Wednesday, January 27, 2010

အမှန်ကို မယုံတာ ဉာဏ်အဆင့် နိမ့်နေလို့ပဲ


… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။
အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။

ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။
အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။


သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂)

သတ္တိယာ ဝိယ သြမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။
ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။

ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ နတ်တစ်ဦးက မြတ်စွာဘုရားထံ သူ့ထင်မြင်ချက်ကို လျှောက်ထား တင်ပြတဲ့ ဂါထာပါပဲ။
နတ်တစ်ဦးဆိုပေမယ့် သဂါထာဝဂ္ဂသံယုတ် ပဌမသုတ်၌ ဖွင့်ပြပုံအရ ကမ္ဘာနှင့်ချီပြီး အသက်တမ်း အလွန်ရှည်တဲ့ ဗြဟ္မာနတ်သာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဗြဟ္မာတစ်ဦးအနေနဲ့ပဲ ဒီမှာ အနက် အဓိပ္ပာယ် ဖော်ပြသွားပါ့မယ်။

သတ္တိယာ - လှံမကြီးဖြင့်၊
သြမဋ္ဌော ဝိယ - ရင်ဝ၌ အထိုးခံသောသူကဲ့သို့၊
ပရိဗ္ဗဇေ - သုတ်သုတ်လျင်စွာ အားထုတ်ရာ၏။

ရင်ဝ၌ လှံနဲ့ အထိုးခံရတဲ့ ပုဂ္ဂိုလ်မှာ ဘာအရေးကြီးသလဲဆိုရင် စူးဝင်နေတဲ့ လှံကို နှုတ်ပြီး ဆေးကုဖို့ရာဟာ အရေးအကြီးဆုံးပဲ။
စီးပွားရေး သားရေးသမီးရေး အစရှိတဲ့ ဒိပြင်ကိစ္စတွေက ဘယ်လိုပင် အရေးကြီးပါတယ်ဆိုပေမယ့် အဲဒါတွေကို နောက်မှ လုပ်ရင် ဖြစ်တယ်။

အရေးအကြီးဆုံးကတော့ စူးနေတဲ့ လှံကို နှုတ်ပြီး ဆေးကုဖို့ရာဟာ အရေးအကြီးဆုံးပဲ။
ဒါက သုတ်သုတ်လျင်စွာ အားထုတ်ဖို့ရာအတွက် ဥပမာတစ်ခုပဲ။
နောက်ဥပမာတစ်ခုကတော့ -

မတ္ထကေ - ဦးခေါင်းထက်၌၊
ဒယှမာနော ဣဝ - မီးလောင်ခံရသောသူကဲ့သို့၊
ပရိဗ္ဗဇေ - သုတ်သုတ်လျင်စွာ အားထုတ်ရာ၏ တဲ့။

ခေါင်းက ဆံပင်တွေကို မီးလောင်နေတဲ့သူမှာ ဘာအရေးကြီးသလဲဆိုရင် အဲဒီခေါင်းက ဆံပင် လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ဟာ အရေးကြီးတယ်။

ဒိပြင်ကိစ္စတွေကတော့ နောက်မှ လုပ်ရင် ဖြစ်တယ်။ ခေါင်းမှာ လောင်နေတဲ့ မီးကို ငြိမ်းသတ်ဖို့ရာက အရေးအကြီးဆုံးပဲ။
ဒါက ဒုတိယ ဥပမာပဲ။

ဒါကြောင့် -

သတ္တိယာ - လှံမကြီးဖြင့်၊
သြမဋ္ဌော ဝိယ - ရင်ဝ၌ အထိုးအစိုက် ခံရသော သူကဲ့သို့လည်းကောင်း၊
မတ္ထကေ - ဦးခေါင်းထက်၌၊
ဒယှမာနော ဣဝ - မီးအလောင်ခံရသော သူကဲ့သို့လည်းကောင်း၊
ကာမရာဂပ္ပဟာနာယ - ကာမရာဂကို သမထဈာန်တရားဖြင့် ပယ်ရှားရန် အလို့ငှာ၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်၊
သတော - အမှတ်ရလျက်၊
ပရိဗ္ဗဇေ - သုတ်သုတ်လျင်စွာ အားထုတ်ရာ၏ တဲ့။


အမှန်ကို မယုံတာ ဉာဏ်အဆင့်နိမ့်နေလို့ပဲ

ဗြဟ္မာကြီးတစ်ဦးက သူ့အမြင်နဲ့ မြတ်စွာဘုရားထံ တင်ပြ လျှောက်ထားတဲ့ ဂါထာပါပဲ။

နတ်တို့ ဗြဟ္မာတို့ ဆိုတာကို တချို့က သူတို့ကိုယ်တိုင် မတွေ့ဖူးတဲ့အတွက် မယုံကြည်နိုင်ဘဲ ရှိနေတတ်ကြပါတယ်။

အဲဒါဟာ နတ်တွေ ဗြဟ္မာတွေကို မြင်နိုင်တဲ့ဉာဏ် မရှိကြလို့၊ အသိအမြင် အဆင့်အတန်း နိမ့်နေကြလို့ပါပဲ။

သူတို့ကတော့ သူတို့ဟာသူတို့ စဉ်းစား ဆင်ခြင်ဉာဏ် အဆင့်မြင့်နေလို့ မယုံကြည်တာလို့ ဆိုကောင်းဆိုကြပေလိမ့်မယ်။

ဒါပေမယ့် အမှန်အားဖြင့်တော့ အနောက်နိုင်ငံမှာ လေယာဉ်ပျံပေါ်ခါစတုန်းက အရှေ့နိုင်ငံက လူအချို့ မယုံကြည်တာမျိုးပါပဲ။
ယခုနေအခါမှာ လကမ္ဘာကို အာကာသယာဉ်ဖြင့် ရောက်တယ်ဆိုတာ မယုံကြည်ကြတာနဲ့လည်း တူပါတယ်။

နတ်တွေ ဗြဟ္မာတွေဆိုတာ မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး ဟောထားတာပဲ။
အဲဒါကို ဟုတ်မှန်ကြောင်း အဘိညာဉ်ရပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ်များက ထောက်ခံထားလျက် ရှိနေတာပဲ။
မြတ်စွာဘုရားက အဲဒီနတ်တွေ ဗြဟ္မာတွေထက် မြင့်မြတ်သိမ်မွေ့တဲ့ တရားတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိပြီး ဟောထားတာပဲ။
အဲဒါကို ဉာဏ်ထူးရှိတဲ့ ရဟန္တာအရှင်မြတ်တွေက သူတို့၏ ကိုယ်တွေ့အနေဖြင့် ထောက်ခံထားတာပဲ။ အဲဒီတော့ နတ်တွေ ဗြဟ္မာတွေလောက်တောင် မမြင်မသိနိုင်လို့ မယုံကြည်ကြတာဟာ အသိဉာဏ် အဆင့်အတန်း နိမ့်နေသေးလို့ပါပဲ။


သိပ္ပံဆရာတွေ၏ အတွေ့လိုပင် ယုံသင့်ပါသည်

ဗြဟ္မာဆိုတာ ကာမဂုဏ်ကို တပ်မက်မှု ကာမရာဂ ကင်းတယ်။ ကမ္ဘာနဲ့ ချီပြီး အသက်ရှည်တယ်။
လူတွေ နတ်တွေဆိုတဲ့ ကာမဘုံသား သတ္တဝါတွေကတော့ အသက်တိုတယ်။ မကြာခဏ သေ,သေသွားကြရတယ်။
လူဆိုရင် ဘုရားလက်ထက်တော် ကာလတုန်းက ပုံမှန် အနှစ်တစ်ရာ အသက်တမ်း ရှိတယ်။ အနှစ်တစ်ရာ မပြည့်ခင် သေတဲ့သူလည်း ရှိတယ်။ အနှစ်တစ်ရာက ကျော်လွန်ပြီး တစ်ရာ့လေးငါးခြောက်ဆယ်အထိ အသက်ရှည်သူလည်း ရှိခဲ့တယ်။
အဲဒီထက် ရှေးကျတဲ့ ခေတ်တွေတုန်းကတော့ အသက်နှစ်ရာ သုံးရာ စသည် ပိုပြီး အသက်ရှည်ခဲ့ကြတာလည်း ရှိကြောင်း ကျမ်းဂန်များမှာ ပြဆိုထားတာ ရှိတယ်။ ဒါပေမယ့် လူ့လောက အသက်ဆိုတာ တယ်မရှည်လှပါဘူး။

အထက် နတ်ပြည်လောကတွေမှာ နတ်တွေက လူ့ထက် များစွာ သာလွန်ပြီး အသက်ရှည်ကြတယ်။ အဲဒါကို သာမန်လူတွေက မသိကြဘူး။
သိတော်မူကြတဲ့ ဘုရား ရဟန္တာအရှင်မြတ်တွေက ဟောကြားထားတဲ့အတိုင်း မှတ်ယူကြရတယ်။

ဥပမာအားဖြင့် ယခုခေတ်မှာ သိပ္ပံပညာတွေက တိုးတက်နေတယ်။ သိပ္ပံပညာတိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေက ကမ္ဘာလောကအကြောင်းကို အမျိုးမျိုး စူးစမ်း စမ်းသပ်ကြည့်ကြတယ်။
အခြားလူတွေကတော့ ကိုယ်တိုင် မတွေ့မသိရပေမယ့် သိပ္ပံပညာရှင်တွေ စမ်းသပ်တွေ့ရှိထားတဲ့ အချက်တွေကို သူတို့ ပြောပြတဲ့အတိုင်းပင် မှတ်ရတယ်။

နေ အစရှိသော ဂြိုဟ်တွေ၏ အတိုင်းအထွာ ပမာဏတွေ၊ ကမ္ဘာမြေကြီး၏ အတိုင်းအထွာ ပမာဏတွေ၊ နေနှင့် အကွာအဝေး ပမာဏတွေ၊ အဲဒီဂြိုဟ်တွေအားလုံး လည်နေပုံတွေ၊ အခြား နေစကြာဝဠာတွေ ဒီလိုဟာတွေကို သိပ္ပံပညာရှင်တွေက သူတို့နည်းဖြင့် တွက်ချက် တိုင်းတာပြီး ပြထားကြတယ်။

အဲဒါတွေကို ကိုယ်တိုင် မတွေ့မသိရပေမယ့် သူတို့ ပြောပြတဲ့အတိုင်းပဲ အများက ယုံကြည် သိမှတ်နေကြရတယ်။

ဘာကြောင့် ဒီလို ယုံကြည်ရသလဲဆိုတော့ မိမိတို့ကိုယ်တိုင်က သူတို့လို မသိရပေမယ့် သင့်လျော်သော ဆင်ခြင်ဉာဏ်ရှိတဲ့အတွက် ဟုတ်ပေလိမ့်မယ်လို့ ယုံကြည်ကြရတာပါပဲ။

အဲဒါလိုပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားက ကိုယ်တိုင် တွေ့သိမြင်ပြီးမှ ဟောထားတဲ့ နတ်ဗြဟ္မာ လောက အကြောင်းတွေကိုလည်း ဘုရားဟောတော်မူတဲ့အတိုင်း ယုံကြည်သင့်တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင်က မသိနိုင်ပေမယ့် သင့်လျော်တဲ့ ဆင်ခြင်ဉာဏ်ဖြင့် ယုံကြည်ထိုက်တဲ့အတွက် ဟောတော်မူတဲ့အတိုင်း ဟုတ်ပေလိမ့်မယ်လို့ ယုံကြည်ရတာပါပဲ။

ကိုယ်တိုင်တွေ့ပြီး သိချင်ရင်တော့ သိနိုင်အောင် အားထုတ်နည်းတွေလည်း ရှိပါတယ်။
အဲဒီနည်းတွေဖြင့် ဈာန်အဘိညာဉ်တွေကို ရအောင် အားထုတ်လို့ ပြည့်စုံရင် အဘိညာဉ်ဖြင့် ကိုယ်တိုင်ပင် သိမြင်နိုင်ပါတယ်။
အဲဒီလို သိနိုင်တဲ့ နည်းတွေ ရှိပါလျက်နဲ့ အဲဒါတွေကို အားမထုတ်ဘဲ ကိုယ်က မသိတာနဲ့ မယုံဘူးဆိုရင် အဲဒါကတော့ နေရာမကျဘူး။


အဆင့်အတန်း မတူရာမှာ ကိုယ်နှင့်နှိုင်းရင် ရိုင်းသည်

တချို့က ဒီလို ပြောကြတယ်။ “ကိုယ်တိုင် မတွေ့ရင် မယုံနိုင်ဘူး”တဲ့။
အဲဒါဟာ ကိုယ်က မသိတာကို သူများလည်း မသိဘူးလို့ ထင်မှတ်ပြီး ပြောတာပဲ။

ကိုယ်နှင့်နှိုင်း မရိုင်းဘူးဆိုတာ အဆင့်အတန်းတူတဲ့သူ အချင်းချင်းမှာသာ မှန်တယ်။
အဆင့်အတန်း မတူတဲ့သူနဲ့ တန်းတူပြုပြီး နှိုင်းယှဉ်ရင်တော့ သိပ်လွဲတာပဲ။

ဥပမာထုတ်ပြမယ်။
ဂဏန်းသင်္ချာကို မသင်ကြားဘူး မလေ့လာဘူးတဲ့ လူက ဂဏန်းသင်္ချာဘက်မှာ ပါရဂူမြောက် တတ်သိနေတဲ့ လူကို … ‘ငါလိုပါပဲ၊ ဂဏန်းတွက်ရာမှာ ငါ့ထက် ပိုပြီး မတတ် မသိပါဘူး’လို့ တန်းတူပြုပြီး နှိုင်းယှဉ်ရင် အများကြီး လွဲမှားသွားမယ် မဟုတ်ပါလား။
ဒါလိုပါပဲ … လောကအကြောင်းကို တကယ်သိပြီး ဟောထားတာကို ကိုယ်တိုင်က မသိတာနဲ့ ဟောတဲ့ ပုဂ္ဂိုလ်ကို မိမိနဲ့ တန်းတူပြုပြီး မယုံကြည်ဘဲနေရင် အများကြီး လွဲမှားသွားပါတယ်။

ဒါကြောင့် မြတ်စွာဘုရား ဟောထားတဲ့အတိုင်း နတ်တွေ ဗြဟ္မာတွေ ရှိတယ်ဆိုတာ မိမိကိုယ်တိုင်တွေ့အားဖြင့် မသိပေမယ့် မြတ်စွာဘုရားက သိမြင်ပြီး ဟောထားတာပဲလို့ ယုံကြည် မှတ်သားရပါတယ်။
အဲဒီ နတ် ဗြဟ္မာတွေထက် မြင့်မြတ်တဲ့ တရားတွေကို ဟောထားတာလည်း ရှိပါသေးတယ်။

တကယ်သိချင်ရင် အဲဒီဟောထားတဲ့ဟာတွေကို ကိုယ်တိုင် သိနိုင်အောင် လေ့လာဖို့ လိုပါတယ်။
လေ့လာရင် သိလည်း သိနိုင်ပါတယ်။

မြတ်စွာဘုရားတရားတော်က ကိုယ်တိုင် တွေ့မြင်နိုင်တဲ့ တရားတော် ဖြစ်ပါတယ်။
ဒါကြောင့် သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချ ကိုယ်တိုင် တွေ့မြင်နိုငသော တရားတော်မြတ်ပဲလို့ ဒီလိုလည်း ချီးကျူးပြီး ဟောထားပါတယ်။


+++++
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “တက္ကသိုလ်ဝိပဿနာတရားတော်” မှ

Tuesday, January 26, 2010

စိတ်ကို ခွဲခြား ဝေဖန်ခြင်း (၁) - ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ


၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် စနေနေ့၊ လောကချမ်းသာဘုရားကျောင်း၊ အဘိဓမ္မာသင်တန်းတွင် အပတ်စဉ် ၁၅ နှင့် ၁၆ သင်တန်းများကို ပို့ချ လေ့လာ သင်ယူကြ၏။

လောကချမ်းသာဆရာတော် ကိုယ်လက် မကြည်သာ ပင်ပန်းနေသဖြင့် စိန်စည်ဆရာတော်က ကြီးကြပ် ပို့ချပေးသွား၏။


အပတ်စဉ် (၁၅) သင်တန်းတွင် စိတ်ယှဉ် စေတသိက်ယှဉ် အကြောင်း၊ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ “ဒဓုဘယ မိဿကနည်း”ကို သဘောမျှ လေ့လာကြရပြီး၊ စိတ် စေတသိက်တို့အကြောင်း ကျေညက်စေရန် အကျဉ်းချုပ် ပြန်လည် လေ့လာကြရ၏။

စိတ်ယှဉ် စေတသိက်ယှဉ်အဖြစ် စေတသိက်ကနေပြီး စိတ်ကို ရှာသည့် သမ္ပယောဂနည်း၊ စိတ်ကနေ စေတသိက်ကို ရှာသည့် သင်္ဂဟနည်းတို့ကို ကောင်းစွာ နားလည် သဘောပေါက် ကျွမ်းကျင်သော် စေတသိက်ကနေ စေတသိက်ကို ရှာသည့်နည်းဖြစ်သည့် မိဿကနည်းကို အလွယ်တကူ သိနားလည်နိုင်၏။

သမ္ပယောဂနည်းနှင့် သင်္ဂဟနည်းတို့ကို ပေါင်းစပ်ထားသော နည်းဖြစ်ရာ ပထမ - စေတသိက်တစ်ခုနှင့် ယှဉ်သော စိတ်များကို သမ္ပယောဂနည်းဖြင့် ရှာပြီး၊ ဒုတိယ - ထိုစိတ်များဖြင့် ယှဉ်သော စေတသိက်များကို သင်္ဂဟနည်းဖြင့် ရှာဖွေရ၏။

ရရှိလာသော စေတသိက်စုစုပေါင်းမှ မူတည်စေတသိက်သည် မိမိနှင့် မိမိ မယှဉ်နိုင်သဖြင့် ထိုမူတည်စေတသိက်ကို ဖယ်က ကျန်သော စေတသိက်များမှာ ယှဉ်သော စေတသိက်များ ဖြစ်၏။

+++++

‘ဖဿ’စေတသိက်သည် စိတ် ၈၉ နှင့် ယှဉ်၏။ (သမ္ပယောဂနည်း)
စိတ် ၈၉ ၌ စေတသိက် ၅၂ ယှဉ်၏။ (သင်္ဂဟနည်း)
ထို့ကြောင့် ‘ဖဿ’သည် မိမိကြဉ် စေတသိက် ၅၁ နှင့် ယှဉ်၏။

ထိုနည်းတူ စိတ်အားလုံးနှင့် ယှဉ်သည့် စေတသိက်များ ဖြစ်ကြသော ‘ဝေဒနာ’၊ ‘သညာ’၊ ‘စေတနာ’၊ ‘ဧကဂ္ဂတာ’၊ ‘ဇိဝိတိနြေ္ဒ’၊ ‘မနသိကာရ’ တို့သည်လည်း စေတသိက် ၅၁ နှင့် ယှဉ်၏။

‘ဝိတက်’ - ဖဿနည်းတူ။

‘ဝိစာရ’ - ဖဿနည်းတူ။

‘အဓိမောက္ခ’ - စေတသိက် ၅၀ (ဝိစိကိစ္ဆာ၊ အဓိမောက္ခ ကြဉ်)။

‘ဝီရိယ’ - ဖဿနည်းတူ။

‘ပီတိ’ - စေတသိက် ၄၆ (ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ ပီတိ ကြဉ်)။

‘ဆန္ဒ’ - စေတသိက် ၅၀ (ဝိစိကိစ္ဆာ၊ ဆန္ဒ ကြဉ်)။

‘မောဟ’ - စေတသိက် ၂၆ (အညသမာန်း ၁၃ + အကုသိုလ် ၁၄ = ၂၇ မှ မောဟ ကြဉ်)။

‘အဟိရိက’၊ ‘အနောတ္တပ္ပ’၊ ‘ဥဒ္ဓစ္စ’ - မောဟနည်းတူ။

‘လောဘ’ - စေတသိက် ၂၁ (၂၂ မှ လောဘ ကြဉ်)။

‘ဒိဋ္ဌိ’ - စေတသိက် ၂၀ (၂၁ မှ ဒိဋ္ဌိ ကြဉ်)။

‘မာန’ - စေတသိက် ၂၀ (၂၁ မှ မာန ကြဉ်)။

‘ဒေါသ’ - စေတသိက် ၂၁ (၂၂ မှ ဒေါသ ကြဉ်)။

‘ဣဿာ’ - စေတသိက် ၁၉ (၂၂ မှ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဣဿာ ကြဉ်)။

‘မစ္ဆရိယ’ - စေတသိက် ၁၉ (၂၂ မှ ဣဿာ၊ ကုက္ကုစ္စ၊ မစ္ဆရိယ ကြဉ်)။

‘ကုက္ကုစ္စ’ - စေတသိက် ၁၉ (၂၂ မှ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ကြဉ်)။

‘ထိန’ - စေတသိက် ၂၅ (၂၆ မှ ထိန ကြဉ်)။

‘မိဒ္ဓ’ - စေတသိက် ၂၅ (၂၆ မှ မိဒ္ဓ ကြဉ်)။

‘ဝိစိကိစ္ဆာ’ - စေတသိက် ၁၄ (၁၅ မှ ဝိစိကိစ္ဆာ ကြဉ်)။

‘သဒ္ဓါ’ - စေတသိက် ၃၇ (၃၈ မှ သဒ္ဓါ ကြဉ်)။

‘သတိ’ … ‘စိတ္တုဇုကတာ’ စသည် - သဒ္ဓါနည်းတူ။

‘သမ္မာဝါစာ’ - စေတသိက် ၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာဝါစာ ကြဉ်)။

‘သမ္မာကမ္မန္တ’ - စေတသိက် ၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာကမ္မန္တ ကြဉ်)။

‘သမ္မာအာဇီဝ’ - စေတသိက် ၃၅ (၃၈ မှ အပ္ပမညာ၊ သမ္မာအာဇီဝ ကြဉ်)။

‘ကရုဏာ’ - စေတသိက် ၃၃ (၃၈ မှ ဝိရတီ၊ မုဒိတာ၊ ကရုဏာ ကြဉ်)။

‘မုဒိတာ’ - စေတသိက် ၃၃ (၃၈ မှ ဝိရတီ၊ ကရုဏာ၊ မုဒိတာ ကြဉ်)။

‘ပညိနြေ္ဒ’ - စေတသိက် ၃၇ (၃၈ မှ ပညိနြေ္ဒ ကြဉ်)။


+++++


အပတ်စဉ် (၁၆) သင်တန်းပို့ချချက်တွင် ပကိဏ်းပိုင်းကို လေ့လာ သင်ယူကြရ၏။


ပကိဏ်းပိုင်း

စိတ်ကို ပဓာနထား၍ ရောနှော ပြိုးပြွမ်း ပြခြင်း ဖြစ်၏။ စိတ်ကို အမျိုးမျိုး ခွဲခြမ်း ဝေဖန်ပြခြင်း ဖြစ်၏။

ပကိဏ်းပိုင်း၌ အခန်း ၆ ခန်း ရှိ၏။
သင်္ဂဟ = သိမ်းယူ/ပေါင်းယူခြင်း ဟု ခေါ်၏။

‘ဝေဒနာသင်္ဂဟ’ (စိတ်တို့ကို ဝေဒနာဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ဟေတုသင်္ဂဟ’ (စိတ်တို့ကို ဟိတ်ဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ကိစ္စသင်္ဂဟ’ (စိတ်တို့ကို ကိစ္စဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ဒွါရသင်္ဂဟ’ (စိတ်တို့ကို ဒွါရဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘အာရမ္မဏသင်္ဂဟ’ (စိတ်တို့ကို အာရမ္မဏဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)
‘ဝတ္ထုသင်္ဂဟ’ (စိတ်တို့ကို ဝတ္ထုဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း)

ဤခြောက်ပါးသော သင်္ဂဟတို့က အလွယ်တကူ မှတ်မိစေရန် စိန်စည်ဆရာတော်က လင်္ကာစီပေး၏။

(ဆောင်)
‘ဝေ’ ‘ဟေ’ ‘ကိတ်’ ‘ဒွါ’၊ ‘အာ’ ‘ဝတ်’ ပါ၊ ခြောက်ဖြာ သင်္ဂဟ။
ပကိဏ်းပိုင်းမှာ၊ ရောနှောကာ၊ ခြောက်ဖြာ ဝေဖန်ပြ။

‘ခံစားမှု’တွင်၊ ‘ဟိတ်’နှင့်ယှဉ်၊ ‘လုပ်ခွင်’ ‘ခြောက်ဒွါရ’။
‘အာရုံ’ ‘ဝတ္ထု’၊ ရောနှောမှု၊ ခြောက်ခု ဝေဖန်ပြ။


ဝေဒနာသင်္ဂဟ

မြတ်စွာဘုရားက ဝေဒနာကို ပုဂ္ဂိုလ်အားလျော်စွာ၊ အရာဌာနအားလျော်စွာ ဝေဒနာ ၅ ပါး၊ ၃ ပါး၊ ၂ ပါး၊ ၁ ပါး စသည် ဟောတော်မူ၏။
သင်္ဂြိုဟ်ကျမ်း၌ ၅ ပါးနှင့် ၃ ပါး နှစ်နည်းကို ပြ၏။


ဝေဒနာ ၅ မျိုး

ဝေဒနာ ၅ မျိုးကို ဣန္ဒြိယဘေဒနည်းအရ ခွဲ၏။

(၁) သုခဝေဒနာ
(၂) ဒုက္ခဝေဒနာ
(၃) သောမနဿဝေဒနာ
(၄) ဒေါမနဿဝေဒနာ
(၅) ဥပေက္ခာဝေဒနာ


ဝေဒနာ ၃ မျိုး (အာရမ္မဏာအနုဘဝနနည်း)

(၁) သုခဝေဒနာ
(၂) ဒုက္ခဝေဒနာ
(၃) ဥပေက္ခာဝေဒနာ

ဝေဒနာ ၅ ပါးမှ သုခနှင့် သောမနဿ၊ ဒုက္ခနှင့် ဒေါမနဿတို့ကို တစ်ပေါင်းတည်း ပြု၍ ပြ၏။


ဝေဒနာ ၂ မျိုး

တစ်ခါ တစ်ခါ မြတ်စွာဘုရားက ဝေဒနာ ၂ မျိုးဟု ဟောသောအခါ ဥပေက္ခာ၏ ငြိမ်းအေးမှုသဘောကို ယူ၍ သုခနှင့် ဥပေက္ခာကို သုခ၊ ဒုက္ခကို ဒုက္ခ၊ ‘သုခ’ နှင့် ‘ဒုက္ခ’ဟု ဟောတော်မူခြင်း ဖြစ်၏။


ဝေဒနာ ၁ မျိုး

အကြောင်းတရားတို့၏ ပြုပြင်ခြင်း ပြုပြင်အပ်ခြင်း သင်္ခါရသဘောကို ယူ၍ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ ဟောတော်မူ၏။


စိတ်တို့ကို ဝေဒနာဖြင့် ခွဲခြမ်း ဝေဖန်ပြခြင်း

သုခဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၁ (သုခသဟဂတ ကာယဝိညာဉ်စိတ်)

ဒုက္ခဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၁ (ဒုက္ခသဟဂတ ကာယဝိညာဉ်စိတ်)

သောမနဿဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၆၂

ဒေါမနဿဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၂

ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သောစိတ် = ၅၅


(ဆောင်)
‘သု’ တစ် ‘ဒု’ တစ်၊ ‘သော’ ခြောက်နှစ်(၆၂)၊ ‘ဒေါ’ နှစ် ‘ဥ’ ငါးငါး(၅၅)။

တနည်း (ဆောင်)

တစ်စီ ‘သု’ ‘ဒု’၊ ‘ဒေါ’ နှစ်ခု၊ ‘သော’ရှု ခြောက်ဆယ့်နှစ်။
‘ဥပေက္ခာ’မူ၊ ငါးငါးယူ၊ ပေါင်းမူ တစ်နှစ်တစ်။

တနည်း (ဆောင်) (လယ်တီဆရာတော်)

‘ဥ’ပဉ္စေးစေး(၅၅)၊ ‘သော’ ဆဒွေး(၆၂)၊ ‘ဒေါ’ဒွေး ‘ဒု’ ‘သု’ ဧက်(တစ်)။


ဝေဒနာ ၃ မျိုးနည်းဖြင့် စိတ်တို့ကို ခွဲခြမ်း ဝေဖန်သော် သုခဝေဒနာနှင့် ယှဉ်သောစိတ် ၆၃၊ ဒုက္ခဝေဒနာနှင့် ယှဉ်သောစိတ် ၃၊ ဥပေက္ခဝေဒနာနှင့် ယှဉ်သောစိတ် ၅၅ ဖြစ်၏။

(ဆောင်)
‘သု’ကား ခြောက်သုံး(၆၃)၊ ‘ဒု’မှာ သုံး၊ မှတ်အုန်း ‘ဥ’ငါးငါး(၅၅)။


စေတသိက်တို့ကို ဝေဒနာဖြင့် ခွဲခြမ်း ဝေဖန်ခြင်း

ဝေဒနာ တစ်ပါးနှင့်သာ ယှဉ်သော စေတသိက် = ‘ဒေါသ’၊ ‘ဣဿာ’၊ ‘မစ္ဆရိယ’၊ ‘ကုက္ကုစ္စ’၊ ‘ဝိစိကိစ္ဆာ’၊ ‘ပီတိ’

ဝေဒနာ နှစ်ပါးနှင့် ယှဉ်သော စေတသိက် = လောဘ၊ ဒိဋ္ဌိ၊ မာန၊ သောဘနစေတသိက် ၂၅

ဝေဒနာ သုံးပါးနှင့် ယှဉ်သော စေတသိက် = ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ဆန္ဒ၊ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ္ဓ

ဝေဒနာ ငါးပါးနှင့် ယှဉ်သော စေတသိက် = ဝေဒနာကြဉ်သော သဗ္ဗစိတ္တသာဓရဏ ၆ ပါး

မည်သည့် ဝေဒနာနှင့်မျှ မယှဉ်သော စေတသိက် = ဝေဒနာ


(ဆောင်)

“ဝေဒနာ တစ်၊ ခြောက်ပါး ဖြစ်၏
နှစ်မှာ နှစ်ရှစ်
(တနည်း - နှစ်မှာ ဋ္ဌဝီ) (အဋ္ဌဝီသ=၂၈)
သုံးဖြစ် ဆယ့်တစ်
(တနည်း - သုံးလီ ဆယ့်တစ်)
ငါးဖြစ် ခြောက်ခု
မ တစ်ခု
မှတ်ရှု သေချာမခက်တည်း။”


+++++


ဟေတုသင်္ဂဟ

ဟေတုကို မြန်မာလို ဟိတ်ဟု ခေါ်၏။

“လော, ဒေါ, မော သုံး၊ အနှင့်သုံး၊ ခေါ်သုံး ဟိတ်ခြောက်ပါး”ဟု လယ်တီဆရာတော်ဘုရားကြီးက လင်္ကာစီထား၏။

လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်တို့ ဖြစ်၏။

“ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”

ရေသောက်မြစ်ကဲ့သို့ အတူတကွ ဖြစ်သောာ တရားတို့အပေါ်မှာ ကျေးဇူးများသော အကြောင်းတရားမျိုးကို ဟိတ်ဟု ခေါ်၏။

အကုသိုလ်စေတသိက်ထဲတွင် လောဘ၊ ဒေါသ၊ မောဟတို့ ပါဝင်ပြီး၊ သောဘနစေတသိက်ထဲတွင် အလောဘ၊ အဒေါသ၊ အမောဟတို့ ပါ၏။

“စိတ်နှင့် စေယှဉ်၊ ကျေလည်လျှင်၊ ဟိတ်မြင် မခက်သေး” ဟု လယ်တီဆရာတော်ဘုရားကြီး လင်္ကာစီထားသည့်အတိုင်း စိတ်ယှဉ် စေတသိက်ယှဉ်ကို ကျေကျေညက်ညက် နားလည် သဘောပေါက်ထားက အလွယ်တကူ ခွဲခြမ်း ဝေဖန်နိုင်၏။ အထူးသဖြင့် သမ္ပယောဂနည်း ကျေလျှင် မခက်ပေ။

လောဘနှင့် ယှဉ်သော စိတ် = ၈ ပါး

ဒေါသနှင့် ယှဉ်သော စိတ် = ၂ ပါး

မောဟနှင့် ယှဉ်သော စိတ် = ၁၂ ပါး

အလောဘနှင့် ယှဉ်သော စိတ် = ၅၉ ပါး

အဒေါသနှင့် ယှဉ်သော စိတ် = ၅၉ ပါး

အမောဟနှင့် ယှဉ်သော စိတ် = ၄၇ ပါး ဖြစ်၏။


တစ်ဖန် -

ဟိတ် ၁-ပါးတည်းနှင့်သာ ယှဉ်သော စိတ် = ၂ ပါး (မောဟမူ ဒွေး)

ဟိတ် ၂-ပါးနှင့် ယှဉ်သော စိတ် = ၂၂ ပါး (လောဘမူ ၈ + ဒေါသမူ ၂ + ကာမာဝစရသောဘန ၁၂ = ၂၂)

ဟိတ် ၃-ပါးနှင့် ယှဉ်သော စိတ် = ၄၇ ပါး (ကာမာဝစရသောဘန ၁၂ + မဟဂ္ဂုတ် ၂၇ + လောကုတ္တရာ ၈ = ၄၇)

ဟိတ်တစ်ခုနှင့်မျှ မယှဉ်သော စိတ် = ၁၈ ပါး (အဟိတ်စိတ် ၁၈)


(ဆောင်)
သုံးပါးနှင့် ယှဉ် လေးဆယ့်ခွန်(၄၇)၊ နှစ်ယှဉ် နှစ်ဆယ့်နှစ်(၂၂)
တစ်ပါးနှင့်ယှဉ် နှစ်ပါးပင်၊ မယှဉ် တစ်ဆယ့်ရှစ်(၁၈)။

တစ်ဖန် -

ပါဠိလိုပြောရင် ဟိတ်နှင့် မယှဉ်တဲ့စိတ်ကို အဟိတ်စိတ်၊

ဟိတ်တစ်ခုတည်းနဲ့ ယှဉ်တဲ့စိတ်ကို ဧကဟိတ်စိတ်၊

ဟိတ်နှစ်ခုနဲ့ ယှဉ်တဲ့စိတ်ကို ဒွိဟိတ်စိတ်၊

ဟိတ်သုံးခုနဲ့ ယှဉ်တဲ့စိတ်ကို တိဟိတ်စိတ် ဟု သုံးနှုန်း၏။


(ဆောင်)
တစ်ပါး ‘ဧကဟိတ်’၊ နှစ် ‘ဒွိဟိတ်’၊ ‘တိဟိတ်’ သုံးပါးဆို။
ဟိတ်မရှိက၊ ‘အဟိတ်’,ပ၊ ခေါ်ကြ တိရစ္ဆာန်ကို။


ကိစ္စသင်္ဂဟ

စိတ်တို့ကို လုပ်ငန်းအားဖြင့် ကိစ္စအားဖြင့် ဝေဖန် ခွဲခြားခြင်း ဖြစ်၏။
လုပ်ငန်းကို ပါဠိလို ကိစ္စဟု ခေါ်၏။

လူတစ်ဦးတည်းက ကျောင်းသားကိစ္စ၊ ရုံးကိစ္စ၊ အိမ်မှုကိစ္စ စသည် လုပ်ငန်း ၂-ခု ၃-ခု ဆောင်ရွက်သကဲ့သို့ စိတ်များတွင်လည်း ထိုကဲ့သို့ စိတ် တစ်ခုတည်းက ၁-ကိစ္စ ၂-ကိစ္စ စသည် ဆောင်ရွက်မှု ရှိ၏။

ကျမ်းဂန်၌ စိတ်၏ကိစ္စ ၁၄ ပါး ပြထား၏။


ပဋိသန္ဓေကိစ္စ

ဆက်စပ်ခြင်းကို ပဋိသန္ဓေဟု ခေါ်၏။ (ပဋိ=တစ်ဖန်၊ သန္ဓိ=စပ်ခြင်း)
ဘဝတစ်ခု၏ ပထမဆုံးသော အခိုက်အတန့်ကို ပဋိသန္ဓေစိတ်ဟု ခေါ်၏။
ဘဝတစ်ခုနှင့် တစ်ခု အဆက်မပြတ်အောင် ပဋိသန္ဓေက ဆက်စပ်ပေး၏။ ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသော ကိစ္စ ဖြစ်၏။


ဘဝင်္ဂကိစ္စ

ဘဝ + အင်္ဂ(အစိတ်အပိုင်း) = ဘဝင်္ဂ(ဘဝ၏ အစိတ်အပိုင်း)

ပဋိသန္ဓေတည်ပြီးနောက် ဘဝမပြတ်အောင် ပဋိသန္ဓေစိတ်နှင့်အလားတူ (ပဋိသန္ဓေစိတ်နှင့်ထပ်တူ) အထပ်ထပ်ဖြစ်သော ဘဝ၏အစိတ်အပိုင်း=ဘဝင်စိတ် ဖြစ်၏။

ဘဝတစ်ခုမှာ ဘဝင်စိတ်များ ကုဋေနှင့် ချီပြီး ဖြစ်၏။ အသိစိတ်များ၏ အကြား အကြားမှာလည်း ဘဝင်စိတ်များ ဖြစ်၏။
ဘဝကို တည်ရှိအောင် လုပ်ပေးနေသော ကိစ္စဖြစ်၏။


စုတိကိစ္စ

ပဋိသန္ဓေစိတ်သည် ဘဝင်စိတ် ဖြစ်သကဲ့သို့ ထိုဘဝင်စိတ်သည်ပင်လျှင် ဘဝ၏ နောက်ဆုံးစိတ်လည်း ဖြစ်၏။

ဘဝကနေ ရွေ့လျားသွားသည်ဟု အဓိပ္ပာယ်ရှိ၏။ ဘဝမှ လျောကျသွားခြင်းကိစ္စ၊ ရွေ့လျောသွားခြင်းကိစ္စကို စုတိကိစ္စဟု ခေါ်၏။

သေသည့်စိတ်ကို စုတိစိတ်ဟု ခေါ်၏။ မြန်မာစကားတွင် စုတေဟုသုံး၏။

ဘဝတစ်ခုတွင် ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တို့သည် အတူတူပင် ဖြစ်၏။
ကာလအားဖြင့် ကွဲပြား၏။ ကိစ္စအားဖြင့် ကွဲပြား၏။
ကိစ္စမတူခြင်းကြောင့် စိတ်တစ်ခုတည်းကို ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ် ခေါ်၏။ ဤ သုံးခုကို တွဲ၍ ပြောလေ့ရှိ၏။


အာဝဇ္ဇနကိစ္စ

အာဝဇ္ဇနဆိုသည်မှာ ဆင်ခြင်ခြင်းအဓိပ္ပာယ်လည်း ရှိ၏။ ပြန်၍ တွန်းလှည့်ပစ်ခြင်း အဓိပ္ပာယ်မျိုးလည်း ရှိ၏။

စိတ်အစဉ်တစ်ခုတွင် ဘဝင်အစဉ်ရပ်ပြီး အာဝဇ္ဇန်း ပေါ်၏။ ဘဝင်ကို ရပ်တန့်စေတတ်သည့် သဘော ဖြစ်၏။

ဘဝင်ကို တန့်စေပြီး ထင်ရှား ထထကြွကြွရှိသည့် စိတ်အစဉ်သို့ လှည့်ပေးသောကိစ္စ ဖြစ်၏။


ဒဿနကိစ္စ

မြင်ခြင်းကိစ္စ။


သဝနကိစ္စ

ကြားခြင်းကိစ္စ။


ဃာနကိစ္စ

နမ်းရှူခြင်းကိစ္စ။


သာယနကိစ္စ

အရသာသိ စားသိကိစ္စ။


ဖုသနကိစ္စ

တွေ့ထိခြင်းကိစ္စ။


သမ္ပဋိစ္ဆိုန်းကိစ္စ

လက်ခံခြင်းကိစ္စ။

အာရုံတစ်ခုကို အာဝဇ္ဇန်းက အာရုံဘက်သို့ လှည့်သွားစေပြီးနောက် မြင်စိတ်၊ ကြားစိတ် စသည် ဖြစ်၏။ ထိုနောက် လက်ခံသော သမ္ပဋိစ္ဆိုန်းကိစ္စ ဖြစ်၏။


သန္တီရဏကိစ္စ

အာရုံကို ကောင်းသည့်အာရုံ, ဆိုးသည့်အာရုံ, အလိုရှိအပ်သည့်အာရုံ, အလိုမရှိအပ်သည့်အာရုံ စသည် စုံစမ်းသည့် ကိစ္စဖြစ်၏။


ဝေါဋ္ဌဗ္ဗနကိစ္စ

‘ဝေါဋ္ဌဗ္ဗန’ဆိုသည်မှာ ဆုံးဖြတ်ခြင်း ဖြစ်၏။ ‘ဝေါဋ္ဌဗ္ဗန’ကို မြန်မာစကားဖြင့် ‘ဝုဋ္ဌော’ဟု ခေါ်၏။

ကောင်း,မကောင်း အာရုံ၊ အလိုရှိအပ်, မရှိအပ် အာရုံအဖြစ် စုံစမ်းပြီးနောက် ဝုဋ္ဌောအခိုက်အတန့်၌ ဆုံးဖြတ်ခြင်းကိစ္စ ဆောင်ရွက်၏။


ဇဝနကိစ္စ

‘ဇဝန’ကို မြန်မာလို ‘ဇော’ဟု ခေါ်၏။ ဇဝန၏ မူလပုဒ် အနက်မှာ ‘အရှိန်အဟုန်’ဟု အဓိပ္ပာယ်ရှိ၏။

ထို့ကြောင့် အရှိန်အဟုန်ရှိရှိနှင့် ဖြစ်သော စိတ်မျိုးကို ဇောစိတ်ဟု ခေါ်၏။ တစ်ကြိမ်တည်း ဖြစ်သည် ဖြစ်စေ၊ အကြိမ်များစွာ ဖြစ်သည် ဖြစ်စေ အရှိန်အဟုန်နှင့် ဖြစ်တတ်သော စိတ်မျိုးကို ခေါ်ခြင်း ဖြစ်၏။ တချို့က အကြိမ်များစွာ ဖြစ်၍ ဇောစိတ်ခေါ်သည်ဟု လွဲမှားစွာ ရေးကြ၏။

မဂ်စိတ်သည် ဇောစိတ်ဖြစ်ပြီး တစ်ကြိမ်တည်းနှင့် ကိလေသာတို့ကို ပယ်သတ်နိုင်အောင် သတ္တိကောင်း၏။

ထိုကဲ့သို့ အရှိန်အဟုန်နှင့် ဖြစ်ခြင်းကို ဇဝနကိစ္စဟု ခေါ်၏။

ဝိပါက်စိတ်များမှာ အရှိန်အဟုန်နှင့် မဖြစ်ကြပေ။


+++++


လောကချမ်းသာ စနေနေ့ တရားပွဲအဖြစ် အကိတ္တိဇာတ်တရားတော် ပထမပိုင်းကို စိန်စည်ဆရာတော်က “ဘာဆုတောင်းမလဲတရားတော်”အမည်ဖြင့် ဟောကြား၏။


တရားပွဲတွင် ဟေတီနိုင်ငံ ငလျင်ဘေးဒဏ် ခံကြရသူများအတွက် တတ်စွမ်းသရွေ့ လှူဒါန်းကြရန်နှင့် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် မကြာမီ တည်ဆောက်တော့မည့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက်လည်း ဆယ်ဒေါ်လာစုပေါင်း တစ်သိန်း၊ သို့မဟုတ် ရာဒေါ်လာစုပေါင်း တစ်သောင်း၊ သို့မဟုတ် ထောင်ဒေါ်လာစုပေါင်း တစ်ထောင်၊ သို့မဟုတ် သောင်းဒေါ်လာစုပေါင်း တစ်ရာ၊ သို့မဟုတ် ဒေါ်လာတစ်သိန်းစု ဆယ်စုဖြင့် အမြန်ဆုံး အကောင်အထည်ပေါ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ထည့်သွင်း တိုက်တွန်း နှိုးဆော် ဆန္ဒပြုသွား၏။

ယခင်အပတ် ဇန်နဝါရီလ ၁၆ ရက် စနေနေ့ သင်တန်းတွင်လည်း လောကချမ်းသာဆရာတော်နှင့် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများသည် ဟေတီငလျင်ဘေး ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းမှတဆင့် စုပေါင်း လှူဒါန်းသွားခဲ့ကြ၏။

တရားပွဲပြီးသော် ကောင်းမှုကိုသိုလ်အဖို့ဘာဂကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။

Thursday, January 21, 2010

စိတ်ယှဉ် စေတသိက်ယှဉ် - သင်္ဂဟနည်း


အမှန်အတိုင်းပြောတော့ ဦးဇင်းတို့က ဒီကျမ်းဂန်တွေ ဒီအဘိဓမ္မာတွေကို သူများဆီက ရတာနော်။ အိန္ဒိယက သီဟိုဠ်က ရတာ မဟုတ်လား။
ရပေမယ်လို့ တို့မြန်မာဆရာတော်တွေက အရှိအတိုင်းလေးတင် ယူတာ မဟုတ်ဘူး။ ထပ်ပြီးတော့ ဖြည့်လိုက်သေးတယ်၊ ထွင်လိုက်သေးတယ်ဆိုတာလည်း သိစေချင်တယ်။ ဒါ မြန်မာနိုင်ငံမှာ ထွင်ထားတာ။ ‘ညဝါ’ဆိုတာတွေ ….. နောက် … ရှိသေးတယ်နော်။

ဒါကြောင့်မို့ အဘိဓမ္မာနဲ့ ပတ်သက်လာရင်တော့ မြန်မာဖြစ်ရတာဟာ အလွန့်အလွန် ကံကောင်းတယ်လို့ ဆိုရမှာ။ တခြားလူမျိုးတွေ ဒီလို သင်ခွင့် အခွင့်အလမ်း သိပ်မရကြဘူး။ ဘာပြုလို့လဲဆိုတော့ သူတို့နိုင်ငံတွေမှာ ဒီ အဘိဓမ္မာအစဉ်အလာက ပြတ်သလောက် ဖြစ်သွားတာ။ အခုမှ ပြန်ပြီးတော့ လုပ်နေရတာဆိုတော့ မြန်မာပြည်လို သိပ်မဟုတ်တော့ဘူး။
မြန်မာပြည်ကတော့ အခုထိအောင် သွားနေတုန်းပဲ။ ဒီအစဉ်အလာဟာ နောက်လည်း သွားနေမှာပဲ။

(အရှင်သီလာနန္ဒာဘိဝံသ)


+++++


၂၀၀၉ ခု ဇန်နဝါရီလ ၁၆ ရက် စနေနေ့ မွန်းလွဲ ၁ နာရီတွင် နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်တန်းပို့ချချက်များကို ဆက်လက် ကျင်းပ ပြုလုပ်၏။

ယခုအပတ်တွင် (၁၄)ပတ်မြောက် သင်တန်းပို့ချချက်များ တစ်ချိန်သာ နာယူ လေ့လာ မှတ်သားကြရပြီး၊ လောကချမ်းသာဆရာတော်က စိတ်ယှဉ် စေတသိက်ယှဉ် ကျေညက်အောင် အထူးတလည် ရှင်းပြ သင်ကြားသွား၏။

+++++


သင်္ဂဟနည်း

သင်္ဂဟနည်းကတော့ စိတ်ကို ကိုင်ပြီးတော့ အဲဒီစိတ်မှာ စေတသိက် ဘယ်လောက်ယှဉ်တယ်ဆိုတာကို ရှာတဲ့နည်းပဲ။

အဲဒီတော့ အခု ဇယားကွက်လုပ်ထားလိုက်တော့ ဘာမှ မခဲယဉ်းတော့ဘူး။ မှတ်မိဖို့ကတော့ ခဲယဉ်းတယ်။ သိဖို့ကတော့ မခဲယဉ်းတော့ဘူးနော်။


အကုသိုလ်စိတ် သင်္ဂဟနည်း

ပထမလောဘမူစိတ် (သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိကစိတ်)

ပထမလောဘမူစိတ်မှာ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု ယှဉ်တာတော့ သေချာပြီ။

နောက် ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ ပါတယ်။ အညသမန်းစေတသိက် ၁၃-ခုလုံး ယှဉ်တယ်။

တစ်ခါ အကုသိုလ်စေတသိက်ထဲက မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ မယှဉ်ပေဘူးလား။ ယှဉ်တာပေါ့ သူတို့က အကုသိုလ်စိတ် ၁၂-ခုစလုံးနဲ့ ယှဉ်တာ။

နောက် လောဘ မယှဉ်ပေဘူးလား။ လောဘမူစိတ်ပဲ .. ယှဉ်တာပေါ့။

ဒိဋ္ဌိ မယှဉ်ပေဘူးလား၊ ယှဉ်တာပေါ့။
ဒိဋ္ဌိယှဉ်ရင် မာနယှဉ်သလား၊ မယှဉ်ဘူး။

ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ယှဉ်မလား၊ မယှဉ်ဘူး။ သူတို့က ဒေါသမူနဲ့သာ ယှဉ်မှာနော်။

ထိန၊ မိဒ္ဓ မယှဉ်ဘူး။ သူတို့က သသင်္ခါရိကမှာသာ ယှဉ်တာ မဟုတ်လား။

ဝိစိကိစ္ဆာ မယှဉ်ဘူး။

သောဘနစေတသိက်တွေ မယှဉ်ဘူး။

အကုသိုလ်စိတ်မှာ စေတသိက်ဘယ်လောက်ယှဉ်တယ်ဆိုတာ ရှာချင်ရင် အညသမာန်းစေတသိက်နဲ့ အကုသိုလ်စေတသိက် ၂-မျိုးမှာပဲ ရှာရမှာပေါ့။

အညသမာန်း ၁၃ + အကုသိုလ် ၁၄ = ၂၇-ခုထဲမှာပဲ ရှာရမယ်။

ဒီတော့ ပထမလောဘမူစိတ်မှာ စေတသိက် စုစုပေါင်း ၁၉ ပါး ယှဉ်တယ်။


ဒုတိယလောဘမူစိတ် (သောမနဿသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ သသင်္ခါရိကစိတ်)

သူက သသင်္ခါရိကဆိုတော့ ထိန၊ မိဒ္ဓ ပိုလာမယ်။ ပထမစိတ်က ၁၉ ပါး + ၂ ပါး = ၂၁ ပါး။


တတိယလောဘမူစိတ် (သောမနဿသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ အသင်္ခါရိကစိတ်)

တတိယစိတ်ကျတော့ ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်လို့ ဒိဋ္ဌိနဲ့ မယှဉ်ဘဲ မာနနဲ့ ယှဉ်တယ်။
စေတသိက်အရေအတွက်က ၁၉ ပါးပဲ။
တတိယစိတ်မှာ ဒိဋ္ဌိအစား မာနထည့်လိုက်တာပါပဲ။


စတုတ္ထလောဘမူစိတ် (သောမနဿသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ သသင်္ခါရိကစိတ်)

စတုတ္ထစိတ်ကျတော့ သသင်္ခါရိကစိတ်ဖြစ်လို့ ၁၉ ပါးထဲမှာ ထိန၊ မိဒ္ဓ ၂ ပါးထပ်ထည့်။ စုစုပေါင်း ၂၁ ပါး။

ဒီတော့ လောဘမူစိတ် ပထမ လေးခုမှာ ၁၉၊ ၂၁၊ ၁၉၊ ၂၁။


ဥပေက္ခသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ အသင်္ခါရိကစိတ်

နံပါတ် ၅ စိတ်ကျတော့ ဥပေက္ခာနဲ့ ယှဉ်လို့ အညသမာန်းစေတသိက် ၁၃ ခုထဲက ပီတိ နုတ်ရလိမ့်မယ်။

ပီတိကြဉ်သော အညသမာန်းစေတသိက် ၁၂ + ‘မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ’ ၄ + လောဘ + ဒိဋ္ဌိ = ၁၈ ပါး။


ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတသမ္ပယုတ္တ သသင်္ခါရိကစိတ်

နံပါတ် ၆ စိတ်ကျတော့ သသင်္ခါရိကဖြစ်လို့ ခုန ၁၈ + ထိန, မိဒ္ဓ = ၂၀။


ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ အသင်္ခါရိကစိတ်

၇-ခုမြောက်စိတ်က ဒိဋ္ဌိဂတဝိပ္ပယုတ်ဖြစ်လို့ ဒိဋ္ဌိအစား မာနယှဉ်မယ်။ ၁၈ ပါးပဲ။


ဥပေက္ခာသဟဂတ ဒိဋ္ဌိဂတဝိပ္ပယုတ္တ သသင်္ခါရိကစိတ်

၈-ခုမြောက်ကျတော့ သသင်္ခါရိကဖြစ်လို့ ထိန မိဒ္ဓ ထပ်တည့်၊ ၁၈ + ၂ = ၂၀။

ဒါကြောင့်မို့ လောဘမူစိတ် ၈ ခုမှာ စေတသိက်တွေရဲ့ သင်္ချာအရေအတွက်ကို တန်းပြီး ကြည့်လိုက်ရင် ၁၉၊ ၂၁၊ ၁၉၊ ၂၁၊ ၁၈၊ ၂၀၊ ၁၈၊ ၂၀။


ဒေါသမူစိတ် ၂ ခု

ဒေါမနဿသဟဂတ ပဋိဃသမ္ပယုတ္တ အသင်္ခါရိကစိတ်

ဒေါသဖြစ်လို့ ပီတိမပါတဲ့ အညသမာန်း ၁၂ +

‘မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ’ ၄ +

လောဘ မယှဉ်၊ ဒိဋ္ဌိ မယှဉ်၊ မာန မယှဉ်၊

‘ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ’ ၎

ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ မယှဉ်ဘူး။

ယှဉ်တဲ့ စေတသိက် စုစုပေါင်း = ၂၀။


ဒေါမနဿသဟဂတ ပဋိဃသမ္ပယုတ္တ သသင်္ခါရိကစိတ်

ဒေါသမူ ဒုတိယစိတ်ကျတော့ သသင်္ခါရိကဖြစ်လို့ ထိန၊ မိဒ္ဓ ပိုလာမယ်။ ၂၀ + ၂ = ၂၂ ပါး။


မောဟမူစိတ် ၂ ခု

ဥပေက္ခသဟဂတ ဝိစိကိစ္ဆာသမ္ပယုတ္တစိတ်

ဝိစိကိစ္ဆာဆိုတာက ဆုံးဖြတ်တာ၊ အဓိမောက္ခ မယှဉ်နိုင်ဘူး

ဥပေက္ခာသဟဂုတ်ဖြစ်လို့ ပီတိ မယှဉ်နိုင်ဘူး။

မောဟမူစိတ်မှာ ဆန္ဒ မယှဉ်ဘူး။

အဓိမောက္ခ၊ ပီတိ၊ ဆန္ဒကြဉ်သော အညသမာန်း ၁၀ +

‘မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ’ ၄ +

ဝိစိကိစ္ဆာ ၁

အားလုံးပေါင်းလိုက်တော့ စေတသိက် ၁၅ ခု ယှဉ်တယ်။


ဥပေက္ခာသဟဂတ ဥဒ္ဓစ္စသမ္ပယုတ္တစိတ်

သူက အာရုံပေါ်မှာ မတည်တာသာ ရှိတယ်။ ဆုံးဖြတ်မှုကတော့ ပါတယ်။

ဝိစိကိစ္ဆာ လျော့သွားပြီး၊ အဓိမောက္ခ တိုးလာတယ်။ ဒီတော့ သင်္ချာအရေအတွက်က ၁၅ ပါးပဲ။

ဒီတော့ အကုသိုလ်စိတ်ရဲ့ သင်္ဂဟနည်းကို လေ့လာတဲ့အခါမှာ စေတသိက် အားလုံး ကြည့်ဖို့ မလိုဘူး။
အညသမာန်းစေသသိက်နဲ့ အကုသိုလ်စေတသိက်၊ ဒါတွေပဲ ကြည့်ဖို့ လိုတယ်။


+++++


အဟိတ်စိတ် သင်္ဂဟနည်း

ဒွေးပဉ္စဝိညာဉ် ၁၀

ဒွေးပဉ္စဝိညာဉ် ၁၀ ဆိုတာ စက္ခုဝိညာဉ်၊ သောတဝိညာဉ်၊ ဃာတဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ် … အဲဒီ ၅ စုံပေါ့။

အကုသလဝိပါက်ထဲက ငါးခု၊ အဟိတ်ကုသလဝိပါက်ထဲက ငါးခု၊ ၅ စုံ = ၁၀ ခုပေါ့။

ဒီစိတ် ၁၀ ပါးကတော့ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါးနဲ့သာ ယှဉ်တယ်။
တခြားစေတသိက် ဘယ်ဟာတွေနဲ့မှ မယှဉ်ဘူး။


သမ္ပဋိစ္ဆိုန်း ၂ ပါး

ဒီမှာလဲ အကုသလဝိပါက်ထဲက တစ်ခု၊ အဟိတ်ကုသလဝိပါက်ထဲက တစ်ခုဆိုတော့ ၂-ခု။

နောင်အခါကျတော့ ‘သမ္ပဋိစ္ဆိုန်း ဒွေး’လို့ ခေါ်လိမ့်မယ်။

ယှဉ်တဲ့ စေတသိက်တွေက သဗ္ဗစိတ္တသာဓာရဏ ၇-ခု + ဝိတက်, ဝိစာရ, အဓိမောက္ခ = ၁၀ ခု။


ဥပေက္ခာ သန္တီရဏ စေတသိက် ၂ ပါး

အကုသလဝိပါက်ထဲက ၁-ခု၊ အဟိတ်ကုသလဝိပါက်ထဲက ၁-ခု၊ ပေါင်း ၂-ခု။

ယှဉ်တဲ့ စေတသိက်တွေက သဗ္ဗစိတ္တသာဓာရဏ ၇ ခု + ဝိတက်, ဝိစာရ, အဓိမောက္ခ = ၁၀ ခု။


သောမနဿသန္တီရဏ စေတသိက် ၁ ခု

သူက အဟိတ်ကုသလဝိပါက်ထဲမှာ ရှိတယ်။
သောမနဿဆိုတော့ ပီတိ ပိုလာမယ်။

ယှဉ်တဲ့ စေတသိက်တွေက သဗ္ဗစိတ္တသာဓာရဏ ၇-ခု + ဝိတက်, ဝိစာရ, အဓိမောက္ခ, ပီတိ = ၁၁ ခု။


ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁

ပဉ္စဒွါရာဝဇ္ဗန်းစိတ်ကလဲ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ခု + ဝိတက်, ဝိစာရ, အဓိမောက္ခ = ၁၀ ခုနဲ့ ယှဉ်တယ်။


မနောဒွါရာဝဇ္ဇန်းစိတ်

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ခု + ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ = ၁၁ ခုနဲ့ ယှဉ်တယ်။


ဟသိတုပ္ပါဒ်စိတ်

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ခု + ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ = ၁၂ ခု။ ဆန္ဒတစ်ခုပဲ မယှဉ်ဘူး။

အဟိတ်စိတ်ထဲမှာ ဟသိတုပ္ပါဒ်စိတ်ပဲ စေတသိက်အများဆုံးနဲ့ ယှဉ်တာ၊ ၁၂ ခု။

နောက်ပြီး မှတ်စရာ ဝေါဟာရလေးတစ်ခု ရှိတယ်။
‘မနောဓာတ်’ဆိုတာပဲ။
ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိုန်း ၂-ခု၊ ဒီ ၃-ခုကို ပေါင်းပြီးတော့ ‘မနောဓာတ်’လို့ ခေါ်တယ်။

နောင်အခါ ဒီ ၃-ခုကို ပြောချင်ရင် ‘မနောဓာတ်’လို့ သုံးလိမ့်မယ်။ ဒီလိုပြောရင် ကိုယ်က ‘ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိုန်း ဒွေး’ကို ပြောတာလို့ နားလည်ရမယ်။


+++++


ကာမာဝစရသောဘနစိတ်

ကာမာဝစရသောဘန ကုသိုလ်စိတ် ၈ ပါး

သောမနဿနဲ့ ယှဉ်တာ၊ ဥပေက္ခာနဲ့ ယှဉ်တာ၊ ဉာဏ်နဲ့ ယှဉ်တာ၊ ဉာဏ်နဲ့ မယှဉ်တာ မှတ်မိနေရင်
သောမနဿမှာ ပီတိယှဉ်မယ်၊ ဥပေက္ခာကျရင် ပီတိမယှဉ်ဘူး။
ဉာဏ်နဲ့ ယှဉ်ရင် အမောဟ ပညိနြေ္ဒယှဉ်ပြီး၊ ဉာဏ်နဲ့ မယှဉ်ရင် အမောဟ မယှဉ်ဘူး … ဒါလေး မှတ်ထားဖို့ပဲ။

ကာမာဝစရကုသိုလ်စိတ် ပထမစိတ်နဲ့ ဒုတိယစိတ်

သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကကုသိုလ်စိတ်” နဲ့
သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိကကုသိုလ်စိတ်

အညသမန်း စေတသိက် ၁၃ ခုနဲ့ ယှဉ်မယ်။
အကုသိုလ် ကြည့်စရာ မလိုဘူး။
သောဘနသာဓာရဏ ၁၉ ကတော့ အထူးတွေးမနေနဲ့၊ အကုန်လုံးနဲ့ ယှဉ်တယ်။
ဝိရတီ ၃ ခုနဲ့ ယှဉ်တယ်။
အပ္ပမညာ ၂ ခုနဲ့ ယှဉ်တယ်။
ပညိနြေ္ဒနဲ့ ယှဉ်တယ်။
သောဘနစေတသိက် ၂၅ ခုလုံးနဲ့ ယှဉ်တယ်။

ဒါကြောင့်မို့ အညသမန်း ၁၃ ခု + သောဘန ၂၅ ခု = ၃၈ ခုနဲ့ ယှဉ်တယ်။

ဒီနေရာမှာ မှတ်ဖို့ တစ်ခုတော့ ရှိတယ်။
ဝိရတီစေတသိက်ဟာ တစ်ခါတလေသာ ယှဉ်တယ်။
ယှဉ်ပြန်တော့လည်း တစ်ခုစီ ယှဉ်တယ်။

အပ္ပမညာကလည်း တစ်ခုစီပဲ ယှဉ်တယ်၊ တစ်ခါတလေ ယှဉ်တယ်။

ဒါကြောင့်မို့ ဝိရတီ ၃ ခု + အပ္ပမညာ ၂ ခု = ၅ ခုကို ဖယ်ထားလိုက်ရင် အမြဲယှဉ်နိုင်တဲ့ စေတသိက် ၃၃ ခုသာ ရှိတယ်။

တစ်ကြိမ်မှာ အများဆုံး ယှဉ်နိုင်တာက ၃၃ + သမ္မာဝါစာ = ၃၄၊
သို့မဟုတ် ၃၃ + သမ္မာကမ္မန္တ = ၃၄၊
သို့မဟုတ် ၃၃ + သမ္မာအာဇီဝ = ၃၄၊
သို့မဟုတ် ၃၃ + ကရုဏာ = ၃၄၊
သို့မဟုတ် ၃၃ + မုဒိတာ = ၃၄ ခုပဲ။

ဝိရတီယှဉ်တဲ့အခါ အပ္ပမညာနဲ့ မယှဉ်ဘူး။
အပ္ပမညာယှဉ်တဲ့အခါမှာလည်း ဝိရတီ မယှဉ်ဘူး။

ဒါကြောင့်မို့ အမြဲတမ်း ယှဉ်နိုင်တာက ၃၃၊
တစ်ကြိမ်ထဲမှာ အများဆုံး ယှဉ်နိုင်တာ ၃၄၊
သူနဲ့ ယှဉ်နိုင်တဲ့ စေတသိက် အားလုံး ပြောစမ်းပါဆိုရင်တော့ ၃၈ ခု။
အဲဒီလို မှတ်ရမယ်။


ကာမာဝစရကုသိုလ်စိတ် တတိယစိတ်နဲ့ စတုတ္ထစိတ်

သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိကကုသိုလ်စိတ်
သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိကကုသိုလ်စိတ်

သူတို့ နှစ်ခုက ဉာဏဝိပ္ပယုတ်ဖြစ်တဲ့အတွက်ကြောင့် ပညိနြေ္ဒ လျော့သွားမယ်။
တခြားဟာတွေ ပထမနှစ်ခုနဲ့ အတူတူပဲ။

ဒီတော့ အညသမန်းစေတသိက် ၁၃ + သောဘနထဲက ၂၄ = ၃၇ ခု။

ဒီမှာလည်း ခုနကအတိုင်း ဝိရတီနဲ့ အပ္ပမညာက ရံခါမှ ယှဉ်တာမို့ အမြဲတမ်း ယှဉ် ၃၂ ခု၊
တစ်ကြိမ်ထဲ အများဆုံးယှဉ် ၃၃ ခု ဖြစ်မယ်။


ကာမာဝစရကုသိုလ်စိတ် ပဉ္စမနဲ့ ဆဋ္ဌမ

ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိကကုသိုလ်စိတ်
ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိကကုသိုလ်စိတ်

သူတို့ကျတော့ ဥပေက္ခာဖြစ်လို့ ပီတိနုတ်ရလိမ့်မယ်။

ပီတိကြဉ်သော အညသမန်း စေတသိက် ၁၂ + သောဘနစေတသိက် ၂၅ = ၃၇ ခု။


ကာမာဝစရကုသိုလ်စိတ် သတ္တမနဲ့ အဋ္ဌမ

ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိကကုသိုလ်စိတ်
ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိကကုသိုလ်စိတ်

သူတို့ကျတော့ ဉာဏဝိပ္ပယုတ်ဖြစ်လို့ ပညိနြေ္ဒ မယှဉ်ဘူး။

ပီတိကြဉ်သော အညသမန်း ၁၂ + ပညိနြေ္ဒကြဉ်သော သောဘန ၂၄ = ၃၆ ခု။


ကာမာဝစရဝိပါက်စိတ် ပထမနဲ့ ဒုတိယစိတ်

သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိက ဝိပါက်စိတ်
သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိက ဝိပါက်စိတ်

သူတို့နဲ့ ယှဉ်တာက အညသမန်းစေတသိက် ၁၃ ခု + သောဘနသာဓာရဏစေတသိက် ၁၉ + ပညိနြေ္ဒ ၁ = ၃၃ ခု။

ဝိရတီနဲ့ မယှဉ်ဘူး။ ဝိရတီဟာ လောကီဖြစ်ရင် ဧကန် ကုသိုလ်သဘောရှိတယ်။ ဒါကြောင့်မို့ ဝိပါက်စိတ်၊ ကြိယာစိတ်တွေမှာ မယှဉ်ဘူး။

အပ္ပမညာနဲ့ မယှဉ်ဘူး။ ကာမာဝစရဝိပါက်က ကာမတရားကိုသာ အမြဲတမ်း အာရုံပြုတယ်။ ကရုဏာနဲ့ မုဒိတာက သတ္တဝါ ပညတ်ကို အာရုံပြုတယ်။
ဒါကို တတိယပိုင်း အာရုံတွေအကြောင်း လေ့လာတဲ့အခါ ပိုနားလည်လိမ့်မယ်။


ကာမာဝစရဝိပါက်စိတ် တတိယနဲ့ စတုတ္ထစိတ်

သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိက ဝိပါက်စိတ်
သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိက ဝိပါက်စိတ်

သူတို့က ဉာဏဝိပ္ပယုတ်ဖြစ်လို့ ဉာဏ်ဖြစ်တဲ့ ပညိနြေ္ဒလျော့သွားမယ်။
ဒါကြောင့်မို့ ၃၂ ပါးသာ ရှိတော့တယ်။


ကာမာဝစရဝိပါက်စိတ် ပဉ္စမနဲ့ ဆဋ္ဌမစိတ်

ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိက ဝိပါက်စိတ်
ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိက ဝိပါက်စိတ်

သူတို့က ဥပေက္ခာ ဉာဏသမ္ပယုတ်မို့ ပီတိထုတ်၊ ဉာဏ်ထည့်။

ပီတိကြဉ် အညသမန်း ၁၂ + သောဘနသာဓာရဏ ၁၉ + ပညိနြေ္ဒ ၁ = ၃၂ ခု။


ကာမာဝစရဝိပါက်စိတ် သတ္တမနဲ့ အဋ္ဌမစိတ်
ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိက ဝိပါက်စိတ်
ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိက ဝိပါက်စိတ်

သူတို့က ဥပေက္ခာ ဉာဏဝိပ္ပယုတ်ဖြစ်လို့ ပီတိကြဉ် အညသမန်း ၁၂ + သောဘနသာဓာရဏ ၁၉ = ၃၁ ခု။

အဲဒီတော့ ကာမာယစရဝိပါက်စိတ်မှာ ဝိရတီ မယှဉ်ဘူး။ အပ္ပမညာ မယှဉ်ဘူး။ ဒါ မှတ်ထားရုံပဲ။
ဉာဏ်ကတော့ ယှဉ်တဲ့အခါ ယှဉ်မယ်၊ မယှဉ်တဲ့အခါ မယှဉ်ဘူး။
ပီတိ ယှဉ်တဲ့အခါ ယှဉ်မယ်၊ မယှဉ်တဲ့အခါ မယှဉ်ဘူး။


ကာမာဝစရကြိယာစိတ် ပထမနဲ့ ဒုတိယစိတ်

သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိက ကြိယာစိတ်
သောမနဿသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိက ကြိယာစိတ်

အညသမာန်း စေတသိက် ၁၃ ခု + သောဘနသာဓာရဏ စေတသိက် ၁၉ ခု + အပ္ပမညာ ၂ + ပညိနြေ္ဒ ၁ = ၃၅ ခု။

ဝိရတီက လောကီဆိုရင် ဧကန် ကုသိုလ်ဖြစ်ရမယ်ဆိုတော့ ကုသိုလ်မှာသာ ယှဉ်မယ်။ ကြိယာမှာ မယှဉ်ဘူး။
ကြိယာစိတ်က ပညတ်ကိုလည်း အာရုံပြုနိုင်တာကြောင့် ဒီကျတော့ အပ္ပမညာ ယှဉ်လာပြီ။
ဝိပါက်စိတ်က ပညတ်ကို အာရုံ မပြုဘဲ ကာမတရားကိုသာ အာရုံပြုတာကြောင့် ဝိပါက်မှာတုန်းက အပ္ပမညာ မယှဉ်ဘူး။


ကာမာဝစရကြိယာစိတ် တတိယနဲ့ စတုတ္ထစိတ်

သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိက ကြိယာစိတ်
သောမနဿသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိက ကြိယာစိတ်

သူတို့ကျတော့ ပညာလျော့သွားတာကြောင့် ၃၄ ပါးနဲ့ ယှဉ်တယ်။

အညသမာန်း ၁၃ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ = ၃၄ ပါး။


ကာမာဝစရကြိယာစိတ် ပဉ္စမနဲ့ ဆဋ္ဌမစိတ်
ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ အသင်္ခါရိက ကြိယာစိတ်
ဥပေက္ခာသဟဂတ ဉာဏသမ္ပယုတ္တ သသင်္ခါရိက ကြိယာစိတ်

ပီတိ ထုတ်၊ ပညာ ထည့်၊ ၃၄ ပါးပဲ။

ပီတိကြဉ် အညသမာန်း ၁၂ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ + ပညိနြေ္ဒ ၁ = ၃၄ ပါး။


ကာမာဝစရကြိယာစိတ် သတ္တမနဲ့ အဋ္ဌမစိတ်

ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ အသင်္ခါရိက ကြိယာစိတ်
ဥပေက္ခာသဟဂတ ဉာဏဝိပ္ပယုတ္တ သသင်္ခါရိက ကြိယာစိတ်

သူတို့ကျတော့ ပီတိထုတ်၊ ပညိနြေ္ဒထုတ်၊ ၃၃ ပါး။

ပီတိကြဉ် အညသမာန်း ၁၂ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ = ၃၃ ပါး။


ဒီတော့ ကာမာဝစရသောဘနစိတ် ၂၄ ခုမှာ ပုံသေလေး မှတ်ထားဖို့က -

ကုသိုလ်စိတ်မှာ ဝိရတီလည်း ယှဉ်တယ်၊ အပ္ပမညာလည်း ယှဉ်တယ်။

ဝိပါက်စိတ်မှာ ဝိရတီလည်း မယှဉ်ဘူး၊ အပ္ပမညာလည်း မယှဉ်ဘူး။

ကြိယာစိတ်မှာ ဝိရတီ မယှဉ်ဘူး၊ အပ္ပမညာ ယှဉ်တယ်။

ပြီးတော့ ဉာဏသမ္ပယုတ်စိတ်မှာ ပညိနြေ္ဒ ယှဉ်မယ်။ ဉာဏဝိပ္ပယုတ်စိတ်မှာ ပညိနြေ္ဒ မယှဉ်ဘူး။

သောမနဿသဟဂုတ်စိတ်မှာ ပီတိ ယှဉ်မယ်၊ ဥပေက္ခာသဟဂုတ်စိတ်မှာ ပီတိ မယှဉ်ဘူး။


+++++


ရူပါဝစရစိတ်

ရူပါဝစရစိတ်ကျတော့ ကုသိုလ်၊ ဝိပါက်၊ ကြိယာအတိုင်း မသွားဘဲ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်နဲ့ သွားမယ်။


ရူပါဝစရ ပထမဈာန်စိတ် ၃ ခု

ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ပထမဈာန် ကုသိုလ်စိတ်
ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ပထမဈာန် ဝိပါက်စိတ်
ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ပထမဈာန် ကြိယာစိတ်

အညသမာန်းစေတသိက် ၁၃ ခုလုံးနဲ့ ယှဉ်တယ်။
သောဘနသာဓာရဏ ၁၉ ခုနဲ့ ယှဉ်တယ်။
ဝိရတီနဲ့ မယှဉ်ဘူး။
ရူပါဝစရစိတ်ဆိုတာက ပညတ်အာရုံပြုတာမို့ အပ္ပမညာနဲ့ ယှဉ်တယ်။
ပြီးတော့ သူတို့က ဉာဏသမ္ပယုတ်ချည်းပဲဖြစ်လို့ ဉာဏ်နဲ့ ယှဉ်တယ်။

အညသမာန်း ၁၃ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ + ပညိနြေ္ဒ ၁ = ၃၅ ပါး။


ရူပါဝစရ ဒုတိယဈာန်စိတ် ၃ ပါး

ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ်
ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ဒုတိယဈာန် ဝိပါက်စိတ်
ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ဒုတိယဈာန် ကြိယာစိတ်

ဒုတိယဈာန်စိတ် ၃ ခုကျတော့ ဝိတက်နုတ်လိုက်ရင် စေတသိက် ၃၄ ပါးနဲ့ ယှဉ်တယ်။

ဝိတက်ကြဉ် အညသမာန်း ၁၂ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ + ပညိနြေ္ဒ ၁ = ၃၄ ပါး။


ရူပါဝစရ တတိယဈာန်စိတ် ၃ ပါး

ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော တတိယဈာန် ကုသိုလ်စိတ်
ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော တတိယဈာန် ဝိပါက်စိတ်
ပီတိ, သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော တတိယဈာန် ကြိယာစိတ်

တတိယဈာန်စိတ် ၃ ခုကျတော့ ဝိစာရ ထပ်လျော့သွားမယ်။ ၃၃ ပါးနဲ့ ယှဉ်မယ်။

ဝိတက်, ဝိစာရကြဉ် အညသမာန်း ၁၁ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ + ပညိနြေ္ဒ ၁ = ၃၃ ပါး။


ရူပါဝစရ စတုတ္ထဈာန်စိတ် ၃ ပါး

သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော စတုတ္ထဈာန် ကုသိုလ်စိတ်
သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော စတုတ္ထဈာန် ဝိပါက်စိတ်
သုခ, ဧကဂ္ဂတာနှင့်တကွဖြစ်သော စတုတ္ထဈာန် ကြိယာစိတ်

စတုတ္ထဈာန် ၃ ခုကျတော့ ပီတိပါ ထပ်လျော့သွားမယ်။ စေတသိက်ပေါင်း ၃၂ ခုနဲ့ ယှဉ်တယ်။

ဝိတက်, ဝိစာရ, ပီတိကြဉ် အညသမာန်း ၁၀ + သောဘနသာဓာရဏ ၁၉ + အပ္ပမညာ ၂ + ပညိနြေ္ဒ ၁ = ၃၂ ပါး။


ရူပါဝစရ ပဉ္စမဈာန်စိတ် ၃ ပါး

ဥပေက္ခာ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ပဉ္စမဈာန် ကုသိုလ်စိတ်
ဥပေက္ခာ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ပဉ္စမဈာန် ဝိပါက်စိတ်
ဥပေက္ခာ, ဧကဂ္ဂတာနှင့်တကွဖြစ်သော ပဉ္စမဈာန် ကြိယာစိတ်

ဒီ ၃ ခုက ဥပေက္ခာနဲ့ ယှဉ်တာကြောင့် အပ္ပမညာ မယှဉ်ဘူး။ အပ္ပမညာက ပထမ, ဒုတိယ, တတိယ, စတုတ္ထ ဈာန် ၄ ပါးနဲ့သာ ယှဉ်နိုင်တယ်။

ဝိတက်, ဝိစာရ, ပီတိကြဉ် အညသမာန်း ၁၀ + သောဘနသာဓာရဏ ၁၉ + ပညိနြေ္ဒ ၁ = ၃၀ ပါး။


+++++


အရူပါဝစရစိတ် ၁၂ ပါး

အရူပါဝစရစိတ်တွေက ပဉ္စမဈာန်အတိုင်းဖြစ်တာကြောင့် စေတသိက် ၃၀ နဲ့ပဲ ယှဉ်တယ်။


+++++


လောကုတ္တရာစိတ် ၄၀

သောတာပတ္တိမဂ်’, ‘သကဒါဂါမိမဂ်’, ‘အနာဂါမိမဂ်’, ‘အရဟတ္တမဂ်’ ပထမဈာန် ၄ ပါး
‘သောတာပတ္တိဖိုလ်’, ‘သကဒါဂါမိဖိုလ်’, ‘အနာဂါမိဖိုလ်’, ‘အရဟတ္တဖိုလ်’ ပထမဈာန် ၄ ပါး

လောကုတ္တရာမှာကျတော့ ဝိရတီအမြဲတမ်းလည်း ယှဉ်တယ်၊ အကုန်လုံး တစ်ပေါင်းတည်းလည်း ယှဉ်တယ်။

လောကုတ္တရာစိတ်က နိဗ္ဗာန်ကို အာရုံပြုတာကြောင့် သတ္တဝါပညတ်ကို အာရုံပြုတဲ့ အပ္ပမညာ မယှဉ်ဘူး။

ဒါကြောင့် ပထမဈာန် လောကုတ္တရာစိတ်တွေမှာ -

အညသမာန်း ၁၃ + သောဘနသာဓာရဏ ၁၉ + ဝိရတီ ၃ + ပညိနြေ္ဒ ၁ = ၃၆ ပါး။

လောကုတ္တရာ ဒုတိယဈာန်စိတ်တွေမှာ ဝိတက်လျော့ = ၃၅ ပါး

လောကုတ္တရာ တတိယဈာန်စိတ်တွေမှာ ဝိတက်၊ ဝိစာရ လျော့ = ၃၄ ပါး

လောကုတ္တရာ စတုတ္ထဈာန်စိတ်တွေမှာ ဝိတက်၊ ဝိစာရ၊ ပီတိ လျော့ = ၃၃ ပါး

လောကုတ္တရာ ပဉ္စမဈာန်စိတ်တွေမှာ ဝိတက်၊ ဝိစာရ၊ ပီတိ လျော့ = ၃၃ ပါး ယှဉ်တယ်။


+++++


အဘိဓမ္မာသင်တန်းပြီးသောအခါ စေတနာရှင် သင်တန်းသူများ စုပေါင်း ချက်ပြုတ်ထားသော မုန့်ဟင်းခါးကို အဆာပြေ စားသောက်ကြရ၏။

စနေနေ့တရားပွဲကို စိန်စီဆရာတော်က ယခင်အပတ်မှ သမဏနတ်သားအကြောင်းအဆက် အစ္ဆရသုတ်တရားတော်ကို ဟောကြား ချီးမြှင့်၏။



တရားမဟောမီ ရတနာမြတ် သုံးပါးနှင့် ဆရာသမားတို့အား ရှိခိုးပူဇော်ကြ၏။

‘ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်’ဟူ၍လည်း အမည်ပေးနိုင်သည့် တရားတော်ကို -

“လမ်းဖြောင့်မည်တွင်၊ ထိုမဂ္ဂင်၊ ရပ်ခွင် ဘေးမဲ့နိဗ္ဗာန်ပါ”

“လမ်းဖြောင့်ဆိုတာ၊ ထိုမဂ်ပါ၊ ဘေးမဲ့ရပ်ဟာ နိဗ္ဗာန်ပါ”

“ဝိရိယနှစ်လီ၊ ဘီးတပ်သည်၊ မမြည်ရထား ထိုမဂ်ပါ”

“ဝိရိယနှစ်ပါး၊ ဘီးတပ်ထား၊ ရထားမြည်သံ မကြားပါ”

“ရှက်ကြောက်နှစ်တန်၊ နောက်မှီခံ၊ ကာရန် အမှတ်,သတိပါ”

“ဝိပါသ်ရှေ့သွား၊ မဂ်ဉာဏ်ကား၊ ရထားမောင်းသူ ဆိုရပါ”

“ဤလိုရထား၊ ရှိသူများ၊ ယောက်ျားမိန်းမ လူတိုင်းမှာ”

“မဂ္ဂင်ယာဉ်ကြီး၊ ငြိမ့်ငြိမ့်စီး၊ အပြီး နိဗ္ဗာန်ရောက်နိုင်တာ”

“မဂ္ဂရှစ်ဖြာ၊ မရှိရာ၊ ကိလေသာငြိမ်းသူ မရှိပေ”

“မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာငြိမ်းသူ ရှိနိုင်ပေ”

“ဘုရားသာသနာ၊ ပြင်ပမှာ၊ ကိလေသာငြိမ်းသူ မရှိပေ”

“ဘုရားသာသနာ၊ အတွင်းမှာ၊ ကိလေသာငြိမ်းသူ ရှိနိုင်ပေ”

“မိမိရငြား၊ မြတ်တရား၊ သူများရအောင် ပြောကြားသူ”

“ဘုရားမြတ်စွာ၊ ဟောမိန့်တာ၊ ကောင်းစွာ နေတဲ့သူ”

“ကောင်းစွာနေသူ၊ ဖြစ်လိုသူ၊ ရှင်လူ များဝေနေ”

“မိမိရငြား၊ မြတ်တရား၊ ဟောကြား ပြသလေ”

“ဟောကြားပြသ၊ တရားရ၊ ဗုဒ္ဓကြိုက်တဲ့ တပည့်တွေ”

“တာဝန်ကျေကာ၊ သာသနာ၊ ကောင်းစွာနေသူတွေ”

“သာသနာပြန့်ရေး၊ အလေးပေး၊ အားပေးနေသူတွေ”

“သာသနာ့အန္တရာယ်၊ အသွယ်သွယ်၊ ကာကွယ်နေသူတွေ” စသည့် လင်္ကာများဖြင့် မှတ်သား လိုက်နာဖွယ် ဟောကြားသွားပြီး သာသနာနှင့်တွေ့ကြုံခိုက် ကောင်းစွာ နေထိုင်သူများဖြစ်ပြီး သာသနာ ရှည်ကြာ တည်တံ့ ပြန့်ပွားအောင်၊ သာသနာ့တာဝန် ကျေပွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းသွား၏။

တရားပွဲပြီးသော် ကောင်းမှု ကုသိုလ်တို့ကို သတ္တဝါအားလုံးအား အမျှပေးဝေကြ၏။

သာဓု … သာဓု … သာဓု။

ကမ္ဗည်းတင်တဲ့လက်









+ ဗုဒ္ဓဂုဏ်ထူး၊ စိတ်ကြည်နူးလျက်
ရွှင်မြူးကြည်လင်၊ စိတ်အစဉ်ဝယ်
ဖူးမြင်ဦးခိုက်၊ ပူဇော်ထိုက်သည့်
သမိုင်းဂုဏ်ရောင်၊ ထွန်းပြောင်ဝေစည်
နယူးဂျာစီ၊ မြေမဟီဝယ်







ဂုဏ်ရည်မြင့်မား၊ မြတ်ဘုရား၏
ဓာတ်သားမွေတော်၊ စေတီတော်ကို
ဖူးမြင်ရငြား၊ မြန်ပြည်သားတို့
စိတ်ထားနှလုံး၊ ရွှင်ပြုံးပီတိ
ဂွမ်းဆီထိသို့
ဖြစ်ဘိအနန္တ၊ ကျိုးဖလကို
ရရှိပါစေ၊ ခံစားစေဟု
စိတ်စေဆန္ဒ၊ ကြံရွယ်ဆလျက်
တည်ထားစေတီ၊ အမေရိကန်ပြည်။










+ ဗုဒ္ဓ ဓမ္မ သံဃအမွေ၊ မြန်မာ့အမွေကို
ကမ္ဘာတလွှား၊ လူအများတို့
သိကြပါစေ၊ ရပါစေဟု
စိတ်စေတနာ၊ သဒ္ဓါပြဋ္ဌာန်း
ကြိုးပမ်းကြပေ၊ ပြည်သူတွေ။

+ ပြည်သူအများ၊ လူအများတို့
နည်းများမဟူ၊ ကြည်ဖြူသဒ္ဓါ
ပေးလှူတာကို၊ ထိန်းကာသိမ်းလျက်
လမ်းပြညွှန်ပေ၊ သံဃာတွေ။









+ သံဃာတော်များ၊ လမ်းညွှန်ကြားသည့်
ပြုငြားဖွယ်စုံ၊ အဖုံဖုံကို
ဆောင်ရွက်ကြပေ၊ အေဘီဘီအေ။

+ တည်ထားပြီးပြီ၊ မြတ်စေတီနှင့်
လျော်ညီသင့်မြတ်၊ ယောဂီမြတ်တို့
ကျင့်အပ်ပွားအပ်၊ တရားဓာတ်ကို
ဟောပြသေချာ၊ ထေရ်သံဃာနှင့်
လိုက်နာကျင့်ပွား၊ ယောဂီများတို့
ရှုပွားဘာဝနာ
နေရာအလှူ၊ ဝိုင်းကာကူ၍
ကြည်ဖြူသဒ္ဓါ၊ စေတနာဖြင့်
နည်းများမဟူ၊ ကျောင်းအလှူကို
ကုသိုလ်ယူလို့၊ တည်ဆောက်စို့။





+ မျိုးဆက်သစ်တို့
ဆက်လက်ကြိုးပမ်း၊ လက်ဆင့်ကမ်း၍
ထမ်းကြစို့လေ၊ သမိုင်းအမွေ။


အရှင်စက္ကိန္ဒ
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်



+++++
လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ previsualized 3D images ကို ‘ကိုထွန်းထွန်း’က ကျေးဇူးပြု၏။

Tuesday, January 19, 2010

စိတ်ယှဉ် စေတသိက်ယှဉ် - သမ္ပယောဂနည်း


ဦးဇင်းတို့ အဘိဓမ္မာမှာ ခေါ်တဲ့ ‘ပညာ’ဆိုတာ ကုသိုလ်နဲ့ ယှဉ်တာ ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တာကိုသာ ‘ပညာ’လို့ ခေါ်တယ်။
အကုသိုလ်နဲ့ ယှဉ်တာကို ပညာလို့ မခေါ်ဘူး။
ဒီလူ ဉာဏ်နီဉာဏ်နက်များတယ်လို့ ပြောလေ့ရှိတယ် မဟုတ်လား။ အဲဒီလိုဟာမျိုးကို ဦးဇင်းတို့က ပညာလို့ မခေါ်ဘူး။ ဒါကို ‘လောဘ သို့မဟုတ် ဒေါသပြဋ္ဌာန်းတဲ့ မာယာ’အနေနဲ့သာ ခေါ်တယ်။
မြတ်စွာဘုရားတရားတော်မှာ ‘ပညာ’လို့ ပြောလိုက်ပြီဆိုရင် အကောင်းနဲ့တွဲတာကိုသာ ‘ပညာ’လို့ ခေါ်တာ။


ထို့အတူပဲ ‘သတိစေတသိက်’ဟာ သောဘနစိတ်တွေနဲ့သာ ယှဉ်တယ်။ မကောင်းတာတစ်ခု ပြုဖို့ သတိရတာဟာ ‘သညာစေတသိက်’သာ ဖြစ်တယ်။ နေ့စဉ်သုံးစကားမှာ သတိကို ကောင်းတဲ့နေရာမှာလည်း သုံးတယ်။ မကောင်းတဲ့ နေရာလည်း သုံးတယ်။ အဘိဓမ္မာအရတော့ ‘သတိ’ဆိုတာ ‘ကောင်းတာကိုသာ’ ‘သတိ’ ခေါ်တယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

စိတ်နဲ့စေတသိက် ယှဉ်ပုံက ၂-မျိုး ရှိတယ်။

ပထမနည်းက သမ္ပယောဂနည်းလို့ ခေါ်တယ်။ စေတသိက်ကို ကိုင်ပြီးတော့ ဒီစေတသိက်ဟာ စိတ်ဘယ်လောက်နဲ့ ယှဉ်သလဲ? စိတ်ဘယ်လောက်နဲ့ အတူတူ ဖြစ်သလဲ? အဲဒါ ရှာတဲ့နည်းကို သမ္ပယောဂနည်းလို့ ခေါ်တယ်။

ဒုတိယနည်းကို သင်္ဂဟနည်းလို့ ခေါ်တယ်။ သူ့ကျတော့ စိတ်ကို ကိုင်ပြီးတော့ စေတသိက်ရှာတဲ့နည်းပေါ့။ စိတ်တစ်ခုမှာ စေတသိက် ဘယ်လောက်နဲ့ ယှဉ်သလဲ? စိတ်တစ်ခုနဲ့ စေတသိက်တွေ ဘယ်လောက် အတူတူ ဖြစ်သလဲ?လို့ အဲဒီလို လေ့လာတဲ့နည်းကို သင်္ဂဟနည်းလို့ ခေါ်တယ်။


သမ္ပယောဂနည်း

သမ္ပယောဂနည်း မလေ့လာခင် စိတ် ၁၂၁ ပါး အကြောင်း ကျေကျေညက်ညက် နားလည်ထားဖို့ လိုတယ်။

စိတ် ၁၂၁ ပါးကို တူရာလေးတွေ ပေါင်းပြီး ဇယားကွက်မှာ ပြထားတယ်။

အကုသိုလ်စိတ် ၁၂ ပါး (လောဘမူ ၈၊ ဒေါသမူ ၂၊ မောဟမူ ၂)

အဟိတ်စိတ် ၁၈ ပါး၊ (ဒွေးပဉ္စဝိညာဉ် ၁၀၊ သမ္ပဋိစ္ဆန ၂၊ ဥပေက္ခာ သန္တီရဏ ၂၊ သောမနဿ သန္တီရဏ ၁၊ ပဉ္စဒွါရာဝဇ္ဇန ၁၊ မနောဒွါရာဝဇ္ဇန ၁၊ ဟသိတုပ္ပါဒ ၁)

ကာမာဝစရသောဘနစိတ် ၂၄ ပါး (မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈)

ရူပါဝစရစိတ် ၁၅ ပါး (ပထမဈာန်စိတ် ၃၊ ဒုတိယဈာန်စိတ် ၃၊ တတိယဈာန်စိတ် ၃၊ စတုတ္ထဈာန်စိတ် ၃၊ ပဉ္စမဈာန်စိတ် ၃)

အရူပါဝစရစိတ် ၁၂ ပါး၊

လောကုတ္တရာစိတ် အကျဉ်း ၈ ပါး၊ အကျယ် ၄၀ (မဂ် ၄ ပါး + ဖိုလ် ၄ ပါးနှင့် ဈာန် ၅ ပါး ပွားသော သောတာပတ္တိမဂ်ပထမဈာန်, သကဒါဂါမိမဂ်ပထမဈာန်, အနာဂါမိမဂ်ပထမဈာန်, အရဟတ္တမဂ်ပထမဈာန် ၄ ပါး၊ ………၊ ….. အရဟတ္တဖိုလ် ပဉ္စမဈာန် ၄ ပါး။)

ကောင်းပြီး၊ အဲဒီစိတ် ၁၂၁ ပါးနဲ့ စေတသိက်နဲ့ ယှဉ်တာတွေကို လေ့လာကြရအောင်။


သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး

စေတသိက်တွေမှာ ပထမအုပ်စုက သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါး (ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ)။
စိတ်အားလုံးနဲ့ ဆက်ဆံတဲ့၊ စိတ်အားလုံးနဲ့ ယှဉ်တဲ့ စေတသိက်တွေလို့ ဆိုတယ်။

ဒါကြောင့်မို့ သဗ္ဗစိတ္တသာဓာရဏစေတသိက်နဲ့ ယှဉ်တဲ့ စိတ် ဘယ်လောက်ရှိတုန်းလို့ မေးရင် အလွယ်လေးပဲနော်။ ရှိသမျှစိတ်တွေ အကုန်ပေးလိုက်ရုံပဲ။ ၈၉ သို့မဟုတ် ၁၂၁ ပါး။


လယ်တီဆရာတော်ကြီး၏ ပရမတ္ထသံခိပ် လင်္ကာ

“သဗ္ဗစိတ္တေ၊ ခုနစ်ထွေ၊ ယှဉ်လေ စိတ်အားလုံး”


ဝိတက်

ဝိတက်စေတသိက်က အကုသိုလ်စိတ် ၁၂ ပါးလုံးနဲ့ ယှဉ်တယ်။

အဟိတ်စိတ်ထဲက ဒွေးပဉ္စဝိညာဉ် ၁၀ နဲ့ မယှဉ်ဘူး။ မြင်တဲ့စိတ်, ကြားတဲ့စိတ်, နံတဲ့စိတ်, အရသာသိတဲ့စိတ်, ထိတဲ့စိတ်နော်၊ ဒီ ၅ မျိုး (အကုသလဝိပါက် ၅ ပါး + အဟိတ်ကုသလဝိပါက် ၅ ပါး၊ ပေါင်း ၁၀ ပါး)က အာရုံနဲ့ ဝတ္ထု ထိခိုက်မှု ပြင်းထန်တဲ့အတွက်ကြောင့် ဝိတက်က တင်ပေးဖို့ မလိုဘူး။ စိတ်ဟာ အလိုလိုပဲ အာရုံပေါ် ရောက်သွားနိုင်တယ်။ ဒီတော့ အဟိတ်စိတ်ထဲက ကျန် ၈ ပါးနဲ့သာ ယှဉ်တယ်။

ကာမာဝစရသောဘနစိတ် ၂၄ ပါးလုံးနဲ့ ယှဉ်တယ်။

ရူပါဝစရစိတ်တွေထဲက ပထမဈာန်စိတ် ၃ ပါးနဲ့ ယှဉ်တယ်။

အရူပါဝစရစိတ်တွေထဲမှာ ယှဉ်တာ မရှိဘူး။

လောကုတ္တရာစိတ်ထဲက ပထမဈာန် မဂ် ၄ ပါး၊ ပထမဈာန် ဖိုလ် ၄ ပါး၊ ပေါင်း ၈ ပါးနဲ့ ယှဉ်တယ်။

အားလုံးပေါင်းလိုက်တော့ ဝိတက်ယှဉ်တဲ့ စိတ်ပေါင်း ၅၅ ပါး ရှိတယ်။

လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်လင်္ကာ

“ပဉ္စဝိညာဏ်၊ ကြဉ်တုံပြန်၊ ကာကျန် လေးဆယ့်လေး။
လေးဆယ့်လေးတန်၊ ကာမကျန်ဝယ်၊
ပဈာန်ဆယ့်တစ်၊ လောင်းတုံလစ်၊ ‘တက်’ဖြစ် ပဉ္စေးစေး။”

(ကာမစိတ် ၅၄ ပါးတွင် ဒွေးပဉ္စဝိညာဉ် ၁၀ ပါး ဖယ်ကြဉ်က ၄၄ ပါး ကျန်၏။ ရူပါဝစရ ပထမဈာန် ၃ ပါး + လောကုတ္တရာမဂ် ပထမဈာန် ၄ ပါး + လောကုတ္တရာဖိုလ် ပထမဈာန် ၄ ပါး = ပေါင်း ပထမဈာန် ၁၁ ပါးနှင့် ပေါင်းသော် ၅၅ ပါး ဖြစ်၏။)

တနည်း ဝိတက်မယှဉ်သော အဟိတ်စိတ်မှ ဒွေးပဉ္စဝိညာဉ် ၁၀ + ရူပါဝစရ ဒုတိယဈာန်မှ ပဉ္စမဈာန်တိုင်အောင် ၁၂ ပါး + အရူပါဝစရ ၁၂ ပါး + လောကုတ္တရာစိတ်မှ ၃၂ ပါး = ပေါင်း ၆၆ ပါးကို စိတ် ၁၂၁ ပါးမှ နုတ်သော် ဝိတက်ယှဉ်သော စိတ် ၅၅ ပါး ရ၏။


ဝိစာရ

ဝိစာရအတွက်ကား ဝိတက်ယှဉ်တဲ့ ၅၅ ပါးတွင် ဒုတိယဈာန်စိတ် ၁၁ ပါး ထည့်ပေါင်းက ၆၆ ပါး ဖြစ်၏။

“ငါးဆယ့်ငါးတန်၊ ‘တက်’ဖြစ်ရန်ဝယ်၊ ဒု-ဈာန် ဆယ့်တစ်၊ လောင်းတုံလစ်၊ ‘စာ’ဖြစ် ဆဆတွေး”(ဆဆ=၆၆)


အဓိမောက္ခ

အဓိမောက္ခမှာ ဆုံးဖြတ်သည့် သဘောဖြစ်ရာ ဆန့်ကျင်ဘက်သဘောဖြစ်သည့် မောဟမူစိတ်မှ ဝိစိကိစ္ဆာနှင့် မယှဉ်ပေ။

ဒွေးပဉ္စဝိညာဏ် ၁၀ မှာလည်း အာရုံ ဝတ္ထု ထိခိုက်မှုကြီးမား၍ ဆုံးဖြတ်မှု မပါဝင်ပါ။

အဓိမောက္ခ မယှဉ်သော စိတ် စုစုပေါင်း ၁၁ ပါးကို စိတ် ၁၂၁ ပါးမှ နုတ်က ယှဉ်သော စိတ် ၁၁၀ ဖြစ်၏။

“ပဉ္စဝိညာဉ်၊ ဝိစိကြဉ်၊ ဓိယှဉ် သုဉ်ဧက်ဧး” (သုဉ်ဧက်ဧး=၀၁၁၊ နောက်ကပြန်၍ယူသော် ၁၁၀)


ဝီရိယ

ဝီရိယမှာ တက်တက်ကြွကြွ ပြုလုပ်ခြင်းသဘောဖြစ်ရာ မယှဉ်သော စိတ်များမှာ -

ဒွေးပဉ္စဝိညာဉ် ၁၀၊

အာရုံယူရာမှာ အားသိပ်မကောင်းလှသည့် သမ္ပဋိစ္ဆိုန်း ၂၊ သန္တီရဏ ၃၊ ပဉ္စဒွါရာဝဇန်း ၁၊

စုစုပေါင်း ၁၆ ပါးကို စိတ်အကျဉ်း ၈၉ မှ နုတ်က ၇၃၊ စိတ်အကျယ် ၁၂၁ မှ နုတ်က ၁၀၅ ပါး ရ၏။

“ပဉ္စဝိညာဉ်၊ သံ,သန်,ပဉ်၊ ကြဉ် ဝီ ဗျည်းသုဉ်းဧး” (ဗျည်းသုဉ်းဧး=၅၀၁၊ ဂဏန်းပြန် ၁၀၅)


ပီတိ

ပီတိမှာ နှစ်သက်ခြင်းသဘောဖြစ်ရာ ဥပေက္ခာနှင့် မယှဉ်ပေ။ ဒေါသမူနှင့်လည်း မယှဉ်ပေ။

အကုသိုလ်စိတ်ထဲမှ သောမနဿ ၄ ပါး၊

အဟိတ်စိတ်ထဲမှ ၂ ပါး (သောမနဿ သန္တီရဏ + ဟသိတုပ္ပါဒ)

ကာမာဝစရသောဘနစိတ်ထဲမှ ၁၂ ပါး (ကုသိုလ် ၄ + ဝိပါက် ၄ + ကြိယာ ၄)

ရူပါဝစရစိတ်များမှ ၉ ပါး (ပထမဈာန် ၃ + ဒုတိယဈာန် ၃ + တတိယဈာန် ၃)

လောကုတ္တရာစိတ်များမှ ၂၄ ပါး

စုစုပေါင်း စိတ် ၅၁ ပါးနှင့် ယှဉ်၏။

“စ-ဈာန်ကြဉ်ပစ်၊ သောကျန်စစ်၊ ‘ပီ’ဖြစ် ပဉ္စဧး” (ပဉ္စဧး = ၅၁)


ဆန္ဒ

မောဟမူဒွေးမှာ တွေတွေဝေဝေဖြစ်ခြင်းကြောင့် ဆန္ဒမလိုပေ။

အဟိတ်စိတ် ၁၈ ပါးစလုံးမှာလည်း ဆန္ဒ မယှဉ်ပေ။

မောဟမူစိတ် ၂ ပါး + အဟိတ်စိတ် ၁၈ ပါး = ပေါင်း ၂၀ ကို ၈၉ မှ နုတ်က ၆၉၊ ၁၂၁ မှ နုတ်က ၁၀၁ ပါး ရ၏။

“မောမူ,အဟိတ်၊ စိတ်နှစ်ဆယ်ပစ်၊ အကျန်စစ်၊ ‘ဆန်’ဖြစ် ဧက်သုဉ်ဧး” (ဧက်သုဉ်ဧး = ၁၀၁)


အကုသိုလ်စေတသိက် ၁၄ ပါး

အကုသိုလ်စေတသိက် ၁၄ ပါးမှာ ပထမ ၄ ပါးဖြစ်သော ‘မောဟ, အဟိရိက, အနောတ္တပ္ပ, ဥစ္ဓစ္စ’တို့မှာ ‘အကုသလသာဓာရဏ’ အကုသိုလ်စိတ်ဖြစ်တိုင်း ဖြစ်တိုင်း အမြဲတမ်း တွဲလျက် ပါ၏။

ထို့ကြောင့် အကုသိုလ်စိတ် ၁၂ ပါးလုံးနှင့် ယှဉ်၏။

အကုသိုလ်စိတ်တစ်ခုဖြစ်က တွေဝေမှု မောဟ၊ သဘောအမှန်ကို မသိမှု မောဟ ပါ၏။ အကုသိုလ်ပြုရမှာ မရှက်သော အဟိရိက၊ အကုသိုလ်ပြုရမှာ မကြောက်သော အနောတ္တပ္ပ၊ စိတ်မတည်ကြည်မှု ဥဒ္ဓစ္စတို့ ပါ၏။

“မောစတုက်စု၊ ယှဉ်တုံမှု၊ အကု တစ်ဆယ့်နှစ်”


လောဘ

လောဘသည် ဒေါသနှင့် မည်သည့်အခါမျှ အတူတူ မဖြစ်ပေ။

လောဘသည် ဒေါသမူ ၂ ပါး၊ မောဟမူ ၂ ပါးတို့နှင့် မယှဉ်။

လောဘသည် လောဘမူစိတ် ၈ ပါးနှင့်သာ ယှဉ်၏။


ဒိဋ္ဌိ

ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့်သာ ယှဉ်၍ လောဘမူစိတ်ထဲမှ ၄ ပါးနှင့်သာ ယှဉ်၏။


မာန

မာနသည် ဒိဋ္ဌိနှင့် အတူတူ မယှဉ်သဖြင့် လောဘမူစိတ်ထဲမှ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါးနှင့်သာ ယှဉ်၏။

ဒိဋ္ဌိနှင့်မာနကို လိုဏ်ဂူတစ်ခုထဲ၌ အတူမအောင်းနိုင်သည့် ခြင်္သေ့မင်းနှစ်ကောင်ဟု ဥပမာပေး၏။
“ခန္ဓာငါးဝ၊ ဒိဋ္ဌိကမူ၊ အတ္တဟုစွဲ၊ မာနခဲမှာ၊ ငါ,ငါ,ငါဟု၊ စွဲလမ်းပြုသဖြင့်၊ နှစ်ခုပြိုင်ကြ၊ အားတူမျှ၍၊ တကွစဉ်လာ၊ မယှဉ်သာသည်၊ ပမာခြင်္သေ့နှစ်စီးတည်း”

လောဘ၊ ဒိဋ္ဌိ၊ မာန သုံးပါးတို့မှာ လောဘမူစိတ် ၈ ပါးနှင့်သာ ဆိုင်၏။ လောဘမူစိတ်အားလုံးနှင့်ယှဉ်, တချို့နှင့်ယှဉ်သာ ကွာ၏။

“လော လောဘမူ၊ ဒိဌ် သံ ယူ၊ မာမူ ဝိပ်လေးဖြစ်”


ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ

ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့မှာ ဒေါသမူစိတ် ၂ ပါးနှင့်သာ ယှဉ်၏။

ဣဿာဆိုသည်မှာ သူတစ်ပါး၏ စည်းစိမ်ကို ဝန်တိုခြင်းဖြစ်ရာ မခံချင်မှု ဒေါသလေးပါ၏။

မစ္ဆရိယမှာ လောဘကို အခြေခံသော်လည်း သူများနှင့် ဆက်ဆံသည်ကို မခံနိုင်သည့်အခါ လောဘမရှိတော့ဘဲ ဒေါသဖြစ်၏။

“မပေးရက်လျှင်း၊ ဝန်တိုခြင်း၌၊ ကြောင်းရင်းလောဘ၊ ရှိချေကလည်း၊ သူများနှင့်ဖက်၊ ဆက်ဆံချက်ကို၊ စိတ်ဆက်မပိုင်၊ မခံနိုင်၍၊ တွဲဆိုင်ဒေါသ၊ ပါလေရသည်၊ လောဘ ထိုခါ ချုပ်ပြီတည်း”

ကုက္ကုစ္စမှာ ပြုပြီးသော မကောင်းမှုကို ပြန်၍ နောင်တရခြင်း၊ မပြုမိခဲ့သော ကောင်းမှုအတွက် ပြန်ပြီး နောင်တရခြင်းဖြစ်သော စိတ်မချမ်းသာမှုဖြစ်ရာ ဒေါသမူဒွေးမှာသာ ယှဉ်၏။

“ဒေါစတုက်မူ၊ ယှဉ်ရာယူ၊ ဒေါမူ စိတ်စုံနှစ်”


ထိန၊ မိဒ္ဓ

ထိနက စိတ်၏ မခန့်ခြင်းဟု မြန်မာပြန်၏။ စိတ်၏ ထိုင်းမှိုင်းခြင်း ဖြစ်၏။ မိဒ္ဓမှာ စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း ဖြစ်၏။

ထိနမိဒ္ဓသည် သသင်္ခါရိကစိတ် ၅ ပါးနှင့်သာ ယှဉ်၏။


ဝိစိကိစ္ဆာ

ဝိစိကိစ္ဆာစေတသိက်မှာ ဝိစိကိစ္ဆာစိတ် ၁ ပါးနှင့်သာ ယှဉ်၏။ စေတသိက်အားလုံးထဲတွင် စိတ်အနည်းဆုံးနှင့် ယှဉ်သော စေတသိက် ဖြစ်သည်။

“ထိ,မိဒ် သသင်၊ ငါးမှာယှဉ်၊ ဝိစင် ဝိစိဖြစ်”

(ထိနမိဒ္ဓနှစ်ခုသည် အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုတွင် သသင်္ခါရိကစိတ် ငါးခုမှာ တစ်ပေါင်းတည်းသာ ယှဉ်သည်။ ယှဉ်သည်ဆိုသော်လည်း အမြဲမဟုတ်၊ ရံခါယှဉ်သည်။
‘ဝိစင်’ဆိုသည်ကား ဝိစိကိစ္ဆာစေတသိက်ကို ဆိုသည်။ ယင်းဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တစ်ခုမှာ ယှဉ်သည် ဟု ဆိုလို၏။)


သောဘနစိတ် ၂၅ ပါး

သောဘနသာဓာရဏစေတသိက် ၁၉ ပါး

“သဒ္ဓါ သတိ၊ ဟိရိ, သြတ္တပ်၊ ဟိတ် နှစ်ရပ်၊ တတြမဇ္ဈတ္တတာ”

“ပဿဒ္ဓိ, လဟု၊ မုဒု, ကမ္မဉ်၊ ပါဂုညင်နှင့်၊ ထိုပြင် ဥဇုက၊ ခြောက်ဓမ္မ၊ ကာယ, စိတ်နှင့် နှော”

“ငြိမ်း, ပေါ့, နူးညံ့၊ ကျန်းခံ့, လေ့လာ၊ ဖြောင့်စင်းစွာ၊ ခြောက်ဖြာ ကိစ္စဟော”

“သောဘဏတွင် အကုန်ယှဉ်၊ ဤလျှင် ဆယ့်ကိုး သော”

အလောဘ၊ အဒေါသကို ‘ဟိတ် နှစ်ရပ်’ ဆိုသည်။ ‘သဒ္ဓါ’၊ ‘သတိ’၊ ‘ဟိရီ’၊ ‘သြတ္တပ္ပ’၊ ‘အလောဘ’၊ ‘အဒေါသ’၊ ‘တတြမဇ္ဈတ္တတာ’ ၇ ပါး။

ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ = ၁၂ ပါးနှင့် ပေါင်းသော် သောဘနသာဓာရဏစေတသိက် ၁၉ ပါး ဖြစ်၏။

သောဘနသာဓာရဏစေတသိက် ၁၉ ပါးတို့သည် သောဘနစိတ်များဖြစ်ကြသော -

ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ရူပါဝစရစိတ် ၁၅ ပါး၊ အရူပါဝစရစိတ် ၁၂ ပါး၊ လောကုတ္တရာစိတ် အကျဉ်း ၈ ပါး/အကျယ် ၄၀ = စုစုပေါင်း သောဘနစိတ် အကျဉ်း ၅၉ ပါး၊ အကျယ် ၉၁ ပါးတို့နှင့် ယှဉ်၏။


ဝိရတီစေတသိက် ၃ ပါး

ဝိရတီစေတသိက် ၃ ပါးမှာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ ဖြစ်၏။

ဝိရတီစေတသိက် ၃ ပါးတို့သည် ကာမာဝစရကုသိုလ်စိတ် ၈ ပါး၊ လောကုတ္တရာစိတ် ၈ ပါး သို့မဟုတ် ၄၀ နှင့် ယှဉ်၏။

လောကီဝိရတီ၊ လောကုတ္တရာဝိရတီ ခေါ်၏။

ကာမာဝစရကုသိုလ်စိတ်နှင့် ယှဉ်သောအခါ ၃ ပါးစလုံး တစ်ပြိုင်နက် မယှဉ်နိုင်။ တစ်ကြိမ်လျှင် တစ်ခုစီသာ ယှဉ်နိုင်၏။
လောကုတ္တရာစိတ်တွင်မူ ၃ ပါးစလုံး တစ်ပြိုင်နက် ယှဉ်၏။

“ကာမကု ရှစ်၊ လောကုတ်ရှစ်၊ ဖြစ်ရာ ဝိရတီ”

“ကာမကုမှာ၊ ယှဉ်တုံပါ၊ ရံခါ အသီးသီး”

“လောကုတ်ရှစ်မှာ၊ ယှဉ်တုံပါ၊ မြဲစွာ တစ်ပေါင်းတည်း”


အပ္ပမညာ ၂ ပါး

ကရုဏာ၊ မုဒိတာ

ကရုဏာမှာ ဒုက္ခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ သနားခြင်းသဘော၊ မုဒိတာမှာ သုခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော ဖြစ်၏။

ကရုဏာနှင့် မုဒိတာမှာ ကာမာဝစရကုသိုလ်စိတ် ၈ ပါး၊ ကာမာဝစရကြိယာစိတ် ၈ ပါး၊ ရူပါဝစရ ပထမဈာန် ၃ ပါး, ဒုတိယဈာန် ၃ ပါး, တတိယဈာန် ၃ ပါး, စတုတ္ထဈာန် ၃ ပါး = စုစုပေါင်း ၂၈ ပါးတို့၌ ယှဉ်၏။

ကရုဏာနှင့် မုဒိတာစေတသိက်တို့သည်လည်း အမြဲတမ်းယှဉ်ကြသည်မဟုတ်။ ရံခါသာ ယှဉ်ကြ၏။ ယှဉ်ပြန်ကလည်း အာရုံယူရာ မတူသောကြောင့် ၂-ခု တစ်ပြိုင်တည်း မယှဉ်နိုင်ပေ။

“မဟာကြိ ကု၊ ပ, ဒု, တ, စ၊ ရူပ ဆယ့်နှစ်၊ နှစ်ဆယ့်ရှစ်၊ ဖြစ်လေ ပမညာ”

“ကိစ္စအာရုံ၊ အခွင့်ကြုံ၊ ဖြစ်တုံ သီးသီးသာ”


ပညိနြေ္ဒ

အမောဟ

ဉာဏသမ္ပယုတ်နှင့်သာ ယှဉ်သောကြောင့် အကုသိုလ်စိတ်၊ အဟိတ်စိတ်များနှင့် မယှဉ်ပေ။

ကာမာဝစရသောဘနစိတ် ၂၄ ပါးအနက် ဉာဏသမ္ပယုတ်စိတ် ၁၂ ပါး၊ ရူပါဝစရ ၁၅ ပါး၊ အရူပါဝစရ ၁၂ ပါး၊ လောကုတ္တရာစိတ် ၈ သို့မဟုတ် ၄၀ = စုစုပေါင်း ၄၇ ပါး သို့မဟုတ် ၇၉ ပါးတို့၌ ယှဉ်၏။


+++++


အနိယတယောဂီ၊ နိယတယောဂီ

‘အနိယတ’ဆိုတာ အမြဲမဟုတ်တာကို ဆိုလိုတယ်။ ‘နိယတ’ကတော့ အမြဲပေါ့။

‘ဣဿာ’၊ ‘မစ္ဆရိယ’၊ ‘ကုက္ကုစ္စ’၊ ‘ဝိရတီ ၃ ပါး (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ)’၊ ‘အပ္ပမညာ ၂ ပါး (ကရုဏာ၊ မုဒိတာ)’၊ ‘မာန’၊ ‘ထိန’၊ ‘မိဒ္ဓ’ = အားလုံးပေါင်း ဒီ ၁၁ ပါးကို အနိယတယောဂီလို့ ခေါ်တယ်။

ဣဿာစေတသိက်ဟာ ဒေါသမူစိတ်ဖြစ်တိုင်း ဖြစ်တိုင်း ယှဉ်တာ မဟုတ်ဘူး။ သူများစည်းစိမ်ကို ငြူစူတဲ့အခါသာ ယှဉ်တယ်။
မစ္ဆရိယကလည်း နောင်တ ပူပန်တဲ့အခါမှာသာ ယှဉ်တယ်။ ဒေါသမူဖြစ်တိုင်း ယှဉ်တာ မဟုတ်ဘူး။

ဒီလိုပဲ ကုက္ကုစ္စ၊ ဝိရတီ ၃ ပါး၊ အပ္ပမညာ ၂ ပါး၊ မာန၊ ထိန မိဒ္ဓတို့လည်း ရံခါပဲ ယှဉ်တယ်။

ကျန် စေတသိက် ၄၁ ပါးကို နိယတယောဂီလို့ ခေါ်တယ်။ ဆိုင်ရာ စိတ်ဖြစ်တိုင်း ဖြစ်တိုင်းမှာ ယှဉ်တယ်။


+++++
အဘိဓမ္မာသင်တန်း အပတ်စဉ် (၁၃) ပို့ချချက်များ

Thursday, January 14, 2010

စိတ်၌ဖြစ်သော တရား (၃)


… အတူတူဖြစ်ကြတဲ့ နာမ်တရားတွေ။ အာရုံတစ်ခုတည်း ယူနေကြတဲ့ နာမ်တရားတွေထဲမှာ ဒါက စိတ်ပဲ၊ ဒါက စေတသိက်ပဲ … ဖဿပဲ … ဝေဒနာပဲလို့ ပြောဖို့ အင်မတန် ခဲယဉ်းတာကို မြတ်စွာဘုရား ဟောကြားတော်မူသွားတယ်။ အဲဒီလို ဟောကြားတော်မူသွားတာကို အာရုံပြုပြီးတော့ ဘုရားကို ပူဇော်သောအားဖြင့်လည်းပဲ အဘိဓမ္မာကို လေ့လာထိုက်တယ်။


ပြီးတော့လည်း အဘိဓမ္မာနားလည်ရင် ဘုရားစာဖတ်ရတာ ပိုပြီးတော့ နားလည်လိမ့်မယ်။ ပိုပြီးတော့ လေးလေးနက်နက် ဖြစ်လာလိမ့်မယ်။ အဘိဓမ္မာမတတ်ဘဲ ဖတ်တာနဲ့ အဘိဓမ္မာတတ်ပြီးမှ ဖတ်တာနဲ့ ကွာတာ ကိုယ့်ဘာသာကိုယ် သိလာလိမ့်မယ်။

တစ်ခါ ကိုယ်ကိုယ်တိုင် တရားထိုင်လာတဲ့အခါမှာ တွေ့တာ ကြုံလာတာတွေကျတော့လည်း အဘိဓမ္မာတတ်ထားရင် ပိုပြီးတော့ လေးလေးနက်နက် နားလည်တယ်၊ သိတယ်၊ အသိဉာဏ် ပိုပြီးတော့ ရှင်းတယ်။

ဒီ အဘိဓမ္မာဗဟုသုတကို ကိုယ့်နေ့စဉ် ဘဝမှာလည်းပဲ သုံးသွားရမယ်။
အခု ကုသိုလ်ဆိုတာ ဘာ … အကုသိုလ်ဆိုတာ ဘာ … သိပြီဆိုရင် အကုသိုလ်မဖြစ်အောင် တတ်နိုင်သမျှ ရှောင်ရမှာပေါ့။ ကုသိုလ်ကို ဖြစ်နိုင်သမျှ ကြိုးစားပြီး ဆည်းပူးရမှာပေါ့။

ရှေးတုန်းက အဘိဓမ္မာမသင်ခဲ့စဉ် ကုသိုလ် အကုသိုလ်ဆိုတာ သေချာ မသိခဲ့ကြဘူး။ သာမညလောက်သာ သိတယ် မဟုတ်လား။ တကယ့်တကယ်ကျတော့ မသိဘူး။

အဘိဓမ္မာတတ်လာပြီဆိုရင် ကုသိုလ် အကုသိုလ်ကို ခွဲခွဲခြားခြား တကယ် သိလာတယ်။ သိလာရင် သိတဲ့အလိုက် (အကုသိုလ်ကို) ရှောင်နိုင်တယ်။ (ကုသိုလ်ကို) ဆောင်နိုင်တယ်။

မြတ်စွာဘုရား ဟောတော်မူတဲ့ ဂါထာလေး ရှိတယ်။

“သဗ္ဗပါပဿ အကရဏံ၊
ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။” ဆိုတာ မဟုတ်လား။

“အလုံးစုံသော အကုသိုလ်ကို မပြုခြင်း၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်း၊ စိတ်ကို ဖြူစင်အောင် ထားခြင်း။”

ဒါ … မြတ်စွာဘုရားရဲ့ … မြတ်စွာဘုရားတွေရဲ့ အဆုံးအမပဲ။

အဘိဓမ္မာ မတတ်ရင် အဲဒီ အဆုံးအမလေးတောင်မှ ဘယ်လိုလုပ်ပြီး ပြည့်ပြည့်ဝဝ နားလည်မလဲ။
ဒါကြောင့် အဘိဓမ္မာတတ်ရတာ အလွန် ကျေးဇူးများတယ်။

(အရှင်သီလာနန္ဒာဘိဝံသ)


+++++


သမာဒါနဝိရတီ

‘သမာဒါန’ဆိုတာက ‘သံ’ရယ်၊ ‘အာ’ရယ်၊ ‘ဒါန’ရယ် ပေါင်းထားတာ။
ဆောက်တည်တယ် … ယူတယ်ဆိုတဲ့ အဓိပ္ပာယ် ထွက်တယ်။ သိက္ခာပုဒ် သီလယူထားတယ်၊ ဘုရားရှေ့မှာ ယူတယ်၊ ဘုန်းကြီးထံက ယူတယ် … အဲဒီလိုမျိုးကို ခေါ်တယ်။

ဒကာတစ်ယောက် တစ်နေ့ တောထဲ မသွားမီ ဘုန်းကြီးဆီမှာ သီလယူတယ်။ တောထဲရောက်တော့ စပါးကြီးမြွေက ပတ်တာ ခံရတယ်။ သူ့မှာလည်း ခုတ်ထစ်စရာ ဓားပါတယ်။ ပထမတော့ မြွေကြီးကို ခေါင်းဖြတ်ပြီး သတ်မယ်လို့ လုပ်သေးတယ်။

နောက်တော့ သူစဉ်းစားမိတယ်။ “သြော် … မနက်က ဆရာတော်ထံမှာ သီလယူခဲ့တယ်။ သီလယူခဲ့ပါလျက်နဲ့ သီလကို ချိုးလို့ မသင့်တော်ဘူး။ ကိုင်း … ဒီမြွေကြီးပတ်လို့ သေချင်သေပေစေတော့ … အသေသာခံမယ်။ ယူထားတဲ့ သိက္ခာပုဒ်ကို မချိုးတော့ဘူး”ဆိုပြီး ဓားကြီးကို လွှင့်ပစ်လိုက်တယ်။

အဲဒီလို လွှင့်ပစ်လိုက်ပြီးရော မြွေကြီးကလည်း ရစ်ပတ်ထားတာကို ဖြေပြီး တခြားထွက်သွားသတဲ့။

ဒီလို သိက္ခာပုဒ်ယူထားပြီးမှ ရှောင်တာမျိုးကို သမာဒါနဝိရတီလို့ ခေါ်တယ်။


သမုစ္ဆေဒဝိရတီ

မဂ်ရတဲ့အခါ ဖြစ်တဲ့ ဝိရတီ ဖြစ်တယ်။

မဂ်နဲ့ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက်ကြောင့် ရှောင်ကြဉ်ပြီး ဖြစ်သွားတယ်။ အရိယာပုဂ္ဂိုလ်တွေမှာသာ ရတဲ့ ဝိရတီဖြစ်တယ်။

မှတ်သားစရာကတော့ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဆိုတဲ့ ဒီဝိရတီစေတသိက် ၃-ပါးဟာ လောကီစိတ်တွေနဲ့ ယှဉ်တဲ့အခါ တစ်ခုခုသာ တစ်ကြိမ်တည်းမှာ ဖြစ်နိုင်တယ်။
ဆိုပါတော့ … သတ်တာကို မသတ်ဘဲ ရှောင်လိုက်ရင် သမ္မာကမ္မန္တပဲ ရှိမယ်၊ လိမ်ပြောစရာကို လိမ်မပြောဘဲ ရှောင်လိုက်ရင် သမ္မာဝါစာပဲ ရှိမယ်၊ အသက်မွေးဝမ်းကျောင်း ဒုစရိုက်မှ ရှောင်လိုက်ရင် သမ္မာအာဇီဝပဲ ဖြစ်မယ်။

လောကုတ္တရာစိတ်နဲ့အတူ ဖြစ်တဲ့အခါကျတော့ ၃-ခုစလုံး တစ်ပြိုင်နက် ဖြစ်တယ်။ အဲဒါ လောကုတ္တရာစိတ်ရဲ့ ဆန်းကြယ်ပုံပေါ့။


အပ္ပမညာ

အပ္ပမညာဆိုတာ အတိုင်းအရှည် မရှိသော သတ္တဝါပညတ်ကို အာရုံပြုသော စေတသိက်တဲ့။

အတိုင်းအရှည်ကို ပါဠိလို ‘အပမာန’လို့ ခေါ်တယ်။ အဲဒီလို အတိုင်းအရှည် မရှိသော သတ္တဝါပညတ်ကို အာရုံပြုတာကြောင့် ဒီစေတသိက်တွေကို အပ္ပမညာစေတသိက်လို့ ခေါ်တယ်။

အပ္ပမညာစေတသိက် ၂-ခုက ‘ကရုဏာ’နဲ့ ‘မုဒိတာ’ ဖြစ်တယ်။


ကရုဏာ

ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း သဘော။

ဒုက္ခိတဆိုတာ ဆင်းရဲခြင်းသို့ ရောက်နေသော သတ္တဝါ၊ ဒုက္ခရောက်နေတဲ့ သတ္တဝါပေါ့။ အဲဒီ ဒုက္ခရောက်နေတဲ့ သတ္တဝါကို အာရုံပြုပြီးတော့ သနားတဲ့ သဘောလေးကို ကရုဏာလို့ ခေါ်တယ်။

ဒီနေရာမှာ ‘သတ္တဝါ’လို့ ပြောလိုက်တာကြောင့် မရမတ္ထ မဟုတ်တော့ဘဲ ပညတ်ဖြစ်သွားတယ်။ တစ်ယောက်ယောက် ဒုက္ခရောက်နေပြီလို့ ကြားသိရရင် သနားတဲ့စိတ် ဖြစ်တတ်တယ် မဟုတ်လား၊ အဲဒါပဲ။

‘သနားတယ်’ဆိုတာ အဲဒီသတ္တဝါ လက်ရှိ ခံစားနေရတဲ့ ဆင်းရဲမှ လွတ်မြောက်စေလိုတဲ့ စေတနာ၊ လွတ်မြောက်စေလိုတဲ့ ဆန္ဒကို ခေါ်တယ်။

ပါဠိလို ကရုဏာပို့ “ဒုက္ခာမုဉ္စတု”၊ ဆင်းရဲမှ လွတ်ပါစေဆိုတာ ကြားဖူးမှာပေါ့။

ကရုဏာက သောဘနသာဓာရဏစေတသိက်၊ ကောင်းတဲ့ စေတသိက်တွေနဲ့သာ ယှဉ်တယ်။ မကောင်းတဲ့ စိတ်တွေနဲ့ မယှဉ်ဘူး။

ဒါကြောင့် သနားတာသာ ရှိရမယ်၊ သနားတာက ကျော်ပြီး စိတ်ဆင်းရဲမယ် ဒေါမနဿဖြစ်မယ်ဆိုရင် ကရုဏာမဟုတ်တော့ဘူး။
ဒီနိုင်ငံမှာ ကရုဏာက ကျော်လွန်ပြီးတော့ ဒေါမနဿထဲ ရောက်နေတာတွေ အများကြီး ရှိတယ်။ တိရစ္ဆာန်တွေကို ဓာတ်ခွဲခန်း စမ်းသပ်ခန်းတွေမှာ စမ်းတဲ့အခါကျတော့ မခံချင်ဘဲ ထအော်ကြ ဆူကြ … ဖြစ်တယ် မဟုတ်လား။ အဲဒါ ကရုဏာအစစ် မဟုတ်ဘူး။ ကရုဏာအတုပဲ။ ကရုဏာရဲ့ ရန်သူဟာ ဒေါမနဿပဲလို့ ပြောရတယ်။

ကရုဏာဆိုတာ ကောင်းတဲ့ စိတ်နေစိတ်ထား သက်သက်ပဲ။ ဆင်းရဲဒုက္ခ ရောက်နေ ခံနေရတဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခမှ လွတ်စေချင်တယ်။ ကရုဏာဆိုတာ ဒါပဲ။


မုဒိတာ

သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။

ကောင်းစားနေတဲ့ ပုဂ္ဂိုလ်ကို မြင်ရင် ကိုယ်က ဝမ်းမြောက်တယ်။ ဝမ်းမြောက်တယ်ဆိုတာဟာ ဒီပုဂ္ဂိုလ် ဒီအခြေအနေက မလျောကျပါစေနဲ့ဆိုတဲ့ ဆန္ဒ။ “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု”လို့ ပါဠိမှာ ဆိုကြတာ ရှိတယ်။

မုဒိတာက ဣဿာရဲ့ ဆန့်ကျင်ဘက်။ ဣဿာက သူများကောင်းစားတာကို မနာလိုဘူး။ မုဒိတာက သူများ ကောင်းစားတာကို ဝမ်းသာတယ်။

ကရုဏာဖြစ်ဖို့ လွယ်တယ်။ မုဒိတာဖြစ်ဖို့ ခက်တယ်။

ကရုဏာကို ဒုက္ခိတသတ္တဝါပညတ်သာမက ကောင်းစားနေတဲ့သူ၊ ရိုးရိုးလူ၊ သတ္တဝါတိုင်းကို ဒီဘဝထဲ ဒါမှမဟုတ် နောက်ဘဝ ဒုက္ခဆင်းရဲ ရောက်နိုင်တယ်၊ အိုခြင်း နာခြင်း သေခြင်း ဆင်းရဲတွေကိုလည်း မလွဲမသွေ ခံကြရမှာဖြစ်လို့ ကရုဏာပွားလို့ ရတယ်။
ဒီမှာ အပ္ပမညာ ၂ ပါးသာ ပြပြီး၊ ကမ္မဋ္ဌာန်းပိုင်းမှာ အပ္ပမညာ ၄ ပါးလို့ ဆိုလိမ့်မယ်။ အဒေါသ (မေတ္တာ), ကရုဏာ, မုဒိတာ, တတြမဇ္ဈတ္တတာ (ဥပေက္ခာ)။

အပ္ပမညာ ၄ ပါးနဲ့ ဗြဟ္မဝိဟာရ ၄ ပါး အတူတူပဲ။


အမောဟ
သူက ပညိနြေ္ဒ တစ်ခုတည်း ရှိတယ်။


ပညိနြေ္ဒ

အာရုံကို အမှန်အတိုင်း သိခြင်း သဘော။

ပညာ-သိတာ၊ ဣနြေ္ဒ-အစိုးရခြင်း
ပညိနြေ္ဒ - သိတဲ့နေရာမှာ အစိုးတရလည်း ဖြစ်တယ်၊ ပညာလည်း ဟုတ်တယ်။
(အာရုံကို အမှားသိတာကတော့ ဒိဋ္ဌိလည်း ဖြစ်နိုင်တယ်။ မောဟလည်း ဖြစ်နိုင်တယ်။)

ဒီမှာ ဆိုလိုတဲ့ ပညာက တကယ့်ကို ရုပ်နာမ်သဘောကို ထိုးထွင်းသိတဲ့ ပညာကို ဆိုလိုတယ်။

အမှန်အတိုင်းဆို သင်ကြားတဲ့ တတ်မြောက်တဲ့ ပညာတွေကို ပညာလို့ မခေါ်ဘူး။ ‘ဗဟုသုတ’ ဒါမှမဟုတ် ‘အတတ်’လို့သာ ခေါ်ရမယ်။

ပါဠိတော်တွေမှာ ပညာဆိုတဲ့ စကားလုံးကို ရုပ်နာမ်သဘောကို အမှန်အတိုင်း ထိုးထွင်း သိတာမျိုး၊ သစ္စာလေးပါးတရား, နိဗ္ဗာန်ကို ထိုးထွင်းပြီး သိတာမျိုး အဓိပ္ပာယ်နဲ့သာ အသုံးပြုတယ်။

ဒီပညာစေတသိက်ဟာ ဘယ်တော့မှ အကုသိုလ်စိတ်နဲ့ မယှဉ်ဘူး။ အဟိတ်စိတ်နဲ့ မယှဉ်ဘူး။
ကာမာဝစရသောဘနစိတ်ထဲမှာတောင် ဉာဏသမ္ပယုတ်နဲ့သာ ယှဉ်တယ်။ ဉာဏဝိပ္ပယုတ်နဲ့ မယှဉ်ဘူး။

ပညာကို မှောင်နေတဲ့ အခန်းထဲမှာ မီးထွန်းလိုက်လို့ လင်းသွားတာနဲ့ ဥပမာပေးတယ်။
ပညာပေါ်လာမှ ရုပ်နာမ်ရဲ့ သဘောတရားကို ထင်ထင်လင်းလင်း သိသွားလို့ ဖြစ်တယ်။

ပညိနြေ္ဒကို ပြည့်ပြည့်ဝဝ ဖြစ်ဖို့က တရားထိုင်ရမယ်။ စ,စချင်းတော့ မဖြစ်နိုင်ဘူးပေါ့။ သမာဓိဖြစ်ပြီးနောက် ပညာလာတော့တာပဲ။
ပညာကို အမောဟလို့လည်း ခေါ်တယ်။ ဉာဏ်လို့လည်း ခေါ်တယ်။ အတူတူပဲ။

ကဲ … အားလုံးပေါင်းလိုက်တော့ စေတသိက် ၅၂ ပါး ဖြစ်သွားပြီ။ အညသမန်းစေတသိက် ၁၃ ပါး၊ အကုသိုလ်စေတသိက် ၁၄ ပါး၊ သောဘနစေတသိက် ၂၅ ပါး။

ပရမတ္ထတရားတွေကို လေ့လာတဲ့အခါ တကယ့် အသေးစိတ် စစ်စစ်ပေါက်ပေါက် အဖက်ဖက်က နားလည်အောင် လေ့လာတဲ့အခါ ‘လက္ခဏာ’(အမှတ်အသား၊ သဘောလက္ခဏာ)အားဖြင့် နားလည်ရမယ်။ ‘ရသ’(အလုပ်လုပ်ပုံ၊ အကျိုး)အားဖြင့် နားလည်ရမယ်။ ‘ပစ္စုပဋ္ဌာန်’(ပေါ်လာတဲ့ ရင်မှာထင်လာတဲ့ အခြင်းအရာ)အားဖြင့် နားလည်ရမယ်။ ‘ပဒဋ္ဌာန်’(နီးသောအကြောင်း)အားဖြင့် နားလည်ရမယ်။ ဒီ ၄-မျိုးနဲ့ နားလည်ရမယ်။

ဒီ လက္ခဏာ၊ ရသ ပြောပြတဲ့ နေရာမှာ မဟာစည်ဆရာတော်ပေးတဲ့ ရှင်းပြတဲ့ ဥပမာလေး သိပ်ကောင်းတယ်။

…. ယောဂီကတော့ မြင်တာပဲ၊ သိလိုက်တာပဲ။ ဒါပေမယ့် ဒါဟာ လက္ခဏာပဲ … ဒါဟာ ရသပဲလို့ မသိလိုက်ဘူး။ ဘာနဲ့ တူသလဲဆိုရင် လျှပ်စီးလက်လိုက်တဲ့အခါ ကြည့်နေတဲ့သူဟာ လျှပ်စီးမြင်လိုက်သလားဆိုတော့ မြင်တယ်။ လျှပ်စီးက ဘယ်လို လက္ခဏာရှိသလဲ၊ ဘယ်လို အခြင်းအရာရှိသလဲ၊ လျှပ်စီးရဲ့အကြောင်းဟာ ဘယ်လိုလဲ မေးရင် သူပြောချင်မှ ပြောတတ်မှာ။
နားလည်သူတွေကတော့ ပြောလိမ့်မယ်။ လျှပ်စီးဆိုတာ တောက်ပတဲ့ လက္ခဏာရှိတယ်ပေါ့၊ ဝင်းသွားတယ်၊ ဝင်းလက်သွားတာနဲ့ အမှောင်ကို ပယ်ဖျောက်နိုင်တဲ့ ကိစ္စရှိတယ်။ သူ့ရသက အမှောင်ကို ပယ်ဖျောက်ခြင်း။ အခြင်းအရာက ကွေ့ကွေ့ကောက်ကောက် ဘာညာပေါ့။ နီးတဲ့အကြောင်းက လေ, မိုး, အပူဓာတ်, အအေးဓာတ် စသည်ပေါ့။ ….

အဲဒီလိုပဲ … တရားအားထုတ်တဲ့အခါ မြင်တော့ မြင်ကြတာပဲ။ ဒါပေမယ်လို့ တစ်ခါတလေ မသိလိုက်ဘူး။ တကယ် တရားထိုင်ပြီးတော့ ဂရုစိုက်ပြီး မှတ်လာပြီဆိုတဲ့အခါကျတော့ ဒီလိုဖြစ်ပါလား၊ ဒီလို အခြင်းအရာရှိပါလားလို့ သိလာတယ်။

အဲဒီလို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဒီ ၄-မျိုးနဲ့ နားလည်မှ ပြည့်ပြည့်ဝဝ နားလည်တယ် ဆိုရတယ်။
ကောင်းပြီ … အခု စေတသိက် ၅၂ ပါးစလုံး လေ့လာပြီးပြီ။ အဲဒီ ၅၂ ပါးမှာ ခပ်ဆင်ဆင် တူရာလေးတွေ ပြောရဦးမယ်။


ဝိတက်၊ စေတနာ၊ မနသိကာရ

ဒီသုံးခုဟာ ဆင်ဆင်တူတယ်။ သို့သော် သဘောတရားချင်း လက္ခဏာချင်း ကွဲတယ်။

ဝိတက်က ယှဉ်တရားတွေကို အာရုံပေါ် တင်ပေးတယ်။
စေတနာက တင်ပေးတဲ့ တရားတွေကို အာရုံနဲ့ တွဲကပ်နေအောင် ဆက်စပ်ပေးတယ်။
မနသိကာရက အာရုံဆီ ဖြောင့်ဖြောင့်တန်းတန်း သွားအောင် ထိန်းကျောင်းပေးတယ်။


လောဘ၊ ဆန္ဒ

လောဘ - လိုချင်မှုက ငြိကပ်မှု စေးကပ်မှု ပါတယ်။
ဆန္ဒ - လိုချင်မှုက ငြိကပ်မှု အစေးမပါဘူး။


သညာ၊ ဝိညာဉ်၊ ပညာ

သညာ - အာရုံကို မှတ်သိရုံမျှသာ ဖြစ်၏။ အနိစ္စ, ဒုက္ခ, အနတ္တဟု သိအောင် မစွမ်းနိုင်။
ဝိညာဉ် - အာရုံကိုလည်း သိ၏။ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာသုံးပါးကိုလည်း ထိုးထွင်း သိ၏။ သို့သော အဆင့်ဆင့်တက်၍ အရိယာမဂ်ဖြစ်ရန် မစွမ်းနိုင်။
ပညာ - အာရုံကိုလည်း သိ၏။ လက္ခဏာသုံးပါး ထိုးထွင်း သိ၏။ အဆင့်ဆင့်တက်၍ အရိယာမဂ် ဖြစ်၏။

ကျမ်းဂန်၌ ဥပမာပေးသည်မှာ ရွှေငွေရာပြတ်ပွဲမင်း၏ ပျဉ်ချပ်စားပွဲခုံ၌ တင်ထားသော ငွေအသပြာအစုကို ရောင်းဝယ်ရေး၌ သညာသိနှင့်တူသည့် အသိဉာဏ်မဖြစ်သေးသော သူငယ်တစ်ယောက်သည် ငွေအသပြာတို့၏ တို, ရှည်, ဝန်းဝိုင်း ပုံပန်းသဏ္ဍာန်မျှသာ သိ၏။ ပိုက်ဆံအဖြစ် သုံးရသည်ကိုမူ မသိ။

ဝိညာဉ်သိနှင့်တူသည့် ရွာသား ယောက်ျားကြီးတစ်ယောက်မှာမူ ပုံပန်းသဏ္ဍာန်ကိုလည်း သိ၏။ သုံးလို့ရသည်ကိုလည်း သိ၏။ အသပြာ၏ ငွေအစစ် ဖြစ်သည် မဖြစ်သည်ကိုမူ မသိ။

ရာပြတ်ပွဲမင်းနှင့်တူသည့် ပညာသိကမူ အသပြာစု၏ ပုံသဏ္ဍာန်၊ အသုံး၊ ဇစ်မြစ်အစုံ အကုန်သိ၏။


+++++

စေတသိက် ၅၂ ပါးတို့အကြောင်း လေ့လာပြီးသွားပြီဖြစ်ရာ စိတ်ယှဉ် စေတသိက်ယှဉ်တို့ကို သင်္ဂြိုဟ်လာ သမ္ပယောဂနည်း၊ သင်္ဂဟနည်းနှင့် ဝိသုဒ္ဓါရုံဆရာတော်ကြီး၏ မိဿကနည်းတို့အနက် သမ္ပယောဂနည်းဖြင့် စတင် လေ့လာကြရ၏။

+++++

ညနေ ၅ နာရီခွဲခန့်တွင် သင်တန်းပြီး၍ နာရီဝက်ခန့် အနားယူချိန် ပေး၏။


ညနေ ၆ နာရီတွင် စိန်စည်ဆရာတော်က သမဏနတ်သားအကြောင်း တရားတော်ကို ဟောကြား ချီးမြှင့်သွားပြီး ကောင်းမှု ကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု … သာဓု … သာဓု။


+++++
ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ sketch ကို ပန်းချီဆရာ A. K. Moe ရေးဆွဲ ပူဇော် ကျေးဇူးပြု၏။

Wednesday, January 13, 2010

အေဘီဘီအေ နှစ်သုံးဆယ် (၁) - မျှော်တော်ရောင်ဓာတ်ပေါင်းစုဘုရားရှိခိုး




အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ သက်တမ်းသည် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်၌ ၂၉ နှစ်သို့ ချဉ်းနင်း ဝင်ရောက်မည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် နှစ် ၃၀ မြောက် ပုလဲရတုသဘင် ဆင်ယင် ကျင်းပတော့မည်ဖြစ်ရာ အေဘီဘီအေ နှစ်သုံးဆယ် အမှတ်တရ စာစဉ်များကို အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။

ပထမဦး စာစဉ်အဖြစ် လောကချမ်းသာဆရတော်၏ “မျှော်တော်ရောင်ဓာတ်ပေါင်းစုဘုရားရှိခိုး”ကို ဖော်ပြလိုက်ပါသည်။

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဋ္ဌကြီး ဦးဟန်ကြူတို့သည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလထဲတွင် မဟာစည်သြဝါဒခံယူပွဲ တက်ရောက်ရန်နှင့် လောကချမ်းသာစေတီတော်၏ ထီးတော်ပင့်ဆောင်ရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြပါသည်။

ထိုခရီးမှ ပြန်လည် ရောက်ရှိကြပြီးနောက် ၂၀၀၇ ခု ဇန်နဝါရီလ ၇ ရက် နေ့စွဲဖြင့် လောကချမ်းသာဆရာတော် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။


+++++


မျှော်တော်ရောင်ဓာတ်ပေါင်းစုဘုရားရှိခိုး

မဏ္ဍေ သန္နိပတာ သဗ္ဗ၊ ဂဟေတွာ ဗုဒ္ဓရူပကံ၊
အာနုဘာဝံ ဒေဿသန္တိ၊ တာဟံ နမာမိ သာဒရံ။


(အသံထွက်)

(မန်ဒေ သန်နိပတာ သပ်ဗ၊ ဂဟစ်တဝါ ဗုဒ္ဓရူပကန်
အာနုဘာဝန် ဒတ်သေသန်တိ၊ တာဟန် နမာမိ သာဒရန်။)


မဏ္ဍေ - ဗောဓိညောင်ရွှေ၊ အောင်မဟေဟု၊ အောင်မြေတင့်ဆန်း၊ ပလ္လင်နန်း၌။
သန္နိပတာ - ထိန်ဝါပပ၊ ချိန်ခါကျသော်၊ ဗြဟ္မာသိကြား၊ လူနတ်များနှင့်၊ နဂါးဂဠုန်၊ ပြည်အစုံစုံတို့မှ၊ ကြွရောက် စည်းဝေးတော်မူလာကြကုန်သော။
သဗ္ဗာ ဓာတုယော - အဆင်းတော် အမျိုးမျိုး၊ တန်ခိုးတော် အထွေထွေ၊ ကြက်သရေအနန္တ၊ ပမာဏသုံးသွယ်၊ အရွယ်တော်သုံးပါး၊ ဓာတ်တော်ပေါင်းအများတို့သည်။
ဗုဒ္ဓရူပကံ - ပွင့်တော်မူစက၊ ရူပပုံဟန်၊ ဘုရားရှင်ပုံသဏ္ဍာန်တော်ကို။
ဂဟေတွာ - ဆောင်ယူတော်မူကြကုန်ပြီး၍။
အာနုဘာဝံ - တောက်ပြောင်ထိန်ထိန်၊ ခြောက်ရောင်ရှိန်တို့ဖြင့်။
ဂုဏံ - သိန့်သိန့်ကွန့်မြူး၊ တန်ခိုးတော်မြတ်အထူးကို။
ဒေဿသန္တိ - ကြည်နူးရွှင်ပြ၊ ဖူးမြင်ကြရအောင်၊ လွှတ်ထွက်၍ ပြတော်မူကြကုန်လတံ့။
တံ ဗုဒ္ဓရူပကံ - နောင်အနာဂတ်၊ ရောင်ဝါလျှပ်ပြီး၊ ရုပ်ဓာတ်ပေါင်းစုံ၊ ထိုကိုယ်တော်မြတ်ကြီး၏ သန္တာန်ပုံကို။
သာဒရံ - ယခုလို မျှော်တွေး ဆည်းကပ်၊ အဝေးရပ်မှ၊ လေးမြတ်ကြည်ညို၊ သဒ္ဓါစို၍။
အဟံ - ရောင်တော်ပြန်ပွဲ၊ ဝင်ခါနွှဲရန်၊ အားခဲငံ့မျှော်၊ တပည့်တော်သည်။
နမာမိ - ကောင်းမှုတွေ အနန္တရယ်နှင့်၊ တောင်းဆုချွေ ဝေဖန်သပြီး၊ မျှော်တအားကိုး၊ ယခုက အစပျိုး၍၊ လက်စုံမိုးခါ၊ ရှိခိုး ကန်တော့လိုက်ရပါတော့သည် အရှင်ဘုရား။


+++++


ဓာတ်တော်များ ပွားလာခြင်း

မိမိ (လောကချမ်းသာဆရာတော်)သည် မဟာစည် သြဝါဒခံယူပွဲ တက်ရောက်ပြီးနောက် မဟာစည်ရိပ်သာကြီးတွင် တည်းခို သီတင်းသုံးနေစဉ် ဒေါက်တာဦးလှမြင့်အောင်နှင့် တွေ့ဆုံခဲ့ရသည်။

ဆရာကြီး ဒေါက်တာဦးလှမြင့်အောင်သည် မိမိ အထက်လှန်အောက်လျော ဖြစ်သဖြင့် လာရောက် ကြည့်ရှု ဆေးကုသပေးခြင်း ဖြစ်သည်။ နေ့စဉ် နံနက်တိုင်း လာရောက်၍ သွေးစစ်၊ ဆီးချိုတိုင်းသည်။ သို့နှင့် ဆရာနှင့် ရင်းနှီးသွားသည်။

မိမိ နယူးဂျာစီပြည်နယ် အင်္ဂလစ်ရှ်တောင်း၊ မဟာစည်ရိပ်သာတွင် ဘုရားတည်နေသည်ကို သိရသဖြင့် သူ၏ ဘုရား ရဟန္တာ ဓာတ်တော်များကို ဌာပနာရန် လှူဒါန်းလိုကြောင်း ဆရာက လျှောက်ထားခဲ့သည်။

ဤဓာတ်တော်များ ရရှိပုံကိုလည်း ပြောပြသည်။ ဓာတ်တော်များကို ပင့်ဖိတ်လျှင် ကြွရောက်လာကြောင်း ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိသဖြင့် ပင့်ဖိတ်ခဲ့ရာ သူ၏ အိမ်ကို ဓာတ်တော်များ အလိုလို ကြွရောက်လာခဲ့ကြောင်း ပြောပြ၏။ မိမိအနေဖြင့်လည်း တစ်ခါမျှ ဒီလို မကြားဖူးသောကြောင့် အံ့သြမိ၏။

မိမိ နယူးယောက် ပြန်ခါနီးမှာ ဓာတ်တော်ငါးဆူကို ဌာပနာရန် ပူဇော်လိုက်ပါသည်။

နယူးယောက် ရောက်ပြီးနောက် တစ်ပတ်အကြာမှာ ဓာတ်တော်များ ပွားလာသည်ကို တွေ့ရသဖြင့် မိမိမှာ ကြည်နူး ဝမ်းသာစိတ်တွေ ဖြစ်နေခဲ့ရပါသည်။

လောကချမ်းသာစေတီတော်ကြီး၏ အံဖွယ် တန်ခိုးတွေပါတကားဟု ဘုရားဒကာ ဘုရားဒကာမများလည်း ကြည်နူး ဝမ်းသာအားရ ဗုဒ္ဓါရမ္မဏ ပီတိစိတ်များ ခံစားနိုင်ကြပါစေသတည်း။


လောကချမ်းသာ အရှင်ဣန္ဒက

စိတ်၌ဖြစ်သော တရား (၂)


“ဆရာတော်ဦးသီလာနန္ဒဟာ အင်မတန် ဉာဏ်ပညာ ကြီးမားသူ ဖြစ်တယ်။ သူ့ကြည့်လိုက်ရင် အနေအထိုင်က ရိုးရိုးအေးအေးဆိုတော့ အကြောင်းမသိသူတွေက သူ့ကို မသိ မတတ်သူတစ်ယောက်ဆိုပြီး အထင်သေးချင် သေးနိုင်တယ်။ ဆရာတော်ဟာ ပါဠိ၊ သက္ကတ၊ အင်္ဂလိပ် ဘာသန္တရ စွယ်စုံရ ကျွမ်းကျင်သူ ဖြစ်တယ်။ ပရိယတ္တိစာပေနဲ့ပတ်သက်ရင် ခဲရာခဲဆစ်တွေကို အမြဲ ကြံဆ လေ့လာနေသူတစ်ဦး ... လေ့လာထားသူတစ်ဦးလည်းဖြစ်တော့ စစ်မြေပြင်မှာ ရဲရဲရင့်ရင့် ဝံ့ဝံ့ကြွားကြွား ရပ်တည်နေတတ်တဲ့ စစ်ဘုရင် စစ်ဗိုလ်မှူးကြီးတစ်ဦးသဖွယ် ရင်ဆိုင် ဖြေရှင်းပေးနိုင်သူတစ်ဦး ဖြစ်တယ်။

သူ သင်ကြားပို့ချခဲ့တာလေးတစ်ခု သူလုပ်ခဲ့တာလေးတစ်ခု မပျောက်ပျက်သွားဘဲ အစဉ်အဆက် ကျန်ရစ်ခဲ့စေချင်တာကြောင့် ခုလို အဘိဓမ္မာသင်တန်းလေး လုပ်ပေးနေတာ ဖြစ်တယ်။”

လောကချမ်းသာဆရာတော်က ယခုတစ်ပတ် သင်တန်းအစတွင် ဆရာတော်ဦးသီလာနန္ဒာဘိဝံသနှင့် ပတ်သက်၍ မိန့်ကြားသွားခဲ့ခြင်း ဖြစ်၏။


+++++


တစ်ပတ်လျှင် တစ်ရက် တစ်နာရီ သင်တန်းမျှဖြင့် အားရခြင်း မရှိကြသော သင်တန်းသူ သင်တန်းသား အများစု၏ တောင်းဆိုမှုကြောင့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၉ ရက် စနေနေ့ အဘိဓမ္မာသင်တန်းကို မွန်းလွဲ ၁ နာရီအချိန်မှ စ၍ လေ့လာ သင်ယူခဲ့ကြသည်။

စုစုပေါင်း သုံးပတ်စာ သုံးနာရီ သင်တန်းပို့ချချက်များကို နာယူနိုင်ခဲ့ကြ၏။ ၁၁ ပတ်မြောက်၊ ၁၂ ပတ်မြောက်၊ ၁၃ ပတ်မြောက် သင်တန်းပို့ချချက်များကို လေ့လာ မှတ်သားခဲ့ကြရ၏။


+++++


အကုသိုလ်စေတသိက် ၁၄ ပါး

အကုသိုလ်စေတသိက်ဆိုတာက မြန်မာလို ရိုးရိုးပြောရင် မကောင်းတဲ့ စေတသိက်ပေါ့။
အကုသိုလ်စေတသိက်ဆိုကတည်းက ဒီစေတသိက်တွေဟာ အကုသိုလ်စိတ်နဲ့ပဲ ယှဉ်တယ်။ အကုသိုလ်စိတ် ၁၂ ပါးနဲ့ ဒီစေတသိက် ၁၄ ပါး ယှဉ်မယ်။


မောဟ

မောဟဆိုတာ အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်း သဘော … တွေဝေတယ်လို့လည်း သုံးတယ်။
အာရုံရဲ့ သဘောကို အမှန်အတိုင်း မမြင်ရအောင် ဖုံးကွယ်တားတာ။

နောက်တနည်း မသိခြင်းလို့လည်း ပြန်ကြတယ်။ အမှန်အတိုင်း မသိတာ၊ အမှားကို သိတာ မောဟလို့ ခေါ်တယ်။

ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပြောရင် မောဟနဲ့ အဝိဇ္ဇာ အတူတူပဲ။ သစ္စာလေးပါး မသိအောင် ဖုံးကွယ်တာတို့၊ သံသရာရဲ့ ရှေ့အစွန်း နောက်အစွန်း စသည် မမြင်အောင် ဖုံးကွယ်တာတို့လည်း ပါတယ်ပေါ့။ မောဟကို အဝိဇ္ဇာလို့လည်း ခေါ်တယ်။

မောဟက တိမ်နဲ့ တူတယ်။ တိမ်ဖုံးထားရင် နောက်က ဝတ္ထုပစ္စည်းကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မမြင်ရသလို မောဟဖုံးထားပြီဆိုရင် အမှန်အတိုင်း မမြင်တော့ဘူး။

ဒီမောဟကြောင့် သတ္တဝါတွေ အမြင် မမှန်တာ။ ဘာပဲ မြင်လိုက် မြင်လိုက် သူက ဖုံးပြီးသားဖြစ်တော့ ဖုံးထားလိုက်တော့ အမှားချည်း မြင်နေကြတော့တာ။


အဟိရိက

ဒုစရိုက်တို့မှ မရှက်ခြင်း သဘော။


အနောတ္တပ္ပ

ဒုစရိုက်မှ မကြောက်လန့်ခြင်း သဘော။


အဟိရိကနဲ့ အနောတ္တပ္ပကို တစ်တွဲ ထားကြစို့။

‘သူများအသက်သတ်တာ’၊ ‘သူ့ဥစ္စာခိုးတာ’၊ ‘သူ့အိမ်ရာပြစ်မှားတာ’ဆိုတဲ့ ခန္ဓာကိုယ်နဲ့ မှားမှားယွင်းယွင်း ပြုတဲ့ ‘ကာယဒုစရိုက် သုံးပါး’၊ ‘လိမ်ပြောတယ်’, ‘ကုန်းတိုက်တယ်’, ‘ကြမ်းတမ်းတဲ့ စကားတွေ သုံးတယ်’, ‘အနက်အဓိပ္ပာယ်ကင်းမဲ့ပြီး သိမ်ဖျင်းတဲ့ စကားတွေ ပြောတယ်’ဆိုတဲ့ နှုတ်နဲ့ မှားမှားယွင်းယွင်း ပြုတဲ့ ‘ဝစီဒုစရိုက် လေးပါး’တွေကို ပြုရမှာ မရှက်တဲ့ သဘောက ‘အဟိရိက’၊ ပြုရမှာ မကြောက်တဲ့ သဘောက ‘အနောတ္တပ္ပ’။

အဟိရိကကို မစင်စားရမှာ မရှက်တဲ့ ရွာသူ့ဝက်နဲ့ ဥပမာ ပေးတယ်။

အနောတ္တပ္ပကို မီးမြင်ရင် မီးထဲတိုးတဲ့ ပိုးပရံ (အများက ပိုးဖလံလို့ ခေါ်ကြတယ်)နဲ့ ဥပမာ ပြုတယ်။

ဒီနှစ်ခုဟာ အမှန်ကတော့ တစ်ခုဖြစ်ရင် တစ်ခုပါတာပဲ။ မရှက်ရင် မကြောက်တာပဲ၊ မကြောက်ရင် မရှက်တာပဲ။ ရှုထောင့်လေး နည်းနည်းကွဲသွားတာ။


ဥဒ္ဓစ္စ

စိတ်၏ မငြိမ်သက်ခြင်း ပျံ့လွင့်ခြင်း သဘော။ အာရုံနဲ့ စိတ်နဲ့ မဟပ်မိတာ၊ မကပ်မိတာကို ဆိုလိုတယ်။

အာရုံပြုလိုက်တယ် … တရားထိုင်တဲ့အခါ ပိုသိသာတယ် … ထွက်သက် ဝင်သက် မှတ်တယ်ဆိုရင် ထွက်သက် ဝင်သက်ကို မှတ်လို့ ကောင်းကောင်း မရဘူး။ ဟိုရောက်နေသလိုလို ဒီရောက်နေသလိုလို … တစ်ခြားကို တိတိကျကျကြီး ရောက်သွားတာလည်း မဟုတ်ဘူး။ ဒီအာရုံပေါ်မှာ မှတ်ရတာ အားရပါးရ မရှိတာ။ အဲသလိုဟာမျိုးကို ပျံ့လွင့်တယ်လို့ သုံးတယ်။ စိတ်ပျံ့လွင့်တယ် ဥဒ္ဓစ္စဖြစ်တယ်လို့ ဆိုတယ်။

ဥဒ္ဓစ္စကို ဥပမာ အမျိုးမျိုး ပေးတယ်။

‘လေနည်းနည်းတိုက်တဲ့အခါ နည်းနည်းလေး လှုပ်နေတဲ့ ရေပြင်’၊ ‘လေတိုက်တဲ့အခါ မငြိမ်မသက် လွင့်နေတဲ့ အလံ’၊ ‘ပြာပုံထဲ ခဲကြီးပစ်ချလိုက်တော့ ထလာတဲ့ ပြာ’ စသည်နဲ့ ဥပမာပေးတယ်။

“မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ” ဒီလေးခုဟာ အမြဲတမ်း တွဲလျက် ဖြစ်တယ်။
အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ဒီလေးခု ပါတယ်။ ဘယ်အကုသိုလ်စိတ်ဖြစ်ဖြစ် ဒီသဘောလေးတွေ ပါတာချည်းပဲ။ ဒါကြောင့်မို့ ဒီလေးခုကို တစ်တွဲထားတယ်။


လောဘ

အာရုံ၌ လိုချင် ကပ်ငြိခြင်း သဘော။ လောဘဆိုတာ လူတိုင်း နားလည်တဲ့ မြန်မာစကား ဖြစ်နေပြီ။ လိုချင်တာ ကပ်ငြိတာ တွယ်တာတာ စသည်ဖြင့် သုံးကြပါတယ်။

လောဘကို မျောက်နှဲစေးနဲ့ ဥပမာပေးတယ်။
မျောက်နှဲစေးဆိုတာ ရှေးတုန်းက မုဆိုးတွေ မျောက်ဖမ်းတဲ့အခါ သုံးတဲ့ သစ်ပင်ကထွက်တဲ့ ပြောင်ပြောင်လက်လက် အစေးတစ်မျိုးဖြစ်တယ်။ ပြောင်ပြောင်လက်လက်ရှိတော့ အင်မတန် ဆော့တတ်တဲ့ မျောက်က ပြောင်ပြောင်လက်လက်ကို လက်နဲ့ လာကိုင်လိုက်ရင် ခွာမရဘူး။ ခွာမရတော့ နောက်လက်တစ်ဖက်နဲ့ တွန်းခွာ၊ အဲဒီလက်ပါ ကပ်နေ။ နောက် ခြေထောက်နှစ်ခု၊ ပါးစပ်၊ ဗိုက် စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ၆ ခုစလုံး သွားကပ်နေတော့တယ်။

လောဘကလည်း အာရုံ ၆ ပါးမှာ ကပ်ငြိတာ။ လောဘကပ်ငြိလိုက်ရင် ခွာမရတော့ဘူး။

တခြား ဥပမာတွေလည်း ပေးသေးတယ်။

‘ပူနေတဲ့ အိုးကင်းထဲ ပစ်ထည့်လိုက်တဲ့ အသားတုံး … ကပ်သွားတာမျိုး’၊ ‘ချွတ်မရအောင် စွန်းသွားတဲ့ ဆီဆေးလိုမျိုး’တဲ့။


ဒိဋ္ဌိ

မှားမှားယွင်းယွင်း သိခြင်း သဘော။ အယူမှားခြင်း သဘော။

မမြဲတာကို မြဲတယ်လို့ သိနေတယ်၊ မချမ်းသာတာကို ချမ်းသာတယ်လို့ သိနေတယ်၊ သတ္တဝါ သေပြီးရင် ပြတ်သွားတာပဲဆိုတဲ့ ဥစ္ဆေဒဆိုတဲ့ အယူမျိုးတွေ၊ သတ္တဝါဟာ အမြဲတမ်း မပျက်မစီး တစ်ဘဝမှ တစ်ဘဝ သွားနေတယ်ဆိုတဲ့ သဿတအယူမျိုးတွေ၊ ကံ,ကံ၏အကျိုး မရှိဘူး ယူတာမျိုးတွေ စတဲ့ အယူမှားတွေဟာ ဒိဋ္ဌိပဲ။

ဒိဋ္ဌိရဲ့ မူရင်းအဓိပ္ပာယ်က ‘အမြင်’ပဲ။
အမြင်ဆိုတာ ‘မှန်ကန်တဲ့ အမြင်’(သမ္မာဒိဋ္ဌိ)လည်း ဖြစ်နိုင်တယ်၊ ‘မှားယွင်းတဲ့ အမြင်’(မိစ္ဆာဒိဋ္ဌိ)လည်း ဖြစ်နိုင်တယ်။ များသောအားဖြင့် ဒိဋ္ဌိဆိုတဲ့ အသုံးကို မှားတဲ့အယူမှာပဲ သုံးတယ်။


မာန

ထောင်လွှားတက်ကြွခြင်း သဘော။

ကောင်းစားနေတဲ့အခါ မာနဖြစ်တတ်သလို နိမ့်ကျတဲ့အခါလည်း နိမ့်ကျတဲ့အလိုက် မာနဖြစ်တတ်တယ်။

မာနကို အထက်မှာပဲ နေတဲ့၊ အများအပေါ်က ကြွားကြွားရွားရွားနေတဲ့ တံခွန်အလံနဲ့ ဥပမာပေးတယ်။

ဒီ “လောဘ၊ ဒိဋ္ဌိ၊ မာန” သုံးခုကိုလည်း လောဘမူစိတ်နဲ့သာ ယှဉ်တာကြောင့် တစ်စု တစ်တွဲ ထားတယ်။


ဒေါသ

ခက်ထန် ကြမ်းတမ်းခြင်း သဘော။ ပြစ်မှားခြင်း သဘော။

ဒေါသဖြစ်လာရင် လူဟာ ခက်ထန် ကြမ်းတမ်းလာတာ ထင်ရှားပါတယ်။ ရိုးရိုးနေတုန်းက မပြောဝံ့တဲ့ စကား၊ မလုပ်ဝံ့တဲ့ အလုပ်တွေ ဒေါသဖြစ်ရင် ပြောဝံ့ လုပ်ဝံ့လာတယ်။

နည်းနည်း အရိုက်ခံရလို့ ရှူးရှူးရှဲရှဲ ဒေါသထွက်တဲ့ မြွေနဲ့တူတယ်လို့ ဥပမာပြုတယ်။

ဒီဒေါသဟာ မိမိတည်ရာကို ပြန်ပြီး လောင်တတ်သတဲ့။ ကိုယ့်သန္တာန်မှာ ဒေါသဖြစ်တယ်ဆိုရင် ကိုယ့်စိတ်ကို လောင်လိုက်တာပဲ။

ဒီနေရာမှာ ‘ဒေါသ’နဲ့ ‘ဒေါမနဿ’ မတူတာကိုလည်း သတိပြုရမယ်။ ‘ဒေါမနဿ’က စိတ်ရဲ့ခံစားမှု ဝေဒနာဖြစ်ပြီး ‘ဒေါသ’က သီးခြား စေတသိက်တစ်ခု ဖြစ်တယ်။


ဣဿာ

သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်း သဘော။ ငြူစူတယ်ဆိုတာ သူများကောင်းစားနေတာကို မနာလိုတာ။


မစ္ဆရိယ

မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုခြင်း သဘော။ မိမိပစ္စည်း သူတစ်ပါးနဲ့ ဆက်ဆံမှာ မခံနိုင်တာကို ဆိုလိုတယ်။

ကိုယ်က အဆင်းလှတယ်၊ အမျိုးကောင်းတယ်၊ လာဘ်လာဘ ပေါများတယ်ဆိုရင် သူများ အဆင်းလှတာ၊ သူများ အမျိုးကောင်းတာ၊ သူများ ပိုက်ဆံရှိတာကို မခံနိုင်တဲ့ သဘောပဲ။ ဒေါသသဘောပါတယ်။


ကုက္ကုစ္စ

ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့၌ နောင်တတစ်ဖန် ပူပန်ခြင်း သဘော။

ဒီ “ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ” လေးခုက တစ်စု။ ဒေါသမူစိတ်တွေနဲ့ပဲ ယှဉ်တယ်။


ထိန

စိတ်၏ ထိုင်းမှိုင်းခြင်း သဘော။


မိဒ္ဓ

စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း သဘော။


ဒါကတော့ အလွန်သိခဲပါတယ်။ မြတ်စွာဘုရားမို့ ဟောနိုင်တာ။ စိတ်နဲ့ စေတသိက်ကို ခွဲခြား သိဖို့ အလွန်ခဲယဉ်းတယ်။
တကယ့် လက်တွေ့မှာ ဒီနှစ်ခုကို ကွဲကွဲပြားပြား သိဖို့ မလွယ်ဘူး။
ထိုင်းမှိုင်းတာတော့ သိတယ်။ အိပ်ချင်လာတဲ့အခါ ထိနမိဒ္ဓဝင်လာတာပဲ။
ဒါကြောင့် တရားထိုင်တဲ့အခါ အိပ်ချင်ရင် ထိနမိဒ္ဓဝင်လာပြီဆိုပြီး တိုက်ထုတ်ရတာ။
အိပ်ချင်လာရင် ဒီနှစ်ခု လာတာပဲလို့ မှတ်ထားပေါ့။ အိပ်ချင်လာပြီဆိုရင် ကုသိုလ်စိတ် မဟုတ်ဘူးနော်၊ မှတ်ထားကြ။


ဝိစိကိစ္ဆာ

ဘုရား စသော အာရုံ၌ ယုံမှားခြင်း သဘော။

ဘုရားဟာ အလုံးစုံသော တရားတွေကို သိတယ်ဆိုတာ ဟုတ်မှဟုတ်လေရဲ့လား၊ တရားကျင့်လို့ ကိလေသာကင်းတယ်ဆိုတာ ဟုတ်မှဟုတ်လေရဲ့လား၊ မြတ်စွာဘုရားဟောတဲ့အတိုင်း ကျင့်တဲ့ သံဃာရှိတယ်ဆိုတာ ဟုတ်မှဟုတ်လေရဲ့လား စသည် ယုံမှားတာတွေ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီး ယုံမှားတာတွေ ဝိစိကိစ္ဆာလို့ ခေါ်တယ်။

ဝိစိကိစ္ဆာဟာ မောဟသဘောဖြစ်တဲ့အတွက်ကြောင့် မောဟမူစိတ်တွေနဲ့သာ ယှဉ်လိမ့်မယ်။

ကောင်းပြီ ... အကုသိုလ်စေတသိက် ၁၄ ပါးကို ပြန်ရေတွက်ရရင် -

- “မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ” ဒီ ၄-ခု တစ်တွဲ မှတ်ထား၊
- “လောဘ၊ ဒိဋ္ဌိ၊ မာန” ဒီ ၃-ခု တစ်တွဲ မှတ်ထား၊
- “ဒေါသ၊ ဣသာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ” ဒီ ၄-ခု တစ်တွဲ၊
- ‘ထိန’၊ ‘မိဒ္ဓ’၊ ‘ဝိစိကိစ္ဆာ’ အားလုံး ပေါင်းလိုက်ရင် ၁၄ ခု၊ ဒီ ၁၄ ခုကို အကုသိုလ်စေတသိက် ခေါ်တယ်။


+++++


သောဘနစေတသိက် ၂၅ ပါး

သောဘနစေတသိက် ၂၅ ပါး ရှိတယ်။

သောဘနရဲ့ အဓိပ္ပာယ်က တင့်တယ်တယ်၊ လှပတယ်။ တင့်တယ်တဲ့ စေတသိက် ၂၅ ပါးပေါ့။

အဲဒီ ၂၅ ပါးကို သောဘနသာဓာရဏစေတသိက် ၁၉ ပါး၊ ဝိရတီစေတသိက် ၃ ပါး၊ အပ္ပမညာ ၂ ပါး၊ အမောဟ ၁ ပါး ဆိုပြီး အစုလေးတွေ ခွဲထားတယ်။


သောဘနသာဓာရဏစေတသိက် ၁၉ ပါး

သောဘနစိတ်တွေအားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်တွေ ဖြစ်တယ်။
ကာမာဝစရကုသိုလ်စိတ်၊ ရူပါဝစရကုသိုလ်စိတ်၊ အရူပါဝစရကုသိုလ်စိတ်၊ လောကုတ္တရာစိတ်တွေ ဖြစ်ရင် ဒီ ၁၉ ခုက ယှဉ်လိမ့်မယ်။ သောဘနစိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း သူက ယှဉ်လိမ့်မယ်။


သဒ္ဓါ

ဘုရား စသော အာရုံ၌ ယုံကြည်ခြင်း သဘော။

ဘုရား တရား သံဃာ စသည်မှာ ဆုံးဆုံးဖြတ်ဖြတ်နဲ့ ယုံကြည်တာကို ဆိုလိုတယ်။

ဒီသဒ္ဓါက စိတ်ကို ကြည်စေတတ်တဲ့ သဘော လက္ခဏာ ရှိတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ ဖြစ်လာရင် စိတ်ဟာ ကြည်လင်သွားတယ်။

သဒ္ဓါကို စကြာမင်းကြီးရဲ့ ရေကို ကြည်စေတတ်တဲ့ ပတ္တမြားရတနာနဲ့ ဥပမာပေးတယ်။

အန္တရာယ်ရှိတဲ့ မြစ်တစ်ခုရဲ့ တစ်ဖက်ကမ်းကို ဦးဆောင်ပြီး ကူးဖြတ်တဲ့ ရဲရင့်တဲ့သူနဲ့လဲ နှိုင်းတယ်။ သဒ္ဓါတရားရှိရင် ကုသိုလ်ကောင်းမှုတစ်ခုခု ပြုစရာအတွက် တွန့်ဆုတ်မနေဘူး၊ သူက ဦးဆောင် ဆွဲခေါ်သွားလို့ပဲ။

လိုချင်တဲ့ ပစ္စည်းကို ကောက်ယူနိုင်တဲ့ လက်နဲ့လဲ ဥပမာပေးတယ်။ လက်ရှိမှ ကိုယ်လိုချင်တဲ့ပစ္စည်း ကောင်းတဲ့ပစ္စည်းကို ကောက်ယူနိုင်သလို သဒ္ဓါတရားရှိမှ ကောင်းမှုကုသိုလ် ပြုနိုင်တယ်။

သဒ္ဓါတရားကို သူတော်ဥစ္စာလို့ ဟောထားတဲ့ နေရာလဲ ရှိတယ်။ သူတော်ကောင်းဥစ္စာ ၇-ပါးမှာ သဒ္ဓါတရားဟာ တစ်ခု အပါအဝင်ပဲ။

သဒ္ဓါတရားကို မျိုးစေ့နဲ့လဲ ခိုင်းနှိုင်းသေးတယ်။ သဒ္ဓါတရားကနေပြီး ကုသိုလ်အပင်တွေ ထပေါက်နိုင်လို့ပဲ။


သတိ

ဘုရား စသော အာရုံ၌ အမှတ်ရခြင်း သဘော။

အဘိဓမ္မာမှာ လာတဲ့ သတိက ကောင်းတာအမှတ်ရတာကို ခေါ်တယ်။ ဘုရား တရား သံဃာ သတိရတယ်။ တရားထိုင်ဖို့ သတိရတယ်။ လှူဖို့ တန်းဖို့ သတိရတယ်။ သီလဆောက်တည်ဖို့ သတိရတယ်။ အဲဒီလို အမှတ်ရတာမျိုးကို သတိလို့ ခေါ်တယ်။

ငါးမျှားသွားရမှာ သတိရတာတို့၊ တောလိုက်သွားရမှာ သတိရတာတို့က သညာဖြစ်တယ်။ မှားတဲ့သညာ, အကုသိုလ်သညာ, မိစ္ဆာသညာပဲ။


ဟိရီ

ဒုစရိုက်မှ ရှက်ခြင်း သဘော။

အဟိရိက (ဒုစရိုက်ပြုရမှာ မရှက်ခြင်း)နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။

လူတွေက ‘ဟိရီ’လို့လဲ ခေါ်တယ်၊ ‘ဟီရိ’လို့လဲ သုံးတယ်။ ပါဠိကိုဖတ်ရင် အရှိအတိုင်း ဖတ်ရတယ်။ ‘ဟိရီ’လို့ပဲ ဆိုရတယ်။ ‘ဟီရိ’ဆိုပြီး အမှားနှုတ်တက်နေတာတွေ အလွန်များတယ်။

ဟိရီကို ဘာနဲ့ ဥပမာပေးသလဲဆိုတော့ ကိုယ့်ကိုကိုယ် အာရုံပြုပြီးတော့ မကောင်းမှုမှ ရှက်တတ်တဲ့ အမျိုးသမီးကောင်းနဲ့ ဥပမာပေးတယ်။
ငါလို ပုဂ္ဂိုလ်မျိုးဟာ ဒါမျိုး မလုပ်ထိုက်ဘူး။ ငါလို အမျိုးသမီးဟာ မတော်တရော် မလုပ်ထိုက်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ပြန်စဉ်းစားပြီးတော့ စောင့်စည်းမှုရှိသွားတယ်။ ဒါကြောင့်မို့ အမျိုးသမီးကောင်းနဲ့ ဥပမာပေးတာ။


သြတ္တပ္ပ

ဒုစရိုက်မှ ကြောက်လန့်ခြင်း သဘော။

အနောတ္တပ္ပရဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။

ကိုယ်ဝန်ရှိရင် သူ့ဆီလူမလာမှာစိုးတာ ကြောက်တဲ့ … သူတစ်ပါး ကဲ့ရဲ့မှာစိုးတဲ့ ပြည့်တန်ဆာမလို ဥပမာပေးတယ်။

ဒါကြောင့်မို့ ဟိရီကို အမျိုးကောင်းသမီးနဲ့ ဥပမာပေးတယ်။ သြတ္တပ္ပကို ပြည့်တန်ဆာမနဲ့ ဥပမာပေးတယ်။

အမျိုးကောင်းသမီးက ကိုယ့်ကိုကိုယ် ဆင်ခြင်ပြီး မကောင်းမှု မလုပ်ဘူး။ ပြည့်တန်ဆာမကလဲ သူများတွေအတွက် သူ့အနေနဲ့ မလုပ်ထိုက်တာ မလုပ်ဘူး။ အဲသလို ဥပမာပေးတယ်။

ဒီ ဟိရီနဲ့ သြတ္တပ္ပ ၂-ပါးကို ‘လောကပါလတရား’လို့ ခေါ်တယ်။
လောကကြီးကို စောင့်ရှောက်တတ်တဲ့ တရား၊ လောကရဲ့ အစောင့်အရှောက်တရား။
ဒီ ၂-ပါ မရှိဘူးဆိုရင် လူ့လောက ပရမ်းပတာ ဖြစ်လာမယ်။


အလောဘ

အာရုံ၌ မကပ်ငြိ မလိုချင်ခြင်း သဘော။

သစ်ရွက်ပေါ်မှာ တင်နေတဲ့ ရေပေါက်ကလေးနဲ့ တူတယ်တဲ့။ သူက ကပ်ငြိမနေဘူး။ ဟိုပြေး ဒီလိမ့်နဲ့။

ကိလေသာမှ ကင်းလွတ်ပြီးသား ရဟန်းနဲ့လဲ ဥပမာပေးတယ်။ ကိလေသာကင်းပြီး ရဟန်းမှာ ဘာတွယ်တာမှုမှ မရှိသလိုပဲတဲ့။

အညစ်အကြေးထဲ ကျသွားတဲ့သူဟာ အဲဒီ အညစ်အကြေးပေါ်မှာ တွယ်တာမှုမရှိဘဲ ချက်ချင်း ပြန်ရုန်းထွက်သွားတာကြောင့် အညစ်အကြေးထဲ ကျသွားတဲ့လူနဲ့လဲ နှိုင်းတယ်။


အဒေါသ

မခက်ထန် မကြမ်းတမ်းခြင်း သဘော။ ဒေါသရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်။

အဒေါသကို ကိုယ်နဲ့ တည့်တဲ့ မိတ်ဆွေလို ဥပမာပေးတယ်။ ကိုယ်နဲ့တည့်တဲ့ မိတ်ဆွေဆိုရင် ကိုယ့်အပေါ် စိတ်ကောင်းရှိတယ်၊ လိုက်လျောတယ်။

တနည်း အဒေါသဆိုတာ အေးမြတဲ့သဘောရှိတယ်။ မကြမ်းတမ်းဘူးဆိုတော့ စန္ဒကူးနဲ့လဲ ဥပမာပေးတယ်။


တတြမဇ္ဈတ္တတာ

အာရုံ၌ သမ္ပယုတ်တရားတို့ကို လစ်လျူရှုစေခြင်း သဘော။

တတြမဇ္ဈတ္တတာဆိုတာ ဟိုဘက်လည်း မပါဘူး၊ ဒီဘက်လည်း မပါဘူး။ အလယ်မှာ တည်နေတာကို ဆိုလိုတယ်။

မနသိကာရတုန်းက ဥပမာပေးခဲ့တဲ့ မြင်း ၆ ကောင်ကတဲ့ ရထားသွားတဲ့အခါ မြင်းတွေ အညီအမျှသွားအောင် မနသိကာရက ဂရုစိုက်ပေးပြီးတော့ သူ့ဟာသူ ဖြောင့်ဖြောင့်သွားနေစဉ်မှာ ကြောင့်ကြစိုက်စရာ မလိုတော့တဲ့သဘောပဲတဲ့။

ဟိုမြင်းလည်း တို့စရာ မလိုဘူး၊ ဒီမြင်းလည်း တို့စရာ မလိုဘူး၊ အဲဒီသဘောကို တတြမဇ္ဈတ္တတာလို့ ခေါ်တယ်။

တတြမဇ္ဈတ္တတာကို ဥပေက္ခာလို့လည်း ခေါ်တဲ့နေရာတွေ အများကြီး ရှိတယ်။

ဥပေက္ခာဟာ ကောင်း ဆိုး ခံစားမှု မဟုတ်တဲ့ အလယ်အလတ်ခံစားမှု ‘ဝေဒနာ’ဥပေက္ခာလည်း ရှိတယ်။

တတြမဇ္ဈတ္တတာလို ဟိုဘက်ဒီဘက်မကျဘဲနဲ့ အလယ်မှာနေတဲ့ ဥပေက္ခာလည်း တစ်မျိုး ရှိတယ်။

ဗြဟ္မစိုရ် ၄-ပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာမှာ ပါတဲ့ ဥပေက္ခာဟာ ဝေဒနာနဲ့ ယှဉ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။ ဒီ တတြမဇ္ဈတ္တတာ အလယ်မှာတည်နေတဲ့ ဥပေက္ခာ ဖြစ်တယ်။

နောက် စေတသိက်တွေကတော့ အတွဲ အတွဲနဲ့ သွားလိမ့်မယ်။


ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ

စေတသိက်တို့၏ ငြိမ်းခြင်း သဘော, စိတ်၏ ငြိမ်းခြင်း သဘော။

ဒီနေရာမှာ ‘ကာယ’ဆိုတာ ရုပ်ခန္ဓာကိုယ်ကို မဆိုလိုဘူး။ ‘အပေါင်း’ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ စေတသိက်အပေါင်းလို့ ဆိုလိုတာ ဖြစ်တယ်။ ခန္ဓာကိုယ်ဆိုတာလည်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါင်းထားလို့ ကိုယ် ကာယလို့ ပါဠိလို ခေါ်တာပါပဲ။

ဒါကြောင့် ကာယပဿဒ္ဓိဆိုရင် စေတသိက်အပေါင်းတို့၏ ငြိမ်းခြင်း သဘော၊ စိတ္တပဿဒ္ဓိက စိတ်၏ ငြိမ်းခြင်း သဘော။


ကာယလဟုတာ, စိတ္တလဟုတာ

စေတသိက်တို့၏ ပေါ့ခြင်း သဘော, စိတ်၏ ပေါ့ခြင်း သဘော။

လေးလံ ထိုင်းမှိုင်းခြင်း မရှိဘဲ သွက်သွက်လက်လက် ဖြစ်နေတာကို ဆိုလိုတယ်။


ကာယမုဒုတာ, စိတ္တမုဒုတာ

စေတသိက်တို့၏ နူးညံ့ သိမ်မွေ့ခြင်း သဘော, စိတ်၏ နူးညံ့ သိမ်မွေ့ခြင်း သဘော။


ကာယကမ္မညတာ, စိတ္တကမ္မညတာ

စေတသိက်တို့၏ အမှု၌ ကောင်းခြင်း သဘော, စိတ်၏ အမှု၌ ကောင်းခြင်းသဘော။

‘အမှု၌ ကောင်းခြင်း’ဆိုတာက ပါဠိစကားကို တိုက်ရိုက် ပြန်ထားတာ။ ထိုထို ကိစ္စတို့မှာ ဘာနဲ့ဖြစ်ဖြစ် လုပ်နိုင်တယ် … လိုက်လျောတယ်ဆိုတဲ့ သဘောပဲ။


ကာယပါဂုညတာ, စိတ္တပါဂုညတာ

စေတသိက်တို့၏ လေ့လာခြင်း သဘော, စိတ်၏ လေ့လာခြင်း သဘော။

လေ့လာခြင်းသဘောဆိုတာက လေ့လာပြွမ်းတီးတယ် အလေ့အကျင့်ရတယ်ဆိုတဲ့ သဘော။


ကာယုဇုကတာ, စိတ္တုဇုကတာ

စေတသိက်တို့၏ ဖြောင့်မတ်ခြင်း သဘော, စိတ်၏ ဖြောင့်မတ်ခြင်း သဘော။


အဲဒီတော့ ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိက စိတ်စေတသိက်တို့၏ ပူပန်ခြင်းကို ပယ်မယ်၊ ကာယလဟုတာ, စိတ္တလဟုတာက စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းခြင်းကို ပယ်မယ် စသည်ဖြင့် သူတို့က နှစ်ခု နှစ်ခုစီ တွဲပြီး ဆိုင်ရာ ဆန့်ကျင်ဖက်တရားတွေကို ပယ်တတ်တဲ့အတွက်ကြောင့် နှစ်ခု နှစ်ခု တွဲပြီး ထားတယ်။

ကောင်းပြီ … ဒီသောဘနသာဓာရဏစေတသိက် ၁၉ ပါးက သောဘနစိတ်အားလုံးနဲ့ ဆက်ဆံမယ်။ သောဘနစိတ်အားလုံး ဖြစ်တိုင်း ဖြစ်တိုင်း သူတို့လည်းပဲ ဖြစ်မယ် ယှဉ်မယ်။


ဝိရတီ ၃ ပါး

ဝိရတီဆိုတာ ရှောင်ကြဉ်တဲ့ သဘော၊ ရှောင်ကြဉ်ကြောင်း ဖြစ်သော ‘သမ္မာဝါစာ’, ‘သမ္မာကမ္မန္တ’, ‘သမ္မာအာဇီဝ’ စေတသိက် ၃ ပါး။


သမ္မာဝါစာ

အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။

တချို့အသက်မွေးမှုတွေမှာ လိမ်ညာပြီး အသက်မွေးတာတွေရှိတယ်။ အဲဒီလို လိမ်ညာပြောပြီး အသက်မွေးတာ မဟုတ်တဲ့ သူတွေ လိမ်စရာကို တွေ့လျက်နဲ့ လိမ်ဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်တယ်၊ မလိမ်ဘူး၊ ရှောင်ကြဉ်လိုက်တယ်။ အဲဒီလို ရှောင်ကြဉ်လိုက်တဲ့အခါမှာ သမ္မာဝါစာစေတသိက် ဖြစ်တယ်။

ကိုယ့်ဟာကိုယ် ထိုင်နေတယ်၊ ဘုရားရှိခိုးနေတယ် … သမ္မာဝါစာစေတသိက် မဖြစ်ဘူး။


သမ္မကမ္မန္တ

အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။

အဲဒီတော့ မှတ်သားဖို့က အသက်မွေးဝမ်းကျောင်းလည်း မဟုတ်ဘူး၊ ဒီ ဝစီဒုစရိုက် ကာယဒုစရိုက်တွေနဲ့ တွေ့လာတဲ့အခါ ဒီဒုစရိုက်တွေကနေ ရှောင်တာကို ဝိရတီလို့ ခေါ်တယ်။ ဝစီဒုစရိုက်မှ ရှောင်ရင် သမ္မာဝါစာ၊ ကာယဒုစရိုက်မှ ရှောင်ရင် သမ္မာကမ္မန္တ။


သမ္မာအာဇီဝ

အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက် ၃-ပါးတို့မှ ရှောင်ကြဉ်ခြင်း သဘော။

တံငါသည်တစ်ယောက်ဟာ ငါးဖမ်းခြင်းအလုပ်ကို စွန့်လိုက်တယ်။ သမ္မာအာဇီဝဖြစ်သွားတယ်။ အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ဟာကို ရှောင်ရင် သမ္မာအာဇီဝ ဖြစ်တယ်။

အရက်ရောင်းပြီး အသက်မွေးတာ၊ အဆိပ်ရောင်းပြီး အသက်မွေးတာ၊ လက်နက်ရောင်းပြီး အသက်မွေးတာတွေဟာ မိစ္ဆာအာဇီဝထဲမှာ ပါတယ်။ အရက်, အဆိပ်, လက်နက် စသည်တို့ဟာ ကုန်မသွယ်ကောင်းတဲ့ အထဲမှာ ပါတယ်။

အဲဒါကို သေသေချာချာ မှတ်ကြ။ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေထဲမှာ သမ္မာအာဇီဝဆိုရင် အရက်ရောင်းတာ၊ လက်နက်ရောင်းတာကို ရှောင်တာလောက်သာ ရေးတယ်။


ကောင်းပြီ … ဒီဝိရတီ ရှောင်ကြဉ်မှုမှာ အမျိုးအစားအားဖြင့် ၃-မျိုးကို ကျမ်းဂန်တွေမှာ ပြထားတယ်။

(၁) သမ္ပတ္တဝိရတီ - အခွင့်အရေး ကြုံလာတဲ့အခါ ရှောင်ကြဉ်ခြင်း။
(၂) သမာဒါနဝိရတီ - ဆောက်တည်ထား၍ ရှောင်ကြဉ်ခြင်း။
(၃) သမုစ္ဆေဒဝိရတီ - ရဟန္တာဖြစ်ပြီး မဂ်ဖြင့် အကြွင်းမဲ့ ပယ်ခြင်း။


သမ္ပတ္တဝိရတီ

သမ္ပတ္တဆိုတာ ရောက်လာတာ တွေ့ကြုံတာ။
ကိုယ်က သိက္ခာပုဒ်တွေ ဆောက်တည်ထားတာ … သီလယူထားတာ မဟုတ်ဘူး။ သို့သော် သတ်ဖို့ရန် ကြုံလာတဲ့အခါ မသတ်ဘဲနဲ့ ရှောင်လိုက်တာ။ အဲဒါမျိုးကို သမ္ပတ္တဝိရတီ ခေါ်တယ်။

ရှေးတုန်းက ရောဂါဖြစ်နေတဲ့ မိခင်မှာ သားနှစ်ယောက် ရှိတယ်။ ဆေးဆရာက ယုန်သားစိမ်းနဲ့ ကုမှ ပျောက်မယ်ဆိုလို့ အစ်ကိုက ညီကို တောထဲ ယုန်ရှာခိုင်းတယ်။ ညီက တောထဲသွား … ယုန်ကလေးဖမ်းမိတဲ့အခါ စဉ်းစားတယ်။ ငါ့အမေ အသက်ကယ်ဖို့အတွက် ယုန်ကလေးကို သတ်ရမှာ မသင့်တော်ဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ အိမ်ပြန်ရောက်ပြီး … အကျိုးအကြောင်းပြောပြတဲ့အခါ အစ်ကို ဆူဆဲ ငေါက်ငမ်းတယ်။

ညီဖြစ်သူက ဘာမှ ပြန်မပြောဘဲ သူ့အမေရှေ့မှာ သစ္စာဆိုတယ်။ “ကျွန်တော်ဟာ လူဖြစ်လာတဲ့နေ့က စပြီး သေစေလိုတဲ့ စေတနာနဲ့ ဘယ်သတ္တဝါကိုမှ မသတ်ခဲ့ဖူးပါ။ ဒီလို မှန်ကန်တဲ့ စကားကို ဆိုရတဲ့အတွက်ကြောင့် မိခင်မှာ ရောဂါပျောက်ပါစေ” ဆိုပြီး သစ္စာပြုလိုက်တဲ့အခါမှာ သူ့မိခင်ရဲ့ ရောဂါပျောက်ကင်းသွားတယ်။

ဒါက သမ္ပတ္တဝိရတီ၊ ရောက်လာတာကို ရှောင်ကြဉ်တာ။