၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် စနေနေ့ကား ၁၃၇၁ ခုနှစ် တပေါင်းလပြည့်နေ့တည်း။
လောကချမ်းသာဘုရားကျောင်းတော်၌ နံနက်ပိုင်းတွင် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ နေ့ခင်းတွင် သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ် ဆည်းပူး ပွားများကြ၏။
ပရိတ်တရားတော်များဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကြပြီးသောအခါ လောကချမ်းသာဆရာတော်က သတိပဋ္ဌာန်လေးပါး မြတ်တရားတော်ကို -
+ ကိုယ်အမူအရာ ဖြစ်တိုင်းမှာ၊ မှန်စွာရှုမှတ် သတိကပ်။
+ စိတ်အမူအရာ ဖြစ်တိုင်းမှာ၊ မှန်စွာရှုမှတ် သတိကပ်။
+ ကောင်းဆိုးလတ်ပါ ဝေဒနာ၊ ပေါ်တာရှုမှတ် သတိကပ်။
+ သဘောတရား ဖြစ်ပေါ်ငြား၊ မှတ်သားရှုမှတ် သတိကပ် စသည့် လင်္ကာများဖြင့် ညွှန်ပြ ဟောကြားသွားပြီး ၁၅ မိနစ်ခန့် လက်တွေ့ ပွားများ အားထုတ်ကြရ၏။
ပြီးသော် နာရီဝက်ခန့် အနားယူကြပြီး မွန်းလွဲ ၃း၃၀ နာရီတွင် ၂၂-ပတ်မြောက် အဘိဓမ္မာပို့ချချက် သင်ခန်းစာကို လေ့လာ သင်ယူကြရလေသည်။
ဦးစွာ လောကချမ်းသာဆရာတော်က ဇောစိတ်များနှင့် ဝီထိပိုင်း ဆိုရိုးများကို ရှင်းလင်း သင်ကြား၏။
ထိုနောက် ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း သင်ခန်းစာကို နာယူ မှတ်သားကြရ၏။
+++++
ဝီထိပိုင်း
ဝီထိ = စိတ်အစဉ်အတန်း
စိတ္တက္ခဏ = စိတ်တစ်ခု အသက်ရှည်ရာ ကာလ။ မျက်စိတစ်မှိတ်၌ စိတ္တက္ခဏပေါင်း ကုဋေများစွာ ဖြစ်နိုင်ချုပ်နိုင်သည်။
ခဏငယ် = စိတ္တက္ခဏတစ်ခု၌ ခဏငယ် ၃-ခု ရှိသည်။
၎င်းတို့မှာ -
ဥပါဒ်ခဏ = ဖြစ်ဆဲအခိုက်အတန့် (ဖြစ်ခဏ)
ဌီခဏ = တည်ဆဲခဏ (တည်ခဏ)
ဘင်ခဏ = ချုပ်ဆဲခဏ (ချုပ်ခဏ)
စိတ်အသက် = စိတ္တက္ခဏတစ်ချက်
ရုပ်အသက် = စိတ္တက္ခဏ ၁၇-ချက်
ဝီထိ ၂-မျိုး = (၁) ပဉ္စဒွါရဝီထိ၊ (၂) မနောဒွါရဝီထိ။
ပဉ္စဒွါရဝီထိ ၅-မျိုး
က။ စက္ခုဝိညာဏဝီထိ (တစ်နည်း - စက္ခုဒွါရဝီထိ)
ခ။ သောတဝိညာဏဝီထိ (သောတဒွါရဝီထိ)
ဂ။ ဃာနဝိညာဏဝီထိ (ဃာနဒွါရဝီထိ)
ဃ။ ဇိဝှါဝိညာဏဝီထိ (ဇီဝှါဒွါရဝီထိ)
င။ ကာယဝိညာဏဝီထိ (ကာယဒွါရဝီထိ)
မနောဒွါရဝီထိများ
(က) ကာမဇောမနောဒွါရဝီထိ
၁။ ဝိဘူတာရုံ ဝီထိ။
၂။ အဝိဘူတာရုံ ဝီထိ။
(ခ) အပ္ပနာဇောဝါရဝီထိ
၁။ ဈာနဝီထိ
၂။ မဂ္ဂဝီထိ
၃။ သမာပတ္တိဝီထိ
၎။ နိရောဓသမာပတ္တိဝီထိ
ဝီထိပိုင်း အာရုံ ၆-မျိုး
၁။ အတိမဟန္တာရုံ - အလွန်များသော စိတ္တက္ခဏအသက်ရှိသော အာရုံ။
၂။ မဟန္တာရုံ - များသော စိတ္တက္ခဏအသက်ရှိသော အာရုံ။
၃။ ပရိတ္တာရုံ - နည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ။
၎။ အတိပရိတ္တာရုံ - အလွန်နည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ။
၅။ ဝိဘူတာရုံ - ထင်ရှားသော အာရုံ။
၆။ အဝိဘူတာရုံ - မထင်ရှားသော အာရုံ။
ထိုတွင် ၁၊ ၂၊ ၃၊ ၄ တို့သည် ပဉ္စဒွါရအတွက်ဖြစ်၍ ၅၊ ၆ တို့သည် မနောဒွါရအတွက် ဖြစ်သည်။
ဝီထိများ၌ တွေ့ရမည့် ဘဝင် ၃-မျိုး
၁။ အတီတဘဝင် - လွန်သွားသော ဘဝင်။
၂။ ဘဝင်္ဂစလန - လှုပ်သော ဘဝင်။
၃။ ဘဝင်္ဂုပစ္ဆေဒ - ပြတ်သော ဘဝင်။
အာရုံအလိုက် ဝီထိအမည်များ
၁။ အတိမဟန္တာရုံဝီထိ (အခြားအမည် - တဒါရမ္မဏဝါရ)
၂။ မဟန္တာရုံဝီထိ (ဇဝနဝါရ)
၃။ ပရိတ္တာရုံဝီထိ (ဝေါဋ္ဌဗ္ဗနဝါရ)
၎။ အတိပရိတ္တာရုံဝီထိ (မောဃဝါရ)
၅။ ဝိဘူတာရုံဝီထိ (တဒါရမ္မဏဝါရ၊ ဇဝနဝါရ)
၆။ အဝိဘူတာရုံဝီထိ (ဇဝနဝါရ)
+++++
ဝီထိ၏ အဓိပ္ပာယ်မှာ ‘အစဉ်အတန်း’ သို့မဟုတ် ‘လမ်း’ ဖြစ်၏။
ဝီထိ (စိတ်ဝီထိ) = စိတ်အစဉ်အတန်း
စိတ်အစဉ်အတန်းဟု ဆိုသော်လည်း တစ်ခုဖြစ်ပြီး ပျောက်, ပျက်၊ နောက်တစ်ခုဖြစ်၊ ပျောက်,ပျက်၊ နောက်တစ်ခုဖြစ်နေသည်တို့ကို အုပ်စုတစ်ခု ယူနစ်တစ်ခုကဲ့သို့ သဘောထားကာ စိတ်ဝီထိဟု ခေါ်ဆိုခြင်း ဖြစ်သည်။
စိတ်သည် တစ်ခဏမှာ စိတ်တစ်ခုသာ ဖြစ်၏။ နှစ်ခု ပြိုင်ဖြစ်ရိုး မရှိ။
မြင်စိတ်ဖြစ်ရာတွင် မြင်စိတ်လေးတစ်ခုသာမက အခြားတွဲ၍ တစ်ခုပြီး တစ်ခု ဖြစ်သော စိတ်များကိုပါ အုပ်စုတစ်ခု/အစဉ်အတန်းတစ်ခုအနေနှင့် ပေါင်းပြီး ဝီထိဟု ခေါ်ခြင်း ဖြစ်သည်။
ဝီထိတွင် ပါသော တစ်ခု တစ်ခုသော စိတ်ကလေးများ၏ အသက်ကို စိတ္တက္ခဏ (စိတ္တ=စိတ်၊ ခဏ=ခဏ) ဟု ခေါ်၏။
မျက်စိတစ်မှိတ်၌ စိတ္တက္ခဏပေါင်း ကုဋေများစွာ ဖြစ်နိုင်ချုပ်နိုင်သည်ဟု အဋ္ဌကထာများ၌ ဆို၏။
တစ်ဖန် စိတ္တက္ခဏ၌ ခဏအငယ် ၃-ခု အမြဲတမ်း ရှိ၏။
ဥပ္ပါဒ်ခဏ = ဖြစ်ဆဲအခိုက်အတန့် (ဖြစ်ခဏ)
ဌီခဏ = တည်နေဆဲခဏ (တည်ခဏ)
ဘင်ခဏ = ချုပ်ဆဲခဏ (ချုပ်ခဏ)
ဤသို့ ဆရာအများ၏ အယူအဆမှာ ဖြစ်, တည်, ချုပ် ၃-မျိုးပါသည်ဟု ယူဆကြ၏။
ခဲလုံးလေးတစ်လုံးကို မြှောက်ပစ်လိုက်သောအခါ မြောက်တက်သွားသည့်အချိန်(ဥပါဒ်)၊ အမြင့်ဆုံးရောက်၍ တန့်သွားသည့်အချိန်(ဌီ)၊ ပြန်ကျလာသောအချိန်(ဘင်)ဖြင့် ဥပမာပေး၏။
စိတ္တက္ခဏကို ‘ခဏကြီး’ဟုလည်း ခေါ်၏။
ထို့ကြောင့် စိတ်အသက်မှာ ခဏကြီးတစ်ချက် (သို့မဟုတ်) ခဏငယ် ၃-ချက် အသက်ရှည်၏။
ဝီထိပိုင်းကို လေ့လာရာတွင် အာရုံပြုသည့်သဘောလည်း ပါလာရာ ရုပ်သဘော နည်းနည်း ပါလာ၏။ ထို့ကြောင့် ရုပ်အသက်ကို သိထားရန် လို၏။
ရုပ်အသက်သည် စိတ္တက္ခဏ ၁၇-ချက် အသက်ရှည်၏။
ရုပ်သည် စိတ်ထက် အသက် ၁၇-ချက် ပိုရှည်၏။ သို့မဟုတ် အချုပ်နှေးသည်ဟု ဆိုနိုင်၏။
စိတ္တက္ခဏတွင် ခဏငယ် ၃-ချက်ရှိရာ ရုပ်အသက်ကို ခဏငယ်ဖြင့် ဆိုသော် (၁၇x၃) ခဏငယ် ၅၁ ချက် ရှိ၏။
ဝီထိ ၂ မျိုး
(၁) ပဉ္စဒွါရဝီထိ (၅-ဒွါရမှာ ဖြစ်သော ဝီထိ)
စက္ခုဝိညာဏဝီထိ (မြင်စိတ်ဝီထိ) / စက္ခုဒွါရဝီထိ
သောတဝိညာဏဝီထိ (ကြားစိတ်ဝီထိ) / သောတဒွါရဝီထိ
ဃာနဝိညာဏဝီထိ (နံသိစိတ်ဝီထိ) / ဃာနဒွါရဝီထိ
ဇိဝှါဝိညာဏဝီထိ (အရသာသိစိတ်ဝီထိ) / ဇိဝှါဒွါရဝီထိ
ကာယဝိညာဏဝီထိ (တွေ့ထိသိစိတ်ဝီထိ) / ကာယဒွါရဝီထိ
(၂) မနောဒွါရဝီထိ (မနောဒွါရမှာ ဖြစ်သော ဝီထိ)
(က) ကာမဇောမနောဒွါရဝီထိ (ကာမဇောပါသော မနောဒွါရဝီထိ)
၁။ ဝိဘူတာရုံဝီထိ (ထင်ရှားသော အာရုံကို အာရုံပြုပြီး ဖြစ်သော ဝီထိ)
၂။ အဝိဘူတာရုံဝီထိ (မထင်ရှားသော အာရုံကို အာရုံပြုပြီး ဖြစ်သော ဝီထိ)
(ခ) အပ္ပနာဇောဝါရဝီထိ (အပ္ပနာဇောပါသော မနောဒွါရဝီထိ)
၁။ ဈာနဝီထိ (ဈာန်ကို ပထမရစဉ် ဝင်စားသော ဝီထိ)
၂။ မဂ္ဂဝီထိ (မဂ်ဖြစ်စဉ် ဖြစ်သော ဝီထိ)
၃။ သမာပတ္တိဝီထိ (ရပြီးသောဈာန်ကို ပြန်ဝင်စားသောအခါ ဖြစ်သော ဝီထိ)/ဖလသမာပတ္တိဝီထိ (ဖိုလ်ပြန်ပြီး ဝင်စားသောအခါ ဖြစ်သော ဝီထိ)
၎။ နိရောဓသမာပတ္တိဝီထိ (အနာဂါမ်၊ ရဟန္တာတို့သာ ဝင်စားနိုင်ပြီး စိတ်, စေတသိက်, စိတ္တဇရုပ်တို့ ချုပ်သွားသော ဝီထိ)
ဝီထိပိုင်း အာရုံ ၆ မျိုး
၁။ အတိမဟန္တာရုံ
အာရုံတစ်ခုခုက ဒွါရတစ်ခုခုကို တွေ့လိုက် ရိုက်လိုက်သောအခါ ပဋိသန္ဓေစိတ်နှင့်အတူ ဘဝတစ်လျှောက်လုံး ဖြစ်နေသော ဘဝင်သည် ပထမတစ်ချက် လွန်သွားပြီးမှ ထူးခြားမှုများ ဖြစ်၏။ လျင်မြန်စွာ ပြေးလာသူတစ်ဦးသည် ချက်ချင်း မရပ်နိုင်သကဲ့သို့ အရှိန်နှင့် ဖြစ်ပျက်နေသော ဘဝင်သည်လည်း တွေ့ကြုံ ရိုက်ခတ်လာသော အာရုံကြောင့် ချက်ချင်း မရပ်နိုင်။ (အတီတဘဝင်=လွန်သွားသော ဘဝင်)
ထိုနောက် အာရုံ၏ ရိုက်ခတ်မှုကြောင့် ဘဝင်လှုပ်သွား၏။ (ဘဝင်္ဂစလန)
အာရုံက အားကောင်း ပြင်းထန်သော် နောက်တစ်ကြိမ်တွင် ဘဝင်ပြတ်သွား၏။ (ဘဝင်္ဂုပစ္ဆေဒ)
ဤသို့ ဘဝင် ၃-ကြိမ် လာ၏။
ဘဝင် ၃-ချက် လွန်သွားပြီးနောက် စိတ်သည် အာရုံဘက်သို့ လှည့်သွား၏။ (ပဉ္စဒွါရာဝဇ္ဖန်း)
(မနောဒွါရဝီထိတွင် မနောဒွါရာဝဇ္ဇန်း ဖြစ်၏။)
ဤအချိန်မှ စ၍ ဝီထိစိတ်ဘက်သို့ လှည့်သွား၏။
ရူပါရုံနှင့် ပတ်သက်၍ ဆိုရလျှင် မြင်စိတ်ဖြစ်၏။ (စက္ခုဝိညာဏ်စိတ်)
စက္ခုဝိညာဏ်ဖြစ်ပြီးနောက် အာရုံကို လက်ခံစိတ် ဖြစ်၏။ (သမ္ပဋိစ္ဆိန်းစိတ်)
ထိုနောက် အာရုံကို အကောင်း အဆိုး စုံစမ်းစိတ် ဖြစ်၏။ (သန္တီရဏစိတ်)
စုံစမ်းပြီးနောက် ဆုံးဖြတ်ချက် ချ၏။ (ဝုဋ္ဌောစိတ်)
ထိုနောက် ဇောက ခံစားတော့၏။ သာမန်အားဖြင့် ၇-ကြိမ် ဖြစ်၏။ (ဇောစိတ်)
ထိုနောက် ဇောယူသော အာရုံကို ယူသည့် တဒါရုံ ၂-ကြိမ် ဖြစ်၏။ (တဒါရုံ)
စိတ္တနိယာမအရ တဒါရုံသည် ဖြစ်လျှင် ၂-ကြိမ် ဖြစ်ရ၏။ တစ်ကြိမ်တည်း မဖြစ်နိုင်။ လုံးဝ မဖြစ်ဘဲ ဖြစ်နိုင်၏။
တဒါရုံ ၂-ကြိမ်ဖြစ်ပြီးက စိတ္တက္ခဏ ၁၇-ချက် ရှိသွားပြီးဖြစ်ရာ ရူပါရုံလည်း ချုပ်သွားပြီး ဘဝင်ပြန်ကျသွားတော့၏။
ဤသို့ စိတ္တက္ခဏ ၁၇-ချက်လုံး ဝီထိရှိ၍ အလွန်များသော စိတ္တက္ခဏအသက်ရှိသော အာရုံ = “အတိမဟန္တာရုံ”ဟု ခေါ်၏။
အတီတဘဝင်နှင့် ပြိုင်ပြီး ဥပါဒ်၍ ဒုတိယ တဒါရုံနှင့် ပြိုင်ပြီး ချုပ်၏။
အခြားအမည်အားဖြင့် “တဒါရမ္မဏဝါရ” ဟု ခေါ်၏။
အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ဘဝင်စိတ် ၃-ခုတို့သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် တစ်ခုခုကို အာရုံပြု၏။
ဤစက္ခုဒွါရဝီထိ၏ ကျန် ပဉ္စဒွါရဝဇ္ဇန်းမှ တဒါရုံတိုင် စိတ်များက ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏။
မြင်သိစိတ်ဝီထိဖြစ်ရာ ဒွါရအားဖြင့် စက္ခုဒွါရ၌ ဖြစ်၏။
မှီရာဝတ္ထုအနေဖြင့်မူ စက္ခုဝိညာဏ်စိတ်က လွဲ၍ ကျန်စိတ်များသည် သူတို့၏ ရှေးကစိတ်နှင့် အတူတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၏။
စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏။
ဤစက္ခုဒွါရဝီထိ၌ ဘဝင်စိတ်များမပါ၊ ဝီထိစိတ်အမျိုးအစားအားဖြင့် -
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်စိတ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ ၇-မျိုး ရှိ၏။
စိတ္တက္ခဏပေါင်းအားဖြင့် ပဉ္စဒွါရာဝဇ္ဇန်း ၁ + စက္ခုဝိညာဏ်စိတ် ၁ + သမ္ပဋိစ္ဆိုန်း ၁ + သန္တီရဏ ၁ + ဝုဋ္ဌော ၁ + ဇော ၇ + တဒါရုံ ၂ = စိတ်အကြိမ် ၁၄ ခု ရှိ၏။
၂။ မဟန္တာရုံ (များသော စိတ္တက္ခဏအသက်ရှိသော အာရုံ)
‘ပထမ မဟန္တာရုံ’
တစ်ခါတရံ အားမကောင်းသော အာရုံဖြစ်က အတီတဘဝင်တစ်ချက် လွန်ရုံနှင့် ဘဝင်ကို မလှုပ်နိုင်သောကြောင့် ၂-ချက် လွန်မှ လှုပ်နိုင်၏။
အတီတဘဝင် ၂
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၁
ဇော ၇
(တဒါရုံသည် တစ်ကြိမ် မဖြစ်နိုင်သောကြောင့်)
ဘဝင် ၁
‘ဒုတိယ မဟန္တာရုံ’
ပထမမဟန္တာရုံအောက် အားနည်းသော အာရုံဖြစ်က အတီတဘဝင် ၃-ချက် လွန်ပြီးမှ ဘဝင်လှုပ်၏။
အတီတဘဝင် ၃
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၁
ဇော ၇
ဇောပြီးသည်နှင့် ဝီထိ ဆုံး၏။
ထို့ကြောင့် မဟန္တာရုံဝီထိကို အခြားအမည်အားဖြင့် “ဇဝနဝါရ” ဟု ခေါ်၏။
၃။ ပရိတ္တာရုံ (နည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ)
‘ပထမပရိတ္တာရုံ’
အာရုံက အားနည်းသွားပြန်သော် -
အတီတဘဝင် ၄-ကြိမ် ဖြစ်ပြီးမှ ဘဝင် လှုပ်၏။
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
(ဇော ၇-ကြိမ်မဖြစ်နိုင်တော့၍ ဝုဋ္ဌော ၂-ကြိမ် သို့မဟုတ် ၃-ကြိမ် ဖြစ်ပြီး၊ ဘဝင်စိတ်များ ဖြစ်၏။)
ဝုဋ္ဌော ၃
ဘဝင် ၎
‘ဒုတိယပရိတ္တာရုံ’
အတီတဘဝင် ၅
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၃
ဘဝင် ၃
‘တတိယပရိတ္တာရုံ’
အတီတဘဝင် ၆
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၃
ဘဝင် ၂
‘စတုတ္ထပရိတ္တာရုံ’
အတီတဘဝင် ၇
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၃
ဘဝင် ၁
‘ပဉ္စမပရိတ္တာရုံ’
အတီတဘဝင် ၈
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၃
‘ဆဋ္ဌမပရိတ္တာရုံ’
အတီတဘဝင် ၉
ဘဝင်္ဂစလန ၁
ဘဝင်္ဂုပစ္ဆေဒ ၁
ပဉ္စဒွါရာဝဇ္ဇန်း ၁
စက္ခုဝိညာဏ် ၁
သမ္ပဋိစ္ဆိုန်း ၁
သန္တီရဏ ၁
ဝုဋ္ဌော ၂
ပရိတ္တာရုံဝီထိမှာ ဇော လုံးဝ မရှိဘဲ ဝုဋ္ဌော သာရှိသောကြောင့် အခြားအမည်အားဖြင့် “ဝေါဋ္ဌဗ္ဗနဝါရ”ဟု ခေါ်၏။
+++++
နေ့ခင်းတွင် လောကချမ်းသာဆရာတော်က သတိပဋ္ဌာန်လေးပါး မြတ်တရားတော်ကို ဟောကြားပြီး ဖြစ်၍ တစ်ကြောင်း၊ စိန်စည်ဆရာတော်မှာလည်း Albany သို့ ကြွရောက်နေသည် တစ်ကြောင်း နောက်ထပ် တရားပွဲတစ်ခု မပြုလုပ်ဖြစ်တော့ပေ။
No comments:
Post a Comment