Tuesday, August 31, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၂)

“ကောင်းပြီ ... တစ်ခုပြောစရာလိုသေးတယ်။
အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။

ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။

Multiplicity of cause and effect - များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။

အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။

ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် စသည်ကို ပြောတာ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ စဉ်းစားကြည့်လေ။
သင်္ခါရဆိုတာ ကံ မဟုတ်လား။
ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စေတသိက်။
အဲဒီ စေတသိက်ဟာ စိတ်မဖြစ်ရင် မဖြစ်နိုင်ဘူး။ အဲဒီတော့ စိတ်ကလည်း အကြောင်းတစ်ခုအနေနဲ့ ပါတာပဲ။
တစ်ခါ ဒီစိတ်ကလည်း အာရုံမရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အာရုံရှိပြီဆိုပါတော့၊ မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အဲသလို အာရုံအကြောင်းတို့၊ မှီရာဝတ္ထုအကြောင်းတို့၊ သမ္ပယုတ်အကြောင်းတို့ ဒါတွေ အားလုံးစုံမှ သင်္ခါရက ဖြစ်တာ။
အဝိဇ္ဇာဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့် သင်္ခါရဖြစ်တာ မဟုတ်ဘူး။

ဒါပေမယ်လို့ အဝိဇ္ဇာက ပြဋ္ဌာန်းတဲ့အတွက်ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒီလို ဟောတော်မူတယ်။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာဟာ အဲဒီလို ထင်ရှားရာကို ယူပြီးတော့ ဟောထားတာ ဖြစ်တယ်။
အဝိဇ္ဇာတစ်ခုတည်းကြောင့် သင်္ခါရတစ်ခုတည်း ဖြစ်တယ်၊ သင်္ခါရတစ်ခုတည်းကြောင့် ဝိညာဏ်တစ်ခုတည်း ဖြစ်တယ်၊ ဝိညာဏ် သူ့ချည်းသက်သက်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဒီလို မမှတ်ရဘူး။
တခြား အကြောင်းတွေလည်းပဲ ရှိသေးတယ်။
ဆိုင်ရာ အာရုံတို့၊ ဝတ္ထုတို့၊ ယောနိသောမနသိကာရတို့ ဘာတို့ပေါ့လေ။
အဲဒီအကြောင်းတွေကြောင့် အကျိုးဖြစ်တယ်လို့ အဲဒါကိုလည်း မှတ်ရမယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၈ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၈) ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ် သင်ခန်းစာ ဒုတိယပိုင်းကို နာယူ သင်ယူ မှတ်သားကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က ပဋိစ္စသမုပ္ပါဒ်ကို ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ဝဋ် စသည်ဖြင့် ဝေဖန်ပုံများကို ရှင်းလင်း သင်ကြားပေး၏။
ထိုနောက် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက် သင်ခန်းစာကို နာယူ မှတ်သားကြရသည်။

+++++

လင်္ကာ

‘မူလနှစ်ဖြာ’
‘သစ္စာနှစ်ခု’
‘လေးခုအလွှာ’
‘အင်္ဂါတစ်ဆယ့်နှစ်ပါး’၊ တရားကိုယ်များနှင့်
‘သုံးပါးအစပ်’
နှစ်ရပ်မူလ
‘ဝဋ်သုံးဝ’နှင့်
‘ကာလသုံးဖြာ’
‘ခြင်းရာနှစ်ဆယ်’
ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ်
သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။

+++++

အင်္ဂါ ၁၂-ပါး

အဝိဇ္ဇာ
သင်္ခါရ
......
ဝိညာဏ်
နာမ်ရုပ်
သဠာယတန
ဖဿ
ဝေဒနာ
.....
တဏှာ
ဥပါဒါန်
ဘဝ
.....
ဇာတိ
ဇရာ မရဏ

+++++

မူလ ၂-ပါး (မူလနှစ်ဖြာ/နှစ်ရပ်မူလ)

(၁) အဝိဇ္ဇာ

သံသရာရှေ့ပိုင်း၏ ဝဋ်မြစ် (မောဟ)။
အတိတ်အကြောင်းမှ စ၍ ပစ္စုပ္ပန်အကျိုးတိုင်အောင် ဖြစ်သော အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ရှေ့ပိုင်းဘဝစက်၏ မူလသည် အဝိဇ္ဇာ ဖြစ်၏။

(၂) တဏှာ

သံသရာနောက်ပိုင်း ဝဋ်မြစ်။
ပစ္စုပ္ပန်အကြောင်းမှ စ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် ဖြစ်သော တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏဟူသော နောက်ပိုင်းဘဝစက်၏ မူလသည် တဏှာ ဖြစ်၏။

+++++

သစ္စာ ၂-ပါး

အတိတ်အကြောင်း အဝိဇ္ဇာ၊ သင်္ခါရနှင့်
ပစ္စုပ္ပန်အကြောင်း တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် သမုဒယသစ္စာ

ပစ္စုပ္ပန်အကျိုး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနှင့်
အနာဂတ်အကျိုး ဇာတိ၊ ဇရာ မရဏတို့သည် ဒုက္ခသစ္စာ

+++++

အလွှာ ၄-ပါး

(၁) အတိတ်အကြောင်း တစ်လွှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ)။
(၂) ပစ္စုပ္ပန်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
(၃) ပစ္စုပ္ပန်အကြောင်း တစ်လွှာ = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ (အဝိဇ္ဇာ၊ သင်္ခါရ)။
(၄) အနာဂတ်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။

+++++

အစပ် ၃-ပါး

(၁) ဟေတုဖလအစပ် = သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး တစ်စပ်။
(၂) ဖလဟေတုအစပ် = ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်။
(၃) ဟေတုဖလအစပ် = ကမ္မဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး တစ်စပ်။

+++++

ဝဋ် ၃-ပါး

ဝဋ် = အကြောင်းပြီး အကျိုး၊ အကျိုးပြီး အကြောင်းဟု အကြောင်းအကျိုး မပြတ်ဘဲ ချာချာလည်နေအောင် လည်ပတ်နေသော တရား။

(၁) ကိလေသဝဋ် = အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ် = သင်္ခါရ၊ ကမ္မဘဝ။
(၃) ဝိပါကဝဋ် = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ မရဏ။

+++++

ကာလ ၃-ပါး (အဓွန့် ၃-ပါး)

(၁) အတိတ်အဓွန့် (အတိတ်ကာလက ဖြစ်ခဲ့သော တရားများ) = အဝိဇ္ဇာ၊ သင်္ခါရ ၂-ပါး။
(၂) ပစ္စုပ္ပန်အဓွန့် (ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားများ) = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ၈-ပါး။
(၃) အနာဂတ်အဓွန့် (အနာဂတ်၌ ဖြစ်မည့် တရားများ) = ဇာတိ၊ ဇရာ မရဏ ၂-ပါး။

+++++

အခြင်းအရာ ၂၀-ပါး

အတိတ်အကြောင်း ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း ၅-ပါး တစ်လွှာ၊ အနာဂတ်အကျိုး ၅-ပါး တစ်လွှာဟူသော အလွှာလေးရပ်ရှိ တရားပေါင်း ၂၀ သည်ပင် အာကာရ အခြင်းအရာ ၂၀ မည်၏။

+++++

အဝိဇ္ဇာ၏ အကြောင်းရင်း

အဝိဇ္ဇာ၏ အကြောင်းရင်းသည် အာသဝတရား (အာသဝေါတရား) ၄-ပါး ဖြစ်၏။
သတ္တဝါများသည် အာသဝတရား (လောဘ၊ ဒိဋ္ဌိ၊ မောဟ)ရှိနေခြင်းကြောင့်သာ သောကစသည်တို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဤသို့ သောကစသည်တို့ ဖြစ်ရခြင်းတွင် အဝိဇ္ဇာသဝသည် အဓိကအကြောင်း ဖြစ်ပြီး၊ ၎င်းကို အကြောင်းပြု၍ သောကစသည်တို့နှင့်အတူ နောက်နောက် အဝိဇ္ဇာများ ထပ်ဖြစ်ရခြင်းကြောင့် အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝတရား ဖြစ်၏။

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်နာမ် ခန္ဓာအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ကျင်လည်နေကြရခြင်းမှာ ဗြဟ္မာ ဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ် မူလ ၂-ပါးကြောင့် ဖြစ်၏။

ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့် တရားများသည်လည်း ဆက်စပ်၍ အကြောင်းအကျိုးမပြတ် လည်ပတ်ကြရလေသည်။

ဤသို့ဖြင့် မိမိတို့ ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်သစ် ရစေရန် အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေရခြင်း ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပျက်ကိန်း

သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တစ်ပင်လုံး ပျက်စီးသကဲ့သို့ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ရေသောက်မြစ် ၂-ခုကို အရဟတ္တမဂ်တည်းဟူသော ဓား သန်လျက်ဖြင့် ဖျက်ဆီးလိုက်သောအခါ သင်္ခါရတရားများသည် အပြီးတိုင် ချုပ်ငြိမ်း၍ အဖန်ဖန် လည်ပတ်နေရသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ပျက်လေသည်။

+++++

လင်္ကာ

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ
ဥပါဒါန်
ကံကြောင့် ရုပ်နာမ်ပေါ်
အပင်မှ မျိုး
မျိုးမှ အပင်
အမျှင်မပြတ်
ဆက်စပ်သည့်ဟန်
ကံကြောင့် နာမ်ရုပ်
နာမ်ရုပ်ကြောင့် ကံ
အဖန်ဖန် ဖြစ်ပြန်နည်းအလျော်
ဗြဟ္မာသိကြား စသည်များက
ထင်ရှားပြုပြင်
စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့်
လူနတ်များစွာ
သတ္တဝါတို့
ဖြစ်လာရမှု မဟုတ်ဟု
ဉာဏ်ဖြင့် ရှု၍ မျှော်။

+++++

နည်း ၄-ပါး

ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ၄-ရပ်သော နည်းဖြင့် အသီးအသီး ဆင်ခြင်လိုက်သောအခါ ပုဂ္ဂိုလ်သတ္တဝါ သူတပါး ယောက်ျားမိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင်လျက် သဿတ၊ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံ ဓမ္မတာနည်း ဟူသော နည်း ၄-တန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။

ဧကတ္တနည်း

“သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း”ဟု သိရသောနည်းသည် “ဧကတ္တနည်း” မည်၏။

ဧကတ္တနည်းအရ “မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏။
ရှေးရှေး သင်္ခါရကြောင့် ယခုဘဝ ဝိညာဉ်သစ် ဖြစ်၏” စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ “ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာမျိုး ဖြစ်ပြန်၏”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

နာနတ္တနည်း

သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏ သဘောက တစ်မျိုး၊ သင်္ခါရသဘောက တစ်မျိုး ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်ဟု သိရသော နည်းသည် နာနတ္တနည်း မည်၏။

ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ၊ သင်္ခါရနှင့် ဝိညာဉ်တို့ မတူပုံ၊ အသစ်အသစ် အကြောင်းနှင့် အသစ်အသစ် အကျိုးတို့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောခအခါ မပျက်မစဲ အမြဲတည်သည်ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

အဗျာပါရနည်း

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ “ငါသည် သင်္ခါရကို ဖြစ်စေမည်”ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရ မရှိ။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း “ငါသည် ဝိညာဉ်ကို ဖြစ်စေမည်”ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ။ ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့အရေး၌ အကြောင်းတရားစုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏။

ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့် “ဤ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးနေသည်”ဟူသော ဣဿရ နိမ္မာနဝါဒသည်လည်းကောင်း၊ “မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏”ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလိုအလျောက် ကင်းပျောက်တော့၏။

ဧဝံဓမ္မတာနည်း

ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံ ဓမ္မတာပင်တည်းဟု သိရသော နည်းသည် ဧဝံဓမ္မတာနည်း မည်၏။

ဤဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သော နို့ဓမ်း ဖြစ်ရခြင်း၊ နှမ်းကြောင့် ဆီဖြစ်ရခြင်း၊ ကြံကြောင့် ကြံရည်ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင် ဖြစ်၍ သဲမှ ဆီမထွက်နိုင်၊ ကြံမှ နို့ရည်မထွက်နိုင်ခြင်းများသည် ဓမ္မတာပင် ဖြစ်သကဲ့သို့ ထို့အတူ “အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ခြင်း၊ သင်္ခါရလည်း အဝိဇ္ဇာကြောင့်သာ ဖြစ်ခြင်း၊ တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း၊ မဆိုင်သောအကြောင်းကြောင့်လည်း မဆိုင်သော အကျိုးမဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား”ဟု စဉ်းစားလိုက်သောအခါ “အားလုံးတရားမှာ ဆိုင်ရာအကြောင်းမကင်း”ဟု သိတတ်သော သဟေတုကအယူပေါ်လာရကား “အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်”ဟု ယူမှားသော အဟေတုကဒိဋ္ဌိနှင့် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်၊ အကျိုးမရ နိရတ္တကသာဟု ယူမှားသော အကြိယဒိဋ္ဌိ”များသည် အလိုအလျောက် ကင်းပျောက်တော့၏။

တိုက်တွန်းချက်

ဗုဒ္ဓဘာသာဝင် ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် “ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏။ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်က စ၍ တဖန် ဖြစ်ပေါ်လာ၏”ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း “ဘယ်တုန်းက စ၍ ဖြစ်ခဲ့ပါလိမ့်မည်နည်း”ဟု တဆင့် စဉ်းစားလေ့ရှိကြပြန်၏။

သတ္တဝါများအတွက် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ” စသည်ကို ယုံကြည်နိုင်သော်လည်း “ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း”ဟူ၍ကား စဉ်းစားလျက်ကြပင်တည်း။
ထိုကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ “ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ ဖြစ်ဖို့ရန် အစမှာ အကြောင်းမရှိ”ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့ သက်ဆင်းကြလေသည်။
တချို့ကား “ဖန်ဆင်းတတ်သူ တစ်ယောက်,ယောက်တော့ ဧကန် ရှိဦးမှာပဲ”ဟူသော ဣဿရနိမ္မာနဝါဒကို သဘောတူသလို ရှိပြန်၏။

ဗုဒ္ဓဘာသာကျမ်းစာများ၌ “မိမိဉာဏ် မပိုင်၍ မကြံနိုင်သော လောက၊ အကြောင်းအရာ ကမ္ဘာ၏ဖြစ်ပုံကို မကြံလေနဲ့၊ ကြံဖန်များလျှင် အသိဉာဏ် အမှန်မရက ရူးသွပ်တတ်သည်”ဟု မိန့်မှာတော်မူ၏။

ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်း ရှင်းလင်းပါလိမ့်မည်။

ထိုပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမှာပင် မရှိခဲ့ကြဖူးပါချေ။
သို့အတွက် သံသရာမှ မြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှု ဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သတိပဋ္ဌာန် ၄-ပါးနှင့် ဝိပလ္လာသ”တရားတော်ကို ဟောကြား ချီးမြှင့်၏။



သတိပဋ္ဌာန်

လွန်လွန်ကဲကဲ၊ အာရုံထဲ၌၊ စွဲမြဲတည်ဘိ၊ ထိုသတိ သတိပဋ္ဌာန်ခေါ်။
(အခြေပြုသင်္ဂြိုဟ်)

သတိ‘တစ်’သာ
ဖြစ်တုံပါလည်း
ယူရာအာရုံ
၎-ပါးစုံခဲ့
ယူပုံခြင်းရာ
၎-မျိုးသာတည်း
ပယ်ခွာကိစ္စ
ဖြစ်ပြန်ကလျှင်
၎-ပါးပင်မို့
တို့ရှင်ပင်စော
၎-မျိုးဟောသည်
မှတ်လော သတိပဋ္ဌာန်တည်း။

ယူရာအာရုံ ၄-မျိုး = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ

ယူပုံ (ရှုပုံ) အခြင်းအရာ ၄-မျိုး = အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တ

ထင်မှားမှုကို ပယ်ခြင်းကိစ္စ ၄-မျိုး = သုဘ၊ သုခ၊ နိစ္စ၊ အတ္တ

(၁) ကာယာနုပဿနာသတိပဋ္ဌာန်သည် ဆံပင်၊ အမွေး စသော ကောဋ္ဌာသ ပညတ်ကို အာရုံပြု၏။ ထိုကောဋ္ဌာသပညတ်ကို အသုဘ အခြင်းအရာ ပေါ်လာအောင် အထပ်ထပ် ရှုသောအခါ အသုဘ = မတင့်တယ် ရွံရှာဖွယ်ဖြစ်သော အခြင်းအရာ ထင်လာ၏။ ထို့ကြောင့် ကာယာနုပဿနာသည် သုဘဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်သည် ဝေဒနာ(သုခ၊ ဒုက္ခ၊ ဥပေက္ခာ)တို့ကို ရှုသောအခါ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရပုံကို မြင်သဖြင့် ကြောက်မက်ဖွယ်သော ဒုက္ခဟူ၍ ထင်လာ၏။ ထို့ကြောင့် ဤဝေဒနာနုပဿနာသည် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်သည် ဤစိတ်ကာ သရာဂစိတ်၊ ဤစိတ်ကား ဒေါသစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏။ ဤသတိပဋ္ဌာန်ဖြင့် စိတ်ကို ခွဲခြားလျက် ဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲ ဖြစ်ပျက်နေပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်၏။ ထို့ကြောင့် စိတ္တာနုပဿာနသတိပဋ္ဌာန်သည် နိစ္စဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုရာ၌ ဓမ္မဟု သာမညဆိုသော်လည်း ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿာနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ဓမ္မအရ သညာ၊ သင်္ခါရက္ခန္ဓာ ဓမ္မများကိုသာ ယူခွင့်ရှိတော့သည်ဟု ယူရမည်။ ထိုဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန် အာရုံပြုလျက် ရှုသောအခါ အရာရာကိစ္စတို့၌ ထိုပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း သိရ၍ စီမံနိုင်သော အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ထို့ကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် အတ္တဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

လောကချမ်းသာ စနေနေ့တရားပွဲ ပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++
စာကိုး
မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနှင့် လင်္ကာများ
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

Friday, August 27, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၁)

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လောကချမ်းသာဘုရားကျောင်းတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခြင်း၊ စုပေါင်း ဆွမ်းကပ်ခြင်း၊ အနုမောဒနာတရား နာကြားခြင်း၊ သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ဝယ် ပြုလုပ်မည့် ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ရွက်ထည်တဲထိုးခြင်း စသည်တို့ကြောင့် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၇) သင်ခန်းစာဖြစ်သော ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်နည်း (၁) သင်ခန်းစာကို ညနေ ၄ နာရီခွဲမှ နာယူ မှတ်သား သင်ယူ လေ့ကျက်ကြရ၏။

ပစ္စည်းပိုင်း

ပရမတ္ထတရားလေးပါးတို့ကို သဘောတူချင်း ပေါင်းစု၍ သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီးနောက် ထိုသဘာဝဓမ္မတို့သည် တန်ခိုးရှင် နတ် ဗြဟ္မာတို့က ဖန်ဆင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းကင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းအကျိုး ဆက်သွယ်နေပုံကို ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း၊ အကျိုးတရားများ ဖြစ်လောက်အောင် အကြောင်းတရားတို့၌ သတ္တိစွမ်းပကားရှိပုံကို ပဋ္ဌာန်းနည်းဖြင့်လည်းကောင်း ဤပစ္စည်းပိုင်း၌ ထိုက်သည်အားလျော်စွာ ပြဆို၏။

ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း ၂-ပါး၏ ထူးခြားချက်

အကြောင်းတရားကို စွဲ၍ အကျိုးတရားသည် ကောင်းစွာ ဖြစ်ပေါ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် မည်၏။
အထူးထူး အပြားပြားရှိသော ဟေတုစသော ပစ္စည်းတို့၏ အစွမ်းဖြင့် ပြအပ်သောကြောင့် ပဋ္ဌာန်း မည်၏။

ပဋိစ္စသမုပ္ပါဒ်နည်း၌ ဟေတုသတ္တိ အာရမ္မဏသတ္တိ စသော သတ္တိထူး မပါ။ ပစ္စည်း ပစ္စယုပ္ပန်တို့၏ ဖြစ်ပုံလောက်ကိုသာ ပြ၏။
ပဋ္ဌာန်းနည်း၌ကား ပစ္စည်း၊ ပစ္စယုပ္ပန်အပြင် ပစ္စယသတ္တိကိုလည်း ပြသည်။

ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်း၌ ပစ္စယသတ္တိ မပါခြင်း၊ ပဋ္ဌာန်းနည်း၌ ပစ္စယသတ္တိ ပါရှိခြင်းသည် နည်း ၂-ပါး၏ ထူးခြားချက် ဖြစ်သည်။

+++++

ပဋိစ္စသမုပ္ပါဒ် အနုလောမ ပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ
သင်္ခါရပစ္စယာ ဝိညာဏံ
ဝိညာဏပစ္စယာ နာမရူပံ
နာမရူပပစ္စယာ သဠာယတနံ
သဠာယတနပစ္စယာ ဖေဿာ
ဖဿပစ္စယာ ဝေဒနာ
ဝေဒနာပစ္စယာ တဏှာ
တဏှာပစ္စယာ ဥပါဒါနံ
ဥပါဒါနပစ္စယာ ဘဝေါ
ဘဝပစ္စယာ ဇာတိ
ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿသုပါယာသာ သမ္ဘဝန္တိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ။

ပစ္စည်း ပစ္စယုပ္ပန်
၁။ အဝိဇ္ဇာ သင်္ခါရ
၂။ သင်္ခါရ ဝိညာဏ
၃။ ဝိညာဏ နာမရူပ
၎။ နာမရူပ သဠာယတန
၅။ သဠာယတန ဖဿ
၆။ ဖဿ ဝေဒနာ
၇။ ဝေဒနာ တဏှာ
၈။ တဏှာ ဥပါဒါန
၉။ ဥပါဒါန ဘဝ
၁၀။ ဘဝ ဇာတိ
၁၁။ ဇာတိ
ဇရာ, မရဏ, သောက, ပရိဒေဝ,
ဒုက္ခ, ဒေါမနဿ, ဥပါယာသ။

+++++

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

သစ္စာလေးပါး(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ)တို့၌လည်းကောင်း၊
ရှေ့အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တ၊
နောက်အစွန်းဟု ဆိုအပ်သော အပရန္တ၊
ရှေ့နောက်အစွန်းဟု ဆိုအပ်သော ပုဗ္ဗန္တာပရန္တ၊
ပဋိစ္စသမုပ္ပါဒ်တို့၌လည်းကောင်း
ဤရှစ်ရပ်သော တရားတို့၌ ဖုံးလွှမ်းတတ်သော မောဟစေတသိက်သည် အဝိဇ္ဇာ မည်၏။

၁။ ကာမကုသိုလ်စေတနာ ၈-ခု၊ ရူပကုသိုလ်စေတနာ ၅-ခု၊ ဤကုသိုလ်စေတနာ ၁၃-ခုသည် ကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ် ပြုပြင်စီရင်တတ်သောကြောင့် ပုညာဘိသင်္ခါရ။

၂။ အကုသိုလ်စေတနာ ၁၂-ခုသည် မကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အပုညာဘိသင်္ခါရ။

၃။ အရူပကုသိုလ်စေတနာ ၄-ခုသည် မတုန်လှုပ်တတ်သော အရူပဘဝကို ပြုပြင်စီရင်တတ်သောကြောင့် အာနေဉ္စာဘိသင်္ခါရ မည်၏။

တနည်း

၁။ ကာယဝိညတ်ဟု ဆိုအပ်သော ကာယဒွါရကြောင့် ဖြစ်ကုန်သော ကာမကုသိုလ်စေတနာ ၈-ခု၊ အကုသိုလ်စေတနာ ၁၂-ခု၊ ဤ ၂၀ သော ကာယကံစေတနာအပေါင်းသည် ကာယသင်္ခါရ။

၂။ ဝစီဝိညတ်ဟု ဆိုအပ်သော ဝစီဒွါရကြောင့် ဖြစ်ကုန်သော ဆိုအပ်ပြီးသော ၂၀-သော ဝစီကံ စေတနာအပေါင်းသည် ဝစီသင်္ခါရ။

၃။ ဝိညတ် ၂-ပါးကို မဖြစ်စေမူ၍ မနောဒွါရ၌သာ ဖြစ်သော အကုသိုလ်စေတနာ ၁၂-ခု၊ မဟာကုသိုလ်စေတနာ ၈-ခု၊ မဟဂ္ဂုတ်ကုသိုလ်စေတနာ ၉-ခု၊ ဤစေတနာ ၂၉-ခုသည် စိတ္တသင်္ခါရ မည်၏။

ဤပြဆိုခဲ့ပြီးသော သင်္ခါရ ၆-ပါး၊ တရားကိုယ်အားဖြင့် လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉-ပါးတို့သည် အဝိဇ္ဇာပစ္စယာ သင်္ခါရာပုဒ်၌ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရတရားတို့ဟူ၍ မှတ်ပါ။

လောကုတ္တရာစေတနာသည် ဝဋ္ဋကထာ (ဝဋ်လည်ပုံကိုပြသော စကား)၌ မဟောသင့်သောကြောင့် သင်္ခါရဟု မဆိုရ။

+++++

သင်္ခါရပစ္စယာ ဝိညာဏံ

‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ’ပုဒ်၌ သင်္ခါရအရ အလုံးစုံသော လောကီကုသိုလ် အကုသိုလ် စေတနာ ၂၉ ကို အကုန်လုံး ယူ၏။
‘သင်္ခါရပစ္စယာ ဝိညာဏံ’ပုဒ်၌ သင်္ခါရအရကို ပဋိသန္ဓေအခါ ဥဒ္ဓစ္စစေတနာ၊ ပဝတ္တိပဋိသန္ဓေအခါတို့၌ အဘိဉာဏ်စေတနာကို ကြဉ်၍ ကြွင်းသော လောကီကုသိုလ် အကုသိုလ် စေတနာများကိုသာ ယူရမည်။

ဝိညာဏပုဒ်အရကို ဘုံသုံးပါး၌ဖြစ်သော ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကိုသာ ဤပဋိစ္စသမုပ္ပါဒ်အရာ၌ ယူရမည်။

ပဋိသန္ဓေအစွမ်းဖြင့် ကျေးဇူးပြုပုံ

ပုညာဘိသင်္ခါရကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁-ပါး၊
မဟာဝိပါက် ၈-ပါး၊
ရူပဝိပါက် ၅-ပါး၊
ဤ ၁၄-ပါးသော ဝိညာဏ် ဖြစ်၏။

ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ၁-ခုသာ ဖြစ်၏။
ဥဒ္ဓစ္စကား ပဝတ္တိဉာဏ်ကို ဖြစ်စေနိုင်၏။

အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက်ဝိညာဏ် ၄-ခုသာ ဖြစ်၏။

ပေါင်းသော် သင်္ခါရသုံးပါးကြောင့် (၁၄+၁+၄) ပဋိသန္ဓေဝိညာဏ် ၁၉ ဖြစ်၏။

ပဝတ္တိအစွမ်းဖြင့် ကျေးဇူးပြုပုံ

ကာမာဝစရကုသိုလ် ပုညာဘိသင်္ခါရ ၈-ခုကြောင့် အဟိတ်ကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါး၊ ပေါင်း ၁၆-ပါး ဖြစ်၏။

ရူပါဝစရကုသိုလ် ပုညာဘိသင်္ခါရ ၅-ခုကြောင့် ရူပါဝစရဝိပါက် ၅-ခု ဖြစ်၏။

အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်၏။

အာနေဉ္စာဘိသင်္ခါရကြောင့် အရူပါဝစရဝိပါက် ၄-ခု ဖြစ်၏။

+++++

ဝိညာဏပစ္စယာ နာမရူပံ

သင်္ခါရပစ္စယာ ဝိညာဏံပုဒ်၌ ဝိညာဏအရကို ပဋိသန္ဓေဝိညာဏ် ၁၉၊ ပဝတ္တိဝိညာဏ် လောကီဝိပါက် ၃၂ ကို ယူ၏။
ကံ၏အကျိုးတရားဖြစ်သောကြောင့် ဝိပါက်ဝိညာဏ်ကိုသာ ယူရသည်။

ဝိညာဏပစ္စယာ နာမရူပံပုဒ်၌ ဝိညာဏအရကို အလုံးစုံသော စိတ်တစ်ခုယုတ် ကိုးဆယ်ကို ယူ၏။
နာမရူပံပုဒ်၌ နာမအရကို ဝေဒနာအစရှိသော ခန္ဓာ ၃-ပါး၊ စေတသိက် ၅၂-ပါးကို ယူအပ်၏။
ရူပံအရကိုကား ကမ္မဇရုပ်၊ တနည်း စတုသမုဋ္ဌာနိကရုပ်ကို ယူအပ်၏။

ဝိညာဏ်သည် နာမ်ရုပ်အား ကျေးဇူးပြုပုံ

ပဋိသန္ဓေဝိညာဏ်သည် ပဋိသန္ဓေနာမ်ရုပ်အား ကျေးဇူးပြု၏။
ပဝတ္တိဝိညာဏ်သည် ပဝတ္တိနာမ်ရုပ်အား ကျေးဇူးပြု၏။

ပြုပုံကား - ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ပဋိသန္ဓေဝိပါက်စိတ် ၁၅၊ စေတသိက် ၃၅၊ ကာယဒသက၊ ဝတ္ထုဒသက၊ ဘာဝဒသကဟု ဆိုအပ်သော ကမ္မဇကလာပ် ၃-စည်း (၇-စည်း၊ ၄-စည်း)တို့သည် တပြိုက်နက် ဖြစ်၏။
ပဋိသန္ဓေဝိညာဏ်စိတ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက် နာမ်နှင့် ကမ္မဇရုပ်တို့အား ကျေးဇူးပြု၏ဟု ဆိုလိုသည်။

ပဝတ္တိအခါ ကုသိုလ်စိတ် စသည်ဖြစ်ရာ၌ ၎င်းကုသိုလ်စိတ်နှင့်အတူတကွ စေတသိက် ၃၈-ပါး၊ စိတ္တဇရုပ် ဖြစ်၏။
ကုသိုလ်စိတ်ဝိညာဏ်သည် မိမိနှင့်အတူတကွဖြစ်သော စေတသိက်နာမ်နှင့် စိတ္တဇရုပ်တို့အား ကျေးဇူးပြု၏။

စတုဝေါကာရဘုံ၌ ပဋိသန္ဓေ ပဝတ္တိ ၂-ပါးလုံးပင် လေးပါးသော အရူပဝိပါက်ဝိညာဏ်သည် စေတသိက် ၃၀ တည်းဟူသော နာမ်တရားအား ကျေးဇူးပြု၏။

+++++

နာမရူပပစ္စယာ သဠာယတနံ

နာမ၏အရကို ဝေဒနာအစရှိသော ခန္ဓာ ၃-ပါး အပေါင်းကိုပင် ယူအပ်၏။

ရူပ၏အရကို မဟာဘုတ် လေးပါး၊ ဆဝတ္ထုရုပ်၊ ဇီဝိတရုပ်တို့ကို ယူအပ်၏။

သဠာယတန၏အရကို အဇ္ဈတ္တိကာယတန ၆-ပါးကို ယူအပ်၏။

+++++

သဠာယတနပစ္စယာ ဖေဿာ

ဤ၌ သဠာယတနအရကို အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗာဟိရာယတန ၆-ပါး = ပေါင်း အာယတန ၁၂-ပါး စလုံးကိုပင် ယူအပ်၏။

ဖဿ၏အရကို လောကီဝိပါက် ၃၂-ခုနှင့် ယှဉ်သော ဖဿစေတသိက် ၃၂-ပါးသည် ဖဿ မည်၏။
ထိုတွင် စက္ခုဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် စက္ခုသမ္ဖဿ၊
သောတဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် သောတသမ္ဖဿ၊
ဃာနဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ဃာနသမ္ဖဿ၊
ဇိဝှါဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ဇိဝှါသမ္ဖဿ၊
ကာယဝိညာဏ်ဒွေး၌ ယှဉ်သော ဖဿစေတသိက်သည် ကာယသမ္ဖဿ၊
ကြွင်းသော လောကီဝိပါက် ၂၂-ခုနှင့် ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿ မည်၏။

ဒွေးပဉ္စဝိညာဏ် ၁၀ မှ ကြွင်းသော စိတ် ၇၉-ခု၌ ယှဉ်သော ဖဿစေတသိက်သည် မနောသမ္ဖဿဟုလည်း ယူသေး၏။

ဤ၌ ဝဋ္ဋကထာဖြစ်၍ လောကီဝိပါက် ၃၂-ခု၌ ရှိသော ဖဿကိုသာ ကောက်ယူသင့်၏။

+++++

ဖဿပစ္စယာ ဝေဒနာ

လောကီဝိပါက် ၃၂-ပါးနှင့် ယှဉ်သော စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာတို့ကို ယူအပ်၏။

+++++

ဝေဒနာပစ္စယာ တဏှာ

ဖဿပစ္စယာ ဝေဒနာ၌ ဝေဒနာ၏အရကို လောကီဝိပါက် ၃၂-ခု၌ ရှိသော အကျိုးဝေဒနာကိုသာ ကောက်ခဲ့၏။

ဝေဒနာပစ္စယာ တဏှာ၌ကား အကြောင်းဝေဒနာဖြစ်၍ တဏှာကို ဖြစ်စေနိုင်သော ဝေဒနာတို့ကို ကောက်ယူသင့်သောကြောင့် လောကီစိတ် ၈၁-ခု၌ ရှိသာ ဝေဒနာ ၈၁-ခုကို ယူ၏။

တဏှာ၏အရကိုကား ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာအားဖြင့် ၆-ပါး ဖြစ်၏။
တဏှာအရကား လောဘစေတသိက်ပင်တည်း။

ရူပါရုံ၌ တပ်သော လောဘသည် ရူပတဏှာ၊
သဒ္ဒါရုံ၌ တပ်သော လောဘသည် သဒ္ဒတဏှာ၊
ဂန္ဓါရုံ၌ တပ်သော လောဘသည် ဂန္ဓတဏှာ၊
ရသာရုံ၌ တပ်သော လောဘသည် ရသတဏှာ၊
ဖောဋ္ဌဗ္ဗာရုံ၌ တပ်သော လောဘသည် ဖောဋ္ဌဗ္ဗတဏှာ၊
ဓမ္မာရုံ၌ တပ်သော လောဘသည် ဓမ္မတဏှာ မည်၏။

တနည်း -
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာအားဖြင့် ၃-ပါး ဖြစ်၏။

+++++

တဏှာပစ္စယာ ဥပါဒါနံ

တဏှာ၏အရ အားနည်းသော လောဘသည် တဏှာ၊ အားကြီးသော လောဘသည် ဥပါဒါန် မည်၏။

ဥပါဒါန် ၄-ပါးကို သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်၏။ ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး၊ တစ္ဆေကြီးလျှင် သူရဲ၊ သူရဲကြီးလျှင် သဘက်ဆိုသကဲ့သို့ တဏှာဓာတ် အဆင့်ဆင့် ရင့်သန်၍ အပြင်းအထန် စွဲလမ်းမှုကြီး ဖြစ်ပေါ်၍ လာ၏။
ထိုသို့ အပြင်းအထန် စွဲလမ်းမှုကိုပင် ဥပါဒါန်ဟု ခေါ်၏။

+++++

ဥပါဒါနပစ္စယာ ဘဝေါ

ဤ၌ ဥပါဒါန်၏အရမှာ ဆိုခဲ့ပြီးသော ဥပါဒါန်တရား ၄-ပါးတို့ပါင်တည်း။

ဘဝ၏အရကား ကမ္မဘဝ၊ ဥပပတ္တိဘဝ ၂-ပါး ရ၏။
ဖြစ်ပေါ်တတ် ကြီးပွားတတ်သောကြောင့် ဘဝ မည်၏။

ချမ်းသာအမျိုးမျိုး ဆင်းရဲအမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်း ကြီးပွားခြင်း၏ အကြောင်းဖြစ်သော လောကီကုသိုလ် အကုသိုလ်တို့နှင့် ယှဉ်သော စေတနာ ၂၉-ခုသည် ကမ္မဘဝ မည်၏။

ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက် ၃၂၊ စေတသိက် ၃၅၊ ကမ္မဇရုပ် ၂၀ တို့သည် ဥပပတ္တိဘဝ မည်၏။

သင်္ခါရနှင့် ဘဝ အထူး

အတိတ်ဘဝ၌ဖြစ်သော စေတနာသည် သင်္ခါရ မည်၏။
ယခု ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာသည် ကမ္မဘဝ မည်၏။

တနည်း -
စေတနာသက်သက်သည် သင်္ခါရ မည်၏။
စေတနာသည်လည်းကောင်း၊ စေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာစသော တရားအပေါင်းသည်လည်းကောင်း ဘဝ မည်၏။

ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ

ကာမုပါဒါန်ကြောင့် ဒုစရိုက်ကို ပြု၏။ ထိုဒုစရိုက်စေတနာသည် ကမ္မဘဝ မည်၏။
ထိုအကုသိုလ်ကမ္မဘဝကြောင့် ငရဲဘုံစသည်တို့၌ လားရ ရောက်ရ၏။ ထိုဒုဂ္ဂတိဘဝ၌ ပဋိသန္ဓေဝိပါက်ဖြစ်မှုသည် ဥပပတ္တိဘဝ မည်၏။
ဤသို့ အကုသိုလ်ကံဟူသော ကမ္မဘဝနှင့် ဒုဂ္ဂတိဘဝဟူသော ဥပပတ္တိဘဝသည် ကာမဂုဏ်၌ လွန်စွာ စွဲလမ်းမှုကြောင့် ဘဝဖြစ်၏ဟု ဆိုရ၏။

လူ့ဘုံ နတ်ဘုံ၌ သာယာစွဲလမ်းခြင်းကြောင့် သုစရိုက်ကုသိုလ်ကံကို ပြုလုပ် အားထုတ်၏။ ထိုကုသိုလ်ကံသည် ကမ္မဘဝ မည်၏။
ထိုကံသည် ဖြစ်စေအပ်သော နတ်ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘဝ မည်၏။

အကုသိုလ်ကမ္မဘဝ ပြုမိလေသောကြောင့် အပါယ် ၄-ဘုံ၌ အပါယ်ခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည် ဖြစ်ပေါ်ကုန်ပြန်၏။
ကုသိုလ်ကမ္မဘဝကို ပြုမိလေသောကြောင့် ကာမသုဂတိ ၇-ဘုံ၌ ကာမသုဂတိခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည် ဖြစ်ပေါ်ရပြန်ကုန်၏။ ရူပါဝစရဘုံ၌ ဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးသည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။ အရူပ ၄-ဘုံတို့၌ အရူပဗြဟ္မာခန္ဓာဟု ဆိုအပ်သော ဥပပတ္တိဘဝအမျိုးမျိုးတို့သည်လည်း ဖြစ်ပေါ်ရပြန်ကုန်၏။

ဤသို့ ဘဝ ၂-ပါး၏ ဖြစ်ပွား ဆက်လက်နေမှုသည်လည်း အပြင်းအထန် စွဲလမ်းသော ဥပါဒါန်အတွက်ကြောင့်သာ ဖြစ်ရ၏။
ထို့ကြောင့် ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ဟု ဆိုရလေသည်။

+++++

ဘဝပစ္စယာ ဇာတိ

ဥပါဒါနပစ္စယာ ဘဝေါ၌ ဘဝအရကို ကမ္မဘဝရော ဥပပတ္တိဘဝရော ယူ၏။

ဘဝပစ္စယာ ဇာတိ၌ ဘဝအရကို ကမ္မဘဝရော ဥပပတ္တိဘဝရော နှစ်ခုလုံး ယူ၍ မရပေ။ ဥပပတ္တိဘဝနှင့် ဇာတိမှာ အတူတူ ဖြစ်သောကြောင့် ကမ္မဘဝကိုသာ ယူရ၏။

ကမ္မဘဝ ကုသိုလ်ကံ အကုသိုလ်ကံတို့ကြောင့် အကျိုးအဖြစ် ဇာတိပဋိသန္ဓေနေခြင်း ဖြစ်၏။ ထိုထို ဘုံဘဝ၌ ပဋိသန္ဓေစိတ်၊ ပဋိသန္ဓေစိတ်နှင့်ယှဉ်သော စေတသိက်၊ ကမ္မဇရုပ်တို့ ဖြစ်၏။

+++++

ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ

ဇာတိကြောင့် ဇရာ (ရင့်ရော်အိုမင်းမှု)၊ မရဏ (သေခြင်း)၊ သောက (စိုးရိမ်ပူဆွေးခြင်း)၊ ပရိဒေဝ (ငိုကြွေးမြည်တမ်းခြင်း)၊ ဒုက္ခ (ကာယိကဒုက္ခ)၊ ဒေါမနဿ (စေတသိကဒုက္ခ)၊ ဥပါယာသ (စိုးရိမ်ပူဆွေးငိုကြွေးမြည်တမ်းရုံမျှမက ရှိုက်ကြီးငင်ကြီး ဖြစ်မှု၊ မြော၍သွားမှု၊ နစ်၍သွားမှု)သည် ဖြစ်၏။
ဥပါယာသ၏ တရားကိုယ်မှာ ဒေါသစေတသိက်ပင်တည်း။

ပါဠိတော်၌ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ = ချမ်းသာနှင့် လုံးဝ မဖက်၊ ချမ်းသာ လုံးဝ မပါ မရောနှောသော ဒုက္ခကြီး တစ်ခုဖြစ်ကြောင်း မြတ်စွာဘုရားရှင် ဟောတော်မူ၏။

ဤကား အစဉ်အတိုင်းသွားသော ပဋိစ္စသမုပ္ပါဒ် အနုလုံ ဒေသနာ ဖြစ်၏။

အဝိဇ္ဇာကို အစ၌ ထားခြင်းမှာ ဟောစဉ်အရ ထားခြင်း၊ ဒေသနာအရ အစထားခြင်းသာ ဖြစ်၏။
အဝိဇ္ဇာသည် ဝဋ်တရား၏ အစ မဟုတ်။
ဝဋ်တရားမှာ မမြင်နိုင်သော အစ၊ မသိအပ်သော အစရှိကြောင်း ဘုရားရှင် ဟောတော်မူ၏။

ပဋိစ္စသမုပ္ပါဒ်မှာ ဘီးတစ်ခုလို လည်နေ၏။

+++++

လောကချမ်းသာဆရာတော်ကလည်း စာချနည်းများအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များကို အလွယ်တကူ မှတ်သားနိုင်ရန် အထူးတလည် ရှင်းပြ သင်ကြားပေးသွား၏။

မွန်းလွဲတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ၌ အောင်ဆန်းဆရာတော်က ၂-နာရီခန့် တရားဟောကြား ချီးမြှင့်သွားပြီးဖြစ်၍ လောကချမ်းသာ ဆည်းဆာ တရားပွဲကို ယခုတပတ်တွင် မပြုလုပ်ဖြစ်တော့ပေ။

Wednesday, August 25, 2010

ကုသိုလ်လည်း ရ ... ဝမ်းလည်း ဝ ... ကုသိုလ်လည်း ရ

အေဘီဘီအေအသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပထမဆုံးအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို ယခုနှစ် ‘ပြုလုပ်မည်’ ‘မပြုလုပ်’ဟု ဆွေးနွေး တိုင်ပင်ကြသည်မှာ အကြိမ်ကြိမ် အခါခါ ဖြစ်၏။

နောက်ဆုံးတွင် ‘ဖြစ်တယ်ဆိုရုံလေးပဲဖြစ်ဖြစ် လုပ်ကြစို့’ဟု အဖြေထွက်လေသည်။

လိုအပ်သော ရွက်ထည်တဲ သုံးခုကို နယူးဂျာစီမဟာစည်ရိပ်သာကျောင်းမှ ခေတ္တ ငှားယူရ၏။ ကိုသိန်းဝင်း မအားလပ်သဖြင့် သူတို့၏ ထရပ်ကားကို ယူကာ ဦးဓာတ်ကျော်က ကူညီ သယ်ယူပေး၏။

နယူးဂျာစီမဟာစည်ရိပ်သာကျောင်းမှာ ရွက်ထည်တဲကို အသုံးပြုနေကြ၊ သူ့လူနှင့်သူ တက်ညီလက်ညီ ဆောင်ရွက်လုပ်ကိုင်နေကြဖြစ်ရာ ပူစရာ မရှိ။

နယူးယောက် လောကချမ်းသာဘုရားကျောင်း၌ကား ပွဲတော်များကို အဆောက်အဦအတွင်း၌သာ ကျင်းပ ပြုလုပ်မြဲဖြစ်ရာ ရွက်ထည်တဲထိုးရန် အတွေ့အကြုံရှိသူ ရှား၏။

အေဘီဘီအေအသင်း အတွင်းရေးမှူး ဦးစောဝင်းကား အသင်း၏ ပွဲတော်များကျင်းပပုံ ကိစ္စအရပ်ရပ်၌ အတွေ့အကြုံ အများဆုံးရှိသူတစ်ဦးဖြစ်ရာ လိုအပ်သည်များကို ထောင့်စေ့အောင် ကြိုတင် စီစဉ် ဆောင်ရွက်တတ်၏။ သူ့အချိန်နှင့်သူ၊ သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ကွက်တိဖြစ်အောင် အထူးသဖြင့် ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ဆောင်ရွက်ရ၏။ လုပ်ဖော်ကိုင်ဖက် အမှုဆောင်များကိုလည်း အကူအညီတောင်းရ၏။ လုပ်အားပေးနိုင်သော လူငယ်များကိုလည်း စည်းရုံးရ၏။

ဤကဲ့သို့ ကြိုတင် စီစဉ်သည့်တိုင် နွေရာသီ အားလပ်ရက်များကလည်းဖြစ်ပြန်၊ သူသူငါငါ အချိန်ပိုရှိသူ ပေးနိုင်သူကလည်း နည်းပါးလေ့ရှိသည်အတိုင်း ရွက်ထည်တဲထိုးမည့် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လုပ်အားပေးမည့်သူ နည်းပါးနေ၏။

လောကချမ်းသာ ဦးဝိမလကလည်း နိဗ္ဗာန်ဈေးသတင်း ပျံ့နှံ့ရန် မြန်မာအင်တာနက်သတင်းဌာနများသို့ ပို့ပေးခြင်း၊ အီးမေးလ်များဖြင့် ပို့ပေးခြင်းတို့ကို ဆောင်ရွက်ပေး၏။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲတွင် လောလောလတ်လတ် ဒုလ္လဘရဟန်းဝတ်သွားသူများကိုလည်း စနေနေ့ ရွက်ထည်တဲထိုးရာ၌ လုပ်အားပေးရန် အကူအညီတောင်းထား၏။

ရွက်ထည်တဲထိုးရသည်မှာ အခက်ကြီး မဟုတ်သော်လည်း ပထမတစ်လုံးကို ခေါင်တန်းနှင့် အခြင်တန်းများ နေရာမှားထားမှုကြောင့် အမိုးရွက်ဖျင်အုပ်သောအခါ နေရာမကျ ဖြစ်နေ၏။ ပြန်ဖျက်ပြီး ဒုတိယအကြိမ် အသစ် ပြန်စရကြ၏။ အလုပ်က သင်သွားသဖြင့် ဒုတိယနှင့် တတိယ ရွက်ထည်တဲများအတွက် လွယ်ကူသွား၏။



သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ ရာသီဥတုမှာ မိုးဖွဲဖွဲရွာလိုက်၊ မိုးတိတ်သွားလိုက်၊ နေရောင်လေး ထွက်လာလိုက်၊ မိုးအုပ်သွားလိုက်၊ မိုးဖွဲဖွဲရွာလိုက်ဖြင့် နံနက်ခင်းမှသည် ညနေခင်းထိ တစ်နေ့လုံး ဖြစ်၏။

နံနက် ၉ နာရီ မတိုင်မီ ဈေးရောင်းမည့်သူများ အသီးသီး ရောက်လာကြ၏။



လောကချမ်းသာဘုရားကျောင်း၏ ဒုတိယအထပ်တွင် မြန်မာဆေးပညာပေးအဖွဲ့က နှစ်စဉ် ပြုလုပ်နေကြဖြစ်သော အခမဲ့ဆေးစစ်ပေးခြင်းနှင့် ဆေးပညာဆိုင်ရာ အသိပညာပေးမှုများကို ပြုလုပ် ဆောင်ရွက်ကြ၏။





နံနက် ၁၀ နာရီခွဲတွင် ဘုရားဆွမ်းတော်ဆက်ကပ်ရန်နှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ရန်အတွက် နိဗ္ဗာန်ဈေးဆိုင်များမှ ဆွမ်းအလှူခံကြ၏။







တနေ့လုံးနီးပါး မိုးဖွဲဖွဲရွာလိုက် ... နေကလေးပွင့်လာလိုက် ဖြစ်၍ အချို့က တယ်လီဖုန်းဆက်ပြီး နိဗ္ဗာန်ဈေးလုပ်ဖြစ်ကြောင်း သေချာမှ ရောက်လာကြ၏။












မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဝယ်သူလည်း ပါး၊ မိုးလည်း များလာသဖြင့် ဆိုင်များ သိမ်းကြရ၏။

မိုးသည်းသည်ထက် သည်းလာရာ နောက်ဆုံးကျန်သော တဲတစ်လုံးကို မိုးရေထဲတွင် ဦးစိန်မြင့်၊ ဦးစောဝင်းနှင့် ကိုဝင်းရွှေတို့ သုံးဦးသား မိုးကာအင်္ကျီများဝတ်ကာ ဖြုတ်သိမ်းကြရ၏။



လောကချမ်းသာဘုရားကျောင်း၌ နေရာထိုင်ခင်း အခင်းအကျင်းအားဖြင့် နိဗ္ဗာန်ဈေးပြုလုပ်ရသည်မှာ အဆင်ပြေလှသည် မဟုတ်သော်လည်း ပွဲပြီးသောအခါ ရောင်းသူ ဝယ်သူ အများစုမှာ ကျေနပ် အားရ ဝမ်းမြောက်ကြ၏။

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး ဆောက်လုပ်မည့် ရန်ပုံငွေအတွက် ရည်မှန်း၍ နိဗ္ဗာန်ဈေးပွဲ ဖြစ်မြောက်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်ကြရ၏။ လုပ်အားဒါန ပေးလှူကြရ၏။

နိဗ္ဗာန်ဈေးရောင်းမည့်သူများမှာ မိမိတို့ရောင်းချမည့် အစားအစာကို ဝယ်ယူ စားသုံးကြမည့်သူများလည်း အစားကောင်း စားရစေဟူသော မေတ္တာ စေတနာဖြစ်ကြရ ... ချက်ပြုတ် ဖန်တီးကြရ၊ ရောင်းချပြီး ရရှိလာသော အကျိုးအမြတ် ရောင်းရငွေများကိုလည်း လောကချမ်းသာ ကျောင်းဆောင်ကြီး တည်ဆောက်ရန် ရန်ပုံငွေအတွက် လှူဒါန်းကြရ၏။ ကောင်းမှု ကုသိုလ်များ ရရှိကြကုန်၏။

ဝယ်ယူ စားသုံးကြရသူများမှာလည်း အစားစုံ ရသာစုံ စားကြရ၊ အိမ်အတွက် မိတ်ဆွေများအတွက်ပါ ဝယ်ယူသွားကြခြင်းဖြင့် ဝမ်းလည်း ဝကြ၏။ မိမိတို့ ဝယ်ယူလိုက်ခြင်းဖြင့် ပေးလိုက်ရသော ငွေကြေးများမှာလည်း လောကချမ်းသာကျောင်းဆောင်ကြီး တည်ဆောက်ရန် ရန်ပုံငွေ အလှူငွေထဲ ပါဝင်သွားခြင်းဖြင့် ကုသိုလ်များ ရရှိကြပြန်၏။

လုပ်အားပေးသူ၊ ဝေယျာဝစ္စဆောင်ရွက်ကြသူများအတွက် ကုသိုလ်ရရှိကြမည်မှာ အထူးပြောဖွယ် မလိုပေ။

ကုသိုလ်လည်း,ရ၊ ဝမ်းလည်း,ဝ၊ ကုသိုလ်လည်း,ရသော အမှုကိစ္စတစ်ခုကို အထပ်ထပ် အခါခါ ဆည်းပူး ပွားများဆောင်ရွက်ရန် အဘယ်သူတို့ မလုပ်ချင်ဘဲ ရှိပါအံ့နည်း။

ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးတွင် ရရှိသော အလှူငွေ
(၂၀၁၀ ခု သြဂုတ်လ ၂၂ တနင်္ဂနွေနေ့)

၁။ ဦးဇေယျအောင်-ဒေါ်ဂင်ကြူမိသားစု (ဝက်သားတုတ်ထိုး) = ၂၃၀ ဒေါ်လာ
၂။ ကိုမောင်မောင်မြင့်ဆွေ (စာရေးကိရိယာ) = ၆၀ ဒေါ်လာ
၃။ ဦးခင်မောင်ဝင်း+ဒေါ်မာစွမ်မိသားစု၊ ကိုဝီလျှံ+ခိုင်ခိုင်မာမိသားစု (မုန့်လုံးကြီး၊ မုန့်ဖက်ထုပ်) = ၄၁၄ ဒေါ်လာ
၎။ ကိုညွန့်ဦး+မတင်တင် (ထမနဲ) = ၆၅ ဒေါ်လာ
၅။ ဦးအောင်ကျော်မိုး+ဒေါ်ဌေးဌေးအောင်မိသားစု (ပုစွန်ခွက်ကြော်သုတ်) = ၅၃၅ ဒေါ်လာ
၆။ ဒေါက်တာဦးစောနိုင်+ဒေါ်ခင်ဝင်းကြည်မိသားစု (ရွှေရင်အေး) = ၂၀၀ ဒေါ်လာ
၇။ ဒေါ်လှလှကျော့ (ငါးလေးကြော်၊ ရခိုင်ကြာဆံသုတ်) = ၃၀ ဒေါ်လာ
၈။ Eddie နှင့် သန္တာမိုး (ပန်းချီကား) = ၁၁၀ ဒေါ်လာ
၉။ ဦးကျော်မင်း+ဒေါ်သင်းသင်းမော်မိသားစု (ပုစွန်ချဉ်) = ၂၀၀ ဒေါ်လာ
၁၀။ Angela (မန္တလေးပဲနို့) = ၄၁ ဒေါ်လာ
၁၁။ ဒေါ်သင်းသင်းခိုင်+မစန်းမြ+မခင်နွဲ့ (ကျောက်ကျောပင်ပွားဖျော်ရည်) = ၆၈ ဒေါ်လာ
၁၂။ ကိုထွန်းအေး+ဒင်ပဲလ်မိသားစု (ကော်ပြန့်စိမ်း) = ၁၁၇ ဒေါ်လာ
၁၃။ သိန်းသိန်းမြင့်+အေးမိကြူ (မလေးရှားအချိုစုံ) = ၂၀၄ ဒေါ်လာ
၁၄။ Myanmar American Medical Education Society Inc. = ၃၀၀ ဒေါ်လာ
၁၅။ ဒေါ်ဝင်းကြည်အားအမှူးထား၍ ကိုဝင်းတင်+မနီနီအေး+(သမီး) ခင်ယွန်းမှီမှီ (မြီးရှည်) = ၂၈၁ ဒေါ်လာ
၁၆။ ကိုတင်မောင်+မကေခိုင်မိသားစု (မုန့်ဟင်းခါး၊ ရွှေချည်ဆနွင်းမကင်း) = ၃၀၀ ဒေါ်လာ
၁၇။ မီမီကျော်+အိအိအောင် (ဘိန်းမုန့်၊ သာကူ) = ၂၀၀ ဒေါ်လာ
၁၈။ ဦးဘော်ယုံ+ဒေါ်ညွန့်မိသားစု (မုန့်ကုလားမဲ၊ ကောက်ညှင်းထုပ်) = ၆၁၁ ဒေါ်လာ
၁၉။ ကိုညွန့်ဝင်း (Winn Super Market, Albany) = ၇၀ ဒေါ်လာ
၂၀။ ဒေါ်မွှေးမိသားစု = ၅၀ ဒေါ်လာ
၂၁။ ကိုငွေရှိန်+မမြတ်မြတ်ယုမိသားစု (သင်္ဘောသီးထောင်း၊ ပဲကြော်၊ မုန့်ဖက်ထုပ်) = ၁၀၀ ဒေါ်လာ
၂၂။ ဆွေဆွေသန်း (မန်ကျည်းသီးငပိချက်) = ၈၀ ဒေါ်လာ
၂၃။ အေဘီဘီအေဝေယျာဝစ္စအဖွဲ့ (ဒန်ပေါက်၊ ငပိကြော်) = ၇၅၀ ဒေါ်လာ
၂၄။ အေဘီဘီအေ (သောက်ရေ၊ ဆိုဒါ) = ၇၂ ဒေါ်လာ
၂၅။ အေဘီဘီအေ (T-shirt & Tote bag) = ၉၅ ဒေါ်လာ

စုစုပေါင်း ရရှိသော အလှူငွေ = ၅,၁၈၃ ဒေါ်လာ
အသုံးစရိတ် = ၄၂၇ ဒေါ်လာ
အသားတင် ရရှိသော အလှူငွေ = ၄,၇၅၆ ဒေါ်လာ

+++++
Photo Credits: Many thanks to Nancy for permission to use the black and white photos from her Nibban-zay photo album at http://picasaweb.google.com/naugastyle/NibbanZay82210?authkey=Gv1sRgCJXJuoXum-3O5QE#.

ဥယျာဉ် နဲ့ စိုက်ခင်း

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း၏ အမေး

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း ရှိခိုး နားတော်လျှောက်ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။

(၁) ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း။

(၂) စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣနြေ္ဒ, ဗိုလ်, မဂ္ဂင်, ဈာနင် စသော အဘိဓမ္မာကျမ်းကို တတ်ကျွမ်းသည်နှင့် မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည် ဟု ဘာဝနာမယကို အားကျသူတစ်မျိုး၊ မတိုးသာ မရှောင်သာ လူနှစ်ဦးတို့ ဆည်းပူးကြသည့်အရာမှာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့လက်ထက် အာသဝေါကင်းကွာ၍ ရဟန္တာယောက်ျား ရဟန္တာမိန်းမ ဖြစ်ကြသည်အနက် မည်သည့်တရားက ထက်မြက်၍ ဖိုလ်မဂ်ကို လျင်စွာ ရသည်ဟု မ,စ ချီးမြှင့်တော်မူပါမည့်အကြောင်းကိုလည်း ရှိခိုးနားတော်လျှောက်ပါသည် ဆရာတော်အရှင်သူမြတ်ဘုရား။

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်

ပထမပုစ္ဆာအဖြေ

(၁) ဘုံးသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း ဟူသော ပထမပုစ္ဆာ၌ -

အဖြေကား။ ။ ဇရာမီး၌ ပါဝင်သည်ဟူ၍ ကျမ်းဂန်နှင့်အညီ မှတ်ရမည်။
အကြောင်းမှာမူကား သစ်လွင် ရွှင်လန်းသော ရုပ်တရား နာမ်တရားတို့ကို ဟောင်းနွမ်း ညှိုးခြောက်စေမှုကို ဇရာမီးလောင်သည်ဟု ဆိုရသည်။
ဗျာဓိဟူသည်လည်း ခံ့ကျန်း ရွှင်လန်းသော ရုပ်တရား နာမ်တရားတို့ကို ကုန်ခန်း ညှိုးနွမ်းစေမှုမျိုး ဖြစ်၍ ဇရာမီးသဘော ရှိလေသည်။
(ပထမပုစ္ဆာအဖြေ ပြီး၏။)

ဒုတိယပုစ္ဆာအဖြေ

(၂) အဘိဓမ္မာတတ်ကျွမ်းလှ၍ မဂ်လမ်းကို ပိုင်တော့မည်ဟု နေထိုင်သူတစ်ရပ်၊
ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကို ရမည်ဟု ဘာဝနာမယကို အားကိုးသူတစ်မျိုး၊
၎င်းနှစ်မျိုးတို့တွင် ဘယ်အမျိုးက သာလွန် ထက်မြက်၍ ဖိုလ်မဂ်ကို မြန်မြန် ရနိုင်မည်ဟု သိလိုပါကြောင်း ဟူသော ဒုတိယပုစ္ဆာ၌ -

အဖြေကား။ ။ သဗ္ဗညုဗုဒ္ဓပါရမီမျိုးနှင့် ပစ္စေကဗုဒ္ဓပါရမီမျိုးကဲ့သို့ မှတ်ရမည်။
အဘိဓမ္မာ တတ်ကျွမ်းလှသော သူ၏ အမှုသည် သဗ္ဗညုဗုဒ္ဓ ပါရမီဖြည့်မှုနှင့် အလားတူ၏။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဖြည်းဖြည်းနှေးနှေးသာ ရောက်တတ်၏။
ရောက်သောအခါ၌ ကြီးကျယ်စွာ ဖြစ်တတ်၏။

အဘိဓမ္မာ မတတ်ကျွမ်းလှဘဲ မိမိ၏ အတ္တဟိတ အကျိုးမျှကို ရွယ်ကိုး၍ ဘာဝနာမယကို အားကျသောသူသည် ဖြောင့်မတ်စွာ သွားပါမူ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မြန်မြန် ရောက်နိုင်၏။
ရောက်သောအခါ၌ ကြီးကျယ်စွာ မဖြစ်တတ်။

အဘိဓမ္မာ တတ်ကျွမ်းလှသူ၏ အမှုသည် သရက်ဥယျာဉ်ကြီး၊ ပိန္နဲဥယျာဉ်ကြီးကို စိုက်ပျိုးသူနှင့် တူ၏။

ဘာဝနာမယသမား၏ အမှုသည် ဗူးခင်း၊ ဖရုံခင်း၊ မုန်လာခင်း စိုက်ပျိုးသူနှင့် တူ၏။

(ဒုတိယပုစ္ဆာအဖြေ ပြီး၏။)

မောင်သာထွန်း၏ ပုစ္ဆာအဖြေ ပြီး၏။

+++++
စာကိုး
လယ်တီဆရာတော်ဘုရားကြီး၏ “နိုင်ငံတွင်း ပုစ္ဆာအဖြေပေါင်းချုပ် (ပထမတွဲ)” မှ

Monday, August 16, 2010

သမုစ္စည်းပိုင်း - သဗ္ဗသင်္ဂဟ

“လောကီဘုံဝယ်
သာယာဖွယ်ဟု
တာတွယ်လေငြား
ဝေနေများကို
တရားသံဝေ
ရပါစေဟု
ထွေထွေဒုက္ခ ဦးစွာ ပြ၏။

ဒုက္ခသောင်းပြောင်း
တရားပေါင်းလည်း
အကြောင်းမဲ့စွာ
မဖြစ်ရာရှင့်။

မဟာဗြဟ္မ
ထာဝရဟု
ဘုရားတစ်သင်း
မဖန်ဆင်းတည့်
ထန်ပြင်းသော့သွမ်း
တဏှာစွမ်းကြောင့်
ပရမ်းပတာ
ဖြစ်ကြရာဟော
သမုဒယော။

သုံးလောကတွင်
ဒုက္ခထင်၍
လွတ်ခွင်ထွက်ရာ
ရတက်ဖြာသော်
သက်သာစေရန်
အနေဖန်လျက်
ခေမံနိရောဓ
သုံးကြိမ် ပြ၏။

နိဗ္ဗာနနန်း
ရောက်ဖို့မှန်းက
ဤလမ်းဖြင့်တက်
ဤမဂ်ကိုပွား
မိန့်သည့်လားသို့
လေးပါးမြောက်တွင်
မဂ်လမ်းထွင်သည်
ဟောစဉ်လက်ရိုး ဆူဆူတည်း။”

..... သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမ ဒုက္ခလာသလဲ?၊ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ? ဆိုတာကို နားလည်ဖို့ ကောင်းတယ်။

ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်။
အဲဒီတော့ လင်္ကာလေး ဖတ်ပြမယ် နော်။

“လောကီဘုံဝယ်၊ သာယာဖွယ်ဟု၊ တာတွယ်လေငြား၊ ဝေနေများကို၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ ဦးစွာပြ၏။”

လောကီမှာ သာယာစရာ တွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။
ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ် တဲ့။

“ဒုက္ခသောင်းပြောင်း၊ တရားပေါင်းလည်း၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာရှင့်။”

ဒီဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာ မဟုတ်ဘူး တဲ့။

“မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ မဖန်ဆင်းတည့်၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ပရမ်းပတာ၊ ဖြစ်ကြရာဟော၊ သမုဒယော။” တဲ့။

တဏှာကြောင့် ဖြစ်တဲ့ အကြောင်းကို မြတ်စွာဘုရား ဟောတော်မူတယ် တဲ့။

“သုံးလောကတွင်၊ ဒုက္ခထင်၍၊ လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်”

ကောင်းပြီ။ ဒုက္ခတော့ သိပါပြီ။ ဒုက္ခလွတ်တာများ မရှိဘူးလားလို့ ရတက်ဖြာတဲ့ အခါမှာ။

“သက်သာစေရန်၊ အနေဖန်လျက်၊ ခေမံနိရောဓ၊ သုံးကြိမ် ပြ၏။”

ဒါဟာ စိတ်သက်သာရာ ရအောင် ဆိုပြီးတော့ နိရောဓသစ္စာကို တတိယမြောက် ဟောတော်မူတယ်။

“နိဗ္ဗာနနန်း၊ ရောက်ဖို့မှန်းက၊ ဤလမ်းဖြင့်တက်၊ ဤမဂ်ကိုပွား၊ မိန့်သည့်လားသို့၊ လေးပါးမြောက်တွင်၊ မဂ်လမ်းထွင်သည်၊ ဟောစဉ်လက်ရိုး ဆူဆူတည်း။” တဲ့။

နိရောဓသစ္စာပြီးတော့ နိဗ္ဗာန်ရောက်ချင်ရင် ဒါတွေ ကျင့်ကြ၊ ဒီလမ်းလိုက်ကြပါလို့ ပြောဖို့ရန် မဂ္ဂသစ္စာကို ဟောတော်မူသည်။
ဒါက သစ္စာ ၄-ပါး။

(အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် ၄၆ မှ)

+++++

သဗ္ဗသင်္ဂဟ

အလုံးစုံသော တရားအစုတို့ကို ပြဆိုသော အပိုင်း ဖြစ်၏။
ဤအပိုင်းတွင် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါး တို့ကို ပြ၏။

ခန္ဓာကို ခန္ဓာရိုးရိုးနှင့် ဥပါဒါနက္ခန္ဓာ ဟူ၍ နှစ်မျိုး ခွဲပြီး ပြ၏။

ခန္ဓာ = ခန္ဓ (ပါဠိ) = အပေါင်းအစုရှိသော တရားမျိုး

အပေါင်းအစုဆိုရာ၌ ထိုထို တရားမှာ -
ကာလ ၃-ပါး = အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကွဲပြားမှု
အဇ္ဈတ္တ၊ ဗဟိဒ္ဓ = အတွင်း/မိမိသဏ္ဍာန်၊ အပ/သူတပါးသဏ္ဍန်၌ဖြစ်သော တရားဟု ခွဲခြားနိုင်မှု
ဒူရ၊ အာသန္န = ဝေးခြင်း/အသိခက်ခြင်း၊ နီးခြင်း/သိလွယ်ခြင်း ကွဲပြားမှု
ဟီန၊ ပဏီတ = ယုတ်ညံ့ခြင်း၊ မြတ်ခြင်း ကွဲပြားမှု
သြဠာရိက၊ သုခုမ = ကြမ်းတမ်းခြင်း/သိလွယ်ခြင်း၊ သိမ်မွေ့ခြင်း/အသိခက်ခြင်း ကွဲပြားမှု စသည် ရှိ,မရှိကို ကြည့်၍ ရှိလျှင် ခန္ဓာဖွဲ့၏။

ရုပ် ၂၈-ပါးထဲက စက္ခုပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။ သောတပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။

ခန္ဓာ ၅-ပါး

(၁) ရူပက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနာက္ခန္ဓာ = ဝေဒနာစေတသိက်
(၃) သညာက္ခန္ဓာ = သညာစေတသိက်
(၄) သင်္ခါရက္ခန္ဓာ = ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏက္ခန္ဓာ = စိတ် ၈၉-ပါး

ရုပ်, သင်္ခါရ, ဝိညာဏတို့သည် အပေါင်းအစု ရှိကြ၍ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဟု ဆိုသင့်သော်လည်း တစ်ပါးတည်းသာဖြစ်သော ဝေဒနာ၊ သညာကို အဘယ့်ကြောင့် ခန္ဓာဟု ခေါ်ဆိုအပ်ပါသနည်းဟူမူ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခဝေဒနာဟူ၍လည်းကောင်း၊ စက္ခုသမ္ဖဿဇာသညာ, သောတသမ္ဖဿဇာသညာ, ဃာနသမ္ဖဿဇာသညာ, ဇိဝှါသမ္ဖဿဇာသညာ, ကာယသမ္ဖဿဇာသညာ, မနောသမ္ဖဿဇာသညာဟူ၍လည်းကောင်း၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္န, ဟီန, ပဏီတ, သြဠာရိက, သုခုမဟုဆိုအပ်သော ၁၁-ဌာန၌ ဖြစ်ကုန်သော ဝေဒနာအချင်းချင်း၊ သညာအချင်းချင်း ပေါင်း၍ ယူအပ်သောကြောင့် ခန္ဓာဟု ဆိုအပ်ပါသည်။

ဥပါဒါနက္ခန္ဓာ ၅-ပါး

ဥပါဒါန်နှင့် စွဲလမ်း၍ ရသော ခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာဟု ခေါ်၏။
ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ မည်၏။
တရားကိုယ်မှာ ဝိညာဏုပါဒါနက္ခန္ဓာ၌ လောကီစိတ် ၈၁-ပါးကို ကောက်သည်သာ ထူး၏။

(၁) ရူပုပါဒါနက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာစေတသိက်
(၃) သညုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော သညာစေတသိက်
(၄) သင်္ခါရုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာ, သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁


ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ ၂-မျိုး ခွဲ၍ ပြရခြင်း

လောကီ, လောကုတ္တရာ အကုန်လုံး ပေါင်း၍ ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ခန္ဓာဒေသနာကို ဟောတော်မူ၏။

လောကီတရားသက်သက်ကို ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ဥပါဒါနက္ခန္ဓာကို ဟောတော်မူ၏။
ဝိပဿနာရှုစရာ အာရုံအနေဖြင့် ပြလိုတော်မူရင်း ဖြစ်၏။


အာယတန ၁၂-ပါး

အာယတန၏ အဓိပ္ပာယ်မှာ ရှည်လျားလှစွာသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကြောင့် အာယတန မည်၏။

အတွင်းအာယတန (အဇ္ဈတ္တိကာယတန)

(၁) စက္ခာယတန (စက္ခုပသာဒရုပ်)
(၂) သောတာယတန (သောတပသာဒရုပ်)
(၃) ဃာနာယတန (ဃာနပသာဒရုပ်)
(၄) ဇိဝှါယတန (ဇိဝှါပသာဒရုပ်)
(၅) ကာယာယတန (ကာယပသာဒရုပ်)
(၆) မနာယတန (စိတ် ၈၉-ပါး)

အပြင်အာယတန (ဗာဟိရာယတန)

(၇) ရူပါယတန (ရူပါရုံ)
(၈) သဒ္ဒါယတန (သဒ္ဒါရုံ)
(၉) ဂန္ဓာယတန (ဂန္ဓာရုံ)
(၁၀) ရသာယတန (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗာယတန (ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မာယတန (စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်)


ဓာတ် ၁၈-ပါး

တစ်ဦးတစ်ယောက်သော သတ္တဝါတို့၏ အလိုသို့ မလိုက်ပါမူ၍ မိမိ၏ သဘောကိုသာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ် မည်၏။

ပါဠိလို တိုက်ရိုက်အဓိပ္ပာယ်မှာ မိမိ၏ ပင်ကိုယ်သဘောကို ဆောင်တတ်သည်ဟု အဓိပ္ပာယ်ရ၏။


အခံဓာတ်

(၁) စက္ခုဓာတ် (စက္ခုပသာဒရုပ်)
(၂) သောတဓာတ် (သောတပသာဒရုပ်)
(၃) ဃာနဓာတ် (ဃာနပသာဒရုပ်)
(၄) ဇိဝှါဓာတ် (ဇိဝှါပသာဒရုပ်)
(၅) ကာယဓာတ် (ကာယပသာဒရုပ်)
(၆) မနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်း + သမ္ပဋိစ္ဆိုင်း ၂)

အတိုက်ဓာတ်

(၇) ရူပဓာတ် (ရူပါရုံ)
(၈) သဒ္ဒဓာတ် (သဒ္ဒါရုံ)
(၉) ဂန္ဓဓာတ် (ဂန္ဓာရုံ)
(၁၀) ရသဓာတ် (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗဓာတ် (ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မဓာတ် (စေတသိက် ၅၂၊ သုခုမ ၁၆၊ နိဗ္ဗာန်)

အပွင့်ဓာတ်

(၁၃) စက္ခုဝိညာဏဓာတ် (စက္ခုဝိညာဏ် ၂)
(၁၄) သောတဝိညာဏဓာတ် (သောတဝိညာဏ် ၂)
(၁၅) ဃာနဝိညာဏဓာတ် (ဃာနဝိညာဏ် ၂)
(၁၆) ဇိဝှါဝိညာဏဓာတ် (ဇိဝှါဝိညာဏ် ၂)
(၁၇) ကာယဝိညာဏဓာတ် (ကာယဝိညာဏ် ၂)
(၁၈) မနောဝိညာဏဓာတ် (မနောဓာတ် ၃ နှင့် ပဉ္စဝိညာဏ်ဒွေး မပါ၊ ကျန် စိတ် ၇၆-ပါး)


ဝိညာဏဓာတ် ၇-ပါး

(၁) စက္ခုဝိညာဏဓာတ်
(၂) သောတဝိညာဏဓာတ်
(၃) ဃာနဝိညာဏဓာတ်
(၄) ဇိဝှါဝိညာဏဓာတ်
(၅) ကာယဝိညာဏဓာတ်
(၆) မနောဓာတ်
(၇) မနောဝိညာဏဓာတ်

မနောဓာတ်သည် ဝိညာဏဓာတ်မဟုတ်သော်လည်း စိတ်ဖြစ်နေသောကြောင့် တခြား ဝိညာဏဓာတ်များနှင့် ပေါင်း၍ ဝိညာဏဓာတ်ဟု ခေါ်ခြင်း ဖြစ်၏။
တိတိကျကျဆိုသော် မနောဓာတ်သည် မနောဓာတ်သာ ဖြစ်၏။
မနာယတန(စိတ် ၈၉)မှ ဓာတ်အဖြစ် ၇-ပါး ခွဲခြားဖော်ပြခြင်း ဖြစ်၏။


သစ္စာ ၄-ပါး

သစ္စာဆိုသည်မှာ အမှန်တရားကို ဆို၏။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြောသည့်အတိုင်း ဟုတ်မှန်ခြင်းကို ဆို၏။

(၁) ဒုက္ခသစ္စာ

လောကီစိတ် ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ - ဤ တေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ မည်၏။

(၂) သမုဒယသစ္စာ

ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယသစ္စာ မည်၏။

(၃) နိရောဓသစ္စာ

ဒုက္ခ၊ သမုဒယ နှစ်ပါးတို့၏ ချုပ်ရာချုပ်ကြောင်းဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) မဂ္ဂသစ္စာ

နိရောဓသို့ရောက်ကြောင်း မဂ်စိတ် ၄-ခု၌ ရှိသော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။



သစ္စဝိမုတ်

သစ္စာ ၄-ပါးမှ လွတ်ခြင်းကို သစ္စဝိမုတ်ဟု ခေါ်၏။

အဘိဓမ္မာနည်းအရ မဂ်စိတ္တုပါဒ် ၂၉ (မဂ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၂၈-ပါးကို ပေါင်းသော် မဂ်စိတ္တုပါဒ် ၂၉ ဖြစ်၏။)၊ ဖိုလ်စိတ္တုပါဒ် ၃၇ (ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၃၆-ပါးကို ပေါင်းသော ဖိုလ်စိတ္တုပါဒ် ၃၇ ဖြစ်၏။)တို့သည် သစ္စာ ၄-ပါး၌ မပါဝင်သဖြင့် သစ္စာ ၄-ပါးမှ လွတ်၏။

ဒုက္ခသစ္စာထဲမှာ လောကီစိတ်သာ ပါ၏။ လောကုတ္တရာစိတ် မပါ။
သမုဒယသစ္စာမှာ လောဘစေတသိက် ဖြစ်၏။
နိရောဓသစ္စာမှာ နိဗ္ဗာန် ဖြစ်၏။
မဂ္ဂသစ္စာမှာ မဂ်စိတ် ၄-ပါး၌ ရှိသော မဂ္ဂင် ၈-ပါး ဖြစ်၏။
ထို့ကြောင့် မဂ်စိတ္တုပါဒ် ၂၉ နှင့် ဖိုလ်စိတ္တုပါဒ် ၃၇ တို့သည် သစ္စာ ၄-ပါးမှ လွတ်၏။

သုတ္တန်နည်းအလိုမူ သစ္စာ ၄-ပါးမှ လွတ်သောတရား လောကမှာ မရှိဟု အဋ္ဌကထာ၌ ပြဆို၏။

အထူးမှတ်ဖွယ်တစ်ခုမှာ ဒုက္ခသစ္စာအကြောင်း ပြောသောအခါ သက်ရှိကိုသာ ရည်ရွယ် ပြောဆိုရ၏။ သက်မဲ့နှင့် မဆိုင်ပေ။

+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”

Thursday, August 12, 2010

သမုစ္စည်းပိုင်း - ဗောဓိပက္ခိယသင်္ဂဟ

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ သင်တန်း အပတ်စဉ် (၄၅)နှင့် (၄၆) သင်ခန်းစာများကို နာယူ သင်ယူ မှတ်သားကြရရာ အပတ်စဉ် (၄၅) သင်ခန်းစာမှာ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟ သင်ခန်းစာ ဖြစ်၏။

ဗောဓိပက္ခိယ

ဗောဓိ = သစ္စာလေးပါးတရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယမဂ်ဉာဏ်၏
ပက္ခ = ဘက်တော်သား၌
အိယ = ဖြစ်သော တရား

အရိယမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်သော တရားများဟု ဆိုလို၏။
ထို ဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာ သိမ်းယူကြောင်း အကျဉ်းပြဆိုခြင်းသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။

ဗောဓိပက္ခိယတရားများမှာ သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣနြေ္ဒ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး = ပေါင်း ၃၇-ပါး ဖြစ်၏။

လင်္ကာ

‘သတိ’‘သမ္မ’၊ ‘ဣဒ်’‘ဣန်’‘ဗ’၊ ‘ဗောဇ္ဈ’‘မဂ်’ ခုနစ်။

သတိသမ္မပ်၊ ဣဒ္ဓိပါဒ်တို့၊ လေးရပ်စီသာ
ဣန်ဗိုလ်မှာကား၊ ငါးစီ ထား၍
ခုနစ်ပါး ဗောဇ္ဈင်၊ မဂ်ရှစ်အင်
ပေါင်းလျှင် ဗောဓိ သုံးခွန်ရှိ။

+++++

သတိပဋ္ဌာန် ၄-ပါး

သတိပဋ္ဌာန် = အခြားတပါး များစွာသော အာရုံတို့၌ စိတ်ပျံ့နှံ့ပြေးဝင်ခြင်းကို တားမြစ်၍ ကိုယ်စသော ကမ္မဋ္ဌာန်းအာရုံ၌သာလျှင် အစဉ်ဝင်လျက် တည်တံ့စွာဖြစ်တတ်သော မဟာကုသိုလ်၊ မဟာကြိယာ၊ အပ္ပနာဇော ဤ ၄၂-ပါး၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ ရှိသော သတိစေတသိက်။

(၁) ကာယာနုပဿနာသတိပဋ္ဌာန် = ရူပကာယ၌ (ဝါ) ကိုယ်၌ အဖန်ဖန် ရှုဆင်ခြင်ခြင်း။
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန် = ဝေဒနာ၌ အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန် = သရာဂစိတ် အစရှိသော ထိုထိုဖြစ်ပေါ်လာသော စိတ်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် = သညာ သင်္ခါရဖြစ်သော နီဝရဏစသော တရားတို့ကို ထိုထိုဓမ္မဟုလည်းကောင်း၊ အနိစ္စဝိပဿနာအားဖြင့်လည်းကောင်း အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။

သတိတစ်ခုတည်းဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ရှုသောအခြင်းအရာ ၄-မျိုး၊ ပယ်သော အမှတ်သညာ ၄-မျိုး ရှိ၍ သတိပဋ္ဌာန် ၄-ပါး ဖြစ်သည်။

+++++

သမ္မပ္ပဓာန် ၄-ပါး

သမ္မပ္ပဓာန ဟူသော အမည်သည် ဝီရိယ၏ အမည် ဖြစ်၏။

အကြောအခြင် အရိုးအရေ ကြွင်းစေ၊ အသွေးအသား ကုန်ခန်းစေ၊ အသက်ပင် သေစေဟူ၍ ရဲရဲဝံ့ဝံ့ ဆိုခဲ့ပြီးသော စိတ် ၄၂-ပါး၌ ရှိသော (ဝါ) လောကုတ္တရာစိတ် ၈-ခု၌ ရှိသော ဝီရိယစေတသိက်သည် သမ္မပ္ပဓာန် မည်၏။

တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ်မှာရှိသော ဝီရိယကိုသာ သမ္မပ္ပဓာန်ဟု ခေါ်ရပြီး ကြိယာစိတ်နှင့် မဆိုင်ကြောင်း ဆို၏။
သမ္မပ္ပဓာန် ၄-ပါးမှာ ကုသိုလ် အကုသိုလ်နှင့် ဆိုင်သောကြောင့် ထိုဝီရိယမှာ ရဟန္တာအတွက် မလိုအပ်တော့ပေ။
ထို့ကြောင့် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ကုသိုလ်စိတ် ၂၁-ခုမှာ ရှိသော ဝီရိယကိုသာ သမ္မပ္ပဓာန် အရကောက်စေလို၏။

(၁) ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယဝါယာမော = ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်မှု ဝီရိယ။ (ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ခြင်းဆိုရာ၌ ထိုအကုသိုလ်၏အကျိုး မပေးနိုင်အောင် လုပ်ခြင်းကို ဆိုလို၏။)
(၂) အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယဝါယာမော = မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်မှု ဝီရိယ။
(၃) အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယဝါယာမော = မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ အားထုတ်မှု ဝီရိယ။
(၄) ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယဝါယာမော = ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို အလွန်ပွားများစေခြင်းငှာ အားထုတ်မှု ဝီရိယ။

+++++

ဣဒ္ဓိပါဒ် ၄-ပါး

ဈာန်မဂ်ဖိုလ်ရအောင် အားထုတ်သဖြင့် ထိုဈာန်မဂ်ဖိုလ်များ ထမြောက်လာမှု ပြီးစီးပြည့်စုံမှုကို (ဈာန်မဂ်ဖိုလ်ရမှုကို) ဣဒ္ဓိဟု ခေါ်၏။

ထိုဈာန်မဂ်ဖိုလ်တို့ကို ရဖို့ရန် အခြေခံဖြစ်သော ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ ဟူသော အဓိပတိတရား ၄-ပါးတို့သည် ဣဒ္ဓိပါဒ် မည်၏။

မိဿကသင်္ဂဟ၌ လာသော အဓိပတိ ၄-ပါးကိုပင် ဤနေရာ၌ ဣဒ္ဓိ၏ အခြေခံ = ဣဒ္ဓိပါဒ ဟု ခေါ်၏။

ဆန္ဒိဒ္ဓိပါဒ် (ဆန္ဒ)၊
ဝီရိယိဒ္ဓိပါဒ် (ဝီရိယ)၊
စိတ္တိဒ္ဓိပါဒ် (စိတ်)နှင့်
ဝီမံသိဒ္ဓိပါဒ် (ပညာ) ဟူ၍ ဣဒ္ဓိပါဒ် ၄-ပါး ရှိ၏။

ဤနေရာတွင်လည်း မဟာဂန္ဓာရုံဆရာတော်က ကုသိုလ်စိတ်မှာ ရှိသော ဆန္ဒ၊ ဝီရိယ၊ ကုသိုလ်စိတ်၊ ပညာ စေတသိက်တို့ကို ဣဒ္ဓိပါဒ် အရကောက်စေလို၏။

(၁) ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ဆန္ဒစေတသိက်
(၂) ဝီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ဝီရိယစေတသိက်
(၃) စိတ္တိဒ္ဓိပါဒ် = မဟာကုသိုလ် (၈)ပါး၊ မဟဂ္ဂုတ်ကုသိုလ် (၉)ပါး၊ လောကုတ္တရာ (၄)ပါး ဟူသော ကုသိုလ်စိတ် ၂၁-ပါး
(၄) ဝီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ် (၂၁)ပါး၌ ယှဉ်သော ပညာစေတသိက်

+++++

ဣနြေ္ဒ ၅-ပါး

မိဿကသင်္ဂဟလာ ဣနြေ္ဒ ၂၂-ပါးအနက် အရိယမဂ်ဉာဏ်၏ ဘက်တော်သားဖြစ်သော ၅-ပါးကို ထုတ်ဆောင်ပြခြင်း ဖြစ်၏။

(၁) သဒ္ဓိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါစေတသိက်
(၂) ဝီရိယိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော ဝီရိယစေတသိက်
(၃) သတိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော သတိစေတသိက်
(၄) သမာဓိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော ဧကဂ္ဂတာစေတသိက်
(၅) ပညိနြေ္ဒ = စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်

+++++

ဗိုလ် ၅-ပါး

(၁) သဒ္ဓါဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သဒ္ဓါစေတသိက်
(၂) ဝီရိယဗိုလ် = စိတ် ၄၂-ခု၌ ရှိသော ဝီရိယစေတသိက်
(၃) သတိဗိုလ် = စိတ် ၄၂-ခု၌ ရှိသော သတိစေတသိက်
(၄) သမာဓိဗိုလ် = စိတ် ၄၂-ခု၌ ရှိသော ဧကဂ္ဂတာစေတသိက်
(၅) ပညာဗိုလ် = စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်


ဣနြေ္ဒ နှင့် ဗိုလ် အထူး

စိတ်ကို အစိုးတရ ပိုင်နိုင်သောကြောင့် ဣနြေ္ဒမည်၏။
တစ်စုံတစ်ခုသော တရားဖြင့် မလှုပ်မရှားနိုင် ခန့်ခိုင်သောကြောင့် ဗိုလ်မည်၏။
တရားကိုယ် တစ်ပါးတည်းပင်ဖြစ်လင့်ကစား သတ္တိဂုဏ် ကွဲပြားသောကြောင့် ဣနြေ္ဒ၊ ဗိုလ်ဟု ၂-ပါး ကွဲပြား၏။


တရားအားထုတ်သူများအဖို့ ဣနြေ္ဒ ၅-ပါး ညီမျှနေမှ တရားတိုးတက်၏။
အထူးသဖြင့် ဝီရိယနှင့် သမာဓိ ညီမျှရန် အရေးကြီး၏။

ဝီရိယလွန်လျှင် စိတ်ပျံ့လွင့်၏။ ဥဒ္ဓစ္စဖြစ်၏။ စိတ်သည် အာရုံ၌ စွဲကပ်မှုမရှိ ဖြစ်လာ၏။
ဝီရိယနည်းလျှင် ပျင်းလာ၏။ ထိနမိဒ္ဓဝင်လာတတ်၏။
သမာဓိလွန်လျှင် ပျင်းလာ၏။ အားမထုတ်နိုင်သော သဘော ရောက်သွား၏။

ပညာလွန်က စဉ်းလဲတတ်၏။
သဒ္ဓါတရား ထက်သန်ပြီး ပညာနည်းက ယုံလွယ်တတ်၏။

သတိမှာမူ ပိုသည် လွန်သည်ဟူ၍ မရှိ။ နေရာတကာမှာ အလိုရှိအပ်၏။ အမြဲတမ်း ဂရုစိုက်ရမည့်တရား ဖြစ်၏။

+++++

ဗောဇ္ဈင် ၇-ပါး

(ဗောဓိ + အင်္ဂ) သတိ ပညာ စသော တရား (၇)ပါးသည် လေးပါးကုန်သော အရိယသစ္စာတို့ကို ထိုးထွင်း၍ သိတတ်၏။
ထိုတရားအပေါင်းသည် ဗောဓိ မည်၏။
ထိုတရားအပေါင်းဟု ဆိုအပ်သော ဗောဓိ၏ အကြောင်း အင်္ဂါ အစိတ်တို့သည် ဗောဇ္ဈင် မည်၏။

(၁) သတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ကမ္မဋ္ဌာန်းအာရုံ ပမာဒတရားကို ဖျက်ဆီး၍ မမေ့မလျော့သော အပ္ပမာဒတရားကို ပြည့်စုံစေတတ်သော သတိစေတသိက်။

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ကမ္မဋ္ဌာန်း၏ အာရုံဖြစ်သော သင်္ခါရတရားတို့၌ အနိစ္စတာ စသော အထူးထူးသော အခြင်းအရာအားဖြင့် စူးစမ်းဆင်ခြင်တတ်သော အမောဟစေတသိက်။

(၃) ဝီရိယသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော သမ္မပ္ပဓာန်အာရုံတို့၌ ဘာဝနာကိစ္စ၏ အစွမ်းဖြင့် ကောင်းစွာ ကြီးပွား၍ အစဉ်အတိုင်း ကုသိုလ်တရားတို့၌ တွန့်တို ဆုတ်နစ်ခြင်း ကိလေသာတရားအပေါင်းကို ပယ်ဖျက်တတ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံတွင် မမွေ့မလျော် ပျင်းရိမှုတရားတို့ကို ဖျက်ဆီး မှုတ်လွှင့်တတ်သော ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံ၌ စိတ်ပူပန်မှု တောင့်တမှုကို ပယ်ဖျောက်တတ်သော ပဿဒ္ဓိစေတသိက်။

(၆) သမာဓိသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာ၏ အာရုံ၌ စိတ်၏ မတည်ကြည်မှု လှုပ်ရှားမှုများကို ပယ်ဖျောက်တတ်သော ဧကဂ္ဂတာစေတသိက်။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = စိတ် ၄၂-ခု၌ ရှိသော ဘာဝနာအာရုံ၌ စိတ်၏ နုံ့လွန်းခြင်း ထက်လွန်းခြင်းကို ပယ်ဖျောက်တတ်သော တတြမဇ္ဈတ္တတာစေတသိက်။

+++++

မဂ္ဂင် ၈-ပါး

သမ္မာဒိဋ္ဌိ = အမောဟစေတသိက်
သမ္မာသင်္ကပ္ပ = ဝိတက်စေတသိက်
သမ္မာဝါစာ = သမ္မာဝါစာစေတသိက်
သမ္မာကမ္မန္တ = သမ္မာကမ္မန္တစေတသိက်
သမ္မာအာဇီဝ = သမ္မာအာဇီဝစေတသိက်
သမ္မာဝါယာမ = သမ္မာဝါယာမစေတသိက်
သမ္မာသတိ = သတိစေတသိက်
သမ္မာသမာဓိ = ဧကဂ္ဂတာစေတသိက်

လောကုတ္တရာစိတ် ၈-ခု၌ ရှိသော (သို့မဟုတ်) ဆိုအပ်ပြီးသော စိတ် ၄၂-ခု၌ ရှိသော အမောဟစေတသိက်၊ ဝိတက်စေတသိက် စသည် အရကောက်ပါ။

သီလမဂ္ဂင် = သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ
သမာဓိမဂ္ဂင် = သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ
ပညာမဂ္ဂင် = သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ

သမ္မာသင်္ကပ္ပကို ပညာမဂ္ဂင်ယူရခြင်းမှာ ဝိတက်စေတသိက်က စိတ်ကို အာရုံဆီသို့ ပို့ပေးမှသာ သမ္မာဒိဋ္ဌိက သိရသောကြောင့် ဖြစ်၏။

သမာဓိမဂ္ဂင် ၃-ပါး၊ ပညာမဂ္ဂင် ၂-ပါး = ပေါင်း ၅-ပါးသော မဂ္ဂင်တို့ကို ကာရကမဂ္ဂင် (လုပ်သားမဂ္ဂင်) ဟု ခေါ်၏။

တရားအားထုတ်သော ပုဂ္ဂိုလ်တို့အတွက် ဤ ၅-ပါး အမြဲတမ်း ဖြစ်နေရ၏။

သီလမဂ္ဂင် ၃-ပါးမှာ ရှောင်ကြဉ်စရာ ရှိမှ ယှဉ်၏။
သို့သော် တရားစထိုင်ကတည်းက သီလဆောက်တည်ပြီး ရှောင်ကြဉ်ပြီး ဖြစ်၍ ထို ၃-ပါးလည်း ရှိနေပြီး ဖြစ်သည်ဟု ယူရ၏။
ဤနည်းဖြင့် တရားအားထုတ်သူတို့မှာ မဂ္ဂင် ၈-ပါး ပြည့်စုံလေ၏။

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၃) - (ရွှေတောင်ကုန်းဆရာတော်)

သတိပဋ္ဌာန်ဘာဝနာတရား ပွားနေလို့ရှိရင် အားလုံး .. တရားတွေ ဒီအထဲမှာ အကျုံးဝင်နိုင်တာပဲတဲ့။
များများ အထူးပွားဖို့ မလိုပါဘူး။

ကဲ .. ဆိုရအောင်။
သတိပဋ္ဌာန်၊ ပွားစေက၊ ဓမ္မအားလုံး ပြည့်နိုင်သည်။

ပေါ်တာ ရှုတာပါပဲ။ ရှုအားသန်သွားတဲ့အခါ ဒီထဲမှာ မြတ်စွာဘုရား အဆုံးအမ ပြည့်စုံလာတော့တာပဲ။

ယေသံ ကေသဉ္စိ ဘိက္ခဝေ စတ္တာရော သတိပဋ္ဌာနာ ဝိရဒ္ဓါ၊ ဝိရဒ္ဓေါ တေသံ အရိယော မဂ္ဂေါ သမ္မာ ဒုက္ခက္ခယဂါမီ
ယေသံ ကေသဉ္စိ ဘိက္ခဝေ စတ္တာရော သတိပဋ္ဌာနာ အာရဒ္ဓါ၊ အာရဒ္ဓေါ တေသံ အရိယော မဂ္ဂေါ သမ္မာ ဒုက္ခက္ခယဂါမီ
(မဟာဝဂ္ဂသံယုတ်၊ သတိပဋ္ဌာနသုတ်၊ ၁၅၇)

သတိပဋ္ဌာန်တရားလေးပါး မပွားမိဘဲ လွဲချော်သွားတဲ့ ပုဂ္ဂိုလ်တွေမှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားလည်းပဲ လွဲချော်ပြီး မပြည့်စုံတော့ဘူး။

သတိပဋ္ဌာန်တရားလေးပါးကို ဆရာ့ထံ နည်းခံပြီးတော့ ပြည့်စုံကျေနပ်လောက်တဲ့အထိ အချိန်ယူပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရား ပြည့်စုံပြီတဲ့။

မဂ္ဂင်ရှစ်ပါး အကျင့်တရားကို သုံးပုံ,ပုံလိုက်လို့ရှိရင် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ၊ မှန်စွာ ပြော, မှန်စွာ လုပ်, မှန်စွာ အသက်မွေး ဆိုတဲ့ သီလဆိုင်ရာ မဂ္ဂင်သုံးပါး ပါသွားတယ်။

ပြီးတော့ ပေါ်တဲ့ အာရုံကို မလွတ်တမ်း မှတ်နိုင်ဖို့ရာအတွက် ရဲရဲရင့်ရင့် အားစိုက်တဲ့ ဝီရိယ ပါသွားပြီ။ ကြောင့်ကြစိုက်ပေးတော့ စွဲမြဲတဲ့ သတိတွေ ပါသွားပြီ။ စွဲစွဲမြဲမြဲ မှတ်မိလို့ မှတ်မိရာ ရှုကွက်ထဲ စိတ်ကလေး စိုက်ကျသွားပြီ။ ဝီရိယ, သတိ, သမာဓိ ခေါ်တဲ့ သမာဓိဆိုင်ရာ မဂ္ဂင် ပါသွားပြီ။

အာရုံနဲ့ မှတ်စိတ် တည့်ပြီးတော့ သဘောမှန်လေးတွေ အခြေခံက စပြီး အဆင့်ဆင့် သိသွားပြီဆိုရင် ပညာဆိုင်ရာ မဂ္ဂင်နှစ်ပါးလည်း ပါသွားပြီ။

သီလရော၊ သမာဓိရော၊ ပညာရော အကုန်လုံး ပါသွားပြီ။ စုံသွားပြီ။

ဘုန်းကြီး ပြောရတာက နည်းနည်းလေးပါ။
ဆရာတော်ကြီးကို အမှီပြုရတဲ့ ပုဂ္ဂိုလ်တွေဟာ အားထုတ်လို့ သိတာတွေက အများကြီးပါ။

ပေါ်တာကို ရှုရင်း ရှုရင်းကပဲ သိသိ သိသိနေတာက ဘုရားအဆုံးအမပဲ။
အဲဒါ သာသနာပဲ။
တစ်ချက် ရှုလိုက်လို့ရှိရင် တစ်ချက် သာသနာတည်သွားတယ်။
နှစ်ချက် ရှုလိုက်ရင် နှစ်ချက် တည်သွားတယ်။
သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ အကုန်လုံး တည်သွားတယ်။

တစ်မိနစ်မှာ စက္ကန့်ပေါင်း (၆၀)ဆိုတော့ တစ်စက္ကန့် တစ်ကြိမ်ကျနဲ့ တွက်လို့ရှိရင် တစ်မိနစ်အတွင်းမှာ အကြိမ်ပေါင်း (၆၀) ကိုယ်ပိုင်သာသနာ တည်သွားတယ်။
ငါးမိနစ်ဆိုရင် (၃၀၀)၊
တစ်နာရီဆိုရင် (၃၆၀၀) သာသနာတည်သွားတယ်။

အဲဒီ ဘုရားအဆုံးအမ ကျင့်တဲ့ ပုဂ္ဂိုလ်မှာ တည်နေတာပဲ။ ရောက်နေတာပဲ။ ပြည့်စုံနေတာပဲ။
ကျင့်တဲ့ပုဂ္ဂိုလ် ပိုင်နေတာပဲ။
အဲဒါ သာသနာပိုင်ပဲ။
အဲဒီလို သာသနာပိုင်ဖြစ်အောင် လုပ်ရမှာ။

ရှုမှတ်လျက်သား၊ သိနေငြား၊ ဘုရားအဆုံးအမ ဖြစ်ပါသည်” တဲ့။
အဲဒီလို မြတ်စွာဘုရားက မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်မှာ သံဃာတော်တွေကို ဆုံးမပါတယ်။
နောက်ပြီးတော့ ‘အပ္ပမာဒေန သမ္ပာဒေထ’ လို့ အမိန့်ရှိပါတယ်။

အပ္ပမာဒေန - မမေ့မလျော့ခြင်းဟူသော သတိတရားဖြင့်၊
သမ္ပာဒေထ - သိက္ခာသုံးဝ မကျန်ရအောင် လုံးဝအကုန် ပြည့်စုံပြီးစီးစေကြကုန်လော့ တဲ့။

မမေ့ကြနဲ့ဆိုတာပါပဲ။
မမေ့ကြနဲ့ဆိုတာ ရှောင်ရှားသင့်တဲ့ အချက်တွေ ရှောင်ရှားဖို့ တာဝန်တွေ မလစ်ဟင်း မပျက်ကွက်ကြနဲ့။
အဓမ္မလမ်းကြောင်းကို မလိုက်ဘဲနဲ့ ရှောင်ရှား။
ပြီးတော့ တာဝန်တွေ မပျက်ကွက်ကြနဲ့။
ဓမ္မလမ်းကြောင်းကို မှန်မှန်လျှောက်ပြီး စခန်းမှန်ရောက်ရေးအတွက် ဦးတည်ပြီး လမ်းမှန်လျှောက်ဖို့ မပျက်ကွက်ကြနဲ့တဲ့။


ရွှေဥမင်ဆရာတော်ဘုရားကြီး၊ (ဓာတ်ပုံ-အင်တာနက်)

ရွှေဥမင်ဆရာတော်ဘုရားကြီးကလည်း မိမိကို မှီခိုနေတဲ့ ပုဂ္ဂိုလ်တွေကို မမေ့ကြနဲ့လို့ အမိန့်ရှိသွားမှာပါပဲ။
သူ့တပည့်လေးတစ်ယောက်ကို နာမကျန်းလို့ အနီးကပ် လာမေးတဲ့အခါမှာ ဒီလို နာမကျန်းဖြစ်လို့ရှိရင် ခံနိုင်ရည် ရှိဖို့ရန်အတွက် ကြိုတင်ပြီး ကျင့်သုံးထားရတယ်နော် တဲ့။

ဟုတ်တယ်၊ ကြိုတင်ပြီး ကျင့်သုံးမထားဘူးဆိုရင် ရောဂါတွေ ဖြစ်လာတဲ့အခါ “ငါ့နှယ်နော်၊ ဟိုတုန်းက အကောင်းသားပဲ။ အခုတော့ ဘယ်လိုဖြစ်လာပြီ”လို့ ဖြစ်လာတဲ့ ရောဂါကို အကြောင်းပြုပြီး မကျေမနပ် ဖြစ်ပြီး စိတ်တွေ ဆိုးလာတယ်။

ခန္ဓာကိုယ်ရဲ့သဘောကို ကြိုတင် သိနားလည်ထားတော့ မမြဲပုံတွေ ဆင်းရဲပုံတွေ ကိုယ့်သဘောအတိုင်း မဖြစ်၊ သူ့သဘောအတိုင်း သူဖြစ်ပုံတွေ သိထားပြီဆိုရင် သန့်ရှင်းတဲ့ စွမ်းအားကောင်းတဲ့ စိတ်တွေ ရှိထားတော့ လောဘ ဒေါသဒဏ်ကို လွှမ်းမိုးနိုင်တယ်။
အသိဉာဏ်တွေဖြစ်တော့ စိတ်ဟာ ရင့်ကျက်တယ်။
စိတ်တွေ သန့်ရှင်း တည်ငြိမ်ပြီး အားကောင်းပြီဆိုရင် လောဘ ဒေါသ ဖြစ်စရာ အာရုံနဲ့ ဆုံပေမယ်လို့ အဲဒါတွေကို ကျော်သွားနိုင်ပါတယ်။

အသိဉာဏ်တွေဖြစ်လို့ စိတ်က ရင့်ကျက်လာပြီဆိုရင် ကောင်းဆိုးလောကဓံနဲ့ ကြုံတဲ့အခါမှာ မဖြုန်ဘူး။ ဘက်မျှစွာ နေနိုင်တယ်။
ဒီလို အဆိုးနဲ့ ကြုံတဲ့အခါ ခံနိုင်ရည်ရှိဖို့အတွက် ငါ့တပည့် ကျင့်ထားလို့ ဆရာတော်ကြီးက မှာသွားတယ်တဲ့။
သိပ်ကောင်းတယ်။
ကျင့်ထားကြပါ။
ခံနိုင်ရည်ရှိဖို့ရာအတွက် ကျင့်ထားကြပါ။
သိပ်အရေးကြီးပါတယ်။
အဲဒီတော့ မမေ့ကြနဲ့တဲ့။

မမေ့ဘဲသာ၊ ရှုမှတ်တာ၊ သိက္ခာသုံးဝ ပြီးစေကြ။

သိက္ခာသုံးဝ ပြီးမြောက်အောင် ဘယ်လိုလုပ်မလဲ။
ဘုန်းကြီးတို့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက -

ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်
ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်
မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်
အနတ္တ၊ သိရ နိဗ္ဗာန်ဝင်” လို့ ဆုံးမ သြဝါဒ ပေးသွားခဲ့တယ်။

“ပေါ်တိုင်းမပြတ်”မှာ ‘ပေါ်’ဆိုတဲ့ စကားဟာ ‘ဖြစ်’တာပါပဲ။
‘ဖြစ်တယ်’ဆိုတာ ထင်ရှားဖြစ်လာတာပဲ။ ပီပီပြင်ပြင် ဖြစ်လာတာပဲ။
ဘာတွေဖြစ်လာသလဲဆိုတော့ ကိုယ်ထဲက နာမ်နှင့် ရုပ်တရားတွေ ဖြစ်လာတာ။

ဆိုကြပါစို့။
ထိုင်ရာက နေပြီး ထတော့မည့် အပြုမှာ ပထမဆုံး ထချင်တဲ့စိတ် ဖြစ်နိုင်တယ် မဟုတ်လား။
(ဖြစ်နိုင်ပါတယ် ဘုရား)

ထချင်တဲ့စိတ်ဟာ နာမ်လား ရုပ်လား။
(နာမ်ပါ ဘုရား)

ထိုင်ရာကနေ ထတော့မယ်ဆိုပြီး ထချင်တဲ့ စိတ်ကလေး ဖြစ်လာတယ်။
အဲဒါတွေကို မှတ်လိုက်တယ်။
မှတ်ရင်း နာမ်သိမလား၊ ရုပ်သိမလား။
(နာမ်သိမှာပါ ဘုရား)

နောက် တစ်ရစ်ချင် တစ်ရစ်ချင်း ထ,ထ ထ,ထ လာလိုက်တာ ကိုယ်ကြီးက ပေါ့ပေါ့ပြီး တက်လာတာ မရှိဘူးလား။
(ရှိပါတယ် ဘုရား)

ဘာတက်လာတာတုန်း။ ရုပ်ကြီးက တက်လာတာ မဟုတ်လား။
(မှန်ပါ ဘုရား)

ထဆဲခဏမှာ ဘာရှိသတုန်း။
(နာမ်နဲ့ ရုပ် ရှိပါတယ် ဘုရား)

နာမ်နဲ့ ရုပ် ဒီနှစ်ပါးပဲ ရှိတာ မဟုတ်လား။
(မှန်ပါတယ် ဘုရား)

အဲဒီလို ထဆဲကာလမှာ ထင်ရှားနေတာကတော့ နာမ်နဲ့ ရုပ်ပဲ။
နာမ်နဲ့ရုပ် တွဲပြီး ဖြစ်နေတာကို သိချင်ရင် ထတာကို စိုက်မှတ်ရမယ်။
နောက် သတိ သမာဓိ အားကောင်းသွားတဲ့အခါမှာ ထချင်တဲ့ စိတ်အဆင့်ဆင့် နာမ်သဘောကိုလည်း သိနိုင်တယ်။
ပြီးတော့ ထရုပ် အဆင့်ဆင့် ရုပ်သဘောကိုလည်း သိနိုင်တယ် မဟုတ်လား။

ခုန ပေါ်တိုင်းဆိုတဲ့ စကားနေရာမှာ ‘ထ’ထည့်လိုက်ရင် - ထတိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
‘ထိုင်’ထည့်လိုက်ရင် - ထိုင်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
လက်ခြေကွေးလို့ရှိရင် - ကွေးတိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ဆန့်လို့ရှိရင် - ဆန့်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ခြေကြွလို့ရှိရင် - ကြွတိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
လှမ်းတိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ချတိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရပ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင် ... ဒီလို မဟုတ်လား။
ကဲ အဲဒီနည်းလေး လုပ်ကြည့်စမ်းပါဦး။

ထတိုင်းမပြတ်၊ ရှုမှတ်နေလျှင်
ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်
မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်
အနတ္တ၊ သိရ နိဗ္ဗာန်ဝင်။

ထတာလေးကို သေသေချာချာ စူးစိုက်မှတ်လို့ရှိရင် နောက် သတိ သမာဓိ ဉာဏ်အား ထက်သန်သွားတဲ့အခါမှာ ထချင်တဲ့ စိတ်,နာမ်တရားရယ်၊ ထရုပ် အဆင့်ဆင့် ရုပ်တရားရယ်၊ သိမလာဘူးလား။
(သိလာပါတယ် ဘုရား)

ရုပ်နဲ့နာမ် ကွဲလာတယ် မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား)

အဲဒါ ရှုမှတ်လို့ ကွဲတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား)

နောက် မှတ်ဖန်များလို့ရှိရင် ထချင်တဲ့စိတ် အဆင့်ဆင့်က အကြောင်းနာမ်တရား၊ ထတဲ့ရုပ်က အကျိုး ရုပ်တရား။
အကြောင်းနဲ့ အကျိုး ဆက်စပ်ပြီး သိမလာနိုင်ဘူးလား။
“ထတိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊ ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်” အကြောင်းနဲ့ အကျိုး တစ်ခါတည်း သိလာတာ။

နောက် ဆက်မှတ်နေပြီဆိုရင် သတိ သမာဓိ ဉာဏ်အားတွေ ထက်သန်တဲ့အခါမှာ ထချင်တဲ့ စိတ်ကလေး အဆင့်ဆင့် ပေါ်ပြီး ပျောက်သွားပုံ၊ ထရုပ် အဆင့်ဆင့် ပေါ်ပြီး ပျောက်သွားပုံ၊ မမြဲတာ မသိနိုင်ဘူးလား။
(သိနိုင်ပါတယ် ဘုရား)

မမြဲတာ သိလို့ရှိရင် ဆင်းရဲတာလည်း မသိနိုင်ဘူးလား။
(သိနိုင်ပါတယ် ဘုရား)

ဒီ ထချင်တဲ့ စိတ် အဆင့်ဆင့် အကြောင်းနာမ်တရားနဲ့ ထရုပ် အဆင့်ဆင့် အကျိုး ရုပ်တရားတွေဟာ သူ့ဘာသာသူ ဖြစ်နေတာ။
ဘယ်သူက လုပ်ပေးနေတာတုန်း။
ဘယ်သိကြား, ဘယ်ဗြဟ္မာ, ဘယ်ထာဝရဘုရားက လုပ်ပေးနေတာတုန်း။
ကိုယ်ထဲက အသက်ရှိတဲ့ အကောင်က လုပ်ပေးနေတာလား။
(မဟုတ်ပါဘူး ဘုရား)

အနတ္တပဲ။
သူ့သဘောအတိုင်း သူဖြစ်နေတာ ဟုတ်တယ် မဟုတ်လား။
(မှန်ပါတယ် ဘုရား)

အသက်ရှင်နေတဲ့ အကောင်းလေးက လုပ်ပေးနေတာလည်း မဟုတ်ဘူး။
ပရမအတ္တ ခေါ်တဲ့ ဗြဟ္မာကြီး ဖန်ဆင်းရှင်ကြီးက လုပ်ပေးနေတာလည်း မဟုတ်ဘူး။
‘အနတ္တ’ ဒီထဲမှာ အတ္တ မရှိဘူးဆိုတာ ထင်ရှားနေတာပဲ။
အတ္တမဟုတ်ဘူးဆိုတာလည်း ထင်ရှားနေတယ်။

ပေါ်လာပုံ ပျောက်သွားပုံနဲ့ မမြဲပုံတွေ သိလာမယ်။
ဆင်းရဲပုံတွေ သိလာမယ်။
သူ့သဘောအတိုင်း သူဖြစ်ပုံတွေ သိလာမယ်။
ဝိပဿနာဉာဏ်တွေ ဖြစ်လာတာပါ။
ဝိပဿနာဉာဏ်တွေ ဖြစ်လာလို့ရှိရင် အခိုက်အတန့်တော့ ကိလေသာတွေ ငြိမ်းမနေဘူးလား။
(ငြိမ်းနေပါတယ် ဘုရား)

အဲဒီလို တစ်အောင့်ငြိမ်းအောင် လုပ်နေရတာပဲ။
အဲဒါတွေက သိက္ခာသုံးရပ် ပြီးစီးပုံ အကျဉ်းချုပ်ပဲ။

ထတော့မယ်အပြု ထချင်တဲ့ စိတ်ကလေးလည်း မှတ်မိတယ်။
ထရုပ်အဆင့်ဆင့်တွေလည်း မှတ်မိတယ်။
အဲဒီမှာ ဓာတ်ခွဲကြည့်လိုက်လို့ရှိရင် ဒီထရုပ်အဆင့်ဆင့်ကို မှတ်နိုင်ဖို့ရာအတွက် အားစိုက်တဲ့သဘော မပါဘူးလား။
(ပါ,ပါတယ် ဘုရား)

အားစိုက်တာ ဝီရိယ မဟုတ်လား။
မှန်ကန်တဲ့ ဝီရိယလား၊ မမှန်ကန်တဲ့ ဝီရိယလား။
(မှန်ကန်တဲ့ ဝီရိယပါ ဘုရား)

မှန်ကန်တဲ့ ဝီရိယဆိုတာ သမ္မာဝါယာမမဂ္ဂင် မဟုတ်လား။
(မှန်ပါတယ် ဘုရား)

ထက်ထက်သန်သန်နဲ့ အားစိုက်ပေးတော့ ထချင်တဲ့စိတ် အဆင့်ဆင့် ထရုပ်အဆင့်ဆင့် ရှုကွက်အာရုံမှာ ကပ်တည်သွားတာက သမ္မာသတိမဂ္ဂင်ပဲ။

စွဲမြဲစါာ ရှုမိရာ ရှုကွင်းမှာ စိုက်ကျသွားတာက သမ္မာသမာဓိမဂ္ဂင်ပဲ။

အားစိုက်တော့ သတိ ဖြစ်လာပြီးတော့ အဲဒီထဲမှာ စိတ်ကလေး စိုက်ကျသွားပြီဆိုရင် သဘောမှန်တွေ သိလာတာ။
ဒီထဲမှာ ဝီရိယလည်း ပါတယ်။
သတိလည်း ပါတယ်။
သမာဓိလည်း ပါတယ်။
အာရုံနဲ့ မှတ်စိတ်နဲ့ ခွင်ကျ တည့်နေတဲ့ သမ္မသင်္ကပ္ပ ခေါ်တဲ့ ဝိတက်လည်း ပါတယ်။
သိတာလည်း ပါတယ်။
ငါးမျိုး ဖြစ်မသွားဘူးလား။
(ဖြစ်ပါတယ် ဘုရား)

ဝီရိယ၊ သတိ၊ သမာဓိကို သမာဓိက္ခန္ဓ သမာဓိအုပ်စု။
သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိကို ပညာက္ခန္ဓ ပညာအုပ်စု။
သမာဓိ ပညာ နှစ်ခု ပါမသွားဘူးလား။
(ပါ,ပါတယ် ဘုရား)

ကိုယ်လုပ်လို့ ကိုယ်ရတာ ဖြစ်တော့ အဲဒီ သမာဓိသိက္ခာနဲ့ ပညာသိက္ခာ၊ တနည်း သမာဓိသာသနာနဲ့ ပညာသာသနာ ဘယ်သူ ပိုင်သတုန်း။
လုပ်သူပဲ ပိုင်တာ မဟုတ်လား။
နဂိုက သီလပြည့်စုံပြီးသားဖြစ်တော့ သီလသာသနာလည်း ပိုင်သွားပြီ။
တစ်နည်းအားဖြင့် သမာဓိသိက္ခာနဲ့ ပညာသိက္ခာဖြစ်နေဆဲမှာ ရှောင်ရှားလိုတဲ့ စေတနာ သီလတွေ အပြည့်ပါနေတယ်။
ဒီနည်းအရ ကျင့်နည်းမှန်နဲ့အတူ သီလ သမာဓိ ပညာ သုံးမျိုး ပိုင်သွားတာ။
အဲဒါ သာသနာပိုင်ပဲ။

ရှေးရှေးက ဆရာတော်ကြီးများ “သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”လို့ အမိန့်ရှိသွားတာ ဒါကို ရည်ရွယ် ပြောတာ။
စံလွန်တော်မူတဲ့ ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ဘုရားကြီးလည်း လွန်ခဲ့တဲ့ (၁၂)နှစ်က ဘုန်းကြီးကို တောထဲမှာ အနားယူနေစဉ်မှာ လာရောက်ပြီးတော့ နောင်တော်ကြီးတစ်ပါးအနေနဲ့ရော တကယ့်သီတင်းသုံးဖော်ကောင်း တစ်ပါးအနေနဲ့ပါ အဲဒီ ဓမ္မလက်ဆောင်ကို ပေးသွားတာ။
အခုထိ အသည်းထဲမှာ စွဲနေတာ။
အဲဒီတော့ သာသနာပိုင်ဖြစ်ချင်ကြရင် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ သုံးပါး ပြည့်စုံအောင် ပြုလုပ်ကြ။
ပြည့်စုံသွားပြီဆိုရင် ဒီသာသနာ ကိုယ်ပိုင်တာပဲ။

ကိုယ်ပိုင်ပြီဆိုရင် ကိုယ်ပိုင်တဲ့ သာသနာ ဘယ်မှာ သွားတည်မလဲ။
နှလုံးသားထဲမှာ တည်မယ် မဟုတ်လား။
(မှန်ပါတယ် ဘုရား)

နှလုံးသားထဲမှာ သီလ သမာဓိ ပညာ သာသနာ တည်လိုက်တာပဲ။
အဲဒါ “ဓမ္မစေတီ” ခေါ်တယ်။
စေတီတွေ အမျိုးမျိုး ရှိပါတယ်။

(၁) ဓာတုစေတီ
(၂) ပရိဘောဂစေတီ
(၃) ဥဒ္ဒိဿစေတီ
(၄) ဓမ္မစေတီ

“ဓာတုစေတီ”ဆိုတာက ဘုရားဓာတ်တော်တွေ ဌာပနာပြီး ပူဇော်ရန် တည်တဲ့ စေတီတဲ့။

ဘုရားရဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုခုကို ဌာပနာပြီး တည်တဲ့ စေတီက “ပရိဘောဂစေတီ”ပါပဲ။

ဘုရားရဲ့ ရုပ်တု ထုလုပ်ပြီး ကိုးကွယ်ရတဲ့ စေတီက “ဥဒ္ဒိဿကစေတီ (ဥဒ္ဒိဿစေတီ)”ပါပဲ။
အဲဒီ စေတီကို တည်တဲ့အခါ အုတ်ပါရမယ်။ သဲပါရမယ်။ ကျောက်ပါရမယ်။ ရေပါရမယ်။ ဘိလပ်မြေပါရမယ်။
အဲဒီစေတီက တစ်နယ်မှာ တစ်ဆူပဲ တည်ရတာ။
တည်ထားတဲ့ စေတီတောင်မှ ပုံတော်ထဲမှာ ဂုဏ်တော်ထည့်သွင်းပြီး ကြည်ညိုတတ်မှ တည်ရကျိုးနပ်တာ။

သဲလည်း မကုန်၊ အုတ်လည်း မကုန်၊ ရေလည်း မကုန်၊ ကျောက်လည်း မကုန်၊ ဘိလပ်မြေလည်း မကုန်ဘဲ တည်တဲ့ နည်းကတော့ သတိပဋ္ဌာန်တရား အားထုတ်တာပဲ။
သာသနာပိုင်ဖြစ်လို့ရှိရင် ဓမ္မစေတီလေး တည်ပြီးသား ဖြစ်သွားတယ်။

ပုဂံမြို့က စေတီတွေ တည်ထားတာ “လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်း”ဆိုတာ သင်္ချာနည်းနဲ့ တွက်မယ်ဆိုရင် လေးသန်း လေးသိန်း လေးသောင်း ခြောက်ထောင် ခုနစ်ရာ သုံးဆယ့်သုံးဆူ ရှိတာ။
အခု ထောင်ဂဏန်းလောက်ပဲ ရှိတော့တယ်။
မြတ်စွာဘုရားအလိုတော်ကျ တစ်နယ်မှာ တစ်ဆူပဲ တည်ရမယ် မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား)

အသိဉာဏ်မပါဘဲနဲ့ သဒ္ဓါတရားနဲ့ တည်ကြတော့ အဲသလို ဖြစ်ကုန်တာ။
နှစ်ပေါင်း ကိုးရာကျော် တစ်ထောင်လောက်က တည်ထားတဲ့ဟာတွေ အခု ထောင်ဂဏန်းပဲ ရှိတော့တယ်။
ဘယ်တော့မှ မပျက်တဲ့ စေတီ၊ သွားလေရာမှာ ပင့်သွားလို့ရတဲ့ စေတီ၊ အုတ်မကုန်, သဲမကုန်, ရေမကုန်, ကျောက်မကုန်, ဘိလပ်မြေမကုန်တဲ့ စေတီ တည်နည်းလေးတွေ ရှေးရှေးသော မြတ်စွာဘုရားတွေက သူတို့ ကိုယ်တိုင်လည်းပဲ တည်တယ်။ သတ္တဝါအများကိုလည်း တည်စေတယ်။
တည်တော့ အေးချမ်းမှု ရသွားတယ် မဟုတ်လား။
(မှန်ပါတယ် ဘုရား)

အဲဒီ စေတီတွေ အလေးထားပြီး တည်ဖို့ သိပ်အရေးကြီးပါတယ်။
အခု မိမိတို့ရဲ့ အားကိုးရာဖြစ်တဲ့ ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ဘုရားကြီးကလည်း မိမိတို့ရဲ့ နှလုံးသားထဲမှာ အချိန်မီ ဓမ္မစေတီ တည်ဖို့ ကရုဏာထားပြီးတော့ ဟောကြားသွားတာ မဟုတ်ဘူးလား။
ဓမ္မစေတီတွေ တည်ကြပါ။
ဓမ္မစေတီတွေ တည်လို့ နှလုံးသားထဲမှာ ဓမ္မတွေ ရောက်လာပြီဆိုရင် အဲဒီ ဓမ္မဟာ သေတဲ့ ဓမ္မခေါ်မလား၊ ရှင်တဲ့ ဓမ္မခေါ်မလား။
(ရှင်တဲ့ ဓမ္မ ခေါ်ပါတယ် ဘုရား)

ဓမ္မတွေ ရှင်နေမှာပါ။
အားထုတ်သလောက် ဓမ္မတွေ ရှင်သန်နေမှာပါ။
သာသနာဟာ ရှင်သန်နေမှာပါ။

ဆရာတော်ဘုရားကြီး စံလွန်တောမူသွားပေမယ်လို့ ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမတွေဟာ လက်တွေ့ ကျင့်သုံးတဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားထဲမှာ တည်ပြီး အမြဲတမ်း ရှင်သန်နေမှာပါ။
အဲဒီတော့ ကိုယ့်ဆရာသမားကို ကိုယ် ရိုသေ လေးစားတယ်ဆိုရင် ဒေသနာနည်းနဲ့အညီ ဆရာတော်ဘုရားကြီးက ကရုဏာထားပြီး မိန့်ကြားခဲ့တဲ့ တရားတွေကို စေတီမြောက်အောင် နှလုံးသားထဲမှာ ရောက်အောင် ကြိုးစားကြပါ။
ကြိုးစားလို့ရှိရင် ကြိုးစားသမျှ ဓမ္မဟာ နှလုံးသားထဲမှာ အမြဲတမ်း ရှင်သန်နေမှာပဲ။

ဘုန်းကြီးက အထောက်အထားမဲ့ အလွတ်ပြောတာ မဟုတ်ပါဘူး။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်မှာ အရှင်အာနန္ဒာက သူရဲ့ သီတင်းသုံးဖော်ကောင်း အရှင်သာရိပုတ္တရာလည်း စံတော်မူသွားပြီ၊ ပရိနိဗ္ဗာန်စံပြီတဲ့။
မြတ်စွာဘုရားလည်း မကြာခင် ပရိနိဗ္ဗာန်စံတော့မယ်တဲ့။
သူရဲ့ အားကိုးစရာတွေလည်း မရှိတော့ဘူးဆိုပြီး စဉ်းစားမိတာနဲ့ တခါတည်း အကြီးအကျယ် သောကတွေ ဖြစ်တာ။
ဒီအခါမှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ခေါ်ခိုင်းတယ်။
ရောက်လာတဲ့အခါမှာ မြတ်စွာဘုရား အမိန့်ရှိတယ်။

အာနန္ဒာ၊ ချစ်သောသူတို့နဲ့ ကွေကွင်းရခြင်း ဆင်းရဲဆိုတာက ဒီလိုပဲ ကြုံရတတ်တယ်လို့ ငါဘုရားလည်း ဟောထားပြီပဲ။ ငါဘုရား စံတော်မူသွားပေမယ်လို့ ငါဘုရား လေးဆယ့်ငါးဝါပတ်လုံး ကောင်းကျိုးတွေဖြစ်ဖို့ ဟောထားတဲ့ ဓမ္မ၊ လက်တွေ့ ကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကို ကျင့်သုံးသလောက် အောက်တန်း မကျရအောင် မြှင့်တင်ပေးတဲ့ ဓမ္မ၊ အချိုးတကျဖြစ်ဖို့ စည်းကမ်း ဥပဒေသ ယဉ်ကျေးမှု ဝိနယတွေဟာ ငါဘုရား ကွယ်လွန်တဲ့အခါမှာ အဲဒီ ဓမ္မဝိနယ ခေါ်တဲ့ သာသနာဟာ သင်ချစ်သားတို့ရဲ့ဆရာ ဘုရားပဲ” တဲ့။

ဒီတော့ သက်တော်ထင်ရှား ဘုရား မရှိပေမယ်လို့ သက်တော်ထင်ရှား ဘုရားဟောခဲ့တဲ့ တရားတွေဟာ အခုထက်ထိ ရှိသေးသလား၊ မရှိဘူးလား?
(ရှိပါတယ် ဘုရား)

ရှိထားတဲ့ တရားတွေ ကျင့်နည်းမှန်တွေ ကျင့်လို့ရှိရင် တရားတွေ မရနိုင်ဘူးလား။
(ရနိုင်ပါတယ် ဘုရား)

တရားတွေ နှလုံးသားထဲမှာ ရောက်နေပြီဆိုရင် ဒီတရားဟာ ရှင်တယ် ခေါ်မလား၊ သေတယ် ခေါ်မလား?
(ရှင်တယ် ခေါ်ရမှာပါ ဘုရား)

ငါဘုရား ပရိနိဗ္ဗာန် စံသွားတဲ့အခါ ငါဘုရား ဟောထားတဲ့ တရားဟာ သင်ချစ်သားတို့ရဲ့ လမ်းညွှန် ဘုရားပဲလို့ ဆိုထားတယ်။
တရားသည်ပင်လျှင် ဘုရားပဲ။

သက်တော်ထင်ရှား ဘုရားတစ်ဆူတည်း ဟောနေရတာတဲ့။ ငါဘုရား ပရိနိဗ္ဗာန်စံတဲ့အခါမှာ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ဆိုတော့ တရားတစ်ခုမှာ ဘုရားတစ်ဆူကျနဲ့ တွက်မယ်ဆိုရင် ဘုရားအဆူပေါင်း ရှစ်သောင်းလေးထောင် ရှိတယ်။
ဘယ်လောက် အားရစရာ ကောင်းသလဲ။
တရားခေါ်တဲ့ ကျင့်နည်းမှန်နဲ့ လက်တွေ့ကျင့်သုံးလို့ ရရှိခဲ့တဲ့ တရားဟာ နှလုံးသားထဲမှာ ရောက်နေပြီဆိုရင် တရားစေတီ တည်တယ် မည်တယ်။

တရားစေတီ တည်တယ်ဆိုရင် ဘုရားစေတီလည်း တည်ရာ မရောက်ပေဘူးလား။
(ရောက်ပါတယ် ဘုရား)

တရားရှင်သန်အောင် လုပ်တော့ အခု ဒီဘုရားလည်း ရှင်သန်နေတယ် မဆိုနိုင်ဘူးလား။
(ဆိုနိုင်ပါတယ် ဘုရား)

အဲဒါ သက်တော်ထင်ရှား ဘုရား ခေါ်တယ်။

သက်တော်ထင်ရှား ဘုရားကို ဖူးမြင်ချင်ကြလို့ရှိရင် ဘာလုပ်မလဲ?
တရားရှင်သန်အောင် လုပ်။
အခု ရွှေဥမင်ဆရာတော်ဘုရားကြီး စံလွန်တော်မမူခင် မိန့်ကြားသွားတဲ့ တရားတွေ အားထုတ်ကြ။
ဒီတရားတွေ အားထုတ်လို့ နှလုံးသားထဲမှာ တရားရောက်ပြီဆိုရင် သာသနာပိုင် ဖြစ်ပြီ။
သာသနာပိုင်ဖြစ်ပြီဆိုရင်ပဲ နှလုံးသားထဲမှာ ဓမ္မစေတီ တည်ပြီးသား ဖြစ်သွားတယ်။
ဓမ္မစေတီ တည်ပြီးသား ဖြစ်သွားပြီဆိုရင် သက်တော်ထင်ရှား ဘုရားလည်း နှလုံးသားထဲမှာ ကြွရောက်နေပြီ။
အဲဒါ သက်တော်ထင်ရှား ဘုရားကိုးကွယ်တာတဲ့။
အဲဒီအနေမျိုးရောက်အောင် လုပ်ဖို့ သိပ်အရေးကြီးပါတယ်။

ဒီဟာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ မိန့်ကြားသွားတဲ့ အချက်ကလေး ရှိပါတယ်။
ပရိနိဗ္ဗာန်စံတော့မယ်ဆိုတော့ နတ်တွေ လူတွေ ဗြဟ္မာတွေက နောက်ဆုံးပိတ်ဆိုတဲ့အနေနဲ့ ပူဇော်ကြတာ။
ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို အမိန့်ရှိတယ်။

ချစ်သား အာနန္ဒာ၊ ရဟန်းတွေရော ရဟန်းမတွေရော ဥပါသကာတွေရော ဥပါသိကာမတွေရော ပရိသတ်လေးမျိုးက ငါဘုရားကို ဒီလို အာမိသ ခေါ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ပူဇော်နေတာဟာ တကယ့် ချစ်ခင်လေးစား မြတ်နိုးပူဇော်ပသရာ မရောက်ပါဘူး။ ငါဘုရား ညွှန်ကြားထားတဲ့အတိုင်း ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမ ပရိသတ်လေးမျိုးက ကျင့်သုံးလို့ရှိရင် ငါဘုရားကို တကယ့် ရိုသေလေးစား မြတ်နိုးချစ်ခင် ပူဇော်ပသရာ ရောက်တယ်” တဲ့။

ကိုယ့်ဆရာသမားကို တကယ့် ကိုယ်ကျင့်တရားစစ်စစ်နဲ့ ပူဇော်လိုလို့ရှိရင် ညွှန်ကြားထားတဲ့အတိုင်း အားထုတ်ဖို့ပါပဲ။
ဒီနေရာမှာ ကျမ်းဂန်များက ဖွင့်ဆိုထားပါတယ်။

“မြတ်စွာဘုရားဟာ ပန်းလေးတစ်ပွင့် လှူတာတောင်မှ ကုဋေနဲ့ချီပြီး အပါယ်မလားဘူးလို့ ဆိုထားတယ်။ ဒီလောက် ကြီးကြီးကျယ်ကျယ် ပူဇော်တာကို မြတ်စွာဘုရား ဘာဖြစ်လို့ မချီးမွမ်းသတုန်း။ ဘာဖြစ်လို့ ငြင်းပယ်ရသတုန်း။ ငါဘုရားကို ပူဇော်ရာ မရောက်ဘူးလို့ ဆိုရသတုန်း” တဲ့။

အကြောင်းနှစ်ချက် ရှိပါတယ်။
(၁) နောင်အနာဂတ် ပရိတ်သတ်ကို ချီးမြှောက်ချင်လို့ အနာဂတ်မျိုးဆက်ကောင်းတွေ ဖြစ်စေချင်လို့၊
(၂) မြတ်စွာဘုရား တည်ထောင်ထားတဲ့ သာသနာ အဓွန့်ရှည်စေချင်လို့။

တကယ်လို့သာ မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ပူဇော်မှုတွေကို ချီးကျူးခဲ့မယ်ဆိုရင် ဘုန်းကြီးတို့ ရဟန်းတော်တွေက အစ ပူဇော်ရန် အချိန်ကျလို့ရှိရင် ရုပ်ဝတ္ထုပစ္စည်းနဲ့ ပူဇော်မှုနဲ့ အချိန်ကုန်နေမှာပဲ။
သီလ သမာဓိ ပညာ အကျင့်တရား ကျင့်သုံးရေးမှာ လစ်ဟင်း ပျက်ကွက် မေ့နေကြမယ်။
ဘုန်းကြီးတို့ ရဟန်းတော်တွေက အချိန်ကျလာပြီလို့ရှိရင် ... ဟေ့ ဘုရားပွဲနီးပြီ၊ ဒကာတို့ လုပ်ကြ၊ မနှစ်ကတော့ ဘယ်လိုပေါ့၊ ဒီနှစ်တော့ သူများထက် သာလွန်အောင် လုပ်ရမယ် ... စသည်ဖြင့် ဘုရားပွဲတွေသာ လုပ်ကြလိမ့်မယ်။
အဲဒါနဲ့ အချိန်ကုန်ကြလိမ့်မယ်။

အဲသလို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ပူဇော်ခြင်းဟာ ငါဘုရားကို တကယ် ပူဇော်မှု မမည်၊ ပူဇော်ရာ မရောက်တဲ့။
စာထဲမှာ ဆိုထားတာ ... သီရိလင်္ကာက မဟာစေတီကြီးလို စေတီကြီးတွေ ထောင်ပေါင်းများစွာ တည်၊ မဟာဝိဟာရကျောင်းကြီးတွေလို ထောင်ပေါင်းများစွာ ဆောက်၊ ငါဘုရား သာသနာကို အဓွန့်ရှည်အောင် မလုပ်နိုင် မဆောင်နိုင် တဲ့။
တစ်ရက်တာလည်း ယာဂုတစ်ကျိုက်သောက်လေးတောင်မှ သာသနာ မဆောင်နိုင်ဘူးတဲ့။
သာသနာ ထိန်းမထားနိုင်ဘူးတဲ့။

“သာသနာဆောင်တယ်၊ သာသနာထိန်းထားနိုင်တယ်”ဆိုတာ ငါဘုရားပြောတဲ့အတိုင်း ကျင့်သုံးမှသာ ငါဘုရားသာသနာတော်ကို နောက်ထပ် မျိုးဆက်ကောင်းလေးတွေပဲ မပြတ်ဖြစ်ပြီးတော့ သာသနာလည်း အဓွန့်ရှည်လိမ့်မယ်တဲ့။

သာသနာမျိုးဆက်ကောင်းလေးတွေ ဖြစ်အောင် ဘယ်လို လုပ်မလဲ။
ဗုဒ္ဓယဉ်ကျေးမှု ခေါ်တဲ့ သာသနာ အဓွန့်ရှည်အောင် ဘယ်လို လုပ်မလဲ။
ဘယ်သူ့အပေါ်မှာ တည်သလဲ။

ဘုန်းကြီးတို့ ရဟန်းတော်အပေါ်မှာရော၊
ဘိက္ခုနီမ မရှိတော့ သိက္ခာရှင် ခေါ်တဲ့ သီလရှင်တွေအပေါ်မှာရော၊
ဥပါသကာတွေအပေါ်မှာရော၊
ဥပါသိကာမတွေအပေါ်မှာရော တည်တယ်။

တရားကြားနာရုံသာ ကြားတယ်၊ အားမထုတ်ဘူး။
အလှူလည်း လှူရုံသာ လှူတယ်၊ သီလလည်း မရှိဘူး၊ သမာဓိလည်း မရှိဘူး၊ ပညာလည်း မရှိဘူးဆိုရင် သာသနာ ဘယ်ရောက်သွားမလဲ။
သာသနာပိုင် ဖြစ်ပါမလား။

သာသနာပိုင် မဖြစ်ဘူးဆိုရင် မဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်သတုန်း။
သာသနာ မကွယ်ဘူးလား၊ ကွယ်တာပေါ့။

တစ်ချိန်မှာ မြတ်စွာဘုရားကို ပုဏ္ဏားတစ်ယောက်က မေးတယ်။
“မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလို့ရှိရင် ‘သဒ္ဓမ္မ’ ခေါ်တဲ့ သူတော်ကောင်းတရား သာသနာ တာရှည်တည်ခြင်းရဲ့ အကြောင်းက ဘာပါလဲ ဘုရား၊ ဆုတ်ယုတ်ခြင်းရဲ့ အကြောင်းဟာ ဘာပါလဲ ဘုရား”
(၂)ချက် မေးထားတယ်။

မြတ်စွာဘုရားက ဖြေတယ်။
“သတိပဋ္ဌာန်တရား လေးပါးကို ပြည့်စုံ ကျေနပ်လောက်တဲ့အထိ ပွားလို့ရှိရင် သာသနာ အဓွန့်ရှည်မယ်တဲ့။
မပွားလို့ရှိရင် သာသနာ မရှည်ဘူး” တဲ့။

အဲဒါကို အဋ္ဌကထာဆရာက ထောက်ခံချက် ပေးပြီး ဖြေထားပါတယ်။
ဟုတ်တယ်၊ မြတ်စွာဘုရား မိန့်ကြားတဲ့အချက်က မှန်တယ်တဲ့။

ယော ဟိ ကောစိ ဗုဒ္ဓေသု ဓရန္တေသုပိ စတ္တာရော သတိပဋ္ဌာနေ န ဘာဝေတိ၊
တဿ သဒ္ဓမ္မော အန္တရဟိတော နာမဟောတိ ဒေဝဒတ္တာဒီနံ ဝိယ။
(သတိပဋ္ဌာနသံယုတ်၊ သီလဋ္ဌိတိဝဂ်၊ ဋ္ဌ၊ ၃၈၉-၃၉၁)

မြန်မာလိုကတော့ - မည်သည့် ပုဂ္ဂိုလ်မဆို ရှင်ပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်၊ လူဝတ်ကြောင်ပဲဖြစ်ဖြစ်၊ ဥပါသကာပဲဖြစ်ဖြစ်၊ ဥပါသိကာမပဲဖြစ်ဖြစ် သတိပဋ္ဌာန်တရားလေးပါး မပွားဘူးဆိုရင် သူရဲ့ သန္တာန်မှာ သဒ္ဓမ္မ ခေါ်တဲ့ သူတော်ကောင်းတရား သာသနာကွယ်ပြီ တဲ့။

ဘုန်းကြီး သတိပဋ္ဌာန်တရား မပွားဘူးဆိုရင် ဘုန်းကြီးမှာ သာသနာကွယ်တာပဲ။
ဒကာတစ်ဦးဦး မပွားလို့ရှိရင် ဒကာတစ်ဦးဦးမှာလည်း သာသနာကွယ်တာပဲ။

ဒီတော့ သတိပဋ္ဌာန်တရားလေးပါး ပွားလို့ရှိရင် သာသနာ မကွယ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

သတိပဋ္ဌာန်တရားလေးပါး ပွားလို့ရှိရင် သာသနာပိုင်နေတယ်ဆိုတော့ ဒီသာသနာ ဘယ်ရောက်သွားလဲ။
ကိုယ့်ဆီမှာပဲ ရှိတယ် မဟုတ်လား။
ကိုယ့်ဆီမှာ ရှိနေရင် သာသနာ ကွယ်ပါမလား၊ မကွယ်ဘူးပေါ့။
အဲဒီ သုတ္တန်လေးက သိပ်ရှင်းပါတယ်။

သတိပဋ္ဌာန်တရားကို ကျေနပ်လောက်အောင် ပွားလို့ရှိရင် ခုန စောစောပိုင်းက ပြောခဲ့တဲ့အတိုင်း သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ သုံးရပ်စလုံး တည်သွားမှာပေါ့။
တည်ပြီဆိုရင် မြတ်စွာဘုရား အကြိုက်ဆုံးလည်း ဖြစ်တယ် မဟုတ်လား။
(မှန်ပါ ဘုရား)

ကိုယ့်သန္တာန်မှာ သာသနာပိုင်တဲ့အခါ အဲဒီသာသနာ မပျက်တော့ဘူး။
သာသနာမျိုးဆက်တွေလည်း မပြတ်တော့ဘူး။
သာသနာမျိုးဆက်ကောင်းတွေ ဖြစ်စေချင်လို့ သာသနာ မကွယ်စေချင်လို့ မြတ်စွာဘုရားက နောက်ဆုံး အကြီးအကျယ် ပူဇော်မှုကို ငြင်းပယ်ခဲ့တာ။

အကောင်းဆုံး ပူဇော်ခြင်း ပူဇော်မှုကို “ပရမပူဇာ”လို့ ခေါ်ပါတယ်။
အမြင့်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ကြပြီးတော့ နောင်အနာဂတ် သာသနာမျိုးဆက်ကောင်းလေးတွေ ဖြစ်ရေးအတွက် မြတ်စွာဘုရားကိုယ်တိုင် ရုပ်ဝတ္ထုပစ္စည်းနဲ့ ပူဇော်မှုကို ပယ်ရှားခဲ့တာတဲ့။
ကိုယ်ကျင့်တရားနဲ့ ပူဇော်မှုကို မြတ်စွာဘုရား မြတ်နိုးတာတဲ့။

အခု စံလွန်တော်မူသွားတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးလည်းပဲ သူ့တပည့်တွေအပေါ် ဒီလို သဘောရှိနေမှာပါပဲ။
ဒီသဘောရှိလို့လည်း သာသနာပိုင်ဖြစ်အောင် လုပ်ကြပါတဲ့။
ဘုန်းကြီးစကားလေး စလာတာ ရွှေဥမင်ဆရာတော်ဘုရားကြီး ဘုန်းကြီးကို အမိန့်ရှိသွားတဲ့ စကားလေးနဲ့ စတာပါ။
သာသနာပိုင်ဖြစ်အောင် လုပ်ပါတဲ့။
ဦးပဏ္ဍိတဟာ တောစခန်းမှာ သာသနာပိုင်ဖြစ်အောင် ပြုလုပ်နေတာ သိပ်ကောင်းတာပဲဆိုပြီး သူချီးကျူး အားပေးတဲ့ စကားလေး အခုထိ ကြားယောင်နေပါတယ်။

အဲဒီစကားလေးအတိုင်း ကျင့်သုံးတဲ့ ပုဂ္ဂိုလ်များကလည်း ရှေးရှေးက ဆရာတော်ကြီးတွေ မိမိထံ ချဉ်းကပ်လာတဲ့ ရဟန်းတော်တွေကို “မောင်ပဉ္စင်းတို့ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော်” ဆိုပြီး တိုက်တွန်းတာပဲ။
ဒီဆရာတော်ကြီးထံ လူတွေ လာလို့ရှိရင်လည်း လူတွေကို သာသနာပိုင်ဖြစ်အောင် တိုက်တွန်းမှာပါပဲ။

တိုက်တွန်းရတာဟာ မြတ်စွာဘုရား အလိုတော်ကျပဲ။
မြတ်စွာဘုရား အလိုတော်ကျနဲ့အညီ အဆင့်ဆင့် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများ၏ ကိုယ်ရဲ့ နှလုံးသားထဲမှာ ဓမ္မစေတီ တည်သွားပြီးတော့ တပည့်များအား သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ ဆိုတဲ့ မိန့်မှာချက်အတိုင်း ဘုန်းကြီးတို့တတွေ ကိုယ်ပိုင် သာသနာဖြစ်အောင် ဆုံးမ သွန်သင်တဲ့ အချက်တွေကို သေသေချာချာ နာယူပြီးတော့ စိတ်ချနိုင်လောက်တဲ့အထိ သာသနာပိုင်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ ဒီနေ့တရား ဒီမှာ အဆုံးသတ်လိုက်ပါတယ်။

သာဓု ... သာဓု ... သာဓု။


+++++
၂၀၀၇ ခုနှစ် မတ်လ၊ ပထမအကြိမ်ထုတ်၊ ရွှေတောင်ကုန်းဆရာတော်၏ “သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ”

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၂) - (ရွှေတောင်ကုန်းဆရာတော်)

အဲဒီလို အနေအထားမျိုး ဖြစ်မှာကိုပဲ ရွှေဥမင်ဆရာတော်ဘုရားကြီးက ဘုန်းကြီး မဟာဗောဓိတောရစခန်းမှာ အနားယူနေတုန်းက သာသနာပိုင်ဖြစ်မယ့် လမ်းစဉ် လိုက်နေတော့တာတဲ့။

ရှေးက ဆရာတော်ဘုရားကြီး ဒီအတိုင်းပဲ မိန့်ခဲ့ပါတယ်။

အဲဒါ စိတ်ထဲက စွဲနေတာ။
ဘုန်းကြီးအပေါ် နောင်တော်ကြီးတစ်ပါးအနေနဲ့ရော၊ တကယ့်သီတင်းသုံးဖော်ကောင်းတစ်ပါးအနေနဲ့ပါ ကျောက်တန်း မဟာဗောဓိတောရမှာ အနားယူနေစဉ်က ပြောခဲ့တဲ့ စကားက နှလုံးထဲ အသည်းထဲမှာ စွဲပြီး ကျန်နေတာ အခုထက်ထိ အသံလေး ကြားယောင်နေပါသေးတယ်။


ရွှေဥမင်ဆရာတော်ဘုရားကြီး၊ ဦးသုခ၊ (ဓာတ်ပုံ-အင်တာနက်)

အဲဒီလို သတိတရား ပေးခဲ့တဲ့ ဆရာတော်ကြီး လွန်ခဲ့တဲ့ လေးရက်က စံလွန်တော်မူသွားပါပြီ။
အားကိုးလောက်တဲ့ ဆရာတော်ကြီး စံလွန်တော်မူသွားပါပြီ။
ဒီဆရာတော်ကြီးကို အမှီပြုနေတဲ့ ရှင်ရဟန်းအပါအဝင် အမျိုးသား အမျိုးသမီး ပုဂ္ဂိုလ်များဟာ ဒီလို ဆရာတော်ကြီးကို အမှီပြုရတဲ့အတွက် ဘယ်လောက် အတိုင်းအတာအထိ ဆရာတော်ဘုရားကြီးရဲ့ အလိုဆန္ဒအရ သာသနာပိုင်ကြပြီလဲဆိုတာ ကိုယ့်ကိုယ်ကို စစ်တမ်းထုတ်ဖို့ လိုပါတယ်။

တစ်ကိုယ်ရည် သာသနာပိုင်တဲ့ နည်းတွေ ပေးတော့ သွားပါရဲ့။
ဒါပေမယ်လို့ စိတ်ချလက်ချ ပိုင်ပြီလား၊ အာမခံချက်ရှိလောက်အောင် ပိုင်ပြီလားဆိုတာလည်း ကိုယ့်ကိုယ်ကို ပြန်ပြီး စစ်တမ်းထုတ်ဖို့ လိုပါတယ်။
အဲ စစ်တမ်းထုတ်ကြည့်လို့ ကိုယ့်မှာ မပိုင်သေးဘူးဆိုလို့ရှိရင်တော့ ဆရာတော်ဘုရားကြိး အလိုကျဖြစ်အောင် ကျင့်သုံးပြီဆိုလို့ရှိရင် အဲဒါ ဆရာတော်ကြီးကို ရိုသေတာပဲ။ လေးစားတာပဲ။ မြတ်နိုးတာပဲ။
ရိုသေ လေးစား မြတ်နိုး ကိုးကွယ်ရကျိုးလည်း နပ်သွားမယ်။

အဲဒီတော့ ရိုသေလေးစား မြတ်နိုးကိုးကွယ်တဲ့ အနေအထား ရောက်အောင် ဘဝအာမခံချက်တွေ ရှိနိုင်လောက်တဲ့ အနေအထားထိ ရောက်အောင်လို့ ဆရာတော်ဘုရားကြီး စံလွန်တော်မမူခင်ကပင် အဖန်ဖန် အထပ်ထပ် ဆုံးမခဲ့တဲ့ သာသနာပိုင် ဖြစ်အောင် လုပ်နည်းလေးတွေကို ကြိုးစားကြပါလို့ ဘုန်းကြီးက လေးလေးနက်နက် ဒီပလ္လင်ပေါ်က နေပြီး တိုက်တွန်းပါတယ်။

ဒါနဲ့ စပ်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်တော်ထဲက မြတ်စွာဘုရား ပရိနိဗ္ဗာန် မစံခင် သုံးလလောက်အလိုမှာ ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓသာသနာလိုရင်း အနှစ်ချုပ် တရားလေးကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ နည်းစနစ်အတိုင်း တပည့်ကောင်းပီပီ ဆရာ့နည်းလမ်း လိုက်ရမယ်ဆိုတဲ့အတိုင်း ဓမ္မလက်ဆောင်လေး ပေးပါရစေ။

ဗုဒ္ဓသာသနာ လိုရင်းအနှစ်ချုပ် တရားတော် ဖြစ်ပေါ်လာရခြင်းအကြောင်းက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး သုံးလအလိုမှာ ဝေသာလီနေပြည်တော် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက် စုလစ်မွန်းချွန်းနဲ့ တည်ဆောက်ထားတဲ့ ကျောင်းတိုက်မှာ မြတ်စွာဘုရား ဆိုက်ရောက်တော်မူပါတယ်။

အဲဒီအချိန်မျာ အာယုသင်္ခါရ လွှတ်ပြီးပါပြီ။
သုံးလ လွန်မြောက်လို့ရှိရင် ပရိနိဗ္ဗာန် စံတော့မယ်ဆိုတာ ကြေညာချက် ထုတ်ပြီးပြီ။
ဝေသာလီကို မြတ်စွာဘုရား အင်မတန် ချီးကျူးပါတယ်။
အဲဒီ မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်မှာ သီတင်းသုံးနေတုန်းအခိုက် အရှင်အာနန္ဒာကို အမိန့်ရှိခဲ့တယ်။
“ချစ်သား အာနန္ဒာ၊ ဝေသာလီနေပြည်တော် အမှီပြုပြီး မြို့တွင်းရော မြို့ပြင်ပရော နေကြတဲ့ ရဟန်းတော်တွေကို ဒီကျောင်းတိုက်ထဲက ဥပဋ္ဌာနသာလာ ခေါ်တဲ့ ဓမ္မာရုံကြီးမှာ စုလိုက်”တဲ့။
‘ဥပဋ္ဌာနသာလာ’ ဆိုတာ “ညီမူစည်းဝေး စုဝေးရာ ဇရပ်”လို့ ခေါ်ပါတယ်။

မြတ်စွာဘုရား မိန့်တော်မူခဲ့တဲ့အတိုင်း အရှင်အာနန္ဒာက အားလုံး သံဃာတွေ ဆုံတဲ့အခါမှာ “မြတ်စွာဘုရား ဝေသာလီအမှီပြုပြီး သီတင်းသုံးနေကြတဲ့ သံဃာတွေ ညီမူစည်းဝေးရာ ဓမ္မာရုံကြီးမှာ အားလုံး စုပြီးပါပြီ။ မြတ်စွာဘုရား ကြွရောက်ဖို့ အချိန်တန်ပါပြီ ဘုရား”လို့ လျှောက်တယ်။

အဲသလို လျှောက်တဲ့အခါမှာ မြတ်စွာဘုရားက ဓမ္မာရုံကြီးထဲ ကြွ၊ အဆင်သင့် ခင်းထားတဲ့ နေရာပေါ်မှာ ထိုင်တော်မူပြီး စကားတွေ ဘာမျှ ပလ္လင်ခံမနေတော့ပါဘူး။
ဗုဒ္ဓသာသနာရဲ့ လိုရင်း အနှစ်ချုပ်တရားကို -

တသ္မာတိဟ ဘိက္ခဝေ ယေ တေ မယာ ဓမ္မာ အဘိညာ ဒေသိတာ၊
တေ ဝေါ သာဓုကံ ဥဂ္ဂဟေတွာ အာသေဝိတဗ္ဗာ ဘာဝေတဗ္ဗာ ဗဟုလီကာတဗ္ဗာ၊
ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ၊
တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုဿာနံ။
(သုတ် မဟာဝါ၊ ပါ၊ ၁၂၉)
... လို့ ဟောတော်မူပါတယ်။

မြန်မာလို လိုရင်း ပြန်ရမယ်ဆိုရင် -

ချစ်သားတို့ ... ဒီနေရာဌာနမှာ ငါဘုရားရဲ့ အမိန့်အရ ညီညာဖြဖြ ရောက်လာခြင်းဆိုသော အကြောင်းကြောင့် ငါဘုရား ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိရှိထားတဲ့ ဓမ္မတွေ ရှိပါတယ်။ စိတ်ကူးနဲ့ ဟောထားတဲ့ တရား မဟုတ်ဘူး။ မယာ အဘိညာလို့ ဆိုထားပါတယ်။ ငါဘုရားကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိထားတာတဲ့။
ထိုတရားတို့ကို သင် ချစ်သားတို့ ကိုယ်တိုင် ရိုရိုသေသေ လေးလေးစားစား လေ့လာပါတဲ့။
ကျင့်နည်းမှန်တွေ သိအောင် ပထမဆုံး နာယူ လေ့လာ မှတ်သားပါတဲ့။
မှတ်သားမိတဲ့ တရားတွေကိုလည်း ပထမဆုံး စတင် မှီဝဲပါ။ အလုပ်စပါတဲ့။
ဆေးကောင်းဝါးကောင်းများ နေ့စဉ် မှီဝဲကြသလို ပထမ စတင် မှီဝဲလိုက်ပါတဲ့။
နောက် ထပ်ကာ ထပ်ကာ မှီဝဲပါတဲ့။
မှီဝဲဆိုတာ ဘာဝေတဗ္ဗတဲ့။
ဖြစ်လက်စ တရားကို တိုးတက် ဖွံ့ဖြိုးသွားအောင်၊ ငယ်ရာကနေပြီး ကြီးထွားသွားအောင်၊ နုရာက နေပြီး ရင့်ကျက်သွားအောင်၊ နည်းရာက နေပြီး များသွားအောင် ကြိုးစားကြ တဲ့။

အဲသလို အခြေအနေမျိုး ရောက်ဖို့ ဆိုတာကတော့ “ဗဟုလီကာတဗ္ဗာ - ကြိမ်ဖန်များစွာ ပြုကြ၊ ကြိမ်ဖန်များစွာ အားထုတ်ကြ” တဲ့တိုးပဲ တိုက်တွန်းပါတယ်။

ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿစိရဋ္ဌိတိကံ” ယင်းကဲ့သို့ ငါဘုရား ညွှန်ကြားတဲ့အတိုင်း ကျင့်နည်းမှန် လေ့လာပြီ၊ ဆေးမှီဝဲသလို ထပ်ကာ ထပ်ကာ မှီဝဲပြီ၊ ကြီးအောင် ထွားအောင် ရင့်ကျက်အောင် ပြုပြီ၊ ကြိမ်ဖန်များစွာ သင်ကြားပြီး ဒီအကျိုးပေါ်တဲ့အထိ ကြိုးစားပြီဆိုရင် သီလ သမာဓိ ပညာ သုံးမျိုးကို ဗုဒ္ဓယဉ်ကျေးမှုကို ခြုံပြီး ဖော်ပြထားတဲ့ သာသနဗြဟ္မစရိယ - မြတ်စွာဘုရား အဆုံးအမ မြတ်သော အကျင့် သာသနာဟာ ကြာမြင့်စွာသော ကာလကို ခံမယ်တဲ့။ စွဲမြဲတည့်တံ့မယ်၊ အရှည်ခိုင်မယ်၊ သာသနာအရှည်တည်ပြီဆိုရင် - “တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ”ဖြစ်မယ်တဲ့။

ရှင်ရဟန်းပိုင်းဆိုင်ရာရော ဒကာ ဒကာမပိုင်းဆိုင်ရာရော ကိုယ်စီ သာသနာလေးတွေ အသီးသီး စိတ်ချလောက်တဲ့ အာမခံချက် ရှိနိုင်တဲ့အထိ တော်တော်များများ တည်သွားပြီ။
သာသနာပိုင်သွားပြီဆိုလို့ရှိရင် အဲဒီတည်တံ့မှုဟာ ဗဟုဇနဟိတာယ - လူအများစု အစီးအပွား ဖြစ်ဖို့ပဲတဲ့။
ဗဟုဇနသုခါယ - လူအများစု ချမ်းသာဖို့ပဲတဲ့။

လူ နတ်တွေကို ကြင်နာသနား မေတ္တာ ကရုဏာထားပြီး စောင့်ရှောက်ဖို့လည်း ဖြစ်တယ်တဲ့။
လူ နတ်တို့ရဲ့ ပစ္စုပ္ပန် တမလွန် နှစ်တန် အကျိုးစီးပွားတွေ ဖြစ်ထွန်းဖို့ပဲတဲ့။

အဲဒီစကားတွေ မိန့်ကြားတယ်။
အဲဒီတရားတွေက အခြား မဟုတ်ပါဘူး။
ဗောဓိပက္ခိယတရား (၃၇)ပါးပဲတဲ့။

သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန် လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣနြေ္ဒ ငါးပါး၊ ဗိုလ် ငါးပါး၊ ဗောဇ္ဈင် ခုနစ်ပါး၊ မဂ္ဂင် ရှစ်ပါး”တဲ့။

ဗောဓိဉာဏ်ရဲ့ အသင်းအပင်းဖြစ်တဲ့ တရားတွေပါ။
ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး မိမိအမှီပြုလာတဲ့ ပုဂ္ဂိုလ်တွေ ရှုမှတ်နည်းတွေ ပေါ်တာတွေ ရှုရမယ်ဆိုတာ ပြတယ် မဟုတ်လား။
ပြတော့ ရတယ်မဟုတ်လား။
အဲဒါ သတိပဋ္ဌာန်တရားပဲ။
ဖြစ်တိုင်းမှတ်ရှု၊ သတိပြု၊ စောင့်မှုအစဉ်ထား”ဆိုတာ ဖြစ်တိုင်း မှတ်ရှုတာပဲ။
အဲဒီ အပိုင်းဟာ မြတ်စွာဘုရား (၄၅)ဝါပတ်လုံး ဟောထားတဲ့ တရားတော်ရဲ့ လိုရင်းအနှစ်ချုပ်ပါပဲ။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကလည်း သူ့ဒီပနီတွေထဲမှာ ရေးထားတယ်။
သာသနာအနှစ်ချုပ်တရားဟာ ဗောဓိပက္ခိယတရား (၃၇)ပါးပဲတဲ့။
အဲဒီထဲက သတိပဋ္ဌာန်တရားဟာ သိပ်အရေးပါလှပါတယ်။

သတိပဋ္ဌာန်ဘာဝနာတရား အားထုတ်တာဟာ ကိုယ်တိုင် သာသနာပိုင်ဖြစ်ဖို့ လုပ်ကြတာပါပဲ။
အဲသလို အားထုတ်ကြပါလို့ ဆိုလိုရာ ရောက်ပါတယ်။

ရှေးရှေးက ထင်ရှားတဲ့ ဆရာတော်ကြီးကလည်းပဲ သူ့ထံ လာတဲ့ ပုဂ္ဂိုလ်တိုင်းကို “သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”ဆိုတာက သတိပဋ္ဌာန်တရားကို အားထုတ်ပါ။ ဖြစ်တိုင်း မှတ်ရှု သတိပြုပါ။ ဒါ ဆုံးမတာ။ အဲဒါ သာသနာပိုင်ဖြစ်အောင် ကြိုးစားတဲ့နည်းပဲ။

အဲဒါကို လိုရင်း သိနားလည်ရအောင်ဆိုပြီး အနန္တကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ပါဠိမကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များ မြန်မာမှုသက်သက်နဲ့ သိရအောင် ဆောင်ပုဒ်ကလေးတွေ လုပ်ထားတယ်။
ဗုဒ္ဓသာသနာ လိုရင်းအနှစ်ချုပ် တရားတော်တဲ့။

တသ္မာတိဟ ဘိက္ခဝေ ယေ တေ မယာ ဓမ္မာ အဘိညာ ဒေသိတာ၊
တေ ဝေါ သာဓုကံ ဥဂ္ဂဟေတွာ အာသေဝိတဗ္ဗာ ဘာဝေတဗ္ဗာ ဗဟုလီကာတဗ္ဗာ၊

အဲဒါကို ဆရာတော်ဘုရားကြီးက “ကိုယ်တိုင်သိပြီးသား တရားများ”လို့ စီထားပါတယ်။
‘မယာ ဓမ္မာ အဘိညာ’ ဆိုတာ ‘ကိုယ်တိုင်သိပြီးသား တရား’လို့ အဓိပ္ပာယ်ရတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်က ပရိနိဗ္ဗာန်စံတော် မမူခင် (၃)လလောက် အလိုမှာ ဝေသာလီနေပြည်တော် မဟာဝုန်တော ကူဋာဂါရ စုလစ်မွန်းချွန်းတပ်တဲ့ ကျောင်းတော်ကြီးမှာ သံဃာတော် အမှူးရှိတဲ့ ပရိသတ်ကို ဟောခဲ့တဲ့ တရားပါ။
အင်မတန်ကို ရှေးကျပါတယ်။
ကဲ လိုက်ဆိုကြပါ။

ကိုယ်တိုင်သိပြီးသား၊ တရားများ၊ ဘုရားဟောခဲ့သည်။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက မြန်မာမှုနဲ့ စီသွားတာ။ ဘာမှ အပိုအဆာတွေ မပါဘူး။ အင်မတန် ရှင်းပါတယ်။

ထိုတရားများ၊ မှတ်ယူထား၊ ဖြစ်ပွားစေရမည်။

တေ ဝေါ သာဓုကံ ဥဂ္ဂဟေတွာ အာသေဝိတဗ္ဗာ ဘာဝေတဗ္ဗာ ဗဟုလီကာတဗ္ဗာ

ထိုတရားများကို သင်ချစ်သားတို့ ကိုယ်တိုင်က သင်ယူထားတဲ့။
ကျင့်နည်းမှန်တွေ သိရအောင် သတိပဋ္ဌာန်ဘာဝနာတရားတွေကို ဘယ်လို ကျင့်သုံးရမလဲ၊ ဘယ်လို မှတ်ရမလဲဆိုတာ ကောင်းမွန်စွာ သင်ကြားပါတဲ့။
သင်ကြားပြီးတော့ တရား အစပျိုးပါတဲ့။
အစပျိုးထားတဲ့ တရားကိုလည်း ဝီရိယအရှိန် မြှင့်တင်ပြီးတော့ အဆင့်တိုးအောင်လည်း ကြိုးစားပါ။
အဆင့်ဆင့် တိုးအောင်လည်း ကြိုးစားပါ။
နောက်ဆုံး မြော်မှန်းထားတဲ့ တရားပန်းတိုင် လိုရင်းပန်းတိုင် ရောက်တဲ့အထိလည်းပဲ အောင်မြင်အောင် ကြိုးစားပါတဲ့။

ပါဠိဘာသာနဲ့ ဟောထားတဲ့ ထိုတရားကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက -
ထိုတရားများ၊ မှတ်ယူထား၊ ဖြစ်ပွားစေရမည်”လို့ မိန့်ကြားခဲ့တယ်။
ဒီလောက်ဆို အကုန်လုံး အဓိပ္ပာယ် ခြုံမိငုံမိပါတယ်။
ကဲ ဆိုရမယ်။

ထိုတရားများ၊ မှတ်ယူထား၊ ဖြစ်ပွားစေရမည်။

သီလ၊ သမာဓိ၊ ပညာ ခေါ်တဲ့ သိက္ခာသုံးရပ် မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာကို ဖြစ်ပွားစေရမယ်တဲ့။ ရှုပွားစေရမယ်တဲ့။
ပထမဆုံး မြတ်စွာဘုရား ဟောထားတဲ့ ကျင့်နည်းအမှန်ကို စာပေအရ ကောင်းမွန်စွာ လေ့လာရမယ်။
များများ လေ့လာဖို့ မဟုတ်ပါဘူး။
ဒီတရားတွေ ဒီလို အားထုတ်ရတယ်ဆိုတဲ့ ရှုမှတ်တဲ့ နည်းလေးတွေ ကလျာဏမိတ္တ ခေါ်တဲ့ ဆရာကောင်းထံ ချဉ်းကပ်ပြီး လေ့လာရင် ရပါတယ်။

ပြီးတော့ ဖြစ်ပွားစေရမယ်။
ဖြစ်ပွားစေရမယ်ဆိုတာ အစပျိုးရမယ်။
တရားအရှိန် မြှင့်တင်ပြီးတော့ တဆင့်တိုးရမယ်။
အောင်မြင်သည့်အထိ အဆင့်ဆင့် တိုးပြီးတော့ အားထုတ်ရမယ်။
အဲဒါ ဖြစ်ပွားစေရမယ် ဆိုတာပဲ။

အဲဒီလို ဖြစ်ပွားစေလို့ရှိရင် ဘာအကျိုးတွေ ဖြစ်ထွန်းလာသတုံးဆိုတော့ လက်ငင်း အားထုတ်လာခဲ့တဲ့ ပုဂ္ဂိုလ်ဟာ သာသနာပိုင်လာတာပေါ့။
ရှင် အားထုတ်လို့ ရှင်ရသွားတဲ့အခါ ရှင်ဟာ သာသနာပိုင်ပဲ။
ရဟန်းငယ် အားထုတ်လို့ ရဟန်းငယ် ရသွားတဲ့အခါ ရဟန်းငယ်ဟာ သာသနာပိုင်ပဲ။
ရဟန်းကြီး အားထုတ်လို့ ရသွားရင် ရဟန်းကြီးဟာ သာသနာပိုင်ပဲ။
မထေရ်ကြီးတွေ အားထုတ်လို့ ရသွားရင် မထေရ်ကြီးဟာ သာသနာပိုင်ပဲ။

အားမထုတ်ရင် မရဘူး။
မရရင် သာသနာ မပိုင်ဘူး။
သိပ်ရှင်းရှင်းလေး ဟောထားပါတယ်။

တစ်ဦးတစ်ယောက် သာသနာပိုင်သွားရင် ဆင့်ပွားတွေ ဖြစ်နိုင်တယ်။
မိသားစုထဲက တစ်ယောက် သာသနာပိုင်သွားပြီဆိုရင် သာသနာပိုင်ရတဲ့အတွက် ရရှိတဲ့ အကျိုးကို ကောင်းကောင်းကြီး သိနားလည်သွားတော့ မိမိအတွက် မြတ်နိုး တန်ဖိုးထားသလို မိမိနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေအတွက်လည်း တန်ဖိုးထားတတ်လာတယ်။

သာသနာပိုင်နိုင်လောက်အောင်လည်း အဖြစ်နိုင်ဆုံး အကောင်းဆုံးနည်းနဲ့လည်း တိုက်တွန်းတော့တာပဲ။
တိုက်တွန်းခံရတဲ့ ပုဂ္ဂိုလ်များကလည်းပဲ တိုက်တွန်းမှုကို ယုံယုံကြည်ကြည်ဖြစ်ပြီး သူတို့လည်း သာသနာပိုင်ဖြစ်အောင် ကြိုးစားတော့ ဆင့်ပွားဆင့်ပွား သာသနာပိုင်တွေ ဖြစ်တော့တာပေါ့။

သူတို့ ကျင့်နည်းမှန်နဲ့အတူ သီလ သမာဓိ ပညာ ခေါ်တဲ့ ဗုဒ္ဓယဉ်ကျေးမှုတွေ ရသွားပြီ၊ ပိုင်သွားပြီ။
ဒီလို ပိုင်သူ ဆင့်ပွား ဆင့်ပွားတွေ များနေပြီဆိုရင် သာသနာဟာ တာရှည်ခံမှာပေါ့။
ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသရွေ့ တာရှည်ခံမှာပဲ။
ဒါကြောင့်မို့လို့ အကျိုးကို ဒီလို ပြထားတာပဲ။

ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ တဲ့။
ဒီပါဠိဘာသာကို မြန်မာလို ပြန်ထားတာပဲ။
ကဲ ဆောင်ပုဒ်ကို လိုက်ဆိုရမယ်။

သို့ဖြစ်စေရာ၊ သာသနာ၊ ရှည်စွာတည်လိမ့်မယ်။

ထိုကဲ့သို့ ဖြစ်လို့ရှိရင်လို့ ဆိုလိုတာပေါ့။
ယင်းကဲ့သို့ မဖြစ်ဘူးဆိုရင် မတည်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ခပ်ရှင်းရှင်းလေးပဲ။

ပဋိပတ္တိသဒ္ဓမ္မောပိ ဟိ ပဋိပတ္တိပူရကေသု သတ္တေသု အသတိ အန္တရဓာယတိ နာမ၊”
လက်တွေ့ ကျင့်သုံးမှု ပဋိပတ္တိသဒ္ဓမ္မ သူတော်ကောင်းတရား သာသနာတော်ဟာ လက်တွေ့ ဖြည့်ကျင့်သူများ မရှိလို့ရှိရင် အဲဒီ သာသနာကွယ်တယ်။

လူဦးရေ သန်းပေါင်း (၅၀)ထဲက အခုလို ကျင့်နည်းမှန်တရားတွေလည်း လေ့လာမှု မရှိကြဘူး၊ ကြားနာလေ့လာတာလည်း မရှိဘူး၊ စာအုပ်ကြည့်ပြီး လေ့လာတာလည်း မရှိဘူး၊ ဆွေးနွေးလေ့လာတာလည်း မရှိဘူး၊ လေ့လာပေမယ့်လို့ လက်တွေ့ ကျင့်သုံးတဲ့အပိုင်း မရောက်သေးဘူးဆိုရင် ရုပ်နာမ်ပိုင်းခြားသိမှုကအစ အသိဉာဏ်တွေလည်း မပွင့်သေးဘူး၊ မရင့်သေးဘူး။

မရင့်ကျက်သေးရင် အနည်းဆုံး သောတာပန်လည်း မဖြစ်သေးဘူး။

လက်တွေ့ကျင့်သုံးရတဲ့ သဒ္ဓမ္မ ခေါ်တဲ့ သူတော်ကောင်းတရား သာသနာတော်ဟာ ပဋိပတ္တိအလုပ်ဟာ လက်တွေ့ကျင့်သုံး ဖြည့်ကျင့်သူ မရှိခဲ့လို့ရှိရင် ကွယ်သည် မည်တယ် တဲ့။

ဘုန်းကြီးကိုယ်တိုင်က ကျင့်နည်းမှန်ကိုလည်း မသိဘူး။
သိပေမယ်လို့ မကျင့်ဘူး။
ခုန ဆရာတော်ကြီး အမိန့်ရှိသလို သာသနာပိုင်ဖြစ်အောင် အဆုံးအမမျိုးလည်း မရဖူးဘူး။
ရပေမယ်လို့ ကျင့်သုံးမှု မရှိဘူးဆိုရင် အဲဒီ ဘုန်းကြီးမှာ ရဟန်းဖြစ်လျက်သားနဲ့ သာသနာ ကွယ်ပြီတဲ့၊ သာသနာမပိုင်ဘူးတဲ့။

တရားတော့ ရှိတာပဲ။
ဗုဒ္ဓစာပေဘက်မှာလည်း ကျင့်နည်းမှန်တွေ ရှိကြတယ်။
တကယ့် သံဃာတော်တွေထံမှာလည်းပဲ ကျင့်နည်းမှန်တွေ ရှိကြတယ်။
ဒါပေမယ်လို့ အဲဒီ ပုဂ္ဂိုလ်တွေနဲ့ မနီးစပ်တော့၊ နီးစပ်ပေမယ့် လက်တွေ့ကျကျ မကျင့်သုံးတော့၊ အခြားကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီးတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ဖြစ်နေတော့ ပဋိပတ္တိသဒ္ဓမ္မ ခေါ်တဲ့ သူတော်ကောင်းတရားဟာ ဘုန်းကြီးကိုယ်တိုင်က မဖြည့်ကျင့်ဘူးဆိုရင် ဒီသာသနာကို ဘုန်းကြီးပိုင်တာ မဟုတ်တော့ ဘုန်းကြီးမှာ သာသနာကွယ်တယ် တဲ့။
မညှာမတာ ဘုန်းကြီးက ကိုယ့်ကိုယ်ကို ဝေဖန်ရမှာပဲ။
ကျင့်သုံးလို့ရှိရင်တော့ မကွယ်ဘူးပေါ့။

ပဋိပတ္တိသာရံ ဟိ သာသနံ
မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ ပဋိပတ္တိ လက်တွေ့ကျင့်သုံးခြင်းလျှင် အနှစ်သာရ ရှိတယ်။
လက်တွေ့ကျင့်သုံးမှ တရားအနှစ်သာရ ရတယ်လို့ ဆိုလိုပါတယ်။
ယောင်ဝါးဝါး မှုန်မွှားမွှား ချည့်နဲ့နဲ့ အဆန်ချောင် မဟုတ်ဘူး။
အနှစ်သာရနဲ့ ပြည့်စုံတယ်။
လက်တွေ့ ကျင့်ပါ။
စာတွေ့နဲ့ မရပါဘူး။ စာအုပ်က ပြောရုံနဲ့ မရပါဘူး။
ဆရာက ပြောရုံနဲ့ မလုံလောက်ပါဘူး။
လက်တွေ့ကျင့်မှ ဒီတရားအနှစ်သာရတွေ ထွက်မှာ။

လက်တွေ့ကလည်း မရှိဘူး။
ကိုယ်ပိုင်သာသနာ မရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဆုံးရှုံးကြပုံတွေတော့ ကြောက်လန့်ဖွယ် ကောင်းလှပါတယ်။

ပဋိပတ္တိယာ ဟာယမာနာယ သတ္တာ ဟာယန္တိနာမ
လက်တွေ့ကျင့်သုံးမှု ပဋိပတ္တိ ဆုတ်ယုတ်ပြီဆိုရင် မကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဟာ ဆုတ်ယုတ်နစ်နာ ဆုံးရှုံးကြသည် မည်တယ် တဲ့။

ဘုန်းကြီးတို့ မြန်မာပြည်မှာ ဘယ်လောက် ဆုံးရှုံးနေသလဲဆိုတာ ကြည့်ပေါ့။
ဘုန်းကြီးတို့ ရဟန်းတော်တွေမှာလည်း ဘယ်လောက်ဆုံးရှုံးနေတယ်ဆိုတာ ကြည့်ပေါ့။
ဘုန်းကြီးကိုယ်တိုင်က သီလကျင့်နည်းမှန် မသိဘူး၊ သီလမရှိဘူးဆိုရင် ဒီသီလ ဘုန်းကြီး မပိုင်ဘူး။
မပိုင်ဘူးဆိုရင် ဘုန်းကြီး ဆုတ်ယုတ်ပြီပေါ့။ ဆုံးရှုံးနစ်နာသွားပြီပေါ့။ လူဖြစ်ရကျိုး မနပ်တော့ဘူး။ သာသနာတော်ကြီးနဲ့ တွေ့ကြုံရကျိုး မနပ်ဘူး။

သီလလောက်တော့ ရှိတယ်။ စိတ်ကို သတိပဋ္ဌာန်နည်းနဲ့ မပြုပြင်ဘူးဆိုလို့ရှိရင် စိတ်တွေ တောင်ရောက်မြောက်ရောက်နဲ့ ယောက်ယက်ခတ်နေမှာပေါ့။
အဲဒီလိုဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ ဘုန်းကြီး ပျက်စီးနေတာပဲ။

စိတ်ပိုင်းဆိုင်ရာက ထိုက်သလောက်တော့ ရှိပါရဲ့။
ဒါပေမယ်လို့ ရုပ်နာမ်ပိုင်းခြားသိမှုက အစ အသိဉာဏ်လေးတွေ မပွင့်ဘူးဆိုရင် မရှိဘူးဆိုရင် မဟုတ်တာတွေ စွဲထားတဲ့ အစွဲတွေက မပျောက်ဘူး။
တစ်သက်လုံး တစ်ဘဝလုံး တစ်သံသရာလုံးက စွဲလာတာ ရုပ်နာမ်ကို ပုဂ္ဂိုလ်သတ္တဝါ ထင်တာ။
ဗြဟ္မာကြီးလေးယောက်ကပဲ လူ့ပြည်လောကကို ဆင်းပြီး လူတွေ ပေါက်ဖွားပေးတယ်ဆိုတဲ့ အစွဲတွေ၊ မြဲတယ်၊ ကောင်းစား ချမ်းသာတယ်၊ ဘာမဆို ကိုယ့်အလိုအတိုင်း ဖြစ်တာပဲဆိုတဲ့ အစွဲတွေ မပျောက်ဘူး။
အဲဒီ အစွဲတွေ မပျောက်သမျှ ကာလပတ်လုံး ဒီပုဂ္ဂိုလ်ဟာ အဲဒီအစွဲတွေနောက် လိုက်ပြီးတော့ မှားတော့တာပဲ။

ပဋိပတ္တိဆုတ်ယုတ်ပြီဆိုရင် သတ္တဝါတွေဟာ သာသနာမပိုင်တဲ့အတွက် သာသနာမဲ့နေတဲ့အတွက် အကုန်လုံး ဆုတ်ယုတ် နစ်နာသွားကြသည် တဲ့။

အဲဒါတွေ မဖြစ်ရအောင်ဆိုပြီး ခုန စောစောပိုင်းက ဆရာတော်ကြီးက သူ့ထံ လာရောက်ပြီး ဖူးမြော်တဲ့ ကိုယ်တော်တွေကို “ကိုယ်တော်တို့၊ မောင်ပဉ္စင်းတို့၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားကြ”လို့ ဒါကို ရည်ရွယ် ပြောတာ။

ရွှေဥမင်ဆရာတော်ဘုရားကြီးကလည်းပဲ ဘုန်းကြီး လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က မဟာဗောဓိတောစခန်းမှာ နေစဉ်ကာလက အဲဒီ ဆရာတော်ဘုရားကြီး မိန့်ကြားတဲ့ အချက်ကို တဆင့် ဆင့်ပွား ဘုန်းကြီးကို အမိန့်ရှိခဲ့တာ ဘယ်တော့မှ မမေ့ဘူး။
နားထဲမှာ ကြားယောင်နေဆဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားက မိန့်ကြားတယ်။
မယှဥှိ ပဋိပတ္တိကထနမေဝ ဘာရော” တဲ့။
ချစ်သားတို့၊ ငါဘုရားရဲ့ တာဝန်ကတော့ ကျင့်နည်းအမှန်ကို တိတိကျကျ ဟောပေးဖို့ပဲ တဲ့။

ပဋိပတ္တိပူရဏံ ကုလပုတ္တာနံ ဘာရော
လက်တွေ့ အကျင့်ဖြည့်ဆည်းမှု အလုပ်၊ လက်တွေ့အားထုတ်မှု အလုပ်ဆိုတာ ကုလပုတ္တ=အမျိုးကောင်းသား အမျိုးကောင်းသမီးများရဲ့ တာဝန်ပဲ တဲ့။

အမျိုးကောင်းသား အမျိုးကောင်းသမီးဆိုတာ ဟိုခေတ်ကတော့ ဇာတ်မြင့်တဲ့ ပုဂ္ဂိုလ်တွေကို ‘ဇာတိကုလပုတ္တ’လို့ ခေါ်ပါတယ်။
အကျင့်စာရိတ္တကောင်းကြတဲ့ ပုဂ္ဂိုလ်တွေကို ‘အာစာရကုလပုတ္တ’လို့ ခေါ်ပါတယ်။
အကျင့်ကောင်းတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်မှလည်း အားထုတ်ဖြစ်ပါတယ်။
တကယ် အားထုတ်မိတဲ့ ပုဂ္ဂိုလ်များရဲ့ တာဝန်ကတော့ လက်တွေ့ ကျင့်သုံးမှုပဲ။

မြတ်စွာဘုရားက သူ့တာဝန် ကိုယ့်တာဝန် ခွဲခြားပြီး ပြသွားပါတယ်။

အနုကမ္ပကဿ သတ္ထုကိစ္စံ၊ ယဒိဒံ အဝိပရိတဓမ္မဒေသနာ
တိတိကျကျ လက်တွေ့ကျင့်သုံးတတ်အောင် ကျင့်နည်းမှန်တွေ ဟောပြောမှုကတော့ သင်ချစ်သားတို့ အပေါ်မှာ ကြင်နာသနားတဲ့ ငါဘုရားရဲ့ ကိစ္စတဲ့။
အဲဒီ နောက်ပိုင်းမှာ လက်တွေ့ကျင့်သုံးရမယ့် တာဝန်ကတော့ သာဝကများရဲ့ ကိစ္စပဲတဲ့။
ကိုယ့်တာဝန်တွေ အများကြီး ရှိနေပါတယ်။

သာသနာပိုင်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ?
ဒီအဖွင့်လေးတွေကို ဘုန်းကြီးက သိရတော့ သိပ် သံဝေဂဖြစ်ပါတယ်။
သြော် ... ငါတို့တတွေတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ လူ့အဖြစ်နဲ့ သာသနာတော်ကြီးနဲ့ ကြုံကြိုက်ပါလျက်နဲ့၊
သာသနာနဲ့ မနီးစပ်ရတာဟာ သိပ်ဝမ်းနည်းစရာ ကောင်းတယ် ဆိုတာပေါ့လေ။
သာသနာပိုင် ဖြစ်နိုင်လောက်တဲ့ အရည်အသွေးတွေ အခွင့်အရေးတွေ ဘုန်းကြီးတွေမှာသာ ပါလျက်သားနဲ့ သာသနာပိုင် မဖြစ်တာကတော့ သိပ်ဝမ်းနည်းစရာ ကောင်းတယ်။

ကိုယ်က သာသနာပိုင် ဖြစ်အောင် ကြိုးစားထားလို့ သာသနာ့အနှစ်သာရ သိပြီဆိုရင် ကိုယ့်ကိုယ်ကိုလည်းပဲ မြတ်နိုးတယ်။ တန်ဖိုးထားတယ်။
ကိုယ်နဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကိုလည်း မြတ်နိုး တန်ဖိုးထားမယ်။
အဲဒီလို တန်ဖိုးထားတဲ့ စိတ်နဲ့ တစ်ဦးက အစ တစ်ရာ စသည်ဖြင့် ဆင့်ပွားတွေ ဖြစ်သွားနိုင်တယ်။
အဲဒီလိုဆိုရင် ဒီကိုယ်ပိုင်သာသနာဟာ အားထုတ်တဲ့ ပုဂ္ဂိုလ်အများစုမှာ ပိုင်ပြီးတော့ ဒီသာသနာ အဓွန့်ရှည်မယ်တဲ့။ တာရှည်ခံမယ်တဲ့။

အဲဒီတော့ မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ တာရှည်ခံဖို့အတွက် သာသနာကို ကြည်ညိုကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံးမှာ တာဝန်ရှိပါတယ်။
အားလုံး တာဝန်ရှိတာကို ပေါ့ပေါ့ဆဆနေလို့ မဖြစ်ပါဘူး။
ငါတို့နဲ့ မဆိုင်ဘူးလို့ မတွက်ရဘူး။
အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ရှိပြီး ကိုယ်စီကိုယ်စီ သာသနာပိုင်ဖြစ်အောင် ကြိုးစားလို့ အနည်းဆုံး တစ်မဂ်တစ်ဖိုလ် ရသွားပြီဆိုရင် စိတ်ချရပြီပေါ့။

ရဟန္တာ မဖြစ်သေးသည့်တိုင်အောင်တောင်မှ သာသနာ့နယ်ထဲမှာ အရိယာအဆင့် ရောက်သွားပြီဆိုရင် ထိုက်သလောက်တော့ သာသနာပိုင်သွားပြီ။
အဲဒီ သာသနာပိုင်တဲ့ ပုဂ္ဂိုလ်မှာ ရရှိထားတဲ့ သာသနာဟာ ဘယ်တော့မှ လက်လွတ်ပြီး ဆုံးရှုံးနစ်နာ မှေးမှိန်ပြီး ပျောက်ကွယ်မသွားတော့ဘူး။
ဒီဘဝက စပြီး ဘဝအဆက်ဆက် တစ်ခါတည်း ရဟန္တာဖြစ်တဲ့အထိ သွားပြီ။
အဲဒီလိုဆိုရင် အခုကာ လူတွေအတွက်လည်း အကျိုး မရှိနိုင်ဘူးလား။
(ရှိနိုင်ပါတယ် ဘုရား)
နတ်တွေအတွက်ရော အကျိုး မရှိနိုင်ဘူးလား။
(ရှိနိုင်ပါတယ် ဘုရား)

အဲဒါကြောင့် “တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ” ဆိုပြီး ဆင့်ပွားအကျိုး မြတ်စွာဘုရား ကိုယ်တိုင် မိန့်မှာထားတယ်။

မိန့်မှာထားတဲ့အတိုင်း ဘုန်းကြီးတို့ရဲ့ အနန္တကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက “လူနတ်တို့မှာ၊ ကျိုးချမ်းသာ၊ များစွာ ဖြစ်စေပါလိမ့်မည်” တဲ့။

အစီးအပွားနဲ့ အကျိုးဆိုတာ အစီးအပွား ဖြစ်ပါမှ အကျိုးအမြတ် ဖြစ်တာပါ။
ဘဝအတွက် အာမခံချက်ရဖို့ရာ၊ တနည်း သာသနာပိုင်ဖြစ်ဖို့ရာပါ တကယ် အစီးအပွားကတော့ ကျင့်နည်းမှန်တွေပဲ။
ကျင့်နည်းမှန်အတိုင်း ကျင့်လို့ရှိရင် အကျိုးတွေ ဖြစ်လာလိမ့်မယ်။
အားထုတ်လို့ရှိရင် သီလ သမာဓိ ပညာ တကယ့် မိမိရဲ့ အစီးအပွား အစစ်အမှန် ဖြစ်လာလိမ့်မယ်။

ကျန်တဲ့ စားဝတ်နေရေးအရ လူနေမှုအဆင့်အတန်း မြင့်မြင့်နဲ့ နေဖို့ အလုပ်ကြိုးစားရတာက လောကအမြင်အားဖြင့် အကျိုးစီးပွားလို့ ဆိုရမှာပဲ။
ဒါပေမယ်လို့ အဲဒါတွေက တစ်ဘဝစာ တစ်ခဏစာပဲ။
တကယ့် အကျိုးစီးပွား အစစ်အမှန် မဟုတ်သေးဘူး။
ကိုယ့်ဟာလို့ ထင်မှတ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တယ်။
ကိုယ်မပိုင်တဲ့ အနေအထားအထိ ဖြစ်သွားနိုင်တယ်။
ပစ္စည်းရှိရာကနေ ပစ္စည်းမဲ့ရာလည်း ဖြစ်သွားနိုင်တယ်။ မပိုင်ဘူး။

သီလ သမာဓိ ပညာ အကျင့်တရားတွေကို အားထုတ်ထားလို့ ပိုင်ပြီဆိုရင် အဲဒါကမှ တကယ့်စီးပွား အစစ်အမှန် ဖြစ်ပါတယ်။
လူတွေ နတ်တွေ အကုန်လုံးမှာ အကျိုးစီးပွား အစစ်အမှန် ဖြစ်သွားမယ်။
အဲဒါကို ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက “လူနတ်တို့မှာ၊ ကျိုးချမ်းသာ၊ များစွာ ဖြစ်စေပါလိမ့်မည်”တဲ့။

အဲဒီလို အကျိုးစီးပွား ဖြစ်စေနိုင်တဲ့ တရားကတော့ ဟောဒီလို ဟောထားပါတယ်။
ဖြစ်စေရာငြား၊ ထိုတရား၊ ဟောကြား ဤသို့မှတ်
စီးပွားတွေ တက်စေနိုင်တဲ့၊ အကျိုးတွေ ဖြစ်ထွန်းစေနိုင်တဲ့ တရားကတော့ ဟောဒီလို ဟောထားပါတယ် တဲ့။

သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ လေးတန် ဣဒ္ဓိပါဒ်။
ဣနြေ္ဒငါးပါး၊ ဗိုလ်ငါးပါး၊ ခုနစ်ပါး ဗောဇ္ဈင်မြတ်။
မဂ္ဂရှစ်သွယ်၊ ကျင့်သုံးဖွယ်၊ သုံးဆယ်ခုနစ် မှတ်။

သတိပဋ္ဌာန်ဆိုတာက အာရုံထဲမှာ စွဲစွဲမြဲမြဲ တည်နေတဲ့ သတိကို သတိပဋ္ဌာန် ခေါ်ပါတယ်။

သမ္မပ္ပဓာန်လေးပါးဆိုတာက “ကြောခြင်ရိုးရေ၊ ကြွင်းစေလေ၊ ကုန်စေ သားအသွေး၊ အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန် လေး”ဆိုတဲ့ အဆိုအမိန့်အရ အသက်ကို ပဓာန မထားဘဲ တရားရရင် ပြီးရောဆိုပြီး စွန့်စား အားထုတ်မှုမျိုးပါပဲ။
ရဲရဲရင့်ရင့်နဲ့ အားထုတ်ရတာမျိုးဟာ အရေးကြီးတယ်။

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်စေဖို့၊
ဖြစ်ပြီးသား အလားတူ အကုသိုလ်တွေ ပယ်နိုင်ဖို့၊
မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်စေဖို့၊
ဖြစ်လက်စ ကုသိုလ်တရားတွေလည်းပဲ ပြည့်စုံ ကျေနပ်လောက်တဲ့အထိ ကြီးထွားပွားလာဖို့ ရဲရဲရင့်ရင့်နဲ့ အားထုတ်ရတဲ့ တရားကို သမ္မပ္ပဓာန် ခေါ်ပါတယ်။

နောက် ဣဒ္ဓိပါဒ် လေးပါး။
စီးပွား ပြီးစီးအောင်မြင်ခြင်းရဲ့ အခြေခံတရားတွေပါ။
ဣန္ဒြိယ ကြီးစိုးတရား ငါးပါးက သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ပါ။

ဗိုလ်ငါးပါးဆိုတာက စွမ်းအင်တွေပါ။
စိတ်ထဲမှာ စွမ်းအင်တွေ ရှိပါတယ်။
သဒ္ဓါစွမ်းအင်၊ ဝီရိယစွမ်းအင်၊ သတိစွမ်းအင်၊ သမာဓိစွမ်းအင်၊ ပညာစွမ်းအင်ပါ။
သဒ္ဓါစွမ်းအင်ဆိုတာ တကယ် စွဲစွဲမြဲမြဲ ယုံကြည်တာ။
ဘုရားကို ကိုယ်ကိုယ်တိုင် တကယ် ယုံကြည်တာ။
ကျင့်နည်းမှန်တွေ ယုံကြည်တာ။
ကျင့်လို့ ရရှိတဲ့ တရားတွေအပေါ် ယုံကြည်တာ။
အဲဒီ ယုံကြည်စွမ်းအားတွေ ဝင်လာကြပြီး အကုသိုလ်တွေ ရှောင်ရှားရဲတဲ့ သတ္တိရှိတာ၊ ကုသိုလ်တွေ ပွားရဲတဲ့ သတ္တိရှိတာ၊ စွန့်စားရဲတဲ့ သတ္တိရှိတာ၊ သတိစွဲမြဲတာ၊ စိတ်စုစည်းမှုတွေ အားကောင်းတာ၊ အသိဉာဏ်တွေ အခြေခံက စပြီး အဆင့်ဆင့် ဖြစ်လာတာ၊ ဒါဟာ စိတ်စွမ်းအင်တွေပဲ။
အဲဒီ စွမ်းအင်တရားတွေ စိတ်အစဉ်မှာ ရောက်လာပြီဆိုရင် စိတ်ဟာ သိပ်အားရှိတာ။

ပြီးတော့ ဗောဇ္ဈင်တရား။
အရိယာမဂ်ဉာဏ်ရဲ့ အင်္ဂါတွေ၊ မဂ္ဂင်ရှစ်ပါးတရားတွေ အကုန်လုံး မြတ်စွာဘုရားကိုယ်တိုင် သရုပ်ထုတ်ပြီး ဟောပါတယ်။

အဲဒါတွေက ဗောဓိပက္ခိယတရား (၃၇)ပါးပဲ။
လိုရင်းကတော့ သတိပဋ္ဌာန်တရား ပွားလို့ရှိရင် အကုန်လုံး ပါလာတာပါပဲ။

ကိုယ်အမူအရာပဲ ဖြစ်ဖြစ်၊ ခံစားမှု ဝေဒနာပဲ ဖြစ်ဖြစ်၊ စိတ်အမူအရာပဲ ဖြစ်ဖြစ်၊ အထွေထွေ အမူအရာပဲ ဖြစ်ဖြစ် တစ်ခုခုကို ရှုမှတ်ရတာပဲ။
စွဲစွဲမြဲမြဲ မှတ်ဖို့အတွက် ဝီရိယစိုက်လိုက်တာပါပဲ။
တစ်ခါ တစ်ခါ ဆန္ဒပြင်းပြပြီး လုပ်ရတာ ရှိတယ်။
စိတ်အားထက်သန်ပြီး လုပ်ရတာ ရှိတယ်။
တစ်ခါ တစ်ခါ ဝီရိယထက်သန်ပြီး လုပ်ရတာ ရှိတယ်။

ပြုလုပ်ဖန်များပြီဆိုရင် နောက်တော့ တရားသဘောလေးတွေ တွေ့လာတဲ့အခါမှာ တွေ့ရှိသလောက် လက်ခံလာတယ်။
ယုံကြည်လာတယ်။
အတည်ပြုလာတယ်။
သဒ္ဓါတရားတွေ ဖြစ်လာတယ်။
ဉာဏ်ထက်သလောက် သဒ္ဓါတရားဖြစ်လာတယ်။
သိပ်ကိုလည်း ရဲရင့်လာတယ်။
သိပ်ကိုလည်း သတိကောင်းလာတယ်။
သိပ်ကိုလည်း စိတ်စုစည်းမှု သမာဓိ ကောင်းလာတယ်။
ပိုင်းပိုင်းခြားခြား အသေးအဖွဲလေးတွေလည်း သိလာတာပဲ။
စိတ်စွမ်းအားတွေ ဖြစ်လာပြီ။
ကြီးစိုးနိုင်လာပြီ။
ဗောဇ္ဈင်တရားတွေလည်း အထူးသဖြင့် ဥဒယဗ္ဗယဉာဏ်ပိုင်းလောက် ရောက်လာပြီဆိုရင် ပြည့်ပြည့်စုံစုံ ဖြစ်လာတာပဲ။
အင်မတန် အံ့သြစရာကောင်းတာပဲ။

+++++