သံသရာဆိုတာ
အဲဒီလို ရှေ့စိတ်တွေချုပ် နောက်စိတ်တွေဖြစ်၊ ရှေ့ရုပ်တွေချုပ် နောက်ရုပ်တွေဖြစ်နဲ့ တစ်ဘဝလုံးမှာ ရုပ်နဲ့နာမ်တွေ မပြတ် ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့ အစဉ်ဟာ တစ်ဘဝအတွင်း သံသရာပဲ။
ဟိုဘဝနဲ့ ဒီဘဝ ဆက်စပ်ပြီးတော့ ဖြစ်နေတာလဲ ရုပ်နာမ်အစဉ်တွေပဲ။ အဲဒီ ရုပ်နာမ်အစဉ်တွေက ဘဝပေါင်း မရေတွက်နိုင်အောင် များခဲ့ပြီ။ အဲဒါကို သံသရာ ခေါ်တယ်။
အဲဒီ သံသရာဟာ လူတစ်ယောက် သံသရာတစ်ခုပဲ။
ကိုယ့်သံသရာနဲ့ ကိုယ်ပဲ။ နတ်တစ်ယောက်လဲ သံသရာတစ်ခုပဲ။ ဒိပြင် သတ္တဝါတွေမှာလဲ သတ္တဝါတစ်ဦး တစ်ဦး သံသရာ တစ်ခုစီ တစ်ခုစီပဲ။ ကိုယ့်သံသရာနဲ့ ကိုယ်ပဲ။
သံသရာရှည်တယ်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရားကို မကျင့်တဲ့ ပုဂ္ဂိုလ်တွေမှာ ထပ်ကာ ထပ်ကာ ဘဝတွေဖြစ်ပြီးတော့ အိုရ နာရ သေရတယ်။ ရုပ်နာမ်အစဉ်တွေ မပြတ် ဆက်ကာ ဆက်ကာ ဖြစ်နေတယ်။
အဲဒီလို ရှည်စွာ ဖြစ်နေတာဟာ သံသရာရှည်နေတာပဲ။
သံသရာဆုံးတယ်ဆိုတာ
ရှေးရှေးက ပွင့်တော်မူကြတဲ့ ဘုရားတွေ ကိလေသာငြိမ်းလို့ ဘဝသစ် ရုပ်နာမ်ခန္ဓာ မဖြစ်ဘဲနဲ့ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားကြတယ်။
အဲဒီပုဂ္ဂိုလ်တွေမှာ သံသရာတိုတာပေါ့။
သူတို့မှာ ရုပ်နာမ်အစဉ်က ပြတ်သွားပြီ။
အဲဒီ မြတ်စွာဘုရားတို့၏ တပည့်သားဖြစ်တဲ့ သာဝကတွေလဲ တရားအားထုတ်ပြီး သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာတိုင်အောင် အစဉ်အတိုင်း ဖြစ်ပြီးတော့ ကိလေသာ ငြိမ်းတယ်။
ကိလေသာငြိမ်းတော့ အဲဒီဘဝက စုတေတဲ့အခါ ပရိနိဗ္ဗာန်ဝင်စံတယ်လို့ ဆိုတယ်။ ပရိနိဗ္ဗာန်ပြုတယ်လို့ ဆိုရတယ်။
အဲဒီလိုကနေ ဆုံးသွားလို့ရှိရင် ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်တော့ဘူး။
ဘဝအသစ် မဖြစ်တော့ ရုပ်နာမ်ခန္ဓာအစဉ် ပြတ်သွားတာပဲ။
အဲဒီ ရှေးရှေးက နိဗ္ဗာန်ဝင်သွားတဲ့ ပုဂ္ဂိုလ်တွေမှာ သံသရာတိုတယ်လို့ ဆိုရတာပေါ့။ သံသရာဆုံးပြီလို့ ဆိုရတယ်။
ဒီမှာဘက်ကမ်းနဲ့ ဟိုမှာဘက်ကမ်း
ရှေးရှေး ဘုရားလက်ထက်က နိဗ္ဗာန်မဝင်တဲ့ ပုဂ္ဂိုလ်တွေ အခုထက်ထိ ရှိနေတဲ့ ပုဂ္ဂိုလ်တွေက သံသရာရှည်တယ်လို့ ဆိုရမယ်။
အခု ဘုရားလက်ထက်မှာ တရားနှလုံးသွင်း အားထုတ်ပြီးတော့ ရဟန္တာဖြစ်မယ်၊ ယခု ဘဝတွင် မဟုတ်ပေမယ်လို့ နောက်ဘဝ နောက်ဘဝတွေ ရဟန္တာဖြစ်သွားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေကလဲ ကျန်ရစ်မယ့် ပုဂ္ဂိုလ်တွေနဲ့စာရင် သံသရာတိုတယ်လို့ ဆိုရမှာပဲ။
အခု ဘုရားလက်ထက်မှာ တရားလဲ အားထုတ်လို့ တရားထူးလဲ မရဘူး၊ ကိလေသာလဲ မကင်းသေးဘူးဆိုရင်တော့ ဘဝတွေ အမျိုးမျိုး ဖြစ်နေမှာပေါ့။ များသောအားဖြင့် အပါယ်လေးပါးမှာ ဖြစ်တတ်တယ်။
ရုပ်နာမ်အစဉ်တွေက ဒီလိုဖြစ်နေတာပဲ။ အဲဒီလိုဖြစ်နေတဲ့ ရုပ်နာမ်အစဉ်တွေဟာ အင်မတန် ရှည်လျားတဲ့ ရုပ်နာမ်အစဉ်ပဲ။ သံသရာရှည်တယ်ဆိုတာ ဒါပဲ။
သံသရာမရှည်ချင်လို့ရှိရင် မြတ်စွာဘုရား ညွှန်ကြားဆုံးမတဲ့ ဝိပဿနာတရားအားထုတ်မှ … ဒါမှ အရိယာမဂ်ဖိုလ်တွေ ရောက်ပြီးတော့ ကိလေသာတွေ ငြိမ်းတယ်။
ကိလေသာမရှိမှ ဘဝတွေလို့ဆိုရတဲ့ ရုပ်နာမ်ခန္ဓာအစဉ် သံသရာဟာ ပြတ်ငြိမ်းသွားတယ်။
ဒါကြောင့် ရုပ်နာမ်အစဉ် ပြတ်ငြိမ်းအောင် အားထုတ်ဖို့ရာ အရေးကြီးပါတယ်။ ကိလေသာမကင်းသေးရင် ဘဝအသစ်ဖြစ်ရမယ်။ ဖြစ်ရင် ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေနဲ့ တွေ့ရမယ်။ မည်သူမှ မတိမ်းရှောင်နိုင်ဘူး။ အဲဒါတွေ တွေ့နေရမှာပဲ။
အဲဒီလို ဖြစ်နေရတဲ့ ရုပ်နာမ်အစဉ်က ဒီဘက်ကမ်းပဲ။
ဒီဘက်ကမ်းက အိုရမယ်၊ နာရမယ်၊ သေရမယ်။ အခု တွေ့နေရတဲ့ အတိုင်းပါပဲ။ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။
တရားတွေ နက်နဲတယ်လို့ မအောက်မေ့နဲ့။ ဘာမှ မနက်နဲဘူး။ အခု တွေ့နေကြတာပဲ။ အဖိုးကြီးတွေ အဖွားကြီးတွေ ကိုယ်နဲ့စပ်တဲ့ အဖိုးတို့ အဖွားတို့၊ အမေ အဖေတို့၊ အရီးတို့ အဒေါ်တို့ စသည်ဖြင့် အဖိုးကြီးတွေ အဖွားကြီးတွေ အိုကြရတယ်။ မကျန်းမမာ နာကြရတယ်။ တစ်နေ့ကျတော့ သေကြရတယ်။
သေပြီးတော့လဲ ပြီးရောလားဆိုတော့ မပြီးသေးဘူး။ ကိလေသာ မကင်းသေးရင် ဘဝအသစ်က ဖြစ်ပြန်ပြီ။
အကုသိုလ်ကံက အကျိုးပေးလို့ အပါယ်လေးပါးမှာ ဖြစ်ရင် အဆင်းရဲဆုံးပေါ့။
ကုသိုလ်ကံ အကျိုးပေးလို့ လူ့ဘဝ နတ်ဘဝ ဖြစ်ပြန်ရင်လဲ ဖြစ်ရာဘဝမှာ အိုရ နာရ သေရပြန်တာပဲ။
ဘဝတိုင်း ဘဝတိုင်း ဆင်းရဲတွေ တွေ့နေရတယ်။ အဲဒီ ဆင်းရဲတွေက ဘာတုန်းဆိုရင် သံသရာဝဋ်ဆင်းရဲတွေပဲ။
ဒီဘက်ကမ်းနဲ့ ဟိုဘက်ကမ်း
အဲဒီ သံသရာဝဋ်ဆင်းရဲတွေ ရှိပြီးနေတဲ့ ရုပ်နာမ်အစဉ် သံသရာက ဒီဘက်ကမ်း၊ သံသရာဆိုတဲ့ ရုပ်နာမ်အစဉ် ပြတ်ငြိမ်းတဲ့ နိဗ္ဗာန်က ဟိုဘက်ကမ်း။
နိဗ္ဗာန်ကျတော့ ဘဝအသစ် မဖြစ်လို့ ရုပ်နာမ်တွေလဲ မရှိဘူး။
ရုပ်နာမ်မရှိရင် မအိုဘူး။ ရုပ်ကိုယ်ကြီး ရှိလို့ အိုနေတာ။ ရုပ်ကိုယ်ကြီး မရှိရင် ဆံဖြူတာ ရှိပါ့မလား?
(မရှိပါဘုရား)
ဆံပင်တို့ ခေါင်းတို့ … ရှိမှ မရှိပဲ။ ဆံပင်လဲ မဖြူဘူး။ သွားကျိုးတာလဲ ရှိပါ့မလား?
(မရှိပါဘုရား)
ခါးကိုင်းခြင်း၊ နားထိုင်းခြင်း၊ မျက်စိမှုန်ခြင်း … ဒါတွေလဲ မရှိဘူး။ ရုပ်က ရှိမှ မရှိဘဲဟာကိုး။ အရေအသားတွေ လျော့ခြင်းဆိုတဲ့ ဒီလိုဟာလဲ မရှိဘူး။ ပိန်ချုံးနေခြင်းဆိုတာလဲ မရှိဘူး။
မကျန်းမမာ ရောဂါဝေဒနာတွေ ဖြစ်တယ်ဆိုတာ ရုပ်ရှိလို့ပဲ။ ရုပ်မရှိရင် မကျန်းမမာဖြစ်ပါ့မလား?
(မဖြစ်ပါဘုရား)
ရုပ်နာမ်ရှိနေလို့ နောက်ဆုံး စုတိစိတ်ကလေး ပြတ်ပြီးတော့ သေတယ်လို့ ခေါ်ရတာ။
အဲဒါ ဘဝသစ် မဖြစ်လို့ရှိရင် ရုပ်နာမ်ခန္ဓာ မရှိရင် မအိုရ မနာရ မသေရဘူး။ ဆင်းရဲခပ်သိမ်း ငြိမ်းတယ်။
အဲဒီလို ဆင်းရဲခပ်သိမ်းငြိမ်းတာက ဟိုဘက်ကမ်းပဲ။
အခု လူတွေ မေးကြည့်ရင် အိုချင်သလား … မအိုချင်ဘူးလား ဆိုရင် ဘယ်လို ဖြေမတုန်း?
(မအိုချင်ပါဘုရား)
လူတိုင်းလူတိုင်း မအိုချင်ကြဘူး။ ဒါတော့ ကျိန်းသေပဲ။
မအိုချင်ဘူးဆိုတာ လူကြီးတွေအတွက်လဲ အရေးကြီးတယ်။ လူကြီးတွေက အိုနေပြီ။ ဒါပေမယ့် ရှေ့လျှောက် ဒီထက်အိုသွားမှာ သာပြီး ကြောက်စရာ ကောင်းတာ။
လူငယ်ကလေးတွေလဲ အိုချင်သလား … မအိုချင်ဘူးလားဆိုရင် ကလေးတွေလဲ အိုတော့ မအိုချင်ဘူး။
ဒါပေမယ့် ကလေးတွေက သူတို့ အိုလိမ့်မယ်လို့ တယ် … မအောက်မေ့ဘူး။ တော်တော်နဲ့ မအိုသေးဘူး အောက်မေ့နေတာကိုး။ တစ်နေ့ကျ ဒီလိုနဲ့ အိုရတာပဲ။ ကလေးတွေကနေပြီး တဖြည်းဖြည်းနဲ့ လူကြီးဖြစ်ပြီး တစ်နေ့ကျ အိုရတာပဲ။
အဲ … လူတိုင်း လူတိုင်းဟာ မကျန်းမမာ နာဖျားမှု မဖြစ်ချင်ကြဘူး။ ဖြစ်ချင်ပါ့မလား?
(မဖြစ်ချင်ပါဘုရား)
လူတိုင်း လူတိုင်းဟာ မသေချင်ကြဘူး။ သေချင်ကြပါ့မလား?
(မသေချင်ပါဘုရား)
အဲဒီတော့ မအို မနာ မသေဘူးဆိုတာ နိဗ္ဗာန်မှာမှ ရှိတာ။ ဒီပြင်နေရာဆိုရင် ဘယ်မှာမှ မရှိဘူး။
ဖန်ဆင်းရှင် ထာဝရကို ယုံသူများ
ဗုဒ္ဓဘာသာအပြင်ဘက်က ဘုရားသခင် ဖန်ဆင်းတယ်ဆိုတဲ့ ဘာသာတရားတွေ ရှိတယ်။ အဲဒီဘာသာတရားတွေကတော့ လူတွေ ကျေနပ်အောင် ပြောဟောထားတာ ရှိတယ်။
ဘယ်လိုလဲဆိုတော့ ဘုရားသခင်က ဖန်ဆင်းတယ်၊ ဘုရားသခင်ကို ကိုးကွယ်ရင် ဘုရားသခင် စကားနားထောင်ပြီးတော့ လိုက်နာကျင့်သုံးနေရင် ဘုရားသခင်က ကောင်းကင်ဘုံ ကယ်တင်တယ်။ မလိုက်နာရင်တော့ ထာဝရငရဲ ပစ်ချတယ်။ ငရဲက ဘယ်တော့မှ မလွတ်ရဘူးလို့ ဒီလိုလဲ ခြောက်ထားတယ်။
ဘုရားသခင်စကား နားထောင်လို့ ဘုရားသခင်အလိုအတိုင်း ကျင့်ကြံနေရင်တော့ ဘုရားသခင်က ကောင်းကင်ဘုံ ကယ်တင်တယ်။
ကောင်းကင်ဘုံရောက်ရင် မအို မနာ မသေတော့ဘူး။ ဘယ်တော့မှ ဆင်းရဲ မရှိတော့ဘူး။ ဆင်းရဲခပ်သိမ်း ငြိမ်းတယ်လို့ ဒီလိုလဲ သူတို့ ဘာသာတရားတွေက ပြောကြတယ်။ ဘယ်သူမှလဲ တွေ့ဖူးတာတော့လဲ မဟုတ်ဘူး။ ဘုရားကိုလဲ ဘယ်သူမှ တွေ့ဖူးတာ မဟုတ်ဘူး။ ကောင်းကင်ဘုံမှာ မအို မနာ မသေဘဲနဲ့ အမြဲတမ်း ချမ်းသာနေတယ်ဆိုတာလဲ ဘယ်သူမှ တွေ့ဖူးတာ မဟုတ်ဘူး။ အဲဒါ လူအများ ကျေနပ်အောင်လို့ သူတို့ ဘာသာတရားတွေ ဟောထားကြတာပဲ။
ယုံတဲ့သူတွေကလဲ မျက်စိမှိတ် ယုံရတယ်။ မယုံလို့လဲ မဖြစ်ဘူး။
ဘာပြုလို့တုန်းဆိုတော့ မယုံလို့ ဆင်ခြင်စဉ်းစားရင် ဘုရားကို ပြစ်မှားရာ ရောက်လို့ ဘုရားသခင်က ထာဝရငရဲ ပစ်ချမှာ ကြောက်ရတာကိုး။
ရုပ်နာမ်ဘဝ ရှိရင် အို နာ သေမှာပဲ။ ဒါကြောင့်မို့လို့ လူတွေကို ခြောက်ထားတာ။
အဲဒီလို ဘုရားသခင် ဖန်ဆင်းလို့ ကောင်းကင်ဘုံရောက်ပြီးတော့ မအို မနာ မသေဘူးလို့ ယုံကြည်ကြပေမယ့် အမှန်စင်စစ်ကတော့ ဘယ်ဘဝဖြစ်ဖြစ် ဖြစ်လို့ရှိရင် အိုရမှာပဲ။ နာရ သေရမှာပဲ။ မအို မနာ မသေဘဲနဲ့ ဘယ်မှ တိမ်းရှောင်လို့ မရဘူးတဲ့။
ကောင်းကင်ဘုံဆိုတာလဲ တခြား မဟုတ်ဘူး။ နတ်ဘုံတွေ ဗြဟ္မာဘုံတွေပဲ။ အဲဒီဘုံတွေက နတ်တွေလဲ သေကြရတာပဲ။ ဗြဟ္မာတွေလဲ သေကြရတာပဲ။ ဖြစ်ရင် ပျက်တာချည်းပဲ။
လောကမှာ ဘယ်အရာဝတ္ထုဖြစ်ဖြစ် အသစ်ဖြစ်လာရင် တစ်နေ့ကျ ပျက်စီးရတာချည်းပဲ။ မပျက်စီးဘဲနဲ့ တည်နေတာရယ်လို့ မရှိဘူး။ ကြာရှည်တည်တာနဲ့ ကြာရှည်မတည်တာ ဒါလောက်ပဲ ကွာခြားတယ်။
လုံးလုံး မပျက်ဘဲတော့ တည်မနေဘူး။ ပျက်ရတာချည်းပဲ။
အဲဒါကြောင့် ရုပ်နာမ်ခန္ဓာတွေ ရှိနေသမျှ ကာလပတ်လုံး အိုရမယ် နာရမယ် သေရမယ်။
ရုပ်နာမ်ခန္ဓာတွေ လုံးဝ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာကတော့ ရုပ်နာမ်ခန္ဓာတွေ မရှိလို့ မအိုရ မနာရ မသေရဘူး။
အိုခြင်း နာခြင်း သေခြင်းရဲ့ အခြေခံဖြစ်တဲ့ ရုပ်နာမ်ဟာ မရှိဘဲဟာကိုး။ မရှိတော့ ဘယ်အိုမလဲ။ အိုတာ ရှိပါ့မလား?
(မရှိပါဘုရား)
နာတာလဲ ရှိပါ့မလား?
(မရှိပါဘုရား)
သေတာလဲ ရှိပါ့မလား?
(မရှိပါဘုရား)
ဘာမှ မရှိဘူး။
ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် အပါယ်လေးပါးတော့ အထူး ပြောစရာ မလိုပါဘူး။ အဲဒီမှာတော့ ရုပ်နာမ်နှစ်ပါးလုံး အစုံရှိနေတော့ ရုပ်နာမ်နှစ်ပါးတွေက တစ်နေ့ကျရင် အိုတာပဲ။ တစ်နေ့ကျရင် နာတာပဲ။ တစ်နေ့ကျရင် သေတာပဲ။
နတ်ပြည်မှာတော့ အိုတယ်ဆိုပေမယ့် သိပ်မထင်ရှားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သေခါနီးကျတော့ ခုနစ်ရက်လောက်ကျတော့မှ အိုရုပ်တွေ ပေါ်လာတယ်ဆိုပဲ။ မကျန်းမမာ နာဖျားတာလဲ နတ်တွေမှာ မရှိဘူးလို့ ဆိုတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ သေတော့တာပဲ။ အဲဒီတော့ ဘယ်ဘဝဖြစ်ဖြစ် အသစ်ဖြစ်လို့ရှိရင် သေခြင်းကတော့ မလွတ်ဘူး။
ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
သေခြင်းကင်းတာက နိဗ္ဗာန်ပဲ။ နိဗ္ဗာန်ဟာ ဟိုဘက်ကမ်းနဲ့ တူတယ်။
ရုပ်နာမ်အစဉ်တွေ မပြတ် ဖြစ်နေတာက ဒီဘက်ကမ်းပဲ။ ဒီဘက်ကမ်းမှာ အိုရတယ်၊ နာရတယ်၊ သေရတယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုးတွေနဲ့ တွေ့ရတယ်။
ဒီတော့ ဒီဘက်ကမ်းမှာ မနေဘဲနဲ့ ဟိုဘက်ကမ်း သွားစရာ မကောင်းဘူးလား?
(ကောင်းပါတယ်ဘုရား)
ကောင်းတယ်။ ချောင်းတစ်ခု မြစ်တစ်ခုမှာ ဒီဘက်ကမ်းက ဘေးရန်တွေ များနေတယ်။ ဟိုဘက်ကမ်းက ဘေးရန် မရှိဘူး။ ချမ်းသာတယ်ဆိုရင် ဟိုဘက်ကမ်းသွားစရာ ကောင်းတယ်မဟုတ်လား?
(မှန်ပါ့ဘုရား)
ဟိုဘက်ကမ်း သွားရမယ်၊ ဟိုဘက်ကမ်းကျမှ ချမ်းသာမှာကိုး။
ဒီဘက်ကမ်းမှာ ပျော်ကြတယ်
ဒါပေမယ်လို့ ဒီဘက်ကမ်းမှာ ချစ်ခင်စရာ တွယ်တာစရာလေးတွေ ရှိလို့ ဟိုဘက်ကမ်း မသွားချင်ကြတာလဲ ရှိလိမ့်မယ်။ အဲဒါမျိုးပဲ။ အခု နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းက ဆင်းရဲခပ်သိမ်း ငြိမ်းလို့ ချမ်းသာပေမယ်လို့ ဒီဘက်ကမ်းမှာ ချစ်ခင် တွယ်တာစရာလေးတွေက ရှိနေတယ်။
ဘယ်လိုရှိတုန်း။ အမြင်ကောင်းကလေးတွေ မြင်နေရတာက ကောင်းတယ်၊ အကြားကောင်းကလေးတွေ ကြားနေရတာက ကောင်းတယ်၊ အနံ့ကောင်းကလေးတွေ မွှေးနေရတာက ကောင်းတယ်၊ အရသာကောင်းကလေးတွေ စားနေရရင်၊ အတွေ့ထိကောင်းတွေ တွေ့ထိနေရရင် အဲဒါလဲ ကောင်းတယ်။ စိတ်ကူးစဉ်းစားကြံစည်နေရတာလဲ ကောင်းတယ်။
လောကအကြောင်းအရာတွေကို တွေ့ပြီးနေရတာ ကောင်းတယ်။ ရုပ်နာမ်တွေ မရှိတော့ ဒါတွေ သိရမှာ မဟုတ်ဘူးဆိုလို့ရှိရင် ကြောက်တယ်။ ဟိုဘက်ကမ်းသွားရမှာ ကြောက်နေကြတယ်။ အဲဒါကြောင့် ဟိုဘက်ကမ်းသွားတဲ့ပုဂ္ဂိုလ်က နည်းတယ်။
အယံဣတရာပဇာ - ဟိုဘက်ကမ်းသွားသူတို့မှ တစ်ပါးသော ဤပုဂ္ဂိုလ်တို့သည် ငြိမ်းရာ မရောက်ဘဲနဲ့ သေပြီး ပြန်ဖြစ် … သေပြီးရင် ပြန်ဖြစ်နဲ့ … ဒါက ဒီဘက်ကမ်းထဲ ပြန်,ပြန်ဝင်နေသလို ဖြစ်နေတယ်။
အဲဒါကို ရည်ပြီးတော့ -
တီရမေဝ - ဤဘက်ကမ်းသို့သာလျှင်
အနုဓာဝတိ - အစဉ်လိုက်ပြီးတော့ ပြေးဝင်နေပါ၏ တဲ့။
အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်လေး စီထားတယ်။
“ဟိုဘက်ကမ်းသွား၊ လွန်နည်းပါး
များပြားလူတွေ၊ ဤကမ်းမှာ” တဲ့။
ဟိုဘက်ကမ်းသွားတဲ့လူတွေက နည်းတယ်။ ဒီဘက်ကမ်းမှာ နေတဲ့ ပုဂ္ဂိုလ်တွေက များတယ် တဲ့။ ကိုင်း … ဆိုကြရမယ်။
(ဆောင်ပုဒ်)
“ဟိုဘက်ကမ်းသွား၊ လွန်နည်းပါး
များပြားလူတွေ၊ ဤကမ်းမှာ”
ဟိုဘက်ကမ်းသွားတဲ့ လူတွေက နည်းတယ်။ မြတ်စွာဘုရား၏ အဆုံးအမတော် လိုက်နာပြီးတော့မှ ကျင့်မှ ဟိုဘက်ကမ်း သွားရတယ်။ ဟိုဘက်ကမ်း ရောက်နိုင်တယ်။
ဘုရားသာသနာတော် လိုက်နာပြီး ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေက နည်းတယ်။
လူ့လောကကြီး တစ်လောကလုံး တစ်ကမ္ဘာလုံး လျှောက်ကြည့်လိုက်ရင် ဗုဒ္ဓဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်၊ ဗုဒ္ဓတရားတွေ လိုက်နာနိုင်တဲ့ ပုဂ္ဂိုလ်တွေက နည်းပါးတယ်။ ဘာသာခြားတွေက များတယ်။ ဗုဒ္ဓဘာသာဝင် သာသနာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်အောင် တကယ် ကြိုးစား ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်က နည်းတယ်။
ယခုအခါ တရားဘက်က တိုးတက်လာပြီ
ဘုန်းကြီးတို့ ဟောတဲ့ ဝိပဿနာတရားမျိုးတွေကို ရိုရိုသေသေ လေးလေးစားစား နာနိုင်တဲ့ ပုဂ္ဂိုလ်တွေက နည်းတယ်။
အရင်ကဆိုရင် တော်တော့ကို နည်းတယ်။ အခုတော့ တော်တော် များလာတယ်။ တိုးတက်လာတယ်လို့ ဆိုရမှာပဲ။ ရန်ကုန်မှာ တရားပွဲတွေလဲ တယ်မပြတ်ဘူး။ တရားဟောရာ ဟောရာတွေမှာလဲ ပရိတ်သတ်တွေ များပါတယ်။ နှစ်ထောင် သုံးထောင်လောက် အများကြီးပဲ။
ပြီးတော့ လေးငါးရက် မဟုတ်ဘူး။ တစ်ချို့က ၁၅ ရက်လောက်၊ တစ်ချို့လဲ အရက် ၂၀ လောက်၊ အရက် ၃၀ ကျော် ၄၀ လောက်လဲပဲ ဆက်ပြီးတော့ တရားပွဲတွေ ကျင်းပတယ်။ အခုဟာ တရားဘက်က တော်တော်ကို တိုးတက်နေတယ်။
ဘုန်းကြီးတို့လဲ မရောက်ဖူးသေးတဲ့ နေရာ တစ်ခါတရံတော့ သွားပါတယ်။ ထပ်ခါ ထပ်ခါတော့ မသွားပါဘူး။ မဟာစည်ဓမ္မကထိကတွေ ပင့်သွားကြလို့ ပြောရတယ်။
အဲဒီတော့ ... ဟိုတုန်းက တရားဘက်ကို မလိုက်စားတဲ့ ပုဂ္ဂိုလ်တွေ များတယ်။
အခုတော့ တရားဘက်ကို လိုက်စားတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် များနေတယ်။ ရန်ကုန် သာသနာ့ရိပ်သာမှာလဲ ယောဂီတွေလဲ အင်မတန် များနေတယ်။
အခု ဒီဆိပ်ခွန်မဟာစည်ရိပ်သာမှာလဲ ပြီးခဲ့တဲ့ နှစ်က အတော်ကို များတာပဲ။ ဟောစရာ တော်တော် ကောင်းတယ်။ တိုးတက်လာတယ်။
ကောင်းမွန်စွာ ဟောတဲ့ ကိုယ်တွေ့တရား
“ဟိုဘက်ကမ်းသွား၊ လွန်နည်းပါး၊ များပြားလူတွေ၊ ဤကမ်းမှာ”
ယေ စ ခေါ သမ္မာဒက္ခာတေ၊
ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေဇနာ ပါရမေဿန္တိ၊
မစ္စုဓေယျံ သုဒုတ္တရံ။
ယေ စ ခေါ - အကြင်ပုဂ္ဂိုလ်တို့သည်ကား
သမ္မာ ဒက္ခာတေ - မြတ်စွာဘုရားက ကောင်းမွန် မှန်ကန်စွာ ဟောကြား၍ ထားအပ်သော
ဓမ္မေ - တရားတော်၌
ဓမ္မာ နုဝတ္တိနော - တရားတော်ကို အစဉ်လျှောက်၍ ကျင့်သုံးကြလေကုန်၏။
မြတ်စွာဘုရား ဟောကြားထားတဲ့ ဘာတရားတွေတုန်းဆိုရင် မြတ်စွာဘုရားက ဓမ္မစကြာသုတ်က စပြီးတော့ ဟောခဲ့တယ်။ အဲဒီသုတ်က စပြီးတော့ ဟောထားခဲ့တဲ့ တရားတွေပေါ့။
ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဋ္ဌာနသုတ် စသည်တွေပေါ့။
သုတ်တွေက အဟောအပြော ဝေါဟာရစကားတွေသာ ကွဲတာ၊ ကျင့်ကြံရမယ့် တရားတွေကတော့ သဘောအားဖြင့် အတူတူပါပဲ။
အဲဒီသုတ်တွေမှာ မြတ်စွာဘုရား ဟောတာက ဘယ်လိုဟာတုန်းဆိုတော့ ကောင်းမွန်စွာ ဟောထားခဲ့တဲ့ တရားတဲ့။
ဘာသာတိုင်း ဘာသာတိုင်းမှာ သူတို့တရားတွေ ကောင်းစွာ ဟောထားတယ်လို့ ထင်ကြတာပါပဲ။
အမှန်ကတော့ ကောင်းစွာဟောတာတော့ ဟုတ်,မဟုတ် စိစစ်ဖို့ရာ လိုပါတယ်။
ကိုယ်တိုင် သိပြီးတော့ အမှန်တရားဟောခဲ့ရင် ကောင်းစွာ ဟောတယ်လို့ ဆိုရတယ်။
လောကမှာ ဆေးကုတဲ့ ပုဂ္ဂိုလ်တွေဟာလဲ နည်းလမ်းတွေ အမှန်အတိုင်း သိပြီးတော့ ကုစားလို့ရှိရင် အဲဒါဟာ ကောင်းစွာ ကုခြင်းပဲ။ သို့မဟုတ်ဘဲနဲ့ စိတ်ကူးနဲ့ ထင်ရာမြင်ရာတွေ ကုသနေလို့ရှိရင်တော့ အဲဒါဟာ ကောင်းတယ်လို့ မဆိုနိုင်ဘူး။
တရားကလဲ ဒီလိုပဲ။
ကိုယ်တိုင်ကျင့်လို့ ကိုယ်တိုင်တွေ့ပြီး ကိုယ်တိုင်သိတဲ့ တရားတွေကို သူများသိအောင်လို့ ဟောတာဆိုလို့ရှိရင် ကောင်းသော ဟောခြင်းပဲတဲ့။
မှန်တယ်။ လောကရေးရာမှာလဲ ဒါတွေပါပဲ။ ကိုယ်တိုင် သေချာသိပြီးတော့ ကြီးပွားရာ ကြီးပွားကြောင်း နည်းလမ်းတွေ ဟောပြော ပြသလို့ရှိရင် အဲဒါ ... ကောင်းသော ပြခြင်းပဲ။
မြတ်စွာဘုရားကတော့ ကိုယ်တော်တိုင် ကျင့်လို့ ကိုယ်တော်တိုင် တွေ့ပြီးမှ ဟောခဲ့တဲ့ တရားတဲ့။
ဒုက္ကရစရိယာအကျင့်ကို ၆-နှစ်တိုင်တိုင် ကျင့်ခဲ့တယ်။ တရားမှန် မတွေ့ရသေးတော အဲဒီအချိန်တုန်းက မဟောသေးပါဘူး။
နောက်ဆုံး ဘုရားဖြစ်ခါနီးမှ ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ရှုရင်း ရှုရင်းနဲ့ စိတ်ဟာ အာသဝေါတရားတွေ ကိလေသာတွေမှ လွတ်မြောက်ပြီး သွားတယ်။ ဘုရားဖြစ်တော်မူခဲ့တယ်လို့ အဲဒီလို ဖော်ပြထားတာ ရှိပါတယ်။
ဝိပဿနာရှုမှတ်ပြီး ဘုရားဖြစ်တယ်
ဥပါဒါနက္ခန္ဓာငါးပါးတွေဆိုတာ အခု ဝိပဿနာရှုနေရတဲ့ တရားတွေပါပဲ။
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရခြောက်ပါးက ပေါ်လာတဲ့ တရားတွေပါပဲ။
သတိပဋ္ဌာန်ဒေသနာနဲ့ ပြောမယ်ဆိုရင် ကိုယ်အမူအရာတွေ စိတ်အမူအရာတွေ ဝေဒနာတွေ သဘောတရားတွေ အဲဒါတွေဟာ ဥပါဒါနက္ခန္ဓာတွေပါပဲ။
ရုပ်နဲ့နာမ်ဆိုတာလဲ ဒါတွေပဲ။
အဲဒီတရားတို့၏ အဖြစ်အပျက်ကို ရှုပြီးတော့ နေရင်းနဲ့ သောတာပတ္တိမဂ်ဖိုလ်ရောက်၊ အဲဒီက ဆက်ရှု ... သကဒါဂါမိမဂ်ဖိုလ်ရောက်၊ အဲဒီက ဆက်ရှုရင် အနာဂါမိမဂ်ဖိုလ်ရောက်၊ အဲဒီက ဆက်ရှုတော့ အရဟတ္တမဂ်ဖိုလ်ကို ရောက်။ သာမန်ပုဂ္ဂိုလ်ဆိုရင် အရဟတ္တမဂ်ကို ရောက်ပြီးတော့ ကိလေသာငြိမ်းပြီး ရဟန္တာဖြစ်တယ်လို့ ဆိုရတာပဲ။
ဘုရားအလောင်းမှာတော့ ဗုဒ္ဓဘုရားဖြစ်ဖို့ ပါရမီဖြည့်ပြီးသား ဖြစ်တဲ့အတွက် ပြည့်စုံသင့် ပြည့်စုံထိုက်တဲ့ ဗုဒ္ဓဂုဏ်တွေ အကုန်လုံး ပြည့်စုံသွားတယ်။
တရားအလုံးစုံတွေ သိတဲ့ သဗ္ဗညုတဉာဏ် အစရှိသော ဂုဏ်တွေနဲ့ တစ်ခါတည်း ပြည့်စုံသွားတယ်။
ဒါကြောင့် ဘုရားဖြစ်တယ်လို့ ဆိုရတယ်။
ဘုရားဖြစ်တယ်ဆိုတာဟာ ပြည့်စုံသင့် ပြည့်စုံထိုက်တဲ့ ဘုရားဂုဏ်အင်္ဂါတွေ ပြည့်စုံသွားတာပဲ။
ဘုရားဖြစ်တယ်ဆိုတာ ထူးထူးခြားခြားကြီး တစ်မျိုးတစ်မည် ဖြစ်သွားတာတော့ မဟုတ်ပါဘူး။
ကင်းသင့် ကင်းထိုက်တဲ့ ကိလေသာတွေ ငြိမ်းပြီးတော့ ပြည့်စုံသင့် ပြည့်စုံထိုက်တဲ့ ဘုရားဂုဏ်အင်္ဂါတွေ ပြည့်စုံသွားတာပါပဲ။ အဲဒီလို ပြည့်စုံသွားတာဟာ ဘုရားဖြစ်တာတဲ့။
No comments:
Post a Comment