Thursday, February 4, 2010

စိတ်ကို ခွဲခြား ဝေဖန်ခြင်း (၂) - ကိစ္စသင်္ဂဟ


စိတ်ရဲ့ သဘောတရားလေးက ဒီစိတ်ပြီး ဟိုစိတ်၊ ဟိုစိတ်ပြီး နောက်စိတ်၊ နောက်စိတ်ပြီး နောက်စိတ် ဖြစ်နေကြတာပဲ။ ဒါ စိတ္တနိယာမတရားပဲ။

အဲဒီလို ဖြစ်တဲ့အခါမှာ မိမိဆိုင်ရာကိစ္စကို ဆောင်ရွက်ပြီးတော့၊ ဖြစ်ပြီးရင် ချုပ်လိုက်၊ နောက်စိတ်တစ်ခုက သူ့နေရာမှာ ဖြစ်၊ ချုပ်လိုက်၊ နောက်စိတ်တစ်ခုက ဖြစ်လိုက်၊ အဲဒီလိုချည်း သွားနေတာပဲ။ အဲဒါ ဘယ်ထိအောင် သွားနေမှာလဲဆိုရင် ရဟန္တာဖြစ်ပြီးတော့ ပရိနိဗ္ဗာန်ပြုသည့်တိုင်အောင် တစ်သံသရာလုံးမှာ သွားနေမှာ။ ဘဝတွေသာ ပြောင်း, ပြောင်းသွားမယ်။ ဒီစိတ်တွေ ဖြစ်တာကတော့ တစ်ခုပြီး တစ်ခု ဆက်နေမှာပဲ။ ဒီဘဝပြီး နောက်ဘဝ ကြားမှာ ခြားနေဦးမယ်လို့ ဘာမှ မရှိဘူး။ တစ်ဘဝပြီး တစ်ဘဝ၊ တစ်ဘဝပြီး တစ်ဘဝ သူ့ဟာသူ ဆက်သွားမှာပဲ။

ဒီဘက်အပိုင်းလေးကို ဒီဘဝလို့ ခေါ်လိုက်တယ်။ ဟိုဘက်အပိုင်း ရောက်သွားတော့ နောက်ဘဝလို့ ခေါ်လိမ့်မယ်။ နောက်တစ်ခါ ဟိုဘက်ကျတော့ နောက်ဘဝလို့ တစ်ခါ ခေါ်ဦးမယ်။ ဒီလို ခေါ်သွားတာပဲ။ အမှန်ကတော့ စိတ္တက္ခဏ တစ်ချက်ကလေးပဲ ကွဲခြားမှု ရှိတာ။

ဒါကြောင့် ဦးဇင်းက ဘာနဲ့ ဥပမာပေးပြီး ပြောလေ့ရှိသလဲဆိုရင် ဟို December 31st Midnight နဲ့ ဥပမာပေးပြီး ပြောလေ့ရှိတယ်။
Midnight ကိုလွန်သွားရင် ရက်သစ်, လသစ်, နှစ်သစ် ဖြစ်သွားပြီ။

ဘာထူးလဲ?

တစ်စက္ကန့်လေး တစ်မိနစ်လေး ထူးတာနော်။ ဘာမှ ထူးတာ မဟုတ်ဘူး။ အမှန်ကတော့ ဟိုဘက်ကျတော့ ဦးဇင်းတို့က လူတွေက သမုတ်ထားတာဟေ့ နှစ်သစ်ဟေ့၊ မကြာခင် ဒါက ဒီဇင်ဘာလကနေ ဇန်နဝါရီကူးသွားပြီဟေ့နော်။ ဘာရက်ကနေ ဘာရက်ရောက်သွားပြီ ပြောနေကြတာ၊ အမှန်ကတော့ တကယ်ကြည့်လိုက်ရင် ဘာမှ မဟုတ်ဘူး။

ဒါကြောင့်မို့ ဘဝတစ်ခုဆိုတာလည်း ဒီအတိုင်းသွားတာပဲ။ လူတွေက သမုတ်ထားတယ်။

ဒါက ဘဝတစ်ခု၊ ဟိုဘက်ကျတော့ ဘဝတစ်ခု။ အဲဒီလို သမုတ်ထားတော့ အဲဒီအတိုင်းပဲ နားလည်နေကြတယ်။ အမှန်ကတော့ ဒီအစဉ်အတန်းကြီးဟာ သွားနေတာပဲ။ တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခုပဲ။

အဲဒီ သွားနေတဲ့ဟာကို ဖြတ်ဖို့ ဗုဒ္ဓဘာသာက ကြိုးစားတာ။ ရပ်အောင်လုပ်ဖို့၊ ပျောက်သွားအောင်လုပ်ဖို့ ကြိုးစားတာ။

(အရှင်သီလာနန္ဒာဘိဝံသ)


+++++


၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် စနေနေ့၊ လောကချမ်းသာဘုရားကျောင်း၊ အဘိဓမ္မာသင်တန်းတွင် အပတ်စဉ် ၁၇ သင်တန်းကို ဆက်လက် သင်ကြားပို့ချရာ စိန်စည်ဆရာတော်က စိတ်ယှဉ် စေတသိက်ယှဉ်တို့ကို ကျေညက်စေရန် ရှေးဦးစွာ လင်္ကာများဖြင့် ပြန်လည် သင်ကြားပေး၏။



အကုသိုလ်စေတသိက် သမ္ပယောဂနည်း

လောရှစ် ဒေါနှစ်၊ မောဟနှစ်၊ ဆယ့်နှစ် အကုစိတ်။
ဒေါမောလေးဖြာ၊ လောသုံးဖြာ၊ ကိစ္ဆာ ထိနမိဒ်။
အကုသိုလ်မှာ၊ ဆယ့်လေးဖြာ၊ ယှဉ်တာ စေတသိက်။

ဒေါလေး ဒေါနှစ်၊ မောဆယ့်နှစ်၊ လောဖြစ် လောဘမူ။
သမ္ပယုတ်တွင်၊ ဒိဋ္ဌိယှဉ်။ ဝိတွင် မာနယူ။
ထိန မိဒ္ဓါ၊ သသင်္ခါ၊ ကိစ္ဆာ ကိစ္ဆယူ။
အကုသလ၊ သမ္ပယောဂ၊ မှတ်ကြ လွယ်တကူ။


+++++


သောဘနစေတသိက် သမ္ပယောဂနည်း

သဒ္ဓါ သတိ၊ ဟိရီ သြတ္တပ္ပ၊ အလောဘ၊ မဇ္ဈတ္တ အဒေါသာ။
ပဿဒ္ဓိ လဟု၊ မုဒု ကမ္မည၊ ပါဂုည၊ နှစ်ဝ ဥဇုကာ။
ကာယ စိတ္တ၊ ဤခြောက်ဝ၊ ယှဉ်က ဆယ့်နှစ်ဖြာ။
သောဘဏသာဓာရဏ၊ ဆယ့်ကိုးဝ၊ ယှဉ်ကြ သောဘဏစိတ်တိုင်းမှာ။

ဝါစာ ကမ္မန္တ၊ အာဇီဝ၊ နှစ်ဝ ပမညာ။
နှစ်ဆယ့်ငါးထွေ၊ ပညိနြေ္ဒ၊ မှတ်လေ သောဘဏာ။

လောကုတ်ရှစ်ဖြာ၊ ကုမဟာ၊ ယှဉ်တာ ဝိရတီ။
ဝိရတီမှာ၊ ကုမဟာ၊ ရှစ်ဖြာ လောကုတ်တည်း။
သီးသီးရံခါ၊ ကုမဟာ၊ ကုတ်မှာ မြဲပေါင်းတည်း။

မဟာကုရှစ်၊ ကြိယာရှစ်၊ ဆယ့်နှစ် ရူပါသောမနဿာ။
သီးသီးရံခါ၊ ကရုဏာ၊ ယှဉ်တာ မုဒိတာ။

ကေစိဆရာတို့၏ အယူ
မဟာကုသော၊ ကြိယာသော၊ ရူသော ပေါင်းနှစ်ဆယ်။
သီးသီးရံခါ၊ ပမညာ၊ ယှဉ်တာ တချို့ဆရာဆိုလေတယ်။


+++++


ပကိဏ်းစေတသိက် သမ္ပယောဂနည်း

ငါးဆယ့်ငါးတွင်၊ ဝိတက်ယှဉ်၊ မယှဉ် ခြောက်ခြောက်ထား။

ခြောက်ဆယ့်ခြောက်တွင်၊ ဝိစာယှဉ်၊ မယှဉ် ငါးဆယ့်ငါး။

ခွန်ရှစ်စိတ်တွင်၊ ဓိမောက်ယှဉ်၊ မယှဉ် ဆယ့်တစ်ပါး။

ခွန်သုံးစိတ်တွင်၊ ဝိရိယှဉ်၊ မယှဉ် ဆယ့်ခြောက်ပါး။

ငါးဆယ့်တစ်တွင်၊ ပီတိယှဉ်၊ မယှဉ် ခုနစ်ဆယ်ထား။

ခြောက်ဆယ့်ကိုးတွင်၊ ဆန္ဒယှဉ်၊ မယှဉ် နှစ်ဆယ်ပါး။


ငါးဆယ့်ငါးတွင်၊ ဝိတက်ယှဉ်၊ မယှဉ် ခြောက်ခြောက်ထား။
ဒွေးပဉ္စဖယ်၊ ကာမနယ်၊ စိတ်ဝယ် လေးလေးထား။
ပဈာန်ဆယ့်တစ်ပါး၊ ဝိတက်ကား၊ ယှဉ်ငြား ငါးဆယ့်ငါး။


+++++


ကိစ္စသင်္ဂဟ

ကိစ္စသင်္ဂဟမှာ စိတ် ၈၉ ပါး သို့မဟုတ် ၁၂၁ ပါးကို သူတို့၏ လုပ်ငန်း ကိစ္စအလိုက် ခွဲခြမ်း ဝေဖန်ခြင်း ဖြစ်၏။

ကိစ္စအားလုံးပေါင်း ၁၄ ပါး ရှိ၏။

၁။ ပဋိသန္ဓေကိစ္စ (ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ပေးခြင်းကိစ္စ)
၂။ ဘဝင်ကိစ္စ (ဘဝ၏အစိတ်အပိုင်း၊ ဘဝကို တည်ရှိနေအောင် လုပ်ပေးခြင်းကိစ္စ)
၃။ အာဝဇ္ဇနကိစ္စ (အာရုံဘက်သို့ စိတ်ကို လှည့်ပေးခြင်းကိစ္စ)
၎။ ဒဿနကိစ္စ (မြင်ခြင်းကိစ္စ)
၅။ သဝနကိစ္စ (ကြားခြင်းကိစ္စ)
၆။ ဃာယနကိစ္စ (နမ်းရှူခြင်းကိစ္စ)
၇။ သာယနကိစ္စ (အရသာသိခြင်းကိစ္စ)
၈။ ဖုသနကိစ္စ (တွေ့ထိခြင်းကိစ္စ)
၉။ သမ္ပဋိစ္ဆနကိစ္စ (လက်ခံခြင်းကိစ္စ)
၁၀။ သန္တီရဏကိစ္စ (စုံစမ်းခြင်းကိစ္စ)
၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စ (ဆုံးဖြတ်ခြင်းကိစ္စ)
၁၂။ ဇဝနကိစ္စ (အရှိန်အဟုန်နှင့်ဖြစ်ခြင်းကိစ္စ)
၁၃။ တဒါရမ္မဏကိစ္စ (ဇော၏အာရုံကို ယူပြီး နောက်က ကပ်လိုက် ဖြစ်ခြင်းကိစ္စ)
၁၄။ စုတိကိစ္စ (ရွေ့လျောခြင်းကိစ္စ)


+++++


တဒါရမ္မဏကိစ္စ

တဒါရမ္မဏ=တဒါရုံကို မြန်မာလို တိုက်ရိုက်ပြန်က ‘ထိုအာရုံရှိသောစိတ်’ဟု အဓိပ္ပာယ် ရ၏။

ထိုအာရုံရှိသောစိတ်ဆိုသည်မှာ ဇောအာရုံအတိုင်း လိုက်ယူပြီး ဇောနောက်က ကပ်လိုက်တတ်သော စိတ်မျိုးကို ခေါ်၏။

လှေ၏ နောက်က နည်းနည်းလေး ကပ်လိုက်သော ရေကဲ့သို့လည်းကောင်း၊ သရက်ပင်အောက် အိပ်သောသူ သရက်သီးကို စားပြီးနောက် ပါးစပ်ထဲ ကျန်ရစ်သည့် အကပ်အသတ်ကလေးများကို မျိုချသကဲ့သို့လည်းကောင်း ဥပမာ ပေး၏။


စုတိကိစ္စ

စုတိကို မြန်မာလို တိုက်ရိုက် အနက်ပြန်က ရွေ့လျောခြင်းဟု အဓိပ္ပာယ်ရ၏။ ဘဝတစ်ခုမှ ရွေ့လျောကျသွားခြင်း ဖြစ်၏။ သေခြင်းကို ဆိုလို၏။

စုတိသည် တစ်ဘဝ၏ နောက်ဆုံးစိတ် ဖြစ်ပြီး၊ တဖန် ကာလမခြားဘဲ တခြား ဘဝ၌ ပဋိသန္ဓေသွားဖြစ်၏။ စိတ်အစဉ်အားဖြင့် ကာလမခြား ဖြစ်သော်ငြားလည်း လူ့ဘဝက နတ်ဘဝ၊ တိရစ္ဆာန်ဘဝ စသည်ဖြစ်က ဘဝအားဖြင့် အကွာကြီး ကွာခြားသွားတော့၏။


+++++


ဌာန ၁၀ ပါး

ကိစ္စပြုလုပ်ရာ အလွန်တိုတောင်းသော ကာလ ခဏလေးကို ဌာနဟု ခေါ်၏။
ကိစ္စက လုပ်ငန်းဖြစ်ပြီး၊ ဌာနက လုပ်ငန်းပြုရာ ကာလကလေး ဖြစ်၏။

မြင်ခြင်း၊ ကြားခြင်း၊ နမ်းရှူခြင်း၊ အရသာသိခြင်း၊ တွေ့ထိခြင်း ကိစ္စ ၅-ခုမှာ ဌာနအားဖြင့် တစ်ခုတည်း ဖြစ်၏။ ပဉ္စဝိညာဏ်ဌာနဟု ခေါ်၏။ ထို့ကြောင့် ဌာန ၁၀ ပါးသာ ရှိ၏။

၁။ ပဋိသန္ဓေဌာန
၂။ ဘဝင်ဌာန
၃။ စုတိဌာန
၎။ အာဝဇ္ဇနဌာန
၅။ ပၪၥဝိညာဏ္ဌာန
၆။ သမၸဋိစၧနဌာန
၇။ သႏၲီရဏဌာန
၈။ ဝေါဋ္ဌဗ္ဗနဌာန
၉။ ဇဝနဌာန
၁၀။ တဒါရမ္မဏဌာန


+++++


ကိစ္စတပ် စိတ်အရေအတွက်

ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စတပ်သော စိတ် = ၁၉ ပါး
(သန္တီရဏဥပေက္ခာ ၂+ကာမာဝစရသောဘနဝိပါက် ၈+မဟဂ္ဂုတ်ဝိပါက် ၉)
ဤစိတ် ၁၉ ပါးတို့မှာ ဝိပါက်စိတ်များ ဖြစ်၏။

အာဝဇ္ဇနကိစ္စတပ်သော စိတ် = ၂ ပါး
(ပဉ္စဒွါရာဝဇ္ဇနစိတ်၊ မနောဒွါရာဝဇ္ဇနစိတ်)

ဒဿနကိစ္စတပ်သော စိတ် = ၂ ပါး (စက္ခုဝိညာဏ်ဒွေး)

သဝနကိစ္စတပ်သော စိတ် = ၂ ပါး (သောတဝိညာဏ်ဒွေး)

ဃာယနကိစ္စတပ်သော စိတ် = ၂ ပါး (ဃာနဝိညာဏ်ဒွေး)

သာယနကိစ္စတပ်သော စိတ် = ၂ ပါး (ဇိဝှါဝိညာဏ်ဒွေး)

ဖုသနကိစ္စတပ်သော စိတ် = ၂ ပါး (ကာယဝိညာဏ်ဒွေး)

သမ္ပဋိစ္ဆနကိစ္စတပ်သော စိတ် = ၂ ပါး (သမ္ပဋိစ္ဆိုင်းဒွေး)

သန္တီရဏကိစ္စတပ်သော စိတ် = ၃ ပါး (ဥပေက္ခာသန္တီရဏစိတ် ၂+သောမနဿသန္တီရဏစိတ် ၁)

ဝေါဋ္ဌဗ္ဗနကိစ္စတပ်သော စိတ် = ၁ ပါး (မနောဒွါရာဝဇ္ဇန်း)

မနောဒွါရာဝဇ္ဇန်းသည် အာရုံကို ဆင်ခြင်ပေးသောအခါ အာဝဇ္ဇန်းကိစ္စတပ်၏။ အာရုံကို ဆုံးဖြတ်ပေးသောအခါတွင်မူ ဝုဋ္ဌောကိစ္စ တပ်သည်။
အာရုံကို ဆုံးဖြတ်ပေးခြင်း ကိစ္စတပ်သောအခါ မြင်၊ ကြား၊ နံ၊ စား၊ ထိ ငါးဒွါရမှာ ဖြစ်၏။ (ပဉ္စဒွါရ၌ အာရုံကို ဆင်ခြင်ခြင်းကိစ္စကို ပဉ္စဒွါရာဝဇ္ဇန်းက ဆောင်ရွက်၏။)
အာရုံကို ဆင်ခြင်ပေးသောအခါ မနောဒွါရမှာ ဖြစ်၏။

ဇောကိစ္စတပ်သော စိတ် = ၅၅ ပါး

အာဝဇ္ဇန်း ၂-ခုမှတပါး ကုသိုလ်၊ အကုသိုလ်၊ ဖိုလ်၊ ကြိယာ စိတ်များသည် ဇောကိစ္စတပ်၏။
(အကုသိုလ်စိတ် ၁၂+ အာဝဇ္ဇန်း ၂-ခု မပါ အဟိတ်ကြိယာ ၃-ပါး မှ ဟသိတုပ္ပါဒ် ၁+ မဟာကုသိုလ် ၈+ မဟာကြိယာ ၈+ ရူပါဝစရကုသိုလ် ၅+ ရူပါဝစရကြိယာ ၅+ အရူပါဝစရကုသိုလ် ၄+ အရူပါဝစရကြိယာ ၄+ လောကုတ္တရာကုသိုလ် ၄+ လောကုတ္တရာဖိုလ် ၄=၅၅)

ဝီထိများတွင် ဇောဖြစ်ပြီဆိုက ဤ ၅၅ ပါးထဲက တစ်ခုခု ဖြစ်တော့၏။

မြင်စရာအာရုံတစ်ခုကို မြင်ပြီး နှစ်သက် စွဲလမ်း တွယ်တာသွားက အကုသိုလ် လောဘမူစိတ် တစ်ခုခု ဇောကိစ္စတပ်၏။ ဇော ၇-ကြိမ် ဖြစ်၏။
မိမိ မမြင်ချင်သော အာရုံကို မြင်လိုက်ရ၍ စိတ်ဆိုးသွားက ဒေါသမူ နှစ်ခုအနက် တစ်ခုခု ဖြစ်၏။
တွေဝေမှု သို့မဟုတ် သံသယဖြစ်မှု ဖြစ်က မောဟမူစိတ် နှစ်ခုအနက် တစ်ခုခု ဇောကိစ္စတပ်၏။
ကြိယာဇောများမှာ ဘုရား ရဟန္တာများနှင့်သာ ဆိုင်၏။

စုတိမဖြစ်ခင် ဖြစ်သော ဇောကို မရဏာသန္နဇောဟု ခေါ်၏။ ထိုအချိန်တွင် ဟဒယဝတ္ထုတို့ အားနည်းနေပြီဖြစ်ရာ ဇောစိတ် ၇ ကြိမ် မဖြစ်နိုင်တော့ဘဲ ၅ ကြိမ်သာ စောတော့၏။ ထိုဇော၏ အဆုံး၌ စုတိ ဖြစ်၏၊ သို့မဟုတ် ဇော၊ နောက် တဒါရုံ ၂-ခုလိုက်ပြီး စုတိဖြစ်၏။ သို့မဟုတ် ဇော နောက် ဘဝင်ဖြစ်ပြီး စုတိဖြစ်၏။ ဤသို့ ဝီထိအမျိုးမျိုး ရှိ၏။


တဒါရုံကိစ္စတပ်သော စိတ် = ၁၁ ပါး
(ဥပေက္ခာသန္တီရဏ ၂+ သောမနဿသန္တီရဏ ၁+ မဟာဝိပါက် ၈)


+++++


၁-ကိစ္စတပ်သော စိတ် = ၆၈
၂-ကိစ္စတပ်သော စိတ် = ၂
၃-ကိစ္စတပ်သော စိတ် = ၉
၎-ကိစ္စတပ်သော စိတ် = ၈
၅-ကိစ္စတပ်သော စိတ် = ၂


+++++


လောကချမ်းသာ စနေနေ့တရားပွဲကို စိန်စည်ဆရာတော်က “အကိတ္တိဇာတ်တရားတော်” သို့မဟုတ် “ဘာဆုတောင်းမလဲတရားတော်” အဆက်ကို ဟောကြားသွား၏။



အကိတ္တိရှင်ရသေ့၏ ပထမနှင့် ဒုတိယ ဆုတောင်းများကို လင်္ကာများဖြင့် မှတ်သားဖွယ် စိတ်ဝင်စားဖွယ် ရှင်းလင်း ဟောပြသွား၏။

လောဘမဖြစ်ခြင်း ဆု

ဇနီးမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ အဖြာဖြာ၊ တွယ်တာတတ်တဲ့ လောဘတွေ
ငါ၏ကိုယ်မှာ၊ တကယ်ပါ၊ ဘယ်ခါ မဖြစ်ပါစေ။
ဤသည့်ဆုများ၊ အို သိကြား၊ ငါ့အား ပေးပါလေ။
လောဘဖြစ်လာ၊ မချမ်းသာ၍၊ ဖြစ်လာလောဘ၊ အနိုင်ရအောင်
လောဘကင်းစင်၊ ဘုရားရှင်ကို၊ ငါလျှင် ရှိခိုးပါသတည်း။


ဒေါသမဖြစ်ခြင်း ဆု

လယ်ယာမိုးမြေ၊ ရွှေငွေကျွဲနွား၊ အစားစား၊ ပျက်ပြားစေတဲ့ ဒေါသတွေ
ငါ၏ကိုယ်မှာ၊ တကယ်ပါ၊ ဘယ်ခါ မဖြစ်ပါစေ။
ဤသည့်ဆုများ၊ အို သိကြား၊ ငါ့အား ပေးပါလေ။
ဒေါသဖြစ်လာ၊ မချမ်းသာ၍၊ ဖြစ်လာဒေါသ၊ အနိုင်ရအောင်
ဒေါသကင်းစင်၊ ဘုရားရှင်ကို၊ ငါလျှင် ရှိခိုးပါသတည်း။


တရားပွဲပြီးသောအခါ စိန်စည်ဆရာတော်နှင့် တရားနာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများက ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေကြသူ ဟေတီနိုင်ငံသူ နိုင်ငံသားများအတွက် အလှူငွေများ စုပေါင်း လှူဒါန်းကြပြီး၊ ကုသိုလ်အစုစု မြတ်ကောင်းမှုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

No comments: