အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။
ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။
Multiplicity of cause and effect - များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။
အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။
ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် စသည်ကို ပြောတာ။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ စဉ်းစားကြည့်လေ။
သင်္ခါရဆိုတာ ကံ မဟုတ်လား။
ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စေတသိက်။
အဲဒီ စေတသိက်ဟာ စိတ်မဖြစ်ရင် မဖြစ်နိုင်ဘူး။ အဲဒီတော့ စိတ်ကလည်း အကြောင်းတစ်ခုအနေနဲ့ ပါတာပဲ။
တစ်ခါ ဒီစိတ်ကလည်း အာရုံမရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အာရုံရှိပြီဆိုပါတော့၊ မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အဲသလို အာရုံအကြောင်းတို့၊ မှီရာဝတ္ထုအကြောင်းတို့၊ သမ္ပယုတ်အကြောင်းတို့ ဒါတွေ အားလုံးစုံမှ သင်္ခါရက ဖြစ်တာ။
အဝိဇ္ဇာဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့် သင်္ခါရဖြစ်တာ မဟုတ်ဘူး။
ဒါပေမယ်လို့ အဝိဇ္ဇာက ပြဋ္ဌာန်းတဲ့အတွက်ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒီလို ဟောတော်မူတယ်။
ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာဟာ အဲဒီလို ထင်ရှားရာကို ယူပြီးတော့ ဟောထားတာ ဖြစ်တယ်။
အဝိဇ္ဇာတစ်ခုတည်းကြောင့် သင်္ခါရတစ်ခုတည်း ဖြစ်တယ်၊ သင်္ခါရတစ်ခုတည်းကြောင့် ဝိညာဏ်တစ်ခုတည်း ဖြစ်တယ်၊ ဝိညာဏ် သူ့ချည်းသက်သက်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဒီလို မမှတ်ရဘူး။
တခြား အကြောင်းတွေလည်းပဲ ရှိသေးတယ်။
ဆိုင်ရာ အာရုံတို့၊ ဝတ္ထုတို့၊ ယောနိသောမနသိကာရတို့ ဘာတို့ပေါ့လေ။
အဲဒီအကြောင်းတွေကြောင့် အကျိုးဖြစ်တယ်လို့ အဲဒါကိုလည်း မှတ်ရမယ်။
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် သြဂုတ်လ ၂၈ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၈) ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ် သင်ခန်းစာ ဒုတိယပိုင်းကို နာယူ သင်ယူ မှတ်သားကြရ၏။
ရှေးဦးစွာ လောကချမ်းသာဆရာတော်က ပဋိစ္စသမုပ္ပါဒ်ကို ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ဝဋ် စသည်ဖြင့် ဝေဖန်ပုံများကို ရှင်းလင်း သင်ကြားပေး၏။
ထိုနောက် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက် သင်ခန်းစာကို နာယူ မှတ်သားကြရသည်။
+++++
လင်္ကာ
‘မူလနှစ်ဖြာ’
‘သစ္စာနှစ်ခု’
‘လေးခုအလွှာ’
‘အင်္ဂါတစ်ဆယ့်နှစ်ပါး’၊ တရားကိုယ်များနှင့်
‘သုံးပါးအစပ်’
နှစ်ရပ်မူလ
‘ဝဋ်သုံးဝ’နှင့်
‘ကာလသုံးဖြာ’
‘ခြင်းရာနှစ်ဆယ်’
ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ်
သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။
+++++
အင်္ဂါ ၁၂-ပါး
အဝိဇ္ဇာ
သင်္ခါရ
......
ဝိညာဏ်
နာမ်ရုပ်
သဠာယတန
ဖဿ
ဝေဒနာ
.....
တဏှာ
ဥပါဒါန်
ဘဝ
.....
ဇာတိ
ဇရာ မရဏ
+++++
မူလ ၂-ပါး (မူလနှစ်ဖြာ/နှစ်ရပ်မူလ)
(၁) အဝိဇ္ဇာ
သံသရာရှေ့ပိုင်း၏ ဝဋ်မြစ် (မောဟ)။
အတိတ်အကြောင်းမှ စ၍ ပစ္စုပ္ပန်အကျိုးတိုင်အောင် ဖြစ်သော အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ရှေ့ပိုင်းဘဝစက်၏ မူလသည် အဝိဇ္ဇာ ဖြစ်၏။
(၂) တဏှာ
သံသရာနောက်ပိုင်း ဝဋ်မြစ်။
ပစ္စုပ္ပန်အကြောင်းမှ စ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် ဖြစ်သော တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏဟူသော နောက်ပိုင်းဘဝစက်၏ မူလသည် တဏှာ ဖြစ်၏။
+++++
သစ္စာ ၂-ပါး
အတိတ်အကြောင်း အဝိဇ္ဇာ၊ သင်္ခါရနှင့်
ပစ္စုပ္ပန်အကြောင်း တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် သမုဒယသစ္စာ။
ပစ္စုပ္ပန်အကျိုး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနှင့်
အနာဂတ်အကျိုး ဇာတိ၊ ဇရာ မရဏတို့သည် ဒုက္ခသစ္စာ။
+++++
အလွှာ ၄-ပါး
(၁) အတိတ်အကြောင်း တစ်လွှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ)။
(၂) ပစ္စုပ္ပန်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
(၃) ပစ္စုပ္ပန်အကြောင်း တစ်လွှာ = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ (အဝိဇ္ဇာ၊ သင်္ခါရ)။
(၄) အနာဂတ်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
+++++
အစပ် ၃-ပါး
(၁) ဟေတုဖလအစပ် = သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး တစ်စပ်။
(၂) ဖလဟေတုအစပ် = ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်။
(၃) ဟေတုဖလအစပ် = ကမ္မဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး တစ်စပ်။
+++++
ဝဋ် ၃-ပါး
ဝဋ် = အကြောင်းပြီး အကျိုး၊ အကျိုးပြီး အကြောင်းဟု အကြောင်းအကျိုး မပြတ်ဘဲ ချာချာလည်နေအောင် လည်ပတ်နေသော တရား။
(၁) ကိလေသဝဋ် = အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ် = သင်္ခါရ၊ ကမ္မဘဝ။
(၃) ဝိပါကဝဋ် = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ မရဏ။
+++++
ကာလ ၃-ပါး (အဓွန့် ၃-ပါး)
(၁) အတိတ်အဓွန့် (အတိတ်ကာလက ဖြစ်ခဲ့သော တရားများ) = အဝိဇ္ဇာ၊ သင်္ခါရ ၂-ပါး။
(၂) ပစ္စုပ္ပန်အဓွန့် (ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားများ) = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ၈-ပါး။
(၃) အနာဂတ်အဓွန့် (အနာဂတ်၌ ဖြစ်မည့် တရားများ) = ဇာတိ၊ ဇရာ မရဏ ၂-ပါး။
+++++
အခြင်းအရာ ၂၀-ပါး
အတိတ်အကြောင်း ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း ၅-ပါး တစ်လွှာ၊ အနာဂတ်အကျိုး ၅-ပါး တစ်လွှာဟူသော အလွှာလေးရပ်ရှိ တရားပေါင်း ၂၀ သည်ပင် အာကာရ အခြင်းအရာ ၂၀ မည်၏။
+++++
အဝိဇ္ဇာ၏ အကြောင်းရင်း
အဝိဇ္ဇာ၏ အကြောင်းရင်းသည် အာသဝတရား (အာသဝေါတရား) ၄-ပါး ဖြစ်၏။
သတ္တဝါများသည် အာသဝတရား (လောဘ၊ ဒိဋ္ဌိ၊ မောဟ)ရှိနေခြင်းကြောင့်သာ သောကစသည်တို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဤသို့ သောကစသည်တို့ ဖြစ်ရခြင်းတွင် အဝိဇ္ဇာသဝသည် အဓိကအကြောင်း ဖြစ်ပြီး၊ ၎င်းကို အကြောင်းပြု၍ သောကစသည်တို့နှင့်အတူ နောက်နောက် အဝိဇ္ဇာများ ထပ်ဖြစ်ရခြင်းကြောင့် အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝတရား ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ် လည်ပုံ
သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်နာမ် ခန္ဓာအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ကျင်လည်နေကြရခြင်းမှာ ဗြဟ္မာ ဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ် မူလ ၂-ပါးကြောင့် ဖြစ်၏။
ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့် တရားများသည်လည်း ဆက်စပ်၍ အကြောင်းအကျိုးမပြတ် လည်ပတ်ကြရလေသည်။
ဤသို့ဖြင့် မိမိတို့ ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်သစ် ရစေရန် အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေရခြင်း ဖြစ်သည်။
ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပျက်ကိန်း
သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တစ်ပင်လုံး ပျက်စီးသကဲ့သို့ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ရေသောက်မြစ် ၂-ခုကို အရဟတ္တမဂ်တည်းဟူသော ဓား သန်လျက်ဖြင့် ဖျက်ဆီးလိုက်သောအခါ သင်္ခါရတရားများသည် အပြီးတိုင် ချုပ်ငြိမ်း၍ အဖန်ဖန် လည်ပတ်နေရသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ပျက်လေသည်။
+++++
လင်္ကာ
အဝိဇ္ဇာနှင့် တဏှာ အရင်းခံ
ဥပါဒါန်
ကံကြောင့် ရုပ်နာမ်ပေါ်
အပင်မှ မျိုး
မျိုးမှ အပင်
အမျှင်မပြတ်
ဆက်စပ်သည့်ဟန်
ကံကြောင့် နာမ်ရုပ်
နာမ်ရုပ်ကြောင့် ကံ
အဖန်ဖန် ဖြစ်ပြန်နည်းအလျော်
ဗြဟ္မာသိကြား စသည်များက
ထင်ရှားပြုပြင်
စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့်
လူနတ်များစွာ
သတ္တဝါတို့
ဖြစ်လာရမှု မဟုတ်ဟု
ဉာဏ်ဖြင့် ရှု၍ မျှော်။
+++++
နည်း ၄-ပါး
ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ၄-ရပ်သော နည်းဖြင့် အသီးအသီး ဆင်ခြင်လိုက်သောအခါ ပုဂ္ဂိုလ်သတ္တဝါ သူတပါး ယောက်ျားမိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင်လျက် သဿတ၊ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံ ဓမ္မတာနည်း ဟူသော နည်း ၄-တန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။
ဧကတ္တနည်း
“သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း”ဟု သိရသောနည်းသည် “ဧကတ္တနည်း” မည်၏။
ဧကတ္တနည်းအရ “မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏။
ရှေးရှေး သင်္ခါရကြောင့် ယခုဘဝ ဝိညာဉ်သစ် ဖြစ်၏” စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ “ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာမျိုး ဖြစ်ပြန်၏”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။
နာနတ္တနည်း
သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏ သဘောက တစ်မျိုး၊ သင်္ခါရသဘောက တစ်မျိုး ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်ဟု သိရသော နည်းသည် နာနတ္တနည်း မည်၏။
ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ၊ သင်္ခါရနှင့် ဝိညာဉ်တို့ မတူပုံ၊ အသစ်အသစ် အကြောင်းနှင့် အသစ်အသစ် အကျိုးတို့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောခအခါ မပျက်မစဲ အမြဲတည်သည်ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။
အဗျာပါရနည်း
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ “ငါသည် သင်္ခါရကို ဖြစ်စေမည်”ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရ မရှိ။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း “ငါသည် ဝိညာဉ်ကို ဖြစ်စေမည်”ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ။ ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့အရေး၌ အကြောင်းတရားစုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏။
ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့် “ဤ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးနေသည်”ဟူသော ဣဿရ နိမ္မာနဝါဒသည်လည်းကောင်း၊ “မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏”ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလိုအလျောက် ကင်းပျောက်တော့၏။
ဧဝံဓမ္မတာနည်း
ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံ ဓမ္မတာပင်တည်းဟု သိရသော နည်းသည် ဧဝံဓမ္မတာနည်း မည်၏။
ဤဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သော နို့ဓမ်း ဖြစ်ရခြင်း၊ နှမ်းကြောင့် ဆီဖြစ်ရခြင်း၊ ကြံကြောင့် ကြံရည်ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင် ဖြစ်၍ သဲမှ ဆီမထွက်နိုင်၊ ကြံမှ နို့ရည်မထွက်နိုင်ခြင်းများသည် ဓမ္မတာပင် ဖြစ်သကဲ့သို့ ထို့အတူ “အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ခြင်း၊ သင်္ခါရလည်း အဝိဇ္ဇာကြောင့်သာ ဖြစ်ခြင်း၊ တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း၊ မဆိုင်သောအကြောင်းကြောင့်လည်း မဆိုင်သော အကျိုးမဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား”ဟု စဉ်းစားလိုက်သောအခါ “အားလုံးတရားမှာ ဆိုင်ရာအကြောင်းမကင်း”ဟု သိတတ်သော သဟေတုကအယူပေါ်လာရကား “အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်”ဟု ယူမှားသော အဟေတုကဒိဋ္ဌိနှင့် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်၊ အကျိုးမရ နိရတ္တကသာဟု ယူမှားသော အကြိယဒိဋ္ဌိ”များသည် အလိုအလျောက် ကင်းပျောက်တော့၏။
တိုက်တွန်းချက်
ဗုဒ္ဓဘာသာဝင် ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် “ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏။ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်က စ၍ တဖန် ဖြစ်ပေါ်လာ၏”ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း “ဘယ်တုန်းက စ၍ ဖြစ်ခဲ့ပါလိမ့်မည်နည်း”ဟု တဆင့် စဉ်းစားလေ့ရှိကြပြန်၏။
သတ္တဝါများအတွက် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ” စသည်ကို ယုံကြည်နိုင်သော်လည်း “ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း”ဟူ၍ကား စဉ်းစားလျက်ကြပင်တည်း။
ထိုကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ “ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ ဖြစ်ဖို့ရန် အစမှာ အကြောင်းမရှိ”ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့ သက်ဆင်းကြလေသည်။
တချို့ကား “ဖန်ဆင်းတတ်သူ တစ်ယောက်,ယောက်တော့ ဧကန် ရှိဦးမှာပဲ”ဟူသော ဣဿရနိမ္မာနဝါဒကို သဘောတူသလို ရှိပြန်၏။
ဗုဒ္ဓဘာသာကျမ်းစာများ၌ “မိမိဉာဏ် မပိုင်၍ မကြံနိုင်သော လောက၊ အကြောင်းအရာ ကမ္ဘာ၏ဖြစ်ပုံကို မကြံလေနဲ့၊ ကြံဖန်များလျှင် အသိဉာဏ် အမှန်မရက ရူးသွပ်တတ်သည်”ဟု မိန့်မှာတော်မူ၏။
ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်း ရှင်းလင်းပါလိမ့်မည်။
ထိုပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမှာပင် မရှိခဲ့ကြဖူးပါချေ။
သို့အတွက် သံသရာမှ မြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှု ဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။
+++++
အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သတိပဋ္ဌာန် ၄-ပါးနှင့် ဝိပလ္လာသ”တရားတော်ကို ဟောကြား ချီးမြှင့်၏။
သတိပဋ္ဌာန်
လွန်လွန်ကဲကဲ၊ အာရုံထဲ၌၊ စွဲမြဲတည်ဘိ၊ ထိုသတိ သတိပဋ္ဌာန်ခေါ်။
(အခြေပြုသင်္ဂြိုဟ်)သတိ‘တစ်’သာ
ဖြစ်တုံပါလည်း
ယူရာအာရုံ
၎-ပါးစုံခဲ့
ယူပုံခြင်းရာ
၎-မျိုးသာတည်း
ပယ်ခွာကိစ္စ
ဖြစ်ပြန်ကလျှင်
၎-ပါးပင်မို့
တို့ရှင်ပင်စော
၎-မျိုးဟောသည်
မှတ်လော သတိပဋ္ဌာန်တည်း။
ယူရာအာရုံ ၄-မျိုး = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ
ယူပုံ (ရှုပုံ) အခြင်းအရာ ၄-မျိုး = အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တ
ထင်မှားမှုကို ပယ်ခြင်းကိစ္စ ၄-မျိုး = သုဘ၊ သုခ၊ နိစ္စ၊ အတ္တ
(၁) ကာယာနုပဿနာသတိပဋ္ဌာန်သည် ဆံပင်၊ အမွေး စသော ကောဋ္ဌာသ ပညတ်ကို အာရုံပြု၏။ ထိုကောဋ္ဌာသပညတ်ကို အသုဘ အခြင်းအရာ ပေါ်လာအောင် အထပ်ထပ် ရှုသောအခါ အသုဘ = မတင့်တယ် ရွံရှာဖွယ်ဖြစ်သော အခြင်းအရာ ထင်လာ၏။ ထို့ကြောင့် ကာယာနုပဿနာသည် သုဘဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်သည် ဝေဒနာ(သုခ၊ ဒုက္ခ၊ ဥပေက္ခာ)တို့ကို ရှုသောအခါ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရပုံကို မြင်သဖြင့် ကြောက်မက်ဖွယ်သော ဒုက္ခဟူ၍ ထင်လာ၏။ ထို့ကြောင့် ဤဝေဒနာနုပဿနာသည် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်သည် ဤစိတ်ကာ သရာဂစိတ်၊ ဤစိတ်ကား ဒေါသစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏။ ဤသတိပဋ္ဌာန်ဖြင့် စိတ်ကို ခွဲခြားလျက် ဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲ ဖြစ်ပျက်နေပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်၏။ ထို့ကြောင့် စိတ္တာနုပဿာနသတိပဋ္ဌာန်သည် နိစ္စဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုရာ၌ ဓမ္မဟု သာမညဆိုသော်လည်း ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿာနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ဓမ္မအရ သညာ၊ သင်္ခါရက္ခန္ဓာ ဓမ္မများကိုသာ ယူခွင့်ရှိတော့သည်ဟု ယူရမည်။ ထိုဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန် အာရုံပြုလျက် ရှုသောအခါ အရာရာကိစ္စတို့၌ ထိုပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း သိရ၍ စီမံနိုင်သော အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ထို့ကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် အတ္တဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။
လောကချမ်းသာ စနေနေ့တရားပွဲ ပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
+++++
စာကိုး
မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနှင့် လင်္ကာများ
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”
No comments:
Post a Comment