Thursday, March 25, 2010

နွေဦးအစနှင့် လုပ်အားဒါန

နွေဦးသို့ ရောက်ပြန်လေပြီ။

နွေဦး၏ သင်္ကေတဖြစ်သော ရွက်နုတို့ အသစ်တဖန် ဝေခြင်း၊ ကျေးငှက်သာရကာတို့၏ ကြည်နူးဖွယ် တေးဆိုခြင်းများနှင့်အတူ မဟာစည်သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်းရှိ လောကချမ်းသာစေတီတော်၏ ထီးတော်ဆီမှ လေတိုက်တိုင်း လွင့်ပျံလာသည့် ဆည်းလည်းသံတို့သည် ကြားရ မြင်ရသူအပေါင်းကို စိတ်ကြည်နူး နုပျိုသွားအောင် သုခပွား ခံစားရရှိစေပါသည်။

ဆောင်းကာလအတွင်း ရပ်နားထားခဲ့ရသော လောကချမ်းသာစေတီတော်၏ ဆောင်ရွက်ဆဲ လုပ်ငန်းအချို့ကို ပြန်လည် စတင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ထား ဆောက်လုပ်ရေး တာဝန်ခံ ဦးမောင်မောင်က အထူး တိုက်တွန်း နှိုးဆော်ထား၏။

တိုက်တွန်း နှိုးဆော်ထားသည့်အတိုင်း ၂၀၁၀ ခုနှစ် မတ်လ (၂၁)ရက် တနင်္ဂနွေနေ့တွင် လုပ်အားဒါန ပေးလှူကြမည့် ဓမ္မမိတ်ဆွေအချို့တို့သည် တစ်အိမ်လျှင် ဆွမ်းဟင်း တစ်ခွက် နှစ်ခွက် စသည်တို့ကို ယူဆောင်လာကြကာ “နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော်နှင့် အေဘီဘီအေ၏ တွဲဖက် နာယကဆရာတော်”ဖြစ်သော ဆရာတော် ဦးပညာသီဟနှင့် အေဘီဘီအေ၏ နာယကအဖွဲ့ဝင် ဆရာတော် ဦးသောဘနတို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။

တစ်ချိန်တည်းတွင် ဦးစိန်မြင့်နှင့် ဦးကျော်သူမြတ်တို့က Home Depot သို့ သွားကာ ခြံစည်းရိုးကာရန် သံဇကာလိပ်များ ဝယ်ယူကြသည်။

ဦးမောင်မောင်၊ K & R Sitework, Inc. လုပ်ငန်းရှင် Ken နှင့် ဗိသုကာပညာရှင် Darrit Cho တို့ကား ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ ပုံစံ မိတ္တူများ ချကာ ဆွေးနွေး တိုင်ပင်နေကြ၏။

ဆရာတော်များ နေ့ဆွမ်း ဘုဉ်းပေးကြပြီးနောက် အမျိုးသမီးများအဖွဲ့က ရှေးဦးစွာ နေ့လယ်စာ စားသောက်ကြသည်။ ထိုနောက် အမျိုးသားများအဖွဲ့က ဆက်လက်၍ နေ့လယ်စာ စားသောက်ကြသည်။

နေ့လယ်စာစားသောက်ကြပြီးနောက် လုပ်လက်စဖြစ်သော စေတီတော် ပလ္လင်ခုံ ပတ်လည်တွင် ကပ်မည့် အင်္ဂတေပန်းဆွဲများကို အချောသတ်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ကြသည်။







ဤအင်္ဂတေပန်းဆွဲများအတွက် ပုံဆွဲခြင်း၊ ပုံလောင်းခြင်း စသည်တို့ကို ဦးမောင်မောင်၊ ဦးအောင်ကျော်မိုး၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့ ကိုယ်တိုင် ဦးစီး ဆောင်ရွက်ကြခြင်း ဖြစ်၏။

အမျိုးသမီးများနှင့် အမျိုးသားအချို့တို့က ပုံလောင်းပြီး အင်္ဂတေပန်းဆွဲများ၏ လိုအပ်သော နေရာများတွင် အပေါက်ဖောက်ခြင်းတို့ကို ပြုလုပ်ကြ၍ ကိုကျော်သူမြတ်က ကျောက်စက်ဖြင့် အချောသတ်ခြင်းကိစ္စကို ဆောင်ရွက်၏။

တချိန်တည်းတွင် ဆရာတော်ဦးပညာ၏ ကွပ်ကဲမှုဖြင့် ဦးသောဘနနှင့် ကိုဂျိုးတို့က ခြံစည်းရိုးကာမည့် နေရာတလျောက်ရှိ ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ စည်းရိုးတိုင်အဟောင်းများ နှုတ်ပစ်ခြင်းများ ပြုလုပ်ကြသည်။
ထိုနောက် ဦးစိန်မြင့်၊ ဦးစောဝင်းတို့နှင့် ပူးပေါင်းကာ သံဇကာဖြင့် စည်းရိုးကာကြသည်။

ပြီးသော် ခြံစည်းရိုးကာသည့်လုပ်ငန်းမှ ထွက်လာသော စည်းရိုးတိုင်ဟောင်းများ၊ ခြုံနွယ်များ၊ စည်းရိုးဟောင်းများ စသည့် အမှိုက်များကို အမှိုက်ပုံသို့ သယ်ယူကာ စနစ်တကျ စွန့်ပစ်ကြသည်။

ဒေါ်ပြုံးပြုံးရည်က လုပ်အားဒါနပေးနေသူများ ရှိရာသို့ သွားရောက်ပြီး အချိုရည်များ၊ မုန့်များဖြင့် အမောပြေ ကျွေးမွေး အားပေး၏။

အင်္ဂတေပန်းဆွဲများ အချောကိုင်သည့် လုပ်ငန်းပြီးသောအခါ ဦးစောဝင်းနှင့် အမျိုးသမီးများက စေတီတော်ရင်ပြင် သန့်ရှင်းရေးအတွက် အမှိုက်များ လှဲကျင်းကြသည်။

ထိုအချိန်တွင် ဧည့်သည်မိသားစုတစ်စု ရိပ်သာသို့ ရောက်လာကြ၏။
ထိုမိသားစုသည် ဆရာတော်ဦးပညာသီဟအား ဦးစွာ ဖူးတွေ့ကြသည်။
ပြီးလျှင် သိလိုသည်များကို မေးမြန်း လျှောက်ထားကြပြီး ဆရာတော်ထံမှ အဆုံးအမ သြဝါဒများ ခံယူကြ၏။
ထိုနောက် လောကချမ်းသာစေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။

နွေဦးအစ၏ သာယာသော နေ့တစ်နေ့၏ ဆည်းဆာအချိန် ..
လေပြေလေညှင်း တစ်ချက် တစ်ချက် အဝေ့၌ စေတီတော်၏ ထီးတော်မှ ထွက်ပေါ်လာသော ဆည်းလည်းသံများ ..
စေတီတော်ရင်ပြင်၌ ငြိမ်းအေးစွာ ဘုရားဝတ်ပြုနေသော အမျိုးသမီးတစ်ဦး ... တို့ကို မြင်ရ ကြားရသည်မှာ အထူးလက်ရာမြောက်သော သက်ဝင် ပန်းချီကားတစ်ချပ်နှယ် တင့်တယ် လှပနေတော့၏။

စေတီတော်ရင်ပြင်သန့်ရှင်းရေး လုပ်အားပေးကို လောလောလတ်လတ် ဆောင်ရွက်ထားခဲ့ကြသူများအတွက်လည်း ဝမ်းသာ ကြည်နူးမှု ပီတိကို ခံစားကြရလေသည်။

အင်္ဂတေပန်းဆွဲများ အချောသတ်ခြင်း၊ စည်းရိုးကာရံခြင်းများ ပြီးသော် ဦးမောင်မောင်၊ ဦးစိန်မြင့်၊ ကိုကျော်သူမြတ်၊ ဦးစောဝင်း၊ ကိုရန်နောင်၊ ကိုထွန်းထွန်းတို့က လိုအပ်နေသေးသော ပန်းဆွဲများအတွက် အင်္ဂတေဖြင့် ပုံလောင်းကြသည်။

ကိုထွန်းထွန်းက ပန်းဆွဲများထဲမှ အကောင်းဆုံးတစ်ခုကို ရွေးထုတ်ယူကာ ပုံလောင်းရန် ပုံစံတစ်ခု ထပ်မံ ပြုလုပ်သည်။

လာမည့် ဧပြီလထဲတွင် လိုအပ်နေသေးသော ပန်းဆွဲများ ထပ်မံ ပြုလုပ်ခြင်း၊ ဘုရားကျောင်းဆောင်အတွက် မှာယူထားသော တံကဲ၊ ဘေးအကာနှင့် တိုင်များ ရရှိလျှင် အပြီးသတ် တပ်ဆင်ခြင်း၊ အရံစေတီများ အချောကိုင်ခြင်း၊ ပန်းဆွဲများကို စေတီတော်ပလ္လင်ခုံ ပတ်လည်တွင် တပ်ဆင်ခြင်း၊ မေလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် တတိယအကြိမ် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ရိပ်သာဝင်းအတွင်း အထွေထွေ သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခြင်း စသော လုပ်ငန်းများ ဆက်လက် ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ရာ လုပ်အားဒါနပေးလိုသော ဓမ္မမိတ်ဆွေများကို ဖိတ်ခေါ်ပါသည်။

လုပ်အားပေး အစီအစဉ်ကို ကြိုတင် အသိပေး အကြောင်းကြားပါမည်။

စောဝင်း

No comments: