Friday, January 25, 2008

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ - ၁


နယူးဂျာစီပြည်နယ်၊ မနာလပန်(အင်္ဂလစ်ရှ်တောင်း)မြို့နယ်၊ ဂေါ်ဒန်ကော်နာလမ်း၊ အမှတ် ၆၃၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ရောက်လျှင် “လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး”ကို ကြည်ညို ဖူးမြော်၍ “လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ”လေးတွင် ဝိပဿနာတရား ရှုပွားနိုင်ပါသည်။ လူ ၁၀၀ ခန့် ဆန့်မည့် ဓမ္မာရုံနှင့် ၁၀-ပေ ပတ်လည် ယောဂီဆောင် အခန်း ၁၆-ခန်း ပါဝင်သော “လောကချမ်းသာ ဓမ္မာရုံ”ကြီးကိုလည်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိပါသည်။ ယခု လက်ရှိ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံလေးတွင် ၁၉၉၆-ခုနှစ် ဇွန်လ ၂၆-ရက်နေ့၌ ပထမဦး ယောဂီများအဖြစ် ‘ဒေါ်ရွှေဥ၊ ဒေါ်မွှေးမွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီ’တို့ ဝိပဿနာ ရှုပွားခဲ့ကြပါသည်။ ဤ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ၏ သမိုင်းကို ဆရာတော်ဦးပညာသီဟ က ၁၉၉၆-ခုနှစ် ဧပြီ-မေလထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၂)နှင့် ဇူလိုင်-သြဂုတ်လထုတ် အတွဲ(၆) အမှတ်(၃)တို့တွင် “ကားထားရာမှသည် တရားပွားများရာသို့” ဟူသော ဆောင်းပါးဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။

+ + + + +

“ကားထားရာမှသည် တရားပွားများရာသို့”

အရှင်ပညာသီဟ (နယူးဂျာစီ)

အဆင်ပြေခြင်း (သပ္ပါယ)

အချင်းချင်း တွေ့ဆုံကြသည့်အခါ ‘နေကောင်းရဲ့လား’ ဆိုသည့် စကားဖြင့် စတင် နှုတ်ဆက်လေ့ရှိသည်။ ယဉ်ကျေးမှုအရ ဝတ်ကျေတန်းကျေသော်လည်းကောင်း၊ တကယ့်စိတ်ရင်း စေတနာရင်းနှင့်သော်လည်းကောင်း နှုတ်ဆက်စကား ပြောကြားသည်ကို ‘နေကောင်းလို့ တယောက်နဲ့တယောက် တွေ့နေကြပြီးပဲ၊ နေမကောင်းရင် အိပ်ရာထဲ လှဲနေမှာပေါ့၊ ဘာမေးစရာလိုသလဲ။ အပိုအလုပ်မို့ လုပ်စရာမလို’ဟု တချို့က ထင်ကြသည်။ မည်သို့ပင်ထင်ထင် ထိုစကားကို အချင်းချင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ တဦးနှင့်တဦး ကူးလူးဆက်ဆံရာ၌ လွတ်လပ်စွာ အသုံးပြုနိုင်သည်။ ထိုနှုတ်ဆက်စကားသည် အချင်းချင်း မသိကြသေးသူတို့အတွက် ခင်မင်ရင်းနှီးမှုကို စတင် ဖြစ်စေနိုင်ပြီး၊ သိကြပြီးသူတို့အတွက် အချင်းချင်း အသိအမှတ်ပြုမှု ခင်မင်ရင်းနှီးမှုကို ဖော်ပြသည်။ ဘုရားရှင်ပင် သူ့တပည့်များနှင့် တွေ့သည့်အခါ “ကျန်းမာပါရဲ့လား၊ မျှတပါရဲ့လား၊ ဆွမ်းကွမ်းကိစ္စဖြင့် မပင်မပန်း ရှိပါရဲ့လား၊ နေရေးထိုင်ရေး အဆင်ပြေပါရဲ့လား” ဆိုသည့် စကားတို့ကို မြွက်ကြား၍ ခရီးဦး ကြိုလေ့ရှိသည်။ ထို့ကြောင့် နေကောင်းပါရဲ့လားဟု နှုတ်ဆက်ခြင်းသည် အပိုအလုပ် မဟုတ်တန်ရာ။

“နေကောင်းရဲ့လား” ဆိုသည့် နှုတ်ခွန်းဆက်စကားနောက်တွင် “အဆင်ပြေရဲ့လား” ဟူသည့် စကား ဆက်လက် ပါလာတတ်သည်။ ကြားရသူက အယူအဆ မမှန်လျှင်၊ တလွဲ အဓိပ္ပာယ်ကောက်လျှင် သူတပါး၏ ကိုယ်ရေးကိုယ်တာကို စပ်စုသည့်သဘော သက်ရောက်နိုင်၍ ထိုစကားကို ခင်မင်ရင်းနှီးပြီးသူတို့သာ အသုံးပြုလေ့ရှိသည်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အလုပ်အကိုင် ဝင်ငွေရရှိရေး စသည်တို့အတွက် အဆင်ပြေမှ လူတိုင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ရရှိနိုင်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့နှင့် အဆင်ပြေသော ပတ်ဝန်းကျင်ကို ရရှိရန် ကြိုးစား အားထုတ် စီမံဖန်တီးကြရသည်။ မိမိနှင့် ရင်းနှီးသူတို့ကိုလည်း အစစ အရာရာတွင် အဆင်ပြေမှု ရှိစေချင်ကြသည်။ အဆင်ပြေစေရန်အတွက်လည်း အချင်းချင်း ကူညီထောက်ပံ့ကြသည်။

အဆင်ပြေခြင်း (သပ္ပါယ) လေးမျိုး

အဆင်ပြေခြင်း၊ သင့်လျော်လျောက်ပတ်ခြင်းကို ပါဠိဘာသာဖြင့် ‘သပ္ပါယ’ဟု ခေါ်သည်။ ဘုရားရှင် ဟောကြားထားသည့် ဒေသနာတော်အရ သပ္ပါယ=အဆင်ပြေခြင်း လေးမျိုး ရှိသည်။ ၎င်းတို့မှာ -

(၁) ဥတုသပ္ပါယ - ရာသီဥတု အဆင်ပြေခြင်း

(၂) ပုဂ္ဂလသပ္ပါယ - ပုဂ္ဂိုလ်အချင်းချင်း သင့်မြတ် အဆင်ပြေခြင်း

(၃) ဘောဇနသပ္ပါယ - အစားအစာရရှိမှု အဆင်ပြေခြင်း

(၄) အာဝါသသပ္ပါယ - မှီခိုနေထိုင်စရာ ရရှိမှု အဆင်ပြေခြင်းတို့ ဖြစ်သည်။

ထိုအဆင်ပြေမှု လေးမျိုးကို သက်ရှိသတ္တဝါတိုင်း လိုလားတောင့်တ ရအောင် ရှာဖွေကြသည်။ သို့မှသာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ရနိုင်သည်။ သာမန် နေ့စဉ်ဘဝတွင် အဆင်ပြေမှုရှိရန် လိုအပ်သကဲ့သို့ တရားအလုပ် အားထုတ်ရာတွင်လည်း ထိုအဆင်ပြေမှု လေးခုကို ရရှိရန် လွန်စွာ အရေးကြီးသည်။ အကြောင်းမှာ တရားရှာဖွေသူအနေဖြင့် ထိုအဆင်ပြေမှု လေးမျိုးတွင် တမျိုးမျိုး ချို့တဲ့က တရားမရနိုင်သောကြောင့် ဖြစ်သည်။

နေရာထိုင်ခင်း အဆင်ပြေစေရန်

အမေရိကန်နိုင်ငံရှိ နယူးယောက်၊ နယူးဂျာစီနှင့် အခြားပြည်နယ်များ၌ နေထိုင်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ တရားနာမှု၊ တရားအားထုတ်မှု စသည့် ဘာသာရေးဆိုင်ရာ ကိစ္စများကို အဆင်ပြေစွာ စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ကြစေရန် ရည်ရွယ်၍ အေဘီဘီအေအသင်းအနေဖြင့် နယူးဂျာစီကျောင်းကို ဝယ်ယူခြင်းမှာ မဟာစည်ဆရာတော်ဘုရားကြီး၏ ကျင့်စဉ်အတိုင်း ဝိပဿနာတရားကို ဟောပြောပြသ ပွားများအားထုတ်ရန်အတွက် သင့်တင့်လျောက်ပတ်သော တရားရိပ်သာကြီး တည်ထောင်ရန်နှင့် လောကချမ်းသာစေတီတော် တည်ဆောက်ရန် ဖြစ်သည်။ မြေအကျယ်အဝန်းမှာ ငါးဧကခန့် ဖြစ်၍ အသင့်နေထိုင်နိုင်သော အိမ်တလုံး၊ ကားဂိုဒေါင်တခု၊ မြင်းဇောင်းတခု ပါရှိသည်။ သို့သော် လက်ရှိ အဆောက်အဦမျှဖြင့် ဘာသာရေးဆိုင်ရာ ကိစ္စများကို သက်သာချောင်ချိစွာ ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် မကြာမီကာလအတွင်းတွင် ဘုရားတည်ခြင်း၊ အဆောက်အဦအသစ် ဆောက်လုပ်ခြင်းတို့ကို ပြုလုပ်ရန် အေဘီဘီအေအသင်းကြီးက ရည်ရွယ်ထားသည်။

ဂိုဒေါင်ဘဝမှ ဓမ္မာရုံအဖြစ်သို့

အခြေအနေနှင့် အချိန်အခါအရ အသစ် အသစ်သော အဆောက်အဦးများ မဆောက်လုပ်နိုင်သေးမီ ဘာသာရေးဆိုင်ရာ ကိစ္စများကို (အထူးသဖြင့် ဝိပဿနာ တရားအားထုတ်မှုကို) အဆင်ပြေစွာ ပြုလုပ်နိုင်ရန် ရည်သန်၍ ဝယ်ယူစဉ်က အသင့်ပါရှိခဲ့သော ကားဂိုဒေါင်ကို ဓမ္မာရုံအဖြစ် ပြုပြင်အသုံးပြုရန် ဆရာတော်ဦးဣန္ဒက အမှူးပြုသော သံဃာတော်များက အေဘီဘီအေအမှုဆောင်လူကြီးများနှင့် တိုင်ပင်ညှိနှိုင်းကာ ၁၉၉၅-ခုနှစ် ဒီဇင်ဘာလတွင် စတင် ဆောင်ရွက်ခဲ့ကြသည်။

ကားဂိုဒေါင်ကို ပြုပြင်ရန်အတွက် ဆောက်လုပ်ရေး အလုပ်သမားတဦးကို ခေါ်ယူ၍ ကုန်ကျမည့်ငွေကို ခန့်မှန်း တွက်ချက်ခိုင်းရာ ဒေါ်လာနှစ်သောင်းငါးထောင်ခန့် ကုန်ကျမည်ဟု သိရသည်။ ယာယီအဖြစ် အသုံးပြုရန်အတွက်သာ ရည်ရွယ်၍ ပြုပြင်ရာ၌ ဤမျှလောက်ငွေကြေးကို အသုံးပြုရန် မသင့်တော်ဟု ယူဆကြသည်။ ထို့ကြောင့် ဆရာတော်ဦးဣန္ဒက၏ ဦးဆောင်မှုကို ခံယူ၍ မိမိတို့ဘာသာ မိမိတို့ တတ်နိုင်သလောက် ပြုပြင်သွားရန် သံဃာတော်များနှင့် အဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။

အဟောင်းကိုဖျက် အသစ်စွက်

ဆုံးဖြတ်ချက်ကို စတင် အကောင်အထည်ဖော်သည့်အနေဖြင့် ကားဂိုဒေါင်၏ နံရံမှ ပျဉ်ပြားအဟောင်းများကို ၁၉၉၆-ခုနှစ် ဇန်နဝါရီလ (၁၃)ရက် စနေနေ့တွင် စာရေးသူနှင့် ကနေဒါမှ ခေတ္တရဟန်းဝတ်သော အရှင်အဂ္ဂဓမ္မတို့ စတင် ခွာခဲ့ကြသည်။ ရာသီဥတုမှ အလွန်အေးချမ်းပြီး မြေပြင်ကို နှင်း နှစ်ပေကျော် ဖုံးလွှမ်းနေသော အချိန်ကာလ ဖြစ်သည်။ ထိုနေ့မှ စ၍ နံရံမှ ပျဉ်ပြားများကို တနေ့လျှင် လေးငါးခြောက်ချပ် ခွာရာ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် အကုန်ခွာ၍ ပြီးစီးသည်။ ထိုနံရံမှ ပျဉ်ပြားအဟောင်းများကို တဖန် ပြန်သုံးမည့် ရည်ရွယ်ချက်ဖြင့် မပျက်စီးအောင် ခွာကာ သိမ်းဆည်းထားခဲ့သည်။ ပျဉ်ပြားများကို ခွာပြီးသည့်နောက် ဂိုဒေါင်အတွင်းရှိ စားပွဲ ကုလားထိုင် စသော ပစ္စည်းများကို သယ်ထုတ် ရွှေ့ပြောင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စာရေးသူနှင့် ဦးအဂ္ဂဓမ္မတို့ပင် ဆက်လက်၍ လုပ်ဆောင်ကြသည်။ ရာသီဥတုမှာ အလွန်အေးသဖြင့် တနေ့လျှင် တနာရီခွဲ နှစ်နာရီလောက်သာ အချိန်ပေး လုပ်ဆောင်နိုင်ခဲ့ကြသည်။ ရာသီဥတု နွေးထွေးသော အချိန်ကာလကို မစောင့်ဆိုင်းဘဲ လုပ်ဆောင်ခြင်းမှာ ၁၉၉၆-ခုနှစ် ဇွန်လတွင် လာရန်ရှိသော မြန်မာနိုင်ငံမှ မဟာစည်သာသနာပြုအဖွဲ့ ရောက်သည့်အခါ ထိုနေရာ၌ အဆင်သင့် တရားဟော တရားပြနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိ၍လည်း ဖြစ်သည်။

ဂိုဒေါင်ကို ရှင်းပြီးသောအခါ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် နံရံပတ်လည်ရှိ အောက်ခြေမှ သစ်သားတန်းများကို သံမှိုများ စတင်၍ ရိုက်သည်။ ရည်ရွယ်ချက်မှာ ထိုနံရံပတ်လည်၌ ကွန်ကရစ်လောင်းရာတွင် သစ်သားကို အင်းဂတေစွဲနေစေရန် ဖြစ်သည်။ ဂိုဒေါင်(ဓမ္မာရုံ)အတွင်းသို့ အပြင်မှ ရေစိမ့်မဝင်စေရန် ခြောက်လက်မ အမြင့်နှင့် ထုရှိသော ကွန်ကရစ်လောင်းရန်အတွက် လိုအပ်သော သစ်သား၊ ဘိလပ်မြေနှင့် နံရံအတွင်း ထည့်သွင်းမည့် အင်ဆူလေးရှင်း စသည်တို့ကို ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ဆရာတော်ဦးဣန္ဒကနှင့် ဦးဟန်ကြူတို့ လာရောက်၍ ဆိုင်သို့သွားကာ ဝယ်ယူမှာခဲ့သည်။

သူတို့လိုပဲ တို့လဲ လုပ်သင့်

ဇန်နဝါရီလ (၂၉)ရက်နေ့တွင် မှာထားသော ပစ္စည်းများ ရောက်လာပြီး၊ ထိုနေ့တွင်ပင် စာရေးသူနှင့် ဦးအဂ္ဂဓမ္မတို့ ဘိလပ်မြေဖျော်ကာ တောင်ဘက်ခြမ်းမှ စတင်၍ ကွန်ကရစ်လောင်းခဲ့ကြသည်။ ဒါယကာကြီး ဦးဟန်ကြူက ဘိလပ်မြေဖျော်စက် ပို့မည် ပြောထားသော်လည်း စက်မရသေးခင် လက်နှင့်ပင် ဘိလပ်မြေဖျော်ကာ ကွန်ကရစ်လောင်းရသည်။ လုပ်ဖူးသည့်အလုပ် မဟုတ်သည့်အပြင် အလုပ်ကြမ်းလည်း ဖြစ်သဖြင့် အတော်ပင်ပန်းသည်ကို တွေ့ရသည်။ သို့သော် မူလတန်းကျောင်းဟောင်းတခုကို ဝယ်၍ သံဃာတော်များကိုယ်တိုင် ပြုပြင် တည်ဆောက်သဖြင့် ထည်ထည်ဝါဝါ ခန့်ခန့်ညားညားဖြင့် တိုးတက်ကြီးပွားနေသည့် အင်္ဂလန်မှ အင်္ဂလိပ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို အားကျကာ သူတို့လိုပဲ တို့မြန်မာသံဃာတွေလဲ လုပ်သင့်တယ် လုပ်ရမယ် လုပ်ရင်ဖြစ်ရမှာပေါ့ ဆိုသည့်စိတ်ဖြင့် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ထိုနေ့အတွက် အလုပ်ကို လက်စမသတ်မီ မောင်နေလင်းနှင့် မဇင်မာတို့ မမျှော်လင့်ဘဲ ရောက်လာသဖြင့် မောင်နေလင်းကို အင်္ဂတေဖျော်ရာတွင် ကူညီစေပြီး မဇင်မာကို ဟင်းချက်ခိုင်းရသည်။ နောက်နေ့လာပါမည်ဟု လျှောက်သွားသော်လည်း အလွန်အေးသည့်အပြင် အလုပ်များနေသဖြင့် မောင်နေလင်းတို့ ရောက်မလာ။ ထို့ကြောင့် စာရေးသူနှင့် ဦးအဂ္ဂဓမ္မတို့ပင် (၃၀)ရက်နေ့တွင် ဆက်လက်၍ ကွန်ကရစ်လောင်းကြသည်။ ဂိုဒေါင်ပြုပြင်မှုကို ဇန်နဝါရီလ (၁၃)ရက်မှ စတင်ခဲ့သော်လည်း ထိုနေ့အထိ လုပ်အားပေးရန် မည်သူ့ကိုမျှ မခေါ်ခဲ့သေးပေ။ အကြောင်းမှာ တိုတိုထွာထွာ အလုပ်လေးများ ဖြစ်နေသေး၍လည်း ကိုယ်တိုင် လုပ်နိုင်သေးသည်၊ လုပ်အားပေးဖို့ ခေါ်ရန်ကလည်း ရာသီဥတုမှာ အလွန်အေးသည့်အတွက်ကြောင့် မသင့်လျော်။ တော်ကြာ ကိုယ်ခေါ်ခိုင်းမှ ဖျားနာနေက သူတို့ခမျာ အလုပ်အကိုင် ပျက်ကြဦးမည်။ နောက် ပြုပြင်ရန် အရေးကြီးသည့် အစိတ်အပိုင်း၊ လူလိုသည့် အစိတ်အပိုင်း ရောက်မှ ခေါ်ယူမည် စသည်ဖြင့် စဉ်းစားမိ၍ ဖြစ်သည်။

မညည်းမညူ ပို့ဆောင်သူ

ဇန်နဝါရီလ (၃၀)ရက်တွင် ဆီးနှင်း အနည်းငယ် ကျနေသည်ကို စောင့်မနေတော့ဘဲ ဒါယကာကြီး ဦးဟန်ကြူက ဘိလပ်မြေဖျော်စက် ပို့ရင်း ဆရာတော် ဦးဣန္ဒကနှင့် ဦးသီလာစာရတို့ကို နယူးဂျာစီသို့ ပင့်လာသည်။ အေဘီဘီအေအသင်းကြီး၏ ဥက္ကဌ ဒါယကာကြီး ဦးဟန်ကြူမှာ သံဃာများ လိုအပ်သည့်အခါတိုင်း အချိန်ပေး၍ နယူးယောက်၊ နယူးဂျာစီကို ကားမောင်းပို့ကာ ယာဉ်အလှူကို မညည်းမညူ လှူလေ့ရှိသည်။ ဆရာတော်များ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် သွားလာရန်ကိစ္စရှိ၍သော်လည်းကောင်း၊ ဧည့်သည်အာဂန္တုဆရာတော်များကို ကြိုရန်ပို့ရန်ကိစ္စရှိ၍သော်လည်းကောင်း၊ ဓမ္မာရုံပြုပြင်ရန်အတွက် လိုအပ်သော လှေခါး စက်ပစ္စည်းကိရိယာ စသည်တို့ သယ်ဆောင်ရန် ကိစ္စရှိ၍သော်လည်းကောင်း ပို့ဆောင်ရေးအလှူကို ပေးလှူခဲ့သည်။

ဘိလပ်မြေမွှေစက်လည်း ရောက်လာပြီ။ လုပ်အားပေးမည့်သူလည်း တယောက် တိုးလာပြီမို့ အတော် ဝမ်းသာမိသည်။ စက်မရောက်ခင်က လောင်းထားသော ကွန်ကရစ်မှာ အနည်းငယ် နိမ့်နေသေးသည်ဟု ဆရာတော်က ပြောသဖြင့် ထပ်ထည့်ရပြန်သည်။ စာရေးသူ၊ ဦးသီလာစာရနှင့် ဦးအဂ္ဂဓမ္မတို့သည် မောင်နေလင်းအကူအညီဖြင့် ကွန်ကရစ်လောင်းရာ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဂိုဒေါင်၏ အတွင်းပိုင်း အရှေ့၊ အနောက်နှင့် တောင်ဖက်တို့ ပြီးစီးသွားသည်။ အပြင်၌ ရေပိုက်ထဲရှိ ရေခဲသည်ကို အမှုမထားဘဲ လိုအပ်သည့် ရေကို လက်ဖြင့် သယ်ယူကာ အင်္ဂတေဖျော်ခဲ့ကြသည်။ ၁၉၉၆-ခုနှစ်မှာ နှင်းအကျများသည့် နှစ်ဖြစ်သည့်အပြင် ရာသီဥတုအေးမှုမှာလည်း လွန်ကဲလှသည်။ ရာသီဥတု အေးလွန်းသည့်အခါ ဂိုဒေါင်ပြင်ဆင်မှုကို မလုပ်ဘဲ နေရသည်။

အင်ဆူလေးရှင်းထည့်သွင်း

ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် နံရံများအတွင်းသို့ အင်ဆူလေးရှင်းများ စတင် ထည့်သည်။ စာရေးသူ နယူးယောက်သို့ သွားနေခိုက် ဦးသီလာစာရနှင့် ဦးအဂ္ဂဓမ္မတို့ ဆက်၍ လုပ်ဆောင်ရာ နယူးယောက်မှ ပြန်လာသည့် (၇)ရက်နေ့တွင် နံရံအတွင်း အင်ဆူလေးရှင်း ထည့်သွင်းခြင်းကိစ္စ ပြီးသွားသည်။ အတွေ့အကြုံ မရှိသူများ ဖြစ်သဖြင့် အင်ဆူလေးရှင်း မည်သို့ ထည့်ရသည်ကို နားမလည်ကြ။ ထို့ကြောင့် ကိုယ့်စိတ်ကူးနှင့်ကိုယ် အင်ဆူလေးရှင်းများ ပြန်မထွက်လာစေရန် သစ်သားချောင်းလေးများ ဖြတ်၍ သံနှင့် အသာအယာ ကပ်ရိုက်လိုက်ကြသည်။ စာထဲတွင် သံချောင်းလေးများနှင့် ထောက်ကန်ထားရမည်ဟု ဆိုထားသော်လည်း သံချောင်းလေးများ ဝယ်ရန် မစီစဉ်တော့ဘဲ သစ်သားစများကို အသုံးပြုလိုက်ကြသည်။

ကားဂိုဒေါင်အတွင်းမှ လျှပ်စစ်မီးကြိုးများကို စစ်ဆေးတပ်ဆင်ပေးရန်အတွက် ဆရာတော်က ဂျက်ဖရီ၏ အကူအညီကို တောင်းယူထားသည်။ ထိုကြောင့် ဖေဖော်ဝါရီလ (၂)ရက် နေ့ခင်းပိုင်းတွင် ဆရာတော်၊ ဒေါ်ငွေကြည်နှင့် သားမက်ဖြစ်သူ ဂျက်ဖရီတို့ ရောက်လာကြသည်။ ကိုဂျက်ဖရီက လက်ရှိ မီးကြိုးများကို ကြည့်ရှုစစ်ဆေးကြည့်သည်။ ငွေကြေး ချွေတာသည့်အနေဖြင့် လက်ရှိ မီးကြိုးဟောင်းများကို ပြန်သုံးလျှင် ဖြစ်နိုင်သော်လည်း ပြန်လည် နေရာချထား တပ်ဆင်က အချိန်ကြာမည့်အပြင် လျှပ်စစ်ကြိုးများမှာလည်း သိပ်မကောင်းတော့သဖြင့် အသစ်တပ်ဆင်ရန် ဆုံးဖြတ်လိုက်ကြသည်။ လျှပ်စစ်မီးလိုင်း အသစ်ဆွဲနိုင်ရန် လက်ရှိမီးချောင်းများနှင့် မီးကြိုးများကို ဖြုတ်ထားပေးရန် လျှောက်ကာ ပြန်သွားသည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် မီးကြိုးဟောင်းများနှင့် လျှပ်စစ်မီးချောင်းများ အားလုံးကို ဖြုတ်ပစ်လိုက်သည်။

နယူးဂျာစီကျောင်းတွင် အိမ်သာတလုံးတည်းသာ ရှိ၍ ထိုအိမ်သာကို အသုံးပြုမှုများသောအခါ အိမ်သာကျင်းမှ ရေလျှံလေ့ရှိသည်။ ထိုပြဿနာကို ဖြေရှင်းရာ၌ မည်သို့ လုပ်ဆောင်နိုင်မည်ကို အကြံဉာဏ်ရယူရန်အတွက် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် အေဘီဘီအေအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးလှဖူးနှင့် စာရေးသူတို့ မနာလပန်မြို့နယ် ရုံးသို့ သွားရောက်ကာ သက်ဆိုင်ရာ အရာရှိနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ပြင်ဆဲဖြစ်သည့် ဂိုဒေါင်ကို ဦးလှဖူး ဝင်ရောက်ကြည့်ပြီး များစွာ သဘောကျကြောင်း လျှောက်ထားကာ ပြန်သွားသည်။

တံခါးပေါက် ပြုပြင် ပြန်တပ်ဆင်

ကားဂိုဒေါင်ကို ဓမ္မာရုံအဖြစ် အသုံးပြုလျှင် လက်ရှိ အဆောက်အဦး၏ ရှိပြီးသား ပြတင်းပေါက်နှင့် တံခါးတို့ဖြင့် မသင့်လျော်ပေ။ ထို့ကြောင့် ပြတင်းပေါက်နှင့် တံခါးပေါက်တို့ ပြုပြင်တပ်ဆင်ရန် ကိစ္စကို စဉ်းစားကြရာ မိမိတို့ကိုယ်တိုင် လုပ်နိုင်သော ကိစ္စမဟုတ်၊ လူငှားခေါ်မှ သင့်တော်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ (၁၄)ရက်တွင် ဂိုဒေါင်၏ ပြတင်းပေါက်များကို ပြန်လည် ပြုပြင်တပ်ဆင်ရန်နှင့် အဝင်အထွက် တံခါးမကြီး နှစ်ပေါက်တို့ကို ပြုလုပ်ရန် ပြတင်းပေါက်လုပ်မည့်သူနှင့် သဘောတူညီလိုက်သည်။ ပစ္စည်းနှင့် လက်ခအတွက် ကုန်ကျငွေမှာ ဒေါ်လာ ၃,၀၉၀ ဖြစ်သည်။ ပြတင်းပေါက် ခုနစ်ခုနှင့် တံခါးမကြီး နှစ်ခု တပ်ပြီးသော မတ်လ (၁၃)ရက်နေ့တွင် ငွေပေးချေခဲ့သည်။ ပြတင်းပေါက်များကို အနားကွပ်ရန်အတွက် ဒေါ်လာ ၃၆၀ ထပ်မံပေးရမည်ဟု တောင်းရာ ဒေါက်တာခင်မောင်၊ ကိုတင်မောင်နှင့် ကိုဝင်းရွှေတို့က ဈေးကြီးသည်၊ မိမိတို့ ကိုယ်တိုင် လုပ်မည်ဟု ဆိုသဖြင့် ထိုသူကို မခိုင်းတော့ပေ။

နံရံကို ပြန်၍ ကပ်

ထို မတ်လ (၁၄)ရက်နေ့ပင် အင်ဆူလေးရှင်းထည့်ပြီးသော နံရံများအပေါ်ကို ယခင်ကပ်ထားသည့် သုံးထပ်သားအဟောင်းများကို ပြန်လည် ကပ်သည်။ ၎င်းတို့ကို ပြန်လည် ပြုပြင်လိုက အလွယ်တကူ ဖြုတ်ယူနိုင်ရန် အစဦးတွင် ဝက်အူဖြင့် စုပ်ယူ တပ်ဆင်သည်။ သို့သော် ဝက်အူနှင့် စုပ်သည်ထက် သံနှင့် ရိုက်သည်က ပိုမို မြန်ဆန်သည်ကို တွေ့ရသဖြင့် အလွယ်လမ်းကို လိုက်ခဲ့သည်။ ထိုသုံးထပ်သားများကို အကောင်း ပကတိရအောင် ခွာကာ ပြန်ကပ်၍ ၎င်းသုံးထပ်သားအပေါ် နံရံကပ် အလှပြားများ ပြန်ကပ်မည်၊ မျက်နှာကြက်ကိုလည်း အင်ဆူလေးရှင်း ထည့်၍ အမိုးနှင့်ကပ် တပ်ဆင်မည်ဟု စိတ်ကူး လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် အင်ဆူလေးရှင်း ထည့်ပြီးသား နံရံများကို သုံးထပ်သားဟောင်းများ ပြန်ကပ်ခြင်း၊ အမိုးအောက်ကို အင်ဆူလေးရှင်းထည့်ခြင်းတို့ကို တဖြည်းဖြည်း ဆက်လက် ပြုလုပ်ရာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် အတော်အတန် ပြီးစီးခဲ့သည်။



No comments: