Friday, December 28, 2007

၁၉၉၁-ခုနှစ် ဇန်န၀ါရီလထုတ် လောကချမ်းသာ သတင်းလွှာ


စာစောင်တွင် အတွဲ(၁) အမှတ်(၁) ဟု ဖော်ပြထားသော်လည်း ယခင် ထုတ်ဝေဖူးကြောင်း သိရ၏။ ယခင် စာစောင်များမှာ လက်နှိပ်စက် သို့မဟုတ် လက်ရေးစာစောင်များဖြစ်ကြောင်းလည်း သိရ၏။ ၁၉၉၁-ခုနှစ် ဇန်န၀ါရီလထုတ် အတွဲ(၁) အမှတ်(၁) စာစောင်ကား ကွန်ပျူတာစာစီ ဖြစ်၏။ စာမျက်နှာ ၄-မျက်နှာ ရှိ၏။

မြန်မာဆောင်းပါးတစ်ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်များအကြောင်း နှင့် ကဗျာတစ်ပုဒ် ပါ၏။

မြန်မာဆောင်းပါးမှာ ‘မောင်ရန်အေး’၏ “မြောင်းမြဆရာတော် သို့မဟုတ် အင်္ဂလန်ဆရာတော်” ဖြစ်သည်။

မြောင်းမြဆရာတော် သို့မဟုတ် အင်္ဂလန်ဆရာတော်

တင်ပြသူ - မောင်ရန်အေး

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ဉာနိကသည် ၁၉၉၀-ခုနှစ် နိုဝင်ဘာလ ၃-ရက်နေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာ ဘုရားကျောင်းတော်သို့ ပထမအကြိမ် ကြွရောက်၍ ၅-ရက်ခန့်မျှ သီတင်းသုံးနေထိုင်ကာ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်လူကြီးများနှင့် တကာ တကာမများအား တရားဓမ္မဟောကြား ချီးမြှင့်တော်မူခဲ့ပါသည်။ ထို့နောက် ဆရာတော်ဘုရားသည် ဖလော်ရီဒါ၊ ကာလီဖိုးနီးယား၊ အရီဇိုးနား၊ အိလွီနွိုက်၊ တက္ကဆက်၊ မေရီလင်း ပြည်နယ်များသို့ ကြွရောက်ကာ အဘိဓမ္မာတရား၊ ၀ိပဿနာတရားတော်များကို ဟောကြား ချီးမြှင့်တော်မူခဲ့ပါသည်။ ဒီဇင်ဘာလ ၂၇-ရက်နေ့တွင် နယူးယောက်သို့ ခေတ္တပြန်ကြွလာ၍ ဒီဇင်ဘာလ ၃၀-ရက်နေ့တွင် အင်္ဂလန်သို့ ပြန်ကြွသွားခဲ့ပါသည်။ ဆရာတော်၏ အမေရိကန်ခရီးစဉ်ကို ဖလောရီဒါပြည်နယ်မှ တကာ ဒေါက်တာတင်သန်းမြင့်တို့ မိသားစုက စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။

ဆရာတော် အရှင်ဉာနိကသည် ပုသိမ်မြို့နယ် ဇာတိသားဖြစ်၍ အသက် (၁၆)နှစ်အရွယ်တွင် မြောင်းမြမြို့၊ ပဇ္ဇောတာရုံတိုက်၊ မြောင်းမြဆရာတော်ဘုရားကြီး အရှင်ဉာန၀ံသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ ရွှေကျင်နိကာယ၊ ဒဿမသာသနာပိုင်) ထံမှောက်သို့ ရောက်ခဲ့၍ ဆရာတော်ဘုရားကြီးထံတော်အောက်မှာပင် အစိုးရ ငယ်၊ လတ်၊ ကြီးတန်းများနှင့် ဓမ္မာစရိယ စာချတန်း စာမေးပွဲများကို အောင်မြင်ခဲ့ပါသည်။ ကျောင်းတိုက်တွင် ဆရာတော်ဘုရားကြီးနှင့် တွဲဖက်၍ စာချတာဝန်၊ အုပ်ချုပ်ရေးတာဝန်များကို ယူခဲ့ရသည်။ ဒုတိယကျောင်းအုပ် (တိုက်အုပ်) ဆရာတော်အဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံခဲ့ရသည်။

ဆရာတော်သည် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ ညောင်ဦးမြို့ မဟာဝိသုတာရာမတိုက်၊ ညောင်တုန်းမြို့ ဒေါ်အုန်းဘော ကျောင်းတိုက်များတွင် စာပေသင်ကြားစဉ် ကျောင်းတိုက်၏ စာချတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မြောင်းမြဆရာတော် ဘုရားကြီး မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်သို့ ကြွရောက်သီတင်းသုံးသည့်အခါ ပဇ္ဇောတာရုံတိုက်၏ ပဓာန နာယက ကျောင်းအုပ်ဆရာတော်အဖြစ် တာဝန်ယူပြီး ကျောင်းတိုက်အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရလေသည်။

ဆရာတော်သည် ၀န်ကြီးချုပ်ဦးနု၏ အစိုးရခေတ်တွင် အိန္ဒိယနိုင်ငံသို့ ကြွရောက် ပညာသင်ကြားပြီး ၆-နှစ်ခန့် နေထိုင်ခဲ့သည်။ နယူးဒေလီတက္ကသိုလ်မှ ဘီအေသက္ကတဂုဏ်ထူးဘွဲ့ကို ရရှိခဲ့ပြီး၊ တော်လှန်ရေး အစိုးရခေတ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။

ဆရာတော်သည် ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ နာဂရီဘာသာရပ်များတွင် ထူးချွန်စွာ တတ်မြောက်ပြီး၊ ယင်းဘာသာရပ်များကို တပည့်ရဟန်းများအား နှစ်ပေါင်းများစွာ ပို့ချ သင်ကြားပေးခဲ့ပါသည်။

မြန်မာနိုင်ငံ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးနှင့် ဒုတိယအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးများတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းကို ခံတော်မူရသည်။ ပထမအကြိမ်အစည်းအဝေး ကြီးအပြီးတွင် ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံတောရ၀ါဒ၊ ကြောင်ပန်းတောရ၀ါဒ၊ လူသေလူဖြစ်ဝါဒ စသော ထေရ၀ါဒသာသနာတော်နှင့် ဆန့်ကျင်သည့် ၀ါဒမျိုးစုံကို နိုင်ငံတော်ဝိနိစ္ဆယခုံရုံးများ ဖွဲ့စည်းပြီး အဓမ္မ၀ါဒများအဖြစ် စိစစ် ဆုံးဖြတ်တော်မူခဲ့ကြပါသည်။ ဆရာတော်သည် အခက်ခဲဆုံးဖြစ်သည့် ဦးဥက္ကဌ၏ လူသေလူဖြစ်ဝါဒကို စိစစ်ကြသည့် ဆရာတော် (၅)ပါးတွင် ပါဝင်ပြီး ဘာသာမျိုးစုံဖြင့် သုံးသပ်ဆုံးဖြတ်တော်မူခဲ့ပါသည်။ ဆရာတော်သည် ဘာသာမျိုးစုံ ကျွမ်းကျင်တတ်မြောက်သဖြင့် ဆရာတော်အား အဓိကဦးဆောင်ဆရာတော်အဖြစ် ရွေးချယ်တော်မူခဲ့ကြခြင်း ဖြစ်၏။

ဆရာတော်သည် မြောင်းမြမြို့ ပဇ္ဇောတာရုံတိုက်တွင် နှစ်ပေါင်း (၄၀)ကျော် နေထိုင်ပြီး သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူခဲ့သည်။ ယင်းကျောင်းတိုက်သည် သာသနာရေးလောကတွင် မသိသူ မရှိသလောက်အောင်ပင် ထင်ရှား ကျော်ကြား လူသိများခဲ့လေသည်။ ရာခိုင်နှုန်း အနည်းငယ်မျှသာ အောင်မြင်နိုင်သည့် ဓမ္မာစရိယ ပါဠိပါရဂူစာမေးပွဲကို ဆရာတော်၏ ကျောင်းတိုက်မှ မြန်မာတနိုင်ငံလုံးတွင် အောင်နှုန်းအများဆုံး စံချိန်တင်ပြီး (၂၄)ပါးအထိ အောင်ပန်းဆင်နိုင်ခဲ့သည်။

ဆရာတော်၏ တပည့်ရဟန်းများသည် မြန်မာနိုင်ငံအနှံ့ သံဃာတော်ပေါင်း မြောက်များစွာဖြင့် စာသင်တိုက်များ တည်ထောင်ပြီး ပရိယတ္တိသာသနာပြုနေသည်မှာ မြို့ကြီးတိုင်းလိုလိုမှာ ရှိကြသည်။ ဆရာတော်သည် ၁၉၈၂-ခုနှစ်တွင် ကမ္ဘာ့သာသနာပြုဆရာတော် အရှင်သေဋ္ဌိလ (အဘိဓဇမဟာရဋ္ဌဂုရု)နှင့်အတူ အင်္ဂလန်နိုင်ငံသို့ ကြွရောက်ပြီး သာသနာပြုခဲ့ရာ ယခုအချိန်ထိပင် ဖြစ်ပေသည်။ လန်ဒန်မြို့ ဗုဒ္ဓ၀ိဟာရမြန်မာဘုန်းကြီးကျောင်းတိုက်ကို စတင် တည်ထောင်ရာတွင် ဦးဆောင်ဆရာတော်တပါးအဖြစ် ပါဝင်ခဲ့၍ ယင်းကျောင်းတွင် သုံးနှစ်ခန့်မျှ သီတင်းသုံးနေထိုင်ခဲ့ပါသည်။

ယခုအခါတွင် ဆရာတော်သည် ဘာမင်ဂန်မြို့နှင့် တဆယ့်ငါးမိုင်ခန့်အကွာရှိ ၀ိုလ်ဗာဟမ်ပ်တန်မြို့တွင် “တိသရဏ”အမည်ရှိသော ကျောင်းကို တည်ထောင်၍ သာသနာပြုလျက်ရှိပါသည်။ အင်္ဂလန်တွင် သီတင်းသုံးနေရင်း ဂျာမဏီ၊ ပြင်သစ်၊ ဆွီဒင်၊ ဆွစ်ဇာလန် စသည့်နိုင်ငံများသို့ ကြွရောက်ပြီး ဓမ္မစာပေသင်တန်းများကို ဖွင့်လှစ်၍ ပရိယတ် ပဋိပတ် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၁၉၉၀-ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပြန်ကြွ၍ အပြန်ခရီးတွင် ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ အမေရိကန်နိုင်ငံများသို့ ကြွရောက်ပြီးလျှင် နှစ်လကျော် တရားဟော တရားသင်တန်းများကို ပေးခဲ့ပါသည်။ ကမ္မဋ္ဌာန်းထိုင်နည်းများကိုလည်း စနစ်တကျ ညွှန်ကြား ပြသခဲ့ပါသည်။

၁၉၉၁-ခုနှစ် ဇန်န၀ါရီလ (၄)ရက် လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရက ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာဂုဏ်များနှင့် ပရိယတ္တိဝိသာရဒစသော ဂုဏ်များကို ကြည်ညိုလေးစားပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ မြောင်းမြမြို့တွင် သီတင်းသုံးသောကြောင့် မြောင်းမြဆရာတော်ဟုလည်းကောင်း၊ အင်္ဂလန်တွင် သီတင်းသုံးသောကြောင့် အင်္ဂလန်ဆရာတော်ဟုလည်းကောင်း ဘွဲ့နာမ တွင်တော်မူသော ကျေးဇူးရှင်ဆရာတော်ဘုရားအား အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို တပည့် တကာ တကာမအပေါင်းတို့က ၀မ်းမြောက် ကြည်နူး အထူးသာဓုခေါ် ပူဇော်အပ်ပါသည်။

(ဆရာတော်သည် ၁၉၉၇-ခုနှစ် ဇွန်လ ၈-ရက်နေ့တွင် အင်္ဂလန်နိုင်ငံ တိသရဏကျောင်း၌ပင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။)

..သူလဲချမ်းသာ.. ..ငါလဲချမ်းသာ.. ..အများချမ်းသာ.. ...လောကချမ်းသာ...