Tuesday, April 12, 2011

အပြောင်းအလဲ - ရှင်နန် (လောကချမ်းသာ)

သင်္ကြန်ကို ‘ပြောင်းရွေ့ခြင်း’ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ၏။

စာရေးသူအနေနဲ့ ‘ပြောင်းရွေ့ခြင်း’ဆိုသော စာသံပေသံ လေသံကို ‘ပြောင်းလဲခြင်း’ဟု ထပ်ခါ ဖွဲ့ဆိုချင်ပါ၏။

‘ပြောင်းလဲခြင်း’ဟု ဖွင့်ဆိုရခြင်းမှာ “အရာဝတ္ထုတိုင်းဟာ အမြဲတမ်း ပြောင်းလဲနေတယ်”ဆိုတဲ့ သဘာဝ၊ အနိစ္စ-မမြဲခြင်းသဘောကို ပိုပြီး ပီပြင်စွာ မြင်စေချင်သည့် စိတ်စေတနာကြောင့် ဖြစ်ပါတယ်။

တစ်ရာသီကုန်လို့ တစ်ရာသီပြောင်း၊ တစ်နှစ်ကုန်လို့ တစ်နှစ်ပြောင်း၊ အဟောင်း အဟောင်းတွေ ကုန်သွားတဲ့အချိန်နဲ့ အသစ် အသစ်တွေ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့ ကြားထဲက သတ်သတ်မှတ်မှတ် အချိန်ကာလတစ်ခုကို ‘သင်္ကြန်’လို့ ခေါ်ဆိုပြီး ရိုးရာနှစ်သစ်ကူးပွဲ ဆင်နွှဲကြတာလို့ နားလည်ပါတယ်။

အဲဒီလို ပြောင်းလဲခြင်းကိုပဲ တေးရေးဆရာ ဂီတနက်သန် ကိုစောညိမ်းက “ရော်ရွက်ဝါ မြညှာညောင်းကာ ညှိုးလျော့ခွေပြောင်း နွေနှောင်းရာသီမှာ လေယူနှင်ရာ ကြွေကာဝဲကာ ဆင်းရွှေမှုန်ရောရာ မြေသို့သက်လျှော လွမ်းဘွဲ့သာမောစွာ”လို့ ဆိုပြီး မြရောင်စိမ်းနေသည့် သစ်ရွက်ညှာတံလေးတွေဟာ ရင့်ရော်ကာ ပြောင်းလဲ၊ အတောင်ညောင်းတဲ့ ငှက်ပမာ မြေသို့ဝဲကာ ဆင်းသက်လာတဲ့ဟန် ပြောင်းလဲခြင်းသဘောကို တင်စား ရေးစပ်ပြတာဟာဖြင့် နှလုံးသားနုသူတွေအဖို့ ရွှေရင်ဆို့စရာပါပဲ။

သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းကာလတွေ များစွာထဲက ပြောင်းလဲခြင်းကာလတစ်ခုဟုဆိုလျှင် အဲဒီ ပြောင်းလဲခြင်း အချိန်ကာလနဲ့အတူ လူတွေအတွက်လည်း ပြောင်းလဲ ဖြတ်သန်းနေကြရမှာ အမှန်ပါပဲ။
ဒါဆိုရင် တိုးတက်ဖို့ ပြောင်းလဲလိုတဲ့သူဟာ စဉ်းစားဖို့ လိုလာပြီပေါ့။
ကောင်းသော တိုးတက်မှုနဲ့ ပြောင်းလဲတာလား?
မကောင်းသော ဆုတ်ယုတ်မှုနဲ့ ပြောင်းလဲတာလား? ဆိုတာ စဉ်းစားစရာပေါ့။

လူတိုင်းဟာ အသက်အရွယ် အတွေ့အကြုံအလိုက် အတွေးအခေါ်တွေ ပြောင်းလဲတတ်တာ သဘာဝမို့ ပြောင်းလဲခြင်းနဲ့ပတ်သက်တဲ့ အတွေးတစ်စကို စာရေးသူ ဆွဲထုတ်ကြည့်မိပါတယ်။

လူ့ဘဝ လူရယ်လို့ သိတတ်ခါစ ... ကလေးဘဝ ကျောင်းနေကာစ အရွယ်မှာ တုတ်ကလေးတွေ ဓားကလေးတွေနဲ့ ကလေးသဘာဝ တုတ်သိုင်း ဓားသိုင်း ကကာ,ဆိုကာ ကစားနေကြရင် မိဘတွေ အစ်ကိုအစ်မတွေက ဝမ်းဗိုက်ကို ထိုးမိမှာ မျက်လုံးထိခိုက်မိမှာ အန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် တုတ်နဲ့ ဓားနဲ့ မဆော့ဖို့ တားမြစ်တတ်ကြပါတယ်။
ဒါကို ကလေးက မကြိုက်ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ တုတ်နဲ့ ဓားနဲ့ ဆော့ကစားနေရတာကိုပဲ သူ့အရွယ် သူ့အတွေး သူ့ပျော်ရွှင်မှုအတွက် အမှန်တရားအဖြစ် တွေးထင်နေလို့ ဖြစ်ပါတယ်။

အကယ်၍များ တုတ်ဓားနဲ့ ကစားရာက ခန္ဓာကိုယ်ထိခိုက်မှု တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကိုယ်တိုင်လည်း ထိခိုက် အနာတရဖြစ်၊ မိဘအသိုင်းအဝိုင်းလည်း စိုးရိမ်ပူပန်ရတတ်ပါတယ်။
စာရေးသူရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ဆိုရင် သူ့ရဲ့သူငယ်ချင်းတစ်ယောက်က အုန်းလက်တံလေးကို လက်ညှိုးပေါ်မှာတင်၊ အဖျားကိုခေါက်ပြီး ပစ်လိုက်တဲ့ အုန်းလက်မြားကြောင့် မျက်စိတစ်ဖက် ပျက်စီးခဲ့ရတာ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုပါ။

တုတ်နဲ့ ဓားနဲ့ ကစားရတာဟာ အန္တရာယ်များမှန်း သိတတ်လာတဲ့အရွယ်ကျတော့ ကိုယ်တိုင်လည်း တုတ်နဲ့ ဓားနဲ့ မကစားကြတော့သလို၊ တခြားကလေးတွေ တုတ်နဲ့ ဓားနဲ့ ကစားနေကြတာ တွေ့ရင်ပဲ အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ တားမြစ်ကြပါတယ်။ ဒါဟာ အရွယ်နဲ့အတူ ပြောင်းလဲခြင်းတစ်ခုပါ။

အသက် ၁၅-နှစ် ၁၆-နှစ် ကျောင်းသားဘဝ၊ စာသင်ခန်းထဲ စာကို ကြိုးစား သင်ယူရမယ့်အချိန်မှာ ကျောင်းပြေး ကျူရှင်မတက် အပေါင်းအသင်းများနဲ့ ဟေးလားဝါးလား လုပ်နေရတာ ပျော်ရွှင်မှုတစ်ခုလို့ သဘောထားနေတဲ့ ကျောင်းသားကို ဆရာဆရာမတွေက စာကို ကြိုးစား သင်ယူဖို့ ဆုံးမကြတဲ့အခါ သဘောမကျ မကျေမနပ် ပုန်ကန်ကြတာကိုလည်း တွေ့ကြရတတ်ပါတယ်။ ကျောင်းသားဘဝ သူ့အရွယ် သူ့အတွေးနဲ့ သူကိုယ်တိုင် အမှတ်ပေးပြီး အမှန်လို့ သဘောထားနေတာကြောင့်ပါ။

ဒီနောက် အသက် ၃၀-၄၀ အရွယ် စီးပွားရှာကြပြန်တော့ ပညာလမ်းကြောင်းနဲ့ ကြီးပြင်းလာသူက အလုပ်ကောင်းကောင်း ဝင်ငွေကောင်းကောင်းနဲ့ ဘဝတစ်ခုကို ရပ်တည်နေနိုင်ပြီး၊ ပညာရေးလမ်းကြောင်းမှ သွေဖည်လို့ လမ်းဘေးရောက်သွားသူကတော့ ကြုံရာ ကျပန်းအလုပ်နဲ့ ပင်ပန်းကြီးစွာ အသက်မွေးနေကြရတာ တွေ့ကြရတတ်ပြန်ပါတယ်။
အဲဒီအခါ ငယ်ငယ်က ပညာကို ကြိုးစား မသင်ယူခဲ့မိတဲ့ နောင်တကို ပြောင်းလဲ ရတတ်ကြပြန်ပါတယ်။

ဒီကတခါ ငယ်စဉ်အခါက စီးပွားကောင်းစွာ မရှာခဲ့လို့ အသက်အရွယ်ရလာပြီး တကယ်လို့များ အားကိုးရာမဲ့ လောကအလယ် မျက်နှာငယ်စွာ ဘဝကို ဖြတ်သန်းနေရတဲ့အခါ မလန်းဆန်းတော့တဲ့ နောင်တတွေနဲ့ အတွေးတွေ ပြောင်းလဲတတ်ပြန်ပါတယ်။

ဒီလိုနဲ့ နေလုံးကြီးလည်း တဖြည်းဖြည်း နွမ်း၊ ဘဝလည်း ပန်းလျှတဲ့ အချိန်ကျ၊ နောက်ဆုံး ထွက်သက်ဝင်သက်ကို ကြိုးစား ရှူရှိုက်နေရတဲ့အချိန်မှာ အားကိုးလောက်စရာ ကုသိုလ်ဥစ္စာ ရှာမထားမိဘူးဆိုရင် ... သြော် .. အရွယ်ကောင်းတုန်းက သူတော်ကောင်းတရားတွေ အားထုတ်ဖို့ နာယူဖို့ ကျင့်ကြံဖို့၊ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ စသည်ဖြင့် ရခဲလှပါတယ်ဆိုတဲ့ လူ့ဘဝကြီးမှာ လုပ်နိုင် ယူနိုင် ရနိုင်တာတွေ အများကြီး ရှိပါလျက်သားနဲ့ ငါ့မှာတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခဲ့မိတာ မှားလိုက်လေခြင်းဆိုပြီး နောင်တ တလုံးတထွေးနဲ့ သံသရာအရေးကို နောက်ဆုံးအချိန်ကျမှ အတွေးတွေ ပြောင်းခဲ့မိရင်တော့ ဝမ်နည်းစရာပါလို့ ဝမ်းနည်းစကားမျှပင် မဆိုသင့်တော့လောက်အောင် နောက်အကျချည်း နောက်ကျသွားပြီပေါ့။

ဒီတော့ သင်္ကြန် - ပြောင်းရွေ့ခြင်း၊ ဒါမှမဟုတ် ပြောင်းလဲခြင်းနဲ့အတူ ပြောင်းလဲခြင်းတွေ များစွာထဲက အပူနောင်တနဲ့ ပြောင်းလဲခြင်းမျိုး မဖြစ်ကြရအောင် -

ပိုးစုန်းကြူးတွေကို စု၊ အပေါ်မှာ အမှိုက် တင်၊ မီးရလေမလားရယ်လို့ ကြိုးစားကာ မီးမွှေးနေတဲ့လူလို အချိန်ကုန် လူပန်းပြီး အချည်းနှီး မဖြစ်ကြရလေအောင် -

ကိုယ့်အရွယ် ကိုယ့်အတွေး မှန်သမျှတွေဟာ အမြဲတမ်း ပြည့်စုံပြီလို့ အတ္တကို ကိုင်စွဲ၊ ငါမှ ငါပဲဆိုတဲ့ တယူသန်အတွေးတွေနဲ့ ဘယ်သူပြောတာမှ လက်မခံ မာနတွေ တင်းခံနေဖို့ သင့်,မသင့် ကိုယ်ပိုင်ဉာဏ်နဲ့ သုံးသပ်ကာ -
ယခု ကောင်းကျိုး၊ နောင် ကောင်းကျိုးတွေကို လက်မလွတ်ရအောင် မြင့်မြတ်တဲ့ ဆန္ဒ၊ တည်ကြည်တဲ့ စိတ်ဓာတ်၊ မလျှော့သော ဇွဲလုံ့လ၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်၊ မမေ့လျော့သော သတိတွေနဲ့ သုံးသပ် ဆုံးဖြတ်ကြစေလိုပါတယ်။

ယခုဘဝ ရလာတဲ့ ခန္ဓာကိုယ်ကြီးကို အချိန်ဆိုတဲ့ ယန္တယားကြီးက အိုရာကနေ နာရာဆီသို့၊ နာရာကနေ သေနယ်ဆီသို့ မရောက်,ရောက်အောင် တဖြည်းဖြည်း ‘ပြောင်း’ပို့ပေးနေတာ တားလို့မရတဲ့ သဘာဝတရားကြီးပါ။
အဲဒီထဲကမှ အနှစ်သာရရယ်လို့ ဘာမျှမပါ ရထားတဲ့ ခန္ဓာကိုယ်ကို အနှစ်သာရဖြစ်ဖို့ ဒီနှစ် သင်္ကြန်က စလို့ အသက်ရှင်နေသမျှကာလ အကျိုးမဲ့ကို ပေးတတ်တဲ့ မကောင်းမှုတွေကို ပယ်ရှား၊ ကောင်းကျိုးကို ပေးတတ်တဲ့ ကုသိုလ်တရားတွေနဲ့ စွမ်းနိုင်သမျှ အားခဲကာ ‘လဲ’လှယ် နေထိုင်သွားပါစို့လို့ ဆန္ဒပြု တိုက်တွန်းပါတယ်။

ရှင်နန်
လောကချမ်းသာ၊ နယူးယောက်မြို့
ဧပြီလ ၈ ရက်၊ ၂၀၁၁

No comments: