Showing posts with label အဘိဓမ္မာသင်တန်း. Show all posts
Showing posts with label အဘိဓမ္မာသင်တန်း. Show all posts

Tuesday, December 14, 2010

၃၂-စု အရင်းပြု၍

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဒီဇင်ဘာလ ၁၁ ရက် စနေနေ့၌ ၂၀၁၀ ခုနှစ်၏ နောက်ဆုံးသင်တန်းများအဖြစ် အဘိဓမ္မာ ဝီထိပိုင်း သင်ခန်းစာများ ပြန်လည် သင်ကြားခြင်းနှင့် မဟာသတိပဋ္ဌာနသုတ် ပဋိကူလမနသိကာရပိုင်း သင်ကြားပို့ချခြင်းတို့ကို ပြုလုပ်၏။

သင်တန်းသို့ ပုံမှန်တက်ရောက်ကြသူ သင်တန်းသား သင်တန်းသူ ၁၅ ဦးခန့်ကို လောကချမ်းသာဆရာတော်က အဘိဓမ္မာ ဝီထိပိုင်းဆိုင်ရာ မှတ်သားစရာများနှင့် မဟာသတိပဋ္ဌာနသုတ် သမ္ပဇညပဗ္ဗနှင့် ပဋိကူလမနိသိကာရပဗ္ဗပိုင်းတို့ကို ရှင်းလင်း သင်ကြား ပို့ချပေး၏။

သင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “၃၂-စု အရင်းပြု၍”ဟူသော တရားတော်ကို ဟောကြား ချီးမြှင့်ရာ ဆရာတော်ဦးဗုဓ်၏ ၃၂-ကောဋ္ဌာသ ပါဠိ နိဿယကို အားလုံး ညီညာဖြဖြ ရွတ်ဆို ပူဇော်ကြ၏။


+++++

ပဋိကူလမနသိကာရပိုင်း (ဆရာတော်ဦးဗုဓ်၏ ပါဠိနိဿယ)

(ဃ) ဘိက္ခဝေ-ရဟန်းတို့။ ဧဝမေဝခေါ-ဤအတူလျှင်။ ဘိက္ခု-ရဟန်းသည်။ ပ။ ဣမမေဝ ကာယံ-ဤရူပကာယ ခန္ဓာကိုယ်ကိုသာလျှင်။ ပစ္စဝေက္ခတိ-ဆင်ခြင်၏။
ဣမသိံ္မ ကာယေ-ဤတစ်လံမျှလောက်သော ရူပကာယ ခန္ဓာကိုယ်၌ -

(၁) ကေသာ - နှစ်ကုဋေ ငါးသန်းသော ဆံတို့လည်းကောင်း။

(၂) လောမာ - ကိုးသိန်းကိုးသောင်းသော အမွေးတို့လည်းကောင်း။

(၃) နခါ - ငါးကြင်းကြေးသဖွယ် နှစ်ဆယ်သော လက်သည်း ခြေသည်းတို့လည်းကောင်း။

(၄) ဒန္တာ - သုံးဆယ့်နှစ်ချောင်းသော သွားတို့လည်းကောင်း။

(၅) တစော - တစ်ကိုယ်လုံးကို ခွာ၍ လုံးသည်ရှိသော် ဆီးစေ့ခန့်မျှရှိသော အထူးထူးသော အဆင်းရှိသော ပါးသော အပေါ်ရေ၊ အဆင်းဖြူသော ထူသော အတွင်းရေလည်းကောင်း။

(၆) မံသံ - တိုက်နံရံကို လိမ်းကျံသော မြေစိုင်ကဲ့သို့ အရိုးကို လိမ်းကျံသော ကိုးရာသော အသားလည်းကောင်း။

(၇) နှာရု - နံရံကို ဖွဲ့သော ကြိမ်နွယ်ကဲ့သို့ အရိုးကိုဖွဲ့သော ကိုးရာသော အကြော၊ အရသာကို ဆောင်သော ခုနစ်ထောင်သော အကြောလည်းကောင်း။

(၈) အဋ္ဌိ - သုံးရာသော အရိုးလည်းကောင်း။

(၉) အဋ္ဌိမိဉ္ဇံ - ကျက်စွာပေါင်း၍ ဝါးကျည်၌ ထည့်အပ်သော ကြိမ်ညွန့်နှင့် သဏ္ဍာန်တူသော ဖြူသော အဆင်းရှိသော ရိုးတွင်းခြင်ဆီလည်းကောင်း။

(၁၀) ဝက္ကံ - ရေမျိုမှ ဆက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍ တည်လျက် သရက်သီးပွတ်နှင့် သဏ္ဍာန်တူသော စဉ်းငယ်နီသော အဆင်းရှိသော အသားစိုင်နှစ်ခုဟု ဆိုအပ်သော အညှို့လည်းကောင်း။

(၁၁) ဟဒယံ - သားမြတ်နှစ်ခုအလယ်၊ ကိုယ်အတွင်း ရင်အချိုင့် အညှို့နှစ်ခုအကြား၌ တွဲလျား ဦးစောက်တည်သော ပညာရှိအား စဉ်းငယ်ပွင့်သော၊ ပညာမဲ့အား ငုံသော၊ အပေါ်ဖတ်ကို ခွာ၍ ပစ်အပ်သော ပဒုမ္မာကြာငုံတမျှ အပကား ပြေပြစ်သန့်ရှင်း၊ အတွင်းကား သပွတ်ခါးအူသဖွယ် အလယ်၌ ပုန်းညက်စေ့ဆန်လောက်သော တွင်း၌။
“စရိုက်နှင့်အညီ၊ နီမြန်း-ရာဂ၊ ဒေါသ-မည်းငြား၊ သားဆေးရည်-မောဟ၊ တက္က-ပဲပြုတ်ရည်၊ ဝါသည်-သဒ္ဓါ၊ ပညာ-ပြိုးပြက်၊ ဇောတမျက်သွင်၊ အရောင်ထင်သော” မနောဓာတ်, မနောဝိညာဏဓာတ်, စိတ်, စေတသိက်တို့၏ မှီရာ ဟဒယဝတ္ထုရုပ်တည်းဟူသော တလက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးသားလည်းကောင်း။

(၁၂) ယကနံ - သားမြတ်နှစ်ခုတို့၏ အလယ်၌ လက်ယာနံပါးကို မှီလျက် ကသစ်ရွက်နှင့် သဏ္ဍာန်တူသော ဖျော့တော့တော့ နီသော အဆင်းရှိသော ပညာရှိအား ငယ်သည်ဖြစ်၍ နှစ်ခု သုံးခု၊ ပညာမဲ့အား ကြီးသည်ဖြစ်၍ တစ်ခုတည်းသော အသည်းလည်းကောင်း။

(၁၃) ကိလောမကံ - ဖြူသောအဆင်းရှိသော အသားတရစ်ကို ရစ်သော အဝတ်ကဲ့သို့ အညှို့, နှလုံးကို ဖုံး၍ တည်သော အမြှေး၊ ကိုယ်အလုံး၌ အရေ၏ အောက်မှ တည်သော အမြှေးအားဖြင့် နှစ်ပါးသော အမြှေးလည်းကောင်း။

(၁၄) ပိဟကံ - နှလုံးသား၏ လက်ဝဲနံပါး၌ မှီလျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျားသဏ္ဍာန် ညိုသော အဆင်းရှိသော ဝမ်းလျှော သရက်ရွက်ဟု ဆိုအပ်သော အသားဖျဉ်းလည်းကောင်း။

(၁၅) ပပ္ဖါသံ - အညှို့, နှလုံးကို ဖုံး၍ တည်လျက် မုန့်ယှက်ပြတ်သဏ္ဍာန် နီသောအဆင်းရှိသော သုံးဆယ့်နှစ်ခုသော အသားလွှာတည်းဟူသော ကလအုန်းဆောင်းထပ်ဟု ဆိုအပ်သော အဆုတ်လည်းကောင်း။

(၁၆) အန္တံ - သွေးပြည့်သော ကျင်း၌ အရေကို ဆုတ်၍ ထည့်အပ်သော မြွေခွေကဲ့သို့ လည်ချောင်းမှ ဝစ္စမဂ်တိုင်အောင် ကိုယ်တွင်း၌ တည်သော ယောက်ျားအား သုံးဆယ့်နှစ်တောင်၊ မိန်းမအား နှစ်ဆယ့်ရှစ်တောင်ရှိသော နှစ်ဆယ့်တစ်ပတ် ခွေ၍နေသော ဖြူသောအဆင်းရှိသော အူမလည်းကောင်း။

(၁၇) အန္တဂုဏံ - ခြေသုတ်ကြိုးဝန်းကို ဖွဲ့သော ကြိုးသေးကဲ့သို့ နှစ်ဆယ့်တစ်ပတ်ခွေရာ၌ အူမကို ဖွဲ့သော မှော်မြစ်အတူ ဖြူသော အူသိမ်လည်းကောင်း။

(၁၈) ဥဒရိယံ - အစွန်းနှစ်ဘက်၌ ကိုင်၍ ညှစ်အပ်သော စိုသော ပုဆိုး၏ အလယ်အဖုကဲ့သို့ နှစ်ဆယ့်တစ်ပတ်ခွေသော အူမ၏ အလယ်အဖုဟု ဆိုအပ်သော သုံးဆယ့်နှစ်ပါးသော ပိုးမျိုးတို့၏ နေရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ ခွေးအန်ဖတ်ကဲ့သို့ မျိုအပ်သော အစာသစ်လည်းကောင်း။

(၁၉) ကရီသံ - ကျည်ထောက်၌ ထည့်အပ်သော မြေညက်ကဲ့သို့ အူမ၏အဆုံး အစောက်ရှစ်သစ်ခန့်မျှ ရှိသော အစာဟောင်းအိမ်၌ တည်သော အစာသစ်မှ ကျက်၍ ကျသော အစာဟောင်းတည်းဟူသော ကျင်ကြီးလည်းကောင်း။

(၂၀) မတ္ထလုင်္ဂံ - ဗူးအုံ၌ ထည့်အပ်သော မုန့်ညက်စိုင်သဏ္ဍာန် ခေါင်းခွံတွင်း၌ ချုပ်ကြောင်းလေးခုကို မှီ၍ တည်သော မုန့်ညက်စိုင်အတူ ဖြူသော ဦးနှောက်လည်းကောင်း။

(၂၁) ပိတ္တံ - ရေပြည့်သော သပွတ်ခါးသီးသဏ္ဍာန် နှလုံးအဆုတ်တို့၏ အလယ် အသည်းကို မှီ၍ တည်သော နောက်ကျုသော သစ်မည်စည်ဆီနှင့်တူသော အအိမ်ဖြင့် ဖွဲ့အပ်သော ဗဒ္ဓသည်းခြေ, ဆံ, အမွေး, ခြေသည်းလက်သည်း, သွားတို့၏ အသားမှ လွတ်ရာ အရပ်ခြောက်ထပ် ကြမ်းတမ်းသော အရာကို ထားလျက် မုန့်ယှက်၌ ဆီကဲ့သို့ တစ်ကိုယ်လုံး နှံ့၍ တည်သော ညှိုးနွမ်းသော ပန်းအဆင်းရှိသော အအိမ်ဖြင့် မဖွဲ့အပ်သော အဗဒ္ဓသည်းခြေအားဖြင့် နှစ်ပါးသော သည်းခြေလည်းကောင်း။

(၂၂) သေမှံ - မစင်တွင်းကို ပိတ်သော ပျဉ်ကြီး တန်စီးတွင်းအထက် မြှေးယှက်သော အမြှုပ်လွှာအသွင် ရေအပြင်ကို လွှမ်းသော ရေညှိပမာ အစာသစ်ကို ပိတ်လျက် အူမ၌တည်သော ဖြူသော အဆင်းရှိသော တကွမ်းစားမျှလောက်သော သလိပ်လည်းကောင်း။

(၂၃) ပုဗ္ဗော - အစေးရှိသော သစ်ပင်၏ ဓားခုတ်ရာ စသည်၌ စုဝေးသော အစေးကဲ့သို့ အမာပေါက်ရာ, ခလုတ်ထိရာ, ဆူးငြိရာ, မီးလျှံသင့်ရာ စသည်တို့၌ သွေးပုပ် စုဝေး၍ ဖြစ်သော ဖျော့တော့သော အဆင်းရှိသော ပြည်လည်းကောင်း။

(၂၄) လောဟိတံ - ကြည်လင်သော ချိပ်ရည်အဆင်းကဲ့သို့ ကိုယ်လုံးအနှံ့ အကြောကို လျှောက်၍ ရွေ့လျားသော တစ်ပြည်သားမျှလောက်သော ရွေ့လျားသော သွေး၊ ပျစ်ချွဲသော ချိတ်ရည်အဆင်းကဲ့သို့ အသည်းတည်ရာ၏ အောက်အဖို့ကို ပြည့်စေ၍ နှလုံး, အညှို့, အဆုတ်အထက် တစက်စက် ယိုစီးလျက် နှလုံး, အညှို့, အဆုတ်တို့ကို စွတ်စေ၍ တည်သော တကွမ်းစားမျှလောက်သော မရွေ့လျားသော သွေးအားဖြင့် နှစ်ပါးသော သွေးလည်းကောင်း။

(၂၅) သေဒေါ - ရေမှ နုတ်အပ်သော ကြာရိုးမှ ယိုစီးသော ရေကဲ့သို့ ကိုယ်စိတ်ပူပန်သောအခါ အမွေးတွင်းတို့မှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ်တည်းဟူသော ချွေးလည်းကောင်း။

(၂၆) မေဒေါ - ဆူသသူအား တစ်ကိုယ်လုံး၊ ကြုံသသူအား မြင်းခေါင်းသား စသည်၌ တည်သော နနွင်းဆိုးသော ပုဆိုးကဲ့သို့ ဝါသော အဆင်းရှိသော အဆီခဲလည်းကောင်း။

(၂၇) အဿု - ငိုကြွေးမြည်တမ်း ရယ်ပန်းကြီးသောအခါ မလျောက်ပတ်သော ဥတုအာဟာရမျိုး၊ မီးခိုး မြေမှုန့်ထိပါးသောအခါ စသည်တို့၌ မျက်စိမှ ယိုစီးသော ဆီကြည်အဆင်းရှိသော အာပေါဓာတ်တည်းဟူသော မျက်ရည်လည်းကောင်း။

(၂၈) ဝသာ - ထမင်းချိုး၌ သွန်းလောင်းသော ဆီကဲ့သို့ မီးပူသောအခါ စသည်တို့၌ များသောအားဖြင့် လက်ဖမိုး, လက်ဖဝါး, ခြေဖမိုး, ခြေဖဝါး, နှုတ်သီးဖျား, နဖူးပြင်, ပခုံးစွန်း၌ တည်သော အုန်းဆီအဆင်းနှင့်တူသော ဆီကြည်လည်းကောင်း။

(၂၉) ခေဠော - ချဉ်သီးစသည်ကို မြင်သောအခါ လက်ယက်တွင်းမှ ထွက်သော လက်ယက်ရေကဲ့သို့ ပါးစောင်နှစ်ဘက်မှ သက်၍ လျှာ၌ တည်သော လျှာဖျား၌ ကျဲသော၊ လျှာရင်း၌ ချွဲသော၊ အမြှုပ်နှင့်ရောသော အာပေါဓာတ်တည်းဟူသော တံတွေးလည်းကောင်း။

(၃၀) သိင်္ဃာဏိကာ - ငိုကြွေးမြည်တမ်းခြင်း၊ မလျောက်ပတ်သော ဥတု အာဟာရ၏ အစွမ်းဖြင့် ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်သော နုသောထန်းသီးဆန်နှင့်တူသော ဦးနှောက်မှ ယိုစီးသော အာပေါဓာတ်တည်းဟူသော နှပ်လည်းကောင်း။

(၃၁) လသိကာ - ဝင်ရိုးကို နယ်ဆီသုတ်သကဲ့သို့ တစ်ရာ့ရှစ်ဆယ်သော အရိုးဆက်တို့၏ အကြားဝယ် နယ်ဆီကိစ္စကို ပြီးစေ၍ တည်သော မဟာလှေကားစေးနှင့်တူသော ပျစ်ချွဲသော အစေးလည်းကောင်း။

(၃၂) မုတ္တံ - တန်းတွင်း၌ မှောက်ခုံပစ်အပ်သော အဝကျဉ်းသော အိုးတွင်း၌ ဝင်သော တန်စီးရေကဲ့သို့ စည်ပေါင်းတွင်း၌တည်သော ပဲကြီးပြာရည်အဆင်းရှိသော ကျင်ငယ်လည်းကောင်း။

ဣတိ-ဤသို့။ ဣမေ ဒွတ္တိံသာကာရာ-ဤသုံးဆယ့်နှစ်ပါးသော အခြင်းအရာအစုံတို့သည် -

(က) ဝဏ္ဏတောပိ - အဆင်းအားဖြင့်လည်းကောင်း။
(ခ) သဏ္ဌာနတောပိ - လုံးလုံးလျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန်အားဖြင့်လည်းကောင်း။
(ဂ) ဂန္ဓတောပိ - ညှီနံညှော်လောင်း မကောင်းသော ရနံ့အားဖြင့်လည်းကောင်း။
(ဃ) အာသယတောပိ - ဖြစ်ရာအကြောင်းအားဖြင့်လည်းကောင်း။
(င) သြကာသတောပိ - တည်ရာအရပ်အားဖြင့်လည်းကောင်း။
(စ) အသုစိဘာဝေန - မစင်ကြယ်သည်၏အဖြစ်ဖြင့်။
(ဆ) ဇေဂုစ္ဆိဘာဝေန - စက်ဆုတ်ဖွယ်၏အဖြစ်ဖြင့်။
(ဇ) ပဋိကူလဘာဝေန - ရွံရှာဖွယ်၏အဖြစ်ဖြင့်။
(ဈ) ဒုဂ္ဂန္ဓဘာဝေန - ညှီနံညှော်လောင်း မကောင်းသော ရနံ့၏အဖြစ်ဖြင့်။
(ည) အသုဘဘာဝေန - မတင့်တယ်သည်၏အဖြစ်ဖြင့်။
ပညာယမာနာ-ထင်ကုန်လျက်။
အတ္ထိ-ရှိကုန်၏။
ဣတိ-ဤသို့။
ပစ္စဝေက္ခတိ-ဆင်ခြင်၏။
(ဋ) ဣတိ-ဤသို့။
အဇ္ဈတ္တံ ဝါ - မိမိသန္တာန်၌လည်း။
ကာယေ - ဆံ, အမွေးစသော အပေါင်းအစု၌။
ကာယာနုပဿီ - ဆံ, အမွေး စသော အပေါင်းအစုကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ - နေ၏။
ပ။
ဘိက္ခဝေ - ရဟန်းတို့။
ဧဝမ္ပိခေါ - ဤသို့လည်း။
ဘိက္ခု - ရဟန်းသည်။
ကာယေ - ရူပကာယ၌။
ကာယာနုပဿီ - ရူပကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ - နေ၏။

+++++

တရားပွဲပြီးသော် ၁၅ မိနစ်မျှ တရားရှုမှတ်ကြ၍ ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, December 9, 2010

စိတ္တနိယာမ

“စိတ်တို့၏ အစဉ်အတန်းကို စိတ်ဝီထိ၊ ရုပ်တို့၏ အစဉ်အတန်းကို ရုပ်ဝီထိ ဟူ၍ သာသနာတော်ဝယ် အတော် ထင်ရှား, အသုံးများသော သိဖွယ်တစ်ရပ် ရှိ၏။
ထိုဝီထိကို နားမလည်လျှင် များစွာသော ပါဠိတော် အဋ္ဌကထာဝယ် (အထူးအားဖြင့် ပဋ္ဌာန်းဆိုင်ရာဝယ်) ယောင်လည်လည် ဖြစ်ကြရသည်။
ဝိပဿနာကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်သော ယောဂီပုဂ္ဂိုလ်များအတွက် အနိစ္စ, ဒုက္ခ, အနတ္တ ထင်မြင်နိုင်ဖို့ အချက်မှာ ဤဝီထိများသာလျှင် အသက်ပမာ ဖြစ်၏။
ထို့ကြောင့် သာသနာတော်၏ နှလုံးသည်းပွတ်ပမာ လွန်စွာ အရေးကြီးသော ဝီထိ၏ အကြောင်းအရာကို ကောင်းစွာ နားလည်ထိုက်ကြပေသည်။”

(တောင်မြို့ဆရာတော် အရှင်ဇနာကာဘိဝံသ၏ ‘ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ’ နိဒါန်း မှ)

+++++

စိတ္တနိယာမ

‘စိတ္တနိယာမ’ဆိုသည်ကား အဆင်း, အသံ အစရှိသော အာရုံတို့သည် မျက်စိ, နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည်ရှိသော် စီမံ ဖန်ဆင်းသူ မရှိကြပါကုန်ဘဲလျက် ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိန်း, သန္တီရဏ အစရှိကုန်သော ဝီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်ခြင်း မြဲကြသည်ကို ဆိုသတည်း။

စိတ်အမျိုးမျိုး

(က) မြင်စိတ်မျိုး
(ခ) ကြားစိတ်မျိုး
(ဂ) နံစိတ်မျိုး
(ဃ) လျက်စိတ်မျိုး
(င) တွေ့စိတ်မျိုး
(စ) ကြံစိတ်မျိုး,သိစိတ်မျိုး ဟူ၍ ဤကိုယ်၌ စိတ်ခြောက်မျိုး ရှိ၏။

ထိုတွင် -
- မျက်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် မြင်စိတ် မည်၏။
- နားတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် ကြားစိတ် မည်၏။
- နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် နံစိတ် မည်၏။
- လျှာအပြင်မှာ ဖြစ်ပေါ်သော စိတ်သည် လျက်စိတ် မည်၏။ အချို အချဉ်စသော ရသာရုံတို့ကို ချိုမှန်း ချဉ်မှန်း စသည်ဖြင့် သိမှုကို လျက်စိတ် ခေါ်သည်။
- တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် တွေ့စိတ် မည်၏။
- နှလုံးအိမ်တွင်း၌ ဖြစ်ပေါ်သော စိတ်သည် ကြံစိတ်, သိစိတ် မည်၏။

ထိုစိတ်တို့၏ အာရုံတရားတို့သည်လည်း ခြောက်မျိုး ရှိကုန်၏။
(၁) အဆင်းအာရုံတစ်မျိုး
(၂) အသံအာရုံတစ်မျိုး
(၃) အနံ့အာရုံတစ်မျိုး
(၄) အရသာအာရုံတစ်မျိုး
(၅) ကိုယ်၌ ထိခိုက်ရန် အာရုံတစ်မျိုး
(၆) ထွေထွေလာလာ ကြံသိရန် အာရုံတစ်မျိုး။

မျက်စိ မျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံ၍ နေကြဆဲအခါ၌ မျက်လုံးမှာ မြင်စိတ်ဖြစ်ပေါ်၏။
ထိုအဆင်းကို မြင်၏။
ထိုအာရုံနှင့် မျက်နှာလွှဲပြန်လျှင် ထိုမြင်စိတ် ပျက်ဆုံးပြန်၏။
အဆင်းဝတ္ထုအမျိုးမျိုး ပြောင်းလဲတိုင်း မြင်စိတ်အမျိုးမျိုး ပြောင်းလဲ၏။

နားဥပစာ၌ အသံအာရုံပေါ်လာတိုင်း နားတွင်းမှာ ကြားစိတ်ဖြစ်ပေါ်လာ၏။
ထိုအသံစဲပြန်လျှင် ထိုကြားစိတ် ပျက်ဆုံးပြန်၏။
အသံအမျိုးမျိုး ပြောင်းလဲတိုင်း ကြားစိတ်အမျိုးမျိုး ပြောင်းလဲ၏။

အနံ့အာရုံတို့နှင့် နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော နံစိတ်မျိုး၊ အချို, အချဉ်စသော ရသာရုံတို့နှင့် လျှာအပြင်မှာ ဖြစ်ပေါ်သော လျက်စိတ်မျိုးတို့မှာလည်း ထိုနည်းတူ မှတ်လေ။

တွေ့စိတ်သည်ကား တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်၏။ မြမြထက်သော အပ်သွားနှင့် ထိုး၍ စမ်းသော် နာမှန်းသိရာ ကိုယ်အင်္ဂါ အလုံးစုံတို့သည် တွေ့စိတ်မျိုး၏ ဖြစ်ပေါ်ရာဌာနချည်းပင်တည်း။
ထိုတွေ့စိတ်သည် ထိမှန်းသိရုံလည်း ရှိ၏။
ဒုက္ခဝေဒနာပါရှိသောအခါ နာစိတ်အမျိုးမျိုး၊ ကျဉ်စိတ်အမျိုးမျိုး၊ ယားစိတ်, ယံစိတ်, ကြိမ်းစိတ်, စပ်စိတ်, အောင့်စိတ်, အင့်စိတ်, နင့်စိတ်, စူးစိတ်, ထုံစိတ်, ကျဉ်စိတ်, ကိုက်စိတ်, ခဲစိတ်, ပူစိတ်, အိုက်စိတ်, အေးစိတ်, ချမ်းစိတ် စသည် အမျိုးမျိုး ရှိ၏။
လူအများတို့သည်မူကား ထိုနာမှု ကျဉ်မှုစသည်တို့ကို စိတ်ဓာတ်ဟူ၍ မသိနိုင်ကြကုန်၊ ဝိညာဏ်ဓာတ်ဟူ၍ မသိကြကုန်၊ နာမ်ဓာတ်ဟူ၍ မသိကြကုန်။

ကျောက်ကုန်းအပြင်မှာ နေပြင်းစွာ ပူသောအခါ ကျောက်ကုန်းရေပေါ်မှာ ထိုစိတ်တွေ အသင်္ချေ အနန္တ ဖြစ်နေ၏။
လူအများတို့သည်မူကား ထိုစိတ်တွေကို ကျောက်ကုန်းရေဟူသော ရုပ်အစုနှင့် တစ်ခုတည်း ယူ၍ ကျောက်ကုန်းရေပူသည်ဟူ၍သာ မှတ်ယူ ပြောဆိုတတ်ကြကုန်၏။

ဦးခေါင်းကိုက်သည်ဟု သိကြ၏။
ဦးခေါင်းတွင်းမှာ ဒုက္ခဝေဒနာနှင့်ယှဉ်သော ကိုက်ဝိညာဏ်မျိုး ဖြစ်ပေါ်၍နေသည်ဟု မသိကြ။
ခေါင်းကိုက်ပျောက်သည်ဟု သိကြ၏။ ထိုကိုက်ဝိညာဏ် ချုပ်ပျောက်သည်ဟု မသိကြ။

ထိုထို ကိုယ်အင်္ဂါတို့၌ နာမှုပေါ်သည် နာမှုပျောက်သည် စသည်တို့၌လည်း ထိုနည်းတူ သိလေ။

နှလုံးတွင်း၌ ဖြစ်ကြကုန်သော သိစိတ် ကြံစိတ်တို့သည်မူကား လောဘစိတ်အမျိုးမျိုး၊ ဒေါသစိတ်အမျိုးမျိုး၊ မောဟစိတ်အမျိုးမျိုး၊ သဒ္ဓါစိတ်အမျိုးမျိုး၊ မေတ္တာစိတ်အမျိုးမျိုး၊ ပညာစိတ်အမျိုးမျိုး စသည်ဖြင့် အလွန်များပြားကုန်၏။
လောဘအာရုံနှင့် တွေ့ကြုံသောအခါ လောဘခေါ်သော စိတ်ကြီးနှင့် ဖက်တွဲ၍ နှလုံးထဲမှာ ဖြစ်ပေါ်လာသော သိမှု ကြံမှုကို လောဘစိတ် ဆိုသည်။

ဒေါသစိတ် စသည်တို့၌လည်း ထိုအတူ သိလေ။

ထိုစိတ်တို့သည် နှလုံးသွေးထဲမှာ တစ်လှည့်စီ တစ်လှည့်စီ ဖြစ်ပေါ်ချည် ပျက်ဆုံးချည် နေကြကုန်၏။
စိတ်နှစ်မျိုးတွဲ၍ တပြိုင်တည်း ဖြစ်ပေါ်သည်ဟူ၍ မရှိ။ တစ်ခု ပျက်ဆုံးမှ တစ်ခုပေါ်ရ၏။
ဥပမာကား - တစ်ယောက်သောသူမှာ နတ်ကောင်း နတ်ဆိုး အမျိုးမျိုး ပူးဝင်ရာ၏။ နှစ်ဦးပြိုင်၍ ပူးဝင်သည် မရှိ။ တစ်ဦးထွက်မှ တစ်ဦးဝင်သကဲ့သို့တည်း။

ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို ခဏချင်း ခဏချင်း လှုပ်ရှားလျှင် သွားမှု, လာမှု, ပြောမှု, ဆိုမှု စသည်တို့ကို ပြုလုပ်နိုင်သော စိတ်တန်ခိုးကြီးတို့သည် ထိုနှလုံးဌာနမှ ဖြစ်ပွားကြကုန်၏။
လူအများတို့သည်မူကား ထိုနှလုံးဌာနမှ ဖြစ်ပွားကြကုန်သော စိတ်တို့ကို တစ်လှည့်စီ တစ်လှည့်စီ ပေါ်ချည် ဖြစ်ချည် နေကြသည်ဟူ၍ မသိကြကုန်။
ထွေထွေလာလာ ကြံတတ် သိတတ်သော စိတ်တစ်ခုတည်း အမြဲတည်ရှိ၍ နေသည် ထင်မှတ်ကြကုန်၏။

စိတ်တို့၏ ဖြစ်ရာဌာန (ပဉ္စဒွါရဝီထိ)

ယခုအခါ၌ ဝိသေသဖြစ်သော စိတ္တနိယာမ အချက်ကို ပြဆိုပေအံ့။
စိတ်တို့၏ ရှေ့နောက် စီတန်း၍ ဖြစ်စဉ်ကို ဝီထိ ဆို၏။

ထိုဝီထိသည် -
(၁) မြင်ဝီထိ
(၂) ကြားဝီထိ
(၃) နံဝီထိ
(၄) လျက်ဝီထိ
(၅) တွေ့ဝီထိ
(၆) သိဝီထိ ဟူ၍ ခြောက်ပါး ရှိ၏။

ထိုထို အဆင်းကို မြင်ကြရာ၌ မြင်ဝီထိ ဖြစ်ပုံကား -

(၁) ဆင်ခြင်စိတ် (ပဉ္စဒွါရာဝဇ္ဇန်း)
(၂) မြင်စိတ် (စက္ခုဝိညာဏ်)
(၃) ခံယူစိတ် (သမ္ပဋိစ္ဆိုင်း)
(၄) စုံစမ်းစိတ် (သန္တီရဏ)
(၅) ပြဋ္ဌာန်းစိတ် (ဝုဋ္ဌော)
(၆) ခံစားစိတ် (ဇော)
(၇) နောက်လိုက်စိတ် (တဒါရုံ)ဟူ၍ စိတ်ခုနစ်မျိုး အစဉ်အတိုင်း ဖြစ်မြဲ ဖြစ်၏။

ထိုစိတ်ခုနစ်မျိုးတို့တွင် မြင်စိတ်သည် မျက်လုံး၌ ဖြစ်၏။
ကြွင်းသော စိတ်ခြောက်မျိုးတို့သည် နှလုံးအိမ်တွင်းမှ ဖြစ်ကြသော စိတ်မျိုးတို့သာတည်း။

ထိုထို အသံကို ကြားကြရာ၌ ကြားဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ ကြားစိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်။

ထိုထို အနံ့ကို နံကြရာ၌ နံဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ နံစိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်။

ထိုထို အရသာကို သိကြရာ၌ လျက်ဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ လျက်စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်။

ထိုထို တွေ့ထိမှုကို တွေ့ကြုံရာ၌ တွေ့ဝီထိဖြစ်ပုံကား ဆင်ခြင်စိတ်၊ တွေ့စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ် ဖြစ်ပေါ်၏။

ကြားစိတ်သည် နား၌ ဖြစ်ပေါ်၏။
နံစိတ်သည် နှာခေါင်း၌ ဖြစ်၏။
လျက်စိတ်သည် လျှာ၌ ဖြစ်၏။
တွေ့စိတ်သည် ကိုယ်အင်္ဂါတို့၌ ဖြစ်၏။
ကြွင်းသော စိတ်ခြောက်မျိုး (ဆင်ခြင်စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ခံစားစိတ်၊ နောက်လိုက်စိတ်)တို့သည် နှလုံးအိမ်တွင်းမှာချည်း ဖြစ်ကြကုန်၏။

ဝီထိနှင့် သူခိုး ဥပမာ

ဥပမာကား - မင်းအိမ်တစ်ခုမှာ ညအခါ၌ တံခါးပိတ်လျက် တစ်အိမ်လုံး အိပ်ပျော်၍ နေကြကုန်၏။
သူခိုးတစ်ယောက်သည် လာ၍ တံခါးကို ဖွင့်၏။
မင်းခစား တစ်ယောက်သည် နိုး၍ တံခါးမှာ လူလားဟု ဆင်ခြင်၍
တံခါးစောင့်ကို နှိုး၍ အကြည့်ခိုင်း၏။ တံခါးစောင့်သည် တံခါးသော့ပေါက်မှ ကြည့်၏။ မြင်၏။
အိပ်ဖန်စောင့်တစ်ယောက်ကို ပြော၏။
အိပ်ဖန်စောင့်သည် ထ၍ သူခိုးကို ဖမ်း၏။ မိ၏။ မလွှတ်ပြီ။
မင်းအရာရှိတစ်ယောက်သည် ထ၍ စစ်၏။ စစ်တမ်း စစ်ချက် တင်၏။
အရာရှိတစ်ယောက်က စစ်တမ်းစစ်ချက်ကို ကြည့်၍ ခိုးသူအမှန်ဖြစ်ကြောင်း ပြဋ္ဌာန်း၏။
မင်းက ပြဋ္ဌာန်းချက်အတိုင်း စီရင်ချက် ချ၏။
မင်းလုလင်တို့က သူခိုးထံမှ မူးစ မတ်စ ညှစ်ယူကြ၏။
အမှုတစ်ခု ပြီး၏။

- လူတို့၏ ကိုယ်ခန္ဓာသည် မင်းအိမ်နှင့် တူ၏။
- ဘဝင်စိတ်ကျ၍ နေဆဲအခါသည် မင်းအိမ်မှာ အိပ်ပျော်၍ နေကြသည်နှင့် တူ၏။
- မျက်စိ နား စသော ခြောက်ဒွါရ ခြောက်ဌာနသည် မင်းအိမ်တံခါးနှင့် တူ၏။
- အပ၌ ရှိသော အာရုံစုသည် သူခိုးနှင့် တူ၏။
- အာရုံဒွါရ တွေ့ဆုံကြမှုသည် တံခါးဖွင့်မှုနှင့် တူ၏။
- ဆင်ခြင်စိတ် စသည်သည် မင်းခစားယောက်ျား စသည်နှင့် တူ၏။
(မြင်စိတ်, ကြားစိတ်, နံစိတ်, လျက်စိတ်, တွေ့စိတ် စသည်သည် တံခါးစောင့်၊ ခံယူစိတ်သည် အိပ်ဖန်စောင့်၊ စုံစမ်းစိတ်သည် မင်းအရာရှိ၊ ပြဋ္ဌာန်းစိတ်သည် အရာရှိ၊ ခံစားစိတ်သည် မင်း၊ နောက်လိုက်စိတ်သည် မင်းလုလင် စသည် တူ၏။)

ဤမြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှုစုသည်ကား ကိုယ်ခန္ဓာတွင်းမှာ ဓာတ်အချင်းချင်း ဆောင်ကြမှု သက်သက်သာ ရှိသေးသည်။
ပုဂ္ဂိုလ်မှာမူကား ငါမြင်သည်, ငါကြားသည်, ငါနံသည်, ငါလျက်သည်, ငါတွေ့သည်ဟု မသိမပေါ်သေး။
ဥပမာကိုလည်း ဓာတ်တို့၏ ဖြစ်စဉ်နှင့်သာ စပ်၍ ယူ။

မနောဒွါရဝီထိ (သိ ဝီထိ)

အဆင်းစသော အာရုံငါးပါးတို့နှင့်တကွ လောကဓမ္မအာရုံ အလုံးစုံတို့ကို သိကြ ကြံကြရာ၌ သိဝီထိ ဖြစ်ပုံကား -
(၁) ဆင်ခြင်စိတ်
(၂) တွင်ကျယ်စိတ်
(၃) နောက်လိုက်စိတ် ဟူ၍ သုံးမျိုး ရှိ၏။

ပဉ္စဒွါရငါးဝီထိတို့၌ ခံစားစိတ်နှင့် ဤမနောဒွါရဝီထိ၌ တွယ်ကျယ်စိတ်တို့ကို ဇောစိတ် ဟူ၍ ခေါ်၏။ အရှိန်အဟုန် ထက်သန် ပြင်းထန်သော စိတ်မျိုး ဆိုလိုသည်။

ထိုတွင် ဤမနောဒွါရဇောစိတ်သည် အတွင်ကျယ်ဆုံး ဖြစ်၏။
သတ္တလောကကြီး၌ နေ့တရုန်းရုန်း ညတရုန်းရုန်း တအုန်းအုန်း တညံညံ ရှိနေကြသည်မှာ ဤမနောဒွါရဇောတန်ခိုးတို့၏ အတတ်ပေတည်း။

နှလုံးတွင်း၌ ဤဇောတန်ခိုးကြီးတို့ ဆိတ်ကင်း၍ နေသောအခါ ခပ်သိမ်းသော သတ္တဝါတို့သည် အသေကောင်တွေနှင့် အလားတူကြကုန်၏။
မျက်စိ၌ မြင်၍လည်း မြင်မှန်း မသိကြကုန်။
နား၌ ကြား၍လည်း ကြားမှန်း မသိကြကုန်။
နှာခေါင်း၌ နံ၍လည်း နံမှန်း မသိကြကုန်။
လျှာ၌ လျက်၍လည်း လျက်ရမှန်း မသိကြကုန်။
ကိုယ်အင်္ဂါနှင့် တွေ့၍လည်း တွေ့ကြမှန်း မသိကြလေကုန်။
နှလုံးတွင်း၌ ဤမနောဒွါရဇောတန်ခိုးကြီးတို့ ကျရောက် ပေါ်ပေါက်လာသောအခါမှသာ မြင်လျှင် မြင်မှန်း သိကြကုန်၏။ ကြားလျှင် ကြားမှန်း သိကြကုန်၏။ နံလျှင် နံမှန်း သိကြကုန်၏။ လျက်လျှင် လျက်မှန်း သိကြကုန်၏။ တွေ့လျှင် တွေ့မှန်း သိကြလေကုန်၏။

ထို့ကြောင့် ဤမနောဒွါရဝီထိတို့သည် မြင်ဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ ကြားဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ နံဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ လျက်ဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။ တွေ့ဝီထိ၏ နောက်မှာလည်း များစွာ ဖြစ်ပွားကြကုန်၏။
မြင်ဝီထိ စသည်တို့နှင့် မစပ်ယှက်ဘဲ ကြံဖန်မှုသက်သက်တို့နှင့် ဖြစ်ကြကုန်သည်ကား သာ၍ များကုန်၏။

မည်သူမှ မဖန်ဆန်းဘဲ အလိုလိုဖြစ်နေသော စိတ်အစဉ်

ဤသို့ ဖြစ်ကြရာ၌ ဘယ်သူတစ်ဦးတစ်ယောက်မှ ထိုသို့ ဖြစ်ကြရန် စီမံ ဖန်ဆင်းရသည် မဟုတ်။
စိတ္တနိယာမအားဖြင့် အလိုလို စီပြီး စဉ်ပြီး တစ်စည်းတစ်ရုံး တစ်လုံးတစ်ဖွဲ့တည်း ဖြစ်မြဲ ဓမ္မတာအတိုင်း ဖြစ်ကြကုန်၏။

စက်ရုံကြီးတို့မှာ အရင်းစက်ခလုတ်ငယ်တစ်ခုကို လှုပ်ရှားလိုက်လျှင် အဆက်ဆက် စက်ကိရိယာအများတို့သည် တားမရ ဆီးမရ အဆုံးတိုင် လည်ကြကုန်သကဲ့သို့ မျက်စိမျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံခဲ့သည်ရှိသော် အမြင်ဝီထိ၊ အသိဝီထိတို့သည် တားမရ ဆီးမရ ဖြစ်ကြကုန်၏။

မျက်စိ မျက်နှာ မမှိတ်သာ မလွှဲသာ ရှိနေရာ၌ ငါမမြင်လိုဟု ငို၍ပင် နေငြားသော်လည်း ထိုပုဂ္ဂိုလ်ကို ထိုဝီထိစိတ်တို့သည် မြင်မှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။

ထို့အတူ ခွေးသံ, ဝက်သံ, တီးသံ, မှုတ်သံတို့နှင့် တွေ့ဆုံကြရာ၌ ငါမကြားလိုဟု ငို၍ပင် နေငြားသော်လည်း အကြား, အသိဝီထိစိတ်အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို ကြားမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
ခွေးပုပ် လူပုပ်စသည်နှင့် တွေ့ဆုံကြရာ၌ နံဝီထိ သိဝီထိစိတ်အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို နံမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
အလွန် ခါးစပ်သော ဓာတ်စာ ဆေးစာတို့ကို စားသောက်ကြရာ၌ လျက်ဝီထိ သိဝီထိတို့သည် ထိုပုဂ္ဂိုလ်ကို ခါးမှု စပ်မှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။
အဖျားအနာ ကြုံကြိုက်ရာတို့၌ တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်သော ပူစိတ် လောင်စိတ်တို့သည်လည်းကောင်း၊ အနာပေါက်ရာ ကိုယ်အင်္ဂါတို့၌ ဖြစ်ပေါ်ကုန်သော နာစိတ် ကျဉ်စိတ်တို့သည်လည်းကောင်း ထိုအဖျား ထိုအနာ မပျောက်ငြိမ်းသမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ်ကို ပူဒုက္ခ လောင်ဒုက္ခ နာဒုက္ခ ကျဉ်ဒုက္ခတို့နှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။

ထင်ရှားစေခြင်းငှါ အနိဋ္ဌာရုံတို့နှင့် တွေ့ဆုံမှုကို ပြဆိုလိုက်သည်။
ဣဋ္ဌာရုံတို့နှင့် တွေ့ဆုံရာတို့၌လည်း ဤနည်းအတိုင်း စိတ္တနိယာမ ဖြစ်ပုံတို့ကို အကုန်မြင်ကြစေ။

(လယ်တီဆရာတော်ဘုရားကြီး၏ “နိယာမဒီပနီ” မှ)

+++++

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက် စနေနေ့၊ မွန်းလွဲ ၃ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြားခြင်း သင်တန်းအဖြစ် မနောဒွါရဝီထိများအကြောင်းကို လောကချမ်းသာဆရာတော်က သင်ကြား ပို့ချပေး၏။

မဟာသတိပဋ္ဌာနသုတ်သင်တန်း၊ သမ္ပဇညပဗ္ဗပိုင်းကို လောကချမ်းသာဆရာတော်ကပင် မွန်းလွဲ ၄ နာရီမှ ညနေ ၅ နာရီထိဆက်လက် သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီ ၁၅ မိနစ်တွင်မူ လောကချမ်းသာ ဆည်းဆာတရားပွဲကို ဆက်လက် ကျင်းပပြုလုပ်ရာ အရှင်စက္ကိန္ဒက မဟာသတိပဋ္ဌာနသုတ်တော်၏ အကျိုးပြ၊ စိုးရိမ်ပူဆွေးမှုတို့ကို လွန်မြောက်စေပုံ၊ ဘုရားရှင်က သန္တတိအမတ်ကြီးအား ဟောကြားသော -

ယံ ပုဗ္ဗေ တံ ဝိသောသေဟိ
ပစ္ဆာ တေ မာဟု ကိဉ္စနံ
မဇ္စျေ စေ နော ဂဟေဿသိ
ဥပသန္တော စရိဿသိ။
(ဓမ္မပဒ)

တရားတော်ကို ထုတ်ဆောင်၍ ဟောကြား ချီးမြှင့်၏။

လင်္ကာများ

ဖြစ်ပေါ်ပြီးသား၊ ကိလေများ၊ ရှုပွားသည့်အနေ၊ ခြောက်သွေ့စေ။
ဖြစ်ပေါ်လာရန်၊ အကြောင်းဖန်သည့်၊ ရုပ်နာမ်ထွေထွေ၊ များကိလေ၊ တောင့်တမနေ၊ ရှုပွားလေ။
ဖြစ်ပေါ်နေဆဲ၊ ရုပ်နာမ်လည်း၊ စွဲလမ်းမနေ၊ ရှုပွားလေ။
ဤသို့ရှုပွား၊ ယောဂီများ၊ ငြိမ်းချမ်းစွာပေ၊ နေနိုင်လေ။

တရားပွဲပြီးသော် ၁၀ မိနစ်မျှ တရားရှုမှတ်ကြပြီး ကောင်းမှု ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Wednesday, December 1, 2010

သတိပဋ္ဌာန် လေးပါး

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြားခြင်းနှင့် မဟာသတိပဋ္ဌာနသုတ်သင်တန်းတို့ကို မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပ ပြုလုပ်၏။

နံနက်ပိုင်းတွင် အဘိဓမ္မာသင်တန်းသား တစ်ဦးဖြစ်သူ ဦးထိန်လင်း၏ ဦးလေးအတွက် ရက်လည်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ တရားတော်နာ ရေစက်ချ အမျှပေးဝေခြင်း ဆွမ်းကပ်ပွဲ ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသော မိတ်ဆွေများနှင့် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများလည်း လာရောက်ကြ၏။

အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် သင်ကြားရာ ဝီထိပိုင်း၊ ပဉ္စဒွါရဝီထိများအကြောင်းနှင့် မဟာသတိပဋ္ဌာသုတ်၊ ဣရိယာပထပဗ္ဗပိုင်းတို့ကို လောကချမ်းသာဆရာတော် ပြန်လည် သင်ကြား ပို့ချပေး၏။

+++++

သတိပဋ္ဌာန် လေးပါး

မေး။ ။ အဘယ့်ကြောင့် သတိပဋ္ဌာန် လေးပါးတိတိ ဟောသနည်း။

ဖြေ။ ။ ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သောကြောင့် လေးပါးတိတိ ဟောသည်။

ဤသတိစေတသိက်သည် အာရုံရှိသလောက် များ၏။
များသော်လည်း ဝေနေယျတို့၏ အစီးအပွားအား ဤလေးပါးသာ လျော်သည်။

ဝေနေယျသည် -
(၁) ပညာနုံ့၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၂) ပညာထက်၍ တဏှာသဘောရှိသူ တစ်ယောက်၊
(၃) ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
(၄) ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ တစ်ယောက်၊
ဤသို့ လေးယောက် ရှိ၏။

ထိုတွင် -
(၁) ကာယာနုပဿနာသည် ပညာနုံ့၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။ ဝါ - စင်ကြယ်ကြောင်း ဖြစ်၏။
(၂) ဝေဒနာနုပဿနာသည် ပညာထက်၍ တဏှာသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၃) စိတ္တာနုပဿနာသည် ပညာနုံ့၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
(၄) ဓမ္မာနုပဿနာသည် ပညာထက်၍ ဒိဋ္ဌိသဘောရှိသူ၏ ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ဤသို့ ဝေနေယျတို့၏ အစီးအပွားအားလျော်စွာ လေးပါးသာ ဟောသည်။

တနည်း
ဤသတိပဋ္ဌာန်လေးပါးသည် သမထအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက်၊ ဝိပဿနာအားထုတ်သော ဉာဏ်နုံ့သူတစ်ယောက်, ဉာဏ်ထက်သူတစ်ယောက် ဤလေးယောက်တို့၏ အစဉ်အတိုင်း ဝိသုဒ္ဓိမဂ္ဂဖြစ်၏။
ထို့ကြောင့် လေးပါးသာ ဟောသည်။

တနည်း
ဤလေးပါးသည် သုဘဟူ၍, သုခဟူ၍, နိစ္စဟူ၍, အတ္တဟူ၍ ဖောက်ပြန်သော ဝိပလ္လာသလေးပါးကို အစဉ်အတိုင်း ပယ်သည်။
သြဃလေးပါး, ယောဂလေးပါး, အာသဝလေးပါး, ဂန္ထလေးပါး, ဥပါဒါန်လေးပါး, အဂတိလေးပါးတို့ကိုလည်း ပယ်သည်။
အာဟာရလေးပါးကိုလည်း ပိုင်းခြား၍ သိသည်။
ထို့ကြောင့်လည်း လေးပါးသာ ဟောသည်။

တနည်း
အောက်မေ့စရာတရား လေးပါးရှိ၏။
နိဗ္ဗာန်ဝင်ပေါက် လေးပေါက် ရှိ၏ဟု ပြလို၍ လေးပါးသာ ဟောသည်။
ဥပမာဖြင့် ဤသို့ သိအပ်၏။
မင်းနေပြည်၏ အရှေ့ဘက်၌ နေသော သူတို့သည် အရှေ့ဘက်၌ ထွက်သော ဘဏ္ဍာကို ယူ၍ အရှေ့ဘက် မြို့တံခါးဖြင့် မင်းနေပြည်သို့ ဝင်ကုန်၏။
တောင်ဘက်၌, အနောက်ဘက်၌, မြောက်ဘက်၌ နေသူတို့လည်း မိမိတို့အရပ်ထွက် ဘဏ္ဍာကို ယူ၍ မိမိတို့ အရပ်တံခါးဖြင့် ဝင်ကုန်၏။
ထို့အတူ ကာယ၌ ရှုသောသူတို့သည် ကာယအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။
ဝေဒနာ၌, စိတ္တ၌, ဓမ္မတို့၌ ရှုသော သူတို့သည် အသီးအသီး ဝေဒနာ, စိတ္တ, ဓမ္မအာရုံ အဖုံဖုံကို အောက်မေ့၍ ဘာဝနာအာနုဘော်ကို ယူ၍ ရသော အဋ္ဌင်္ဂိကမဂ္ဂင်တံခါးဖြင့် နိဗ္ဗာန်မြို့ကြီးသို့ ဝင်ကုန်၏။

(ညောင်လေးပင်ဆရာတော်၏ “သတိပဋ္ဌာန်အရသာ” မှ)

Monday, November 22, 2010

ဗလိ ငါးပါး - အရှင်ကစ္စာယန

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လွန်ခဲ့သော တစ်လက ကွယ်လွန်သွားခဲ့သူ ဒေါက်တာဒေါ်မြမြအေးကို အကြောင်းပြု၍ ကျန်ရစ်သူ မိသားစု ဆွေမျိုးများ၊ မိတ်ဆွေသင်္ဂဟများ ပေါင်းစုကာ ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ် ကောင်းမှုကုသိုလ်ပြုလုပ် အမျှပေးဝေကြ၏။

ဆွမ်းအနုမောဒနာတရားတော်ကို ဘော်လ်တီမိုးမြို့ အရှင်ကေလာသဝိဟာရမှ ဆရာတော် အရှင်ကစ္စာယနက ဟောကြား ချီးမြှင့်၏။


+++++

မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း ဝတ္ထုသင်္ဂဟအကြောင်း ပြန်လည် သင်ကြား လေ့လာခြင်းနှင့် ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီထိ မဟာသတိပဋ္ဌာနသုတ်တော် သင်ကြား လေ့လာခြင်းတို့ကို လောကချမ်းသာဆရာတော်က ပို့ချပေး၏။

Monday, November 15, 2010

တိမ်ဖုံးပါလို့ လမသာ - အရှင်နန္ဒဝံသ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဦးသူရဟန်မိသားစုက မိဘနှစ်ပါးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းရာ လောကချမ်းသာ စနေနေ့တရားပွဲကို ဆွမ်းအနုမောဒနာတရားနှင့် ပေါင်း၍ မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီခွဲအထိ ကျင်းပ ပြုလုပ်၏။

ရှေးဦးစွာ ဆရာတော် ဦးစက္ကိန္ဒက ငါးပါးသီလပေး၍၊ သံဃာတော်အရှင်မြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ Wisconsin ပြည်နယ်မှ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော ဆရာတော် အရှင်နန္ဒဝံသက “တိမ်ဖုံးပါလို့ လ,မသာ” ဟူသော တရားတော်ကို မှတ်ဖွယ်ရာရာ လင်္ကာများဖြင့် ဟောကြား ချီးမြှင့်၏။





လင်္ကာများ

ဘဝဟူက ဒုက္ခမှန်သည်
ဘယ်ဘဝမှလည်း အမြဲမတည်
လူ့ပြည်မှာလည်း ဖြစ်ခဲ့ရပြီ
နတ်ပြည်မှာလည်း စံခဲ့ရပြီ
ငရဲမှာလည်း ခံခဲ့ရပြီ
၃၁-ဘုံ နယ်ကို လှည့်၍
တကယ့်ကိုပဲ ဆင်းရဲလှပါသည်။


မရှိပြန်တော့လည်း တောင့်တပူ
ရှိပြန်တော့လည်း ကြောင့်ကြပူ
မရှိ,တောင့်တ ရှိ,ကြောင့်ကြ ပူ
လူ့ဘဝကြီး ‘အထက်မီး-အောက်မီးမုန့်’နဲ့ တူ။


ဇာတိဘေး ကြောက်လှပါ
ဖြစ်မှုတွေ ချုပ်ငြိမ်းလို့ ဇာတ်သိမ်းဖို့ရာ ညွှန်ပြပါ
ဖြစ်မှုတွေ ဇာတ်သိမ်းလို့ ချုပ်ငြိမ်းဖို့ရာ ညွှန်ပြပါ
ရူပက္ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တများမို့
ပရမတ်များသာ ရှုစမ်းပါ
သူသူငါငါ စွဲတာ ဖြုတ်မှ
ဖြစ်မှုဆုံး အဆုံး‘နိဗ္ဗူတာ’။


မျက်စိ၂-ပေါက်က ကြည့်ခဲ့လေပြီ
အဆင်းဟူသမျှ ကြည့်ခဲ့လှပြီ
ကောင်းတာတွေ့တော့ လောဘဖြစ်သည်
ဆိုးတာတွေ့တော့ ဒေါသဖြစ်သည်
သင့်အတွက်နဲ့ စိတ်ပျက်လှပြီ
သံသရာထဲ တဝဲလည်လည်
ထိန်းသိမ်းကြဖို့ ယခုတော်ပြီ
‘ငါ’သိမ်းပိုက် မီးမြိုက်လေဦးမည်။


လောဘတရား ဖြစ်ပွားလာသည်
အလောဘနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
ဒေါသတရား ဖြစ်ပွားလာသည်
အဒေါသနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
မောဟတရား ဖြစ်ပွားလာသည်
အမောဟနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။


လိုတာမရတာ၊ သည်းခံခြင်းနဲ့ ဖြေ
မလိုတာ ရလာ၊ သည်းခံခြင်းနဲ့ ဖြေ
လိုတာ ရလာ၊ တင်းတိမ်ခြင်းနဲ့ ဖြေ
လောဘ သေ၊ ဒေါသ သေ
ဤလူ့ဘုံတွင်း တွေ့ကြုံ နေ့တိုင်း ဖြေ။


သဘောကျတော့ ပြုံးပြန် ပြုံးပြန်
သဘောမကျတော့ မုန်းပြန် မုန်းပြန်
ပြုံးပြန်မုန်းပြန် နှစ်ရုပ်နှစ်နာမ်
မျက်စိအောက်က ချုပ်ပျောက် ရုပ်နဲ့နာမ်
‘ငါ’ မပါရန် ကိုယ်ပိုင်ဉာဏ်နဲ့ ကြံ
အမှန်သိတော့ သန္တိပြည်နိဗ္ဗာန်။


+++++

တရားပွဲပြီးနောက် မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ အဘိဓမ္မာ အာရမ္မဏသင်္ဂဟပိုင်း ပြန်လည် သင်ကြား လေ့လာခြင်း၊ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ မဟာသတိပဋ္ဌာနသုတ် သင်ကြား လေ့လာခြင်းတို့ကို လောကချမ်းသာဆရာတော်က သင်ကြား ပို့ချပေး၏။

သာဓု ... သာဓု ... သာဓု။

Tuesday, November 9, 2010

ဘယ်သူ့ကို အချစ်ဆုံးလဲ - အရှင်ပညာနန္ဒ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လောကချမ်းသာဆရာတော် ကိုယ်လက် မအီမသာ ဖြစ်နေ၍ အဘိဓမ္မာသင်တန်းနှင့် မဟာသတိပဋ္ဌာနသုတ်တော်သင်တန်းများ မပြုလုပ်ဖြစ်ဘဲ ဦးပညာနန္ဒက လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲအဖြစ် “ဘယ်သူ့ကို အချစ်ဆုံးလဲ”တရားတော်ကို ဟောကြား ချီးမြှင့်သွား၏။




Monday, November 1, 2010

ကုသိုလ်သည်သာ ကိုယ့်ရိက္ခာ - အရှင်နန္ဒဝံသ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက် စနေနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိ အဘိဓမ္မာသင်တန်း၊ သုတ္တန်တရားတော်များ လေ့လာခြင်းသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။

အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် လေ့လာ သုံးသပ်ခြင်းအဖြစ် ပကိဏ်းပိုင်း ဒွါရသင်္ဂဟကို မူလပဋ္ဌာန်းဆရာတော်ဘုရားကြီး၏ သင်ကြားပို့ချချက်ဇယားနှင့် ဆိုရိုးများဖြင့် မွန်းလွဲ ၃ နာရီမှ ၄ နာရီထိ လောကချမ်းသာဆရာတော်က ပြန်လည် သင်ကြား ပို့ချပေး၏။

ထိုနောက် ၁၀ မိနစ်ခန့် အနားပေးပြီး၊ လောကချမ်းသာဆရာတော်ကပင် မဟာသတိပဋ္ဌာနသုတ်ကို နာရီဝက်မျှ သင်ကြား ပို့ချပေး၏။ မဟာသတိပဋ္ဌာနသုတ်သင်တန်း ပထမဆုံး ပို့ချချက်အနေဖြင့် မဟာသတိပဋ္ဌာနသုတ်တော်ကြီးကို အသံထွက်မှန်မှန်ကန်ကန် အဖြတ်အတောက် မှန်မှန် ရွတ်ဖတ် ပူဇော်တတ်စေလိုသောကြောင့် ရွတ်ဖတ်နည်းကို စတင် ပို့ချ သင်ကြားပေး၏။

ညနေ ၅ နာရီမှ ၆ နာရီအထိ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ်ရာ မလေးရှားနိုင်ငံမှ ခေတ္တ ရောက်ရှိနေသော ဆရာတော် အရှင်နန္ဒဝံသက “ကုသိုလ်သည်သာ ကိုယ့်ရိက္ခာ”ဟူသော တရားတော်ကို တိုတိုကျဉ်းကျဉ်း ထိထိမိမိ မှတ်ဖွယ်ရာရာ လင်္ကာများဖြင့် ဟောကြား ချီးမြှင့်သွား၏။





လင်္ကာများ

ဤလူ့ဘဝ၊ လာခဲ့ရ၊ ခဏလေးသာ ဖြစ်သည်။
ခဏလေးလာ၊ ဧည့်သည်မှာ၊ ပြန်ကာ သွားရမည်။


လူဖြစ်ရတဲ့၊ ဒီချိန်ခါ၊ ရွှေတံခါးကြီး ဖွင့်ရမှာ/ကိုယ်ကျင့်သီလ တည်ရမှာ။
ရွှေငွေရတနာ၊ ဆိုတာများ၊ ဘုရားဟောလို့ ရှိခဲ့သား။


ယုံကြည်မှုကွဲ့၊ မြတ်သဒ္ဓါ၊ ကိုယ်ကျင့်သီလ တည်ရမှာ။
ရှက်တာကြောက်တာ၊ ကိုယ်မှာထား၊ သုတရှိအောင် သင်ကြိုးစား။


ပေးကမ်းခြင်းရဲ့၊ စေတနာ၊ ဒါနကိုလည်း ပြုရမှာ။
ဤအင်္ဂါစုံသူများ၊ ဘေးရန်ကင်းပေါ့၊ အသင်/အို လူသား။


အနှစ်နံ့သာ၊ အားလုံးမှာ
ကောင်းတာ အမြတ်ဆုံး၊ ကရမက်တုံး။


အမွှေးနံ့သာ၊ အားလုံးမှာ
ကောင်းတာ အမြတ်ဆုံး၊ စန္ဒကူးတုံး။


အပွင့်နံ့သာ၊ အားလုံးမှာ
ကောင်းတာ အမြတ်ဆုံး၊ မြတ်လေးကုံး။


ဗုဒ္ဓ ဓမ္မ၊ သြဝါဒ
နေ့ညစွဲသုံး၊ အမြတ်ဆုံး။


တရားကရမက်၊ လိမ်းကျံလျက်၊ နံ့သက်ကိလေ ပျောက်ပါစေ။
တရားစန္ဒကူး၊ လိမ်းကျံလူး၊ ညစ်ကျူးကိလေ ပျောက်ပါစေ။
တရားမြတ်လေး၊ ပန်ဆင်မွှေး၊ ညစ်ကြေးကိလေ ပျေက်ပါစေ။


တရားပွဲပြီးသော် ငါးမိနစ်မျှ တရားရှုမှတ် ပွားများကြပြီး၊ ကုသိုလ်ကောင်းမှု အပေါင်းအစုတို့ကို ဝေနေယျသတ္တဝါအများတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Monday, October 25, 2010

အဘိဓမ္မာအခါတော်နေ့

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက် စနေနေ့မှ အပတ်စဉ် စနေနေ့တိုင်း အဘိဓမ္မာသင်တန်းကို ပို့ချလာခဲ့ရာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက် စနေနေ့ဝယ် တစ်နှစ်တိတိ ပြည့်၏။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်၏။
ထို့ကြောင့် အဘိဓမ္မာသင်တန်းသူသင်တန်းသားများနှင့် အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်း အလုပ်အမှုဆောင်များ စုပေါင်းကာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပကြ၏။

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.



အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၊ အလုပ်အမှုဆောင်များသည် ဘုရားပန်း၊ အမွှေးတိုင်၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုမုန့်များ ယူဆောင်လာကြပြီး၊ နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြကာ၊ ဆရာတော်မှ ဦးဆောင်၍ ဗုဒ္ဓပူဇာသဘင်ကို ဆင်ယင်ကြ၏။

နံနက် ၁၁ နာရီတွင် ဆရာတော်အား ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
လောကချမ်းသာဘုရားကျောင်း၌ သီတင်းသုံးသော ကျန်ဆရာတော်များမှာ သံဃပဝါရဏာပွဲသို့ ကြွရောက်နေကြသဖြင့် မရှိကြပေ။

ဆရာတော်အား ဆွမ်းကပ်ပြီးသော် သင်တန်းသူ သင်တန်းသားများ၊ အလုပ်အမှုဆောင်များ၊ ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများသည် နံနက်စာ စားသောက်ကြပြီး၊ နောက်ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည့် ကထိန်ပွဲတော်အတွက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြ၏။

မွန်းလွဲ ၁ နာရီတွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ၏။
ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး၊ လောကချမ်းသာဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူကြ၏။

ထိုနောက် နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်စွာဘုရားကို ရှိခိုးခြင်း၊ အဘိဓမ္မာအခါတော်နေ့အကြောင်း လျှောက်တင်သံ လင်္ကာများကို ရွတ်ဆို ပူဇော်ခြင်း၊ အဘိဓမ္မာ အမေး-အဖြေကို ဖတ်ကြား ပူဇော်ခြင်း၊ အဘိဓမ္မာနေ့အကြောင်း သိကောင်းစရာများကို ရွတ်ဖတ် ပူဇော်ခြင်း၊ အဘိဓမ္မာအမွှန်းဂါထာကို ရွတ်ဖတ် ပူဇော်ခြင်း၊ အဘိဓမ္မာပါဠိတော် ကောက်နုတ်ချက်များကို ရွတ်ဖတ် ပူဇော်ခြင်း၊ ရောင်ခြည်တော်ဖွဲ့ သံဆန်းကဗျာကို ရွတ်ဆို ပူဇော်ခြင်းတို့ကို ပြုလုပ်ကြ၏။

ပြီးသော် လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား၍ ရေစက်သွန်းချ ဆုတောင်းမင်္ဂလာနှင့် အမျှဝေမှု အောင်သာဓု ခေါ်ဆိုကြပြီး နတ်ဗြဟ္မာများကို ပြန်ပို့ကာ အခမ်းအနားကို ဗုဒ္ဓသာသာနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ပြီးဆုံးစေ၏။

အခမ်းအနားပြီးနောက် တစ်နာရီခန့် အနားယူကြပြီး ညနေ ၄ နာရီတွင် စုပေါင်း၍ ပဋ္ဌာန်းပစ္စယ နိဒ္ဒေသကို ရွတ်ဖတ် ပူဇော်ခြင်း၊ နာရီဝက်ခန့် ဝိပဿနာဘာဝနာ ပွားများခြင်း ပြုလုပ်ကြပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြပြန်လေသည်။



သာဓု ... သာဓု ... သာဓု။

Monday, October 18, 2010

မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြား လေ့လာခြင်း မပြုမီ မွန်းလွဲ ၂ နာရီခွဲမှ စ၍ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား အစီအစဉ်ကို အစမ်း လေ့ကျင့် ပြုလုပ်ကြ၏။





အဘိဓမ္မာ ခုနစ်ကျမ်း ပါဠိတော်ကောက်နုတ်ချက်များ၏ အသံထွက် မှန်ကန်စေရေးအတွက် လောကချမ်းသာဆရာတော်က အထူး ဂရုစိုက် သင်ပြပေး၏။

ညနေ ၄ နာရီမှ ၅ နာရီအထိ အဘိဓမ္မာသင်ခန်းစာများကို ပြန်လှန် သင်ကြား လေ့လာကြပြီး၊ ညနေ ၆ နာရီခွဲ၌ တရားပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ ဘော်လ်တီမိုး အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက “ဓမ္မစကြာတရားတော်”ကို ဟောကြား ချီးမြှင့်၏။



တရားပွဲကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဉာဏ်စဉ် တစ်ဆယ့်ခြောက်ပါး ဘုရားရှိခိုး”ဖြင့် ဖွင့်လှစ်၍ ဓမ္မစကြာတရားတော်ကိုလည်း ဆရာတော်ကြီး၏ ဓမ္မစကြာတရားတော်ဆောင်ပုဒ်များဖြင့် မှတ်သားဖွယ် ဟောကြား ချီးမြှင့်သွား၏။

+++++

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

၁။ နာမရူပံ-ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ၊
တံ သမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။


၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။


၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။


၎။ အဒေသိယေ သာသနိကေ၊
ဉာဏိမေ သေဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။


+++++

(၁) နာမရူပံ ပရိစ္ဆေဒံ = နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။

(၂) တပ္ပစ္စယပရိဂ္ဂဟံ = ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။

(၃) တံ သမ္မသနံ = ထို နာမ်ရုပ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ် ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း။

(၄) ဥဒယဗ္ဗယ ဉာဏဉ္စ = နာမ်ရုပ်တို့၏ အသစ်ဖြစ်ပေါ်လာခြင်း၊ ဖြစ်ပေါ်ပြီးလျှင် တခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း။

(၅) ဘင်္ဂဂံ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း။

(၆) ဘယဉာဏဉ္စ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကို သိမြင်သဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း။

(၇) အာဒီနဝဉာဏဉ္စ = နာမ်ရုပ်သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း။

(၈) နိဗ္ဗိဒံ = နာမ်ရုပ်သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်းကောင်း။

(၉) မုဉ္စိတုကမျတံ = နာမ်ရုပ်သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်လည်းကောင်း။

(၁၀) ပဋိသင်္ခံ = အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင် အနိစ္စစသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင်အားထုတ်၍ အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။

(၁၁) သင်္ခါရုပေက္ခကံ = အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်း မပြု၊ ထိုရုပ်နာမ်သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါးကိုလည်း ပယ်စွန့်၍ သိရုံ သိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခာဉာဏ်လည်းကောင်း။

(၁၂) အနုလောမဉ္စ = အနိစ္စ, ဒုက္ခ, အနတ္တတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်ရှစ်ပါးနောက် မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့၌ နှစ်ကြိမ်, သုံးကြိမ်ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။

(၁၃) ဂေါတြဘုံ = ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယအနွယ်ဇာတ်သို့ ရောက်စေလျက် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်၏ ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူဉာဏ်လည်းကောင်း။

(၁၄) မဂ္ဂညာဏံ = နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာလေးပါးကို တပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း။

(၁၅) ဖလံ = မဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ်လည်းကောင်း။

တထာ = ထိုမှတပါး

(၁၆) ပစ္စဝေက္ခဏဉာဏံ = မဂ်ဖိုလ်နိဗ္ဗာန်ပယ်ပြီးသော ကိလေသာ၊ မပယ်ရသေးသော ကိလေသာအားဖြင့် ပြန်လှည့်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း။

ဣတိ = ဤသို့၊

တိလောကမှိ = ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြာဝဠာရှိသမျှ အနန္တမဆုံး လောကကြီး တစ်ခုလုံး၌။

ကေနစိပိ = နတ်, လူ, ဗြဟ္မာ သတ္တဝါတစ်ဦးတစ်ယောက်မျှသော်လည်း။

အဒေသိယေ = မကြား,မနာ ကြံစည်ကာဖြင့် အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော။

သာသနိကေ = ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွင်း၌သာလျှင် ပေါ်လင်းဖြစ်ထွန်းနိုင်ကောင်းကုန်သော။

ဥတ္တရေ = လောကီပညာအရပ်ရပ်တို့ထက် ထူးကဲမြင့်မြတ်ကုန်သော။

ဣတိ သောဠသဉာဏေ = ဤ ၁၆-ပါးသော ဉာဏ်တို့ကို။

ဒေသေတာရံ = မိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်တကယ် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်သော။

ပဝတ္တာရံ = မိမိကိုယ်တော်တိုင် ပိုင်နိုင်ပြီးစီးစေပြီးမှ ခိုမှီကပ်လာ ဗြဟ္မာနတ်လူ ကျွတ်ထိုက်သူ မှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သောစိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေထသော။

ဗုဒ္ဓံ = သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို။

အဟံ = တပည့်တော်သည်။

တီဟိ = ကာယညွတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်။

အာဒရံ = ရိုသေစွာ။

နမေနမာမိ = ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

+++++

မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်

ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွာ ရှောင်ရမည်။

မသုံးဆောင်ဘဲ၊ ကိုယ်ညှင်းဆဲ၊ ဒါလည်း ရှောင်ရမည်။

စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါ နုယောဂါ။

ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာ နုယောဂါ။

သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။

အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ် လမ်းမှန်ဖြစ်ပေသည်။

လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်။

+++++

တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Monday, October 11, 2010

ဆန္ဒ နှင့် ဘဝ

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၉ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း အဘိဓမ္မာသင်တန်း၌ စေတသိက်ပိုင်းနှင့် ပကိဏ်းပိုင်းတို့ကို လောကချမ်းသာဆရာတော်က မူလပဋ္ဌာန်းဆရာတော်၏ ဇယားများနှင့် ဆိုရိုးများဖြင့် အလွယ်တကူ နားလည် သဘောပေါက်စေရန် အထူး သင်ကြား ပို့ချပေး၏။

အဘိဓမ္မာသင်ခန်းစာများ ပြန်လည် ပို့ချသင်ကြားပေးခြင်း ပြီးသော်၊ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော အရှင်ပညာနန္ဒက “သာသနာအကြောင်း၊ ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒအကြောင်း၊ ဆန္ဒနှင့်ဘဝအကြောင်း” ဟောကြား ချီးမြှင့်၏။



တရားပွဲအပြီးတွင် ၁၀-မိနစ်ခန့် တရား ရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြပါသည်။

သာဓု ... သာဓု ... သာဓု။

Monday, October 4, 2010

နတ်တို့မှာတမ်း စကားဆန်း

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာ တရားပွဲတို့ကို ကျင်းပ ပြုလုပ်မြဲ ပြုလုပ်ကြ၏။

၂၀၀၉-၂၀၁၀ ခုနှစ် အဘိဓမ္မာသင်တန်းမှာ ယခင်အပတ်တွင် နောက်ဆုံးသင်ခန်းစာကို ပို့ချခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ၏ စနေနေ့ ပထမ သုံးပတ် (အောက်တိုဘာ ၂, ၉, ၁၆)တို့တွင် အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် လေ့လာခြင်းနှင့် အောက်တိုဘာလ ၂၃ ရက် စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့တွင် အဘိဓမ္မာအခါတော်နေ့ကို ကျင်းပ ပြုလုပ်ရေးအလုပ် ပြင်ဆင်မှုများ ပြုလုပ်ကြမည် ဖြစ်၏။

ယခုအပတ် အောက်တိုဘာလ ၂ ရက် စနေနေ့တွင် ရှေးဦးစွာ မွန်းလွဲ ၃ နာရီမှ ၄ နာရီခွဲထိ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားတွင် ရွတ်ဆို ပူဇော်ကြမည့် လင်္ကာများ၊ အဘိဓမ္မာခုနစ်ကျမ်း ပါဠိတော် ကောက်နုတ်ချက်များကို စနစ်တကျ ရွတ်ဆို ပူဇော်နိုင်ရန် လောကချမ်းသာဆရာတော်က သင်ကြား ပို့ချပေး၏။

ထိုနောက် အဘိဓမ္မာ စိတ်ပိုင်းကို လောကချမ်းသာဆရာတော်ကပင် ၄၅ မိနစ်ခန့် ပြန်လည် ပို့ချပေး၏။ အထူးသဖြင့် မူလပဋ္ဌာန်းဆရာတော်ဘုရားကြီး၏ ဇယားကို ကြည့်တတ်ပြီး၊ ဆိုရိုးများကို ဆိုတတ်နိုင်အောင် ရှင်းလင်း သင်ပြပေး၏။

+++++

လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ညနေ ၆ နာရီတွင် ကျင်းပရာ အရှင်စက္ကိန္ဒက ယခင်အပတ်တွင် ဟောကြားခဲ့သော “နတ်တို့မှာတမ်း စကားဆန်း” တရားတော်ကို အဆုံးသတ် ဟောကြား ချီးမြှင့်၏။

ပုဗ္ဗနိမိတ်ငါးပါး ထင်ပုံ

နတ်များမှာ စုတေခါနီးကာလ လူတို့၏ ရက်အားဖြင့် ၇-ရက်ခန့် အချိန်ကာလ၌ ပုဗ္ဗနိမိတ်ငါးပါးကို တွေ့မြင်ကြရ၏။

(၁) ပန်ဆင်ထားသော ပန်းများ ညှိုးနွမ်းခြင်း။
(၂) ဝတ်ထားသော အဝတ်များ ညစ်နွမ်းခြင်း။
(၃) လက်ကတီးကြားတို့မှ ချွေးများ ထွက်ခြင်း။
(၄) အိုမင်းသည့် ရုပ်များ ပေါ်လာခြင်း။
(၅) ပျင်းရိ ငြီးငွေ့လာခြင်း။

ဤ ပုဗ္ဗနိမိတ် ငါးပါးကို တွေ့မြင်ရသည့် နတ်သည် ၇-ရက်ခန့် ကြာလျှင် နတ်ဘဝမှ စုတေတော့၏။
နတ်ဘဝမှ မစုတေမီ အခြား မိတ်ဆွေနတ်များက သုံးခွန်းသော မှာတမ်းစကားကို ဆိုလေ့ရှိကြ၏။

၁။ ဣတော ဘော သုဂတိ ဂစ္ဆ = ဤနတ်ပြည်လောက နတ်ဘဝက စုတေလျှင် သုဂတိဘဝသို့ ရောက်အောင် သွားပါ။
(နတ်ပြည်ဘဝ၊ စုတေက၊ သုဂတိသို့ သွားပါလေ။)

၂။ သုဂတိ ဂန္တွာ သုလဒ္ဓ လာဘံ လဘ = သုဂတိဘုံဘဝသို့ ရောက်လျှင် အကောင်းဆုံး ရတနာများကို ရအောင် ယူပါ။
(သုဂတိမှာ၊ ရသင့်တာ၊ ရတနာများ ရပါစေ။)

၃။ သုလဒ္ဓလာဘံ လဘိတွာ သုပ္ပတိဋ္ဌါတော ဘဝါမိ = ရသင့်ရထိုက်တဲ့ ရတနာကောင်းများ ရပြီးလျှင် ကိုယ့်သန္တာန်မှာ မြဲမြန်တည်တံ့ ခိုင်ခန့်အောင် လုပ်ပါ။

(ရရှိပြီးသား၊ ရတနာများ၊ ပျောက်ပျက်မသွား တည်ပါစေ။)

(နတ်တို့မှာတမ်း၊ စကားဆန်း၊ ထူးဆန်းလှပေ ဤသုံးထွေ။)



တရားပွဲပြီးသော် ၁၀ မိနစ်ခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ် အဖို့အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, September 30, 2010

ကမ္မဋ္ဌာန်းပိုင်း (၅)

... ပြန် စဉ်းစားကြည့်စမ်း။
အဘိဓမ္မာမလေ့လာခင်က အသိနဲ့ အဘိဓမ္မာလေ့လာပြီးမှ အသိနဲ့ ဘယ်လိုနေသလဲ?
ကွာခြားမှုရှိရဲ့လား ... မရှိဘူးလား။
ရှိတာပေါ့။

စကားသုံးတာတွေကို ပိုပြီး နားလည်လာတယ် မဟုတ်ဘူးလား။
ဆိုပါတော့၊ စေတနာ .. စေတနာနဲ့ ပြောနေတယ်။ မြန်မာစကားမှာတော့ စေတနာဆိုတာ ကောင်းတာကို စေတနာခေါ်တာ။
မင်းကို ငါ .. စေတနာနဲ့ ပြောတယ်ဆိုတာ ကောင်းတဲ့ စေတနာနဲ့ ပြောတယ်လို့ ဆိုတာ။

တကယ်ကတော့ စေတနာဆိုတာ ဘာလဲ?
စေ့ဆော်ခြင်း သဘောတရား၊ ကောင်းတာလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။
ဒါတွေကို နားလည်လာပြီနော်။

ပြီးတော့ ဘုန်းကြီး ရေစက်ချတဲ့အခါကျတော့ အာသဝေါတရားလေးပါးတို့၏ ကင်းရာ ကုန်ရာ နိဗ္ဗာန်သို့လို့ ရွတ်ကြတာ ကြားဖူးတယ် မဟုတ်လား။
အာသဝေါတရားဆိုတာ အခု နားလည်ပြီ ဆိုပါတော့။ မမှတ်မိရင်တောင် ပြန်ကြည့်ရင် သိတယ်။

ဘုန်းကြီးတွေ တရားဟောတဲ့အခါ ဥပါဒါနက္ခန္ဓာ .. ဒီလိုသုံးတာတွေ ရှိတယ်။
သမုဒယ၊ တဏှာလောဘဆိုတဲ့ စကားတွေကို အခု နားလည်လာပြီ မဟုတ်လား။
အရင်ကတော့ ကိုယ်က နားလည်တယ် ထင်တာ။
တကယ်တော့ နားမလည်ဘူး။ မြန်မာစကားဆိုပြီး နားလည်သလို ထင်တာပဲ ရှိတယ်။
အခုတော့ အဲဒါတွေကို တိတိကျကျ နားလည်လာပြီ။

ငါ စိတ်မကောင်းဘူးကွာ၊ စိတ်ဆိုးတယ်လို့ ပြော့လေ့ရှိကြတယ်။
အမှန်ကတော့ အဲဒီစိတ်ဆိုတာဟာ စိတ်ရော၊ စေတသိက်ရော နှစ်ခုလုံးကို ပေါင်းပြီး ပြောနေတာ။
စိတ်ချည်းသက်သက် ဆိုးလို့ မရဘူး။
စေတသိက်ဆိုးတွေနဲ့ တွေ့တဲ့အခါ စိတ်ဆိုးတယ် ခေါ်ရတာ။

အဲသလို အဘိဓမ္မာကို နားလည်လာတဲ့အတွက်ကြောင့် အသိဉာဏ်ဟာ အရင်ကနဲ့ မတူတော့ဘူး ဖြစ်လာတယ် မဟုတ်လား။
ပြီးတော့ practical side ကို ကြည့်မယ်ဆိုရင် ဘယ်ဟာက ကုသိုလ်၊ ဘယ်ဟာက အကုသိုလ်ဆိုတာ နားလည်ပြီ၊ သိနေပြီ။
သိနေတဲ့အတွက်ကြောင့် အကုသိုလ်ဆိုတာက မကောင်းတဲ့ အကျိုးပေးတတ်တယ်။
ကုသိုလ်ဆိုတာက ကောင်းတဲ့အကျိုး ပေးတတ်တယ်။
အဲဒီတော့ ကောင်းတဲ့အကျိုးကို လိုချင်ရင် ကုသိုလ်ကို ပွားများ အားထုတ်ရမယ်။
မကောင်းတဲ့အကျိုးကို မလိုချင်ရင် အကုသိုလ်ကို ရှောင်ရမယ်။
ဒါတွေ သိလာတယ်။

သိတဲ့နေရာမှာ ရိုးရိုးသိတာမဟုတ်ဘဲနဲ့ တကယ့်ကို တိတိကျကျ သိတာ။
ဘယ်လိုဟာမျိုးက အကုသိုလ်ဖြစ်တယ်၊ ဘယ်လိုဟာမျိုးက ကုသိုလ်ဖြစ်တယ်လို့လည်း ခွဲခြား သိလာတယ်။
ဒါတွေဟာ အဘိဓမ္မာနားလည်တဲ့ အကျိုးတွေပေါ့။
လက်တွေ့ကျင့်သုံးရာမှာ ရနိုင်တဲ့ အကျိုးတွေ။

ပြီးတော့ ကောင်းမှုကုသိုလ်တစ်ခု ပြုတဲ့ နေရာမှာ တိဟိတ်ဥက္ကဌ်ကုသိုလ်ဖြစ်အောင် လုပ်တတ်လာပြီ မဟုတ်လား။
အဘိဓမ္မာ နားမလည်သေးတဲ့ သူဆိုရင် လုပ်ချင်မှ လုပ်တတ်မယ်။
ဘုန်းကြီးက သင်ပေးလို့ လုပ်ချင်လည်း လုပ်တတ်သွားမယ်ပေါ့လေ။
သူတို့ဟာ သူတို့တော့ မလုပ်တတ်သေးဘူးပေါ့။

အဲဒါကြောင့်မို့ အဘိဓမ္မာ နားလည်တဲ့ အကျိုးဟာ တန်ဖိုးမဖြတ်နိုင်ဘူး။
မိမိရဲ့ အနာဂတ်ဘဝ ဖန်တီးတဲ့အခါမှာ မဂ်ဖိုလ်ရနိုင်တဲ့ အခြေခံပါအောင် ဖန်တီးပေးမှ မဂ်ဖိုလ်ရမှာ။
ဒီဘဝမရလည်း နောက်ဘဝရအောင် ဆိုရင်လည်း ကိုယ်ကဖန်တီးမှ ရမှာ။
ဘယ်လို ဖန်တီးရမယ်ဆိုတာ အခု သိပြီ။

ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာ တိဟိတ်ကုသိုလ်၊ ဥက္ကဌ်ကုသိုလ်ဖြစ်အောင် လုပ်မှ နောက်ဘဝ ဘဝတွေမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ မဂ်ဖိုလ်ရနိုင်တဲ့ အဆင့်အတန်းရောက်မယ်။
ဒါတွေ သိပြီဆိုတော့ ကိုယ့်ရဲ့ အနာဂတ်ဘဝတွေကို ဒီဘဝကနေပြီး စီမံနိုင်တယ်ပေါ့။
ဒါဟာ အဘိဓမ္မာတတ်လို့၊ အဘိဓမ္မာမတတ်ရင် မဖြစ်ဘူး .. ဒါတွေ မလုပ်တတ်ဘူး။

ဒါကြောင့်မို့ အဘိဓမ္မာနားလည်တဲ့အတွက်ကြောင့် လက်တွေ့အကျိုးရှိအောင် အများကြီးလည်း လုပ်နိုင်တယ်။
ပြီးတော့ လက်တွေ့ အကျိုးသိပ်မရှိဘူး ထားဦး၊ သဘောတရားတွေကို နားလည်တဲ့နေရာမှာ သူများတွေနဲ့ မတူတော့ဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ်နားလည်တာဟာ ရိုးရိုး နားလည်တာမျိုး မဟုတ်တော့ဘူး။
သုတ္တန်တွေ ဘာတွေ ဖတ်ပြီဆိုရင်လည်း တချို့နေရာတွေမှာ ကိုယ်က အယူအဆ မလွဲတော့ဘူး။ ကိုယ်က အဘိဓမ္မာ နားလည်ပြီးသား ဖြစ်နေပြီ။

ဒါကြောင့်မို့ အဘိဓမ္မာသင်ရတဲ့အကျိုးဟာ မကုန်နိုင်အောင် ရှိတယ်။
အကျိုးအမျိုးမျိုး ရှိတယ်။
ဒီအကျိုးတွေကို မိမိတို့ဟာ အဘိဓမ္မာလေ့လာရတဲ့အတွက်ကြောင့်မို့ ရကြပြီပေါ့။

အဲဒီတော့ မိမိတို့ အဘိဓမ္မာကို နားလည်တာဟာ ဘယ်လောက်သာ ရှိသေးသလဲဆိုတော့ အမှန်အတိုင်း ပြောရရင် နည်းနည်းပဲ ရှိသေးတယ်။

ဆိုပါတော့၊ ပင်လယ်ကမ်းစပ်သွားပြီး I have seen the Pacific ocean. ငါ ပစ္စိဖိတ်သမုဒ္ဒရာကြီး မြင်ပြီဟေ့ ..လို့ ကြွေးကြော်ပေမယ့် ကိုယ်မြင်တဲ့ ပစ္စိဖိတ်သမုဒ္ဒရာက ဘယ်လောက်ရှိသေးလို့လဲ။
တကယ့် ပစ္စိဖိတ်သမုဒ္ဒရာနဲ့စာလိုက်ရင် အပုံတစ်ရာပုံ တစ်ပုံတောင် မရှိသေးဘူး။

အဲဒါမျိုးလိုပဲ၊ ဘုန်းကြီးတို့ ဒကာဒကာမတို့တတွေ နားလည်တဲ့ အဘိဓမ္မာဟာ မြတ်စွာဘုရား မပြောနဲ့၊ အရှင်သာရိပုတ္တရာ နားလည်တဲ့ အဘိဓမ္မာနဲ့စာရင် ဘာမှ မဟုတ်သေးဘူး။

ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် I am an Abhidhamma scholar. လို့ ပြောဝံ့ဖို့တောင် ဦးဇင်းတို့ မပြောဝံ့ဘူး။
Student of Abhidhamma ပဲ။ သူများတွေက scholar လို့ ပြောနေကြတယ်။

ကိုယ်သိတာက တကယ်ကျတော့ ဘာမှ မဟုတ်သေးဘူး။
ခေတ်ဥပမာနဲ့ ပြောရမယ်ဆိုရင် ရေခဲတောင်ကြီးတွေဟာ ရေပေါ်ပေါ်နေတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာမဟုတ်လား။
အဲဒါမျိုးလိုပဲ။ ကိုယ်သိတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိချင်မှ ရှိဦးမယ်။

ဒါကြောင့်မို့ ရှေ့ဆက်ပြီးတော့ မပြတ် လေ့လာသွားရမှာပဲ။
နည်းနည်း နည်းနည်းချင်း ဒီတစ်ခေါက်ထက် နောက်တစ်ခေါက်က ပိုသိလာမယ်။
နောက်တစ်ခေါက်ထက် နောက်တစ်ခေါက်က အသိပိုလာမယ်။
အသိပိုလာလေ တရားကို လေးလေးနက်နက် သိလေ၊ လေးလေးနက်နက် သိလေ မြတ်စွာဘုရားကို ပိုပြီး ကြည်ညိုလေပဲ။
တရားသိတဲ့အခါ ပိုကြည်ညိုတယ်။ ကြည်ညိုတတ်လာတယ်။
တရားမသိဘဲ အရမ်းကြည်ညိုတာထက် တရားသိပြီး ကြည်ညိုတာက ပိုကောင်းတယ်။

အဲဒါကြောင့် အကျိုးတွေ အများကြီး ရနိုင်တဲ့ အခြေခံအဘိဓမ္မာကို ငါတို့ အစကနေ အဆုံးတိုင်အောင် လေ့လာအားထုတ်ပြီးပြီဆိုတာ အလွန်ဝမ်းသာဖို့ ကောင်းတယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

လက္ခဏာ ၃-ပါး

၁။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ မမြဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော အနိစ္စလက္ခဏာ။
၂။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ ဆင်းရဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော ဒုက္ခလက္ခဏာ။
၃။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ အနှစ်သာရမဟုတ်ခြင်း၊ အလိုသို့ မလိုက်ခြင်းအမှတ်ဖြင့် မှတ်ကြောင်းဖြစ်သော အနတ္တလက္ခဏာ။

အနုပဿနာ ၃-ပါး

၁။ အနိစ္စာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို မမြဲသောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
၂။ ဒုက္ခာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ဆင်းရဲသောအားဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။
၃။ အနတ္တာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အစိုးမရ အလိုသို့ မလိုက်သောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း

+++++
သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်

သောတာပတ္တိမဂ်စိတ်အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
ပထမရသော သောတာပတ္တိဖိုလ်မှ စပြီး သကဒါဂါမိမဂ် မရမချင်းတိုင်အောင် သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
ဘဝသံသရာတွင် အလွန်ဆုံး ၇-ဘဝသာ နေပြီး နောက်ဆုံးဘဝ၌ ဧကန် ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြု၏။

၁။ သတ္တက္ခတ္တုပရမသောတာပန် = ခုနစ်ဘဝ၏ အဆုံး၌ နိဗ္ဗာန်သို့ စံဝင်သောပုဂ္ဂိုလ်။
၂။ ကောလံကောလသောတာပန် = နှစ်ဘဝမှ ခြောက်ဘဝတိုင်အောင် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံဝင်သောပုဂ္ဂိုလ်။
၃။ ဧကဗီဇသောတာပန် = တစ်ဘဝသာလျှင် ပဋိသန္ဓေတည်နေ၍ ပရိနိဗ္ဗာန်စံဝင်သောပုဂ္ဂိုလ်။

သောတာပတ္တိမဂ်စိတ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်၏။
ကျန်ကိလေသာများအတွက် အပါယ်ကို ကျစေနိုင်သော ကိလေသာများကို ပယ်၏။
သောတာပန်ပုဂ္ဂိုလ်သည် အပါယ်လားစေနိုင်သော အကုသိုလ်တို့ကို မပြုလုပ်တော့။
ငါးပါးသီလ လုံးဝ လုံခြုံ၏။ အသက်သာ အသေခံမည်ဖြစ်ပြီး ငါးပါးသီလကို ကျူးလွန်မည် မဟုတ်ပေ။

သောတာပန်ဖြစ်ပြီး ပုဂ္ဂိုလ်၌ အကုသိုလ်စိတ် ၁၂-ပါးထဲမှ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ပါး၊ ပေါင်း ၅-ပါးကို ပယ်၏။

သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်

တရားဆက်အားထုတ်ပြီး ဝိပဿနာဉာဏ်မှာ ဥဒယဗ္ဗယဉာဏ်က စ၍ အဆင့်ဆင့် တက်သွားကာ ဒုတိယမဂ်ရသော အခိုက်အတန့်၌ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်၏။
ပထမ သကဒါဂါမိဖိုလ် ရသည်မှ စ၍ အနာဂါမိမဂ်မရမီတိုင်အောင် သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်၏။

လူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် တစ်ခေါက်သာ ပြန်လာတော့၏။

၁။ ဣဓပတွာ ဣဓပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၂။ ဣဓမတွာ တတ္ထပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၃။ တတ္ထပတွာ တတ္ထပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၎။ တတ္ထပတွာ ဣဓပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၅။ ဣဓပတွာ တတ္ထနိဗ္ဗတ္တိတွာ ဣဓပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ ဖြစ်ပြီး ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၆။ တတ္ထပတွာ ဣဓနိဗ္ဗတ္တိတွာ တတ္ထပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်ပြီး ဤလူ့ဘုံ၌ ပဋိသန္ဓေနေ၍ ဤလူ့ပြည်မှတဖန် ထိုနတ်ပြည်သို့ ပြန်၍ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။

သကဒါဂါမိမဂ်သည် နောက်ထပ် ကိလေသာတို့ကို အကြွင်းမဲ့အားဖြင့် မပယ်သော်လည်း ကိလေသာတို့ကို ပို၍ နည်းပါးသွားအောင် လုပ်၏။

အနာဂါမိမဂ်၊ အနာဂါမိဖိုလ်

တတိယမဂ်ရသော အခိုက်အတန့် ပုဂ္ဂိုလ်ကို အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ပထမ အနာဂါမိဖိုလ်မှ အရဟတ္တမဂ် မရမီတိုင်အောင် ပုဂ္ဂိုလ်ကို အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
အနာဂါမ်ဖြစ်ပြီးက လူ့ပြည်၊ ကာမာဝစရဘုံတို့သို့ ပြန်မလာတော့ဘဲ ဧကန် သုဒ္ဓါဝါသဗြဟ္မာဘုံ၌ ဖြစ်ကာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံဝင်၏။

၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်အပိုင်းအခြား ရှေ့ထက်ဝက်အတွင်း ရဟန္တာဖြစ်သော အနာဂါမ်။
၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်သော အနာဂါမ်။
၃။ အသင်္ခါရပရိနိဗ္ဗာယီ = ဆင်းဆင်းရဲရဲ အလွန်လုံ့လမပြုဘဲ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၎။ သသင်္ခါရပရိနိဗ္ဗာယီ = ဆင်းဆင်းရဲရဲ ငြိုငြင်ပင်ပန်းစွာ အလွန်လုံ့လပြုပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမိအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတို့တွင် အောက်အောက်သောဘုံတို့၌ အရဟတ္တမဂ်ကို မရမူ၍ အထက်ဆုံးဖြစ်သော အကနိဋ္ဌဘုံသို့ ရောက်မှ ရဟန္တာဖြစ်သော အနာဂါမ်။

ဥဒ္ဓံသောတအကနိဋ္ဌဂါမိအနာဂါမ်ကို ဤသို့ ခွဲသေး၏။

(က) အဝိဟာဘုံမှ စ၍ အစဉ်အတိုင်း အကနိဋ္ဌဘုံတိုင်အောင် သွား၍ ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမိအနာဂါမ်။
(ခ) အဝိဟာဘုံမှ စ၍ အစဉ်အတိုင်း သုဒဿီဘုံတိုင်အောင် သွား၍ ဥဒ္ဓံသောတ နအကနိဋ္ဌဂါမိအနာဂါမ်။
(ဂ) ဤကာမဘုံမှ အကနိဋ္ဌဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော နဥဒ္ဓံသောတ အကနိဋ္ဌဂါမိအနာဂါမ်။
(ဃ) ဤကာမဘုံမှ သုဒ္ဓါဝါသအောက် ၄-ဘုံသို့ သွား၍ ဖြစ်ရာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ နအကနိဋ္ဌဂါမိအနာဂါမ်။

အနာဂါမိမဂ်က ကာမရာဂနှင့် ဗျာပါဒကို အကြွင်းမဲ့ ပယ်၏။

အရဟတ္တမဂ်၊ အရဟတ္တဖိုလ်

အရဟတ္တမဂ် အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ပထမ အရဟတ္တဖိုလ်မှ စပြီး ပရိနိဗ္ဗာန်ပြုသည်တိုင်အောင်သော ပုဂ္ဂိုလ်ကို အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။

ရဟန္တာပုဂ္ဂိုလ်သည် -
(၁) ပညာဝိမုတ္တရဟန္တာ
(၂) ဥဘတောဘာဂဝိမုတ္တရဟန္တာ
(၃) တေဝိဇ္ဇရဟန္တာ
(၄) ဆဠာဘိညရဟန္တာ
(၅) ပဋိသမ္ဘိဒါပတ္တရဟန္တာ ဟူ၍ ၅-မျိုး ရှိ၏။

အရဟတ္တမဂ်က အလွန်သိမ်မွေ့သော မာနမှ လွဲ၍ ကျန်ကိလေသာ အားလုံးကို အကြွင်းမဲ့ ပယ်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခုနှင့် ဥဒ္ဓစ္စသဟဂုတ် ၁-ခု၊ ပေါင်း ၅-ခုကို အကြွင်းမဲ့ ပယ်၏။

ရဟန္တာပုဂ္ဂိုလ်အား အာသဝေါတရား ၄-ပါးတို့သည် ကင်းကုန်သောကြောင့် ခီဏာသဝ မည်၏ ဟူ၍လည်းကောင်း၊
အမြတ်ဆုံးသော အလှူကို ခံတော်မူထိုက်သောကြောင့် အဂ္ဂဒက္ခိဏေယျ ဟူ၍လည်းကောင်း သင်္ဂြိုဟ်ကျမ်းတွင် ပြဆို၏။

+++++

အရိယာပုဂ္ဂိုလ် ၈-ယောက်

သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်
သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်

+++++

ဝိမောက္ခ ၃-ပါး

၁။ ခန္ဓာငါးပါး သင်္ခါရတရားတို့၌ အတ္တဇီဝမှ ဆိတ်သည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။
၂။ နိစ္စနိမိတ်စသည် မရှိသည်ဖြစ်၍ သံယောဇဉ်စသည်မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ မည်၏။
၃။ တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် အပ္ပဏီဟိတဝိမောက္ခ မည်၏။

ဝိမောက္ခမုခ ၃-ပါး

၁။ ခန္ဓာငါးပါးတို့၌ အတ္တမှ ဆိတ်သည်ကို အဖန်တလဲလဲ ရှုခြင်းပညာသည် သုညတာနုပဿနာ မည်၏။
၂။ ခန္ဓာငါးပါးတို့၌ နိစ္စနိမိတ် မရှိခြင်းကို အဖန်တလဲလဲ ရှုခြင်းပညာသည် အနိမိတ္တာနုပဿနာ မည်၏။
၃။ ခန္ဓာငါးပါးတို့၌ တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်းပညာသည် အပ္ပဏီဟိတာနုပဿနာ မည်၏။

မဂ်နှင့်ဖိုလ်သည် အတ္တာဘိနိဝေသစသော ဆန့်ကျင်ဘက် ကိလေသာဟု ဆိုအပ်သော ဆန့်ကျင်ဘက်မှ လွတ်တတ်သောကြောင့် ဝိမောက္ခ မည်၏။
အဖန်တလဲလဲ ရှုသော ဝိပဿနာဉာဏ်သည် လောကုတ္တရာမဂ်ဖိုလ်ရခြင်း၏ အကြောင်းဖြစ်သော ဝိမောက္ခမုခ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “နတ်တို့မှာတမ်း စကားဆန်း”ဟူသော တရားတော် ပထမပိုင်းကို ဟောကြား ချီးမြှင့်၏။



ဣတိဝုတ်ပါဠိတော် ပဉ္စပုဗ္ဗနိမိတ်သုတ်တော်ကို ဟောကြားခြင်းဖြစ်ရာ၊ စုတေခါနီး နတ်အား မှာကြားသည့် စကားသုံးခုအနက် -

၁။ ဣတော ဘော သုဂတိ ဂစ္ဆ = ဤနတ်ပြည်လောက နတ်ဘဝက စုတေလျှင် သုဂတိဘဝသို့ ရောက်အောင် သွားပါ။
(နတ်ပြည်ဘဝ၊ စုတေက၊ သုဂတိသို့ သွားပါလေ။)

၂။ သုဂတိ ဂန္တွာ သုလဒ္ဓ လာဘံ လဘ = သုဂတိဘုံဘဝသို့ ရောက်လျှင် အကောင်းဆုံး ရတနာများကို ရအောင် ယူပါ။
(သုဂတိမှာ၊ ရသင့်တာ၊ ရတနာများ ရပါစေ။)

မှာတမ်း စကား ၂-ခုကို ရှင်းလင်း ဟောကြားပြီး၊ ၁၀-မိနစ်မျှ တရားရှုမှတ် ပွားများကြကာ ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

ကမ္မဋ္ဌာန်းပိုင်း (၄)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြား ပို့ချရာ ၂၀၀၉-၂၀၁၀ အဘိဓမ္မာသင်တန်း၏ နောက်ဆုံး သင်ခန်းစာများအဖြစ် အပတ်စဉ် ၅၅ နှင့် ၅၆ - ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာ ပို့ချချက်များကို နာယူ သင်ယူ မှတ်သားကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က သင်ကြားမည့် သင်ခန်းစာမိတ်ဆက် အကြောင်းအရာများကို ရှင်းလင်း သင်ပြ၏။



+++++

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။

ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။

ဝိပဿနာဉာဏ် ၁၀-ပါး

၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။

၎။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။

၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။

၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

+++

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။

ဝိပဿနုပတ္တိလေသ ၁၀-ပါး

၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။

၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။

၎။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။

၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။

၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။

၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။

၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။

၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။

ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

(၇) ဉာဏဒဿနဝိသုဒ္ဓိ

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။

သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

မဂ္ဂဝီထိ ပုံစံ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်

မဂ္ဂဝီထိကို ဝီထိပိုင်းတွင် လေ့လာခဲ့ပြီး ဖြစ်၏။

မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်’ဟု ခေါ်၏။

မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။

ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။

ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။

အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။

ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။

မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။

မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။

မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ - ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်

မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။

မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။

ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။

ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။

+++++

Tuesday, September 28, 2010

ကမ္မဋ္ဌာန်းပိုင်း (၃)

ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိ

ပထဝီကသိဏ၊ စွမ်းဗလကြောင့်
ဧက ဗဟု၊ ဗဟု ဧက
စသည်ဖြစ်ချင်
ကောင်းကင်ရေတွင်း၊ မြေဖန်ဆင်း၍
သွားခြင်းထိုင်လျောင်း
ရကောင်း အဘိပါ၊ စစွာသဘော
ပြီးကြောင်း ဟော၏။

ပထဝီကသိုဏ်း၏ အစွမ်းသတ္တိ အကျိုးများမှာ တစ်ယောက်တည်းကနေ အများဖြစ်အောင် ဖန်ဆင်းခြင်း၊ အများကနေ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းခြင်း၊ ကောင်းကင်ပေါ်၌ မြေကြီး, ရေထဲ၌ မြေကြီး ဖန်ဆင်းပြီး သွား,ထိုင်,ရပ်နိုင်ခြင်းတို့ကို နိုင်နိုင်နင်းနင်း ပွားများ ပြုလုပ်နိုင်၏။

အာပေါစွမ်းအင်၊ မြေတွင်ပေါ်လျှိုး
မိုးသမုဒ်မြစ်၊ ဖြစ်စေဖောင်ဖောင်
မြေတောင်ပြာသာဒ်၊ လှုပ်လတ်စေမော
ရေလျှံပြော၏။

အာပေါကသိုဏ်းဝင်စားပြီး မြေတွင် လျှိုးဝင်နိုင်ခြင်း၊ မိုးဖန်ဆင်းနိုင်ခြင်း၊ မြစ်ကြီးဖန်ဆင်းနိုင်ခြင်း၊ သမုဒ္ဒရာဖန်ဆင်းနိုင်ခြင်း၊ မြေကြီး, တောင်, ပြာသာဒ်တို့ကို လှုပ်ရှားစေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်၏။

တေဇောလျှံခိုး၊ မီးကျဉ်းမိုးတည့်
သူ့တန်ခိုးကို၊ နှိမ်ချိုးနိုင်လေ
ဝတ္ထုတွေတွင်၊ လောင်ချင်စေရာ
ဒိဗ္ဗာစက္ခု၊ အလင်းပြုလတ်
တေဇောဓာတ်လောင်၊ မိုက်မှောင်ပယ်လျော

တေဇောကသိုဏ်းဝင်စားပြီး မီးကျည်းမိုးရွာအောင် အလျှံအခိုးများ ဖြစ်ပေါ်အောင် ဖန်ဆင်းနိုင်၏။ တစ်ဖက်သား၏ တန်ခိုးကို ချိုးနှိမ်နိုင်၏။ ပစ္စည်းအမျိုးမျိုးရှိသည်အနက် လောင်စေချင်သော ပစ္စည်းကို မီးလောင်အောင် ပြုလုပ်နိုင်၏။ ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အလင်းရောင်ဖြစ်အောင် ဖန်ဆင်းနိုင်၏။ သေပြီး ကျန်ရစ်သော ရုပ်အလောင်းကို အလိုလို မီးလောင်စေနိုင်၏။ အမိုက်တိုက်ကို ပယ်နိုင်၏။

ဝါယောစွမ်းမှာ၊ လျင်စွာလေမျှ
မုန်တိုင်းထစေ၊ ရောက်လေလိုရာ

ဝါယောကသိုဏ်း၏ အစွမ်းဖြင့် လေတိုက်အောင်၊ မုန်တိုင်းဖြစ်အောင်၊ လိုရာရောက်အောင် ပြုလုပ်နိုင်၏။

နီလာကသိုဏ်း၊ ညိုမှိုင်းအဆင်း
မိုက်စေခြင်းတည့်
အဘိဘာယတန၊ သုဘဝိမောက္ခာ
ရလေရာ၏

နီလကသိုဏ်းဖြင့် အမှိုက်မှောင်ကြီးကို ဖြစ်စေနိုင်၏။ အားကောင်းသော ဈာန်များကိုလည်း ရစေနိုင်၏။

ပီတာ ရွှေဆင်း၊ ရွှေဖန်ဆင်း၏
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

ပီတကသိုဏ်းဖြင့် အဝါရောင်, ရွှေရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

လောဟိတစွမ်းအင်၊ နီလွင်ဖန်ဆင်း
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

လောဟိတကသိုဏ်းဝင်စားပြီး အနီရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

သြဒါတမူ၊ ဖြူရောင်ဖန်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အလင်း
ပြုခြင်းစွမ်းထ

သြဒါတကသိုဏ်းဖြင့် အဖြူရောင် ဖန်ဆင်းနိုင်၏။ အိပ်ချင်မှုကို, အမှောင် ပယ်ဖျောက်နိုင်၏။ ဒိဗ္ဗစက္ခု ရှုရန် အလင်းရောင် ဖြစ်ေ၏။

အာလောကလည်း၊ တောက်ပရောင်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အထင်း
ပြုခြင်းစွမ်းထ

အာလောကကသိုဏ်းမှာ သြဒါတနှင့် ဆင်၏။ အရောင်အဆင်း ဖန်ဆင်းနိုင်၏။ ဒိဗ္ဗစက္ခုအတွက် အလင်းရောင် ဖြစ်စေ၏။

အာကာသဝယ်၊ ပိတ်ကွယ်ခွာဟင်း
ရေမြေတွင်း၌၊ ဖန်ဆင်းကောင်းကင်
ပြုပြင်ယာပိုတ်၊ မခိုက်မငြိ
တိလောကုတ္တ၊ စသည်ကွယ်ခြား
သွားနိုင်ငြားသည်၊ ဆယ်ပါး ကသိုဏ်းသတ္တိတည်း။

အာကာသကသိုဏ်းဖြင့် မြေကြီးထဲလျှိုးပြီး စင်္ကြန်လျှောက်နိုင်၏။ အာကာသထဲ, ရေထဲ နေရာဖန်ဆင်းပြီး လမ်းလျှောက်နိုင်၏။ နံရံထဲ နေရာကွက်လပ်ဖန်ဆင်းပြီး ဖြတ်သွားနိုင်၏။

ဤကား ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိများ ဖြစ်၏။

+++++

ကာယဂတာသတိအားထုတ်နည်း

ကာယဂတာသတိမှာ ဆံပင်စသော ၃၂-ပါးသော ကောဋ္ဌာသကို အဆင်းအားဖြင့် ရွံဖွယ်၊ အနံ့အားဖြင့် ရွံဖွယ်၊ သဏ္ဍာန်အားဖြင့် ရွံဖွယ်ဟု အမျိုးမျိုး ရွံဖွယ် မြင်အောင် ရှုမှတ်ခြင်း ဖြစ်၏။

၃၂-ကောဋ္ဌာသကို အုပ်စုများ ခွဲထား၏။

တစပဉ္စက

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။

ဝက္ကပဉ္စက

မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ။

ပပ္ဖါသပဉ္စက

ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ။

မတ္ထလုင်္ဂံပဉ္စက

အန္တ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ။

မေဒဆက္က

ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ။

မုတ္တဆက္က

အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ။

စာ၌ လာရှိသည်မှာ ဤ ၃၂-ကောဋ္ဌာသကို ပထမ ပါးစပ်ဖြင့်(နှုတ်ဖြင့်) ရွတ်ဆိုရ၏။
ထိုနောက် စိတ်ဖြင့် ရွတ်ဆိုရ၏။
ထိုနောက် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း ရွံဖွယ်ဖြစ်အောင် ရှုရ၏။

ရွတ်နည်း

ပထမ ၅-ရက်၌ အနုလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော”ဟု မပြတ် ရွတ်ရ၏။

ဒုတိယ ၅-ရက်၌ ပဋိလုံအားဖြင့် “တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ရ၏။

နောက် ၅-ရက်၌ အနုလုံပဋိလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ဆိုရ၏။

ပထမအုပ်စုအတွက် ၁၅-ရက် ကြာ၏။

ထိုနောက် ဝက္ကပဉ္စကအတွက် အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။
ထိုနောက် တစပဉ္စကနှင့် ဝက္ကပဉ္စက ၂-ခုပေါင်း “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရုံ၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ” ၁၀-ပါးကို အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် ပပ္ဖါသာပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက ၃-ခုပေါင်း ၁၅-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မတ္ထလုင်္ဂံပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက ၄-ခုပေါင်း ၂၀-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မေဒဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က ၅-ခုပေါင်း ၂၆-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မုတ္တဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က၊ မုတ္တဆက္က ၆-ခုပေါင်း ၃၂-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ဤသို့ နှုတ်အားဖြင့် ၅-လခွဲ ရွတ်ဆိုရကြောင်း သမ္မောအဋ္ဌကထာ၌ ပြဆိုထား၏။
ထိုနောက် ဤနည်းအတိုင်း စိတ်နှင့် ရွတ်ဆိုရပြန်၏။
ပြီးမှ အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း၊ အရပ်ဒေသအားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း ရွံဖွယ်ကို ရှုရ၏။

+++++

ဝိပဿနာကမ္မဋ္ဌာန်း

ဝိပဿနာကမ္မဋ္ဌာန်း၌ ဝိသုဒ္ဓိ ၇-ပါး၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါးဟု လာရှိ၏။

ဝိသုဒ္ဓိ ၇-ပါး

ဝိပဿနာအားထုတ်ရာတွင် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

ဝိသုဒ္ဓိ ၇-ပါးမှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ ဟူ၍ ဖြစ်၏။

(၁) သီလဝိသုဒ္ဓိ

သီလဝိသုဒ္ဓိဆိုသည်မှာ သီလစင်ကြယ်ခြင်း ဖြစ်၏။
ရဟန်းတို့၌ စတုပါရိသုဒ္ဓိသီလ၊ လူတို့၌ ၅-ပါး, ၈-ပါး, ၁၀-ပါး သီလ စင်ကြယ်အောင် စောင့်ထိန်းရ၏။

(၂) စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိမှာ စိတ်၏ စင်ကြယ်မှုကို ဆို၏။
စိတ်၏ စင်ကြယ်မှု ဆိုသည်မှာလည်း ဥပစာရသမာဓိ(ကသိုဏ်းနိမိတ် စိတ်ထဲ မြင်လာချိန်)၊ အပ္ပနာသမာဓိ(ဈာန်သမာဓိ)ဖြစ်ခြင်းကို ခေါ်၏။

ဝိပဿနာယာနိကဖြင့် တရားအားထုတ်သူတို့အတွက် ခဏိကသမာဓိသည် ဥပစာရသမာဓိနှင့် အလားတူ၏။
ဥပစာရသမာဓိသည် နီဝရဏတို့၏ တုန်လှုပ်ချောက်ချားမှုကို ခံနိုင်ရည် ရှိ၏။ ခိုင်မြဲ၏။ ထို့အတူ ဝိပဿနာခဏိကသမာဓိသည်လည်း ခိုင်မြဲ၏။ ထိုကဲ့သို့ ဝိပဿနာခဏိကသမာဓိဖြစ်က ဝိပဿနာမှာ စိတ္တဝိသုဒ္ဓိဖြစ်ပြီဟု ဆိုရ၏။

(၃) ဒိဋ္ဌိဝိသုဒ္ဓိ

မှားသော အယူများ၏ စင်ကြယ်ခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်၏။

မှားသောအယူဆိုသည်မှာ အတ္တရှိသည်ဟု ယူခြင်းမျိုး၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျားမိန်းမရှိသည်ဟု ယူခြင်းမျိုး၊ မြဲသည်ဟု ယူခြင်းမျိုး စသည် ဖြစ်၏။

ပရမတ္ထတရားတို့ကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့အားဖြင့် သိရ၏။

လက္ခဏာ = အမှတ်အသား
ရသ = ပြုလုပ်သောကိစ္စ၊ အကြောင်းစုံညီ၍ ဖြစ်ပုံ
ပစ္စုပဋ္ဌာန် = ဉာဏ်ထဲပေါ်လာသော အခြင်းအရာ
ပဒဋ္ဌာန် = နီးစွာသော အကြောင်း

သမာဓိအရှိန်ရလာပြီး စိတ္တဝိသုဒ္ဓိဖြစ်လာပြီးနောက် မှတ်စရာ အာရုံများကို ရှုမှတ် ရှုမှတ်သောအခါ အမှတ်ခံအာရုံ၏ သဘောတရား၊ လက္ခဏာ သို့မဟုတ် ရသ သို့မဟုတ် ပစ္စုပဋ္ဌာန်ကို အလိုလို မြင်လာ သိလာ၏။

မဟာစည်ဆရာတော်ဘုရားကြီးက လျှပ်စီးလက်သောအခါကို မြင်လိုက်ခြင်းဖြင့် ဥပမာပေး၏။
လျှပ်စီး၏ လက္ခဏာ=လင်းသွားခြင်း၊ ရသ=အမှောင်ဖျောက်ခြင်း၊ ပစ္စုပဋ္ဌာန်=ဖြောင့်ဖြောင့် သို့မဟုတ် ကောက်ကောက် မြင်လိုက်ရသော ပုံသဏ္ဍာန် အခြင်းအရာ စသည်ကို မေးမြန်းလျှင် သိချင်မှ သိမည်ဖြစ်ပြီး၊ လျှပ်စီးလက်ခြင်းကိုသာ သိမည် ဖြစ်၏။
ထို့အတူ ရုပ်နာမ်တို့၏ ဖြစ်ပျက်သော အခိုက်အတန့်၊ ရုပ်နာမ်တို့၏ သဘောတရားကို မြင်သိ၏။

ဤဒိဋ္ဌိဝိသုဒ္ဓိ၌ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်၏။

(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ

နောက်ဘဝက ဖြစ်ဖူးသလား၊ ရှေ့ဘဝကော ဖြစ်ဦးမှာလား .. စသည့် ယုံမှားမှု ၁၆-မျိုး ကင်းသောအဖြစ်ဖြင့် စင်ကြယ်ခြင်းကို ကင်္ခါဝိတရဏဝိသုဒ္ဓိဟု ခေါ်၏။

ရုပ်နာမ်တို့ကို ခွဲခြား မြင်လာပြီးနောက် ရုပ်နာမ်တို့၏ ဖြစ်ခြင်းအကြောင်းကိုပါ မြင်လာ၏။ မြင်စရာအာရုံ၊ မျက်စိ စသည်ကြောင့် မြင်ခြင်းဖြစ်ကြောင်း သိလာ၏။ မှတ်စရာအာရုံ ရှိ၍ မှတ်သိသော စိတ်ဖြစ်ကြောင်း သိလာ၏။ အကြောင်းအကျိုး ဆက်သွယ်မှုကို သိမြင်လာ၏။ “ငါ .. ဒီဘဝမှာ ရှိနေခြင်းသည် နောက်က အကြောင်းတစ်ခု ရှိခဲ့၍သာ ဖြစ်၏။ မဂ်ဖိုလ်မရသေးသမျှ ဘဝများစွာ ဆက်နေရဦးမည်”ဟု အကြောင်းအကျိုး ဆက်စပ်ပြီး မြင်လာ၏။ ယုံမှားမှုတို့ ကင်းကုန်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်က သောတာပန်အငယ်စား (စူဠသောတာပန်)ဟု ခေါ်၏။
ကင်္ခါဝိတရဏဝိသုဒ္ဓိအဆင့်သို့ ရောက်ပြီး ထိုအဆင့်မှ ပြန်မလျောကျဘဲ တရားအားထုတ်မြဲ တရားအားထုတ်ပြီး သေလျှင် အပါယ်သို့မကျ ဂတိမြဲ၏ ဆို၏။

ဤကင်္ခါဝိတရဏဝိသုဒ္ဓိကို ဝိပဿနာဉာဏ်အားဖြင့် ပစ္စယပဋိဂ္ဂဟဉာဏ်(အကြောင်းအကျိုးဆက်စပ်မှုကို ရှုဆင်ခြင် သိမြင်သောဉာဏ်)ဟု ခေါ်၏။

(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

အကြောင်းအကျိုး ဆက်စပ်မှုကို သိမြင်လာပြီးနောက် ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိမြင်သောဉာဏ် ပေါ်၏။

ရုပ်နာမ်တို့၏ ဖြစ်ပြီးပျောက်သွားခြင်း အနိစ္စ၊ ဖြစ်ပျက်နှိပ်စက်မှုကို ခံရ၍ ဆင်းရဲခြင်း ဒုက္ခ၊ အတ္တမဟုတ် အနှစ်သာရမရှိ အလိုမလိုက်သော အနတ္တတို့ကို သိမြင်လာတော့၏။

ရုပ်ရှုရှု နာမ်ရှုရှု အနိစ္စ, ဒုက္ခ, အနတ္တသဘောတရားကို သိမြင်လာ၏။ ဤဉာဏ်ကို သမ္မသနဉာဏ်(ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသော ဉာဏ်)ဟု ခေါ်၏။

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ သြဘာသ, ပီတိ စသည့် ဝိပဿနာ၏ အညစ်အကြေးများ ဖြစ်ပေါ်လာတတ်ပြီး မဂ်ရပြီဟု အထင်မှားမှု ဖြစ်တတ်၏။

ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟု ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ်ရာ အရှင်ဝိမလက “ဂင်္ဂါလို စိတ်ထား”တရားတော်ကို ဟောကြား ချီးမြှင့်၏။



+++++

ကမ္မဋ္ဌာန်းပိုင်း (၂)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြားပို့ချရာ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ အပတ်စဉ် (၅၃)နှင့် (၅၄) ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာများ သင်ယူ နာယူ မှတ်သားကြရ၏။

ကမ္မဋ္ဌာန်း ၄၀ ကို ဘာဝနာ ၃-ပါးနှင့် တွဲစပ်ပုံ

ဘာဝနာသည် (၁) ပရိကမ္မဘာဝနာ၊ (၂) ဥပစာရဘာဝနာ၊ (၃) အပ္ပနာဘာဝနာ ဟု ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မဘာဝနာ

ကသိုဏ်းဝန်းပရိကမ္မနိမိတ်ကို အာရုံပြု၍ အကြိမ်များစွာ “ပထဝီ .. ပထဝီ” စသည်ဖြင့် မှန်းဆ ကြည့်ရှုပွားများသော ဘာဝနာ။

(၂) ဥပစာရဘာဝနာ

ထင်လာသော ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ရှေးကထက် တည်တည်ကြည်ကြည် သမာဓိရစွာ ပွားများသော ဘာဝနာ။

(၃) အပ္ပနာဘာဝနာ

ပဋိဘာဂနိမိတ်ပေါ်လာသောအခါ နီဝရဏတရားများ ကင်းကွာကာ ဝိတက်စသော ဈာန်အင်္ဂါတို့ မိမိတို့ဆိုင်ရာ ကိစ္စကို ဆောင်ရွက်နိုင်သော ဘာဝနာ။

ပရိကမ္မဘာဝနာသည် အလုံးစုံသော သမထကမ္မဋ္ဌာန်း ၄၀ တို့၌ ဖြစ်နိုင်၏။ တစ်စုံတစ်ခုသော သမထမျှသည် ပရိကမ်နှင့် ကင်း၍ မဖြစ်နိုင်သောကြောင့် ဖြစ်၏။

ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏာနုဿတိ ဟူသော အနုဿတိ ၈-ပါးနှင့်
အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်အားဖြင့်
ပေါင်း ၁၀-ပါးတို့သည် ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂-ပါး ရ၏။
အပ္ပနာဘာဝနာကို မရနိုင်။

အကြောင်းမှာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိဟူသော အနုဿတိ ၇-ပါးတို့သည် အလွန်တရာ နက်နဲသော ဂုဏ်တော်စသော အာရုံရှိသောကြောင့် တည်တံ့ခြင်းငှာ မစွမ်းနိုင်အောင် နက်နဲသောကြောင့် အပ္ပနာဘာဝနာ မဖြစ်နိုင်။
မရဏာနုဿတိသည် ထိတ်လန့် ကြောက်ရွံ့အပ်သော သဘောတရားဖြစ်သောကြောင့် အပ္ပနာကို မဖြစ်စေနိုင်။
အာဟာရေပဋိကူလသညာနှင့် စတုဓာတုဝဝတ္ထာန်တို့သည်ကား တရားသဘောအားဖြင့် အလွန်တရာ နက်နဲသောကြောင့် အပ္ပနာကို မဖြစ်နိုင်။

ကြွင်းကမ္မဋ္ဌာန်း ၃၀ သည် ဘာဝနာ ၃-ပါးစလုံး ရ၏။

ထိုကမ္မဋ္ဌာန်း ၃၀ တွင် ကသိုဏ်း ၁၀-ပါးနှင့် အာနာပါနဿတိ ပေါင်း ၁၁-ပါးသည် ဈာန် ၅-ပါးစလုံးကို ရနိုင်၏။
အသုဘ ၁၀-ပါးနှင့် ကာယဂတာသတိ ပေါင်း ၁၁-ပါးသည် ပထမဈာန်ကိုသာ ရနိုင်၏။
မေတ္တာ, ကရုဏာ, မုဒိတာ ပေါင်း ၃-ပါးသည် စတုတ္ထဈာန်တိုင်အောင် ရနိုင်၏။
ဥပေက္ခာကမ္မဋ္ဌာန်းသည် ပဉ္စမဈာန်ကိုသာ ရနိုင်၏။
ဤကား ရူပါဝစရဈာန်ကို ရနိုင်သော ကမ္မဋ္ဌာန်း ၂၆-ပါးတည်း။

အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးတို့သည် အစဉ်အတိုင်း အရူပဈာန် ၄-ပါးကို ရစေနိုင်၏။

+++++

ကမ္မဋ္ဌာန်း ၄၀ ကို နိမိတ် ၃-ပါးနှင့် တွဲစပ်ပုံ

နိမိတ်သည် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် ဟူ၍ ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မနိမိတ်

ကသိုဏ်းဝန်းစသော အာရုံတစ်ခုခုရအောင် အားထုတ်ရာ၌ စစွာ ရှုမြင်သော အာရုံ။

(၂) ဥဂ္ဂဟနိမိတ်

မျက်စိဖွင့်၍ ကြည့်ရာ၌ မြင်ရသလို စိတ်ထဲမှာ ထင်ရှားစွာ ပေါ်လာသော အာရုံ။

(၃) ပဋိဘာဂနိမိတ်

ဥဂ္ဂဟနိမိတ်နှင့် သဏ္ဍာန်တူစွာ ၎င်းထက် အဆပေါင်းများစွာ ကြည်နူးဖွယ် ကြည်လင်စွာ ပေါ်လာသော အာရုံ။

နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါး တွဲစပ်ပုံမှာ -
ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် ၂-ပါးကို ပရိကမ္မဘာဝနာနှင့် တွဲရပြီး၊
ပဋိဘာဂနိမိတ်ကို ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ ၂-ပါးနှင့် တွဲရ၏။

ကမ္မဋ္ဌာန်း ၄၀ စလုံး၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်တို့ကို ရနိုင်သည်။
ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပနဿတိ - ပေါင်း ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်ကို ရနိုင်သည်။

ဈာန်ဖြစ်ပေါ်ပုံ

ဥဂ္ဂဟနိမိတ် ထင်ပြီးနောက် ၎င်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် ဆင်ခြင်ပွားများသော ယောဂီပုဂ္ဂိုလ်အား အစဉ်အတိုင်း နီဝရဏတရားတို့သည် ကင်းကွာကုန်၏။
ထိုအခါ ဥဂ္ဂဟနိမိတ်ထက် အဆများစွာ စင်ကြယ်သော ပဋိဘာဂနိမိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။
ထိုပဋိဘာဂနိမိတ် ထင်ပြီး ၎င်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် ပွားများသော ယောဂီပုဂ္ဂိုလ်အား ရူပါဝစရပထမအပ္ပနာဈာန်သည် ဖြစ်ပေါ်လာ၏။

ထိုသို့ ပထမဈာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် မိမိရရှိသောဈာန်၌ ပိုင်နိုင်ခြင်းစသည်ဖြစ်အောင် ဝသီဘော်ငါးပါးဖြင့် လေ့လာရသည်။

ဝသီဘော် ၅ ပါး

(၁) အာဝဇ္ဇနဝသီဘော် = ဈာန်အင်္ဂါကို ဘဝင်အနည်းငယ် ခြား၍ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ဆင်ခြင်မှု။

(၂) သမာပဇ္ဇနဝသီဘော် = ဈာန်ဝင်စားလိုလတ်သော် လျင်မြန်စွာ ဝင်စားခြင်းငှာ စွမ်းနိုင်မှု။

(၃) အဓိဋ္ဌာနဝသီဘော် = မိမိအလိုရှိသမျှ ကာလကြာအောင် ဈာန်အစဉ်ကို ထားနိုင်မှု။

(၄) ဝုဋ္ဌာနဝသီဘော် = ဝင်စားသောဈာန်မှ မိမိထလိုသောအခါ၌ မိမိအလိုရှိတိုင်း ထခြင်းငှာ စွမ်းနိုင်မှု။

(၅) ပစ္စဝေက္ခဏာဝသီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ အထပ်ထပ် ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဇောစိတ်ဖြင့် ဈာန်အင်္ဂါကို ဆင်ခြင်မှု။

အာဝဇ္ဇဝသီဘော်မြောက်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးတော့၏။
အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီဘော်ဟု ဆို၏။
ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီဘော်ဟု ဆို၏။

မှတ်ချက်။ ။ အာဒိကမ္မိကဝီထိ၊ ဝသီဘော်ဝီထိများ ကျပုံကို ဝီထိပိုင်း၌ လေ့လာခဲ့ပြီး ဖြစ်၏။

ဒုတိယဈာန် စသည် ရပုံ

ဝိတက်စသော ရှေးရှေးသော ဈာနင်ကို ပယ်စွန့်၍ အဖန်ဖန်တလဲလဲ ပွားများ ဆင်ခြင်သည်ရှိသော် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်စသည်တို့ ဖြစ်ပေါ်လာကုန်၏။

အထက်ဈာန်သို့ တက်လိုသော ယောဂီသည် ရအပ်ပြီးသော ဈာန်ကို ဝသီဘော်ပေါက်အောင် လေ့လာအားထုတ်ရသည်။
ထိုကဲ့သို့ မလေ့လာဘဲ နေက ရပြီးသော ဈာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ်သွားတတ်သည်။

အာရုပ္ပဈာန် တက်ခန်း

ကရဇကာယရုပ်တရားအပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုတ်လေတော့၏။

ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့မုန်းတီးသော ယောဂီသည် ရူပပဉ္စမဈာန်ကို ဝသီဘော်မြောက်အောင် လေ့လာဝင်စားပြီးနောက် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ပဋိဘာဂနိမိတ်ထင်အောင် နှလုံးသွင်း၏။ ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်ကို “အာကာသောအနေန္တော, အာကာသောအနန္တော”ဟု ကောင်းကင်ကိုသာ အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် အထပ်ထပ် နှလုံးသွင်းလတ်သော် ပဌမာရုပ္ပဝိညာဏ်ခေါ်သော အာကာသာနဉ္စာယတနဈာန် အပ္ပနာ ဖြစ်ပေါ်လာလေသည်။

အာကာသာနဉ္စာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ပဌမာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “ဝိညာဏအနန္တ”ဟု အဖန်ဖန် ပွားများလတ်သော် ဒုတိယာရုပ္ပိဝိညာဏ် ခေါ်သော ဝိညာဏဉ္စာယတနဈာန် ဖြစ်ပေါ်လာ၏။

ဝိညာဏဉ္စာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ အာကိဉ္စညာယတနဈာန်ကို အလိုရှိသော ယောဂီသည် ဒုတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ဝိညာဏဉ္စာယတနဈာန်၏ အာရုံဖြစ်သော အကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၏။ “နတ္ထိကိဉ္စိ, နတ္ထိကိဉ္စိ”ဟု စီးဖြန်းဖန်များလတ်သော် တတိယာရုပ္ပဝိညာဏ် ခေါ်သော အာကိဉ္စညာယတနဈာန် ဖြစ်ပေါ်လာ၏။

အာကိဉ္စညာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ နေဝသညာနာသညာယတနဈာန်ကို အလိုရှိသော ယောဂီသည် တတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် နတ္ထိဘောပညတ်ကို အာရုံမပြုတော့ဘဲ တတိယာရုပ္ပဈာန်ကို အာရုံပြုကာ “သန္တမေတံ, ပဏိတမေတံ”ဟု အဖန်ဖန် ပွားများအပ်သော် စတုတ္ထာရုပ္ပဝိညာဏ် ခေါ်သော နေဝသညာနာသညာယတနဈာန် ဖြစ်ပေါ်လာ၏။

(အဘိညာဉ်ဝင်စားပုံနှင့် ဝီထိကျပုံတို့ကို ဝီထိပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်၏။)

+++++

၂၆-ဘုံ၌ ရကြသော သမထကမ္မဋ္ဌာန်းများ

လူ့ဘုံ၌ သမထကမ္မဋ္ဌာန်း ၄၀ စလုံးရ၏။

နတ်ပြည် ၆-ထပ်၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာဟာရေပဋိကူလသညာ၊ ပေါင်း ၁၂-ပါး ကြဉ်သော သမထကမ္မဋ္ဌာန်း ၂၈-ပါး ရ၏။

အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပါနသတိ၊ အာဟာရေပဋိကူလသညာ၊ ပေါင်း ၁၃-ပါး ကြဉ်သော သမထကမ္မဋ္ဌာန်း ၂၇-ပါး ရ၏။

(သင်္ခါရ၊ ယမိုက်အရ အဿာသ, ပဿာသသည် ရူပဗြဟ္မာများမှာ မဖြစ်။)

အာကာသာနဉ္စယတနဘုံ၌ အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါး ရ၏။

ဝိညာဏဉ္စာယတနဘုံ၌ အာကာသာနဉ္စယတနဈာန်ကြဉ် ၃-ပါး ရ၏။

အာကိဉ္စညာယတနဘုံ၌ အာကာသာနဉ္စယတနဈာန်, ဝိညာဏဉ္စာယတနဈာန်ကြဉ် ၂-ပါး ရ၏။

နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဈာန် ၁-ပါးသာ ရ၏။

+++++

အဘိညာဉ်

အဘိညာဉ်ဆိုသည်မှာ ပဉ္စမဈာန်အထူးကို ခေါ်၏။ ရိုးရိုး ပဉ္စမဈာန်နှင့် မတူဘဲ အထူးလေ့လာပွားများရ၏။

အဘိညာဉ်ကို ရူပါဝစရဈာန် ၅-ပါး ရရုံနှင့် မရနိုင်ဘဲ အရူပါဝစရဈာန် ၄-ပါးကိုလည်း ရရှိထားရ၏။

အဘိညာဉ် ၅-မျိုး၊ (သို့မဟုတ်) ၆-မျိုး၊ (သို့မဟုတ်) ၇-မျိုး ရှိ၏။

သင်္ဂြိုဟ်၌ အဘိညာဏ် ၅-မျိုးကို ပြ၏။

(၁) ဣဒ္ဓိဝိဓအဘိညာဏ် = တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သော (မြေလျှိုးမိုးပျံ စသည်) အဘိညာဉ်။

(၂) ဒိဗ္ဗသောတအဘိညာဏ် = နတ်နားကဲ့သို့ တိုးသောအသံ, အဝေးမှအသံ စသည် ကြားနိုင်သော အဘိညာဉ်။

(၃) ပရစိတ္တဝိဇာနနအဘိညာဏ် = သူတပါး၏ စိတ်ကို သိသော အဘိညာဏ်။

(၄) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေးဘဝများကို ပြန်အောက်မေ့နိုင်သော အဘိညာဏ်။

(၅) ဒိဗ္ဗစက္ခုအဘိညာစ် = နတ်မျက်စိကဲ့သို့ သေးငယ်သောအရာ, အဝေးမှအရာ, ဖုံးကွယ်နေသောအရာများကို မြင်နိုင်သော အဘိညာဏ်။

ဒိဗ္ဗစက္ခုအဘိညာဏ် အထူးအပြား အမျိုးအစားတစ်ခုမှာ သတ္တဝါများ ဘဝတစ်ခုက သေပြီး တခြားဘဝတစ်ခု၌ ဖြစ်သည်ကို မြင်စွမ်းနိုင်သော ယထာကမ္မူပဂညာဏ် (သို့မဟုတ်) စတုပပါတညာဏ် ဖြစ်၏။
ဤညာဏ်ကို သီးခြားညာဏ်တစ်ခုအဖြစ် (အဘိညာဏ် ၆-ပါးဟု)ယူနိုင်သကဲ့သို့ ဒိဗ္ဗစက္ခုအဘိညာဏ်ထဲလည်း ထည့်သွင်းနိုင်၏။

မြတ်စွာဘုရားတို့မှာသာရှိသော အနာဂတ်ကို မြင်နိုင်သောညာဏ်ဖြစ်သည့် အနာဂတံသညာဏ်ကိုလည်း သီးခြားညာဏ်တစ်ခုအဖြစ် ယူပါက အဘိညာဏ် ၇-ပါးဟု ဆိုနိုင်၏။ ထိုညာဏ်မှာလည်း ဒိဗ္ဗစက္ခုကို အခြေခံပြီး ရအောင် လုပ်ရခြင်းဖြစ်၍ ဒိဗ္ဗစက္ခုအဘိညာဏ်ထဲလည်း ထည့်သွင်းနိုင်၏။

တချို့က အာသဝက္ခယညာဏ်ကိုလည်း အဘိညာဏ်ဟု ခေါ်သေး၏။ အာသဝက္ခယညာဏ်မှာ အရဟတ္တမဂ်ညာဏ် ဖြစ်၏။

ထို့ကြောင့် ရိုးရိုးဈာန်ရရုံမျှဖြင့် ကောင်းကင်ပျံ မြေလျှိုးမိုးပျံ မပြုလုပ်နိုင်ဘဲ အဘိညာဏ်ရမှသာ ပြုလုပ်နိုင်ကြောင်း မှတ်သားရ၏။

ဝိဇ္ဇာ ၃-ပါး (ပုဒိအာ)

အဘိညာဏ်ထဲမှ ပုဗ္ဗေနိဝါသအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယညာဏ် (အရဟတ္တမဂ်ညာဏ်)တို့ကို ဝိဇ္ဇာ ၃-ပါးဟု ခေါ်၏။

+++++