“လောကီဘုံဝယ်
သာယာဖွယ်ဟု
တာတွယ်လေငြား
ဝေနေများကို
တရားသံဝေ
ရပါစေဟု
ထွေထွေဒုက္ခ ဦးစွာ ပြ၏။
ဒုက္ခသောင်းပြောင်း
တရားပေါင်းလည်း
အကြောင်းမဲ့စွာ
မဖြစ်ရာရှင့်။
မဟာဗြဟ္မ
ထာဝရဟု
ဘုရားတစ်သင်း
မဖန်ဆင်းတည့်
ထန်ပြင်းသော့သွမ်း
တဏှာစွမ်းကြောင့်
ပရမ်းပတာ
ဖြစ်ကြရာဟော
သမုဒယော။
သုံးလောကတွင်
ဒုက္ခထင်၍
လွတ်ခွင်ထွက်ရာ
ရတက်ဖြာသော်
သက်သာစေရန်
အနေဖန်လျက်
ခေမံနိရောဓ
သုံးကြိမ် ပြ၏။
နိဗ္ဗာနနန်း
ရောက်ဖို့မှန်းက
ဤလမ်းဖြင့်တက်
ဤမဂ်ကိုပွား
မိန့်သည့်လားသို့
လေးပါးမြောက်တွင်
မဂ်လမ်းထွင်သည်
ဟောစဉ်လက်ရိုး ဆူဆူတည်း။”
..... သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမ ဒုက္ခလာသလဲ?၊ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ? ဆိုတာကို နားလည်ဖို့ ကောင်းတယ်။
ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်။
အဲဒီတော့ လင်္ကာလေး ဖတ်ပြမယ် နော်။
“လောကီဘုံဝယ်၊ သာယာဖွယ်ဟု၊ တာတွယ်လေငြား၊ ဝေနေများကို၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ ဦးစွာပြ၏။”
လောကီမှာ သာယာစရာ တွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။
ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ် တဲ့။
“ဒုက္ခသောင်းပြောင်း၊ တရားပေါင်းလည်း၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာရှင့်။”
ဒီဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာ မဟုတ်ဘူး တဲ့။
“မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ မဖန်ဆင်းတည့်၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ပရမ်းပတာ၊ ဖြစ်ကြရာဟော၊ သမုဒယော။” တဲ့။
တဏှာကြောင့် ဖြစ်တဲ့ အကြောင်းကို မြတ်စွာဘုရား ဟောတော်မူတယ် တဲ့။
“သုံးလောကတွင်၊ ဒုက္ခထင်၍၊ လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်”
ကောင်းပြီ။ ဒုက္ခတော့ သိပါပြီ။ ဒုက္ခလွတ်တာများ မရှိဘူးလားလို့ ရတက်ဖြာတဲ့ အခါမှာ။
“သက်သာစေရန်၊ အနေဖန်လျက်၊ ခေမံနိရောဓ၊ သုံးကြိမ် ပြ၏။”
ဒါဟာ စိတ်သက်သာရာ ရအောင် ဆိုပြီးတော့ နိရောဓသစ္စာကို တတိယမြောက် ဟောတော်မူတယ်။
“နိဗ္ဗာနနန်း၊ ရောက်ဖို့မှန်းက၊ ဤလမ်းဖြင့်တက်၊ ဤမဂ်ကိုပွား၊ မိန့်သည့်လားသို့၊ လေးပါးမြောက်တွင်၊ မဂ်လမ်းထွင်သည်၊ ဟောစဉ်လက်ရိုး ဆူဆူတည်း။” တဲ့။
နိရောဓသစ္စာပြီးတော့ နိဗ္ဗာန်ရောက်ချင်ရင် ဒါတွေ ကျင့်ကြ၊ ဒီလမ်းလိုက်ကြပါလို့ ပြောဖို့ရန် မဂ္ဂသစ္စာကို ဟောတော်မူသည်။
ဒါက သစ္စာ ၄-ပါး။
(အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် ၄၆ မှ)
+++++
သဗ္ဗသင်္ဂဟ
အလုံးစုံသော တရားအစုတို့ကို ပြဆိုသော အပိုင်း ဖြစ်၏။
ဤအပိုင်းတွင် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါး တို့ကို ပြ၏။
ခန္ဓာကို ခန္ဓာရိုးရိုးနှင့် ဥပါဒါနက္ခန္ဓာ ဟူ၍ နှစ်မျိုး ခွဲပြီး ပြ၏။
ခန္ဓာ = ခန္ဓ (ပါဠိ) = အပေါင်းအစုရှိသော တရားမျိုး
အပေါင်းအစုဆိုရာ၌ ထိုထို တရားမှာ -
ကာလ ၃-ပါး = အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကွဲပြားမှု
အဇ္ဈတ္တ၊ ဗဟိဒ္ဓ = အတွင်း/မိမိသဏ္ဍာန်၊ အပ/သူတပါးသဏ္ဍန်၌ဖြစ်သော တရားဟု ခွဲခြားနိုင်မှု
ဒူရ၊ အာသန္န = ဝေးခြင်း/အသိခက်ခြင်း၊ နီးခြင်း/သိလွယ်ခြင်း ကွဲပြားမှု
ဟီန၊ ပဏီတ = ယုတ်ညံ့ခြင်း၊ မြတ်ခြင်း ကွဲပြားမှု
သြဠာရိက၊ သုခုမ = ကြမ်းတမ်းခြင်း/သိလွယ်ခြင်း၊ သိမ်မွေ့ခြင်း/အသိခက်ခြင်း ကွဲပြားမှု စသည် ရှိ,မရှိကို ကြည့်၍ ရှိလျှင် ခန္ဓာဖွဲ့၏။
ရုပ် ၂၈-ပါးထဲက စက္ခုပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။ သောတပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။
ခန္ဓာ ၅-ပါး
(၁) ရူပက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနာက္ခန္ဓာ = ဝေဒနာစေတသိက်
(၃) သညာက္ခန္ဓာ = သညာစေတသိက်
(၄) သင်္ခါရက္ခန္ဓာ = ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏက္ခန္ဓာ = စိတ် ၈၉-ပါး
ရုပ်, သင်္ခါရ, ဝိညာဏတို့သည် အပေါင်းအစု ရှိကြ၍ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဟု ဆိုသင့်သော်လည်း တစ်ပါးတည်းသာဖြစ်သော ဝေဒနာ၊ သညာကို အဘယ့်ကြောင့် ခန္ဓာဟု ခေါ်ဆိုအပ်ပါသနည်းဟူမူ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခဝေဒနာဟူ၍လည်းကောင်း၊ စက္ခုသမ္ဖဿဇာသညာ, သောတသမ္ဖဿဇာသညာ, ဃာနသမ္ဖဿဇာသညာ, ဇိဝှါသမ္ဖဿဇာသညာ, ကာယသမ္ဖဿဇာသညာ, မနောသမ္ဖဿဇာသညာဟူ၍လည်းကောင်း၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္န, ဟီန, ပဏီတ, သြဠာရိက, သုခုမဟုဆိုအပ်သော ၁၁-ဌာန၌ ဖြစ်ကုန်သော ဝေဒနာအချင်းချင်း၊ သညာအချင်းချင်း ပေါင်း၍ ယူအပ်သောကြောင့် ခန္ဓာဟု ဆိုအပ်ပါသည်။
ဥပါဒါနက္ခန္ဓာ ၅-ပါး
ဥပါဒါန်နှင့် စွဲလမ်း၍ ရသော ခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာဟု ခေါ်၏။
ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ မည်၏။
တရားကိုယ်မှာ ဝိညာဏုပါဒါနက္ခန္ဓာ၌ လောကီစိတ် ၈၁-ပါးကို ကောက်သည်သာ ထူး၏။
(၁) ရူပုပါဒါနက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာစေတသိက်
(၃) သညုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော သညာစေတသိက်
(၄) သင်္ခါရုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာ, သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ ၂-မျိုး ခွဲ၍ ပြရခြင်း
လောကီ, လောကုတ္တရာ အကုန်လုံး ပေါင်း၍ ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ခန္ဓာဒေသနာကို ဟောတော်မူ၏။
လောကီတရားသက်သက်ကို ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ဥပါဒါနက္ခန္ဓာကို ဟောတော်မူ၏။
ဝိပဿနာရှုစရာ အာရုံအနေဖြင့် ပြလိုတော်မူရင်း ဖြစ်၏။
အာယတန ၁၂-ပါး
အာယတန၏ အဓိပ္ပာယ်မှာ ရှည်လျားလှစွာသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကြောင့် အာယတန မည်၏။
အတွင်းအာယတန (အဇ္ဈတ္တိကာယတန)
(၁) စက္ခာယတန (စက္ခုပသာဒရုပ်)
(၂) သောတာယတန (သောတပသာဒရုပ်)
(၃) ဃာနာယတန (ဃာနပသာဒရုပ်)
(၄) ဇိဝှါယတန (ဇိဝှါပသာဒရုပ်)
(၅) ကာယာယတန (ကာယပသာဒရုပ်)
(၆) မနာယတန (စိတ် ၈၉-ပါး)
အပြင်အာယတန (ဗာဟိရာယတန)
(၇) ရူပါယတန (ရူပါရုံ)
(၈) သဒ္ဒါယတန (သဒ္ဒါရုံ)
(၉) ဂန္ဓာယတန (ဂန္ဓာရုံ)
(၁၀) ရသာယတန (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗာယတန (ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မာယတန (စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်)
ဓာတ် ၁၈-ပါး
တစ်ဦးတစ်ယောက်သော သတ္တဝါတို့၏ အလိုသို့ မလိုက်ပါမူ၍ မိမိ၏ သဘောကိုသာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ် မည်၏။
ပါဠိလို တိုက်ရိုက်အဓိပ္ပာယ်မှာ မိမိ၏ ပင်ကိုယ်သဘောကို ဆောင်တတ်သည်ဟု အဓိပ္ပာယ်ရ၏။
အခံဓာတ်
(၁) စက္ခုဓာတ် (စက္ခုပသာဒရုပ်)
(၂) သောတဓာတ် (သောတပသာဒရုပ်)
(၃) ဃာနဓာတ် (ဃာနပသာဒရုပ်)
(၄) ဇိဝှါဓာတ် (ဇိဝှါပသာဒရုပ်)
(၅) ကာယဓာတ် (ကာယပသာဒရုပ်)
(၆) မနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်း + သမ္ပဋိစ္ဆိုင်း ၂)
အတိုက်ဓာတ်
(၇) ရူပဓာတ် (ရူပါရုံ)
(၈) သဒ္ဒဓာတ် (သဒ္ဒါရုံ)
(၉) ဂန္ဓဓာတ် (ဂန္ဓာရုံ)
(၁၀) ရသဓာတ် (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗဓာတ် (ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မဓာတ် (စေတသိက် ၅၂၊ သုခုမ ၁၆၊ နိဗ္ဗာန်)
အပွင့်ဓာတ်
(၁၃) စက္ခုဝိညာဏဓာတ် (စက္ခုဝိညာဏ် ၂)
(၁၄) သောတဝိညာဏဓာတ် (သောတဝိညာဏ် ၂)
(၁၅) ဃာနဝိညာဏဓာတ် (ဃာနဝိညာဏ် ၂)
(၁၆) ဇိဝှါဝိညာဏဓာတ် (ဇိဝှါဝိညာဏ် ၂)
(၁၇) ကာယဝိညာဏဓာတ် (ကာယဝိညာဏ် ၂)
(၁၈) မနောဝိညာဏဓာတ် (မနောဓာတ် ၃ နှင့် ပဉ္စဝိညာဏ်ဒွေး မပါ၊ ကျန် စိတ် ၇၆-ပါး)
ဝိညာဏဓာတ် ၇-ပါး
(၁) စက္ခုဝိညာဏဓာတ်
(၂) သောတဝိညာဏဓာတ်
(၃) ဃာနဝိညာဏဓာတ်
(၄) ဇိဝှါဝိညာဏဓာတ်
(၅) ကာယဝိညာဏဓာတ်
(၆) မနောဓာတ်
(၇) မနောဝိညာဏဓာတ်
မနောဓာတ်သည် ဝိညာဏဓာတ်မဟုတ်သော်လည်း စိတ်ဖြစ်နေသောကြောင့် တခြား ဝိညာဏဓာတ်များနှင့် ပေါင်း၍ ဝိညာဏဓာတ်ဟု ခေါ်ခြင်း ဖြစ်၏။
တိတိကျကျဆိုသော် မနောဓာတ်သည် မနောဓာတ်သာ ဖြစ်၏။
မနာယတန(စိတ် ၈၉)မှ ဓာတ်အဖြစ် ၇-ပါး ခွဲခြားဖော်ပြခြင်း ဖြစ်၏။
သစ္စာ ၄-ပါး
သစ္စာဆိုသည်မှာ အမှန်တရားကို ဆို၏။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြောသည့်အတိုင်း ဟုတ်မှန်ခြင်းကို ဆို၏။
(၁) ဒုက္ခသစ္စာ
လောကီစိတ် ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ - ဤ တေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ မည်၏။
(၂) သမုဒယသစ္စာ
ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယသစ္စာ မည်၏။
(၃) နိရောဓသစ္စာ
ဒုက္ခ၊ သမုဒယ နှစ်ပါးတို့၏ ချုပ်ရာချုပ်ကြောင်းဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) မဂ္ဂသစ္စာ
နိရောဓသို့ရောက်ကြောင်း မဂ်စိတ် ၄-ခု၌ ရှိသော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။
သစ္စဝိမုတ်
သစ္စာ ၄-ပါးမှ လွတ်ခြင်းကို သစ္စဝိမုတ်ဟု ခေါ်၏။
အဘိဓမ္မာနည်းအရ မဂ်စိတ္တုပါဒ် ၂၉ (မဂ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၂၈-ပါးကို ပေါင်းသော် မဂ်စိတ္တုပါဒ် ၂၉ ဖြစ်၏။)၊ ဖိုလ်စိတ္တုပါဒ် ၃၇ (ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၃၆-ပါးကို ပေါင်းသော ဖိုလ်စိတ္တုပါဒ် ၃၇ ဖြစ်၏။)တို့သည် သစ္စာ ၄-ပါး၌ မပါဝင်သဖြင့် သစ္စာ ၄-ပါးမှ လွတ်၏။
ဒုက္ခသစ္စာထဲမှာ လောကီစိတ်သာ ပါ၏။ လောကုတ္တရာစိတ် မပါ။
သမုဒယသစ္စာမှာ လောဘစေတသိက် ဖြစ်၏။
နိရောဓသစ္စာမှာ နိဗ္ဗာန် ဖြစ်၏။
မဂ္ဂသစ္စာမှာ မဂ်စိတ် ၄-ပါး၌ ရှိသော မဂ္ဂင် ၈-ပါး ဖြစ်၏။
ထို့ကြောင့် မဂ်စိတ္တုပါဒ် ၂၉ နှင့် ဖိုလ်စိတ္တုပါဒ် ၃၇ တို့သည် သစ္စာ ၄-ပါးမှ လွတ်၏။
သုတ္တန်နည်းအလိုမူ သစ္စာ ၄-ပါးမှ လွတ်သောတရား လောကမှာ မရှိဟု အဋ္ဌကထာ၌ ပြဆို၏။
အထူးမှတ်ဖွယ်တစ်ခုမှာ ဒုက္ခသစ္စာအကြောင်း ပြောသောအခါ သက်ရှိကိုသာ ရည်ရွယ် ပြောဆိုရ၏။ သက်မဲ့နှင့် မဆိုင်ပေ။
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
No comments:
Post a Comment