Monday, August 9, 2010

မဟာစည်သာသနာနှင့် အမေရိက

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် တနင်္ဂနွေနေ့။
နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းအပြီးတွင် ဆရာတော် သံဃာတော်များနှင့် အေဘီဘီအေ အလုပ်အမှုဆောင်အဖွဲ့ လပတ်အစည်းအဝေး ပြုလုပ်ရာ ဆုံးဖြတ်ချက်တစ်ခု ပါသည်။

ယင်းမှာ လောကချမ်းသာဘုရားကျောင်း ပဓာနနာယက လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ (ဝိဇာတမင်္ဂလာ)ပွဲ ကျင်းပမည်ဟူသော အချက် ဖြစ်၏။

စာရေးသူ၏ စိတ်အစဉ်သည် အတိတ်ဖြစ်စဉ် တစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။

+++++

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အရှည်မျှော်တွေး သာသနာပြုရေး အစီအစဉ်များကို မြင်ယောင်လာခဲ့ပေသည်။ မဟာစည်ဆရာတော်ဘုရားကြီး၏ အမေရိကမြေပေါ်သို့ ဗုဒ္ဓသာသနာတော်မျိုးစေ့ ချပေးတော်မူခဲ့ပုံ ဓမ္မဒူတခရီးစဉ်များ၊ ကိုယ်တော်တိုင် ကြွရောက်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့ပုံများ၊ သာသနာပြု ဓမ္မဒူတ ရဟန်းတော်များ စေလွှတ်တော်မူခဲ့ပုံများကို မြင်ယောင် ထင်ဟပ်လာခဲ့ပေသည်။

ဆရာတော်ဘုရားကြီး၏ အမေရိကခရီးစဉ်တွင် နောက်ပါ ဓမ္မဒူတရဟန်းတော်များအဖြစ် ဆရာတော် ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ၊ ဆရာတော် ဘဒ္ဒန္တကေလာသ၊ ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသတို့ လိုက်ပါခဲ့ကြသည်။ ခရီးစဉ်ပြီးဆုံးသည့်အခါ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသနှင့် ဘဒ္ဒန္တကေလာသ ဆရာတော် ၂-ပါးတို့ကို အမေရိကန်ပြည်၌ သာသနာပြုတာဝန်များ ထမ်းဆောင်ရန် နေရစ်စေတော်မူခဲ့ပေသည်။

ထိုဆရာတော် ၂-ပါးသည် အမေရိကပြည်၏ အရှေ့ခြမ်း၊ အနောက်ခြမ်းကို တာဝန် ခွဲဝေ ယူသကဲ့သို့ ဆရာတော်ဘုရားကြီး ပေးအပ်တော်မူခဲ့သော သာသနာပြု တာဝန်များကို ဦးလည်မသုန် အသက်ထက်ဆုံး ဆောင်ရွက်သွားတော်မူကြပေသည်။

ထို တပည့်ကြီး ၂-ပါး၏ အမေရိကပြည် အရှေ့ခြမ်း အနောက်ခြမ်း သာသနာပြုလုပ်ငန်းများသည် အဓိကရ ထင်ရှားသည့် မဟာစည်သာသနာပြုဌာနကြီးများ ဖြစ်လာကြပေသည်။ အရှေ့ဘက်ခြမ်း၏ အဓိက ထင်ရှားသည့် ဌာနတစ်ခုမှာ မြန်မာ အမေရိကန် ဗုဒ္ဓဘာသာအသင်း (မင်္ဂလာရာမကျောင်းတိုက်) ဖြစ်၍ အနောက်ခြမ်း၏ အဓိကရ ထင်ရှားသည့် ဌာနတစ်ခုမှာ ထေရဝါဒဗုဒ္ဓဘာသာအသင်း (ဓမ္မနန္ဒဝိဟာရ) ဖြစ်ပေသည်။

ဒုတိယအကြိမ် သာသနာပြုခရီး စေလွှတ်တော်မူသော သာသနာပြုရဟန်းတော်များမှာ ဘဒ္ဒန္တဝိမလ (မုံရွာလယ်တီဆရာတော်)နှင့် ဘဒ္ဒန္တဣန္ဒက (လောကချမ်းသာဆရာတော်၊ နယူးယောက်)တို့ ဖြစ်ကြသည်။
ဤဆရာတော် ၂-ပါး အမေရိကားရောက်လာသည့်အခါ တင်နက်ဆီပြည်နယ်တွင် သီတင်းသုံးတော်မူကြသည်။

နောင်အခါ ဘဒ္ဒန္တဝိမလ (မုံရွာလယ်တီဆရာတော်)က ဖလော်ရီဒါပြည်နယ်၌လည်းကောင်း၊ လောကချမ်းသာဆရာတော် ဘဒ္ဒန္တဣန္ဒကသည် နယူးယောက်မြို့၌လည်းကောင်း အသီးသီး  သီတင်းသုံးတော်မူကြသည်။

၁၉၇၉ ခုနှစ်၌ မဟာစည်ဆရာတော်ဘုရားကြီး အမေရိကကြွစဉ်က နယူးယောက်မြို့ရှိ မြန်မာများကို မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း တည်ထောင်ရန်နှင့် ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခု ဖွဲ့ရန် သြဝါဒပေးတော်မူခဲ့သည်။

ထိုသြဝါဒတော်ကို ဦးထိပ်ရွက် ပန်ဆင်၍ ဝါရှင်တန် ဒီစီ၊ မင်္ဂလာရာမဆရာတော် ဘဒ္ဒန္တကေလာသ၏ အနီးကပ် ညွှန်ကြားမှုကို ခံယူကာ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)ကို တည်ထောင် ဖွဲ့စည်းခဲ့ကြသည်။

လွန်ခဲ့သော အနှစ် ၃၀ ကျော်က မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်ပြည်၌ သာသနာပြုတာဝန် ပေးအပ်တော်မူခဲ့သော မဟာစည်ဆိုင်ရာ သာသနာပြုဆရာတော်ကြီးများမှာ -

ပထမအသုတ်အဖြစ် မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဦးဆောင်လျက် လိုက်ပါလာခဲ့ကြသော
၁။ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ဓမ္မနန္ဒဆရာတော်)
၂။ ဘဒ္ဒန္တကေလာသ (မင်္ဂလာရာမဆရာတော်)
၃။ ဘဒ္ဒန္တဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) တို့ ဖြစ်သည်။

ဒုတိယအသုတ်အဖြစ် မဟာစည်ဆရာတော်ဘုရားကြီး ရွေးချယ် စေလွှတ်တော်မူခဲ့သော
၁။ ဘဒ္ဒန္တဝိမလ (မုံရွာလယ်တီဆရာတော်)
၂။ ဘဒ္ဒန္တဣန္ဒက (လောကချမ်းသာဆရာတော်)တို့ ဖြစ်သည်။

ဤသို့ အမေရိကမြေပေါ်၌ ချပေးတော်မူခဲ့သော မဟာစည်သာသနာ့မျိုးစေ့တို့ကို အခြေခံ၍ ယခုအခါ အမေရိကန်နိုင်ငံ တဝှမ်း၌ မဟာစည်ဆိုင်ရာ ရိပ်သာဌာန အများအပြား ပေါ်ထွက်လာပါပြီ။

+++++

ဤမွေးနေ့ရှင် လောကချမ်းသာဆရာတော် ဘဒ္ဒန္တဣန္ဒက၏ နှစ်ပေါင်း ၃၀ ဝန်းကျင်အတွင်း သာသနာပြုလုပ်ငန်းများအဖြစ် ပင်မ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းနှင့် နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း၊ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းတို့ကို ဆင့်ပွားကျောင်းများအဖြစ် တွေ့ရှိနိုင်ပါသည်။

ဆရာတော်သည် နှစ်ပေါင်း ၃၀ ဝန်းကျင်အတွင်း ဘုရားတည် ကျောင်းဆောက်လုပ်ငန်းများအပြင် သာသနာတော်၏  အနှစ်သာရဖြစ်သော ရောက်လာသမျှသော ပုဂ္ဂိုလ်တို့ကို တရားဟော တရားပြ၍လည်းကောင်း၊ မွေးနေ့ရက်များတွင် စုပေါင်း ဒုလ္လဘရဟန်းခံပွဲ ပြု၍လည်းကောင်း၊ နှစ်လုံးပေါက် အဘိဓမ္မာသင်တန်းနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် ယဉ်ကျေးမှုသင်တန်းဖွင့်၍လည်းကောင်း သာသနာရေး အားပေး ချီးမြှင့်သည့်အပြင် အမိမြန်မာနိုင်ငံမှ ကြွရောက်လာကြသော ဆရာတော်တို့အား ဂိုဏ်းဂဏမရွေးဘဲ တရားပွဲများ တရားစခန်းပွဲများ ပြုလုပ်ပေးခြင်းဖြင့်လည်းကောင်း သာသနာရေး အားပေး ချီးမြှင့်တော်မူပါသည်။

မွေးနေ့ရှင် ဆရာတော်သည် ဤသက်တော် ၇၀ ပြည့် မွေးနေ့မင်္ဂလာ ရက်မြတ်မှသည် သက်ရှည်ကျန်းမာ ဘေးရန်ကွာလျက် သာသနာအကျိုး ဆထက်ထမ်းပိုး ရွက်ဆောင်တော်မူနိုင်ပါစေရန် ဆုတောင်း ပတ္တနာပြုအပ်ပါသည်။

အမေရိကမြေပေါ်၌ မဟာစည်ဆရာတော်ဘုရားကြီး မျိုးစေ့ချပေးခဲ့တော်မူသော မဟာစည်သာသနာသည် ယခုအခါ အမေရိကန်နိုင်ငံ၌ အမြစ်တွယ်လျက် ရှင်သန်နေပါပြီ။

မဟာစည်သာသနာ စည်ပင် ပြန့်ပွား ခိုင်မာအောင် သာသနာကို ချစ်မြတ်နိုးသော ရဟန်းရှင်လူများ အားလုံး ဝိုင်းဝန်း၍ သာသနာပြုလုပ်ငန်းများကို ဆရာ-တကာ လက်တွဲကာ ပြုလုပ် အားထုတ်ကြပါစို့။

“မဟာစည်ထေရ၊ မျိုးစေ့ချ၊ အမေရိက သာသနာ။
ခိုင်မာရှင်သန်၊ ကြီးထွားရန်၊ ပြုရန် ဒို့ဝန်တာ။

အရှင်စက္ကိန္ဒ
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့

No comments: