ကံနဲ့ စခဲ့တဲ့ တို့ဘဝ
ဘုရားဟောဖော် တရားတော်များကို လေ့လာကြည်ညို မှတ်သားရသောအခါ ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့က ဒီလောကကြီးကို ခြယ်လှယ်နေသည်ဟု သိမြင်သဘောပေါက်ခဲ့ပါတယ်။
ဒီလိုဆိုရင် လောကကြီးအတွင်းမှာ မှီတင်းနေကြတဲ့ ကျွန်ုပ်တို့အားလုံးကိုလည်း လူဖြစ်အောင် ‘ကံတရား’ကပဲ စီရင် ပုံသွင်းပေးခဲ့တယ်လို့ မှတ်ယူမိပါတယ်။
မိမိပြုခဲ့ဖူးတဲ့ ကံအကြောင်းတရားအလိုက်လည်း ချမ်းသာ၊ ဆင်းရဲ၊ ရာထူးနိမ့်မြင့် စသည်ဖြင့် ကွဲပြားနေရခြင်းသာ ဖြစ်ပါတယ်။
‘သဗ္ဗေသတ္တာ ကမ္မဿကာ’ အစလာသော ဒေသနာနဲ့ ‘ကမ္မံ သတ္တေ ဝိဘဇ္ဇတိ’ဟူသော ဒေသနာ ပါဠိတို့က ဒါကို အတိအကျ ညွှန်ပြနေတဲ့ သဘောပေါ့။ ဒါကိုပင် ရှေးလူကြီးသူမတို့ကလည်း ‘ကံသာအမိ ကံသာအဖ’လို့ ဆိုပြီး ဆိုရိုးစကား ထားခဲ့ကြတယ် မဟုတ်လား။
ဆင်းရဲချမ်းသာ ကံကြောင့်သာ
ဆင်းရဲခြင်း ချမ်းသာခြင်းလို့ ကွဲပြားနေမှုရဲ့ အခြေခံကတော့ ကံကြောင့်ပဲဟု ယေဘုယျ မှတ်ယူလို့ ရမယ် ထင်ပါတယ်။
ရှေးတုန်းက ပြုခဲ့ဖူးတဲ့ ကောင်းမှုကံ မျိုးစေ့ ရှိခဲ့သူတွေမှာတော့ ကုမ္ပဏီပိုင်, တိုက်ပိုင်, ကားပိုင်အဖြစ်နဲ့ ချမ်းသာလို့ ကျန်းမာလို့ ရာထူးကြီးတွေနဲ့ ကောင်းစား အောင်မြင်နေကြသကဲ့သို့၊ တခြား တစ်ဖက်မှာ ရှေးက ပြုခဲ့ဖူးတဲ့ မကောင်းမှုကံ မျိုးစေ့ ရှိခဲ့ကြသူများကြတော့လည်း ဘာကြံကြံ ဘာလုပ်လုပ် မအောင်မမြင် ဒုက္ခရောက်နေကြတာတွေ မြင်တွေ့ကြားသိနေရတာဟာ ပတ်ဝန်းကျင်ကတဲ့ သာဓကတွေပဲပေါ့။
ဒီလိုဆိုရင် ကောင်းဆိုးနှစ်တန် ပြုစီမံနိုင်စွမ်းရှိတဲ့ အဲဒီကံကို ဉာဏ်ယှဉ်၍ ပြန်ပြင်ယူရင်ရော မရနိုင်ပေဘူးလားလို့ မေးမြန်း စဉ်းစားစရာ ရှိပါတယ်။
ကောင်းကံပြုခဲ့လို့ ကံကောင်းနေကြတာဖြစ်သလို ဆိုးကံပြုခဲ့ကြလို့လည်း ကံဆိုးနေကြတာလို့ ပြောမယ်ဆိုလည်း ပြောလို့ ရတာကြောင့် ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ စဉ်းစား ဆင်ခြင် ဉာဏ်ယှဉ်သင့်တယ်ဆိုတာလည်း ထင်ရှားပါတယ်။
အသိက ပလာနတ္ထိ၊ သတိက လုံးဝ မရှိသူတွေမှာ အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုးကို ဉာဏ်နဲ့ ချိန်ထိုး ကြည့်နိုင်စွမ်း မရှိကြလေတော့ ကောင်းတာကိုပဲ မကောင်းထင်ပြီး မပြုချင်ကြပြန်ဘူး။
မကောင်းတာကိုတော့ အကောင်းလို့ ထင်ပြီး ပြုချင်ကြပြန်တယ်။
ဒီတော့ ရလာဒ်က အဆင်မပြေခြင်း၊ ဆင်းရဲခြင်း၊ ကံဆိုးခြင်း စတဲ့ ဒုက္ခတွေကိုသာ ပွေ့ပိုက်နေရတော့တယ်။
တချို့ကတော့ ဘယ်ခါမဆို ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ၊ သတိရှေ့သွားတဲ့ ဆင်ခြင်ဉာဏ်တရားနဲ့ စဉ်းစားပြီးမှ လုပ်ကိုင်တတ်ကြတယ်။
မသိသေးရင် သိအောင် မေးလို့၊
မတတ်သေးရင် တတ်အောင် သင်ယူ လေ့လာပြီးမှ လုပ်ကိုင် ဆောင်ရွက်လေ့ရှိကြတယ်။
အဲဒီလို လူမျိုးတွေကြတော့ ကံသုံးပါးလုံးတွင် ဉာဏ်ယှဉ်နေတော့ အမှားနည်းပါးတာ တွေ့ရတယ်။
အမှားနည်းပါးလာတာနဲ့အမျှ ကောင်းကျိုးသုခတွေ ပွားများလာတာကိုလည်း တွေ့ရပြန်တယ်။
ကောင်းကံလုပ်မှ ကံကောင်းမယ်
မိဘ ဆရာသမားတွေရဲ့ သွန်သင် ညွှန်ပြ ဆိုဆုံးမမှုကို ရရှိနေကြတဲ့ သားသမီးများနဲ့ တပည့်များမှာ အသိအလိမ္မာနဲ့ သတိတရားများ ရှိတတ်ကြသလို စဉ်းစားမှု ဆင်ခြင်မှုကို လက်ကိုင်ထားတတ်ကြမြဲ ဖြစ်တာကိုလည်း သတိထားမိပြန်ပါတယ်။
ဒီတော့ ဒီလိုပုဂ္ဂိုလ်များကျပြန်တော့ ကောင်းသော ကံတွေကို အပြုများကာ ကံကောင်းနေတတ်ကြပါတော့တယ်။
နောက်ပြီးတော့လည်း အသိအလိမ္မာဟာ ဉာဏ်ပညာကြီးခြင်းရဲ့ အခြေခံ အကြောင်းရင်းဖြစ်လို့ မိဘစကား နားထောင်ပြီး ကြိုးစား ပြုမူနေထိုင်သူတို့ဟာ အမှားနည်းမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့သန္တာန်မှာ မိဘက သင်တဲ့ ဘဝနဲ့ဆိုင်ရာ အသိပညာရယ်၊ ကျောင်းတော်က ဆရာတွေ သင်ပေးတဲ့ လောကနဲ့ဆိုင်တဲ့ အတတ်ပညာရယ်က ရှိနေကြပြီမဟုတ်လား။
ဒီတော့ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ဉာဏ်နဲ့ ချိန်ထိုးသွားတတ်ပြီပေါ့။
အဲဒီလို အသိဉာဏ်နဲ့ အတတ်ပညာတွေကို သိရင် သိထားတဲ့အတိုင်း၊ တတ်ထားရင် တတ်ထားတဲ့အတိုင်းသာ လိုက်နာ လေ့ကျင့်မယ်ဆိုရင် အဲဒီသူရဲ့ ကြံစည် ပြောဆို လုပ်ကိုင်မှုတွေဟာ အသိဉာဏ်နဲ့ ယှဉ်ပြီးနေတာကြောင့် အမှားနည်းမှာ အမှန်ပါ။
အမှားစင်တော့ စိတ်တွေ ကြည်လင်ကာ ကံတွေ စင်ကြယ်ပြီးတော့ စေတနာကောင်းလို့ ကံကောင်းသူတွေ ဖြစ်လာကြမှာပါ။
ဒီတော့ ကံဆိုးနေသူများဟာ ကံကောင်းချင်ပါတယ်ဆိုရင် ကောင်းကံတွေဖြစ်လာဖို့ မိဘဆရာသမားတို့ရဲ့ သွန်သင် ညွှန်ကြားမှုကို နားထောင်သင့်တယ်၊ လိုက်နာသင့်တယ်၊ ဉာဏ်ယှဉ်သင့်တယ်။
အသိဉာဏ်ရှေ့သွားပြီး သတိတရားနဲ့ အမြဲတမ်း ကြံစည်ခြင်း(မနောကံ)၊ ပြောဆိုခြင်း(ဝစီကံ)၊ ပြုမူခြင်း(ကာယကံ)တို့ကို ပြုသင့်တယ်လို့ တွေးမိပါတယ်။
ဘဝတစ်ခု အောင်မြင်တိုးတက်ဖို့ဆိုတာမှာ ကံတရားက အရေးကြီးတယ်လို့ ထင်ထင်ရှားရှား သိခဲ့ပြီးတဲ့နောက်မှာ “ကံကောင်းလိုလျှင် စိတ်ကောင်းဝင်၊ ပြုပြင်တိုင်းရ ပြုတိုင်းလှ” ဟူသော ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ တရားကို ကြားယောင် ဆင်ခြင်နေမိပြန်ပါတယ်။
ကံဆိုတာ အလုပ်၊ အလုပ်ဆိုတာ ကံပင်ဖြစ်လို့ အလုပ်ကောင်းရင် ကံကောင်းမယ်။ ကံကောင်းချင်ရင်တော့ ကောင်းတာကိုပင် လုပ်ဟုသာ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေမိပါတယ်။
အသိနောက်မှာ အကျင့်ပါမှ
ဒါဆိုရင် ကောင်းကံလုပ်မှ ကံကောင်းမယ်ဟူသော အသိလေးမျှ ရှိထားရုံနဲ့ ကံကောင်းပါမည်လားလို့ မေးလာမယ်ဆိုရင် ဝေးပါသေးတယ်လို့ ဆိုချင်ပါတယ်။
‘ကံကိုယုံ၍ ဆူးပုံအတွင်း မဆင်းအပ်စွာ’၊ ‘ကျားရဲရာ ကြမ္မာမရိုးသာ’၊ ‘လုံ့လမကူ ဉာဏ်မကူဘဲ မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရာဘူး’ စသည်ဖြင့်လည်း ရှေးသူတော်မွန်တို့က စာချွန်ချန်ထား မှာကြားခဲ့ကြပါတယ်။
စာရေးသူအနေနဲ့ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါးထဲက “ဝိဇ္ဇာစရဏသမ္ပန္န”ဂုဏ်တော်အဖွင့်ကို အာရုံယူမျှော် ပူဇော်သည့်အခါ ‘ဝိဇ္ဇာ’ဟူသော အသိဉာဏ်ရှိသော်လည်း ‘စရဏ’ဟူသော သိတဲ့အတိုင်း လိုက်နာကျင့်သုံးခြင်း မရှိပါက နိမ့်ကျခြင်း ကျရှူံးခြင်း စသော ဆင်းရဲဒုက္ခက လွတ်မြောက်နိုင်မည် မဟုတ်ဟု သိခဲ့ပါတယ်။
ထို့အတူပင် ‘စရဏ’ဟု ခေါ်သော အကျင့်သာ ရှိ၍ ‘ဝိဇ္ဇာ’ဟူသော အသိဉာဏ် မရှိပြန်လျှင်လည်း လမ်းမှန် မရောက်ဘဲ အလွဲကိုသာ ကျင့်နေမိကာ စီးပွားရေး လူမှုရေးမှအစ အရေးတကာဝယ် ခရီးမတွင်ဘဲ ရှိတတ်ပါလားလို့ သိခဲ့ရပါတယ်။
မည်သူမဆို အထိုက်အလျောက်တော့ မိမိနှင့် သင့်လျော်သော အသိပညာ အတတ်ပညာ စီးပွားရေး ကြီးပွားရေး နည်းလမ်းများကို တီးမိ ခေါက်မိတော့ သိရှိကြမည်သာ ဖြစ်ပါတယ်။
သိသလို မကျင့် မကြိုးစားခဲ့လို့သာ အောင်မြင်မှု ချမ်းသာနဲ့ ဝေးနေကြရခြင်း ဖြစ်ပါလိမ့်မယ်။
သိပြီးတော့လည်း လိုက်မကျင့်ရင်လည်း မသိသည်နှင့် ဘာမှ မထူးခြားတော့ ပညာမဲ့ဟူသော နာမည်ဖြင့် စာရင်းသွင်းခံရကာ နွမ်းပါး ဆင်းရဲ လူတောထဲမတိုး လူရာမဝင်တာမျိုးဟူသော အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရခြင်းသာ ဖြစ်ပါလိမ့်မယ်။
သို့ဖြစ်ရာ ကံကောင်းချင်သူတိုင်းဟာ ဦးစွာပထမအနေနဲ့ ကောင်းကံကို လုပ်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ သိထားရမှာဖြစ်သလို သိထားတဲ့အတိုင်းလည်း မဖြစ်မနေ လိုက်နာပြုကျင့်ဖို့ လိုအပ်တယ်ဆိုတာ ပြောပါရစေ။
လက်တွေ့ကျင့်ဖို့ သိအောင် လေ့လာသင်ယူရတာဖြစ်သလို သိပြီးရင်လည်း လိုက်နာကျင့်ကြံ အားထုတ်ရအုန်းမယ်လို့ သတိမူမိစေချင်တာပါ။
ကံသုံးပါးတွင် အဓိပတိယှဉ်
လောကမှာ ကြီးပွားအောင်မြင် ချမ်းသာချင်သူတိုင်းဟာ အဘိဓမ္မာမှာ လာတဲ့ အဓိပတိတရား လေးပါးကို လက်ကိုင် ကျင့်သုံးဖို့ လိုအပ်ပါတယ်။
စာရေးသူ နားလည်သလို ပြောပြရရင် ပြုလုပ် ပြောဆို ကြံစည်တာမှန်သမျှဟာ ကံတရားပါလို့ လက်ခံရင် ထိုကံထဲတွင် မိမိ၏ ကိုယ်ပိုင်ဆန္ဒ၊ ဉာဏ်၊ လုံ့လ ထည့်ပြီး စိတ်ဓာတ်အားဖြင့် ကြိုးစားရမယ်လို့ပဲ ပြောပြချင်မိတယ်။
မိမိဘဝ ကြီးပွားအောင်မြင်ကာ ချမ်းသာလိုတယ်၊ အဆင်ပြေလိုတယ်ဆိုရင် မိမိလုပ်နေဆဲ အလုပ်ထဲမှာ လုပ်ကိုင်ချင်တဲ့ဆန္ဒ၊ လုပ်ချင်တဲ့စိတ်၊ လုပ်တတ်ကိုင်တတ်မှု ပညာနဲ့၊ လုပ်နေမှုဆိုတဲ့ ဝိရိယ ဒီတရားလေးပါး ထည့်သွင်းထားဖို့ လိုအပ်တယ်လို့ နားလည်ရပါမယ်။
ဒီတရားလေးပါး ညီမျှမှသာ အောင်မြင်နိုင် ချမ်းသာကြွယ်ဝနိုင်တယ်လို့ နားလည်မိပါတယ်။
ဒီတရားလေးပါးဟာ တစ်ပါးက ရှေ့ကနေ ဦးဆောင်သွားနေခိုက်မှာ ကျန်သုံးပါးက နောက်နားက ကပ်လိုက်လာတတ်တဲ့ သဘောလည်း ရှိပါတယ်။
ကျန်းမာ ချမ်းသာမှုနဲ့ ပြည့်စုံ အောင်မြင် ကျော်ကြားလိုတယ်ဆိုရင် အရင်ဆုံး ချမ်းသာအောင်မြင် ကျော်ကြားချင်တယ်ဆိုတဲ့ ဆန္ဒ ဖြစ်ပေါ်ရပါမယ်။
အဲဒီနောက်မှာမှ ချမ်းသာလိုစိတ် အောင်မြင်လိုစိတ်တို့ ဖြစ်ပေါ်လာမှာ ဖြစ်တယ်။
အဲဒီစိတ်ကြောင့် အသိပညာ အတတ်ပညာတို့ကို လေ့လာ သင်ယူကြကာ စိတ်ကူးယဉ်ဆန္ဒကို အကောင်အထည်ဖော်ကြလို့ ရာထူးကြီးတွေ ရပြီး စည်းစိမ်များနှင့် ချမ်းသာကြွယ်ဝနေကြတာဖြစ်တယ်။
အပြန်အလှန်အားဖြင့် ထိုအဓိပတိတရားလေးပါး ဖြစ်ပေါ် သိရှိ လိုက်နာကျင့်သုံးမှု အားနည်းသူတွေမှာတော့ ‘ဘဝဆိုတာ စိတ်နဲ့ တန်သလို ဖြစ်တာ’ဆိုတဲ့ စကားအတိုင်းပဲ သူတို့ရဲ့ စိတ်၊ ဆန္ဒ၊ ကြိုးစားမှု၊ ပညာ နည်းခဲ့တာနဲ့အညီ နိမ့်ကျစွာ လုပ်ကိုင် နေထိုင် ပေးဆပ် ရုန်းကန်နေကြရတော့တယ်။
ဒီတော့လည်း သူတို့ရဲ့ဘဝ ဖြတ်သန်းမှု လမ်းခရီးဟာ ကြမ်းတမ်းလာပြီး ဒုက္ခတွေနဲ့ ပြွမ်းတီးနေရတဲ့ သူတို့ခမြာ သူတို့ဘဝကို သူတို့ ညည်းညူသံကိုသာ အဖော်ပြုကာ နေရပါတော့တယ်။
ဒီတော့ ဆင်းရဲက လွတ်ပြီး ချမ်းသာပြည့်ဝ ဂုဏ်ဓနနဲ့ လောကအလယ်မှာ တင့်တယ်စွာ နေနိုင်အောင်ဆိုရင် ကံသုံးပါးတွင် အဓိပတိတရားလေးပါးကို ယှဉ်စေပြီး ကြိုးစား ပြုမူ၊ ပြောဆို၊ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်နဲ့ရော မိဘမောင်ဖား ဇနီးမယား သမီးသားတွေအတွက်ပါ ကြိုးစား ရုန်းကန်နေရတာနဲ့ပဲ ဘဝအဓိပ္ပာယ်နဲ့ ဘဝတန်ဖိုးဆိုတာကို မသိနိုင်ရှာတဲ့ အဖြစ်ဆိုးနဲ့ တိုးရမှာ သေချာပါတော့တယ်။
ကိုယ့်ဘဝအဆင့် ကိုယ်တိုင်မြှင့်စို့
အချို့ အလုပ်ကောင်းမှ ကံကောင်းမယ်၊ ကံကောင်းအောင် ကောင်းတာ လုပ်ရမယ်၊ မိဘဆရာသမားတို့ရဲ့ စကားနားထောင်သင့်တယ်လို့ အခြေခံအားဖြင့် အသိဉာဏ် ရင့်သန် ပြည့်စုံကြတာ များပါတယ်။
အကြားအမြင်နဲ့ ဗဟုသုတတွေလည်း ရှိကြပါတယ်။
ဒါပေမယ့်လည်း လိုက်နာ ကျင့်ကြံ အားထုတ်မှုလို့ ခေါ်တဲ့ စရဏတရားကတော့ အသိရဲ့ နောက်ပါးမှ ကပ်ပါမလာကြဘူး။
ဒီတော့ အောက်ကျနောက်ကျနဲ့ ပညာမဲ့ပြီး ဆင်းရဲနေကြတဲ့ သူတွေရဲ့ တရားခံကို ပြောပြပါဆိုရင် မိမိသိသလို လိုက်မလုပ်ဖြစ်ခဲ့ခြင်းကိုပဲ ညွှန်းပြရမလို ဖြစ်နေပါတော့တယ်။
ဒီလို ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ကြည့်ကာ စဉ်းစားဉာဏ် သက်ဝင်၍ ကံကို ပြုပြင်နိုင်ပါမူ လက်ရှိဘဝရဲ့ အနာဂတ်ဟာ ချမ်းသာသုခနဲ့ အနေလှနိုင်သလို သံသရာခရီးလမ်းမှာလည်း ဖြောင့်ဖြောင့်ဖြူးဖြူး ချောချောမွေ့မွေ့နဲ့ အခြေလှနိုင်ပါလိမ့်မယ်။
ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်ကံကို မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ယှဉ်ပြီး မိမိတို့ဘဝတွေရဲ့ လက်ရှိအနေအထားကို အသိဉာဏ်နဲ့ ပေါင်းစပ်ကာ ကောင်းမြတ်အောင် ကြိုးစားဆောင်ပါလျှင် ကောင်းစားနိုင်သည်ချည်း ဖြစ်တယ်လို့ ခံယူ နားလည်မိလိုက်ပါတယ်။
ကံတရားဆိုတာ ဆန်းကြယ်ပြီး၊ ကံတရားချည်းသက်သက်ကိုလည်း ပုံပြီး ယုံလို့ မနေသင့်ပါဘူး။
လောကကြီးကို ကံတရားက ခြယ်လှယ်နေတယ်။
ကံကို မှီပြီးတော့ ဆင်းရဲနဲ့ ချမ်းသာ၊ ပညာမဲ့ ပညာတတ် စသည် ကွဲပြားနေတယ်။
အဲဒီကံကို ဉာဏ်နဲ့ ယှဉ်ပြီး ပြုပြင်ပေးမယ်ဆိုရင် ရနိုင်တယ်ဆိုတာတွေကို စဉ်းစား ဆင်ခြင် သုံးသပ်ပြီး အဲဒီ ကံတရားကိုပဲ ဆန္ဒ၊ စိတ္တ၊ ဝိရိယ၊ ဝီမံသ ဟူသော အဓိပတိတရားလေးပါးနဲ့ ပေါင်းစပ်ကာ ကောင်းကံတွေ ပြုသူဟာ ကံတွေကောင်းမယ်၊ ဆိုးကံပြုသူတွေ ကံဆိုးမယ်ဆိုတာ သေချာတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဒီတော့ ‘ကံ’ပိုင်ရှင် လူသားက ကံတရားကို ဉာဏ်အားသုံးပြီး ပြုပြင်ယူလို့ရတာ ထင်ရှားပါတယ်။
အဲဒီလို မဟုတ်ဘဲ ကံတရားကသာ ကံပိုင်ရှင်လူသားကို ကစားသွားခဲ့မယ်ဆိုရင် ကောင်းဆိုးနှစ်တန် လောကဓံမှာ ခါးသီးတဲ့ အဆိုးကံတွေနဲ့သာ ကြုံနေရပြီး ကံတွေ ဆိုးနေကြတော့မှာပါပဲ။
ကံကို ဉာဏ်ယှဉ် ပြင်ပါစို့လို့ တွေးမိခဲ့တဲ့ အတွေးလေးတွေကနေ စာရေးသူရင်ထဲမှာ ကံသုံးပါးတွင် အသိဉာဏ်ယှဉ်ပြီး ဆင်ခြင်ပြုပါလျှင် ကံကောင်းနိုင်ပါသည်လို့ တွေးသိ ခံယူမိပါတယ်။
ဒါကြောင့် ယခုချိန်က စလို့ ဘဝတလျှောက် ကောင်းကောင်း ပြုမူနေထိုင်၊ လုပ်ကိုင်၊ ပြောဆို၊ ကြံစည်ကာ ကောင်းမြတ် သာယာ လှပသော ဘဝအနာဂတ် ရရှိအောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ဘာသာလည်း တွေးမြင် ဆင်ခြင် အသိတရား သတိတရားတွေ ပွားရင်း အကြိုက်ဆုံးသော အောက်ပါကဗျာလေးကို ရွတ်ဆိုနေမိပါတော့တယ်။
“အတိတ်ကိုတွေး၊ စိတ်မလေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်း၊ သိပ်မလွမ်းနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို
ပညာလုံ့လ၊ အသုံးချပြီး
ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းအောင်
သတိဆောင်လျက်
လက်ရှိကာလ၊ တဒင်္ဂကို
ကံ,ဉာဏ်,ဝီရိ၊ စောင်းနှယ်ညှိကာ
ကြိုးစားကာဖြင့်
ဘဝတန်ဖိုး၊ အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူ။”
မေတ္တာသီသေန စိတ္တေန .....
အရှင်နန္ဒဝံသ (ရမည်းသင်း)
ဇေယျဝတီကျောင်း၊ အမာလိုရီမြို့
တက္ကဆပ်ပြည်နယ်
အမေရိကန်နိုင်ငံ
No comments:
Post a Comment