သေခါနီးအချိန်ကျတော့ ရုပ်ကလည်း အားနည်းလာပြီ၊ ဟဒယဝတ္ထုတို့ ဘာတို့က အားနည်းလာပြီ။
အဲဒီလို အားနည်းလာတဲ့အခါကျတော့ ဇောက ၇-ကြိမ်ထိအောင် မသွားနိုင်ဘူးတဲ့။ ၅-ကြိမ်ပဲ စောတယ်။
ရိုးရိုးအခါကတော့ ၇-ကြိမ် စောမယ်။
မရဏာသန္နဇောအခါမှာတော့ ၅-ကြိမ်၊ မြန်မာစကား အလောသုံးဆယ်ဆိုတာ ဒီ ၅-ကြိမ်ထဲက အလယ်သုံးဇောကို အလောသုံးဆယ်လို့ ပြန်ပြောတယ်ဆိုတာပဲ။
ဟုတ်ချင်ဟုတ်မယ်။ ရိုးရိုး ၇-ကြိမ် မစောနိုင်ဘဲ ၅-ကြိမ်မှာ အလယ် ၃-ဇောဆိုတော့ မြန်မြန်ဆန်ဆန် ဖြစ်တယ်ပေါ့။
ဇောပြီးရင် စုတိ၊ တစ်ခါတလေ ဇောပြီး ဘဝင်ဖြစ်နိုင်တယ်၊ တဒါရုံဖြစ်နိုင်တယ်၊ ပြီး စုတိ။ စုတိပြီးရင်တော့ ပဋိသန္ဓေပဲ။ ပဋိသန္ဓေပြီးရင် ဘဝင် ၁၅-ကြိမ်, ၁၆-ကြိမ်၊ ပြီးတော့ မနောဒွါရာဝဇ္ဇန်း၊ နောက် ဇော ၇-ကြိမ်။ ဒါက တန်းဖြစ်မှာပဲ။ ဒါကတော့ ဘယ်လိုမှ တားလို့ မရဘူး။
ဘဝသစ်မှာ ဒီဇော ၇-ကြိမ်ကို ဘဝနိကန္တိဇောလို့ ခေါ်တယ်။
ဘဝကို တွယ်တာလိုက်တဲ့ ဇော။
ဒါကြောင့်မို့ လူတွေဟာ သတ္တဝါတွေဟာ ဘဝကို မလွှတ်နိုင်တာ။
စဖြစ်ကတည်းကိုက ဘဝတစ်ခုမှာ စဖြစ်လိုက်တယ်ဆိုရင် ဒီဇောဟာ (နိကန္တိလောဘပေါ့) လောဘဇောနဲ့ ဘဝကို အရင်းတည်လာကြတာ။
လူတွေဟာ ဒါကြောင့်မို့ ကိုယ့်ဘဝကို တွယ်တာတာ။
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် တနင်္လာနေ့တွင် သင်ယူခဲ့ရသော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အပတ် ၂၀ မြောက် အဘိဓမ္မာသင်တန်းပို့ချချက်မှာ အထူး စိတ်ဝင်စားစရာ ကောင်းသော အာရမ္မဏသင်္ဂဟပိုင်း အဆက် ဒွါရမှ လွတ်သော အာရုံများအကြောင်း ဖြစ်၏။
ဒွါရဝိမုတ်စိတ်မှာ ၆-ဒွါရမှ လွတ်သော ဥပေက္ခာသန္တီရဏ ၂ ပါး၊ ကာမာဝစရဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါး၊ ပေါင်း ၁၉ ပါးသော စိတ်များ ဖြစ်၏။
ဤ ၁၉ ပါးသော စိတ်တို့သည် ကိစ္စသင်္ဂဟအားဖြင့် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ တပ်သော စိတ်များ ဖြစ်၏။
“ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်သော ဒွါရဝိမုတ်စိတ် ၁၉ ပါးသည်
များသောအားဖြင့် အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော
ပစ္စုပ္ပန်, အတိတ်, ပညတ်ဖြစ်သော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟု သမုတ်အပ်သော အာရုံ ၆ ပါးကို
ထိုက်သည့်အားလျော်စွာ အာရုံပြုကြသည်။”
ဆဒွါရိက မရဏာသန္နဇော = ၆ ဒွါရမှာ ဖြစ်သော မရဏာသန္နဇော
ကံ, ကမ္မနိမိတ်, ဂတိနိမိတ်တို့မှာ အနာဂတ် မရှိ။
ပစ္စုပ္ပန်၊ အတိတ်သာ ရှိ၏။ တစ်ခါတရံ ပညတ် (ပညတ်=ကာလသုံးပါးမှ လွတ်သော ကာလဝိမုတ်) ရှိ၏။
အထက်ပါစာပိုဒ် (ဒွါရဝိမုတ်စိတ်တို့ ပြုသော အာရုံ)၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် မရဏာသန္နဝီထိကို နားလည်ရန် လိုအပ်၏။
ဘဝတစ်ခု၏ အစ ပဋိသန္ဓေတည်ပြီးနောက် ဘဝင်များစွာ, ရိုးရိုးဝီထိများစွာ ဖြစ်၏။ နောက်ဆုံး သေခါနီးတွင် မရဏာသန္နဝီထိ ဖြစ်၏။
မရဏာသန္နဝီထိ အမျိုးမျိုးရှိရာ နားလည်လွယ်ရုံမျှသော ဝီထိ(စိတ်အစဉ်အတန်း)ဖြင့် လေ့လာကြရ၏။
ဘဝင်
အတီတဘဝင် (လွန်သွားသော ဘဝင်)
ဘဝင်္ဂစလန (လှုပ်သော ဘဝင်)
ဘဝင်္ဂုပစ္ဆေဒ (ပြတ်သော ဘဝင်)
ပဉ္စဒွါရာဝဇ္ဇန်း
စက္ခုဝိညာဏ်
သမ္ပဋိစ္ဆိုင်း
သန္တီရဏ
ဝုဋ္ဌော
ဇော (၁)
ဇော (၂)
ဇော (၃)
ဇော (၄)
ဇော (၅)
စုတိ
ပဋိသန္ဓေ
ဘဝင် (၁)
ဘဝင် (၂)
ဘဝင် (၃)
ဘဝင် (၄)
ဘဝင် (၅)
ဘဝင် (၆)
ဘဝင် (၇)
ဘဝင် (၈)
ဘဝင် (၉)
ဘဝင် (၁၀)
ဘဝင် (၁၁)
ဘဝင် (၁၂)
ဘဝင် (၁၃)
ဘဝင် (၁၄)
ဘဝင် (၁၅)
ဘဝင် (၁၆) (တစ်ခါတရံ ၁၅ ကြိမ်သာ ဖြစ်၏၊)
မနောဒွါရာဝဇ္ဇန်း
ဇော (၁)
ဇော (၂)
ဇော (၃)
ဇော (၄)
ဇော (၅)
ဇော (၆)
ဇော (၇)
ဘဝင်
+++++
“မရဏာသန္နဝီထိဆိုတာ သေတဲ့အခါမှာ ဖြစ်တဲ့ စိတ်အစဉ်ပေါ့လေ။
နောက်ဆုံး သေပြီဆိုရင် … ပထမဆုံး ဘဝင်တွေဖြစ်လာပြီးတဲ့နောက် အာရုံတစ်ခုခုက ဒွါရမှာ လာပြီး ထိခိုက်လိုက်တဲ့အခါ နဂိုက အရှိန်နဲ့ လာနေတဲ့ ဘဝင်က တစ်ချက် လွန်သွားတယ်တဲ့။
ဘာနဲ့ တူသလဲဆိုတော့ တအားပြေးလာတဲ့ လူဟာ ရပ်ချင်တဲ့နေရာမှာ မရပ်နိုင်ဘဲ ရှေ့လွန်သွားတာမျိုးနဲ့ တူတယ်။
လွန်သွားပြီးတော့ ဒုတိယအကြိမ်မှာ ဘဝင်လှုပ်သွားပြီး၊ တတိယခဏကျမှ ဘဝင်ပြတ်သွားတယ်။
အဲဒီတော့ အတီတဘဝင်ဆိုတာလည်း ဘဝင်ပဲ၊ ဘဝင်္ဂစလနဆိုတာလည်း ဘဝင်ပဲ၊ ဘဝင်္ဂုပစ္ဆေဒဆိုတာလည်း ဘဝင်ပဲ။ အဲဒီလို ဘဝင်စိတ် ၃-ခုပေါ့၊ လွန်သွားတာက တစ်ခု, လှုပ်ခါသွားတာက တစ်ခု, ပြတ်သွားတာက တစ်ခုပေါ့။ ဒါ … သူ့တစ်ခဏ တစ်ခဏ သွားတာပေါ့။
အဲဒီနောက် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်။
နောက် ရူပါရုံကို မြင်တဲ့ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်။
သမ္ပဋိစ္ဆိုင်း လက်ခံတယ်။
သန္တီရဏ စုံစမ်းတယ်။
ဝုဋ္ဌော ဆုံးဖြတ်တယ်။
ပြီးတော့ ဇောကျတယ်။
စုတိ ဖြစ်တယ်။ စုတိဆိုတာ သေတာ။
အဲဒီလို သွားတဲ့အခါ အဲဒီအချိန်အခါမှာ ကံ (အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
ဒါမှမဟုတ် ကမ္မနိမိတ် (ကံပြုစဉ် အခြံအရံ၊ ဥပမာ - ဒါနကုသိုလ်ပြုစဉ် လှူဖွယ်ပစ္စည်း၊ အလှူခံပုဂ္ဂိုလ် စသည်)၊
သို့မဟုတ် ဂတိနိမိတ် (ရှေ့ဖြစ်မည့် ဘဝ၏ အမှတ်အသား၊ ဥပမာ - နတ်သမီး, နတ်ဗိမာန် စသည်) သုံးခုအနက် တစ်ပါးပါး ထင်ပြီး၊ အာရုံပြုပြီး စုတိစိတ် ကျသွားတာနော်။
ကောင်းပြီ၊ အဲဒီတော့ ကံဆိုတာ ပစ္စုပ္ပန်လား, အတိတ်လား, အနာဂတ်လား?
အတိတ်နော်။ မျက်လုံးနဲ့ မြင်တာ မဟုတ်ဘူး။ နားနဲ့ ကြားတာ မဟုတ်ဘူး။
စိတ်ထဲမှာ ပေါ်တာ၊ မနောဒွါရမှာ။
အာရုံအားဖြင့် ဓမ္မာရုံ။
ကမ္မနိမိတ်ကျတော့ အတိတ်သော်လည်းကောင်း၊ ပစ္စုပ္ပန်သော်လည်းကောင်း ၂-မျိုး ဖြစ်နိုင်တယ်။
အတိတ်တုန်းက ပြုခဲ့တဲ့ ကံရဲ့ အခြံအရံတွေ အခု ပြန်ပေါ်နိုင်တယ်။
အခု လောလောဆယ် ပြုတာတွေလည်း ရှိနိုင်တယ်။
ဒွါရာအားဖြင့် ၆ ဒွါရအနက် တစ်ခုခုမှာ လာထင်နိုင်တယ်။
ဒွါရ ၆ ပါးမှာ ထင်နိုင်လို့ အာရုံအမျိုးအစား ၆ ပါး ရှိမယ်။
သားရဟန္တာ အရှင်သောဏမထေရ်ရဲ့ ဖခင် မုဆိုးကြီး၊ အသက်ကြီးတော့ ရဟန်းဝတ်ပေး၊ သေခါနီး ငရဲနိမိတ်ထင်လာလို့ အရှင်သောဏက ဘုရားစေတီမှာ ဖခင်ဦးဇင်းကြီးကို ပန်းတွေ လှူခိုင်း ကုသိုလ်ပြုခိုင်းလို့ နတ်ပြည်နိမိတ်ထင် စုတိစိတ်ကျပြီး နတ်ပြည်မှာ သွားဖြစ်၊ အရှင်သောဏက နတ်ပြည်ထိ လိုက်သွားပြီး တရားဆက်ဟောတာကြောင့် သောတာပန်လား ဘာလဲမသိဘူး ဖြစ်သွားတယ်။
ခု ဥပမာပေးထားတဲ့ မရဏာသန္နဝီထိက ပစ္စုပ္ပန်ရူပါရုံလို့ ပြထားတာကြောင့် ‘ကံ’ဟာ အာရုံ မဟုတ်ဘူး။ ကံက အတိတ်။
ပစ္စုပ္ပန်ရူပါရုံဆိုတာကြောင့် ကမ္မနိမိတ်ဖြစ်နိုင်တယ်၊ ဂတိနိမိတ်ဖြစ်နိုင်တယ်။
ဒီမှာ ပစ္စုပ္ပန်ရူပါရုံဟာ ဘယ်အချိန်က စပြီးတော့ ဖြစ်ပေါ်သလဲ?
အတီတဘဝင်နဲ့ ပြိုင်ပြီးတော့ ဖြစ်တယ်။ အဲဒီအချိန်မှာ ဖြစ်ပေါ်ပြီး စိတ်အစဉ်ကို လာထိခိုက်တယ်။
ဘဝင် တစ်ချက် လွန်သွားတယ်။
ဘဝင် လှုပ်သွားတယ်။
ဘဝင် ပြတ်သွားတယ်။
ပစ္စုပ္ပန်ရူပါရုံဟာ အတီတဘဝင်နဲ့ ပြိုင်ပြီး ဖြစ်ပေမယ့် အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ဒီဘဝင် ၃-ခုက ပစ္စုပ္ပန်အာရုံကို အာရုံမပြုဘူး။ ဟို နောက်တုန်းက ယူလာခဲ့တဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် (ဒီဘဝရဲ့ ပဋိသန္ဓေနဲ့ တူတာကိုသာ)ပဲ အာရုံပြုတယ်။
ခု သေခါနီး တွေ့လာတဲ့ ပစ္စုပ္ပန်ရူပါရုံကို ပဉ္စဒွါရာဝဇ္ဇန်းက စပြီးတော့ စိတ်တွေက အာရုံပြုလိမ့်မယ်။
ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်းနဲ့ သွားတယ်။
ပစ္စုပ္ပန်ရူပါရုံဟာ စိတ္တက္ခဏ ၁၇-ချက် ကြာရှည်တာကြောင့် အတီတဘဝင်ကနေ စပြီး ရေတွက်လိုက်ရင် ၁၄ မှာ စုတိ၊ ၁၅ မှာ ပဋိသန္ဓေ (နောင်)၊ ၁၆ - ဘဝင်၊ ၁၇ - ဘဝင်မှာ သူချုပ်လိမ့်မယ်။
ဒါကြောင့် ဘဝသစ်မှာ ဖြစ်တဲ့ ပဋိသန္ဓေ၊ ပထမဘဝင်၊ ဒုတိယဘဝင်ဟာ ဒီပစ္စုပ္ပန်ရူပါရုံကို အာရုံပြုတယ်။
အဲဒီရူပါရုံဟာ ဒုတိယဘဝင်မှာ ချုပ်သွားတော့ နံပါတ် ၃ ဘဝင်က စပြီးတော့ ဒီဘက်ဘဝမှာ ဘဝင်ဟူသမျှဟာ အဲဒီ အတိတ်ရူပါရုံကို အာရုံပြုလိမ့်မယ်။
အဲဒီတော့ ဒွါရဝိမုတ်စိတ် ၁၉ ပါးဟာ ဒီဘက်ဘဝသစ်မှာ ပဋိသန္ဓေရယ်၊ သူ့နောက်က ကပ်လိုက်လာတဲ့ ဘဝင်ရယ်၊ နောက်ပြီးတော့ တစ်ဘဝလုံးမှာ ဖြစ်မယ့် ဘဝင်စိတ်တွေရယ်၊ တစ်ခါ ဘဝဆုံးတဲ့အခါ ဖြစ်မယ့် စုတိရယ် ကိစ္စတပ်ပြီး၊
ဘာမှ ကြားမှာ အခြားမရှိ ကပ်လျက်ဖြစ်တဲ့ ဘဝဟောင်းက မရဏာသန္နဇောယူတဲ့ အာရုံကို ယူတယ်။
အဲဒီလို ယူတဲ့အခါမှာ ပစ္စုပ္ပန်လည်း ဖြစ်ချင် ဖြစ်နိုင်တယ်။
အတိတ်ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။
ရူပါဝစရဘုံမှာ ဖြစ်တဲ့အခါတော့ ပညတ် ဖြစ်ချင် ဖြစ်မယ်။
အဲဒီ အာရုံကို ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လို့ ခေါ်တယ်။
ဘဝတစ်ခုနဲ့ တစ်ခု ကာလအားဖြင့်ဆိုရင် ဘာမှ မခြားဘူး။ စိတ်ခဏအနေနဲ့ ဆက်တိုက်ပဲ။
ဌာနအားဖြင့်ဆိုရင် … ဆိုပါတော့ နတ်ဖြစ်မယ်ဆိုရင် အများကြီး ခြားသွားနိုင်တယ်။
မိလိန္ဒပဥှာမှာ ရှင်နာဂသိန်က မိလိန္ဒမင်းကြီးကို နီးတဲ့ မြို့တစ်မြို့နဲ့ ဝေးတဲ့မြို့တစ်မြို့ကို စဉ်းစားခိုင်းတဲ့ ဥပမာနဲ့ ရှင်းပြတယ်။
အဲဒီတော့ …
ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်တဲ့ ဒွါရဝိမုတ်စိတ်တို့ရဲ့ အာရုံဟာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးပါးတို့တွင် တစ်ပါးပါး ဖြစ်တယ်။
အာရုံအမျိုးအစားအားဖြင့် ၆-ပါး ဖြစ်တယ်။
ကံက ဓမ္မာရုံ၊ ကမ္မနိမိတ်က အာရုံ ၆-ပါး၊ ဂတိနိမိတ်က ရူပါရုံ၊ အားလုံးပေါင်းပြောလိုက်တော့ အာရုံ ၆-ပါး။
ဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟာ ပစ္စုပ္ပန်ဖြစ်နိုင်တယ်၊ အတိတ်ဖြစ်နိုင်တယ်၊ ကာလဝိမုတ်ခေါ်တဲ့ ပညတ်လည်း ဖြစ်နိုင်တယ်။ အနာဂတ်ဆိုတာတော့ မရှိဘူး။
ဘဝသစ် ပဋိသန္ဓေစိတ်ဟာ “အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော” အာရုံကို ယူတာကြောင့် တစ်ဘဝနဲ့ တစ်ဘဝမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟာ မတူဘူး။
တစ်ဘဝတည်းမှာတော့ ပဋိသန္ဓေ, ဘဝင်, စုတိဟာ အာရုံတူတယ်။
သေခါနီးဇော = မရဏာသန္နဇောက အကုသိုလ်ကို အာရုံပြုနိုင်တယ်၊ ကုသိုလ်ကို အာရုံပြုနိုင်တယ်။ နာမည်အားဖြင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ကို အာရုံပြုတယ်လို့ ပြောရတယ်။
အဲဒါ အရေးကြီးတယ်နော်။
မျက်စိလည်သွားတတ်တယ်။
မျက်စိလည်သွားရင် တစ်သံသရာလုံးမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟာ တစ်ခုတည်းလို့ ထင်သွားလိမ့်မယ်။
ဒီဘဝမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ယူတာကိုပဲ နောက်ဘဝကလည်း ယူ၊ နောက်ဘဝကလည်း ယူ၊ နောက်ဘဝကလည်း ယူတယ် ဖြစ်နေလိမ့်မယ်။
နောက် မရဏာသန္နဝီထိနဲ့ ပတ်သက်ပြီး တစ်ခု သတိထားဖို့က အင်္ဂလိပ်လို ရေးတဲ့ စာအုပ်တွေမှာ စုတိက ပဋိသန္ဓေကို ဖြစ်စေတယ်လို့ ရေးလေ့ရှိကြတယ်။ အဲဒါဟာ ချော်နေတာ။
ပဋိသန္ဓေစိတ်ဟာ ဝိပါက်စိတ်၊ ကံရဲ့ အကျိုးဖြစ်တဲ့ စိတ်၊ ဇောအခိုက် ဖြစ်တဲ့ ကုသိုလ်ကံ ဒါမှမဟုတ် အကုသိုလ်ကံက ဖြစ်စေတာ။ စုတိက ဖြစ်စေတာ မဟုတ်ဘူး။
ပဋိသန္ဓေကို ဖြစ်စေတာက ဘဝဟောင်းက ကံက ဖြစ်စေတာ။ ဇောနဲ့အတူတကွဖြစ်တဲ့ ကံတွေ ရှိလိမ့်မယ်၊ ဟိုးနောက်နောက်တုန်းက လုပ်ခဲ့တဲ့ ကံတွေ ရှိခဲ့မယ်၊ အခုပေါ်လာပြီး အဲဒီကံက ပဋိသန္ဓေကို ဖြစ်စေတာ။
ဒါကြောင့်မို့ ဒီအာရမ္မဏသင်္ဂဟအနေနဲ့ နားလည်ဖို့ကတော့ အဲဒီ ဒွါရဝိမုတ်စိတ်လို့ ခေါ်တဲ့ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်၊ ဒါမှမဟုတ် ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်တဲ့ စိတ် ၁၉ ပါး။
ဒီ ၁၉ ပါးဟာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုတယ်။
အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတာ အာရုံအားဖြင့် ပြောမယ်ဆိုရင် အာရုံ ၆-ပါးပဲ။
ရူပါရုံဖြစ်နိုင်တယ်.. သဒ္ဒါရုံဖြစ်နိုင်တယ် … စသည်ဖြင့်ပေါ့။
အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟာ ပစ္စုပ္ပန်, အတိတ်, ပညတ် ဖြစ်နိုင်တယ်။
အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇော ယူပေးတတ်တဲ့ အာရုံကို ယူတယ်။
ဒီလောက်ဆိုရင် ရေးရေး နားလည်လိမ့်မယ်လို့ ထင်တယ်နော်။”
+++++
အဘိဓမ္မာသင်တန်းပြီးသောအခါ သင်တန်းသူ သင်တန်းသား တရားနာပရိတ်သတ်နည်းသည့်အပြင် တရားဟောကြားမည့် စိန်စည်ဆရာတော်မှာ အအေးမိနေသဖြင့် ဆရာတော်အားလည်း ယခုတစ်ပတ်တွင် အနားပေးပြီး ရှေ့အပတ်မှာသာ နှစ်ဆတိုး၍ ဟောကြားရန် လျှောက်ထားကြရလေသည်။
No comments:
Post a Comment