ရုတ်တရက် တွေ့မြင်ခံစားရသည့်အပေါ် မူတည်၍ နှုတ်မှ ထွက်လာသော အသံကို ‘အာမေဋိတ်’ဟု ဖွင့်ဆို၏။
အံ့သြမှုကြောင့် ထွက်လာသော အသံလည်း ဖြစ်၏။
ထိုအသံသည် အဓိပ္ပာယ် အပြည့်အစုံ မပါဝင်သည့် ‘ဟ’အက္ခရာစာလုံး၏ အသံထွက်နှင့် ခပ်ဆင်ဆင် တူသည်။
တခါတရံ ‘အ’ အသံနှင့်လည်း ထွက်သည်။
ဥပမာ- ‘ဟ’ ‘ဟာ’ ‘ဟီး’ ‘ဟင်’ ‘ဟေ’ ‘ဟော’ ‘ဟိုက်’ ‘အို’ ‘အော်’ စသည်တို့ ဖြစ်သည်။
နောက်ဆက်တွဲ စကားလုံးအပေါ် မူတည်၍ “ဟ .. ကောင်းလိုက်တာ”၊ “ဟ .. ဘယ်ဆိုးလို့လဲ”၊ “ဟာ .. ဘယ်လိုဟာကြီးပါလိမ့်”၊ “ဟာ .. လုပ်လိုက်ပြန်ပြီ”၊ “ဟာ .. အသုံးကို မကျဘူး”၊ “ဟီး .. သွားပါပြီ”၊ “ဟီး .. ခုမှပဲ စိတ်သက်သာရာ ရတော့တယ်”၊ “ဟင် .. ကောင်းလဲ မကောင်းဘူး”၊ “ဟေ .. ဟုတ်ရဲ့လား”၊ “ဟိုက် .. သွားပါပြီ” စသည် စသည်ဖြင့် အာမေဋိတ်အဖြစ် ထွက်လာသော ထို ‘ဟ’အသံတွင် အဆံတော့ ပါဝင်သည်။
အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးက နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း၌ ရွှေတိဂုံစေတီတော်ပုံတူတဆူကို အများပြည်သူတို့ ပူဇော်နိုင်ရန် အလှူရှင်တို့၏ စေတနာ သဒ္ဓါတရားကို အခြေခံထား၍ အခက်အခဲအမျိုးမျိုးကြားက လုံ့လအားမလျော့ဘဲ ကြိုးစားအားထုတ်၍ တည်ဆောက်နေရာ စေတီတော်မှာ အတော်အသင့် ပြီးစီးနေသည်ကို ဖူးတွေ့နိုင်ပါပြီ။
ယခင် တခါက ရေးခဲ့သော ဆောင်းပါးတွင် ဘုရားတည်ဆောက်ရာ၌ ကျွမ်းကျင်သည့် အလုပ်သမားရရှိဖို့ ခက်ခဲကြောင်း၊ ထိုအခက်အခဲတို့ကို ကျော်လွှား၍ စေတီတော် ရုပ်လုံးပေါ်အောင် မည်သို့မည်ပုံ အကောင်အထည်ဖော်ခဲ့ကြောင်းတို့ကို ရေးခဲ့ပြီး ဖြစ်ပါသည်။
စေတီတော်တည်ရှိရာသို့ ရဟန်းရှင်လူတို့ လာရောက် ကြည့်ရှု ဖူးမြော်ကြရာ စေတီစတင်တည်သောအချိန် ဆောက်လုပ်ခါစတွင် အခြေခံအဆောက်အအုံကို လူတွေ မြင်ကြသောအခါ “ဟင် .. ဘာကြီးလဲ၊ ဘယ်လိုဟာကြီးလဲ” ဟု ‘အာမေဋိတ်’ပြုသူများ ရှိသလို၊ မထင်မရှားကို သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သွားကြသူများလည်း ရှိ၏။
ထို့ကြောင့် ရပ်ကွက်ထဲရှိ လူအချို့က ယခု လက်ရှိ အခြေအနေကို မြင်၍ လာရောက် လည်ပတ် ကြည့်ရှုသောအခါ ဒီလိုစေတီ ဒီမှာ ရှိနေတာကို ငါတို့ သတိမထားမိဘူး။ ငါတို့ ရပ်ကွက်ထဲမှာ ဒီလို လှပတဲ့အရာ ရှိတာ သိပ်ကောင်းတာပဲ လို့ ပြောဆို ကြည်နူး ချီးကျူးသွားကြသည်။
စေတီတော်တည်ဆောက်မှုသတင်းကို ကြားရ၍ “ရွှေတိဂုံစေတီတော်ကြီးလိုပုံတော့ ဖူးရတော့မယ်ဟေ့”လို့ ရပ်ဝေးမှ အားခဲလာကြသူအချို့က၊ အထူးအားဖြင့် ထီးတော်တင်ပွဲ လာကြသူအချို့က ထီးတော်တင်ပေမယ့် မပြီးမစီးဖြစ်နေတဲ့ စေတီတော်ကိုယ်လုံးကို မြင်တဲ့အခါ “ဟင် .. ဘယ်လိုပါလိမ့်”လို့ ‘အာမေဋိတ်’ပြုကြပေလိမ့်မည်။
ဆွမ်းစားပင့်သည့်အိမ်မှ ဆွမ်းစားအပြီး စေတီတည်ရှိရာ ကျောင်းသို့ လှည့်ဝင်၍ စေတီတော်ကို ကြည့်ရှုရန် ကြွလာသော ဆရာတော်တပါးက ကျောင်းဝိုင်းမဝင်မီ ကားပေါ်ကနေ စေတီတော်ကို လှမ်းမြင်လိုက်ရာမှ ထွက်လာသော ‘အာမေဋိတ်’အသံမှာ “ဟင်”ဟု ဖြစ်သည်။
ထို “ဟင်”၏နောက်ကတော့ ဘာအသံမှ ထွက်မလာ။
သို့သော် မှန်းဆကာ နားလည်လိုက်သော စာရေးသူမှာ စိတ်ထဲတွင် မကောင်း ဖြစ်သွား၏။
“အဆောက်အဦဆိုတာ ဆောက်တတ်တဲ့သူ ဆောက်မှ အချိုးကျတာ”ဟု အမိန့်ရှိရာ အမေရိကန်တွင် ဘုရားတည်ဆောက်ရာ၌ တတ်ကျွမ်းသူ ပညာရှင်ရရန် အခက်အခဲရှိနေကြောင်းကို နားလည်အောင် ပြန်၍ ရှင်းလင်း လျှောက်ထားလိုက်ရပါ၏။
နောက်တနှစ်ကြာ၍ စေတီတော်ကို တဖန် လာရောက် ဖူးပြန်ရာ ပထမတကြိမ် “ဟင်”ဟု အာမေဋိတ်ပြုသောနေရာမှပင် စေတီတော်ကို ကားပေါ်မှာ လှမ်းမြင်ရာ ဒီတခါတွင် ထိုဆရာတော်၏နှုတ်မှ “ဟ”ဟု အသံထွက်သည်ကို ကြားလိုက်ရ၏။
“ဟ”၏ နောက်ဆက်တွဲဖြစ်လာမည့် စကားလုံးမှာ “တယ်ဟုတ်ပါလား၊ ခုလိုဆိုတော့လဲ ဘယ်ဆိုးလို့တုန်း”ဟု မှန်းဆရပါသည်။
စေတီတော်ကို မြင်၍ “ဟ”ဟု အသံထွက်သော ထိုဆရာတော်၏ ခံစားချက်ကို မှန်းဆ သိနားလည်သူ စာရေးသူမှာ စိတ်ချမ်းသာမှု ရလိုက်ပါ၏။
“ဟင်”ဟု အာမေဋိတ်ပြုသောအချိန်က အိတ်ထဲတွင်ပါလာသော ကင်မရာသည်ပင် မျက်နှာပြရမှာ ရှက်သည်ထင့်။ ခလုတ်ကို နှိပ်သည့်အခါ ထွက်ပေါ်လာမည့် ‘ချလင်’ ‘ချလောက်’ဆိုသည့် အသံပင် သူ့ခမျာ ထွက်ခွင့် မရလိုက်။
“ဟ”ဟု အာမေဋိတ်ပြုရသည့် ဒုတိယအကြိမ် စေတီတော်ကို မြင်သောအခါမှ သူ့ခမျာ ပြာပြာသလဲ အိတ်ထဲက ဆွဲထုတ်ခံရပြီး ပိုင်ရှင်ရဲ့အလိုအရ သဘာဝကျကျ လှလှပပပုံပေါ်အောင် ဆောင်ရွက်ခွင့် ရလိုက်တော့၏။
ထိုအချိန်တွင် စက္ကူပေါ် သို့မဟုတ် မှန်ပြင်ပေါ်တွင် ပုံရိပ်ထင်မည့် အရှင်သူမြတ်တို့က သူ့ရှေ့မှာ တပြုံးပြုံး။
စာရေးသူ ဘုန်းဘုန်းမှာလည်း ကျေနပ်သည့်အပြုံးနှင့် ဂုဏ်ယူ၍မဆုံး ဖြစ်နေပါ၏။
စေတီတော်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသူတို့ကလည်းကောင်း၊ အင်တာနက်စာမျက်နှာတွင် တွေ့မြင်ရသူတို့ကလည်းကောင်း “စေတီတော်က အချိုးကျလိုက်တာ၊ သပ္ပာယ်လိုက်တာ၊ ရွှေတိဂုံနဲ့ သိပ်တူတာပဲ” စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြသလို “ဘယ်သူတည်ဆောက်တာလဲ၊ ဘုရားတည်တဲ့သူတွေကို မြန်မာပြည်က ခေါ်တာလား” စသည်ဖြင့် စာရေးသူ ကယ်လီဖိုးနီးယားဘက် ရောက်ခဲ့စဉ်က ဝိုင်း၍ မေးကြပါ၏။
စာရေးသူက “စေတီတည်ဆောက်သူတွေဟာ တခါမှ စေတီတည်ဆောက်ဖူးသူတွေတော့ မဟုတ်ကြောင်း၊ သို့သော်လည်း စိတ်ရှည်ရှည်ထားပြီး တတ်နိုင်သမျှ ရွှေတိဂုံစေတီတော်ကြီးနဲ့တူအောင် ကြိုးစားပြီး တည်ဆောက်ကြကြောင်း၊ ဒါကြောင့် စေတီတော်က အချိုးကျနေတာဖြစ်ကြောင်း” ဂုဏ်ယူဝင့်ကြွားစွာ ဖြေကြားကာ၊ စေတီကို တခါမှ မတည်ဆောက်ဖူးကြတော့ အမှားမပါအောင် တိကျနိုင်သမျှ တိကျအောင် အပြောလွတ်အောင် ကြိုးစားပြီး တည်ဆောက်ကြပါတယ်။ အချို့ပညာရှင်တွေကို ခိုင်းရင် “ဒီလောက် တိကျစရာ မလိုပါဘူး။ ဒီနေရာမှာ ဒီအဆင့်ကိုတော့ ဒီလိုကျော်လိုက်ရင် ရတာပဲ။ ပုံမပျက်ပါဘူး” ဟု ယူဆကာ လုပ်ဆောင်သွားတတ်တာမို့ ဒါလောက် အချိုးကျချင်မှ ကျမှာဖြစ်ကြောင်း ရှင်းပြရပါတယ်။
နိဂုံးသမ္ပတ် အဆုံးသတ် မပြီးသေးခင်တွင်ပင် စေတီတော်ကို မြင်ရသူတို့၏ ဘဝင်မှာ ကြည်ရွှင်သည့် စိတ်စေတနာ(ကုသိုလ်စိတ်) များစွာ ပွားနေရာ စေတီတော်ကြီးကို အပြီးသတ်၍ ရွှေချလိုက်မည်ဆိုလျှင် ပိုလို့ပင် စိတ်ကြည်လင်ကြပေလိမ့်မည်။
ထိုအခြေအနေကို ရောက်အောင် လုပ်ဆောင်ရန် ကျန်နေသေးသည့် အရံစေတီငယ်များ တည်ဆောက်ခြင်း၊ ရုပ်ပွားတော်များ သီတင်းသုံးရာ ကျောင်းဆောင်များကို ပိုမို တင့်တယ်အောင် မြန်မာမှုဖြင့် မွမ်းမံခြင်း တန်ဆာဆင်ခြင်း၊ ထီးတော်ငယ်များ မှာခြင်း၊ လှေခါးလက်တန်းများ တပ်ခြင်း၊ ဘုရားပရဝုဏ်ကို အကာအရံတပ်ဆင်ခြင်း၊ ဘုရားရင်ပြင်ကို ကျောက်ပြားခင်းခြင်း စသည့် လုပ်ဆောင်စရာ အဖြာဖြာကို အေဘီဘီအေအသင်း ဆရာတော် သံဃာတော်များ၊ အလုပ်အမှုဆောင်များ၊ စေတနာရှင်များ၊ အလှူရှင်များ၏ အကူအညီဖြင့် ဦးမောင်မောင်၊ ဦးအောင်ကျော်မိုး၊ ဦးဝင်းမော်၊ ကိုကျော်မင်း၊ ကိုကျော်သူမြတ်၊ ကိုစောကြင်၊ မောင်ထွန်းထွန်း၊ မောင်မင်းမင်းတို့က ကိုလေး(အခင်)နှင့် ပူးပေါင်းကာ ဆက်လက် ဆောင်ရွက်နေပါသည်။
အရံစေတီငယ်များအတွက် နှစ်ပိုင်းခွဲကာ ပထမ ရွှံ့ဖြင့် ပုံဖော်၍ ထို့နောက် ရာဘာဖြင့် ပုံစံခွက်လုပ်ရသည်။
အချောရလာသည့် ပုံစံခွက်ထဲသို့ အင်္ဂတေလောင်းကာ အရံစေတီငယ်၏ အစိတ်အပိုင်းများကို ရယူပါသည်။
အရံစေတီတော်တဆူဖြစ်ရန် ပုံစံခွက်ထဲသို့ အင်္ဂတေလောင်းယူရရာ တပတ်လျှင် တဆူသာ ထွက်လာသည်။
ပလ္လင်ငယ် တည်ဆောက်၍ ထိုအစိတ်အပိုင်းများကို တပ်ဆင်လိုက်ရာ ယခုအခါ အရံစေတီငယ်နှစ်ဆူ ပြီးစီးသွားပြီ ဖြစ်ပါသည်။
ဆောင်းတွင်းကာလဖြစ်၍ ခေတ္တအလုပ်ရပ်နားနေရသော်လည်း နွေဦးပေါက်ကာလတွင် အရံစေတီရှစ်ဆူစလုံး ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၀၉-ခုနှစ် မေလ စေတီယပူဇာ၊ ဗုဒ္ဓပူဇာ မင်္ဂလာအခါတော်နေ့တွင် ထိုအရံစေတီများနှင့် ထီးတော်တင်လှူပူဇော်နိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပရစေ။
No comments:
Post a Comment