Wednesday, February 10, 2010

ပိဋကတ်သုံးပုံတရားပူဇော်ပွဲ


အဋ္ဌမမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နယူးယောက်မြို့သို့ ကြွရောက်လာရာ ဖေဖော်ဝါရီလ ၆ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်အား ပူဇော်ပွဲနှင့် တရားပွဲကို ကျင်းပခဲ့လေသည်။

နံနက် ၁၁း၀၀ နာရီတွင် ပူဇော်ပွဲနှင့် တရားပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်များက စုပေါင်း၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။



မွန်းလွဲ ၁း၀၀ နာရီတွင် ပူဇော်ပွဲနှင့် တရားပွဲကို ကျင်းပ ပြုလုပ်ရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က တိပိဋကဆရာတော် မိတ်ဆက် သြဝါဒစကား မြွက်ကြား၏။





ထိုနောက် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အတွင်းရေးမှူး ဦးစောဝင်းက တိပိဋကဓရ သမိုင်းအကျဉ်း၊ တိပိဋကဓရဘွဲ့ရ ဆရာတော်များနှင့် ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်းတို့ကို ဖတ်ကြားသည်။



တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်က “သာသနာ့ဂုဏ်ရည်တရားတော်”ကို ဟောကြား ချီးမြှင့်သည်။



ဒီပင်္ကရာဘုရားရှင်လက်ထက် သုမေဓာရှင်ရသေ့ဘဝမှ ဘုရားဆုပန် ဗျာဒိတ်ရရှိခဲ့ပြီး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတို့ကို ဆည်းပူး အားထုတ်ကာ သတ္တဝါများ ချမ်းသာရေးအတွက် ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပုံ။

+ လူနတ်ဗြဟ္မာ ဝေနေယျာ၏
ချမ်းသာတိုးပွား အကျိုးများဖို့
ဗုဒ္ဓမြတ်စွာ လောကမှာ မှန်စွာပွင့်ပေါ်လာ။

+ လူနတ်ဗြဟ္မာ ဝေနေယျာ၏
ချမ်းသာတိုးပွား အကျိုးများဖို့
ဗုဒ္ဓမြတ်စွာ သာသနာ မှန်စွာဖြစ်ပေါ်လာ။

ဘုရားဖြစ်တော်မူပြီး ၄၅ နှစ် ကာလပတ်လုံး နေရာမျိုးစုံသို့ ကြွရောက်၍ ပုဂ္ဂိုလ်မျိုးစုံတို့အား တရားဟောကြားတော်မူခဲ့ပုံ။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလအကြာတွင် ဘုရားရှင်၏ အဆုံးအမ တရားတော်များကို ပထမဦးဆုံး မှတ်တမ်းတင်ခဲ့ကြပုံ။

မှတ်တမ်းတင်ထားသော တရားတော်တို့ကို သဘောတူရာ ပေါင်းစုသော် စည်းကမ်းပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားကောင်းရေးအတွက် ဟောကြားဆုံးမသော တရားတော်များ = ဝိနယပိဋက တစ်ပုံ (စာအုပ် ၅ အုပ်)၊
သတ္တဝါများ၏ စိတ်ဓာတ်ကောင်းမွန်ရေးဆိုင်ရာ တရားတော်များ = သုတ္တန္တပိဋက တစ်ပုံ (စာအုပ် ၂၃ အုပ်)၊
အမှန်တရားကို နားလည် လက်ခံ သိမြင် သဘောပေါက်ရန် အဆုံးအမ တရားတော်များ = အဘိဓမ္မာပိဋက တစ်ပုံ (စာအုပ် ၁၂ အုပ်)၊ စုစုပေါင်း ပိဋကသုံးပုံ (စာအုပ် ၄၀) ရှိပုံ။

ကိုယ်ကျင့်တရားကောင်းရေး = သီလ
စိတ်ဓာတ်ကောင်းမွန်ရေး = သမာဓိ
ပညာကောင်းရေး = ပညာ
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးတို့သည် သာသနာ့ဂုဏ်ရည်ပင် ဖြစ်ပုံ။

+ သိက္ခာသုံးပါး၊ မြတ်တရား၊ မှတ်သား သာသနာ့ဂုဏ်ရည်ပါ။

သာသနာတည်ရှိမှ ဘုရား တရား သံဃာ ရတနာသုံးပါး ရှိပြီး၊ ဘုရား တရား သံဃာ ရတနာသုံးပါး ရှိမှလည်း သာသနာတည်ရှိသည်ဖြစ်ရာ ရတနာသုံးပါးသည်လည်း သာသနာ့ဂုဏ်ရည် ဖြစ်ပုံ။

+ ရတနာသုံးပါး၊ မြတ်တရား၊ မှတ်သား သာသနာ့ဂုဏ်ရည်ပါ။

သာသနာတည်ရှိမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို သိမြင် နားလည် အားထုတ်နိုင်သည်ဖြစ်ရာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို သိမြင် နားလည်မှုသည်လည်း သာသနာ့ဂုဏ်ရည် ဖြစ်ပုံ။

+ လက္ခဏာရေးသုံးပါး၊ မြတ်တရား၊ မှတ်သား သာသနာ့ဂုဏ်ရည်ပါ။

သာသနာ့ဂုဏ်ရည်များကို မိမိတို့သန္တာန်၌ တည်အောင် ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ စွမ်းရည် မြင့်မားလာကာ သာသနာနှင့် တွေ့ကြုံရကျိုးနပ်၍ သံသရာမှ လွတ်မြောက်သည်ထိ စွမ်းရည် မြင့်မားလာအောင် ကြိုးစားသွားကြစေလိုကြောင်း မှတ်သား လိုက်နာဖွယ် ဟောကြား ညွှန်ပြသွား၏။

+သာသနာ့ဂုဏ်ရည်၊ ကိုယ်မှာတည်၊ စွမ်းရည်မြင့်နိုင်သည်။

No comments: