Tuesday, January 15, 2008

ဆရာတော်ဦးကေလာသ - ၂


သာသနာ့အာဇာနည် ပုဂ္ဂိုလ်တပါး ဆုံးရှုံးရခြင်း

ဝါရှင်တန်ဒီစီ (မေရီလင်းပြည်နယ်)မှ ဆရာတော် ဘဒ္ဒန္တကေလာသသည် အမေရိကန်အရှေ့ခြမ်း၌ သာသနာပြုလာခဲ့သည်မှာ (၁၇)နှစ်မျှ ရှိခဲ့ပေသည်။ ဆရာတော်သည် မြန်မာ အမေရိကန် ဗုဒ္ဓဘာသာအသင်း၏ ပဓာန နာယကဆရာတော်အဖြစ် လမ်းညွှန်မှုပေးကာ ဦးဆောင်ဦးရွက်ပြုတော်မူခဲ့၏။ နယူးယောက်မြို့ရှိ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ရာသက်ပန် သြ၀ါဒါ စရိယဆရာတော် တပါးလည်း ဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးနှင့်အတူ သာသနာပြု ကြွရောက်လာချိန်မှ စ၍ မြန်မာပြည်သို့ ပြန်လည် ကြွရောက်ခြင်းမရှိဘဲ အမေရိကန်မှာပင် အစဉ်တစိုက် သာသနာပြု နေထိုင်ခဲ့သည်။

ဆရာတော်သည် အမေရိကန်နိုင်ငံ အရှေ့ဘက်ခြမ်း၌ အခြေစိုက်နေထိုင်ခဲ့သော်လည်း ဟာဝိုင်ယီ၊ ကာလီဖိုးနီးယား၊ အိုဟိုင်းယိုးနှင့် ကနေဒါနိုင်ငံ တိုရန်တို မြန်မာဗုဒ္ဓဘာသာအသင်းများသို့ ကြွရောက်၍ အားပေးကူညီလျက် တရားဓမ္မများ ဟောကြားခဲ့သည်။ ဗုဒ္ဓဘာသာအသင်းများ တိုးတက်တည်တန့်ရေး အစဉ်တစိုက် အားပေး ကူညီခဲ့သည်။

ဆရာတော်သည် ဣနြေ္ဒကြီးမား၏။ စကားနည်း၏။ တကာ တကာမများထံမှ တောင်းရမ်းခြင်း မရှိ။ နှုတ်ထွက် အလွန်နည်း၏။ ပလွှားဝင့်ဝါမှု ကင်း၏။ ဆရာတော်သည် ပိဋကတ်တပုံဆောင် ပုဂ္ဂိုလ်ဖြစ်ကြောင်း သိသူပင် အလွန်နည်းပါး၏။ “ဣနြေ္ဒကြီးကြီးမားမားထား၊ စကားနည်းနည်းပါးပါးပြော၊ မနောကြံတိုင်း နှုတ်မထွက်နှင့်၊ နှုတ်ထွက်လျှင်လည်း မြဲစေ၊ သူတော်ကောင်းကြက်သရေ” ဟု ရွှေကျင်ဆရာတော်ဘုရားကြီး မိန့်မှာ ဆုံးမခဲ့သည့်အတိုင်း “သူတော်ကောင်း ကြက်သရေ”နှင့် ပြည့်စုံသူ ဖြစ်သည်။

ဆရာတော်သည် ၁၉၉၆-ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့က ဘ၀နတ်ထံ စံလွန်တော်မူခဲ့ရာ “သာသနာ့အာဇာနည်/ပုဂ္ဂိုလ်”တပါး ဆုံးရှုံးရခြင်းအတွက် ယူကြုံးမရ နှမြောတသ ဖြစ်ကြရသည်။ အနယ်နယ် အရပ်ရပ်မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ဈာပနကော်မတီသို့ ပေးပို့ခဲ့ကြသည်။

ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ သြ၀ါဒါစရိယ နာယက ၀န်ဆောင်ဆရာတော်များက - “အရှင်ကေလာသသည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် အတူတကွ နိုင်ငံခြားသာသနာပြုခရီး ကြွသွားခဲ့သည်မှစ၍ ယခုအချိန်အထိ အမေရိကန်နိုင်ငံ ၀ါရှင်တန် မင်္ဂလာရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူ၍ သာသနာပြုခဲ့သော ဆရာတော်တပါးဖြစ်သဖြင့် မဟာစည်သြ၀ါဒါစရိယ နာယက ၀န်ဆောင်ဆရာတော်များအနေဖြင့် နှမြောတသ သံဝေဂယူတော်မူကြ၍ ကုသိုလ်ပြုကာ အမျှဝေ ဆုတောင်းမှု ပြုကြပါကြောင်း ..” ပေးပို့ခဲ့သည်။ ထို့အတူ မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှလည်း - “ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့ချုပ်နှင့် မဟာစည်ယောဂီအပေါင်းတို့က အထူးပင် ၀မ်းနည်းကြေကွဲခြင်း ဖြစ်ကြပါကြောင်း” ဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

သဒ္ဓမ္မသီတဂူ သဲကုန်းဆရာတော် အရှင်ဉာဏိဿရကလည်း အရှင်ကေလာသ၏ သတင်းကို ကြားသိရသည်နှင့်တပြိုင်နက် ချက်ချင်းပင် ဖုန်းဖြင့် “အရှင်ကေလာသကဲ့သို့သော သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူးတပါး ဆုံးရှုံးရခြင်းမှာ အစားထိုး၍မရသော ဆုံးရှုံးမှုကြီးတရပ်ဖြစ်၍ မိမိနှင့် မိမိ၏ သီတဂူအဖွဲ့မှ အထူးပင် ကြေကွဲဝမ်းနည်းရပါကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။ သဲကုန်းဆရာတော်သည် အရှင်ကေလာသ ဆေးရုံမှာ တက်ရောက်ကုသနေစဉ် လာရောက်၍ အားပေးစကား ပြောကြားရင်း ဗောဇ္ဈင်သုတ်တရား ရွတ်ပွားပေးခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်သို့ သာသနာပြုကြွစဉ်က အတူတကွ လိုက်ပါ၍ အရှင်ကေလာသနှင့် သာသနာပြုဖော် သာသနာပြုဖက်ဖြစ်သော အရှင်သီလာနန္ဒာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်ဦးဇောတတို့ကား အောက်ပါအတိုင်း စာဖြင့် ရေးသား ပေးပို့ခဲ့ကြပါသည်။

“ဆရာတော်ဦးကေလာသ ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း ကြားသိရသဖြင့် စိတ်မကောင်းဖြစ်ရပါသည်။ ‘ဘိဇ္ဇနဓမ္မော ဘိဇ္ဇတိ၊ နဿနဓမ္မော နဿတိ’ အဆိုရှိသော်လည်း နိုင်ငံခြား၌ သာသနာပြုဖော်ပြုဖက်တပါး ဆုံးရှုံးရသဖြင့် ၀မ်းနည်းမှုဖြစ်ရပါသည်။ ဆရာတော်ဦးကေလာသ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခြင်းသည် မင်္ဂလာရာမကျောင်းတိုက်အတွက်သာမက အမေရိကန်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်ပါ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုတရပ် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် တပည့်တော်တို့ ဈာပနသို့ မလာရောက်နိုင်သည်ကို ခွင့်လွှတ်စေလိုပါသည်။ ဈာပနအခမ်းအနား၌ လိုအပ်သလို အသုံးပြုရန် အလှူငွေများကို တီဘီအက်စ်အေအသင်းဥက္ကဌက ဘီအေဘီအေအသင်းသို့ ပေးပို့လှူဒါန်းလိုက်ပါသည်။ ‘အနိစ္စာ ၀တ သင်္ခါရာ’ဟု ဘုရားမြတ်စွာ မိန့်မှာတော်မူသည်ကို နှလုံးသွင်း၍ သံဝေဂဉာဏ်ကို ပွားစေရပါတော့သည်။”

ဆရာတော်ဦးသီလာနန္ဒာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ ရွှေကျင်နိကာယ သြ၀ါဒါစရိယ)က - “ဆရာတော်ဦးကေလာသ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခြင်းသည် မင်္ဂလာရာမကျောင်းတိုက်အတွက်သာမက အမေရိကန်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်ပါ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုတရပ် ဖြစ်ပါသည်” - ဟု တိတိပပ အလေးအနက် ဖော်ညွှန်းထားပါသည်။ မှန်ပါသည်။ ဆရာတော်၏မေတ္တာ ဆရာတော်၏သြ၀ါဒ ခံယူနေသူတို့မှာ များလှသည်။ သာဓုကီဠန ဈာပနပွဲတွင် သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ ဗီယက်နမ် ထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၊ ရဟန်းတော်များ တစုတဝေး ကြွရောက်ချီးမြှင့်ခြင်းက သက်သေခံနေပါသည်။ မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးတပါး၏ ဈာပနအသွင်မျိုးမဟုတ်ဘဲ ထေရ၀ါဒနိုင်ငံပေါင်းစုံ၏ ဈာပနအသွင်ကို ဆောင်ယူခဲ့ပါသည်။ နိုင်ငံတကာမှ ဗုဒ္ဓဘာသာအသင်းအဖွဲ့များက လေးနက်သော ဓမ္မသံဝေဂကို ရယူလျက် ကြီးမားသန့်စင်သော မေတ္တာအထုအထည်ကို အရှင်ကေလာသအပေါ် လှစ်ပြခဲ့ကြပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့်လည်း အလွန်ဝေးလံသည့် ကာလီဖိုးနီးယား၊ ကနေဒါနိုင်ငံ စသည်တို့မှ လူကိုယ်တိုင်ပင် လာရောက် ဂါရ၀ပြုခဲ့ကြသည်။

ဆရာတော်သည် သူ၏ရောဂါအကြောင်း သိရှိသည်။ ရောဂါအကြောင်း မေးလာသူတိုင်းအား ‘သူ၏ရောဂါမှာ သွေးကင်ဆာဖြစ်၍ ဆေးမရှိကြောင်း၊ တဖြည်းဖြည်းနှင့် သေရမည်သာဖြစ်ကြောင်း’ ပြောပြခဲ့သည်သာ ဖြစ်၏။ မကြာမီ သေရမည်ဆိုသည်ကို မသိ မဟုတ်။ ဧ၀ကန်သိရှိထားသည်။ သို့သော် သေမင်းကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့သည်။ အချိန်အားရတိုင်း ထိုင်လျက်ဖြစ်စေ၊ လျောင်းလျက်ဖြစ်စေ တရားရှုမှတ်နေခဲ့သည်။ တခါတရံ ညအခါများတွင် ထ၍ ကြည့်ရာ တရားရှုမှတ်နေသည်ကိုသာ တွေ့ရသည်။ ‘ဪ အေးချမ်းစွာ ဘ၀ချုပ်ငြိမ်းရေးအတွက် ကြိုတင် ပြင်ဆင်နေပါတကား’ဟု သတိသံဝေဂ ဖြစ်မိသည်။ သေမင်းကို အံတုဖက်ပြိုင် ရင်ဆိုင်တိုက်ပွဲ ၀င်ခဲ့သော ဆရာတော်၏ ဇွဲသတ္တိကို အတုယူ အားကျမိရတော့သည်။

“ယောက်ျားတို့ ဇွဲ သေကာမှ လျော့ရမည်”ဟူသော စိတ်ထားကို လက်ကိုင်ထားခဲ့သည်။ ကျန်းမာလာလျှင် ‘သဒ္ဓါတရား’ဟူသော စာအုပ်ရေးသားရန် ကျမ်းစာအကိုးအကားများ ထုတ်နုတ်၍ပင် နေပါသည်။ ‘မင်္ဂလာဂျာနယ်’ကို တနှစ်လေးအုပ် ထုတ်ဝေသွားရန် လမ်းညွှန်မှုပေး၍ စီမံ တိုက်တွန်းခဲ့သေးသည်။ ပထမအကြိမ်ထုတ် စာစောင်လေးကို တွေ့မြင်ရသောအခါ အားရကြည်နူး အထူးပင် ၀မ်းမြောက်ခဲ့သည်။ ဆရာတော်မှာ လောကွတ် မရှိ။ ပရိယာယ် မာယာ မရှိ။ စာသမားသက်သက်သာ ဖြစ်၍ လူမှုကြေညက်မှုကား ရှိချင်မှ ရှိမည်။ သို့သော် စာနှင့်နေ၍ စာနှင့် ပျော်ပိုက်ခဲ့ပေသည်။

ဆရာတော် ပခုံးပြောင်းပေးခဲ့သည့် လူမှုရေးတာဝန်၊ သာသနာတော်ရေးတာဝန်ကြီးများကား ကြီးမား များမြောင်လှပေ၏။ သို့သော် စွမ်းနိုင်သမျှ တာဝန်ယူ၍ ထမ်းဆောင်ရပါမည်။ (၁၇)နှစ်တိုင်တိုင် အခြေချ အဆင်းရဲခံ၍ တည်ဆောက်ခဲ့သော ‘သာသနာ့ဗိမာန်’တခု ဗုဒ္ဓဘာသာဝင်တိုင်း ထာဝရ ခိုလှုံနိုင်ရန် မပျောက်မပျက်ရအောင် စောင့်ရှောက် ထိန်းသိမ်းရမည်သာ ဖြစ်သည်။ ဆရာတော်အား ကြည်ညိုလေးစား အားထားကြသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထာဝရ တည်တန့်ခိုင်မြဲအောင် ၀ိုင်းဝန်းညီညာ ထိန်းသိမ်းကာဖြင့် ကျေးဇူးတုံ့ပြန် ဆပ်ကြရမည်သာ ဖြစ်သည်။

ဆရာတော်သည် ပုထုဇဉ်တဦးသာ ဖြစ်ပါ၏။ ‘သံယောဇဉ်’ဆိုသည်ကိုလည်း ဖြတ်တောက်နိုင်သေးသည် မဟုတ်ပါ။ အသက်အိုမင်းလှပြီဖြစ်သည့် ရဟန်းအမကြီးကို ပြန်လည် ကြွရောက်၍ တရားဓမ္မဆေးဖြင့် စိတ်အေးချမ်းမှုကို ပေးချင်ရှာသေးသည်။ ဆွေတွေမျိုးတွေကိုလည်း တွေ့ချင်မြင်ချင်ရှာသည်။ အသင့်အတင့် ကျန်းမာလာလျှင် သီတင်းကျွတ်တွင် မြန်မာပြည်ပြန်မည်ဟု ရည်ရွယ်ရင်း ရှိ၏။ စာပေတတ်ပွန် သာသနာ့ဝန်ထမ်း ရဟန်းဖြစ်၍ နေသည်မို့ သံယောဇဉ်ကြိုးရှုပ်ကို ထိန်းချုပ်ကာ အောင့်အည်းသည်းခံတော်မူခဲ့လေ၏။ ရဟန်းအမကြီးနှင့် ဆွေမျိုးသားချင်းများက ဆရာတော်၏ စိတ်ရင်းစေတနာကို သိ၍ ခွင့်လွှတ်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါ၏။

ဆရာတော် ဖြစ်ရာဘ၀မှာ ပြုံးပျော်နိုင်ပါစေ။

(၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် ‘မင်္ဂလာဂျာနယ်’ အတွဲ(၁) အမှတ်(၂)ပါ ‘အရှင်မဟောသဓပဏ္ဍိတ’၏ “သာသနာ့အာဇာနည်တပါး ဆုံးရှုံးရခြင်း” ဆောင်းပါး)

No comments: