အပတ်စဉ် စနေနေ့ စုပေါင်း ဝိပဿနာတရားရှုမှတ်ခြင်းကို မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ပြုလုပ်ပြီး၊ လောကချမ်းသာဆရာတော်က ညွှန်ကြား ပြသပေး၏။
မွန်းလွဲ ၃ နာရီ ၁၀ မိနစ်မှ ၄ နာရီ ၁၀ မိနစ်ထိ လောကချမ်းသာဆရာတော်က ဓမ္မစကြာတရားတော်နှင့်ပတ်သက်၍ သင်ကြား ပို့ချပေး၏။
စတုန္နံ အရိယသစ္စာနံ၊ ယထာဘူတံ အဒဿနာ
ပုနပ္ပုနံ သံသရန္တိ၊ သတ္တာ သံသာရ သာဂရေ။
သစ္စာလေးပါး၊ မြတ်တရားကို၊ ပိုင်းခြားထင်ထင်၊ မသိမြင်၍
ရေပြင်သံသရာ၊ များသတ္တာ၊ ခါခါ မျောလည်နေကြသည်။
+++++
လောကချမ်းသာ ညနေဆည်းဆာ တရားပွဲကို ညနေ ၄ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျင်းပ ပြုလုပ်ရာ အရှင်နန္ဒဝံသက “ဧည့်သည်ကောင်းတစ်ယောက် ဖြစ်ပါစေ”တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။
- ဤလူ့ဘဝ၊ လာခဲ့ရ၊ ခဏလေးသာ ဖြစ်သည်။
- ခဏလေးလာ၊ ဧည့်သည်မှာ၊ ပြန်ကာ သွားရမည်။
- အလာလည်းကောင်း၊ အနေကောင်း၊ ပြန်ကောင်းဧည့်သည် ဖြစ်သင့်သည်။
နောက်ဆုံးချိန်ကျ၊ ကွဲရပုံပေ
ဇာတိမယွင်း၊ ခပင်းဝေနေ
တစ်နေ့ကျ သေရ အမှန်ပေ။
- လူ့ဘုံခရီး၊ တွေ့ကြုံပြီး၊ ဆုံဆည်းနေသူတွေ။
- ဘဝလမ်းခွဲ၊ ရောက်စမြဲ၊ စိတ်စွဲ မြတ်သံဝေ။
- ကောင်းမှုပြုဘိ၊ သုဂတိ၊ မိမိလမ်းခွဲပေ။
- မကောင်းပြုဘိ၊ ဒုဂ္ဂတိ၊ မိမိလမ်းခွဲပေ။
အိုနာသေမှု၊ အမြဲရှု၊ မေ့မှုမရှိ ဖြစ်ရမည်။
ပြန်ကောင်းဖြစ်ရန်၊ သတိပဋ္ဌာန်၊ ကျင့်ကြံသင့်ပေသည်။
- အိုခြင်းဇရာ၊ ဆွဲငင်ရာ၊ သူငါလိုက်ရမြဲ။
- ကိုယ်နှင့်ရွယ်တူ၊ ကိုယ့်အောက်လူ၊ ကြီးသူသေကြ များလှပြီ။
- ခဏမစဲ၊ အိုစမြဲ၊ ငါလည်း သေဘက်နီးခဲ့ပြီ။
အိုဘေးကင်းရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
နာဘေးကင်းရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
သေဘေးကင်းရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
- ဘေးရောဂါဆိုး၊ ဆွဲငင်တိုး၊ ဘေးဆိုး ပြည့်နေသည်။
- တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်မှ မကယ်ပြီ။
- စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့၊ အားနွဲ့လှချေတကား။
- အကျိုးရှိရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမြဲ။
ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ခွာသွားရပါမည်တကား။
ကိုယ်ပိုင်ရရန်၊ နည်းလမ်းမှန်၊ သတိပဋ္ဌာန်ကို ပွားပါ့မယ်။
- တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရမြဲ။
- လိုမပြည့်ဝ၊ စိုးမရ၊ တဏှာ့ကျွန်ချည်းပါတကား။
- တဏှာကျွန်ခံ၊ လွတ်မြောက်ရန်၊ သတိပဋ္ဌာန်ပွားပါ့မယ်။
- အလာလည်းကောင်း၊ အနေကောင်း၊ ပြန်ကောင်းဧည့်သည် ဖြစ်ရမယ်။
အတိတ်ဆိုတာ၊ ပြန်မလာဘူး။
အနာဂတ်ကို မှန်း၊ သိတ်မလွမ်းနဲ့
အနာဂတ်ဆိုတာ၊ မသေချာဘူး။
ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို
ပညာလုံ့လ၊ အသုံးချ၍
ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းအောင်
မြတ်နိုးကြည်ဖြူ အရယူ။
+++++
တရားပွဲပြီးနောက် ခေတ္တမျှ တရားရှုမှတ်ကြပြီး ကုသိုလ်စုတို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment