Friday, January 8, 2010

သံသရာကူးမြောက်ရေးတရားတော် (၃) - မဟာစည်ဆရာတော်ဘုရားကြီး


မဇ္ဈိမပဋိပဒါလမ်းစဉ်

အဲဒါဟာ ဘုရားကိုယ်တော်တိုင် သိပြီး ကျင့်လာခဲ့တာပဲ။ အဲဒီလို သိလာတာကို ဓမ္မစကြာတရားမှာ ဒီလို ဟောထားတယ်။

“မဇ္ဈိမပဋိပဒါဆိုတဲ့ အကျင့်လမ်း ငါတွေ့လာပြီ။
အဲဒီ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်ရင် မျက်စိလဲ ပွင့်တယ်။
အသိဉာဏ်လဲ ဖြစ်တယ်။
ကိလေသာလဲ ငြိမ်းတယ်။
ထူးသောဉာဏ်ဖြင့်လဲ သိတယ်။
ထိုးထွင်း၍လဲ သိတယ်။
နိဗ္ဗာန်ကိုလဲ မျက်မှောက်ပြုတယ်” လို့ ဒီလို ဟောထားတယ်။


ဘုရားကိုယ်တိုင် ကျင့်သိခဲ့တဲ့ ဝိပဿနာတရား

အဲဒါဟာ တခြား မဟုတ်ဘူး။ ခုနက ပြောတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ရှုတဲ့ ဝိပဿနာပဲ။

အခု ဒီမှာ ဘုန်းကြီးတို့ ညွှန်ကြားတဲ့အတိုင်း ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုနေတာနဲ့ အတူတူပါပဲ။

စပြီး ရှုခါစမှာတော့ အဖြစ်အပျက်တွေ မသိသေးပါဘူး။
သမာဓိဉာဏ် အားကောင်းလာတဲ့အခါကျတော့ ရှုတိုင်း ရှုတိုင်းဟာ ဘယ်ဟာမှ တည်မြဲနေတာ မရှိဘူး။ အကုန်လုံး ပေါ်လာပြီး ပျောက်သွား၊ ပေါ်လာပြီး ပျောက်သွားနဲ့ မမြဲတဲ့ တရားချည်းပဲဆိုတာ ကိုယ်တိုင် တွေ့ရတယ်။

အဲဒီလို တွေ့ရအောင်လို့ ရှေးဦးစွာ သမာဓိဖြစ်အောင် ရှုရတယ်။
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်းတွေ အကုန်လုံး ရှုရမှာ။
အစမှာတော့ အကုန်လုံး လိုက်ရှုနေရင် သမာဓိဖြစ်ဖို့ မလွယ်ဘူး။ မဖြစ်နိုင်သေးဘူး။


နည်းနည်းက စပြီး ရှု

ဒါကြောင့် နည်းနည်းက စပြီး ရှုဖို့ရာ ဘုန်းကြီးတို့က ညွှန်ကြားထားတယ်။

ဝင်သက်ထွက်သက် ရှူတိုင်း ရှိုက်တိုင်း ဝမ်းဗိုက်က တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဓာတ်က စပြီးတော့ “ဖောင်းတယ် ပိန်တယ်”လို့ ရှုဖို့ ဒီက စပြီး ညွှန်ပြထားပါတယ်။

ဒိပြင်နေရာကလဲ ဒီလို နည်းနည်းက စပြီး ရှုရင် ရပါတယ်။
ဥပမာ ထိုင်နေစဉ်မှာ တစ်နေရာက ညာဘက်က ထိလိုက်၊ ဘယ်ဘက်က ထိလိုက်နဲ့ အဲဒီ ထိတာကို ထိတယ်၊ ထိတယ်လို့ ဒီလိုလဲ မှတ်နိုင်ပါတယ်။

ဒါပေမယ်လို့ အဲဒါကတော့ ကိုယ်က ရပ်ချင်ရင် ရပ်ထားလို့ ရတယ်။ မြန်မြန် ရှုချင်ရင်လဲ ရတယ်။ ဖြည်းဖြည်း ရှုချင်ရင်လဲ ရပါတယ်။ ကျိန်းမသေဘူး။ ဟောဒီ ဖောင်းတာ ပိန်တာကတော့ ကျိန်းသေတယ်။ ဖောင်းတာ ဆုံးရင် ပိန်တာပဲ။ ပိန်တာ ဆုံးရင်လဲ ဖောင်းတာပဲ။ ကိုယ်က ရပ်ထားလို့လဲ မရဘူး။ နှေးအောင်လဲ လုပ်လို့ မဖြစ်ဘူး။ မြန်အောင်လုပ်လို့လဲ မဖြစ်ဘူး။ နှေးအောင် မြန်အောင် တမင်တကာလဲ လုပ်လို့ မရဘူး။ အဲဒီတော့ သူက သမာဓိဖြစ်လွယ်ပါတယ်။

ရိုရိုသေသေသာ ရှု၊ ရိုရိုသေသေ ရှုလို့ရှိရင် မကြာခင် သမာဓိဖြစ်လာတယ်။ သမာဓိဖြစ်ရင် ဉာဏ်လဲ ဖြစ်တာပဲ။ သမာဓိကို မှီပြီးတော့ အသိဉာဏ်ဖြစ်မှ ဝိပဿနာဉာဏ်အစစ် ဖြစ်တာ။ စဉ်းစားဆင်ခြင်ပြီး သိရုံနဲ့ကတော့ ဉာဏ်အစစ် မဟုတ်ဘူး။ အဲဒါက သညာသိတွေ တဲ့။


သံသရာဟိုဘက်ကမ်း နိဗ္ဗာန်နန်းသို့

မြတ်စွာဘုရားက အဲဒီလို ကိုယ်တော်တိုင် တွေ့သိပြီးတော့မှ ဒီဥပါဒါနက္ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို သိအောင် ရှုရတယ်ဆိုတဲ့ ရှုပုံရှုနည်းကို အမျိုးမျိုးသော နည်းတို့ဖြင့် ဟောထားပါတယ်။

သတိပဋ္ဌာန်မှာဆိုရင် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာလို့ သတိပဋ္ဌာန်လေးပါးဖြင့် ရှုပုံတွေ လေးမျိုး ဟောထားတယ်။

အဲဒီလို မြတ်စွာဘုရားက ကိုယ်တိုင် သိပြီးတော့ ဟောထားတဲ့ တရားဟာ သမ္မာဒက္ခာတ - ကောင်းကောင်းမွန်မွန် မှန်ကန်စွာ ဟောထားတာပဲ။

ဘုန်းကြီးတို့ တရားအားထုတ်ပြီး ကမ္မဋ္ဌာန်းဆရာတွေလဲ ကျင့်ပြီးမှ ကိုယ်တိုင် သိပြီးမှ ဟောရတာ။

ကိုယ်တိုင် မသိဘဲနဲ့ စာတွေ့နဲ့ ဟောလို့ရှိရင် အချိုးကျဖို့ရာ သိပ်မလွယ်ဘူး။
ဟောတဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင်ကျင့်မှ၊ ကျင့်ဖူးတာ မဟုတ်ဘဲနဲ့ ကိုယ်တိုင် တွေ့ဖူးတာ မဟုတ်ဘဲနဲ့ စာတွေ့မျှနဲ့ ဟောလို့ရှိရင် သဘာဝကျကျ မှန်မှန်ကန်ကန်ဖြစ်ဖို့ ခက်ပါတယ်။ မလွယ်ပါဘူး။

ကိုယ်တိုင်ကျင့်ပြီး ကိုယ်တိုင်တွေ့ပြီးတော့ ဟောမှ အဲဒီလို ဟောရင် ကောင်းစွာ ဟောတာပဲ။

ဒါကြောင့် သမ္မာဒက္ခာတေ - ကောင်းမွန်စွာ ဟောကြား၍ ထားအပ်သော
ဓမ္မေ - တရားတော်၌
ဓမ္မနုပဿီနော - တရားတော်ကို အစဉ်လျှောက်၍ ကျင့်သုံးကြလေကုန်၏ တဲ့။

အဲဒီလို ဟောထားတဲ့ တရားတော်ကို အစဉ်လျှောက်ပြီး ကျင့်ပါ။ တရားတော်အတိုင်း လိုက်နာပြီး ကျင့်ပါလို့ ဆိုလိုတယ်။

ဓမ္မစကြာတရားတော်မှာ မဇ္ဈိမပဋိပဒါ ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးတရား ပွားများရမယ်လို့ ဟောထားတာဟာ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါးက ပေါ်တိုင်း ပေါ်တိုင်း ပေါ်လာသမျှ ဥပါဒါနက္ခန္ဓာတို့၏ အဖြစ်အပျက်ကို ရှုပြီး မဂ္ဂင်ရှစ်ပါး ပွားများစေရမယ်လို့ ဟောထားတာပါပဲ။

အဲဒီအတိုင်း ကျင့်ရမှာ။ သတိပဋ္ဌာန်မှာဆိုရင် ကိုယ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်အမူအရာ ဖြစ်တိုင်း၊ ဝေဒနာဖြစ်တိုင်း၊ သဘောတရားတွေဖြစ်တိုင်း ရှုရမယ်လို့ ဟောထားတယ်။ အဲဒီအတိုင်း ရှုရမှာ။

အဲဒီနည်းလဲ မဟုတ်ဘဲနဲ့ စာပေကျမ်းဂန်တွေ လေ့လာပြီးတော့ ရုပ်နာမ်ခန္ဓာကို သရုပ်ခွဲ ဆင်ခြင်ပြီး ရှုတာကတော့ ဘုရားဟောတော်မူတဲ့ သုတ္တန်တရားတော်နဲ့အညီ လိုက်နာကျင့်တယ်လို့ မဆိုနိုင်ဘူး။


ဝါဒအမှား သတိထားရှောင်

အဲဒီလို မဟုတ်ဘဲနဲ့ တစ်ချို့က အားထုတ်ဖို့ မလိုဘူးဆိုပြီး ဟောနေတာတွေလဲ ရှိသေးတယ်။

ဒီဆိပ်ခွန်ရွာမှာတော့ ဘုန်းကြီးတို့ အခံရှိနေလို့ တော်တာ။ တရားမှန် လုပ်ငန်းမှန်က ဒီမှာ ရှိနေတော့ မဟုတ်တယုတ်တရားတွေ ဒီမှာ မဝင်လာနိုင်ဘူး။ ဒါ … အင်မတန်ကို ကံကောင်းတယ်လို့ ဆိုရမှာ။

အဲဒီလို တရားမှန် မရှိတဲ့နေရာတွေမှာ မဟုတ်တယုတ်တရားတွေက ခုနေ တော်တော် ပြန့်နေတယ်။

တရားအားထုတ်ဖို့ မလိုဘူး၊ စိတ်ကလေး စိတ်အတိုင်းထား၊ ပြီးတာပဲလို့ဆိုတော့ ကုသိုလ်ကောင်းမှုတွေလဲ ဘာမှ မပြုကြဘူး။
ကုသိုလ်တွေလဲ ဆုတ်ယုတ် ပျက်စီးကုန်တယ်။ တရားလဲ တိုးတက်ဖို့ရာ ဘာမှ မရှိဘူး။ တရားမှန်လဲ မဟုတ်ဘူး။ အင်မတန် သနားစရာ ကောင်းပါတယ်။

အဲဒါကြောင့် ဘုန်းကြီးတို့က တရားဟောရင်း ဟောရင်းလဲ အဲဒီလို တရားမှားတွေ ဖော်ပြရတယ်။

ဟိုပုဂ္ဂိုလ်တွေ အကျိုးယုတ်အောင်လို့ ဒီလို ရည်ရွယ်ချက် မဟုတ်ပါဘူး။ အဲဒီ တရားမှားတွေကို ယုံကြည်ပြီးတော့ မှားကုန်မှာ စိုးလို့ အကုသိုလ်ပွားကုန်မှာ စိုးလို့ အဲဒီလို အမှားတွေ ဖော်ပြရတယ်။


သတိပဋ္ဌာန် တရားမှန်

ဟောဒီ ဆိပ်ခွန်ပတ်ဝန်းကျင်မှာ အင်မတန် ကံကောင်းတယ်လို့ ဆိုရမှာပဲ။

သတိပဋ္ဌာနသုတ်ဆိုတာ အင်မတန် ခိုင်မာတာပဲ။ ဒီလောက် ခိုင်မာတဲ့ တရား ဘယ်ရှိမတုန်း။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊

ဘိက္ခဝေ - ရဟန်းတို့
အယံ မဂ္ဂေါ - ဤသတိပဋ္ဌာန်လေးပါးတည်းဟူသော ခရီးသည်
ဧကာယနော - တစ်ခုတည်းသော လမ်းပေတည်း၊ တစ်ကြောင်းတည်းသော ခရီးပေတည်း တဲ့။
သတိပဋ္ဌာန်ဆိုတာ တစ်ခုတည်းသော ခရီး၊ တစ်ခုတည်းသော လမ်း၊ တစ်လမ်းတည်းပဲ။ တစ်ကြောင်းတည်းပဲ။

ဘယ်သွားတဲ့ လမ်းတုန်းဆိုရင် -

သတ္တာနံ ဝိသုဒ္ဓိယာ - သတ္တဝါတွေမှာ ကိလေသာတွေ စင်ကြယ်ဖို့ရာပဲ။ ဒီလမ်းပဲ။

သောက ပရိဒေဝါနံ သမတိက္ကမာယ - စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတွေကို ကျော်လွန်ဖို့ရာလဲ ဒီလမ်းပဲ။

ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ - ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းဖို့ရာ ဒီလမ်းပဲ လို့ ဟောထားပါတယ်။

အဲဒါတွေလဲ အသေးစိတ် ဟောပြရင်တော့ အင်မတန် ကောင်းတာပါပဲ။

ဘုန်းကြီးက အခုတော့ အချိန် မကြာစေချင်လို့ မဟောသေးပါဘူး။ တိုတိုပဲ ဟောပါတယ်။

ဉာယဿ - အရိယမဂ်ဉာဏ်ကို
အဓိဂမာယ - ရရန်အလို့ငှာ
နိဗ္ဗာနဿ သစ္ဆိကိရိယာယ - နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ
ဧကာယနောမဂ္ဂေါ - တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော ခရီးပေတည်း။

(သာဓု … သာဓု … သာဓု)

အရိယာမဂ်ရဖို့ နိဗ္ဗာန်မျက်မှောက်ပြုဖို့လဲ ဒီတစ်လမ်းထဲပဲ ရှိတယ်။

အရိယာမဂ်ရရင် ဖိုလ်လဲရတာပါပဲ။ မဂ်အကြောင်းတရားကို သိရင် ဖိုလ်အကျိုးတရားလဲ ပေါ်လာတာပဲ။ ဒါကြောင့် မဂ်ရတယ်ဆိုရင် ဖိုလ်လဲ ရတာပဲ။ ဗမာစကားကတော့ မဂ်ဖိုလ်ရတယ်လို့ ဖိုလ်ပါ တစ်ပေါင်းတည်း ပြောမှ ပေါ်လွင်တယ်။

သြကာသနဲ့ ဘုရားရှိခိုးတဲ့အခါလဲ “မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျင်မြန်စွာ ရပါလို၏။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရပါလို၏” လို့ ဒီလို ဆုတောင်းကြတယ်။

အဲဒီတော့ မဂ်နဲ့ ဖိုလ်က တွဲလျက်ပဲ။ မဂ်ရရင် ဖိုလ်လဲ ရတာပဲ။ တွဲလျက်ဆိုမှ ပိုပြီး ပေါ်လွင်တယ်။

နိဗ္ဗာန်ဆိုတဲ့ နိဗ္ဗာန်ရောက်ဖို့ရာလဲ ဒီလမ်းပဲ။ နိဗ္ဗာန်ရောက်ဖို့ရာ သတိပဋ္ဌာန်လမ်းတစ်ခုတည်း ရှိတယ်ဆိုတော့ နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ဘယ်လမ်းက သွားမလဲလို့ မေးရင် ဘယ့်နှယ် ပြောမတုန်း?
(သတိပဋ္ဌာန်လမ်းက သွားမယ်လို့ ပြောမှာပါ ဘုရား)

ဆိပ်ခွန်မှ ရွှေဘိုဆီ မော်တော်ကားနဲ့ သွားမယ်ဆိုရင် ဒီမှာ လမ်းရှိတယ် မဟုတ်လား။ ဒီတစ်လမ်းပဲ ရှိတာပဲ။ ကားနဲ့ သွားမယ်ဆိုရင် ဒိပြင်လမ်းက သွားလို့ မဖြစ်ဘူး။ ဒီလမ်းကပဲ သွားရမှာ။ ဒိပြင်လမ်းက သွားရင် မရောက်ဘဲ နေမှာပေါ့။
အရှေ့ဘက်၌ ရှိရာ အရှေ့ဘက်က မသွားဘဲနဲ့ အနောက်ဘက်က သွားရင် လွဲမှာပေါ့။ တောင်ဘက်သွားလဲ လွဲမှာပဲ။ မြောက်ဘက်သွားလဲ လွဲမှာပဲ။ အရှေ့ဘက်လမ်းအတိုင်း တည့်တည့်မတ်မတ် သွားမှ ….. အဲဒီလိုပဲ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ရာ ဒီသတိပဋ္ဌာန်လမ်းတစ်ခုထဲ ရှိတယ်ဆိုတော့ ဒီလမ်းကပဲ သွားရလိမ့်မယ်။ အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်ကလေး အတိုချုပ် လုပ်ထားရတယ်။

“နိဗ္ဗာန်မဂ်ဖိုလ်၊ ရရောက်လို
သတိပဋ္ဌာန်လမ်းကို လိုက်ရမယ်” တဲ့။

နိဗ္ဗာန် မဂ်ဖိုလ် ရောက်ရချင်လို့ရှိရင် သတိပဋ္ဌာန်လမ်းစဉ်နဲ့ လိုက်ပြီး ကျင့်ရမယ်။ ဒီတစ်လမ်းတည်း ရှိတယ်ဆိုတော့ ဒီလို မကျင့်ရင် ရောက်နိုင်ပါ့မလား။
(မရောက်နိုင်ပါ ဘုရား)

မဂ်ဖိုလ်လဲ မရောက်နိုင်ဘူး။ နိဗ္ဗာန်လဲ မရောက်နိုင်ဘူး။ ဒီလမ်းက သွားမှ ရောက်မှာ။ ကိုင်း အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။

“နိဗ္ဗာန်မဂ်ဖိုလ် ရရောက်လို
သတိပဋ္ဌာန်လမ်းကို လိုက်ရမယ်”

နိဗ္ဗာန်မဂ်ဖိုလ် ရချင်လို့ ရောက်ချင်လို့ ရှိရင် သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမယ်။ ဒီတစ်လမ်းပဲ ရှိတော့ ဒီလမ်းက တစ်ခါတည်း လိုက်သွားမှ၊ ဒီလမ်းအတိုင်း ကျင့်မှ မဂ်ဖိုလ်နိဗ္ဗာန် ရမယ်။
အဲဒါကို ဒီလို ဟောတယ်။

ဓမ္မေ - မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်၌
ဓမ္မာနု ဝတ္တိနော - တရားတော်ကို အစဉ်လျှောက်၍ ကျင့်သုံးကြလေကုန်၏။


သတိပဋ္ဌာန်လေးပါး ရှုပွားနည်း

သတိပဋ္ဌာန်မှာ ဟောထားတဲ့အတိုင်း ကိုယ်အမူအရာ ဖြစ်တိုင်း ဖြစ်တိုင်း ရှုရမယ်။
ဖြစ်တိုင်း ဖြစ်တိုင်း ရှုဆို ….. ဖြစ်နေတုန်း ရှုရမှာ။

ဂစ္ဆန္တောဝါ - သွားသည်ရှိသော်
ဂစ္ဆာမီတိ - သွားသည်ဟူ၍
ပဇာနာတိ - သိ၏။

နေ့လယ်တုန်းက ဘုန်းကြီးတစ်ပါးက တရားနာ ပရိတ်သတ်တွေလဲ အဆိုခိုင်းပြီးတော့ ဟောသွားတယ်။ အဲဒါ သွားနေတုန်း သွားနေဆဲကို သိရမှာ။ အဲဒါကို သွားတုန်း ရှုရမှာပဲ။ ထို့အတူပဲ ရပ်တုန်း၊ ထိုင်တုန်း၊ လျောင်းတုန်း၊ ကွေးတုန်း၊ ဆန့်တုန်း ကိုယ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း၊ ဝေဒနာတွေ ဖြစ်တိုင်း ဖြစ်တိုင်း၊ သဘောတရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း ရှုရတယ်။

သဘောတရားဆိုတာ မြင်မှု ကြားမှုတွေလဲ ပါတယ်။ မြင်ဆဲ ကြားဆဲ နံဆဲ စားဆဲ သိဆဲမှာ မြင်ပြီးပြီးချင်း၊ ကြားပြီးပြီးချင်း၊ နံပြီး စားပြီး ထိပြီး သိပြီး ချက်ချင်း ချက်ချင်း ရှုရမှာ။ အဲဒါကို ရှုဖို့ရာပါပဲ။ အဲဒါ သတိပဋ္ဌာန်လမ်းတဲ့။

ဓမ္မစကြာမှာ ဟောထားတဲ့ မဇ္ဈိမပဋိပဒါဆိုတာ မဂ္ဂင်ရှစ်ပါးပဲ။ ဒီသတိပဋ္ဌာန်လမ်းပဲ။ အတူတူပါပဲ။ ဒီလို ရှုရတာပါပဲ။ ဒီလို ရှုလို့ သမာဓိဉာဏ်အား ကောင်းလာတဲ့အခါကျတော့ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပျက်နေတာတွေ တွေ့ရတယ်။ ဒါကြောင့် -

သမ္မာဒက္ခာတော - ကောင်းမွန်စွာ ဟောကြား၍ ထားအပ်သော
ဓမ္မေ - တရားတော်၌
ဓမ္မာနု ဝတ္တိနော - တရားတော်ကို အစဉ်လျှောက်၍ ကျင့်သုံးကြလေကုန်၏။

အဲဒီလို ကျင့်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ဖို့ အရေးကြီးတယ်။ ဒီပုဂ္ဂိုလ်တွေမှ နိဗ္ဗာန်ကို ရောက်နိုင်တာ။ အဲဒါကိုလဲ ဘုန်းကြီးက ဆောင်ပုဒ်ကလေး စီထားတယ်။

“ဘုရားဟောထား၊ မြတ်တရား
လိုက်စားကျင့်ကြသူတွေသာ” တဲ့ … ဆိုရမယ်။

“ဘုရားဟောထား၊ မြတ်တရား၊ လိုက်စားကျင့်ကြသူတွေသာ”

ဘုရားဟောတဲ့ တရားတော်အတိုင်း လိုက်နာပြီး ကျင့်သုံးကြသူတွေ အဲဒီ ပုဂ္ဂိုလ်တွေသာ ဟိုဘက်ကမ်း ရောက်မယ်လို့ ဆိုလိုပါတယ်။

တေဇနာ - မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို အစဉ်လျှောက်၍ ကျင့်သုံးကြသော ထိုပုဂ္ဂိုလ်တို့သည်
ပါရံ - အိုခြင်း နာခြင်း သေခြင်း အစရှိသော ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့
ဧဿန္တိ - မကွေ့မကောက် ဆိုက်ရောက်ကြပေကုန်လတ္တံ့။

အဲဒီလို ကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေမှသာလျှင် ဟိုဘက်ကမ်းရောက်မှာ … ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်မှာတဲ့။

အဲဒီနိဗ္ဗာန်ရောက်ဖို့ရာကလဲ သေမင်း၏ နယ်ပယ်ဖြစ်တဲ့ ရုပ်နာမ်ခန္ဓာ သံသရာကြီးကို ကျော်လွန်နိုင်မှ၊ အဲဒီလို ကျော်လွန်ဖို့ရာကလဲ မလွယ်ဘူး။
ဒါကလဲ မြတ်စွာဘုရားက ဟောဖော်ပြထားတယ်။

သေမင်း၏ နယ်ပယ်ဖြစ်တဲ့
သုဒုတ္တရံ - ကျော်လွန်ခြင်းငှာ ခဲယဉ်းလှစွာသော
မစ္စုဓေယျံ - သေမင်း၏ နယ်ပယ်ကို
ဥတ္တရိတွာ - ကျော်လွန်၍
ပါရံ - ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့
ဧဿန္တိ - မကွေ့မကောက် ဆိုက်ရောက်ကြကုန်လတ္တံ့။
သေမင်း၏ နယ်ပယ်ကို ကျော်ဖို့ရာက မလွယ်ဘူးတဲ့။

သေမင်းနယ်ပယ်ကျော်တယ်ဆိုတာ အရိယာမဂ်ဖိုလ်ရမှ … နောက်ဆုံး အရဟတ္တမဂ်ဖိုလ် ရမှပဲ။

အဲဒီလို အရိယာမဂ်ဖိုလ် အရဟတ္တဖိုလ် ရဖို့ရာ သာသနာပမှာဆိုရင် နည်းလမ်းတောင် မရှိဘူး။ ပစ္စေကဗုဒ္ဓါတွေ အနည်းငယ်လောက်သာ ရှိတယ်။

သာသနာတွင်းမှာလဲ နည်းလမ်းမှန်နဲ့ ကျကျနန ကျင့်မှ ပြည့်ပြည့်စုံစုံ ကျင့်မှ …. ပြည့်ပြည့်စုံစုံ မကျင့်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် နိဗ္ဗာန်ရောက်နိုင်ဖို့ မလွယ်ဘူးတဲ့။

နိဗ္ဗာန်ရောက်ဖို့ရာ မြတ်စွာဘုရားဟောထားတဲ့အတိုင်း အချိုးတကျ ပြည့်ပြည့်စုံစုံ တင်းတင်းရင်းရင်း ကျင့်မှ သေမင်းနယ်ပယ် ကျော်လွန်တာတဲ့။


သေမင်းနယ်ပယ်ဆိုတာ

သေမင်းနယ်ပယ်ဆိုတာ အင်မတန် ဆိုးဝါးတယ်။
သေမင်းနယ်ပယ်ဆိုတာ တခြား မဟုတ်ဘူး။ ရုပ်နာမ်ခန္ဓာတွေ မပြတ် ဖြစ်နေတဲ့ သံသရာကို ပြောတာပဲ။

ပဋိသန္ဓေက စပြီးတော့ ရုပ်နာမ်တွေ မပြတ် ဖြစ်နေတယ်။ နောက်ဆုံးမှာ သေပြန်ပြီ။ သေပြီးတော့လဲ သေခါနီးက စွဲလမ်းခဲ့တဲ့ အာရုံကလေး စွဲပြီးတော့ ဘဝသစ် ဖြစ်သွားပြန်တယ်။ အဲဒီမှာလဲ အိုနာသေပြန်ပြီ။ သေပြီးလဲ ဘဝအသစ်ဖြစ် … သေပြီးလဲ ဘဝအသစ်ဖြစ်နဲ့ ဒီလို အစဉ်ဆက်ပြီးတော့ သွားနေတာ။

အဲဒီလို သွားနေတဲ့ သံသရာလို့လဲ ဆိုရတဲ့ ရုပ်နာမ်အစဉ်မှာ သေခြင်းကတော့ နောက်ဆုံးသတ်ပဲ။ ရုပ်နာမ်အစဉ်က သူ့နယ်ပယ်ပဲ။ ဒီရုပ်နာမ်အစဉ်တွေ ရှိလို့ သေရတာ။ ရုပ်နာမ်အစဉ်တွေ မရှိရင် မသေနိုင်ဘူး။

ရုပ်နာမ်တွေ မရှိဘဲနဲ့ ဘယ်သေမလဲ။ ရုပ်နာမ်မရှိရင် မသေနိုင်ဘူး။ ရုပ်နာမ်အထည်ကိုယ်တွေ ရှိနေလို့ သေရတာပဲ။
အဲဒီ ရုပ်နာမ်အထည်ကိုယ်တွေ ရုပ်နာမ်အစဉ်တွေ မပြတ် ဖြစ်နေတဲ့ သံသရာဟာ သေမင်းရဲ့ နယ်ပယ်ပဲ။

သူ့နယ်ပယ်ထဲနေရင် သူ့သြဇာအတိုင်း လိုက်နာရမှာမို့ တစ်နေ့ကျရင် သေရမှာချည်းပဲ။
မသေခင် ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ အဲဒီ သေမင်းရဲ့ နယ်ပယ် ကျော်လွန်ဖို့ရာကလဲ ခဲယဉ်းပါတယ်။


တရားကျင့်တဲ့ ပုဂ္ဂိုလ်တွေ သေနယ်ကို လွန်သွားကြတယ်

အဲဒီလို ကျော်လွန်ဖို့ရာ ခဲယဉ်းတဲ့ သေမင်းရဲ့ နယ်ပယ်ကို မြတ်စွာဘုရားတရားတော်အတိုင်း လိုက်နာပြီးတော့ ကျင့်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကျော်လွန်သွားကြတယ်။ ဘုရားတပည့်တွေပေါ့။

ဘုရားအဆုံးအမကို လိုက်နာပြီးတော့ ကျင့်တဲ့ ပုဂ္ဂိုလ်တွေသာ မဂ်လေးပါး ဖိုလ်လေးပါး ရောက်ပြီး ကိလေသာ ကင်းငြိမ်းလို့ရှိရင် သေခါနီးကျတော့လဲ ဘာမှ မစွဲလမ်းတော့ဘူး။ မစွဲလမ်းတော့ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ မဖြစ်တော့ဘူး။ မဖြစ်တော့ မအိုရ မနာရ မသေရဘူး။ ဆင်းရဲခပ်သိမ်း ငြိမ်းတယ်။ ဒါကို ပြောပါတယ်။

ယေဇနာ - အကြင်ပုဂ္ဂိုလ်တို့သည်
သမ္မာဒက္ခာတေ - ကောင်းစွာ ဟောအပ်သော
ဓမ္မေ - တရားတော်၌
ဓမ္မာနုဝတ္တိနော - တရားတော်ကို အစဉ်လျှောက်၍ ကျင့်သုံးကြလေကုန်၏။

တေဇနာ - ထိုမြတ်စွာဘုရား ဟောကြားတဲ့ တရားတော်ကို လိုက်နာ ကျင့်သုံးကြသော ပုဂ္ဂိုလ်တို့သည်
သုဒုတ္တရံ - ကျော်လွန်ခြင်းငှာ ခဲယဉ်းလှစွာသော
မစ္စုဓေယျံ - သေမင်း၏ နယ်ပယ်ဖြစ်သော ရုပ်နာမ်အစဉ် သံသရာကို
ဥတ္တရိတွာ - ကျော်လွန်၍
ပါရံ - နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့
ဧဿန္တိ - မကွေ့မကောက် ဆိုက်ရောက်ကြပါလိမ့်မည် တဲ့။

ဘုန်းကြီးက ဆောင်ပုဒ်ကလေး စီထားတယ်။

ခုနကဟာနဲ့ တွဲပြီးတော့ ဆိုလိုက်မှ ပိုပြီးတော့ ရှင်းမယ်။

၁။ “ဘုရားဟောထား၊ မြတ်တရား၊ လိုက်စားကျင့်သူတွေသာ။
၂။ သေနယ်ဆိုးဝါး၊ ဤကမ်းအား၊ ကျော်သွား ဟိုကမ်း ရောက်ကြမှာ” တဲ့။

သေနယ်ဆိုတာ အင်မတန် ဆိုးဝါးတဲ့ သံသရာ ဝဋ်ဆင်းရဲတွေပဲ။ အဲဒီ သံသရာ ဝဋ်ဆင်းရဲတွေဟာ ဒီဘက်ကမ်းပဲ။
သေနယ်ဆိုးဝါး ဤကမ်းအား … အဲဒီကမ်းကို လို့ ဆိုလို့ရမှာပါပဲ။

သို့သော်လဲ ဗမာလင်္ကာအစပ်က “အား”နဲ့ပဲ ရတယ်။
“သေနယ်ဆိုးဝါး၊ ဤကမ်းအား၊ ကျော်သွား ဟိုကမ်းရောက်ကြမှာ”။

ကိုင်း … ပထမအပိုဒ်ကလေးက စပြီး ဆိုရမယ်။

တရားဆောင်ပုဒ်

၁။ ဘုရားဟောထား၊ မြတ်တရား၊ လိုက်စား ကျင့်ကြသူတွေသာ။
၂။ သေနယ်ဆိုးဝါး၊ ဤကမ်းအား၊ ကျော်သွား ဟိုကမ်းရောက်ကြမှာ။

အဲ … အခု တရားနာတဲ့ ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား ဟောထားတော်မူတဲ့ တရားတော်တွေကို လိုက်နာပြီးတော့ ကျင့်ကြတာပဲ။
တရားတော်ကို ရိုရိုသေသေ နာကြ။ နာပြီးတော့ ကျင့်လဲ ကျင့်ကြ။

များသောအားဖြင့် တရားနာတဲ့ ပုဂ္ဂိုလ်တွေက တရားအားထုတ်ပြီး ပုဂ္ဂိုလ်တွေပဲ များပါတယ်။ နောင်လဲ အားထုတ်ဖို့ရာ လိုလားတဲ့ ပုဂ္ဂိုလ်တွေပဲ။
ကမ္မဋ္ဌာန်းကျောင်း လာပြီး အားထုတ်နိုင်ရင် ကျောင်းလာပြီး အားထုတ်ပေါ့။

ကမ္မဋ္ဌာန်းကျောင်းရှိနေတာ အင်မတန် နေရာကျတယ်။
တစ်ချို့နေရာမှာ ကမ္မဋ္ဌာန်းကျောင်း မရှိလို့ တရားအားထုတ်ချင်ပေမယ့် မထုတ်ရဘူး။ ဆရာမရှိ ဘာမရှိနဲ့ … သနားစရာပါပဲ။


နိဗ္ဗာန်ရောက်ရေး အားပေးနေကြတယ်

ဒီမှာတော့ အင်မတန် အဆင်ပြေပါတယ်။ ဌာနကလဲ ရှိနေတယ်။ ဒီဌာနမှာ တရားအားထုတ်နိုင်အောင်လို့ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလဲ အကူအညီတွေ ပေးနေကြတယ်။ ကမ္မဋ္ဌာန်းဆရာကလဲ ဟောပြော ပြသနေတယ်။
အင်မတန် အဆင်ပြေပါတယ်။

တရားတွေ အားထုတ်ကြတာ အိုခြင်း နာခြင်း သေခြင်း ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ရောက်ဖို့ရာပဲ။
အဲဒါ ဘုန်းကြီးများကလဲ တစ်ခါ တစ်ခါ လာပြီးတော့ အကူအညီပေးရတယ်။ အားပေးရတယ်။

ဟော … အခု နာရီက တော်တော်ကြာသွားပြီ။ ၄၅ မိနစ်လောက် အများဆုံး ဟောတော့မယ်လို့ ရည်ရွယ်ထားတာ အခု မိနစ် ငါးဆယ်လောက် ရှိသွားပြီ။ ငါးဆယ်တောင် ကျော်သွားပြီလို့ ထင်တယ်။ တစ်နာရီပြည့်ခါနီး ရောက်သွားတယ်။ ဘုန်းကြီးအတွက် ဒီတင် ရပ်ဦးမှ တော်မှာပဲ။ နောက်ပိုင်းက သလ္လာဝတီ ဦးသူရိယက ဆက်ဟောပါလိမ့်ဦးမယ်။ ရိုရိုသေသေ နာကြပေတော့။


နိဂုံးဆုပေး

အခု ဟောပြတဲ့ တရားတော်အတိုင်း မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်တွေကို ရိုရိုသေသေ … အဲဒီ တရားတော်နဲ့အညီ လိုက်နာပြီးတော့ ကျင့်ကြံရမယ်။

ကျင့်ပုံက သတိပဋ္ဌာန်ဒေသနာတော်မှာ တိုက်ရိုက် ရှိတယ်။
အဲဒီအတိုင်း ကျင့်ဖို့ရာ ဘုန်းကြီးတို့ကလဲ ဟောထားတော့ ဒီမှာ သိပြီးသားတွေပါပဲ။ ထပ်ပြီးတော့ ဟောတာကတော့ အားပေးတဲ့အနေနဲ့ ဟောရတာ။

ဒီအတိုင်း ကျင့်လို့ရှိရင် ….. ရုပ်နာမ်ခန္ဓာတွေ မပြတ်ဖြစ်ပြီး သေ,သေနေကြရတဲ့ သေမင်းနယ်ပယ်က ဆိုးဝါးတယ်။ အဲဒီ ဆိုးဝါးတဲ့ သေမင်းရဲ့ နယ်ပယ်ဆိုတာ ဒီဘက်ကမ်းပဲ။ သေမင်းနယ်ပယ်မှ လွတ်တဲ့ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ နိဗ္ဗာန်ဟာ ဟိုဘက်ကမ်းပဲ တဲ့။

ဒါကြောင့် သေနယ်ဆိုးဝါး ဤကမ်းပါးကို ကျော်လွန်ပြီးတော့ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ … ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ကြလိမ့်မယ်။

တရားကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ရောက်တန်သလောက် ရောက်နေပါပြီ။ နောက်ဆက်ပြီးတော့ အားထုတ်ခြင်းဖြင့် နောက်ဆုံးတစ်နေ့ကျလို့ရှိရင် ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ကြတော့မှာပဲ။

ဒါကြောင့် အဲဒီ … မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဒေသနာတော်နှင့်အညီ မြတ်စွာဘုရား ဟောကြားသော ဒေသနာတော်ကို ရိုသေ လေးစားသောအားဖြင့် တရား ဒေသနာတော်နှင့်အညီ ကျင့်ကြံ ပွားများ အားထုတ်ကြသည်ဖြစ်၍ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

(ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ အရှင်ဘုရား)
(သာဓု … သာဓု … သာဓု)

1 comment:

000038 said...

မဟာစည် ဆရာတော်ဘုရားကြီးနှင်.တကွ သံဃာတော် အရှင်သူမြတ်တို.အား ရိုသေစွာ ဦးတင်ပါ၏။