Thursday, February 18, 2010

စိတ်ကို ခွဲခြား ဝေဖန်ခြင်း (၄) - အာရမ္မဏသင်္ဂဟ


ဒီ‘အာရုံ’တွေက စိတ်ကလေးကို အမြဲမပြတ် ဝင်ရောက် နှောင့်ယှက်ပြီးတော့ နေတယ်။

ဒီ … စိတ်ကလေးကို ငြိမ်အောင် မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ လူတွေဟာ ယောက်ယက်ခတ်နေတယ်။
လူရော ရှင်ရော ရဟန်းရော လူကြီး လူငယ် အကုန်လုံးပဲ။

လူဟာ အလုပ်ကြောင့် ပင်ပန်းလာတဲ့ ခန္ဓာကိုယ်ကြီးကို ဘယ်လို လုပ်ကြသလဲ? … အလုပ်လုပ်လို့ မောပန်းလာတယ်လို့ဆိုလို့ရှိရင် တခါတည်း အိပ်ရာထဲဖြစ်ဖြစ် … တစ်နေရာမှာ လှဲပြီး ခြေပစ်လက်ပစ် … တခါတည်း လှဲပြီးတော့ အသက်ကလေး မှန်မှန် ရှူပြီးတော့ လျောင်းနေလိုက်တဲ့အခါ ကုန်သွားတဲ့ အားအင်တွေ ပြန်ပြီးတော့ တက်လာသလိုပဲ ခံစားလိုက်ရတယ်။ အဲဒါ ခန္ဓာကိုယ်ကို အပန်းဖြေခြင်း။

ထို့အတူပဲ စိတ်ကို အပန်းဖြေခြင်းဟာ ဘာလဲလို့ ဆိုလို့ရှိရင် ယောက်ယက်ခတ်နေတဲ့ စိတ်ကလေးကို ထိန်းချုပ်ပေးလိုက်တာပဲ။

အဲဒီဥစ္စာကို အင်္ဂလိပ်တွေက သူတို့ နားလည်သလို ပြောလိုက်တဲ့အခါကျတော့ ဒီ စိတ်ကလေးကို ငြိမ်သက်အောင် လုပ်တတ်တဲ့ လုပ်ငန်းလေးကို ကမ္မဋ္ဌာန်းလို့ ခေါ်တယ် တဲ့။ ဘယ်လောက်ကောင်းထားလဲ။ အဲဒါဟာ အမှန်ပဲ။

ကမ္မဋ္ဌာန်းဆိုတာ စိတ်ကလေးကို တခါတည်း တဖျတ်ဖျတ် လှုပ်ပြီးတော့ ပြာယာခတ်နေတဲ့ စိတ်ကလေးကို ငြိမ်ကျသွားအောင် လုပ်တဲ့ နည်းစနစ်ကို ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။

(မြောင်းမြဆရာတော် ဘဒ္ဒန္တဉာနိက)


+++++


၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် တနင်္ဂနွေနေ့သည် တရုတ်နှစ်သစ်ကူးနေ့၊ ဖေဖော်ဝါရီလ ၁၅ ရက် တနင်္လာနေ့သည် Presidents Day ရုံးပိတ်ရက်ဖြစ်ရာ အဘိဓမ္မာသင်တန်းကို ဖေဖောဝါရီလ ၁၃ ရက် စနေနေ့အစား ဖေဖော်ဝါရီလ ၁၅ ရက် တနင်္လာနေ့တွင် သင်ကြား ပို့ချ၏။

ရက်ရှည် ရုံးပိတ်ရက်ဖြစ်ရာ ခရီးသွားသူများ၊ အချို့ တနင်္လာနေ့ ရုံးမပိတ်သူများကြောင့် သင်တန်းသား သင်တန်းသူ တစ်ဝက်ခန့် မတက်ရောက်နိုင်ကြပေ။

ယခုအပတ် သင်တန်းတွင် ၁၉ ပတ်နှင့် ၂၀ ပတ်မြောက် ပို့ချချက်များဖြစ်သော အာရမ္မဏသင်္ဂဟအကြောင်းကို သင်ယူ လေ့လာကြရရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က အာရမ္မဏသင်္ဂဟ ဆိုရိုးကို ရှင်းလင်း သင်ကြားသွားလေသည်။

+++++

အာရမ္မဏသင်္ဂဟ

အာရမ္မဏ (ပါဠိ) = အာရုံ (မြန်မာ)

အာရမ္မဏ၏ အဓိပ္ပာယ်မှာ (၁) စိတ်၏ မွေ့လျော်ရာ ဌာန၊ (၂) စိတ်၏ မှီတွယ်ရာ ပစ္စည်း ဟူ၍ နှစ်မျိုး ရ၏။

အာရုံအမျိုးအစား ၆ ပါး ရှိ၏။

၁။ ရူပါရုံ - မျက်စိဖြင့် မြင်နိုင်သော အဆင်း
၂။ သဒ္ဒါရုံ - နားဖြင့် ကြားနိုင်သော အသံ
၃။ ဂန္ဓာရုံ - နှာခေါင်းဖြင့် သိနိုင်သော အနံ့
၎။ ရသာရုံ - ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ်၊ ငန် အရသာ
၅။ ဖောဋ္ဌဗ္ဗာရုံ - ခန္ဓာကိုယ်နှင့် တွေ့ထိနိုင်သော အတွေ့အထိ
၆။ ဓမ္မာရုံ - ပသာဒရုပ် ၅ ပါး၊ သုခုမရုပ် ၁၆ ပါး၊ စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါး၊ နိဗ္ဗာန်၊ ပညတ်

ဤ အာရုံခြောက်ပါးအပြင် အာရမ္မဏသင်္ဂဟ၌ -

ကာမအာရုံ/ကာမတရား = ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈
မဟဂ္ဂုတ်အာရုံ/မဟဂ္ဂုတ်တရား = မဟဂ္ဂုတ်စိတ် ၂၇၊ စေတသိက် ၃၅
ပညတ်အာရုံ/ပညတ်တရား = ပညတ် ၂၈
လောကုတ္တရာအာရုံ/တရား = လောကုတ္တရာစိတ် ၈၊ စေတသိက် ၃၆၊ နိဗ္ဗာန်
ကာလဝိမုတ် = အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးမှ လွတ်သော တရား = နိဗ္ဗာန်၊ ပညတ်
တို့ကိုလည်း ခွဲခြား မှတ်သားကြရ၏။

+++++

အာရုံပြုတတ်သော တရား/အာရုံကို ယူတတ်သော တရားကို ‘အာရမ္မဏိက’ ဟု ခေါ်၏။
အာရုံအပြုခံရသော တရားကို ‘အာရုံ’ ဟု ခေါ်၏။

(က) (ကာမတရားကို အာရုံပြု)

+ အာရုံပြုတတ်သော တရား - စက္ခုဝိညာဏ်စိတ် ၂ ခုသည် အာရုံအပြုခံတရား - ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။

+ သောတဝိညာဏ်စိတ် ၂ ပါးသည် ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြု၏။

+ ဃာနဝိညာဏ်စိတ် ၂ ပါးသည် ပစ္စုပ္ပန် ဂန္ဓာရုံကို အာရုံပြု၏။

+ ဇိဝှါဝိညာဏ်စိတ် ၂ ပါးသည် ပစ္စုပ္ပန် ရသာရုံကို အာရုံပြု၏။

+ ကာယဝိညာဏ်စိတ် ၂ ပါးသည် ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။

(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို အကျဉ်းခေါ်သော် ‘ပဉ္စာရုံ’ ဟု ခေါ်၏၊)


(ခ) (ကာမတရားကို အာရုံပြု)

+ မနောဓာတ် ၃ ပါး (ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်း ဒွေး) သည် ပစ္စုပ္ပန် ပဉ္စာရုံကို အာရုံပြု၏။


(ဂ) (ကာမတရားကို အာရုံပြု)

+ သန္တီရဏစိတ် ၃၊ ဟသိတုပ္ပါဒ် ၁၊ ကာမာဝစရ၀ိပါက်စိတ် ၈၊ စုစုပေါင်း ၁၂ ပါးသော စိတ်တို့သည် ကာမတရား/ကာမအာရုံ (ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈) ကို အာရုံပြု၏။


(ဃ) (ကာမတရား/မဟဂ္ဂုတ်တရား/ပညတ်တို့ကို အာရုံပြု)

+ အကုသိုလ်စိတ် ၁၂၊ ဉာဏဝိပ္ပယုတ် ကာမာဝစရကုသိုလ်စိတ် ၄၊ ဉာဏဝိပ္ပယုတ် ကာမာဝစရ ကြိယာ ၄၊ စုစုပေါင်း ၂၀ သောစိတ်တို့သည် လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ပညတ် တို့ကို အာရုံပြု၏။ (လောကုတ္တရာမှအပ လောကီတရားအားလုံးကို အာရုံပြု၏။)


(င) (ကာမတရား/မဟဂ္ဂုတ်တရား/ပညတ်/နိဗ္ဗာန်တို့ကို အာရုံပြု)

+ ဉာဏသမ္ပယုတ် ကာမာဝစရ ကုသိုလ် ၄၊ ကုသိုလ်အဘိဉာဏ် ၁၊ ပေါင်း ၅ ပါးသည် အရဟတ္တမဂ်၊ ဖိုလ် ကြဉ်သော စိတ် ၈၇၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ နိဗ္ဗာန်၊ ပညတ်တို့ကို အာရုံပြု၏။

(အဘိဉာဏ် = အထူးပွားများအပ်သော ပဉ္စမဈာန်)


(စ) (ကာမတရား/မဟဂ္ဂုတ်တရား/နိဗ္ဗာန်/ပညတ်တို့ကို အာရုံပြု)

+ ဉာဏသမ္ပယုတ် ကာမာဝစရကြိယာ ၄၊ ကြိယာအဘိဉာဏ် ၁၊ ဝုဋ္ဌော ၁၊ ပေါင်း ၆ ပါးသည် စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ နိဗ္ဗာန်၊ ပညတ် အာရုံအားလုံးကို အာရုံပြု၏။


(ဆ) (မဟဂ္ဂုတ်တရားကို အာရုံပြု)

+ ဒုတိယနှင့် စတုတ္ထ အရူပါဝစရစိတ် ၆ ပါးသည် မဟဂ္ဂုတ်တရားကို အာရုံပြု၏။


(ဇ) (ပညတ်တရားကို အာရုံပြု)

+ ရူပါဝစရစိတ် ၁၅၊ ပထမနှင့် တတိယ အရူပါဝစရ ၆၊ ပေါင်း ၂၁ ပါးသည် ပညတ်တရားကို အာရုံပြု၏။


(ဈ) (နိဗ္ဗာန်ကို အာရုံပြု)

+ လောကုတ္တရာစိတ် ၈ ပါးသည် နိဗ္ဗာန်ကို အာရုံပြု၏။


+++++


ဧကန် အာရုံပြုခြင်း နှင့် အနေကန် အာရုံပြုခြင်း

ကာမတရားတစ်ခုတည်း သက်သက်၊ သို့မဟုတ် မဟဂ္ဂုတ်တရားတစ်ခုတည်း သက်သက်၊ သို့မဟုတ် ပညတ်တရားတစ်ခုတည်း သက်သက်၊ သို့မဟုတ် နိဗ္ဗာန်တစ်ခုတည်း သက်သက်သာ အာရုံပြုခြင်းကို ‘ဧကန်အာရုံပြုခြင်း’ဟု ခေါ်၏။

ကာမတရားလည်းပါ၊ တခြားသော တရားများလည်း ပါသော အာရုံပြုခြင်းကိုမူ ‘အနေကန်အာရုံပြုခြင်း’ဟု ခေါ်၏။

ကာမတရားကို ဧကန် အာရုံပြုသော စိတ် = ၂၅ (က-၁၀ + ခ-၃ + ဂ-၁၂ = ၂၅)
ကာမတရားကို အနေကန် အာရုံပြုသော စိတ် = ၃၁ (ဃ-၂၀ + င-၅ + စ-၆ = ၃၁)

မဟဂ္ဂုတ်တရားကို ဧကန် အာရုံပြုသော စိတ် = ၆ (ဆ-၆)
မဟဂ္ဂုတ်တရားကို အနေကန် အာရုံပြုသော စိတ် = ၃၁ (ဃ-၂၀ + င-၅ + စ-၆ = ၃၁)

ပညတ်တရားကို ဧကန် အာရုံပြုသော စိတ် = ၂၁ (ဇ-၂၁)
ပညတ်တရားကို အနေကန် အာရုံပြုသော စိတ် = ၃၁ (ဃ-၂၀ + င-၅ + စ-၆ = ၃၁)

နိဗ္ဗာန်ကို ဧကန် အာရုံပြုသော စိတ် = ၈ (ဈ-၈)
နိဗ္ဗာန်ကို အနေကန် အာရုံပြုသော စိတ် = ၁၁ (င-၅ + စ-၆ = ၁၁)


+++++


အပြန်အားဖြင့်ဆိုသော် (စိတ် ၈၉/၁၂၁ ဇယားကို ကြည့်၍ အာရုံကို ခွဲခြားဝေဖန်သော်)-

+ အကုသိုလ်စိတ် (၁၂ ပါး) သည် လောကုတ္တရာမှတပါး လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ်၊ ပညတ်တို့ကို အာရုံပြု၏။

+ အဟိတ်စိတ် (၁၈ ပါး)မှ
စက္ခုဝိဉာဏ်ဒွေးသည် ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏။
သောတဝိဉာဏ်ဒွေးသည် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၏။
ဃာနဝိဉာဏ်ဒွေးသည် ပစ္စုပ္ပန်ဂန္ဓာရုံကို အာရုံပြု၏။
ဇိဝှါဝိဉာဏ်ဒွေးသည် ပစ္စုပ္ပန်ရသာရုံကို အာရုံပြု၏။
ကာယဝိဉာဏ်ဒွေးသည် ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။
သမ္ပဋိစ္ဆိုန်းဒွေးသည် ပစ္စုပ္ပန်အာရုံ ၅-ပါးကို အာရုံပြု၏။
သန္တီရဏ ၃-ပါးသည် ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈ ကို အာရုံပြု၏။
ပဉ္စဒွါရာဝဇ္ဇန်းသည် ပစ္စုပ္ပန်အာရုံ ၅-ပါးကို အာရုံပြု၏။
မနောဒွါရာဝဇ္ဇန်း (ဝုဋ္ဌော)သည် စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ နိဗ္ဗာန်၊ ပညတ် (အာရုံအားလုံး)ကို အာရုံပြု၏။
ဟသိတုပ္ပါဒ်သည် ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈ ကို အာရုံပြု၏။

+ ကာမာဝစရသောဘန (၂၄ ပါး)မှ
ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်စိတ် ၄-ပါးသည် အရဟတ္တမဂ်ဖိုလ်ကြဉ် စိတ် ၈၇၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ နိဗ္ဗာန်၊ ပညတ်ကို အာရုံပြု၏။
ဉာဏဝိပ္ပယုတ် ကာမာဝစရကုသိုလ်စိတ် ၄-ပါးသည် လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ပညတ်ကို အာရုံပြု၏။
ကာမာဝစရဝိပါက်စိတ် ၈-ပါးသည် ကာမစိတ် ၅၄၊ စေတသိက် ၅၂၊ ရုပ် ၂၈ ကို အာရုံပြု၏။
ဉာဏသမ္ပယုတ် ကာမာဝစရကြိယာစိတ် ၄-ပါးသည် စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ နိဗ္ဗာန်၊ ပညတ် (အာရုံအားလုံး)ကို အာရုံပြု၏။
ဉာဏဝိပ္ပယုတ် ကာမဝစရကြိယာစိတ် ၄-ပါးသည် လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ပညတ်ကို အာရုံပြု၏။

+ ရူပါဝစရကုသိုလ်စိတ် ၅-ပါး၊ ရူပါဝစရဝိပါက်စိတ် ၅-ပါး၊ ရူပါဝစရကြိယာစိတ် ၅-ပါး၊ ပေါင်း ၁၅-ပါးတို့သည် ပညတ်ကို အာရုံပြု၏။

+ အရူပါဝစရစိတ် ၁၂-ပါးအနက်
ပထမစိတ် (အာကာသာနဉ္စာယတနစိတ်) ၃-ပါးသည် ပညတ်ကို အာရုံပြု၏။
ဒုတိယစိတ် ၃-ပါးသည် မဟဂ္ဂုတ်တရားကို အာရုံပြု၏။
တတိယစိတ် ၃-ပါးသည် ပညတ်ကို အာရုံပြု၏။
စတုတ္ထစိတ် ၃-ပါးသည် မဟဂ္ဂုတ်ကို အာရုံပြု၏။

+ လောကုတ္တရာစိတ် ၈/၄၀ သည် နိဗ္ဗာန်ကို အာရုံပြု၏။


+++++


ဒွါရမှ လွတ်သော စိတ်များ

ဒွါရမှ ရံခါလွတ်သော စိတ် ၁၀ (ဥပေက္ခာ သန္တီရဏ ၂ နှင့် ကာမာဝစရဝိပါက်စိတ် ၈) (ပဋိသန္ဓေ, ဘဝင်, စုတိ ကိစ္စတပ်သောအခါ) + အမြဲတမ်းလွတ်သော စိတ် ၉ (မဟဂ္ဂုတ်ဝိပါက်စိတ် ၉)၊ ပေါင်း ၁၉-ခုသည် ကံ သို့မဟုတ် ကမ္မနိမိတ် သို့မဟုတ် ဂတိနိမိတ်ကို အာရုံပြု၏။

+++++

No comments: