Thursday, November 12, 2009

မကွေးမြို့ ဆရာတော်ကြီး၏ သြဝါဒ - (၇-နိုဝင်ဘာ-၀၉)


ဆဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးသဘာပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရ၏ သာရဏီယ သြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆရာတော်အရှင်မြတ်တို့ဘုရား -

သံဃာ့အဖွဲ့အစည်း ဖွဲ့စည်း၍ သာသနာတော်သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရာ ရှေးဦး အစပိုင်း အချိန်က ရဟန်းတု၊ ရဟန်းယောင်များ ပပျောက်သလောက် ဖြစ်၍ သမဏသာရုပ္ပ မရှိသော ရဟန်းတော်များလည်း နည်းပါးလာခဲ့ပါသည်။
ပရိယတ္တိသာသနာတော်၏ အညစ်အကြေး ဘေးရန်ဖြစ်သော အဓမ္မဝါဒများကိုလည်း ပိတ်ပင် ဟန့်တား ပယ်ရှားနိုင်ခဲ့ပါသည် ဘုရား။

ယခုအခါ ပရိယတ္တိသာသနာတော်၏ ဘေးရန်ဖြစ်သော “အဓမ္မဝါဒ”ဟု ဆုံးဖြတ်ခဲ့ပြီးသော ဝါဒများ တစ်စတစ်စ ခေါင်းထောင်လာပြန်ပါသည်။
အချို့က မထင်မရှား ဟောပြောကြသည်။
အချို့က အထင်အရှား ဟောပြောကြသည်။
အချို့က သင်တန်းဖွင့်၍ ပြသကြသည်။
အဓမ္မဝါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေကြသည်များကိုလည်း အထင်အရှား တွေ့မြင်နေကြရပါသည်။

ဤအဓမ္မဝါဒများကို မည်သည့်ဒေသ၌ မည်သည့်ပုဂ္ဂိုလ်များ မည်သို့မည်ပုံ ဟောပြောနေကြသည်၊ သင်တန်းပို့ချနေကြသည် စသည်များကို “ပြည်နယ်/တိုင်း၊ မြို့နယ် သံဃနာယကအဖွဲ့များက အတိအကျ စုံစမ်းထောက်လှမ်း၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ အစီရင်ခံ တင်ပြကြရန် ညွှန်ကြားလွှာများ ထုတ်ထားသင့်မည်”ဟု သဘောရပါသည် ဘုရား။

ဤလျှောက်ထားခဲ့ပြီးသော အကြောင်းခြင်းရာများသည် ပရိယတ္တိ သဒ္ဓမ္မတည်းဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော် မသန့်မရှင်း ညစ်နွမ်းရခြင်း၏ အညစ်အကြေးများ ဖြစ်ပါသည်။
ဤသာသနာ့အညစ်အကြေးများကို သုတ်သင်ဖယ်ရှား တားမြစ်ခြင်း မရှိဘဲ လျစ်လျူရှုထားကြလျှင် ပရိယတ္တိသဒ္ဓမ္မဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီး ပျက်စီး ကွယ်ပျောက်သွားနိုင်ပါသည်။

ဆရာတော် အရှင်သူမြတ်တို့ ဘုရား -

“အမှိုက်မှစ ပြာသာဒ်မီးလောင်”ဟူသော မြန်မာစကားပုံ ရှိခဲ့ပါသည်။
ယခုဖြစ်ပေါ်နေသည့် ပြာသာဒ်ကို လောင်မည့် မီးသည် သာမည မီးပေါက်မီးပွားကလေးမျှ မဟုတ်တော့ပါ။
ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးတည်းဟူသော ပြာသာဒ်တော်ကြီးကို မျိုဝါး လောင်မြိုက်သွားနိုင်လောက်အောင် အင်အားကြီးမားသော မီးပုံကြီးဖြစ်နေသည်ကိုလည်း သတိကြပ်ကြပ်ထားတော်မူကြစေချင်ပါသည် ဘုရား။

ပရိယတ္တိသဒ္ဓမ္မဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီး ပျက်စီးကွယ်ပျောက်သွားလျှင် ပဋိပတ္တိသဒ္ဓမ္မ၊ ပဋိဝေဓသဒ္ဓမ္မတည်းဟူသော သာသနာတော်မြတ်ကြီးများလည်း ပျက်စီးကွယ်ပျောက်သွားကြပါလိမ့်မည် ဘုရား။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ထိုအရေးကို မြင်တော်မူသောကြောင့် အရှင်မဟာကဿပမထေရ်မြတ်အား -

“သေယျထာပိ ကဿပ န ဇာတရူပဿ အန္တရဓာနံ ဟောတိ။
ယာဝ န ဇာတရူပပ္ပတိ ရူပကံ လောကေ ဥပ္ပဇ္ဇတိ။
ယတော စ ခေါ ကဿပ ဇာတရူပပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။
အထ ဇာတရူပဿ အန္တရဓာနံ ဟောတိ။
ဧဝ မေဝ ခေါ ကဿပ န တာဝ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ။
ယာဝ န သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။
ယတော စ ခေါ ကဿပ သဒ္ဓမ္မပ္ပတိ ရူပကံ လောကေ ဥပ္ပဇ္ဇတိ။
အထ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ” ဟု ဟောတော်မူခဲ့ပါသည် ဘုရား။ (အံ၊ ၁၊ ၄၂၂)

ဤပါဠိတော်၏ အကျဉ်းချုပ် အဓိပ္ပာယ်မှာ -
“ကဿပ၊ လောက၌ ရွှေအတု မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး ရွှေအစစ် မကွယ်ပျောက်နိုင်သေး။
လောက၌ ရွှေအတု ဖြစ်ပေါ်လာသောအခါ၌မူကား ရွှေအစစ် ကွယ်ပျောက်နိုင်၏။
ကဿပ၊ ဤဥပမာအတူပင် လောက၌ သဒ္ဓမ္မပ္ပတိရူပက=သူတော်ကောင်းတရား အတုအယောင် မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး သူတော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာတော် မကွယ်ပျောက်နိုင်သေး။
လောက၌ သဒ္ဓမ္မပ္ပတိရူပ=သူတော်ကောင်းတရား အတုအယောင် ဖြစ်ပေါ်လာသောအခါ၌မူကား သူတော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာတော် ကွယ်ပျောက်နိုင်၏”ဟု ဆိုလိုပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -

ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ သဒ္ဓမ္မပ္ပတိရူပက ခေါ် သူတော်ကောင်းတရားတု တရားယောင်များ အထင်အရှား ပေါ်ပေါက်နေပါပြီ ဘုရား။

ထိုတရားတု တရားယောင်များကို စတင် ဟောပြော ဖြန့်ချိနေကြသော ဝိတဏ္ဍဝါဒီ၊ အဓမ္မဝါဒီများသည် ပါပိစ္ဆဣစ္ဆပကတသဘောဖြင့် သံဂါယနာ (၆)တန်တင် ပါဠိတော်၊ အဋ္ဌကထာများကိုပင် ဘုရားဟောမဟုတ်၊ ဗြဟ္မဏဝါဒများဖြစ်သည်ဟု ပုတ်ခတ် ပယ်ရှားပြီးလျှင် ဘုရားရှင်၏ ဒေသနာတော်ကို ခုတုံးလုပ်ကာ ဘုရားရှင်ဟောကြားတော်မူအပ်သော ဒေသနာတော်၏ အဓိပ္ပာယ်ကို အလွဲလွဲ အမှားမှား ဖွင့်ဆိုကြလျက် ဘုရားရှင်ဒေသနာတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော ဝါဒသစ်များ ထူထောင်ကြ၍ အဓမ္မဝါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း စသည်တို့ဖြင့် စနစ်တကျ စီမံကိန်းများ ချကာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ဦးတည်၍ ထိုးနှက် တိုက်ခိုက်နေကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည် ဘုရား။

ထိုပုဂ္ဂိုလ်များသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စာမျက်နှာ (၂၇)၊ အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (၈)၌ “ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီး ကာကွယ်ရန် ဖြစ်သည်”ဟု ပြဆိုထားပါလျက် ထိုစည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ ထေရဝါဒ ဗုဒ္ဓပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို စနစ်တကျ စီမံကိန်းချကာ အင်တိုက်အားတိုက် ပြုလုပ် ဆောင်ရွက်နေကြပါသည် ဘုရား။

ဤသာသနာတော်၏ အညစ်အကြေး ဘေးရန်ဖြစ်သော အဓမ္မဝါဒများကို သုတ်သင် ပယ်ရှား တားမြစ်ရမည့် တာဝန်သည် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တာဝန်ဖြစ်ပါသည်။ တာဝန်အရှိဆုံးဖြစ်သော တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် တာဝန်ကို သိသောအားဖြင့် ဤတာဝန်ကို တပည့်တော်တို့ မလွဲမသွေ ဧကန်မုချ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ဤသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များကလည်း သာသနာစိတ်ဓာတ် အပြည့်အဝဖြင့် အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်များကလည်း လက်ပိုက်ကာ ကြည့်မနေဘဲ နိုးနိုးကြားကြား တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည် ဘုရား။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကလည်း ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီ ပံ့ပိုးခြင်း၊ ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသိကာတို့ကလည်း အာမိသာနုဂ္ဂဟဖြင့် အားပေး ချီးမြှောက် ထောက်ပံ့ခြင်းတို့ဖြင့် သဒ္ဓါတရား ထက်ထက်သန်သန် ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ဤသို့ တက်ညီလက်ညီ ဆောင်ရွက်မှသာ ဤအဓမ္မဝါဒများကို သုတ်သင် ပယ်ရှား တားမြစ်နိုင်မည် ဖြစ်ပါသည်။
ဤသို့ အဓမ္မဝါဒ သာသနာ့အညစ်အကြေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်လိုက်ပါလျှင် မြတ်ဗုဒ္ဓ၏ ပရိယတ္တိသဒ္ဓမ္မသာသနာတော်မြတ်ကြီး သန့်ရှင်း စင်ကြယ်သွားမည် ဖြစ်ပါသည်။

ပရိယတ္တိသဒ္ဓမ္မသာသနာတော်မြတ်ကြီး သန့်ရှင်း စင်ကြယ်လျှင် ပဋိပတ္တိသဒ္ဓမ္မသာသနာတော်မြတ်ကြီးလည်း သန့်ရှင်း စင်ကြယ်သွားမည် ဖြစ်ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -

ဘုရားတပည့်တော်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ မြို့တိုင်းလိုလိုပင် ပရိယတ္တိစာသင်တိုက်ကြီးများ ဖွင့်လှစ်၍ ပရိယတ်ကို ပို့ချ သင်ကြားပေးနေခြင်း၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၌လည်း ပရိယတ်ကျမ်းဂန်များကို ဘာသန္တရပါ တွဲဖက်၍ ခေတ်မီနည်းစနစ်ဖြင့် ပို့ချ သင်ကြားပေးနေခြင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းနည်းပြ သာသနာ့ရိပ်သာများ ဒေသအနှံ့အပြား ဖွင့်လှစ် ပြသနေခြင်းတို့ကြောင့် ပရိယတ္တိသာသနာတော်၊ ပဋိပတ္တိသာသနာတော် တည်တံ့ရေးမှာ အားရ ကျေနပ်ဖွယ် ရှိပါသည်။
ထို့ထက် တိုးတက်အောင် အားပေး ထောက်ပံ့ကူညီရန်သာ လိုအပ်ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -

သာသနာတော် ပြန့်ပွားရေးအတွက် နယ်စပ်ဒေသနှင့် တောင်တန်းဒေသများ၌ သာသနာပြုကျောင်းများ ဖွင့်လှစ် ဆောင်ရွက်နေပါသည်။
အားရ ကျေနပ်အောင်တော့ မအောင်မြင်သေးပါ။
မအောင်မြင်ရသေးခြင်းမှာလည်း ပစ္စည်းလေးပါး အထောက်အပံ့ နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ငွေကျပ် သိန်းတစ်ထောင်ကုန်၊ သိန်းနှစ်ထောင်ကုန်၊ သုံးထောင်ကုန် ကျောင်းကန် စသည်များ ဆောက်လုပ် လှူဒါန်းနိုင်ကြသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားသေးသော ဒေသများ၌ ဆင်းဆင်းရဲရဲ သာသနာပြုနေကြသော သံဃာတော်များအား ထောက်ပံ့ရန် ကိစ္စကိုမူ နှလုံးမသွင်းမိကြဘဲ ဖြစ်နေပါသည်။
နိုင်ငံခြားသာသနာပြုကျောင်းများမှာ ကျောထောက်နောက်ခံ အထောက်အပံ့က ပြည့်စုံလုံလောက်စွာ ရနေတဲ့အတွက် သူတို့သာသနာပြုတွေက အောင်မြင်ကြပါသည်။
တပည့်တော်တို့က သူတို့ကို မယှဉ်နိုင်ဘဲ ဖြစ်နေကြပါသည်။
ဒီသာသနာပြုကုသိုလ်၏ ထူးကဲ မွန်မြတ်ပုံကို လူအများသိအောင် ဟောပြော ဆွဲဆောင်ဖို့ လိုပါသည်။
ဒီကိစ္စကိုတော့ နိုင်ငံကျော် ဓမ္မကထိကဆရာတော်များကို တရားဟောတဲ့အခါ သာသနာပြုကုသိုလ်၏ မွန်မြတ်ပုံကို ထည့်သွင်း ဟောပြောကြရန် တောင်းပန် တိုက်တွန်းသင့်ပါသည်။
ဟောပြောရုံမက သာသနာပြုထောက်ပံ့ရေးအဖွဲ့များလည်း ဖွဲ့စည်းသင့်ပါသည်။
ဤသာသနာပြုထောက်ပံ့ရေးအဖွဲ့များ ဖွဲ့စည်း၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော ဓမ္မကထိကဆရာတော်အချို့လည်း ရှိပါသည်။
ဤဓမ္မကထိကဆရာတော်မျိုး များများ ပေါ်ထွက်လာအောင် တောင်းပန် တိုက်တွန်းဖို့ လိုအပ်ပါသည် ဘုရား။

ကမ္ဘာမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားဖို့ကတော့ ဘာသန္တရ ကျွမ်းကျင်သော သာသနာပြု ရဟန်းတော်များ အများအပြား ပေါ်ပေါက်လာဖို့ လိုအပ်ပါသည်။
ပရိယတ်၊ ပဋိပတ် အခြေခံ လုံလောက်ပြီးသော ရဟန်းတော်များ ဘာသန္တရ လေ့လာဆည်းပူးရန် အားပေး ချီးမြှောက် ထောက်ပံ့သင့်ပါသည် ဘုရား။
ဤသို့ ပရိယတ္တိသဒ္ဓမ္မ၊ ပဋိပတ္တိသဒ္ဓမ္မ နှစ်ပါး သန့်ရှင်း တည်တံ့ ပြန့်ပွားလာလျှင် ပဋိဝေဒသဒ္ဓမ္မဟူသော မဂ်ဖိုလ်နိဗ္ဗာန် အသီးအပွင့်ကို ဧကန် သုံးဆောင် ခံစားရမည် ဖြစ်ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ ဘုရား -

ယခု ဘုရားတပည့်တော် လျှောက်ထား တင်ပြခဲ့သည့်အတိုင်း သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဦးတည်ချက်ဖြစ်သော “သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး”သုံးရပ် အကောင်အထည် ပေါ်လာအောင် တာဝန်အရှိဆုံးဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ဦးဆောင်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ သံဃသမ္မုတိ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် သာသနာတော်ကို ကြည်ညိုမြတ်နိုးကြသည့် ဥပါသကာ၊ ဥပါသိကာများ လက်တွဲ၍ ညီညီညာညာ အင်တိုက်အားတိုက် ဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယကဆရာတော်အရှင်မြတ်တို့ ဘုရား။

ဘဒ္ဒန္တကုမာရ
ဥက္ကဌ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့


+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၈-နိုဝင်ဘာ-၂၀၀၉

No comments: