Thursday, January 17, 2008

ဦးပေါ်ဦး (ခေါ်) Richard Paw U (၁၉၂၂-၂၀၀၇)


အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)ကြီးကို စတင် တည်ထောင်ပေးခဲ့သူများတွင် တဦးအပါအ၀င်ဖြစ်သော ဦးပေါ်ဦး (အသက် ၈၅-နှစ်)သည် ၂၀၀၇-ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့က ဟ၀ိုင်ယီပြည်နယ် Kaneohe ရှိ နေအိမ်၌ ကွယ်လွန် အနိစ္စရောက်ခဲ့ကြောင်း ကြားသိရပါသည်။

ဦးပေါ်ဦးကို ၁၉၂၂-ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၆-ခုနှစ် မတ်လတွင် ကိုလံဘီယာတက္ကသိုလ်မှ “ဗုဒ္ဓဘာသာဝင်ရဟန်းတော်တို့၏ ဘဝနှင့် မြန်မာလူမှုအဖွဲ့အစည်း” ဟူသော ဘွဲ့ယူစာတမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၄၉-ခုနှစ်မှ ၁၉၈၃-ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့အစည်းတွင် Chief of Liaison Office Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃-ခုနှစ်၌ အငြိမ်းစား ယူပြီးနောက် ဟဝိုင်ယီပြည်နယ်တွင် အခြေချ နေထိုင်ခဲ့သည်။

ဦးပေါ်ဦးသည် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးကို အထူး စိတ်ဝင်စားသူ ဖြစ်ပါသည်။ နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကို စတင် တည်ထောင်ပေးသူအဖြစ်သာမက “ဟဝိုင်ယီ နိုင်ငံတကာ ဗုဒ္ဓဘာသာအသင်း” (Hawaii Association of International Buddhist) ကို စတင် တည်ထောင်ပေးခဲ့သူ ဥက္ကဌအဖြစ်လည်း ထင်ရှား၏။

ဟဝိုင်ယီရှိ အများစုဖြစ်သော ဂျပန်-အမေရိကန်လူမျိုးများနှင့် တရုတ်၊ ကိုးရီးယား၊ တိဗက်၊ ဗီယက်နမ် စသည့် အရှေ့တောင်အာရှနိုင်ငံများမှ ပြောင်းရွှေ့ နေထိုင်လာကြသူများအတွင်း တဦးနှင့်တဦး အပြန်အလှန် နားလည်ရေး၊ သွေးစည်းညီညွတ်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်သည်။

ဟဝိုင်ယီ နိုင်ငံတကာ ဗုဒ္ဓဘာသာအသင်းကြီး၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေခဲ့စဉ်အတွင်း “Unity in Diversity: Hawaii’s Buddhist Communities” ဟူသော စာအုပ်ကို ဦးစီး ထုတ်ဝေခဲ့သည်။

ကွယ်လွန်ချိန်၌ ဇနီးဖြစ်သူ ဒိုင်ယာနာမင်း၊ သား မြစိန်ပေါ်ဦး၊ ကျော်သာပေါ်ဦးနှင့် မြေး ၃-ဦး ကျန်ရစ်သည်။

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးမှ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကြရပြီး၊ ဦးပေါ်ဦး ကောင်းရာသုဂတိသို့ ရောက်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါသည်။

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း


(လောကချမ်းသာ ဆရာတော် ယခုတိုင် အသုံးပြုလျက်ရှိသော ဦးပေါ်ဦးမိသားစုလှူဒါန်းသည့် စာအုပ်စင်)

No comments: