Thursday, January 10, 2008

ဆရာတော်ဦးကေလာသ - ၁


ဆရာတော်ဦးကေလာသကို သတိရမိတိုင်း .. မင်းတို့လို လူငယ်တွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွ လုပ်နေကြရင် အေဘီဘီအေအသင်းကြီးဟာ အမေရိကန်ပြည် အရှေ့ဘက်ခြမ်းမှာ အတိုးတက် အကြီးပွားဆုံး ဖြစ်လာမှာပဲ .. ဟု သဘောသက်ဝင်သော စကားမိန့်ကြားခဲ့သည်ကို အမှတ်ရမြဲဖြစ်သည်။

ဆရာတော်ဦးကေလာသနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့သည်မှာလည်း လောကချမ်းသာဘုရားကျောင်း၌ပင် ဖြစ်သည်။ မှတ်မှတ်ရရ .. လောကချမ်းသာဘုရားကျောင်းကထိန်ပွဲသို့ ဆရာတော်ဦးကေလာသ ကြွရောက်လာခိုက်ဖြစ်သည်။ ဆရာတော်ဦးမဟောသဓပဏ္ဍိတနှင့် မိမိတို့သည် လောကချမ်းသာစာစောင်ကို ကထိန်ပွဲအမီ ထုတ်ဝေရန် ပြင်ဆင်နေကြသည်။ ဆရာတော်ဦးမဟောသဓပဏ္ဍိတက စာစောင်တခုကို ဆရာတော်ဦးကေလာသအား ဆက်ကပ်၏။ ခဏအကြာတွင် ဆရာတော်ဦးကေလာသသည် မိမိတို့အနီးသို့ ရောက်ရှိလာပြီး စာစောင်နှင့်ပတ်သက်၍ ချီးကျူးစကား အားပေးစကား ပြောကြားခဲ့သည်။ ထိုစဉ်က ဆရာတော်ဦးကေလာသသည် မဟာစည်ဆရာတော်ဘုရားကြီး၏ ကျမ်းစာအုပ်များကို တည်းဖြတ် ထုတ်ဝေဖြန့်ချိပေးခဲ့သူ၊ မင်္ဂလာရာမကျောင်းတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ စာအုပ်များကို ဆရာတော်ကိုယ်တိုင် စာအုပ်ဖြစ်အောင် ချုပ်သည်မှ စ၍ ဖန်တီးထုတ်ဝေခဲ့သူ၊ ပိဋကတပုံဆောင် (သုတ္တန်သုံးကျမ်းလုံးကို အာဂုံရော ရေးဖြေပါ အောင်မြင်တော်မူသဖြင့်) ဒီဃဘာဏက၊ ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်ရရှိသူ တဦးအဖြစ် မသိရှိခဲ့သေးပေ။

နောက်ထပ်နှစ်ကြိမ် ဆရာတော်၏ မင်္ဂလာရာမကျောင်း၌ တွေ့ဆုံခဲ့ရသည်ကိုလည်း အမှတ်တရ ရှိစမြဲဖြစ်သည်။

ဒုတိယအကြိမ်မှာ အေဘီဘီအေအသင်းကြီး၏ မေရီလင်းပြည်နယ် ဆရာကြီးဦးဘခင်၏ တရားစခန်းရှိ ဓမ္မရောင်ခြည်စေတီဘုရားဖူးခရီး၌ ဖြစ်သည်။ ဘတ်စ်ကားကြီး ၂-စီးဖြင့် ရောက်လာကြသော နယူးယောက်မြို့သူမြို့သားများ၏ လက်ချက်ဖြင့် မင်္ဂလာရာမကျောင်းဝင်းအတွင်း စိုက်ပျိုးထားသော ချဉ်ပေါင်ခင်း ငရုတ်ခင်းတို့မှာ အပင်ပါ ဆွဲနုတ်ခံရပြီး တက်တက်ပြောင်ခဲ့သည်။ ဆရာတော်မှာ ဖြစ်ခြင်းပျက်ခြင်း သဘောကို နောကျေနေသဖြင့် အပြုံးမပျက်ခဲ့ပေ။

တတိယအကြိမ်မှာ ဦးလေးဖြစ်သူနှင့်အတူ ရောက်ရှိသွားစဉ်က ဖြစ်သည်။ အေဘီဘီအေအသင်းကြီးမှ နယူးဂျာစီပြည်နယ်တွင် ကျောင်းဝယ်ရန် စီစဉ်နေသော ကာလလည်းဖြစ်ရာ ဆရာတော်က အေဘီဘီအေအသင်းကြီး၏ တိုးတက်မှုအရပ်ရပ်ကို အားရ၀မ်းသာ မေးမြန်းခဲ့သည်။

ဆရာတော်သည် သက်တော် (၆၀)ခန့် ၁၉၉၆-ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ရာ ယခုနေ သက်တော်ထင်ရှား ရှိနေပါသေးလျှင် နယူးဂျာစီရှိ လောကချမ်းသာ ဓာတ်ပေါင်းစု စေတီတော်ကြီးကို ဖူးမြော်ပြီး ကြည်နူးဝမ်းသာ ပီတိဖြာနေပါဦးမည်။

+ + +

၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် မင်္ဂလာဂျာနယ် အတွဲ(၁) အမှတ်(၂)ပါ အရှင်မဟောသဓပဏ္ဍိတ၏ ..သာသနာ့အာဇာနည်တပါး ဆုံးရှုံးရခြင်း.. ဆောင်းပါးကို အမှတ်တရ ပြန်လည် ဖော်ပြပါဦးမည်။

No comments: