Friday, April 23, 2010

ဗြဟ္မာများ၏ သက်တမ်းနှင့် ကမ္ဘာပျက်ပုံ ဖြစ်ပုံ

၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် စနေနေ့သည် ၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်၏။
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ သန့်ရှင်းရေး လုပ်အားပေးပွဲရှိရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်နေသော အဘိဓမ္မာသင်တန်းကို ယခုတစ်ပတ်တွင် ၂၀၁၀ ခုနှစ် ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့သို့ ပြောင်းရွှေ့ ပြုလုပ်ခဲ့သည်။

လောကချမ်းသာဆရာတော်က ညနေ ၄ နာရီမှ ၅ နာရီထိ အဘိဓမ္မာ စိတ်ပိုင်း သင်ခန်းစာများကို ကျေညက်စေရန် ပြန်လည် ပို့ချပေး၏။

ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ယခုအပတ် သင်ခန်းစာ၊ (၂၈)ပတ်မြောက် သင်တန်းပို့ချချက်မှာ ဗြဟ္မာတို့၏ သက်တမ်းများနှင့် ကမ္ဘာပျက်ပုံ တည်ပုံ အကြောင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် လေ့လာသင်ယူကြရ၏။
အရှင်သီလာနန္ဒာဘိဝံသ ဆရာတော်ကလည်း သူ၏ အသံသွင်း သင်ခန်းစာထဲတွင် ဗဟုသုတအနေဖြင့် သိရှိထားသင့်ကြောင်း မိန့်ကြားခဲ့ပြီး၊ လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်ကျမ်းလာ လင်္ကာများ၊ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ ကမ္ဘာပျက်ပုံ တည်ပုံ လင်္ကာများဖြင့် ပို့ချပေးသွား၏။

+++++

လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်လင်္ကာများ

‘အာယု’ ‘အန္တရာ’၊ ‘အသင်္ချာ’၊ ‘မဟာ’ လေးမျိုးကပ်။

ကပ္ပ = ကပ် = ကမ္ဘာ လေးမျိုး ရှိ၏။

အာယုကပ် = အသက် ၇၀ တမ်း၊ ၈၀ တမ်း၊ ၁၀၀ တမ်း စသည် ထိုထို သက်တမ်းကို အာယုကပ်ဟု ခေါ်၏။ လူတို့၏ ပျမ်းမျှသက်တမ်း ၈၀ ရှိသော အချိန်ကာလဖြစ်လျှင် အာယုကပ် ၈၀၊ လူတို့ ပျမ်းမျှသက်တမ်း ၉၀ ကာလဖြစ်လျှင် အာယုကပ်လည်း ၉၀ ဟူလို။

အန္တရကပ် = လူတို့၏ သက်တမ်း အသင်္ချေယျတမ်းမှ ၁၀ နှစ်တမ်းသို့ ဆုတ်ယုတ်ချိန်နှင့် တဖန် ၁၀ နှစ်တမ်းမှ အသင်္ချေယျတမ်းသို့ တိုးတက်ချိန် အကြားကာလကို အန္တရကပ်ဟု ခေါ်၏။

အသင်္ချေယျကပ် = အန္တရကပ်ပေါင်း ၆၄ ခုကို အသင်္ချေယျကပ်ဟု ခေါ်၏။

‘သံ’ ‘ဝိဝဋ်’တွင်၊ ‘ဌာယီ’ယှဉ်၊ ‘သင်္ချေ’ လေးလီမှတ်။
‘ပျက်’ ‘တည်’ ‘ဖြစ်’ ‘တည်’၊ အစဉ်လည်၊ လေးမည် အနက်ဟပ်။
‘သင်္ချေ’လေးဖြာ၊ အပေါင်းမှာ၊ ‘မဟာကမ္ဘာ’ မှတ်။

ကမ္ဘာပျက်ဆဲဖြစ်သော အသင်္ချေယျကပ် = သံဝဋ္ဋကပ်
ပျက်သည့်အတိုင်း တည်နေသော အသင်္ချေယျကပ် = သံဝဋ္ဋဌာယီကပ်
ကမ္ဘာကြီးဖြစ်ပွားဆဲဖြစ်သော အသင်္ချေယျကပ် = ဝိဝဋ္ဋကပ်
ဖြစ်ပွားပြီးအတိုင်း တည်နေသော အသင်္ချေယျကပ် = ဝိဝဋ္ဋဌာယီကပ် ဟူသော အသင်္ချေယျကပ် ၄ ခုကို ‘မဟာကပ်’ဟု ခေါ်၏။

မဟာကပ် = အသင်္ချေယျကပ် ၄ ခု (တစ်ကမ္ဘာ)

+++++

မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ (မီးဖြင့်) ကမ္ဘာပျက်ပုံ တည်ပုံ လင်္ကာ

ရှေးဦးစွာပျက်
ကုဋေဖက်သည့်
သိန်းစက္ကဝါ
မိုးကြီးရွာသော်
ညီညာ႐ႊင္ပ်
စိုက္ပ်ိဳးၾကသား
ဂေါဏစားလောက်
ပင်ငယ်ရောက်လျှင်
တစ်ပေါက်မကျ
တစ်သိန်းမျှက
လောကဗျူဟာ
နတ်ကာမာတို့
မေတ္တာပွားကြ
ကြီးမိဘကို
တုပ်ကွမြတ်လေး
လုပ်ကျွေးကြပါ
ကြွေးကြော်လာ၏။

သတ္တဝါအများ
ဈာန်ကိုပွားလျက်
စံလားဗြဟ္မာ
ကာလကြာ၍
ဒုတိယာနေ
ပေါ်လာလေသော်
မြစ်ငယ်ရေခြောက်
ညဥ့်လည်းပျောက်၏။

သုံးမြောက် လေးစင်း
ငါးစင်း ဆဋ္ဌ
သတ္တမ နေ
ပေါ်ထွက်ချေသော်
ခြောက်လေ မြစ်ကြီး
အိုင်ကြီးသမုဒ္ဒရာ
စက္ကဝါခိုးထ
မီးလျှံကြွ၍
သင်္ခါရခပင်း
ပြာမကြွင်းခဲ့
ဟင်းလင်းထက်အောက်
မိုက်မှောင်ရောက်သည်
ကွယ်ပျောက်လုံးစုံ မမြဲတည်း။

ထို့နောက် ကမ္ဘာ
ပြုမိုးရွာသော်
လောင်ရာတစ်လျှောက်
လေခံထောက်သား
ခန်းခြောက်စဉ်သင့်
ရှေ့တိုင်းဖြစ်လျှင်
တည်လင့်ထက်ဘုံ
မြေရောက်တုံသော်
ဝါယုံဆို့နေ
ရေစစ်ရေသို့
တည်နေမယို
ခန်းတိုင်းမိုလျက်
ရေချိုအထက်
မြေချိုတက်သား
ထို့ထက်ဗြဟ္မာ
စုတေလာ၍
ရသာပထဝီ
မြေအဆီကို
လုပ်ချီသုံးဆောင်
တဏှာလောင်လျက်
ကိုယ်ရောင်ကွယ်ပျောက်
မိုက်မှောင်ရောက်၍
အကြောက်ရကာ
ရဲကြရာဖို့
လျော်စွာဆန္ဒ
နေနှင့်လတို့
ပေါ်ကြထင်ရှား
နက္ခတ်များလည်း
လှည့်သွားဖြစ်ကြ
တပေါင်းလဟု
ပုဏ္ဏရက်တွင်း
ဆပ်ထမင်းသို့
ကုန်းကျင်းစုံစွာ
ဖြစ်ကြလာသည်
ကမ္ဘာတည်ခင်း စုံသတည်း။

ရသာမြေကို
စားလေတုံမျှို့
တဏှာဖို့၍
တချို့ မလှ
တချို့ လှတည်း
ဆင်းမလှသူ
လှသသူက
မာန်မူသည့်တွက်
မြေချိုညက်လည်း
ကွယ်ဝှက်ပြန်ဘိ
ဘူမိပပ္ပဋက
မြေလွှာမြနှင့်
ပဒါလတာ
ထို့တူလာ၏
ရသာလိုပေး
ထွန်နှင့်ဝေးသည့်
သလေးဆန်စင်
စားလေလျှင်မူ
မစင်ငယ်ကြီး
ဖြစ်ကြပြီး၍
ယိုစီးဖို့ရာ
ထွက်ဖို့ငှာဟု
အမာဝပေါက်
ဘောလည်း ရောက်၏
တစ်ယောက်တစ်ယောက်
မေထုန်မြောက်အောင်
သွေဖောက်ယုတ်မာ
ကျင့်သည့်တာကြောင့်
ပညာရှိများ
မြစ်တားမောင်းမဲ
ညှဉ်းဆဲပုတ်ခတ်
ပြုလေအပ်၍
ခိုကပ်ဖို့ရာ
အိမ်ရာတည်ဆောက်။

လူပျင်းနောက်သို့
နည်းလျှောက်သိမ်းဆည်း
ထိုကတည်းက
ဖွဲလည်းမြှေးယှက်
ရိတ်ရာကွက်မှ
မထွက်လာထ
ညည်းတွားကြ၏
ထားရရေးသား
သူ့ပိုင်းခြားကို
ခိုးငြားမနိုင်
သုံးကြိမ်တိုင်သော်
စွဲကိုင်ခဲတုတ်
သတ်ပုတ်ယှက်မြှေး
နိုင်မဟေးလို့
စုဝေးတိုင်ပင်
များထက်တင်သား
ဗုဒ္ဓင်္ကုမြတ်
ဗောဓိသတ်ကို
ချဉ်းလတ်ပန်ထွာ
သမုတ်ပါ၍
မဟာသမ္မတ
ခတ္တိယနှင့်
ရာဇအပြား
မည်သုံးပါးဖြင့်
ထင်ရှားလူ့ဘောင်
စတည်ထောင်ခဲ့
ထို့နောင် ဗြဟ္မဏ
အမျိုးစသည့်
ဝဏ္ဏလေးပါး
ဤသို့အားဖြင့်
တရားသွေကွက်
ယွင်းချော်ပျက်၍
အသက္တိုလ်
ပါပကသည်
ဓမ္မလူတွင် ထွန်းသတည်း။

+++++

မီးခုနစ်တန်၊ ရေတစ်တန်၊ ရှစ်ပြန် ဆုံးလေဓာတ်။
‘ပ’ ‘ဒု’ ‘တ’ ထွေ၊ ဈာန်ဘုံဗွေ၊ ‘မီး’ ‘ရေ’ ‘လေ’နယ်မှတ်။

ကမ္ဘာပျက်သောအခါ မီးဖြင့် ခုနစ်ကြိမ် ပျက်ပြီး၊ ရေဖြင့် တစ်ကြိမ် ပျက်ပြီး၊
ဒုတိယ အပြန် မီးဖြင့် ခုနစ်ကြိမ်၊ ရေဖြင့် တစ်ကြိမ်၊
တတိယ အပြန် မီးဖြင့် ခုနစ်ကြိမ်၊ ရေဖြင့် တစ်ကြိမ် ..စသည် ပျက်ပြီး
ရှစ်ကြိမ်မြောက်အပြန်၌ မီးဖြင့် ခုနစ်ကြိမ်ပျက်ပြီး၊ လေဖြင့် ပျက်၏။

မီးဖြင့် ပျက်သောအခါ ပထမဈာန်ဘုံတိုင်အောင် (ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ)
ရေဖြင့် ပျက်သောအခါ ဒုတိယဈာန်ဘုံတိုင်အောင် (ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ)
လေဖြင့် ပျက်သောအခါ တတိယဈာန်ဘုံတိုင်အောင် (ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ) ပျက်၏။

+++++

ဗြဟ္မာတို့၏ သက်တမ်း

မီးဖြင့် ကမ္ဘာပျက်သောအခါ ပထမဈာန်ဘုံတိုင်အောင် ပျက်ပြီး၊ တစ်ကမ္ဘာ (မဟာကပ် -သို့မဟုတ်- အသင်္ချေယျကပ် ၄ ခု)တွင်လည်း အသင်္ချေယျကပ်တစ်ခု (ဝိဝဋ္ဋဌာယီကပ်)သာ သတ္တဝါတို့ အသက်ရှင်နေနိုင်သဖြင့် မဟာဗြဟ္မာတို့၏ သက်တမ်းမှာ အသင်္ချေယျကပ်တစ်ခု ရှည်ကြာနိုင်၏။
ဗြဟ္မပုရောဟိတာဘုံသား ဗြဟ္မာတို့မှာ အသင်္ချေယျကပ်တစ်ဝက် (အန္တရကပ် ၃၂ ကပ်)
ဗြဟ္မပါရိသဇ္ဇာဘုံ ဗြဟ္မာတို့မှာ အသင်္ချေယျကပ် သုံးပုံတစ်ပုံ (အန္တရကပ် ၂၁ ကပ်နှင့် သုံးပုံတစ်ပုံ) ရှည်ကြာနိုင်၏။

မီးဖြင့် ခုနစ်ကြိမ်ပျက်ပြီး၊ ရေဖြင့် တစ်ကြိမ် (ရှစ်ကမ္ဘာမြောက်) ပျက်သောအခါ ဒုတိယဈာန်ဘုံတိုင်အောင် ပျက်သဖြင့်
အာဘဿရာဘုံ ဗြဟ္မာတို့မှာ မဟာကပ် ရှစ်ကပ်တိုင်အောင်လည်းကောင်း၊
အပ္ပမာဏာဘုံ ဗြဟ္မာတို့မှာ မဟာကပ် လေးကပ်၊
ပရိတ္တာဘာဘုံ ဗြဟ္မာတို့မှာ မဟာကပ် နှစ်ကပ် အသက်ရှည်ကြာနိုင်၏။

မီး ခုနစ် - ရေတစ်၊ ရှစ်ကြိမ်မြောက်အပြန် (၆၄ ကမ္ဘာမြောက်)မှာ လေဖြင့် ပျက်သောအခါ သုဘကိဏှာဗြဟ္မဘုံတိုင်အောင် ပျက်သောကြောင့်
သုဘကိဏှာဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ် ၆၄၊
အပ္ပမာဏသုဘာဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ် ၃၂၊
ပရိတ္တသုဘာဗြဟ္မာတို့၏ သက်တမ်းမှာ မဟာကပ် ၁၆ ကပ် ရှည်ကြာနိုင်၏။

ဝေဟပ္ဖိုလ်နှင့် အသညသတ် ဗြဟ္မာတို့၏ သက်တမ်း = မဟာကပ် ၅၀၀

အဝိဟာဘုံ = မဟာကပ် ၁၀၀၀
အတပ္ပါဘုံ = မဟာကပ် ၂၀၀၀
သုဒဿာဘုံ = မဟာကပ် ၄၀၀၀
သုဒဿီဘုံ = မဟာကပ် ၈၀၀၀
အကနိဋ္ဌဘုံ = မဟာကပ် ၁၆၀၀၀

ပထမအရူပဘုံ (အာကာသာနဉ္စာယတနဘုံ) = မဟာကပ် နှစ်သောင်း
ဒုတိယအရူပဘုံ (ဝိညာဏဉ္စာယတနဘုံ) = မဟာကပ် လေးသောင်း
တတိယအရူပဘုံ (အာကိဉ္စညာယတနဘုံ) = မဟာကပ် ခြောက်သောင်း
စတုတ္ထအရူပဘုံ (နေဝသညာနာသညာယတနဘုံ) = မဟာကပ် ရှစ်သောင်းလေးထောင် သက်တမ်း ရှိနိုင်၏။

+++++

ခေတ် ၃ ပါး (နယ်ပယ် ၃ ပါး)

မြန်မာစကား “ခေတ် = အချိန်” ကို မဆိုလိုဘဲ၊ ဤ ‘ခေတ်’၏ အဓိပ္ပာယ်မှာ ‘နယ်ပယ်’ကို ဆို၏။

‘ဇာတိ’ ‘အာဏာ’၊ ‘ဝိသယာ’၊ သုံးဖြာ လောကဓာတ်။
‘သောင်း’ ‘သိန်းကုဋေ’၊ ‘အသင်္ချေ’၊ သုံးထွေ အစဉ်ဟပ်။
‘ဖြစ်’ ‘ပျက်’ နှစ်ဖြာ၊ အတူမှာ၊ ‘အာဏာခေတ်’ဟု မှတ်။

ဇာတိခေတ် = စကြဝဠာတစ်သောင်း၊ (မြတ်စွာဘုရား ပဋိသန္ဓေနေသည့်အခါ၊ ဖွားမြင်သည့်အခါ မြေကြီးလှုပ်စဉ် စကြဝဠာတစ်သောင်း ဇာတိခေတ်တစ်ခုလုံး လှုပ်၏။)

အာဏာခေတ် = စကြဝဠာကုဋေတစ်သိန်း၊ (မြတ်စွာဘုရား ဟောကြားတော်မူသော ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ် စသည်တို့၏ အာဏာနှံ့ရာ နယ်ပယ်။)

ဝိသယခေတ် = စကြဝဠာအသင်္ချေ အနန္တ

ကမ္ဘာဖြစ်သောအခါ၊ ကမ္ဘာပျက်သောအခါ အာဏာခေတ်အကုန် အတူ ဖြစ်ပျက်၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ ဆည်းဆာ ဓမ္မဒါနကို အရှင်ဝဏ္ဏိတက “တကယ့် စွမ်းအားရှင်”အကြောင်း သိမှတ်ဖွယ်ရာ လင်္ကာများဖြင့် ဟောကြား ချီးမြှင့်သွားလေသည်။


စွမ်းအားရှင် = စိတ်အကြောင်း ဆောင်ပုဒ်လင်္ကာများ

(၁)

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုက်ဖြေချွတ်၊ ထင်တိုင်းလွှတ်၍
မကွတ်မထိန်း၊ ညွှတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူပြာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။

(ချမ်းမြေ့ဆရာတော်)

(၂)

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမြှောင်နိုင်း၊ စိတ်ဆင်ရိုင်းကို
ချင့်နှိုင်းဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ်ချွန်းအုပ်၊ သတိချုပ်၍
မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်
ကောင်းကျိုးကြွယ်လိမ့်မည်သာကို။

(ချမ်းမြေ့ဆရာတော်)

(၃)

ရေကြောင့် ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း
စင်လစ်ရေကြောင့်၊ သွေမထောက်ဘူး
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညှော်လည်း
ဆေးလျှော်စိတ်ပင်၊ စင်,မစင်ကို
ကိုယ်ပင်ဖန်ပြု၊ သူမပြုသည်
စင်မှုကိုယ့်မှာ တာဝန်တည်း။

(ချမ်းမြေ့ဆရာတော်)

(၄)

အသီးတစ်ရာ၊ အညှာတစ်ခု
ပမာပြု၍၊ စိတ်ဟုမည်ငြား
ဤတစ်ပါးမျှ၊ တရားကိုကျ
စောင့်စည်းကွပ်ကာ၊ လူ့ရပ်နတ်ရွာ
ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။

(မဃဒေဝ)

(၅)

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား။

ပြော,ပြု,တွေးလျှင်၊ သတိယှဉ်
ဆင်ခြင် ဉာဏ်ရှေ့သွား။

စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်
သည်းခံ မေတ္တာထား။

လုံးလနှင့်ဇွဲ၊ မလျော့ဘဲ
အမြဲတင်းတင်းထား။

အရာရာတွင်၊ အသုံးဝင်
အောင်မြင်ကြောင်းတရား။

(ချမ်းမြေ့ဆရာတော်)

(၆)

တန်းတူတွေ့လျှင်၊ မေတ္တာဝင်
မဝင်နိုင်က၊ ပြိုင်တတ်သည်
ပြိုင်မည့်အစား၊ မေတ္တာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

ကိုယ့်အောက်နိမ့်လျှင်၊ ကရုဏာဝင်
မဝင်နိုင်က၊ နိုင်တတ်သည်
နိုင်မည့်အစား၊ ကရုဏာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်
မဝင်ဣဿာ၊ ယိုင်တတ်သည်
ယိုင်မည့်အစား၊ မုဒိတာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

မိုက်သူတွေ့လျှင်၊ ဥပေက္ခာဝင်
မဝင်နိုင်က၊ ရွဲ့တတ်သည်
ရွဲ့မည့်အစား၊ ဥပေက္ခာပွား
စိတ်ထား ဒီလိုပြောင်းပါ့မည်။

(ရှေးဆရာတော်)

(၇)

သိက္ခာသုံးပါး၊ မြတ်တရား
ယောက်ျားမိန်းမ၊ မခွဲပါ။

စိတ်ဓာတ်ကိုပြင်၊ ကြိုးစားလျှင်
ခုပင် ရနိုင်တာ။

ကြိုးစားလိုက်လျှင်၊ စွမ်းအားထင်
မျက်မြင် ကိုယ်တွေ့ပါ။

ယောက်ျားဖြစ်ရုံ၊ အားမစုံငြား
မကြိုးစားက၊ စွမ်းအားကျ
ဘာမှ မရပါ။

မိန်းမသော်လည်း၊ အားကုန်ခဲ၍
စိတ်ဇွဲထက်သန်၊ ကြိုးစားပြန်
ဧကန် ထူးခြားလာ။

လူ၏စွမ်းအား၊ မြတ်တရား
စိတ်ထားကောင်းဖို့ လိုရင်းပါ။

(၈)

စိတ်နှလုံးကို၊ ဆုံးမမှန်စွာ
စိတ်မကောင်းက၊ မကောင်းဖြစ်မှာ
စိတ်တွေကောင်းမှ၊ ကောင်းကြသူငါ
စိတ်ယဉ်ကျေး သင်ပေး တို့မြတ်စွာ။

(ဦးကုဝေရ)

(၉)

အေးမြကြည်လင်၊ ကန်ရေပြင်၏
အောက်တွင်ရှိငြား၊ ငါး,လိပ်,ဖားနှင့်
ယောက်သွား,ခရု၊ အစုစုကို
ကြည့်ရှုလိုက်လျှင်၊ ထင်ထင်မြင်သို့
ကြည်လင်စိတ်ဖြူ၊ ထိုသည့်သူက
ကိုယ်သူအကျိုး၊ နှစ်ဦးအကျိုးနှင့်
မဂ်ကျိုးဖိုလ်သည့်၊ နိဗ္ဗာန်ထိသည်
သူ၏စိတ်ဓာတ် ကြည်သောကြောင့်။

(ချမ်းမြေ့ဆရာတော်)

(၁၀)

ကိလေညစ်မဲ၊ စိတ်၌စွဲ
ရုပ်လည်း မကြည်လင်။

ကိလေညစ်မဲ၊ စိတ်မစွဲ
ရုပ်ဆင်း ကြည်လင်သည်။

စိတ်ညစ်မည်းလျှင်၊ ဆင်းရဲပင်
ဖြူလျှင် ချမ်းသာသည်။

ချမ်းသာရလို၊ များလူဗိုလ်
စိတ်ကို သိရမည်။

စိတ်ကိုသိချင်၊ များလူရှင်
နေ့စဉ် စစ်ရမည်။

နေ့စဉ်စစ်ဆေး၊ စိတ်ညစ်ကြေး
လျှော်ဆေးပစ်ရမည်။

(ချမ်းမြေ့ဆရာတော်)

+++++

စာကိုး
ပရမတ္ထသံခိပ်ကျမ်း-လယ်တီဆရာတော်ဘုရားကြီး
ပရမတ္ထသံခိပ်ကျမ်းအဖြေ-မင်းကွန်းဆရာတော်ဘုရားကြီး
သင်္ဂြိုဟ်ဘာသာဋီကာ-အရှင်ဇနကာဘိဝံသ
အဘိဓမ္မာသင်တန်းပို့ချချက်များ-အရှင်သီလာနန္ဒာဘိဝံသ






No comments: