လုပ်အားဒါန ပေးလှူကြ
ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ဆရာတော်နှင့် ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဂျက်ဖရီတို့ လာရောက်၍ လျှပ်စစ်မီးကြိုးသွယ်ရန် တိုင်းတာကာ မီးကြိုး မီးခလုတ် စသည့် လိုအပ်သော ပစ္စည်းများကို Freehold Shopping Mall, Builder Square သို့ သွားရောက် ဝယ်ကြသည်။ နံရံများအတွက် Wall Sheet အလှပြားများကို ဝယ်ရန်အတွက်လည်း ရွေးချယ်ကြသည်။ သို့သော် မိမိတို့နှစ်သက်သော ပစ္စည်းမှာ အလုံအလောက် မရှိသဖြင့် ဝယ်သင့် မဝယ်သင့် ချိန်ဆ ဝေဖန်ရပြန်သည်။ ရသလောက်ကို ဝယ်ပြီးမှ နောက်ထပ် အမျိုးတူ ထိုပစ္စည်းမျိုး မရက အခက်အခဲတွေ့နိုင်မည်ဟု စဉ်းစားမိကြသဖြင့် မဝယ်ခဲ့ကြ။ ထို့ပြင် ဒေါက်တာခင်မောင်နှင့် ကိုတင်မောင်တို့မှ နံရံကို Sheet Rock ကပ်၍ ဆေးသုတ်သည်က ပိုမို လှပမည်ဖြစ်ကြောင်း၊ လွယ်လည်းလွယ်ကူကြောင်း အကြံပြုကြသည်။ ထိုသို့ ပြုလုပ်ရန် သဘောကျက သူတို့ လုပ်ပေးနိုင်ကြောင်းကိုလည်း လျှောက်ထားသည်။ ထို့ကြောင့် နံရံကပ်အလှပြားများကို မဝယ်တော့ဘဲ Sheet Rock ပြားများကို မှာယူကာ ပြန်ခဲ့ကြသည်။ ထိုနေ့မှ စ၍ ဓမ္မာရုံပြုပြင်မှုလုပ်ငန်းကို ဒေါက်တာခင်မောင်၊ ကိုတင်မောင်တို့အား တာဝန်ယူ လုပ်ဆောင်ရန် အပ်နှံလိုက်တော့သည်။
သုံးထပ်သားဟောင်းများ ပြန်ကပ်ထားသော နံရံပေါ်သို့ Sheet Rock ပြားများကို ထပ်ကပ်လျှင် မျက်နှာပြင်မှာ ညီညာလှပမှု ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ကပ်ပြီးသား သုံးထပ်သားဟောင်းများကို ပြန်ခွာခြင်း၊ ညီအောင် အထပ်သား ထပ်ပိုးရိုက်ခြင်းများကို လုပ်အားအလှူရှင်များဖြစ်ကြသူ ကိုခင်မောင်တို့ ညီအစ်ကိုနှင့် ကိုဝင်းရွှေတို့မှာ မညည်းမညူ စေတနာဖြူစင်စွာ အချိန်ပေး အပင်ပန်းခံကာ လုပ်ကြရပြန်သည်။ မိမိတို့အနေဖြင့် စီမံကိန်းချ၍ စနစ်တကျ မလုပ်ဘဲ လွယ်လွယ် ဆုံးဖြတ်ပြီး လွယ်လွယ် လုပ်ကိုင်မိသည့်အတွက် အချိန်ကုန် ပင်ပန်းစွာဖြင့် လုပ်ထားသော အလုပ်ကို ပြန်ဖျက်ရခြင်း၊ အသစ် ထပ်မံ လုပ်ရခြင်းတို့ကို ဆောင်ရွက်ကြရရာ အချိန်ကုန် လူပန်း နှစ်ခါဖြစ်ရသည်မှာ သင်ခန်းစာယူစရာ ကောင်းလှသည်။
ဒေါက်တာခင်မောင်၊ ကိုတင်မောင်နှင့် ကိုဝင်းရွှေတို့မှာ မိမိတို့ ကိုယ်ပိုင်အချိန်ကို အခြားနေရာတွင် အသုံးမပြုဘဲ ဓမ္မာရုံ ပြင်ဆင်မှုတွင် မြုပ်နှံကာ မတ်လ (၂)ရက်နေ့မှ စ၍ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း နယူးဂျာစီသို့ လာရောက် လုပ်အားပေးကြသည်။ ကိုဂျက်ဖရီက လျှပ်စစ်မီးတပ်ဆင်မှုကို ပြီးစီးအောင် တာဝန်ယူ ဆောင်ရွက်ပေးသည်။ ကိုစိန်မြင့်မှာ အခါအားလျော်စွာ မိမိအလုပ်အားသည့် စနေ တနင်္ဂနွေနေ့တိုင်း လာရောက် လုပ်အားပေးသည်။ ထို့ပြင် မိမိ၏ ကျွေးမိခင်ဖြစ်သူ ကွယ်လွန်သည်ကို ရည်စူး၍ ဓမ္မာရုံကြမ်းခင်းအတွက် ဒေါ်လာ ၁,၀၀၀ လှူဒါန်းသည်။ မတ်လ (၃၀)ရက်နေ့တွင် ကြမ်း စတင်ခင်းသည်။ ကြမ်းကို မူလ အင်္ဂတေအပေါ်၌ ခြောက်လက်မ မြှင့်တင်ကာ ပလပ်စတစ်ခင်းခြင်း၊ အင်ဆူလေးရှင်းထည့်ခြင်းများ ပြုလုပ်၍ ငါးထပ်သား ခင်းလိုက်သည်။ ဓမ္မာရုံ၏ အရှေ့ဘက်ခြမ်းတွင် အလျား (၃၂)ပေ၊ အနံ (၇)ပေ၊ အမြင့် (၂)ပေရှိ သံဃာစင်ကို တည်ဆောက်သည်။ ပစ္စည်းထားသိုရာတွင် ပိုမို လွယ်ကူစေရန်၊ နေရာရစေရန် ရည်ရွယ်၍ (၂)ပေ အမြင့်ဖြင့် သံဃာစင်ကို ပြုလုပ်ခဲ့သော်လည်း ဆောက်ပြီးသောအခါ အလွန်မြင့်နေသဖြင့် အဆင်မပြေသည်ကို တွေ့ရသည်။ ထို့ကြောင့် ခြောက်လက်မ လျှော့ချရပြန်သည်။
နံရံကပ်ခြင်း၊ ဖာထေးခြင်း၊ ဆေးသုတ်ခြင်း ကိစ္စများကိုလည်း ၎င်းတို့ပင် ပြီးစီးအောင် လုပ်သွားကြသည်။ နံရံကပ်ရာ၌ ညီညာပြေပြစ်မှု ရှိစေရန် လုပ်ဆောင်ရသည်မှာ မလွယ်ကူလှပေ။ သို့သော် ကိုခင်မောင်၊ ကိုတင်မောင်နှင့် ကိုဝင်းရွှေတို့ စိတ်ရှည်စွာဖြင့် အချိန်ယူ၍ သေသပ်လှပအောင် လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏လက်ရာကို တွေ့မြင်ရသူတိုင်းက မချီးမွမ်းဘဲ မနေနိုင်ကြပေ။ ကျောင်း၌ ဝင်ထွက်သွားလာနေသူ သီရိလင်္ကာ အမျိုးသားတယောက်က ၎င်းတို့ကို သူ့အိမ်ပြင်ရန် ငှားရမ်းလိုကြောင်း စာရေးသူအား ပြောရာ လက်ခစား အလုပ်သမားများ မဟုတ်ကြောင်း၊ စေတနာ့ဝန်ထမ်း လုပ်အား လာရောက်ပေးလှူသူများဖြစ်ကြောင်း ပြောပြသောအခါ များစွာ အံ့သြသွားသည်ကို တွေ့ရသည်။ ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဝင်းရွှေတို့မှာ နယူးယောက်မှ အပတ်စဉ် ကားမောင်းပြီး လာရောက်၍ လုပ်အားအလှူပေးကြရာ ကားဖြတ်သန်းခ ဂိတ်ကြေးများကို စိုက်ထုတ် လှူဒါန်းသည့်အပြင် မိခင် ဒေါ်ငွေကြည်က ချက်ပြုတ် ကြော်လှော်ပေးလိုက်သည်များကို သယ်ယူလာကာ သံဃာတော်များကိုလည်း ကပ်၊ မိမိတို့လည်း စားကြသဖြင့် ဆွမ်းအလှူကုသိုလ်ကိုလည်း ထပ်မံ ယူကြပြန်သေးသည်။
နယူးဂျာစီကျောင်းသို့ စေတနာရှင်များ လာရောက် ဆွမ်းကျွေးခြင်း၊ အလှူပေးခြင်း ပြုကြရာ ဓမ္မာရုံ ပြင်ဆင်နေသည်ကို တွေ့မြင်ကြသဖြင့် ဓမ္မာရုံအတွက် လိုအပ်သော အရာများကို လှူဒါန်းလိုစိတ် ဖြစ်ပေါ်ကြသည်။ ထိုအလှူရှင်များ၏ စာရင်းကို အောက်တွင် ဖော်ပြထားပါသည်။
ဓမ္မာရုံ မျက်နှာကြက်ကို မေလ (၁၈)ရက်နေ့တွင် စတင် လုပ်ဆောင်၍ (၂၆)ရက်နေ့တွင် ပြီးစီးသည်။ မျက်နှာကြက်တပ်ဆင်ရာတွင် နယူးယောက်မှ ဒေါက်တာခင်မောင်၏ သူငယ်ချင်းဖြစ်သူ ဒေါက်တာထင်အောင်ကျော်နှင့် ခင်မိမိတို့ လာရောက် ကူညီကြသည်။
ဓမ္မာရုံကို မေလ (၃၁)ရက်နေ့တွင် အသစ် ထပ်မံ မိုးသည်။ မူလ ရှိပြီးသား အမိုးပေါ်တွင် ရာဘာပြားအမိုး ထပ်၍ မိုးခြင်း ဖြစ်သည်။ ဓမ္မာရုံကို အမိုးသစ် မိုးရန် စဉ်းစားကြရာ နယူးဂျာစီမှ မောင်ရဲမင်းက အမိုးကို လူငှားမခေါ်ဘဲ ကိုယ်တိုင် မိုးချင်လျှင် လုပ်အားပေးရန် လူစုခဲ့မည်ဖြစ်ကြောင်း ကမ်းလှမ်းသလို ကိုတင်မောင်တို့ကလည်း လူငှား မခေါ်ချင်က သူဦးဆောင်၍ အမိုး မိုးပေးနိုင်ကြောင်း လျှောက်ထားသည်။ သို့သော် ဆရာတော်အနေဖြင့် ရေရှည်ခံနိုင်ရန် ရာဘာပြားမိုးသည်ကို သဘောကျကြောင်း အမိန့်ရှိရာ ရာဘာပြားမိုးရန်အတွက် ကျွမ်းကျင်သူ အလုပ်သမားကို ခေါ်၍ မိုးခဲ့သည်။
ဇွန်လ ပထမပတ် စနေ တနင်္ဂနွေနေ့တွင် သံဃာစင်ကို အချောသတ်ခြင်း၊ တံခါးဘောင်များကို အနားကွပ်ခြင်းတို့ ပြုလုပ်ကြသည်။ တံခါးဘောင်အဖုံးများ တပ်ဆင်ရာတွင် နယူးဂျာစီမှ ကိုအောင်သန်း လာရောက်၍ ကိုခင်မောင်နှင့် ကိုတင်မောင်တို့ကို ကူညီသည်။ ကောင်ဇောခင်းခြင်း၊ လေအေးစက်တပ်ဆင်ခြင်းတို့ကို ပြုလုပ်ရန် ကျန်သေးသည်မှအပ ဓမ္မာရုံတွင် အတွင်းပိုင်းဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတို့ကို ၁၉၉၆-ခု ဇွန်လ (၉)ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ကွန်ကရစ်လောင်းခြင်း
ဓမ္မာရုံအတွင်းပိုင်းကို ပြုပြင်မွမ်းမံလိုက်သဖြင့် သန့်ရှင်းသပ်ရပ် သေသပ်လှပသွားသည်။ သို့သော် ဓမ္မာရုံအပြင်ဘက် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ပေါင်းမြက်များ ကပ်ပေါက်နေရာ အကျည်းတန်လှသည်။ ထို့ပြင် ဘေးပတ်လည်သည် မြေသားသက်သက် ဖြစ်နေ၍ နောင်ကြာလျှင် မိုးရေဝင်ကာ အဆောက်အဦ ဆွေးမြေ့ပျက်စီးနိုင်သည်။ ထိုကြောင့် ဓမ္မာရုံအတွင်းသို့ မိုးရေမဝင်စေရန်လည်းကောင်း၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်လည်းကောင်း ဓမ္မာရုံဘေးပတ်လည်တွင် (၃)ပေခန့် ကျယ်သည့် ကွန်ကရစ်လောင်းရန် ဆုံးဖြတ်ကြသည်။
ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် ဦးအဘယာလင်္ကာရလည်း တတပ်တအား ပါဝင်ခွင့် ရရှိသွားသည်။ ဦးအဘယာလင်္ကာရ မြန်မာပြည်သွားနေစဉ် ဓမ္မာရုံကို စာရေးသူနှင့် ဦးသီလာစာရ၊ ဦးအဂ္ဂတို့ စတင် ပြုပြင်ခဲ့သည်။ အလုပ်များ၍ မောပန်းသည့်အခါတိုင်း လုပ်အားကောင်းသည့် ဦးအဘယာကို အမှတ်ရပြီး သူပြန်လာလို့ ဓမ္မာရုံကို မြင်ရင် ဝမ်းနည်းဝမ်းသာ ဖြစ်တော့မှာပဲ။ ဂိုဒေါင်ကြီးဘဝက သပ်သပ်ရပ်ရပ် ဓမ္မာရုံအဖြစ် ပြောင်းသွားတာကို မြင်ရလို့ ဝမ်းသာပေမယ့် ဓမ္မာရုံပြုပြင်ရာမှာ လုပ်အားမပေးလိုက်ရတဲ့အတွက်တော့ ဝမ်းနည်းရှာမယ်ဟု ရယ်စရာ ပြောမိကြသည်။ သို့သော် ထိုစကားသည် မမှန်ခဲ့ပေ။ အကြောင်းမှာ ထိုအရှင်အနေဖြင့် ဓမ္မာရုံ မြင်၍ ဝမ်းနည်းစရာ မဖြစ်စေရန် ကံက စီမံပေးသည်။ ထိုကံကား ဓမ္မာရုံပတ်လည်၌ ကွန်ကရစ်လောင်းရာတွင် လုပ်အား အားရပါးရ လှူဒါန်းခွင့် ရရှိခြင်းပင် ဖြစ်သည်။ ထိုအခွင့်အရေးကို အမိအရယူကာ ခရီးဝေးမှ ပြန်လာသဖြင့် Jet Lag ဖြစ်နေသည်ကိုပင် အမှုမထားတော့ဘဲ ကွန်ကရစ်လောင်းရန်အတွက် ပြင်ဆင်ရာမှပင် စတင် လုပ်အားပေးခဲ့သည်။
ကွန်ကရစ်လောင်းရန် လူများမှ ဖြစ်နိုင်သဖြင့် ဦးသီလာစာရ၏ အကူအညီကို ခေါ်ယူကာ ဦးအဘယာလင်္ကာရနှင့် စာရေးသူတို့ ဇွန်လ (၄)ရက်နေ့တွင် စတင် ဆောင်ရွက်ကြသည်။ စာရေးသူ နယူးယောက်သို့ ဆေးစစ်သွားနေခိုက် ဇွန်လ (၁၀)ရက်နှင့် (၁၁)ရက်နေ့တို့တွင် ဆရာတော်၏ ဦးဆောင်မှုဖြင့် ဦးအဘယာလင်္ကာရနှင့် ဦးသီလာစာရတို့ ကွန်ကရစ်လောင်းခဲ့ရာ ဓမ္မာရုံ၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ကွန်ကရစ် လောင်း၍ ပြီးသည်။ ဇွန်လ (၁၆)ရက်နေ့တွင် နယူးဂျာစီမှ မောင်မင်းမင်း၊ မောင်မောင်၊ မောင်လင်းထွဋ်၊ မောင်ကျောသီဟတို့ လာရောက်၍ ဓမ္မာရုံ၏ တောင်ဘက်ကို ကွန်ကရစ်လောင်းရန် လုပ်အား အလှူပေးကြသည်။ မောင်မိုးသိမ်းက မြန်မာပြည်မှ အမေရိကန်သို့ ရောက်သည်မှာ နာရီပိုင်းမျှသာ ရှိသေးသော သူ၏ညီနှင့် သူငယ်ချင်းများဖြစ်သူ ကိုပြည်စိုး၊ ကိုညီညီချိုတို့ကို လုပ်အားအလှူပြုရာတွင် အကူအညီပေးရန် ခေါ်ယူကာ ကုသိုလ်ယူစေခဲ့သည်။
No comments:
Post a Comment