ဒီကနေ့ည ဘုန်းကြီးများ လွန်ခဲ့တဲ့ ၄-ရက်က (၁၃၆၄ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ ၂၀-နိုဝင်ဘာ-၂၀၀၂၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃း၃၀ နာရီ ပျံလွန်တော်မူသည်။) စံလွန်တော်မူလေတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီး ဈာပနပွဲမှာ ဒီက အရှင်မြတ်များက ဘုန်းကြီးများကို တရားတစ်ည ဟောဖို့ ပန်ကြား လျှောက်ထားတာနဲ့ ဘုန်းကြီးက (၂၃)ရက်နေ့တော့ ဖြစ်ပါလိမ့်မယ်လို့ ကတိပေးလိုက်တာနဲ့မို့ တရားဟောဖို့ အခွင့်ရောက်လာပါတယ်။
တရားဟောရမယ်ဆိုလို့ရှိရင်တော့ သုတ္တန်တစ်ခုခုကို ထုတ်ပြီးတော့ ဟောမှ သင့်မှာပါပဲ။
ဒါပေမယ်လို့ ဘုန်းကြီးများကတော့ ရွှေဥမင်ဆရာတော်ဘုရားကြီးနဲ့ အတူတူ တော်တော်လေး နှစ်ကြာကြာ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လက်အောက်မှာပင် ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ နေခဲ့ပါတယ်။
စပြီးတော့ တွေ့ဆုံတာလည်းပဲ အဲဒီ ကမ္မဋ္ဌာန်းဆရာ မလုပ်ခင်က စပြီး တွေ့တာပါပဲ။
ဘုန်းကြီးများက တစ်နှစ်စောပြီး မဟာစည်ဆရာတော်ဘုရားကြီးထံ ရောက်ရှိပြီး တရားအားထုတ်ပါတယ်။
ရွှေဥမင်ဆရာတော်ကြီးကတော့ နောက်တစ်နှစ် အားထုတ်ပါတယ်။
ဘုန်းကြီးက တရားအားထုတ်ပြီး ဆရာသမားများက တာဝန်ပေးလာလို့ ကိုယ့်တိုက်တာကို ပြန်ပြီးတော့ စာပေပို့ချရေး ကိစ္စတွေ တာဝန်ယူရတယ်။
ရွှေဥမင်ဆရာတော်ဘုရားကြီးကတော့ အဲဒီမှာ တရားအားထုတ်ပြီး မဟာစည်ဆရာတော်ဘုရားကြီးကိုယ်တိုင်က ယုံကြည် စိတ်ချပြီး ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ တာဝန်ပေးခံခဲ့ရါပတယ်။
ရွှေဥမင်ဆရာတော်ဘုရားကြီးကလည်း ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ ရှိနေတုန်းအခါက ဘုန်းကြီးများက မကြာခဏ ဘုန်းကြီးနေတဲ့ ကျောင်းတိုက်ကနေ မဟာစည်ဆရာတော်ထံ လာရောက်ပြီးတော့ မေးလျှောက်ချင်တဲ့ အချက်တွေကို မေးလျှောက်ခဲ့ပါတယ်။
တရားနဲ့ အဆက်အသွယ်ကလည်း ရှိနေပြီးသား ဖြစ်နေတော့ တစ်လတစ်ကြိမ်လောက် သို့မဟုတ် နှစ်လတစ်ကြိမ်လောက် ကြွရောက်လာပါတယ်။
အဲဒီက စပြီးတော့ ရွှေဥမင်ဆရာတော်နဲ့ စတွေ့ပြီး အချင်းချင်း ရင်းနှီးသွားပါတယ်။
ဘုန်းကြီးကို အခြေအနေတွေ အကဲခတ်ပြီးတော့ ဆရာတော်က မဟာစည်သာသနာ့ရိပ်သာထဲမှာ ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ ဆွဲသွင်းချင်လို့ ..... လာပါ၊ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါ .... စသည်ဖြင့် တိုက်တွန်းပါတယ်။
စောစောကတော့ ဘုန်းကြီးက ကျောင်းတိုက်မှာ ဆရာသမားများက စာချဖို့ တာဝန်ပေးထားတော့ မူလ ဆရာသမားများကိုလည်း မခွဲနိုင်သေး၊ စာသင်သားများကိုလည်း ငဲ့ညှာထောက်ထားပြီး သူ့ဆန္ဒ မဖြည့်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။
နောက်တစ်နှစ်လောက် ကြာတဲ့အခါကျမှ အကြောင်းအားလျော်စွာ ဒီကလည်း တရားလည်း နာချင်၊ သူကလည်း တိုက်တွန်း၊ ... တပည့်တော် အစမ်းသဘောမျိုးနဲ့ လပိုင်းလောက်တော့ လာကြည့်ပါဦးမယ် ... လို့ လျှောက်လိုက်ပါတယ်။
ထပ်ပြီးတော့လည်းပဲ တရားအားထုတ်ချင်တာနဲ့ ဝါဆိုခါနီး တစ်လအလိုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-ကျော်လောက်က ဘုန်းကြီး ရောက်သွားပါတယ်။
တစ်ဘက်ကလည်း တရားအားထုတ်၊ အခြားတစ်ဘက်ကလည်းပဲ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးကို သူက ..... ဦးပဏ္ဍိကို သူလို ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ တာဝန်ယူဖို့ရာအတွက် လိုလားပါတယ် ..... လို့ သွားလျှောက်တယ်။
သွားလျှောက်တော့ ဆရာတော်ဘုရားကြီးကလည်း လွယ်လွယ်ပဲ။ ဘုန်းကြီးကို အထူး စိစစ်မှုမျိုး လုပ်မနေတော့ဘူး။ ဆရာတော်ဘုရားကြီးနဲ့လည်းပဲ မျက်နှာတန်းမိလျက်သား ရင်းနှီးပြီးသား ဖြစ်နေတော့ ..... ကောင်းတာပေါ့ ..... ဆိုပြီး ခွင့်ပြုလိုက်တော့ အဲဒီက စပြီး ဘုန်းကြီးလည်း ကမ္မဋ္ဌာန်းဆရာနယ်ထဲ ရောက်သွားပါတယ်။
အဲဒီက စပြီး ကမ္မဋ္ဌာန်းနယ်ပယ်ထဲက မထွက်တော့ပါဘူး။
အဲဒီမှာ တဖြည်းဖြည်း ခင်မင် ရင်းနှီးသွားပါတယ်။
ရွှေဥမင်ဆရာတော်အနေနဲ့ ဘုန်းကြီးအပေါ်ဝယ် အင်မတန် ချစ်ခင်တဲ့ အစ်ကိုကြီးတစ်ပါးအနေနဲ့လည်း ဘုန်းကြီးကို စောင့်ရှောက်ပါတယ်။
တကယ့် သီတင်းသုံးဖော်ကောင်း တစ်ပါးအနေနဲ့လည်းပဲ ဘုန်းကြီးကို စောင့်ရှောက်ပါတယ်။
ဘုန်းကြီးကို စောင့်ရှောက်လို့ ဘုန်းကြီးကလည်းပဲ အငယ်ပဲဆိုပြီး ကျန်းမာရေးကအစ ကိုယ်တတ်သမျှ မှတ်သမျှလေးနဲ့ သူ့ကို တုံ့ပြန်ပြီး ကူညီပါတယ်။
အဲဒီလိုနဲ့ပဲ နောင်တော်ညီတော် ရင်းနှီးပြီးတော့ သူက အရေးပေးပြီး သီတင်းသုံးဖော်ကောင်းတစ်ပါး ဖြစ်သွားတာပေါ့လေ။
အဲဒီက စပြီး နောက်ဆုံး စံလွန်တော်မူတဲ့အထိ မပြတ်လပ်ပါဘူး။
ကမ္မဋ္ဌာန်းဆရာအဖြစ်ကနေ စပြီးတော့ နောက်ဆုံး စံလွန်တော်မူခါနီး လပိုင်းအထိ ဘုန်းကြီးတို့က မကြာခဏ ဆုံတွေ့နေပါတယ်။
အဲဒီနှစ်တွေမှာ ဘုန်းကြီးကို ကူညီခဲ့တဲ့ အရာတွေ အများကြီးပါပဲ။
သူ ပြောတာ ဆိုတာလေးတွေလည်းပဲ မှတ်သား လိုက်နာစရာလေးတွေပါပဲ။
အဲဒီ မှတ်သားစရာကောင်းတဲ့ အရာတွေထဲက ဘုန်းကြီး အသည်းနှလုံးထဲမှာ စွဲနေတဲ့ မှတ်သားစရာလေးတစ်ခုကို ဒီနေ့ ဦးတည်ပြီးတော့ ရွှေဥမင်ဆရာတော်ကြီးကို ကျေးဇူးဆပ်ရာလည်းရောက်၊ လာရောက် တရားနာကြားတဲ့ ပုဂ္ဂိုလ်များက ကိုယ့်ကိုယ်ကို စဉ်းစားပြီးတော့ အကျိုးရှိဖို့ရာလည်း ယူတတ် ကျင့်တတ်လို့ရှိရင် တန်ဖိုးတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
လွန်ခဲ့တဲ့ ၁၂-နှစ်လောက်က ဘုန်းကြီးများ ပဲခူး ကျောက်တန်း မဟာဗောဓိတောရ သွားပြီးတော့ အနားယူခဲ့ပါတယ်။
ဘုန်းကြီး သွားပြီး အနားယူကြောင်းကို နောက်ပိုင်း ရွှေဥမင်ဆရာတော်ဘုရားကြီး သိသွားတော့ ဒကာအနည်းငယ်နဲ့ ကားတစ်စင်းကို ခေါ်ပြီး မဟာဗောဓိတောရစခန်းကို လိုက်လာခဲ့ပါတယ်။
လမ်းမှားပြီး ထုံးကြီးဘက် ရောက်သွားတယ်။
ထုံးကြီးကနေပြီး မဟာဗောဓိတောရအထိ ခြေလျင်လာတာ သူ့ကျန်းမာရေးနဲ့ သူ့အင်အားနဲ့ အမောခံပြီး လာရှာပါတယ်။
ဘုန်းကြီးတို့ ကျောက်တန်းဆိုတာလည်းပဲ အလှမ်းဝေးလှပါတယ်။
အနည်းဆုံး ၃-နာရီလောက်တော့ ရှိမလား မသိဘူး။
တောစခန်းက ဖြတ်ပြီး လာရပါတယ်။
ဘုန်းကြီး အနားယူတဲ့ မဟာဗောဓိတောရတိုက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။
ရောက်ပြီး မကြာခင် အတွင်းမှာပဲ ခရီးရောက်မဆိုက် ဘုန်းကြီး အသည်းထဲ နှလုံးထဲမှာ စွဲသွားတဲ့ စကားလုံးလေးတစ်လုံးကို အမိန့်ရှိပါတယ်။
ဟိုး ... ရှေးအခါက ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါး ရှိပါတယ် တဲ့။
အဲဒီ ဆရာတော်ကြီးထံ ချဉ်းကပ်လာတဲ့ ရဟန်းတွေကို ဆရာတော်ဘုရားကြီးက စကားလက်ဆောင်လေးတစ်ခု ပေးလေ့ရှိတယ်။ ဆုံးမလေ့ရှိတယ် ...တဲ့။
ဆုံးမပုံကတော့ -
“မောင်ပဉ္ဇင်း ... သာသနာပိုင်ဖြစ်အောင် လုပ်နော်၊ ကြိုးစားနော်” တဲ့။
အဲဒီ စကားလေးကို ကြားလိုက်တော့ ဘုန်းကြီးစိတ်ထဲမှာ သိပ် ကျေနပ်သွားတယ်။
အခုလည်းပဲ အဲဒီ ဆရာတော်ဘုရားကြီးထုံး နှလုံးမူပြီးတော့ အေးအေးဆေးဆေး လာရောက်ပြီး အချိန်ရတဲ့ အခိုက်အတန့်မှာ ကိုယ့်ကျိုးကိုယ့်စီးပွား အစစ်အမှန်ကို လာပြီး လုပ်တာ ...၊ သာသနာပိုင်ဖြစ်အောင် အရှင်ဘုရားက လုပ်နေတာပဲ ... တဲ့။ သာသနာပိုင် လမ်းစဉ်ပဲ ... တဲ့။
သိပ်ကို ဝမ်းသာသွားတာပဲ။
သိပ်လည်း ကျေးဇူးတင်တယ်။
အခြားအခြား နောင်တော်ကြီးအနေနဲ့ သီတင်းသုံးဖော်အနေနဲ့ ပြောဆိုတဲ့ စကားလေးတွေကို စွဲသလောက် စွဲပေမယ်လို့ အဲဒီအခါမှာ ရှေးရှေးက ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါး မိမိထံ ရဟန်းများ ချဉ်းကပ်လာကြပြီး ဆိုလို့ရှိရင် .... မောင်ပဉ္ဇင်း၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော် ... ဆိုတဲ့ စကားလေးက စပြီး သူက ဆင့်ပွား မိန့်ကြားကာ ရှုပွားပုံကို ဦးပဏ္ဍိတ သာသနာပိုင်ဖြစ်အောင် ကြိုးစားနေတာပဲလို့ ဘုန်းကြီးကို နှစ်သိမ့်သွားရှာတယ်။
သိပ်အခွင့်သာတယ်။ အခွင့်ကောင်းတယ်။
အားပေးပါတယ်။
အဲဒီ စကားတစ်လုံးကို လေးလေးနက်နက် အမိန့်ရှိသွားတာ နှလုံးထဲမှာ စွဲနေပါတယ်။
ဒိပြင်တော့ ဟိုတုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ပြီးသွားပါတယ်။
သို့သော် ဘုန်းကြီးစိတ်ထဲမှာ စွဲကျန်နေတာက အဲဒီ စကားလေးတစ်ခုပဲ။
အဲဒီတော့ ပရိသတ်တို့ စဉ်းစားကြည့်ပေါ့။
“သာသနာပိုင်ဖြစ်အောင် ကြိုးစားကြနော်” .... ပထမဆရာတော်ကြီး ပြောတဲ့ စကားရယ်။
“ဦးပဏ္ဍိ သာသနာပိုင်ဖြစ်အောင် ကြိုးစားနေတာပ” ... ဆိုတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးက ပြောတဲ့ စကားရယ်။
သာမန်ဆိုရင် သာသနာပိုင်ဆိုတာ ဘုန်းကြီးတို့ မြန်မာပြည်မှာ ထင်ရှားတဲ့ ဂိုဏ်းကြီး သုံးဂိုဏ်း ရှိပါတယ်။
(၁) သုဓမ္မာဂိုဏ်း
(၂) ရွှေကျင်ဂိုဏ်း
(၃) ဒွါရဂိုဏ်း
သုဓမ္မာဂိုဏ်းကို အုပ်ချုပ်တော်မူတဲ့ အကြီးအကဲ ဆရာတော်ကို သုဓမ္မာဂိုဏ်းဆိုင်ရာ သာသနာပိုင်လို့ ခေါ်ပါတယ်။
ရွှေကျင်ဂိုဏ်းဆိုင်ရာကလည်းပဲ သာသနာပိုင် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းပြည့်ဝတဲ့ ထေရ်ကြီးဝါကြီး တစ်ပါးကို အရန်သာသနာပိုင်များနဲ့အတူ သံဃာအစည်းအဝေးကြီးက သာသနာပိုင်အဖြစ် ခန့်တယ်။ မြှောက်တယ်။
ဒွါရဝါဒီဂိုဏ်းကလည်း ထိုနည်းလည်းကောင်းပဲ။ သူတို့ ဂိုဏ်းထဲက ထေရ်ကြီးဝါကြီး စာတတ်ပေတတ် သီလ သမာဓိ ပညာအကျင့်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ပါးကို ဒွါရဝါဒီသာသနာပိုင် ဥက္ကဋ္ဌခန့်လေ့ရှိပါတယ်။
သာမန် စဉ်းစားလို့ရှိရင် အဲဒီလို ဂိုဏ်းဆိုင်ရာ သာသနာပိုင်ဖြစ်အောင် ကြိုးစားလို့ အဓိပ္ပာယ်ကောက်ချင်လည်း ကောက်မှာပဲ။
ဘုန်းကြီးက ချက်ချင်း တန်းပြီးတော့ အဓိပ္ပာယ်ကို သိလိုက်ပါတယ်။
သာသနာပိုင်ဆိုတာ ခုနက မြန်မာပြည်မှာရှိတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ဆိုင်ရာ ဆိုင်ရာ အကြီးဥက္ကဋ္ဌ ဆရာတော်ကြီးဖြစ်အောင် ကြိုးစားပါလို့ ဒီလို အဓိပ္ပာယ် မကောက်ယူပါဘူး။
ဘုန်းကြီးနဲ့ဆိုင်တဲ့ တစ်ကိုယ်ရည် သာသနာ ပြည့်စုံအောင် ပိုင်အောင် လုပ်ပါလို့ ဒီလို အဓိပ္ပာယ်ကောက်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁၂-နှစ်ကျော်ကျော်လောက်က ကျောက်တန်းမဟာဗောဓိတောရမှာ ဘုန်းကြီးများ အနားယူစဉ်က အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာအပြည့်အဝနဲ့ အမြော်အမြင် ကြီးစွာနဲ့ သတိပေးတဲ့ စကားလေးဟာ အခုထိ ဘုန်းကြီးနားထဲမှာ ရှင်သန်လျက် ရှိနေပါတယ်။
ကြားသိယောင်လည်း ရှိနေပါတယ်။
အဲဒီ စကားလေးတစ်ခုကို ဘုန်းကြီးများ တကိုယ်ရည်အတွက်ရော၊ အများအတွက်ရော အများကောင်းကျိုးပြု သာသနာ့ကိစ္စ ဆောင်ရွက်ရာမှာ အင်မတန် အရေးပါတဲ့ အားဆေးတစ်ခွက်လို့ ယူဆပါတယ်။
“သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”ဆိုတာ ရဟန်းတော်များနဲ့သာ ဆိုင်သလားဆိုတော့ ဘုန်းကြီးကတော့ ရဟန်းတော်များနဲ့သာ ဆိုင်တယ်လို့ မတွက်ပါဘူး။ ဒကာ ဒကာမတွေ အကုန်လုံးနဲ့လည်း ဆိုင်တာပါ။
မြန်မာပြည်ဖွား ဗုဒ္ဓသာသနာဝင် ဖြစ်ကြတဲ့ ပုဂ္ဂိုလ်များ၊ ကလေးက စပြီး လူအို သေခါနီးအထိ အကုန်လုံးသည် “သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ စကားနဲ့ ဆိုင်နေတယ်လို့ ဘုန်းကြီး ဒီလို နားလည်ပါတယ်။
ရွှေဥမင်ဆရာတော်ကြီး အမိန့်ရှိတဲ့ အဲဒီစကားလေးကို တဆင့် ရွှေဥမင်ဆရာတော်ကြီးကို အမှီပြုပြီး ကြည်ညို အားကိုးကြတဲ့ ဒကာ ဒကာမတွေဟာ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်အခါတုန်းက ဘယ်နှခါလောက် “သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ”လို့ မိန့်မှာဖူးသတုန်း။ မှတ်မိကြသလား။ အဲသလို အမိန့်ရှိဖူးသလား။ အဲသလို အသံရော ကြားဖူးသလား။ အင်း ... မကြားဖူးသေးဘူး။ နီးစပ်ရာပုဂ္ဂိုလ်တွေက ပြောကြစမ်းပါ။ ဒီအဆိုအမိန့်ဟာ ရိုးရိုးလေးနဲ့ ဆန်းတာပါ။
ဘုန်းကြီးတို့ ရဟန်းတော်များသာ မဟုတ်ပါဘူး။ လူတွေလည်းပဲ သာသနာပိုင်ဖြစ်ဖို့ သိပ်ပြီးတော့ အရေးကြီးပါတယ်။
“သာသနာပိုင်”ဆိုတဲ့ စကားစုမှာ “သာသနာ”ဆိုတဲ့ ပါဠိသက် ပါဠိမွေးစား စကားလုံးက တစ်ခု၊ “ပိုင်”ဆိုတဲ့ စကားက တစ်ခု၊ ပေါင်းစပ်ထားပါတယ်။
“သာသနာ”ဆိုတာကတော့ ဘုရားအဆုံးအမလို့ ကျဉ်းကျဉ်းမှတ်ဖို့ပါပဲ။
လူတွေမှာ လမ်းမှန်နဲ့ လမ်းမှား ၂-မျိုး ရှိတဲ့အထဲက လမ်းမှားကို လျှောက်ပြီဆိုရင် ဘယ်ပုဂ္ဂိုလ် ဘယ်သူတော်ကောင်းမှ လမ်းမှားလျှောက်နေတယ်ဆိုတာ ကောင်းကောင်း မမြင်ပါဘူး။
လမ်းမှန်လျှောက်နေတယ်ဆိုတာကိုလည်း ကောင်းကောင်း မမြင်ပါဘူး။
မြတ်စွာဘုရား ဖော်ထုတ်ပေးလိုက်လို့သာ လမ်းမှန်နဲ့ လမ်းမှား သဲသဲကွဲကွဲ ခွဲခြားပြီးတော့ သိနားလည်ကြပါတယ်။
လမ်းမှားဆိုတာက ပြုမှား၊ ပြောမှား၊ စိတ်ထားမှားတွေ၊ အကုသိုလ်တရားတွေပေါ့။
လမ်းမှန်ဆိုတာကတော့ အဲဒီရဲ့ ဆန့်ကျင်ဘက် ပြုမှန်၊ ပြောမှန်၊ စိတ်ထားမှန်တွေပေါ့။
များသောအားဖြင့်ဆိုရင် ဘုရားမပွင့်ခင်ကနဲ့ ဘုရားပွင့်ခါစအထိကို သတ္တဝါတွေဟာ လမ်းမှားကိုပဲ လျှောက်သွားကြပါတယ်။
လမ်းမှားလျှောက်ပြီး စခန်းမှား ရောက်ကြပါတယ်။
လမ်းမှားဆိုတာကလည်း သတ်မှု၊ ခိုးမှု၊ မိစ္ဆာစာရ ကာမမှု၊ ကိုယ်နဲ့စပ်တဲ့ ပြုမှားတွေ၊ လိမ်မှု၊ ရန်တိုက်မှု၊ ဆဲရေးတိုင်းထွာ ပြောဆိုမှု၊ အနှစ်မဲ့တဲ့ အဓိပ္ပာယ်မဲ့တဲ့ စကားတွေ အချိန်ကုန်ခံပြီး ပြောဆိုမှု၊ နှုတ်နဲ့စပ်တဲ့ အမှားတွေ၊ စိတ်နဲ့ စပ်တဲ့ အမှားကတော့ သူတပါး ပစ္စည်းကို အပိုင်စီးလိုမှု၊ သူတပါးကို ဖျက်ဆီးလိုမှု သတ်ချင်မှု၊ ညှဉ်းဆဲလိုမှု၊ ကောင်းတာပြုလည်း ကောင်းကျိုးမရ၊ ဆိုးတာပြုလည်း ဆိုးကျိုးမရ၊ သေရင်ပြီးတာပဲ ပြတ်ပြီလို့ အယူအဆ လွဲမှားမှု၊ အဲဒီလို အမှားလမ်း လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်၊ နှုတ်၊ စိတ် သုံးမျိုးစလုံးကို ရစရာ မရှိအောင် အပြစ်တွေ ပွေတော့တာပါပဲ။
လောဘအလို လိုက်ပြီးတော့ မှားကြတာတွေ၊ ဒေါသအလိုလိုက်ပြီးတော့ မှားကြတာတွေ၊ မိုက်မဲမှု မောဟအလိုလိုက်ပြီး မှားကြတာတွေ။ မှားပြီဆိုရင် သူတို့ရဲ့ ကိုယ် နှုတ် စိတ်ထားဟာ အပြစ်အနာအဆာတွေ မကင်းကြတော့ ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်၊ ပူလောင်တယ်၊ စက်ဆုပ်ဖွယ်ရာ ဖြစ်တယ်။
ဒါတွေကို မြတ်စွာဘုရားကိုယ်တိုင် မြင်တော်မူခဲ့ပါတယ်။
အဲဒီလို အပြစ်အနာအဆာ မကင်း၊ မသန့်ရှင်း မယဉ်ကျေး၊ မနူးညံ့၊ ပူလောင် စက်ဆုပ်ဖွယ်ရာတွေဖြစ်တဲ့ အခြေအနေကနေ ပြောင်းပြန် ပြုလုပ်ချင်ရင်တော့ မြတ်စွာဘုရားက လမ်းမှား မလျှောက်ကြနဲ့၊ လမ်းမှားလျှောက်ရင် ဒုက္ခတွေ ရောက်တယ်၊ လမ်းမှန်က ဒါတွေ ဒါတွေပါပဲလို့ ညွှန်ကြားတော်မူခဲ့ပါတယ်။
ကိုယ်နဲ့နှုတ် မှန်အောင် ပြုပြင်ပေးတယ်။
စိတ်နေစိတ်ထားလည်း မြင့်မြတ်အောင် ပြုပြင်ပေးတယ်။
အသိဉာဏ်တွေ အသိမှန်တွေလည်းပဲ အခြေခံက စပြီး အဆင့်ဆင့် အဆင့်ဆင့် မြင့်အောင်လို့ ဆုံးမပေးတယ်။
သီလဆိုင်ရာ အကျင့်၊ သမာဓိဆိုင်ရာ အကျင့်၊ ပညာဆိုင်ရာ အကျင့်တွေကို လမ်းညွှန်တယ်။
လမ်းညွှန်တဲ့အတိုင်း ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကျင့်သုံးကြသလောက် ... သီလကျင့်သုံးလို့ရှိရင် ကိုယ်မှု နှုတ်မှုတွေ စင်ကြယ်ပြီးတော့ ယဉ်ကျေးသွားတယ်၊ နူးညံ့သွားတယ်။
စိတ်တွေ တည်ငြိမ် သန့်ရှင်းအောင် ပြုလုပ်လို့ရှိရင် စိတ်နေစိတ်ထားတွေလည်းပဲ ဖြူစင်သန့်ရှင်းပြီး ခိုင်မာတယ်။
ကိလေသာမျိုးတွေ အချိန်ပိုင်း ပြတ်အောင်၊ အချိန်ပြည့် ပြတ်သွားအောင် ပညာဆိုင်ရာ ပညာအကျင့်တွေကိုလည်းပဲ မြတ်စွာဘုရားက ညွှန်ပြ ဆုံးမတယ်။
ဆုံးမတဲ့အတိုင်း ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေမှာ ကျင့်သုံးသလောက် ဝိပဿနာ ပညာနဲ့ မဂ်ပညာ အဆင့်ဆင့် ဖြစ်သွားပြီဆိုလို့ရှိရင် ကိလေသာမျိုးပါ ပြတ်ပြီး စိတ်လည်းပဲ အပြစ်အနာအဆာတွေကင်း သန့်ရှင်းသွားတယ်၊ ယဉ်ကျေးတယ်၊ နူးညံ့တယ်၊ အေးချမ်းတယ်။
အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရသွားပြီဆိုလို့ရှိရင် လူ့ဘဝအဖြစ်နဲ့ သာသနာတော်ကြီးနဲ့ တွေ့ရ ကြုံရကျိုး နပ်သွားပါပြီ။
အဲသလောက်ကို ဘဝအာမခံချက် ရသွားလို့ရှိရင် စိတ်ချသွားပါပြီ။
ရဟန္တာဖြစ်တဲ့အထိ ပြီးဆုံးသွားလို့ရှိရင် အထူး ပြောစရာ မရှိတော့ဘူး။
အဲသလို မြတ်စွာဘုရား ဆိုဆုံးမတဲ့ လမ်းမှန် အကျင့်ကောင်းကို သိနားလည်ပြီး ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အပြစ်အနာအဆာတွေ ကင်းပြီး သန့်ရှင်း ယဉ်ကျေး နူးညံ့သွားတာ၊ အေးချမ်းသွားတာ၊ နှစ်သက်စရာတွေ ဖြစ်သွားတာ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရဲ့ အဆုံးအမကြောင့်ပါ။
မြတ်စွာဘုရား ဆုံးမ သွန်သင်ထားတဲ့အတိုင်း ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးသလောက် ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အပြစ်အနာအဆာတွေ သန့်ရှင်းသွားတယ်။
သန့်ရှင်းသွားကြောင်းဖြစ်တဲ့ မြတ်စွာဘုရား အဆုံးအမ၊ ကျင့်နည်းမှန်တရားနဲ့ လက်တွေ့ကျကျ ကျင့်သုံးလို့ ရရှိတဲ့ သီလ သမာဓိ ပညာ အကျင့်တရားတွေကို “သာသနာ” ခေါ်တာပဲ။
ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အချိုးက အပိုးသေအောင် ဆုံးမ ညွှန်ကြားကြောင်း ယဉ်ကျေးမှုတဲ့။
အဲဒါ “သာသနာ” ခေါ်တယ်။
အတိုချုပ် ပြောလို့ရှိရင် မြတ်စွာဘုရား ဆိုဆုံးမတဲ့ ဗုဒ္ဓယဉ်ကျေးမှု၊ အဲဒီ ယဉ်ကျေးမှုကလည်း ကျင့်နည်းမှန် ယဉ်ကျေးမှု။
ကျင့်သုံးရတဲ့ သီလ သမာဓိ ပညာအကျင့် ယဉ်ကျေးမှု။
ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးအောင် ဒီလို ဒီလိုကျင့်ဆိုတဲ့ သီလဆိုင်ရာ အကျင့်နည်းလမ်းတွေ။
စိတ်နေစိတ်ထားတွေ သန့်ရှင်းအောင် ဒီလို ဒီလိုကျင့်ဆိုတဲ့ သမာဓိဆိုင်ရာ အကျင့်နည်းလမ်းတွေ။
အသိဉာဏ် အသိမှန်တွေ အဆင့်ဆင့်ဖြစ်အောင် ဒီလို ကျင့်ဆိုတဲ့ ပညာဆိုင်ရာ အကျင့်နည်းလမ်းတွေက ... တခြား မဟုတ်ပါဘူး။
သတိပဋ္ဌာန် ဘာဝနာတရားပဲ။
သတိပဋ္ဌ်ာနဘာဝနာတရားကို ပြည့်ဝ ကျေနပ်လောက်တဲ့အထိ အားထုတ်ပြီဆိုရင် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားတွေ ပါသွားတာပါပဲ။
ကျင့်ရင် ကျင့်သလောက် ကျင့်တဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အချိုးကျ အပိုးသေ ယဉ်ကျေးသွားတယ်။ နူးညံ့သွားတယ်။ အေးချမ်းသွားတယ်။ နှစ်သက်စရာတွေ ဖြစ်သွားတယ်။
ဘာကြောင့်လဲ။
ကျင့်နည်းမှန် သိပြီး ကျင့်လို့။
ဒါကြောင့် မြတ်စွာဘုရား ဆိုဆုံးမတဲ့ အဆုံးအမတွေဟာ လူတွေ သတ္တဝါတွေ ကိုယ် နှုတ် စိတ် သုံးမျိုးလုံး ယဉ်ကျေးအောင် ပြုကြောင်းဖြစ်တဲ့အတွက် ပါဠိလို “သာသန” မြန်မာလို ပါဠိမွေးစား စကားလုံးလုပ်ပြီး “သာသနာ”လို့ ခေါ်ပါတယ်။
မြန်မာမှုသက်သက်နဲ့ ပြောလို့ရှိရင် ဗုဒ္ဓယဉ်ကျေးမှုပါပဲ။
အဲဒီ ဗုဒ္ဓယဉ်ကျေးမှု ပိုင်အောင် လုပ်ပါလို့ ဆိုလိုပါတယ်။
“ပိုင်”ဆိုတာက စာအုပ်ထဲက သာသနာ မဟုတ်ပါဘူး။
ဆရာတော် သံဃာတော်တွေ ဟောတဲ့ နှုတ်က ထွက်တဲ့ သာသနာ မဟုတ်ပါဘူး။
မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ကိုယ့်ဆရာသမားတွေက ညွှန်ကြားတဲ့ ကျင့်နည်းအမှန် တရားအတိုင်း ကျင့်လို့ ကိုယ်မှာ ရရှိတဲ့ သီလ သမာဓိ ပညာအကျင့် တရားတွေကို ယခု တရားအားထုတ်ထားတော့ ရလာတာ။
ရပြီဆိုရင် ပိုင်တာပဲ။
စားဝတ်နေရေးအတွက် အလုပ်ကြိုးစားတဲ့အခါမှာ လုပ်ခ ကြေးငွေတွေ ရပြီဆိုရင် အဲဒီလုပ်ခက ကိုယ်ပိုင်တာပဲ။
တခြား ဘယ်သူမှ မပိုင်ဘူး။ ကိုယ်လုပ်လို့ ကိုယ်ရတာပဲ။
ကိုယ်အားထုတ်လို့ ကိုယ်ရတဲ့ သီလ သမာဓိ ပညာအကျင့် တရားကျင့်နည်းမှန်နဲ့အတူ ကိုယ်ပိုင်တာပဲ။
အဲဒါ “သာသနာပိုင်” ခေါ်တယ်။
ဘုန်းကြီးက ဘုရားညွှန်ကြားတဲ့အတိုင်း ကျင့်ရင် ဘုရားအဆုံးအမ ဘုန်းကြီးမှာ ပိုင်သွား၊ ရသွားတော့ ဘုန်းကြီးက သာသနာပိုင် ဖြစ်သွားတာပေါ့။
အခြား အခြား အရှင်မြတ်များ သံဃာတော်များက မြတ်စွာဘုရား ဆိုဆုံးမတဲ့အတိုင်း ကျင့်လို့ရှိရင် ယဉ်ကျေးမှု ရရှိသွားတဲ့အခါမှာ သူတို့လည်းပဲ အသီးသီး သာသနာပိုင် ဖြစ်သွားတာပေါ့။
လူဝတ်ကြောင်များကလည်းပဲ လူဝတ်ကြောင်အလိုက် အနည်းဆုံး ငါးပါးသီလ ပြည့်စုံတယ်ဆိုရင် သီလသာသနာ ပိုင်တာပဲ။
စိတ်နေစိတ်ထားတွေ သန့်ရှင်းအောင် ပြုလုပ်လို့ရှိရင် ပြုလုပ်တဲ့ ပုဂ္ဂိုလ်မှာ စိတ်တည်ငြိမ်မှု ရသွားတယ်။
အဲဒီ တည်ငြိမ်မှုဟာ လုပ်တဲ့ ပုဂ္ဂိုလ်ပိုင်တာပဲ။
ရုပ်နာမ် ပိုင်းခြားသိမှုကအစ အဆင့်ဆင့် အဆင့်ဆင့် ဉာဏ်ကလေးတွေ ပွင့်ပြီး ရင့်ကျက် ပြည့်စုံသွားလို့ အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရသွားပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ သူလုပ်လို့ သူပိုင်သွားတာပဲ။
လူဝတ်ကြောင်တွေလည်းပဲ သာသနာပိုင် ဖြစ်နိုင်တယ်။
အားလုံး သာသနာပိုင် ဖြစ်နိုင်တယ်။
အဲဒီ အဓိပ္ပာယ်ကို မြော်ပြီး ဟိုးရှေးရှေးက ထင်ရှားတဲ့ ဆရာတော်တစ်ပါးက မိမိထံ ချဉ်းကပ်လာတဲ့ ရဟန်းတော်များကို “မောင်ပဉ္ဖ္ဇင်း၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော်”ဆိုတာကို ပြောတာပါ။
ပရိသတ်ကို ဘုန်းကြီးက မေးချင်ပါတယ်။
သာသနာပိုင်ဖြစ်အောင် လုပ်ပြီးကြပြီလား?
ဗုဒ္ဓယဉ်ကျေးမှု ကျင့်နည်းအမှန်နဲ့ လက်တွေ့ကျကျ ကျင့်သုံးလို့ ရရှိတဲ့ သီလ သမာဓိ ပညာ ... ကိုယ်နဲ့ တန်သလောက် တန်သလောက် ရရှိပြီးပြီလား?
အာမခံချက်ရှိလောက်အောင် သေချာတဲ့ သီလ သမာဓိ ပညာ အကျင့်တရားရော ဟုတ်ရဲ့လား?
အခု စံလွန်တော်မူသွားတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးကို မှီရတဲ့ ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် ကျင့်နည်းမှန် နားထောင်ရုံမျှ မဟုတ်ဘဲနဲ့ သူ့အထံ အချိန်ယူပြီး လာရောက်ပြီးတော့ အားထုတ်တယ်ဆိုလို့ရှိရင် သီလ သမာဓိ ပညာ အကျင့်တရားတွေဟာ ကိုယ်လုပ်လို့ ရသွားပြီဆိုရင် နည်းနည်းရရင် နည်းနည်း သာသနာပိုင်တာပဲ။ များများ ရသွားရင် များများ သာသနာပိုင်တာပဲ။
အနည်းဆုံး တစ်မဂ် တစ်ဖိုလ်လောက် ရသွားပြီဆိုရင် သေချာတဲ့ သာသနာ ဘုရားအဆုံးအမ ဗုဒ္ဓယဉ်ကျေးမှု ပိုင်သွားပါပြီ။
တရားအားထုတ်လို့ရှိရင် တစ်ယောက်ရသွားရင် တစ်ယောက် ပိုင်သွားတာပဲ။
နှစ်ယောက်အားထုတ်ရင် နှစ်ယောက် ပိုင်သွားတာပဲ။
အဲဒါ “သာသနာပိုင်” ခေါ်တယ်။
ဒါကိုလည်း ဘုန်းကြီးက တွက်ပြပါမယ်။
မြန်မာပြည်မှာ လူဦးရေ သန်း (၅၀) ကျော်သွားပါပြီ။
အဲဒီ သန်း ၅၀ ထဲမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူက ၁၀-သန်းလောက် ရှိပါတယ်။
သန်း ၅၀ ထဲက ၁၀-သန်း နုတ်လိုက်ရင် သန်း ၄၀ ကျန်ပါတယ်။
အဲဒီ သန်း ၄၀ အားလုံးက ဗုဒ္ဓဘာသာဝင်တွေချည်းလို့ ဆိုစရာပါပဲ။
ဒါပေမယ်လို့ ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ဗုဒ္ဓယဉ်ကျေးမှုနဲ့ ကင်းကွာပြီးတော့ လာတာ နှစ်ပေါင်း ၄၀ ရှိသွားပါပြီ။
မိဘအုပ်ထိန်းတဲ့သူတွေ ကိုယ်တိုင်ကလည်းပဲ နဂိုက မိကောင်းဖကောင်း ဆွေကောင်းမျိုးကောင်း ဆရာသမားကောင်းတွေကို မမှီခဲ့ရတော့ အခြေခံ သီလသာသနာက စပြီး ပိုင်ပိုင်နိုင်နိုင် မရှိကြတော့ဘူး။
အခု သီလဝိသုဒ္ဓိရှိတဲ့သူ ဦးရေ ဘယ်လောက်,လောက် ရှိမလဲဆိုတာ ပရိသတ် တွက်ကြည့်ကြပါ။
ဒီကမှတဆင့် စိတ်ဓာတ်ဖွံ့ဖြိုးစေတဲ့ သမာဓိသိက္ခာရှိသူ ဦးရေ ဘယ်လောက်,လောက် ရှိမလဲဆိုတာ ပရိသတ် တွက်ကြည့်ကြပါ။
အဲဒီကမှတဆင့် တက်ပြီး ဝိပဿနာဉာဏ်၊ အရိယာဉာဏ် ဒီပညာသိက္ခာနဲ့ ပြည့်စုံသွားတဲ့ ပုဂ္ဂိုလ်ဦးရေ ဘယ်လောက်ရှိပြီလဲ တွက်ကြည့်ပါ။
နှစ်ပေါင်း ၄၀ လောက် အကြောင်းအားလျော်စွာ ဗုဒ္ဓယဉ်ကျေးမှုနဲ့ ကင်းကွာသွားတော့ ယဉ်ကျေးမှု မရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာပြည်မှာ ဘယ်လို ဖြစ်နေသလဲဆိုတာ တွက်ကြည့်ကြပါ။
မိကောင်း ဖကောင်း ဆွေကောင်း မျိုးကောင်း အခုလို ရွှေဥမင်ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်ကို မှီရတဲ့သူတွေဟာ အမှီရတယ်ဆိုတာ ဖူးတွေ့ရုံ မဟုတ်ဘူး။
ကျင့်နည်းမှန်တွေ နာခံပြီး ဒီဘဝမှာ သေချာပေါက် သာသနာပိုင် ဖြစ်ဖို့ရာ သိပ်ပြီး လိုအပ်ပါတယ်။
သာသနာပိုင် ဖြစ်ရမယ်ဆိုတဲ့ စိတ်တွေ ရှိပြီး သာသနာအကျင့်မှန် ဖြစ်နိုင်လောက်တဲ့ နည်းလမ်းတွေ ရွှေဥမင်ဆရာတော်ကြီးဆီက ရမယ်။
ကျင့်လည်း ကျင့်မယ်ဆိုရင် သီလ သမာဓိ ပညာ သာသနာ ပိုင်သွားမယ်။
ပီပီပြင်ပြင် တကိုယ်ရည် သာသနာပိုင်သူ ဦးရေ ဘယ်လောက်ရှိမလဲဆိုတာ တွက်ကြည့်ပါ။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ပါ။
မိကောင်း ဖကောင်းတွေ မှီရတယ်။
ဆရာသမားကောင်းတွေ မှီရတယ်။
တကယ့် ဆရာတော်ဘုရားကြီးတွေ မှီရတယ်။
မှီရပြီး သီလ သာသနာလည်း ပိုင်ပြီ၊ သမာဓိသာသနာလည်း ပိုင်ပြီ၊ ပညာသာသနာလည်း ပိုင်ပြီ၊ အာမခံချက် ရှိလောက်အောင် ဖြစ်ပြီ၊ စိတ်ချရပြီဆိုရင် လူဖြစ်ရကျိုး နပ်ပြီ၊ သာသနာတော်ကြီးနဲ့ တွေ့ဆုံရကျိုးနပ်ပြီ ဆိုပြီးတော့ ရဲရဲတောက် ကြုံးဝါးနိုင်သူ ဦးရေ ... မြန်မာပြည်မှာ ဘယ်လောက်ရှိမလဲ?
ခုနက ဗုဒ္ဓဘာသာ မဟုတ်သူ ၁၀-သန်း နုတ်လိုက်ရင် သန်း ၄၀ ကျန်မယ်။
ဘုန်းကြီးအမြင်နဲ့ မညှာမတာ တွက်ရမယ်ဆိုရင် ခုနက သန်း ၄၀ ထဲက သုံးသန်းနဲ့ လေးသန်းကြားလောက်ပဲ ရှိမယ်။
သာသနာပိုင်ပြီ ဆိုပြီး စိတ်ချရတဲ့ ပုဂ္ဂိုလ်က ၄-သန်းလောက်ပဲ ရှိမယ်။
အဲဒီ ၄-သန်းကို ထပ်နုတ်လိုက်ရင် ၃၆-သန်း ကျန်မယ်။
အဲဒီ ၃၆-သန်းဟာ မှုန်မွှားမွှား ချည့်နဲ့နဲ့ မပြတ်မသား အဆန်ချောင် စိုစိစိ ညောင်နာနာ အမည်ခံ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ပုဂ္ဂိုလ်များပါ။
အဲဒီ သမားရိုးကျ သာသနာပိုင်ပြီ ဆိုပြီး စိတ်ချနေတဲ့ ပုဂ္ဂိုလ်များဟာ ဟိုးရှေးရှေးက ထင်ရှားတဲ့ ဆရာတော်ကြီး အမိန့်ရှိခဲ့တဲ့ “မောင်ပဉ္ဇင်း၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော်”ဆိုတဲ့ စကားနဲ့ တိုက်ကြည့်ကြပါ။
“သာသနာပိုင် ဖြစ်တယ်”ဆိုတာ အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရမှ သာသနာပိုင်တာ။
မဟုတ်ရင် သာသနာပိုင် မဟုတ်သေးဘူး။
အဲဒီ ဆရာတော်ကြီး ဆိုလိုတာက အနည်းဆုံး အရိယာဖြစ်အောင် အားထုတ်ကြပါ။
သောတာပန်ဖြစ်အောင် အားထုတ်၊ ဒါမှ သာသနာပိုင်မယ်လို့ ပြောတာ။
ဘုန်းကြီးကိုယ်တိုင်ကလည်း ဒီအဆုံးအမကို မသိလို့ဘဲ ဖြစ်ဖြစ်၊ သိပေမယ့် အမှတ်တမဲ့ပဲ ဖြစ်ဖြစ် ကျင့်နည်းမှန်လည်း မလေ့လာဘူး၊ ကျင့်လည်း မကျင့်ဘူးဆိုလို့ရှိရင်တော့ ကျင့်နည်းမှန် ပရိယတ္တိသာသနာလည်း မပိုင်ဘူး။
မကျင့်တော့ ပဋိပတ္တိသာသနာလည်း မပိုင်ဘူး။
ကျင့်နည်းမှန် ပရိယတ္တိ မရှိဘဲနဲ့တော့ လက်တွေ့ကျင့်သုံးမှု ပဋိပတ္တိသာသနာလည်း မပိုင်ဘူး။
ပဋိပတ္တိသာသနာ မပိုင်ဘူးဆိုရင် ပဋိဝေဓသာသနာလည်း မပိုင်ဘူးပေါ့။
စာတွေတော့ သင်နေတာပဲ။
စာတွေ သင်နေတာ ကျင့်နည်းမှန်ပဲ။
ကျင့်နည်းမှန်သာ သိပြီးတော့ မကျင့်ဘူးဆိုရင် ဘယ်ကလာပြီး ပိုင်နိုင်ပါ့မလဲ။
တစ်နည်းအားဖြင့်လည်း ဘုန်းကြီးတို့က စာတော့ သင်ပါရဲ့။
စာသင်ပြီးတော့ စာက ညွှန်တဲ့အတိုင်း အခြေခ့ ကိုယ်ကျင့်သီလမှ မရှိဘူးဆိုရင် ဒီသီလဟာ ကိုယ်မှာ ရှိနေတာ မဟုတ်တော့ ကိုယ်မပိုင်ဘူး။
အဲဒီတော့ သာသနာပိုင် မဟုတ်ဘူး။
သီလမရှိဘူးဆိုရင် စိတ်တည်ငြိမ်မှု သမာဓိလည်း မရှိဘူး။
သမာဓိ မရှိဘူးဆိုရင် အသိပညာလည်း မရှိဘူး။
ဒီနည်းနဲ့ပဲ သီလ သမာဓိ ပညာ ခေါ်တဲ့ သာသနာ ဘုန်းကြီးတို့မှာ မပိုင်တော့ဘူး။
လူတွေလည်းပဲ မကျင့်ဘူးဆိုလို့ရှိရင် သာသနာပိုင် မဟုတ်တော့ဘူး။
သာသနာ မပိုင်ရင် ဘယ်လိုဖြစ်မလဲ?
ခုန သမားရိုးကျ ဗုဒ္ဓဘာသာအဆင့်ကနေ ဘယ်တက်မလဲ။
သမားရိုးကျ ဗုဒ္ဓဘာသာဝင်အဆင့်ဆိုတာကတော့ မှုန်မွှားမွှားပဲ။
မှုန်မွှားမွှားဆိုတာ ဘာရယ် ညာရယ် သိတာ မဟုတ်ဘူး။
ကျင့်နည်းမှန်လည်း ဟုတ်တိပတ်တိ သိတာ မဟုတ်ဘူး။
ကျင့်ပြန်လို့ရှိရင်လည်း ဟုတ်တိပတ်တိ မရှိပါဘူး။ မှုန်ဝါးဝါးပဲ။
မှုန်ဝါးဝါးဆိုတာ မပြတ်သားဘူး။
ချည့်နဲ့နဲ့ပဲ။
အဆန်ချောင်ပဲ။
စိုစိစိ ညောင်နာနာပဲ။
အမည်ခံပဲ။
+++++
ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ပုံတော် (အင်တာနက်)
No comments:
Post a Comment