Friday, November 28, 2008

ဣနြေ္ဒပွားလျှင် စိတ်ကြည်လင် - အရှင်ဣန္ဒက


ဗုဒ္ဓဘာသာတရားတော်များသည် စိတ်ကို ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စေရန် ဟောကြားတော်မူသော တရားတော်များ ဖြစ်လေသည်။

စိတ်သည် လိုချင်တပ်မက်ခြင်းဟူသော လောဘတရား၊ အလိုမကျမှု အမျက်ထွက်ခြင်းဟူသော ဒေါသတရား၊ အမှားအမှန်ကို ခွဲခြားမသိမှု တွေဝေမိုက်မဲခြင်းဟူသော မောဟတရား ဤအခြေခံကိလေသာတရားတို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ညစ်နွမ်း၏။ မကြည်လင် မသန့်ရှင်းတော့ဘဲ စိတ်ငြိမ်းအေးမှုကို မရနိုင်တော့ပေ။

ထို့ကြောင့် စိတ်ကို ယင်းကိလေသာတို့မှ ကင်းဝေးစင်ကြယ်စေရန် ဝိပဿနာတရားကို ကျင့်ကြံပွားများ အားထုတ်မှသာလျှင် စိတ်ချမ်းချမ်းသာသာ နေနိုင်မည် အမှန်ဖြစ်ပေသည်။

ဤနေရာ၌ ကျင့်ကြံအားထုတ်ရန် တရားနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်နှင့် အခြားအယူဝါဒတရားများ၏ ကွဲပြားခြားနားပုံကို ဗုဒ္ဓရှင်တော်မြတ်ဘုရားကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် “ဣန္ဒြိယဘာဝနာသုတ်”တရားတော်သည် အလွန်ပင် မှတ်သားနာယူစရာကောင်းလှပေသည်။

ဤသုတ်၌ မျက်စိစသော ဣနြေ္ဒခြောက်ပါးနှင့် စပ်၍ အာရုံကောင်း၊ အာရုံဆိုး၊ အလတ်စားအာရုံများကို တွေ့မြင်သောအခါ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များကို ဖြစ်ခွင့်မပေးဘဲ ကြားမှာ ဝိပဿနာဉာဏ်သွင်း၍ ချမ်းသာစွာ နေရပုံကို ဟောပြထားခြင်း ဖြစ်ပါသည်။

အခါတပါး၌ ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် အိန္ဒိယနိုင်ငံ၊ ဇင်္ဂလနိဂုံးရွာကြီးအနီးရှိ သုဝေဠုအမည်ရှိသော တောအုပ်ကြီးအတွင်းမှာ ခေတ္တ ချမ်းသာစွာ သီတင်းသုံးနေတော်မူစဉ် ပါရာသိဝိယပုဏ္ဏားဆရာကြီး၏ တပည့်ရင်းတဦးဖြစ်သူ ဥတ္တရလုလင်ကလေးသည် ဘုရားရှင်ထံမှောက်သို့ ရောက်ရှိလာခဲ့လေသည်။

မြတ်စွာဘုရားသည် ထိုလုလင်အား “ဥတ္တရ .. သင်တို့ရဲ့ ဆရာကြီးပါရာသိဝိယဟာ စက္ခုစသော ဣနြေ္ဒများကို ပွားဖို့ ဟောကြားဆုံးမသလား” ဟု မေးတော်မူရာ -

ဥတ္တရလုလင်သည် “ဟောကြားဆုံးမပါသည် အရှင်ဘုရား”ဟု လျှောက်ထားသဖြင့် သူဟောကြားပုံကို ပြောပြရန် အမိန့်ရှိတော်မူပါသည်။

ထိုအခါ ဥတ္တရလုလင်က “အဆင်းကို မြင်လျှင် ကြိုက်မှု မကြိုက်မှု စသည် မဖြစ်ရန် ဆရာကြီးက မျက်စိနဲ့ အဆင်းတွေကို မကြည့်နဲ့၊ နားနဲ့ အသံတွေကို နားမထောင်နဲ့ စသည်ဖြင့် ဟောကြား ဆုံးမပါသည်” ဟု ပြောပြရာ ဘုရားရှင်သည် “ဒီလိုဆိုရင် အမိဝမ်းတွင်းထဲက မျက်စိကန်းလာတဲ့သူ၊ နားပင်းလာတဲ့သူတွေဟာ ဣနြေ္ဒတွေကို စောင့်စည်းပြီး ဖြစ်တော့မှာပေါ့”ဟု မိန့်တော်မူသောအခါ ဥတ္တရလုလင်သည် ဘာမှ ပြန်ပြီး ရှင်းမပြနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကြီးကျသွားလေသည်။

ပါရာသိဝိယပုဏ္ဏားဆရာကြီးဟောကြားသည့် တရားသည် လက်တွေ့ကျသော တရား မဟုတ်သည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေသည်။
သူပြောသလို မျက်စိနှင့်နားကို ပိတ်ထားလို့ ရချင်ရနိုင်မည်ဖြစ်သော်လည်း နှာခေါင်း၊ လျှာ၊ ကိုယ်ဣနြေ္ဒတို့ကို ပိတ်ထားလို့ မဖြစ်နိုင်ပေ။
အထူးအားဖြင့် မနိနြေ္ဒခေါ်သော စိတ်ကို မည်သို့ ပိတ်ထားနိုင်မည်နည်း။
သူ့တရားသည် လူပြိန်းကြိုက်တရားမျိုး ဖြစ်၏။
စဉ်းစားဉာဏ်ရှိသူများကတော့ လက်ခံနိုင်ကြမည် မဟုတ်ပေ။

ဥတ္တရလုလင်ကလေး မဖြေရှင်းနိုင်၍ မှိုင်တွေနေစဉ် မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်အား “အာနန္ဒာ .. ပါရာသိဝိယပုဏ္ဏားရဲ့ တပည့်တွေကို ဟောကြားဆုံးမတဲ့ ဣနြေ္ဒပွားမှုတရားက တမျိုးဖြစ်ပြီး၊ ငါဘုရားရဲ့ အရိယာသာသနာတော်မှာ ဟောကြားဆုံးမတဲ့ အမြတ်ဆုံးဣနြေ္ဒပွားမှုတရားက တမျိုးဖြစ်တယ်”ဟု မိန့်တော်မူ၍ ဣနြေ္ဒပွားများပုံကို ဆက်လက် ဟောကြားတော်မူပါသည်။

မြတ်စွာဘုရားရှင် ဟောကြား ဆုံးမတော်မူသည့် အမြတ်ဆုံးဣနြေ္ဒခြောက်ပါး ပွားများပုံမှာ -
“ရဟန်းသည် မျက်စိဖြင့် နှစ်သက်စရာ အဆင်းအာရုံကို မြင်လျှင် ဝမ်းသာသည့် သောမနဿစိတ် ဖြစ်သည်။ မနှစ်သက်စရာ အဆင်းကို မြင်လျှင် ဝမ်းမသာသည့် ဒေါမနဿစိတ် ဖြစ်သည်။ အလယ်အလတ် အဆင်းအာရုံကို မြင်လျှင် လျစ်လျူရှုသည့် ဥပေက္ခာစိတ် ဖြစ်သည်။
ဤသို့ မျက်စိဖြင့် အဆင်းမြင်ရာ၌ ဝမ်းသာစိတ်ကြောင့် လောဘ၊ ဝမ်းမသာစိတ်ကြောင့် ဒေါသ၊ ဥပေက္ခာစိတ်ကြောင့် မောဟစိတ်များ မဖြစ်စေရန် ဝမ်းသာစိတ်၊ ဝမ်းမသာစိတ်၊ လျစ်လျူရှုစိတ်များ ပေါ်လာခြင်းအကြောင်းကို ဆင်ခြင်သိမ်းပိုက်၍ ဝိပဿနာ ပွားနေရမည်” ဟု ဆုံးမတော်မူပါသည်။

ဆင်ခြင် ရှုမှတ်ပုံမှာ “ယခု ငါ့သန္တာန်မှာ နှစ်သက် ဝမ်းသာသည့် သောမနဿစိတ် ဖြစ်တယ်။ မနှစ်သက် ဝမ်းမသာသည့် ဒေါမနဿစိတ် ဖြစ်တယ်။ အလယ်အလတ် လျစ်လျူရှုသည့် ဥပေက္ခာစိတ် ဖြစ်တယ်။ ဒီစိတ်ဟာ အမှန်စင်စစ်အားဖြင့် မျက်စိ၊ အဆင်း၊ မြင်စိတ်ဟူသော အကြောင်းသုံးခု ပေါင်းဆုံမှု ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာတယ်။ ကြမ်းတမ်းတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရား ဖြစ်တယ်။ ဖြစ်ပြီး ပျက်တယ်။ ဒီနှစ်သက် ဝမ်းသာစိတ်လဲ မဖြစ်၊ မနှစ်သက် ဝမ်းမသာစိတ်လဲ မဖြစ်၊ လျစ်လျူရှုစိတ်လဲ မဖြစ်ဘဲ ဝိပဿနာဥပေက္ခာစိတ်ဖြင့် နေခြင်းသည် ချမ်းသာတယ်။ အေးငြိမ်းတယ်” ဟု ရှုမှတ် ဆင်ခြင်ရမည်။

ဤကဲ့သို့ ဝိပဿနာ ဆင်ခြင် ရှုမှတ်လိုက်လျှင် ဤနှစ်သက်ဝမ်းသာသည့် သောမနဿစိတ်၊ မနှစ်သက် ဝမ်းမသာသည့် ဒေါမနဿစိတ်၊ လျစ်လျူရှုစိတ်သည် ချက်ချင်းပင် ချုပ်ပျောက်သွားတော့၏။ ဝိပဿနာနုပေက္ခာဉာဏ် ဖြစ်ပေါ်လာသည်ဟု ဟောကြား ဆုံးမတော်မူလေသည်။

ထို့အတူပင် နားဖြင့် အသံကြားသောအခါမှာလည်းကောင်း၊ နှာခေါင်းဖြင့် အနံ့နံသောအခါမှာလည်းကောင်း၊ လျှာဖြင့် အရသာကို စားသောအခါမှာလည်းကောင်း၊ ကိုယ်ဖြင့် အတွေ့အထိများကို တွေ့ထိသောအခါမှာလည်းကောင်း၊ စိတ်ဖြင့် အတွေးအာရုံမျိုးစုံကို တွေးသောအခါမှာလည်းကောင်း နှစ်သက်စိတ်၊ မနှစ်သက်စိတ်၊ လျစ်လျူရှုစိတ်များ ဖြစ်ရာတွင် အဆင်းမြင်ရာ၌ ဝိပဿနာရှုသကဲ့သို့ ယင်းစိတ်များကို ဝိပဿနာရှုပွားနေရမည်။ ရှုပွားသောအခါ ယင်းစိတ်များသည် လျင်မြန်စွာပင် ချုပ်ပျောက်သွားကြ၍ ဝိပဿနာနုပေက္ခာဉာဏ် ဖြစ်ပေါ်လာ၏။
ဤသို့ ရှုမှတ်ပြီး ဣနြေ္ဒများကို ပွားများနေခြင်းသည် အရိယာသာသနာတော်၌ အမြတ်ဆုံးဣနြေ္ဒပွားများခြင်း ဖြစ်သည်ဟု ဟောကြားတော်မူလေသည်။

မြင်ရာ ကြားရာ စသည်တို့၌ ဖြစ်ပေါ်လာသည့် ဝမ်းသာစိတ်၊ ဝမ်းမသာစိတ်နှင့် လျစ်လျူရှုစိတ်များကို အကြောင်းနှင့်တကွ သိမ်းပိုက် ဆင်ခြင်၍ ဝိပဿနာရှုသောအခါ ယင်းစိတ်များ လျင်မြန်စွာ ချုပ်ပျောက်ပုံကိုလည်း မြတ်စွာဘုရားရှင် ဥပမာဖြင့် ဟောတော်မူသည်မှာ စိတ်ရွှင်လန်းအားတက်စရာ ဖြစ်ပါသည်။

အဆင်းမြင်ရာ၌ ဝိပဿနာဉာဏ်သွင်းသောအခါ ဝမ်းသာ၊ ဝမ်းမသာစိတ်၊ လျစ်လျူရှုစိတ်ဟူသော ခံစားမှု ဝေဒနာစိတ်များသည် မျက်စိဖွင့်ပိတ်သကဲ့သို့ လျင်မြန်စွာ ချုပ်ပျောက်သွား၏။

အသံကြားရာ၌ ချုပ်ပျောက်ပုံမှာ လက်ဖျစ်တီးသကဲ့သို့ မြန်၏။

အနံ့နံရာ၌ ချုပ်ပျောက်ပုံမှာ ကြာဖက်ပေါ်၌ ကျသော ရေပေါက်သည် ချက်ချင်း လျှောကျသကဲ့သို့ မြန်၏။

အရသာစားရာ၌ ချုပ်ပုံမှာ တံတွေးကို ထွေးလိုက်သကဲ့သို့ မြန်၏။

ကိုယ်ဖြင့် အတွေ့အထိတွေ့ရာ၌ ချုပ်ပျောက်ပုံမှာ လက်ကို ကွေးဆန့်သကဲ့သို့ မြန်၏။

စိတ်ဖြင့် တွေးကြံရာ၌ ချုပ်ပျောက်ပုံမှာ သံပူပြားကြီးအပေါ်၌ ကျသော ရေပေါက်ရေစက်သည် ချက်ချင်း ခြောက်ခန်းသွားသကဲ့သို့ လျင်မြန်၏ ဟု ဥပမာအသီးသီး ပေးပြီး ဟောတော်မူပါသည်။

နောက်တနည်း ဣနြေ္ဒပွားများပုံမှာ ကမ္မဋ္ဌာန်းအားထုတ်သည့် ယောဂီရဟန်းသည် စက်ဆုပ်ဖွယ်ရာ အဆင်းအာရုံတခုခုကို မြင်ရာ၌ စက်ဆုပ်မှု မဖြစ်စေရန် မေတ္တာပွား၍လည်းကောင်း၊ ရေ,မြေ,လေ,မီးဓာတ်သဘောကို ဆင်ခြင်၍လည်းကောင်း နေထိုင်သည်။ နှစ်သက်စရာအာရုံတခုခုကို မြင်ရာ၌ မနှစ်သက်စရာ အာရုံဖြစ်အောင် မတင့်တယ်မှု အသုဘဆင်ခြင်၍ဖြစ်စေ၊ မမြဲမှု အနိစ္စဆင်ခြင်၍ဖြစ်စေ နေထိုင်သည်။

နှစ်သက်စရာ အာရုံ၊ မနှစ်သက်စရာ အာရုံများ တွေ့မြင်လာလျှင် ဝမ်းသာမှုလည်း မဖြစ်၊ ဝမ်းမသာမှုလည်း မဖြစ်စေရန် ပေါ်လာသည့် အာရုံအပေါ်မှာ ရှုမှတ်မှုသတိ၊ ဖြစ်ပျက်သိမြင်မှု သမ္ပဇဉ်ဉာဏ်ဖြင့် ဥပေက္ခာပြုနေထိုင်သည်ဟု ဟောကြားတော်မူသည်။

ဤဣန္ဒြိယဘာဝနာသုတ်သည် ဝေဒနာနုပဿနာတရားအားထုတ်နည်းကို ညွှန်ပြသော တရားတော် ဖြစ်ပါသည်။

နှစ်သက်စရာ အဆင်းကို မြင်ရာ၌ သုခဝေဒနာဖြစ်သည်။
ဤဝေဒနာကို ဝိပဿနာမရှုလျှင် (ဝေဒနာပစ္စယာ တဏှာ) သုခဝေဒနာကြောင့် တဏှာလောဘစိတ် ဖြစ်၏။

မနှစ်သက်စရာ အဆင်းကို မြင်ရာ၌ (ဝိပဿနာ မရှုလျှင်) ဒေါမနဿဝေဒနာ (ဒေါသစိတ်) ဖြစ်၏။

နှစ်သက်စရာလည်း မဟုတ်၊ မနှစ်သက်စရာလည်း မဟုတ်သော အလတ်စား အဆင်းကို မြင်ရာ၌ ဥပေက္ခာဝေဒနာဖြစ်၍ ယင်းဝေဒနာကို ဝိပဿနာမရှုလျှင် မောဟစိတ် ဖြစ်၏။

လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များ ဖြစ်လျှင် အပါယ်သံသရာ ကျင်လည်ရမည် အမှန်ဖြစ်၏။

သို့ဖြစ်၍ မိမိတို့ သန္တာန်မှာ ယင်းကိလေသာတရားများ မဖြစ်ပေါ်ရလေအောင် မျက်စိစသော ဣနြေ္ဒတံခါးခြောက်ပေါက်မှာ သတိသမ္ပဇဉ်ဝိပဿနာဉာဏ် သွင်းပြီး လုံခြုံအောင် စောင့်ရှောက်ရမည်ဟု ဟောကြားထားတော်မူခြင်း ဖြစ်ပါသည်။

ဤသို့ ရှုမှတ်ခြင်းဖြင့် ဝိပဿနာဉာဏ်များ ရင့်ကျက်သောအခါတွင် မဂ်ဉာဏ် ဖိုလ်ဉာဏ်များ အဆင့်ဆင့် ပေါ်ကာ ဖြစ်ပျက်မစပ် အငြိမ်းဓာတ် မြတ်နိဗ္ဗာန်သို့ ရောက်ရှိသွားမှာ အမှန်ပင် ဖြစ်ပါသတည်း။

(ဥပရိပဏ္ဏာသ၊ ဣန္ဒြိယဘာဝနာသုတ်)


(လောကချမ်းသာစာစောင်၊ အောက်တိုဘာ ၁၂, ၂၀၀၃ - မှ)

No comments: