၂၀၀၉ ခု နိုဝင်ဘာလ ၁၄ ရက် စနေနေ့ အဘိဓမ္မာသင်တန်းတွင် ဝိပါက်စိတ်နဲ့ ကြိယာစိတ်အချို့ အကြောင်းကို လေ့လာကြရ၏။
..... ဒီနေ့ လေ့လာမယ့် စိတ် အားလုံးကို ‘အဟိတ်စိတ်’လို့ခေါ်တယ်။ အဟိတ်စိတ်အားလုံး ၁၈-ပါး ရှိတယ်။
‘ဟိတ်’ဆိုတာ ‘ဟေတု’က လာတာ။ ‘မူလ၊ အရင်းအမြစ်’လို့ ဆိုလိုတယ်။ ‘ဟိတ်’ ၆-ပါး ရှိတယ်။
လောဘရယ်, ဒေါသရယ်, မောဟရယ် ... သူတို့က အကုသိုလ်ဟိတ်။ ပြီးတော့ သူရဲ့ ဆန့်ကျင်ဘက် အလောဘရယ်, အဒေါသရယ်, အမောဟရယ် .. သူတို့ကတော့ ကုသိုလ်ဟိတ်။
‘ဟိတ်’နဲ့ မယှဉ်တာကို ‘အဟိတ်’လို့ ခေါ်တယ်။ ဒီ‘အဟိတ်စိတ်’တွေ ဖြစ်တဲ့အခါကျတော့ ဒီဟိတ်တွေ တစ်ခုမှ မပါဘူး။ သူတို့က တခြား ကုသိုလ်ဟိတ်၊ အကုသိုလ်ဟိတ်တွေကြောင့် ဖြစ်တဲ့ “အကျိုး”တွေဖြစ်တယ်။ သူတို့ကိုယ်၌က ဒီဟိတ်တွေနဲ့ မယှဉ်တဲ့အတွက်ကြောင့်သာ သူတို့ကို ‘အဟိတ်စိတ်’လို့ ခေါ်တာ။
‘အဟိတ်စိတ်’ ၁၈-ပါးကို ‘အကုသလဝိပါက်စိတ် ၇-ပါး’၊ ‘အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး’ နဲ့ ‘အဟိတ်ကြိယာစိတ် ၃-ပါး’လို့ သုံးမျိုးခွဲလို့ ရတယ်။
အကုသလဝိပါက်စိတ် ၇-ပါး
(၁) ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
(၂) ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
(၃) ဥပေက္ခသဟဂတ ဃာနဝိညာဏစိတ်
(၄) ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
(၅) ဒုက္ခသဟဂတ ကာယဝိညာဏစိတ်
(၆) ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
(၇) ဥပေက္ခာသဟဂတ သန္တီရဏစိတ်
အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး
(၁) ဥပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်
(၂) ဥပေက္ခာသဟဂတ သောတဝိညာဏစိတ်
(၃) ဥပေက္ခသဟဂတ ဃာနဝိညာဏစိတ်
(၄) ဥပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်
(၅) သုခသဟဂတ ကာယဝိညာဏစိတ်
(၆) ဥပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်
(၇) သောမနဿသဟဂတ သန္တီရဏစိတ်
(၈) ဥပေက္ခာသဟဂတ သန္တီရဏစိတ်
အဟိတ်ကြိယာစိတ် ၃-ပါး
(၁) ဥပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇနစိတ်
(၂) ဥပေက္ခာသဟဂတ မနောဒွါရာဝဇ္ဇနစိတ်
(၃) သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ်
+++++
လယ်တီဆရာတော်ကြီးက ‘ပရမတ္ထသံခိပ်ကျမ်း’တွင် အဟိတ်စိတ် ၁၈-ပါးကို ဤသို့ လင်္ကာစီထား၏။
‘စက်’‘သော’‘ဃာ’‘ဇီ’၊ ‘ကာ’ကို မှီ၊ ငါးလီ ဝိညာဏ်မှတ်။
‘သမ်’‘သန်’နှစ်ခု၊ လောင်းပြန်မှု၊ အကုဝိပါက် သတ်။
‘စက်’‘သော’‘ဃာ’‘ဇီ’၊ ‘ကာ’ကို မှီ၊ ငါးလီ ဝိညာဏ်မှတ်။
‘သမ်’‘သန်’‘သန်’ဟု၊ လောင်းပြန်မှု၊ ကုသလဝိပါက် အဋ္ဌ်။
‘အာဝဇ္ဇန်း’ဒွိ၊ ‘ဟသိတုပ္ပါဒ်’၊ ဤသုံးရပ်၊ မှတ်လေ ကိရိယာ။
ကာယနှစ်လီ၊ ‘ဒု’‘သု’မှီ၊ ကု-‘တီ’ ‘ဟသိ’ သော။
အကြွင်းစုဒ္ဒသ်၊ ‘ဥ’နှင့်ကပ်၊ ဌာရသ် စိတ်မနော။
‘စက်’ = စက္ခုဝိညာဏ်စိတ်၊ ‘သော’ = သောတဝိညာဏ်စိတ်၊ ‘ဃာ’ = ဃာနဝိညာဏ်စိတ်၊ ‘ဇီ’ = ဇိဝှါဝိညာဏ်စိတ်၊ ‘ကာ’ = ကာယဝိညာဏ်စိတ်၊ ‘သမ်’ = သမ္ပဋိစ္ဆိုင်းစိတ်၊ ‘သန်’ = သန္တီရဏစိတ်၊
အကုဝိပါက် ‘သတ်’ (သတ္တ = ၇) = အကုသလဝိပါက်စိတ် ၇-ပါး။
‘စက်’ = စက္ခုဝိညာဏ်စိတ်၊ ‘သော’ = သောတဝိညာဏ်စိတ်၊ ‘ဃာ’ = ဃာနဝိညာဏ်စိတ်၊ ‘ဇီ’ = ဇိဝှါဝိညာဏ်စိတ်၊ ‘ကာ’ = ကာယဝိညာဏ်စိတ်၊ ‘သမ်’ = သမ္ပဋိစ္ဆိုင်းစိတ်၊ ‘သန်’ = သန္တီရဏစိတ်၊ ‘သန်’ = သန္တီရဏစိတ်၊
ကုသလဝိပါက် ‘အဋ္ဌ်’ (အဋ္ဌ = ၈) = အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး။
အာဝဇ္ဇန်း ဒွိ(၂) = ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁-ပါး၊ မနောဒွါရာဝဇ္ဇန်းစိတ် ၁-ပါး။
ဟသိတုပ္ပါဒ် = ဟသိတုပ္ပါဒ်စိတ် ၁-ပါး
ဤသုံးရပ်၊ မှတ်လေ ကိရိယာ = အဟိတ်ကြိယာစိတ် ၃-ပါး။
ကာယနှစ်လီ၊ ‘ဒု’‘သု’မှီ = ‘အကုသလဝိပါက် ကာယဝိညာဏ်စိတ်’သည် ‘ဒုက္ခဝေဒနာ’(ဒု)နှင့်တကွ၊ ‘အဟိတ်ကုသလဝိပါက် ကာယဝိညာဏ်စိတ်’သည် ‘သုခဝေဒနာ’(သု)နှင့်တကွ ဖြစ်၏။
ကု-‘တီ’ ‘ဟသိ’ သော = ကုသလဝိပါက်မှ ‘သန္တီရဏစိတ် ၁-ပါး’၊ အဟိတ်ကြိယာမှ ‘ဟသိတုပ္ပါဒ်စိတ် ၁-ပါး’တို့သည် ‘သောမနဿဝေဒနာ’(သော)နှင့်တကွ ဖြစ်၏။
အကြွင်းစုဒ္ဒသ် = ကျန်သော အဟိတ်စိတ် ၁၄-ပါး(စုဒ္ဒသ=၁၄)တို့သည်
‘ဥ’နှင့်ကပ် = ‘ဥပေက္ခာဝေဒနာ’(ဥ)နှင့်တကွ ဖြစ်၏။
ဌာရသ် စိတ်မနော = အဟိတ်စိတ် စုစုပေါင်း ၁၈-ပါး (အဌာရသ=၁၈) ဖြစ်၏။
လင်္ကာကျက်မှတ်၍ မှတ်သားလေ့လာလိုသူတို့အတွက် အကျိုးရှိလှ၏။
+++++
..... စက္ခုဆိုတာ မျက်လုံး၊ ဝိညာဏဆိုတာ အသိ၊ စက္ခုဝိညာဏ - မြင်သိစိတ်။ မျက်လုံးနဲ့ သိတဲ့စိတ်၊ မြင်သိစိတ်။ စက္ခုဝိညာဏ်စိတ်ဆိုတာ မြင်သိတဲ့စိတ်။ မြင်တဲ့အခါမှာ မြင်ရုံလေး မြင်တာ။ ဘာမှ ရှေ့မတိုးသေးဘူး။
ဒီရူပါရုံလို့ဆိုတဲ့ အာရုံလေးကို မြင်ရုံလေး မြင်လိုက်တာ၊ မြင်ကာမျှဖြစ်တဲ့ စိတ်ကို စက္ခုဝိညာဏလို့ ဒီလို ခေါ်တာ။
တစုံတခုမြင်ရင် ဒီစိတ်နဲ့ချည်း မြင်တာ။ အကုသလဝိပါက် - အကုသိုလ်ရဲ့အကျိုးစိတ်ဆိုရင် ကိုယ်မမြင်ချင်တာ မြင်ရတယ်။ အရုပ်ဆိုးတာ မြင်ရတယ်။ မကောင်းတာ မြင်ရတယ်။ ပါဠိလိုပြောတော့ အနိဋ္ဌာရုံလို့ ခေါ်တာပေါ့လေ။ အလိုမရှိအပ်တဲ့ အာရုံတွေကို မြင်တဲ့အခါမှာ မြင်တဲ့စိတ်ဟာ ဒီစိတ်တွေပေါ့။ ကိုယ်မမြင်ချင်တဲ့ဟာကြီးတစ်ခု ကိုယ်လာမြင်ရတာဆိုတော့ မကောင်းမြင်ရတာပေါ့။ အဲဒီ မကောင်းမြင်တဲ့စိတ်ဟာ ဘာကြောင့်ဖြစ်တာလဲ။ နောက်ဘဝက ကိုယ်က လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ဖြစ်တာ။
ထို့အတူပဲ ကိုယ်မကြားချင်တာကြီး ကြားရတယ်။ ဆဲသံ ဆိုသံပဲဖြစ်ဖြစ်၊ သီချင်းသံပဲဖြစ်ဖြစ်ပေါ့လေ။ မကြားချင်တာ ကြားရတဲ့အခါမှာလည်း နောက်ဘဝက ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ အကျိုးလာတွေ့တာ။
ဒီအတိုင်းပဲ မကြိုက်တဲ့ အနံ့တွေ နံတယ်။ တခါတလေတော့ တစ်ယောက်အတွက် ကောင်းပေမယ့် နောက်တစ်ယောက်အတွက် မကောင်းတာတွေ ရှိတယ်။ ကိုယ့်အတွက် မကောင်းရင် မကောင်းတဲ့ အာရုံလို့ ခေါ်ရတာပေါ့။
ဆိုပါတော့။ နီးနီး ဥပမာပေးမယ်။ ဦးဇင်း နံနံပင် မကြိုက်ဘူး။ နံနံပင် အနံ့ကို မခံချင်ဘူး။ ဒီအနံ့ကို မကြိုက်ဘူး။ ဦးဇင်းအဖို့ နံနံပင်ဟာ အနိဋ္ဌာရုံပဲ။ တခြားဦးဇင်းအတွက်ကျတော့ ကြိုက်တော့ ဣဋ္ဌာရုံပေါ့။ တခါတလေကျတော့လည်း စိတ်ဆိုးချင်တယ်ပေါ့လေ။ ... နံနံပင်တွေ ထည့်လာပြန်ပြီကွာ ..ဆိုပြီး။ တကယ့်တကယ်ကျတော့ ဒါ ဘယ်သူ့မှ အပြစ်တင်စရာ မဟုတ်ဘူး။ နောက်ဘဝက ကိုယ့်အကုသိုလ်ကံ လာအကျိုးပေးလို့ ကိုယ်မလိုချင်တာတွေ ဒီမှာ လာတွေ့တာ။
+++++
..... ပဉ္စဒွါရာဝဇ္ဇန ။ ‘ပဉ္စ’ဆိုတာက ငါး၊ ‘ဒွါရ’ဆိုတာက တံခါး၊ ‘အာဝဇ္ဇန’ဆိုတာက ဆင်ခြင်တာဆိုလည်း ဟုတ်တယ်၊ လှည့်တာဆိုလည်း ဟုတ်တယ်။
တံခါး ဘယ်နှပေါက်ရှိလဲ?
၆-ပေါက် ရှိတယ်နော်။ ‘မျက်စိ’၊ ‘နား’၊ ‘နှာခေါင်း’၊ ‘လျှာ’၊ ‘ကိုယ်’၊ ‘စိတ်’။
ဦးဇင်းတို့ .. အမေရိကန်တွေနဲ့ ပြောရင် အထူးပြောရတယ်။ အဘိဓမ္မာမှာက စိတ်ဟာလည်းပဲ Sense တစ်ခုပဲ။ Sense door ဆိုရင် သူတို့က ငါးခုပဲ သိတာကိုး။ Sixth sense ဆိုပြန်တော့လဲ အဓိပ္ပာယ် တစ်မျိုး ရောက်သွားပြန်ရော။ Six door ၊ တံခါး ခြောက်ပေါက်ရှိတယ်ပေါ့။ အဲဒီ တံခါးခြောက်ပေါက်မှာ တံခါးငါးပေါက်နဲ့ ပတ်သက်ပြီးတော့ ပဉ္စဒွါရာဝဇ္ဇနက အလုပ်လုပ်မယ်။ အဲဒါကြောင့်မို့ သူ့ကို ပဉ္စဒွါရာဝဇ္ဇနစိတ်လို့ ခေါ်တယ်။ အဲဒီတော့ မြင်တဲ့အခါ၊ ကြားတဲ့အခါ၊ နံတဲ့အခါ၊ အရသာသိတဲ့အခါ၊ ထိတဲ့အခါမှာ ဖြစ်တဲ့ ဝီထိ(အစဉ်အတန်း)တွေမှာဆိုရင် ဒီပဉ္စဒွါရာဝဇ္ဇနစိတ်က ထိပ်က သူလာလိမ့်မယ်။
နောက်တစ်ခုကတော့ ... မနောဒွါရာဝဇ္ဇန။ မနောဆိုတာ စိတ်၊ မနောဒွါရာဝဇ္ဇနဆိုတာ စိတ်တံခါး။ တကယ်မြင်တာလည်း မဟုတ်ဘူး။ တကယ်ကြားတာလည်း မဟုတ်ဘူး။ စိတ်နဲ့စဉ်းစားပြီး မြင်တာမျိုး မရှိဘူးလား။ အတိတ်ကဟာတွေ ပြန်မြင်တယ်ဆိုတာမျိုးပေါ့။ ဒါကျတော့ မနောဒွါရနဲ့ မြင်တာ။ စိတ်နဲ့ မြင်တာ။ တကယ့်မျက်လုံးနဲ့ အခုလို မြင်တာမဟုတ်ဘူး။ အနာဂတ်လှမ်းပြီးတော့ စဉ်းစားတယ်။ ဒါလည်းပဲ စိတ်နဲ့ မြင်တာပဲ။ ပြီးတော့ တစ်ခါ ရိုးရိုးပဲ စိတ်ကူးတယ်။ စိတ်ကူးတွေ ဖြစ်တယ်။ ဒါဘာလဲ .. မနောဒွါရမှာ ဖြစ်တာ။ အဲဒါကျတော့ မနောဒွါရာဝဇ္ဇန။ ဝီထိကျတော့လည်း မနောဒွါရဝီထိလာတဲ့အခါကျတော့ ပဉ္စဒွါရာဝဇ္ဇန်းအစား သူက မနောဒွါရာဝဇ္ဇန်းကနေ အလုပ်လုပ်တော့တယ်။
(ဒီမနောဒွါရာဝဇ္ဇနစိတ်သည်ပင် ငါးဒွါရမှာလည်း ဖြစ်တယ်။ အဲဒီအခါမှာ ဆင်ခြင်တယ်ဆိုတဲ့ အနေမျိုးနဲ့ မဟုတ်ဘဲ ဆုံးဖြတ်တဲ့အနေမျိုးနဲ့ ဖြစ်တယ်။ လူတစ်ယောက်ထဲ ဌာနနှစ်ခုကိုင်သလို အလုပ်နှစ်ခုလုပ်သလိုပေါ့။ စိတ်တစ်ခုတည်းက အလုပ်နှစ်မျိုးလုပ်တာ ရှိတယ်။ သုံးမျိုးလုပ်တာ ရှိတယ်။ လေးမျိုး ငါးမျိုးထိအောင် ရှိတယ်။)
+++++
သမ္ပဋိစ္ဆနစိတ် (လက်ခံတဲ့စိတ်)နဲ့ သန္တီရဏစိတ် (စုံစမ်းတဲ့စိတ်) နှစ်ခုကို နားလည်ဖို့က ဘာအခြေခံအဖြစ်နဲ့ နားလည်ရမလဲဆိုတော့ စိတ်ဝီထိဆိုတာကို နားလည်ရမယ်။ စိတ်အစဉ်အတန်းတစ်ခုပေါ့။
ဦးဇင်းတို့ သတ္တဝါတွေမှာ အာရုံအသစ်မတွေ့တဲ့အချိန်မှာ၊ အိပ်ပျော်နေတဲ့အချိန်မျိုးမှာ ‘ဘဝင်စိတ်’ဆိုတာတွေ ဖြစ်နေတယ်။
အဲဒီလို ဖြစ်နေရာက နေပြီးတော့ အာရုံတစ်ခုနဲ့ တွေ့လိုက်တဲ့အခါမှာ အဲဒီအာရုံက .. ဆိုပါတော့ မြင်တဲ့ ရူပါရုံလို့ပဲ ပြောကြစို့။ မြင်တဲ့ ရူပါရုံနဲ့ မျက်လုံးနဲ့ တိုက်ဆိုင်လိုက်တဲ့အခါမှာ အဲဒီအာရုံက ဘဝင်ကိုလည်း သွားရိုက်တယ်၊ ထိခိုက်တယ်။ ဘဝင်ကလည်း အလွန်အမြန်ကြီးဖြစ်နေတာကြောင့် ရိုက်ရိုက်ချင်း မတုန်ဘဲ စိတ် moment တစ်ခု လွန်ပြီးမှ ဘဝင်တုန်တယ်။ အဲဒီတော့ လွန်သွားတာက one moment (၁)၊ တုန်တာက two moments။ (three moments)။ (၃)
အဲဒီလို ဘဝင်လှုပ်ပြီးတဲ့ နောက်ကျတော့ ဘဝင်ပြတ်သွားပြီ။
ဘာပေါ်လာသလဲဆိုတော့ ဝီထိစိတ်ဆိုတာ ဖြစ်လာတာ။
အဲဒီမှာ ပထမဆုံးဖြစ်တဲ့ မြင်တာနဲ့ပတ်သက်ပြီးတော့ ပြောရင် ပထမဆုံးဖြစ်တဲ့ ဝီထိစိတ်က အဟိတ်ကြိယာထဲမှာ ပါတဲ့ ပဉ္စဒွါရာဝဇ္ဇနစိတ် အဲဒါဖြစ်တာ။ ပဉ္စဆိုတာ ငါး၊ ဒွါရဆိုတာ တံခါး၊ တံခါးဆိုတာ မျက်စိ, နား, နှာကို ခေါ်တာ။ အဲဒီ ဒွါရဘက်သို့ လှည့်ပေးလိုက်တဲ့စိတ်၊ ဒွါရမှာဖြစ်တဲ့ အာရုံကို ဆင်ခြင်တဲ့စိတ်လို့ ၂-မျိုး အဓိပ္ပာယ်ရှိတယ်။ (၄)
သူ့နောက်က ဖြစ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ်-မြင်သိစိတ် ဖြစ်တယ်။ (၅)
အဲဒီမြင်သိပြီးတဲ့အခါကျတော့ အာရုံက ကိုယ့်ဆီလာပြီးတော့ မျက်လုံးကို လာထိခိုက်ပြီးတော့ သိပြီးတာနဲ့ တပြိုင်နက် လက်ခံတဲ့စိတ် ဖြစ်တယ်။ သမ္ပဋိစ္ဆနစိတ်ဆိုတာ ... အဲဒါ လက်ခံလိုက်တယ်။ (၆)
လက်ခံပြီးတဲ့နောက် ဒီအာရုံကို စုံစမ်းတယ်။ ကောင်းတဲ့ အာရုံလား ... မကောင်းတဲ့ အာရုံလား။ အဲဒီစိတ်ကို သန္တီရဏစိတ်လို့ ခေါ်တယ်။ သန္တီရဏဆိုတာ စုံစမ်း စစ်ဆေးတဲ့ စိတ်။(၇)
အဲဒီလို စုံစမ်းပြီးတဲ့နောက် ... နောက်စိတ်တစ်ခုကျတော့ ဆုံးဖြတ်လိုက်တော့တာ။ ဒါ ကောင်းတဲ့ အာရုံပဲ။ ဒါ မကောင်းတဲ့ အာရုံပဲ။ အဲဒီစိတ်က အဟိတ်ကြိယာထဲက မနောဒွါရာဝဇ္ဇနစိတ်။ သို့သော် သူ့ကို အဲဒီအခါကျတော့ ‘ဝုဋ္ဌော’လို့ ခေါ်တယ်။ နာမည်တစ်မျိုးနဲ့ ခေါ်တယ်။ ဒီစိတ်တော့ ဒီစိတ်ပဲ။ ‘ဝုဋ္ဌော’ဆိုတာ ဆုံးဖြတ်တယ်လို့ အဓိပ္ပာယ်ရှိတယ်။ (၈)
(အဲဒီ ဝုဋ္ဌောစိတ် အခိုက်အတန့်ရောက်တဲ့အခါကျတော့ ဆုံးဖြတ်လိုက်ပြီ။ ကောင်းတဲ့ အာရုံပဲ၊ မကောင်းတဲ့ အာရုံပဲ .... သို့မဟုတ် ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲလို့။ အဲသည်တိုင်အောင် ဝိပါက်စိတ်တွေချည်း ရှိသေးတယ်။ ‘ကုသိုလ်’ ‘အကုသိုလ်’ မဖြစ်သေးဘူး။)
ဝုဋ္ဌောရဲ့ နောက်ကျတော့ ဘာတွေဖြစ်လဲဆိုတော့ ဇောစိတ်တွေ ဖြစ်တယ်။ အဲဒီ ဇောစိတ်က ၇-ကြိမ် ထပ်ဖြစ်တယ်။ အဲဒီ ဇောကျတော့ ကုသိုလ်ဇော ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ အကုသိုလ်ဇော ဖြစ်ချင်ရင်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ နှလုံးသွင်းပေါ်မှာ မူတည်ပြီးတော့ ကိုယ်က အသင့်အတင့် နှလုံးသွင်းတတ်ရင် ကုသိုလ်ဇော ဖြစ်မယ်။ အသင့်အတင့် နှလုံးမသွင်းတတ်ရင် အကုသိုလ်ဇော ဖြစ်မယ်။ (၁၅)
အဲဒီလို ဇောဖြစ်ပြီးတဲ့နောက်မှာ သူ့နောက်က ကပ်လိုက်တဲ့ ‘တဒါရုံ’ဆိုပြီးတော့ စိတ် moment နှစ်ခု ဖြစ်ပြန်တယ်။ (၁၇)
ပြီးတဲ့နောက် ဘဝင်စိတ် တခါ ပြန်ဖြစ်သွားပြန်တယ်။ ဒါ one process ပေါ့။ ဒီဝီထိတစ်ခုဟာ ဘယ်လောက်ကြာတုန်း (၁၇)ခု ရှိတယ်။ ခဏပေါင်း ၁၇-ချက်ဆိုပေမယ့် အလွန့်ကို မြန်တယ်။ ဦးဇင်းတို့အနေနဲ့တော့ တွက်လို့ မဖြစ်ပါဘူး။ မြတ်စွာဘုရား ဟောလို့ပေါ့လေ။
ဒီဝီထိသဘောလေး သိလွယ်အောင် ကျမ်းဂန်တွေမှာ ဥပမာလေးနဲ့ ပြတယ်။
လူတစ်ယောက်ဟာ သစ်ပင်အောက်မှာ ခေါင်းပြီးခြုံပြီးတော့ အိပ်နေတယ်တဲ့။ သူအိပ်နေတုန်းမှာ တခါတည်း သရက်သီးမှည့်တစ်လုံးက ဖုတ်ကနဲ ဆိုပြီးတော့ မြေကြီးပေါ် ကြွေကျလိုက်တဲ့အခါကျတော့ သူက ခေါင်းမြီးခြုံလေး ဖွင့်ပြီးတော့ ကြည့်လိုက်တယ်။ ကြည့်လိုက်တော့ မြင်တယ်ပေါ့။ မြင်တော့ သရက်သီးကို ကောက်ယူလိုက်တယ်။ ကောက်ယူပြီးတော့ မှည့်မမှည့် ကြည့်လိုက်တယ်။ ဟာ .. မှည့်ပြီ၊ ဆုံးဖြတ်ပြီ။ ပြီးတော့ သူစားတယ်ပေါ့။ စားပြီးတော့ နောက်ဆုံးကျတော့ ကျန်တဲ့အဖတ်ကလေးတွေ ဘာတွေ မျိုချလိုက်တာပေါ့။ ပြီးတော့ ပြန်အိပ်သွားတယ်။
အဲဒီ ဥပမာ မှတ်ထား။ ပထမ အိပ်နေတာက ဘဝင်ပေါ့။ သရက်သီးကလေး ဖုတ်ကနဲ ကျလာတာက အာရုံက လာပြီးတော့ ထိခိုက်တာ။ သူ ခေါင်းမြီးခြုံ ဖွင့်လိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း။ မြင်တာက စက္ခုဝိညာဉ်။ လှမ်းယူလိုက်တာက သမ္ပဋိစ္ဆိုင်း။ မှည့်မမှည့် သူနှိပ်ကြည့်လိုက်တာက သန္တီရဏ။ ဒါ မှည့်ပြီ၊ မှည့်တဲ့ သရက်သီးပဲလို့ ဆုံးဖြတ်လိုက်တယ်၊ ဝုဋ္ဌော။ ပြီးတော့ စားတယ်။ အာရုံရဲ့ အရသာကို ခံစားတယ်ဆိုတော့ ဇော။ စားပြီးတော့ နောက်တခါ အကျန်အကြွင်းလေး မျိုချလိုက်တယ်။ အဲဒါက တဒါရုံလို့ ခေါ်တယ်။ ပြီးတော့ ပြန်အိပ်တာက ဘဝင်။ အဲဒီ ဥပမာနဲ့ မှတ်ထား။ ဒါ ကျမ်းဂန်မှာ လာတဲ့ ဥပမာ။
+++++
ဝိပဿနာက အကြွေးမရ
.... ဒါကြောင့် မြင်တိုင်း မြင်တိုင်း ယခု မြင်ရင် ယခု ရှု၊ ယခု မြင်ရင် ယခုရှု။ ဒီလို ချက်ချင်း ချက်ချင်း ရှု,ရှုသွားရတယ်။ အကြွေးမထားရဘူး။ ဝိပဿနာက အကြွေးမရဘူး။ ဈေးဝယ်ရာမှာ အကြွေးရသလို ဝိပဿနာရှုရာမှာတော့ နောက်မှ ရှုမယ်လို့ ဒီလို အကြွေးထားလို့ မရဘူး။ ချက်ချင်း လက်ငင်း ရှု,ရှုသွားမှ ရတယ်။ ဒါမှ စွဲလမ်းမှုက မဝင်ရောက်နိုင်တာ။
ဒီလို လက်ငင်းမရှုနိုင်ဘဲ အကြွေးကျန်သွားရင်တော့ အဲဒီ အာရုံမှာ စွဲလမ်းမှုတွေက ဝင်ရောက်သွားတယ်။ အဲဒီလို စွဲလမ်းပြီးမှတော့ ပြန်ပြီး ရှုပေမယ်လို့ မူလအစွဲအလမ်းက မပျောက်တော့ဘူး။
ဒီနေရာမှာ ချက်ချင်း ရှုရမယ်ဆိုတာက မြင်ပြီးလျှင် ပြီးချင်း လက်ငင်းရှုဖို့ပါပဲ။ ကျမ်းဂန်စကားဖြင့် ပြောရရင် စက္ခုဒွါရဝီထိ ဆုံးသွားလျှင်သွားချင်း တဒနုဝတ္တကမနောဒွါရဝီထိတွေ မဖြစ်သေးခင် ဦးအောင် ရှုရမယ်လို့ ဆိုပါတယ်။
အဆင်းကို မြင်ရာမှာ “ဝီထိစိတ် ဖြစ်ရိုးဖြစ်စဉ်”က ဒီလို ရှိပါတယ်။
ပထမ ထင်ပေါ်လာတဲ့ အဆင်းကို မြင်တယ်။ အဲဒါကို ‘မြင်ဝီထိ’လို့ မှတ်ထားပါ။
ပြီးတော့ အဲဒီ မြင်ပြီး အဆင်းကို ပြန်လည် ဆင်ခြင်တယ်။ အဲဒါကို ‘ဆင်ခြင်ဝီထိ’လို့ မှတ်ထားပါ။
ပြီးတော့ မြင်ရတဲ့ အဆင်းတွေကို ပေါင်းစပ်ပြီးတော့ ပုံသဏ္ဍာန် အထည်ဒြပ်အနေနဲ့ ထင်မြင်သွားတယ်။ အဲဒါကို ‘ဒြပ်ဝီထိ’လို့ မှတ်ထားပါ။
ပြီးတော့မှ အမည်ပညတ်ကို သိသွားတယ်။ အဲဒါကို ‘အမည်ဝီထိ’လို့ မှတ်ထားပါ။
မတွေ့ဖူးလို့ အမည်မခေါ်တတ်တဲ့ ဝတ္ထုမျိုးဆိုရင်တော့ ဒီအမည်ဝီထိ မဖြစ်နိုင်တော့ပါဘူး။
အဲဒီ လေးဝီထိထဲမှာ ပထမ မြင်ဝီထိ ဖြစ်စဉ်က ဖြစ်ဆဲပစ္စုပ္ပန် အဆင်းပရမတ်ကို မြင်သိသွားတယ်။
ဒုတိယ ဆင်ခြင်ဝီထိမှာ မြင်ပြီး အတိတ်အဆင်း ပရမတ်ရုပ်ကိုပဲ ပြန်ဆင်ခြင်တယ်။ ဒီဝီထိ ၂-ခုလုံး အဆင်းပရမတ်ရုပ်ကိုချည်း အာရုံပြုကြတယ်။ ပညတ်ကို မရောက်သေးဘူး။ ထူးတာကတော့ ပစ္စုပ္ပန်နဲ့ အတိတ် ဒါလောက်ပဲ ထူးခြားတယ်။ ပရမတ်အာရုံချင်းကတော့ အတူတူပါပဲ။
တတိယ ဒြပ်ဝီထိကျတော့ ပုံသဏ္ဍာန် အထည်ဒြပ်ပညတ်ကို ရောက်သွားပြီ။
စတုတ္ထ အမည်ဝီထိကျတော့ အမည်ပညတ်ကိုတောင် ရောက်သွားပြီ။
ဒီက နောက်ဆက်ပြီးဖြစ်တဲ့ ဝီထိတွေကျတော့ အဲဒီ အထည်ဒြပ်အမည်တွေနဲ့ စပ်ဆိုင်တဲ့ ပညတ်အမျိုးမျိုးတွေကို ရောက်သွားတယ်။
ဒီစိတ်အစဉ်တွေဟာ ဝိပဿနာ မရှုတဲ့သူတွေမှာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ။
အဲဒီ ဖြစ်စဉ်တွေကို တိုတိုနဲ့ မှတ်ဖို့ ဆောင်ပုဒ်ကတော့ -
“ထင်ဆဲဆင်းဓာတ်၊ မြတ်လတ်ဦးစွာ
မြင်ပြီးတရား၊ စဉ်းစားပြန်ရာ
သဏ္ဍာန်ဒြပ် ပညတ်ပေါ်ကာ
မည်နာမ သိရ နောက်ဆုံးမှာ” တဲ့။
ထင်ဆဲ ပေါ်လာဆဲဖြစ်တဲ့ အဆင်းရူပါရုံကို ရှေးဦးစွာ မြင်ပါတယ် တဲ့။ အဲဒါကို ‘မြင်ဝီထိ’လို့ ခုတင်က အမည်ပေးခဲ့တယ်။
အဲဒီ ‘မြင်ဝီထိ’စိတ်အစဉ်ထဲမှာ စိတ်အကြိမ်ပေါင်း ၁၄ ကြိမ် ပါဝင်တယ်။ အဲဒါတွေကိုလဲ တိုတိုနဲ့ မှတ်နိုင်အောင်လို့ ဆောင်ပုဒ်ကလေးတွေ ပေးထားတယ်။ တချို့က နှုတ်တက်တောင် ရနေကြပါလိမ့်မယ်။
(၁) ဘဝင် ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
(၂) စုံစမ်း ဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ် တဒါရုံ။
(၃) အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
(၄) ကြား, နံ, စား, ထိ၊ မြင်တူ၏၊ မှတ်ဘိ စိတ်ဖြစ်ပုံ ... တဲ့။
ပထမ ဆောင်ပုဒ်ထဲက ဘဝင်ဆိုတာ ပဋိသန္ဓေစိတ်နဲ့ အမျိုးတူပါပဲ။
မြင်တဲ့စိတ် ကြားတဲ့စိတ် ကြံသိတဲ့စိတ် ဒီလို အသိစိတ်တွေ မရှိတဲ့အခိုက်မှာ ဒီ ဘဝင်စိတ်ချည်း မပြတ် ဖြစ်နေတယ်။ အိပ်မောကျနေတဲ့အခါမှာ ဒီ ဘဝင်စိတ်ချည်း သန့်သန့် ဖြစ်နေတယ်။
မြင်စရာ စသည် ပေါ်လာတဲ့အခါမှာ အဲဒီ ဘဝင်စိတ်အစဉ်က ရပ်တန့်သွားတယ်။
မြင်သိတဲ့ စိတ် စသည်က ဖြစ်ပေါ်လာတယ်။
ဒါကြောင့် ဘဝင်စိတ်အစဉ် ဖြစ်နေဆဲမှာ မျက်စိထဲ အဆင်းထင်ပေါ်လာရင် အဲဒီ ဘဝင်စိတ်အစဉ်က ရပ်စဲပြီးတော့ မျက်စိထဲကျလာတဲ့ အဆင်းကို နှလုံးသွင်း ဆင်ခြင်တဲ့ စိတ် ဖြစ်ပေါ်လာတယ်။
အဲဒီစိတ် ချုပ်သွားတော့ မြင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။ အဲဒါပြီးတော့ မြင်ရတဲ့ အာရုံကို လက်ခံ နှလုံးသွင်းတဲ့ စိတ် ဖြစ်ပေါ်လာတယ်။
အဲဒါပြီးတော့ မြင်ရတဲ့ အဆင်းကို စုံစမ်းတဲ့ စိတ် ဖြစ်ပေါ်လာတယ်။
အဲဒါပြီးတော့ မြင်ရတာကလေးကို ကောင်းတယ် မကောင်းဘူး စသည်ဖြင့် ပိုင်းခြား ဆုံးဖြတ်တဲ့ စိတ် ဖြစ်ပေါ်လာတယ်။ အဲဒါပြီးတော့ အဲဒီ ဆုံးဖြတ်ချက် အားလျော်စွာ ကုသိုလ် အကုသိုလ် ဇောစိတ်တွေ ပြင်းထန်သောအဟုန်နဲ့ ခုနစ်ကြိမ်တိုင်တိုင် ထပ်ကာ ထပ်ကာ ဖြစ်ပေါ်ကြတယ်။
အဲဒါကို ဆောင်ပုဒ်မှာ “ဇောစိတ်သတ်”လို့ ဆိုထားတယ်။ “သတ်”ဆိုတာ ပါဠိ “သတ္တ”ပုဒ်မှ ဖြစ်လာတဲ့ ပါဠိပျက် မြန်မာစကားပဲ။ ခုနစ်ခုလို့ ဆိုလိုပါတယ်။
အဲဒီ ဇောစိတ်တွေ ဆုံးသွားတော့ သူတို့ရဲ့ အာရုံကိုပဲ နောက်ယောင်လိုက်ပြီး အာရုံပြုတဲ့စိတ် နှစ်ကြိမ် ဖြစ်ပေါ်လာပြန်တယ်။ အဲဒါကို တဒါရုံစိတ်လို့ ခေါ်တယ်။
အဲဒီ တဒါရုံစိတ် နှစ်ကြိမ်ပြီးသွားတဲ့အခါ အိပ်မောကျသလိုပဲ ဘဝင်စိတ်တွေ ပြန်ပေါ်လာပြန်တယ်။
အဲဒီမှာ ဆင်ခြင်တဲ့စိတ်က စပြီး တဒါရုံတိုင်အောင် စိတ် ၁၄-ကြိမ် ရှိတယ်။ ဒါတွေအားလုံးကို မြင်တဲ့စိတ် တစ်ခုတည်းအနေဖြင့်သာ ထင်ရှား တွေ့နိုင်ပါတယ်။
အဲဒါဟာ မြင်ဝီထိ ဖြစ်ပုံပါပဲ။
ဝိပဿနာရှုမှု အချိုးကျလာတဲ့အခါမှာ ဒီမြင်ဝီထိ နောင်ဘဝင်စိတ်များ ဖြစ်ပြီးတဲ့နောက်မှာ “မြင်တယ်”လို့ ပြန်ပြီး ရှုတဲ့ ဝိပဿနာစိတ် ဖြစ်ပေါ်လာတယ်။
အဲဒီလို ချက်ချင်း ရှုနိုင်အောင် အားထုတ်ရတယ်။
ဒီလို ရှုနိုင်ရင် မြင်တုန်းမြင်ဆဲ ဖြစ်ဆဲပျက်ဆဲမှာ ရှုမြင်ရသလိုပဲ ယောဂီရဲ့ ဉာဏ်ထဲမှာ ထင်ရတယ်။ ဒါကြောင့် ဒီလို ရှုတာကိုပင် ပစ္စုပ္ပန်ကို ရှုတယ်လို့ သုတ္တန်ဒေသနာတော်တွေမှာ ဟောထားပါတယ်။
ဒီလို ပစ္စုပ္ပန်ကျအောင် မရှုနိုင်ရင်တော့ ဘဝင်က ထပြီး ဆင်ခြင်ဝီထိ ဖြစ်ပေါ်လာတယ်။ အဲဒီ ဝီထိစဉ်ကတော့ ခုတင်က မြင်ခဲ့တာကို ပြန်ဆင်ခြင်တဲ့အနေနဲ့ ဖြစ်လာတယ်။ အဲဒီမှာ ပါဝင်တဲ့ စိတ်တွေကတော့ ဆင်ခြင်တဲ့ စိတ်က တစ်ကြိမ်၊ ဇောစိတ်က ခုနစ်ကြိမ်၊ တဒါရုံစိတ်က ၂-ကြိမ်၊ အားလုံးပေါင်း ၁၀-ကြိမ် ပါဝင်ပါတယ်။
အဲဒီ စိတ်စဉ်အတွက် ဆောင်ပုဒ်ကတော့ -
ဆင်ခြင်ပြီးခါ၊ ဇော,တဒါ၊ ကြံရာ စိတ်ဖြစ်ပုံ ... တဲ့။
မနောဒွါရက စိတ်ကူး စဉ်းစား ကြံစည်တိုင်း၊ ရှုမှတ် ဆင်ခြင်တိုင်း ဒီစိတ် ၃-မျိုး၊ အကြိမ်အားဖြင့် ၁၀-ကြိမ်ဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဒါပေမယ့် ယောဂီဉာဏ်ထဲမှာတော့ စိတ်တစ်ကြိမ်တည်းအနေနဲ့သာ ထင်မြင်နိုင်ပါတယ်။ ဒီလို တစ်ဝီထိ တစ်ဝီထိလုံးကို စိတ်တစ်ကြိမ်တည်း တစ်ကြိမ်တည်း အနေနဲ့ ထင်မြင်တာ သိတာဟာ ဘင်္ဂဉာဏ်အရာမှာ ပြဆိုထားတဲ့ ပဋိသမ္ဘိဒါမဂ်, ဝိသုဒ္ဓိမဂ်တို့နဲ့ ညီညွတ်ပါတယ်။
ယခု ပြောခဲ့တဲ့ ဆင်ခြင်ဝီထိ၏ အခြားမဲ့မှာ ရှုနိုင်ရင်လဲ ပညတ်ကို မရောက်ဘဲ ပရမတ် အဆင်းရုပ်တွင် တည်တံ့နိုင်ပါသေးတယ်။ အားထုတ်ခါစ ပုဂ္ဂိုလ်မှာတော့ ဒီလို တည်တံ့ဖို့ရာဟာ မလွယ်လှသေးဘူး။
အဲဒီ ဆင်ခြင်ဝီထိကိုတောင် မရှုနိုင်ရင်တော့ ဒြပ်ဝီထိ၊ အမည်ဝီထိတွေကို ရောက်သွားပါရော။ အဲဒီအခါကျတော့ စွဲလမ်းမှုတွေလဲ ဝင်ရောက်လာကြတော့တာပဲ။ အဲဒီလို စွဲလမ်းပြီးမှတော့ ရှုပေမယ်လို့ မူလအစွဲအလမ်းက မပျောက်တော့ဘူး။
ဒါကြောင့် အဲဒီ ပညတ်ဝီထိ စွဲလမ်းမှုတွေ မရောက်ခင် ရှုနိုင်အောင်လို့ “မြင်ပြီးလျှင် ပြီးချင်း လက်ငင်းရှုရမယ်”လို့ ညွှန်ကြားရတာပဲ။
ကဲ .... ဖြစ်စဉ် ဆောင်ပုဒ်ကို ဆိုကြရမယ်။
“ထင်ဆဲ ဆင်းဓာတ်၊ မြင်လတ်ဦးစွာ” (ဒါက စက္ခုဒွါရဝီထိ - မြင်ဝီထိ ဖြပ်ပုံပဲ။)
“မြင်ပြီးတရား၊ စဉ်းစားပြန်ရာ” (ဒါက တဒနုဝတ္တကမနောဒွါရဝီထိ-ဆင်ခြင်ဝီထိ ဖြစ်ပုံပဲ။)
“သဏ္ဍာန်ဒြပ် ပညတ်ပေါ်ကာ၊
မည်နာမ သိရ နောက်ဆုံးမှာ” (ဒီ ၂-ပုဒ်ကတော့ ဒြပ်ဝီထိ၊ အမည်ဝီထိ ၂-ခု ဖြစ်ပုံတွေပါပဲ။
ဒါတွေကိုလဲ တဒနုဝတ္တက မနောဒွါရဝီထိတွေလို့ပဲ ခေါ်ရပါတယ်။ မြင်တဲ့ ဝီထိနောက်က အစဉ်လိုက်ပြီး ဖြစ်တဲ့ စိတ်အစဉ်တွေလို့ ဆိုလိုပါတယ်။
ကြားရာ နံရာ စားသိရာ ထိသိရာတွေမှာလဲ မြင်ရာမှာလိုပဲ ဝီထိစိတ်စဉ်တွေ ဖြစ်သွားပါတယ်။
ထူးခြားတာကတော့ “ဘဝင်ဆင်ခြင်၊ မြင်ပြီးလျှင်”ဆိုရာမှာ - “ဘဝင်ဆင်ခြင်၊ ကြားပြီးလျှင်” … စသည်ဖြင့် သူ့ဒွါရ သူ့ဝိညာဏ်အားလျော်စွာ ပြင်ပြီး ယူရမယ်။ ပြီးတော့ “မြင်လတ်ဦးစွာ”၊ “မြင်ပြီးတရား”လို့ ဆိုရာတွေမှာလဲ “ကြားလတ်ဦးစွာ”၊ “ကြားပြီးတရား” စသည်ဖြင့် ပြင်ပြီး ယူရမယ်။
ပြီးတော့ စကားသံကို ကြားရာမှာ အမည်ပညတ်က အရင်ပေါ်တယ်။ အနက်ဒြပ်က နောက်မှ ပေါ်တယ်။ ဒါကြောင့် အဲဒီ စကားသံကို ကြားရာမှာ တတိယနဲ့ စတုတ္ထစာပိုဒ်များကို “အမည်ပညတ်၊ ပေါ်လတ်ပြီးခါ”၊ “အနက်ဒြပ် သိလတ်နောက်ဆုံးမှာ”လို့ ရှေ့နောက်ပြန်ပြီး ယူရမယ်။ ဒါလောက်ပဲ ထူးခြားပါတယ်။
ဒါကြောင့် “ကြား နံ စား ထိ၊ မြင် တူ၏၊ မှတ်ဘိ စိတ်ဖြစ်ပုံ”လို့ ဆောင်ပုဒ်မှာ ညွှန်ပြထားခဲ့တယ်။
ဒါကြောင့် အဲဒီ ကြားရာ စသည်မှာလဲ ကြားပြီးလျှင် ပြီးချင်း၊ နံပြီးလျှင် ပြီးချင်း၊ စားသိပြီးလျှင် ပြီးချင်း၊ ထိသိပြီးလျှင် ပြီးချင်း လက်ငင်းပဲ ရှု,ရှုသွားရမယ်။
ပြီးတော့ မနောဒွါရဖြင့် စိတ်ကူး ကြံစည်မိရာမှာလဲ ချက်ချင်း မရှုမိလျှင် အဲဒီ စိတ်ကူးနောက်ကို လိုက်ပြီး စဉ်းစား ဆင်ခြင်တဲ့ အနုဝတ္တကဝီထိတွေ (နောက်လိုက် စိတ်အစဉ်တွေ) တသီတတန်းကြီး ဖြစ်ပေါ်လာမယ်။ ဒါကြောင့် အဲဒီ နောက်လိုက် ကြံစည်မှုတွေ မဖြစ်ရအောင် အဲဒီ ကြံသိရာမှာလဲ ချက်ချင်းပဲ ရှု,ရှုသွားရမယ်။
ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ချက်ချင်း လက်ငင်း ရှု,ရှုသွားရင် ဆင်ခြင် စဉ်းစားပြီး စွဲလမ်းမယ့် နောက်လိုက်စိတ်တွေ မဖြစ်ရတော့ဘူး။
(‘ဝိပဿနာက အကြွေးမရ’ကို မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော “ဝိပဿနာအခြေခံတရားတော်” မှ ကောက်နုတ်သည်။)
+++++
လောကချမ်းသာဆရာတော် အရှင်ဣန္ဒက ကလည်း ခုတပတ်မှာ အဟိတ်စိတ်များအကြောင်းကို ရှေးဦးစွာ သင်ကြား ပို့ချသွား၏။
ပြီးမှ ဆရာတော်ဦးသီလာနန္ဒ၏ သင်ကြားချက်များကို နာယူ မှတ်သားကြရ၏။
လောကချမ်းသာ စနေတရားပွဲကိုမူ ယခုတပတ်တွင် အလှည့်ကျသော အရှင်ဝဏ္ဏိတ က “အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်” ဟူသော တရားတော် ခေါင်းစဉ်ဖြင့် ဟောကြားသည်။ တိပိဋကဓရ ယောဆရာတော်၏ “အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ်”တရားတော်ကို ကြားနာရပြီး လိုက်နာ မှတ်သားဖွယ် အထူးကောင်းသဖြင့် ဤတရားတော်အမည်ကို ယူ၍ ဟောကြားခြင်း ဖြစ်ကြောင်း သိရ၏။
တရားတော်ဆောင်ပုဒ်များအဖြစ် -
“ဒါနစွမ်းအား၊ စုသူများ၊ ဥစ္စာပစ္စည်း လုံခြုံသည်
သရဏဂုံ၊ စိတ်ဝယ်ထုံ၊ လုံခြုံအေးမြသည်
ငါးပါးသီလ၊ စောင့်ထိန်းက၊ ဘဝခန္ဓာလုံခြုံသည်
မေတ္တာတရား၊ အစဉ်ပွား၊ စွမ်းအားပိုင်ရှင် ဖြစ်ရသည်
အနိစ္စဟု၊ မြင်အောင်ရှု၊ ပူမှု ကင်းလွတ်သည်
တရားငါးမျိုး၊ လူ့တန်ခိုး၊ ကောင်းကျိုး စည်ပင်သည်” တို့ကို ချပေး၍ ဒါနစွမ်းအားအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောကြားသွား၏။ အချိန်မရ၍ ကျန်တရားလေးမျိုးအကြောင်းကို အလှည့်ကျရာ စနေတရားပွဲများတွင် ဆက်လက် ဟောကြားသွားမည့်အကြောင်း အမိန့်ရှိရာ တရားနာပရိတ်သတ်များအဖို့ အားမလို အားမရ တရားနာမဝ ဖြစ်ကြရ၏။
တရားပွဲပြီးသော် ဆယ်မိနစ်မျှ လက်တွေ့တရားရှုမှတ်ကြပြီး ကောင်းမှု ကုသိုလ်အစုစုတို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။
သာဓု … သာဓု … သာဓု။
+++++
စာကိုး
- မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိပဿနာအခြေခံတရားတော်”
- မင်းကွန်းဆရာတော်ဘုရားကြီး၏ “(လယ်တီဆရာတော်ဘုရားကြီး၏) ပရမတ္ထသံခိပ်ကျမ်း အဖြေ”
- အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ- အတွဲ(၁)”
No comments:
Post a Comment