ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာစောရဲ့ လက်ဖက်ခြောက်က တယ်ကောင်းပါလားဗျ။ ဆရာဇေ .. ကဖိုးထိန် .. ရေနွေးကြမ်းလေး ထပ်ယူကြပါဦး။
ဆရာဦးအောင်ဇေယျ။ ။ ကျေးဇူးပဲ။
ကဖိုးထိန်။ ။ ကျေးဇူးပဲ .. ဆားပုလင်း။ ကဲ .. စားကြ သောက်ကြရင်းနဲ့ ဆရာတော်ကြီးရဲ့ “အရပ်ဖြစ်ရှစ်ပါး ကင်း၍ နဝမခေတ်အတွင်း စက်လေးပါးစုံ သမ္ပတ္တိကြုံတဲ့ လူ့ဘုံလူ့ဘဝ”ဆိုတာထဲက ‘စက်လေးပါး’နဲ့ ‘သမ္ပတ္တိလေးပါး’အကြောင်း ဆက်လိုက်ချင်တယ်ဗျာ။
ဆရာတော်ကြီးက ‘စက်လေးပါး’ကို -
“ပု၊ ပ၊ သပ်၊ အတ်
စုံလတ်မူကား
ချမ်းသာများ၏” ဆိုပြီး လင်္ကာလေး ပေးထားတယ် ဗျ။
ပု - ပုဗ္ဗေစကတပုညတ - ရှေး၌ ပြုဖူးသော ကောင်းမှုရှိသောသူ၏အဖြစ်
ပ - ပဋိရူပဒေသဝါသ - သင့်တင့်လျောက်ပတ်သော အရပ်၌ နေရခြင်း
သပ် - သပ္ပုရိသူပနိဿယ - ပညာရှိသူတော်ကောင်းတို့ကို မှီဝဲခြင်း
အတ် - အတ္တသမာပဏီဓိ - မကောင်းသောအမှုကို ပယ်စွန့်၍ ကောင်းသောအမှုကို ပြုခြင်း၌ စိတ်ကို ထားနိုင်ခြင်း တဲ့။
ဆရာစော။ ။ ‘ပုဗ္ဗေစကတပုညတ’၊ ‘ပဋိရူပဒေသဝါသ’နဲ့ ‘အတ္တသမာပဏီဓိ’ဆိုတာတွေကို မင်္ဂလသုတ်ထဲမှာ ကြားဖူးသလိုပဲ ဗျ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ အမှန်ပဲပေါ့ ဆရာစောရာ။ “အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ .. ပြီးတော့ .. ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမာပဏီဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ” ပဲ ဗျ။
ကဖိုးထိန်။ ။ ဒါကြောင့် ဆရာတော်ကြီးက ‘မင်္ဂလာ’ရဲ့ အဓိပ္ပာယ်ကို ဆက်ဖွင့်လိုက်တာပဲဗျ။ ကဲ နာယူကြပါဦး။
“ယင်း စက်လေးပါးနှင့် ပြည့်စုံက မင်္ဂလာဖြစ်ရမည် ဧကန်။
မင်္ဂလာဆိုသည်မှာ အကောင်းအမြတ်ကို ဆိုသည်။
အကောင်းအမြတ်ဆိုသည်မှာလည်း အပြစ်ကင်းသော အချမ်းသာကို ဆိုသည်။
ယင်း အချမ်းသာသည် လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာဟူ၍ နှစ်မျိုး ရှိသည်။
စက်လေးပါးနှင့် ပြည့်စုံလျှင် လောကီချမ်းသာအမျိုးမျိုး၊ လောကုတ္တရာချမ်းသာအမျိုးမျိုး ပြည့်စုံရမည် ဧကန် အမှန်ပင်ဖြစ်သည် ဆိုလိုသည်” တဲ့။
ဆရာစော။ ။ ကဖိုးထိန် .. ဆရာတော်ကြီးရဲ့ စက်လေးပါးလင်္ကာလေး ပြန်ရွတ်ပြစမ်းပါဦး။
ကဖိုးထိန်။ ။ “ပု, ပ, သပ်, အတ်၊ စုံလတ်မူကား၊ ချမ်းသာများ၏”
ဆရာစော/ဆရာဇေ/ဇီးကုန်း။ ။ “ပု, ပ, သပ်, အတ်၊ စုံလတ်မူကား၊ ချမ်းသာများ၏”
ကဖိုးထိန်။ ။ နေပါဦး ဗျ .. ဘာဖြစ်လို့ ဒီလေးပါးကို “စက်လေးပါး”လို့ ခေါ်တာလဲဗျ။
ဆရာစော။ ။ ဆရာတော်ကြီးရဲ့ စာအုပ်ထဲမှာ မပါဘူးလားဗျ။
ကဖိုးထိန်။ ။ ကျွန်တော်က အပြည့်အစုံ တအုပ်လုံး စေ့စေ့စပ်စပ် မဖတ်ရသေးတော့ သတိမထားမိသေးဘူး။
ဆရာဇေ။ ။ ဆရာစောဆီမှာ သပြေကန်ဆရာတော်ကြီးရဲ့ ‘ပရိတ်ကြီးနိဿယသစ်’ ရှိတယ် မဟုတ်လားဗျ။ မင်္ဂလသုတ်အဖွင့်မှာ သပြေကန်ဆရာတော်ကြီး ရှင်းပြထားသလားလို့။
ဆရာစော။ ။ ကဲ .. ဆားပုလင်း .. .. ဘီဒိုထဲမှာ ရှာလိုက်ပါအုန်း ဗျ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ရှာတာ ဖွေတာက ဆားပုလင်းအလုပ်ပဲ ဗျ။
ဆရာစော။ ။ အေးပါ .. ရှာတော့ ရှာ၊ ဖွတော့ မဖွနဲ့နော်။ စာအုပ်တွေကို သူ့အကြောင်းအရာအလိုက် စီထားတာဗျ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဟောဒီမှာ သပြေကန်ဆရာတော်ကြီးရဲ့ မင်္ဂလသုတ်အဖွင့် ...။
ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ
အတ္တသမ္မာပဏီဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
သင့်လျော်သောအရပ်၌ နေရခြင်း၊ ရှေးရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း၊ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထားခြင်း၊ ဤသုံးပါးမှာ ကောင်းမြတ်သော မင်္ဂလာဖြစ်သည်။
ဤမင်္ဂလာသုံးပါးတွင် ‘သပ္ပုရိသူပနိဿယ’ (သူတော်ကောင်းတို့ကို မှီခိုရခြင်း) ထည့်လျှင် ‘စက်လေးပါး’ ဖြစ်တော့သည်။
ဤစက်လေးပါးနှင့် ပြည့်စုံသူမှာ စည်းစိမ်ဥစ္စာတိုးတက်နိုင်ကြောင်း၊ အခြံအရံ အကျော်အစော ချမ်းသာသုခတို့ကို ရနိုင်ကြောင်း စတုကင်္ဂုတ္တရ စက္ကဝဂ် (၃၄၁)၌ ဟောတော်မူ၏။
သင့်လျော်သောအရပ်၌ နေရခြင်း၊ ရှေးကောင်းမှုရှိခြင်း၊ သူတော်ကောင်းကို အမှီရခြင်း၊ မိမိကိုယ်စိတ်ကို ကောင်းစွာ ထားခြင်း - ဤလေးပါးနှင့် ပြည့်စုံသောသူမှာ နောက်ဘဝ၌လည်း ပြည့်စုံတတ်၏။
ဤလေးပါးတွင် ‘ပုဗ္ဗေကတပုညတာ’သည် ပမာဏလိုရင်း ဖြစ်၏။
ဉာဏသမ္ပယုတ်စိတ်ဖြင့် ကုသိုလ်ပြုသောသူကို ထိုဉာဏသမ္ပယုတ်စိတ်က ပတိရူပအရပ်သို့ ပို့ပေး၏။
သူတော်ကောင်း အမှီရအောင် စီမံပေး၏။
မိမိကိုယ်စိတ်ကို ကောင်းစွာ ထားသူဖြစ်အောင် ပြုပေး၏။
ဤသို့ စတုကင်္ဂုတ္တရနှင့် ဒီဃနိကာယ် သင်္ဂီတိသုတ် အဋ္ဌကထာများ၌ မိန့်၏။
ဤသို့ဖြင့် အဆက်မပြတ် လည်သွားတတ်၍ “စက္က = စက်” ဟု ဆိုရ၏။
ကဲ .. ကဖိုးထိန် ... ရှင်းပြီလား။
ကဖိုးထိန်။ ။ ရှေးကောင်းမှုရှိလို့ သင့်တော်တဲ့ အရပ်မှာ နေရတယ် ရောက်ရတယ်။ သူတော်ကောင်းတွေကို မှီခိုရတယ်။ သူတော်ကောင်းတွေရဲ့ အဆို အဆုံးအမရတော့ မိမိကိုယ်စိတ်ကို ကောင်းစွာ ထားတယ်။ ကောင်းမှုကောင်းကျိုးတွေ လုပ်တယ် ဆောင်ရွက်တယ်။ ဒီကောင်းမှုတွေက နောက်ဘဝ သင့်တော်တဲ့ အရပ်ကို ပို့မယ်၊ သူတော်ကောင်း အမှီကောင်းတွေ ရမယ်၊ ကိုယ်စိတ်ကောင်းစွာ ထားလို့ ကောင်းမှုတွေ ထပ်ပြုမယ်။ လည်နေတော့ “စက်လေးပါး”ဆိုတာ ရှင်းပါပြီ ဗျား။
ဆရာစော။ ။ “သမ္ပတ္တိလေးပါး”အကြောင်းကို ဆက်ပါဦး ကဖိုးထိန်။
ကဖိုးထိန်။ ။ ဆရာတော်ကြီးက သမ္ပတ္တိလေးပါးကိုလည်း ဒီလို လင်္ကာလေး စပ်ထားသဗျ။
“ဂ, ကာ, ပ, ဥ
လေးခုရှိမှ
ကုသိုလ်အခွင့်ရ”
ဂ - ဂတိသမ္ပတ္တိ - လူ့ဘဝ နတ်ဘဝဟူသော ဂတိကောင်းနှင့် ပြည့်စုံခြင်း တပါး
ကာ - ကာလသမ္ပတ္တိ - မင်းနှင့်တကွ လူတို့တရားစောင့်ကြ၍ ညီညွတ်ကြသဖြင့် ကာလကောင်းနှင့် ပြည့်စုံခြင်း တပါး
ပ - ပယောဂသမ္ပတ္တိ - ကောင်းသော လုံ့လ၊ ကောင်းသော ဝီရိယနှင့် ပြည့်စုံခြင်း တပါး
ဥ - ဥပဓိသမ္ပတ္တိ - ရုပ်ဆင်းသဏ္ဌာန် ပုံဟန်နှင့်တကွ လှပ ချောမောသော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း တပါး တဲ့။
ဆရာဇေ။ ။ ‘စက်လေးပါး’နဲ့ စုံမှ မင်္ဂလာရှိမယ် ချမ်းသာမယ်။ ‘သမ္ပတ္တိလေးပါး’နဲ့ စုံမှ ကုသိုလ်ပြုခွင့်ရမယ် ဆိုတာ မှတ်သားရပါတယ် ကဖိုးထိန်။
ကဖိုးထိန်။ ။ ဟုတ်ကဲ့ပါ ဆရာဇေ။
ဆရာတော်ကြီးက -
‘ကုသိုလ်ပင်ရှိသော်လည်း’ သမ္ပတ္တိပြည့်စုံမှ ကုသိုလ်ကံ အကျိုးပေး အခွင့်ရ၍ အချမ်းသာ များမည်။
သမ္ပတ္တိမပြည့်စုံ ဝိပတ္တိကြုံက ကုသိုလ်ကံ အခွင့်မရ၊ အကုသိုလ်ကံ အခွင့်ရ၍ အဆင်းရဲ များမည် ဆိုလိုသည် လို့ ဆက်မိန့်ပြီး ခုလို မှတ်ချက်ပေးပါသေးတယ်။
“ယခုကာလ စက်လေးပါးစုံ သမ္ပတ္တိကြုံသော လူ့ဘုံလူ့ဘဝ၌ ကုသိုလ်ကံရှိ၍ လူ့အဖြစ်ကို ရကြပါကုန်လျက် ‘အတ္တသမာပဏီဓိ’၊ ‘ပယောဂသမ္ပတ္တိ’ လိုနေသည့်အတွက် မဂ်မရကြ၊ မချမ်းသာသူ၊ ဆင်းရဲသူ၊ အနာရောဂါများသူ၊ အသက်တိုသူ ပေါများကြသည်။”
ဆရာစော။ ။ ‘အတ္တသမာပဏီဓိ’က စက်လေးပါးထဲက တပါး၊ ‘ပယောဂသမ္ပတ္တိ’က သမ္ပတ္တိလေးပါးထဲက တပါး မဟုတ်လားဗျ။
ကဖိုးထိန်။ ။ ဟုတ်ပါတယ် .. ဆရာစော။
ဆရာတော်ကြီးက ဆက်ပြီးတော့ -
‘အတ္တသမ္မာပဏီဓိ’ဆိုသည်မှာလည်း ကောင်းသောအမှု၊ မကောင်းသောအမှုကို အမှန်ကျ သိ၍
မကောင်းသောအမှုကို ဖယ်ထား
ကောင်းသောအမှုကို လိုလားသော ဆန္ဒနှင့်တကွ
ကောင်းသောအမှုကို ပြီးစေနိုင်သော
ဉာဏ်နှင့်ယှဉ်သော ဝီရိယကိုပင် ဆိုသည်။
‘ပယောဂသမ္ပတ္တိ’ဆိုသည်မှာလည်း အပေါ့ အဖျင်း အပျင်းအရိ ကင်း၍ မပြုသင့် မပြုထိုက်သည်ကို မပြုဘဲ၊
ပြုသင့်ပြုထိုက်သော အပြစ်မရှိသော အမှုကိစ္စတို့ကို ပြီးစီးစေနိုင်သော
ဉာဏ်နှင့်ယှဉ်သော ဝီရိယကိုပင် ဆိုသည်။
လိုရင်းမှာ အတ္တသမ္မာပဏီဓိ၊ ပယောဂသမ္ပတ္တိ ဆိုသည် ‘အလိမ္မာ’ကိုပင် ဆိုသည်။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာတော်ကြီးက “လိမ္မာကြ”လို့ ဆုံးမ မိန့်ကြားတာပဲ ဗျ။
ကဖိုးထိန်။ ။ ‘အလိမ္မာ’ကိုလည်း ထပ်ပြီး အဓိပ္ပာယ်ဖွင့်ထားပါသေးတယ် ဗျ။
‘အလိမ္မာ’ဆိုသည်မှာလည်း ကောင်းသော ဆန္ဒ၊ ကောင်းသော ဝီရိယ၊ ကောင်းသော အသိဉာဏ် ဤတရားသုံးပါးတို့နှင့် ပြည့်စုံသည်ကိုပင် ဆိုသည်။
ယင်း ဆန္ဒ၊ ဝီရိယ၊ ပညာ သုံးပါးတို့ကို လိုအပ်သောအကျိုးကို ပြီးစီးစေတတ် ပြည့်စုံစေတတ်သောကြောင့် ‘ဣဒ္ဓိပါဒ်’ဟူ၍ ထိုထိုကျမ်းဂန်တို့၌ ဆိုအပ်ကုန်၏ တဲ့။
ဆရာစော။ ။ ဆန္ဒကောင်း၊ ဝီရိယကောင်း၊ အသိဉာဏ်ကောင်းတွေ ရှိရင် ပြည့်စုံရင် လိမ္မာသူ၊ ဣဒ္ဓိပါဒ်ရှိသူလို့ အဓိပ္ပာယ်ရတာပေါ့ နော်။
ဆရာဇေ။ ။ ကျွန်တော်တို့တတွေ တန်ခိုး ဣဒ္ဓိပါဒ် ရှိသူ၊ တန်ခိုး ဣဒ္ဓိပါဒ် လိုချင်သူလို့ သုံးနှုန်းနေကြတာ ‘ဣဒ္ဓိပါဒ်’ရဲ့ အဓိပ္ပာယ်က “လိုအပ်သော အကျိုး ပြီးစီးခြင်း၏ အကြောင်း” ပဲကိုး။
ကဖိုးထိန်။ ။ ဆရာတော်ကြီးက သမ္ပတ္တိလေးပါးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝိပတ္တိလေးပါးကိုလည်း မှတ်သားဖို့ မိန့်လိုက်ပါသေးတယ်။
‘ဝိပတ္တိ’ဆိုသည်မှာ -
ဂတိဝိပတ္တိ - မကောင်းသော ဂတိ၌ ဖြစ်ခိုက်
ကာလဝိပတ္တိ - ကာလ၏ မကောင်းခြင်း
ပယောဂဝိပတ္တိ - မကောင်းသော လုံ့လ ပယောဂ
ဥပဓိဝိပတ္တိ - ရုပ်ဆင်းသဏ္ဌာန် မကောင်းခြင်း - ဤလေးပါးကို ဆိုသည် တဲ့။
ဆရာစော။ ။ ကျွန်တော်တို့ သြကာသဆုတောင်းမှာ ပါတဲ့ ဝိပတ္တိတရားလေးပါးဆိုတာပဲ မဟုတ်လား။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ အမှန်ပဲပေါ့ဗျ။ အခါခပ်သိမ်း ကင်းလွတ်ရပါလို၏ ဆိုပြီး ဘုရားရှိခိုးတိုင်း တောင်းဆုဆိုနေကြတာ။ (၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘဝတွေမှာ မဖြစ်ချင်ဘူး။ (၂) အုပ်ချုပ်တယ်ဆိုတဲ့သူကလည်း တရားမစောင့် တရားနဲ့မညီ၊ ပြည်သူအချင်းချင်း တဦးနဲ့တဦးကလည်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေ မထားနိုင်ကြတဲ့ ခေတ်ကာလကြီးနဲ့လည်း မကြုံချင် မဆုံချင်ဘူး။
ဆရာဇေ။ ။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ‘သြကာသအဖွင့်’ထဲမှာ -
ကာလဝိပတ္တိ - အခါချို့တဲ့ခြင်း အခါမကောင်းခြင်းဆိုတာ မင်းဆိုး မင်းယုတ်(သူပုန်)တို့ အုပ်ချုပ်တဲ့အခါ၊ လူဆိုး သူခိုးတို့ ကြီးစိုးတဲ့အခါကို ဆိုလိုကြောင်း မှတ်သားရဖူးတယ်။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ (၃) ကောင်းတဲ့ လုံ့လ ဝီရိယတွေ မချို့တဲ့ချင်ဘူး။ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုတွေဟာ မှားယွင်းမနေစေချင်ဘူး။ မှားယွင်းတဲ့ မကောင်းမှုတွေမှာ ကြိုးစား အားထုတ်သူ မဖြစ်ချင်ဘူး။ (၄) ရုပ်ဆင်း အင်္ဂါချို့တဲ့သူ မဖြစ်ချင်ဘူး။ ဒီ ဝိပတ္တိတရားလေးပါးမှလည်း အခါခပ်သိမ်း ကင်းလွတ်ချင်တာ မဟုတ်လားဗျ။
ကဖိုးထိန်။ ။ ဆရာတော်ကြီး တိုက်တွန်းတဲ့အတိုင်း -
အရပ်ဖြစ်ရှစ်ပါး ကင်းတဲ့ နဝမခေတ်အတွင်းမှာလည်း ရောက်နေ ရှိနေကြပြီး၊ လောကီချမ်းသာ လောကုတ္တရာချမ်းသာ အမျိုးမျိုး အကောင်းအမြတ် မင်္ဂလာတွေ ရရှိစေနိုင်တဲ့ စက်လေးပါးနဲ့လည်း ပြည့်စုံ၊ ကုသိုလ်ကောင်းမှု ပြုခွင့်ရတဲ့ သမ္ပတ္တိလေးပါးနဲ့လည်း ပြည့်စုံတဲ့အခိုက် အနိမ့်ဆုံးအချက် ပါရမီဖြစ် အဟုတ်ရှိတဲ့ တရားအကြောင်း သင်ကြားလေ့လာခြင်း၊ ခုလို မှတ်ချင် ကြားချင် နာချင်ကြတာတွေအတွက် ဝမ်းသာတယ်ဗျာ။
ဆရာစော။ ။ ခုလို ကဖိုးထိန် မျှဝေပေးတာတွေအတွက်လည်း ကျေးဇူးတင်တယ်ဗျာ။
ဆရာဇေ။ ။ ကဲ .. ကျွန်တော်ယူလာတဲ့ စာအုပ်တွေလဲ ဝေမျှ ယူဖတ်ကြဗျာ။ ဟောဒီ တောင်မြို့ဆရာတော်ဘုရားကြီးရဲ့ “တရားသုံးဖြာ ဆုံးမစာ အမှတ်(၂)” စာအုပ်ကိုတော့ ကဖိုးထိန် အရင်ယူဖတ်ဗျာ။ အဲဒီထဲ ပါတဲ့ “ကမ္မသတ္တိတရားတော်”ဆိုတာ ကဖိုးထိန် သဘောကျပါလိမ့်မယ်။
No comments:
Post a Comment