Wednesday, April 20, 2011

မီး

.... မီးဆယ့်တစ်တန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်ရွှေပြည် တိုင်စေသော် .. ဟု ဆုပေး ဆုယူ ဆုတောင်းခြင်းများသည် ဗုဒ္ဓဘာသာဝင်များအတွက် ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်၏။

မီးဆယ့်တန်ကား အဘယ်နည်းဟု ဆိုက အလွယ်တကူ မှတ်သား ပြောပြနိုင်ရန် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက -

ရာဂ,ဒေါသ၊ မောဟတဖြာ
ဖြစ် အို သေရေး၊ ပူဆွေး ငိုကာ
ကိုယ် စိတ်ဒုက္ခ၊ ပူရပြင်းစွာ
ကိုယ်တွင်းမီး ထိန်ငြီးဆယ့်တစ်ဖြာ” ဟူ၍ လင်္ကာဖွဲ့ဆိုထား၏။

ကျေးဇူးတော်ရှင် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကလည်း အောက်ပါအတိုင်း လင်္ကာဖွဲ့ဆိုထား၏။

မီး ၁၁-ပါး

သူသူငါငါ ဖြစ်လေရာဝယ်
ဦးစွာကြိုဆီး ဇာတိမီးက
အပြီးပုံသေ လောင်မြိုက်လေ၏။

မသွေတသီး ဇရာမီးလည်း
အပြီးနောက်မှာ ကပ်လျက်ပါ၏။

မကွာစေရ မရဏဟု
တစ်ဘဝဖျက်ဆီး လောင်သည့်မီးလည်း
ငြီးငြီးပြောင်ပြောင် အမြဲလောင်၏။

လောင်ပုံလောင်အား မထင်ရှားလည်း
နုထွားပျိုမျစ် အရွယ်ဖြစ်သော်
အချစ်ရာဂ မီးတွေထ၍
ဒေါသထန်ပြင်း
မောဟညှင်း၏။

မကင်းနိုင်အောင် ထို့နောက်နောင်လည်း
တောက်လောင်ဖိစီး သောကမီးကြောင့်
ဝမ်းနည်းဖွယ်တွေ အထွေထွေနှင့်
ပရိဒေဝ ငိုကြွေးရ၍
ဒုက္ခလည်းထပ် ဒေါမနသ်နှင့်
ဆက်စပ်မကွာ
ဥပါယာသ လွန်ပြင်းပြလျက်
သက်မျှမရှူ တက်အောင်ပူသည်
ဆူဆူဆယ့်တစ် မီးတောက်တည်း။

+++++

၂၀၁၁ ခုနှစ် ဧပြီလ ၁၆ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းတွင် လောကချမ်းသာဆရာတော်က အာဒိတ္တပရိယာယသုတ္တန်ကို သင်ကြား ပို့ချပေး၏။



အာဒိတ္တပရိယာယသုတ်အကြောင်းကို ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “လူငယ်သင် ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ”စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထား၏။

အာဒိတ္တပရိယာယသုတ်

မြတ်စွာဘုရားသည် ပထမဝါတွင် မိဂဒါဝုန်၌ ဝါဆိုပြီးနောက် ဝါကျွတ်သောအခါ ဥရုဝေလတောသို့ ကြွတော်မူ၏။ ဥရုဝေလတော၌ သုံးလပတ်လုံး သီတင်းသုံးတော်မူလျက် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ဟူသော ရသေ့ညီနောင် သုံးယောက်နှင့် ယင်းတို့၏ တပည့်တစ်ထောင်တို့ကို တန်ခိုးအမျိုးမျိုး ပြ၍ အယူမှန်ကို ရစေတော်မူ၏။

ထို့နောက် ထိုရသေ့တို့ကို နေရဉ္ဇရာမြစ် တစ်ဘက်ကမ်းရှိ ဂယာရွာအနီးမှ ဂယာသီသ ကျောက်ဖျာကြီးရှိရာသို့ ခေါ်ဆောင်သွားပြီးလျှင် ထိုကျောက်ဖျာကြီးပေါ်၌ အာဒိတ္တပရိယာယသုတ်ကို ဟောကြားတော်မူရာ ရသေ့အားလုံး အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ တရားသိကြ၍ ရဟန္တာဖြစ်သွားကြ၏။






Photo - Wikimedia Commons (http://commons.wikimedia.org/wiki/Category:Gayasisa)


အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘော

ဒွါရခြောက်ဖုံ

မျက်စိသည် လိုချင်တပ်မက်ခြင်း၊ စိတ်ပျက် စိတ်ဆိုးခြင်း၊ အမှန်အတိုင်း မသိခြင်း၊ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ သေရခြင်း၊ စိုးရိမ် ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပူပန်ရခြင်းတည်းဟူသော တစ်ဆယ့်တစ်သီး မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေ၏။
ထို့အတူပင် နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့သည်လည်း တဟုန်းဟုန်း တောက်လောင်နေကြ၏။

အာရုံခြောက်တန်

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာနှင့် ကြံတွေးစရာသဘောတို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုး စသော မီးတစ်ဆယ့်တစ်မျိုးတို့ဖြင့် တထိန်ထိန် တညီးညီး အလောင်ကြီး လောင်နေကြ၏။

ဝိညာဏ်ခြောက်ဝ

မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိတွေ့စိတ်၊ ကြံတွေးစိတ်တို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုးစသော မီးတစ်ဆယ့်တစ်မျိုးတို့ဖြင့် တညီးညီး တထိန်ထိန် တရှိန်ရှိန် တောက်လောင်နေကြ၏။

ဖဿခြောက်ဖြာ

မြင်တွေ့၊ ကြားတွေ့၊ နံတွေ့၊ အရသာတွေ့၊ ထိတွေ့၊ ကြံတွေးတွေ့တို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုးစသော မီးတစ်ဆယ့်တစ်ပါးတို့၏ အမျိုအဝါးကို ခံနေကြရ၏။

ဝေဒနာခြောက်ပါး

မြင်ခံစား၊ ကြားခံစား၊ နံခံစား၊ အရသာခံစား၊ ထိတွေ့ခံစား၊ ကြံတွေးခံစားမှုတို့သည်လည်း လိုချင်တပ်မက် စိတ်ပျက်စိတ်ဆိုးစသော မီးတစ်ဆယ့်တစ်ဖြာတို့ဖြင့် ချမ်းသာရာ မရအောင် အလောင်ကြီး လောင်နေကြ၏။

ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ

ဤသို့လျှင် “ဒွါရခြောက်ဖုံ၊ အာရုံခြောင်တန်၊ ဝိညာဏ်ခြောက်ဝ၊ ဖဿခြောက်ဖြာ၊ ဝေဒနာခြောက်ပါး ဤတရားတို့သည် လောဘ၊ ဒေါသစသော မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေကြသည်”ဟု ရှုမြင်တတ်သောသူအား ထိုမျက်စိစသော တရားတို့၌ ငြီးငွေ့သောဉာဏ် ဖြစ်ပေါ်၏။

ငြီးငွေ့လျှင် တပ်မက်ခြင်းကင်းလျက် အရိယမဂ်ဉာဏ် ဖြစ်ပေါ်၏။

တပ်မက်ခြင်းကင်းလျက် အရိယမဂ်ဉာဏ်ဖြစ်ပေါ်သောကြောင့် ကိလေသာ အာသဝေါတို့မှ လွတ်မြောက်လေတော့၏။

ကိလေသာမှ လွတ်မြောက်လျှင် “လွတ်မြောက်ပြီး”ဟု ဆင်ခြင်ဉာဏ် ဖြစ်ပေါ်၏။

“ဘဝသစ်ဖြစ်မှု ကုန်ပြီ၊ ဆင်းရဲငြိမ်းပြီ”ဟုလည်း ဆင်ခြင်လျက် သိ၏။

ဤကား အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘောတည်း။

မီး ၁၁ ပါး

၁။ လိုချင်တပ်မက်ခြင်း = ရာဂမီး
၂။ စိတ်ဆိုး စိတ်ပျက်ခြင်း = ဒေါသမီး
၃။ အမှန်အတိုင်း မသိခြင်း = မောဟမီး
၎။ ပဋိသန္ဓေနေရခြင်း = ဇာတိမီး
၅။ အိုရခြင်း = ဇရာမီး
၆။ သေရခြင်း = မရဏမီး
၇။ စိုးရိမ် ပူဆွေးရခြင်း = သောကမီး
၈။ ငိုကြွေးရခြင်း = ပရိဒေဝမီး
၉။ ကိုယ်ဆင်းရဲရခြင်း = ဒုက္ခမီး
၁၀။ စိတ်ဆင်းရဲရခြင်း = ဒေါမနဿမီး
၁၁။ ပြင်းစွာ ပူပန်ရခြင်း = ဥပါယာသမီး

+++++

ညနေ ၅ နာရီတွင် လောကချမ်းသာ ဆည်းဆာတရားပွဲကို ကျင်းပရာ ဆရာတော် အရှင်စက္ကိန္ဒက “သံဝေဂဝတ္ထု ၈-ပါး”အကြောင်း ဟောကြား ချီးမြှင့်၏။




အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်၏ “သံဝေဂဝတ္ထု ၈-ပါး လင်္ကာ”

အမိဝမ်းခေါင်း ဆယ်လညောင်းမျှ
အောင်းခဲ့ရချေ တည်သန္ဓေနှင့်
လူ့ပြည်လူ့ရွာ ရောက်ပြန်ပါလည်း
အိုနာသေရေး ဒုက္ခဘေးကြောင့်
စိတ်အေးကိုယ်ခိုင် မနေနိုင်ခဲ့။

ဆိုင်ဆိုင်ဒုက္ခ ခံပြီးမှလည်း
များလှပါယ်ရွာ ရောက်ကြရှာ၏။

အတီတာရှေး ဤဝဋ်ဘေးနှင့်
နောင်ရေးနာဂါတ် ဒုက္ခထပ်လိမ့်
မပြတ်ခုခါ ဖြစ်တုန်းမှာလည်း
အစာရှာရ ထိုဒုက္ခကြောင့်
နေ့ညမဟူ ကိုယ်စိတ်ပူ၍
သူသူငါငါ မသက်သာသည်
ရှစ်ဖြာသံဝေ ရကြောင်းတည်း။

+++++

သံဝေဂဝတ္ထုရှစ်ပါးကို လွယ်ကူစွာ အဓိပ္ပာယ်နားလည် ရေတွက်နိုင်စေခြင်းငှာ ဆရာတော်အရှင်စက္ကိန္ဒကလည်း လင်္ကာများ ချပေးသွား၏။

၁။ ကျဉ်းမြောင်းကြပ်တည်း၊ မိဝမ်းထဲ၊ နေခဲ့ရတာ ဆင်းရဲသည်။
၂။ ဇာတိခန္ဓာ၊ ရရှိလာ၊ အိုခဲ့ရတာ များလှပြီ။
၃။ ဇာတိခန္ဓာ၊ ရရှိလာ၊ နာခဲ့ရတာ များလှပြီ။
၎။ ဇာတိခန္ဓာ၊ ရရှိလာ၊ သေခဲ့ရတာ များလှပြီ။
၅။ ဒုက္ခများစွာ၊ ခံပြီးကာ၊ ပါယ်ရွာကျတာ များလှပြီ။
၆။ ရှေးရှေးကလည်း၊ ဝဋ်ဆင်းရဲ၊ မစဲတွေ့ခဲ့ပြီ။
၇။ နောက်နောင်ခါလည်း၊ ထို့တူပဲ၊ မလွဲတွေ့အုန်းမည်။
၈။ အစာရှာရ၊ ထိုဒုက္ခ၊ နေ့ညပူရသည်။
သံဝေဂများ၊ ဤရှစ်ပါး၊ ဘုရားဟောမိန့်သည်။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

No comments: