Wednesday, January 13, 2010

အေဘီဘီအေ နှစ်သုံးဆယ် (၁) - မျှော်တော်ရောင်ဓာတ်ပေါင်းစုဘုရားရှိခိုး




အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ သက်တမ်းသည် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်၌ ၂၉ နှစ်သို့ ချဉ်းနင်း ဝင်ရောက်မည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် နှစ် ၃၀ မြောက် ပုလဲရတုသဘင် ဆင်ယင် ကျင်းပတော့မည်ဖြစ်ရာ အေဘီဘီအေ နှစ်သုံးဆယ် အမှတ်တရ စာစဉ်များကို အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။

ပထမဦး စာစဉ်အဖြစ် လောကချမ်းသာဆရတော်၏ “မျှော်တော်ရောင်ဓာတ်ပေါင်းစုဘုရားရှိခိုး”ကို ဖော်ပြလိုက်ပါသည်။

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဋ္ဌကြီး ဦးဟန်ကြူတို့သည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလထဲတွင် မဟာစည်သြဝါဒခံယူပွဲ တက်ရောက်ရန်နှင့် လောကချမ်းသာစေတီတော်၏ ထီးတော်ပင့်ဆောင်ရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြပါသည်။

ထိုခရီးမှ ပြန်လည် ရောက်ရှိကြပြီးနောက် ၂၀၀၇ ခု ဇန်နဝါရီလ ၇ ရက် နေ့စွဲဖြင့် လောကချမ်းသာဆရာတော် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။


+++++


မျှော်တော်ရောင်ဓာတ်ပေါင်းစုဘုရားရှိခိုး

မဏ္ဍေ သန္နိပတာ သဗ္ဗ၊ ဂဟေတွာ ဗုဒ္ဓရူပကံ၊
အာနုဘာဝံ ဒေဿသန္တိ၊ တာဟံ နမာမိ သာဒရံ။


(အသံထွက်)

(မန်ဒေ သန်နိပတာ သပ်ဗ၊ ဂဟစ်တဝါ ဗုဒ္ဓရူပကန်
အာနုဘာဝန် ဒတ်သေသန်တိ၊ တာဟန် နမာမိ သာဒရန်။)


မဏ္ဍေ - ဗောဓိညောင်ရွှေ၊ အောင်မဟေဟု၊ အောင်မြေတင့်ဆန်း၊ ပလ္လင်နန်း၌။
သန္နိပတာ - ထိန်ဝါပပ၊ ချိန်ခါကျသော်၊ ဗြဟ္မာသိကြား၊ လူနတ်များနှင့်၊ နဂါးဂဠုန်၊ ပြည်အစုံစုံတို့မှ၊ ကြွရောက် စည်းဝေးတော်မူလာကြကုန်သော။
သဗ္ဗာ ဓာတုယော - အဆင်းတော် အမျိုးမျိုး၊ တန်ခိုးတော် အထွေထွေ၊ ကြက်သရေအနန္တ၊ ပမာဏသုံးသွယ်၊ အရွယ်တော်သုံးပါး၊ ဓာတ်တော်ပေါင်းအများတို့သည်။
ဗုဒ္ဓရူပကံ - ပွင့်တော်မူစက၊ ရူပပုံဟန်၊ ဘုရားရှင်ပုံသဏ္ဍာန်တော်ကို။
ဂဟေတွာ - ဆောင်ယူတော်မူကြကုန်ပြီး၍။
အာနုဘာဝံ - တောက်ပြောင်ထိန်ထိန်၊ ခြောက်ရောင်ရှိန်တို့ဖြင့်။
ဂုဏံ - သိန့်သိန့်ကွန့်မြူး၊ တန်ခိုးတော်မြတ်အထူးကို။
ဒေဿသန္တိ - ကြည်နူးရွှင်ပြ၊ ဖူးမြင်ကြရအောင်၊ လွှတ်ထွက်၍ ပြတော်မူကြကုန်လတံ့။
တံ ဗုဒ္ဓရူပကံ - နောင်အနာဂတ်၊ ရောင်ဝါလျှပ်ပြီး၊ ရုပ်ဓာတ်ပေါင်းစုံ၊ ထိုကိုယ်တော်မြတ်ကြီး၏ သန္တာန်ပုံကို။
သာဒရံ - ယခုလို မျှော်တွေး ဆည်းကပ်၊ အဝေးရပ်မှ၊ လေးမြတ်ကြည်ညို၊ သဒ္ဓါစို၍။
အဟံ - ရောင်တော်ပြန်ပွဲ၊ ဝင်ခါနွှဲရန်၊ အားခဲငံ့မျှော်၊ တပည့်တော်သည်။
နမာမိ - ကောင်းမှုတွေ အနန္တရယ်နှင့်၊ တောင်းဆုချွေ ဝေဖန်သပြီး၊ မျှော်တအားကိုး၊ ယခုက အစပျိုး၍၊ လက်စုံမိုးခါ၊ ရှိခိုး ကန်တော့လိုက်ရပါတော့သည် အရှင်ဘုရား။


+++++


ဓာတ်တော်များ ပွားလာခြင်း

မိမိ (လောကချမ်းသာဆရာတော်)သည် မဟာစည် သြဝါဒခံယူပွဲ တက်ရောက်ပြီးနောက် မဟာစည်ရိပ်သာကြီးတွင် တည်းခို သီတင်းသုံးနေစဉ် ဒေါက်တာဦးလှမြင့်အောင်နှင့် တွေ့ဆုံခဲ့ရသည်။

ဆရာကြီး ဒေါက်တာဦးလှမြင့်အောင်သည် မိမိ အထက်လှန်အောက်လျော ဖြစ်သဖြင့် လာရောက် ကြည့်ရှု ဆေးကုသပေးခြင်း ဖြစ်သည်။ နေ့စဉ် နံနက်တိုင်း လာရောက်၍ သွေးစစ်၊ ဆီးချိုတိုင်းသည်။ သို့နှင့် ဆရာနှင့် ရင်းနှီးသွားသည်။

မိမိ နယူးဂျာစီပြည်နယ် အင်္ဂလစ်ရှ်တောင်း၊ မဟာစည်ရိပ်သာတွင် ဘုရားတည်နေသည်ကို သိရသဖြင့် သူ၏ ဘုရား ရဟန္တာ ဓာတ်တော်များကို ဌာပနာရန် လှူဒါန်းလိုကြောင်း ဆရာက လျှောက်ထားခဲ့သည်။

ဤဓာတ်တော်များ ရရှိပုံကိုလည်း ပြောပြသည်။ ဓာတ်တော်များကို ပင့်ဖိတ်လျှင် ကြွရောက်လာကြောင်း ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိသဖြင့် ပင့်ဖိတ်ခဲ့ရာ သူ၏ အိမ်ကို ဓာတ်တော်များ အလိုလို ကြွရောက်လာခဲ့ကြောင်း ပြောပြ၏။ မိမိအနေဖြင့်လည်း တစ်ခါမျှ ဒီလို မကြားဖူးသောကြောင့် အံ့သြမိ၏။

မိမိ နယူးယောက် ပြန်ခါနီးမှာ ဓာတ်တော်ငါးဆူကို ဌာပနာရန် ပူဇော်လိုက်ပါသည်။

နယူးယောက် ရောက်ပြီးနောက် တစ်ပတ်အကြာမှာ ဓာတ်တော်များ ပွားလာသည်ကို တွေ့ရသဖြင့် မိမိမှာ ကြည်နူး ဝမ်းသာစိတ်တွေ ဖြစ်နေခဲ့ရပါသည်။

လောကချမ်းသာစေတီတော်ကြီး၏ အံဖွယ် တန်ခိုးတွေပါတကားဟု ဘုရားဒကာ ဘုရားဒကာမများလည်း ကြည်နူး ဝမ်းသာအားရ ဗုဒ္ဓါရမ္မဏ ပီတိစိတ်များ ခံစားနိုင်ကြပါစေသတည်း။


လောကချမ်းသာ အရှင်ဣန္ဒက

No comments: