Thursday, February 11, 2010

စိတ်ကို ခွဲခြား ဝေဖန်ခြင်း (၃) - ဒွါရသင်္ဂဟ


ဆရာဇေ။ ။ ဘယ်သူမှ မရောက်ကြသေးဘူးလား ဆရာစော?

ဆရာစော။ ။ ကဖိုးထိန်ကတော့ ဒီနေ့ မအားဘူး ပြောတယ်။ ဆားပုလင်းကတော့ ဆရာချာကို မပါ,ပါအောင် ခေါ်လာမယ် ပြောတယ်။ အေဘီဘီအေ လပတ်အစည်းအဝေးကို ခေါ်လာတာ အားမရသေးတော့ ဒီကိုပါ ရအောင် ခေါ်လာမယ်ဆိုပြီး အစည်းအဝေး ပြီးကတည်းက နှစ်ယောက် အတူထွက်သွားကြတာပဲ။ ဟော … ပြောရင်း ဆိုရင်း ရောက်လာကြပါပြီ။

ဆားပုလင်း။ ။ ဆရာချာက အစားအသောက် ပါမှ … ကောင်းမှ လိုက်မယ် ပြောနေလို့ ကိုယ့်ဘာသာပဲ တရုတ်တန်းက မုန့်တွေ ဝင်ဝယ်ခဲ့သေးတယ်။

ဆရာချာ။ ။ ဆိုင်က လက်ရာက ဆရာစော လက်ရာကို မမီပါဘူး။

ဆရာစော။ ။ ဒီမှာ ဘယာကြော်နဲ့ ဆမူဆာကြော် လုပ်ထားပါတယ်ဗျ။

ဆားပုလင်း။ ။ ဆရာဇေ … အဘိဓမ္မာသဘောတွေ တော်တော် နောကျေနေပြီနဲ့ တူတယ်။ စနေနေ့က သင်တန်းအကြောင်း ပြောပြပါအုန်း။

ဆရာဇေ။ ။ ကြားထဲမှာ ခရီးသွားနေ … သင်တန်းအဆက်ပြတ်သွားတော့ နားလည်သလိုလို နားမလည်သလိုလိုပဲဗျ။

ဆရာချာ။ ။ အဘိဓမ္မာသင်တန်းက ဘယ်အပိုင်းကို ရောက်နေပြီလည်းဗျ။

ဆရာစော။ ။ ဆရာချာက ငယ်စဉ် ကိုရင်ဘဝကတည်းက သင်္ဂြိုဟ်ကို ကျေညက်ခဲ့ပြီးသား …။

ဆရာဇေ။ ။ ဒီတစ်ပတ် ၂၀၁၀ ခု ဖေဖော်ဝါရီလ ၆ ရက် စနေနေ့သင်တန်းက ၁၈ ပတ်မြောက်ဗျ။ ပကိဏ်းပိုင်းက ဒွါရသင်္ဂဟအကြောင်း သင်ယူကြရတယ်။

ဆားပုလင်း။ ။ ကဲ ဆရာချာ … နားလည်သလိုလို မလည်သလိုလို ဆရာဇေကို ရှင်းပြလိုက်စမ်းပါ။

ဆရာချာ။ ။ သင်ထားတာ ကြာနေပြီဆိုတော့ ပြန်မနွှေးဘဲနဲ့ ဘယ်ရမှာလည်း ဆားပုလင်း။ ခင်ဗျားပဲ ရှင်းပြမှ ဖြစ်မှာပေါ့။

ဆားပုလင်း။ ။ ကျွန်တော်လည်း မှတ်စုလေးတွေ ကြည့်ပြီး ပြန်ရှင်းပြရတာပါဗျာ။ အဟိတ်စိတ်တွေ သင်ရတုန်းက တံခါးခြောက်ပေါက်ဆိုတာ မှတ်မိသေးတယ်မဟုတ်လား ဆရာဇေ။

ဆရာဇေ။ ။ ‘မျက်စိ’၊ ‘နား’၊ ‘နှာ’၊ ‘လျှာ’၊ ‘ကိုယ်’၊ ‘စိတ်’ တံခါးခြောက်ပေါက်ကို ပြောတာ မဟုတ်လား။

ဆားပုလင်း။ ။ အမှန်ပေါ့ ဆရာဇေ။ ဒွါရဆိုတာ တံခါး။ အပေါက်ဝလို့လည်း သုံးတယ်။ ခန္ဓာကိုယ်ရဲ့ မတင့်တယ်ပုံကို နှလုံးသွင်းတဲ့အခါ ဒွါရကိုးပေါက်က အညစ်အကြေးတွေ စွန့်ပစ်ရတာ ဆင်ခြင်ရတာ မဟုတ်လား။ ဒီမှာတော့ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ - တံခါးခြောက်ပေါက်မှာ ဖြစ်တဲ့ စိတ်တွေကို ခွဲခြား ဝေဖန်ရတာပေါ့။

စက္ခုဒွါရဆိုတာ စက္ခုပသာဒ = မျက်စိအကြည်ဓာတ် = မျက်လုံးသူငယ်အိမ် အလယ်နားမှာ ရှိတယ်။

သောတဒွါရ = သောတပသာဒ = နားအကြည်ဓာတ် = နားထဲ လက်စွပ်ကွင်းလေးနဲ့ တူတယ်။

ဃာနဒွါရ = ဃာနပသာဒ = နှာခေါင်းအကြည်ဓာတ် = နှာခေါင်းထဲ ဆိတ်ခွာနဲ့ တူတယ်။

ဇိဝှါဒွါရ = ဇိဝှါပသာဒ = လျှာအကြည်ဓာတ် = လျှာပေါ်မှာရှိပြီး ကြာဖတ်ဖျားနဲ့ တူတယ်။

ကာယဒွါရ = ကာယပသာဒ = ကိုယ်အကြည်ဓာတ် = တစ်ကိုယ်လုံး ပျံ့နှံ့ပြီး တည်တယ်။

မနောဒွါရ = ဘဝင်စိတ် = မနောအကြည်ဓာတ်

ဒီ ဒွါရ ၆ ပါးနဲ့ စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁ ပါးကို ခွဲခြား ဝေဖန်တာ။ စက္ခုဒွါရမှာ ဘယ်စိတ်တွေ ဖြစ်သလဲ၊ စိတ်ပေါင်း ဘယ်လောက် ဖြစ်နိုင်သလဲ စသည်ဖြင့်ပေါ့။

ဆရာစော။ ။ စိတ်ဝင်စားဖို့ ကောင်းတယ်။ မျက်စိတံခါးပေါက်ကနေ ဘာစိတ်တွေ ဖြစ်သလဲ ဆားပုလင်း?

ဆားပုလင်း။ ။ စက္ခုဒွါရမှာ စိတ်ပေါင်း ၄၆ ပါး ဖြစ်နိုင်တယ်တဲ့။

ပဉ္စဒွါရာဝဇ္ဇန်း = ၁
စက္ခုဝိညာဏ် = ၂
သမ္ပဋိစ္ဆိုန်း = ၂
ဥပေက္ခာ သန္တီရဏ = ၂
သောမနဿ သန္တီရဏ = ၁
ဝုဋ္ဌော (သို့မဟုတ်) မနောဒွါရာဝဇ္ဇန်း = ၁
ကာမာဝစရဇော = ၂၉
ကာမာဝစရဝိပါက် = ၈
စုစုပေါင်း ၄၆ ပါး။

ဆရာဇေ။ ။ ဒီမှာ နည်းနည်း မျက်စိလည်သလိုလိုပဲ ဆားပုလင်း။

ဆားပုလင်း။ ။ လည်သလိုလို ရှိနိုင်ပါတယ် ဆရာဇေ။ ဆရာဇေက ကြားမှာ သင်တန်းအဆက်ပြတ်နေတာလည်း ပါတယ်။ ရှေးက စိတ် စေတသိက်တွေ မကျေညက်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ နောက်ပြီး ‘ဇော’ဆိုပြီး စိတ်ရဲ့လုပ်ငန်းစဉ်နဲ့ ရေတွက်ပြလိုက်တာ ပါလို့လည်း ဖြစ်နိုင်တယ်။

ဇောစိတ် ၅၅ ပါးကို ကိစ္စသင်္ဂဟမှာ ပြခဲ့တာ ဆရာဇေ မတက်လိုက်ရဘူး ဖြစ်မယ်။

ကာမာဝစရဇော ၂၉ ပါးဆိုတာ -

အကုသိုလ်စိတ် ၁၂
ဟသိတုပ္ပါဒ် ၁
ကာမာဝစရကုသိုလ်စိတ် ၈
ကာမာဝစရကြိယာစိတ် ၈

စုစုပေါင်း ၂၉ ပါးကို ကာမာဝစရဇော ၂၉ ပါးလို့ ခေါ်တယ်။

မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ ပါး + မဟဂ္ဂုတ်ကြိယာစိတ် ၉ ပါး + လောကုတ္တရာစိတ် ၈ ပါး = စုစုပေါင်း ၂၆ ပါးကိုတော့ အပ္ပနာဇော ၂၆ ပါးလို့ ခေါ်တယ်။ ဒီစိတ် ၂၆ ပါးကတော့ မနောဒွါရမှာသာ ဖြစ်လိမ့်မယ်။

ဆရာဇေ။ ။ အမှန်ပဲပေါ့ ဆားပုလင်းရာ။ ရှေးက သင်ခဲ့တာတွေ မကျေညက်တာရော၊ သင်တန်းအဆက်ပြတ်သွားတာရောဆိုတော့ နားမလည်တာ အမှန်ပဲ။

ဆရာချာ။ ။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဒွါရမှာ ဖြစ်တဲ့ စိတ်တွေအတွက် စက္ခုဝိညာဏ် ၂-ခု နေရာမှာ သောတဝိညာဏ် ၂-ခု၊ ဃာနဝိညာဏ် ၂-ခု၊ ဇိဝှါဝိညာဏ် ၂-ခု၊ ကာယဝိညာဏ် ၂-ခု အစားထိုးလိုက်ရုံပါပဲ။ သူတို့လည်း ၄၆ ပါးစီ ဖြစ်နိုင်တာပဲ မဟုတ်လား ဆားပုလင်း။

ဆားပုလင်း။ ။ ဟုတ်တာပေါ့ ဆရာချာ။ ဆရာချာက မှတ်မိတာ မြန်သားပဲ။

ဆရာစော။ ။ မနောဒွါရမှာကော … ။

ဆားပုလင်း။ ။ မနောဒွါရကျတော့ -

ဥပေက္ခာသန္တီရဏ ၂
သောမနဿသန္တီရဏ ၁
မနောဒွါရာဝဇ္ဇန်း ၁
ကာမဇော ၂၉
အပ္ပနာဇော ၂၆
ကာမာဝစရဝိပါက် ၈
စုစုပေါင်း ၆၇ ပါး။

အဲဒီမှာ ကိစ္စသင်္ဂဟနဲ့ ပြန်ကောက်လိုက်ရင် -
ဥပေက္ခာသန္တီရဏ ၂ + သောမနဿသန္တီရဏ ၁ + ကာမာဝစရဝိပါက် ၈ = တဒါရုံ ၁၁
ကာမာဝစရဇော ၂၉ + အပ္ပနာဇော ၂၆ = ဇော ၅၅ ဆိုတော့

မနောဒွါရမှာ ဖြစ်နိုင်တဲ့ စိတ်ကို မနောဒွါရာဝဇ္ဇန်း ၁ + တဒါရုံ ၁၁ + ဇော ၅၅ = ပေါင်း ၆၇ ပါးလို့လည်း ဆိုလို့ရတာပေါ့။

+++++

နောက် -
ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်တဲ့ စိတ် ၁၉ ပါးကတော့ အဲဒီကိစ္စတပ်တဲ့အခိုက်အတန့်မှာ ဘယ်ဒွါရကိုမှ အမှီမပြုဘဲ ဖြစ်တာကြောင့် ဒွါရမှ လွတ်တဲ့ ဒွါရဝိမုတ္တ (ဝိမုတ္တ = လွတ်ခြင်း) လို့ ခေါ်တယ်။

ဒီ ၁၉ ပါးက ကိစ္စသင်္ဂဟကို မှတ်မိရင် သိမယ်။
ဥပေက္ခာသန္တီရဏ ၂ + မဟာဝိပါက် ၈ + မဟဂ္ဂုတ်ဝိပါက် ၉ = ၁၉

+++++

စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ = ဒွါရ ၅ ပါးမှာ ဖြစ်နိုင်သော စိတ်

ဒွါရတစ်ပါးစီ၌ စိတ် ၄၆ ပါးစီ ဖြစ်နိုင်တယ်။ အဲဒီ ၄၆ ပါးအနက် ၄၄ ပါးက ဒွါရတိုင်းမှာ အတူတူပဲ။ တူတာ ယူပြီးသားကို ထပ်မယူဘဲ ရေတွက်ရင် -

၄၄ + စက္ခုဝိညာဏ် ၂ + သောတဝိညာဏ် ၂ + ဃာနဝိညာဏ် ၂ + ဇိဝှါဝိညာဏ် ၂ + ကာယဝိညာဏ် ၂ = ၅၄ ပါး
ကာမစိတ် ၅၄ ပါးပဲပေါ့။

+++++

ဒွါရကနေ စိတ်ကို ယူပြီးတဲ့နောက် စိတ်ကနေ ဒွါရကို ပြန်ယူတဲ့ အချုပ်ကိုတော့ ကျွန်တော့မှတ်စုကိုပဲ ဆက်ဖတ်ပြလိုက်တော့မယ်ဗျာ။ ဘယ်စိတ်တွေက ဘယ်ဒွါရဆိုတာ ဆရာတော်ရဲ့ ဇယားထဲမှာ ပါ,ပါလိမ့်မယ်။

+++++

တစ်ဒွါရ၌ဖြစ်သော စိတ် ၃၆ ပါး

ဒွေးပဉ္စဝိညာဏ် ၁၀
အပ္ပနာဇော ၂၆

+++++

၅ ဒွါရ၌ ဖြစ်သော စိတ် ၃ ပါး

ပဉ္စဒွါရာဝဇ္ဇန်း ၁
သမ္ပဋိစ္ဆိုန်းဒွေး ၂

ပဉ္စဒွါရာဝဇ္ဖန်းနဲ့ သမ္ပဋိစ္ဆိုန်းဒွေးကို “မနောဓာတ်”လို့ ခေါ်တယ်။

+++++

၆ ဒွါရ၌ဖြစ်သော စိတ် ၃၁ ပါး

သောမနဿသန္တီရဏ ၁
ဝုဋ္ဌော ၁
ကာမဇော ၂၉

+++++

ဒွါရ ၆ ပါးတစ်လှည့်၊ ဒွါရဝိမုတ်တစ်လှည့် ဖြစ်သော စိတ် ၁၀ ပါး

ဥပေက္ခာသန္တီရဏ ၂
မဟာဝိပါက် ၈

+++++

ဒွါရဝိမုတ်သက်သက်ဖြစ်သော စိတ် ၉ ပါး

မဟဂ္ဂုတ်ဝိပါက် ၉ (ခြောက်ဒွါရမှ လွတ်သည်။)

+++++

အားလုံး ပြန်ပေါင်းလိုက်ရင် ၃၆ + ၃ + ၃၁ + ၁၀ + ၉ = ၈၉ ပါး ရတယ်။

ဆရာဇေ။ ။ ကျေးဇူးပါပဲ ဆားပုလင်း။ အထပ်ထပ် အခါခါ ဖတ်လိုက် မှတ်လိုက် နားထောင်လိုက်နဲ့ဆိုတော့ တဖြည်းဖြည်း ပိုပြီး နားလည် မှတ်မိလာပါတယ်။

ဆရာစော။ ။ ကဲ … ဘယာကြော်နဲ့ ဆမူဆာကြော်တွေတောင် အတော် အေးသွားရော့မယ်။ စားကြပါအုန်း။ အချဉ်ရည်လေးလည်း ကောင်းကောင်းလုပ်ထားတယ်။ ဟိုဘက်မှာ ရေနွေးကြမ်း။ စားကြ သောက်ကြပါအုန်း။

No comments: