“ဆရာတော်ဦးသီလာနန္ဒဟာ အင်မတန် ဉာဏ်ပညာ ကြီးမားသူ ဖြစ်တယ်။ သူ့ကြည့်လိုက်ရင် အနေအထိုင်က ရိုးရိုးအေးအေးဆိုတော့ အကြောင်းမသိသူတွေက သူ့ကို မသိ မတတ်သူတစ်ယောက်ဆိုပြီး အထင်သေးချင် သေးနိုင်တယ်။ ဆရာတော်ဟာ ပါဠိ၊ သက္ကတ၊ အင်္ဂလိပ် ဘာသန္တရ စွယ်စုံရ ကျွမ်းကျင်သူ ဖြစ်တယ်။ ပရိယတ္တိစာပေနဲ့ပတ်သက်ရင် ခဲရာခဲဆစ်တွေကို အမြဲ ကြံဆ လေ့လာနေသူတစ်ဦး ... လေ့လာထားသူတစ်ဦးလည်းဖြစ်တော့ စစ်မြေပြင်မှာ ရဲရဲရင့်ရင့် ဝံ့ဝံ့ကြွားကြွား ရပ်တည်နေတတ်တဲ့ စစ်ဘုရင် စစ်ဗိုလ်မှူးကြီးတစ်ဦးသဖွယ် ရင်ဆိုင် ဖြေရှင်းပေးနိုင်သူတစ်ဦး ဖြစ်တယ်။
သူ သင်ကြားပို့ချခဲ့တာလေးတစ်ခု သူလုပ်ခဲ့တာလေးတစ်ခု မပျောက်ပျက်သွားဘဲ အစဉ်အဆက် ကျန်ရစ်ခဲ့စေချင်တာကြောင့် ခုလို အဘိဓမ္မာသင်တန်းလေး လုပ်ပေးနေတာ ဖြစ်တယ်။”
လောကချမ်းသာဆရာတော်က ယခုတစ်ပတ် သင်တန်းအစတွင် ဆရာတော်ဦးသီလာနန္ဒာဘိဝံသနှင့် ပတ်သက်၍ မိန့်ကြားသွားခဲ့ခြင်း ဖြစ်၏။
+++++
တစ်ပတ်လျှင် တစ်ရက် တစ်နာရီ သင်တန်းမျှဖြင့် အားရခြင်း မရှိကြသော သင်တန်းသူ သင်တန်းသား အများစု၏ တောင်းဆိုမှုကြောင့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၉ ရက် စနေနေ့ အဘိဓမ္မာသင်တန်းကို မွန်းလွဲ ၁ နာရီအချိန်မှ စ၍ လေ့လာ သင်ယူခဲ့ကြသည်။
စုစုပေါင်း သုံးပတ်စာ သုံးနာရီ သင်တန်းပို့ချချက်များကို နာယူနိုင်ခဲ့ကြ၏။ ၁၁ ပတ်မြောက်၊ ၁၂ ပတ်မြောက်၊ ၁၃ ပတ်မြောက် သင်တန်းပို့ချချက်များကို လေ့လာ မှတ်သားခဲ့ကြရ၏။
+++++
အကုသိုလ်စေတသိက် ၁၄ ပါး
အကုသိုလ်စေတသိက်ဆိုတာက မြန်မာလို ရိုးရိုးပြောရင် မကောင်းတဲ့ စေတသိက်ပေါ့။
အကုသိုလ်စေတသိက်ဆိုကတည်းက ဒီစေတသိက်တွေဟာ အကုသိုလ်စိတ်နဲ့ပဲ ယှဉ်တယ်။ အကုသိုလ်စိတ် ၁၂ ပါးနဲ့ ဒီစေတသိက် ၁၄ ပါး ယှဉ်မယ်။
မောဟ
မောဟဆိုတာ အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်း သဘော … တွေဝေတယ်လို့လည်း သုံးတယ်။
အာရုံရဲ့ သဘောကို အမှန်အတိုင်း မမြင်ရအောင် ဖုံးကွယ်တားတာ။
နောက်တနည်း မသိခြင်းလို့လည်း ပြန်ကြတယ်။ အမှန်အတိုင်း မသိတာ၊ အမှားကို သိတာ မောဟလို့ ခေါ်တယ်။
ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပြောရင် မောဟနဲ့ အဝိဇ္ဇာ အတူတူပဲ။ သစ္စာလေးပါး မသိအောင် ဖုံးကွယ်တာတို့၊ သံသရာရဲ့ ရှေ့အစွန်း နောက်အစွန်း စသည် မမြင်အောင် ဖုံးကွယ်တာတို့လည်း ပါတယ်ပေါ့။ မောဟကို အဝိဇ္ဇာလို့လည်း ခေါ်တယ်။
မောဟက တိမ်နဲ့ တူတယ်။ တိမ်ဖုံးထားရင် နောက်က ဝတ္ထုပစ္စည်းကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မမြင်ရသလို မောဟဖုံးထားပြီဆိုရင် အမှန်အတိုင်း မမြင်တော့ဘူး။
ဒီမောဟကြောင့် သတ္တဝါတွေ အမြင် မမှန်တာ။ ဘာပဲ မြင်လိုက် မြင်လိုက် သူက ဖုံးပြီးသားဖြစ်တော့ ဖုံးထားလိုက်တော့ အမှားချည်း မြင်နေကြတော့တာ။
အဟိရိက
ဒုစရိုက်တို့မှ မရှက်ခြင်း သဘော။
အနောတ္တပ္ပ
ဒုစရိုက်မှ မကြောက်လန့်ခြင်း သဘော။
အဟိရိကနဲ့ အနောတ္တပ္ပကို တစ်တွဲ ထားကြစို့။
‘သူများအသက်သတ်တာ’၊ ‘သူ့ဥစ္စာခိုးတာ’၊ ‘သူ့အိမ်ရာပြစ်မှားတာ’ဆိုတဲ့ ခန္ဓာကိုယ်နဲ့ မှားမှားယွင်းယွင်း ပြုတဲ့ ‘ကာယဒုစရိုက် သုံးပါး’၊ ‘လိမ်ပြောတယ်’, ‘ကုန်းတိုက်တယ်’, ‘ကြမ်းတမ်းတဲ့ စကားတွေ သုံးတယ်’, ‘အနက်အဓိပ္ပာယ်ကင်းမဲ့ပြီး သိမ်ဖျင်းတဲ့ စကားတွေ ပြောတယ်’ဆိုတဲ့ နှုတ်နဲ့ မှားမှားယွင်းယွင်း ပြုတဲ့ ‘ဝစီဒုစရိုက် လေးပါး’တွေကို ပြုရမှာ မရှက်တဲ့ သဘောက ‘အဟိရိက’၊ ပြုရမှာ မကြောက်တဲ့ သဘောက ‘အနောတ္တပ္ပ’။
အဟိရိကကို မစင်စားရမှာ မရှက်တဲ့ ရွာသူ့ဝက်နဲ့ ဥပမာ ပေးတယ်။
အနောတ္တပ္ပကို မီးမြင်ရင် မီးထဲတိုးတဲ့ ပိုးပရံ (အများက ပိုးဖလံလို့ ခေါ်ကြတယ်)နဲ့ ဥပမာ ပြုတယ်။
ဒီနှစ်ခုဟာ အမှန်ကတော့ တစ်ခုဖြစ်ရင် တစ်ခုပါတာပဲ။ မရှက်ရင် မကြောက်တာပဲ၊ မကြောက်ရင် မရှက်တာပဲ။ ရှုထောင့်လေး နည်းနည်းကွဲသွားတာ။
ဥဒ္ဓစ္စ
စိတ်၏ မငြိမ်သက်ခြင်း ပျံ့လွင့်ခြင်း သဘော။ အာရုံနဲ့ စိတ်နဲ့ မဟပ်မိတာ၊ မကပ်မိတာကို ဆိုလိုတယ်။
အာရုံပြုလိုက်တယ် … တရားထိုင်တဲ့အခါ ပိုသိသာတယ် … ထွက်သက် ဝင်သက် မှတ်တယ်ဆိုရင် ထွက်သက် ဝင်သက်ကို မှတ်လို့ ကောင်းကောင်း မရဘူး။ ဟိုရောက်နေသလိုလို ဒီရောက်နေသလိုလို … တစ်ခြားကို တိတိကျကျကြီး ရောက်သွားတာလည်း မဟုတ်ဘူး။ ဒီအာရုံပေါ်မှာ မှတ်ရတာ အားရပါးရ မရှိတာ။ အဲသလိုဟာမျိုးကို ပျံ့လွင့်တယ်လို့ သုံးတယ်။ စိတ်ပျံ့လွင့်တယ် ဥဒ္ဓစ္စဖြစ်တယ်လို့ ဆိုတယ်။
ဥဒ္ဓစ္စကို ဥပမာ အမျိုးမျိုး ပေးတယ်။
‘လေနည်းနည်းတိုက်တဲ့အခါ နည်းနည်းလေး လှုပ်နေတဲ့ ရေပြင်’၊ ‘လေတိုက်တဲ့အခါ မငြိမ်မသက် လွင့်နေတဲ့ အလံ’၊ ‘ပြာပုံထဲ ခဲကြီးပစ်ချလိုက်တော့ ထလာတဲ့ ပြာ’ စသည်နဲ့ ဥပမာပေးတယ်။
“မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ” ဒီလေးခုဟာ အမြဲတမ်း တွဲလျက် ဖြစ်တယ်။
အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ဒီလေးခု ပါတယ်။ ဘယ်အကုသိုလ်စိတ်ဖြစ်ဖြစ် ဒီသဘောလေးတွေ ပါတာချည်းပဲ။ ဒါကြောင့်မို့ ဒီလေးခုကို တစ်တွဲထားတယ်။
လောဘ
အာရုံ၌ လိုချင် ကပ်ငြိခြင်း သဘော။ လောဘဆိုတာ လူတိုင်း နားလည်တဲ့ မြန်မာစကား ဖြစ်နေပြီ။ လိုချင်တာ ကပ်ငြိတာ တွယ်တာတာ စသည်ဖြင့် သုံးကြပါတယ်။
လောဘကို မျောက်နှဲစေးနဲ့ ဥပမာပေးတယ်။
မျောက်နှဲစေးဆိုတာ ရှေးတုန်းက မုဆိုးတွေ မျောက်ဖမ်းတဲ့အခါ သုံးတဲ့ သစ်ပင်ကထွက်တဲ့ ပြောင်ပြောင်လက်လက် အစေးတစ်မျိုးဖြစ်တယ်။ ပြောင်ပြောင်လက်လက်ရှိတော့ အင်မတန် ဆော့တတ်တဲ့ မျောက်က ပြောင်ပြောင်လက်လက်ကို လက်နဲ့ လာကိုင်လိုက်ရင် ခွာမရဘူး။ ခွာမရတော့ နောက်လက်တစ်ဖက်နဲ့ တွန်းခွာ၊ အဲဒီလက်ပါ ကပ်နေ။ နောက် ခြေထောက်နှစ်ခု၊ ပါးစပ်၊ ဗိုက် စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ၆ ခုစလုံး သွားကပ်နေတော့တယ်။
လောဘကလည်း အာရုံ ၆ ပါးမှာ ကပ်ငြိတာ။ လောဘကပ်ငြိလိုက်ရင် ခွာမရတော့ဘူး။
တခြား ဥပမာတွေလည်း ပေးသေးတယ်။
‘ပူနေတဲ့ အိုးကင်းထဲ ပစ်ထည့်လိုက်တဲ့ အသားတုံး … ကပ်သွားတာမျိုး’၊ ‘ချွတ်မရအောင် စွန်းသွားတဲ့ ဆီဆေးလိုမျိုး’တဲ့။
ဒိဋ္ဌိ
မှားမှားယွင်းယွင်း သိခြင်း သဘော။ အယူမှားခြင်း သဘော။
မမြဲတာကို မြဲတယ်လို့ သိနေတယ်၊ မချမ်းသာတာကို ချမ်းသာတယ်လို့ သိနေတယ်၊ သတ္တဝါ သေပြီးရင် ပြတ်သွားတာပဲဆိုတဲ့ ဥစ္ဆေဒဆိုတဲ့ အယူမျိုးတွေ၊ သတ္တဝါဟာ အမြဲတမ်း မပျက်မစီး တစ်ဘဝမှ တစ်ဘဝ သွားနေတယ်ဆိုတဲ့ သဿတအယူမျိုးတွေ၊ ကံ,ကံ၏အကျိုး မရှိဘူး ယူတာမျိုးတွေ စတဲ့ အယူမှားတွေဟာ ဒိဋ္ဌိပဲ။
ဒိဋ္ဌိရဲ့ မူရင်းအဓိပ္ပာယ်က ‘အမြင်’ပဲ။
အမြင်ဆိုတာ ‘မှန်ကန်တဲ့ အမြင်’(သမ္မာဒိဋ္ဌိ)လည်း ဖြစ်နိုင်တယ်၊ ‘မှားယွင်းတဲ့ အမြင်’(မိစ္ဆာဒိဋ္ဌိ)လည်း ဖြစ်နိုင်တယ်။ များသောအားဖြင့် ဒိဋ္ဌိဆိုတဲ့ အသုံးကို မှားတဲ့အယူမှာပဲ သုံးတယ်။
မာန
ထောင်လွှားတက်ကြွခြင်း သဘော။
ကောင်းစားနေတဲ့အခါ မာနဖြစ်တတ်သလို နိမ့်ကျတဲ့အခါလည်း နိမ့်ကျတဲ့အလိုက် မာနဖြစ်တတ်တယ်။
မာနကို အထက်မှာပဲ နေတဲ့၊ အများအပေါ်က ကြွားကြွားရွားရွားနေတဲ့ တံခွန်အလံနဲ့ ဥပမာပေးတယ်။
ဒီ “လောဘ၊ ဒိဋ္ဌိ၊ မာန” သုံးခုကိုလည်း လောဘမူစိတ်နဲ့သာ ယှဉ်တာကြောင့် တစ်စု တစ်တွဲ ထားတယ်။
ဒေါသ
ခက်ထန် ကြမ်းတမ်းခြင်း သဘော။ ပြစ်မှားခြင်း သဘော။
ဒေါသဖြစ်လာရင် လူဟာ ခက်ထန် ကြမ်းတမ်းလာတာ ထင်ရှားပါတယ်။ ရိုးရိုးနေတုန်းက မပြောဝံ့တဲ့ စကား၊ မလုပ်ဝံ့တဲ့ အလုပ်တွေ ဒေါသဖြစ်ရင် ပြောဝံ့ လုပ်ဝံ့လာတယ်။
နည်းနည်း အရိုက်ခံရလို့ ရှူးရှူးရှဲရှဲ ဒေါသထွက်တဲ့ မြွေနဲ့တူတယ်လို့ ဥပမာပြုတယ်။
ဒီဒေါသဟာ မိမိတည်ရာကို ပြန်ပြီး လောင်တတ်သတဲ့။ ကိုယ့်သန္တာန်မှာ ဒေါသဖြစ်တယ်ဆိုရင် ကိုယ့်စိတ်ကို လောင်လိုက်တာပဲ။
ဒီနေရာမှာ ‘ဒေါသ’နဲ့ ‘ဒေါမနဿ’ မတူတာကိုလည်း သတိပြုရမယ်။ ‘ဒေါမနဿ’က စိတ်ရဲ့ခံစားမှု ဝေဒနာဖြစ်ပြီး ‘ဒေါသ’က သီးခြား စေတသိက်တစ်ခု ဖြစ်တယ်။
ဣဿာ
သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်း သဘော။ ငြူစူတယ်ဆိုတာ သူများကောင်းစားနေတာကို မနာလိုတာ။
မစ္ဆရိယ
မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုခြင်း သဘော။ မိမိပစ္စည်း သူတစ်ပါးနဲ့ ဆက်ဆံမှာ မခံနိုင်တာကို ဆိုလိုတယ်။
ကိုယ်က အဆင်းလှတယ်၊ အမျိုးကောင်းတယ်၊ လာဘ်လာဘ ပေါများတယ်ဆိုရင် သူများ အဆင်းလှတာ၊ သူများ အမျိုးကောင်းတာ၊ သူများ ပိုက်ဆံရှိတာကို မခံနိုင်တဲ့ သဘောပဲ။ ဒေါသသဘောပါတယ်။
ကုက္ကုစ္စ
ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့၌ နောင်တတစ်ဖန် ပူပန်ခြင်း သဘော။
ဒီ “ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ” လေးခုက တစ်စု။ ဒေါသမူစိတ်တွေနဲ့ပဲ ယှဉ်တယ်။
ထိန
စိတ်၏ ထိုင်းမှိုင်းခြင်း သဘော။
မိဒ္ဓ
စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း သဘော။
ဒါကတော့ အလွန်သိခဲပါတယ်။ မြတ်စွာဘုရားမို့ ဟောနိုင်တာ။ စိတ်နဲ့ စေတသိက်ကို ခွဲခြား သိဖို့ အလွန်ခဲယဉ်းတယ်။
တကယ့် လက်တွေ့မှာ ဒီနှစ်ခုကို ကွဲကွဲပြားပြား သိဖို့ မလွယ်ဘူး။
ထိုင်းမှိုင်းတာတော့ သိတယ်။ အိပ်ချင်လာတဲ့အခါ ထိနမိဒ္ဓဝင်လာတာပဲ။
ဒါကြောင့် တရားထိုင်တဲ့အခါ အိပ်ချင်ရင် ထိနမိဒ္ဓဝင်လာပြီဆိုပြီး တိုက်ထုတ်ရတာ။
အိပ်ချင်လာရင် ဒီနှစ်ခု လာတာပဲလို့ မှတ်ထားပေါ့။ အိပ်ချင်လာပြီဆိုရင် ကုသိုလ်စိတ် မဟုတ်ဘူးနော်၊ မှတ်ထားကြ။
ဝိစိကိစ္ဆာ
ဘုရား စသော အာရုံ၌ ယုံမှားခြင်း သဘော။
ဘုရားဟာ အလုံးစုံသော တရားတွေကို သိတယ်ဆိုတာ ဟုတ်မှဟုတ်လေရဲ့လား၊ တရားကျင့်လို့ ကိလေသာကင်းတယ်ဆိုတာ ဟုတ်မှဟုတ်လေရဲ့လား၊ မြတ်စွာဘုရားဟောတဲ့အတိုင်း ကျင့်တဲ့ သံဃာရှိတယ်ဆိုတာ ဟုတ်မှဟုတ်လေရဲ့လား စသည် ယုံမှားတာတွေ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီး ယုံမှားတာတွေ ဝိစိကိစ္ဆာလို့ ခေါ်တယ်။
ဝိစိကိစ္ဆာဟာ မောဟသဘောဖြစ်တဲ့အတွက်ကြောင့် မောဟမူစိတ်တွေနဲ့သာ ယှဉ်လိမ့်မယ်။
ကောင်းပြီ ... အကုသိုလ်စေတသိက် ၁၄ ပါးကို ပြန်ရေတွက်ရရင် -
- “မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ” ဒီ ၄-ခု တစ်တွဲ မှတ်ထား၊
- “လောဘ၊ ဒိဋ္ဌိ၊ မာန” ဒီ ၃-ခု တစ်တွဲ မှတ်ထား၊
- “ဒေါသ၊ ဣသာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ” ဒီ ၄-ခု တစ်တွဲ၊
- ‘ထိန’၊ ‘မိဒ္ဓ’၊ ‘ဝိစိကိစ္ဆာ’ အားလုံး ပေါင်းလိုက်ရင် ၁၄ ခု၊ ဒီ ၁၄ ခုကို အကုသိုလ်စေတသိက် ခေါ်တယ်။
+++++
သောဘနစေတသိက် ၂၅ ပါး
သောဘနစေတသိက် ၂၅ ပါး ရှိတယ်။
သောဘနရဲ့ အဓိပ္ပာယ်က တင့်တယ်တယ်၊ လှပတယ်။ တင့်တယ်တဲ့ စေတသိက် ၂၅ ပါးပေါ့။
အဲဒီ ၂၅ ပါးကို သောဘနသာဓာရဏစေတသိက် ၁၉ ပါး၊ ဝိရတီစေတသိက် ၃ ပါး၊ အပ္ပမညာ ၂ ပါး၊ အမောဟ ၁ ပါး ဆိုပြီး အစုလေးတွေ ခွဲထားတယ်။
သောဘနသာဓာရဏစေတသိက် ၁၉ ပါး
သောဘနစိတ်တွေအားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်တွေ ဖြစ်တယ်။
ကာမာဝစရကုသိုလ်စိတ်၊ ရူပါဝစရကုသိုလ်စိတ်၊ အရူပါဝစရကုသိုလ်စိတ်၊ လောကုတ္တရာစိတ်တွေ ဖြစ်ရင် ဒီ ၁၉ ခုက ယှဉ်လိမ့်မယ်။ သောဘနစိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း သူက ယှဉ်လိမ့်မယ်။
သဒ္ဓါ
ဘုရား စသော အာရုံ၌ ယုံကြည်ခြင်း သဘော။
ဘုရား တရား သံဃာ စသည်မှာ ဆုံးဆုံးဖြတ်ဖြတ်နဲ့ ယုံကြည်တာကို ဆိုလိုတယ်။
ဒီသဒ္ဓါက စိတ်ကို ကြည်စေတတ်တဲ့ သဘော လက္ခဏာ ရှိတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ ဖြစ်လာရင် စိတ်ဟာ ကြည်လင်သွားတယ်။
သဒ္ဓါကို စကြာမင်းကြီးရဲ့ ရေကို ကြည်စေတတ်တဲ့ ပတ္တမြားရတနာနဲ့ ဥပမာပေးတယ်။
အန္တရာယ်ရှိတဲ့ မြစ်တစ်ခုရဲ့ တစ်ဖက်ကမ်းကို ဦးဆောင်ပြီး ကူးဖြတ်တဲ့ ရဲရင့်တဲ့သူနဲ့လဲ နှိုင်းတယ်။ သဒ္ဓါတရားရှိရင် ကုသိုလ်ကောင်းမှုတစ်ခုခု ပြုစရာအတွက် တွန့်ဆုတ်မနေဘူး၊ သူက ဦးဆောင် ဆွဲခေါ်သွားလို့ပဲ။
လိုချင်တဲ့ ပစ္စည်းကို ကောက်ယူနိုင်တဲ့ လက်နဲ့လဲ ဥပမာပေးတယ်။ လက်ရှိမှ ကိုယ်လိုချင်တဲ့ပစ္စည်း ကောင်းတဲ့ပစ္စည်းကို ကောက်ယူနိုင်သလို သဒ္ဓါတရားရှိမှ ကောင်းမှုကုသိုလ် ပြုနိုင်တယ်။
သဒ္ဓါတရားကို သူတော်ဥစ္စာလို့ ဟောထားတဲ့ နေရာလဲ ရှိတယ်။ သူတော်ကောင်းဥစ္စာ ၇-ပါးမှာ သဒ္ဓါတရားဟာ တစ်ခု အပါအဝင်ပဲ။
သဒ္ဓါတရားကို မျိုးစေ့နဲ့လဲ ခိုင်းနှိုင်းသေးတယ်။ သဒ္ဓါတရားကနေပြီး ကုသိုလ်အပင်တွေ ထပေါက်နိုင်လို့ပဲ။
သတိ
ဘုရား စသော အာရုံ၌ အမှတ်ရခြင်း သဘော။
အဘိဓမ္မာမှာ လာတဲ့ သတိက ကောင်းတာအမှတ်ရတာကို ခေါ်တယ်။ ဘုရား တရား သံဃာ သတိရတယ်။ တရားထိုင်ဖို့ သတိရတယ်။ လှူဖို့ တန်းဖို့ သတိရတယ်။ သီလဆောက်တည်ဖို့ သတိရတယ်။ အဲဒီလို အမှတ်ရတာမျိုးကို သတိလို့ ခေါ်တယ်။
ငါးမျှားသွားရမှာ သတိရတာတို့၊ တောလိုက်သွားရမှာ သတိရတာတို့က သညာဖြစ်တယ်။ မှားတဲ့သညာ, အကုသိုလ်သညာ, မိစ္ဆာသညာပဲ။
ဟိရီ
ဒုစရိုက်မှ ရှက်ခြင်း သဘော။
အဟိရိက (ဒုစရိုက်ပြုရမှာ မရှက်ခြင်း)နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။
လူတွေက ‘ဟိရီ’လို့လဲ ခေါ်တယ်၊ ‘ဟီရိ’လို့လဲ သုံးတယ်။ ပါဠိကိုဖတ်ရင် အရှိအတိုင်း ဖတ်ရတယ်။ ‘ဟိရီ’လို့ပဲ ဆိုရတယ်။ ‘ဟီရိ’ဆိုပြီး အမှားနှုတ်တက်နေတာတွေ အလွန်များတယ်။
ဟိရီကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ကိုယ့်ကိုကိုယ် အာရုံပြုပြီးတော့ မကောင်းမှုမှ ရှက်တတ်တဲ့ အမျိုးသမီးကောင်းနဲ့ ဥပမာပေးတယ်။
ငါလို ပုဂ္ဂိုလ်မျိုးဟာ ဒါမျိုး မလုပ်ထိုက်ဘူး။ ငါလို အမျိုးသမီးဟာ မတော်တရော် မလုပ်ထိုက်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ပြန်စဉ်းစားပြီးတော့ စောင့်စည်းမှုရှိသွားတယ်။ ဒါကြောင့်မို့ အမျိုးသမီးကောင်းနဲ့ ဥပမာပေးတာ။
သြတ္တပ္ပ
ဒုစရိုက်မှ ကြောက်လန့်ခြင်း သဘော။
အနောတ္တပ္ပရဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။
ကိုယ်ဝန်ရှိရင် သူ့ဆီလူမလာမှာစိုးတာ ကြောက်တဲ့ … သူတစ်ပါး ကဲ့ရဲ့မှာစိုးတဲ့ ပြည့်တန်ဆာမလို ဥပမာပေးတယ်။
ဒါကြောင့်မို့ ဟိရီကို အမျိုးကောင်းသမီးနဲ့ ဥပမာပေးတယ်။ သြတ္တပ္ပကို ပြည့်တန်ဆာမနဲ့ ဥပမာပေးတယ်။
အမျိုးကောင်းသမီးက ကိုယ့်ကိုကိုယ် ဆင်ခြင်ပြီး မကောင်းမှု မလုပ်ဘူး။ ပြည့်တန်ဆာမကလဲ သူများတွေအတွက် သူ့အနေနဲ့ မလုပ်ထိုက်တာ မလုပ်ဘူး။ အဲသလို ဥပမာပေးတယ်။
ဒီ ဟိရီနဲ့ သြတ္တပ္ပ ၂-ပါးကို ‘လောကပါလတရား’လို့ ခေါ်တယ်။
လောကကြီးကို စောင့်ရှောက်တတ်တဲ့ တရား၊ လောကရဲ့ အစောင့်အရှောက်တရား။
ဒီ ၂-ပါ မရှိဘူးဆိုရင် လူ့လောက ပရမ်းပတာ ဖြစ်လာမယ်။
အလောဘ
အာရုံ၌ မကပ်ငြိ မလိုချင်ခြင်း သဘော။
သစ်ရွက်ပေါ်မှာ တင်နေတဲ့ ရေပေါက်ကလေးနဲ့ တူတယ်တဲ့။ သူက ကပ်ငြိမနေဘူး။ ဟိုပြေး ဒီလိမ့်နဲ့။
ကိလေသာမှ ကင်းလွတ်ပြီးသား ရဟန်းနဲ့လဲ ဥပမာပေးတယ်။ ကိလေသာကင်းပြီး ရဟန်းမှာ ဘာတွယ်တာမှုမှ မရှိသလိုပဲတဲ့။
အညစ်အကြေးထဲ ကျသွားတဲ့သူဟာ အဲဒီ အညစ်အကြေးပေါ်မှာ တွယ်တာမှုမရှိဘဲ ချက်ချင်း ပြန်ရုန်းထွက်သွားတာကြောင့် အညစ်အကြေးထဲ ကျသွားတဲ့လူနဲ့လဲ နှိုင်းတယ်။
အဒေါသ
မခက်ထန် မကြမ်းတမ်းခြင်း သဘော။ ဒေါသရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်။
အဒေါသကို ကိုယ်နဲ့ တည့်တဲ့ မိတ်ဆွေလို ဥပမာပေးတယ်။ ကိုယ်နဲ့တည့်တဲ့ မိတ်ဆွေဆိုရင် ကိုယ့်အပေါ် စိတ်ကောင်းရှိတယ်၊ လိုက်လျောတယ်။
တနည်း အဒေါသဆိုတာ အေးမြတဲ့သဘောရှိတယ်။ မကြမ်းတမ်းဘူးဆိုတော့ စန္ဒကူးနဲ့လဲ ဥပမာပေးတယ်။
တတြမဇ္ဈတ္တတာ
အာရုံ၌ သမ္ပယုတ်တရားတို့ကို လစ်လျူရှုစေခြင်း သဘော။
တတြမဇ္ဈတ္တတာဆိုတာ ဟိုဘက်လည်း မပါဘူး၊ ဒီဘက်လည်း မပါဘူး။ အလယ်မှာ တည်နေတာကို ဆိုလိုတယ်။
မနသိကာရတုန်းက ဥပမာပေးခဲ့တဲ့ မြင်း ၆ ကောင်ကတဲ့ ရထားသွားတဲ့အခါ မြင်းတွေ အညီအမျှသွားအောင် မနသိကာရက ဂရုစိုက်ပေးပြီးတော့ သူ့ဟာသူ ဖြောင့်ဖြောင့်သွားနေစဉ်မှာ ကြောင့်ကြစိုက်စရာ မလိုတော့တဲ့သဘောပဲတဲ့။
ဟိုမြင်းလည်း တို့စရာ မလိုဘူး၊ ဒီမြင်းလည်း တို့စရာ မလိုဘူး၊ အဲဒီသဘောကို တတြမဇ္ဈတ္တတာလို့ ခေါ်တယ်။
တတြမဇ္ဈတ္တတာကို ဥပေက္ခာလို့လည်း ခေါ်တဲ့နေရာတွေ အများကြီး ရှိတယ်။
ဥပေက္ခာဟာ ကောင်း ဆိုး ခံစားမှု မဟုတ်တဲ့ အလယ်အလတ်ခံစားမှု ‘ဝေဒနာ’ဥပေက္ခာလည်း ရှိတယ်။
တတြမဇ္ဈတ္တတာလို ဟိုဘက်ဒီဘက်မကျဘဲနဲ့ အလယ်မှာနေတဲ့ ဥပေက္ခာလည်း တစ်မျိုး ရှိတယ်။
ဗြဟ္မစိုရ် ၄-ပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာမှာ ပါတဲ့ ဥပေက္ခာဟာ ဝေဒနာနဲ့ ယှဉ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။ ဒီ တတြမဇ္ဈတ္တတာ အလယ်မှာတည်နေတဲ့ ဥပေက္ခာ ဖြစ်တယ်။
နောက် စေတသိက်တွေကတော့ အတွဲ အတွဲနဲ့ သွားလိမ့်မယ်။
ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ
စေတသိက်တို့၏ ငြိမ်းခြင်း သဘော, စိတ်၏ ငြိမ်းခြင်း သဘော။
ဒီနေရာမှာ ‘ကာယ’ဆိုတာ ရုပ်ခန္ဓာကိုယ်ကို မဆိုလိုဘူး။ ‘အပေါင်း’ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ စေတသိက်အပေါင်းလို့ ဆိုလိုတာ ဖြစ်တယ်။ ခန္ဓာကိုယ်ဆိုတာလည်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါင်းထားလို့ ကိုယ် ကာယလို့ ပါဠိလို ခေါ်တာပါပဲ။
ဒါကြောင့် ကာယပဿဒ္ဓိဆိုရင် စေတသိက်အပေါင်းတို့၏ ငြိမ်းခြင်း သဘော၊ စိတ္တပဿဒ္ဓိက စိတ်၏ ငြိမ်းခြင်း သဘော။
ကာယလဟုတာ, စိတ္တလဟုတာ
စေတသိက်တို့၏ ပေါ့ခြင်း သဘော, စိတ်၏ ပေါ့ခြင်း သဘော။
လေးလံ ထိုင်းမှိုင်းခြင်း မရှိဘဲ သွက်သွက်လက်လက် ဖြစ်နေတာကို ဆိုလိုတယ်။
ကာယမုဒုတာ, စိတ္တမုဒုတာ
စေတသိက်တို့၏ နူးညံ့ သိမ်မွေ့ခြင်း သဘော, စိတ်၏ နူးညံ့ သိမ်မွေ့ခြင်း သဘော။
ကာယကမ္မညတာ, စိတ္တကမ္မညတာ
စေတသိက်တို့၏ အမှု၌ ကောင်းခြင်း သဘော, စိတ်၏ အမှု၌ ကောင်းခြင်းသဘော။
‘အမှု၌ ကောင်းခြင်း’ဆိုတာက ပါဠိစကားကို တိုက်ရိုက် ပြန်ထားတာ။ ထိုထို ကိစ္စတို့မှာ ဘာနဲ့ဖြစ်ဖြစ် လုပ်နိုင်တယ် … လိုက်လျောတယ်ဆိုတဲ့ သဘောပဲ။
ကာယပါဂုညတာ, စိတ္တပါဂုညတာ
စေတသိက်တို့၏ လေ့လာခြင်း သဘော, စိတ်၏ လေ့လာခြင်း သဘော။
လေ့လာခြင်းသဘောဆိုတာက လေ့လာပြွမ်းတီးတယ် အလေ့အကျင့်ရတယ်ဆိုတဲ့ သဘော။
ကာယုဇုကတာ, စိတ္တုဇုကတာ
စေတသိက်တို့၏ ဖြောင့်မတ်ခြင်း သဘော, စိတ်၏ ဖြောင့်မတ်ခြင်း သဘော။
အဲဒီတော့ ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိက စိတ်စေတသိက်တို့၏ ပူပန်ခြင်းကို ပယ်မယ်၊ ကာယလဟုတာ, စိတ္တလဟုတာက စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းခြင်းကို ပယ်မယ် စသည်ဖြင့် သူတို့က နှစ်ခု နှစ်ခုစီ တွဲပြီး ဆိုင်ရာ ဆန့်ကျင်ဖက်တရားတွေကို ပယ်တတ်တဲ့အတွက်ကြောင့် နှစ်ခု နှစ်ခု တွဲပြီး ထားတယ်။
ကောင်းပြီ … ဒီသောဘနသာဓာရဏစေတသိက် ၁၉ ပါးက သောဘနစိတ်အားလုံးနဲ့ ဆက်ဆံမယ်။ သောဘနစိတ်အားလုံး ဖြစ်တိုင်း ဖြစ်တိုင်း သူတို့လည်းပဲ ဖြစ်မယ် ယှဉ်မယ်။
ဝိရတီ ၃ ပါး
ဝိရတီဆိုတာ ရှောင်ကြဉ်တဲ့ သဘော၊ ရှောင်ကြဉ်ကြောင်း ဖြစ်သော ‘သမ္မာဝါစာ’, ‘သမ္မာကမ္မန္တ’, ‘သမ္မာအာဇီဝ’ စေတသိက် ၃ ပါး။
သမ္မာဝါစာ
အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။
တချို့အသက်မွေးမှုတွေမှာ လိမ်ညာပြီး အသက်မွေးတာတွေရှိတယ်။ အဲဒီလို လိမ်ညာပြောပြီး အသက်မွေးတာ မဟုတ်တဲ့ သူတွေ လိမ်စရာကို တွေ့လျက်နဲ့ လိမ်ဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်တယ်၊ မလိမ်ဘူး၊ ရှောင်ကြဉ်လိုက်တယ်။ အဲဒီလို ရှောင်ကြဉ်လိုက်တဲ့အခါမှာ သမ္မာဝါစာစေတသိက် ဖြစ်တယ်။
ကိုယ့်ဟာကိုယ် ထိုင်နေတယ်၊ ဘုရားရှိခိုးနေတယ် … သမ္မာဝါစာစေတသိက် မဖြစ်ဘူး။
သမ္မကမ္မန္တ
အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။
အဲဒီတော့ မှတ်သားဖို့က အသက်မွေးဝမ်းကျောင်းလည်း မဟုတ်ဘူး၊ ဒီ ဝစီဒုစရိုက် ကာယဒုစရိုက်တွေနဲ့ တွေ့လာတဲ့အခါ ဒီဒုစရိုက်တွေကနေ ရှောင်တာကို ဝိရတီလို့ ခေါ်တယ်။ ဝစီဒုစရိုက်မှ ရှောင်ရင် သမ္မာဝါစာ၊ ကာယဒုစရိုက်မှ ရှောင်ရင် သမ္မာကမ္မန္တ။
သမ္မာအာဇီဝ
အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်ခြင်း သဘော။
တံငါသည်တစ်ယောက်ဟာ ငါးဖမ်းခြင်းအလုပ်ကို စွန့်လိုက်တယ်။ သမ္မာအာဇီဝဖြစ်သွားတယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ဟာကို ရှောင်ရင် သမ္မာအာဇီဝ ဖြစ်တယ်။
အရက်ရောင်းပြီး အသက်မွေးတာ၊ အဆိပ်ရောင်းပြီး အသက်မွေးတာ၊ လက်နက်ရောင်းပြီး အသက်မွေးတာတွေဟာ မိစ္ဆာအာဇီဝထဲမှာ ပါတယ်။ အရက်, အဆိပ်, လက်နက် စသည်တို့ဟာ ကုန်မသွယ်ကောင်းတဲ့ အထဲမှာ ပါတယ်။
အဲဒါကို သေသေချာချာ မှတ်ကြ။ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေထဲမှာ သမ္မာအာဇီဝဆိုရင် အရက်ရောင်းတာ၊ လက်နက်ရောင်းတာကို ရှောင်တာလောက်သာ ရေးတယ်။
ကောင်းပြီ … ဒီဝိရတီ ရှောင်ကြဉ်မှုမှာ အမျိုးအစားအားဖြင့် ၃-မျိုးကို ကျမ်းဂန်တွေမှာ ပြထားတယ်။
(၁) သမ္ပတ္တဝိရတီ - အခွင့်အရေး ကြုံလာတဲ့အခါ ရှောင်ကြဉ်ခြင်း။
(၂) သမာဒါနဝိရတီ - ဆောက်တည်ထား၍ ရှောင်ကြဉ်ခြင်း။
(၃) သမုစ္ဆေဒဝိရတီ - ရဟန္တာဖြစ်ပြီး မဂ်ဖြင့် အကြွင်းမဲ့ ပယ်ခြင်း။
သမ္ပတ္တဝိရတီ
သမ္ပတ္တဆိုတာ ရောက်လာတာ တွေ့ကြုံတာ။
ကိုယ်က သိက္ခာပုဒ်တွေ ဆောက်တည်ထားတာ … သီလယူထားတာ မဟုတ်ဘူး။ သို့သော် သတ်ဖို့ရန် ကြုံလာတဲ့အခါ မသတ်ဘဲနဲ့ ရှောင်လိုက်တာ။ အဲဒါမျိုးကို သမ္ပတ္တဝိရတီ ခေါ်တယ်။
ရှေးတုန်းက ရောဂါဖြစ်နေတဲ့ မိခင်မှာ သားနှစ်ယောက် ရှိတယ်။ ဆေးဆရာက ယုန်သားစိမ်းနဲ့ ကုမှ ပျောက်မယ်ဆိုလို့ အစ်ကိုက ညီကို တောထဲ ယုန်ရှာခိုင်းတယ်။ ညီက တောထဲသွား … ယုန်ကလေးဖမ်းမိတဲ့အခါ စဉ်းစားတယ်။ ငါ့အမေ အသက်ကယ်ဖို့အတွက် ယုန်ကလေးကို သတ်ရမှာ မသင့်တော်ဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ အိမ်ပြန်ရောက်ပြီး … အကျိုးအကြောင်းပြောပြတဲ့အခါ အစ်ကို ဆူဆဲ ငေါက်ငမ်းတယ်။
ညီဖြစ်သူက ဘာမှ ပြန်မပြောဘဲ သူ့အမေရှေ့မှာ သစ္စာဆိုတယ်။ “ကျွန်တော်ဟာ လူဖြစ်လာတဲ့နေ့က စပြီး သေစေလိုတဲ့ စေတနာနဲ့ ဘယ်သတ္တဝါကိုမှ မသတ်ခဲ့ဖူးပါ။ ဒီလို မှန်ကန်တဲ့ စကားကို ဆိုရတဲ့အတွက်ကြောင့် မိခင်မှာ ရောဂါပျောက်ပါစေ” ဆိုပြီး သစ္စာပြုလိုက်တဲ့အခါမှာ သူ့မိခင်ရဲ့ ရောဂါပျောက်ကင်းသွားတယ်။
ဒါက သမ္ပတ္တဝိရတီ၊ ရောက်လာတာကို ရှောင်ကြဉ်တာ။
No comments:
Post a Comment