ဗုဒ္ဓဘုရားရှင်ရဲ့ အာဝေနိကဂုဏ်တော် တစ်ဆယ့်ရှစ်ပါးထဲမှာ ထူးထူးခြားခြား မှတ်သားလောက်တဲ့ ဂုဏ်တော်တစ်ခုက “နတ္ထိ ဓမ္မဒေသနာယ ဟာနိ”တဲ့။
သတ္တဝါတို့အား မသိသေးတဲ့တရားတွေ သိရအောင်၊ မကြားဖူးတဲ့တရားတွေ ကြားရအောင်၊ မကျင့်ရဖူးသေးတဲ့ တရားတွေ ကျင့်ရအောင် ဟောပြောဖို့ရာ ဘယ်အခါမှ နောက်မဆုတ်ဘူးတဲ့။ ကြောင့်ကြ အမြဲတမ်း စိုက်၍ နေတယ်တဲ့။
အဲဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေဟာ ... အခြားအခြားသော ဂုဏ်တော်တွေဟာလည်း အင်မတန် အံ့သြဖွယ် ကြည်ညိုဖွယ် ကောင်းတယ် ... အဲဒီ ဂုဏ်တော်တစ်ခု စဉ်းစားလိုက်ရင် အတော်ပဲ လူ နတ် ဗြဟ္မာ သတ္တဝါတို့အပေါ်မှာ ကရုဏာကြီးလို့ သနားကြင်နာကြီး,ကြီးလို့ ခံစားရတယ်။
အဲဒါကြောင့် ကုသိုလ်ကောင်းမှု၊ ရတနာသုံးပါးနဲ့ဆိုင်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုတဲ့အခါကျရင် သေချာ တရားနာရတယ်။ တိုတိုဖြစ်စေ ရှည်ရှည်ဖြစ်စေ၊ တစ်လုံး မှတ်မိ မှတ်မိ၊ နှစ်လုံး မှတ်မိ မှတ်မိ။
ဘုန်းကြီးတို့ရဲ့ ဆရာတော်ဘုရားကြီးများ ဆုံးမလေ့ရှိတယ်။ တရားနာလာကြတဲ့ ပုဂ္ဂိုလ်တွေ တစ်ယောက်ဖြစ်စေ နှစ်ယောက်ဖြစ်စေ သုံးယောက်ဖြစ်စေ တရားဟောရမယ်တဲ့။ အချိန်ကာလကြည့်ပြီးတော့ တိုတဲ့အခါတို၊ ရှည်တဲ့အခါရှည်၊ သင့်တော်တဲ့တရားများ ဟောရမယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ ဆဓာတုရသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ပုဂ္ဂိုလ်တစ်ယောက်တည်းကို ချေချွတ်ချင်တာနဲ့ ဟိုး .. သမုဒ္ဒရာကမ်းခြေ သင်္ဘောပျက်လို့ ကမ်းနားရောက်ပြီး သောင်တင်နေတဲ့အခါကျတော့ သူ့ကို လူတွေက အဝတ်အစား မပါတော့ ရဟန္တာကြီးတစ်ပါး ထင်ပြီးတော့ ပန်းတွေနဲ့ ပူဇော်ကြ၊ အဝတ်အစားတွေနဲ့ ပူဇော်ကြ၊ စားစရာ သောက်စရာတွေနဲ့ ပူဇော်ကြ။
အဲဒီလို ပူဇော်ကြတဲ့အခါမှာ အဝတ်အစားတွေနဲ့ ပူဇော်လာတဲ့အခါကျတော့ အဝတ်အစားတွေကို လွှင့်ပစ်တယ်။ ... ငါ အဝတ်အစား မရှိလို့ သူတို့က ငါ့ကို ရဟန္တာကြီးတစ်ပါးထင်ပြီး ပူဇော်ကြတာပဲ။
အစားအသောက်တွေလည်းပဲ မစားဘူး။ တခါတည်း ထိလို့တောင် တို့လို့တောင် မကြည့်ဘူး။ ငါ အစား မစားဘဲ နေတယ်ထင်လို့ ငါ့ကို ရဟန္တာထင်ပြီး ပူဇော်ကြတာပဲ။ အဲဒီလို ထင်တယ်။
အဲဒီတော့ အဲဒီလို အမြင်မှားနေတဲ့ ‘ဗာဟိယ’ ခေါ်တဲ့ သာမည သင်္ဘောသားတစ်ယောက်။ အဲဒီ သင်္ဘောသားတစ်ယောက်ကို ဗုဒ္ဓဘုရားရှင်က ချေချွတ်ဖို့ရာ အဝေးကြီးကနေပြီးတော့ ကြွတော်မူလာတယ်။
ကြွတော်မူလာပြီးတဲ့အခါကျတော့ သူ့ကို ပန်းတွေရဲ့ကြားထဲမှာ၊ အဝတ်အစားတွေရဲ့ ကြားထဲမှာ၊ အစားအသောက်တွေရဲ့ ကြားထဲမှာ သူက ဟန်လုပ်ပြီးတော့ တခါတည်း ရဟန္တာလို ဆောင်နေတယ်။
ဗုဒ္ဓဘုရားရှင်က နာမည်ကို တိုက်ရိုက် ခေါ်လိုက်တယ်။
“ဗာဟိယ ... မင်း မှားနေပြီ၊ မင်း သက်သက် လိမ်ညာပြီးတော့ နေတာပဲ။ မင်းရဲ့ အတွင်းသန္တာန်ထဲမှာ လောဘ ဒေါသ မောဟတွေ အပြည့်ရှိရဲ့သားနဲ့ ရဟန္တာမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ရဟန္တာလို ဟန်ဆောင်နေရတာလဲ”လို့ ဗုဒ္ဓဘုရားရှင်က ဒီလို မေးတော်မူတယ်။
အဲဒီတော့ အဲဒီပုဂ္ဂိုလ်ကလည်း သာမည မဟုတ်ဘူး။
ကဿပဘုရားရှင်လက်ထက်တော်တုန်းက ဟိုး .. တောင်ပေါ်ကြီးတစ်ခုမှာ တက်ပြီးတော့ တရားအားထုတ်ကြတဲ့ မိတ်ဆွေခုနစ်ယောက်ထဲမှာ သူ တစ်ပါး ပါဝင်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေက တချို့ တချို့တော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ ဖြစ်ကြတယ်။ သူကတော့ ဘာမှ မဖြစ်ရှာဘူး။
မဖြစ်တော့ .. ဘုန်းကြီးတို့ ဗုဒ္ဓဂေါတမ ဘုရားရှင်လက်ထက်မှာ ပွင့်စရာရှိလို့ မြေ,ရေ,နေပူတို့နဲ့ တွေ့တဲ့အခါ ပွင့်မယ်လို့ ဆိုင်းငံ့ပြီးနေတဲ့ ကြာငုံကြီးလို တခါတည်း တည်နေတယ်။
သင်္ဘောသားအနေနဲ့ ပင်လယ်ထဲ လိုက်,လိုက်တာပဲ။ ရပ်ထဲရွာထဲမှာ လုပ်စရာရှိတဲ့ အလုပ်တွေလည်း ကူလီတို့ ဝန်ထမ်းတို့ လုပ်စရာရှိတာ အကုန် လုပ်လိုက်တာပဲ။ သူ့မှာ ဘာပညာမှ မတတ်ဘူး။
အဲဒီလို အနေအထားမှာ ဗုဒ္ဓဘုရားရှင်က ဒီလို စကားတစ်လုံး ပြောလိုက်တော့ တခါတည်း သတိရသွားတယ်။ ဟုတ်ပါလား .... သတိရသွားပြီးတော့မှ ...
အဲဒီတော့ ဗုဒ္ဓဘုရားရှင်က ဆက်လက်၍ တရားဟောတော်မူလိုက်ပါတယ်။
ဆဓာတုရသုတ်ဆိုတာ ဟောလိုက်တော့ ရဟန္တာဖြစ်သွားတယ်။
ဒါ .. ဘာဖြစ်လို့လဲဆိုတော့ ဟိုစဉ်အခါတုန်းက တရားကျင့်စဉ်အခါတုန်းက အားရပါးရ ကျကျနန သူကျင့်ထားတယ်။
ဘဝခြားသွားတော့ မေ့လျော့မှု ဝင်သွားတယ်။ လောကလူသားတွေမှာ အင်မတန် တော်တော် ကြောက်စရာ ကောင်းတယ်။ အဝိဇ္ဇာ တဏှာက ဘဝခြားသွားပြီဆိုရင် သူ့ကို မေ့သွားအောင် အကုန်လုံး မေ့ပျောက်သွာအောင် လုပ်ပစ်တယ်။
အဲဒီတော့ မေ့ပျောက်သွားပြီဆိုမှဖြင့် ဘယ်သူကမှ အစမဖော်ပေးရင် ဘာမှ မသိတော့ဘူး။ ဗုဒ္ဓဘုရားရှင်က အစဖော်ပေးလို့ သူသိသွားတယ်။ အဲဒါကြောင့်မို့လို့ “နတ္ထိ ဓမ္မဒေသနာယ ဟာနိ” တဲ့။ ဘုရားရှင်များမှာ တစ်ဆယ့်ရှစ်ပါးသော ဂုဏ်တော်တွေအနက် အဲဒီဂုဏ်တော်ဟာ အင်မတန် ကြီးကျယ်တဲ့ ဂုဏ်တော်ပဲ။
ဓမ္မဒေသနာယ - သတ္တဝါတို့အား တရားဟောတော်မူခြင်း အကျိုးငှာ။
ဟာနိ - ယုတ်လျော့နေတယ်၊ ပေါ့ပျက်နေတယ်၊ ချွတ်ယွင်းနေတယ်ရယ်လို့
နတ္ထိ - ဘယ်တော့မှ မရှိဘူးတဲ့။ တစ်ပါးတည်းလည်း သွားတာပဲ။
အဲဒါကြောင့် ဘုန်းကြီးတို့ရဲ့ ဆရာတော်ဘုရားကြီးများကလည်း အမိန့်ရှိတယ်။ တရားနာရအောင် ကျောင်းကို ရောက်လာပြီဆိုလို့ရှိရင် တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ၊ တရားမဟောဘဲ မနေကြနဲ့တဲ့။ ဓမ္မာသနပလ္လင်ပေါ် ကျကျနန တက်ပြီးတော့၊ ယပ်များ ကိုင်ပြီးတော့၊ ဓမ္မဂါရဝဖြစ်အောင်၊ တရားကို ရိုသေ လေးစားတတ်အောင်၊ ဒကာ ဒကာမတွေကလည်း တရားကို ရိုရိုသေသေ လေးစားတတ်ရမယ်၊ မိမိကိုယ်တိုင်ကလည်း တရားကို ရိုရိုသေသေ လေးလေးစားစား၊ ဘုရားရှင်ဟောထားတဲ့ တရားတော်ကို တစ်ကြောင်း တစ်ပါဒ၊ တစ်ပုဒ် တစ်ဂါထာကို သင်ကြားပေးရမယ်တဲ့။
အဲဒါကြောင့် ဒီသြဝါဒကို ဘုန်းကြီးတို့ကလည်း ခံယူပြီးတော့ အမြဲတမ်း ကျင့်သုံးတယ်။ ဘယ်နေရာပဲ ရောက်ရောက်၊ တခါတလေ နိုင်ငံခြားသား အမျိုးသား အမျိုးသမီးတွေ ရှိတယ်။ ဒီလိုပဲ ကျကျနန လေးလေးနက်နက် ဟောလေ့ ပြောလေ့ ရှိတယ်။
အေး ... ဒါကြောင့်မို့လို့ ရှေးက ဆရာတော်ကြီးတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်ကို အာရုံပြုပြီးတော့ကာ သီကုံးထားတဲ့ ဂါထာလေးတစ်ပုဒ် ရှိတယ်။ အလွန်တရာ မှတ်သားစရာ ကြည်ညိုစရာလည်း ကောင်းတယ်။
ဒါကို ရွတ်ပြမယ်။
ရတနော ရတနံ ဒါယီ၊ ဘာဇေတိ ရတနံ ဝရံ
ဂဏှန္တု ရတနတ္ထိကာ၊ သာသနေ ရတနာ ဃရေ။
ရတနော - သမ္ပတ္တိခေတ်ဟောင်း အဖြစ်ကောင်းနဲ့ ဆုံပေါင်းရာ သတ္တဝါဗိုလ်ခြေ နတ်လူအများ ခံစံစားတဲ့ ခုနစ်ပါးရတနာ ပြည့်စုံပါသဖြင့် ရတနာစုဝေး ရတနာသူဌေးကြီး ဖြစ်တော်မူပါပေထသော။
ဘယ်သူ့ကို ပြောတာလဲဆိုတော့ ... ဘုန်းကြီးတို့ ဘုရားရှင်ကို ပြောနေတာ။ အဲဒီ ဘုရားရှင်မှာ ရတနာတွေ အပြည့်အဝ ရှိတယ်တဲ့။ တရားရတနာတွေပေါ့။ ရေတွက်လို့ မကုန်နိုင်တဲ့ တရားရတနာတွေ ရှိတယ်။ ချုပ်လိုက်တော့ မဂ္ဂင်ရှစ်ပါးတို့၊ ဗောဇ္ဈင်ခုနစ်ပါးတို့။ အဲဒါနဲ့ ချုပ်လိုက်ရင် အကုန်ဝင်သွားတယ်။
အဲဒီတော့ အဲဒီ တရားတော်တွေကိုလည်း ဘယ်သူတွေ ဘယ်ဝါတွေမှ နာလို့ရသလဲဆိုတော့ ကံကောင်းသူတွေမှ နာလို့ ရပါတယ်တဲ့။
သမ္ပတ္တိခေတ် ခေတ်ကောင်းနဲ့ ကြုံပြီးတော့ ဘုရားသံ တရားသံ သံဃာသံ ရတနာသုံးပါးရဲ့ အသံတွေကို ကြားနေရတဲ့ ကြားနိုင်တဲ့ ခေတ်ကောင်းကြီးနဲ့ ဆုံတဲ့ သတ္တဝါတွေမှ နတ်လူသတ္တဝါတွေမှ နားထောင်လို့ ရပါတယ်တဲ့။ ဒါကို ဆိုလိုတယ်။
ရတနော - သမ္ပတ္တိခေတ်ဟောင်း အဖြစ်ကောင်းနဲ့ ဆုံပေါင်းရာ သတ္တဝါဗိုလ်ခြေ နတ်လူအများ ခံစံစားတဲ့ ခုနစ်ပါးရတနာ ပြည့်စုံပါသဖြင့် ရတနာစုဝေး ရတနာသူဌေးကြီး ဖြစ်တော်မူပါပေထသော၊ ဘုန်းကြီးတို့ ဘုရားရှင်။
ဒိပြင် ရတနာတွေ အသာလေးထားပြီးတော့ ယခုမှာ ... ခုနစ်ပါးရတနာ ထုတ်ပြီးတော့ ပြောလိုက်တယ်တဲ့။
ခုနစ်ပါးသော ရတနာ။ ဗောဇ္ဈင်ခုနစ်ပါး .. ရတနာခုနစ်ပါးကို ဆိုလိုတယ်။
အဲဒီတော့ အဲဒီပုဂ္ဂိုလ်မြတ်ကြီးဟာ ရတနာတွေနဲ့ ဘယ်လောက်ပင် ပြည့်စုံသော်လည်းပဲ လောကမှာဆိုရင် ပစ္စည်းဥစ္စာချမ်းသာပြည့်စုံသူများဟာ နည်းနည်း နှမြောတတ်တယ်။ သူများကို ဖဲ့ပြီးတော့ ပေးရမှာ ... အယုတ်ဆုံးအားဖြင့် သားတွေ သမီးတွေလည်း ပေးရမှာတောင် နှမြောတတ်တယ်။ မိသားစု ထမင်းစားသောက်နေတာတောင်မှ တခါတလေ ကိုယ်တစ်ယောက်တည်း ဝှက်ပြီးတော့ စားတယ်။ ဇနီးမယားကို မပေးလိုဘူး။ သားသမီးတွေကို မကျွေးလိုဘူး။ အဲဒါတွေ ရှိတယ်။
တို့ ဗုဒ္ဓဘုရားရှင်ဟာ ရတနာသူဌေးကြီးဖြစ်တဲ့ ဘုရားရှင်ဟာ ဒီလိုသဘောမျိုး မဆောင်ဘူးတဲ့။
ရတနံ ဒါယီ - အမြိုက်ရတနာ ထူးလှစွာကို တွယ်တာငဲ့ကွက် မစုံမက်ဘဲ ရက်ရက်ရောရော နှမြောမတွန့် ပေးစွန့်ခွဲဝေလေ့ရှိတော်မူပါပေထသော။
သူ့မှာ ရှိတဲ့ ရတနာတွေကို နတ်လူတွေ လာကြဟေ့။ ပြီးတော့ ဘယ်ရတနာ ခံစားချင်သလဲ။ ဘယ်ရတနာ လိုချင်ကြသလဲ။ ရွှေ ငွေ ရတနာ ပုလဲ အစရှိတဲ့ ရတနာတွေထဲက ကြိုက်တဲ့ ရတနာ ရွေးကောက်သလို တရားရတနာတွေထဲက မင်းတို့ ကြိုက်တာတွေ ရွေးကောက်ကြလို့ တခါတည်း ခွဲဝေပြီးတော့ ပေးနေတယ်တဲ့။
ရတနံ ဒါယီ - အမြိုက်ရတနာ ထူးလှစွာကို တွယ်တာငဲ့ကွက် မစုံမက်ဘဲ ရက်ရက်ရောရော နှမြောမတွန့် ပေးစွန့်ခွဲဝေလေ့ရှိတော်မူပါပေထသော။
သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ ဂေါတမဆိုတဲ့ နာမထင်ပေါ် ရတနာသူဌေးကြီး ပုဂ္ဂိုလ်ကျော်ကြီးသည်။
ရတနံ ဝရံ - သတိခေါင်ချုပ် သမာဓိနှင့် အုပ်၍ သမ္ဗုဒ္ဓအင်္ဂါ ခုနစ်ဖြာသတ်မှတ် ဗောဇ္ဈင်ခေါ်တဲ့ ရတနာတော်အမြတ်ကို။
ဘာဇေတိ - ကရုဏာရှေးပြေး မေတ္တာတော်ကြည်အေးဖြင့် မြတ်လေး ရေးယူ ပေးဝေတော်မူခဲ့ပါလေပြီ။
တရားပေးဝေပြီးတော့ နေပါတယ်တဲ့။
တရားပေးဝေပြီးတော့ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီးတဲ့အခါကျတော့ ဒီရတနာတွေ ကုန်သွားပလား၊ ပျောက်ပျက်သွားပလားလို့ဆိုတော့၊ မကုန်ဘူးတဲ့။ ရတနာတိုက်ခန်းကြီးထဲ ထည့်ပစ်ခဲ့တယ်တဲ့။
ရတနာဃရ သာသနေ - ရွှေငွေမြသား ပြလိုငြားနဲ့ ပတ္တမြား စိန်ခဲ တွင်းထွက်ရတနာမကအောင် လွန်စွာထူးခြား တရားရတနာ မြတ်ဥစ္စာတို့ မခြားအောက်ထက် ရောယှက်စုံပြန့် သာသနာတော်ကြီးဟူသော ရတနာတိုက်ခန်းကြီးထဲ၌။
ဘယ်ထဲမှာ ထားခဲ့သလဲဆိုတော့၊ သာသနာဆိုတဲ့ ရတနာတိုက်ခန်းကြီးထဲမှာ ထားပစ်ခဲ့တယ်တဲ့။
ဘုန်းကြီးတို့ ယခု ... သာသနာ့ဝန်ထမ်းတွေဟာ အဲဒီ ရတနာတိုက်ခန်းကြီးကို စောင့်နေကြရတဲ့ ရတနာတိုက်အစောင့်တွေပဲ။ စောင့်လည်း စောင့်တယ်။ မိမိတို့လည်း ခံစားတယ်။ သူတပါးတို့အားလည်း ဝေငှတယ်။ အဲဒီ ရတနာတိုက်ကြီးမှာ -
ရတနတ္ထိကာ - မြတ်ထက်ရာ မြင့်ထက်မြင့် အဆင့်ဆင့် စွဲသုံး ရတနာတော်အမြတ်ဆုံးကို သိမ်းကျုံးယူငင် ဖြန့်လင့်လိုလား နတ်လူအများ တပည့်သားတို့သည်။
တံ ရတနံ ဝရံ - သတိခေါင်ချုပ် သမာဓိနှင့်အုပ်၍ သမ္ဗုဒ္ဓအင်္ဂါ ခုနစ်ဖြာသတ်မှတ် ဗောဇ္ဈင်ခေါ်တဲ့ ထိုရတနာတော်မြတ်ကို။
ဂဏှန္တု - ကံကြမ္မာမြင့်သည့်အခိုက် ရနိုင်တဲ့ အခွင့်တွေ ဆိုက်သဖြင့် သိမ်းပိုက်လှမ်းချူ အရယူလိုက်ကြကုန်ရာသတည်း။
သာဓု ... သာဓု ... သာဓု။
အင်မတန် အနှစ်သာရပါတဲ့ ဂါထာပဲ။ အနက်အဓိပ္ပာယ်လည်း အင်မတန် ကောင်းတယ်။
ရတနာတည်းဟူသော ရတနာတွေကို အပြည့်အဝ အပြည့်အနှက် တခါတည်း ထည့်စွက်ပြီးတော့ အထက်နဲ့အောက် မခြားလောက်အောင် ထားထားတဲ့ ရတနာကြီး၊ သိုမှီးထားတဲ့ ရတနာကြီး။
အဲဒီ ရတနာတွေက လောကလူသားတွေ သိနေကြတဲ့ ရွှေငွေမြသား ပြလိုငြားနဲ့ ပတ္တမြား စိန်ခဲ တွင်းထွက်ရတနာ မကလောက်အောင်။ အဲဒီရတနာတွေနဲ့ နှိုင်းစာကြည့်မယ်ဆိုလို့ရှိရင် နည်းနည်းမှ နှိုင်းလို့ မရဘူးတဲ့။
ရွှေတို့ ငွေတို့ ကျောက်သံပတ္တမြားတို့ အဲဒါတွေက ရန်သူမျိုး ၅-ပါးနဲ့ နီးစပ်နေတယ်။ လူ အင်မတန် ကြိုက်တယ်တဲ့။ ရတနာတွေ တွေ့ပြီဆိုလို့ရှိရင် ရတနာလိုချင်တာနဲ့ လူကို သတ်သွားတယ်။ အိမ်တွေ မီးရှို့သွားတယ်။ ကိုးယိုးကားယားတွေ အကုန်လုပ်သွားတာ ဘာမှ မငဲ့မညှာဘဲနဲ့ အလုပ်ခံရတတ်တယ်။
ဘာကြောင့်လဲလို့ဆိုတော့ ရတနာရှိနေလို့တဲ့။
ဗုဒ္ဓရတနာက အဲဒီလို ရတနာမျိုး မဟုတ်ဘူးတဲ့။ လုယူလို့လည်း မရဘူး၊ ဓားပြတိုက်ယူလို့လည်း မရဘူးတဲ့။ အဲဒီရတနာတွေထက် ဘယ်ဘက်က ကြည့်ကြည့် အင်မတန် တန်ဖိုးရှိတဲ့ ရတနာတဲ့။
အဲဒါ ခုနတုန်းက ရတနာတိုက်ခန်းကြီးရဲ့အကြောင်းလို့ ဆိုတဲ့ နေရာမှာ ရွှေငွေမြသား ပြလိုငြားနဲ့ ပတ္တမြား စိန်ခဲ တွင်းထွက်ရတနာ မကလောက်အောင် လွန်စွာထူးခြား တရားရတနာ မြတ်ဥစ္စာတို့ မခြားအောက်ထက် ရောယှက်စုံပြန့် သာသနာတော်ကြီးဟူသော ရတနာတိုက်ခန်းကြီးထဲ၌။ အဓိပ္ပာယ်ပေါက်သွားပြီ ... နားလည်သွားပြီ။
ဒီတော့ သာသနာတော်ကြီး ရှိနေသမျှ ကာလပတ်လုံး တို့မှီခိုရမယ်တဲ့။ သာသနာတိုက်ခန်းကြီးထဲ ချဉ်းကပ်ပြီးသကာလ ရတနာတိုက်ခန်းကြီးထဲက ရနိုင်တဲ့ ရတနာတွေ တို့ လက်လှမ်းမီသမျှ ယူရမယ်။ ပန်ဆင်ရမယ်။ သုံးစွဲရမယ်တဲ့။ အဲဒါကို ဆိုလိုတယ်။
အဲဒီထဲမှာ ခုနတုန်းက ပြောခဲ့တဲ့အထဲမှာ သမ္ပတ္တိခေတ်ဟောင်း အဖြစ်ကောင်းနဲ့ ဆုံပေါင်းရာ သတ္တဝါဗိုလ်ခြေ ... အဲဒါတွေကလည်း ဒီစကားလုံးလေးကလည်း အင်မတန် အရေးကြီးတယ်။
ဒီ ကံမကောင်း အကြောင်းမလှပလားဆိုမှဖြင့် ဘုရားပွင့်တော်မူတဲ့ သာသနာတော်ကြီးနဲ့ ကြုံပင် ကြုံငြားသော်လည်းပဲ ဗုဒ္ဓဆိုတာ ကြားလည်း မကြားဖူးဘူး၊ နားလည်း မလည်ဘူး။ ပြီးတော့ နားလည်သည်တိုင်အောင်လည်းပဲ ကျင့်ချင် ကြံချင်တဲ့ ဆန္ဒ မရှိကြဘူးတဲ့။
ဒီနိုင်ငံတွေမှာ ... သြစတြေလျမှာ တွေ့တယ်။ ဆွစ်ဇာလန်မှာ တွေ့ဖူးတယ်။ အဲဒီလို ... ရှေးကတုန်းက ဗုဒ္ဓဘာသာဆိုတာ ကြားတော့ ကြားဖူးတယ်။ ဘာမှန်း မသိဘူး။ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်းနိုင်ငံက ဖြစ်ထွန်းတဲ့ အင်မတန် ကောင်းမြတ်တဲ့ religion တစ်ခုပဲလို့ ဒီလို ကြားဖူးတယ်။ ဒါပေမယ့် ဘာဆိုတာကိုတော့ မသိဘူး။
ဒီတော့ ဗုဒ္ဓနေ့ ... ကဆုန်လပြည့် ဗုဒ္ဓနေ့ ပင့်လို့ ဘုန်းကြီးလည်း ပါတယ်။ သီဟိုလ်ဆရာတော် အရှင်သဒ္ဓါတိဿဆိုတာလည်း ပါတယ်။ အဲဒါ .. သွားကြတဲ့အခါကျတော့ ဆရာတော်သဒ္ဓါတိဿက သူက အင်္ဂလိပ်လို တရားဟောတယ်။ ဘုန်းကြီးက မေးချင်တဲ့ မေးခွန်းတွေကို ဒိုင်ခံပြီးတော့ ဖြေရတယ်။
အဲဒီအခါမှာ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဗုဒ္ဓဘာသာဆိုတာ ဘာလဲ ဆိုတော့ ... ခုနက တရားဟောတဲ့အထဲမှာ အတော်အတန်တော့ ပါသွားပြီ။ ဒါပေမယ့် စပ်ရာ စပ်ရာလေးသာ နည်းနည်း နည်းနည်း ပါသွားတဲ့အခါကျတော့ မပြည့်စုံဘူးပေါ့။
အဲဒီတော့ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ ဗုဒ္ဓတရားတော်ထဲမှာ အရေးကြီးဆုံးသော အချက်သည် ဘာတွေလဲ။
အဲဒီလိုဆိုတော့ ဘုန်းကြီးက ကောက်နုတ်ချက်လေးတွေ နည်းနည်း နည်းနည်း သူတို့ သဘောပေါက်အောင် ရှင်းလင်း ပြောပြတယ်။
အဲဒီအခါကျတော့ သြော် ... ဒါတွေ ကျုပ်တို့ တခါမှ မကြားဖူးဘူး၊ ကျွန်မတို့ တခါမှ မကြားဖူးဘူးတဲ့။
တယ် ... မွန်မြတ်တဲ့ဟာတွေပဲ။ နားထဲမှာ ကြားရတာတောင်မှ အင်မတန် အရသာရှိတယ်တဲ့။ ကိုယ်တိုင် သိရှိပြီးသကာလ ကျင့်သုံး ဆောက်တည်လိုက်ရင် ကောင်းမှာပဲတဲ့။ အဲဒီလို ပါးစပ်က ထုတ်ဖော် ပြောကြတဲ့ အမျိုးသားကြီးတွေ အမျိုးသမီးကြီးတွေ တွေ့ရတယ်။ တွေ့ခဲ့ရတယ်။ အဲဒါ ဆွစ်ဇာလန်မှာ ဗုဒ္ဓနေ့ ကျင်းပတဲ့အခါ။ ဒီ သြစတြေလျမှာတော့ မကြာ မကြာဘဲ ဒီလို ပုဂ္ဂိုလ်တွေ တွေ့ရတယ်။ အခုခေတ်မှာဆိုလို့ရှိရင် သြစတြေလျက ယောက်ျားတွေ မိန်းမတွေ ဗုဒ္ဓဘာသာဖြစ်လို့ ဗမာပြည်သွား,သွားပြီး တရားကျင့်နေကြတာ အများကြီး ရှိတယ်။
အဲဒီတော့ ဗုဒ္ဓတရားတော်ဟာ ဖြန့်ဖြူးတဲ့ ပုဂ္ဂိုလ်ကလည်း ရှိမှ၊ သာသနာတော်ကြီး ရှိနေတယ်။ ရတနာတွေ သိုလှောင်ထားတဲ့ သာသနာတော်တည်းဟူသော ဒီရတနာတိုက်ခန်းကြီး ရှိတယ်ဆိုတာလည်း လူသိအောင် ကျေညာပေးဖို့ လိုတယ်။
အဲဒါကြောင့် အရေးကြီးတယ်။
ဗုဒ္ဓဘုရားရှင် လက်ထက်တော်တုန်းကတော့ လူတွေက ကံကောင်းကြတာကိုး။ ခုနက သမ္ပတ္တိခေတ်ဟောင်းဆိုတဲ့အတိုင်း ကံကောင်းကြတာကိုး။
ပြီးတော့ လူရယ်လို့ ဖြစ်လာလို့ရှိရင် သာဝတ္ထိပြည်မှာလို ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် စာအဆိုကတော့ ကုဋေတောင်ကျော်တယ်လို့ ပြောတာပဲ ... လူဦးရေက။ အဲဒီ သာဝတ္ထိပြည်ကြီးမှာ အဲဒီလူတွေဟာ သောတာပန်ကဦးရေ မည်ရွေ့မည်မျှ၊ သကဒါဂါမ် အနာဂါမ် ဦးရေ မည်ရွေ့မည်မျှလို့ စာရင်းတင်ထားတာ စာတွေထဲမှာ တွေ့ရတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါမှမဟုတ် ကားပြီးတော့ ပြောထားတာ ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါပေမယ့် လူအများစုတွေဟာ ဗုဒ္ဓတရားတော်ကို နှစ်နှစ်ခြိုက်ခြိုက် ခံယူကြတယ်။
နေ့ ... နေ့မို့လို့ တရားနာရအောင် သွားကြတယ်။ မနက်ဆိုလို့ရှိရင် မနက်စောစော အလုပ်မဝင်ခင် ဘုရားကျောင်းသွားပြီးတော့ ပန်းလေး ဆီမီးလေး ကိုင်ပြီးသကာလ သွားကြတယ်။
နောက်ပြီးတော့ ညနေကျတော့လည်း ထို့အတူပဲ။ ညနေ အလုပ်က ပြန်လာပြီး စားသောက်ပြီးပြီဆိုလို့ရှိရင် ဘုရားရှင်မျက်နှာတော်ကြီး ... ဘာမှ တရားတွေ ဘာတွေ မနာရသော်လည်း ဘုရားရှင်ရဲ့ မျက်နှာတော်ကြီး ဖူးတွေ့ရအောင်ဆိုပြီးတော့ သွားကြတယ်တဲ့။ သိပ်ပြီးတော့ ကြည်နူးစရာ သိပ်ကောင်းတယ်။
အဲဒါ ဘုန်းကြီးတို့ စာပေတွေထဲမှာ ဂါထာလေးတစ်ပုဒ် ရှိတယ်။ အလင်္ကာကျမ်းစာတွေထဲမှာ။ သာမညပုဂ္ဂိုလ် ရေးတော့ ရေးထားတာပဲ။ ရေးထားတဲ့ ပုဂ္ဂိုလ်က သိပ်ထူးခြားတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး။
ဒါပေမယ့် အဓိပ္ပာယ် ကောင်းလွန်လွန်းလို့။
ပဿန္တာ ရူပဝိဘဝံ၊ သုဏန္တာ မဓုရံ ဂိရံ
စရန္တိ သာဓူ သမ္ဗုဒ္ဓ၊ ကာလေ ကေဠိပရံမုခါ။
သမ္ဗုဒ္ဓကာလေ - ရှင်တော်ဘုရား သက်တော်ထင်ရှား ပွင့်တော်မူစဉ်ကာလများက။
သာဓူ - သူတော်ကောင်းဓလေ့နဲ့ သိမ်မွေ့ယဉ်ကျေး အစဉ်အေးကြတဲ့ ရင်သွေးတော်များ ယောက်ျားမိန်းမ ဟူသမျှတို့သည်။
ရူပဝိဘဝံ - သုံးဆယ့်နှစ်သွယ် တင့်တယ်ထင်ရှား လက္ခဏာတော်များနှင့် ကြွားကြွားဝင့်ဝင့် ရွှန်းတင့်သပ္ပာယ် လွန်တင့်တယ်တဲ့ ဘုရားရှင်၏ ရွှေရုပ်ပုံတော်ကို။
ပဿန္တာ - ရှိခိုးဦးချကာ ဖူးမဝနိုင်ဘဲ ဆုမြတ်ကော်ရော်ကြကုန်လျက်။
မဓုရံ ဂိရံ - သန့်ရှင်းချိုမြရုံမကဘဲ ရှစ်ဝအင်္ဂါ ပြည့်စုံပါသဖြင့် သာယာချိုမြ နားဝချမ်းသာတဲ့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော တရားတော်သံကို။
သုဏန္တာ - ရွှေနားထဲပင် ပန်းအသွင်သို့ ပန်ဆင်သောအား နှစ်ခြိုက်စွာ နာကြားကြကုန်လျက်။
ကေဠိပရံမုခါ - ပျော်ပွဲရွှင်ပွဲ မျက်နှာလွှဲကြကုန်သည်ဖြစ်၍။
စရန္တိ - တန်ဆောင်းဇရပ် ကျောင်း ပြာဿာဒ်တွေနဲ့ လျောက်ပတ်စုံညီ ပန်းမျိုးတွေ အထူးယှဉ်တဲ့ ဥယျာဉ်နှင့် ရေကန်နဲ့ ပရမေ အရဟံ လျောင်းရွှင်လန်းတဲ့ ဇေတဝန်ခေါ် ကျောင်းသင်္ခန်းဆီသို့ ပန်းမာလ်ဆီမီး အသီးသီးဆွဲကာ အမြဲပင် သွားလာလေကြကုန်သတည်း။
သာဓု ... သာဓု ... သာဓု။
အဲဒါ ဗုဒ္ဓဘုရားရှင်လက်ထက်ကို လှမ်းမျှော်ပြီး ကြည့်တာ။
ဒါ သမ္ပတ္တိခေတ်မှ တကယ့်အစစ်ပဲ။
အဲဒီလို သမ္ပတ္တိခေတ်နဲ့ ကြုံတဲ့အခါ ... ဟိုး ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အဲဒါ ကျောင်းသားဘဝ၊ ကိုရင်တောင် မဖြစ်သေးဘူး။ ကျောင်းသားငယ်လေး ဘဝ။
အဲဒါ ဘုန်းကြီးတို့ အစ်မတွေက ဓမ္မစကြာတွေ ရွတ်လို့။ ပြီးတော့ အနတ္တလက္ခဏသုတ်တွေ ရွတ်လို့။ ကျောင်းသွား သွားပြီးတော့ မိန်းကလေးတွေ စုဝေး စုဝေးပြီးတော့သကာလ အဲဒီ သုတ်တွေ ရွတ်ကြတယ်။ ရွတ်ဖတ်ကြတယ်။ လူတွေ ကျိတ်ကျိတ်တိုးပဲ။ အဲဒီ သူတို့ လပြည့်လကွယ် လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်ဆိုလို့ရှိရင် အဲဒီမှာ သွားပြီးတော့ ဝတ်ရွတ်ကြတယ်။
ကလေးတွေကလည်း ဘာရယ်လို့ မသိဘူး။ ဘုန်းကြီးတို့က ငယ်ငယ်လေး ရှိသေးတာကိုး။ ခုန်ပေါက် ပြေးလွှားပြီး အစ်မတွေကြားမှာ လိုက်ပါ ပျော်နေတာပဲ တခါတည်း။ အဲဒီတော့ အဲဒီခေတ်ကလည်းပဲ အင်မတန် အေးဆေးငြိမ်သက်တဲ့ သမ္ပတ္တိခေတ်ပဲ။
အဲဒီတော့ ယောက်ျားတွေရော မိန်းမတွေရော လူကြီးတွေရော။ ဘုန်းကြီးတို့ ဒကာကြီးများဆိုလို့ရှိရင် အဘိဓမ္မာ အင်မတန် အပြောအဆို ကောင်းတယ်။ အဘိဓမ္မာလည်း အတော်လေး နားလည်တယ်။ အဲဒီတော့ အိမ်မှာ လူတွေ စုပြီးတော့ အဘိဓမ္မာတရားတွေ ဆွေးနွေးကြ။ ဒကာကြီးတွေ ဒကာမကြီးတွေ အိမ်ကနေပြီးတော့ အမေလုပ်တဲ့လူက တခါတည်း ငါးခြောက်တို့ လက်ဖက်ရည်တို့နဲ့ ဧည့်ခံရတယ်။ ဒကာကြီးက တခါတည်း အဘိဓမ္မာတရားတွေ ဟောပြောလို့။ နားထောင်လို့ သိပ်ကောင်းတာပဲ။ ဘာတွေ ပြောမှန်းတော့ မသိဘူးပေါ့။ ဘုန်းကြီးတို့က ကလေးကိုး။ အဲဒါတွေကို တခါတရံ ပြန်ပြောင်းပြီး စဉ်းစားမိလိုက်တဲ့အခါ သိပ်ပြီးတော့ ကြည်နူးစရာကောင်းတာပဲ။
ဟိုစဉ်အခါတုန်းက တို့မြန်မာနိုင်ငံကြီးဟာ သာသနာတော် အင်မတန် ဖွံ့ဖြိုးတာပဲ။ အဲဒါတွေ သွား သွား သတိရတယ်။
အဲဒါကြောင့်မို့လို့ ခုနပြောခဲ့တဲ့ စကားထဲမှာ သမ္ပတ္တိခေတ်ဟောင်း အဖြစ်ကောင်းနဲ့ ဆုံပေါင်းရာ သတ္တဝါဗိုလ်ခြေ နတ်လူအများ ပျော်ခံစားတဲ့ ခုနစ်ပါး ရတနာ၊ ခံစံစားတဲ့ ခုနစ်ပါးရတနာ အဲဒီ ရတနာခုနစ်ပါးဆိုတဲ့ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်။ ဗောဇ္ဈင်ခုနစ်ပါး တရားတော်တွေကိုတဲ့ အဲဒီဗောဇ္ဈင် ခုနစ်ပါး တရားဆိုတဲ့ ရတနာတွေကို လက်လှမ်းမီသလောက် နားလည်သလောက် အားထုတ်နေကြတယ်တဲ့။
ဒီတော့ ဗောဇ္ဈင်ဆိုတာ အတိုချုပ်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ဗောဇ္ဈင်ဆိုတာ ဗောဓိ + အင်္ဂ = Factors of the wisdom, Factors of the Enlightenment အဲဒါ ဗောဇ္ဈင်လို့ ခေါ်တယ်။ အားလုံးပေါင်း ခုနစ်ပါး ရှိတယ်။
သူက ဗောဓိဉာဏ်ရဲ့ အစိတ်အပိုင်းတွေ၊ အင်္ဂါရပ်တွေ။ တစ်ခုစီ တစ်ခုစီဟာ ဗောဓိဉာဏ်ရဲ့ အင်္ဂါရပ်တွေတဲ့။
ဗောဓိဉာဏ်ရချင်တဲ့ ပုဂ္ဂိုလ်များ .. အဲဒီတရား ခုနစ်ပါးကို တစ်ခုစီ တစ်ခုစီ ကျကျနန အားထုတ်တဲ့။ တစ်ခုပြီးတော့ တစ်ခုတော့ မဟုတ်ဘူးပေါ့လေ။ တချို့ဟာတွေကျတော့ နှစ်ခု သုံးခု တွဲပြီးတော့ အားထုတ်ရတယ်။
သတိရယ်, သမာဓိရယ်, ဝိရိယရယ်။ အဲဒီသုံးခုက အမြဲတမ်း တွဲနေရတယ်။ အဲဒီ ဗောဇ္ဈင်သုံးပါးဟာ အမြဲတမ်း တွဲပြီးတော့ အဲဒါ အားထုတ်သွားလို့ရှိရင် ယခု ဘဝမှာတင် စိတ်ချမ်းသာ ကိုယ်ချမ်းသာကို ရမယ်။
ဗမာပြည်မှာ တရားထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေ ဗောဇ္ဈင်ခုနစ်ပါးထဲက လျော်တဲ့ ဗောဇ္ဈင်တွေ အားထုတ်နေကြတယ်။ သတိမှတ်နေတယ်။ ကမ္မဋ္ဌာန်းသွားထိုင်တယ်ဆိုတာ သတိလေးနဲ့ မှတ်နေတယ်။ ထွက်သက်ဝင်သက်လေး မှတ်နေတယ်။ သတိသမ္ဗောဇ္ဈင်။
ပြီးတော့ လုံ့လ ဝိရိယနဲ့ ငါ ဒီ ၁၀-မိနစ်၊ ၁၅-မိနစ်၊ မိနစ် ၂၀၊ နာရီဝက်အတွင်း မထဘူး။ တခါတည်း မလှုပ်ဘူး ... ကျကျနန ဒီ ထွက်သက်ဝင်သက်လေးကို သိအောင် မြင်အောင် နားလည်အောင် ငါ မှတ်မယ်ဆိုပြီးတော့ နာရီဝက်အတွင်းမှာ မလှုပ်ဘူး၊ မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် မှတ်ပြီး နေတယ်။ ဒါ ဝိရိယသမ္ဗောဇ္ဈင် ခေါ်တယ်။
အဲဒီလို မှတ်ပြီး နေလိုက်တဲ့အခါကျတော့ စိတ်တွေ ကြည်ပြီးတော့ ငြိမ်သက်သွားတယ်။ ယောက်ျားလေးတွေ တချို့ ငယ်ငယ်လေးတွေ ရှိသေးတယ် ... ကျောင်းသားလေးတွေ။ တချို့ မိန်းကလေးတွေ .. ငယ်ငယ်လေးတွေ ရှိသေးတယ်။ တရားအားထုတ်နေကြတာ။ သူတို့မျက်နှာလေးတွေ ကြည့်ရတာ ကြည်ကြည်လင်လင်လေးတွေ။ စိုက်ပြီးတော့ အားထုတ်နေကြတယ်။
အေး ... အဲဒါ ဗမာပြည်မှာတော့ ခုထိ ဒီကျင့်ဝတ်တွေ ရှိနေသေးတယ်။
အဲဒီလို သတိရယ် သမာဓိရယ် ဝိရိယရယ် ဒီသုံးပါး ပါလာပြီဆိုလို့ရှိရင် ဘာဖြစ်လာလဲလို့ဆိုတော့ စိတ်ထဲမှာ ကြည်လင်မှုတွေ အေးချမ်းမှုတွေ ပေါ်လာတယ်။ အေးချမ်းမှုဆိုတာ ပဿဒ္ဓိလို့ ခေါ်တယ်။ အေးလာတယ် ... နောက်ပြီးတော့ ကြည်လင် ရွှင်ပျလာတယ်။ ဒီ ရွှင်လန်းခြင်းခေါ်တဲ့ ပီတိတွေ ပေါ်လာတယ်။ အဲဒါ ခုနတုန်းက သတိ သမာဓိ ဝိရိယတွေရဲ့ အကျိုးဆက်တွေပဲ။ အဲဒါတွေ ပေါ်လာတယ်။
ပေါ်လာပြီးတဲ့အခါကျတော့ သတိ သမာဓိ ဝိရိယ၊ ပဿဒ္ဓိရယ်၊ ပီတိရယ် ပေါ်လာပြီးတဲ့အခါ နောက် အဆင့်အတန်း ခပ်မြင့်မြင့်ဟာ ဘာလဲဆိုတော့ ဥပေက္ခာဆိုတာ။ Neutrality။
ဟိုဘက် ဒီဘက် မယိမ်းမယိုင်ရအောင် စိတ်ကလေးကို ငြိမ်ငြိမ်သက်သက် ချိန်ညီနေအောင် ချထားနိုင်တဲ့ သဘောတရားလေးဟာ ဥပေက္ခာလို့ ခေါ်တယ်။ အဲဒါ ဥပေက္ခာသမ္ဗောဇ္ဈင်။
ဒီတော့ ချိန်ညီပြီးတော့ နေတယ်ဆိုတဲ့ဥစ္စာ In order to get the well balance of the mind, we are practising the meditation.
ငါတို့ တရားအားထုတ်နေကြတာ ဘာဖြစ်လို့လဲ ဘာအလို့ငှာလဲဆိုတော့ကာ အဲဒီလို ချိန်ညီနေတဲ့ စိတ်ကလေးကို ရအောင်တဲ့။
အဲဒီတော့ ချိန်ညီနေတယ်ဆိုတာလေးကို တစ်ချက် အဓိပ္ပာယ်ရှင်းစမ်းပါအုန်းဆိုလို့ရှိရင် Not to be effected by attaching hatred.
စိတ်တွေဟာ အများအားဖြင့် လောဘနဲ့ ဒေါသ ခဏ ခဏ လာပြီးတော့ တိုက်ရောက်တတ်တယ်။
လောဘတွေ ဒေါသတွေ လာတိုက်ရောက်ပြီဆိုလို့ရှိရင် လောဘက တိုက်ရောက်သွားပြီဆိုလို့ရှိရင် ဒီလောဘကနေပြီးတော့ စိတ်ကလေး ဖြောင့်ဖြောင့်မတ်မတ် ရှိတာကို သူက ဟိုဘက်ကောက်သွားအောင် သူက လုပ်လိုက်တယ်။
နောက်တစ်ခါ ဒေါသက ဝင်လာပြန်ပြီဆိုလို့ရှိရင် ဒေါသက ဟိုဘက်ခြမ်းက နေပြီး ဒီစိတ်ကလေးကို ကောက်သွားအောင် လုပ်လိုက်တယ်။ အဲဒီလို စိတ်ကလေးကို ဖြောင့်ဖြောင့်မတ်မတ် မရှိအောင် လောဘနဲ့ ဒေါသက အများအားဖြင့် ကပ်ပြီးတော့ နှိပ်စက်တတ်တယ်။
အဲဒီဟာနှစ်ခု မထိမခိုက်၊ ထိထိခိုက်ခိုက် မနှိပ်စက်နိုင်အောင် စိတ်ကလေးကို ငြိမ်ငြိမ်သက်သက် ထားနိုင်တဲ့ သဘောလေးဟာ ဥပေက္ခာလို့ ခေါ်တယ်။
well balanced mind။ အဲဒီ well balanced mind ဟာ ဘာရှိမှလဲဆိုတော့ သမာဓိရှိမှတဲ့။ concentration ရှိမှ။ On the base of the concentrated mind, you can have the well balanced mind.
အဲဒီတော့ သမာဓိဆိုတာသည် ကျကျနန တည်မှ စိတ်ကလေးဟာ balance ဖြစ်လာတယ်။ လောဘကြောင့်လည်း မတုန်လှုပ်ဘူး။ ဒေါသကြောင့်လည်း မတုန်လှုပ်ဘူး။ အဲဒါ ဥပေက္ခာခေါ်တယ်။
အဲဒီလေးဟာ ဒီမှာနေတုန်း တရားအားထုတ်လို့ ရတယ်။ အားတဲ့ အချိန်အခါလေးမှာ အိပ်ရာ မဝင်ခင် သို့တည်းမဟုတ် အိပ်ရာထ ၁၀-မိနစ် ၁၅-မိနစ်ကနေ စပြီး နာရီဝက် တစ်နာရီ စပြီး မိမိတို့ အချိန်အားရှိသလောက် တရားအားထုတ်သွားရင် ဗုဒ္ဓဘုရားရှင် ပေးဝေပြီးတော့နေတဲ့ ဗောဇ္ဈင်ခုနစ်ပါးတရားကို စွဲသုံးရလိမ့်မယ်တဲ့ ... သုံးစွဲရလိမ့်မယ်တဲ့။
သုံးစွဲရတဲ့အတွက် ခုနတုန်းက ဂါထာထဲမှာ ပါသွားတဲ့ နောက်ဆုံးစကားလိုပေါ့လေ ... ရနိုင်တဲ့အခွင့်တွေ ရှိနေတုန်း ကြိုးစားအားထုတ်ပြီး အရယူကြပါ။ အဲဒီလို ဆိုလိုပါတယ်။
အဲဒီ ဂါထာလေးကို ပြန်ပြီးတော့ နားထောင်။
အနက်ကတော့ ဘုန်းကြီး ပေးထားတာ။
ပါဠိကတော့ ရှေးက ဆရာတော်ကြီးတွေ ရေးထားတာ။
ရတနော ရတနံ ဒါယီ၊ ဘာဇေတိ ရတနံ ဝရံ
ဂဏှန္တု ရတနတ္တိကာ၊ သာသနေ ရတနာ ဃရေ။
ရတနော - သမ္ပတ္တိခေတ်ဟောင်း အဖြစ်ကောင်းနှင့် ဆုံပေါင်းရာ သတ္တဝါဗိုလ်ခြေ နတ်လူတွေအများ ခံစံစားတဲ့ ခုနစ်ပါးရတနာ ပြည့်စုံပါသဖြင့် ရတနာစုဝေး ရတနာသူဌေးကြီး ဖြစ်တော်မူပါပေထသော။
ရတနံ ဒါယီ - အမြိုက်ရတနာ ထူးလှစွာကို တွယ်တာငဲ့ကွက် မစုံမက်ဘဲ ရက်ရက်ရောရော နှမြောမတွန့် ပေးစွန့် ခွဲဝေလေ့ရှိတော်မူပါပေထသော။
သမ္မာသမ္ဗုဒ္ဓော - သမ္မာသမ္ဗုဒ္ဓ ဘွဲ့နာမဖြင့် ကျနထင်ပေါ် ဘုရားတည်းဟူသော ရတနာသူဌေးကြီးသည်။
ရတနံ ဝရံ - သတိခေါင်ချုပ် သမာဓိနှင့်အုပ်၍ သမ္ဗုဒ္ဓအင်္ဂါ ခုနစ်ဖြာသတ်မှတ် ဗောဇ္ဈင်ခေါ်တဲ့ ရတနာတော်အမြတ်ကို။
ဘာဇေတိ - ကရုဏာရှေ့ပြေး မေတ္တာတော်ကြည်အေးဖြင့် မြတ်လေးရေးယူ ပေးဝေတော်မူခဲ့ပါလေပြီ။
ရတနာဃရ သာသနေ - ရွှေငွေမြသား ပြလိုငြားနှင့် ပတ္တမြားစိန်ခဲ တွင်းထွက်ရတနာ မကသာအောင် လွန်စွာထူးခြား တရားရတနာ မြတ်ဥစ္စာတို့ မခြားအောက်ထက် ရောယှက်စုံပြန့် သာသနာတော်ကြီးဟူသော ရတနာတိုက်ခန်းကြီးထဲ၌။
ရတနတ္ထိကာ - မြတ်ထက်ရာ မြင့်ထက်မြင့် အဆင့်ဆင့်စွဲသုံး ရတနာတော်အမြတ်ဆုံးကို သိမ်းကျုံးယူငင် ဖြန့်လင့်လိုလား နတ်လူအများ တပည့်သားတို့သည်။
တံ ရတနံ ဝရံ - သတိခေါင်ချုပ်သမာဓိနှင့်အုပ်၍ သမ္ဗုဒ္ဓအင်္ဂါ ခုနစ်ဖြာသတ်မှတ် ဗောဇ္ဈင်ခေါ်တဲ့ ထိုရတနာတော်မြတ်ကို။
ဂဏှန္တု - ကံကြမ္မာမြင့်သည့်အခိုက် ရနိုင်တဲ့အခွင့်တွေ ဆိုက်သဖြင့် သိမ်းပိုက်လှမ်းချူ အရယူလိုက်ကြကုန်ရာသတည်း။
သာဓု ... သာဓု ... သာဓု။
Friday, October 29, 2010
မဟာသတိပဋ္ဌာနသုတ် - အရှင်ကုဏ္ဍလာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
Monday, October 25, 2010
အဘိဓမ္မာအခါတော်နေ့
နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက် စနေနေ့မှ အပတ်စဉ် စနေနေ့တိုင်း အဘိဓမ္မာသင်တန်းကို ပို့ချလာခဲ့ရာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက် စနေနေ့ဝယ် တစ်နှစ်တိတိ ပြည့်၏။
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်၏။
ထို့ကြောင့် အဘိဓမ္မာသင်တန်းသူသင်တန်းသားများနှင့် အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်း အလုပ်အမှုဆောင်များ စုပေါင်းကာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပကြ၏။
အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၊ အလုပ်အမှုဆောင်များသည် ဘုရားပန်း၊ အမွှေးတိုင်၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုမုန့်များ ယူဆောင်လာကြပြီး၊ နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြကာ၊ ဆရာတော်မှ ဦးဆောင်၍ ဗုဒ္ဓပူဇာသဘင်ကို ဆင်ယင်ကြ၏။
နံနက် ၁၁ နာရီတွင် ဆရာတော်အား ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
လောကချမ်းသာဘုရားကျောင်း၌ သီတင်းသုံးသော ကျန်ဆရာတော်များမှာ သံဃပဝါရဏာပွဲသို့ ကြွရောက်နေကြသဖြင့် မရှိကြပေ။
ဆရာတော်အား ဆွမ်းကပ်ပြီးသော် သင်တန်းသူ သင်တန်းသားများ၊ အလုပ်အမှုဆောင်များ၊ ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများသည် နံနက်စာ စားသောက်ကြပြီး၊ နောက်ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည့် ကထိန်ပွဲတော်အတွက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြ၏။
မွန်းလွဲ ၁ နာရီတွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ၏။
ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး၊ လောကချမ်းသာဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူကြ၏။
ထိုနောက် နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်စွာဘုရားကို ရှိခိုးခြင်း၊ အဘိဓမ္မာအခါတော်နေ့အကြောင်း လျှောက်တင်သံ လင်္ကာများကို ရွတ်ဆို ပူဇော်ခြင်း၊ အဘိဓမ္မာ အမေး-အဖြေကို ဖတ်ကြား ပူဇော်ခြင်း၊ အဘိဓမ္မာနေ့အကြောင်း သိကောင်းစရာများကို ရွတ်ဖတ် ပူဇော်ခြင်း၊ အဘိဓမ္မာအမွှန်းဂါထာကို ရွတ်ဖတ် ပူဇော်ခြင်း၊ အဘိဓမ္မာပါဠိတော် ကောက်နုတ်ချက်များကို ရွတ်ဖတ် ပူဇော်ခြင်း၊ ရောင်ခြည်တော်ဖွဲ့ သံဆန်းကဗျာကို ရွတ်ဆို ပူဇော်ခြင်းတို့ကို ပြုလုပ်ကြ၏။
ပြီးသော် လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား၍ ရေစက်သွန်းချ ဆုတောင်းမင်္ဂလာနှင့် အမျှဝေမှု အောင်သာဓု ခေါ်ဆိုကြပြီး နတ်ဗြဟ္မာများကို ပြန်ပို့ကာ အခမ်းအနားကို ဗုဒ္ဓသာသာနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ပြီးဆုံးစေ၏။
အခမ်းအနားပြီးနောက် တစ်နာရီခန့် အနားယူကြပြီး ညနေ ၄ နာရီတွင် စုပေါင်း၍ ပဋ္ဌာန်းပစ္စယ နိဒ္ဒေသကို ရွတ်ဖတ် ပူဇော်ခြင်း၊ နာရီဝက်ခန့် ဝိပဿနာဘာဝနာ ပွားများခြင်း ပြုလုပ်ကြပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြပြန်လေသည်။

Friday, October 22, 2010
နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၂-အောက်တိုဘာ-၂၀၁၀)
နယူးဂျာစီကျောင်းတွင် ရိပ်သာတွင်း လမ်းများ ပြုပြင်ခြင်း၊ လမ်းအမှတ်အသား, ကားရပ်နားရန် ဆိုင်းများ ပြုလုပ်ခြင်း၊ ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်မည့် နေရာကို ရှင်းလင်းခြင်းနှင့် ခြံဝင်းခတ်ရန် ပြုလုပ်ခြင်းတို့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်၌ ဆက်လက် ဆောင်ရွက်ကြ၏။
(အထက်ပါ ဓာတ်ပုံများကို ဤနေရာ၌လည်း ကြည့်နိုင်ပါသည်။)
You need to install or upgrade Flash Player to view this content, install or upgrade by clicking here.
Thursday, October 21, 2010
နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၁-အောက်တိုဘာ-၂၀၁၀)
Wednesday, October 20, 2010
နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၀-အောက်တိုဘာ-၂၀၁၀)
နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၁၈-အောက်တိုဘာ-၂၀၁၀)
Monday, October 18, 2010
မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာသင်ခန်းစာများ ပြန်လည် သင်ကြား လေ့လာခြင်း မပြုမီ မွန်းလွဲ ၂ နာရီခွဲမှ စ၍ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား အစီအစဉ်ကို အစမ်း လေ့ကျင့် ပြုလုပ်ကြ၏။
အဘိဓမ္မာ ခုနစ်ကျမ်း ပါဠိတော်ကောက်နုတ်ချက်များ၏ အသံထွက် မှန်ကန်စေရေးအတွက် လောကချမ်းသာဆရာတော်က အထူး ဂရုစိုက် သင်ပြပေး၏။
ညနေ ၄ နာရီမှ ၅ နာရီအထိ အဘိဓမ္မာသင်ခန်းစာများကို ပြန်လှန် သင်ကြား လေ့လာကြပြီး၊ ညနေ ၆ နာရီခွဲ၌ တရားပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ ဘော်လ်တီမိုး အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက “ဓမ္မစကြာတရားတော်”ကို ဟောကြား ချီးမြှင့်၏။
တရားပွဲကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဉာဏ်စဉ် တစ်ဆယ့်ခြောက်ပါး ဘုရားရှိခိုး”ဖြင့် ဖွင့်လှစ်၍ ဓမ္မစကြာတရားတော်ကိုလည်း ဆရာတော်ကြီး၏ ဓမ္မစကြာတရားတော်ဆောင်ပုဒ်များဖြင့် မှတ်သားဖွယ် ဟောကြား ချီးမြှင့်သွား၏။
+++++
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး
၁။ နာမရူပံ-ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ၊
တံ သမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။
၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။
၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊
ဉာဏိမေ သေဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။
+++++
(၁) နာမရူပံ ပရိစ္ဆေဒံ = နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။
(၂) တပ္ပစ္စယပရိဂ္ဂဟံ = ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။
(၃) တံ သမ္မသနံ = ထို နာမ်ရုပ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ် ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း။
(၄) ဥဒယဗ္ဗယ ဉာဏဉ္စ = နာမ်ရုပ်တို့၏ အသစ်ဖြစ်ပေါ်လာခြင်း၊ ဖြစ်ပေါ်ပြီးလျှင် တခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း။
(၅) ဘင်္ဂဂံ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း။
(၆) ဘယဉာဏဉ္စ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကို သိမြင်သဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း။
(၇) အာဒီနဝဉာဏဉ္စ = နာမ်ရုပ်သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း။
(၈) နိဗ္ဗိဒံ = နာမ်ရုပ်သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်းကောင်း။
(၉) မုဉ္စိတုကမျတံ = နာမ်ရုပ်သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်လည်းကောင်း။
(၁၀) ပဋိသင်္ခံ = အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင် အနိစ္စစသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင်အားထုတ်၍ အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။
(၁၁) သင်္ခါရုပေက္ခကံ = အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်း မပြု၊ ထိုရုပ်နာမ်သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါးကိုလည်း ပယ်စွန့်၍ သိရုံ သိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခာဉာဏ်လည်းကောင်း။
(၁၂) အနုလောမဉ္စ = အနိစ္စ, ဒုက္ခ, အနတ္တတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်ရှစ်ပါးနောက် မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့၌ နှစ်ကြိမ်, သုံးကြိမ်ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။
(၁၃) ဂေါတြဘုံ = ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယအနွယ်ဇာတ်သို့ ရောက်စေလျက် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်၏ ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူဉာဏ်လည်းကောင်း။
(၁၄) မဂ္ဂညာဏံ = နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာလေးပါးကို တပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း။
(၁၅) ဖလံ = မဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ်လည်းကောင်း။
တထာ = ထိုမှတပါး
(၁၆) ပစ္စဝေက္ခဏဉာဏံ = မဂ်ဖိုလ်နိဗ္ဗာန်ပယ်ပြီးသော ကိလေသာ၊ မပယ်ရသေးသော ကိလေသာအားဖြင့် ပြန်လှည့်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း။
ဣတိ = ဤသို့၊
တိလောကမှိ = ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြာဝဠာရှိသမျှ အနန္တမဆုံး လောကကြီး တစ်ခုလုံး၌။
ကေနစိပိ = နတ်, လူ, ဗြဟ္မာ သတ္တဝါတစ်ဦးတစ်ယောက်မျှသော်လည်း။
အဒေသိယေ = မကြား,မနာ ကြံစည်ကာဖြင့် အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော။
သာသနိကေ = ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွင်း၌သာလျှင် ပေါ်လင်းဖြစ်ထွန်းနိုင်ကောင်းကုန်သော။
ဥတ္တရေ = လောကီပညာအရပ်ရပ်တို့ထက် ထူးကဲမြင့်မြတ်ကုန်သော။
ဣတိ သောဠသဉာဏေ = ဤ ၁၆-ပါးသော ဉာဏ်တို့ကို။
ဒေသေတာရံ = မိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်တကယ် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်သော။
ပဝတ္တာရံ = မိမိကိုယ်တော်တိုင် ပိုင်နိုင်ပြီးစီးစေပြီးမှ ခိုမှီကပ်လာ ဗြဟ္မာနတ်လူ ကျွတ်ထိုက်သူ မှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သောစိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေထသော။
ဗုဒ္ဓံ = သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို။
အဟံ = တပည့်တော်သည်။
တီဟိ = ကာယညွတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်။
အာဒရံ = ရိုသေစွာ။
နမေနမာမိ = ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
+++++
မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွာ ရှောင်ရမည်။
မသုံးဆောင်ဘဲ၊ ကိုယ်ညှင်းဆဲ၊ ဒါလည်း ရှောင်ရမည်။
စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါ နုယောဂါ။
ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာ နုယောဂါ။
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ် လမ်းမှန်ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက် နိဗ္ဗာန်ပြည်။
+++++
တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

Thursday, October 14, 2010
မီးထွန်းပွဲနှင့် ဝါကျွတ်ကန်တော့ပွဲ - အရှင်မဟောသဓပဏ္ဍိတ
“သီတင်းကျွတ်လ”သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အထွတ်အမြတ်ပြုအပ်သော ‘လ’ ဖြစ်သည်။
ဝါဆိုလမှ စ၍ ဝါတွင်းသုံးလတိုင်တိုင် သီတင်းသီလဆောက်တည်ကျင့်သုံးခဲ့ကြရာမှ ကျွတ်လွတ်ပြီဟူသော အထိမ်းအမှတ်ဖြင့် “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ကြဟန် တူပေ၏။
ထို့ပြင် ဗုဒ္ဓသားတော် ရှင်ရဟန်းတို့အနေဖြင့် ဝါတွင်းသုံးလ ဒေသစာရီ ကြွချီမှု မရှိဘဲ တမိုးခို တဝါဆို သီတင်းသုံးခဲ့ရာမှ ကျွတ်လွတ်သော ‘လ’ဖြစ်၍လည်း “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် တခြားသောလများ၌ ဥပုသ်သီလ မစောင့်သုံးနိုင်စေကာမူ ဝါတွင်းသုံးလ၌ကား လဆန်း-လဆုတ် ရှစ်ရက်၊ လပြည့်-လကွယ်နေ့များတွင် ကြိုးစား၍ ဥပုသ်စောင့်သုံးကြသည်က များပေသည်။
မြန်မာ့ကျေးလက်ဒေသများတွင် သာမန် နေ့ရက်များ၌ ဖြစ်သလို ချက်ပြုတ်စားကြ ရောင့်ရဲတင်းတိမ်ကြသော်လည်း ဥပုသ်နေ့မျိုးတွင်ကား ဘုရားရှင်နှင့် ရဟန်းသံဃာတော်များအား ဦးဦးဖျားဖျား ဆွမ်းကပ်လှူကြရမည်ဖြစ်၍ ပံ့သကူ အမဲသား ငါး ဟင်းလျာများကို ဆီရွှဲရွှဲနှင့် ချက်ပြုတ်လာလေ့ရှိကြသည်။ မန်ကျည်းသီးစိမ်းကို ညက်ညက်ထောင်း၍ လယ်ပုစွန်လုံးနိုင်နိုင်နှင့်၊ တခါတရံ ငါးခူနှင့် နှပ်၍လည်းကောင်း၊ ပဲကြီးနှပ်ဆီပြန်ချက်နှင့်လည်းကောင်း ဥပုသ်ထမင်းစားရသည်မှာ အရသာရှိလှပါဘိသည်။
ကျေးရွာမှ လုံမငယ် အပျိုချောတသိုက်တို့ကလည်း ကျောင်းသို့ လာလာသမျှ ဥပုသ်စောင့်သူရော ဥပုသ်မစောင့်သူများကိုပါ လဖက် ဆေးလိပ် ကမ်းခြင်း၊ ချိုချဉ် မုန့်ပဲသရေစာ ဝေငှခြင်း စသည်ဖြင့် ပကာသန မပါဘဲ တနိုင်ဒါန ပြုလုပ်လေ့ရှိကြရာ ရွာဦးကျောင်း၌ စည်ကားသိုက်မြိုက်လျက် ရှိသည်။
ဤလိုပွဲမျိုးတွင် အကိုကာလသားတို့ကလည်း လက်လွတ်မခံဘဲ လုံမငယ်အရှက်အိုးတို့ကို ကျိပ်ပိုး,ပိုးရန် ရောက်ရှိနေတတ်ကြပေသည်။
ဤကဲ့သို့လျှင် ဝါတွင်းသုံးလ၌ လူကြီးလူငယ်အားလုံး ကျောင်းကန်ဘုရားသွားခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းဖြင့် ဘဝပျော်ရွှင်မှု၊ စိတ်နှလုံး အေးချမ်းသာယာမှုကို ရရှိကြလေသည်။
သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပြီဆိုလျှင်ကား “သီတင်းကျွတ်မီးထွန်းပွဲတော်”ကို ခြိမ့်ခြိမ့်သဲသဲ နွှဲပျော်ကြလေသည်။
ညနေရီ နေဝင်ဖြိုးဖျအချိန်တွင် ပန်းစည်းများ၊ ဖယောင်းတိုင်နှင့် ဆီမီးခွက်များကို ကျောင်းသား ကျောင်းသူကလေးများ၊ လုံမငယ်များက ကိုင်ဆောင်၍ ရှေ့မှ စီတန်း ထွက်လာသည်။
အပျိုခေါင်းလုပ်သူ အမျိုးသမီးများ၏ခေါင်းဆောင် အပျိုကြီးမမတဦးက အားလုံး စီစဉ် ညွှန်ကြားပေးသည်။
ထိုနောက် အိုးစည်ဝိုင်းအက၊ ဒိုးပတ်ဝိုင်းအကနှင့် ပတ်ခြောက်ဝိုင်းအကတို့က နောက်မှ တီးမှုတ် ကခုန် လိုက်ပါလာကြသည်။
ပတ်ခြောက်ဝိုင်းအကမှာ မင်းသားတလက်၊ မင်းသမီးတလက်၊ နှဲမှုတ်သူတယောက်၊ လင်းကွင်းတီးသူတယောက်၊ ဒိုးပတ်တီးသူနှင့် မောင်းဆိုင်းတီးသူနှစ်ယောက်၊ ဝါးလက်ခုပ်တီးသူ နှစ်ယောက်၊ အားလုံး ရှစ်ယောက် ပါဝင်သည်။
ဤတီးမှုတ်ကခုန်သူများကို ကာလသားခေါင်းလုပ်သူက ဦးဆောင် စီမံပေးသည်။
ရွာဦးကျောင်းတွင် သုံးပတ်မျှ စီတန်းလှည့်လည် ကခုန်ပြီးနောက် ပန်းဆီမီးများကို ကျောင်းတိုက်တွင်းရှိ စေတီတော်တွင် ညှိထွန်း ပူဇော်လိုက်ကြသည်။
လူငယ် ကာလသားတသိုက်က ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများလွှတ်ခြင်းနှင့်အတူ သူတို့ ကြိုတင်ပြုလုပ်လာသည့် ဆင်ရုပ် မြင်းရုပ် ဘိုးသူတော်ရုပ်သဏ္ဌာန် မီးပုံးပျံများကို ကောင်းကင်သို့ အပြိုင်အဆိုင် လွှတ်တင်လိုက်ကြလေသည်။
ထိုနောက် လူကြီးလူငယ်အားလုံး ကျောင်းဘုန်းတော်ကြီးထံ ငါးပါးသီလခံယူ၍ “အဘိဓမ္မာအခါတော်နေ့”ကို ဆက်လက် ကျင်းပကြလေသည်။
သွက်လက်၍ ထက်မြက်ချက်ချာသော ကျောင်းသူကျောင်းသားကလေးများနှင့် အပျိုရွယ် လက်ရွေးစင်ကလေးမလေးများက အဘိဓမ္မာခုနစ်ကျမ်းအကျဉ်းချုပ်ကို ပြိုင်တူ ရွတ်ဖတ် ပူဇော်ကြလေသည်။
ကျန်လူများက ရိုသေစွာ နာယူကြ၍ သာဓုခေါ်ဆိုကြသည်။
ဤ “အဘိဓမ္မာအခါတော်နေ့” ကျင်းပရခြင်းသည်လည်း သီတင်းကျွတ်လ၏ ထူးခြားသော ဘာသာယဉ်ကျေးမှုပွဲတော်တရပ်ပင် ဖြစ်လေသည်။
မြန်မာ့ယဉ်ကျေးမှုပွဲတော်များ ကျင်းပနေခြင်းမှာ အဓိပ္ပာယ်မဲ့ မဟုတ်ချေ။
ဘာသာရေး၊ ယဉ်ကျေးမှုမှ ဆက်နွယ်လာသော ပွဲတော် အစဉ်အလာများ ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သက်တော်ထင်ရှားရှိစဉ်က ဝါတွင်းသုံးလမျှ တာဝတိံသာသို့ ကြွ၍ ‘မယ်တော်မိနတ်’ကို အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာခုနစ်ကျမ်းဟောပြီး၍ မယ်တော်မိနတ်လည်း တရားထူးရကာ သောတာပန် အရိယာအဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။
ဤသို့လျှင် ဗုဒ္ဓမြတ်စွာသည် ဓမ္မရေစင်တိုက်ကျွေး၍ မယ်တော်ကျေးဇူးကို ဆပ်ပြီးနောက် နေဝင်ဖြိုးဖျ အမှောင်ပျိုးစအချိန်တွင် တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။
နတ်ဗြဟ္မာတို့ ဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်အနက် ဝဲယာတွင် နတ်ဗြဟ္မာတို့ ခြံရံလျက် အလယ်ပတ္တမြားစောင်းတန်းမှ နေ၍ ဗုဒ္ဓမြတ်စွာ ပြန်လည် ဆင်းသက်တော်မူခဲ့ပါသည်။
သင်္ကဿမြို့သူမြို့သားတို့သည်လည်း မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်၊ နတ်ဗြဟ္မာတို့၏ တန်းဆာအရောင်တို့ဖြင့် ထွန်းပြောင်ဝင်းဝ အသရေစုံခသည့် ရှင်တော်မြတ်ဘုရားကို ဖူးမဝ ရှုမဆုံး ပီတိလုံးလှိုက်ဖိုကြွလျက် မြေပြင်မှ မီးတုတ် မီးပန်းတို့ဖြင့် ဝှေ့ရမ်းပူဇော်ကြကာ အားပါးတရ ကြိုဆိုခဲ့ကြလေသည်။
ဤသာဓကကို ထုံးမူ၍ “သီတင်းကျွတ်မီးထွန်းပွဲ”ကို အစဉ်ပင် ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်ပေသည်။
ဤ ဗုဒ္ဓမြတ်စွာ၏ မိဘကျေးဇူး တန်ဖိုးထား၍ ကျေပွန်အောင် ဆပ်တော်မူခဲ့ပုံ၊ အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့ပုံကို ထုံးသာဓကမူ၍ သီတင်းကျွတ်အခါသမယတွင် ရဟန်းသံဃာများ၊ မိဘဘိုးဘွားများနှင့် ဆရာသမားတို့အား ပူဇော်ကန်တော့ပွဲကို မြန်မာတိုင်းရင်းသားတို့ ဆင်နွှဲခဲ့ကြလေသည်။
သီတင်းကျွတ်ချိန်တွင် တရပ်တကျေး နယ်အဝေးသို့ သွားရောက် အမှုထမ်းနေရသူများပင် မိဘရပ်ထံ ခွင့်နှင့်ပြန်လာကာ အိမ်သူသက်ထား သမီးသားစုံစွာဖြင့် မိဘဘိုးဘွားတို့ကို ပူဇော် ကန်တော့ကြမြဲဖြစ်သည်။
နိုင်ငံရပ်ခြား တိုင်းတပါးသို့ အကြောင်းကြောင်းတို့ကြောင့် ရောက်ရှိနေကြရသူတို့သည် ဤကဲ့သို့သော သီတင်းကျွတ်ပွဲတော် အချိန်အခါမျိုးတွင် အမိမြန်မာပြည်ကို တမ်းတ မှန်းဆ လွမ်းကြရစမြဲပင် ဖြစ်ပါသည်။
မြန်မာစာပေပညာရှင် ဆရာကြီးဦးဝန် (မင်းသုဝဏ်)သည် ပညာတော်သင်ဘဝဖြင့် ပြင်သစ်ပြည်သို့ ရောက်ခိုက်တွင် -
“သူတကာ ကန်တော့ပွဲတွေနှင့်
နို့ချိုဖိုးအတွက် တဝါတချိ ရှာစုပြီးလျှင် ပြန်လာနိုင်မည်ဖြစ်၍ သားစာဆိုလူညိုလှကို လွမ်းစရာ ခန်းသာဝဆီက ဆီးကြိုဖို့ အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်း ဖွဲ့သီခဲ့ပါသည်။
ယနေ့ တိုင်းတပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည်လည်း ရောက်ရာဒေသတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းလျက် ဘာသာရေး ဓလေ့ထုံးများကို လိုက်နာ ကျင့်သုံးကာ နို့ချိုဖိုးအတွက် အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်းနိုင်ရန် ရည်သန်ကြိုးစား အလေးထားလျက်ရှိကြောင်း ဆရာမင်းသုဝဏ်၏ ကဗျာပိုဒ်ကလေးဖြင့် နိဂုံးချုပ်လိုက်ရပေသည်။
(၁၉၉၂ ခုနှစ် နိုဝင်ဘာလထုတ် လောကချမ်းသာစာစောင် အတွဲ-၂ အမှတ်-၃တွင် ဆရာတော် အရှင်မဟောသဓပဏ္ဍိတ ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
(ဆရာတော် အရှင်မဟောသဓပဏ္ဍိတသည် ၂၀၁၀ ခုနှစ် ဧပြီလတွင် လေဖြတ်ရောဂါ ခံစားခဲ့ရပြီး၊ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာပြည်သို့ ပြန်လည် ကြွရောက်သွားခဲ့ကာ စစ်ကိုင်းမြို့ ဝေဇယန္တာကျောင်း၌ အနားယူ သီတင်းသုံးမည့်အကြောင်း သိရ၏။)
+++++
(ပြင်သစ်မှာ ရေး)
မလာဖြစ်နိုင်ဘု
ဝါခေတ် တခါကုန်တော့
မီးရောင်စုံ ကျွတ်သီတင်းကိုလ
ရင်တွင်းက ပူဆာဆာ။
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအို တရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
နတ်ညီနောင် စားဖိုကြားဆီက
မွန်းစာဆို ဘယ်ကိုသွားတယ်လို့
လှေကားကို သူတို့မေးပြန်တော့
ဆိုတေးသံ မကြားတာဖြင့်
တဝါ နှစ်ဝါသို့ လျားပေါ့လို့
လှေကားက အဖြေလာ
စာဆိုမောင့် ငယ်ပေါင်း။
မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တမြေခြားမှာလ
ဖဝါးယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တခါ သည်တမိုးကိုတော့
ကြိုးစားကာ စာဆိုခဲလျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူရောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့် တ,ပေတော့
ဝေးက ပန်တောင်း။
(၁၉၃၈)

ညီအကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောက်ပြချိန်မို့
စာဆိုမှာ လာလိုလှသော်လည်း
မှန်းဆရုံသာ”ဟု ဝါကျွတ်ချိန် အမိမြန်မာပြည်သို့ ပြန်လာလိုပါလျက် မပြန်နိုင်သေး၍ မှန်းဆ လွမ်းတခဲ့ရပုံကို ဖော်ကျူးခဲ့ဖူးပါသည်။နို့ချိုဖိုးအတွက် တဝါတချိ ရှာစုပြီးလျှင် ပြန်လာနိုင်မည်ဖြစ်၍ သားစာဆိုလူညိုလှကို လွမ်းစရာ ခန်းသာဝဆီက ဆီးကြိုဖို့ အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်း ဖွဲ့သီခဲ့ပါသည်။
ယနေ့ တိုင်းတပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည်လည်း ရောက်ရာဒေသတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းလျက် ဘာသာရေး ဓလေ့ထုံးများကို လိုက်နာ ကျင့်သုံးကာ နို့ချိုဖိုးအတွက် အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်းနိုင်ရန် ရည်သန်ကြိုးစား အလေးထားလျက်ရှိကြောင်း ဆရာမင်းသုဝဏ်၏ ကဗျာပိုဒ်ကလေးဖြင့် နိဂုံးချုပ်လိုက်ရပေသည်။
မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တမြေခြားမှာလ
ဖဝါးယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တဝါ သည်တမိုးကိုတော့
ကြိုးစားကာ စာဆိုခဲ့လျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူရောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းစရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့်တပေတော့
ဝေးက ပန်တောင်း။
(၁၉၉၂ ခုနှစ် နိုဝင်ဘာလထုတ် လောကချမ်းသာစာစောင် အတွဲ-၂ အမှတ်-၃တွင် ဆရာတော် အရှင်မဟောသဓပဏ္ဍိတ ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
(ဆရာတော် အရှင်မဟောသဓပဏ္ဍိတသည် ၂၀၁၀ ခုနှစ် ဧပြီလတွင် လေဖြတ်ရောဂါ ခံစားခဲ့ရပြီး၊ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာပြည်သို့ ပြန်လည် ကြွရောက်သွားခဲ့ကာ စစ်ကိုင်းမြို့ ဝေဇယန္တာကျောင်း၌ အနားယူ သီတင်းသုံးမည့်အကြောင်း သိရ၏။)
+++++
အမိမြန်မာပြည်အဖို့
ဝါကျွတ်ကန်တော့ပန်း
(ပြင်သစ်မှာ ရေး)
မလာဖြစ်နိုင်ဘု
ဝါခေတ် တခါကုန်တော့
မီးရောင်စုံ ကျွတ်သီတင်းကိုလ
ရင်တွင်းက ပူဆာဆာ။
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအို တရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
နတ်ညီနောင် စားဖိုကြားဆီက
မွန်းစာဆို ဘယ်ကိုသွားတယ်လို့
လှေကားကို သူတို့မေးပြန်တော့
ဆိုတေးသံ မကြားတာဖြင့်
တဝါ နှစ်ဝါသို့ လျားပေါ့လို့
လှေကားက အဖြေလာ
စာဆိုမောင့် ငယ်ပေါင်း။
မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တမြေခြားမှာလ
ဖဝါးယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တခါ သည်တမိုးကိုတော့
ကြိုးစားကာ စာဆိုခဲလျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူရောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့် တ,ပေတော့
ဝေးက ပန်တောင်း။
မင်းသုဝဏ်
(၁၉၃၈)
နယူးဂျာစီ မဟာစည်ရိပ်သာ တည်ဆောက်ရေး လုပ်ငန်းများ
Subscribe to:
Posts (Atom)