်း ရှင်လူတို့၏ အကြံဉာဏ်များကို ရယူ၍လည်းကောင်း၊ အဖန်ဖန် အထပ်ထပ် စိစစ်သုံးသပ်၍လည်းကောင်း သာသနာပြုစိတ်ဓာတ် ထက်သန်ပြည့်ဝစွာဖြင့် ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ချက်များ ပြုလုပ်ဆောင်ရွက်တော်မူကြပါဟု အကြံပြုလျက် ဘုရားတပည့်တော်၏ သာရဏီယ သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့


+++++
စာညွှန်း
မြန်မာအလင်းသတင်းစာ၊ ၂၈-ဇွန်-၂၀၀၉

Tuesday, October 6, 2009

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၈-ဖေဖော်ဝါရီ-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ဘုရားကြီး၏ သာရဏီယသြဝါဒကထာမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၅ ရက်၊ ၂၈-၂-၂၀၀၉ စနေနေ့

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်နယ် တိုင်း အသီးသီးတို့မှ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြု စိတ်ဓာတ် အပြည့်အဝထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင်ဖြစ်တော်မူကြသည့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဘုရားကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော်ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့စွာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သပါသည် ဘုရား။

ဆရာတော်ဘုရားများနှင့် ယခုလို တစ်နှစ်လျှင် တစ်ကြိမ်ကျ စုံညီ တွေ့ဆုံကြရ၍ သာသနာတော်အတွက် အရေးကြီးသော ကိစ္စများကို တိုင်ပင် ညှိနှိုင်း ဆွေးနွေးကြရ၊ အသိအမြင်ချင်း ဖလှယ်ကြရသောကြောင့် သာသနာတော်အတွက် အထူးပင် နှစ်သက် ဝမ်းမြောက်ရပါကြောင်း ထပ်လောင်း လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
ဗုဒ္ဓမြတ်စွာသည် “ပဉ္စိမာနိ ဘိက္ခဝေ အနာဂတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိ အယတိံ သမုပ္ပဇ္ဇိဿန္တိ တာနိ ဝေါ ပဋိဗုဇ္ဈိတွာ စ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ”
(အံ-၂-၉၃၊ ၉၅)
“ရဟန်းတို့ ... ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်။ ထိုအနာဂတ်ဘေးတို့ကို သင်တို့ ကြိုတင် သိထားကြရမည် (ကြိုတင်သိထားအောင် လေ့လာ စုံစမ်း ထောက်လှမ်းထားကြရမည်)။ ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်” စသည်ဖြင့် အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို အကျဉ်းချုပ်၍ လျှောက်ထားပါမည် ဘုရား။

(၁) ကာယာနုပဿနာကို ပွားများပြီး မဟုတ်ကြကုန်သော၊ သီလကို ပွားများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွားများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွားများပြီး မဟုတ်ကြကုန်သော ဥပဇ္ဈာယ်ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အခြားတပည့် လူသာမဏေတို့ကို ပဉ္စင်းခံပေးကြလိမ့်မည်။

(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာတို့၏ တပည့်အဆက်ဆက်တို့သည်လည်း ကာယာနုပဿနာကို မပွားများကြကုန်၊ သီလကို မပွားများကြကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ ပညာကို မပွားများကြကုန်။ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများအောင် ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာ ကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာလမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မသိနိုင်ကြကုန်လတ္တံ့။ (ဒေါသစိတ်ဖြင့် သူတပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘ သက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ်နောက်ကျုသော အကုသိုလ်ဘက်သို့ သက်ရောက် ကူးပြောင်းသွားကြလိမ့်မည်။)
ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲနက်နဲကုန်၊ ခက်ခဲနက်နဲသော အနက်အဓိပ္ပာယ်ရှိကြကုန်သော လောကုတ္တရာတရားကိုးပါးကို ဖော်ပြကုန်သော သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် တရားသဘောသက်သက်နှင့်သာ သက်ဆိုင်ကုန်သော ဘုရားဟောတရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ် မရှိကြကုန်လတ္တံ့။
ထိုဘုရားဟောတရားတော်တို့ကို သင်ကြားလေ့လာဆည်းပူးထိုက်ကုန်၏ ဟူ၍ မမှတ်ထင်ကြကုန်။ သာသနာပြင်ပပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘော အချက်အလက်များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ ဟူ၍ မှတ်ထင်ကြကုန်လတ္တံ့။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနညန်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာ သာသနာတော်ကို ပေါ့ပေါ့လျော့လျော့ ကျင့်ကြကုန်၊ အောက်အပါယ်ဘုံသို့ ရောက်ကြောင်း မကောင်းသော အကျင့်များ၌ ရှေ့သွားပဓာနထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော ကျင့်စဉ်များ၌ တာဝန်မဲ့ အားထုတ်မှု လုံ့လ၊ ဝီရိယကို လျှော့ချထားကြကုန်လတ္တံ့။
ထိုရဟန်းတို့၏ နောင်လာနောက်သား တပည့်များလည်း ဒိဋ္ဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနညန်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

ထိုဘေးကြီးငါးမျိုးတို့ နောင်အခါ ဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ ကြိုတင် သိထားကြရမည်။ (ကြိုတင် သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်။)
ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်ဟု ဟောတော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ထိုဘေးကြီးငါးမျိုးတို့သည် ယခုအခါ မြန်မာနိုင်ငံတော်အတွင်း၌ အနည်းအများ ပမာဏကွာခြားသော်လည်း ငါးမျိုးစလုံး ဖြစ်ပေါ်နေပါသည် ဘုရား။

ထိုငါးမျိုးတို့အနက် လွန်စွာ တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသော ဘေးကြီးနှစ်မျိုးတို့ကို အနည်းငယ်မျှ ထုတ်ပြ လျှောက်ထားပါမည် ဘုရား။

ထိုနှစ်မျိုးတို့မှာ တတိယဘေးကြီးနှင့် စတုတ္ထဘေးကြီးများ ဖြစ်ပါသည် ဘုရား။
ထို တတိယဘေးကြီး၊ စတုတ္ထဘေးကြီးများနှင့် ဆက်နွယ်နေသော အဓမ္မဝါဒများ ရှေးအခါက ပေါ်ပေါက်ခဲ့ဖူးပါသည် ဘုရား။

ထိုပေါ်ပေါက်ခဲ့ဖူးသော အဓမ္မဝါဒများကို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ငါးနှစ်သက်တမ်းမှာပင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်း၍ သုတ်သင် ပယ်ရှား တားမြစ်ခဲ့ပါသည် ဘုရား။

ထို့နောက် ဆက်လက် ပေါ်ပေါက်လာသော အဓမ္မဝါဒများကိုလည်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့်ပင် သုတ်သင် ပယ်ရှား တားမြစ်ခဲ့ပြီး ဖြစ်ပါသည် ဘုရား။
သို့ရာတွင် ထိုသုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးသော အဓမ္မဝါဒများ တစ်စတစ်စ ခေါင်းထောင် ထလာနေသည်ကိုလည်းကောင်း၊ ထိုအဓမ္မဝါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ အတိအလင်း ရောင်းချနေသည်ကိုလည်းကောင်း၊ ယခင်အစည်းအဝေးများ၌ ဘုရားတပည့်တော် လျှောက်ထားခဲ့ဖူးပါသည် ဘုရား။

ယခုအခါ ထိုအဓမ္မဝါဒများထက်ပင် သာလွန်၍ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော အဓမ္မဝါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေ ဖြန့်ချိခြင်း စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော အဓမ္မဝါဒီ ပုဂ္ဂိုလ်များ ထင်ထင်ရှားရှား မြောက်မြားစွာ ပေါ်ပေါက်နေသည်ကို ဆရာတော်ဘုရားများလည်း ကြားသိသင့်သမျှ ကြားသိနေကြပါလိမ့်မည် ဘုရား။

ထိုအဓမ္မဝါဒဘေးဆိုးကြီးသည် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို ဖြိုချဖျက်ဆီးပစ်မည့် ဘေးဆိုးကြီးဖြစ်ကြောင်းကို အရိပ်အမြွက်မျှ လျှောက်ထားပါမည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ယခုခေတ်သည် အသစ်အဆန်းကို အထင်ကြီးကာ မြတ်နိုးတတ်သော အချို့ရဟန်းရှင်လူများ များပြားနေသောခေတ် ဖြစ်ပါသည်။
ယင်းအချက်ကို အခွင့်ကောင်းယူကာ အဓမ္မဝါဒထူထောင်လိုသူ အဓမ္မဝါဒီများသည် မိမိတို့၏ သာသနာတော်၌ ပြုပြင်၍ မရနိုင်သော အပြစ်တစုံတရာ အကြောင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါက်ရှာသောအနေအားဖြင့် ဤအဓမ္မဝါဒကို ဟောပြောပြသ ဖြန့်ချိလိုက်ကြလေရာ ထိုအဓမ္မဝါဒီများ၏ ဆောင်ရွက်ချက်သည် တဟုန်ထိုး ကျယ်ပြန့် ပွားများလာခဲ့ပါသည် ဘုရား။

ထိုအဓမ္မဝါဒီများသည် မြတ်စွာဘုရား ဟောကြားခဲ့သည့် သံဂါယနာ (၆)ကြိမ်တင် ဗုဒ္ဓပါဝစန ပါဠိတော်ကြီးများကိုပင် ဘုရားဟောမဟုတ်လေဟန်၊ ဗြဟ္မဏဝါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန်လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာ၌ ဘုရားဟောပါဠိတော်လောက်နီးနီး အားထားပို့ချ သင်ယူနေကြရသည့် အဋ္ဌကထာများ၏ လွဲမှားစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဝါဒအစစ်အမှန်များ ကွယ်ပျောက်နေရသည်ဟုလည်းကောင်း ဤသို့ စသော အဓမ္မဝါဒများကို သင်ကြား၊ ပို့ချ၊ ရေးသား၊ ဖြန့်ချိနေကြပါသည် ဘုရား။

ထိုအဓမ္မဝါဒဘေးဆိုးကြီးသည် ယခင်က ပေါ်ပေါက်ခဲ့ဖူးသော အဓမ္မဝါဒများထက်ပင် လွန်စွာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ဘေးဆိုးကြီး ဖြစ်ပါသည်။

“တာနိဝေါ ပဋိဗုဇ္ဈိတဗ္ဗာနိ”
“ထိုဘေးဆိုးကြီးများကို သင်တို့ ကြိုတင် သိထားကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ထိုဘေးဆိုးကြီးများကို တပည့်တော်တို့ ဆရာတော်တို့ ကြိုတင် သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရပါမည် ဘုရား။

“ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ”
“ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ယခုပေါ်ပေါက်နေသော သာသနာ့ဘေးဆိုးကြီးကို နိုင်ငံတော်သံဃမဟာနာယကအပါအဝင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့် အခြား ရဟန်းပညာရှင်၊ လူပညာရှင်များ ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင်၍ သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရန် အချိန်ကျရောက်နေပါပြီ ဘုရား။

ထိုသို့ အားထုတ်ကြရာ၌ သူ့တာဝန် ငါ့တာဝန် မခွဲခြားဘဲ သာသနမာမက ရဟန်းရှင်လူအားလုံး ညီညာဖြဖြ ဆောင်ရွက်ကြရန် လျှောက်ထားပါသည် ဘုရား။

ယင်းသို့ ဆောင်ရွက်ရာ၌ သံဃာထုအင်အားကို များစွာ လိုအပ်ပါသည် ဘုရား။
ကိဋာဂိရိအရပ်၌ အဿဇိပုနဗ္ဗသုက မည်သော အလဇ္ဇီရဟန်းဆိုးတို့ သာသနာတော်၌ မသင့်မတော် မလျော်မလျောက်သည့် အကျင့်ဆိုးတို့ကို ပြုကျင့်နေကြသည်ကို မြတ်စွာဘုရား ကြားသိတော်မူရ၍ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ခေါ်တော်မူပြီးလျှင် “သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ … သင်တို့သည် ကိဋာဂိရိသို့ သွား၍ အဿဇိပုနဗ္ဗသုကတို့ကို ကိဋာဂိရိမှ နှင်ထုတ်ကြ။ ထိုရဟန်းများသည် သင်တို့၏ တပည့်များ ဖြစ်ကြသည်”ဟု စေခိုင်းတော်မူလေရာ၊
အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့က “ရှင်တော်မြတ်ဘုရား … အဿဇိပုနဗ္ဗသုက ရဟန်းများသည် ခက်ထန် ကြမ်းကြုတ်ကြပါသည်၊ ဘယ်ပုံဘယ်နည်း နှင်ထုတ်ကြရပါမည်နည်း”ဟု လျှောက်ထားသောအခါ ဘုရားရှင်က “ဒီလိုဆိုလျှင် များစွာသော ရဟန်းတို့ကို ခေါ်သွားကြ”ဟု မိန့်တော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဤမြတ်စွာဘုရား မိန့်ကြားတော်မူသည့် နည်းအတိုင်း ယခုပေါ်ပေါက်သော သာသနာ့ဘေးဆိုးကြီးသည်လည်း သာသနာတော်နယ်ပယ်အတွင်း စိမ့်ဝင်ထိုးဖောက်၍ အတွင်းမှ လှိုက်စားလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှု၊ အပြင်မှ အထင်အရှား ရေးသားဟောပြောခြင်း၊ ဖြန့်ချိခြင်း၊ သင်တန်းပေးခြင်း၊ စည်းရုံးခြင်း စသည်ပြုလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှုတို့ဖြင့် ဘက်စုံထောင့်စုံမှ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အမြစ်ပါ မကျန်အောင် တွန်းလှန်ဖြိုဖျက်နေသော လွန်စွာ အင်အားကြီးမားသည့် သာသနာ့ဘေးဆိုးကြီးဖြစ်ရကား ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ သံဃာထုအင်အားကို များစွာ လိုအပ်လှပါသည် ဘုရား။

သို့ဖြစ်ပါ၍ ဆရာတော်ဘုရားများသည် မိမိတို့ နေရပ်ဒေသ၊ မိမိတို့ ရောက်ရာဒေသ ဟူသမျှတို့၌ ထေရဝါဒသာသနာဝင် ရဟန်းတော်အားလုံး ဤသာသနာ့ ဘေးဆိုးကြီး ပေါ်ပေါက်နေသည်ကို သဘောပေါက်လောက်အောင် ရှင်းလင်း ပြောပြ၍ ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ သာသနာ့စိတ်ဓာတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ ပါဝင်လာကြအောင် လှုံ့ဆော်စည်းရုံးတော်မူကြရန် တောင်းပန်လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ယခု ဖြစ်ပေါ်နေသည့် သာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ ဓမ္မစက်သက်သက်ဖြင့်သာ ဆောင်ရွက်၍ အောင်မြင်နိုင်မည် မဟုတ်ပါ။

“သာသနံနာမ ရာဇာနံ၊ နိဿာယ တိဋ္ဌတေဣဓ = ဤလောက၌ သာသနာတော်မည်သည် မင်းကို မှီ၍ တည်တံ့ရ၏” ဟူသော ကဝိထေရ်မွန်ပညာဝန်တို့၏ အဆိုအမိန့်အတိုင်း နိုင်ငံတော်အစိုးရမင်းတို့၏ အာဏာစက်နှင့် တွဲဖက်၍ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည် ဘုရား။
မှန်ပါသည် ဘုရား။
သာသနာ့သမိုင်းကို လေ့လာပါလျှင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပ၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းကာ သာသနာတော် တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်အထိ သာသနာတော် ၂၅၅၂ နှစ်အတွင်း ဓမ္မစက်၊ အာဏာစက် တွဲဖက်၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်မှာ ခြောက်ကြိမ်မျှသာ ထင်ထင်ရှားရှား တွေ့မြင်ရပါသည် ဘုရား။

ပထမအကြိမ်
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည်မှ လေးလမြောက်တွင် အရှင်မဟာကဿပထေရ်သည် အဇာတသတ်မင်း၏ အကူအညီဖြင့် သုဘဒ္ဒကဲ့သို့သော ရဟန်းဆိုးများ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၌ ဝါဆိုဝါကပ် မနေကြစေရန် ဉတ်ကမ္မဝါစာဖြင့် ပယ်ရှားတားမြစ်၍ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့တော် သတ္တပဏ္ဏိလိုဏ်ဂူအနီး မဏ္ဍပ်ကြီး၌ ရဟန္တာငါးရာတို့ဖြင့် ပထမသံဂါယနာတင်တော်မူကာ ဓမ္မစက်၊ အာဏာစက် တွဲဖက်လျက် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည် ဘုရား။

ဒုတိယအကြိမ်
သာသနာတော်နှစ် ၁၀၀ အရောက်တွင် ဝဇ္ဇီတိုင်းသားရဟန်းများ၏ ပြောဆိုကြေညာသည့် အဓမ္မဝတ္ထု ၁၀ ပါးကို အကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာတို့သည် ကာလာသောကမင်း၏ အကူအညီဖြင့် ဝါဠိကာရုံကျောင်းတိုက်၌ ဒုတိယသံဂါယနာတင်တော်မူကြ၍ ဝဇ္ဇီတိုင်းသားရဟန်းများကို ဖယ်ရှားနှင်ထုတ်လျက် ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

တတိယအကြိမ်
သာသနာတော်နှစ် ၂၃၆ ခုနှစ်တွင် မဂဓတိုင်း၊ ပါဋလိပုတ်မြို့တော် အသောကာရုံကျောင်းတိုက်၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် အမှူးပြုသော ရဟန္တာတစ်ထောင်တို့သည် သီရိဓမ္မာသောကမင်း၏ အကူအညီဖြင့် အန္ဓကဂိုဏ်းသား အစရှိသော ရဟန်းများ၏ အဓမ္မအယူဝါဒကို ဖယ်ရှား၍ တိတ္ထိတို့ကို သာသနာတော်မှ နှင်ထုတ်ပြီးလျှင် တတိယ သံဂါယနာတင်တော်မူကြ၍ ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

စတုတ္ထအကြိမ်
သာသနာတော် ၁၀၆၁ ခုနှစ်၊ သက္ကရာဇ် ၄၁၉ ခုနှစ်တွင် စတင်ကြွရောက်တော်မူလာသော အရှင်အရဟံသည် အနော်ရထာမင်း၏ အာဏာစက် အကူအညီဖြင့် ပုဂံပြည်တွင် အဓမ္မဝါဒ ဟောကြား ပြုမူနေကြသော အရည်းကြီးတို့ကို လူဝတ်လဲစေပြီးလျှင် ထေရဝါဒ ဗုဒ္ဓသာသနာတော် တည်စေတော်မူခဲ့ပြီး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည် ဘုရား။

ပဉ္စမအကြိမ်
သာသနာတော် ၁၇၀၇-၁၇၄၀ ခုနှစ်တွင် သီဟိုဠ်ကျွန်း၊ ပုလတ္ထိမြို့၌ နန်းတက်သော ပရက္ကမဗာဟုမင်းလက်ထက်၌ ဒိမ္ဗုလာဂလ အရှင်မဟာကဿပ အမှူးပြုသော သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတ္တရာ အပါအဝင် မဟာထေရ်အရှင်မြတ်တို့သည် ပရက္ကမဗာဟုမင်း၏ အကူအညီဖြင့် အချင်းချင်း ကွဲပြားနေသာ မဟာဝိဟာရဂိုဏ်းကြီး၊ အဘယဂိရိဂိုဏ်းကြီး၊ ဇေတဝနဂိုဏ်းကြီး သုံးဂိုဏ်းတို့ကို ညီညွတ်အောင် ပြု၍ အလဇ္ဇီရဟန်းများကို စစ်ဆေး၍ လူဝတ်လဲစေခြင်း၊ သာမဏေဝတ်ဖြင့် နေနိုင်လောက်သူကို သာမဏေဝတ်ဖြင့် နေစေခြင်းဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

ဆဋ္ဌအကြိမ်
သာသနာတော် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်တိုင်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကျင်းပ၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စသည်တို့ကို ပြဋ္ဌာန်းကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ဓမ္မစက်၊ အာဏာစက် တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ပါသည် ဘုရား။

ဤသို့လျှင် မဇ္ဈိမဒေသ၌ သုံးကြိမ်၊ သီဟိုဠ်ကျွန်း၌ တစ်ကြိမ်၊ မြန်မာပြည်၌ နှစ်ကြိမ်အားဖြင့် (၆)ကြိမ်မျှသာ ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရပါသည် ဘုရား။

ထိုဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ရသည့် (၆)ကြိမ်တို့တွင် တတိယအကြိမ် မဇ္ဈိမဒေသ၌ ပေါ်ပေါက်ခဲ့သော သာသနာ့ဘေးဆိုးကြီးသည် အကြီးမားဆုံး ဖြစ်သည်ဟု ထင်မြင်ပါသည် ဘုရား။

ယခု မြန်မာပြည်၌ ဖြစ်ပေါ်နေသာ သာသနာ့ဘေးဆိုးကြီးသည် ထိုမဇ္ဈိမဒေသ၌ ဖြစ်ပေါ်ခဲ့သော ဘေးဆိုးကြီးကဲ့သို့ပင် အလွန် ကြီးမားသော ဘေးဆိုးကြီး ဖြစ်ပါသည် ဘုရား။

ဤမျှလောက် ကြီးမားသော သာသနာ့ဘေးဆိုးကြီးကို သာသနမာမက အာဏာပိုင်အဖွဲ့အစည်းများနှင့် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူအပေါင်းတို့ ညီညာဖြဖြ လက်တွဲကြလျက် သုတ်သင် ပယ်ရှား တားမြစ်ကြပါစို့ဟု လေးလေးနက်နက် တိုက်တွန်း နှိုးဆော်လျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။ ။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့



+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၁-မတ်-၂၀၀၉

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၅-ဖေဖော်ဝါရီ-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် ဘဒ္ဒန္တကုမာရမဟာထေရ်၏ သာရဏီယ သြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၂ ရက် (၂၅-၂-၂၀၀၉) ဗုဒ္ဓဟူးနေ့

နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဆရာတော် အရှင်မြတ်တို့ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့်အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ဝုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ဝုဒ္ဓိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နောပရိဟာနိ” (ဒီ၊ ၂၊ ၆၅)ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နှင့်အညီ ညီညွတ်သည့်အတွက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်တို့၏ သံဃအဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက် (၇)ချက်တို့တွင် -
(က)၌ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရန် ဖြစ်သည်ဟု ဆိုထားရာ ဘုရားတပည့်တော်တို့ ဆောင်ရွက်ရမည့် သာသနာတော် ကိစ္စများမှာ သာသနာတော် သန့်ရှင်းရန်၊ သာသနာတော် တည်တံ့ရန်၊ သာသနာတော် ပြန့်ပွားရန်တို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက် (၃)ချက်တို့တွင် သာသနာတော် သန့်ရှင်းရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းပြီး ပထမငါးနှစ်အတွင်း၌ ရဟန်းတု၊ ရဟန်းယောင်များကို ဖယ်ရှားခြင်း၊ ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် ဓမ္မ၊ အဓမ္မ ဆုံးဖြတ်စေခြင်း စသည်ဖြင့် သာသနာတော် သန့်ရှင်းရန် ကိစ္စများကို ဆောင်ရွက်ခဲ့သဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည် ဘုရား။

သို့ရာတွင် နှစ်ကာလ ကြာမြင့်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်များ၊ အဓမ္မဝါဒများ တစ်စတစ်စ ခေါင်းထောင်လာသည်ကို ဆရာတော်ဘုရားများ ကြားသိတော်မူကြပြီး ဖြစ်ပါလိမ့်မည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်သူမြတ်တို့သည် -
(၁) ခမာ - အရာရာ၌ သည်းခံခြင်းဂုဏ်၊
(၂) ဇာဂရိယ - နိုးကြားခြင်းဂုဏ်၊
(၃) ဥဋ္ဌာန - ထကြွလုံ့လ ဝီရိယရှိခြင်းဂုဏ်၊
(၄) သံဝိဘာဂ - ခွဲခြားဝေဖန်ခြင်းဂုဏ်၊
(၅) ဒယာ - သနားငဲ့ညှာခြင်းဂုဏ်၊
(၆) ဣက္ခဏာ - စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်းဂုဏ် ဟူသော နာယကဂုဏ်အင်္ဂါ ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူကြသည့် အရှင်မြတ်များချည်းသာ ဖြစ်ကြရပါမည် ဘုရား။

ဤနာယကဂုဏ်အင်္ဂါ ခြောက်ပါးတို့တွင်လည်း နောက်ဆုံးဖြစ်သော စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်း ဟူသော “ဣက္ခဏာ” ဂုဏ်အင်္ဂါကို ကိစ္စကြီးငယ် အသွယ်သွယ် အဝဝ ဟူသမျှတို့၌ ရှေ့ဂုဏ်အင်္ဂါ ငါးပါးထက် အလွန်အကျူး အထူးအားဖြင့် အလိုရှိသင့်၊ အလိုရှိထိုက်၊ ပြည့်စုံစေသင့်၊ ပြည့်စုံစေထိုက်လှပါသည် ဘုရား။

အဘယ်ကြောင့်နည်းဟူမူ အကြီးအမှူး ဦးစီးနာယက ဖြစ်ကြသော ပုဂ္ဂိုလ်များသည် မိမိတို့ ကြီးမှူးရာ နယ်ပယ်အတွင်း၌ အကြောင်းအရာ ဝတ္ထု အစုစုတို့ကို တစ်ခုမကျန် ဝေဖန်ပိုင်းခြား ပြတ်သားစွာ သိမြင်အောင် ကြည့်ရှုဆင်ခြင်ပြီး ပဂ္ဂဟ၊ နိဂ္ဂဟ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင်ရွက် ပြုလုပ်မှသာလျှင် ချို့ယွင်းချက်မရှိ တိကျမှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သော အကျိုးများ ပြီးစီးအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည် ဘုရား။

သို့ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် ကျောင်း၊ ကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်း အစရှိသော အသေးအဖွဲ ကိစ္စများကိုသာ ဆောင်ရွက်နေကြရသည်က များပါသည် ဘုရား။ လွန်စွာ အရေးကြီးသည့် သာသနာတော် သန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင် ယူဆမိပါသည် ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အမြင့်ဆုံးအဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် သာသနာတော် သန့်ရှင်းရေးကိစ္စများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးမှာ တာဝန်အရှိဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး၌ မည်သည့်အညစ်အကြေးများ၊ မည်သည့်ဘေးရန်များ၊ မည်သည့်အနှောင့်အယှက်များ ဖြစ်ပေါ်နေသည်ဟု တိကျပြတ်သားစွာ သိမြင်အောင် ဆင်ခြင်ထောက်လှမ်း စုံစမ်းလေ့လာမှု အမြဲပြုနေကြဖို့ လိုပါသည် ဘုရား။

ယခုအခါ ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသားခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းများ ပေါ်ပေါက်နေသည်ကိုလည်းကောင်း၊ ယခင်က အဓမ္မဟု ဆုံးဖြတ်အပ်ခဲ့ပြီးသော အဓမ္မဝါဒများ ပြန်လည် ခေါင်းထောင်နေသည်ကိုလည်းကောင်း ကြားသိ တွေ့မြင်နေရပါသည် ဘုရား။

ယင်းကိစ္စများသည် သာသနာတော်အတွက် ကြောက်မက်ဖွယ် ကောင်းသည့် လွန်စွာ ကြီးမားသော အညစ်အကြေးများ ဖြစ်ကြပါသည် ဘုရား။

ထို သာသနာ့ဘေးရန်များကို မည်သို့မည်ပုံ တားဆီးကာကွယ်ရမည်။ သုတ်သင် ပယ်ရှားရမည် စသည်တို့ကို လေးလေးနက်နက် စဉ်းစား နှိုင်းချိန်၍ မိမိတို့ အချင်းချင်းလည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့်လည်းကောင်း၊ အခြားပညာရှင်များနှင့်လည်းကောင်း တိုင်ပင် ညှိနှိုင်း၍ အလေးအနက်ထားကာ ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားပါသည် ဘုရား။

အထူး နောက်တစ်ချက် လျှောက်ထားလိုသည်မှာ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ နာယကလက်စွဲ၊ ညွှန်ကြားလွှာများ ပြင်ဆင်ရန်ကိစ္စကို စိစစ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့ရာ ယင်းစိစစ်ရေးအဖွဲ့က စိစစ်တွေ့ရှိချက်များကို ညှိနှိုင်းဆွေးနွေးပြီးလျှင် ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်သင့်သည့် ကောက်နုတ်ချက်များကို ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ တင်ပြခဲ့ရာ ယင်းအစည်းဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။

ဆုံးဖြတ်ချက်
လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် ကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ အထူးဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကို တင်ပြ၍ ပြင်ဆင်ရမည့် အချက်များစွာကို တွေ့ရှိ၍ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ အနေဖြင့် လိုအပ်ချက်များ တွေ့ရှိပါက စိစစ်ရေးအဖွဲ့ငယ်သို့ အကြံဉာဏ်များ ပေးပို့နိုင်ရန်ကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိကြောင်း မှတ်တမ်းတင်ရန်။

ယင်းပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချက်များနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ၏ အကြံပြု တင်ပြချက်များကို ချီးမြှင့်ပါရန် လျှောက်ထား ဆက်ကပ်သည့် စာကိုလည်း တွေ့မြင် ဖတ်ရှုရပါသည် ဘုရား။
ယင်းလျှောက်ထားစာဝယ် အကြောင်းအရာ၌ “လုပ်ထုံးလုပ်နည်း၊ လက်စွဲ၊ ညွှန်ကြားလွှာများ ပြင်ဆင်ရေးကိစ္စ”ဟု ဖော်ပြထားသော်လည်း စိစစ်ရေးအဖွဲ့၏ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချက်များကို ဖော်ပြရာ၌ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါဝင်နေသည်ကို တွေ့ရှိပါသည်။

ယင်းသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါ အပိုဒ်များကို ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကသာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း ပြုလုပ်နိုင်သည်ဟု သံ/စည်း အခန်း (၁၆)၊ အပိုဒ် (၉၆)၌ ပြဋ္ဌာန်းထားပါသောကြောင့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၌ ပါသော ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ချက်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကသာ ပြုလုပ်နိုင်သည် ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူရန် လိုအပ်ပါသည် ဘုရား။

သံ/စည်း အခန်း (၁၁)၊ အပိုဒ် (၈၀)၌ သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးကြီးသော သာသနာရေးကိစ္စ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို ကျင်းပရမည်ဟု ပြဋ္ဌာန်းထားရာ တပည့်တော်တို့ သံဃမဟာနာယကအဖွဲ့ကြီးက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပသင့်၊ မကျင်းပသင့် အဆုံးအဖြတ်ပေးရမည် ဖြစ်ပါသည်။

ယင်းကိစ္စကို တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များချည်း မဆုံးဖြတ်ဘဲ သာသနာရေးဝန်ကြီးနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်သင့်သည်ဟု ထင်မြင်ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် ကိစ္စသည် သာသနာတော်အတွက် အလွန် အရေးကြီးသော ကိစ္စဖြစ်သဖြင့် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များချည်း ညှိနှိုင်းတိုင်ပင် ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ခြင်းများကို မပြုသေးဘဲ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ သင့်လျော်သော ဆရာတော်များ၊ မူလဝန်ဆောင် ၆၆ ပါးတွင် ပါဝင်၍ သက်တော်ထင်ရှားရှိပြီး ဆောင်ရွက်နိုင်မည့် ဆရာတော်များ၊ အခြားပညာရှင်များနှင့်ပါ သေချစေ့စပ်စွာ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သင့်သည်ဟု အကြံပြုလျက် တပည့်တော်၏ သာရဏီယ သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။ ။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့


+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၂၆-ဖေဖော်ဝါရီ-၂၀၀၉

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၂-နိုဝင်ဘာ-၀၈)


ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေး သဘာပတိ၊ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

“ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ အားပေးချီးမြှောက်ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံတော်မူကြ၍ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွား တိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေ” ဟု အာသီသပတ္ထနာ ပြုလျက် နှုတ်ခွန်းဆက်စကား လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
မြတ်စွာဘုရားသည် - “ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မော တိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇန အဟိတာယ ပဋိပန္နာ ဗဟုဇန အသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ တိ။ ပ။

ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ် တရားမှန် မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း။
တရားစစ် တရားမှန်ဖြစ်သော ဓမ္မကို တရားစစ် တရားမှန် မဟုတ်သော အဓမ္မဟုလည်းကောင်း။

ဝိနည်းစစ် ဝိနည်းမှန် မဟုတ်သော အဝိနယကို ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယဟုလည်းကောင်း။
ဝိနည်းစစ် ဝိနည်းမှန် ဖြစ်သော ဝိနယကို ဝိနည်းစစ် ဝိနည်းမှန် မဟုတ်သော အဝိနယဟုလည်းကောင်း။

မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟုလည်ကောင်း။
မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟုလည်းကောင်း။

မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့်ပြုအပ်၏ဟုလည်းကောင်း။
မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်ဟုလည်ကောင်း။

မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟုလည်းကောင်း။
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟုလည်းကောင်း ပြကြကုန်၏။

ရဟန်းတို့ … ထိုရဟန်းတို့သည် လူအများ စီးပွားချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။

ရဟန်းတို့ … ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။
ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု ဟောတော်မူပါသည် ဘုရား။
(အံ၊ ၁၊ ၁၈-၁၉)

ဆရာတော် အရှင်မြတ်တို့ဘုရား။
ယခုသာသနာတော်နောက်ပိုင်း အချိန်အခါ၌ အဓမ္မကို ဓမ္မဟု ပြခြင်း စသည်ဖြင့် လူအများ စီးပွားချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်ကြကုန်သည် ဖြစ်၍ များစွာသော အကုသိုလ်ကို ဖြစ်ပွားစေကြကာ သာသနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေကြသည့် ရဟန်း သာမဏေများ ပေါ်ပေါက်နေကြသည်ကို ကြားသိကြရပါသည် ဘုရား။

အချို့ရဟန်းများကလည်း ထေရဝါဒ ဗုဒ္ဓသာသနာတော် မှေးမှိန် ကွယ်ပျောက်၍ မဟာယာနသာသနာဖြစ်ပေါ်အောင် လုပ်ဆောင်နေကြသည်ကိုလည်း ကြားသိနေရပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
ဆိုခဲ့ပြီးသော အဓမ္မကို ဓမ္မဟု ပြခြင်း စသည်ဖြင့် နတ်လူအများ စီးပွားချမ်းသာမဲ့အောင်၊ ဆင်းရဲအောင်၊ သာသနာတော်ကိုလည်း ကွယ်ပျောက်အောင်၊ ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားနေသည့် မြန်မာနိုင်ငံတော်၌ မဟာယာနသာသနာ ပေါ်ပေါက်လာအောင် ပြုလုပ်နေကြသော သာသနပစ္စတ္ထိက သာသနာ့ရန်စွယ်ဖြစ်သော ရဟန်းသာမဏေများ အင်အားမကောင်းမီ ကြိုတင်၍ ကာကွယ်ကြရန် လိုအပ်နေပြီဖြစ်ကြောင်းကို လျှောက်ထားပါသည် ဘုရား။

ထို့ပြင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ခဲ့သော ဝါဒများကို ပြန်လည် ဟောပြောနေကြသည်ကိုလည်းကောင်း၊ အဓမ္မဝါဒဟု ဆုံးဖြတ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေကြသည်ကိုလည်းကောင်း ကြားသိ တွေ့မြင်နေကြရပါသည် ဘုရား။

ထိုအဓမ္မဝါဒကို ပြန်လည် ဟောပြောနေမှု၊ အဓမ္မဝါဒစာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်း စိစစ်၍ ဖော်ထုတ် အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည် ဘုရား။

ယင်းသို့ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်မှုများကို မပြုလုပ်ဘဲ လျစ်လျူရှုနေပါက ယင်းအဓမ္မဝါဒများ ပြန်လည် ခေါင်းထောင်လာမည်ကို လည်းကောင်း၊ နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်များ ဆုံးဖြတ်အပ်သော ဝိနိစ္ဆယများ အချည်းနှီး အလဟဿ ဖြစ်သွားမည်ကိုလည်းကောင်း စိုးရိမ်မိပါသည် ဘုရား။

ဤကိစ္စကို လေးလေးနက်နက် ဆင်ခြင် စဉ်းစား နှလုံးထားတော်မူကြပါ ဘုရား။

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက် စာမျက်နှာ (၂၀)၊ အခန်း (၁) အပိုဒ် (၂)၊ အပိုဒ်ခွဲ (က)၌ “ထေရဝါဒဆိုသည်မှာ ပထမ သင်္ဂါယနာမှ ဆဋ္ဌ သင်္ဂါယနာအထိ သင်္ဂါယနာခြောက်တန် တင်ထားသော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ အစရှိသော ပိဋကကို ဆိုသည်” ဟုလည်ကောင်း၊

ယင်းအခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (၈)၌ “ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီး ကာကွယ်ရန် ဖြစ်သည်”ဟုလည်းကကောင်း၊

အပိုဒ် (၁၃)၌ “သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆောင်ရွက်ချက်ကို ဖော်ပြပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခွင့် ရှိသည်”ဟုလည်းကောင်း ပြဆိုထားပါသည်။

ဤပြဆိုချက်များကို ပေါင်းရုံး သုံးသပ်ပါက မြတ်စွာဘုရား၏ အဆုံးအမ၊ သာသနာတော်ဖြစ်သော ပထမသံဂါယနာမှ ဆဋ္ဌသံဂါယနာအထိ သံဂါယနာခြောက်တန် တင်ထားသော ထေရဝါဒပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီး ကာကွယ်နိုင်သည်ဟု အဓိပ္ပာယ်ရရှိပါသည် ဘုရား။

သို့ဖြစ်၍ ထေရဝါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရှိသည်ကို သိတော်မူကြစေရန် လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် (၄)၌ “ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်”ဟုလည်းကောင်း၊

အပိုဒ် (၅)၌ “ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ ထေရဝါဒ သံဃာ့ဂိုဏ်းအသီးသီးမှ ရဟန်းသံဃာဟူသမျှသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းအတွင်း၌ အလိုအလျောက် ပါဝင်ပြီး ဖြစ်သည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါလျက် ယခုအခါ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ကြီးကြပ်အုပ်ချုပ်မှုကို မခံယူသည့် တရားမဝင်သော သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းလျက် ဆောင်ရွက်နေကြပါသည် ဘုရား။

ယင်းသို့ ဆောင်ရွက်နေကြခြင်းသည် အဆိုပါ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အပိုဒ် (၄)၊ အပိုဒ် (၅)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ကြသည့်အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်သော ညွှန်ကြားလွှာအမှတ် (၈၁)ကိုလည်း ဖောက်ဖျက် ကျူးလွန်ရာ ရောက်ပါသည်။
ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက ထုတ်ပြန်သော အမိန့်အမှတ် (၆/၉၀)နှင့် သံဃာ့အဖွဲ့အစည်းဆိုရာ ဥပဒေအမှတ် (၂၀/၉၀)တို့ကိုလည်း ကျူးလွန်ရာ ရောက်ပါသည် ဘုရား။

သို့ဖြစ်ပါ၍ အဆိုပါ စည်းမျဉ်းဥပဒေများကို ရဟန်း သာမဏေတိုင်း သိနေကြဖို့ အထူး လိုအပ်ပါသည်။
ထို့ကြောင့် ဤစည်းမျဉ်းဥပဒေများကို ရဟန်းသာမဏေများ သိနားလည်အောင် သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်များ၊ ကျောင်းထိုင် ကျောင်းပိုင်ဆရာတော်များ၊ ကျောင်းတိုက်ဆရာတော်များ၊ စာချဆရာတော်များက အခါအခွင့်သင့်တိုင်း ဟောပြော ဆုံးမတော်မူကြရန် တပည့်တော်တို့ မဟာနာယကအဖွဲ့က ဆောင်ရွက်ပေးသင့်ပါသည် ဘုရား။

နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။
မြတ်စွာဘုရားသည် သုက္ကပက္ခ၌လည်း - “ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မော တိ ဒီပေန္တီ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ ဌပေန္တီတိ”။ ပ။

ရဟန်းတို့ … အကြင်ရဟန်းတို့သည် -
တရားစစ် တရားမှန် မဟုတ်သော အဓမ္မကို တရားစစ် တရားမှန် မဟုတ်သော အဓမ္မဟုလည်းကောင်း။
တရားစစ် တရားမှန်ဖြစ်သော ဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း။

ဝိနည်းစစ် ဝိနည်းမှန် မဟုတ်သော အဝိနယကို ဝိနည်းစစ် ဝိနည်းမှန် မဟုတ်သော အဝိနယဟုလည်းကောင်း။
ဝိနည်းစစ် ဝိနည်းမှန် ဖြစ်သော ဝိနယကို ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယဟုလည်းကောင်း။

မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟုလည်းကောင်း။
မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်၏ဟုလည်းကောင်း။

မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်ဟုလည်းကောင်း။
မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ဟုလည်းကောင်း။

မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟုလည်းကောင်း။
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟုလည်းကောင်း ပြကြကုန်၏။

ရဟန်းတို့ … ထိုရဟန်းတို့သည် လူအများ စီးပွားချမ်းသာဖြစ်ခြင်း၊ အကျိုးဖြစ်ခြင်းငှာ၊ နတ်လူတို့၏ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏။

ရဟန်းတို့ … ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။

ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု ဟောတော်မူခဲ့ပါသည် ဘုရား။
(အံ၊ ၁၊ ၁၉)

သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့်တကွ သံဃာ့အဖွဲ့အစည်းအသီးသီး၌ ပါဝင်သော အရှင်မြတ်များသည်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ မပါဝင်သော အရှင်မြတ်တို့သည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ရဟန်းသာမဏေအားလုံးတို့သည် လူအများ၏ စီးပွားချမ်းသာဖြစ်ခြင်း၊ အကျိုးဖြစ်ခြင်းငှာ၊ နတ်လူတို့၏ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်းငှာ ကျင့်သော ပုဂ္ဂိုလ်၊ များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်စေသော ပုဂ္ဂိုလ်၊ ဤသာသနာတော်ကိုလည်း တည်တံ့စေသော ပုဂ္ဂိုလ်များ ဖြစ်အောင် ကျင့်ကြံကျိုးကုတ် အားထုတ်တော်မူကြပါဟု တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သာရဏီယ သြဝါဒကထာကို နိဂုံးချုပ်ပါသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အရှင်မြတ်တို့ ဘုရား။ ။

ဘဒ္ဒန္တကုမာရ
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ


+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၂၃-နိုဝင်ဘာ-၂၀၀၈
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း၊ မတ် ၂၀၀၉၊ အတွဲ (၁၀) အမှတ် (၃)၊ စာ ၈-၁၁

တရားစာကို သဒ္ဓါနှင့် ရွတ်ပါ - သပြေကန်ဆရာတော်ကြီး


တရားတော်ကို ဒကာ၊ ဒကာမများ အားလုံးက အလေးပြုရမည်။ ရွတ်ဖတ်ဖို့ရန် မပျင်းသင့်သလို ကျက်မှတ်ဖို့ရန်လည်း မပျင်းရပေ။

အစွမ်းသတ္တိရှိသော တရားဓမ္မများ ရွတ်ဖတ် ပူဇော်နေလျှင် ထိုတရားဓမ္မများကို အကြောင်းပြု၍ မိမိတို့ သန္တာန်၌ နှစ်သက် ရွှင်လန်း ဝမ်းမြောက်ရ၏။

တရားတော်၏ အစွမ်းသတ္တိ အရှိန်အဝါတို့ကြောင့် မိမိတို့၌ ရောဂါ ကင်းနိုင်၏။ အန္တရာယ် ကင်းနိုင်၏။ လာဘ်လာဘ တိုးနိုင်၏။

ထိုသို့ပင် ဖြစ်သော်လည်း မိမိတို့၌ အန္တရာယ်ကင်းစေရန်၊ လာဘ်သပ်ပကာ တိုးပွားစေရန်၊ စီးပွားတိုးတက်များပြားစေရန် စသည့် လိုလားမှုဖြင့် မရွတ်ဖတ်ရပေ။

ထိုတရားဓမ္မတို့အပေါ်တွင် ကြည်ညိုလေးစား မြတ်နိုးသည့် သဒ္ဓါစိတ်ထားဖြင့် ရွတ်ဖတ် ပူဇော်သမှု ပြုရပေမည်။


+++++
စာညွှန်း
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၉၊ အတွဲ (၁၀) အမှတ် (၈)၊ စာ-၅၉