Tuesday, January 26, 2010

စိတ်ကို ခွဲခြား ဝေဖန်ခြင်း (၁) - ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ


၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် စနေနေ့၊ လောကချမ်းသာဘုရားကျောင်း၊ အဘိဓမ္မာသင်တန်းတွင် အပတ်စဉ် ၁၅ နှင့် ၁၆ သင်တန်းများကို ပို့ချ လေ့လာ သင်ယူကြ၏။

လောကချမ်းသာဆရာတော် ကိုယ်လက် မကြည်သာ ပင်ပန်းနေသဖြင့် စိန်စည်ဆရာတော်က ကြီးကြပ် ပို့ချပေးသွား၏။


အပတ်စဉ် (၁၅) သင်တန်းတွင် စိတ်ယှဉ် စေတသိက်ယှဉ် အကြောင်း၊ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ “ဒဓုဘယ မိဿကနည်း”ကို သဘောမျှ လေ့လာကြရပြီး၊ စိတ် စေတသိက်တို့အကြောင်း ကျေညက်စေရန် အကျဉ်းချုပ် ပြန်လည် လေ့လာကြရ၏။

စိတ်ယှဉ် စေတသိက်ယှဉ်အဖြစ် စေတသိက်ကနေပြီး စိတ်ကို ရှာသည့် သမ္ပယောဂနည်း၊ စိတ်ကနေ စေတသိက်ကို ရှာသည့် သင်္ဂဟနည်းတို့ကို ကောင်းစွာ နားလည် သဘောပေါက် ကျွမ်းကျင်သော် စေတသိက်ကနေ စေတသိက်ကို ရှာသည့်နည်းဖြစ်သည့် မိဿကနည်းကို အလွယ်တကူ သိနားလည်နိုင်၏။

သမ္ပယောဂနည်းနှင့် သင်္ဂဟနည်းတို့ကို ပေါင်းစပ်ထားသော နည်းဖြစ်ရာ ပထမ - စေတသိက်တစ်ခုနှင့် ယှဉ်သော စိတ်များကို သမ္ပယောဂနည်းဖြင့် ရှာပြီး၊ ဒုတိယ - ထိုစိတ်များဖြင့် ယှဉ်သော စေတသိက်များကို သင်္ဂဟနည်းဖြင့် ရှာဖွေရ၏။

ရရှိလာသော စေတသိက်စုစုပေါင်းမှ မူတည်စေတသိက်သည် မိမိနှင့် မိမိ မယှဉ်နိုင်သဖြင့် ထိုမူတည်စေတသိက်ကို ဖယ်က ကျန်သော စေတသိက်များမှာ ယှဉ်သော စေတသိက်များ ဖြစ်၏။

+++++

‘ဖဿ’စေတသိက်သည် စိတ် ၈၉ နှင့် ယှဉ်၏။ (သမ္ပယောဂနည်း)
စိတ် ၈၉ ၌ စေတသိက် ၅၂ ယှဉ်၏။ (သင်္ဂဟနည်း)
ထို့ကြောင့် ‘ဖဿ’သည် မိမိကြဉ် စေတသိက် ၅၁ နှင့် ယှဉ်၏။

ထိုနည်းတူ စိတ်အားလုံးနှင့် ယှဉ်သည့် စေတသိက်များ ဖြစ်ကြသော ‘ဝေဒနာ’၊ ‘သညာ’၊ ‘စေတနာ’၊ ‘ဧကဂ္ဂတာ’၊ ‘ဇိဝိတိနြေ္ဒ’၊ ‘မနသိကာရ’ တို့သည်လည်း စေတသိက် ၅၁ နှင့် ယှဉ်၏။

‘ဝိတက်’ - ဖဿနည်းတူ။

‘ဝိစာရ’ - ဖဿနည်းတူ။

‘အဓိမောက္ခ’ - စေတသိက် ၅၀ (ဝိစိကိစ္ဆာ၊ အဓိမောက္ခ ကြဉ်)။

‘ဝီရိယ’ - ဖဿနည်းတူ။

‘ပီတိ’ - စေတသိက် ၄၆ (ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ ပီတိ ကြဉ်)။

‘ဆန္ဒ’ - စေတသိက် ၅၀ (ဝိစိကိစ္ဆာ၊ ဆန္ဒ ကြဉ်)။

‘မောဟ’ - စေတသိက် ၂၆ (အညသမာန်း ၁၃ + အကုသိုလ် ၁၄ = ၂၇ မှ မောဟ ကြဉ်)။

‘အဟိရိက’၊ ‘အနောတ္တပ္ပ’၊ ‘ဥဒ္ဓစ္စ’ - မောဟနည်းတူ။

‘လောဘ’ - စေတသိက် ၂၁ (၂၂ မှ လောဘ ကြဉ်)။

‘ဒိဋ္ဌိ’ - စေတသိက် ၂၀ (၂၁ မှ ဒိဋ္ဌိ ကြဉ်)။

‘မာန’ - စေတသိက် ၂၀ (၂၁ မှ မာန ကြဉ်)။

‘ဒေါသ’ - စေတသိက် ၂၁ (၂၂ မှ ဒေါသ ကြဉ်)။

‘ဣဿာ’ - စေတသိက် ၁၉ (၂၂ မှ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဣဿာ ကြဉ်)။

‘မစ္ဆရိယ’ - စေတသိက် ၁၉ (၂၂ မှ ဣဿာ၊ ကုက္ကုစ္စ၊ မစ္ဆရိယ ကြဉ်)။

‘ကုက္ကုစ္စ’ - စေတသိက် ၁၉ (၂၂ မှ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ကြဉ်)။

‘ထိန’ - စေတသိက် ၂၅ (၂၆ မှ ထိန ကြဉ်)။

‘မိဒ္ဓ’ - စေတသိက် ၂၅ (၂၆ မှ မိဒ္ဓ ကြဉ်)။

‘ဝိစိကိစ္ဆာ’ - စေတသိက် ၁၄ (၁၅ မှ ဝိစိကိစ္ဆာ ကြဉ်)။

‘သဒ္ဓါ’ - စေတသိက် ၃၇ (၃၈ မှ သဒ္ဓါ ကြဉ်)။

‘သတိ’ … ‘စိတ္တုဇုကတာ’ စသည် - သဒ္ဓါနည်းတူ။

‘သမ္မာဝါစာ’ - စေတသိက် ၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာဝါစာ ကြဉ်)။

‘သမ္မာကမ္မန္တ’ - စေတသိက် ၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာကမ္မန္တ ကြဉ်)။

‘သမ္မာအာဇီဝ’ - စေတသိက် ၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာအာဇီဝ ကြဉ်)။

‘ကရုဏာ’ - စေတသိက် ၃၃ (၃၈ မှ ဝိရတီ၊ မုဒိတာ၊ ကရုဏာ ကြဉ်)။

‘မုဒိတာ’ - စေတသိက် ၃၃ (၃၈ မှ ဝိရတီ၊ ကရုဏာ၊ မုဒိတာ ကြဉ်)။

‘ပညိနြေ္ဒ’ - စေတသိက် ၃၇ (၃၈ မှ ပညိနြေ္ဒ ကြဉ်)။


+++++


အပတ်စဉ် (၁၆) သင်တန်းပို့ချချက်တွင် ပကိဏ်းပိုင်းကို လေ့လာ သင်ယူကြရ၏။


ပကိဏ်းပိုင်း

စိတ်ကို ပဓာနထား၍ ရောနှော ပြိုးပြွမ်း ပြခြင်း ဖြစ်၏။ စိတ်ကို အမျိုးမျိုး ခွဲခြမ်း ဝေဖန်ပြခြင်း ဖြစ်၏။

ပကိဏ်းပိုင်း၌ အခန်း ၆ ခန်း ရှိ၏။
သင်္ဂဟ = သိမ်းယူ/ပေါင်းယူခြင်း ဟု ခေါ်၏။

‘ဝေဒနာသင်္ဂဟ’ (စိတ်တို့ကို ဝေဒနာဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ဟေတုသင်္ဂဟ’ (စိတ်တို့ကို ဟိတ်ဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ကိစ္စသင်္ဂဟ’ (စိတ်တို့ကို ကိစ္စဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ဒွါရသင်္ဂဟ’ (စိတ်တို့ကို ဒွါရဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘အာရမ္မဏသင်္ဂဟ’ (စိတ်တို့ကို အာရမ္မဏဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ဝတ္ထုသင်္ဂဟ’ (စိတ်တို့ကို ဝတ္ထုဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)

ဤခြောက်ပါးသော သင်္ဂဟတို့က အလွယ်တကူ မှတ်မိစေရန် စိန်စည်ဆရာတော်က လင်္ကာစီပေး၏။

(ဆောင်)
‘ဝေ’ ‘ဟေ’ ‘ကိတ်’ ‘ဒွါ’၊ ‘အာ’ ‘ဝတ်’ ပါ၊ ခြောက်ဖြာ သင်္ဂဟ။
ပကိဏ်းပိုင်းမှာ၊ ရောနှောကာ၊ ခြောက်ဖြာ ဝေဖန်ပြ။

‘ခံစားမှု’တွင်၊ ‘ဟိတ်’နှင့်ယှဉ်၊ ‘လုပ်ခွင်’ ‘ခြောက်ဒွါရ’။
‘အာရုံ’ ‘ဝတ္ထု’၊ ရောနှောမှု၊ ခြောက်ခု ဝေဖန်ပြ။


ဝေဒနာသင်္ဂဟ

မြတ်စွာဘုရားက ဝေဒနာကို ပုဂ္ဂိုလ်အားလျော်စွာ၊ အရာဌာနအားလျော်စွာ ဝေဒနာ ၅ ပါး၊ ၃ ပါး၊ ၂ ပါး၊ ၁ ပါး စသည် ဟောတော်မူ၏။
သင်္ဂြိုဟ်ကျမ်း၌ ၅ ပါးနှင့် ၃ ပါး နှစ်နည်းကို ပြ၏။


ဝေဒနာ ၅ မျိုး

ဝေဒနာ ၅ မျိုးကို ဣန္ဒြိယဘေဒနည်းအရ ခွဲ၏။

(၁) သုခဝေဒနာ
(၂) ဒုက္ခဝေဒနာ
(၃) သောမနဿဝေဒနာ
(၄) ဒေါမနဿဝေဒနာ
(၅) ဥပေက္ခာဝေဒနာ


ဝေဒနာ ၃ မျိုး (အာရမ္မဏာအနုဘဝနနည်း)

(၁) သုခဝေဒနာ
(၂) ဒုက္ခဝေဒနာ
(၃) ဥပေက္ခာဝေဒနာ

ဝေဒနာ ၅ ပါးမှ သုခနှင့် သောမနဿ၊ ဒုက္ခနှင့် ဒေါမနဿတို့ကို တစ်ပေါင်းတည်း ပြု၍ ပြ၏။


ဝေဒနာ ၂ မျိုး

တစ်ခါ တစ်ခါ မြတ်စွာဘုရားက ဝေဒနာ ၂ မျိုးဟု ဟောသောအခါ ဥပေက္ခာ၏ ငြိမ်းအေးမှုသဘောကို ယူ၍ သုခနှင့် ဥပေက္ခာကို သုခ၊ ဒုက္ခကို ဒုက္ခ၊ ‘သုခ’ နှင့် ‘ဒုက္ခ’ဟု ဟောတော်မူခြင်း ဖြစ်၏။


ဝေဒနာ ၁ မျိုး

အကြောင်းတရားတို့၏ ပြုပြင်ခြင်း ပြုပြင်အပ်ခြင်း သင်္ခါရသဘောကို ယူ၍ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ ဟောတော်မူ၏။


စိတ်တို့ကို ဝေဒနာဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း

သုခဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၁ (သုခသဟဂတ ကာယဝိညာဉ်စိတ်)

ဒုက္ခဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၁ (ဒုက္ခသဟဂတ ကာယဝိညာဉ်စိတ်)

သောမနဿဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၆၂

ဒေါမနဿဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၂

ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၅၅


(ဆောင်)
‘သု’ တစ် ‘ဒု’ တစ်၊ ‘သော’ ခြောက်နှစ်(၆၂)၊ ‘ဒေါ’ နှစ် ‘ဥ’ ငါးငါး(၅၅)။

တနည်း (ဆောင်)

တစ်စီ ‘သု’ ‘ဒု’၊ ‘ဒေါ’ နှစ်ခု၊ ‘သော’ရှု ခြောက်ဆယ့်နှစ်။
‘ဥပေက္ခာ’မူ၊ ငါးငါးယူ၊ ပေါင်းမူ တစ်နှစ်တစ်။

တနည်း (ဆောင်) (လယ်တီဆရာတော်)

‘ဥ’ပဉ္စေးစေး(၅၅)၊ ‘သော’ ဆဒွေး(၆၂)၊ ‘ဒေါ’ဒွေး ‘ဒု’ ‘သု’ ဧက်(တစ်)။


ဝေဒနာ ၃ မျိုးနည်းဖြင့် စိတ်တို့ကို ခွဲခြမ်း ဝေဖန်သော် သုခဝေဒနာနှင့် ယှဉ်သောစိတ် ၆၃၊ ဒုက္ခဝေဒနာနှင့် ယှဉ်သောစိတ် ၃၊ ဥပေက္ခဝေဒနာနှင့် ယှဉ်သောစိတ် ၅၅ ဖြစ်၏။

(ဆောင်)
‘သု’ကား ခြောက်သုံး(၆၃)၊ ‘ဒု’မှာ သုံး၊ မှတ်အုန်း ‘ဥ’ငါးငါး(၅၅)။


စေတသိက်တို့ကို ဝေဒနာဖြင့် ခွဲခြမ်း ဝေဖန်ခြင်း

ဝေဒနာ တစ်ပါးနှင့်သာ ယှဉ်သော စေတသိက် = ‘ဒေါသ’၊ ‘ဣဿာ’၊ ‘မစ္ဆရိယ’၊ ‘ကုက္ကုစ္စ’၊ ‘ဝိစိကိစ္ဆာ’၊ ‘ပီတိ’

ဝေဒနာ နှစ်ပါးနှင့် ယှဉ်သော စေတသိက် = လောဘ၊ ဒိဋ္ဌိ၊ မာန၊ သောဘနစေတသိက် ၂၅

ဝေဒနာ သုံးပါးနှင့် ယှဉ်သော စေတသိက် = ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ဆန္ဒ၊ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ္ဓ

ဝေဒနာ ငါးပါးနှင့် ယှဉ်သော စေတသိက် = ဝေဒနာကြဉ်သော သဗ္ဗစိတ္တသာဓရဏ ၆ ပါး

မည်သည့် ဝေဒနာနှင့်မျှ မယှဉ်သော စေတသိက် = ဝေဒနာ


(ဆောင်)

“ဝေဒနာ တစ်၊ ခြောက်ပါး ဖြစ်၏
နှစ်မှာ နှစ်ရှစ်
(တနည်း - နှစ်မှာ ဋ္ဌဝီ) (အဋ္ဌဝီသ=၂၈)
သုံးဖြစ် ဆယ့်တစ်
(တနည်း - သုံးလီ ဆယ့်တစ်)
ငါးဖြစ် ခြောက်ခု
မ တစ်ခု
မှတ်ရှု သေချာမခက်တည်း။”


+++++


ဟေတုသင်္ဂဟ

ဟေတုကို မြန်မာလို ဟိတ်ဟု ခေါ်၏။

“လော, ဒေါ, မော သုံး၊ အနှင့်သုံး၊ ခေါ်သုံး ဟိတ်ခြောက်ပါး”ဟု လယ်တီဆရာတော်ဘုရားကြီးက လင်္ကာစီထား၏။

လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်တို့ ဖြစ်၏။

“ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”

ရေသောက်မြစ်ကဲ့သို့ အတူတကွ ဖြစ်သောာ တရားတို့အပေါ်မှာ ကျေးဇူးများသော အကြောင်းတရားမျိုးကို ဟိတ်ဟု ခေါ်၏။

အကုသိုလ်စေတသိက်ထဲတွင် လောဘ၊ ဒေါသ၊ မောဟတို့ ပါဝင်ပြီး၊ သောဘနစေတသိက်ထဲတွင် အလောဘ၊ အဒေါသ၊ အမောဟတို့ ပါ၏။

“စိတ်နှင့် စေယှဉ်၊ ကျေလည်လျှင်၊ ဟိတ်မြင် မခက်သေး” ဟု လယ်တီဆရာတော်ဘုရားကြီး လင်္ကာစီထားသည့်အတိုင်း စိတ်ယှဉ် စေတသိက်ယှဉ်ကို ကျေကျေညက်ညက် နားလည် သဘောပေါက်ထားက အလွယ်တကူ ခွဲခြမ်း ဝေဖန်နိုင်၏။ အထူးသဖြင့် သမ္ပယောဂနည်း ကျေလျှင် မခက်ပေ။

လောဘနှင့် ယှဉ်သော စိတ် = ၈ ပါး

ဒေါသနှင့် ယှဉ်သော စိတ် = ၂ ပါး

မောဟနှင့် ယှဉ်သော စိတ် = ၁၂ ပါး

အလောဘနှင့် ယှဉ်သော စိတ် = ၅၉ ပါး

အဒေါသနှင့် ယှဉ်သော စိတ် = ၅၉ ပါး

အမောဟနှင့် ယှဉ်သော စိတ် = ၄၇ ပါး ဖြစ်၏။


တစ်ဖန် -

ဟိတ် ၁-ပါးတည်းနှင့်သာ ယှဉ်သော စိတ် = ၂ ပါး (မောဟမူ ဒွေး)

ဟိတ် ၂-ပါးနှင့် ယှဉ်သော စိတ် = ၂၂ ပါး (လောဘမူ ၈ + ဒေါသမူ ၂ + ကာမာဝစရသောဘန ၁၂ = ၂၂)

ဟိတ် ၃-ပါးနှင့် ယှဉ်သော စိတ် = ၄၇ ပါး (ကာမာဝစရသောဘန ၁၂ + မဟဂ္ဂုတ် ၂၇ + လောကုတ္တရာ ၈ = ၄၇)

ဟိတ်တစ်ခုနှင့်မျှ မယှဉ်သော စိတ် = ၁၈ ပါး (အဟိတ်စိတ် ၁၈)


(ဆောင်)
သုံးပါးနှင့် ယှဉ် လေးဆယ့်ခွန်(၄၇)၊ နှစ်ယှဉ် နှစ်ဆယ့်နှစ်(၂၂)
တစ်ပါးနှင့်ယှဉ် နှစ်ပါးပင်၊ မယှဉ် တစ်ဆယ့်ရှစ်(၁၈)။

တစ်ဖန် -

ပါဠိလိုပြောရင် ဟိတ်နှင့် မယှဉ်တဲ့စိတ်ကို အဟိတ်စိတ်၊

ဟိတ်တစ်ခုတည်းနဲ့ ယှဉ်တဲ့စိတ်ကို ဧကဟိတ်စိတ်၊

ဟိတ်နှစ်ခုနဲ့ ယှဉ်တဲ့စိတ်ကို ဒွိဟိတ်စိတ်၊

ဟိတ်သုံးခုနဲ့ ယှဉ်တဲ့စိတ်ကို တိဟိတ်စိတ် ဟု သုံးနှုန်း၏။


(ဆောင်)
တစ်ပါး ‘ဧကဟိတ်’၊ နှစ် ‘ဒွိဟိတ်’၊ ‘တိဟိတ်’ သုံးပါးဆို။
ဟိတ်မရှိက၊ ‘အဟိတ်’,ပ၊ ခေါ်ကြ တိရစ္ဆာန်ကို။


ကိစ္စသင်္ဂဟ

စိတ်တို့ကို လုပ်ငန်းအားဖြင့် ကိစ္စအားဖြင့် ဝေဖန် ခွဲခြားခြင်း ဖြစ်၏။
လုပ်ငန်းကို ပါဠိလို ကိစ္စဟု ခေါ်၏။

လူတစ်ဦးတည်းက ကျောင်းသားကိစ္စ၊ ရုံးကိစ္စ၊ အိမ်မှုကိစ္စ စသည် လုပ်ငန်း ၂-ခု ၃-ခု ဆောင်ရွက်သကဲ့သို့ စိတ်များတွင်လည်း ထိုကဲ့သို့ စိတ် တစ်ခုတည်းက ၁-ကိစ္စ ၂-ကိစ္စ စသည် ဆောင်ရွက်မှု ရှိ၏။

ကျမ်းဂန်၌ စိတ်၏ကိစ္စ ၁၄ ပါး ပြထား၏။


ပဋိသန္ဓေကိစ္စ

ဆက်စပ်ခြင်းကို ပဋိသန္ဓေဟု ခေါ်၏။ (ပဋိ=တစ်ဖန်၊ သန္ဓိ=စပ်ခြင်း)
ဘဝတစ်ခု၏ ပထမဆုံးသော အခိုက်အတန့်ကို ပဋိသန္ဓေစိတ်ဟု ခေါ်၏။
ဘဝတစ်ခုနှင့် တစ်ခု အဆက်မပြတ်အောင် ပဋိသန္ဓေက ဆက်စပ်ပေး၏။ ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသော ကိစ္စ ဖြစ်၏။


ဘဝင်္ဂကိစ္စ

ဘဝ + အင်္ဂ(အစိတ်အပိုင်း) = ဘဝင်္ဂ(ဘဝ၏ အစိတ်အပိုင်း)

ပဋိသန္ဓေတည်ပြီးနောက် ဘဝမပြတ်အောင် ပဋိသန္ဓေစိတ်နှင့်အလားတူ (ပဋိသန္ဓေစိတ်နှင့်ထပ်တူ) အထပ်ထပ်ဖြစ်သော ဘဝ၏အစိတ်အပိုင်း=ဘဝင်စိတ် ဖြစ်၏။

ဘဝတစ်ခုမှာ ဘဝင်စိတ်များ ကုဋေနှင့် ချီပြီး ဖြစ်၏။ အသိစိတ်များ၏ အကြား အကြားမှာလည်း ဘဝင်စိတ်များ ဖြစ်၏။
ဘဝကို တည်ရှိအောင် လုပ်ပေးနေသော ကိစ္စဖြစ်၏။


စုတိကိစ္စ

ပဋိသန္ဓေစိတ်သည် ဘဝင်စိတ် ဖြစ်သကဲ့သို့ ထိုဘဝင်စိတ်သည်ပင်လျှင် ဘဝ၏ နောက်ဆုံးစိတ်လည်း ဖြစ်၏။

ဘဝကနေ ရွေ့လျားသွားသည်ဟု အဓိပ္ပာယ်ရှိ၏။ ဘဝမှ လျောကျသွားခြင်းကိစ္စ၊ ရွေ့လျောသွားခြင်းကိစ္စကို စုတိကိစ္စဟု ခေါ်၏။

သေသည့်စိတ်ကို စုတိစိတ်ဟု ခေါ်၏။ မြန်မာစကားတွင် စုတေဟုသုံး၏။

ဘဝတစ်ခုတွင် ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တို့သည် အတူတူပင် ဖြစ်၏။
ကာလအားဖြင့် ကွဲပြား၏။ ကိစ္စအားဖြင့် ကွဲပြား၏။
ကိစ္စမတူခြင်းကြောင့် စိတ်တစ်ခုတည်းကို ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ် ခေါ်၏။ ဤ သုံးခုကို တွဲ၍ ပြောလေ့ရှိ၏။


အာဝဇ္ဇနကိစ္စ

အာဝဇ္ဇနဆိုသည်မှာ ဆင်ခြင်ခြင်းအဓိပ္ပာယ်လည်း ရှိ၏။ ပြန်၍ တွန်းလှည့်ပစ်ခြင်း အဓိပ္ပာယ်မျိုးလည်း ရှိ၏။

စိတ်အစဉ်တစ်ခုတွင် ဘဝင်အစဉ်ရပ်ပြီး အာဝဇ္ဇန်း ပေါ်၏။ ဘဝင်ကို ရပ်တန့်စေတတ်သည့် သဘော ဖြစ်၏။

ဘဝင်ကို တန့်စေပြီး ထင်ရှား ထထကြွကြွရှိသည့် စိတ်အစဉ်သို့ လှည့်ပေးသောကိစ္စ ဖြစ်၏။


ဒဿနကိစ္စ

မြင်ခြင်းကိစ္စ။


သဝနကိစ္စ

ကြားခြင်းကိစ္စ။


ဃာနကိစ္စ

နမ်းရှူခြင်းကိစ္စ။


သာယနကိစ္စ

အရသာသိ စားသိကိစ္စ။


ဖုသနကိစ္စ

တွေ့ထိခြင်းကိစ္စ။


သမ္ပဋိစ္ဆိုန်းကိစ္စ

လက်ခံခြင်းကိစ္စ။

အာရုံတစ်ခုကို အာဝဇ္ဇန်းက အာရုံဘက်သို့ လှည့်သွားစေပြီးနောက် မြင်စိတ်၊ ကြားစိတ် စသည် ဖြစ်၏။ ထိုနောက် လက်ခံသော သမ္ပဋိစ္ဆိုန်းကိစ္စ ဖြစ်၏။


သန္တီရဏကိစ္စ

အာရုံကို ကောင်းသည့်အာရုံ, ဆိုးသည့်အာရုံ, အလိုရှိအပ်သည့်အာရုံ, အလိုမရှိအပ်သည့်အာရုံ စသည် စုံစမ်းသည့် ကိစ္စဖြစ်၏။


ဝေါဋ္ဌဗ္ဗနကိစ္စ

‘ဝေါဋ္ဌဗ္ဗန’ဆိုသည်မှာ ဆုံးဖြတ်ခြင်း ဖြစ်၏။ ‘ဝေါဋ္ဌဗ္ဗန’ကို မြန်မာစကားဖြင့် ‘ဝုဋ္ဌော’ဟု ခေါ်၏။

ကောင်း,မကောင်း အာရုံ၊ အလိုရှိအပ်, မရှိအပ် အာရုံအဖြစ် စုံစမ်းပြီးနောက် ဝုဋ္ဌောအခိုက်အတန့်၌ ဆုံးဖြတ်ခြင်းကိစ္စ ဆောင်ရွက်၏။


ဇဝနကိစ္စ

‘ဇဝန’ကို မြန်မာလို ‘ဇော’ဟု ခေါ်၏။ ဇဝန၏ မူလပုဒ် အနက်မှာ ‘အရှိန်အဟုန်’ဟု အဓိပ္ပာယ်ရှိ၏။

ထို့ကြောင့် အရှိန်အဟုန်ရှိရှိနှင့် ဖြစ်သော စိတ်မျိုးကို ဇောစိတ်ဟု ခေါ်၏။ တစ်ကြိမ်တည်း ဖြစ်သည် ဖြစ်စေ၊ အကြိမ်များစွာ ဖြစ်သည် ဖြစ်စေ အရှိန်အဟုန်နှင့် ဖြစ်တတ်သော စိတ်မျိုးကို ခေါ်ခြင်း ဖြစ်၏။ တချို့က အကြိမ်များစွာ ဖြစ်၍ ဇောစိတ်ခေါ်သည်ဟု လွဲမှားစွာ ရေးကြ၏။

မဂ်စိတ်သည် ဇောစိတ်ဖြစ်ပြီး တစ်ကြိမ်တည်းနှင့် ကိလေသာတို့ကို ပယ်သတ်နိုင်အောင် သတ္တိကောင်း၏။

ထိုကဲ့သို့ အရှိန်အဟုန်နှင့် ဖြစ်ခြင်းကို ဇဝနကိစ္စဟု ခေါ်၏။

ဝိပါက်စိတ်များမှာ အရှိန်အဟုန်နှင့် မဖြစ်ကြပေ။


+++++


လောကချမ်းသာ စနေနေ့ တရားပွဲအဖြစ် အကိတ္တိဇာတ်တရားတော် ပထမပိုင်းကို စိန်စည်ဆရာတော်က “ဘာဆုတောင်းမလဲတရားတော်”အမည်ဖြင့် ဟောကြား၏။


တရားပွဲတွင် ဟေတီနိုင်ငံ ငလျင်ဘေးဒဏ် ခံကြရသူများအတွက် တတ်စွမ်းသရွေ့ လှူဒါန်းကြရန်နှင့် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် မကြာမီ တည်ဆောက်တော့မည့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက်လည်း ဆယ်ဒေါ်လာစုပေါင်း တစ်သိန်း၊ သို့မဟုတ် ရာဒေါ်လာစုပေါင်း တစ်သောင်း၊ သို့မဟုတ် ထောင်ဒေါ်လာစုပေါင်း တစ်ထောင်၊ သို့မဟုတ် သောင်းဒေါ်လာစုပေါင်း တစ်ရာ၊ သို့မဟုတ် ဒေါ်လာတစ်သိန်းစု ဆယ်စုဖြင့် အမြန်ဆုံး အကောင်အထည်ပေါ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ထည့်သွင်း တိုက်တွန်း နှိုးဆော် ဆန္ဒပြုသွား၏။

ယခင်အပတ် ဇန်နဝါရီလ ၁၆ ရက် စနေနေ့ သင်တန်းတွင်လည်း လောကချမ်းသာဆရာတော်နှင့် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများသည် ဟေတီငလျင်ဘေး ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းမှတဆင့် စုပေါင်း လှူဒါန်းသွားခဲ့ကြ၏။

တရားပွဲပြီးသော် ကောင်းမှုကိုသိုလ်အဖို့ဘာဂကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

No comments: