Wednesday, February 24, 2010

စိတ်ကို ခွဲခြား ဝေဖန်ခြင်း (၅) - ဝတ္ထုသင်္ဂဟ


၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် ပြုလုပ်ရာ (၂၁)ပတ်မြောက် ပို့ချချက် ပကိဏ်းပိုင်းမှ ဝတ္ထုသင်္ဂဟအကြောင်းကို သင်ကြား လေ့လာကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က ဝတ္ထုသင်္ဂဟအကြောင်း အနှစ်ချုပ် ရှင်းပြပြီး ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း သင်ကြား ပို့ချချက်ကို နာယူ သင်ယူ လေ့လာ မှတ်သားကြရသည်။

+++++

ဝတ္ထုသင်္ဂဟ

ဝတ္ထု = မှီရာ တည်ရာ

အိမ်သည် လူ၏ မှီရာ တည်ရာ ဖြစ်သကဲ့သို့ စိတ်၏ တည်ရာ မှီရာအဖြစ် ‘ဝတ္ထု’ဟု ခေါ်ဆိုခြင်း ဖြစ်၏။

ဝတ္ထု ၆ မျိုး

စက္ခုဝတ္ထု = စက္ခုပသာဒ (မျက်စိအကြည်ဓာတ်)
သောတဝတ္ထု = သောတပသာဒ (နားအကြည်ဓာတ်)
ဃာနဝတ္ထု = ဃာနပသာဒ (နှာခေါင်းအကြည်ဓာတ်)
ဇိဝှါဝတ္ထု = ဇိဝှါပသာဒ (လျှာအကြည်ဓာတ်)
ကာယဝတ္ထု = ကာယပသာဒ (ကိုယ်အကြည်ဓာတ်)
ဟဒယဝတ္ထု = နှလုံးသွေး [အစဉ်အလာ အယူ]

+++++

ဝတ္ထု ၆ ပါးနှင့် ၃၁ ဘုံ

ကာမ ၁၁ ဘုံ (အပါယ် ၄ + လူ ၁ + နတ် ၆) တွင် ဝတ္ထုရုပ် ၆ ပါးစလုံး ရနိုင်၏။

အသညသတ်ကြဉ်သော ရူပဘုံ ၁၅ ဘုံ၌ ‘စက္ခု’၊ ‘သောတ’၊ ‘ဟဒယ’ ဝတ္ထု သုံးပါးသာ ရ၏။
(ဗြဟ္မာကြီးများတွင် နှာခေါင်း၊ လျှာ၊ ကိုယ် အသီးသီး ရှိကြသော်လည်း ပသာဒ အကြည်ဓာတ် မရှိ၍ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု မရှိဟု ဆိုသည်။ အနံ့အာရုံ, အရသာအာရုံ, အထိအတွေ့အာရုံတို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မဖြစ်ရန် ဤပသာဒများကို မလိုချင်၍ ဖြစ်သည်ဟု ဆို၏။)

အသညသတ်ရူပဘုံမှာ မှီမည့် တည်မည့် စိတ်မရှိ၍ ဝတ္ထု မရ။

အရူပ ၄ ဘုံ၌ မှီစရာ တည်စရာ ရုပ်မရှိ၍ ဝတ္ထု မရ။

+++++

ဝတ္ထု ၆ ပါးနှင့် စိတ် ၈၉ ပါး

စက္ခုဝတ္ထုကို မှီသော စိတ် = စက္ခုဝိညာဏ်စိတ် ၂ ပါး

သောတဝတ္ထုကို မှီသော စိတ် = သောတဝိညာဏ်စိတ် ၂ ပါး

ဃာနဝတ္ထုကို မှီသော စိတ် = ဃာနဝိညာဏ်စ်တ် ၂ ပါး

ဇိဝှါဝတ္ထုကို မှီသော စိတ် = ဇိဝှါဝိညာဏ်စိတ် ၂ ပါး

ကာယဝတ္ထုကို မှီသော စိတ် = ကာယဝိညာဏ်စိတ် ၂ ပါး

ဟဒယဝတ္ထုကို အမြဲမှီသော စိတ် = ဒေါသမူ ၂ + မနောဓာတ် ၃ + သန္တီရဏ ၃ + ဟသိတုပ္ပါဒ် ၁ + မဟာဝိပါက် ၈ + ရူပါဝစရ ၁၅ + သောတာပတ္တိမဂ် ၁ (စုစုပေါင်း ၃၃ ပါး)

ဟဒယဝတ္ထုကို ရံခါမှီသော စိတ် = လောဘမူ ၈ + မောဟမူ ၂ + မနောဒွါရာဝဇ္ဇန်း ၁ + မဟာကုသိုလ် ၈ + မဟာကြိယာ ၈ + အရူပကုသိုလ် ၄ + အရူပကြိယာ ၄ + သောတာပတ္တိမဂ်,မပါ ကျန်သော လောကုတ္တရာစိတ် ၇ (စုစုပေါင်း ၄၂ ပါး)

ဝတ္ထုမမှီသော စိတ် = အရူပဝိပါက် ၎

+++++

ဟဒယဝတ္ထုကို အမြဲမှီ ရံခါမှီ ခွဲခြားခြင်း

အမြဲမှီ = အရူပါဝစရဘုံမှာ မဖြစ်နိုင်သောစိတ်၊ ကာမဘုံ ရူပဘုံမှာသာ ဖြစ်နိုင်သောစိတ်သည် ဟဒယဝတ္ထုကို အမြဲမှီ၏။

ဒေါသမူဒွေး - ဗြဟ္မာဘုံတွင် ဖြစ်ကို မဖြစ်။ အရူပဘုံမှာ မဖြစ်။
မနောဓာတ် ၃ ပါး - ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးတို့သည် ၅-ဒွါရမှာသာ ဖြစ်၏။ မနောဒွါရမှာ မဖြစ်။ အရူပဘုံမှာ မဖြစ်။
သန္တီရဏ ၃ ပါး - ဒွါရအားဖြင့် ကိစ္စအားဖြင့် အရူပဘုံမှာ သန္တီရဏနှင့် ပတ်သက်တာ မရှိ။ ပဉ္စဒွါရမှာ ဖြစ်၊ မနောဒွါရမှာ ဖြစ်သော်လည်း အထူးသဖြင့် ပဉ္စဒွါရမှာ ဖြစ်၏။ အရူပဘုံမှာ မဖြစ်။
ဟသိတုပ္ပါဒ် - အရူပဘုံတွင် ရုပ်မရှိ၍ မပြုံးနိုင်။ ကာမဘုံ ရူပဘုံမှာသာ ဖြစ်နိုင်၏။ အရူပဘုံမှာ မဖြစ်။
မဟာဝိပါက် ၈ ပါး - ကာမာဝစရဘုံမှာသာ ဖြစ်၏။
ရူပါဝစရ ၁၅ - ရူပါဝစရဘုံနှင့် ကာမာဝစရဘုံမှာသာ ထိုက်သည့်အားလျော်စွာ ဖြစ်၏။ အရူပဘုံမှာ မဖြစ်။
သောတာပတ္တိမဂ် - (ဘုရားနှင့် ပစ္စေကဗုဒ္ဓါများမှ လွဲ၍) သောတာပတ္တိမဂ်ရဖို့ရန် အကြောင်းများအနက် တစ်ခုမှာ ‘ပရတော ဃောသ’ ခေါ် သူတစ်ပါးဆီက တရားနာရမှ တရားအားထုတ်ပြီး သောတာပန်ဖြစ်နိုင်ရာ အရူပဘုံ၌ ပုထုဇဉ်အဖြစ် ရောက်သွားက တရားနာစရာ နားမရှိသဖြင့် သောတာပတ္တိမဂ် မဖြစ်နိုင်။ (ရပ်ပြစ် ၈ ပါး၌ အရူပါဝစရဘုံ ပါ၏။) လူ့ပြည်တွင် သောတာပတ္တိမဂ်ရပြီး အရူပဗြဟ္မာဖြစ်သော်မူ ဆက်ပြီး တရားအားထုတ်က မဂ်ဉာဏ်အဆင့်ဆင့် တက်ကာ ရဟန္တာဖြစ်နိုင်၏။)

ရံခါမှီ = အရူပဘုံမှာလည်း ဖြစ်၊ ကာမဘုံ ရူပဘုံမှာလည်း ဖြစ်သောစိတ်သည် ဟဒယဝတ္ထုကို ရံခါမှီသည်ဟု ဆိုရ၏။ ကာမဘုံ, ရူပဘုံတို့၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၏၊ အရူပဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မမှီ။
လောဘမူ ၈၊ မောဟမူ ၂၊ မနောဒွါရာဝဇ္ဇန်း ၁၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ သောတာပတ္တိဖိုလ်မှ အရဟတ္တဖိုလ်တိုင် လောကုတ္တရာ ၇၊ စုစုပေါင်း ၄၂ ပါးသော စိတ်များမှာ ကာမာဝစရဘုံ ရူပါဝစရဘုံမှာ ဖြစ်သောအခါ ဟဒယဝတ္ထုကို မှီ၏။ အရူပါဝစရဘုံမှာ ဖြစ်သောအခါ ဟဒယဝတ္ထုကို မမှီ။

အရူပါဝစရဝိပါက်စိတ် ၄ ခုမှာ အရူပါဝစရဘုံမှာသာ ဖြစ်သောကြောင့် မှီစရာ ဝတ္ထု လုံးဝ မရှိ။
အရူပါဝစရစိတ် ၁၂ ခုအနက် အရူပါဝစရကုသိုလ်စိတ် ၄ ခုသည် လူ့ပြည်မှာ ဖြစ်နိုင် ရနိုင်၏။ အရူပါဝစရကြိယာစိတ် ၄ ခုလည်း လူ့ပြည်မှာ ဖြစ်နိုင်၏။
အရူပါဝစရဝိပါက်စိတ် ၄ ခုမှာ လူ့ပြည်, နတ်ပြည်, ရူပါဝစရဗြဟ္မာ့ပြည်တို့မှာ မဖြစ်နိုင်၊ အရူပါဝစရဗြဟ္မာ့ပြည်မှာသာ ဖြစ်နိုင်၏။

+++++

စက္ခုဝိညာဏ်စိတ်တစ်ခုဖြစ်ရန် မြင်ကြောင်း စက္ခုဝတ္ထု စက္ခုပသာဒ၊ မြင်စရာ အာရုံ ရူပါရုံ၊ အလင်းရောင်၊ နှလုံးသွင်းမှု မနသိကာရတို့ လို၏။

သောတဝိညာဏ်စိတ်တစ်ခုဖြစ်ရန် ကြားကြောင်း သောတဝတ္ထု၊ ကြားစရာ အသံ၊ အာကာသ၊ နှလုံးသွင်းမှုတို့ လို၏။

ထို့အတူ -
ဃာနဝိညာဏ်စိတ်တစ်ခုဖြစ်ရန် ဃာနပသာဒ၊ ဂန္ဓာရုံ၊ ဝါယောဓာတ်၊ မနသိကာရ၊
ဇိဝှါဝိညာဏ်စိတ်တစ်ခုဖြစ်ရန် ဇိဝှါပသာဒ၊ ရသာရုံ၊ အာပေါဓာတ်၊ မနသိကာရ၊
ကာယဝိညာဏ်စိတ်တစ်ခုဖြစ်ရန် ကာယပသာဒ၊ ဖောဋ္ဌဗ္ဗာရုံ၊ ထဒ္ဓပထဝီ၊ မနသိကာရတို့ လို၏။

ထို့ကြောင့် ဒွေးပဉ္စဝိညာဏ် ၁၀ ပါးသည် ဝတ္ထုရုပ် ၅-ပါးကို ထိုက်သည့် အားလျော်စွာ မှီ၏။
ကျန်စိတ်များမှာ ဟဒယဝတ္ထုကို ရံခါ မှီ၏။ အမြဲ မှီ၏။

+++++

အပြန်အားဖြင့် စိတ်များ၏ မှီရာဝတ္ထုကို ဆိုသော် -

လောဘမူစိတ် ၈ ခုသည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
ဒေါသမူစိတ် ၂ ခုသည် ဟဒယဝတ္ထုကို အမြဲ မှီ၏။
မောဟမူစိတ် ၂ ခုသည် ဟဒယဝတ္ထုကို ရံခါ မှီ၏။

စက္ခုဝိညာဏ်စိတ် ၂ ခုသည် စက္ခုဝတ္ထုကို မှီ၏။
သောတဝိညာဏ်စိတ် ၂ ခုသည် သောတဝတ္ထုကို မှီ၏။
ဃာနဝိညာဏ်စိတ် ၂ ခုသည် ဃာနဝတ္ထုကို မှီ၏။
ဇိဝှါဝိညာဏ်စိတ် ၂ ခုသည် ဇိဝှါဝတ္ထုကို မှီ၏။
ကာယဝိညာဏ်စိတ် ၂ ခုသည် ကာယဝတ္ထုကို မှီ၏။
သမ္ပဋိစ္ဆိုင်းစိတ် ၂ ခုသည် ဟဒယဝတ္ထုကို အမြဲ မှီ၏။
သန္တီရဏစိတ် ၃ ခုသည် ဟဒယဝတ္ထုကို အမြဲ မှီ၏။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဟဒယဝတ္ထုကို အမြဲ မှီ၏။
ဟသိတုပ္ပါဒ်သည် ဟဒယဝတ္ထုကို အမြဲ မှီ၏။

မဟာကုသိုလ်စိတ် ၈ ပါးသည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
မဟာဝိပါက်စိတ် ၈ ပါးသည် ဟဒယဝတ္ထုကို အမြဲ မှီ၏။
မဟာကြိယာစိတ် ၈ ပါးသည် ဟဒယဝတ္ထုကို ရံခါ မှီ၏။

ရူပါဝစရစိတ် ၁၅ ခုသည် ဟဒယဝတ္ထုကို အမြဲ မှီ၏။

အရူပါဝစရကုသိုလ်စိတ် ၄ ခုသည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
အရူပါဝစရဝိပါက်စိတ် ၄ ခုသည် မည်သည့်ဝတ္ထုမှ မမှီ။
အရူပါဝစရကြိယာစိတ် ၄ ခုသည် ဟဒယဝတ္ထုကို ရံခါ မှီ၏။

သောတာပတ္တိမဂ်စိတ်သည် ဟဒယဝတ္ထုကို အမြဲ မှီ၏။
သောတာပတ္တိဖိုလ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
သကဒါဂါမိမဂ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
သကဒါဂါမိဖိုလ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
အနာဂါမိမဂ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
အနာဂါမိဖိုလ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
အရဟတ္တမဂ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။
အရဟတ္တဖိုလ်စိတ်သည် ဟဒယဝတ္ထုကို ရံခါ မှီ၏။

+++++

ဝိညာဏဓာတ် ၇ ပါး

၁။ စက္ခုဝိညာဏဓာတ် - စက္ခုဝိညာဏ်စိတ် ၂
၂။ သောတဝိညာဏဓာတ် - သောတဝိညာဏ်စိတ် ၂
၃။ ဃာနဝိညာဏဓာတ် - ဃာနဝိညာဏ်စိတ် ၂
၎။ ဇိဝှါဝိညာဏဓာတ် - ဇိဝှါဝိညာဏ်စိတ် ၂
၅။ ကာယဝိညာဏဓာတ် - ကာယဝိညာဏ်စိတ် ၂
၆။ မနောဓာတ် - သမ္ပဋိစ္ဆန ၂ + ပဉ္စဒွါရာဝဇ္ဇန ၃
၇။ မနောဝိညာဏဓာတ် - ကြွင်းစိတ်များ ၇၆

အသိအင်အား ၃ မျိုး

မနောဓာတ်သည် သိရုံမျှကလေး အင်အားရှိ၏။
ပဉ္စဝိညာဏဓာတ် (စက္ခုဝိညာဏဓာတ်, သောတဝိညာဏဓာတ်, … စသည်)သည် မနောဓာတ်ထက် ပိုသိ၏။
မနောဝိညာဏဓာတ်သည် အားအရှိဆုံး ဖြစ်၏။

တောင်မြို့ဆရာတော်၏ လင်္ကာ

“အာရုံပြုဟန်၊ အတန်တန်ဝယ်၊ သာမန်သိသော၊ ဓာတ်သဘောကို၊ မနောဟုမှတ်။
မနောဓာတ်ထက်၊ လွန်ဓာတ်သိပြန်၊ ဝိညာဏံတည်း။
တဖန်ထို့ထက်၊ ဆတက်ကဲချွန်၊ အလွန်အကြူး၊ အထူးသိသော၊ ဓာတ်သဘောကား၊ မနောဝိညာဉ်၊ အမည်တွင်သည်၊ ဤတွင် မှတ်ဖွယ် အချုပ်တည်း။”

+++++

အခြေခံအားဖြင့် စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း ပြီးသွားပြီဖြစ်ရာ ဤသုံးပိုင်းစလုံး၏ သရုပ်ခွဲကို ကျေညက်စေအောင် ဇယားများရေးဆွဲ၍ လေ့ကျင့်ခန်းများပြုလုပ်ရန် ဆရာတော်က ညွှန်ကြား တိုက်တွန်း၏။

+++++

အဘိဓမ္မာသင်တန်း ဒုတိယအချိန်တွင် စိန်စည်ဆရာတော်က ဝတ္ထုသင်္ဂဟကို ကျက်မှတ်ရန် လင်္ကာများဖြင့် ထပ်မံ ရှင်းပြပေးသွား၏။

လင်္ကာများ

စိတ်မှီရာစု၊ ပေါင်းကာပြု၊ ဝတ္ထုသင်္ဂဟ။

‘စက်’ ‘သော’ ‘ဃာ’ ‘ဇီ’၊ ‘ကာယံ’မှီ၊ တစ်လီ‘ဟဒယ’
ဝတ္ထုခြောက်စုံ၊ ကာမဘုံ၊ အကုန် အပြည့်ရ။

‘စက်’ ‘သော’ ‘ဟဒယ’၊ ဤသုံးဝ၊ ရူပဘုံမှာ ရ။
ရုပ်မရှိကြ၊ အရူပ၊ လုံးဝ ဝတ္ထုမရှိကြ။
စိတ်မရှိရာ၊ အသညာ၊ ရုပ်ဟာ ဝတ္ထုမခေါ်ရ။

ပဉ္စဝေါကာ၊ ငါးခန္ဓာ၊ လေးမှာ ခေါ်ကြ စတုဝေါကာရ။
တစ်ပါးခန္ဓာ၊ ဧကဝေါကာ၊ မှတ်ပါ ဘုံခေါ်ရ။

ခန္ဓာငါးပါးရှိသော ကာမဘုံ၊ ရူပဘုံကို ပဉ္စဝေါကာရဘုံဟု ခေါ်သည်
ခန္ဓာလေးပါး (နာမ်ခန္ဓာလေးပါး) ရှိသော အရူပဘုံကို စတုဝေါကာရဘုံဟု ခေါ်သည်။
ခန္ဓာတစ်ပါးရှိသော အသညတ်ဘုံကို ဧကဝေါကာရဘုံဟု ခေါ်သည်။

+++++

အဘိဓမ္မာသင်တန်းပြီးသောအခါ ခေတ္တ အနားယူ အဆာပြေ စားသောက်ကြ၍ လောကချမ်းသာ စနေနေ့တရားပွဲကို ရိုသေစွာ နာယူကြရ၏။

စိန်စည်ဆရာတော်က “အာသဝေါတရားကင်းရေးတရားတော်”ကို ရှင်းလင်း လွယ်ကူသော လင်္ကာများဖြင့် ဟောကြား ဓမ္မဒါနပြု၏။


ကျင့်ဖို့မလို၊ သိဖို့လို၊ ပြောဆိုနေကြသည်။
အသိသုံးပါး၊ မကွဲပြား၊ လွဲမှား ဟောပြောနေတတ်သည်။

ဘယ်အသိအား၊ ရည်ရွယ်ငြား၊ ဟောကြားနေသနည်း။
ခွေးသိဝက်သိ၊ ကျွဲနွားသိ၊ အသိပြည့်စုံနေပြီလား။
ကျောက်ဆင်းတုတောင်၊ ခေါင်းညိတ်အောင်၊ ပုံဆောင်ပြောကြသည်။
ကွန်မြူနစ်သိ၊ ‘နောင်’မရှိ၊ အသိပြည့်စုံနေပြီလား။

‘ညာတ’,‘တီရဏ’၊ ‘ပဟာန’၊ သုံးဝ အသိကွဲပြားသည်။
စာသိပေသိ၊ နာကြားသိ၊ ‘ညာတသိ’ဟု ခေါ်ဆိုသည်။
ဇယားကွက်သိ၊ စက်ဝိုင်းသိ၊ ညာတသိဟု ခေါ်ဆိုသည်။
ကျင့်သိပွားသိ၊ ဖြစ်ပျက်သိ၊ ‘အသိတီရဏ’ ခေါ်ဆိုသည်။
ကိလေပယ်သိ၊ မဂ်ဖိုလ်သိ၊ ‘အသိပဟာန’ ခေါ်ဆိုသည်။

စာပေသိမှ၊ လမ်းမှန်ရ၊ ကျင့်ရကြံရ လွယ်ကူသည်။

ကျင့်နည်းမှန်မှ၊ မဂ်ဖိုလ်ရ၊ လေးဝအာသဝ လွတ်မြောက်သည်။
ကျင့်နည်းမှန်မှ၊ မဂ်ဖိုလ်ရ၊ လေးဝအပါယ် လွတ်မြောက်မည်။

ကျင့်နည်းမှန်မှ၊ အာသဝ၊ လေးဝ ကုန်ခန်းမည်။
အာသဝေါ လေးဝ၊ ပယ်နိုင်မှ၊ ပဟာနသိ ခေါ်ဆိုသည်။
ပဟာနသိ၊ သူရရှိ၊ အသိပြည့်စုံသည်။

မဂ္ဂင်ရှစ်ပါးဖြင့် သစ္စာလေးပါးအမှန်တရားဖြင့် အသိအမြင်မှန်မှ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါတရားလေးပါးမှ ကင်းလွတ်သည့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်ရာ အသိအမြင် မှန်မှန်ကန်ကန်ဖြင့် ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ လက်တွေ့ ကျင့်ကြံပွားများသွားကြရန် စိန်စည်ဆရာတော်မှ တိုက်တွန်း အမိန့်ရှိကာ ဆုတောင်း၊ ကောင်းမှုကုသိုလ် အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

No comments: